ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label အနုပညာ (ရသစာပေ). Show all posts
Showing posts with label အနုပညာ (ရသစာပေ). Show all posts

Thursday, January 28, 2010

Wednesday, November 11, 2009

ကန်စွန်းဥ (ဟက္ကူ)



မကြိုက်တတ်ပေမဲ့

မေမေပြုတ်တဲ့ ကန်စွန်းဥ

နည်းနည်းစားချင်တယ်။

Wednesday, May 6, 2009

ပညာရှင်များနှင့် သဘောသဘာဝ

အလုပ်အကိုင်နှင့် တွေးခေါ်ပုံ ဆက်စပ်ပုံအကြောင်း လေ့လာသည့် သုတေသနတစ်ခုတွင် ဖြစ်သည်။

လေ့လာသူ - ၂ x ၂ က ဘာရလဲ။

အင်ဂျင်နုယဉ် (Slide Rule ကို ထုတ်ကာ အတန်ကြာ တွက်ချက်ပြီးနောက်) - ၃.၉၉။

ရူပဗေဒ ပညာရှင် (သူ၏ ကိုးကားစာအုပ်များကို မှီငြမ်းကာ ပုစ္ဆာကို ကွန်ပျူတာသုံးတွက်ချက်ပြီးနောက်) - ၃.၉၈ နဲ့ ၄.၀၂ ကြားထဲမှာပဲ၊ သေချာတယ်။

သင်္ချာပညာရှင် (ခဏမျှ စဉ်းစားပြီးနောက်) - အဖြေတော့ မသိသေးဘူးဗျာ။ ဒါပေမဲ့ အဖြေရှိတာတော့ သေချာတယ်။

တွေးခေါ်ပညာရှင် (ပြုံး၍) - နေပါဦး၊ ၂ x ၂ ဆိုတာ ဘာကို ဆိုလိုတာလဲ။

ဒဿနပညာရှင် - ၂ ရယ် x ရယ်ကို ကျေးဇူးပြုပြီး တိတိကျကျ သတ်မှတ်စမ်းပါဗျာ။

လူမှုရေးပညာရှင် - ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ခင်ဗျားနဲ့ စကားပြောရတာ ကောင်းသားပဲ။

စာရင်းကိုင် (ဘေးမှ ပညာရှင်များကို တချက်အကဲခတ်ပြီး လေသံတိုးတိုးဖြင့်) - ရှင်က ဘယ်လောက် ဖြစ်စေချင်လို့လဲ။

ဆေးပညာရှင် (ဆရာဝန်) - ၄ ကွ။

လေ့လာသူ - ခင်ဗျား ဘယ်လိုသိသလဲ။

ဆေးပညာရှင် (ဆရာဝန်) - ငါအလွတ်ကျက်ထားတာကွ။

လေ့လာသူ - ကဲ အင်ဂျင်နုယဉ်ရယ်၊ ရူပဗေဒသမားရယ်၊ သင်္ချာဆရာရယ်ကိုပဲ တခုထပ်မေးပါရစေ၊ ပိုင်ဟာ ဘယ်လောက်လဲဗျ။

အင်ဂျင်နုယဉ် - ၂၂/၇ လောက် ရှိတယ်။
ရူပဗေဒ ပညာရှင် - ၃.၁၄၁၅၉
သင်္ချာပညာရှင် - ပိုင် ညီမျှခြင်း (ခဏမျှနား၊ အားလုံးသူ့ကို ၀ိုင်းကြည့်) ပိုင်။

ဆေးပညာရှင် (ဆရာဝန်) ကတွေး - ငပေါတွေ၊ ပိုင်တခုကို ၆၀၀ ကျပ်။ ကော်ဖီဆိုင်မှာ ၀ယ်စား၊ ဗိုက်ပြည့်တယ်။ တယောက်မှလဲ မမှန်ကြဘူး။

အင်တာနက်မှ ဟာသများကို ပေါင်းစပ် တင်ပြပါသည်။

အထက်ပါဟာသကို နားလည်နိုင်ရန်အတွက် ဗဟုသုတများ။

Slide Rule သည် ခေတ်ပေါ် သိပ္ပံ ဂဏန်းတွက်စက် အလား တွက်ချက်နိုင်သော တွက်ချက်ရေး ကိရိယာတစ်ခု ဖြစ်သည်။ သို့သော် အနည်းငယ်မျှ မတိကျ။ ကိုင်တွယ်သူ၏ ကျွမ်းကျင်မှုပေါ်မူတည်ပြီး အနည်းငယ် အမှားအယွင်းရှိနိုင်သည်။ အလွန်ရှုပ်ထွေးသော ပုစ္ဆာများတွင် ၄င်းအမှားအယွင်းသည် အရေးမပါလှသဖြင့် ရှေးက အင်ဂျင်နုယဉ်တိုင်းလိုလို၏ လက်စွဲဖြစ်သည်။

ရူပဗေဒ စမ်းသပ်ချက်များသည် အကြောင်းကြောင်းကြောင့် မတိကျလှ။ Range ဖြင့်သာ အဖြေထွက်လေ့ ရှိသည်။ တွက်ချက်ရာတွင် သူတို့သည် ကွန်ပျူတာ အကူအညီကို ရှေး (၁၉၄၀ ပြည့်နှစ်လွန်များကတည်းက) ရရှိခဲ့သဖြင့် ကွန်ပျူတာအပေါ် မှီခိုလွန်းအားကြီးကာ သူတို့၏ ပိုင်တန်ဖိုးသည်လဲ ကွန်ပျူတာထဲ ထည့်ရလွယ်သော ဂဏန်းသာ ဖြစ်နေတတ်သည်။

သင်္ချာပညာရှင်များသည် အဖြေရှိတာ သေချာလျှင် ဆက်မတွက်ချင်တော့။ တွက်နည်းကို ရှာခြင်းသာ သူတို့အလုပ်ဖြစ်သည်။ တွက်ခြင်းသည် သူတို့အလုပ်မဟုတ်ဟု ခံယူသည်။ ပိုင်ကို တသက်လုံး ပိုင် သင်္ကေတနှင့် ရေးသား တွက်ချက်သဖြင့် ပိုင်၏ တန်ဖိုးကိုတောင် မသိတော့။ (အတင်းမေးလျှင် စက်ဝန်းကို အချင်းနဲ့ စားထားတဲ့ တန်ဖိုးဟုတော့ ဖြေကောင်း ဖြေနိုင်သည်။ ဒါတောင် ဂျီသြမေထရီ ပညာရှင်မှ ... )

တွေးခေါ်ပညာရှင်နှင့် ဒဿနပညာရှင်သည် တူမလိုလိုနှင့် မတူကြ။ တွေးခေါ်ပညာရှင် (Philosopher) က လူတစ်ယောက် ဘာကို ဘယ်လိုမြင်သလဲကို အဓိကထားပြီး ဒဿနပညာရှင် (Logician) ကမူ အခြေခိုင်သော အချက်အလက်များပေါ် ထပ်ဆင့် ထပ်ဆင့် တွေးခေါ် တည်ဆောက်ရသည်ကို အဓိကထားသည်။

လူမှုရေးပညာရှင်မှာ တသက်လုံး နှစ်သိမ့်ဆွေးနွေးနေရသဖြင့် နားပဲ ထောင်နေချင်တော့သည်(ဟု လူအများ မြင်ကြသည်)။

စာရင်းကိုင်မှာ အထက်လူကြီး အကြိုက် စာရင်းလိမ် စာရင်းပိန် အင်မတန် လုပ်တတ်သည်(ဟု လူအများ မြင်ကြသည်)။

ဆရာဝန်များမှာ သင်္ချာနှင့် မနီးစပ်၊ အားလုံးကို အလွတ်ကျက်၍ စာမေးပွဲ အောင်တတ်လေသည်(ဟု လူအများ မြင်ကြသည်)။


အားလုံးပဲ လွန်တာရှိရင် ၀န္ဒာမိပါ။

Sunday, March 29, 2009

ရေနည်းငါးတို့ရဲ့ ရင်ဖွင့်သံ

ဟောက်ရင် ကြောက်တယ်၊ ကြောက်(တတ်)ရင် ဟောက်မယ်။
ဒါကြောင့် ငါ ...
ဟောက်မလား ၊ ခြောက်မလား။

ရပိုင်ခွင့်ကိုနားလည်၊
တာဝန်ကိုကျေလဲ၊
ရမပိုင်၊ ၀န်မကျေသည့်အလား
အော်ငေါက်ကာ မောင်းထုတ်။

နောက်ဆုံးတော့ ...
သူတို့နဲ့ အဆက်ဖြတ်၊
အခြားသူနဲ့ ဆက်ခဲ့ရပြီ၊
ရေနည်းငါးပမာပါလား။

Sunday, June 8, 2008

ကျွန်တော့်ရဲ့ ချစ်သည်းလွှာ

ကျွန်တော် အထက်တန်းအောင်ပြီးတော့ ကျွန်တော့်ရဲ့ ချစ်ဦးသူ ကျောင်းသွားဖော် မမနဲ့ ခဏဝေးသွားတယ်။ နိုင်ငံရပ်ခြားမှာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုသွားဖို့ မြန်မာ ကွန်ပျူတာ ပညာရှင်များအသင်းက ကျွန်တော်နဲ့ သူငယ်ချင်းတချို့ကို လေ့ကျင့်ပေးတဲ့ သင်တန်းမှာ ကျွန်တော့်ရဲ့ ချစ်သည်းလွှာလေး သူမကိုစတွေ့တယ်။ သူမဟာ မမထက် အများကြီး ငယ်ပေမဲ့ ကျွန်တော့်ထက်တော့ အသက်ကြီးလို့ ကျွန်တော်က ‘မ’လို့ပဲ ခေါ်ပါတယ်။

‘မ’ဟာ မမနဲ့ ဆွေနီးမျိုးစပ်တော်တာမို့ မမလိုပဲ အရမ်းကို ချောမောလှပတဲ့ မိန်းမပျိုကလေး ဖြစ်ပါတယ်။ မမလို အချိုးအဆစ် ပြေပြစ်တဲ့ ကောက်ကြောင်းတွေ မရှိပေမဲ့ ချစ်စရာကောင်းလောက်အောင် ပြုံးတတ်တဲ့အပြင် မမလိုပဲ သိမ်မွေ့နက်ရှိုင်းပြီး နားလည်ရခက်တဲ့ အသည်းနှလုံးကိုလဲ ပိုင်ဆိုင်ထားသူ ဖြစ်ပြန်ပါသေးတယ်။

