ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Monday, February 25, 2008

အိပ်မက်ပျောက်ကြသူများ ၂

အိပ်မက်ပျောက်ကြသူများမှာ မသိနားမလည်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာကို လိုက်နာလိုမှုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားများကြောင့် အိပ်မက်ပျောက်ကြရတဲ့အကြောင်းနဲ့ ပထမ ၂ မျိုးရဲ့ အကျိုးဆက်များကို အသေးစိတ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု စာတမ်းငယ်မှာတော့ နောက်ဆုံး အကြောင်းရင်းဖြစ်တဲ့ (အရေးအကြီးဆုံး အကျယ်ပြန့်ဆုံးဖြစ်တဲ့) ပတ်ဝန်းကျင်ရဲ့ ဖိအားများအကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ ဖိအားတွေထဲမှာ အရေးအပါဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံးကတော့ လူငယ်တစ်ယောက်ဟာ လုပ်ရိုးလုပ်စဉ် အစဉ်အလာ လမ်းရိုးကနေခွဲထွက်ပြီဆိုတာနဲ့ ၀ိုင်းကြည့် မေးငေါ့လေ့ရှိတဲ့ မဖြစ်နိုင်ပါဘူးဆိုတဲ့ အဆိုးမြင်မျက်လုံးတွေ ဖြစ်ပါတယ်။ သာဓကအနေနဲ့ သောမတ် အက်ဒီဆင်လို သိပ္ပံပညာရှင်/တီထွင်သူကြီး ဖြစ်ချင်တယ်လို့ စာရေးသူပြောခဲ့တုန်းက စာရေးသူရဲ့ ဖခင်က မွဲတေပြီး ဆင်းဆင်းရဲရဲ သေသွားကြရတဲ့ တာယာတီထွင်သူ ချားလ်စ်ဂွတ်ဒ်ယားရဲ့ အကြောင်းကို ပြောပြပါတယ်။ (စကားချပ်၊ စာရေးသူရဲ့ ဖခင်က မဖြစ်နိုင်ဘူး၊ မလုပ်နဲ့လို့ ပိတ်မပြောချင်လို့ ဖြစ်ပါတယ်။ အတော်အတန် လွတ်လပ် ခေတ်ဆန်တဲ့ စာရေးသူတို့ မိသားစုမှာတောင် ဒီလို အပြောခံရသေးရင် အလွန်တရာ တင်းကျပ်တဲ့ မိသားစုတွေမှာ ဘယ်လိုဖြစ်မလဲ စဉ်းစားကြည့်ပါ။)

စာရေးသူတို့ တိုင်းပြည်မှာ သိပ္ပံပညာရှင်/တီထွင်သူကြီး ဖြစ်ဖို့အတွက် အခြေခံအဆောက်အဦ အားနည်းတယ်ဆိုတာကို လက်ခံပါတယ်။ အားနည်းတယ်ဆိုပြီး တယောက်မှ အားကောင်းအောင် မလုပ်ကြရင် ဘယ်နေ့ဘယ်အချိန်ကျမှ အားကောင်းလာနိုင်မလဲဆိုတာကို ပြန်လှန်မေးခွန်းထုတ်ချင်ပါတယ်။ (ဘယ်တော့မှ အားကောင်းမလာနိုင်ပါဘူး။) အားနည်းတယ်၊ သို့သော် ငါတို့အားလုံး စုပေါင်းပြီး ဖြစ်ချင်တဲ့ လူငယ်တွေရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်အောင် တတ်စွမ်းသမျှ လုပ်ကြမယ်ဆိုတဲ့ လူစုနဲ့ အားနည်းတယ်၊ ဒါကြောင့် နင်တို့ မလုပ်ကြနဲ့ ဆိုတဲ့ လူစုနဲ့ ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ မှာ ဘယ်လို ဘယ်လို ကွာခြားသွားမယ်ဆိုတာ အခု လက်ရှိမျက်မြင်ပဲ ဖြစ်လို့ အကျယ်ချဲ့ ရှင်းပြနေဖို့တောင် မလိုပါဘူး။

