ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Tuesday, October 28, 2008

The Blue Brothers



 
ရှီကာဂိုကို ၁၀၆ မိုင်၊ ဆီကအပြည့်၊ စီးကရက် ဘူးကတ၀က်၊ မှောင်လဲမှောင်နေပြီမို့လို့ ငါတို့ နေကာမျက်မှန်တွေ တပ်ထားကြတယ်။ Elwood, The Blue Brothers, 1980.
မိုင် ၁၀၀ ကျော်ဝေးတဲ့ ရှီကာဂိုမြို့က အမြတ်ခွန်ဌာနကို အခြေပစ္စည်း ပိုင်ဆိုင်မှု အခွန်အဖြစ် ဒေါ်လာ ၅၀၀၀ ကို နောက်တနေ့နံနက်အမီ သူတို့ညီအစ်ကို နှစ်ယောက် သွားမပေးနိုင်ရင် သူတို့ ကြီးပြင်းခဲ့တဲ့ မိဘမဲ့ ဂေဟာကို အစိုးရက သိမ်းယူတော့မှာ ဖြစ်ပါတယ်။ သူတို့ဟာ ရှီကာဂိုကို အေးအေးဆေးဆေး လေညှင်းခံရင်း ကားမောင်းသွားကြရမှာတော့ မဟုတ်ပါဘူး။ သူတို့ ၂ ယောက်ကို ဘာကြောင့်မှန်းမသိ မကျေနပ်နေတဲ့ လက်နက်ကိုင် အမျိုးသမီးတစ်ယောက်၊ ပြည်နယ် ရဲတပ်ဖွဲ့၊ တက္ကဆက်ပြည်နယ်က ကျေးလက် တေးဂီတ ၀ိုင်းတော်သား လူမိုက်တစ်စုနဲ့ နာဇီလက်သစ်တစ်အုပ်တို့လက်က လွတ်အောင်လဲ ပြေးရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ စတီဗင်စပီးလ်ဘတ်ရဲ့ ရိုက်လက်စဇာတ်ကား မဟုတ်ပါဘူး။ ဒါဟာ The Blue Brothers ဖြစ်ပါတယ်။ (ဒါပေမဲ့ အခွန်ဌာနက စာရေးနေရာမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် စပီးလ်ဘတ်ကို တွေ့ရမှာ ဖြစ်ပါတယ်။)
ဇာတ်လမ်းက တေးသံစုံ ဇာတ်မြူးပါ။ နာမည်နဲ့လိုက်အောင် Blues, R&B နဲ့ Soul တွေ ဖောချင်းသောချင်းပဲပေါ့။ အဲဒီခေတ်၊ အဲဒီအခါက ကျော်ကြားလှတဲ့ James Brown, Cab Calloway, Aretha Franklin, Ray Charles နဲ့ John Lee Hooker တို့ကလဲ သီချင်းတွေ ကိုယ်တိုင်ပါဝင် သီဆိုကြသေးတယ်။ ကုလားကားရှုံးလောက်အောင် တေးဂီတတွေ ပြည့်လျှမ်းနေတဲ့ ဒီဇာတ်ကားဟာ ကုလားကားအတိုင်း ပေရှည်လှပါတယ် (၁၃၃ မိနစ် + DVD version မှာ ထပ်ဖြည့်ထားတဲ့ အခန်းတွေ)။ ဒါပေမဲ့ အလွန်တရာမှ ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားပါ။
