ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Sunday, April 13, 2008

သေခြင်း

လူတော်တော်များများက သေတာကို မေ့နေကြတယ် ။ ကိုယ့်ဘေးက ကိုယ့်သူငယ်ချင်း ဆွေမျိုးသားချင်းတွေ ကြွေလွင့်သွားရင်တောင်မှ အသုဘ လိုက်ပို့ရင်တောင်မှ သေတာနဲ့ ကိုယ်နဲ့မဆိုင်သလို ၊ လားလားမှ မအပ်စပ်သလို လိုက်ပို့ကြတယ် ။ သြော် အပြန်လမ်းမှာတောင် တချို့ တဟီးဟီး၊ တဟားဟား လုပ်တတ်ကြသေးရဲ့ ။

ထူးမြတ်က tag လိုက်လို့ ဒီပိုစ့်ကို ရေးဖြစ်တာ ဆိုပေမဲ့ သေသေချာချာ ရေးပါမယ်လို့ စဉ်းစားထားတယ် ။ ဒီနေ့တော့ နည်းနည်း စိတ်ပါနေလို့ ရေးဖြစ်ပါတယ် ။ ဒါပေမဲ့ ဘယ်လို သေရမယ် စိတ်ကူးယဉ်ကြည့်လို့ မရသေးဘူး ။ ငယ်ငယ်တုန်းကတော့ သူဌေးကြီးဖြစ်ချင်တာနဲ့ ၊ အင်ဂျင်နီယာကြီးဖြစ်ပြီး ဘယ်လို ယာဉ်ကြီးကို တီထွင်တာနဲ့ ၊ သိပ္ပံပညာရှင်ကြီးဖြစ်ပြီး ဓာတ်ခွဲခန်းထဲမှာ ဘယ်လို စမ်းချင်တာနဲ့ စိတ်ရှိတိုင်း စိတ်ကူးယဉ်ပေမဲ့ သေတာကို တခါမှ စိတ်ကူးမယဉ်ဖူးဘူး ။

တွေ့ဖူးတဲ့ ရုပ်ရှင်ထဲက သေတဲ့ ပုံစံတွေ စဉ်းစားကြည့်မိတယ် ။ A Walk to Remember ထဲမှာက မင်းသမီးက သူချစ်တဲ့ မင်းသားနဲ့ အတူအဖော်လုပ်ရင်း အသက်ထွက်သွားတယ် ။ Independent Day ထဲမှာ ဇိုးသမားတစ်ယောက်က သူ့မိန်းမနဲ့ ကလေးတွေ ဓာတ်ပုံကို ကြည့်ရင်း ပုဂံပြားပျံကို ဖင်ဝင်ဆောင့် ... အဲ အဲ ... ပုဂံပြားပျံထဲက Energy Source ကို လေယာဉ်ပျံနဲ့ ထိုးဝင်ဖောက်ခွဲပစ်လိုက်တယ် ။ I, Robot ထဲမှာ ဥာဏ်ရည်တုဆိုင်ရာ သိပ္ပံပညာရှင်ကြီးက တိုက်ပေါ်က ခုန်ချပြီး အရေးတကြီး ကိစ္စတစ်ရပ်ပေါ်နေပြီဖြစ်ကြောင်း မင်းသားကို အသိပေးလိုက်တယ် ။ The Day after Tomorrow ထဲမှာ ၊ Vertical Limit ထဲမှာ သရုပ်ဆောင်တွေ သူငယ်ချင်း တောင်တက်ဖော်တွေအတွက် ကိုယ့်ကြိုးကိုယ် ဖြတ်ချကြတယ် ။ စာရေးသူကရော ဘယ်လို သေမှာလဲ ။

