ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label ၀ါးတီး. Show all posts
Showing posts with label ၀ါးတီး. Show all posts

Saturday, July 25, 2009

ဆီချက်ခေါက်ဆွဲ လုပ်နည်း

ဆီချက်ခေါက်ဆွဲဆိုတာ မြန်မာတိုင်းသိတဲ့ အစားအသောက်တမျိုးပါ။ မူလကတော့ တရုတ်အစားအစာဖြစ်ပြီး တရုတ်လူမျိုးတွေ မြန်မာနိုင်ငံကို လာရောက်ရောင်းချရာကနေ တဖြည်းဖြည်း မြန်မာမှုပြုလိုက်တာ အခုဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိ၊ မြန်မာပြည်မှာသာရှိတဲ့ ဆီချက်ခေါက်ဆွဲဆိုပြီး ဖြစ်လာပါတော့တယ်။ (စင်ကာပူမှာတော့ ဆီချက်ခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲတို့နဲ့ အတော်ဆင်တူတဲ့ မလေးမှု ပြုထားတဲ့ ခေါက်ဆွဲတွေ တွေ့ရပါတယ်။) အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာပြီး စားရတာအရသာရှိတဲ့ ဆီချက်ခေါက်ဆွဲ လုပ်နည်းကို ရွှေပွဲလာပရိသတ်ကြီးအတွက် ကပြဖျော်ဖြေ ... အဲလေ ... မှားလို့ စာရှုသူမိတ်ဆွေတို့အတွက် ရေးသားတင်ဆက်လိုက်ရပါတယ်။


ဆီချက်ခေါက်ဆွဲ (လူ ၃ ယောက်မှ ၆ ယောက်စာ) လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ...

  • ခေါက်ဆွဲပြား - ၃ - ၆ ခွက်စာ (အသင့်စားခေါက်ဆွဲတွေ ၀ယ်ပြုတ်လဲ ရပါတယ်။ ပိုတောင် အရသာ ကောင်းပါသေးတယ်။ ဆီနဲ့ကြော်ထားတာမဟုတ်တာကို ကျန်းမာရေးအတွက် ရွေးချယ်ပါ။)
  • ၀က်နံရိုးသား (သို့မဟုတ်) ကြက်ရင်အုပ် - ၁၅ ကျပ်သား (၀က်ကတော့ ပိုကောင်းသပေါ့လေ)
  • ကြက်သွန်ဖြူ - ၁ မြှောင့်၊ ၂ မြှောင့် (၃-၄ မြှောင့် ဟိဟိ)
  • ဆီ - တမှုတ် (ကျန်းမာရေးနဲ့ ညီညွတ်သော နေကြာဆီကို သုံးစွဲသင့်ပါသည်။)
  • ကြက်သွန်မြိတ် - ၁ ပင်၊ ၂ ပင် 
  • ပဲငံပြာရည် (နောက်) - ၁ စားပွဲဇွန်း
  • ပဲငံပြာရည် (ကြည်) - ၂ စားပွဲဇွန်း
  • ဆန်ရှာလကာရည် - ၁ စားပွဲဇွန်း
  • ဆား - အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။


ကြက်သွန်ဖြူကို အခွံခွာ၊ ရေဆေးပြီး အပေါ်မှာ ပြထားသလို သေးသေးလေးတွေ လှီးပါ။ (ကြိတ်စက်ရှိရင် ထည့်ကြိတ်လိုက်ပါ။) ပြီးနောက် ကြွေပန်းကန် (ပလတ်စတစ်၊ မယ်လမင်း ပန်းကန် မသုံးပါနှင့်) တစ်လုံးထဲကို ထည့်ထားပါ။ ၀က်နံရိုးကို ရှာလကာရည်၊ ပံငံပြာရည် (ကြည်/နောက်) နှင့် ဆားတစ်ဇွန်းခန့်ထည့်ပြီး (အောက်ကပုံအတိုင်း) နယ်ပါ။ ဒယ်အိုးတစ်လုံးထဲကို ဆီထည့်ပြီး မီးဖိုပေါ်တင် အပူပေးပါ။