စာရေးသူ မှတ်မှတ်ရရ အဖြစ်ဆုံးအခန်းကတော့ သူတို့ရဲ့ တေးဂီတ ၀ိုင်းတော်သားတစ်ယောက်ကို သွားခေါ်တဲ့အခန်းပါပဲ။ ပြင်သစ် အထက်တန်း စားသောက်ဆိုင်တစ်ခုမှာ ဧည့်ကြို (Maitre d) လုပ်နေတဲ့ Mr. Fabulous ကို တေးဂီတ၀ိုင်း ပြန်လည်ထူထောင်ဖို့ သွားပင့်တာ ဖြစ်ပါတယ်။ စားပွဲ ကြိုတင်မှာကြားရတဲ့ စားသောက်ဆိုင်ထဲ အတင်းဝင်ထိုင်၊ အသံမြည်အောင် စားသောက်၊ စားစရာတွေနဲ့ ဆော့ကစား၊ ခွက်အမှားတွေနဲ့ ၀ိုင်ကိုသောက်တဲ့အပြင် တခြားစားနေတဲ့လူကိုလဲ မင်းမိန်းမနဲ့ သမီးကလေးကို ဘယ်လောက်နဲ့ ရောင်းမလဲလို့ မေးလိုက်ပါသေးတယ်။ နောက်ဆုံးကျတော့ မင်းပြန်မလိုက်ရင် ငါတို့ ၂ ယောက် မနက်စာ၊ နေ့လည်စာ၊ ညစာ အနပ်တိုင်းကို ဒီမှာ နေ့တိုင်းလာစားမယ်လို့ ပြောလိုက်တဲ့အခါမှာတော့ ဧည့်ကြိုကြီးခမျာမှာ သူ့အလုပ်ကို စွန့်ပြီး ပြန်လိုက်လာရပါတော့တယ်။
သူတို့ပြောခဲ့တဲ့ "ငါတို့က ဂီတသမားသက်သက်တွေပါ" ဆိုတာကို စတီဖင်ချောင်ရဲ့ နာမည်ကျော် Kung Fu Hustle မှာ အမှတ်တရ ထည့်သွင်းပေးထားတာကို တွေ့နိုင်ပါတယ်။ ၁၉၈၀ ဇွန်လ ၂၀ ရက်နေ့မှာ ရုံတင်တော့ ဂျော့ခ်ျလူးကတ်စ်ရဲ့ ကြယ်တာရာစစ်ပွဲများ ဒုတိယကား (ဇာတ်လမ်းအရ ပဌ္စမကား) အင်ပါယာက ပြန်တိုက်ပြီရဲ့ နောက်ကကပ်လျက် (ဒုတိယမြောက်) ၀င်ငွေ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ကားတစ်ကားအတွင်း မော်တော်ယာဉ်ပျက်စီးမှု (ယာဉ်တိုက်မှုစသည်) ဒုတိယအများဆုံး ဇာတ်ကားလဲ ဖြစ်ပါတယ်။ (နံပါတ် ၁ ကတော့ သူ့ရဲ့အဆက် Blue Brothers 2000 ဖြစ်ပါတယ်။)
၁၉၈၀ ပုံစံ အထနှေး၊ နောက်ခံတီးလုံးနည်း၊ သရုပ်ဆောင်တာအေးတာကို သည်းခံနိုင်မယ်ဆိုရင် သင့်ရဲ့ တနင်္ဂနွေနေ့ခင်းချိန်တွေကို သင်သတိမထားမိခင်မှာ ယူဆောင်သွားပေးမဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲ ဂီတပညာရှင်တွေနဲ့ ထိပ်တန်း ဒါရိုက်တာကြီးကို ရုပ်ရှင် သရုပ်ဆောင်အဖြစ် တွေ့မြင်ရမဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်။ ၁၀ မှတ်မှာ ၈.၅ ပေးလိုက်ပါတယ်။ (အထသာ မနှေးရင် ၁၀ မှတ်အပြည့်ပေးမှာဗျို့)။ ကြည့်ဖြစ်အောင် ကြည့်ဖို့လဲ တိုက်တွန်းပါရဲ့။