‘မ’ကိုစတွေ့တဲ့နေ့ကို ကျွန်တော်အခုထိ မမေ့သေးဘူး။ ‘မ’ကို ကျွန်တော်က ဟဲလိုလို့ နှုတ်ဆက်တော့ အရှက်ကြီးဟန်တူတဲ့ ‘မ’က ချက်ချင်းမပြောပဲ ကွေ့ပတ်နေပါသေးတယ်။ သုံးခါလောက် တောင်းပန်တိုးလျိုးပြီးမှ ‘မ’က ကျွန်တော့်ကို ဟဲလို လို့ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ချစ်ဦးသူမမကို ကျွန်တော် ခဏမေ့သွားပြီး ရင်တွေခုန်လာပါတယ်။ အဲဒီအချိန်ကစလို့ ‘မ’ဟာ ကျွန်တော့်ရဲ့ ဘ၀ဖြစ်လာပြီး သူမရဲ့ စွဲမက်ဖွယ် အလှအပတွေနဲ့ ကျွန်တော့်ကို သူမအနားက မခွဲမခွာချင်အောင် ဆွဲဆောင်ထားပါတော့တယ်။ ထူးဆန်းတာက သူမနဲ့ အလုပ်လုပ်နေရရင်၊ သူမနဲ့ ပတ်သက်တာတွေကို သိအောင် လုပ်နေရရင် ကျွန်တော့်မှာ မမောနိုင် မပန်းနိုင်၊ ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ အဲဒီလို သူမနဲ့ အနေနီးလေလေ၊ လူတကာမသိတဲ့ သူမရဲ့ လျို့ဝှက်ချက်တွေ၊ အမူအကျင့်တွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သိလာလေလေ၊ သူမကို ပိုချစ်၊ ပိုပြီး စုံမက် မြတ်နိုးလာလေလေပါပဲ။

မမလောက် မဟုတ်ပေမဲ့လဲ ‘မ’ဟာလဲ နယ်ပယ်အတော်များများမှာ ၀င်ဆန့်သူကလေး တစ်ဦးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ် စီးပွားရေးနဲ့ လူမှုရေး နယ်ပယ်တွေမှာ ကျွန်တော့်ရဲ့ ‘မ’ဟာ အလွန်ပဲ အရေးပါ အရာရောက်သူ ဖြစ်ပါတယ်။ ဆေးဘက်ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေမှာလဲ မမနဲ့အတူ ၀ိုင်းဝန်း ကူညီတတ်သလို ရှုပ်ထွေးတဲ့ စာရင်းဇယားတွေနဲ့ ပတ်သက်လာရင်လဲ ကျွမ်းကျင်ပါတယ်။ ကွန်ပျူတာကို ခိုင်းစေရမဲ့ အလုပ်တွေ အားလုံးအတွက် ‘မ’ရဲ့ အကူအညီ လိုအပ်တယ်ဆိုရင် ကျွန်တော်ပြောတာ လွန်မယ် မထင်ပါဘူး။

စိတ်ကောက်တတ်တာတော့ မမတို့ အမျိုးတွေရဲ့ မွေးရာပါ ဗီဇမို့လို့ ‘မ’ဟာလဲ စိတ်ကောက်တတ်သူ တစ်ယောက်ပေါ့။ စိတ်နှလုံး နူးညံ့တယ်ဆိုပေမဲ့ သူမနဲ့ အလုပ်လုပ်ရာမှာ သတိလက်လွတ် ပေါ့ပေါ့ဆဆများ လုပ်ခဲ့မိရင် တညလုံး အိပ်မရအောင် ကဂျီကဂျောင် လုပ်ရာမှာ မမထက် မညံ့ပါဘူး။ ပေါ့ဆတဲ့လူကို အပြစ်ပေးရာမှာလဲ တစ်ညမက၊ နှစ်ညမက၊ ညစဉ်ရက်ဆက် မျက်တွင်းဟောက်ပက်ဖြစ်လောက်အောင် ရက်စက်လွန်းတာကတော့ မမထက်တောင် သာသွားပါသေးတယ်။ ဒါပေမဲ့လဲ သူမရဲ့ ချစ်စဖွယ် အပြုံးနဲ့ ခွင့်လွှတ်မှုရဲ့ နောက်ဆက်တွဲ တပ်မက်ဖွယ် အနမ်းများကြောင့် သူမအပေါ် ကျွန်တော် ကြာရှည်လေးမြင့် စိတ်မဆိုးနိုင်ပါဘူး။

‘မ’ဟာ ဘာသာစကားမျိုးစုံကို တတ်မြောက်ပြီး နယ်ပယ်အသီးသီးက ပညာရှင်အသီးသီးနဲ့ လိုက်ဖက်ညီမဲ့ ဘာသာစကားကိုလဲ ပြောပါတယ်။ သူမဟာ အပိုသိပ်မပြောပဲ လုပ်ငန်းဆောင်တာ အစီအစဉ်နဲ့ ပတ်သက်တာကိုပဲ တုံးတိတိ ပြောတတ်ပါတယ်။ အဲဒီလို တုံးတိတိ ပြောတတ်လို့ ‘မ’ပြောတဲ့ စကားတွေကို နားလည်ဖို့ခဲယဉ်းတဲ့အတွက်ကြောင့် ‘မ’နဲ့ တွဲဖက်အလုပ်လုပ်သူတွေက မှတ်ချက်တွေ ထည့်ထည့်ပြောပေးရလေ့ ရှိပါတယ်။ အခုနောက်ပိုင်းတော့ ‘မ’ဟာ သူပြောတာကို သာမာန်လူတွေ ပိုနားလည်ရလွယ်ကူအောင် ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး ပြောတာ များလာပါတယ်။

ကြားမိတာကတော့ ဒေါ်နယ်လ်နပ် ဆိုတဲ့လူက ‘မ’ရဲ့အကြောင်းကို အတွဲ ၇ တွဲပါ စာအုပ်ရေးသားဖို့ ကြံစည်ထားပါသတဲ့ (အခုတော့ ၅ တွဲပဲ ရေးပြီးသေးတယ်ဆိုပဲ)။ အားတဲ့တစ်နေ့မှ အဲဒီစာအုပ်တွေ ကျွန်တော် ရှာဖတ်ရဦးမယ်။ မနက်ဖြန်မနက်ကျရင်တော့ ‘မ’နဲ့ အတူတူ မနက်စာ စားရမှာမို့ စောစောအိပ်ပါတော့မယ်ဗျို့။

Thursday, May 29, 2008

လေ(လျှော)တတ်လို့ ရော(ပေး) ရပါသည် (သေခြင်း၏ နောက်ဆက်တွဲ)။

ဝင်ကစွပ်အမည်ခံ ပုဂ္ဂိုလ်တစ်ဦးက သေခြင်း ကိုဖတ်အပြီးမှာ အောက်ပါ parody ကိုရေးပို့လာတဲ့အတွက် ဖော်ပြလိုက်ရပါတယ်။ (နောင်များမှာလဲ အခြားသူများက ပေးပို့သော စာများကို လောရှည် - ကတဲ့ပွဲ ၏ မူများနှင့် တိုက်ဆိုင် စစ်ဆေးပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီလိုစာများနှင့် ပတ်သက်သော အရှုပ်အထွေးများတွင် ရေးသားပေးပို့သူကသာ တာဝန်ယူရမည်ဖြစ်ပြီး လောရှည် - ကတဲ့ပွဲ တွင် တစုံတရာ တာဝန်မရှိစေရ။)

ကိုလောရှည်လိုတော့
Princeton ရဲ့လေညှင်းခံဖို့ကို
တွေးမိဘို့နေနေသာသာ
အ၊ထုံ၊ပါရမီကများတော့
Princeton ဘယ်နေမှန်းမသိသူတစ်ယောက်ပါ။

လေပြင်းဒါဏ် အဖျားခတ်ခံခဲ့ရသော လှိုင်သာယာ၏ မုန်တိုင်းမဝင်မီ ရက် ၄၀၀ ကျော်က လေညှင်းလေသင်းများကိုတော့ ရှူခဲ့၊ ခံစားခဲ့ဘူးပါတယ်။

တစ်ခုသောခန်းမများရဲ့ အဝင်ဝမှာ ....
ပညာရှင်တွေလဲပါကောင်းရဲ့၊
ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေလဲ ပါကောင်းရဲ့၊
"ဆန်ဈေးတက်တာ ဒို့အလုပ်လား၊
ဒို့မှာ မနက်စာအတွက် ပေါင်မုန့်ကိုတောင်မှ မနည်းနပ်မှန်အောင်
Singapore ကနေ မှာစားနေရတာ၊
ဒါတောင် တလောက မုန်တိုင်းကြောင့်
လေယာဉ် မဆင်းနိုင်လို့ ပြတ်သွားတဲ့ခဏ
Singaporre ပေါင်မုန့်နဲ့ကြီးလာတဲ့ မြေးမကို
Europe က မှာထားတဲ့ Cheese Cookie နဲ့
မနည်းချော့ပြီး ကျွေးလိုက်ရတယ်"လို့ ပြောလေ့ရှိသူတွေလဲပါကောင်းရဲ့၊
မနက် အလုပ်သွားခါနီး၊ လမ်းစရိတ်မရှိလို့ ထမင်းချိုင့်ကို မိဘမေတ္တာမှာခဏထား၊
ရလာတဲ့ ပေါ့ပေါ့ပါးပါးလေးထဲက ဆန်ဝယ်ဖို့ရယ်လို့ချန်၊
တစ်ကြောင်းစာ စရိတ်နဲ့ အိတ်စုတ်ကို လွယ်ပြီး အထွက်မှာ
ညနေကျရင် သဇင်မင်းက ခေါက်ဆွဲကြော်ဝယ်လာခဲ့မယ်၊
ထမင်းသာချက်ထား၊ စားပြီး ၉နာရီခွဲကျရင်
မနေ့က ဒွေးကား ဇာတ်သိမ်းပိုင်းကို သီဟတို့ရုံမှာ သွားကြည့်ရအောင်လို့ပြောပြီး
အလုပ်ကို ရနိုင်ဖို့ တပ်ထိပ်က စုရပ်ဆီသို့ ကားကျပ်ကျပ်ကို တွယ်စီးသွားတတ်သူနဲ့
သူ့အိမ်သူအိမ်သားများလဲ ပါကောင်းရဲ့၊
ထိုထိုလူများ ဆိုင်ရာခန်းမ အသီးသီးရှေ့မှာ၊ အထဲမှာ၊
လည်တဆန့်ဆန့်နဲ့ မျှော်နေတတ်တာက ....