စိတ်ကူးယဉ်တာပဲဟာ ၊ ဖြစ်ချင်တာဖြစ် စိတ်ကူးပစ်လိုက်မယ်ဗျာ ။ ကဲ ကဲ ... စ ပါ ပြီ ။

Princeton ရဲ့ နွေဦးမနက်ခင်း ... ရာသီဥတုက အရမ်းကို သာယာတယ် ။ ကိုလိုနီခေတ်ပုံစံ သိပ်မဆန်တဲ့ ၁၉ ရာစုကတည်းက ဆောက်ထားတဲ့ အိမ်အိုကလေးက ဆေးသုတ်မှန်မှန်သုတ်ပေးတာကြောင့် အရောင်က လွင်နေတုန်းပဲ ။ အိပ်ရေးပျက်နေတဲ့ မျက်နှာနဲ့ အရပ်ရှည်ရှည် အဘိုးကြီးတစ်ယောက် အိမ်ထဲက စာရွက်တွေနဲ့ ချောင်းတဟွပ်ဟွပ်ဆိုးရင်း ပြေးထွက်လာတယ် ။ ကားနားကိုရောက်မှ ပြန်သတိရပြီး အိမ်ဘက်ကိုပြန်ပြေး စာရွက်တစ်ရွက် ပြန်ယူတယ် ။ ပြန်အထွက်မှာ သူနဲ့ ရွယ်တူလောက်ရှိတဲ့ အဘွားကြီးတစ်ယောက်ကိုလဲ အနမ်းလေး ပေးခဲ့သေးတယ် ။

ကားစက်နှိုးတော့ ကားက လွယ်လွယ်ပဲ နှိုးသွားတယ် ။ ဆောင်းတွင်းဆိုရင်တော့ နှိုးရခက်ပေမဲ့ အခုတော့ ဆောင်းကုန်ပြီလေ ။ ငှက်ကလေး ၂ ကောင်၊ ၃ ကောင်လဲ ကားစက်ဖုံးပေါ် နားနေရာကနေ လန့်ပြီးပျံပြေးသွားတယ် ။ ချောင်းဆိုးပြန်တယ် ။ အင်း ... ညကျရင် ဆေးသောက်ပြီးမှ အိပ်ရမယ်လို့ စိတ်ကူးရင်း ကားကို မောင်းထွက်လိုက်တယ် ။

Princeton တက္ကသိုလ်ရဲ့ တစ်ခုသော ခန်းမမှာ သင်္ချာပညာရှင်တွေ (အသုံးချ၊ အင်ဂျင်နီယာဆိုင်ရာ၊ သီဝရီဆိုင်ရာ) နဲ့ ကွန်ပျူတာ သိပ္ပံ ပညာရှင်တွေ (အချက်အလက်အခြေ ၊ ဘာသာစကား ၊ တွက်ချက်ခြင်းဆိုင်ရာ သီဝရီ ၊ Algorithm ၊ ဥာဏ်ရည်တု ... အို ... အစုံပဲ) လည်ပင်းတဆန့်ဆန့် ၊ ခေါင်းတမော့မော့နဲ့ အမျှော်ကြီး မျှော်နေကြတယ် ။ သူတို့အချင်းချင်းလဲ ဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး ငြင်းခုန်နေကြသေးတယ် ။ တချို့ကတော့ ဒီနေ့ ဟောပြောပွဲက ပြန်သွားရင် ဆက်ရှင်းရမဲ့ ၊ ဆက်လုပ်ရမဲ့ ပြဿနာတွေကို တိုးတိုးတိတ်တိတ် စဉ်းစားနေကြတယ် ။

ခဏအကြာမှာ သူတို့ နည်းနည်း လှုပ်လှုပ်ရွရွ ဖြစ်သွားတယ် ။ တချို့က ထိုင်နေရာကနေ ထကြည့်ကြတယ် ။ ထကြည့်သူတချို့ကလဲ အယောင်ယောင်အမှားမှားနဲ့ တံခါးပေါက်ဝဖက်ကို လျှောက်သွားကြတယ် ။ တချို့ကတော့ ထိုင်နေရာကပဲ လှည့်ကြည့်ကြတယ် ။ တချို့ကတော့ အေးအေးဆေးဆေးပါပဲ ... Clay Mathematical Institute က တာဝန်ရှိပုဂ္ဂိုလ်တွေ ရောက်လာတာလေ လို့လဲ ပြောသံကြားလိုက်ရတယ် ။