Tuesday, October 21, 2008

မေ့လျော့ခံထားရသော Hip-Hop ပညာရှင်များ (၁): Run-D.M.C

ဒီဘက်ခေတ်မှာ Hip-Hop လို့ဆိုရင် Eminem, 2Pac, 50 Cent နဲ့ Nelly တို့လောက်ကိုပဲ ပြေးပြေး မြင်တတ်ကြပါတယ်။ Hip-Hop ကို ခေတ်ရေစီးကြောင်းထဲက ဂီတတစ်ခုဖြစ်အောင် တွန်းပို့ပေးခဲ့တဲ့ အဖွဲ့ဖြစ်တဲ့ Run-D.M.C ကို သိတဲ့လူ နည်းကြပါတယ်။ (စိုင်းစိုင်းရဲ့ "မိန်းမ မိန်းမ" သီချင်းထဲမှာ " … Run DMC, Jam Master Jay, xxx ဒီမှာ နားထောင်ရင်း အိပ်ခန်းထဲမှာ စိတ်ကျဉ်းကျပ် … " ဆိုတာ သူတို့ပေါ့။) သူတို့ရဲ့ အနုပညာစွမ်းကြောင့် ကမ္ဘာကျော် Rolling Stone မဂ္ဂဇင်းက အကြီးကျယ်ဆုံး ဂီတ အနုပညာရှင် စာရင်းမှာ အမှတ် ၄၈ အဖြစ် ၂၀၀၄ မှာ စာရင်းသွင်းခံရပါတယ်။ အမေရိကန် တေးသံသွင်း လုပ်ငန်းရှင်များ အဖွဲ့ရဲ့ ရွှေနဲ့ ပလက်တီနမ် ဓာတ်ပြားဆုများ ချီးမြှင့်ခံရတဲ့ ပထမဆုံး Rap အဖွဲ့လဲ ဖြစ်ပါတယ်။



Run-D.M.C (Rev Run, Jam Master Jay and D.M.C)
နယူးယောက်ခ်မြို့ ကွင်းစ်မြို့နယ် ဟိုးလီစ် ရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့ သူတို့ ၃ ယောက်ဟာ Sucker MCs ဆိုတဲ့ သီချင်းနဲ့ R&B Charts မှာ နံပါတ် ၁၅ ချိတ်ခဲ့ပြီးနောက် ၁၉၈၆ ခုနှစ်မှာတော့ Raising Hell album ကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ album မှာပါတဲ့ Walk This Way သီချင်းဟာ MTV မှာ ပထမဆုံး ထုတ်လွှင့်ခံရတဲ့ Rap သီချင်းဖြစ်ပေမဲ့ လူကြိုက်များတာကြောင့် မကြာခဏ ထုတ်လွှင့်ခံခဲ့ရပြီး အဲဒီအချိန်က နံမည်ကျဆင်းနေတဲ့ Rock ဂီတသမား Aerosmith ကို အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်လည် တွန်းတင်ပေးခဲ့ပါတယ်။
Run-D.M.C ရဲ့ ကျော်ကြားမှုကြောင့် Addidas က သူတို့ကို ဖိနပ်နဲ့ အခြား အသုံးအဆောင်တွေ ထောက်ပံ့ပေးပြီး ကြော်ငြာခိုင်းခဲ့တယ်။
၁၉၈၀ ပြည့်နှစ်လွန်များက Rap အဖွဲ့တွေရဲ့ ထုံးစံ စကားပြောဟန် ဖြစ်နေပေမဲ့ အားပါတဲ့ Rapping တွေ၊ Jam Master Jay ရဲ့ ခပ်ကြမ်းကြမ်း Scratch သံ၊ မခမ်းနားပဲ ရိုးရှင်းတဲ့ Beat တွေနဲ့အတူ တွေ့ရခဲတဲ့ တယောက် တလှည့်စီ ပြောင်းပြောင်းဆိုတဲ့ ပုံစံကို သူတို့သီချင်းတွေမှာ တွေ့ရပါတယ်။ (တယောက်တည်းပဲ ဆိုလေ့ရှိတဲ့ Rapper တွေနဲ့ ကွာတာက Run နဲ့ D.M.C ရဲ့တယောက်ကို တယောက် အပြန်အလှန် ပံ့ပိုးပေး၊ ထောက်ပေး၊ ကူအော်ပေးကြတဲ့ သီဆိုဟန်ပါပဲ။) သူတို့ရဲ့ ကာရန်ယူပုံတွေဟာ အနီးစပ်ဆုံးပြောရရင် စိုင်းစိုင်း (မိန်းမ၊ မိန်းမ၊ မချစ်သီချင်း) နဲ့ နည်းနည်း တူပါတယ်။ ကာရန်ကို ဘားတစ်ဘားရဲ့ နောက်ဆုံးနားမှာ (နဲ့ အလယ်မှာ) ဆောင့်ဆောင့်ချလေ့ရှိတဲ့ သူတို့သီချင်းတွေဟာ နားမယဉ်ခင်မှာတော့ နားထောင်ရတာ ပျင်းစရာကြီးပါပဲ။ ဒါပေမဲ့ နားထောင်ကျင့် ရသွားတဲ့အခါမှာတော့ အင်မတန်မှ မြူးကြွပြီး ကလို့ခုန်လို့ကောင်းပါတယ်။


