ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label လူမှုရေး သိပ္ပံ. Show all posts
Showing posts with label လူမှုရေး သိပ္ပံ. Show all posts

Thursday, March 11, 2010

လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း ပုံစံသစ်၏ သာဓက တစ်ခု

အမေရိကန် ပြည်ထောင်စုတွင် လူဖြူသီးသန့် စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ ကပွဲခန်းမများ၊ အားကစား ကလပ်များနှင့် အများသုံး ယာဉ်၊ ရထား (ဘတ်စ်ကား စသည်) များစသဖြင့် လူမည်းများကို လူမျိုးရေးအရ ခွဲခြားဆက်ဆံသည့် ခေတ်တစ်ခေတ် ရှိခဲ့ဖူးသည်။ တဖန် ဗြိတိသျှခေတ် မြန်မာနိုင်ငံတွင်လဲ ပထမတန်း (မီးရထား) တွဲများကို လူဖြူသီးသန့်ဟု ကန့်သတ်ခဲ့သဖြင့် ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ရသည်။ လူ့သမိုင်းတလျှောက် ပေါ်ပေါက်ခဲ့မျှ အထက်ပါ လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း (racial discrimination) အားလုံးသည် လူမျိုးစုတစ်စုက ၄င်းတို့နှင့် မတူသည့် အခြားလူမျိုးစုတစ်စုကို နှိမ်ချ ဆက်ဆံမှုများ (inter-racial discrimination) သာ ဖြစ်ကြသည်။ ယခု ပြည်ပရောက် မြန်မာ လူ့အဖွဲ့အစည်းတွင် မြန်မာအချင်းချင်း နှိမ်ချဆက်ဆံတတ်သော အခြင်းအရာတစ်မျိုး ပေါ်ပေါက်လျှက်ရှိသည်ဟု စာရေးသူ သံသယ ဖြစ်မိသည်။ လူမျိုးတူခြင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းကို လူမျိုးတွင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း (intra-racial discrimination) ဟု အမည်တပ်ပြီး ၄င်းသာဓက တစ်ခုကို ယခု စာတမ်းငယ်တွင် ဆွေးနွေးမည် ဖြစ်သည်။

စင်ကာပူနိုင်ငံ Informatics ကျောင်းဝန်းအတွင်းရှိ Prometic စာမေးပွဲ ဌာနသို့ ဖြေဆိုရန်ရှိသော စာမေးပွဲတစ်ခုအတွက် မိတ်ဆွေတစ်ဦးက လွန်ခဲ့သော ရက်သတ္တပါတ်က သွားရောက်စုံစမ်းရာ စာရေးသူ လိုက်ပါသွားခဲ့သည်။ အဆိုပါ ဌာနအတွင်းသို့ စာရေးသူတို့ နှစ်ယောက် မြန်မာလို စကားပြောဆိုရင်း ၀င်သွားကြရာ ကောင်တာတွင် ထိုင်နေသော အမျိုးသမီးက စိတ်မရှည်သော လေသံ၊ မျက်နှာ ၁၀၂၄ ခေါက်ချိုးဖြင့် "Passport Only" တစ်ခွန်းတည်းသာ ပြန်လည် ပြောဆိုပြီး စကားပြောဆိုမှုကို ရိုင်းပျစွာဖြင့် ရပ်လိုက်ပါသည်။ (ရပ်လိုက်ပါသည်ဆိုသည်မှာ နောက်ထပ် စာရေးသူတို့ ဘာပြောပြော ဘာမှ ပြန်မပြောတော့ခြင်းကို ဆိုလိုသည်။) သို့အတွက် စာရေးသူနှင့် စာရေးသူ၏ မိတ်ဆွေ ဒီအတိုင်း ပြန်လာခဲ့ရသည်။ စာရေးသူ၏ မိတ်ဆွေမှ ၄င်းဌာနကို ဖုန်းဆက်သွယ် မေးမြန်းရာတွင်လဲ "I told you, 'passport only'" ဟု ပြန်လည် အော်ဟစ် ဖြေကြားခဲ့သည်။ (တယ်လီဖုန်း ခေါ်ဆို၍ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုရာတွင် ဗြိတိသျှ ကိုလိုနီ ပညာရေးစနစ် လောင်းရိပ်မိခဲ့သော မြန်မာနှင့် ဖိလစ်ပိုင်အများစုသည် အခြား အာရှသား အများစုထက် ပိုမို ယဉ်ကျေးသော အင်္ဂလိပ်စာကို သုံးနှုန်းတတ်ကြသည်။ အင်္ဂလိပ်စကားကို ဒေသသံဝဲ၀ဲနှင့် ပြောဆိုရာတွင် မြန်မာဝဲနှင့် ဖိလစ်ပိုင်တို့၏ စပိန်ဝဲမှာ ခွဲခြားရလွယ်ပါသည်။)

စာမေးပွဲ ဖြေဆိုသည့် နေ့သို့ ရောက်သော်အခါ စာရေးသူလဲ အဆိုပါ မိတ်ဆွေနှင့် ခေတ္တလိုက်ပါသွားခဲ့သည်။ စာရေးသူ သတိထားမိသည်မှာ ၄င်းအမျိုးသမီးသည် စာရေးသူ၏ မိတ်ဆွေ မြန်မာအမျိုးသမီးကို စကားပြောဆိုတိုင်းတွင် အော်ငေါက် ပြောဆိုသလောက် အခြား လူမျိုးခြားများကို ပြောဆိုရာတွင် အတန်ပင် သိမ်သိမ်မွေ့မွေ့ ရှိလှသည်ကို တွေ့ရသည်။ (နှိုင်းယှဉ်ရန်အနေနှင့် အဆိုပါဌာနမှ စင်ကာပူ နိုင်ငံသားဟု ယူဆရသော တရုတ် အမျိုးသမီးသည် မည်သူ့ကိုမဆို ငြင်ငြင်သာသာ သိမ်သိမ်မွေ့မွေ့ ပြောဆိုသဖြင့် စာရေးသူ၏ မိတ်ဆွေကို သူမ အော်ငေါက်နေခြင်းမှာ လုပ်ငန်း လိုအပ်ချက်အရ မဟုတ်ဟု စာရေးသူ ကောက်ချက်ဆွဲသည်။)

တဖန် ကွန်ပျူတာစနစ် အမှားအယွင်းတစ်ခုကြောင့် စာရေးသူ မိတ်ဆွေနှင့် ၄င်းဝန်ထမ်းများ စကား ပြောဆိုရန်ရှိသဖြင့် သူမအား ကူညီရန် စာရေးသူ အနားကပ်သွားသောအခါ ကိုယ်၊ နှုတ် အမူအရာ အားဖြင့် ရိုင်းပျစွာ မောင်းထုတ်ခဲ့သည်။ မြန်မာလူမျိုးများအတွက် စော်ကားရာရောက်သည့် အမူအရာများ ပြသသည့်အတွက် ၄င်းကို မြန်မာ့ယဉ်ကျေးမှုကို မသိသော၊ စိတ်တိုလွယ်သော လူမျိုးခြား တစ်ဦးအဖြစ်သာ စာရေးသူ ထင်ခဲ့မိသည် (၄င်းစကားမ၀ဲပါ)။ ၄င်း၏ လုပ်ဖော်ကိုင်ဖက် တရုတ်အမျိုးသမီးက စာရေးသူအား ယဉ်ကျေးစွာ တောင်းပန်၍ အပြင်ထွက်ခိုင်းပါသည်။

စာရေးသူမိတ်ဆွေသည် ၄င်းကို မြန်မာဘာသာဖြင့် စကားလာပြောသည့်သူကို တွေ့တော့မှ ၄င်းမြန်မာမှန်း ရိပ်မိသည်ဟု တအံ့တသြ ပြန်ပြောပါသည်။ အထက်ပါ ဖြစ်ရပ်အပြီးတွင် အဆိုပါ ဌာနသို့ စာမေးပွဲအတွက် စုံစမ်းရန် သွားရောက်ခဲ့သော အခြား မြန်မာ စကားပြောသူ မိတ်ဆွေများ (စာရေးသူ၏ ယခင် အခန်းဖော် ကရင်လူမျိုး တစ်ဦးအပါအ၀င်) က ၄င်းတို့အားလဲ ရိုင်းပျစွာဖြင့် "Everything is in the web-site" ဟု အော်ထုတ်ကြောင်း၊ ၄င်းတို့ web-site down နေသည်ဟုပင် ပြန်လည် ရှင်းပြ၍ မရပဲ မောင်းထုတ်ကြောင်း လာရောက် ပြောပြဖူးသည်ကို တဆက်တစပ်တည်း အမှတ်ရလာပါတော့သည်။

ထို မြန်မာ အမျိုးသမီး ဘာဖြစ်နေပါသနည်း၊ စာရေးသူ မသိပါ။ စာရေးသူ သိသည်မှာ ၄င်းသည် မြန်မာလူမျိုးများကို ကောင်းစွာ ၀န်ဆောင်မှု မပေး၊ ရိုင်းပြစွာ ဆက်ဆံသည်၊ မတတ်သာ၍ ၀န်ဆောင်မှု ပေးရလျှင် အတတ်နိုင်ဆုံး ရိုင်းပြသော မျက်နှာ၊ ကိုယ်၊ လက် အမူအရာဖြင့် ပေးသည်၊ လူမျိုးခြားများကိုမူကား ကောင်းသော ၀န်ဆောင်မှုကို ယဉ်ကျေးသိမ်မွေ့စွာ ပေးနေသည်။ ၄င်းသည် လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း စစ်စစ်ပင် ဖြစ်တော့သည်။ (ထိုကိစ္စအတွက် လူမျိုးခြားများကို မုန်းတီးရန် မလိုချေ။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့က မြန်မာများကို နှိမ်ပါဟု မတောင်းဆိုသောကြောင့် ဖြစ်သည်။)

အထက်ပါ ဥပမာ အပြင် မြန်မာအချင်းချင်းမှန်း သိသည်နှင့် လမ်းပျောက်နေသည်ကို လမ်းမပြပေးချင်တော့သော သူ၊ ဈေးလျှော့ရောင်းသော ဈေးဆိုင်ကို မပြောပြချင်တော့သော ပစ္စည်းကောင်း၊ ဈေးကောင်းရလာသူ၊ အခွင့်အရေးကောင်းရှိသော အလုပ်တို့ကို တဆင့်စကား မပါးချင်တော့သော သူ (၄င်းတို့ ကိုယ်တိုင်က အဆိုပါ အလုပ်အကိုင်ထက် အဆင့်မြင့်သော နေရာတွင် အလုပ်လုပ်နေသဖြင့် အဆိုပါအလုပ်အား လျှောက်ထားခြင်း မပြု)၊ ကောင်းမွန်သော ၀န်ဆောင်မှု မပေးတော့သော စားသောက်ဆိုင် အမှုထမ်းများ၊ ဈေးရောင်းချသူများ အရောင်းဆိုင် ၀န်ထမ်းများနှင့် အခြား ဧည့်ခံကောင်တာ ၀န်ထမ်းအများအပြားကိုလဲ စာရေးသူ တွေ့ခဲ့ဖူးသည်။ တဖန် သတိထားမိသည်မှာ ၄င်းတို့သည် လူမျိုးခြားများကိုမူကား ကောင်းမွန်စွာ ဆက်ဆံ ပြောဆို ကူညီကြသည်ကို တွေ့ရလေသည်။

လူတိုင်းအား တပြေးညီ ရိုင်းပြနေသည်မှာ မကောင်းသော အခြင်းအရာ ဖြစ်သည်။ လူတိုင်းအား တပြေးညီပင် ကောင်းသော ၀န်ဆောင်မှု မပေးသည်မှာလဲ မကောင်းသော အခြင်းအရာပင် ဖြစ်သည်။ သို့ရာတွင် လူတစ်စုကို ကောင်းသော ၀န်ဆောင်မှုပေးလျှက် အခြားတစ်စုကို ကောင်းသော ၀န်ဆောင်မှု မပေးခြင်းမှာကား လူ့အဖွဲ့အစည်းကို စော်ကားမှု တစ်ရပ်ဖြစ်သော လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းပင်တည်း။

ယခုတင်ပြခဲ့သော မြန်မာအချင်းချင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း သာဓကများ၏ အကြောင်းရင်းကို စာရေးသူ မသိသော်လည်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းသည် လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်သည့် အဆိုးရွားဆုံးသော ရာဇ၀တ်မှု တစ်ရပ်ဖြစ်ပြီး ပြည်ပရောက် မြန်မာ အသိုက်အ၀န်း တနေ့တခြား ကြီးထွားလာသည်နှင့်အမျှ လူမျိုးတွင်း လူမျိုးရေးအရ ခွဲခြား ဆက်ဆံသော အခြင်းအရာသည် ပို၍ အရေးပါလာမည်ဖြစ်သဖြင့် လူမှုရေး သိပ္ပံ ပညာရှင်များအနေနှင့် စနစ်တကျ လေ့လာသင့်သော ကိစ္စတစ်ရပ်အဖြစ် မီးမောင်းထိုးပြလိုက်ရပါသည်။

မှတ်ချက် ။ ။ တယ်လီဖုန်းဝယ်စဉ်က မြန်မာမှန်းသိ၍ စေတနာပါပါနှင့် အသေအချာ လိုက်လံ ရှင်းပြသော (စင်ကာပူနိုင်ငံမှ) ၀န်ထမ်း အဒေါ်ကြီးတစ်ယောက်၊ ကြာဇံကြော်စားချင်သော စာရေးသူ၏ သူငယ်ချင်းအတွက် သူ့ဆိုင်မှာ မရသော ကြာဇံကြော်ကို ကြော်ခိုင်းပြီး ရောင်းပေးသော (မလေးရှား အပန်းဖြေစခန်းတစ်ခုမှ) စားသောက်ဆိုင် ၀န်ထမ်း အစ်မကြီး၊ စာရေးသူတို့ မိသားစုကို အမှတ်တရ ဓာတ်ပုံ ရိုက်ပေးဖူးသော (ဆွစ်) စားသောက်ဆိုင်တစ်ခုမှ စားပွဲထိုး အမျိုးသမီးတို့နှင့် အချို့ မမှတ်မိတော့သော အားလုံးကို တပြေးညီ ဆက်ဆံသည့် မြန်မာ ၀န်ထမ်း အချို့လဲ ရှိကြောင်း ဖြည့်စွက် တင်ပြအပ်ပါသည်။

စာကြွင်း ။ ။ ယခင်တလောက မြန်မာများ (ကွမ်းထွေးသဖြင့်) အိမ်သာဝင်ခွင့်မပြုဟု စားသောက်ဆိုင်တစ်ခုတွင် ဆိုင်းဘုတ်တင်ရာ လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းဟု ဟိုးလေးတကြော်ဖြစ်သွားခဲ့ရသည်။


Sunday, January 11, 2009

ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဆိုရာ၌

ဒီစာတမ်းငယ်လေးကို အမေးလေးနဲ့ စလိုက်ပါရစေ။ မေးပါမည်။ အရွယ်ရောက်ပြီး လူတစ်ယောက်သည် အခြား အရွယ်ရောက်ပြီး လူတစ်ယောက်၏ လွတ်လပ်ခွင့်ကို ထိပါးခြင်းသည် တရားမျှတပါ၏လော။ စာရှုသူဖြေပါ။ အဖြေရခက်နေလျှင် ထပ်မေးပေးပါမည်။ အရွယ်ရောက်ပြီး လူတစ်ယောက်သည် အခြား အရွယ်ရောက်ပြီး လူတစ်ယောက်ကို ဒီဘာသာကို ကိုးကွယ်၊ ဒီအယူအဆကို ယူ၊ ဒီ ယဉ်ကျေးမှုကို လိုက်နာ ကျင့်သုံး၊ ဒီလိုစဉ်းစား၊ ဒီလိုတွေးခေါ်၊ ဒီအ၀တ်အစားကို ၀တ်၊ ဒီအစားအသောက်ကို စား၊ ဒီအနုပညာကို ခံစား စသဖြင့် အတင်းအကျပ် စေခိုင်း ညွှန်ကြားခွင့် ရှိပါသလား။ တနည်း သြဇာပေးခွင့် ရှိပါသလား။