မျှော်ရင်းတန်းလန်း အဝင်ဝကိုကြည့်ကာ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ငြင်းတတ်ကြပါသေးသည်။
တချို့ကလည်း ကိုယ်နှင့်မဆိုင်ပါဘဲ၊ တချို့ကလည်း နှစ်မူးတစ်ပဲလောက်ဆိုင်ကာ၊ တချို့ကျလည်း လုံးလုံးဆိုင်၍
တိုးတိုးကြိတ်ကြိတ် တမျိုး၊ ဖွာလောင်ဖွာလောင်တဖုံ၊ စဉ်းစားတွေးနေ ပြောနေတတ်ကြတာကတော့
“ဒီကပြန်ရင်ဆက်ရှင်းရဦးမယ်၊ ပြဿနာတွေကို၊….. “

တစ်ချို့ကလည်းသိနေလို့၊ တစ်ချို့ကြလည်းရမ်းသမ်း၍၊ တစ်ချို့ကလည်းဘာမှ မသိ၊ မထင်၊ မတွေးထား သော်လည်း၊ ခေါင်းတညိတ်ညိတ်နှင့်ပေါ့။
ခဏကြာတော့လာပြီ၊ လာပြီ၊ ကြည့်ကြ၊ ကြည့်ကြ၊
မဆိုင်တဲ့သူတွေ ဘေးဖယ်ပါဆိုတာလဲပါရဲ့၊ (မဆိုင်မှဖြင့်ရောက်တောင်မလာဘူး ဟုတ္မေးမိပါသေးသည်။)
ကန်တော့ကြ၊ ကန်တော့ကြ၊ ဆိုတဲ့အသံနဲ့အတူ
ပြင်းထန်စွာ ငိုရှိုက်သံ
ရင်ဘတ်ထုသံ
ကြမ်းပြင်ပေါ်မှာလူးလှိမ့်သံ
နှပ်ညှစ်သံ
တက်သွားပြီ
လုပ်ကြပါဦး
ရှူဆေးပေး
ဟဲ့ဟဲ့ခြေထောက်တွေကိုဆန့်ပေးပါဟဲ့
ယပ်ခတ်ပေးကြပါဦး
ဝိုင်းအုံမနေကြပါနဲ့ လေရအောင်
တင်းမထားနဲ့လေ
လုပ်ချလိုက် အားပါးတရ
ဒါနောက်ဆုံးပဲ
စိတ်လျော့မှပေါ့ကွယ်
ကျန်တဲ့သူတွေအတွက်အားတင်းထားမှပေါ့
ကြေးစည်သံနဲ့အတူ
ဖိနပ်သံများနှင့်အတူ
ယခင်က ဖော်ပြခဲ့သော အသံများ၊
မဖော်ပြခဲ့သော အသံများ၊
လဲပြိုသံများ
တွဲခေါ်သံများ……..
လောကထဲကို ဝင်လာတုန်းက လူသုံးယောက်ထက်မနည်း ရှိသည့်အခန်းငယ်အတွင်း ဆူညံမှုကိုလုပ်ခဲ့သူဟု အမှတ်အတေးထားကာ
နားရှိပါလျက် မကြားနိုင်တဲ့ဘဝမှာ တောင် နောက်ဆုံးကြိမ်ပဲ ဆိုပြီး လက်စားချေတာလား လောရယ်။
မှားသွားလို့ပါ။
လောက ရယ်။

ဝင်ကစွပ်

Sunday, April 13, 2008

သေခြင်း

လူတော်တော်များများက သေတာကို မေ့နေကြတယ် ။ ကိုယ့်ဘေးက ကိုယ့်သူငယ်ချင်း ဆွေမျိုးသားချင်းတွေ ကြွေလွင့်သွားရင်တောင်မှ အသုဘ လိုက်ပို့ရင်တောင်မှ သေတာနဲ့ ကိုယ်နဲ့မဆိုင်သလို ၊ လားလားမှ မအပ်စပ်သလို လိုက်ပို့ကြတယ် ။ သြော် အပြန်လမ်းမှာတောင် တချို့ တဟီးဟီး၊ တဟားဟား လုပ်တတ်ကြသေးရဲ့ ။

ထူးမြတ်က tag လိုက်လို့ ဒီပိုစ့်ကို ရေးဖြစ်တာ ဆိုပေမဲ့ သေသေချာချာ ရေးပါမယ်လို့ စဉ်းစားထားတယ် ။ ဒီနေ့တော့ နည်းနည်း စိတ်ပါနေလို့ ရေးဖြစ်ပါတယ် ။ ဒါပေမဲ့ ဘယ်လို သေရမယ် စိတ်ကူးယဉ်ကြည့်လို့ မရသေးဘူး ။ ငယ်ငယ်တုန်းကတော့ သူဌေးကြီးဖြစ်ချင်တာနဲ့ ၊ အင်ဂျင်နီယာကြီးဖြစ်ပြီး ဘယ်လို ယာဉ်ကြီးကို တီထွင်တာနဲ့ ၊ သိပ္ပံပညာရှင်ကြီးဖြစ်ပြီး ဓာတ်ခွဲခန်းထဲမှာ ဘယ်လို စမ်းချင်တာနဲ့ စိတ်ရှိတိုင်း စိတ်ကူးယဉ်ပေမဲ့ သေတာကို တခါမှ စိတ်ကူးမယဉ်ဖူးဘူး ။

တွေ့ဖူးတဲ့ ရုပ်ရှင်ထဲက သေတဲ့ ပုံစံတွေ စဉ်းစားကြည့်မိတယ် ။ A Walk to Remember ထဲမှာက မင်းသမီးက သူချစ်တဲ့ မင်းသားနဲ့ အတူအဖော်လုပ်ရင်း အသက်ထွက်သွားတယ် ။ Independent Day ထဲမှာ ဇိုးသမားတစ်ယောက်က သူ့မိန်းမနဲ့ ကလေးတွေ ဓာတ်ပုံကို ကြည့်ရင်း ပုဂံပြားပျံကို ဖင်ဝင်ဆောင့် ... အဲ အဲ ... ပုဂံပြားပျံထဲက Energy Source ကို လေယာဉ်ပျံနဲ့ ထိုးဝင်ဖောက်ခွဲပစ်လိုက်တယ် ။ I, Robot ထဲမှာ ဥာဏ်ရည်တုဆိုင်ရာ သိပ္ပံပညာရှင်ကြီးက တိုက်ပေါ်က ခုန်ချပြီး အရေးတကြီး ကိစ္စတစ်ရပ်ပေါ်နေပြီဖြစ်ကြောင်း မင်းသားကို အသိပေးလိုက်တယ် ။ The Day after Tomorrow ထဲမှာ ၊ Vertical Limit ထဲမှာ သရုပ်ဆောင်တွေ သူငယ်ချင်း တောင်တက်ဖော်တွေအတွက် ကိုယ့်ကြိုးကိုယ် ဖြတ်ချကြတယ် ။ စာရေးသူကရော ဘယ်လို သေမှာလဲ ။

စိတ်ကူးယဉ်တာပဲဟာ ၊ ဖြစ်ချင်တာဖြစ် စိတ်ကူးပစ်လိုက်မယ်ဗျာ ။ ကဲ ကဲ ... စ ပါ ပြီ ။

Princeton ရဲ့ နွေဦးမနက်ခင်း ... ရာသီဥတုက အရမ်းကို သာယာတယ် ။ ကိုလိုနီခေတ်ပုံစံ သိပ်မဆန်တဲ့ ၁၉ ရာစုကတည်းက ဆောက်ထားတဲ့ အိမ်အိုကလေးက ဆေးသုတ်မှန်မှန်သုတ်ပေးတာကြောင့် အရောင်က လွင်နေတုန်းပဲ ။ အိပ်ရေးပျက်နေတဲ့ မျက်နှာနဲ့ အရပ်ရှည်ရှည် အဘိုးကြီးတစ်ယောက် အိမ်ထဲက စာရွက်တွေနဲ့ ချောင်းတဟွပ်ဟွပ်ဆိုးရင်း ပြေးထွက်လာတယ် ။ ကားနားကိုရောက်မှ ပြန်သတိရပြီး အိမ်ဘက်ကိုပြန်ပြေး စာရွက်တစ်ရွက် ပြန်ယူတယ် ။ ပြန်အထွက်မှာ သူနဲ့ ရွယ်တူလောက်ရှိတဲ့ အဘွားကြီးတစ်ယောက်ကိုလဲ အနမ်းလေး ပေးခဲ့သေးတယ် ။

ကားစက်နှိုးတော့ ကားက လွယ်လွယ်ပဲ နှိုးသွားတယ် ။ ဆောင်းတွင်းဆိုရင်တော့ နှိုးရခက်ပေမဲ့ အခုတော့ ဆောင်းကုန်ပြီလေ ။ ငှက်ကလေး ၂ ကောင်၊ ၃ ကောင်လဲ ကားစက်ဖုံးပေါ် နားနေရာကနေ လန့်ပြီးပျံပြေးသွားတယ် ။ ချောင်းဆိုးပြန်တယ် ။ အင်း ... ညကျရင် ဆေးသောက်ပြီးမှ အိပ်ရမယ်လို့ စိတ်ကူးရင်း ကားကို မောင်းထွက်လိုက်တယ် ။

Princeton တက္ကသိုလ်ရဲ့ တစ်ခုသော ခန်းမမှာ သင်္ချာပညာရှင်တွေ (အသုံးချ၊ အင်ဂျင်နီယာဆိုင်ရာ၊ သီဝရီဆိုင်ရာ) နဲ့ ကွန်ပျူတာ သိပ္ပံ ပညာရှင်တွေ (အချက်အလက်အခြေ ၊ ဘာသာစကား ၊ တွက်ချက်ခြင်းဆိုင်ရာ သီဝရီ ၊ Algorithm ၊ ဥာဏ်ရည်တု ... အို ... အစုံပဲ) လည်ပင်းတဆန့်ဆန့် ၊ ခေါင်းတမော့မော့နဲ့ အမျှော်ကြီး မျှော်နေကြတယ် ။ သူတို့အချင်းချင်းလဲ ဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး ငြင်းခုန်နေကြသေးတယ် ။ တချို့ကတော့ ဒီနေ့ ဟောပြောပွဲက ပြန်သွားရင် ဆက်ရှင်းရမဲ့ ၊ ဆက်လုပ်ရမဲ့ ပြဿနာတွေကို တိုးတိုးတိတ်တိတ် စဉ်းစားနေကြတယ် ။

ခဏအကြာမှာ သူတို့ နည်းနည်း လှုပ်လှုပ်ရွရွ ဖြစ်သွားတယ် ။ တချို့က ထိုင်နေရာကနေ ထကြည့်ကြတယ် ။ ထကြည့်သူတချို့ကလဲ အယောင်ယောင်အမှားမှားနဲ့ တံခါးပေါက်ဝဖက်ကို လျှောက်သွားကြတယ် ။ တချို့ကတော့ ထိုင်နေရာကပဲ လှည့်ကြည့်ကြတယ် ။ တချို့ကတော့ အေးအေးဆေးဆေးပါပဲ ... Clay Mathematical Institute က တာဝန်ရှိပုဂ္ဂိုလ်တွေ ရောက်လာတာလေ လို့လဲ ပြောသံကြားလိုက်ရတယ် ။

အရပ်ရှည်ရှည်နဲ့လူက ကားမောင်းလာတာမှာ တလမ်းလုံး ချောင်းတွေဆိုးလာတယ် ။ နောက်တော့ ချောင်းဆိုးရုံတင်မကဘူး ရင်ဘတ်ထဲကပါ အောင့်လာတယ် ။ ဒါပေမဲ့ သူ့ကို တလောကလုံးက မျှော်လင့်နေကြသလိုပဲ ကားကို မရပ်မနား မောင်းလာတယ် ။ ဒီနေ့မှ ရာသီဥတုကလဲ သာယာလိုက်တာ ။ ညနေကျရင် လျှောက်လည်မှပဲလို့ သူတွေးလိုက်သေးတယ် ။ အတွေးမဆုံးခင်မှာပဲ ရင်ဘတ်က အောင့်လာပြန်တယ် ။ မနေ့ညက ညနက်လို့ ဖြစ်မယ် ။ အသက်လဲ ကြီးပြီ ... ဒီနေ့ပြီးရင် အငြိမ်းစားယူတော့မှပဲလို့လဲ တွေးမိသေးတယ် ။ အမှန်ဆို သူအငြိမ်းစားယူသင့်တာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကတည်းက ။

