Pages

Sunday, April 5, 2009

ရွှေရတနာ ... ညာတယ်။

အရင်တပါတ်က Peninsular Plaza ကိုရောက်ခဲ့စဉ်က Phone Card ၀ယ်ရန်ရှိသဖြင့် ရွှေရတနာ အမည်ရှိသော ဆိုင်သို့ ရောက်ခဲ့ပါသည်။ စာရေးသူ သုံးနေကျ အမျိုးအစားမှာ Sun Page တံဆိပ် ဖြစ်သဖြင့် ၄င်းကို မေးဝယ်ရာ ကောင်တာတွင်ထိုင်နေသော အသက် ၄၀ ကျော် ၅၀ ပတ်ဝန်းကျင် အဒေါ်ကြီးက မလာတော့ကြောင်း ဖြေပါသည်။ သို့ဖြစ်သဖြင့် အလားတူ Card ရှိသလားဟုမေးရာ Sea Lion ရှိကြောင်း ဖြေပါသည်။

ဒီနေရာတွင် စာရေးသူတို့ အဘယ်ကြောင့် Card တွေ ၀ယ်နေရကြောင်း စင်ကာပူရှိ Telephone Operator များအကြောင်း အနည်းငယ် ရှင်းပြလိုပါသည်။ စင်ကာပူတွင် SingTel၊ Star-Hub၊ M1 ဟူသော Phone Operator ကြီး ၃ ခုရှိပါသည်။ မြို့တွင်းခေါ်ဆိုခမှာ တမိနစ်ကို ၇ ဆင့်မှ ၂၀ ဆင့်ခန့်အတွင်း မိမိချုပ်ဆိုထားသော စာချုပ် (လစဉ်ကြေး) ပေါ်မူတည်ပြီး ကောက်ခံပါသည်။ စာချုပ်အများစုမှာ အ၀င်ခေါ်ဆိုမှုကို အသုံးပြုခ ကောက်ခံခြင်း မရှိပါ။

အင်တာနက်မှ ဖုန်းခေါ်ဆိုမှု (VOIP) နည်းပညာ ခေတ်စားလာသောအခါ ပုဂ္ဂလိက လုပ်ငန်းအချို့က အဆိုပါ Operator ကြီးများထံမှ ဖုန်းခေါ်ဆိုခွင့်ကို ဈေးသက်သက်သာသာနှင့် ၀ယ်ယူပြီး Call-back Card များဖြင့် ပြန်လည် ရောင်းချတတ်ပါသည်။ အဆိုပါ Card များအလုပ်လုပ်ပုံမှာ ပထမ မိမိ ဖုန်းမှနေ၍ ၄င်းလုပ်ငန်းတို့၏ ဖုန်းကို ပထမ ခေါ်ရပါသည်။ ၄င်းတို့က မကိုင်ပဲ လိုင်းဖြတ်ချလိုက်ပါမည်။ (ထိုအခါ အထွက်ခေါ်ဆိုမှု အတွက် ပိုက်ဆံ ပေးရန်မလိုတော့ပါ။) ၄င်းတို့က ပြန်ဆက်လာသောအခါ မိမိ ခေါ်ဆိုလိုသော တယ်လီဖုန်း အမှတ်ကို တတီတီမြည်အောင် ဖုန်းခလုတ်များတွင် ရိုက်ထည့်ခြင်းဖြင့် ဆက်သွယ်ပေးပါသည်။ တမိနစ်ကို ၂ ဆင့်မှ ၅ ဆင့်အတွင်းသာ ကျသင့်သဖြင့် အလွန် သက်သာသော နှုန်းထားဖြစ်ပါသည်။

စာရေးသူ အသုံးပြုနေကျ Sun-Page Card အလုပ်လုပ်ပုံမှာ ပိုမို ကောင်းမွန်ပါသည်။ VOIP လုပ်ငန်းများမှ ဖုန်းပြန်ဆက်လာသောအခါ မိမိခေါ်လိုသော တယ်လီဖုန်း အမှတ်ကို ရိုက်သွင်းစရာမလိုအောင် ပြုလုပ်ထားပါသည်။ ဥပမာအားဖြင့် စာရေးသူခေါ်ဆိုလေ့ရှိသော သူငယ်ချင်း ၃ ယောက်အတွက် သီးသန့် ဖုန်းအမှတ် ၃ ခု စာရေးသူကို ပေးထားပါသည်။ အဆိုပါ ဖုန်းအမှတ်များကို ခေါ်လျှင် လိုင်းဖြတ်ချပြီး စာရေးသူ၏ သူငယ်ချင်းနှင့် ဆက်သွယ်ပေးရန် ဖုန်းပြန်ခေါ်လာပါသည်။ တမိနစ်ကို ၃ ဆင့်လျော့လျော့ခန့်ကျသော်လည်း (၂ ဆင့်ထက် ပိုများတာပေါ့နော်) သုံးစွဲရသည်မှာ Style ပိုကျပါသည်။ သို့ဖြစ်၍ ၄င်းကဒ်နှင့် အလားတူကို မေးဝယ်ခြင်း ဖြစ်သည်။

