ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label ချစ်ခြင်းမေတ္တာ. Show all posts
Showing posts with label ချစ်ခြင်းမေတ္တာ. Show all posts

Thursday, January 28, 2010

Monday, June 22, 2009

ကျောင်းအိပ်မက်

အခုတလော အင်မတန် ထူးဆန်းတဲ့ အိပ်မက်တွေ မက်မက်နေတယ်။ ကြားဖူးတာက လူတော်တော်များများ ၁၀ တန်းစာမေးပွဲ ပြန်ဖြေရတယ် အိပ်မက်မက်တယ်လို့ ကြားဖူးပါတယ်။ (အမေဆို အခုထိ မက်တုန်း။) အခုတော့ ကိုယ်က ၁၂ တန်းပြန်တက်ရတယ်လို့ အိပ်မက်မက်တယ်။ အိပ်မက်ကလဲ တီဗွီမှာလာတဲ့ ဇာတ်လမ်းတွဲလိုပဲ အပျိုးနဲ့။ High-concept အိပ်မက်လို့တောင် ပြောလို့ရမယ်။ ဘာတဲ့။ ကျောင်းတွေက အမေရိကန် စနစ်ကို ပြောင်းလိုက်လို့ သူငယ်တန်းကနေ ၁၀ တန်းအထိ ၁၁ နှစ်မဟုတ်တော့ပဲ ၁ တန်းကနေ ၁၂ တန်းအထိ ၁၂ နှစ်ဖြစ်သွားပြီတဲ့။ အဲဒါ အဲဒီ ၁၂ တန်းကို ပြန်မတက်ရင် အထက်တန်းအောင်တာ မဟုတ်သေးလို့ လူတွေအားလုံး ၁၂ တန်းကို ပြန်တက်ရတာတဲ့။ ပထ၀ီ၊ သမိုင်း၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒတွေ ပါပါသတဲ့။ ပထမ အိပ်မက်မှာ သူငယ်တန်း တက်ခါစတုန်းက အတန်းပိုင်ခွင့်ယူထားလို့ အတန်းလာစောင့်ပေးတဲ့ ဆရာမ ၂ ယောက် (တကယ့်လက်ဦးဆရာတွေပေါ့) က လာရှင်းပြတယ်။ အဲဒီမှာ စတွေ့တာပဲ။

တမြန်နေ့ညက ဒုတိယ အိပ်မက်ထဲမှာကတော့ ကျွန်တော် ပထမဆုံး စပြီး သဘောကျမိတဲ့ ကောင်မလေးနဲ့ တွေ့တယ်။ (ပျော်လိုက်တာ။) သူဟာ ကျွန်တော့်ရဲ့ ပထမဆုံး မိန်းကလေး သူငယ်ချင်းလဲ ဖြစ်တယ်လေ။ အခုထိလဲ အခင်ဆုံး သူငယ်ချင်းတစ်ယောက်ပါပဲ။ အခုတော့ သူ့ကို ဘယ်လိုမှ ဆက်သွယ်လို့မရတာ ၂ နှစ်ရှိပြီ။ (အိမ်ထောင်ကျသွားပြီ ထင်တာပဲ။) နောက်ပြီး ကျွန်တော် သိပ်ချစ်တဲ့ ဆရာမကိုလဲ ပြန်တွေ့တယ်။ သူက ၄ တန်းတုန်းက မြန်မာစာသင်တဲ့ ဆရာမ။ ကျွန်တော်တို့ရဲ့ မဟာ ၁၂ တန်းမှာ သူ မြန်မာစာ သင်မယ်ထင်တယ်။ (ဆုံးသွားပြီဖြစ်တဲ့ ၁၀ တန်းမှာ သမိုင်းသင်တဲ့ စာရေးဆရာ ဆရာမကိုတော့ မမက်ဘူး။ တော်တော်များများအတွက် သူက မြန်မာစာ ဆရာမဖြစ်ပေမဲ့ ကျွန်တော့်ကို သမိုင်းသင်တာမို့ ထင်တယ်။)