တက္ကသိုလ်ဝင်းထဲရောက်တော့ ခေါင်းက မိုက်ကနဲ ဖြစ်သွားတယ် ။ ဒါပေမဲ့ ကိစ္စမရှိလောက်ပါဘူးဆိုပြီး စာရွက်တွေယူပြီး ခန်းမဆီကို သုတ်သုတ်လျှောက်တယ် ။ လျှောက်ရင်းမောလာတော့ ရင်ဘတ်က ပိုအောင့်လာသလိုပဲ ။ အဲဒါနဲ့ ခဏနားတယ် ။ ဒါလဲ မသက်သာဘူး ။ သူမေ့လဲသွားတယ် ။

တခန်းမလုံးလဲ ဆူညံနေပြီ ။ ဖြီးတာပါကွာဆိုတဲ့ အသံကို ခပ်ငယ်ငယ် ခပ်စွာစွာ ဘွဲ့လွန်ကျောင်းသား တစ်ယောက်ဆီက စကြားရတယ် ။ မဖြစ်နိုင်ပါဘူးဆိုတဲ့ အသံတွေ ပိုဆူညံလာတယ် ။ မစောင့်နိုင်သူတချို့ ခန်းမကို စွန့်ခွာစ ပြုပြီ ။ စောစောက ရုပ်ရုပ်သဲသဲ ကြားထဲက ရောက်လာတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေလဲ နာရီကို ကြည့်ကုန်ကြပြီ ။ တချို့ ကျောင်းသား ကျောင်းသူတချို့က အပြင်ထွက်ပြီး မျှော်တယ် ။ ခန်းမထဲမှာ လူတွေ တဖြည်းဖြည်း လျော့လာတယ် ။ အဲဒီမှာ ...

လူတစ်ယောက် ပြေးဝင်လာတယ် ။ စိတ်အားထက်သန်စွာနဲ့ ထကြည့်ကြတဲ့ လူတချို့ရဲ့ မျက်နှာမှာ စိတ်ပျက်အားလျော့ခြင်း အရောင်တွေ လွှားကနဲ ပြေးသွားတယ် ။ ပြေးလာသူကပြောတယ် ပါမောက္ခကို နှလုံးရောဂါနဲ့ Princeton ဆေးရုံကို တင်ပို့လိုက်ရလို့ ဒီနေ့ ဟောပြောပွဲ ဖျက်လိုက်ကြောင်း ပြောတယ် ။ သူ့မျက်နှာမှာလဲ ချွေးသီးချွေးပေါက်တွေနဲ့ ။ ဘယ်မှာလဲ ၊ ဘယ်လို ဖြစ်တာလဲ စတဲ့ ဘကုန်းမေးခွန်းတွေ ပြောင်းဆန်သွားတယ် ။ နောက်ဆုံးကျတော့ သူလဲကျသွားတယ်ဆိုတဲ့ နေရာကို အမောတကော ပြေးကြတယ် ။

ပြေးပေမဲ့လဲ နောက်ကျသွားပြီ ။ မြက်ခင်းကို ရေဖြန်းတဲ့ ရေပန်းတန်ခိုးနဲ့ ရေစိုနေတဲ့ စာရွက်တွေကို အမှိုက်သိမ်းတဲ့ စည်ပင်ဝန်ထမ်းက တံမြက်စည်းလှည်းနေတယ် ။ ရေစိုနေတော့ စာရွက်တွေက ချက်ချင်းပါမလာဘူး ၊ တချို့လဲ စုတ်ပြဲကုန်တယ် ။ တချို့ကတော့ လေလွင့်ပြီး အနီးက ရေကန်ထဲကို ကျကုန်တယ် ။ ပြေးလာတဲ့ လူအုပ်ကို မြင်တော့ စည်ပင်ဝန်ထမ်းလန့်သွားတယ် ။ ဟိုလူအုပ်ကြီးကလဲ သူ့ကို လက်ညိုးထိုးပြီး အမျိုးစုံ အော်ဟစ်လာတာကိုး ။ လန့်သွားတော့ အမှိုက်တွေမသိမ်းလို့ ဆူတော့မယ်ထင်ပြီး မြန်မြန်လှဲတယ် ။ သူကလှဲလေ ၊ ဟိုလူအုပ်ကြီးက အော်လေ ။

နောက်ဆုံးတော့ ရေကန်ထဲကျသွားတဲ့ စာရွက်ပိုင်းတွေ ရသလောက်ကို လူအုပ်ကြီးထဲက ခပ်ငယ်ငယ် ဘွဲ့လွန်ကျောင်းသား တစ်ယောက်က ဆင်းဆယ်ပါတယ် ။ ကျောင်းသူတချို့ကလဲ အမှိုက်ပုံးထဲ နှိုက်ပြီးတော့ စာရွက်တွေ ပြန်ရလိုရငြား ကြိုးပမ်းကြတယ် ။ လေလွင့်နေတဲ့ စာရွက်တွေကို ခေါင်းပြောင်နေတဲ့ လူကြီးက လိုက်ဖမ်းနေတယ် ။ သူတို့အားလုံး ရတာတွေ စုကြည့်တော့လဲ ၃၊ ၄ ပိုင်းရယ် ။ အဆက်အစပ်က မရှိ ။ အားလုံးရဲ့ စိတ်ပျက် ၊ အားလျော့ ၊ ဒေါကန်နေတဲ့ မျက်နှာကိုကြည့်ပြီး စည်ပင်ဝန်ထမ်းရဲ့ မျက်နှာက ဇီးရွက်ပဲ ရှိတော့တယ် ။

ရလာတဲ့ စာရွက်တွေကို ဆက်ကြည့်တော့ စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာက ၃ ပိုင်းဖြစ်နေတယ် ။ ဘာများရေးထားမလဲလို့ သိချင်ကြတော့ လူကြီးတစ်ယောက်က ဖတ်ပြတယ် ။ ..... and that explains the last anomaly and prove P = NP problem. အားလုံးပဲ တယောက်မျက်နှာ တယောက်ကြည့်ကြပြန်တယ် ။ အဲဒီလူကြီးက ဆက်ဖတ်တယ် ။ Electronic copy of this paper is available at http://lawshay.blogspot.com တဲ့ ။ အားလုံးပဲ မျက်နှာတွေ ၀င်းသွားပြီးတော့ ရေစိုနေတဲ့ မြက်ခင်းပေါ်မှာတင်ထိုင်ပြီးတော့ သူတို့ရဲ့ လက်ဆွဲကွန်ပျူတာတွေကို ဖွင့်ကြတယ် ။ တချို့ကလဲ ကွန်ပျူတာခန်းမ ရှိရာကို ပြေးကြတယ် ။

နောက်တနေ့မနက်မှာ လောရှည်ကို Princeton ဆေးရုံက နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါပြီလို့ ကြေငြာပါတယ် ။ ၃၇ ရက်တိတိ ၀ိုင်းဝန်း စစ်ဆေးကြပြီးတဲ့နောက် Clay Mathematical Institute က လောရှည်ရဲ့ အမွေခံတွေကို ဒေါ်လာ တစ်သန်း ချီးမြှင့်ပါတယ် ။ နောက် ၆ လအကြာမှာ Google က http://lawshay.blogspot.com ကို လာရောက် ကြည့်ရှုသူ များပြားတဲ့အတွက် သီးသန့်ဆာဗာတလုံးကို ရွှေ့ပြောင်းလိုက်ပါတယ် ။ အဲဒီနှစ်အတွက် Alan Turing Award ကို အရှေ့တောင်အာရှက ပညာရှင်တစ်ယောက်က ပထမဆုံးအကြိမ် ဆွတ်ခူးရရှိပါတယ် ။

စိတ်ကူးက စိတ်ကူးပဲ ။ အခုအတိုင်းဆိုရင်တော့ ဆေးရုံမှာ ပိုက်တန်းလန်းနဲ့ သေဖို့ကတော့ အခွင့်အလန်း အများဆုံးပဲ ။ ဇနီးရယ် သားသမီးတွေရယ်၊ သားမက်တွေ ချွေးမတွေရယ် မြေးတွေရယ် တပြုံတပင် ၀ိုင်းရံနေ၊မနေကတော့ မသေချာဘူး ။ အိမ်ထောင်ကလဲ ကျဦးမှ ။ ကျတာတောင် သားသမီးတွေ ထွန်းကားဦးမှ ။ ထွန်းကားတာတောင် ကိုယ်သေတဲ့အချိန်မှာ သူတို့က အိမ်ထောင်ပြုကြဦးမှ ။ ပြုကြတာတောင် သားသမီးတွေ ထွန်းကားလာဦးမှ ။

ဒီပို့စ်ကို ဖတ်မိတဲ့လူတိုင်းကို ပြန် tag ပါတယ် ။ ရေးပေးကြပါ ။ ဘလော့ဂ်မရှိလဲ ဘလော့ဂ်တစ်ခု အသစ်ယူပြီး ရေးကြပါ ။ ဟုတ်ဘူးလား ။ ဆေးရုံမှာ အခန်းကပ်ရပ်လဲ ဖြစ်ချင်ဖြစ်နေမှာ ။

Tuesday, January 29, 2008

ကြယ်ငါးကောက်သူရဲ့ လွမ်းချင်း

သတ္တိမရှိဘူး၊ အမှန်တရားနဲ့ အရှိတရားကို မရင်ဆိုင်ဝံ့ဘူးပဲ ပြောချင်ပြော၊ ကိုယ်ကတော့ ကြယ်ငါးအားလုံးကို ကိုယ်တိုင် ကောက်ချင်တယ်။ အောက်မှာကတော့ ဒီနေ့ရေးတဲ့ ကဗျာ။

ကြယ်ငါးကောက်သူရဲ့ လွမ်းချင်း

ကမ်းခြေက ကြယ်ငါး
သေသွားမှာ စိုးရိမ်လို့
ငါကောက်ခဲ့ ...

မှန်းလေရဲ့ ရင်ထဲ
နေမြဲစေ ရှင်သန်ခွင့်
ငါပေးချင်ခဲ့ ...