ဆီပူပြီး အငွေ့ထွက်လာရင် စောစောတုန်းက ကြက်သွန်ဖြူပန်းကန်ထဲကို (အိုးဖင်ကပ် ဇွန်းတ၀က်စာလောက် ချန်ပြီး) လောင်းထည့်လိုက်ပါ။ ဒီအပိုင်းဟာ အလွန်အရေးကြီးပါတယ်။ ကြက်သွန်ကို ဆီပူအိုးထဲထည့် ကြော်ရတာ အင်မတန်ခက်ပါတယ်။ အကြော်မတတ်ရင်၊ အလေ့အကျင့်မရှိရင် ကြက်သွန်ဟာ အမြဲတူးပါတယ်။ (ငရုတ်သီးဆီချက်ချက်ဖို့လဲ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။) ဆီအငွေ့တထောင်းထောင်း ထွက်နေဖို့တော့ လိုအပ်ပါတယ်။ ဆီကိုလောင်းထည့်ပြီး တအောင့်လောက် အကြာမှာ အောက်မှာပြထားသလို ရွှေရောင်လေးနဲ့ ကြက်သွန်ဆီချက် ကျက်သွားပါလိမ့်မယ်။


အိုးကို မီးဖိုပေါ်ပြန်တင်ပါ။ စောစောက နယ်ထားတဲ့ ၀က်နံရိုးနဲ့ ငံပြာရည်တွေ၊ ရှာလကာရည်တွေအားလုံးကို အိုးထဲလောင်းထည့်ပါ။ နည်းနည်းမွှေပေးပြီး ရေတခွက်လောက် လောင်းထည့်ပါ။ ရေခမ်းစပြုတဲ့အထိ စောင့်ကြည့်ရင်း ခဏခဏ မွှေပေးပါ။ ရေခမ်းပြီဆိုရင် ရေထပ်ထည့်ပြီး နာရီဝက်လောက်ကြာအောင် ချက်ပါ။ ရေတွေအရမ်းများအောင် လောင်းမထည့်ပါနဲ့။ အရသာမကောင်းပဲ ဖြစ်တတ်ပါတယ်။

နာရီဝက်လောက်ကြာအောင် စောင့်ပြီး ချက်ရမှာပျင်းရင် ပထမတခါ ရေနည်းနည်းခမ်းတာနဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်ပြီး ချက်လိုက်လဲ ရပါတယ်။ မီးအပြင်းဆုံးနဲ့ ၃ မိနစ်ကနေ ၅ မိနစ်အထိ အသားရဲ့ အနေအထားပေါ်လိုက်ပြီး ချက်ရပါမယ်။ မိုက်ခရိုဝေ့ဖ်ထဲကို သတ္တုအိုးတွေမထည့်ဖို့၊ မိုက်ခရိုဝေ့ဖ်နဲ့ ချက်လို့ရတဲ့ အာမခံဘူးကိုပဲ သုံးဖို့ သတိထားပါ။ ရေအရမ်းခမ်းသွားရင် ဆီအပူရှိန်အရမ်းမြင့်သွားတတ်လို့ ရေခမ်းရင် ရေဖြည့်ပေးဖို့ မမေ့ပါနဲ့။

အသားကျက်အောင် ချက်ပြီးရင် အောက်မှာပြထားသလိုရအောင် အသားကို လှီးပါ။ (တောက်တောက်မစဉ်းပါနဲ့။ လှီးတာကို ကြွက်သားမျှင်အတိုင်း မလှီးပါနဲ့။ အဲဒါဆို ရှည်ရှည်ဖတ်တွေပဲ ရတတ်ပါတယ်။ ကြွက်သားမျှင်တွေကို ကန့်လန့်လှီးပါ။)

စိတ်မရှည်ဖြစ်နေပြီလား။ မပူပါနဲ့။ ပြီးတော့မှာပါ။ ကြက်သွန်မြိတ်ကို ရေဆေးပြီး သေးသေးလေးတွေ လှီးပါ။ ပြင်ပေးမဲ့ ပန်းကန်ထဲမှာ ၀က်နံရိုးဟင်းက အရည်ရယ်၊ ဆီချက်ဖတ်ရယ် (ဆီတွေ မယူပါနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး) ဆားနည်းနည်းရယ်ထည့်၊ စဉ်းထားတဲ့ အသား တော်သင့်ရုံနဲ့ ခေါက်ဆွဲကိုထည့်ပြီး ရောမွှေပေးပါ။ မွှေပြီးရင် အပေါ်မှာ ကြက်သွန်မြိတ်ဖတ်လေးတွေ ဖြူးလိုက်ရင် ဆီချက်ခေါက်ဆွဲ ရပြီပေါ့။ လွယ်တယ်၊ မြန်တယ်၊ အကုန်အကျ သက်သာတယ် (အသား ၁၅ ကျပ်သားပဲလေ၊ ကျန်တာက သိပ်ဈေးမကြီးဘူး) နော်။ ဒါကြောင့် ခေါက်ဆွဲဆိုင်ဖွင့်တဲ့ တရုတ်တွေ မြန်မြန်ချမ်းသာကြတာနေမှာ။