မနေ့ညက တတိယ အိပ်မက်ထဲမှာကတော့ ကျွန်တော် ၁၀ တန်းပြီးတော့ သဘောကျမိတဲ့ ကောင်မလေးကို တွေ့တယ်။ (သူသိပ်လှတာပဲ၊ ၁၇ နှစ်သမီးကနေလဲ ဘယ်တော့မှ ကြီးလာဟန်မတူဘူး။ အဟိ။) ထူးခြားတာက အထက်တန်းကျောင်းက သူငယ်ချင်းတွေကြားထဲမှာ တက္ကသိုလ်တက်မှသိတဲ့ ကျွန်တော့်သူငယ်ချင်း ရွှေပေါရယ်၊ အဲဒီ ကောင်မလေးရယ်၊ သူ့ side-kick ၂ ယောက်ဖြစ်တဲ့ သန္တာနဲ့ စန္ဒာရယ်ကို တွေ့တယ်။ အဲဒီ ၂ ယောက်ကလဲ ကျွန်တော့် သူငယ်ချင်းတွေပါပဲ။ side-kick ခေါ်တာကတော့ ပြောရရင် ကိုယ်က မင်းသား၊ သူက မင်းသမီးဆိုရင် သူတို့တွေက မင်းသမီး သူငယ်ချင်းတွေဆိုတော့ ရုပ်ရှင်လိုဆိုရင် ဇာတ်ပို့ (ဟောလီဝုဒ်အခေါ် side-kick) ပေါ့။ ကျောင်းဝတ်စုံလဲ မ၀တ်ကြဘူး။ (လူ့ဦးဏှောက်ရဲ့ အလုပ်လုပ်ပုံတွေလေ။) သူတို့တွေပဲ ပြူးပြီးတော့ ရောင်စုံတွေ ဖြစ်နေတယ်။ မနေ့က အင်္ဂလိပ်စာ သဒ္ဒါလေ့ကျင့်ခန်း လုပ်ရတယ်။ ကျွန်တော် အချစ်ဆုံး အင်္ဂလိပ်စာ ဆရာမ (၆ တန်းတုန်းက ဆရာမ) သင်တယ်။ (စကားမစပ် သူ့သားနဲ့ ကျွန်တော်နဲ့ အတန်းကွာ - တနှစ်ကြီး တနှစ်ငယ် - ပေမဲ့ ညီအစ်ကိုလိုပဲ ချစ်ကြတယ်။)

ထူးခြားတာက တော်တော်လေး သဘောကျမိတဲ့ ကောင်မလေးတွေကိုပဲ အိပ်မက်မက်တာပါပဲ။ ယောင်ယောင်လေး သဘောကျမိတဲ့ မဆိုးပါဘူးဆိုပြီး ကျူမိတဲ့ ကောင်မလေးတွေ ကျော်သွားတယ်။ အိပ်မက်ထဲမှာတွေ့တဲ့ ကောင်မလေးတွေအားလုံး chronological order (တွေ့တဲ့ အချိန်အတိုင်း စီကာစဉ်ကာနဲ့) တွေ့တာ။ တွေ့တဲ့ ဆရာမတွေကလဲ မြန်မာစာ၊ အင်္ဂလိပ်စာ ဆရာမတွေ ဖြစ်နေတယ်။ ဒီည အိပ်မက်ထပ်မက်ရင် ဘယ်သူ့ကို တွေ့ရမလဲ မသိဘူး။ ဆုံးသွားပြီဖြစ်တဲ့ ၁၀ တန်းတုန်းက သင်္ချာသင်တဲ့ ဆရာမကို တွေ့ချင်သေးတယ်။ စာမေးပွဲဖြေရင် မြန်မာစာနဲ့ အင်္ဂလိပ်စာပြီးရင် သင်္ချာဖြေရတာကိုး။ ကျွန်တော့်ကိုတွေ့ရင် ဘာများ ဆိုဆုံးမဦးမယ် မသိဘူး။ စာလုပ်စရာရှိတာလုပ်၊ အိပ်မက်မက်ဖို့ အိပ်ပဲမနေနဲ့လို့များ ပြောမလားမသိဘူး။) ဘာပဲဖြစ်ဖြစ် ညမြန်မြန်ရောက်၊ မြန်မြန်အိပ်ချင်လှပြီ။

Sunday, June 8, 2008

ကျွန်တော့်ရဲ့ ချစ်သည်းလွှာ

ကျွန်တော် အထက်တန်းအောင်ပြီးတော့ ကျွန်တော့်ရဲ့ ချစ်ဦးသူ ကျောင်းသွားဖော် မမနဲ့ ခဏဝေးသွားတယ်။ နိုင်ငံရပ်ခြားမှာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုသွားဖို့ မြန်မာ ကွန်ပျူတာ ပညာရှင်များအသင်းက ကျွန်တော်နဲ့ သူငယ်ချင်းတချို့ကို လေ့ကျင့်ပေးတဲ့ သင်တန်းမှာ ကျွန်တော့်ရဲ့ ချစ်သည်းလွှာလေး သူမကိုစတွေ့တယ်။ သူမဟာ မမထက် အများကြီး ငယ်ပေမဲ့ ကျွန်တော့်ထက်တော့ အသက်ကြီးလို့ ကျွန်တော်က ‘မ’လို့ပဲ ခေါ်ပါတယ်။