အရပ်ရှည်ရှည်နဲ့လူက ကားမောင်းလာတာမှာ တလမ်းလုံး ချောင်းတွေဆိုးလာတယ် ။ နောက်တော့ ချောင်းဆိုးရုံတင်မကဘူး ရင်ဘတ်ထဲကပါ အောင့်လာတယ် ။ ဒါပေမဲ့ သူ့ကို တလောကလုံးက မျှော်လင့်နေကြသလိုပဲ ကားကို မရပ်မနား မောင်းလာတယ် ။ ဒီနေ့မှ ရာသီဥတုကလဲ သာယာလိုက်တာ ။ ညနေကျရင် လျှောက်လည်မှပဲလို့ သူတွေးလိုက်သေးတယ် ။ အတွေးမဆုံးခင်မှာပဲ ရင်ဘတ်က အောင့်လာပြန်တယ် ။ မနေ့ညက ညနက်လို့ ဖြစ်မယ် ။ အသက်လဲ ကြီးပြီ ... ဒီနေ့ပြီးရင် အငြိမ်းစားယူတော့မှပဲလို့လဲ တွေးမိသေးတယ် ။ အမှန်ဆို သူအငြိမ်းစားယူသင့်တာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကတည်းက ။

တက္ကသိုလ်ဝင်းထဲရောက်တော့ ခေါင်းက မိုက်ကနဲ ဖြစ်သွားတယ် ။ ဒါပေမဲ့ ကိစ္စမရှိလောက်ပါဘူးဆိုပြီး စာရွက်တွေယူပြီး ခန်းမဆီကို သုတ်သုတ်လျှောက်တယ် ။ လျှောက်ရင်းမောလာတော့ ရင်ဘတ်က ပိုအောင့်လာသလိုပဲ ။ အဲဒါနဲ့ ခဏနားတယ် ။ ဒါလဲ မသက်သာဘူး ။ သူမေ့လဲသွားတယ် ။

တခန်းမလုံးလဲ ဆူညံနေပြီ ။ ဖြီးတာပါကွာဆိုတဲ့ အသံကို ခပ်ငယ်ငယ် ခပ်စွာစွာ ဘွဲ့လွန်ကျောင်းသား တစ်ယောက်ဆီက စကြားရတယ် ။ မဖြစ်နိုင်ပါဘူးဆိုတဲ့ အသံတွေ ပိုဆူညံလာတယ် ။ မစောင့်နိုင်သူတချို့ ခန်းမကို စွန့်ခွာစ ပြုပြီ ။ စောစောက ရုပ်ရုပ်သဲသဲ ကြားထဲက ရောက်လာတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေလဲ နာရီကို ကြည့်ကုန်ကြပြီ ။ တချို့ ကျောင်းသား ကျောင်းသူတချို့က အပြင်ထွက်ပြီး မျှော်တယ် ။ ခန်းမထဲမှာ လူတွေ တဖြည်းဖြည်း လျော့လာတယ် ။ အဲဒီမှာ ...

လူတစ်ယောက် ပြေးဝင်လာတယ် ။ စိတ်အားထက်သန်စွာနဲ့ ထကြည့်ကြတဲ့ လူတချို့ရဲ့ မျက်နှာမှာ စိတ်ပျက်အားလျော့ခြင်း အရောင်တွေ လွှားကနဲ ပြေးသွားတယ် ။ ပြေးလာသူကပြောတယ် ပါမောက္ခကို နှလုံးရောဂါနဲ့ Princeton ဆေးရုံကို တင်ပို့လိုက်ရလို့ ဒီနေ့ ဟောပြောပွဲ ဖျက်လိုက်ကြောင်း ပြောတယ် ။ သူ့မျက်နှာမှာလဲ ချွေးသီးချွေးပေါက်တွေနဲ့ ။ ဘယ်မှာလဲ ၊ ဘယ်လို ဖြစ်တာလဲ စတဲ့ ဘကုန်းမေးခွန်းတွေ ပြောင်းဆန်သွားတယ် ။ နောက်ဆုံးကျတော့ သူလဲကျသွားတယ်ဆိုတဲ့ နေရာကို အမောတကော ပြေးကြတယ် ။