အခြေခံအဆောက်အဦ သိပ်မြင့်မြင့်မားမား မလိုတဲ့ အိပ်မက်တွေအကြောင်း တလှည့်ပြန်ကြည့်ကြရအောင်။ သင်္ချာပညာရှင်ကြီး ဖြစ်ချင်တာ၊ တွေးခေါ်ပညာရှင်ကြီး ဖြစ်ချင်တာ၊ ကွန်ပျူတာ သိပ္ပံ (ကွန်ပျူတာ နည်းပညာမဟုတ်) မှာ ပါရဂူဖြစ်ချင်တာ၊ ဂရမ်မီဆုရတဲ့ အဆိုကျော်ကြီး ဖြစ်ချင်တာ၊ အော်စကာဆုရတဲ့ ဒါရိုက်တာကြီး ဖြစ်ချင်တာတွေဟာ အခြေခံ အဆောက်အဦ မလိုတဲ့ အိပ်မက်များပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအိပ်မက်တွေ အကောင်အထည်ဖော်ခွင့် ရကြပါရဲ့လား။ သင်္ချာပညာ၊ အတွေးအခေါ်ပညာတွေအတွက် လိုအပ်တဲ့ စာအုပ်စာတမ်းများစွာဟာ ၁၇ ရာစု၊ ၁၈ ရာစုကတည်းက ရေးသားခဲ့ပြီးသား၊ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနှင့်ပြီးသားဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းအနေနဲ့လဲ ခဲတံနဲ့ စာရွက်ပဲ လိုပါတယ်။ (ကွန်ပျူတာ သိပ္ပံ ထို့နည်းတူ) ဂရမ်မီရဖို့ ကြိုးစားရာမှာ (အဆိုရှင်အနေနဲ့) အသံကောင်းဖို့ပဲ လိုပါတယ်။ အော်စကာဆုရ ဒါရိုက်တာကြီးဖြစ်ဖို့လဲ သိပ်ကို ရှုပ်ထွေးတဲ့ ကိရိယာတွေ မလိုပါဘူးဆိုတာကို ရှင်ဒလာရဲ့ စာရင်း ဇာတ်ကားကို အဖြူအမဲပဲ သုံးကာ ၀န်ချီစက်သုံး ရိုက်ချက်တောင်မပါပဲ ရိုက်ကူးပြီး အော်စကာဆု ရရှိခဲ့တဲ့ စတီဗင်စပီးလ်ဘတ်က သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံက လူတွေမှာ (လူသိများခဲ့တဲ့ လူတစ်ယောက်ရဲ့ စကားလေးကို ငှားပြီးသုံးရရင်) "မြန်မာလူမျိုးရဲ့ ထူးခြားပြီး ချစ်စဖွယ်ကောင်းတဲ့ ဓလေ့စရိုက် လက္ခဏာ တစ်ခု" ဖြစ်တဲ့အားငယ်စိတ်တမျိုး ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ သူ(တို့)က တော်တာကိုး၊ ငါတို့ကမှ အဲဒီလောက်မတော်ပဲ ဆိုပြီး စစ်မရောက်ခင်က မြှားကုန်နေတဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ လုပ်တောင် မလုပ်ကြည့်ရသေးပဲနဲ့ မဖြစ်နိုင်ပါဘူးဆိုပြီး လက်လျှော့လိုက်တတ်တဲ့စိတ်နဲ့ ဆိုတော့ ဘာဆိုဘာမှ ဖြစ်မလာတာ သဘာဝပါပဲ။ ကိုယ့်ဘာသာကိုယ် ဖြစ်အောင် မလုပ်နိုင်တာနဲ့တောင် အားမရပဲ အခြားသူတွေရဲ့ အိပ်မက်တွေကိုပါ လှောင်ပြောင်ပြီး ဖျောက်ဖျက်ပစ်ဖို့လဲ ကြိုးစားကြပါသေးတယ်။ လူငယ်များအနေနဲ့ အသက်အရွယ် အတွေ့အကြုံပိုများတဲ့ လူကြီးသူမများထံ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ချဉ်းကပ်နည်းခံရာမှာ မဖြစ်နိုင်ပါဘူး အဓိပ္ပါယ်ရတဲ့ မျက်လုံးတွေ၊ အပြောအဆိုတွေ (တည့်တည့် သို့မဟုတ် သွယ်ဝိုက်၍)၊ ရွယ်တူတွေရဲ့ မလိုတမာ ပုံစံနဲ့ ပြောင်လှောင်ခံရမှုတွေကိုပဲ ရင်ဆိုင်ရရင် အိပ်မက်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ပါဦးမလား။