‘မ’ဟာ မမနဲ့ ဆွေနီးမျိုးစပ်တော်တာမို့ မမလိုပဲ အရမ်းကို ချောမောလှပတဲ့ မိန်းမပျိုကလေး ဖြစ်ပါတယ်။ မမလို အချိုးအဆစ် ပြေပြစ်တဲ့ ကောက်ကြောင်းတွေ မရှိပေမဲ့ ချစ်စရာကောင်းလောက်အောင် ပြုံးတတ်တဲ့အပြင် မမလိုပဲ သိမ်မွေ့နက်ရှိုင်းပြီး နားလည်ရခက်တဲ့ အသည်းနှလုံးကိုလဲ ပိုင်ဆိုင်ထားသူ ဖြစ်ပြန်ပါသေးတယ်။

‘မ’ကိုစတွေ့တဲ့နေ့ကို ကျွန်တော်အခုထိ မမေ့သေးဘူး။ ‘မ’ကို ကျွန်တော်က ဟဲလိုလို့ နှုတ်ဆက်တော့ အရှက်ကြီးဟန်တူတဲ့ ‘မ’က ချက်ချင်းမပြောပဲ ကွေ့ပတ်နေပါသေးတယ်။ သုံးခါလောက် တောင်းပန်တိုးလျိုးပြီးမှ ‘မ’က ကျွန်တော့်ကို ဟဲလို လို့ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ချစ်ဦးသူမမကို ကျွန်တော် ခဏမေ့သွားပြီး ရင်တွေခုန်လာပါတယ်။ အဲဒီအချိန်ကစလို့ ‘မ’ဟာ ကျွန်တော့်ရဲ့ ဘ၀ဖြစ်လာပြီး သူမရဲ့ စွဲမက်ဖွယ် အလှအပတွေနဲ့ ကျွန်တော့်ကို သူမအနားက မခွဲမခွာချင်အောင် ဆွဲဆောင်ထားပါတော့တယ်။ ထူးဆန်းတာက သူမနဲ့ အလုပ်လုပ်နေရရင်၊ သူမနဲ့ ပတ်သက်တာတွေကို သိအောင် လုပ်နေရရင် ကျွန်တော့်မှာ မမောနိုင် မပန်းနိုင်၊ ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ အဲဒီလို သူမနဲ့ အနေနီးလေလေ၊ လူတကာမသိတဲ့ သူမရဲ့ လျို့ဝှက်ချက်တွေ၊ အမူအကျင့်တွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သိလာလေလေ၊ သူမကို ပိုချစ်၊ ပိုပြီး စုံမက် မြတ်နိုးလာလေလေပါပဲ။

မမလောက် မဟုတ်ပေမဲ့လဲ ‘မ’ဟာလဲ နယ်ပယ်အတော်များများမှာ ၀င်ဆန့်သူကလေး တစ်ဦးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ် စီးပွားရေးနဲ့ လူမှုရေး နယ်ပယ်တွေမှာ ကျွန်တော့်ရဲ့ ‘မ’ဟာ အလွန်ပဲ အရေးပါ အရာရောက်သူ ဖြစ်ပါတယ်။ ဆေးဘက်ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေမှာလဲ မမနဲ့အတူ ၀ိုင်းဝန်း ကူညီတတ်သလို ရှုပ်ထွေးတဲ့ စာရင်းဇယားတွေနဲ့ ပတ်သက်လာရင်လဲ ကျွမ်းကျင်ပါတယ်။ ကွန်ပျူတာကို ခိုင်းစေရမဲ့ အလုပ်တွေ အားလုံးအတွက် ‘မ’ရဲ့ အကူအညီ လိုအပ်တယ်ဆိုရင် ကျွန်တော်ပြောတာ လွန်မယ် မထင်ပါဘူး။