Run D.M.C (D.M.C, Jam Master Jay, Rev Run)
သူတို့အဖွဲ့ရဲ့နောက်ဆုံး album (ယခုရေးသားချိန်အထိ နောက်ဆုံး) Crown Royal ကို ၂၀၀၁ ခုနှစ်မှာ အနုပညာရှင်အများအပြားနဲ့ တွဲဖက် သီဆိုပြီး ဖြန့်ချိခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှာ ပင်တိုင် DJ Jam Master Jay လုပ်ကြံခံရပြီး နောက် album အသစ် ထွက်ရှိလာခြင်းမရှိတော့ပါဘူး။ Rap ဂီတလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။
သူတို့သီချင်းတွေကို မြည်းစမ်းချင်ရင်တော့ ...


Jam Master Jay သေဆုံးခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရေးသား ဂုဏ်ပြုပါသည်။

Sunday, October 12, 2008

ငါးထမင်းနယ် (ရှမ်းထမင်းချဉ်) လုပ်နည်း

ဒီနေ့ သတင်းကျွတ် အဖိတ်နေ့ (သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့)။ လောရှည် မွေးနေ့ပေါ့။ အဲဒါ မမ Red က မောင်လေးမွေးနေ့မို့ ငါးထမင်းနယ်လုပ်ကျွေးမယ်လို့ မနေ့ညကတည်းကပြောပြီး ဒီမနက် လုပ်ကျွေးတယ်။ ပျော်လိုက်တာ။ သြော် ငါ့ကို ဂရုစိုက်သားဆိုပြီ။ စားပြီးတော့ မေးကြည့်တော့ သူ့မောင်အရင်းက အောက်တိုဘာ ၁၃ မွေးတာမို့ သူ့မောင်လေးမွေးနေ့ကို လုပ်ကျွေးတာတဲ့။ သေရော ။ ဘာပဲဖြစ်ဖြစ် အမေတို့လုပ်တာ ကြည့်ထားတာနဲ့ သူ့ဆီက ချက်နည်းမေးထားတာလေးတွေ ရောသမမွှေပြီး ငါးထမင်းနယ်လုပ်နည်းကို တင်ဆက်လိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်သွန်မြိတ်        - အနည်းငယ်
နံနံပင်            - အနည်းငယ်
ဆား            - အနည်းငယ်
ခရမ်းချဉ်သီး        - ၃ လုံး
မန်ကျည်းနှစ်        - အနည်းငယ်
ကြက်သွန်ဖြူ        - ၃ လုံး
ငါး (ရေချိုငါး)        - ၂၅ သားခန့်
အာလူး             - ၂ လုံးခန့်
ဆန်            - ၅ လုံး (ထမင်းပေါင်းအိုးနဲ့ပါလာသော ဗူးနဲ့ ချိန်ပါ၊ နို့ဆီဗူး မဟုတ်ပါ)
ပထမဆုံး ငါးနဲ့ အာလူးကို ဆားအနည်းငယ်စီ ထည့်ပြီး (တအိုးစီ) ပြုတ်ထားပါ။ အဲဒါတွေ ပြုတ်နေတုန်းမှာ ထမင်းကိုလဲ တပြိုင်နက်ချက် (ရေ ၇-၈ လုံးလောက်ထည့်ချက်ပါ)၊ မန်ကျည်းနှစ်ကို ရေနွေးဖျော၊ ကြက်သွန်မြိတ်နဲ့ နံနံပင်ကို လှီး၊ ကြက်သွန်ဖြူ အခွံခွာထားပါ။ ငါးနဲ့ အာလူးရရင် (ရေခမ်းပြုတ်ရပါသည်။) ခရမ်းချဉ်သီးကို ပြုတ်ပါ။ ငါးကို အသားနွှင်၊ အာလူးကို ချေပါ။ ခရမ်းချဉ်သီး ပြုတ်တာ ပြဲသွားရင် သူ့ကိုလဲ ချေပါ။ ကြက်သွန်ဖြူထောင်းပါ။ ညက်လျှင် ကြက်သွန်ဖြူဆီချက် ချက်ပါ။ (ဆီထဲကို ကြက်သွန်ဖြူ ထောင်းထားတာ ထည့်ကြော်ပါဟု ဆိုလိုသည်၊ ရွှေဝါရောင်သန်းလာလျှင် အိုးပေါ်မှချ၊ ပန်းကန်ထဲ ပြောင်းထည့်ပါ။ သို့မဟုတ်က တူးလိမ့်မည်။) ပြီးလျှင် ကြက်သွန်ဖြူ ဆီချက်၊ မန်ကျည်းနှစ်နှင့် ကြက်သွန်မြိတ်၊ နံနံပင်မှအပ အားလုံးရောနယ်ပါ။ ပြီးလျှင် အနေတောင် အလုံးလေးတွေ လုံးထားပါ။ (ကြီးကြီးလုံးလဲ ဘာမှ မဖြစ်ပါ)