(ချက်ပြီးခါနီးမှ သတိရလို့ ပုံမှာ ကြက်သွန်မြိတ်မပါပါ။)

Tuesday, May 12, 2009

စင်ကာပူ နမ့်ပစ်ဖူး (လောရှည် ပဲကြာဇံသုပ်)

နမ့်ပစ်ဖူးဆိုတာက ရှမ်းပြည်မှာရတဲ့ အသုပ်တစ်မျိုးပေါ့။ ပဲပုတ်နှစ်ရယ်၊ ခရမ်းချဉ်သီးရယ်၊ ဂေါ်ဖီရယ်နဲ့ ညှပ်ခေါက်ဆွဲကို သုပ်တာ။ တချို့ကလဲ မန်ကျည်းရည်ထည့်တတ်သေးရဲ့။ ပဲပုတ်နှစ်က ရှမ်းပြည်မှာပဲ ပေါတာမို့ ရန်ကုန်မှာတောင် တခါတလေ ရှမ်းပြည်လူကြုံရှိမှ စားရတာ။ အဲဒီအစားအသောက်ကို စင်ကာပူမှာ တမ်းတနေတော့ ခက်ရောပေါ့။ ဒါပေမဲ့ …

ဟိုတနေ့က အစ်မတစ်ယောက်က ပဲကြာဇံသုပ် အိမ်မှာလာသုပ်ကျွေးတယ်။ (အမေသုပ်တာနဲ့တော့ မတူပါဘူး။ အမေက သက်သတ်လွတ်သုပ်တာလေ။ ပုဇွန်ခြောက်တောင် မပါဘူး။) ငါးသေတ္တာတို့ ကြက်အူချောင်းတို့နဲ့ သုပ်တာ။ ဒီမနက်ကျတော့ မနက်စာကို ဂေါ်ဖီလေးနဲ့ မုန်လာဥနီလေးတွေ ရေနွေးငွေ့ရိုက်၊ ခရမ်းချဉ်သီးလေးလှီးပြီး ကျွန်း ၁၀၀၀ အနှစ် နဲ့ ဆမ်းစားမလို့ ပြင်နေတုန်း ဟိုတနေ့က ပိုနေတဲ့ ပဲကြာဇံသုပ်တဲ့ ပစ္စည်းတွေကို သတိရသွားတယ်။ အဲဒါနဲ့ ပဲကြာဇံပါ ထည့်သုပ်မလို့ လုပ်တုန်း … ပဲပုတ်ကလေးထည့်ရင် နမ့်ပစ်ဖူးနဲ့ အရသာတူမှာလို့ စဉ်းစားမိတယ်။ ဒါနဲ့ပဲ စင်ကာပူ နမ့်ပစ်ဖူး (လောရှည် ပဲကြာဇံသုပ်) ဖြစ်လာပါလေရော။

ပါဝင်ပစ္စည်းများ (လူ ၂ ယောက်စာအတွက်)