လွမ်းနေပြီး ကျန်ခဲ့
ငါမမြင်တဲ့ ကြယ်ငါးက

လမ်းမမြင် ပင်လယ်ထဲ
ငါကယ်တဲ့ ကြယ်ငါးကို

စကားနာထိုးလိမ့်မလား ...
အို ... မကယ်နိုင်ရင် မမြင်လို။

Thursday, January 24, 2008

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ

ဒါလေးက ဟိုအစောက ကဗျာရေးအပြီး နောက်တရက် (၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်) မှာ အိမ်ရှင်လင်မယား ရန်ဖြစ်နေကြလို့ အနေကျုံ့ရပုံလေးပါ။

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ

၂၁ ရာစုရဲ့ အိမ်ခန်းအတွင်း …
လျှာနဲ့ သွားရဲ့ စစ်တလင်း …
ငါ့ခန္ဓာ ကျည်မထွင်းအောင် …
ဘယ်လိုများနေရပါ့။

နောက်ဆုံးမှာတော့ …
ပန်းခြံထဲမှာ (စိတ်လွတ်လက်လွတ်)
လမ်းလျှောက်နေရ ။

ဟိုဘက်ကမ်းက အိပ်မက်များ

အခုတလော ဘလော့ဂ်မှာ ခံ့ခံ့ထည်ထည်စာတွေ မတင်ဖြစ်ပါဘူးလို့ သူငယ်ချင်းတွေကို ပြောဖြစ်တယ်။ ကဗျာတွေ၊ စာတိုပေစတွေ၊ အိယောင်ဝါးတွေပဲ များနေပါတယ်ဆိုမှ အရင်တုန်းက ရေးခဲ့တဲ့ ကဗျာလေးတွေကို ညီမလေးတစ်ယောက်က ပြန်ပို့ပေးလာတယ်။ ဖတ်ကြည့်ကြနော်။ ဒီတစ်ခုက ၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်နေ့က ရေးထားတာ။ (စင်ကာပူကို ရောက်တာ ၁ လကျော်ကျော်လောက် ရှိတုန်းကပေါ့)

ဟိုဘက်ကမ်းက အိပ်မက်များ

ငါ့ဘ၀ရဲ့ အတိတ်က …
နောင်ရိုးမြစ် တဘက်ကမ်းမှာ ကျန်ခဲ့ပြီ ။
အနာဂါတ်ရောင်နီ လင်းပါရဲ့ …
(ဒါပေမဲ့) … ဘယ်ဘက်က လင်းတာလဲ ။
အလင်းရောင်နဲ့ ငါနဲ့ကြား Graph ဆွဲကြည့်ရင်
Hamilton မျဉ်းကွေးမှ ဟုတ်ပါ့မလား။

အလင်းရောင်ကို ငါမြင်ရ
သွားရမဲ့လမ်းကိုလဲ သိနေမှတော့
တရက်ရက်တော့ ရောက်ရမှာပေါ့။

Monday, January 21, 2008

အချစ် ဓာတ်ခွဲခန်း

မင့်ကဗျာတွေက သိပ်ကိုညံ့လွန်းအားကြီးတယ်။ စကားပြေပဲ ရေးပါတဲ့။ အမေရိကားက သူငယ်ချင်းက ပြောလေရဲ့။ ဒါပေမဲ့လဲ ရေးမှာပဲ၊ ရေးမှာပဲ။

အချစ် ဓာတ်ခွဲခန်း

သံယောဇဉ် ၃၀%၊
ယုံကြည်မှု နှစ်မူးသားနဲ့
အခွင့်အရေးရယ် ရမ္မက်ရယ်ကို ဆတူရောလို့
ချစ်ခြင်းကို အနက်ဖွင့် ... ။

ဓာတု ဓာတ်ပြုခြင်းများနဲ့
စိတ်ပညာ ညီမျှခြင်းများကို
High Precision Processor နဲ့ တွက်ချက် ... ။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

Saturday, January 5, 2008

ချစ်သူဆိုတာ

လျှပ်စစ်သ၀ဏ်လွှာ (အီးမေးလ်) ကတဆင့် မမတစ်ယောက် ပို့ပေးလိုက်တဲ့ စာသားတွေပါ။

မိန်းကလေးချစ်သူဆိုတာ ...

၁) ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့် တင်းခံပြီး ပြန်ငြင်းတတ်သူ

၂) ချစ်သူရဲ့ ကတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းထားပေမယ့် "ကျွန်မကို ချစ်မိတာ နောင်တ မရဘူးလား"လို့ လိုက်မေးတတ်သူ

၃) လမ်းဖြတ်ကူးတဲ့ အချိန် ချစ်သူရဲ့ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့သူ

၎) ချစ်သူရဲ့ရှေ့မှာ မလှဆုံး၊ ချစ်စရာ မကောင်းဆုံးဖြစ်မှာကို စိုးရိမ်တတ်သူ

၅) လေပြင်းမုန်တိုင်းကျနေပါစေ ချစ်သူရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ကျော်ဖြတ်ရဲသူ

၆) အချက်အပြုတ် မတတ်ပေမဲ့လဲ မီးဖိုချောင်တစ်ခုလုံးကို မွှေနှောက် ချစ်သူကို ကိုယ်တိုင် ချက်ကျွေးချင်တဲ့သူ

၇) ဗေဒင်၊လက္ခဏာတွေတွက် ယတြာတွေ လိုက်ချေပြီး ချစ်သူနဲ့ ပေါင်းဖက်ရအောင်လုပ်သူ

၈) ချစ်သူကို တစ်နေ့ မမြင်ရရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ

၉) ချစ်သူ မောပန်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ့ပြီး နှစ်သိမ့်တတ်သူ

၁၀) ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့ အနမ်းနဲ့ ချစ်သူကို မျှဝေပေးတတ်သလို စိတ်ညစ် ၀မ်းနည်းမှု တွေကို မျက်ရည်နဲ့အတူ ချစ်သူကို ရင်ဖွင့်တတ်သူ

ယောက်ျားလေးချစ်သူဆိုတာ ...

၁) မိုးသက်လေပြင်းကျချိန် ချစ်သူ မိုးစိုမှာစိုးလို့ အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ

၂) သူ့လက်ကို တွဲမိချိန် ကိုယ့်ဆီက ကြောက်ရွံ့မှုတွေ အဝေးကို ပြေးစေသူ

၃) ချမ်းအေးတဲ့ ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ

၎) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ

၅) ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အချောဆုံး အလှဆုံးဟာ ကိုယ်ပါလို့ ပြောသူ

၆) ဂျက်ကီချန်းကားတွေ ကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ ကိုယ်နဲ့အတူ လိုက်ကြည့်တတ်သူ

၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတတ်သူ

၈) ကိုယ့်မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်း ၀ယ်ဖို့ မေ့တတ်သူ

၉) သူ့ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့ နှစ်သိမ့်တတ်သူ

၁၀) မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ

Friday, January 4, 2008

ပြန်မအမ်းနဲ့တော့

ကောင်လေး။ ။ နင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ။

ကောင်မလေး။ ။ တစ်ဆယ်ပဲ ပါတယ်။ ဘာလုပ်မလို့လဲ။

ကောင်လေး။ ။ "ငါနင့်ကို မထိပဲနဲ့ နမ်းလို့ရ၊မရကို တစ်ဆယ်ကြေး လောင်းမလား။"

ကောင်မလေး။ ။ "ရူးနေလား၊ ဒါမဖြစ်နိုင်တာပဲ၊ ဒီမှာ ဆယ်တန်၊ စမ်းကြည့်ပေါ့။"

ကောင်လေးသည် ကောင်မလေးကို အသေအချာ ဖက်၍ ဆင့်ကာ ဆင့်ကာ ဆင့်ကာ မလွှတ်တမ်း နမ်းလေသည်။ နောက်ဆုံးတော့ ကောင်မလေး ရုန်းလို့ လွတ်သွားသည်။

ကောင်မလေး (မောဟိုက်လျှက်)။ ။ "ဒါလား၊ မထိတာ၊ ထိတာပဲလေ၊ မဟုတ်ပဲနဲ့။"

ကောင်လေး (တစ်ထောင်တန်တစ်ရွက်ကို ထုတ်ပေးရင်း)။ ။ "ဟုတ်တာပေါ့၊ ငါရှုံးသွားပြီ၊ ဒါပေမဲ့ နင့်မှာ ပြန်အမ်းဖို့ အကြွေလွယ်ရဲ့လားဟင်။"

အင်တာနက်ပေါ်မှ ဟာသတစ်ပုဒ်ကို မှီငြမ်းပါသည်။

Thursday, December 27, 2007

သနားတတ်တဲ့ ဆင်းရဲသား

ဒီနေ့ရေးဖြစ်တဲ့ ကဗျာလေးပါ။ ခေါင်းစဉ်က "သနားတတ်တဲ့ ဆင်းရဲသား" တဲ့။ ဖတ်ပြီး


ခံစားကြည့်ပါ။

သနားတတ်တဲ့ ဆင်းရဲသား
ဝေသန္တရာလို တောင်းတာအကုန် ပေးချင်ခဲ့တယ်။ဒါပေမဲ့ ကိုယ့်မှာလဲ အများကြီး မရှိတော့ခက်တယ်။သနားတတ်တဲ့ ဆင်းရဲသားကို ခဏခဏ လာတောင်းနေတာ နှိပ်စက်တာနဲ့ မတူဘူးလား ... ။

သနားတတ်တဲ့ ဆင်းရဲသား

ဒီနေ့ရေးဖြစ်တဲ့ ကဗျာလေးပါ။ ခေါင်းစဉ်က "သနားတတ်တဲ့ ဆင်းရဲသား" တဲ့။ ဖတ်ပြီး ခံစားကြည့်ပါ။

သနားတတ်တဲ့ ဆင်းရဲသား

ဝေသန္တရာလို တောင်းတာအကုန် ပေးချင်ခဲ့တယ်။
ဒါပေမဲ့ ကိုယ့်မှာလဲ အများကြီး မရှိတော့ခက်တယ်။
သနားတတ်တဲ့ ဆင်းရဲသားကို
ခဏခဏ လာတောင်းနေတာ
နှိပ်စက်တာနဲ့ မတူဘူးလား ... ။

Monday, November 5, 2007

ပထမဆုံး အခေါက်

အောက်ပါ post တွင် အသက် ၁၈ နှစ်အောက် လူငယ်များအတွက် မသင့်လျော်သော စကားလုံး၊ စကားစု အသုံးအနှုန်းများ ပါရှိနိုင်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။ မိဘ၊ အုပ်ထိန်းသူများအနေနှင့် မှန်ကန်သော လမ်းညွှန်မှု ပေးနိုင်ရန် အကြံပြုလိုပါသည်။

ယခုကိစ္စသည် သူမဘ၀တွင် တခါမျှ မပြုလုပ်ဖူး မတွေ့ကြုံဖူးသော ကိစ္စတစ်ခု ဖြစ်ပါသည်။ သူမသည် ကျောခင်းကာ လှဲအိပ်လိုက်ရင်း ကြွက်သားများကို တောင့်တင်းထားမိလေသည်။ သူမသည် သူ့ကို ငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို စဉ်းစားရင်း တတ်နိုင်သလောက် အချိန်ဆွဲနေမိသည်။ သို့ရာတွင် သူကတော့ လုံးဝ လက်လျှော့မည့်ဟန် မပြပဲ သူမအနားသို့ တိုးကပ်လာလေသည်။ ကြောက်နေသလားဟု သူမကို သူမေးသောအခါတွင် သူမရဲဝံ့ပြတ်သားစွာ ခေါင်းခါပြမိပြန်သည်။

သူသည် ယခုလို ကိစ္စမျိုးတွင် အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက် ဖြစ်ပါသည်။ သူ၏ လက်ချောင်းများသည် နေရာမှန်ကို ရှာဖွေတွေ့ရှိသွားကြသည်။ သူ အထဲထိ နက်နက် နှိုက်စမ်းလိုက်သောအခါ သူမတကိုယ်လုံး နာကျင်မှုဖြင့် တုန်ခါသွားပြီး အကြောအခြင်များ တောင့်တင်းသွားလေသည်။ သို့ရာတွင် သူသည် သူပြောထားသလိုပင် ညင်ညင်သာသာပင် ပြုလုပ်ကြောင်း သူမ သိပါသည်။