တရားမမျှတပါ၊ ခွင့်မရှိပါဟု ဖြေဆိုလျှင် စာရှုသူနှင့် စာရေးသူ ရင်ခုန်သံချင်း ထပ်တူကျပေပြီ။ (တရားမျှတပါ၏ဟု ဖြေဆိုသူများအားလဲ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ပေးပါ၏။) အရွယ်ရောက်ပြီးသူ မည်သူကမျှ အခြား အရွယ်ရောက်ပြီး သူတစ်ယောက်ကို သြဇာပေးခွင့်မရှိပဲ အရွယ်ရောက်ပြီးသူတိုင်း (အခြားသူများကို မထိခိုက်သမျှ - ဥပမာ လူသတ်ခြင်း၊ ခိုးဆိုး လုယက် တိုက်ခိုက်ခြင်း စသည့် ရာဇ၀တ်မှုများကို ကျူးလွန်ခြင်းမရှိသမျှ) မိမိနှစ်သက်ရာကို လုပ်ကိုင် ဆောင်ရွက်နိုင်ခွင့်၊ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် ရှိပါသည်။

သို့ဆိုလျှင် မေးခွန်းကို အနည်းငယ် ပြောင်းမေးပါမည်။ အရွယ်ရောက်ပြီးသူ တစ်ယောက်သည် အခြား အရွယ်ရောက်ပြီးသူတစ်ယောက်ကို မည်သည့် အကြောင်းပြချက်ဖြင့်/မည်သည့် အခြေအနေ (အာဏာပိုင်အဖွဲ့အစည်းတို့က ရာဇ၀တ်မှု ဥပဒေများအရ ဆောင်ရွက်မှုများမှအပ) တွင် သြဇာပေးခွင့် ရှိပါသနည်။ ဥပမာအားဖြင့် လူတစ်ယောက်သည် အခြားလူတစ်ယောက်ထက် ငွေကြေး ပိုမို ချမ်းသာသောကြောင့် ငွေကြေး မပြည့်စုံသူကို ဒီအစားအစာကို ကြိုက်ပါဟု သြဇာပေးနိုင်ပါသလား။ သို့မဟုတ် လူတစ်ယောက်သည် တောင်ပေါ်ဒေသတွင် မွေးသဖြင့် မြေပြန့်တွင်မွေးသောသူကို ဒီဂီတကိုပဲ နားထောင်ဟု အတင်းအကျပ် စေခိုင်းနိုင်ပါသလား။ မည်သည့် အကြောင်းပြချက်ဖြင့်/ မည်သည့် အခြေအနေတွင် ထိုသို့ ပြုလုပ်နိုင်ပါသနည်း။

တရားနည်းလမ်းကျကျ ပြောရလျှင် မည်သည့် အကြောင်းပြချက်နှင့်မျှ မည်သည့် အခြေအနေတွင်မျှ မပြုလုပ်နိုင်သင့်ပါ။ သို့ရာတွင် ကမ္ဘာတ၀ှမ်းရှိ လူတို့သည် အကြောင်းပြချက်တခုကြောင့် အခြားသူတို့၏ သြဇာ လွှမ်းမိုးခြင်းကို ခံနေရသည်။ ထိုအကြောင်းပြချက်မှာ ထိုသူတို့သည် လူ့လောကအတွင်းသို့ နောက်ကျ၍ မွေးဖွားလာခြင်းကြောင့် ဟူ၏ ။ ထိုသို့ဖြစ်ရခြင်းသည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နှင့် လောကပါလတရားများသည် အချိန်ကာလတလျှောက် ဖြန့်ကျက်နိုင်ခြင်း (temporal extension) မရှိပဲ အာကာသတလျှောက်သာ (spatially existed) တည်ရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

ဥပမာ ပေးပါမည်။ လူနှစ်စုတို့သည် ပထ၀ီအနေအထားအရ သီးခြားစီဖြစ်သော မြေနေရာတို့တွင် တချိန်တည်းတွင် နိုင်ငံထူထောင် နေထိုင်ကြပါက တစုက အခြားတစုကို နိုင်ငံတော် အမှတ် တံဆိပ်အဖြစ် ဘယ်ဟာကို သတ်မှတ်ပါ၊ အခွန်ကို ဘယ်လိုကောက်ပါ၊ တရား ဥပဒေကို ဘယ်လို ပြဌာန်းပါ၊ ဘယ်လို အစဉ်အလာတွေကို လက်ခံကျင့်သုံးပါဟု အမိန့်ပေး စေခိုင်း၍မရ၊ ပြုလုပ်ပါကလဲ နာခံမည်မဟုတ် (ဥပမာအားဖြင့် အမေရိကန် သမ္မတက မြန်မာတို့ကို နှစ်တစ်နှစ်၏အစကို ဇန်န၀ါရီတွင် သတ်မှတ်ပါဟု အတင်းစေခိုင်းသကဲ့သို့ ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် အခန့်မသင့်လျှင် စစ်မက်ပင် ဖြစ်ပွားနိုင်လေသည်။) ၄င်းသည် အာကာသတလျှောက် (ပထ၀ီ မြေအနေအထားအရ) ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း၊ လွတ်လပ်ခွင့် ရှိခြင်း ဖြစ်၏ ။

သို့ရာတွင် အဆိုပါလူနှစ်စုတို့သည် ပထ၀ီအနေအထားအရ တနေရာတည်းတွင် အချိန်ကာလ မတူညီပဲ နိုင်ငံထူထောင် နေထိုင်ကြပါက (ပိုစောသော) တစုက ပြဌာန်းခဲ့သော နိုင်ငံတော် အမှတ်တံဆိပ်၊ အခွန်ကောက်ခံပုံ၊ တရားဥပဒေ၊ အစဉ်အလာ တို့ကို အခြား (နောက်ကျသော) တစုက အလိုအလျောက် လက်ခံကျင့်သုံးရမည်သည် ဖြစ်သည်။ (ဥပမာအားဖြင့် ရှေးမြန်မာမင်း အဆက်ဆက်တို့က တန်ခူးလတွင် သင်္ကြန်ပွဲ ကျင်းပခဲ့သဖြင့် ယခုထိတိုင် ဧပြီလတွင် သင်္ကြန်ပွဲ ကျင်းပနေရသကဲ့သို့ ဖြစ်သည်။ ယခုခေတ် လူတို့ သင်္ကြန်ပွဲ ကျင်းပလိုခြင်းရှိမရှိ မည်သူကမျှ လာရောက်မေးမြန်း ဆန္ဒခံယူမည်မဟုတ်။)

နောက်ဥပမာ တရပ်အနေနှင့် ဖလော်ရီဒါ ပြည်နယ်တွင် အိမ်ထောင်မရှိသော အမျိုးသမီးများ တနင်္ဂနွေနေ့တွင် လေထီးမခုန်ရဟု ခပ်ကြောင်ကြောင် ဥပဒေတရပ် ပြဌာန်းထားရှိရာ အဆိုပါ ပြည်နယ်တွင် သမိုင်းတလျှောက် မှီတင်း နေထိုင်ခဲ့ကြသော လူအများစုက မနှစ်သက်သော်လည်း အဆိုပါ ဥပဒေကို ရေးဆွဲ ပြဌာန်းစဉ်က ရှိခဲ့သော ပြည်နယ်သား အများစုက နှစ်သက်ခဲ့ပါက အဆိုပါ ဥပဒေသည် အတည် ဖြစ်နေပေမည်။ (ဥပဒေ အတည်ဖြစ်ရန် လွှတ်တော်အမတ်များကသာ မဲခွဲကြခြင်းဖြစ်သည်။) အနာဂါတ်တချိန်တွင် အမျိုးသမီးငယ်တို့သည် သူတို့နှင့် သူ့တို့၏ အဖေ၊ အဘိုးနှင့် အဘေးများ ရွေးကောက်ခဲ့သော လွှတ်တော်အမတ်များ မဲပေးဖို့မပြောနှင့်၊ ဆွေးနွေးခဲ့ခြင်းပင် မရှိသော ဥပဒေအရ ရာဇ၀တ်မှုနှင့် ရုံးတင်ခံရပေမည်။ ၄င်းသည် တရားပေသလော။

အချိန်ကာလအလိုက် ပြောင်းလဲနေသော လိုအပ်ချက်တို့အရ ဥပဒေတို့ကို ပြင်ဆင်/ပယ်ဖျက်နိုင်သည်ဟု ဆိုသော်လည်း မည်သည့် လွှတ်တော်အမတ်က ဘယ်ဥပဒေကို ပြင်လျှင်ကောင်းမည်နည်းဟု နေ့စဉ် စာအုပ်လှန်ကာ ရှာဖွေ နေမည်နည်း။ ပိုကောင်းသည်မှာ လက်ရှိဥပဒေများကို ပြည်နယ်သားများ ကြိုက်/မကြိုက် အချိန်မှန် (နေ့စဉ်၊ အပါတ်စဉ်၊ လစဉ် စသဖြင့်) မဲပေးဆုံးဖြတ်ရန် ဖြစ်သည်။ သို့ရာတွင် ရှိသမျှ ပုဒ်ထီး၊ ပုဒ်မတွေကို လက်ရှိ ပြည်နယ်သားများ နှစ်သက်/မနှစ်သက် နေ့စဉ်နေ့တိုင်း ဘယ်လို မဲခွဲနိုင်မည်နည်း။ နှစ်စဉ်ပင် မဖြစ်နိုင်။ တဖန် ဥပဒေကို ပြင်ဆင်/ပယ်ဖျက်နိုင်ခွင့် ရှိသော်လည်း ဥပဒေ မဟုတ်သည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို မည်သို့လုပ်မည်နည်း။

ဖြေရှင်းနည်း တရပ်မှာ ပညာပေး သင်ကြားခြင်း (education) ဖြစ်သည်။ လူတို့သည် မွေးလာသည်မှ စတင်၍ ကလေးငယ်ကို မိဘတို့ကိုးကွယ်သော ဘာသာတရားအကြောင်း၊ မိဘဆွေမျိုးတို့ တွေးခေါ်ပုံ အယူအဆ၊ မိဘတို့နှင့် နေထိုင်ရာ ဒေသ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ၀တ်ရမည့် အ၀တ်အစား၊ စားသင့်သည့် အစားအသောက် စသည်တို့ကို ကြိုက်နှစ်သက်အောင် သင်ကြားခြင်း (educate) ခံရလေသည်။ ကလေးငယ်မှာ ရွေးချယ်ခွင့် မရှိ၊ ၄င်းတို့ကိုပင် ကြိုက်နှစ်သက်ရသည်။ ဤနည်းဖြင့် ကလေးငယ်သည် ကိုယ်ကြိုက်သည်ကို လက်ခံကျင့်သုံးရပြီး ပြန်လှန် မေးခွန်းထုတ် စောဒကတက်ခြင်း မရှိတော့။ (တနည်းအားဖြင့် ကိုယ်လက်ခံကျင့်သုံးရမည်ကို မကြိုက်ဘူးဆိုတာ မရှိနိုင်တော့။)

သို့ပေသော်ငြား အထက်ပါ ဖြေရှင်းနည်းသည် အခြားပြဿနာတရပ်ကို ခေါ်လာပြန်သည်။ အဆိုပါ လူတို့သည် သူတို့ငယ်စဉ်ကပင် သင်ကြားပေးခံရသော ဘာသာတရား၊ ယဉ်ကျေးမှု၊ အစဉ်အလာ ဓလေ့ ထုံးစံတို့ကိုသာ ကြိုက်နှစ်သက်သဖြင့် ၄င်းတို့ ပပျောက်သွားမည်ကို ကြောက်ရွံ့လာကြသည်။ အကြောက်တရားမှတဆင့် မတူညီသော အရာတို့ကို မုန်းတီးလာပြီး ပပျောက်စေချင်လာကြသည်။ (Star Wars ထဲကလို ရေးကြည့်တာ။) ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်နိုင်ခြင်းမရှိပဲ စစ်မီးလျှံများ တခြိမ်းခြိမ်း တောက်ကာ လူသားများထက် ပိုမိုလူသားဆန်သော လူ့အဖွဲ့အစည်းနှင့် ဝေးသထက် ဝေးလေတော့သည်။

အချုပ်အားဖြင့်ဆိုလျှင် အချိန်သည် အတိတ်သို့ နောက်ကြောင်းပြန်၍လဲ မရ၊ အနာဂါတ်သို့ ခရီးနှင်၍လဲ မရသဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် အချိန်ကာလတလျှောက် မျှတစွာ တည်ရှိနိုင်မည် မဟုတ်။ သန်းခြောက်ထောင်သော လူတို့၏ သဘောထားကို ထင်ဟပ်နိုင်စေရန် ဥပဒေတို့ကို အချိန်နှင့် တပြေးညီ ပြင်ဆင်ရန်မှာလဲ လက်ရှိနည်းပညာ အဆင့်အတန်းဖြင့် မဖြစ်နိုင် (၄ နှစ်တကြိမ်စသဖြင့် အနီးစပ်ဆုံးသာ ရမည်)။ ဓလေ့ထုံးတမ်းတို့မူကား မမွေးမီကပင် လူတိုင်းအတွက် ရွေးနှင့်ပြီး ဖြစ်တော့သည်။ သို့ဆိုလျှင် လူသားများထက် ပိုမို လူသားဆန်သော လူ့အဖွဲ့အစည်းသို့ သွားရောက်ရန်မှာ အတော်ပင် ခက်ခဲသော ကိစ္စတစ်ရပ် ဖြစ်နေသေးကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပက္ခာစသော ဗြဟ္မစိုရ်တရားများဖြင့် လူသားများထက် ပိုမို လူသားဆန်သော လူ့အသိုက်အ၀န်းသို့ အလျှင်အမြန် ရောက်ရှိနိုင်ကြပါစေ။

Thursday, July 31, 2008

စိန့်ပီတာစဘတ် ၀ိရောဒိ

ခေါင်းပန်းလှန်တမ်း ကစားကြရအောင်။ ပထမ စစချင်းမှာ ဒိုင်က ပိုက်ဆံ ၁ ကျပ်လောင်းပါမယ်။ ခေါင်း (Head) ကျရင် စာရှုသူက ပိုက်ဆံ ၁ ကျပ် ရပါမယ်။ ကစားပွဲလဲ ပြီးပါမယ်။ တကယ်လို့ ပန်း (Tail) ကျသွားရင်တော့ ဒိုင်က ပိုက်ဆံ ၂ ကျပ် (အရင်တခါ လောင်းထားတဲ့ ပမာဏကို ၂ နဲ့ မြှောက်ပြီး) လောင်းပါမယ်။ ခေါင်းကျရင် စာရှုသူ ပိုက်ဆံ ၂ ကျပ်ရပါမယ်။ ပန်းကျရင်တော့ ဒိုင်က ပိုက်ဆံ ၄ ကျပ် (အရင်တခါ ၂ ကျပ်ကို ၂ နဲ့ မြှောက်ပြီး) လောင်းပါမယ်။ အဲဒီလိုနဲ့ ပန်းမကျမချင်း ဆက်လောင်းသွားမှာ ဖြစ်ပါတယ်။ ဒီကစားပွဲကို စာရှုသူ ကစားရမယ်ဆိုရင် ၀င်ကြေး ဘယ်လောက် ပေးမှာလဲ။ (ဒါမှမဟုတ် ၀င်ကြေးကို ဘယ်လောက် သတ်မှတ်သင့်သလဲ။)

ပထမဆုံး ဖြစ်တန်စွမ်း သီဝရီအရ မျှော်မှန်းတန်ဖိုး (Expected value) E ကို တွက်ကြည့်ရအောင်။

E = (½) x 1 + (½ x ½) x 2 + (½ x ½ x ½) x 4 + (½ x ½ x ½ x ½) x 8 + …

E = Sum(k = 1 to infinity) (½)k x 2(k-1) = infinity

မျှော်မှန်းတန်ဖိုးဟာ အကန့်အသတ်မရှိကို ပြန့်ကားထွက်သွား (diverge) ပါတယ်။ အဓိပ္ပါယ်ကတော့ ကစားပွဲ တစ်ပွဲစီတိုင်းမှာ စာရှုသူရမဲ့ (နိုင်မဲ့) ပိုက်ဆံက အကန့်အသတ်မရှိပါတဲ့။ မျှော်မှန်းတန်ဖိုးဆိုတာက ဖြစ်တန်စွမ်းဆိုင်ရာ ဖြစ်စဉ် (Probabilistic event) တစ်ခုကို အခေါက်ပေါင်းများစွာ ဖြစ်စေရင် ပျမ်းမျှအားဖြင့် ရလာမဲ့ တန်ဖိုးပါတဲ့။ အဆုံးသတ် ကောက်ချက်ချတော့ ၀င်ကြေးဟာ ဘယ်လောက်ပဲ ဖြစ်ဖြစ် ဒီကစားပွဲကို ကစားဖို့ တယောက်ယောက်က ဖိတ်ခေါ်ခဲ့ရင် စာရှုသူ မကစားပဲ မနေပါနဲ့။ ကစားကို ကစားပါ။ ရေရှည်မှာ စာရှုသူဘက်က အသာချည်းပါပဲလို့ အဖြေထွက်လာပါတယ်။