စိတ်ကောက်တတ်တာတော့ မမတို့ အမျိုးတွေရဲ့ မွေးရာပါ ဗီဇမို့လို့ ‘မ’ဟာလဲ စိတ်ကောက်တတ်သူ တစ်ယောက်ပေါ့။ စိတ်နှလုံး နူးညံ့တယ်ဆိုပေမဲ့ သူမနဲ့ အလုပ်လုပ်ရာမှာ သတိလက်လွတ် ပေါ့ပေါ့ဆဆများ လုပ်ခဲ့မိရင် တညလုံး အိပ်မရအောင် ကဂျီကဂျောင် လုပ်ရာမှာ မမထက် မညံ့ပါဘူး။ ပေါ့ဆတဲ့လူကို အပြစ်ပေးရာမှာလဲ တစ်ညမက၊ နှစ်ညမက၊ ညစဉ်ရက်ဆက် မျက်တွင်းဟောက်ပက်ဖြစ်လောက်အောင် ရက်စက်လွန်းတာကတော့ မမထက်တောင် သာသွားပါသေးတယ်။ ဒါပေမဲ့လဲ သူမရဲ့ ချစ်စဖွယ် အပြုံးနဲ့ ခွင့်လွှတ်မှုရဲ့ နောက်ဆက်တွဲ တပ်မက်ဖွယ် အနမ်းများကြောင့် သူမအပေါ် ကျွန်တော် ကြာရှည်လေးမြင့် စိတ်မဆိုးနိုင်ပါဘူး။

‘မ’ဟာ ဘာသာစကားမျိုးစုံကို တတ်မြောက်ပြီး နယ်ပယ်အသီးသီးက ပညာရှင်အသီးသီးနဲ့ လိုက်ဖက်ညီမဲ့ ဘာသာစကားကိုလဲ ပြောပါတယ်။ သူမဟာ အပိုသိပ်မပြောပဲ လုပ်ငန်းဆောင်တာ အစီအစဉ်နဲ့ ပတ်သက်တာကိုပဲ တုံးတိတိ ပြောတတ်ပါတယ်။ အဲဒီလို တုံးတိတိ ပြောတတ်လို့ ‘မ’ပြောတဲ့ စကားတွေကို နားလည်ဖို့ခဲယဉ်းတဲ့အတွက်ကြောင့် ‘မ’နဲ့ တွဲဖက်အလုပ်လုပ်သူတွေက မှတ်ချက်တွေ ထည့်ထည့်ပြောပေးရလေ့ ရှိပါတယ်။ အခုနောက်ပိုင်းတော့ ‘မ’ဟာ သူပြောတာကို သာမာန်လူတွေ ပိုနားလည်ရလွယ်ကူအောင် ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး ပြောတာ များလာပါတယ်။

ကြားမိတာကတော့ ဒေါ်နယ်လ်နပ် ဆိုတဲ့လူက ‘မ’ရဲ့အကြောင်းကို အတွဲ ၇ တွဲပါ စာအုပ်ရေးသားဖို့ ကြံစည်ထားပါသတဲ့ (အခုတော့ ၅ တွဲပဲ ရေးပြီးသေးတယ်ဆိုပဲ)။ အားတဲ့တစ်နေ့မှ အဲဒီစာအုပ်တွေ ကျွန်တော် ရှာဖတ်ရဦးမယ်။ မနက်ဖြန်မနက်ကျရင်တော့ ‘မ’နဲ့ အတူတူ မနက်စာ စားရမှာမို့ စောစောအိပ်ပါတော့မယ်ဗျို့။

Monday, January 21, 2008

အချစ် ဓာတ်ခွဲခန်း

မင့်ကဗျာတွေက သိပ်ကိုညံ့လွန်းအားကြီးတယ်။ စကားပြေပဲ ရေးပါတဲ့။ အမေရိကားက သူငယ်ချင်းက ပြောလေရဲ့။ ဒါပေမဲ့လဲ ရေးမှာပဲ၊ ရေးမှာပဲ။

အချစ် ဓာတ်ခွဲခန်း

သံယောဇဉ် ၃၀%၊
ယုံကြည်မှု နှစ်မူးသားနဲ့
အခွင့်အရေးရယ် ရမ္မက်ရယ်ကို ဆတူရောလို့
ချစ်ခြင်းကို အနက်ဖွင့် ... ။

ဓာတု ဓာတ်ပြုခြင်းများနဲ့
စိတ်ပညာ ညီမျှခြင်းများကို
High Precision Processor နဲ့ တွက်ချက် ... ။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

Saturday, January 5, 2008

ချစ်သူဆိုတာ

လျှပ်စစ်သ၀ဏ်လွှာ (အီးမေးလ်) ကတဆင့် မမတစ်ယောက် ပို့ပေးလိုက်တဲ့ စာသားတွေပါ။

မိန်းကလေးချစ်သူဆိုတာ ...