ပြေးပေမဲ့လဲ နောက်ကျသွားပြီ ။ မြက်ခင်းကို ရေဖြန်းတဲ့ ရေပန်းတန်ခိုးနဲ့ ရေစိုနေတဲ့ စာရွက်တွေကို အမှိုက်သိမ်းတဲ့ စည်ပင်ဝန်ထမ်းက တံမြက်စည်းလှည်းနေတယ် ။ ရေစိုနေတော့ စာရွက်တွေက ချက်ချင်းပါမလာဘူး ၊ တချို့လဲ စုတ်ပြဲကုန်တယ် ။ တချို့ကတော့ လေလွင့်ပြီး အနီးက ရေကန်ထဲကို ကျကုန်တယ် ။ ပြေးလာတဲ့ လူအုပ်ကို မြင်တော့ စည်ပင်ဝန်ထမ်းလန့်သွားတယ် ။ ဟိုလူအုပ်ကြီးကလဲ သူ့ကို လက်ညိုးထိုးပြီး အမျိုးစုံ အော်ဟစ်လာတာကိုး ။ လန့်သွားတော့ အမှိုက်တွေမသိမ်းလို့ ဆူတော့မယ်ထင်ပြီး မြန်မြန်လှဲတယ် ။ သူကလှဲလေ ၊ ဟိုလူအုပ်ကြီးက အော်လေ ။

နောက်ဆုံးတော့ ရေကန်ထဲကျသွားတဲ့ စာရွက်ပိုင်းတွေ ရသလောက်ကို လူအုပ်ကြီးထဲက ခပ်ငယ်ငယ် ဘွဲ့လွန်ကျောင်းသား တစ်ယောက်က ဆင်းဆယ်ပါတယ် ။ ကျောင်းသူတချို့ကလဲ အမှိုက်ပုံးထဲ နှိုက်ပြီးတော့ စာရွက်တွေ ပြန်ရလိုရငြား ကြိုးပမ်းကြတယ် ။ လေလွင့်နေတဲ့ စာရွက်တွေကို ခေါင်းပြောင်နေတဲ့ လူကြီးက လိုက်ဖမ်းနေတယ် ။ သူတို့အားလုံး ရတာတွေ စုကြည့်တော့လဲ ၃၊ ၄ ပိုင်းရယ် ။ အဆက်အစပ်က မရှိ ။ အားလုံးရဲ့ စိတ်ပျက် ၊ အားလျော့ ၊ ဒေါကန်နေတဲ့ မျက်နှာကိုကြည့်ပြီး စည်ပင်ဝန်ထမ်းရဲ့ မျက်နှာက ဇီးရွက်ပဲ ရှိတော့တယ် ။

ရလာတဲ့ စာရွက်တွေကို ဆက်ကြည့်တော့ စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာက ၃ ပိုင်းဖြစ်နေတယ် ။ ဘာများရေးထားမလဲလို့ သိချင်ကြတော့ လူကြီးတစ်ယောက်က ဖတ်ပြတယ် ။ ..... and that explains the last anomaly and prove P = NP problem. အားလုံးပဲ တယောက်မျက်နှာ တယောက်ကြည့်ကြပြန်တယ် ။ အဲဒီလူကြီးက ဆက်ဖတ်တယ် ။ Electronic copy of this paper is available at http://lawshay.blogspot.com တဲ့ ။ အားလုံးပဲ မျက်နှာတွေ ၀င်းသွားပြီးတော့ ရေစိုနေတဲ့ မြက်ခင်းပေါ်မှာတင်ထိုင်ပြီးတော့ သူတို့ရဲ့ လက်ဆွဲကွန်ပျူတာတွေကို ဖွင့်ကြတယ် ။ တချို့ကလဲ ကွန်ပျူတာခန်းမ ရှိရာကို ပြေးကြတယ် ။