ဒီအဆို ဘယ်လောက်မှန်နိုင်လဲ စဉ်းစားကြည့်ရအောင်။ ဒီပြဿနာကို နီကိုးလပ်စ် ဘာနောလီးက ထောက်ပြကတည်းက ဒီလိုကစားရင် စာရှုသူဘက်က ဂိန်ကို ဂိန်မယ်ဆိုတာ လူတွေက သိပါသတဲ့။ ဒါပေမဲ့ သင်္ချာနည်းနဲ့ အဖြေထုတ်တော့ စာရှုသူဘက်က ပွပေါက်တိုးပြီလို့ အဖြေထွက်နေတယ်။ ဖြစ်တန်စွမ်း သီဝရီကို မြောင်းထဲပို့ရတော့မလား။ ဒီပြဿနာကို စိန့်ပီတာစဘတ် ၀ိရောဒိလို့ ခေါ်ပါတယ်။

စိန့်ပီတာစဘတ် ၀ိရောဒိကို အမျိုးမျိုး အဖြေထုတ်ခဲ့ကြပါတယ်။ သင်္ချာပညာရှင် အများစု လက်ခံထားတာကတော့ မျှော်မှန်း အသုံးကျမှု သီဝရီ (Expected Utility Theory) ရဲ့ ရှင်းချက်ပါ။ (စာရေးသူ နားမလည်ပါ။ ဖတ်ဖို့လဲ အချိန်မရှိလို့ပါ။) ဒါကြောင့် စာရေးသူပိုပြီး အကျွမ်းတ၀င်ဖြစ်တဲ့ ဖြစ်တန်စွမ်း ချိန်ဆခြင်း (Probability Weighing) နဲ့ ရှင်းပြပါမယ်။ (ဒီနေရာမှာ စီးပွားရေး ပညာရှင်တချို့က ဒီကစားပွဲမှာ ဒိုင်ဘက်က နာဖို့ချည်းသေချာနေတာကြောင့် ဘယ်ဒိုင်မှ ဒါမျိုး ပေးလောင်းမှာမဟုတ်တဲ့အတွက် အဖြေရှာစရာလဲ မလိုဘူးလို့ ရှင်းကြပါသေးတယ်။ စာရေးသူ သိပ်သဘောမကျပါ။)

ဖြစ်တန်စွမ်း ချိန်ဆခြင်းအရ စာရှုသူ အနိုင်ရမဲ့ ဖြစ်ရပ်ရဲ့ ဖြစ်တန်စွမ်းကိုပဲ ဦးတည်တွက်ချက်ပါမယ်။ ကစားပွဲကို ကစားဖို့ စာရှုသူဟာ ပိုက်ဆံ n ကျပ် (၃၂ ကျပ်လို့ထားပါ) ပေးရတယ်ဆိုပါတော့။ ဒါဆိုရင် ၁ ကျပ်၊ ၂ ကျပ်၊ ၄ ကျပ်၊ … ၊ n ကျပ် (၃၂ ကျပ်) ပဲ ပြန်ရရင် မကိုက်ပါဘူး။ (စာရှုသူဘက်က အရေးမသာပါဘူး။) အဲဒါကို ၁ ထဲကနေ ၁ ကျပ်၊ ၂ ကျပ်၊ ၄ ကျပ်၊ … ၊ n ကျပ်ရမဲ့ ဖြစ်တန်စွမ်းတွေကို နှုတ်ပြီး အောက်ပါအတိုင်း တွက်ရမှာဖြစ်ပါတယ်။

P(You win when you bet n) = 1 – P(1) – P(2) – P(4) - … - P(n) = 1 – P(H…) – P(TH…) – P(TTH) - … - P(Tlog(n)H) = 1 - Sum(k = 1 to n) P(Tlog(k)H)

P(You win when you bet n) = 1 - Sum(k = 1 to log(n)+1) ½k = ½log(n)+1

သေချာသတိထားကြည့်ရင် n ဟာ အကန့်အသတ်မရှိ ကြီးလာတာနဲ့အမျှ စာရှုသူဘက်က နိုင်မဲ့ ဖြစ်တန်စွမ်းဟာလဲ သုညနီးပါး ငယ်သွားတာကို တွေ့နိုင်ပါတယ်။ (၂ ကျပ်ဖိုးလောင်းရင် နိုင်ဖို့အခွင့်အလမ်းက ၄ ပုံ ၁ ပုံ ရှိပေမဲ့ ၃၂ ကျပ်ဖိုးလောင်းရင်တော့ နိုင်ဖို့အခွင့်အလမ်းက ၆၄ ပုံ ၁ ပုံ ပဲဖြစ်သွားပါပြီ။) ဒီဝိရောဒိက ပေးတဲ့ သင်ခန်းစာကတော့ မျှော်မှန်းတန်ဖိုးတစ်ခုတည်းကိုပဲ ကြည့်ပြီး နေရာတကာ ဆုံးဖြတ်ချက်ချလို့ မရကြောင်းပါပဲ။ တခါတလေမှာ မျှော်မှန်းတန်ဖိုးဟာ စုဆုံခြင်း (convergence) မဖြစ်တဲ့အခါမှာ ဒီလိုမျိုး ၀ိရောဒိတွေ ပေါ်ပေါက်လာတတ်ကြောင်း ရေးသားရင်း စိန့်ပီတာစဘတ် ၀ိရောဒိအကြောင်း ဆောင်းပါးငယ်ကို နိဂုံးချုပ်အပ်ပါတယ်။ စာရှုသူတို့အားလုံး ဖြစ်တန်စွမ်းသီဝရီကို အသုံးချလို့ လောဘသား လူလိမ်လူညာတို့ရဲ့ လိမ်လည်လှည့်စားခံရခြင်းဘေးမှ ကင်းဝေးပါစေ။

၁၇၂၆ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဆုံးပါးသွားတဲ့ နီကိုးလပ်စ် ဘာနောလီးကို ဒီဆောင်းပါးငယ်နဲ့ ဂုဏ်ပြုပါတယ်။

Tuesday, May 20, 2008

မိတ္တဗလ ဋီကာ

၂၀၀၄ ခုနှစ် နှစ်လယ်လောက်မှာ စာရေးသူ စာအုပ်တစ်အုပ် ဖတ်ရပါတယ်။ လူသန်းပေါင်းများစွာရဲ့ ဘ၀ကို ပြောင်းလဲစေသူ စာရေးဆရာ/ဘ၀နေနည်း သင်ကြားသူ ဒေးလ်ကာနက်ဂျီရဲ့ How to Win Friends and Influence People ဆိုတဲ့ စာအုပ်ပါ။ ၁၉၃၆ ခုနှစ်မှာ ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့ပြီး တကမ္ဘာလုံးမှာ အုပ်ရေ ၁၅ သန်းကျော် ရောင်းချပြီးတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ ထင်တာတွေ လျှောက်ရေးထားတာ မဟုတ်ပဲ တကယ့်လက်တွေ့မှာ အသုံးတည့်ကြောင်းကို စာရေးဆရာ (ဒေးလ်ကာနက်ဂျီ) က ဥပမာတွေ အများအပြားပေးလို့ ရေးသားထားပါတယ်။ စာရေးသူ (လောရှည်) ကိုယ်တိုင် စမ်းသပ်ကြည့်ရာမှာလဲ ဒီစာအုပ်ပါ နည်းလမ်းများဟာ ထိရောက်တယ်လို့ တွေ့ရှိရပါတယ်။ စာအုပ်ပါနည်းလမ်းများရဲ့ အသုံးဝင် ထိရောက်နိုင်စွမ်းကို တိုင်းတာဖို့ နောက်ထပ် စမ်းသပ်မှု တချို့လုပ်ဖို့ ဆက်လက် စဉ်းစားနေပါတယ်။

ဒီစာအုပ်မှာ အပိုင်း ၄ ပိုင်းပါပြီး တပိုင်းစီရဲ့ အနှစ်ချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အပိုင်း (၁) လူသားများကို ကိုင်တွယ်ခြင်း

၁။ ဝေဖန်၊ အပြစ်တင်၊ အပြစ်ဆို၊ စောဒကတက်ခြင်းကို ရှောင်ကြဉ်ပါ။
၂။ ရိုးရိုးသားသား အမှန်အတိုင်း (ဖားတာ၊ မျက်နှာလုပ်တာ မပါပဲ) ချီးကျူးပါ။
၃။ တခြားသူ၏ ဆန္ဒကို သိမြင်ပါ။

အပိုင်း (၂) လူတွေ သင့်ကို နှစ်သက်စေရန် လုပ်နည်း ၆ မျိုး

၁။ သင့်မိတ်ဆွေများ၏ ပြဿနာနှင့် လိုအင်တို့ကို သိပါ၊ စိတ်ဝင်တစား ဂရုတစိုက်ရှိပါ။ သင့်စေတနာကို ပြသပါ။ (အပိုင်း ၁၊ အခန်း ၃ နှင့် ခပ်ဆင်ဆင်တူသည်။)
၂။ ပြုံးပါ။
၃။ သင့်မိတ်ဆွေများ၏ အမည်ကို မမေ့ပါစေနဲ့။
၎။ များများ (ဂရုတစိုက်) နားထောင်ပါ။ တဘက်သားကိုလဲ ပေးပြောပါ။ နည်းနည်းပဲ ပြောပါ။ (ကိုယ်ကချည်း မပြောပါနဲ့)
၅။ သင့်မိတ်ဆွေ၏ အလိုဆန္ဒများကို ရှေ့တန်းတင် ပြောဆိုပါ။ (အပိုင်း ၁၊ အခန်း ၃ နှင့် ခပ်ဆင်ဆင်တူသည်။)
၆။ သင့်မိတ်ဆွေကို အရေးပေးပါ။ သူသည် သင့်အတွက် အရေးပါသည်ဟု ခံစားရပါစေ။ (နှစ်နှစ်ကာကာ စေတနာပါပါလုပ်ပါ)

အပိုင်း (၃) သင်ပြောတာ (တွေးတာ) ကို လက်ခံစေခြင်း

၁။ အငြင်းပွားမှုကို ရှောင်ကြဉ်ပါ။ (ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုပါနှင့်)
၂။ မင်း မှားနေတယ် လို့ ဘယ်တော့မှ မပြောပါနှင့်။ (အပိုင်း ၁၊ အခန်း ၁ နှင့် ဆင်ဆင်တူသည်။)
၃။ သင်မှားနေလျှင် ချက်ချင်း ၀န်ခံ တောင်းပန်ပါ။
၎။ ရင်းရင်းနှီးနှီး (အပြုသဘောဆန်ဆန်) စပြောပါ။ (တွေ့တာနဲ့ စစ်ကြေညာခြင်း မလုပ်ပါနှင့်။ အပိုင်း ၃၊ အခန်း ၁ နှင့် ဆင်ဆင်တူသည်။)
၅။ သင်ပြောတာကို တဘက်သားက အရင် ထောက်ခံ (လက်ခံ) စေပါ။ (၂ ဘက်လုံး လက်ခံမဲ့ စကားကနေ စပြောပါ)
၆။ တဘက်သားကို အများကြီး ပေးပြောပါ။ (အပိုင်း ၂၊ အခန်း ၄ နှင့် ခပ်ဆင်ဆင်ဖြစ်သည်။)
၇။ တဘက်သားအနေနှင့် သင်ပြောတာ (တွေးတာ) သည် အမှန်အားဖြင့် ၄င်း၏ အပြော (အတွေး) ဖြစ်သည်ဟု ထင်ပါစေ။ (ဒါဆို မငြင်းတော့ဘူး)
၈။ တဘက်သား၏ ရှုထောင့်မှ ရိုးရိုးသားသား တွေးမြင်နိုင်အောင် ကြိုးစားပါ။ (အပိုင်း ၁၊ အခန်း ၃ နှင့် ခပ်ဆင်ဆင်ဖြစ်သည်။)
၉။ တဘက်သား၏ အတွေးအမြင်တို့ကို ကိုယ်ချင်းစာပါ။
၁၀။ မင်းက ဒီလို ယုတ်ညံ့တာမျိုး မလုပ်ဘူး၊ ငါယုံတယ်ဆိုပြီး အနိုင်ယူပါ။ (လူတိုင်း မြင့်မြတ်သော သူရဲကောင်းဖြစ်လိုကြသည်။)
၁၁။ ခပ်မိုက်မိုက်လေး ပြောပါ။ (ခမ်းခမ်းနားနား ပြောပါ။ ကမ္ဘာနဲ့ချီပြီး ပြောပါ။)
၁၂။ စိန်ခေါ်မှုကို ပယ်ချပါ။ စမလုပ်ပါနှင့်။

အပိုင်း (၄) ခေါင်းဆောင်လုပ်နည်း - အခြားသူများကို မထိခိုက်/တိုက်ခိုက်ပဲ ပြောင်းလဲစေခြင်း

၁။ ရိုးရိုးသားသား ချီးကျူး၍စတင်ပါ။ (အပိုင်း ၁၊ အခန်း ၂ နှင့် ဆင်တူသည်။)
၂။ တဘက်သား၏ အမှားများကို မသိမသာ ထောက်ပြပါ။ (အပိုင်း ၁၊ အခန်း ၁ နှင့် ဆင်တူသည်။)
၃။ တဘက်သားကို မဝေဖန်ခင် မိမိအမှား (ယခင်၊ ယခု) ကို ထောက်ပြပြောဆိုပါ။
၎။ တိုက်ရိုက် အမိန့်မပေးပဲ မေးခွန်းများသာမေးပါ။ (ဒီလိုလေး လုပ်သင့်တယ် မထင်ဘူးလား စသည်)
၅။ တဘက်သားကို အရှက်မခွဲပါနှင့်။ (ချောင်ပိတ် ရိုက်ခြင်း မပြုရ၊ ထွက်ပေါက်ပေးပါ။)
၆။ အသေးအဖွဲကအစ ချီးမွန်းပြောဆိုပါ။ (အပိုင်း ၁၊ အခန်း ၂ နှင့် တူသည်။)
၇။ တဘက်သားကို လေးစားပါ။
၈။ အားပေးစကားပြောပါ။ အမှားကို ပြင်ရလွယ်သည်ဟု ထင်ရအောင် (ပြင်ချင်အောင်) အားပေးပါ။
၉။ သင့်စကားနားထောင်လိုက်နာရသည်ကို ပျော်ရွှင်ပါစေ။

အဓိကအကျဆုံးလို့ စာရေးသူ (လောရှည်) ထင်တာကတော့ မှားနေပြီဆိုပြီး အပြစ်ပြော/ထိပ်တိုက်တွေ့တာကို ရှောင်ကြဉ်ခြင်း၊ ချီးကျူးပြောဆိုခြင်းနဲ့ လူတကာကို ဂရုစိုက် မေတ္တာထားခြင်းလို့ပဲ ထင်ပါတယ်။ စာရှုသူမိတ်ဆွေများ နယ်ပယ်အသီးသီးမှာ နည်းမျိုးစုံနဲ့ ဥာဏ်ရှိသလို အသုံးချလို့ရတဲ့ စာတအုပ်ဖြစ်လို့ ၁၀ မှတ်မှာ ၉.၉ မှတ်ပေးလို့ ညွှန်းဆိုလိုက်ရပါတယ်။ မိတ္တဗလကို အသုံးပြုလို့ အောင်မြင်မှုပန်းကို ဆွတ်လှမ်းနိုင်ကြပါစေ။

မှတ်ချက် ။ ။ သခင်နုနှင့် ဖေမြင့်တို့ မြန်မာဘာသာသို့ ပြန်ဆိုဖူးသော စာအုပ်ဖြစ်ပါသည်။