၁) ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့် တင်းခံပြီး ပြန်ငြင်းတတ်သူ

၂) ချစ်သူရဲ့ ကတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းထားပေမယ့် "ကျွန်မကို ချစ်မိတာ နောင်တ မရဘူးလား"လို့ လိုက်မေးတတ်သူ

၃) လမ်းဖြတ်ကူးတဲ့ အချိန် ချစ်သူရဲ့ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့သူ

၎) ချစ်သူရဲ့ရှေ့မှာ မလှဆုံး၊ ချစ်စရာ မကောင်းဆုံးဖြစ်မှာကို စိုးရိမ်တတ်သူ

၅) လေပြင်းမုန်တိုင်းကျနေပါစေ ချစ်သူရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ကျော်ဖြတ်ရဲသူ

၆) အချက်အပြုတ် မတတ်ပေမဲ့လဲ မီးဖိုချောင်တစ်ခုလုံးကို မွှေနှောက် ချစ်သူကို ကိုယ်တိုင် ချက်ကျွေးချင်တဲ့သူ

၇) ဗေဒင်၊လက္ခဏာတွေတွက် ယတြာတွေ လိုက်ချေပြီး ချစ်သူနဲ့ ပေါင်းဖက်ရအောင်လုပ်သူ

၈) ချစ်သူကို တစ်နေ့ မမြင်ရရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ

၉) ချစ်သူ မောပန်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ့ပြီး နှစ်သိမ့်တတ်သူ

၁၀) ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့ အနမ်းနဲ့ ချစ်သူကို မျှဝေပေးတတ်သလို စိတ်ညစ် ၀မ်းနည်းမှု တွေကို မျက်ရည်နဲ့အတူ ချစ်သူကို ရင်ဖွင့်တတ်သူ

ယောက်ျားလေးချစ်သူဆိုတာ ...

၁) မိုးသက်လေပြင်းကျချိန် ချစ်သူ မိုးစိုမှာစိုးလို့ အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ

၂) သူ့လက်ကို တွဲမိချိန် ကိုယ့်ဆီက ကြောက်ရွံ့မှုတွေ အဝေးကို ပြေးစေသူ

၃) ချမ်းအေးတဲ့ ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ

၎) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ

၅) ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အချောဆုံး အလှဆုံးဟာ ကိုယ်ပါလို့ ပြောသူ

၆) ဂျက်ကီချန်းကားတွေ ကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ ကိုယ်နဲ့အတူ လိုက်ကြည့်တတ်သူ

၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတတ်သူ

၈) ကိုယ့်မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်း ၀ယ်ဖို့ မေ့တတ်သူ

၉) သူ့ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့ နှစ်သိမ့်တတ်သူ

၁၀) မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ

Friday, January 4, 2008

ပြန်မအမ်းနဲ့တော့

ကောင်လေး။ ။ နင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ။

ကောင်မလေး။ ။ တစ်ဆယ်ပဲ ပါတယ်။ ဘာလုပ်မလို့လဲ။

ကောင်လေး။ ။ "ငါနင့်ကို မထိပဲနဲ့ နမ်းလို့ရ၊မရကို တစ်ဆယ်ကြေး လောင်းမလား။"

ကောင်မလေး။ ။ "ရူးနေလား၊ ဒါမဖြစ်နိုင်တာပဲ၊ ဒီမှာ ဆယ်တန်၊ စမ်းကြည့်ပေါ့။"

ကောင်လေးသည် ကောင်မလေးကို အသေအချာ ဖက်၍ ဆင့်ကာ ဆင့်ကာ ဆင့်ကာ မလွှတ်တမ်း နမ်းလေသည်။ နောက်ဆုံးတော့ ကောင်မလေး ရုန်းလို့ လွတ်သွားသည်။

ကောင်မလေး (မောဟိုက်လျှက်)။ ။ "ဒါလား၊ မထိတာ၊ ထိတာပဲလေ၊ မဟုတ်ပဲနဲ့။"

ကောင်လေး (တစ်ထောင်တန်တစ်ရွက်ကို ထုတ်ပေးရင်း)။ ။ "ဟုတ်တာပေါ့၊ ငါရှုံးသွားပြီ၊ ဒါပေမဲ့ နင့်မှာ ပြန်အမ်းဖို့ အကြွေလွယ်ရဲ့လားဟင်။"

အင်တာနက်ပေါ်မှ ဟာသတစ်ပုဒ်ကို မှီငြမ်းပါသည်။

Thursday, December 27, 2007

သနားတတ်တဲ့ ဆင်းရဲသား

ဒီနေ့ရေးဖြစ်တဲ့ ကဗျာလေးပါ။ ခေါင်းစဉ်က "သနားတတ်တဲ့ ဆင်းရဲသား" တဲ့။ ဖတ်ပြီး ခံစားကြည့်ပါ။

