ကျွန်တော် အထက်တန်းအောင်ပြီးတော့ ကျွန်တော့်ရဲ့ ချစ်ဦးသူ ကျောင်းသွားဖော် မမနဲ့ ခဏဝေးသွားတယ်။ နိုင်ငံရပ်ခြားမှာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုသွားဖို့ မြန်မာ ကွန်ပျူတာ ပညာရှင်များအသင်းက ကျွန်တော်နဲ့ သူငယ်ချင်းတချို့ကို လေ့ကျင့်ပေးတဲ့ သင်တန်းမှာ ကျွန်တော့်ရဲ့ ချစ်သည်းလွှာလေး သူမကိုစတွေ့တယ်။ သူမဟာ မမထက် အများကြီး ငယ်ပေမဲ့ ကျွန်တော့်ထက်တော့ အသက်ကြီးလို့ ကျွန်တော်က ‘မ’လို့ပဲ ခေါ်ပါတယ်။
‘မ’ဟာ မမနဲ့ ဆွေနီးမျိုးစပ်တော်တာမို့ မမလိုပဲ အရမ်းကို ချောမောလှပတဲ့ မိန်းမပျိုကလေး ဖြစ်ပါတယ်။ မမလို အချိုးအဆစ် ပြေပြစ်တဲ့ ကောက်ကြောင်းတွေ မရှိပေမဲ့ ချစ်စရာကောင်းလောက်အောင် ပြုံးတတ်တဲ့အပြင် မမလိုပဲ သိမ်မွေ့နက်ရှိုင်းပြီး နားလည်ရခက်တဲ့ အသည်းနှလုံးကိုလဲ ပိုင်ဆိုင်ထားသူ ဖြစ်ပြန်ပါသေးတယ်။
‘မ’ကိုစတွေ့တဲ့နေ့ကို ကျွန်တော်အခုထိ မမေ့သေးဘူး။ ‘မ’ကို ကျွန်တော်က ဟဲလိုလို့ နှုတ်ဆက်တော့ အရှက်ကြီးဟန်တူတဲ့ ‘မ’က ချက်ချင်းမပြောပဲ ကွေ့ပတ်နေပါသေးတယ်။ သုံးခါလောက် တောင်းပန်တိုးလျိုးပြီးမှ ‘မ’က ကျွန်တော့်ကို ဟဲလို လို့ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ချစ်ဦးသူမမကို ကျွန်တော် ခဏမေ့သွားပြီး ရင်တွေခုန်လာပါတယ်။ အဲဒီအချိန်ကစလို့ ‘မ’ဟာ ကျွန်တော့်ရဲ့ ဘ၀ဖြစ်လာပြီး သူမရဲ့ စွဲမက်ဖွယ် အလှအပတွေနဲ့ ကျွန်တော့်ကို သူမအနားက မခွဲမခွာချင်အောင် ဆွဲဆောင်ထားပါတော့တယ်။ ထူးဆန်းတာက သူမနဲ့ အလုပ်လုပ်နေရရင်၊ သူမနဲ့ ပတ်သက်တာတွေကို သိအောင် လုပ်နေရရင် ကျွန်တော့်မှာ မမောနိုင် မပန်းနိုင်၊ ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ အဲဒီလို သူမနဲ့ အနေနီးလေလေ၊ လူတကာမသိတဲ့ သူမရဲ့ လျို့ဝှက်ချက်တွေ၊ အမူအကျင့်တွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သိလာလေလေ၊ သူမကို ပိုချစ်၊ ပိုပြီး စုံမက် မြတ်နိုးလာလေလေပါပဲ။