နောက်တနေ့မနက်မှာ လောရှည်ကို Princeton ဆေးရုံက နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါပြီလို့ ကြေငြာပါတယ် ။ ၃၇ ရက်တိတိ ၀ိုင်းဝန်း စစ်ဆေးကြပြီးတဲ့နောက် Clay Mathematical Institute က လောရှည်ရဲ့ အမွေခံတွေကို ဒေါ်လာ တစ်သန်း ချီးမြှင့်ပါတယ် ။ နောက် ၆ လအကြာမှာ Google က http://lawshay.blogspot.com ကို လာရောက် ကြည့်ရှုသူ များပြားတဲ့အတွက် သီးသန့်ဆာဗာတလုံးကို ရွှေ့ပြောင်းလိုက်ပါတယ် ။ အဲဒီနှစ်အတွက် Alan Turing Award ကို အရှေ့တောင်အာရှက ပညာရှင်တစ်ယောက်က ပထမဆုံးအကြိမ် ဆွတ်ခူးရရှိပါတယ် ။

စိတ်ကူးက စိတ်ကူးပဲ ။ အခုအတိုင်းဆိုရင်တော့ ဆေးရုံမှာ ပိုက်တန်းလန်းနဲ့ သေဖို့ကတော့ အခွင့်အလန်း အများဆုံးပဲ ။ ဇနီးရယ် သားသမီးတွေရယ်၊ သားမက်တွေ ချွေးမတွေရယ် မြေးတွေရယ် တပြုံတပင် ၀ိုင်းရံနေ၊မနေကတော့ မသေချာဘူး ။ အိမ်ထောင်ကလဲ ကျဦးမှ ။ ကျတာတောင် သားသမီးတွေ ထွန်းကားဦးမှ ။ ထွန်းကားတာတောင် ကိုယ်သေတဲ့အချိန်မှာ သူတို့က အိမ်ထောင်ပြုကြဦးမှ ။ ပြုကြတာတောင် သားသမီးတွေ ထွန်းကားလာဦးမှ ။

ဒီပို့စ်ကို ဖတ်မိတဲ့လူတိုင်းကို ပြန် tag ပါတယ် ။ ရေးပေးကြပါ ။ ဘလော့ဂ်မရှိလဲ ဘလော့ဂ်တစ်ခု အသစ်ယူပြီး ရေးကြပါ ။ ဟုတ်ဘူးလား ။ ဆေးရုံမှာ အခန်းကပ်ရပ်လဲ ဖြစ်ချင်ဖြစ်နေမှာ ။

4 comments:

Htoo Myat said...

ဟားဟား... ကျနော့်ထက် အများကြီး ပိုခမ်းနားတယ်ဗျို့...

Han Lynn Kyaw (Ray) said...

haha..When I started out reading the first few paragraphs, the scenes in Final Destination Movie suddenly came to my mind.

I was reading your post thinking that it might end as a sad story. Nice post!

phoeniz said...

"all meeting end with parting ." ဆိုတာလေးကို သတိရသွားမိတယ် ။အချိန်တန်ရင် အရာအားလုံးကို စွန့် လွတ် ခွဲခွာရမှာပါပဲ။ ကိုလောရှည် က တော်တော်အရေးအသားကောင်းတာပဲ။

Mhu Darye said...

အွန် ဖတ်လို့တော်တော် ကောင်းပါတယ်..။ဖတ်သမျှ လူကို ပြန်တက်ခ် ပါတယ် ဆိုတာ တစ်ခုပဲ ပြောစရာ ရှိတာ ..ဟီး။