ပဲကြာဇံ     - လက်တဆုပ်စာလောက်

ပဲပုတ်ချပ်    - ၂ ချပ်

ဂေါ်ဖီထုပ်    - ခပ်သေးသေး တစိတ်

မုန်လာဥနီ    - ၁ တောင့်

ခရမ်းချဉ်သီး    - ၂ လုံး

ကြက်အူချောင်း    - ၃ ချောင်း

ကြက်သွန်ဖြူ    - ၂ မြှောင့်

နှမ်းမှုန့်        - အနည်းငယ်

ဆား        - အနည်းငယ်

ဆီ        - အနည်းငယ်

ရှာလကာရည်    - ဟင်းချိုသောက်ဇွန်း ၁ ဇွန်း

သံပရာသီး    - ၁ လုံး

နံနံပင်        - အနည်းငယ်

ငရုတ်သီးစိမ်း    - ၂ မြှောင့်

ပဲကြာဇံကို ရေနွေးနဲ့ စိမ်ပါ။ ပဲပုတ်ချပ် (အပြားဝိုင်းကြီးတွေကို ပြောတာ) ကို ကြော်ချင်ကြော်၊ ဖုတ်ချင်ဖုတ်ပြီး အမှုန့်ဖြစ်အောင် ထောင်းပါ။ (ကြော်မယ်ဆိုရင် ဆီကို အငွေ့ထွက်အောင်တည်၊ မီးပိတ်ပြီးမှ ပဲပုတ်ချပ်ကိုထည့်ပါ။ နို့မဟုတ်ရင် ခါးပါလိမ့်မယ်။ ထောင်စရာ ဆုံမရှိရင် စက္ကူထဲထည့်ပြီး ပုလင်းနဲ့ လှိမ့်ကြိတ်လဲ ရပါတယ်။ အမှုန့်ကြိတ်စက်ရှိရင်လဲ အမှုန့်ကြိတ်စက်နဲ့ ကြိတ်ပေါ့။ လောရှည်ကတော့ အဲဒီအမှုန့်ကို နေရာတကာမှာသုံးဖို့ ဗူးထဲထည့်ဆောင်ထားတယ်။) ကြက်သွန်ဖြူလေးတွေ ပါးပါးလှီးပြီး ဆီသတ်ပါ။ ငရုတ်သီးမှုန့်ရှိရင် ငရုတ်သီးဆီသတ်လဲ လုပ်ချင်လုပ်ပါ။ (ငရုတ်သီးဆီသတ်လုပ်ဖို့အတွက် ငရုတ်သီးမှုန့်ကို ပန်းကန်ထဲထည့်၊ အငွေ့ထွက်အောင် တည်ထားတဲ့ ဆီကို အဲဒီပန်းကန်ထဲ လောင်းချလိုက်ပါ။ ဒါဆို မညှော်ပါဘူး။ အမေ့နည်းကွ။) ကြက်အူချောင်းကို ပြုတ်ပါ။ (Microwave မီးဖို ရှိရင် အဲဒါနဲ့လုပ်လဲ ရပါတယ်။ မြန်တာပေါ့။) မုန်လာဥနီကို သေးသေးလေးတွေတုံးပြီး ရေနွေးဖျောပါ။ အဲဒါပြီးရင် ပူမဲ့လောင်မဲ့ ကိစ္စတွေ (ရေနွေးစိမ်ခြင်း၊ ဆီသတ်ခြင်း) ပြီးပါပြီ။

အခု အေးတဲ့ကိစ္စတွေ လာပါမယ်။ ဂေါ်ဖီကို ရေစင်စင်ဆေးပြီး ပါးပါးလှီးပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။ သံပရာသီးကို အရည်ညှစ်ဖို့အသင့် လှီးထားပါ။ ကြက်အူချောင်းကို ခပ်သေးသေးလှီးပါ။ ငရုတ်သီးနဲ့ နံနံပင်ကိုလဲ ရေဆေးပြီး သေးသေးလေးတွေလှီးထားပါ။ (ပဲကြာဇံနဲ့ မုန်လာဥနီ ရေနွေးထဲက ဆယ်တော့၊ ရပြီ။) ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး ဆီချက်၊ ပဲပုတ်မှုန့်၊ ရှာလကာရည်တို့ကို ပဲကြာဇံ၊ ကြက်အူချောင်း၊ ဂေါ်ဖီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးတို့နဲ့ ရောနယ်ပါ။ ဆားထည့်ပါ။ နှမ်းမှုန့်ကို ဖြူးပါ။ ငရုတ်သီး လှီးထားတာလေးထည့်၊ သံပရာသီးအကုန်ညှစ်ပြီး ဆက်နယ်။ နယ်လို့ နှံ့ရင် နံနံပင်လေးဖြူး၊ စားလို့ ရပါပြီ။