Monday, February 25, 2008

အိပ်မက်ပျောက်ကြသူများ ၂

အိပ်မက်ပျောက်ကြသူများမှာ မသိနားမလည်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာကို လိုက်နာလိုမှုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားများကြောင့် အိပ်မက်ပျောက်ကြရတဲ့အကြောင်းနဲ့ ပထမ ၂ မျိုးရဲ့ အကျိုးဆက်များကို အသေးစိတ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု စာတမ်းငယ်မှာတော့ နောက်ဆုံး အကြောင်းရင်းဖြစ်တဲ့ (အရေးအကြီးဆုံး အကျယ်ပြန့်ဆုံးဖြစ်တဲ့) ပတ်ဝန်းကျင်ရဲ့ ဖိအားများအကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ ဖိအားတွေထဲမှာ အရေးအပါဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံးကတော့ လူငယ်တစ်ယောက်ဟာ လုပ်ရိုးလုပ်စဉ် အစဉ်အလာ လမ်းရိုးကနေခွဲထွက်ပြီဆိုတာနဲ့ ၀ိုင်းကြည့် မေးငေါ့လေ့ရှိတဲ့ မဖြစ်နိုင်ပါဘူးဆိုတဲ့ အဆိုးမြင်မျက်လုံးတွေ ဖြစ်ပါတယ်။ သာဓကအနေနဲ့ သောမတ် အက်ဒီဆင်လို သိပ္ပံပညာရှင်/တီထွင်သူကြီး ဖြစ်ချင်တယ်လို့ စာရေးသူပြောခဲ့တုန်းက စာရေးသူရဲ့ ဖခင်က မွဲတေပြီး ဆင်းဆင်းရဲရဲ သေသွားကြရတဲ့ တာယာတီထွင်သူ ချားလ်စ်ဂွတ်ဒ်ယားရဲ့ အကြောင်းကို ပြောပြပါတယ်။ (စကားချပ်၊ စာရေးသူရဲ့ ဖခင်က မဖြစ်နိုင်ဘူး၊ မလုပ်နဲ့လို့ ပိတ်မပြောချင်လို့ ဖြစ်ပါတယ်။ အတော်အတန် လွတ်လပ် ခေတ်ဆန်တဲ့ စာရေးသူတို့ မိသားစုမှာတောင် ဒီလို အပြောခံရသေးရင် အလွန်တရာ တင်းကျပ်တဲ့ မိသားစုတွေမှာ ဘယ်လိုဖြစ်မလဲ စဉ်းစားကြည့်ပါ။)

စာရေးသူတို့ တိုင်းပြည်မှာ သိပ္ပံပညာရှင်/တီထွင်သူကြီး ဖြစ်ဖို့အတွက် အခြေခံအဆောက်အဦ အားနည်းတယ်ဆိုတာကို လက်ခံပါတယ်။ အားနည်းတယ်ဆိုပြီး တယောက်မှ အားကောင်းအောင် မလုပ်ကြရင် ဘယ်နေ့ဘယ်အချိန်ကျမှ အားကောင်းလာနိုင်မလဲဆိုတာကို ပြန်လှန်မေးခွန်းထုတ်ချင်ပါတယ်။ (ဘယ်တော့မှ အားကောင်းမလာနိုင်ပါဘူး။) အားနည်းတယ်၊ သို့သော် ငါတို့အားလုံး စုပေါင်းပြီး ဖြစ်ချင်တဲ့ လူငယ်တွေရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်အောင် တတ်စွမ်းသမျှ လုပ်ကြမယ်ဆိုတဲ့ လူစုနဲ့ အားနည်းတယ်၊ ဒါကြောင့် နင်တို့ မလုပ်ကြနဲ့ ဆိုတဲ့ လူစုနဲ့ ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ မှာ ဘယ်လို ဘယ်လို ကွာခြားသွားမယ်ဆိုတာ အခု လက်ရှိမျက်မြင်ပဲ ဖြစ်လို့ အကျယ်ချဲ့ ရှင်းပြနေဖို့တောင် မလိုပါဘူး။

အခြေခံအဆောက်အဦ သိပ်မြင့်မြင့်မားမား မလိုတဲ့ အိပ်မက်တွေအကြောင်း တလှည့်ပြန်ကြည့်ကြရအောင်။ သင်္ချာပညာရှင်ကြီး ဖြစ်ချင်တာ၊ တွေးခေါ်ပညာရှင်ကြီး ဖြစ်ချင်တာ၊ ကွန်ပျူတာ သိပ္ပံ (ကွန်ပျူတာ နည်းပညာမဟုတ်) မှာ ပါရဂူဖြစ်ချင်တာ၊ ဂရမ်မီဆုရတဲ့ အဆိုကျော်ကြီး ဖြစ်ချင်တာ၊ အော်စကာဆုရတဲ့ ဒါရိုက်တာကြီး ဖြစ်ချင်တာတွေဟာ အခြေခံ အဆောက်အဦ မလိုတဲ့ အိပ်မက်များပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအိပ်မက်တွေ အကောင်အထည်ဖော်ခွင့် ရကြပါရဲ့လား။ သင်္ချာပညာ၊ အတွေးအခေါ်ပညာတွေအတွက် လိုအပ်တဲ့ စာအုပ်စာတမ်းများစွာဟာ ၁၇ ရာစု၊ ၁၈ ရာစုကတည်းက ရေးသားခဲ့ပြီးသား၊ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနှင့်ပြီးသားဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းအနေနဲ့လဲ ခဲတံနဲ့ စာရွက်ပဲ လိုပါတယ်။ (ကွန်ပျူတာ သိပ္ပံ ထို့နည်းတူ) ဂရမ်မီရဖို့ ကြိုးစားရာမှာ (အဆိုရှင်အနေနဲ့) အသံကောင်းဖို့ပဲ လိုပါတယ်။ အော်စကာဆုရ ဒါရိုက်တာကြီးဖြစ်ဖို့လဲ သိပ်ကို ရှုပ်ထွေးတဲ့ ကိရိယာတွေ မလိုပါဘူးဆိုတာကို ရှင်ဒလာရဲ့ စာရင်း ဇာတ်ကားကို အဖြူအမဲပဲ သုံးကာ ၀န်ချီစက်သုံး ရိုက်ချက်တောင်မပါပဲ ရိုက်ကူးပြီး အော်စကာဆု ရရှိခဲ့တဲ့ စတီဗင်စပီးလ်ဘတ်က သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံက လူတွေမှာ (လူသိများခဲ့တဲ့ လူတစ်ယောက်ရဲ့ စကားလေးကို ငှားပြီးသုံးရရင်) "မြန်မာလူမျိုးရဲ့ ထူးခြားပြီး ချစ်စဖွယ်ကောင်းတဲ့ ဓလေ့စရိုက် လက္ခဏာ တစ်ခု" ဖြစ်တဲ့အားငယ်စိတ်တမျိုး ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ သူ(တို့)က တော်တာကိုး၊ ငါတို့ကမှ အဲဒီလောက်မတော်ပဲ ဆိုပြီး စစ်မရောက်ခင်က မြှားကုန်နေတဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ လုပ်တောင် မလုပ်ကြည့်ရသေးပဲနဲ့ မဖြစ်နိုင်ပါဘူးဆိုပြီး လက်လျှော့လိုက်တတ်တဲ့စိတ်နဲ့ ဆိုတော့ ဘာဆိုဘာမှ ဖြစ်မလာတာ သဘာဝပါပဲ။ ကိုယ့်ဘာသာကိုယ် ဖြစ်အောင် မလုပ်နိုင်တာနဲ့တောင် အားမရပဲ အခြားသူတွေရဲ့ အိပ်မက်တွေကိုပါ လှောင်ပြောင်ပြီး ဖျောက်ဖျက်ပစ်ဖို့လဲ ကြိုးစားကြပါသေးတယ်။ လူငယ်များအနေနဲ့ အသက်အရွယ် အတွေ့အကြုံပိုများတဲ့ လူကြီးသူမများထံ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ချဉ်းကပ်နည်းခံရာမှာ မဖြစ်နိုင်ပါဘူး အဓိပ္ပါယ်ရတဲ့ မျက်လုံးတွေ၊ အပြောအဆိုတွေ (တည့်တည့် သို့မဟုတ် သွယ်ဝိုက်၍)၊ ရွယ်တူတွေရဲ့ မလိုတမာ ပုံစံနဲ့ ပြောင်လှောင်ခံရမှုတွေကိုပဲ ရင်ဆိုင်ရရင် အိပ်မက်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ပါဦးမလား။

ဆိုလိုရင်းကတော့ (စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနဲ့ နည်းပညာ၊ အနုပညာ နယ်ပယ်များမှာ) ထူးချွန်ထက်မြက်တဲ့ ပညာရှင်ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ လူငယ်တွေရှိသော်လည်း သူတို့ဟာ သူတို့နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းပညာကို မကြား၊ မမြင်၊ မသိရှိအောင် ဖျောက်ဖျက်ထားခံရတတ်ပါတယ်။ သိရှိတဲ့ လူတွေရှိသော်လည်း သူတို့ရဲ့ အခက်အခဲတွေကို ဖေးမကူညီ ဖြည့်ဆည်းပေးမဲ့ ပညာရေးစနစ်နဲ့ ပတ်ဝန်းကျင် အသိုက်အ၀န်းအစား လှောင်ပြောင်တတ်တဲ့၊ ရှုပ်ချတတ်တဲ့ အသိုက်အ၀န်းကိုသာ ရရှိနိုင်ပါတယ်။ အဲဒီမှာ သူတို့ကိုယ်တိုင်ပါ မဖြစ်နိုင်ပါဘူးလို့ လက်လျှော့လိုက်ရပြီး (တိုက်ပွဲဝင် စိတ်ဓာတ်တွေ ကျဆုံးကုန်ရပြီး) လှောင်ပြောင်ရှုပ်ချတတ်တဲ့ အသိုက်အ၀န်းထဲကို အနှေးနဲ့အမြန် ကူးပြောင်း ရောက်ရှိသွားတတ်ကြပါတယ်။ ဒီကျိုးကြောင်းပြသချက်ဟာ ၁၉၈၀ နောက်ပိုင်း (အထူးသဖြင့် ၁၉၉၀ နောက်ပိုင်းမှာ) စံထားလောက်တဲ့ မြန်မာ သင်္ချာပညာရှင်၊ သိပ္ပံ သုတေသနသမား၊ အင်ဂျင်နီယာ၊ အနုပညာရှင်များ နည်းပါးသွားခြင်းရဲ့ အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် အိပ်မက်တွေ အများကြီးရှိတဲ့ထဲက အိပ်မက်တွေ မက်ခွင့်မရ၊ မက်တာတွေလဲ ပျောက်ဆုံး၊ မပျောက်ဆုံးတာတွေလဲ မနာလိုစိတ်နဲ့ ဖိနှိပ်ခံရနဲ့မို့ အကောင်အထည်ဖော်လို့ရကောင်းတဲ့ အိပ်မက် လက်တဆုပ်စာပဲ ကျန်တော့တဲ့ အခြေအနေမှန်ကို မြန်မြန်သုံးသပ်မိပြီး ပျောက်ဆုံးကုန်တဲ့ အိပ်မက်တွေ ပြန်လည် မက်ခွင့်ရစေဖို့ လုပ်ဆောင်ဖို့ အချိန်တန်နေပါပြီ။ အိပ်မက်ပျောက်တဲ့ ပြဿနာဟာ အကြောင်းရင်း တစ်ခုတည်းကြောင့် ပေါ်ပေါက်လာရတာ မဟုတ်တဲ့အတွက် မူလအကြောင်းရင်းတွေအားလုံးကို လျော့ပါးအောင် တပြိုင်နက် (သို့မဟုတ် တပြိုင်နက်နီးပါး) လုပ်ဆောင်ဖို့ လိုအပ်ကြောင်း စာရေးသူအနေနဲ့ ထောက်ပြ ဝေဖန်အကြံပြုလိုပါတယ်။ နောင်စာတမ်းငယ်များမှာ အကြောင်းရင်း တစ်ခုချင်းကို လျော့ပါးအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာကို သုံးသပ် အကြံပြုဖို့ ကြိုးစားပါမယ်ဆိုတာကို ရေးသားရင်း အိပ်မက်ပျောက်သူများ ၂ ကို နိဂုံးချုပ်အပ်ပါတယ်။ စာရှုသူမိတ်ဆွေများ ပျောက်ဆုံးနေတဲ့ အိပ်မက်များကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

Tuesday, January 29, 2008

ကြယ်ငါးကောက်သူရဲ့ လွမ်းချင်း

သတ္တိမရှိဘူး၊ အမှန်တရားနဲ့ အရှိတရားကို မရင်ဆိုင်ဝံ့ဘူးပဲ ပြောချင်ပြော၊ ကိုယ်ကတော့ ကြယ်ငါးအားလုံးကို ကိုယ်တိုင် ကောက်ချင်တယ်။ အောက်မှာကတော့ ဒီနေ့ရေးတဲ့ ကဗျာ။

ကြယ်ငါးကောက်သူရဲ့ လွမ်းချင်း

ကမ်းခြေက ကြယ်ငါး
သေသွားမှာ စိုးရိမ်လို့
ငါကောက်ခဲ့ ...

မှန်းလေရဲ့ ရင်ထဲ
နေမြဲစေ ရှင်သန်ခွင့်
ငါပေးချင်ခဲ့ ...

လွမ်းနေပြီး ကျန်ခဲ့
ငါမမြင်တဲ့ ကြယ်ငါးက

လမ်းမမြင် ပင်လယ်ထဲ
ငါကယ်တဲ့ ကြယ်ငါးကို

စကားနာထိုးလိမ့်မလား ...
အို ... မကယ်နိုင်ရင် မမြင်လို။

Tuesday, January 1, 2008

အိပ်မက်ပျောက်ကြသူများ

စာရေးသူ တတိယတန်းမှာတုန်းက မြန်မာစာဆရာမ (အမည်မေ့နေပြီ) က စာရေးသူကိုခေါ်ပြီး အားမရတဲ့အကြောင်း၊ အရင်လို (ပထမတန်းတုန်းက သူက စာရေးသူရဲ့ အတန်းပိုင် ဆရာမကိုး) စာကြိုးစားဖို့ အကြောင်း၊ ရည်မှန်းချက် ထားသင့်တဲ့အကြောင်း ခေါ်ဆုံးမပါတယ်။ သူစပြီး ပြောတဲ့ စကားတခွန်း စာရေးသူ အခုထက်ထိ မှတ်မိပါသေးတယ်။ "သား ကြီးရင် ဘာဖြစ်ချင်တာလဲ။ ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာကြီးလား၊ စစ်ဗိုလ်ကြီးလား။" တဲ့။

ဒီစာတမ်းငယ်ဟာ စာရေးသူကို ဆရာမက ဆုံးမတဲ့ အကြောင်းမဟုတ်ပါဘူး။ (စကားမစပ် သူ့ရဲ့ ကျေးဇူးတွေ စာရေးသူအပေါ်မှာ များလှပါတယ်။) အိပ်မက်မက်ခွင့် မရတာတောင် မဟုတ်တဲ့ အိပ်မက်ပျောက်ကြတဲ့ ယနေ့ခေတ် လူငယ်တွေရဲ့ အကြောင်းနဲ့ ဒီကိစ္စကို ဘယ်လိုတည့်မတ်မလဲလို့ မေးခွန်းထုတ်မဲ့ ဆောင်းပါး စာတမ်းငယ် ဖြစ်ပါတယ်။ စောစောက ဆရာမ မေးခဲ့တဲ့ မေးခွန်းလေးနဲ့ စာတမ်းကို ဖွင့်တာက ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ မရည်ရွယ်ပဲနဲ့ အိပ်မက်ကို ဖျောက်ပစ်တဲ့ ဖြစ်ရပ်တွေကို ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။ စာရှုသူ ပြန်ဖတ်ကြည့်ပါ။ မေးခွန်းဟာ အဖွင့်မေးခွန်းလိုလိုနဲ့ တကယ်တမ်းကျတော့ ၃ ခုထဲက ၁ ခုကို ရွေးချယ်ခိုင်းတဲ့ အပိတ်မေးခွန်းဖြစ်နေပါတယ်။ (စာရေးသူက ကိုယ်ဖြစ်ချင်တဲ့ သိပ္ပံပညာရှင်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်လို့ ဖြေခဲ့ပါတယ်။) ဆရာမကတော့ စာရေးသူကို ဒီကလေး ဒီ ၃ မျိုးတည်းက တခုခုပဲ ဖြစ်မြောက်လာစေသတည်း၊ ကျန်တာတွေ မဖြစ်စေသတည်းဆိုပြီး ရည်ရွယ်မေးတာ မဟုတ်ပေမဲ့ အဲဒီလိုမျိုးဆန်ဆန် ဖြစ်နေပါတယ်။