အဆိုပါ အဒေါ်ကြီးမှ စာရေးသူအား (တမိနစ်လျှင် ၃ ဆင့်အတိအကျ ကျသင့်သော) Sea Lion သုံးရန် အကြံပေးပါသည်။ စာရေးသူက ဖုန်းနံပါတ် မှတ်ထားပေးသလားဟု မေးရာ မှတ်ထားပေးသည်ဟု ဖြေပါသည်။ ၄င်းနားမလည်မည်စိုးသဖြင့် ခေါ်နေကျ နံပါတ်တွေကို မှတ်ထားပေးပြီး ခေါ်လိုက်တာနှင့် ပြန်ဆက်ပေးတာလားဟု ထပ်မေးပါသည်။ မှတ်ထားပေးသည်ဟု ဖြေပြန်ပါသည်။ ပိုသေချာစေချင်သဖြင့် သူပြန်ဆက်လာရင် ကျွန်တော် ဖုန်းနံပါတ်နှိပ်ရသလားဟု ထပ်မေးရာ စိတ်မရှည်ဟန်နှင့် မနှိပ်ရဟု ဖြေသည်။ စာရေးသူ ၀ယ်လိုက်ပါသည်။

အမှန်မှာ အဆိုပါ Sea Lion Card သည် စာရေးသူ အသုံးပြုနေကျ Sun Page ထက် ဈေးပိုကြီးရုံမျှမက ဖုန်းနံပါတ်ကို မှတ်ထားပေးခြင်းလဲ မရှိပါ။ အဆိုပါ Card တခုရောင်းလျှင် ဆိုင်မှရသောအမြတ်မှာ စင်ကာပူ ဒေါ်လာ ၁ ဒေါ်လာထက် မပိုပါ။ (အများအားဖြင့် ပြားစွန်းသာ စားရပါသည်။) ဘာမဟုတ်သော အမြတ်အတွက် စာရေးသူကို လိမ်ညာသည်ကို ဒေါသလဲ ထွက်၊ ရှက်လဲ ရှက်မိပါသည်။

တနပ်စား အကြံဖြင့် လိမ်ညာခြင်းသည် ရေရှည်တွင် အကျိုးအမြတ် မရှိရုံမျှမက ဖောက်သည်လဲ ဆုံးရှုံးသဖြင့် လုပ်ငန်းအတွက် အဆိပ်အတောက်ပင် ဖြစ်နိုင်ပါသည်။ နိုင်ငံရပ်ခြားတွင် မြန်မာတွေ စုတဲ့နေရာဟု ပြောစမှတ်ဖြစ်နေသော ကုန်တိုက်ကြီးအတွင်းရှိ မြန်မာဆိုင်က တနပ်စား လိမ်နေ၊ ညာနေသည်ကို နိုင်ငံခြားသားများ သိရှိသွားပါက မြန်မာတွေဟာ ဒီလိုပဲ တနပ်စား လုပ်တတ်တယ်ဟု ထင်မှတ်သွားနိုင်ပါသည်။ မြန်မာတမျိုးသားလုံး၏ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်သည့်အပြင် အချီကြီး အလိမ်ခံရမည်ကို ကြောက်သဖြင့် မြန်မာတွေနှင့် စီးပွားရေးလုပ်ငန်းများ မလုပ်ရဲတော့ပါက အားလုံးနစ်နာပါမည်။

သို့ဖြစ်သဖြင့် အဆိုပါဆိုင် (ရွှေရတနာ) နှင့် ဆက်သွယ်ခြင်း၊ ၄င်းတို့ဆိုင်မှ ပစ္စည်းဝယ်ယူခြင်း၊ ငွေလွှဲခြင်းတို့ လုံးဝမလုပ်ပဲ သပိတ်မှောက်နှင့် သပိတ်မှောက်ရန် စည်းရုံးရန် စာရေးသူ ဆုံးဖြတ်ထားပါသည်။ (စာရှုသူတို့လဲ စာရေးသူနှင့် ရင်ခုန်သံခြင်း တူညီပါက မြန်မာတို့၏ ဂုဏ်သရေကို ကျဆင်းစေနိုင်သော ရွှေရတနာဆိုင်ကို အတူ သပိတ်မှောက်နိုင်ပါသည်။)