သနားတတ်တဲ့ ဆင်းရဲသား

ဝေသန္တရာလို တောင်းတာအကုန် ပေးချင်ခဲ့တယ်။
ဒါပေမဲ့ ကိုယ့်မှာလဲ အများကြီး မရှိတော့ခက်တယ်။
သနားတတ်တဲ့ ဆင်းရဲသားကို
ခဏခဏ လာတောင်းနေတာ
နှိပ်စက်တာနဲ့ မတူဘူးလား ... ။

Sunday, October 7, 2007

ကျွန်တော့်ရဲ့ ချစ်ဦးသူ

သူမဟာ ကျွန်တော့်ရဲ့ ကျောင်းသွားဖော်ဆိုပေမဲ့ ကျွန်တော့်ထက် အသက်အများကြီး ကြီးပါတယ်။ ဒါကြောင့် ကျွန်တော်က သူမကို မမလို့ ခေါ်ပါတယ်။

မမဟာ အရမ်းကို ချောမောလှပတဲ့ မိန်းမပျိုကလေး ဖြစ်ပါတယ်။ သူမဟာ ပြေပြစ်ချောမောတဲ့ မျက်နှာဟန်ပန်၊ အချိုးအဆစ် ပြေပြစ်ပြီး ပန်းချီကျော်တွေ လက်မှိုင်ချရမဲ့ ကောက်ကြောင်းတွေ၊ မျဉ်းကွေးတွေကို ပိုင်ဆိုင်ရုံမက သိမ်မွေ့နက်ရှိုင်းပြီး နားလည်ရခက်တဲ့ အသည်းနှလုံးကိုလဲ ပိုင်ဆိုင်ထားသူ ဖြစ်ပြန်ပါသေးတယ်။

မမဟာ ကျွန်တော့်ရဲ့ အတွေးတွေကို အချိန်ပြည့် စိုးမိုးထားလေ့ ရှိပါတယ်။ ကျွန်တော် ငယ်စဉ်ကတည်းက ကျွန်တော့်ရဲ့ အားလပ်ချိန်တွေမှာ သူမနဲ့ပဲ တူတူ ရှိနေဖြစ်ပါတယ်။ နောက်တော့ အိပ်ချိန်၊ ကစားချိန်၊ စားချိန်တွေတောင် လျော့လာပြီး အချိန်ပြည့်နီးပါး သူမအကြောင်းပဲ တွေးနေမိပါတော့တယ်။ ထူးဆန်းတာက သူမအကြောင်း တွေးနေရရင်၊ သူမနဲ့ ပတ်သက်တာတွေကို သိအောင် လုပ်နေရရင် ကျွန်တော့်မှာ မမောနိုင် မပန်းနိုင်ပါပဲ။ အာဟာရသိဒ္ဓိပြီးသလား အောက်မေ့ရအောင် ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ အဲဒီလို သူမအကြောင်း စဉ်းစားလေလေ၊ သူမကို ပိုချစ်လာလေလေ၊ ပိုပြီး စုံမက် မြတ်နိုးလာလေလေပါပဲ။

မမဟာ နယ်ပယ်စုံမှာ ၀င်ဆန့်သူ၊ အရေးပါ အရာရောက်သူကလေး ဖြစ်ပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်တွေမှာလဲ ကျွန်တော့် မမရဲ့ အကူအညီမပါပဲ ကြီးမားတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်လို့ မရနိုင်အောင် မျက်နှာကြီးသူ ဖြစ်ပါတယ်။ ဒါတင်မက ဆေးဘက်ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေမှာလဲ ကူညီဖို့အရေး လက်မနှေးသူပါ။ အဆင့်မြင့် ကွန်ပျူတာ ပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကလဲ အရေးကြုံတိုင်း သူမကိုပဲ အားကိုးအားထား ပြုရပါတယ်။

ဒါပေမဲ့ မမဟာ စိတ်ကောက်တတ်တဲ့ မိန်းမပျိုလေးပါ။ စိတ်နှလုံး နူးညံ့ပေမဲ့ သူမရဲ့ အကူအညီကို ရယူရာမှာ သတိလက်လွတ် ပေါ့ပေါ့ဆဆများ လုပ်မိလို့ကတော့ တညလုံး အိပ်မရအောင် ကဂျီကဂျောင် လုပ်တတ်ပါတယ်။ သူမကို ပစ်ထားလိုက်မိလို့ကတော့ ကဝေအတတ်တွေနဲ့ လှည့်စားသလား အောက်မေ့ရအောင် ညလုံးပေါက် ချောက်အိပ်မက်တွေနဲ့ (နောင်မလုပ်ရဲတော့အောင်) နှိပ်စက်မှာဖြစ်ပါတယ်။