အဓိက ပြောချင်တာကတော့ ယနေ့လူငယ်တွေမှာ မိမိတို့ အနာဂါတ်အတွက် ဘယ်လို အသက်မွေးဝမ်းကျောင်းနိုင်တဲ့ အခွင့်အလမ်းတွေ ရှိသလဲဆိုတာတောင် မသိဖြစ်ကြရအောင် (အိပ်မက် ပျောက်ကြရအောင်) အခြေအနေတွေက တွန်းပို့နေကြပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်တို့ဟာ ပစားပေးခံကြရတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ ဖြစ်လာရုံမက လူငယ်တွေအနေနဲ့ တခြားသော အသက်မွေးဝမ်းကျောင်းပညာတွေရဲ့ တည်ရှိမှုကိုတောင် မသိပဲ ဖြစ်လာစေတာဟာ ယခင်က ကျင့်သုံးခဲ့တဲ့ ခေတ်စနစ်တစ်ခုရဲ့ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတစ်ခုကြောင့် ဖြစ်သလို မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ စံလွဲမှုတွေကြောင့်လဲ ပါပါတယ်။

စာရှုသူတို့ ကြုံရာ ကျပန်း အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းသား/သူတွေကို အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်ကို မေးကြည့်လိုက်ပါ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် (စစ်သမီး သူနာပြု) တခုခု ဖြေဖို့က ၉၀% သေချာပါတယ်။ အဲဒါတွေရဲ့ နောက်မှာ ကိုယ်ဟန်ပြမယ် (မော်လ်ဒယ်လ်)၊ အဆိုရှင်၊ သရုပ်ဆောင် (မင်းသား/မင်းသမီး) သို့မဟုတ် စီးပွားရေး ပညာရှင် လို့ဖြေဖို့က ၉% လောက်ထပ်သေချာပါတယ်။ စာရေးသူ မေးပါမယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ အနုပညာရှင်တွေ ချည်းပဲနဲ့ တိုင်းပြည်တစ်ခု တည်ထောင် (ထိန်းသိမ်း) ဖို့ ဖြစ်နိုင်ပါမလား (အဲဒါတွေ မကောင်းဘူးလို့ မဆိုလို)။

ဒီလိုဖြစ်ရခြင်းဟာ မသိနားမလည်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာကို လိုက်နာလိုမှုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားများကြောင့် လို့ စာရေးသူက သုံးသပ်ပါတယ်။ လူသားများဟာ သဘာဝအားဖြင့် မသေချာမှုကို ကြောက်ရွံ့ကြပြီး စွန့်စားမှုကို မလိုလားကြပါဘူး။ အဲဒါရဲ့ နောက်ဆက်တွဲအဖြစ် အစဉ်အလာအတိုင်း (လုပ်ရိုးလုပ်စဉ်အတိုင်း) လုပ်ဆောင်ချင်လာကြပါတယ်။ အဲဒီလို မလုပ်ဆောင်သူကိုလဲ ပတ်ဝန်းကျင်က စည်းပြင်ထွက်နေတဲ့ လူ့ခွစာ/လူ့ကန့်လန့် တစ်ယောက်လို့ သတ်မှတ်ပြီး ဖိအားပေးလေ့ ရှိပါတယ်။ ဒီစာတမ်းငယ်မှာ စာရေးသူအနေနဲ့ တခုနဲ့ တခု ဂျာအေး သူ့အမေရိုက်သလို ဆက်စပ်နေတဲ့ ပထမ အကြောင်းရင်း ၃ ခုအနက်မှ ပထမ ၂ ခုကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ (နောက်ဆုံးတစ်ခုက ကျယ်ပြန့်တဲ့အတွက် အိပ်မက်ပျောက်ကြသူများ အပိုင်း ၂ မှာ ဆွေးနွေးမှာဖြစ်ပါတယ်)

တက္ကသိုလ်ဝင်တန်း အောင်ပြီးခါစ ပုံမှန် ကျောင်းသားတစ်ယောက်ဟာ တက္ကသိုလ်လမ်းညွှန်စာအုပ်ထဲက ဘာသာရပ်တွေအကြောင်းကို တိတိကျကျ မသိရှိပါဘူး။ ဥပမာအားဖြင့် ကွန်ပျူတာ သိပ္ပံ၊ ကွန်ပျူတာ နည်းပညာ နဲ့ ကွန်ပျူတာ အင်ဂျင်နီယာ (ပထမတစ်ခုကို ကွန်ပျူတာ တက္ကသိုလ်များနှင့် ဒေသန္တရ ကောလိပ်များတွင် သင်ကြားပြီး ဒုတိယတစ်ခုကို ကွန်ပျူတာ တက္ကသိုလ်များတွင် သင်ကြားသည်၊ နောက်ဆုံးတစ်ခုကို အစိုးရ နည်းပညာကောလိပ်များတွင် သင်ယူရရှိနိုင်သည်) တို့ရဲ့ ကွာခြားချက်ကို မသိရှိပါဘူး။ စာရေးသူကိုယ်တိုင်တောင် အဏ္ဏ၀ါဗေဒ (Marine Biology) ကို ရေတပ်သားတွေ သင်ယူရတဲ့ ဇီဝဗေဒလို့ ထင်မှတ်ခဲ့ဖူးပါတယ်။ အဲဒီတော့ မသိတာတွေကို သင်ယူပြီး (ကျောင်း၊ လုပ်ငန်းခွင်နဲ့ လက်တွေ့ဘ၀မှာ) အခက်အခဲတွေ တွေ့ကြုံနေမဲ့တူတူ သိထားပြီး ဖြစ်တဲ့ လမ်းရိုးအတိုင်း လုပ်ဆောင်ကာ အမှတ်အမြင့်ဆုံး ဘာသာတွဲမှ အမှတ်အနိမ့်ဆုံး ဘာသာတွဲအထိ စီကာစဉ်ကာ လျှောက်ထားကြပါတော့တယ်။ (တွက်ကိန်းကတော့ ဒီဘာသာတွေကိုယူရင် အဆိုးဆုံးအခြေအနေကို သိတယ်၊ ဒီထက်ပိုမဆိုးဘူး၊ တခြားဘာသာတွေဆိုရင် ဒီ့ထက် ပိုဆိုးကောင်းဆိုးနိုင်တယ်ဆိုတဲ့ တွက်ကိန်းပဲ ဖြစ်ပါတယ်။) အဲဒီမှာ အမှတ်မြင့်တဲ့ ဘာသာတွဲတွေကို ဦးစားပေး လျှောက်လေ့ရှိတဲ့ အစဉ်အလာ ဖြစ်ပေါ်လာပါတယ်။ (တော်တဲ့လူ ဆေးတက္ကသိုလ်သွား၊ အဲလောက် မတော်တဲ့လူ စက်မှုတက္ကသိုလ်သွား ... စသည် စသည်)

အစဉ်အလာတစ်ခု ဖြစ်ပေါ်လာပြီဆိုရင် အဲဒီ အစဉ်အလာကို တော်လှန်ဖို့ (အထူးသဖြင့် ၁၆၊ ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်အနေနဲ့) အလွန်ခက်ခဲပါတယ်။ အပေါင်းအသင်း သူငယ်ချင်းတွေကတော့ ဆရာဝန်ဖြစ်နေချိန်မှာ ငါက ခွေးဖြစ်နေမလားဆိုတဲ့ အချင်းချင်း ဖိအား (peer pressure) အပြင် မိဘဆွေမျိုး အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ရဲ့ ဖိအားကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ (ဒီနေရာမှာ သတိထားဖို့က အဲဒီ အသိုင်းအ၀ိုင်း ကိုယ်တိုင်ကပါ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာရဲ့ ဖိအားတွေကို ခံစားခဲ့/နေရ တာဖြစ်ပါတယ်) ပိုပြီး ဆိုးသွားစေတာက မြန်မာ့လူ့အသိုက်အ၀န်းမှာ မိဘဆွေမျိုးတွေရဲ့ အလိုကို ဆန့်ကျင်ရခြင်းကလဲ အလွန်တရာမှ ခက်ခဲနေတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပဲ အနှစ်သာရမရှိတဲ့ ဒီအစဉ်အလာဟာ တည်တံ့နေပါတယ်။

စာရှုသူ မိတ်ဆွေများ စဉ်းစားကြည့်ပါ။ လူငယ်တစ်ယောက်ဟာ သူ့အနေနဲ့ ဘာမှန်းသေသေချာချာမသိတဲ့ (အနာဂါတ်မှာ သူ့ရဲ့ ရွယ်တူတွေထက် ဘ၀အဆင့်အတန်း နိမ့်ကောင်း နိမ့်နေမဲ့) အသက်မွေးဝမ်းကျောင်းကို သူချစ်မြတ်နိုးတဲ့ မိသားစုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး (တချို့သောသူတွေရဲ့ အဟားခံပြီး) ရွေးချယ်မလား၊ သူ့အပေါင်းအသင်းတွေနဲ့ တူတူပဲ လမ်းရိုးကို လိုက်လို့ ၀င်ငွေ အထိုက်အလျောက်ကောင်းတဲ့ အသက်မွေးဝမ်းကျောင်းကို ရွေးချယ်မှာလား။ အဖြေက ရှင်းလင်းလှပါတယ်။ အဲဒါနဲ့ပဲ ဆရာဝန် ပွဲစား၊ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် မင်းသား၊ ဆရာဝန် အဆိုရှင် စတာတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဆေးကုသပြုစုမှုကို မခံစားရတဲ့ လူသားတွေအတွက်ရော၊ မလိုအပ်ပဲ အချိန်ကုန်ခံ၊ ငွေကုန်ခံ သင်ကြားခဲ့ရတဲ့ သူတို့အတွက်ရော၊ တကယ်ဆေးကုချင်ရက်နဲ့ သူတို့ကို နေရာပေးလို့ တခြား အသက်မွေးဝမ်းကျောင်းပညာကို သင်ကြားလိုက်ရတဲ့ (အမှတ်နိမ့်တဲ့) လူငယ်တွေအတွက်ရော နစ်နာလှပါတယ်။ ဒီလိုနစ်နာမှုတွေ မဖြစ်ပေါ်ရအောင်လို့ အစဉ်အလာကို တော်လှန်ခြင်းဆိုင်ရာ သီအိုရီများကို အသုံးချခြင်းနဲ့ ပတ်သက်လို့ အိပ်မက်ပျောက်ကြသူများ အပိုင်း ၂ မှာ တင်ပြမှာဖြစ်ကြောင်း ပြောကြားရင် နိဂုံးချုပ်အပ်ပါတယ်။

Monday, December 3, 2007

အစဉ်အလာ တစ်ခုကို တော်လှန်ရာဝယ် ၂။

အိပ်မက်ပျောက်ကြသူများကို ရေးမလို့ ကြည့်လိုက်တော့ အစဉ်အလာ တစ်ခုကို တော်လှန်ရာဝယ် အပိုင်း ၂ ကို မရေးရသေးမှန်း သတိရသွားပါတယ်။ အဲဒါကြောင့် အိပ်မက်ပျောက်တဲ့ လူငယ်တွေအကြောင်း မပြောခင် သဘောတရား (Theory) ပိုင်းဆိုင်ရာ အုတ်မြစ်ချတဲ့အနေနဲ့ အစဉ်အလာ တစ်ခုကို တော်လှန်ရာဝယ် အပိုင်း ၂ ကို အရင်ရေးလိုက်ရပါတယ်။

ပြီးခဲ့တဲ့ စာတမ်းငယ်များမှာ စာရေးသူအနေနဲ့ ရူးသွပ်မိုက်မဲ (ပြီး ကုန်ကျစရိတ်များ) တဲ့ အစဉ်အလာတစ်ရပ်ကို တော်လှန်ရာမှာ တော်လှန်တဲ့လူတွေအနေနဲ့ စာအုပ်ကြီးသမား ဖြစ်မနေဖို့၊ အသိဥာဏ်နဲ့ အသိစိတ် ရှိဖို့ လိုအပ်တယ်လို့ တင်ပြခဲ့ပါတယ်။ ယခု ဒီစာတမ်းငယ်မှာ ရူးသွပ်မိုက်မဲတဲ့ အစဉ်အလာတစ်ရပ်ကို တော်လှန်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိမလဲ၊ ဘယ်သူတွေက ဦးဆောင်ပြီး လုပ်ကိုင်ရမှာလဲနဲ့ အဲဒီလူတွေမှာ အသိဥာဏ်နဲ့ အသိစိတ် ဖြစ်ပေါ်လာအောင် ဘယ်လို လုပ်ကိုင်ရမလဲဆိုတာကို အကြံပြုတင်ပြမှာ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ အဆိုပြုတင်ပြချင်တာကတော့ အစဉ်အလာ တစ်ရပ်ကို တော်လှန်ဖို့ ဆုံးဖြတ်ချက်ဟာ အဲဒီအစဉ်အလာကို ဆက်ခံပိုင်ခွင့်ရှိသူ/ဆက်လက်လုပ်ဆောင်ခွင့်ရှိသူပေါ်မှာ လုံးဝ မူတည်နေပါတယ်။ အဲဒီအစဉ်အလာကို လက်ဆင့်ကမ်း လုပ်ဆောင်ခွင့်ရှိသူက ခေါင်းမာစွာနဲ့ အစဉ်အလာကို ဆက်လက်ဆုပ်ကိုင်ထားမယ်ဆိုရင် အဲဒီအစဉ်အလာကို တော်လှန်လို့ ရမှာ မဟုတ်ပါဘူး။ ပြောခဲ့တဲ့ ဥပမာတွေကို ပြန်ကြည့်ရင် မျောက်နဲ့ ကျောင်းသားတွေကိုယ်တိုင် အသိစိတ်၊ အသိဥာဏ်ဖြစ်ပေါ်မှသာ အစဉ်အလာဆိုးတွေဟာ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

အဲဒီအဆိုကနေ ကောက်ချက်ချ တင်ပြချင်တာကတော့ အစဉ်အလာဆိုးတရပ်ကို ဆက်ခံသူမဟုတ်ကြသူများအနေနဲ့ တော်လှန် ပြောင်းလဲချင်တယ်ဆိုရင် အစဉ်အလာကို ဆက်ခံတဲ့သူထံမှာ အသိစိတ်၊ အသိဥာဏ်များ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ဖို့ အထူး အရေးကြီးပါတယ်။ အဲဒီလိုမဟုတ်ပဲ ဖိအားပေး ပြောင်းလဲစေခြင်းဟာ ခွေးမြီးတောက် ကျည်တောက်စွပ်တဲ့ အကျိုးရလဒ်သာ ရရှိစေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မျောက်တွေကို ကြိုးချည်ထားလို့ ငှက်ပျောသီးယူဖို့ ကြိုးစားတဲ့ မျောက်ကို တိုက်ခိုက်ခြင်း မပြုတာနဲ့ ကျောင်းသားတွေကို တင်းကျပ်တဲ့ စည်းကမ်းနဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ် (ဥပမာ ကျောင်းမှ ထုတ်ပယ်ခြင်း စသည်) သတ်မှတ်ထားလို့ ဒါမှမဟုတ် ကျောင်းသားငယ်တွေက တုတ်တပြက်၊ ဓားတပြက်နဲ့ ခြိမ်းခြောက်ထားလို့ ကျောင်းသားငယ်တွေအပေါ်မှာ ချောက်မတွန်းတာဟာ မှန်ကန်ကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေ မဟုတ်ပါဘူး။ အဲဒါတွေဟာ ယာယီဖြေရှင်းနည်းတွေဖြစ်ပြီး အစဉ်အလာကို တော်လှန်ပြောင်းလဲလို့ ရမှာမဟုတ်ပါဘူး။ (ကြိုးပြန်ဖြေပေးတာနဲ့ မျောက်တွေ ရန်ဖြစ်ကုန်မှာ ဖြစ်သလို၊ အုပ်ချုပ်သူ သို့မဟုတ် ရန်လိုတဲ့ ကျောင်းသားငယ်တွေ လစ်တာနဲ့ ကျောင်းသားကြီးတွေလဲ ဗရုတ်ပြန်ကျမှာ ဖြစ်ပါတယ်။)