သူသည် သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့် ယခုကိစ္စတွင် အတွေ့အကြုံ အများကြီးရှိကြောင်း ထပ်ပြောပြန်သည်။ သူပြုံးပြလိုက်သောအခါ သူမ စိတ်ကိုလျော့လိုက်ပြီး သူ့အတွက် လွယ်ကူစေရန် ကျယ်ကျယ်ဟထားပေးလိုက်သည်။

သူမသည် သူ့ကို မြန်နိုင်သမျှ မြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ် တောင်းပန် လောဆော်မိလေသည်။ သို့သော် သူသည် သူမ နာကျင်မှု သက်သာစေရန် အချိန်ယူ၍ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ သူနောက်တကြိမ် သူမ၏အနီးသို့ တိုးကပ်လာသောအခါတွင် အသားမျှင်များ စုတ်ပြဲသွားပြီး တကိုယ်လုံး နာကျင်မှုကို သူမ ခံစားလိုက်ရသည်။ သွေး အနည်းငယ် ထွက်လာသည်ကိုလည်း သူမသိရှိလိုက်သည်။

အရမ်းနာသလားဟု သူက ထပ်မေးပြန်သည်။ သူမမျက်လုံးအိမ်တစ်ခုလုံး မျက်ရည်များဖြင့် ပြည့်လျှမ်းနေသော်လည်း မနာသယောင် ခေါင်းခါပြကာ ဆက်လုပ်ရန် သူ့ကို သူမခေါင်းငြိမ့်ပြမိသည်။ သူသည် ကျွမ်းကျွမ်းကျင်ကျင် ထည့်လိုက်ထုတ်လိုက် ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်း မသိနိုင်လောက်အောင် သူမ စိတ်လှုပ်ရှားကာ ထုံပေပေဖြစ်နေမိသည်။ အတန်ကြာသောအခါ သူမ အတွင်းထဲမှ အရည်တချို့ တာကျိုးသလို ပေါက်ထွက်လာသည်ကို ခံစားရပြီး သူသည်အရာတစ်ခုကို အပြင်သို့ ထုတ်လိုက်လေသည်။ သူမသည် သက်ပြင်းမောများ ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွှင် နေမိလေသည်။

သူသည် သူမကို နွေးနွေးထွေးထွေး ပြုံးပြရင်း တော်တော် ကိုင်တွယ်ရခက်ပြီး ဆိုးလဲဆိုးတဲ့ ကလေးမဟု ရေရွတ်လေသည်။ သူမကလဲ ပြန်ပြုံးပြရင်း သွားဆရာဝန်အား ကျေးဇူးစကား ဆိုလေသည်။

အထက်ပါတို့သည် သူမဘ၀တွင် ပထမဆုံး သွားနှုတ်သည့်နေ့က တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များ ဖြစ်လေသည်။

အင်တာနက်ပေါ်မှ ဟာသတစ်ခုကို ဘာသာပြန် တင်ပြပါသည်။

Wednesday, October 17, 2007

မြန်မာနိုင်ငံ စာမေးပွဲစနစ်ကို သင်္ချာနည်းဖြင့် လေ့လာဆန်းစစ်ခြင်း။

စင်ကာပူ အမျိုးသား တက္ကသိုလ်၊ တွက်ချက်မှုပညာ ကျောင်းခွဲ (National University of Singapore – School of Computing) က အသစ်စက်စက် ဒုတိယဌာနမှူးက မြန်မာနိုင်ငံကျောင်းသားတွေရဲ့ ကျောင်းလျှောက်လွှာများကို အကဲဖြတ်ရာမှာ အမှတ်စာရင်းတွေကို အဓိပ္ပါယ်မသိရှိပဲ အခက်ကြုံနေလို့ စာရေးသူတို့ လက်ရှိ ကျောင်းသားများကို ခေါ်ယူမေးမြန်းပါတယ်။ တတ်အားသမျှ ရှင်းပြအပြီးမှာ မြန်မာနိုင်ငံရဲ့ စာမေးပွဲစနစ်ကို သင်္ချာနည်းနဲ့ လွယ်လွယ်ပုံစံထုတ်ပြလို့ ရမလားလို့ စာရေးသူတွေးမိပါတယ်။ အဲဒါနဲ့ ဒီစာတမ်းကို ရေးသားဖြစ်ပါတယ်။

ဒုတိယ ဌာနမှူးလိုအပ်နေတာက က၊ ခ၊ ဂ၊ ဃ၊ ကျ အက္ခရာ အဆင့်တွေကနေပြီးတော့ ကျောင်းသားတွေရဲ့ ထူးချွန်ထက်မြက်မှုကို ပြန်လည်တွက်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို တွက်ထုတ်ဖို့အတွက် ကျောင်းသားတွေရဲ့ ထူးချွန်ထက်မြက်မှုကို အက္ခရာအဆင့်တွေကို ပြောင်းလိုက်တဲ့ မူလ မှီချက်ကို သိဖို့လိုအပ်ပါတယ်။ ဒီစာတမ်းငယ်မှာ အဆိုပါ မှီချက်ကို သင်္ချာနည်းနဲ့ ပုံစံထုတ်ဖို့ ကြိုးစားကြည့်မှာ ဖြစ်ပါတယ်။

ပထမဆုံး အတွေးထဲကို အလွယ်တကူ ၀င်ရောက်လာတာကတော့ စာမေးပွဲဆိုတာ ကျောင်းသားတွေရဲ့ အစုကို အောင်/ကျ ဆိုတဲ့ တန်ဖိုးနှစ်ခုတည်းရှိတဲ့ ရလဒ်အစု (Co-domain) ကို ပြောင်းပေးတဲ့ မှန်/မှား မီချက် (Binary function) အဖြစ် ပုံစံထုတ်ဖို့ပဲ ဖြစ်ပါတယ်။ (အမှန်တော့ အက္ခရာအဆင့်တွေ သတ်မှတ်တဲ့ မှီချက်ကို မှန်/မှား မှီချက်တွေ အဆင့်ဆင့် ထပ်ထားခြင်းဖြင့် တည်ဆောက်နိုင်ကြောင်း Induction အသုံးပြု သက်သေပြနိုင်တဲ့အတွက် ဆွေးနွေးရာမှာ ရှင်းလင်း လွယ်ကူစေဖို့ မှန်/မှား မှီချက်ကို အသုံးပြုခြင်း ဖြစ်ပါတယ်။) ဒီမှီချက်ကို ကျောင်းသားတွေရဲ့ ထူးချွန်မှုကို ရလဒ်အစုအဖြစ် ပြောင်းပေးတဲ့ မှီချက်အဖြစ် အလွယ်တကူ ပြောင်းလဲဖော်ပြနိုင်ကြောင်း မြင်သာပါတယ်။ ပထမဆုံး ပုံစံထုတ်လိုက်တဲ့ စာမေးပွဲ မှီချက်ကို အောက်တွင် ကြည့်ပါ။

f : X --> {P, F}
f (x) = P ; x >= thr
f (x) = F ; otherwise

where f = exam function for a certain subject; X = partial ordered set of merit of all students; x = merit of the student; thr = certain threshold value (pass mark); and P/F = pass/fail values.

ဒီ လှေခါးထစ်ပုံစံ မှီချက်ဟာ ဘာသာရပ်တစ်ခုတည်းအတွက်ပဲ ဖြစ်ပါတယ်။ ဘာသာရပ်တစ်ခုတည်းအတွက် မှီချက်ကို မှန်ကန်စွာ သတ်မှတ်ပြီးရင် ဘာသာရပ် အများအပြားအတွက် အလုပ်လုပ်နိုင်မဲ့ မှီချက်ကို တွက်ထုတ်ဖို့က လွယ်ကူသွားပြီ လို့မျှော်လင့်နိုင်ပါတယ်။ (နောက်ထပ် အတိုင်းအတာ - Dimension - တစ်ခု ထပ်ထည့်ရုံပဲ ဖြစ်ပါတယ်။)

ဒီနည်းနဲ့ ပုံစံထုတ်ရာမှာ တွက်ချက်မှု များတဲ့ ဘာသာရပ် (တွက်စာ) တွေအတွက် မှန်ကန်တိကျပေမဲ့ (အများ - Error - နည်းပါးပေမဲ့) ကျက်မှတ်မှုကို အလေးထားတဲ့ ဘာသာရပ် (ကျက်စာ) တွေအတွက် အမှား အရမ်းများနေဦးမယ်လို့ ခန့်မှန်းရပါတယ်။ (ဒီနေရာမှာ အမှားကို ရေတွက်ပုံရေတွက်နည်းကတော့ အောင်သင့်တဲ့လူကို ချပစ်ရင်၊ ကျသင့်တဲ့လူကို အောင်ပစ်ရင် အမှားတစ်ခုလို့ ရေတွက်ပါတယ်။ အဲဒီအမှားတွေကို ပေါင်းပြီး ကျောင်းသားဦးရေ စုစုပေါင်း - သို့မဟုတ် ထူးချွန်မှုအဆင့်အားလုံးပေါင်း Integration of student merit in numerical form - နဲ့စားလိုက်ရင် အမှား ရာနှုန်းကို ရမှာဖြစ်ပြီး အဲဒီရာနှုန်းဟာ လက်မခံနိုင်လောက်အောင် ကြီးနေမယ် - ၁၀၀% နားကို ကပ်နေမယ်လို့ ခန့်မှန်းရပါတယ်။) ဒီတွေ့ရှိချက်ဟာ ကျောင်းသားတွေရဲ့ ထူးချွန်မှုရဲ့ ပကတိ ဆူညံမှု (pure noise) ကြောင့် မဖြစ်နိုင်ဘူးလို့ ယူဆတာနဲ့ စာမေးပွဲ မှီချက်ကို ကျောင်းသားတွေရဲ့ ဘာသာရပ်ကို နားလည် အသုံးချနိုင်စွမ်းနဲ့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ဗဟုသုတ အတိုင်းအတာ နှစ်မျိုးပေါ် မူတည်သတ်မှတ်ဖို့ အောက်ပါအတိုင်း ကြိုးစားပါတယ်။

f X, Y --> {P, F}
f (x, y) = P ; ax + by + k >= thr
f (x, y) = F ; otherwise

where f = exam function for a certain subject; X = partial ordered set of the ability of student to apply subject knowledge; Y = partial ordered set of the student’s knowledge of the subject; x = ability of student to apply subject knowledge; y = student’s knowledge of the subject; thr = certain threshold value; P/F = pass/fail values.