စားချင်စဖွယ်ပါပဲ
တည်ခင်းရာတွင် အလုံးကို ပန်းကန်ပြားထဲ ထည့်ပြားပြီး မန်ကျည်းနှစ်၊ ကြက်သွန်ဖြူ ဆီချက်ဖတ်၊ နံနံပင်၊ ကြက်သွန်မြိတ်ဖြူးပြီး ပြင်ပေးပါ။ ဂျူးမြစ် (အစိမ်း) နှင့် တွဲစားလျှင် အလွန်ကောင်းပါသည်။ ငရုတ်သီးကြိုက်သူများ ငရုတ်သီးဆီချက်နှင့်လဲ တွဲဖက်စားသုံးနိုင်ပါသည်။

Thursday, October 2, 2008

ရေးပေးပါ။

ကိုယ်ပိုင်ပန်းခင်းလေးက Tag လုပ်လို့ ရေးလိုက်ရပါတယ်။ စာတမ်းကိစ္စနဲ့ အရမ်းအလုပ်ရှုပ်နေလို့ ခုမှပဲ ရေးဖြစ်တော့တယ်။ စရေးပြီ။ 

ကိုယ့်နာမည် - လောရှည် လေ။

ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ထောင်ထောင်၊ နီယို၊ မောင်လောရှည်၊ မေလောရှောင်။

ဒီမှာနေတယ် - စင်ကာပူ။

ကိုယ့်ဆီဖုန်းဆက်ချင်ရင် - လျှောက်လွှာအရင်တင်ပါ။ (Comment ပေးပြီးတော့)။

(ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက)

အရောင်ဆိုရင် - မိုးပြာရောင်၊ အ၀ါရောင်၊ ဖက်ဖူးစိမ်းနုနု၊ အနီရောင်၊ အနက်ရောင်၊ အဖြူရောင်၊ မီးခိုးအမျိုးမျိုး။

အ၀တ်အစားဆိုရင် - Baggy Jeans, Rappers' Ware။

အစားအစာဆိုရင် - စားလို့ရတာ အကုန် (ကိုရီးယားစာ မပါ)။

ပစ္စည်းဆိုရင် - ရှေးဟောင်း ပစ္စည်း ထုကြီးထည်ကြီး၊ သစ်သစ်လွင်လွင် တောက်တောက်ပြောင်ပြောင်။

သီချင်းဆိုရင် - Heavy Rock မှ လွဲ၍။

စာရေးဆရာ - Isaac Asimov။

စာအုပ် - Foundation Trilogy (Foundation, Foundation and Empire and Second Foundation)။

Life Style - တက္ကသိုလ်မှာ သုတေသနလုပ်တဲ့ ပါမောက္ခ၊ (ဒါမှမဟုတ် အလွန်အောင်မြင်သော နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းရှင်)။