Sunday, October 12, 2008

ငါးထမင်းနယ် (ရှမ်းထမင်းချဉ်) လုပ်နည်း

ဒီနေ့ သတင်းကျွတ် အဖိတ်နေ့ (သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့)။ လောရှည် မွေးနေ့ပေါ့။ အဲဒါ မမ Red က မောင်လေးမွေးနေ့မို့ ငါးထမင်းနယ်လုပ်ကျွေးမယ်လို့ မနေ့ညကတည်းကပြောပြီး ဒီမနက် လုပ်ကျွေးတယ်။ ပျော်လိုက်တာ။ သြော် ငါ့ကို ဂရုစိုက်သားဆိုပြီ။ စားပြီးတော့ မေးကြည့်တော့ သူ့မောင်အရင်းက အောက်တိုဘာ ၁၃ မွေးတာမို့ သူ့မောင်လေးမွေးနေ့ကို လုပ်ကျွေးတာတဲ့။ သေရော ။ ဘာပဲဖြစ်ဖြစ် အမေတို့လုပ်တာ ကြည့်ထားတာနဲ့ သူ့ဆီက ချက်နည်းမေးထားတာလေးတွေ ရောသမမွှေပြီး ငါးထမင်းနယ်လုပ်နည်းကို တင်ဆက်လိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်သွန်မြိတ်        - အနည်းငယ်
နံနံပင်            - အနည်းငယ်
ဆား            - အနည်းငယ်
ခရမ်းချဉ်သီး        - ၃ လုံး
မန်ကျည်းနှစ်        - အနည်းငယ်
ကြက်သွန်ဖြူ        - ၃ လုံး
ငါး (ရေချိုငါး)        - ၂၅ သားခန့်
အာလူး             - ၂ လုံးခန့်
ဆန်            - ၅ လုံး (ထမင်းပေါင်းအိုးနဲ့ပါလာသော ဗူးနဲ့ ချိန်ပါ၊ နို့ဆီဗူး မဟုတ်ပါ)
ပထမဆုံး ငါးနဲ့ အာလူးကို ဆားအနည်းငယ်စီ ထည့်ပြီး (တအိုးစီ) ပြုတ်ထားပါ။ အဲဒါတွေ ပြုတ်နေတုန်းမှာ ထမင်းကိုလဲ တပြိုင်နက်ချက် (ရေ ၇-၈ လုံးလောက်ထည့်ချက်ပါ)၊ မန်ကျည်းနှစ်ကို ရေနွေးဖျော၊ ကြက်သွန်မြိတ်နဲ့ နံနံပင်ကို လှီး၊ ကြက်သွန်ဖြူ အခွံခွာထားပါ။ ငါးနဲ့ အာလူးရရင် (ရေခမ်းပြုတ်ရပါသည်။) ခရမ်းချဉ်သီးကို ပြုတ်ပါ။ ငါးကို အသားနွှင်၊ အာလူးကို ချေပါ။ ခရမ်းချဉ်သီး ပြုတ်တာ ပြဲသွားရင် သူ့ကိုလဲ ချေပါ။ ကြက်သွန်ဖြူထောင်းပါ။ ညက်လျှင် ကြက်သွန်ဖြူဆီချက် ချက်ပါ။ (ဆီထဲကို ကြက်သွန်ဖြူ ထောင်းထားတာ ထည့်ကြော်ပါဟု ဆိုလိုသည်၊ ရွှေဝါရောင်သန်းလာလျှင် အိုးပေါ်မှချ၊ ပန်းကန်ထဲ ပြောင်းထည့်ပါ။ သို့မဟုတ်က တူးလိမ့်မည်။) ပြီးလျှင် ကြက်သွန်ဖြူ ဆီချက်၊ မန်ကျည်းနှစ်နှင့် ကြက်သွန်မြိတ်၊ နံနံပင်မှအပ အားလုံးရောနယ်ပါ။ ပြီးလျှင် အနေတောင် အလုံးလေးတွေ လုံးထားပါ။ (ကြီးကြီးလုံးလဲ ဘာမှ မဖြစ်ပါ)

စားချင်စဖွယ်ပါပဲ
တည်ခင်းရာတွင် အလုံးကို ပန်းကန်ပြားထဲ ထည့်ပြားပြီး မန်ကျည်းနှစ်၊ ကြက်သွန်ဖြူ ဆီချက်ဖတ်၊ နံနံပင်၊ ကြက်သွန်မြိတ်ဖြူးပြီး ပြင်ပေးပါ။ ဂျူးမြစ် (အစိမ်း) နှင့် တွဲစားလျှင် အလွန်ကောင်းပါသည်။ ငရုတ်သီးကြိုက်သူများ ငရုတ်သီးဆီချက်နှင့်လဲ တွဲဖက်စားသုံးနိုင်ပါသည်။