မမရဲ့ မင်းသားလေးအကြောင်းကို ကြားမိတော့ ကျွန်တော် အရမ်းကို မနာလိုဖြစ်ရပါတယ်။ အဲဒီ ဂေါက်စ်ဆိုတဲ့ လူကို ဆွဲထိုးချင်တဲ့အထိပါပဲ။ ပိုဆိုးတာကတော့ ဖားမက်က ကျွန်တော့်ရဲ့ မမကို အလိုမတူပဲ ခိုးယူပေါင်းသင်းခဲ့ပါတယ်။ အဲဒါတွေကြောင့် ဖားမက်ဟာ မမရဲ့ နှလုံးသည်းပွတ်ကို မရယုံမက အခြားသူတွေရဲ့ မယုံသင်္ကာဖြစ်ခြင်းကိုလဲ ခံရပါတယ်။ ဒါပေမဲ့ ဖားမက်နဲ့ ဂေါက်စ်တို့ရေးသားခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေကနေ သူမရဲ့ အကြောင်းကို ကျွန်တော် ပိုမိုသိရှိလာတာကတော့ အမှန်ပါပဲ။

ဒါတင်ဘယ်ကဦးမှာလဲ။ ကျွန်တော့် မမရဲ့ မွေးဇာတိကိုလဲ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ နောင်အနာဂါတ်မှာလဲ သမိုင်းဆရာတွေက ဆက်လက်ငြင်းခုန်ကြဦးမှာ ဖြစ်ပါတယ်။ တချို့က က၀ိပုဏ္ဏားကျော်တွေ ပေါ်ထွန်းရာ အိန္ဒိယပြည်လို့ ယူဆကြသလို တချို့ကလဲ ၀ိုင်ချိုချိုပေါတဲ့ မြေထဲပင်လယ်ဒေသလို့ ထင်မှတ်ကြပါသေးတယ်။ တခါတခါမှာလဲ ခေါင်းမာတဲ့လူတွေက မိန်းမလှများ ပေါများရာ အရှေ့အလယ်ပိုင်းလို့ ငြင်းပေမဲ့ တချို့တချို့သောသူများကတော့ အလှဘုရင်မ ကလီယိုပါထရာရဲ့ ဇာတိ အီဂျစ်ပြည်ဆိုတာကနေ တပြားသားမှ မလျော့ပါဘူးတဲ့။

သေချာတာကတော့ ဂရိလူမျိုး ယူကလစ်က ကျွန်တော့် မမကို မွေးစားခဲ့ပြီး ပိုက်သာဂိုရကတော့ သူမရဲ့ အလှပြင်ဆရာပါ။ အရစ်စ်တိုတယ်လ်ကတော့ သူမရဲ့ နားလည်ရခက်တဲ့ အသည်းနှလုံးကို အရင်ဆုံး ပုံသွင်းသူတစ်ယောက်ပေါ့။ သူမကို ဆန်းကျယ်တဲ့ မာယာတွေ သင်ကြားပေးလိုက်သူကတော့ အိုင်ဆက် နယူတန်ဆိုတဲ့လူပဲ ဖြစ်ပါတယ်။ လောကမှာမရှိတာတွေကို စိတ်ကူးပုံဖော်ပြီး လှည့်စားတတ်တဲ့ အတတ်ကိုတော့ အွိုင်းလားက သင်ကြားပေးခဲ့တာပါ။ အဲဒါတွေနဲ့ မလုံလောက်သေးဘူးလို့ ယူဆလို့လားမသိဘူး။ ရေးမန်းန်နဲ့ ကော်ချီတို့ နှစ်ယောက်က ပေါက်တတ်ကရတွေ ထပ်မံ သင်ကြားပေးပါသေးတယ်။ (အဲဒါတွေနဲ့ နှိပ်စက်တော့ ကျွန်တော့်မှာ ရူးမတတ်ပါပဲ)

ကျွန်တော် ကျွန်တော့်မမနဲ့ ဒီညနေ နှစ်ပါးသွားလေး ကရဦးမှာမို့ ပြင်ရ၊ ဆင်ရဦးမယ်။ အဲဒီလို တူနှစ်ကိုယ် အတူပျော်ရမဲ့ ညနေခင်းလေးအတွက် ကျွန်တော့်မှာ နှစ်ပေါင်းများစွာ ပြင်ဆင်ထားရတာပါ။ ဖြစ်နိုင်ရင် စား၊ ၀တ်၊ နေရေးနဲ့ တလောကလုံးကို မေ့ထားပြီး သူမနဲ့ နှစ်ပါးသွားလေးပဲ အမြဲတမ်း ကနေချင်တယ်ဗျာ။