အစဉ်အလာဟောင်းကို ဖက်တွယ်နေသူတွေ အသိစိတ်နဲ့ အသိဥာဏ် ဖြစ်ပေါ်လာဖို့ အခြေအနေ ၂ ရပ်လိုပါတယ်။ ပထမဆုံးကတော့ သူတို့ဟာ စာအုပ်ကြီးသမား ဖြစ်မနေဖို့ လိုပါတယ် (တင်ပြခဲ့ပြီး)။ နောက်အခြေအနေတစ်ရပ်ကတော့ ပညာပေးမှု (Education) ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ပညာပေးတယ်ဆိုတာ သမားရိုးကျ သင်္ချာ၊ အင်္ဂလိပ်စာ စသဖြင့် ကျောင်းမှာ သင်ကြားတာမဟုတ်သလို မှတ်ပြီလားကွ ဆိုတဲ့ ဗန်းစကားအနက်နဲ့ ၀ိုင်းသမလိုက်တာကို ပြောတာလဲ မဟုတ်ပါဘူး။ အခြေအနေကို ခြုံငုံသိမြင်လာနိုင်အောင် ပိုမိုကြီးမားတဲ့ ဖြစ်စဉ်ဖြစ်ရပ် ရုပ်ပုံကားချပ်များကို ရှုမြင်လာနိုင်အောင် လုပ်ဆောင်တာကို ရည်ညွှန်းပါတယ်။ ပေးခဲ့ဖူးတဲ့ ဥပမာ ၂ ရပ်မှာ မျောက်တွေဟာ ပထမအခြေအနေနဲ့ မပြည့်စုံပါဘူး။ (စဉ်းစား ဆင်ခြင်ဥာဏ်မရှိတဲ့ တယူသန် စာအုပ်ကြီးသမားတွေနဲ့ တူပါတယ်။) တက္ကသိုလ်ကျောင်းသားတွေကတော့ ပထမအခြေအနေနဲ့ ပြည့်စုံကောင်းပြည့်စုံနိုင်ပါတယ်။ ဒုတိယအခြေအနေ ရှိလာဖို့အတွက်ကတော့ ပထမအခြေအနေနဲ့ ပြည့်စုံဖို့ လိုအပ်တဲ့အပြင် ချည်းကပ်ပုံနည်းလမ်း မှန်ကန်ထိရောက်ဖို့လဲ လိုအပ်ပါတယ်။ အဲဒါဟာ အစဉ်အလာကို ပြုပြင်ပြောင်းလဲလိုသူတွေ သတိထား ကြံဆကြရမဲ့ သိမ်မွေ့တဲ့ကိစ္စဖြစ်ပြီး အမှားမခံပါဘူး။

ကျောင်းသားဥပမာကို ပြန်ကြည့်ရအောင်။ ကျောင်းအုပ်ချုပ်သူတွေက ကျောင်းသားကြီးတွေကို အစည်းအဝေးခန်းမထဲ အားလုံးလာကြဆိုပြီး (မလာ မနေရ၊ မလာလျှင် စာမေးပွဲချမည် စသည်ဖြင့်) ထည့်ထားလိုက်ပြီး ၃ နာရီတိတိ လူ ၃ ယောက်ပြောင်းပြီး ချောက်ချခြင်းဟာ မကောင်းကြောင်း ဘာသာရေး၊ ယုတ္တိဗေဒ၊ ဒဿနိက အမြင်များဖြင့် ဆုံးမ ဟောပြောမည်ဆိုပါက ကျောင်းသားဟောင်းများတွင် အသိဥာဏ်၊ အသိစိတ်များဖြစ်ပေါ်ပြီး အမြင်မှန်ရကာ ချောက်ချမှုများ လုံးဝ ပပျောက်သွားလိမ့်မည် ... ဟု မထင်မှတ်ပါနှင့်။ စိတ်ချဉ်ပေါက်ကာ ပိုဆိုးလာမည်မှာ မုချပင်ဖြစ်သည်။ ဒီနေရာတွင် မေးစရာ ရှိလာသည်မှာ စည်းကမ်း သတ်မှတ်ခြင်းသည်လဲ နည်းလမ်းမှန် မဟုတ်၊ ဟောပြောဆုံးမခြင်းသည်လဲ နည်းလမ်းမှန် မဟုတ်ဟု ဆိုပါက ဘယ်ဟာ ဘယ်သင်းသည် နည်းလမ်းမှန် ဖြစ်ပါသနည်း။

ထိုမေးခွန်း၏ အဖြေသည် ပြဿနာ၏ အတိမ်အနက်၊ အစဉ်အလာ၏ သမိုင်းကြောင်း၊ ပေါ်ပေါက်လာရခြင်း ရည်ရွယ်ချက်၊ အနှစ်သာရတို့ ပေါ်မူတည်၍ ကိစ္စတရပ်နှင့် တရပ် ကွဲပြားခြားနားလေသည်။ အချို့ကိစ္စများတွင် ပြဿနာကို လေ့လာဆန်းစစ်ရ လွယ်ကူသော်လည်း အချို့သော ကိစ္စရပ်များတွင် နက်နဲခက်ခဲသည်။ တဖန် အစဉ်အလာကို ထိန်းသိမ်းခွင့်ရှိသူများ အနက်တွင်မှ အသိပညာပေးခြင်းကို လိုလားသူနှင့် မလိုလားသူ နှစ်စု ကွဲနေပြန်သောအခါ (အပြင်လောကတွင် အဆန်းမဟုတ်) အသိ ပညာပေးသည့် နည်းလမ်းသည် ပိုမိုရှုပ်ထွေးသွားလေတော့သည်။

စာရေးသူ၏ ယခုအချိန်ထိ တင်ပြချက်များကို အခြေခံ၍ အစဉ်အလာတစ်ရပ်ကို တော်လှန်ရန်အတွက် မူဘောင် (Framework) တစ်ရပ်ကို ချမှတ်နိုင်ပါသည်။ ရူးသွပ်မိုက်မဲသော အစဉ်အလာတစ်ရပ်ကို တော်လှန်ရန်အတွက် ၄င်းအစဉ်အလာကို ထိန်းသိမ်းခွင့် ရှိသူကို ဖော်ထုတ်ပါ။ အစဉ်အလာကို ထိန်းသိမ်းခွင့် ရှိသူသည် မိမိ သို့မဟုတ် မိမိဘက်သား ဖြစ်ပါက အသိစိတ် ကိုမွေးပြီး ရပ်တန့်ပစ်ပါ။ မိမိ သို့မဟုတ် မိမိဘက်သား မဟုတ်ပါက ထိုသူသည် စာအုပ်ကြီးသမား ဟုတ်မဟုတ် (အသိပညာပေးမှုကို လိုလားသူ ဟုတ်မဟုတ်) လေ့လာဆန်းစစ်ပါ။ ပညာပေးမှုကို လိုလားသူ မဟုတ်ပါက လိုလားလာအောင် တနည်းနည်းဖြင့် သွေးဆောင် စည်းရုံးပါ။ နောက်ဆုံးအဆင့်အနေနှင့် ပညာပေးမှုကို လက်ခံပြီဆိုပါက အသိဥာဏ်၊ အသိစိတ်များ ဖြစ်ပေါ်လာအောင် ကြိုးပမ်း ပညာပေးပြီး အစဉ်အလာကို တော်လှန်ရန် ဖြစ်ပါသည်။ စာရေးသူ၏ ကိုယ်ပိုင်အမြင်အရ ပညာပေးနိုင်ရန် စည်းရုံးခြင်းနှင့် ပညာပေးရသည့် ရည်ရွယ်ချက် ထမြောက်အောင် ပညာပေးခြင်းတို့သည် အစဉ်အလာကို တော်လှန်ခြင်း မူဘောင်တွင် အခက်ခဲဆုံး အဆင့်များ ဖြစ်လေသည်။

အချုပ်အားဖြင့်ဆိုလျှင် အစဉ်အလာတစ်ရပ်ကို တော်လှန်ရာ၌ အစဉ်အလာကို ဆက်ခံသူသည် အခရာပင်ဖြစ်သည်။ ထိုသူသည် စာအုပ်ကြီးသမား မဖြစ်ရန်လိုအပ်ပြီး အသိပညာပေးမှုကို လိုလားရမည်။ သို့မှသာ အစဉ်အလာကို တော်လှန်ရန် လိုအပ်သော အသိဥာဏ်နှင့် အသိစိတ်များ ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ နောက်ဆုံးအနေနှင့် အသိဥာဏ်၊ အသိစိတ်များ ပေါ်ပေါက်လာရန် အသိပညာပေးခြင်းကိစ္စအား ချည်းကပ်လုပ်ဆောင်ပုံသည် အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်သည်ဟု တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

ရူးသွပ်မိုက်မဲသော အစဉ်အလာများကို အောင်မြင်စွာ တော်လှန်နိုင်ကြပါစေ။

Saturday, September 22, 2007

NUTS နဲ့ ပတ်သက်သမျှ

မြေပဲစေ့၊ သီဟိုဠ်စေ့၊ ဗာဒံစေ့ စတဲ့ အစေ့အဆန်တွေ အကြောင်း စာတမ်း မဟုတ်ပါဘူး။ နောက် ဗန်းစကား အနက်နဲ့ ငတုံးငအတွေရဲ့အကြောင်း စာတမ်းလဲ မဟုတ်ပါဘူး။ ဒီစာတမ်းငယ်မှာ စာရေးသူအနေနဲ့ အစဉ်အလာတစ်ရပ်ကို တော်လှန်ခြင်းနှင့် ပတ်သက်တဲ့ NUTSတွေအကြောင်းကို ပြောမှာ ဖြစ်ပါတယ်။

အရင် စာတမ်းငယ်မှာ အစဉ်အလာတစ်ရပ်ကို တော်လှန်ဖို့အတွက် အသိဥာဏ်နဲ့ အသိစိတ်လိုအပ်ကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ ဒါ့အပြင် အစဉ်အလာတစ်ရပ်ကို တော်လှန်ရာမှာ အဓိက အတားအဆီးကတော့ NUTS ပဲ ဖြစ်ပါတယ်လို့ Creative နည်းပညာလုပ်ငန်းက အမှုဆောင် အရာရှိချုပ် (CEO) ဆင်ဝေါင်ဟူးက အခိုင်အမာ ငြင်းချက် ထုတ်ထားပါတယ်။ နောက်တဖန် စင်ကာပူ အမျိုးသား တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဖရန်စစ်ယိုးကလဲ စွန့်ဦးတည်ထွင် လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာဖို့ အရေးအကြီးဆုံး လိုအပ်ချက်က NUTSဖြစ်မနေဖို့ပဲ ဖြစ်တယ်လို့ စာရေးသူကို ပြောဖူးပါတယ်။ သူတို့ နှစ်ယောက်လုံးပြောတဲ့ NUTSတွေကအစေ့အဆန်တွေမဟုတ်သလို ငတုံးငအတွေကို ရည်ညွှန်းနေတာလဲ မဟုတ်ပါဘူး။

NUTS ဆိုတာ No-U-Turn-Syndrome (ဂ ငယ်ကွေ့ မကွေ့သော ရောဂါလက္ခဏာစု) ကိုဆိုလိုပါတယ်။ အဲဒီစကားစုရဲ့ အနက်အဓိပ္ပါယ်ကို နားလည်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ စင်ကာပူနိုင်ငံတို့ရဲ့ လမ်းအမှတ်အသားများကို အရင်ဆုံး သိရှိဖို့ လိုအပ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဂ ငယ်ကွေ့ မကွေ့ရတဲ့ နေရာများမှာ ဂ ငယ်ကွေ့ မကွေ့ရဆိုတဲ့ လမ်းညွှန် အမှတ်အသားများကို အာဏာပိုင်များက ထားရှိလေ့ရှိပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံမှာတော့ အမေရိကန်နဲက ပြောင်းပြန် ဂ ငယ်ကွေ့ ကွေ့နိုင်သည်ဆိုတဲ့ အမှတ်အသားကို အသုံးပြုပါတယ်။ သင်္ချာနည်းအရ ပြောရရင် အဲဒီနည်းလမ်းနှစ်ခုဟာ တူတူပါပဲ။ ဒါပေမဲ့ (ဖြစ်နိုင်တဲ့ အစီအစဉ်၊ အဖြစ်အပျက် အားလုံးကို စာရင်းရေးချလို့ မရနိုင်တဲ့) တကယ့် လက်တွေ့ ဘ၀မှာတော့ မတူပါဘူး။

NUTS စွဲကပ်နေတဲ့ စာအုပ်ကြီးသမား တစ်ယောက်ဟာ စည်းကမ်း၊ အစဉ်အလာတစ်ခုရဲ့ မူလအကြောင်းရင်းကို သိရှိနားလည်ခြင်း မရှိပါဘူး။ သူသိတာက သူ့ရဲ့ စာအုပ်ကြီးထဲမှာ ရေးသားထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လှုပ်ရှား ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ပြောင်းလဲသွားတဲ့ အခြေအနေ (ဒါမှမဟုတ် အထူးအခြေအနေ တစ်ရပ်) အရ စည်းကမ်း၊ အစဉ်အလာတစ်ရပ်ဟာ မလိုအပ်တော့ရင်တောင်မှ သူတို့ဟာ စာအုပ်ကြီးအတိုင်းပဲ ဆောင်ရွက်ပြီး အစဉ်အလာကို ဆက်လက်ထိန်းသိမ်းမှာ ဖြစ်ပါတယ်။

ဆင်ဝေါင်ဟူးရဲ့ ဥပမာတစ်ခုကို ပြန်ပြောင်းတင်ပြပါမယ်။ Creative နည်းပညာလုပ်ငန်းရဲ့ သုံးစွဲသူ ပံ့ပိုးမှု ဌာန (CSD - Customer Service Department) မှာ အသံကဒ် ၀ယ်ယူသူတွေအနေနဲ့ အသံကဒ်ကို မောင်းနှင်တဲ့ အပျော့ထည်စီဒီ (Soundcard Driver Software CD) ကို အပို တစ်ကော်ပီ ထပ်ဆောင်း ရယူချင်ရင် စင်ကာပူ ဒေါ်လာ ၁၅ဒေါ်လာ ပေးရမယ်လို့ စည်းကမ်းချက် ချမှတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ နမော်နမဲ့နဲ့ စီဒီကို ဖျောက်ပစ်တဲ့ (ကောင်းကောင်း သိမ်းလေ့မရှိတဲ့) သုံးစွဲသူတွေကို ထောက်ပံ့တဲ့ စရိတ် ကာမိအောင်လို့ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ ဖောက်သည်တစ်ယောက် ၀ယ်ယူသွားတဲ့ အသံကဒ်ဘူးထဲမှာ မူလ စီဒီပြား ပါမသွားပဲ ဖြစ်သွားပါတယ်။ အဲဒီ သူဟာ အသံကဒ် မောင်းနှင်တဲ့ အပျော့ထည်ပါဝင်တဲ့ စီဒီတစ်ချပ်ကို သုံးစွဲသူ ပံ့ပိုးမှု ဌာနကို လာရောက် တောင်းဆိုပါတယ်။ အပိုကော်ပီအတွက် ပိုက်ဆံတောင်းခံတဲ့ အခါမှာတော့ မဟုတ်မခံစိတ်ဓာတ်နဲ့ သုံးစွဲသူက ပိုက်ဆံထပ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အတိုချုံးရရင် သူမကျေနပ်တဲ့အတွက် အမျိုးမျိုး ပြဿနာရှာရာမှာ Creative နည်းပညာလုပ်ငန်းအနေနဲ့ ၁၅ဒေါ်လာရဲ့ အဆပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့ပါတယ်။

ဆင်ဝေါင်ဟူးက အထက်ပါဖြစ်ရပ်အတွက် NUTS ကို အပြစ်ပုံချခဲ့ပါတယ်။ သူရဲ့ အဆိုအရ တကယ်လို့ သုံးစွဲသူ ပံ့ပိုးမှု ဌာနက ၀န်ထမ်းတွေအနေနဲ့ စာအုပ်ကြီးအတိုင်း မဟုတ်ပဲ ၁၅ဒေါ်လာတောင်းခံခြင်းရဲ့မူလအကြောင်းရင်း (နမော်နမဲ့ သုံးစွဲသူများကို တောင်းခံသည်) ကိုသာ သိနားလည်ခဲ့ပြီး အထက် ဖော်ပြပါ ဖြစ်ရပ်ဟာ အထူးဖြစ်ရပ် (ထုတ်ပိုးမှုဌာနရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရခြင်း)ဖြစ်တယ်၊ စီဒီဖိုး တစ်ဒေါ်လာကို မတောင်းခံသင့်ဘူးလို့ စာအုပ်ကြီးထဲက ဖောက်ထွက် ကောက်ချက်ချနိုင်ခဲ့ရင် ဒီလို နစ်နာမှုမျိုး ဖြစ်လာစရာမရှိဘူးလို့ သုံးသပ်ပြခဲ့ပါတယ်။