ဒီမှီချက်ဟာ လှေခါးထစ်ပုံစံ မှီချက်မဟုတ်ပဲ အရောင်နှစ်မျိုး (အောင်/ကျ)ကို အနှုတ်လျှောစောက် (a/b ဟာအမြဲပဲ အနှုတ်ကိန်းဖြစ်နေပါတယ်) ရှိတဲ့ မျဉ်းဖြောင့် နဲ့ ခြားနားထားတဲ့ မှီချက်ပုံစံဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ နားလည်မှုစွမ်းရည်ကို ထည့်သွင်းမစဉ်းစားပဲ အလွတ်ကျက်မှတ်မှုကို အဓိကထားတဲ့ ဘာသာရပ်တွေမှာ လျှောစောက်ဟာ သုညလဲ ပဲဖြစ်နိုင်ပါတယ်။ အဲဒီ လျှောစောက်ဟာ အမြဲပဲ သတ်မှတ်ချက် ရှိပါတယ် (always defined)။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတ မရှိပဲ နားလည်အသုံးချနိုင်စွမ်း မရှိနိုင်လို့ဖြစ်ပါတယ်။ (x = 0 => y = 0)

ဒီမှီချက်ဟာ မူလ အတိုင်းအတာ တစ်မျိုးပါ လှေခါးထစ်ပုံစံမှီချက်နဲ့ နှိုင်းယှဉ်ရင် အတော်အတန် ပိုမိုတိကျတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ နှစ်အသီးသီးက ကျောင်းသားများရဲ့ အချက်အလက်များနဲ့ ပုံစံထပ်ကြည့်တဲ့အခါမှာ ခြားနားထားတဲ့ မျဉ်းဖြောင့်ကို (ဘာသာရပ်တစ်ခုတည်းမှာတောင်) နေရာချရခက်ခဲ (a/b နဲ့ ကိန်းသေ k) ကို တွက်ထုတ်ရခက်ခဲနေတာကို တွေ့ရှိရပါတယ်။ (မူလ လှေခါးထစ်ပုံ မှီချက်မှာလဲ ကိန်းသေ thr ကို အတိတ်က အချက်အလက်တွေအရ အတိအကျ သတ်မှတ်လို့ မရတာကို တွေ့ရှိရပါတယ်။)

အကြောင်းရင်းကတော့ သတ်မှတ် အောင်ချက် ပြည့်မီအောင် လျှော့ပေါ့စဉ်းစားပေးတဲ့ စနစ် (moderation system) ကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ကျောင်းသားတွေကို ဘာသာရပ်ကို နားလည်နိုင်စွမ်းနဲ့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတတို့ပေါ်မူတည်ပြီး ပြင်ညီကိုသြဒိနိတ်ပေါ်မှာ (ကျောင်းသား တစ်ယောက် အမှတ်တစ်မှတ်နှုန်းနဲ့) နေရာချလိုက်ရင် ခြားထားတဲ့ မျဉ်းရဲ့ တဖက်ခြမ်း (အောင်တာကို ကိုယ်စားပြုတဲ့ အရောင်ထဲမှာ) လိုအပ်တဲ့ အမှတ်အရေအတွက် ရှိနေအောင်လို့ မျဉ်းရဲ့ လျှောစောက် (a/b) နဲ့ ကိန်းသေ (k) ကို လိုအပ်သလို ပြောင်းလဲ နေရတာကြောင့် ဖြစ်ပါတယ်။

အဲဒီတော့ နှစ်အလိုက် ပြောင်းလဲနေတဲ့ အဲဒီ ဂုဏ်သတ္တိကို သေချာ လေ့လာနိုင်ဖို့ အချိန် အတိုင်းအတာကို တတိယ အတိုင်းအတာအဖြစ် စာရေးသူတို့ မှီချက်ထဲကို ထပ်ထည့်လိုက်ပါတယ်။ (ဆိုလိုတာက a/b နဲ့ k ဟာ အချိန်ပေါ်မူတည်ပြီး ပြောင်းလဲသွားတဲ့ မှီချက်တွေ ဖြစ်သွားပါတယ်။ နောက်တနည်းမြင်လို့ရတာကတော့ အတိုင်းအတာ နှစ်မျိုးပါ စာမေးပွဲ မှီချက်ဟာ အချိန်ကို ရွှေ့ပေးလိုက်ရင် သက်ဝင်လှုပ်ရှား - animate - ဖြစ်ပါတယ်။)

ဒီလို အချိန် အတိုင်းအတာ ထပ်ထည့်လိုက်တော့ စာမေးပွဲမှီချက်ဟာ အတိတ်က အချက်အလက်များနဲ့ အတော်အတန် ကိုက်ညီမှု ရှိသွားပါတယ်။ ဒါပေမဲ့လဲ အနည်းငယ်မျှသော မကိုက်ညီမှုတွေ ရှိမြဲပါပဲ။ တချို့သော နေရာချမှုတွေမှာ (ကျောင်းသားတစ်ယောက် အမှတ်တစ်မှတ်နှုန်း) အောင်တဲ့ အရောင်ထဲ ရှိနေပေမဲ့ ကျနေတာ (နည်းပါးတတ်ပါတယ်) ကျတဲ့ အရောင်ထဲရှိနေပေမဲ့ အောင်နေတာ (ဘာကြောင့်မှန်းမသိ၊ အရည်အချင်း မပြည့်မီပဲ အောင်အောင်နေတဲ့ ကျောင်းသားများ များပြားတတ်ပါတယ်) တွေကို တွေ့ရှိနေရပါတယ်။ ရလဒ်ကတော့ စာရေးသူတို့ရဲ့ အချိန်နှင့်အမျှ သက်ဝင်လှုပ်ရှားနေတဲ့ စာမေးပွဲမှီချက်ဟာ တချက်တချက်မှာ ကွေးကောက်သွားတာပဲ။ ဒီလို ကွေးကောက်သွားမှုတွေက ကြုံရာကျပန်း သဘာဝရှိလို့ ဘယ်လိုနည်းနဲ့မှ သင်္ချာပုံစံထုတ်လို့မရပါဘူး။ လျစ်လျူရှုလိုက်ရအောင်လဲ စာရင်းအင်းပညာရှုထောင့်က ကြည့်ရင် အကြိမ်အရေအတွက် များပြားလွန်းလှပါတယ်။

နောက်ဆုံးတွေ့ရှိချက်အနေနဲ့ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ (တချက်တချက် ကွေးကောက်သွားတတ်တဲ့) မျဉ်းကွေးဟာ ကြိုတင် တွက်ဆရ ခက်ခဲ (မရဘူး မဟုတ်တောင် တွက်ချက်ရခက်ခဲသော သဘာဝရှိ) ပါတယ်။ အချိန်နှင့်လိုက်ပြီး ပြောင်းတဲ့နှုန်းကို သိရှိအောင်လို့ အချိန်နဲ့ differentiate လုပ်ပြန်တော့လဲ သုည သို့မဟုတ် ကိန်းသေ သို့မဟုတ် အဖြောင့်တိုင်း မှီချက် မရပဲ ရှုပ်ထွေးတဲ့ မှီချက်ကိုသာ ရရှိပါတယ်။

အဆုံးသတ်မှာတော့ မြန်မာ ကျောင်းသားများရဲ့ ထူးချွန်ထက်မြက်မှုကို အက္ခရာအဆင့်တွေကို ပြောင်းပေးတဲ့ မှီချက်ဟာ သင်္ချာနည်းနဲ့ လက်တွေ့ တွက်ချက်ဖို့ မဖြစ်နိုင်လောက်အောင် ရှုပ်ထွေးတဲ့အတွက် ပြောင်းပြန်မှီချက် (အက္ခရာအဆင့်တွေကနေ ထူးချွန်ထက်မြက်မှုကို ပြန်လည် တွက်ယူတဲ့ မှီချက်) ကို တွက်ထုတ်ဖို့ လက်ရှိ နည်းပညာ အဆင့်အတန်းနဲ့ တွက်ချက်ဖို့ မဖြစ်နိုင်သေးဘူးလို့ ကောက်ချက်ချရင်း ယခုစာတမ်းငယ်ကို နိဂုံးချုပ်အပ်ပါတယ်။

ကျေးဇူးတင်လွှာ။ ။ သရော်စာ စာတမ်းငယ် ဖြစ်မြောက်ရေးအတွက် အတွေးလမ်းစပေးခဲ့သော စင်ကာပူ အမျိုးသား တက္ကသိုလ်မှ ဒုတိယဌာနမှူး ဒေါက်တာ မိုဟန်း ကန်ကန်ဟယ်လီ၊ သင်္ချာနည်းစနစ်များ မှန်ကန်စနစ်ကျစေရန် Bayes' Classifier ကို ရှင်းပြပေးခဲ့သော စင်ကာပူ အမျိုးသား တက္ကသိုလ်မှ လက်ထောက် ပါမောက္ခ ဒေါက်တာ တဲရေ့စ် ဆင်းမ်၊ စာရေးသူအား သင်္ချာသင်ကြားပေးခဲ့သော စာရေးသူ၏ မိခင်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်မှ အလယ်တန်းပြဆရာ ဦးလင်းနိုင်၊ အထက်တန်းပြဆရာမ (ဟောင်း) ဒေါ်ရင်ရင်မြင့်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ ကထိက ဒေါက်တာ ဇော်ဝင်း၊ ရေကြောင်းပညာ တက္ကသိုလ်မှ ကထိက ဒေါက်တာ ရွှေကျော်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ သင်္ချာဌာနမှ ဒေါက်တာ မျိုးကေခိုင်နှင့် ဆရာ/မများကို အထူးကျေးဇူးတင်ရှိပါသည်။

Sunday, October 7, 2007

ကျွန်တော့်ရဲ့ ချစ်ဦးသူ

သူမဟာ ကျွန်တော့်ရဲ့ ကျောင်းသွားဖော်ဆိုပေမဲ့ ကျွန်တော့်ထက် အသက်အများကြီး ကြီးပါတယ်။ ဒါကြောင့် ကျွန်တော်က သူမကို မမလို့ ခေါ်ပါတယ်။

မမဟာ အရမ်းကို ချောမောလှပတဲ့ မိန်းမပျိုကလေး ဖြစ်ပါတယ်။ သူမဟာ ပြေပြစ်ချောမောတဲ့ မျက်နှာဟန်ပန်၊ အချိုးအဆစ် ပြေပြစ်ပြီး ပန်းချီကျော်တွေ လက်မှိုင်ချရမဲ့ ကောက်ကြောင်းတွေ၊ မျဉ်းကွေးတွေကို ပိုင်ဆိုင်ရုံမက သိမ်မွေ့နက်ရှိုင်းပြီး နားလည်ရခက်တဲ့ အသည်းနှလုံးကိုလဲ ပိုင်ဆိုင်ထားသူ ဖြစ်ပြန်ပါသေးတယ်။

မမဟာ ကျွန်တော့်ရဲ့ အတွေးတွေကို အချိန်ပြည့် စိုးမိုးထားလေ့ ရှိပါတယ်။ ကျွန်တော် ငယ်စဉ်ကတည်းက ကျွန်တော့်ရဲ့ အားလပ်ချိန်တွေမှာ သူမနဲ့ပဲ တူတူ ရှိနေဖြစ်ပါတယ်။ နောက်တော့ အိပ်ချိန်၊ ကစားချိန်၊ စားချိန်တွေတောင် လျော့လာပြီး အချိန်ပြည့်နီးပါး သူမအကြောင်းပဲ တွေးနေမိပါတော့တယ်။ ထူးဆန်းတာက သူမအကြောင်း တွေးနေရရင်၊ သူမနဲ့ ပတ်သက်တာတွေကို သိအောင် လုပ်နေရရင် ကျွန်တော့်မှာ မမောနိုင် မပန်းနိုင်ပါပဲ။ အာဟာရသိဒ္ဓိပြီးသလား အောက်မေ့ရအောင် ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ အဲဒီလို သူမအကြောင်း စဉ်းစားလေလေ၊ သူမကို ပိုချစ်လာလေလေ၊ ပိုပြီး စုံမက် မြတ်နိုးလာလေလေပါပဲ။