ကိုယ့်ရဲ့ဝါသနာ - ဂိမ်းဆော့တယ်၊ ရုပ်ရှင်ကြည့်တယ်။ (ဂျပန်ကာတွန်း ကြည့်တယ်)။

အလိုချင်ဆုံးလက်ဆောင် - သိမ်းရလွယ်၊ သယ်ရလွယ်၊ ပေးချင်စိတ်ရှိလို့ ပေးတာ အားလုံး။

ကိုယ့်ရဲ့ အချစ်ဆုံးသူက - ပြောဝူး။ သတ်ပစ်လိုက်။

ကိုယ့်ရဲ့ အလေးစားဆုံးသူက - Roy Mustang (စိတ်တော့မကောင်းဝူး၊ ကာတွန်းဇာတ်ကောင် ဖစ်နေတယ်။)

ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - များကြီးပဲဗျ။

ကိုယ့်ကို နားလည်မှု အပေးနိုင်ဆုံးက - ညီလေး။

ကိုယ့်ရဲ့ အမုန်းဆုံးသူက - ပြောဝူး။ (ပြောရင် ဒီကောင်ထွက်ပြေးသွားမှာပေါ့။)

ရင်အခုန်ဆုံးအချိန် - အဖြေကို စောင့်နေရတဲ့ အချိန် (စာမေးပွဲ အောင်စာရင်းလိုဟာမျိုး၊ ပညာသင်ဆု လျှောက်လွှာ ရလဒ်လိုဟာမျိုးကို ဆိုလိုသည်။)

အကြောက်ဆုံးအချိန် - ကိုယ့်ကို စိတ်ဆိုးခံရတဲ့အချိန် (ဆော်ပလော်တီးမှာ ကြောက်ရို့)။

အပျော်ဆုံးအချိန် - ညီလေးနဲ့ Acclaim's WWF Wrestle Mania (16 bit) Sega Genesis Version ကို ကွန်ပျူတာပေါ်မှာ Emulator နဲ့ ဆော့ရတဲ့အချိန်။

အမှတ်တရနေ့ - ငါးတန်းတုန်းက အတန်းထဲမှာ ပထမရတဲ့နေ့။

အချစ်ဆိုတာ - ညံ့ပါ့၊ ဒါလေးတောင် မသိဘူးလား။ (ငါလဲ တိပါဝူး)။

အမုန်းဆိုတာ - မသိချင်စမ်းပါနဲ့။

အလွမ်းဆိုတာ - ဒါလဲ မသိချင်စမ်းပါနဲ့။ (ပြောပြလို့မရဘူးကွ။)

သံယောဇဉ်ဆိုတာ - ငြိတွယ်ခြင်း။

ဘ၀ဆိုတာ - မိုးလင်းတိုင်း ဒီနေ့ ဘာဖြစ်မလဲ သိချင်လို့ ရှာဖွေကြည့်ရတာ။ (ကျော်ကြည့်လို့လဲ မရဘူး)

သူငယ်ချင်းဆိုတာ - များလေကောင်းလေ။

ချစ်သူဆိုတာ - နည်းလေကောင်းလေ။ n ယောက်ရှိရင် အနည်းဆုံး n-1 ခါ အသည်းကွဲလိမ့်မယ်။ (ဒါတောင် တယောက်ကိုရမှ၊ မရရင် n ခါအသည်းကွဲလိမ့်မယ်။)

ကိုယ့်ကိုယ့်ကိုယ် ဒီလိုထင်တယ် - ဥစ္စာပေါ၊ ရုပ်ချော၊ သဘောဖြူ၊ အူစင်း၊ သမာသမတ်ကျ၊ အကုန်သိ၊ အကုန်တတ်၊ အကုန်နားလည်၊ မြင့်မြတ်၊ စင်ကြယ် ... ခွိ ခွိ ။

ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - Do It Now !

အပြောချင်ဆုံး စကားတခွန်း - I am very glad to be in this very spot, to give this acceptance speech for this year's Alan Turing Award and to be the first South East Asian to grab this award.