ဒါ့အပြင်NUTS ရှိတဲ့လူတစ်ယောက်ဟာ အရာတစ်ခု လုပ်သင့်/မလုပ်သင့်၊ သင့်လျော်/မသင့်လျော်ကို အစဉ်အလာအရ လုပ်လေ့ရှိ/မရှိနဲ့ လုပ်ခွင့်ရှိသည်လို့ အတိအလင်း ကြေညာထားခြင်း ရှိ/မရှိနဲ့ပဲ ချိန်ထိုး ဆုံးဖြတ်ပါတယ်။ နေ့စဉ်နှင့်အမျ ထွက်ပေါ်လာနေတဲ့ အသစ်အသစ်သော စိန်ခေါ်မှုတွေ၊ ပြဿနာတွေနဲ့ လုပ်ငန်းစဉ်တွေကို ဆုံးဖြတ်ဖို့ လိုအပ်လာတဲ့အချိန်မှာ NUTS ရှိတဲ့လူဟာ သူ့ရဲ့ လက်စွဲတော် စာအုပ်ကြီးကို သွားလှန်ကြည့်ပါတယ်။ စာအုပ်ကြီးထဲမှာ မပါတဲ့ အကြောင်းအရာ အသစ်အဆန်းတွေကို NUTS ရှိတဲ့လူတစ်ယောက်ဟာ အမြဲပဲ ငြင်းပယ်လေ့ ရှိပါတယ်။ ရလဒ်ကတော့ ခေတ်နဲ့အညီ ရင်ဘောင်တန်း အမီလိုက်နိုင်ခြင်း မရှိပဲ ခေတ်ဟောင်းက စာအုပ်ကြီးနဲ့အတူ ခေတ်နောက်ကျ ကျန်ခဲ့တာပါပဲ။ (ဆုံးရှုံးနစ်နာမှုတွေလဲ ဖြစ်ပေါ်လေ့ရှိပါတယ်။)

ဒါပေမဲ့ စာရေးသူက အစဉ်အလာ အားလုံးကို ဖောက်ထွက်ဖျက်ဆီးကြ၊ စည်းကမ်းတွေကိုလဲ မလိုက်နာကြနဲ့ လို့ ပြောနေတာမဟုတ်ပါဘူး။ အစဉ်အလာတစ်ရပ်၊ စည်းကမ်းတစ်ခုရဲ့ အကြောင်းရင်းဟာ ဆီလျော်မှု ရှိနေသေးတယ်ဆိုရင် အဲဒီ အစဉ်အလာ၊ စည်းကမ်းကို ကျင့်သုံး၊ လိုက်နာရမှာပါပဲ။ ဒါပေမဲ့ မူလ အကြောင်းရင်းကလဲ ခေတ်နဲ့ မဆီလျော်၊ မလျော်ညီ၊ အစဉ်အလာကို ထိန်းသိမ်းဖို့လဲ ကုန်ကျစရိတ်များ (နစ်နာမှုတွေ ရှိလာမယ်) ဆိုရင်တော့ အဲဒီ အစဉ်အလာဟာ မလိုအပ်တော့တဲ့အတွက် ဖက်တွယ်မထားဖို့ လိုပါလိမ့်မယ်။ အဲဒါကို သိမြင်နိုင်ဖို့ (တော်လှန်ဖို့ လိုအပ်တဲ့ အသိဥာဏ်ကို ရရှိနိုင်ဖို့) ကတော့ NUTS စွဲကပ်မနေ (စာအုပ်ကြီးသမား ဖြစ်မနေ) ဖို့ လိုပါလိမ့်မယ်။

ရူးသွပ်မိုက်မဲတဲ့ အစဉ်အလာတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ တိုးတက် ဖြစ်ထွန်းဖို့အတွက် အဓိက အတားအဆီးတွေပဲ ဖြစ်ပါတယ်။ အဲဒီအစဉ်အလာတွေကို ပြုပြင်ဖို့ ခက်ခဲအောင် ပြုလုပ်နေတာကတော NUTS ပဲ ဖြစ်ပါတယ်။ မိမိတို့ ပတ်ဝန်းကျင်မှ မသိနားမလည်တဲ့ NUTS စွဲကပ်နေသူ စာအုပ်ကြီးသမားများကို အသိပေး ရှင်းလင်းပြီး ရူးသွပ်တဲ့ အစဉ်အလာများကို တော်လှန်ဖို့ကတော့ အသိဥာဏ်မြင့်မားသူ စာရှုသူတို့ရဲ့ တာဝန်တစ်ရပ်လို့ ပြောရင်လဲ မှားမယ်မထင်ပါဘူး။ ဒါကြောင်မို့ စာရှုသူ အဆွေတို့အနေနဲ့ NUTS စွဲကပ်နေသူတွေကို ဖေးကူရှင်းပြရင်းနဲ့ နယ်ပယ်အသီးသီးမှာ အစဉ်အလာတွေကို ဖောက်ထွက် အောင်မြင်မှုတွေ ရရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

Wednesday, August 15, 2007

အစဉ်အလာ တစ်ခုကို တော်လှန်ရာဝယ်။

လှောင်အိမ်တစ်ခုထဲမှာ ငှက်ပျောသီး တလုံးကို ကြိုးနဲ့ (ယူလို့မလွယ်အောင်) တန်းလန်း ချိတ်ဆွဲထားပြီး အဲဒီ ငှက်ပျောသီးအောက်မှာ (တက်ယူနိုင်ဖို့)လှေခါးတစ်စင်း ထောင်ထားပါတယ်။ နောက် အဲဒီလှောင်အိမ်ထဲကို မျောက် ၅ကောင်ကို ထည့်ပါတယ်။ မကြာခင်မှာပဲ အဲဒီ မျောက် ၅ကောင်ထဲက တစ်ကောင်က လှေခါးပေါ်တက်ပြီး ငှက်ပျောသီးကို ယူပါတော့တယ်။ အဲဒီလို ယူတဲ့အခါမှာ (နှစ်သက်စရာမကောင်းတဲ့)ရေအေးနဲ့ မျောက်အားလုံးကို ဖျန်းပါတယ်။ ခဏလေးနေတော့ နောက်ထပ် မျောက်တစ်ကောင်က ငှက်ပျောသီးကို တက်ယူပြန်ရော။ ယူတာနဲ့ ရေအေးကလဲ ဖျန်းတာပဲ။ သိပ်မကြာခင်မှာပဲ ငှက်ပျောသီးတက်ယူဖို့ ကြိုးစားတိုင်း အဲဒီမျောက်ကို ကျန်တဲ့ မျောက်တွေက ၀ိုင်းဆော်ကြပါတော့တယ်။

ရေအေးကို မဖျန်းတော့ပါဘူး။ မျောက်တကောင်ကို လဲလိုက်ပါတယ်။ အဲဒီမျောက်အသစ်က သေချာပေါက် ငှက်ပျောသီးကို တက်ယူဖို့ ကြိုးစားပါလေရော။ အဲဒီမှာ ကျန်တဲ့ မျောက် ၄ကောင်က သူ့ကို ၀ိုင်းနွှာပါလေရော။ သူလဲ နောက်ကျတော့ သဘောပေါက်သွားပါတယ်။ ဒါမျိုးယူရင် ဒီလိုအတီးခံရမှန်း။

အဲဒီမျောက် သဘောပေါက်သွားအပြီးမှာ နောက်မျောက်တကောင်ကို လဲပါတယ်။ သူလဲ ဘုမသိ ဘမသိနဲ့ အတီးခံရတာပဲ။ အဲဒီမှာ အံ့အားသင့်ဖို့ကောင်းတာက ခုနက ဘုမသိ ဘမသိ အတီးခံရတဲ့ကောင်ကလဲ ရေရေလည်လည် ၀င်နွှာနေတာပါပဲ။ ဆန်းတယ်နော်။ နောက် အဲဒီ ဒုတိယလဲတဲ့ မျောက် သဘောပေါက်သွားအပြီးမှာ တတိယတကောင်ကိုလဲပါတယ်။ ဒီလိုနဲ့ မျောက် ၅ကောင်လုံး လဲပြီးသွားတယ်။

၅ကောင်မြောက်မျောက်ကို လဲလိုက်တဲ့အချိန်မှာ လှောင်အိမ်ထဲမှာ ကျန်နေတဲ့ မျောက် ၄ကောင်က ငှက်ပျောသီးယူရင်သာ ၀င်ဝင်တီးနေတာ၊ ဘာကြောင့် တီးရမှန်း တစ်ကောင်မှ သိကြတာမဟုတ်ဘူး။ (ရေအေးနဲ့ ဖျန်းတဲ့အကြောင်းကို မသိကြဘူး) ဒါပေမဲ့လဲ တီးတာပဲ။ ဘယ်သူမှ တက်မယ်မလုပ်နဲ့။ စိတ်အားထက်သန်စွာနဲ့ကို တီးတာ။ ဒီစာတမ်းငယ်မှာ ကျန်တော်ဆွေးနွေးမဲ့ အစဉ်အလာဆိုတာ အဲဒါပါပဲ။

(ဆရာ) သိပ္ပ္ပံမောင်ဝ၊ (ဆရာ) ဇ၀န အစရှိတဲ့ ရှေးတုန်းက (တက္ကသိုလ်ကျောင်းနောက်ခံ) ၀တ္ထုတွေမှာ ကျောင်းသားသစ်တွေကို ကျောင်းသားဟောင်းတွေက ၀ိုင်းဝန်း ချောက်ချကြပါတယ်။ ကျန်တော်ဆက်တွေးမိတာက အဲဒီချောက်ချကြတဲ့ ကျောင်းသားဟောင်းတွေ တချိန်ကလဲ ကျောင်းသားသစ် (ဂျူနီယာ) အဖြစ်နဲ့ ပိုပြီး စောတဲ့ (စီနီယာကျတဲ့)ကျောင်းသားတွေရဲ့ ချောက်ချတာကို ခံခဲ့ရဖူးမှာပါပဲ။ သူတို့အဲဒီလို ချောက်ချခံရတာကို နှစ်သက်ကြသလား။ မနှစ်သက်ကြဘူးဆိုရင် ကိုယ်ကျောင်းသားဟောင်း (စီနီယာ)ဖြစ်လာတဲ့အခါမှာ ကျောင်းသားသစ် (ဂျူနီယာ)တွေကို ဘာလို့ ချောက်ချကြသလဲ။

အဖြေကတော့ ပရိုင်းမိတ်အားလုံး (မျောက်ဝံ၊ လူဝံ၊ မျောက်အမျိုးမျိုးနဲ့ လူ) ရဲ့ အရည်အသွေးတစ်ခု ဖြစ်ပုံရတဲ့ အစဉ်အလာကို လိုက်နာလိုခြင်းကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ပြောမို့သာ ပြောနေတာပါ။ တက္ကသိုလ်ကျောင်းသားတွေမှ မဟုတ်ပါဘူး။ လောကမှာရှိတဲ့ လူတိုင်းလိုလို အကြောင်းရင်းကို နားမလည်ပဲနဲ့ ရူးသွပ်တဲ့ အစဉ်အလာကို (လုပ်နေကျမို့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့) လိုက်နာနေကြတာပါပဲ။ ဒီစာတမ်းငယ်မှာ ရူးသွပ်မိုက်မဲတဲ့ အစဉ်အလာတစ်ခုကို ဆန့်ကျင်တော်လှန်ဖို့ ဘာတွေလိုမလဲဆိုတာကို အဆိုပြုတင်ပြမှာဖြစ်ပါတယ်။ အဆိုပြုချက်တွေဟာ အမှန်တရားနဲ့ နီးစပ်မှုရှိ^မရှိကို တတ်နိုင်သလောက် စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

ပထမဆုံး လိုအပ်ချက်ကတော့ အဆင့်မြင့်မားတဲ့ အသိဥာဏ်ပဲ ဖြစ်ပါတယ်။ နောက်တမျိုး စကားလုံး လှည့်ပြောင်းသုံးရမယ်ဆိုရင် ရူးသွပ်မိုက်မဲတဲ့ အစဉ်အလာတစ်ခုကို တော်လှန် ဆန့်ကျင်ဖို့အတွက် ဒီအစဉ်အလာရဲ့ အကြောင်းရင်းကို နားလည်၊ အဲဒီအကြောင်းရင်းဟာ ဆီလျော်မှု မရှိတော့ဘူးဆိုတဲ့ သတင်းအချက်အလက်ကို ရရှိပြီး ဒီအစဉ်အလာဟာ မလိုအပ်တော့ဘူးလို့ ကောက်ချက်ဆွဲ သိရှိနိုင်မဲ့ လူတစ်စု လိုအပ်ပါတယ်။ အပေါ်က ဥပမာမှာ နောက်မှ ရောက်လာတဲ့ မျောက်လေးကောင်သာ (၁) ဒီလို ငှက်ပျောသီးယူတိုင်း ၀ိုင်းတိုက်ခိုက်တာဟာ ရေအေးနဲ့ ဖျန်းခံရမှာမို့ ကာကွယ်တာဖြစ်တယ်ဆိုတဲ့ အကြောင်းရင်း (၂)ရေအေးနဲ့ ဖျန်းပက်ခြင်း ခံရတော့မှာ မဟုတ်ဘူး ဆိုတဲ့ သတင်းအချက်အလက်နဲ့ (၃) ဆက်လက် ကာကွယ်ဖို့ မလိုအပ်တော့ဘူးဆိုတဲ့ အသိဥာဏ်များသာ ရှိခဲ့မယ်ဆိုရင် ၀ိုင်းဝန်း တိုက်ခိုက်တာကို ရပ်ပစ်လိုက်ဖို့ ကြိုးစားကောင်း ကြိုးစားမှာ ဖြစ်တယ်။

ဒုတိယ လိုအပ်ချက်ကတော့ ပရိုင်းမိတ်သာသာ စိတ်ဓာတ်တစ်ခုဖြစ်တဲ့ လက်စားချေလိုခြင်းနဲ့ ပုံစံချင်း ဆင်ဆင်တူတဲ့ စိတ်ဓာတ်တမျိုးကို ထိန်းသိမ်းဖို့ သူ့ထက် အဆင့်မြင့်မားတဲ့ အသိစိတ်ရှိဖို့ လိုအပ်ပါတယ်။ စကားပြေ ပြန်ပြရရင် အထက်ပါ အသိဥာဏ်အပြင် ငါလဲ တလှည့်ပြန်လုပ်ပြီး အစဉ်အလာကို ထိန်းသိမ်းလိုက်မဟဲ့ဆိုတဲ့ ခပ်ရိုင်းရိုင်း အသိစိတ်မျိုးကို ထိန်းချုပ်ထားပြီး ဒီအစဉ်အလာဟာ ရူးသွပ် (ပြီး မလိုအပ်တော့) တဲ့အတွက် ငါနောက်မျိုးဆက်တွေကို လက်ဆင့်မကမ်းသင့်ဘူး၊ ရပ်ပစ်ရမယ်ဆိုတဲ့ အသိစိတ်လိုအပ်ပါတယ်။ တက္ကသိုလ် ကျောင်းသား ဥပမာမှာ ဒီလိုချောက်ချတာဟာ လူယဉ်ကျေးတွေ မလုပ်သင့်တဲ့ ကိစ္စရပ်မို့လို့ နောက်မျိုးဆက်သစ်တွေ ဆက်မလုပ်အောင် ကိုယ်တိုင်က သူတို့ကို ချောက်မချပဲ (သူတို့ကို နမူနာပြ သင်မပေးပဲ) ကိုယ့်လက်ထက်မှာ ရပ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။

ဒီလိုအပ်ချက်နှစ်ခု (အသိဥာဏ်နဲ့ အသိစိတ်) ဟာ ကျန်တော်တို့ ဦးတည်ချင်တဲ့ လူသားများထက် ပိုမို လူသားဆန်သော လူသား အဖွဲ့အစည်းကို တည်ဆောက်ရာမှာ အရေးပါပါတယ်။ (အထက်ပါ စကားရပ်တွင် ပထမ လူသား ဆိုသော စကားလုံးသည် သက်ရှိသတ္တ၀ါဖြစ်သော လူပီသစွာ လောဘ၊ ဒေါသ၊ မောဟများ ဖုံးလွှမ်းနေသော အပြစ်မကင်းသည့် ပုံမှန်လူသားများကို ရည်ညွှန်းပြီး ဒုတိယ လူသားဆန် ဆိုသော စကားလုံးမှာ တိရိစ္ဆာန်များထက် သာလွန်သော စဉ်းစားဥာဏ်ရှိသော လူသားဆန်မှုကို ရည်ညွှန်းသည်။) အသိဥာဏ်မရှိရင် အသိစိတ်မဖြစ်ပေါ်နိုင်သလို အသိစိတ်မပါတဲ့ အသိဥာဏ်ဟာလဲ ရူးသွပ် မိုက်မဲသော အစဉ်အလာများကို မရပ်တန့်နိုင်ပါ။