မမဟာ နယ်ပယ်စုံမှာ ၀င်ဆန့်သူ၊ အရေးပါ အရာရောက်သူကလေး ဖြစ်ပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်တွေမှာလဲ ကျွန်တော့် မမရဲ့ အကူအညီမပါပဲ ကြီးမားတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်လို့ မရနိုင်အောင် မျက်နှာကြီးသူ ဖြစ်ပါတယ်။ ဒါတင်မက ဆေးဘက်ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေမှာလဲ ကူညီဖို့အရေး လက်မနှေးသူပါ။ အဆင့်မြင့် ကွန်ပျူတာ ပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကလဲ အရေးကြုံတိုင်း သူမကိုပဲ အားကိုးအားထား ပြုရပါတယ်။

ဒါပေမဲ့ မမဟာ စိတ်ကောက်တတ်တဲ့ မိန်းမပျိုလေးပါ။ စိတ်နှလုံး နူးညံ့ပေမဲ့ သူမရဲ့ အကူအညီကို ရယူရာမှာ သတိလက်လွတ် ပေါ့ပေါ့ဆဆများ လုပ်မိလို့ကတော့ တညလုံး အိပ်မရအောင် ကဂျီကဂျောင် လုပ်တတ်ပါတယ်။ သူမကို ပစ်ထားလိုက်မိလို့ကတော့ ကဝေအတတ်တွေနဲ့ လှည့်စားသလား အောက်မေ့ရအောင် ညလုံးပေါက် ချောက်အိပ်မက်တွေနဲ့ (နောင်မလုပ်ရဲတော့အောင်) နှိပ်စက်မှာဖြစ်ပါတယ်။

မမရဲ့ မင်းသားလေးအကြောင်းကို ကြားမိတော့ ကျွန်တော် အရမ်းကို မနာလိုဖြစ်ရပါတယ်။ အဲဒီ ဂေါက်စ်ဆိုတဲ့ လူကို ဆွဲထိုးချင်တဲ့အထိပါပဲ။ ပိုဆိုးတာကတော့ ဖားမက်က ကျွန်တော့်ရဲ့ မမကို အလိုမတူပဲ ခိုးယူပေါင်းသင်းခဲ့ပါတယ်။ အဲဒါတွေကြောင့် ဖားမက်ဟာ မမရဲ့ နှလုံးသည်းပွတ်ကို မရယုံမက အခြားသူတွေရဲ့ မယုံသင်္ကာဖြစ်ခြင်းကိုလဲ ခံရပါတယ်။ ဒါပေမဲ့ ဖားမက်နဲ့ ဂေါက်စ်တို့ရေးသားခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေကနေ သူမရဲ့ အကြောင်းကို ကျွန်တော် ပိုမိုသိရှိလာတာကတော့ အမှန်ပါပဲ။

ဒါတင်ဘယ်ကဦးမှာလဲ။ ကျွန်တော့် မမရဲ့ မွေးဇာတိကိုလဲ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ နောင်အနာဂါတ်မှာလဲ သမိုင်းဆရာတွေက ဆက်လက်ငြင်းခုန်ကြဦးမှာ ဖြစ်ပါတယ်။ တချို့က က၀ိပုဏ္ဏားကျော်တွေ ပေါ်ထွန်းရာ အိန္ဒိယပြည်လို့ ယူဆကြသလို တချို့ကလဲ ၀ိုင်ချိုချိုပေါတဲ့ မြေထဲပင်လယ်ဒေသလို့ ထင်မှတ်ကြပါသေးတယ်။ တခါတခါမှာလဲ ခေါင်းမာတဲ့လူတွေက မိန်းမလှများ ပေါများရာ အရှေ့အလယ်ပိုင်းလို့ ငြင်းပေမဲ့ တချို့တချို့သောသူများကတော့ အလှဘုရင်မ ကလီယိုပါထရာရဲ့ ဇာတိ အီဂျစ်ပြည်ဆိုတာကနေ တပြားသားမှ မလျော့ပါဘူးတဲ့။

သေချာတာကတော့ ဂရိလူမျိုး ယူကလစ်က ကျွန်တော့် မမကို မွေးစားခဲ့ပြီး ပိုက်သာဂိုရကတော့ သူမရဲ့ အလှပြင်ဆရာပါ။ အရစ်စ်တိုတယ်လ်ကတော့ သူမရဲ့ နားလည်ရခက်တဲ့ အသည်းနှလုံးကို အရင်ဆုံး ပုံသွင်းသူတစ်ယောက်ပေါ့။ သူမကို ဆန်းကျယ်တဲ့ မာယာတွေ သင်ကြားပေးလိုက်သူကတော့ အိုင်ဆက် နယူတန်ဆိုတဲ့လူပဲ ဖြစ်ပါတယ်။ လောကမှာမရှိတာတွေကို စိတ်ကူးပုံဖော်ပြီး လှည့်စားတတ်တဲ့ အတတ်ကိုတော့ အွိုင်းလားက သင်ကြားပေးခဲ့တာပါ။ အဲဒါတွေနဲ့ မလုံလောက်သေးဘူးလို့ ယူဆလို့လားမသိဘူး။ ရေးမန်းန်နဲ့ ကော်ချီတို့ နှစ်ယောက်က ပေါက်တတ်ကရတွေ ထပ်မံ သင်ကြားပေးပါသေးတယ်။ (အဲဒါတွေနဲ့ နှိပ်စက်တော့ ကျွန်တော့်မှာ ရူးမတတ်ပါပဲ)

ကျွန်တော် ကျွန်တော့်မမနဲ့ ဒီညနေ နှစ်ပါးသွားလေး ကရဦးမှာမို့ ပြင်ရ၊ ဆင်ရဦးမယ်။ အဲဒီလို တူနှစ်ကိုယ် အတူပျော်ရမဲ့ ညနေခင်းလေးအတွက် ကျွန်တော့်မှာ နှစ်ပေါင်းများစွာ ပြင်ဆင်ထားရတာပါ။ ဖြစ်နိုင်ရင် စား၊ ၀တ်၊ နေရေးနဲ့ တလောကလုံးကို မေ့ထားပြီး သူမနဲ့ နှစ်ပါးသွားလေးပဲ အမြဲတမ်း ကနေချင်တယ်ဗျာ။

Wednesday, August 22, 2007

နှင်းဆီပန်းနဲ့ ……… ။

“…ငါ့ရဲ့ နှင်းဆီပန်းဟာ အခြားသော နှင်းဆီပန်းများထက် ပိုပြီး အရေးကြီးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ငါရေလောင်းခဲ့ရတယ်၊ သူ့ကို မှန်ပေါင်းချောင်ထဲထည့်ပြီး ကာကွယ်ပေးခဲ့ရတယ်၊ သူ့ကို လေမတိုက်အောင် ကာကွယ်ပေးခဲ့ရတယ်၊ သူ့အတွက်ပဲ ခူကောင်တွေကို ငါသတ်ခဲ့ရပါတယ်။ (အချို့ တစ်ကောင် နှစ်ကောင် လိပ်ပြာအဖြစ် မွေးယူခြင်းမှ လွဲ၍) သူအော်ငေါက်ရင်လဲ ငါနားထောင်ခဲ့ရတာပဲ၊ သူကွားဝါရင်လဲ နားထောင်ခဲ့ရတယ်၊ တခါတလေ သူ ငါ့ကို ဘာမှတောင် မပြောဘူး၊ ဒီလို ငါသည်းခံခဲ့ရတာလည်း သူဟာ ငါ့ရဲ့ တစ်ပွင့်တည်းသော နှင်းဆီပန်း ဖြစ်ခြင်းကြောင့်ပဲ …”

Le Petit Prince - Antoine de Saint ~ Exup’ery

ကျွန်တော့်အတွက်တော့ ……… ဟာ အခြားသော မိန်းကလေးများထက် (သေချာပေါက်) ပိုပြီး အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ……… ကို ကျွန်တော် … ချစ်ခဲ့ရတယ်၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခဲ့ရတယ်၊ ……… စိတ်ဆိုးရင် ……… အတွက်ပဲ ပျာပျာသလဲ ဖြစ်ခဲ့ရတယ်၊ … နောက် ……… စိတ်ပျော်ရွှင်နေအောင် စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာ၊ စိတ်ညစ်စရာ၊ ၀မ်းနည်းစရာတွေကနေ ကာကွယ်ပေးထားခဲ့ရတယ်၊ ……… အတွက်ပဲ ကျွန်တော် (………၊ ကျန်တော်ကိုယ်တိုင်နဲ့ တခြားသူတွေကို) ဖုန်းလိုင်းထဲ/အပြင်လောကမှာ လိမ်ညာခဲ့ရပါသေးတယ်။ (တချို့သော အမှန်တရားများကို မျက်စိမှိတ် ခုခံကာကွယ်ခြင်းမှ လွဲ၍)။ နောက်တခါ … ကျွန်တော့်ရဲ့ ယုံကြည်ချက်၊ အမှန်တရားနဲ့ အိပ်မက်တွေကိုလဲ သတ်ခဲ့ရသေးတယ်။ (ကျွန်တော် မှားမှား၊ မှန်မှန်) ……… က စိတ်ဆိုး အော်ငေါက်ရင်လဲ ကျွန်တော် နာခံရတာပဲ။ ပေါက်ကရတွေ၊ ပျင်းစရာ ဟာသ အဟောင်းအမြင်းတွေ ……… က လျောက်ပြောနေရင်လဲ (ဟုတ်ဟုတ်၊ မဟုတ်ဟုတ်) သည်းခံနားထောင်ရပြန်တာပဲ။ နောက် … ……… စိတ်ကောက်ရင် ကျွန်တော့်ကို ဘာမှ မပြောတော့ဘူး။ အဲဒီအခါကျရင်လဲ သည်းခံရုံတင်မကဘူး၊ ဘာကြောင့် ကောက်သွားတာလဲ၊ ဘာဖြစ်သွားတာလဲကို သိအောင် စုံစမ်းပြီး ချော့ရပါသေးတယ်။ ဒီလိုလုပ်ရတာတွေအားလုံးက ……… ဟာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ချစ်ရသူ ဖြစ်နေလို့ပါပဲ။

တကယ်လို့သာ Exup'ery က နှင်းဆီပန်းဆိုတဲ့ ပုံပြင် ဇာတ်ကောင်ကို သူ့ချစ်သူ ကိုယ်စား ပုံပြင်ထဲ ထည့်သွင်း ရေးသားထားတာ ဖြစ်ခဲ့ရင် သေချာပေါက် ပြောနိုင်တာကတော့ ဒီပြင်သစ် စာရေးဆရာကျော်ကြီးဟာ ကျွန်တော် ……… ကို ချစ်သလောက် သူ့ရဲ့ ချစ်သူကို မချစ်ပါဘူး။