Wednesday, August 22, 2007

နှင်းဆီပန်းနဲ့ ……… ။

“…ငါ့ရဲ့ နှင်းဆီပန်းဟာ အခြားသော နှင်းဆီပန်းများထက် ပိုပြီး အရေးကြီးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ငါရေလောင်းခဲ့ရတယ်၊ သူ့ကို မှန်ပေါင်းချောင်ထဲထည့်ပြီး ကာကွယ်ပေးခဲ့ရတယ်၊ သူ့ကို လေမတိုက်အောင် ကာကွယ်ပေးခဲ့ရတယ်၊ သူ့အတွက်ပဲ ခူကောင်တွေကို ငါသတ်ခဲ့ရပါတယ်။ (အချို့ တစ်ကောင် နှစ်ကောင် လိပ်ပြာအဖြစ် မွေးယူခြင်းမှ လွဲ၍) သူအော်ငေါက်ရင်လဲ ငါနားထောင်ခဲ့ရတာပဲ၊ သူကွားဝါရင်လဲ နားထောင်ခဲ့ရတယ်၊ တခါတလေ သူ ငါ့ကို ဘာမှတောင် မပြောဘူး၊ ဒီလို ငါသည်းခံခဲ့ရတာလည်း သူဟာ ငါ့ရဲ့ တစ်ပွင့်တည်းသော နှင်းဆီပန်း ဖြစ်ခြင်းကြောင့်ပဲ …”

Le Petit Prince - Antoine de Saint ~ Exup’ery

ကျွန်တော့်အတွက်တော့ ……… ဟာ အခြားသော မိန်းကလေးများထက် (သေချာပေါက်) ပိုပြီး အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ……… ကို ကျွန်တော် … ချစ်ခဲ့ရတယ်၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခဲ့ရတယ်၊ ……… စိတ်ဆိုးရင် ……… အတွက်ပဲ ပျာပျာသလဲ ဖြစ်ခဲ့ရတယ်၊ … နောက် ……… စိတ်ပျော်ရွှင်နေအောင် စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာ၊ စိတ်ညစ်စရာ၊ ၀မ်းနည်းစရာတွေကနေ ကာကွယ်ပေးထားခဲ့ရတယ်၊ ……… အတွက်ပဲ ကျွန်တော် (………၊ ကျန်တော်ကိုယ်တိုင်နဲ့ တခြားသူတွေကို) ဖုန်းလိုင်းထဲ/အပြင်လောကမှာ လိမ်ညာခဲ့ရပါသေးတယ်။ (တချို့သော အမှန်တရားများကို မျက်စိမှိတ် ခုခံကာကွယ်ခြင်းမှ လွဲ၍)။ နောက်တခါ … ကျွန်တော့်ရဲ့ ယုံကြည်ချက်၊ အမှန်တရားနဲ့ အိပ်မက်တွေကိုလဲ သတ်ခဲ့ရသေးတယ်။ (ကျွန်တော် မှားမှား၊ မှန်မှန်) ……… က စိတ်ဆိုး အော်ငေါက်ရင်လဲ ကျွန်တော် နာခံရတာပဲ။ ပေါက်ကရတွေ၊ ပျင်းစရာ ဟာသ အဟောင်းအမြင်းတွေ ……… က လျောက်ပြောနေရင်လဲ (ဟုတ်ဟုတ်၊ မဟုတ်ဟုတ်) သည်းခံနားထောင်ရပြန်တာပဲ။ နောက် … ……… စိတ်ကောက်ရင် ကျွန်တော့်ကို ဘာမှ မပြောတော့ဘူး။ အဲဒီအခါကျရင်လဲ သည်းခံရုံတင်မကဘူး၊ ဘာကြောင့် ကောက်သွားတာလဲ၊ ဘာဖြစ်သွားတာလဲကို သိအောင် စုံစမ်းပြီး ချော့ရပါသေးတယ်။ ဒီလိုလုပ်ရတာတွေအားလုံးက ……… ဟာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ချစ်ရသူ ဖြစ်နေလို့ပါပဲ။

တကယ်လို့သာ Exup'ery က နှင်းဆီပန်းဆိုတဲ့ ပုံပြင် ဇာတ်ကောင်ကို သူ့ချစ်သူ ကိုယ်စား ပုံပြင်ထဲ ထည့်သွင်း ရေးသားထားတာ ဖြစ်ခဲ့ရင် သေချာပေါက် ပြောနိုင်တာကတော့ ဒီပြင်သစ် စာရေးဆရာကျော်ကြီးဟာ ကျွန်တော် ……… ကို ချစ်သလောက် သူ့ရဲ့ ချစ်သူကို မချစ်ပါဘူး။