Friday, May 9, 2008

ဝက်ခြေထောက်ဟင်းအေး ချက်နည်း


အပေါ်ကပုံက အမေရေးပို့လာတဲ့ စာလေးက ဖြတ်ထားတာပါ။ ၀က်ခြေထောက်ဟင်းအေး (ဟင်းတုံ) လို့ခေါ်တဲ့ တုံတုံတုံတုံနဲ့ ရှမ်းဟင်းလေးကို အားလပ်ရက်မှာ ချက်စားလိုသူများအတွက် တင်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ။
ဝက်ခြေထောက် (ရှေ့လက်) ၁ ချောင်း၊
ဝက်ကြွက်သားလုံးသား ၁ လုံး၊
ခရမ်းသီး (လတ်လတ်) ၁ လုံး၊
ခရမ်းချဉ်သီး (အရွယ်တော်) ၂ လုံး၊
ဆား အနည်းငယ်၊
ပဲငံပြာရည် (ကျဲ) အနည်းငယ်၊
ခရမ်းချဉ်သီးဆော့စ် အနည်းငယ်၊
ကြက်သွန်ဖြူ ၁ လုံး၊
ကြက်သွန်နီ ၂ လုံး၊
ဆီ အနည်းငယ်၊

ပထမဆုံး ၀က်ခြေထောက်နဲ့ ကြွက်သားလုံးသားကို ဆားပါလေရုံ၊ ပဲငံပြာရည် တဇွန်းနဲ့ ရေခမ်းပြုတ်ပါ။ နူးအိပျော့ပြဲသွားတဲ့အထိ ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်နေတုန်းမှာ ကြက်သွန်ဖြူအခွံခွာ ဓားပြားရိုက်ထားပါ။ ကြက်သွန်နီကိုလဲ အခွံခွာ၊ လှီး၊ ခရမ်းချဉ်သီးကိုလဲ လှီး၊ ခရမ်းသီးကို အခွံခွာ (မှားရိုက်တာမဟုတ်ပါ၊ ခရမ်းသီးကို အခွံခွာရပါမယ်) အတုံးသေးသေးလေးတွေ လှီးထားပါ။

ဝက်သားတွေပျော့ပြဲသွားပြီဆိုရင် အရိုးနွှင်ပြီး သေးသေးလေးတွေ လှီးပါ။ ဆီအိုးတည်၊ ဆီပူရင် ကြက်သွန်ဖြူ/နီကို ဆီသတ် (ဆီထဲထည့်ကြော်ဟု ဆိုလိုသည်)၊ အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီးလှီးထားတာ အိုးထဲထည့်ပါ။ ခဏမွှေပေးရင် ခရမ်းချဉ်သီး အရည်ပျော်သွားပါလိမ့်မယ်။ ဆားထည့်ပါ။ ခရမ်းချဉ်သီးဆော့စ်ကိုလဲ ထည့်ပါ။ ရေနဲနဲနဲ့ ခရမ်းသီးလှီးထားတာပါထည့်ပါ။ ခဏလောက်ထပ်ကြာရင် ခရမ်းသီးက ပျော့လာပါလိမ့်မယ်။ အဲဒီအချိန်မှာ လှီးထားတဲ့ ၀က်ခြေထောက်တွေနဲ့ ၀က်သားတွေ ထည့်မွှေပါ။ ရေနည်းနည်းထပ်ထည့်ပါ။ အိုးကို မီးအေးအေးနဲ့ (မီးသိပ်မပြင်းစေပဲနဲ့) ထားပြီး အဆက်မပြတ်မွှေပေးပါ။

တဖြည်းဖြည်းပျစ်လာတာကို ခံစားရပါလိမ့်မယ်။ အတော်အတန်ပျစ်လာပြီဆိုရင် အိုးကို မီးပေါ်ကချ။ အအေးခံပါ။ အေးပြီဆိုမှ ခွက်လေးတွေထဲကိုထည့်၊ ရေခဲသေတ္တာအောက်ထပ် (အပေါ်ထပ်မဟုတ်ပါ၊ အေးတဲ့ဒေသမှာဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်စရာမလိုပဲ ဒီအတိုင်း စားပွဲပေါ် တင်ထားလဲ ရပါတယ်။ ခဲပါတယ်။) ထဲကို ထည့်။ ၃ နာရီလောက်ကြာပြီဆိုရင် စားလို့ရပါပြီ။ (နံနံပင်လေးတွေ လှီးပြီး ကပ်စားရင်ပိုကောင်းပါတယ်။ ထမင်း သို့မဟုတ် ပေါင်မုန့်နဲ့ စားနိုင်ပါတယ်။) အောက်မှာ ချက်ပြီးသားပုံလေးပါ။