မမလောက် မဟုတ်ပေမဲ့လဲ ‘မ’ဟာလဲ နယ်ပယ်အတော်များများမှာ ၀င်ဆန့်သူကလေး တစ်ဦးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ် စီးပွားရေးနဲ့ လူမှုရေး နယ်ပယ်တွေမှာ ကျွန်တော့်ရဲ့ ‘မ’ဟာ အလွန်ပဲ အရေးပါ အရာရောက်သူ ဖြစ်ပါတယ်။ ဆေးဘက်ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေမှာလဲ မမနဲ့အတူ ၀ိုင်းဝန်း ကူညီတတ်သလို ရှုပ်ထွေးတဲ့ စာရင်းဇယားတွေနဲ့ ပတ်သက်လာရင်လဲ ကျွမ်းကျင်ပါတယ်။ ကွန်ပျူတာကို ခိုင်းစေရမဲ့ အလုပ်တွေ အားလုံးအတွက် ‘မ’ရဲ့ အကူအညီ လိုအပ်တယ်ဆိုရင် ကျွန်တော်ပြောတာ လွန်မယ် မထင်ပါဘူး။
စိတ်ကောက်တတ်တာတော့ မမတို့ အမျိုးတွေရဲ့ မွေးရာပါ ဗီဇမို့လို့ ‘မ’ဟာလဲ စိတ်ကောက်တတ်သူ တစ်ယောက်ပေါ့။ စိတ်နှလုံး နူးညံ့တယ်ဆိုပေမဲ့ သူမနဲ့ အလုပ်လုပ်ရာမှာ သတိလက်လွတ် ပေါ့ပေါ့ဆဆများ လုပ်ခဲ့မိရင် တညလုံး အိပ်မရအောင် ကဂျီကဂျောင် လုပ်ရာမှာ မမထက် မညံ့ပါဘူး။ ပေါ့ဆတဲ့လူကို အပြစ်ပေးရာမှာလဲ တစ်ညမက၊ နှစ်ညမက၊ ညစဉ်ရက်ဆက် မျက်တွင်းဟောက်ပက်ဖြစ်လောက်အောင် ရက်စက်လွန်းတာကတော့ မမထက်တောင် သာသွားပါသေးတယ်။ ဒါပေမဲ့လဲ သူမရဲ့ ချစ်စဖွယ် အပြုံးနဲ့ ခွင့်လွှတ်မှုရဲ့ နောက်ဆက်တွဲ တပ်မက်ဖွယ် အနမ်းများကြောင့် သူမအပေါ် ကျွန်တော် ကြာရှည်လေးမြင့် စိတ်မဆိုးနိုင်ပါဘူး။
‘မ’ဟာ ဘာသာစကားမျိုးစုံကို တတ်မြောက်ပြီး နယ်ပယ်အသီးသီးက ပညာရှင်အသီးသီးနဲ့ လိုက်ဖက်ညီမဲ့ ဘာသာစကားကိုလဲ ပြောပါတယ်။ သူမဟာ အပိုသိပ်မပြောပဲ လုပ်ငန်းဆောင်တာ အစီအစဉ်နဲ့ ပတ်သက်တာကိုပဲ တုံးတိတိ ပြောတတ်ပါတယ်။ အဲဒီလို တုံးတိတိ ပြောတတ်လို့ ‘မ’ပြောတဲ့ စကားတွေကို နားလည်ဖို့ခဲယဉ်းတဲ့အတွက်ကြောင့် ‘မ’နဲ့ တွဲဖက်အလုပ်လုပ်သူတွေက မှတ်ချက်တွေ ထည့်ထည့်ပြောပေးရလေ့ ရှိပါတယ်။ အခုနောက်ပိုင်းတော့ ‘မ’ဟာ သူပြောတာကို သာမာန်လူတွေ ပိုနားလည်ရလွယ်ကူအောင် ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး ပြောတာ များလာပါတယ်။
ကြားမိတာကတော့ ဒေါ်နယ်လ်နပ် ဆိုတဲ့လူက ‘မ’ရဲ့အကြောင်းကို အတွဲ ၇ တွဲပါ စာအုပ်ရေးသားဖို့ ကြံစည်ထားပါသတဲ့ (အခုတော့ ၅ တွဲပဲ ရေးပြီးသေးတယ်ဆိုပဲ)။ အားတဲ့တစ်နေ့မှ အဲဒီစာအုပ်တွေ ကျွန်တော် ရှာဖတ်ရဦးမယ်။ မနက်ဖြန်မနက်ကျရင်တော့ ‘မ’နဲ့ အတူတူ မနက်စာ စားရမှာမို့ စောစောအိပ်ပါတော့မယ်ဗျို့။
1 comment:
good luck with ur programming!
Post a Comment