ဆိုလိုရင်းကတော့ (စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနဲ့ နည်းပညာ၊ အနုပညာ နယ်ပယ်များမှာ) ထူးချွန်ထက်မြက်တဲ့ ပညာရှင်ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ လူငယ်တွေရှိသော်လည်း သူတို့ဟာ သူတို့နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းပညာကို မကြား၊ မမြင်၊ မသိရှိအောင် ဖျောက်ဖျက်ထားခံရတတ်ပါတယ်။ သိရှိတဲ့ လူတွေရှိသော်လည်း သူတို့ရဲ့ အခက်အခဲတွေကို ဖေးမကူညီ ဖြည့်ဆည်းပေးမဲ့ ပညာရေးစနစ်နဲ့ ပတ်ဝန်းကျင် အသိုက်အ၀န်းအစား လှောင်ပြောင်တတ်တဲ့၊ ရှုပ်ချတတ်တဲ့ အသိုက်အ၀န်းကိုသာ ရရှိနိုင်ပါတယ်။ အဲဒီမှာ သူတို့ကိုယ်တိုင်ပါ မဖြစ်နိုင်ပါဘူးလို့ လက်လျှော့လိုက်ရပြီး (တိုက်ပွဲဝင် စိတ်ဓာတ်တွေ ကျဆုံးကုန်ရပြီး) လှောင်ပြောင်ရှုပ်ချတတ်တဲ့ အသိုက်အ၀န်းထဲကို အနှေးနဲ့အမြန် ကူးပြောင်း ရောက်ရှိသွားတတ်ကြပါတယ်။ ဒီကျိုးကြောင်းပြသချက်ဟာ ၁၉၈၀ နောက်ပိုင်း (အထူးသဖြင့် ၁၉၉၀ နောက်ပိုင်းမှာ) စံထားလောက်တဲ့ မြန်မာ သင်္ချာပညာရှင်၊ သိပ္ပံ သုတေသနသမား၊ အင်ဂျင်နီယာ၊ အနုပညာရှင်များ နည်းပါးသွားခြင်းရဲ့ အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် အိပ်မက်တွေ အများကြီးရှိတဲ့ထဲက အိပ်မက်တွေ မက်ခွင့်မရ၊ မက်တာတွေလဲ ပျောက်ဆုံး၊ မပျောက်ဆုံးတာတွေလဲ မနာလိုစိတ်နဲ့ ဖိနှိပ်ခံရနဲ့မို့ အကောင်အထည်ဖော်လို့ရကောင်းတဲ့ အိပ်မက် လက်တဆုပ်စာပဲ ကျန်တော့တဲ့ အခြေအနေမှန်ကို မြန်မြန်သုံးသပ်မိပြီး ပျောက်ဆုံးကုန်တဲ့ အိပ်မက်တွေ ပြန်လည် မက်ခွင့်ရစေဖို့ လုပ်ဆောင်ဖို့ အချိန်တန်နေပါပြီ။ အိပ်မက်ပျောက်တဲ့ ပြဿနာဟာ အကြောင်းရင်း တစ်ခုတည်းကြောင့် ပေါ်ပေါက်လာရတာ မဟုတ်တဲ့အတွက် မူလအကြောင်းရင်းတွေအားလုံးကို လျော့ပါးအောင် တပြိုင်နက် (သို့မဟုတ် တပြိုင်နက်နီးပါး) လုပ်ဆောင်ဖို့ လိုအပ်ကြောင်း စာရေးသူအနေနဲ့ ထောက်ပြ ဝေဖန်အကြံပြုလိုပါတယ်။ နောင်စာတမ်းငယ်များမှာ အကြောင်းရင်း တစ်ခုချင်းကို လျော့ပါးအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာကို သုံးသပ် အကြံပြုဖို့ ကြိုးစားပါမယ်ဆိုတာကို ရေးသားရင်း အိပ်မက်ပျောက်သူများ ၂ ကို နိဂုံးချုပ်အပ်ပါတယ်။ စာရှုသူမိတ်ဆွေများ ပျောက်ဆုံးနေတဲ့ အိပ်မက်များကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။