အချုပ်အားဖြင့်ဆိုသော် လူသားများထက် ပိုမိုလူသားဆန်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် ရူးသွပ်မိုက်မဲသော အစဉ်အလာတစ်ရပ်ကို တော်လှန်ရာဝယ် အဆင့်အတန်း မြင့်မားသော အသိဥာဏ်နှင့် ယဉ်ကျေးသော အသိစိတ်တို့ လိုအပ်ကြောင်း ခိုင်ခိုင်မာမာ အဆိုပြုလိုပါသည်။ နောက်စာတမ်းငယ်(များ)တွင် အဆိုပါ လူသားများထက် ပိုမိုလူသားဆန်သော လူ့အဖွဲ့အစည်းအတွက် အရေးပါသည့် အသိဥာဏ်နှင့် အသိစိတ်များ ဖြစ်ပေါ်လာအောင် လိုအပ်သော အခြေခံ လိုအပ်ချက်များနှင့် အဆိုပါ အခြေခံ လိုအပ်ချက်များ ကိုမွေးမြူပျိုးထောင်ခြင်းတို့ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပါသည်။

လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းနှင့် မြန်မာ့လူ့အသိုက်အ၀န်း

တစုံတရာအရ (ဥပမာအားဖြင့် အသက်အရွယ်၊ ကျားမ နှင့် လူမျိုး၊ ဘာသာရေးအရ) တစုံတဦး (သို့မဟုတ် လူတစ်စု) ကို အခြားသူများနှင့် အခွင့်အရေး တန်းတူမပေးခြင်းကို ခွဲခြားဆက်ဆံခြင်း (Discrimination) ဟု သုံးနှုန်းလေ့ ရှိကြသည်။ အပြန်အလှန်အားဖြင့် (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း (Reverse Discrimination) ကိုမူ တစုံတခုအရ ခွဲခြားဆက်ဆံခြင်းကို တားဆီး၊ ကာကွယ်ရန်အလို့ငှာ ပြဌာန်းထားသည့် (သို့မဟုတ် ဖန်တီး တည်ဆောက်ထားသည့် လုပ်ထုံး လုပ်နည်းများ) ဥပဒေများကြောင့် ယခင်က ပစားပေးခံရသော လူများစုအတွက် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးရသော အခြေအနေဟု အနက်ဖွင့်လေ့ရှိပါသည်။

မြန်မာ့လူ့အသိုက်အ၀န်းဆိုသည်မှာ မြန်မာများ တန်ဖိုးထားကြသော စံနှုန်း၊ စံသတ်မှတ်ချက်များကို လက်ခံ လိုက်နာ ကျင့်သုံးသော မည်သည့် လူ့အဖွဲ့အစည်းကိုမဆို ရည်ညွှန်းပါသည်။ ယခုဆောင်းပါးတွင် မြန်မာ့လူ့အသိုက်အ၀န်းအတွင်းတွင် လိင်အရ ခွဲခြားဆက်ဆံခြင်း၊ ၄င်းကြောင့် ဖြစ်ပေါ်လာရသော လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း အကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။

တစုံတခုအရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းနှင့် ပတ်သက်ပြီး ယခင်က ဆွေးနွေးခဲ့ဖူးခြင်း ရှိ/မရှိ စာရေးသူ မသိပါ။ အမှန်အားဖြင့်ဆိုလျင် (တစုံတခုအရ) ခွဲခြားဆက်ဆံခြင်းကို နည်းပါးစေရန် ဥပဒေတစ်ခု (သို့မဟုတ် ရေးချမထားသော ပြဌာန်းချက်များ) ရှိတိုင်း ရှိတိုင်းတွင် (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း အနည်းနှင့် အများ ရှိစမြဲဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စု အချို့ပြည်နယ်များတွင် ဒေသခံ လူနီ (လူနည်းစု) ကို ကာကွယ်ရန်အတွက် အလုပ်အကိုင်၊ ပညာသင်ယူခွင့်တို့ကို အမှန်တကယ် အရည်အချင်း မပြည့်စုံပဲ ပေးလေ့ရှိရာ အမှန်တကယ် အရည်အချင်း ပြည့်စုံသော လူဖြူများနှင့် (အချို့ အာရှတိုက်သားများ) အနှိမ်ခံရသလို ဖြစ်လေ့ရှိလေသည်။

မြန်မာ့ လူ့အသိုက်အ၀န်းတွင် လိင်အရ ခွဲခြားဆက်ဆံခြင်းသည် ပေါ်ပေါ်ထင်ထင် မရှိချေ။ သို့ရာတွင် သိုဝှက်သော ပုံစံဖြင့် တည်ရှိလျက်ရှိသည်။ ဆိုလိုသည်မှာ အမျိုးသမီးနှင့် အမျိုးသားကို စာတတန် ပေတတန်ဖြင့် ခွဲခြား အခွင့်အရေး ပေးခြင်းမျိုး မရှိသော်ငြား သတ်မှတ် စံနှုန်းများအရ ခွဲခြား ဆက်ဆံခြင်း အထိုက်အလျောက်ရှိလေသည်။ ဥပမာအားဖြင့် အမျိုးသမီးတစ်ဦးသည် အချက်အပြုတ် မကျမ်းကျင်လျင် လူကဲ့ရဲ့ ခံရနိုင်သော်လည်း အဆိုပါ အရည်အချင်းကို အမျိုးသားတစ်ဦးအနေနှင့် မရှိမဖြစ် ပိုင်ဆိုင်ရန်မလိုပေ။ (ပြောင်းပြန် ဥပမာမှာ ကားပြင်ခြင်း၊ မီးလုံးလဲခြင်း စသည်)

ထို့အပြင် အမျိုးသမီးများကို အားနွဲ့သူများအဖြစ် မြန်မာ့လူ့အသိုက်အ၀န်းက သတ်မှတ်လိုက်ခြင်းဖြင့် အမျိုးသမီးနှင့် အမျိုးသား ရင်ဘောင်တန်း အလုပ်လုပ်ရာတွင် အလုပ်မတွင်စေပဲ ကုန်ထုတ်စွမ်းအားကို ကျဆင်းစေနိုင်သေးသည်။ ဆိုလိုသည်မှာ လုပ်ငန်းခွင်တွင် အခြေအတင် ငြင်းခုန်စရာများ (သို့မဟုတ် အလုပ်တာဝန် ခွဲဝေစရာများ)ဖြစ်ပေါ်လာပါက အမျိုးသမီးနှင့် ဖက်ပြိုင်ရန်ဖြစ်သည့် အခြေအနေသို့ မည်သည့် ယောက်ျားသားမှ မရောက်လိုကြ။ သို့ဖြစ်ရကား ပင်ပန်းဆင်းရဲသော အလုပ်နေရာများကို အမျိုးသားတို့ လုပ်ရသည်မှာ များပေသည်။ ပိုဆိုးသည်မှာ အချို့ ပင်ပန်းသော အလုပ်များကို အမျိုးသမီးများ မလုပ်နိုင်သည်မှာ မှန်သော်လည်း အများစု အလုပ်များသည် အမျိုးသမီး/အမျိုးသား မရွေး လုပ်ကိုင်နိုင်ကြသည်။ သို့ရာတွင် အမျိုးသမီးများ လုပ်လေ့မရှိသော အစဉ်အလာမဟုတ်သည့် အလုပ်များကို အမျိုးသမီးများ လုပ်ကိုင်လေ့မရှိ (ဥပမာအားဖြင့် လှေခါးဖြင့် အပေါ်သို့တက်ကာ စာအုပ်ကဲ့သို့သော ပေါ့ပါးသည့် ပစ္စည်းများ ယူခြင်း)။

အမျိုးသမီးများကို အားနွဲ့သူများအဖြစ် သတ်မှတ်ခြင်း၏ နောက်အကျိုးဆက်တစ်ခုမှာ အများပိုင် ပစ္စည်းများကို ခွဲဝေသုံးစွဲရာတွင် (ဥပမာ ရထား၊ ကားထိုင်ခုံနေရာများ)ရေးချမထားသော သတ်မှတ်ချက်များ ရှိနေခြင်းပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကို နေရာပေးရခြင်းကို မှတ်ချက်မပေးလိုသော်လည်း သန်သန်မာမာ အမျိုးသမီး၊ အမျိုးသား ၂ယောက်တွင် အမြဲတမ်း အမျိုးသမီးက နေရာရနေခြင်း နှင့် အထက်ကပြောခဲ့သော ကျား/မမရွေးသည့် အလုပ်တချို့ကို အမျိုးသမီးများ ဘယ်တော့မှ မလုပ်ခြင်းသည် ယခု စာရေးသူ ထောက်ပြ ဝေဖန် ပြောဆိုလိုသည့် လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း တစ်မျိုးပင်ဖြစ်သည်။

အဆိုးရွားဆုံး ပြဿနာမှာ ဆူးကျဖက်ပေါက် ဖက်ပေါက်ဆူးကျ ဟူသော စကားပုံပင်ဖြစ်သည်။ အဆိုပါ စကားပုံအရ လိင်ကိစ္စနှင့်ပတ်သက်လျင် မြန်မာ့ လူ့အသိုက်အ၀န်း၏ စံများအရ အမျိုးသမီး၊ အမျိုးသား အခွင့်အရေး တန်းတူ မရကြောင်း သိသာ ထင်ရှားသည်။ ဆိုလိုသည်မှာ မှားယွင်းမှု တစ်ခု အတွက် အမျိုးသမီးများက အမျိုးသားများထက် ပိုမို ပေးဆပ်ရ (ကဲ့ရဲ့ အပြစ်တင်ခံရ)လေ့ ရှိတတ်သည်။ ပိုဆိုးသည်မှာ အမျိုးသားများနှင့် လက်ပွန်းတတီးနေခြင်း (အလုပ်သဘောအရ၊ ခင်မင်မှုအရ)၊ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံခြင်းနှင့် အိမ်ပြန်နောက်ကျခြင်း စသည်များကိုပါ (အကြောင်းရင်း အဖြစ်နှင့်) လိင်ကိစ္စနှင့် ရောထွေးရှုမြင်ကြခြင်း ဖြစ်လေသည်။

စာရေးသူ တွေ့မြင်ဖူးသော ဖြစ်ရပ်တစ်ခုတွင် ကျောင်းသား၊ ကျောင်းသူတစ်စုက ဘာသာရပ်ဆိုင်ရာ စီမံကိန်းတစ်ခုကို ရေးဆွဲရသည်။ လူစုံအောင် စောင့်ရသဖြင့် နေ့လည်မှ အလုပ်စလေ့ရှိသည်။ အိမ်ပြန် နောက်ကျမည်စိုးသဖြင့် ကျောင်းသူများက ညနေ ၄ နာရီ ထိုးလျင် အိမ်ပြန်လေသည်။ ကျောင်းသား ၁ ဦး၊ ၂ ဦးတည်း ကျောင်းရှိ လက်တွေ့ခန်းတွင် အလုပ်ဆက်လုပ်ရသည်။ ကွင်းကွင်းကွက်ကွက် ပြောရလျင် လူ ၅ ယောက်၊ တရက် ၈ နာရီခန့် လုပ်ရမည့်အလုပ်ကို လူ ၂ယောက်နှင့် တပိုင်းက တရက် ၆ နာရီမပြည့်တပြည့်သာ လုပ်တော့သည်။ သည်လိုဆိုတော့ ဘယ်မှာလျင် အဆင့်အတန်းမီ ကောင်းမွန်သော စီမံကိန်း ထွက်လာပါမည်နည်း။ (နောက်တော့ စာမေးပွဲ ကျကုန်ကြလေသည်။)

ထပ်မံထောက်ပြလိုသော ကိစ္စရပ်တစ်ခုမှာ ဆွေမျိုးမတော်သော အမျိုးသား/အမျိုးသမီးများ တမိုးအောက်တွင် မနေ (လို) ကြခြင်းပင်ဖြစ်သည်။ အကြောင်းရင်းကို စစ်လိုက်သော် ဘာမဟုတ်သာ ဆူးကျဖက်ပေါက်ကို ကာကွယ်ခြင်းပင်ဖြစ်သည်။ လူနေမှု စားရိတ်နည်းပါးသော အရပ်ဒေသများတွင် မသိသာသော်လည်း (စင်ကာပူ၊ ဟောင်ကောင်၊ တိုကျို၊ နယူးယောက် စသော) လူနေမှု စားရိတ်ကြီးမြင့်သော ဒေသများတွင် ဆွေမျိုးမဟုတ်သောလူများ အတူတူစုနေမှ အဆင်ပြေမည်ဖြစ်ရာ မြန်မာ့လူ့ အသိုက်အ၀န်းတွင် အိမ်ငှား အလိုရှိသည် (မိန်းကလေးသာ) ဆိုသော ကြော်ငြာများမှာ တွေ့မြင်နေကျ ဖြစ်သော်လည်း ၄င်း၏ ပြောင်းပြန် အိမ်ငှား အလိုရှိသည် (ယောက်ျားလေးသာ) ဆိုသော ကြော်ငြာမှာ အနောက်အရပ်က နေထွက်သည့်နှယ် တွေ့မြင်ဖို့ မဖြစ်နိုင်သလောက်ရှိလေသည်။

အကျိုးရလဒ်ကား လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းပင်တည်း။ အမျိုးသားများအဖို့ နေစရာပင် ရှာမရသဖြင့် တိုးဝှေ့ ပြွတ်သိပ် နေနေရလင့်ကစား အမျိုးသမီးများမှာ နေစရာ တပုံတပင် ရှိသည်ဟုပင် ဆိုရမည်။ ဖြစ်ရပ်တစ်ခုတွင် စာရေးသူ၏ မိတ်ဆွေ တစ်ဦးက စာရေးသူအား နင်တို့က ဘယ်နေရာနား ခွေခွေ ခေါက်ခေါက် ထိုးထည့်လိုက်လို့ ရတယ်ဟု ပြောဖူးသည်။ ကြိုတင် ဆုံးဖြတ်မှု (စမနကြိငခန) မပါပဲ စဉ်းစားမည်ဆိုပါက အမျိုးသားများသည်လဲ လူသားများပင်ဖြစ်သဖြင့် သူပြောသလို ခွေခွေ ခေါက်ခေါက် ဖြစ်သလို ပြွတ်သိပ် ကျပ်ညှပ်နေသော (စာရေးသူအကြိုက်ဆုံး စကားစုဖြစ်သည့် ၀က်များကဲ့သို့နေရသည့်)နေရာတွင် နေလိုမည်မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲ။

စာရှုသူ အဆွေ၊ သင်ယုံကြည်သော စံနှုန်း၊ စံသတ်မှတ်ချက်များကို ခေတ္တမေ့ထားလိုက်ပါ။ စာရေးသူ ပြောမည့် မြင်ကွင်းကို တချက် ပုံဖော်ကြည့်ပါ။ လူတစ်စုရှိသည်။ အဆိုပါ လူစုတွင် တ၀က်သော လူတို့သည် အခြားသော တ၀က်ကို အများပြည်သူဆိုင်ရာ နေရာများ (ကား၊ ရထား စသည်) တို့တွင် နေရာကောင်းကို ပေးရလေ့ရှိသည်။ (ပင်ပန်းဆင်းရဲသော) အလုပ်အများစုကို တ၀က်သော လူတို့သည် ကျန်တ၀က်ကို မလုပ်စေပဲ လုပ်ပေးရလေ့ရှိသည်။ (ကျန်တ၀က်က ဘယ်တော့မှ မလုပ်) တ၀က်သော လူတို့သည် ၀က်တို့၏ တင်းကုပ်ကဲ့သို့ ပြွတ်သိပ် ကျပ်ညှပ်နေသော အိမ်ခန်းများတွင် နေရပြီး ကျန်တ၀က်သည် မိမိ စိတ်ကြိုက်ရွေးချယ်ထားသော အိမ်ခန်းများတွင် သက်သာချောင်ချိစွာနှင့် နေနေရသည်။ အဆိုပါ မြင်ကွင်းသည် တရားမျတပါ၏လော။

အကယ်၍သာ တရားမမျတဟု အဆွေ ထင်မြင်ခဲ့ပါလျင် မည်သည့်အရာသည် တရားခံဖြစ်ပါသနည်း၊ တရားမျတအောင် အဆွေ မည်သို့ ဆောင်ရွက်မည်နည်း။ စာရေးသူအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်၍ ဖြစ်နိုင်သော အဖြေ (Solution) ကို သိလိုလှပါသည်။