အ ၀တ် အ စား က န့် သ တ် ချ က် မ ရှိ ၊ နှ စ် သ က် ရာ ကို ၀ တ် စား ဆ င် ယ င် နို င် ပါ သ ည် ။
ရွှေပွဲလာတို့၏ အားပေးမှု
Tuesday, June 12, 2012
ဝင်းဒိုးပဲ သုံးတာရှင့်
Tuesday, October 26, 2010
SQL Statement Level တွင် Optimize လုပ်၍ Query Execution ကို မြန်ဆန်စေခြင်း
မနေ့က စာရေးသူ အိမ်ကို ပြန်နေတုန်း အစ်မတော်က ချက်ချင်းပဲ G-talk ပေါ်ကို ကြွပါလို့ Message ပို့လာပါတယ်။ ဒါနဲ့ပဲ ဖုန်းကနေ G-talk ကို ဖွင့်လိုက်တော့ Query တစ်ခုကို run ထားတာ ၃ နာရီ နီးပါးရှိပြီ၊ အဖြေမထွက်သေးလို့ ဘယ့်နှယ်လုပ်ရပါ့လို့ မေးပါတော့တယ်။ ဒီ စာတမ်းငယ်မှာ အလားတူ ပြဿနာတစ်ရပ် (အရေးကြီး အချက်အလက်များ ပါဝင်နေသဖြင့် မူလပြဿနာကို မဖော်ပြနိုင်ပါ) ကို SQL Statement Level မှာ Optimize လုပ်ပုံကို ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။
ပရိဘောဂနဲ့ မီးဖိုချောင်သုံး ပစ္စည်း ရောင်းတဲ့ကုမ္ပဏီတစ်ခုမှာ ဖောက်သည်တွေရဲ့ အမည်၊ မွေးနေ့၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အချက်အလက်တွေကို Table တစ်ခုနဲ့ သိမ်းထားပါတယ် (Customer Table ဆိုပါစို့)။ ဖောက်သည်တွေ ပစ္စည်း မှာယူတိုင်းမှာ အမှာလက်ခံတဲ့ Table တစ်ခုလဲ ရှိပါတယ် (Order Table ဆိုပါစို့)။ Order Table ဟာ ကုမ္ပဏီ သက်တမ်းကြာတာနဲ့အမျှ အရမ်းကြီး လာတတ်လို့ Production run နေတဲ့ server မှာ ၃ - ၄ နှစ်စာပဲ ထားပြီး ကျန်တာကို သပ်သပ် သိမ်းထားလေ့ ရှိပါတယ်။
ဖြစ်ပုံက ပရိဘောဂ မ၀ယ်ဖူးသေးတဲ့ (မီးဖိုချောင်သုံး ပစ္စည်းပဲ ၀ယ်ဖူးတဲ့) ဖောက်သည်တွေကို အထူး အရောင်းမြှင့်တင်ရေး အစီအစဉ်နဲ့ ပရိဘောဂတွေ ဈေးချရောင်းမဲ့ အကြောင်း ကြော်ငြာစာ ပို့ချင်တာပါပဲ။ အဲဒါနဲ့ အောက်ပါ Query ကို ရေးပါတယ်။
SELECT cust_id, cust_name, cust_add
FROM customer_table
WHERE cust_id NOT IN (SELECT cust_id FROM order_table WHERE ord_type = ‘furniture’);
အဲဒီလို ရေးလိုက်တဲ့ Query ဟာ ၃ နာရီနီးပါး ကြာတဲ့အထိ မပြီးနိုင်လို့ စာရေးသူကို အပူကပ်ခြင်း ဖြစ်၏။ ဘာဖြစ်သနည်း အဖြေရှာသော် ...
ကုမ္ပဏီသည် ပရိဘောဂ အမှာစာ အများအပြား လက်ခံရရှိခဲ့ရာ Sub-query မှ Row အမြောက်အများကို ထုတ်ပေးလေသည်။ Row ၃ သောင်းကျော်တဲ့။ Customer Table တွင်လဲ Row အများအပြား ရှိပေလိမ့်မည်။ ယခု ဆွေးနွေးချက်တွင် Customer Table ၏ Size မှာ အရေးမကြီးပါ။ Query Optimizer သည် Sub-query မှ constant results ကို ထုတ်ပေးကြောင်း သိသဖြင့် Sub-query ကို တစ်ကြိမ်သာ Run မည်ပဲထား၊ Customer Table မှ Row တစ်ကြောင်းစီ (cust_id တစ်ခုစီ) အား Sub-query မှ ပေးသော Row ၃ သောင်းကျော်တွင် ပါ၊ မပါကို စိစစ်ရန်မှာ လွယ်ကူသော အလုပ် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တပြိုင်နက် အသုံးပြုသူ အမြောက်အများရှိတတ်သော Database Server တွင် အသုံးပြုသူတစ်ယောက် (Query တစ်ခု) အတွက် ခွဲဝေပေးသော ပင်မ မှတ်ဥာဏ် (Primary Memory or RAM) ပမာဏသည် အကန့်အသတ် ရှိသည့်အပြင် Order Table တွင် cust_id ဖြင့် index တစ်ခု မရှိနိုင်ခြင်းကြောင့် ဖြစ်သည်။
မှတ်ချက် ။ ။ စာပြန်ဖတ်ကြည့်ရာ NOT IN ဖြင့်ရေးလျှင် Sub-query ကို အကြိမ်ကြိမ် run လိမ့်မည်ဖြစ်ပြီး cust_id ဖြင့် index ရှိလဲ မသုံးဟု ဆိုသည်။ NOT EXISTS ဖြင့် ပြောင်းရေးလျှင်တော့ အဆိုပါ Index ကို သုံးကောင်း သုံးနိုင်သည်။ အကယ်၍ Order Table အတွက် cust_id ဖြင့် index တစ်ခု၊ ord_type အတွက် Index တစ်ခုရှိပါက NOT EXISTS ကို သုံးခြင်းဖြင့် အဖြေ မြန်မြန် ရနိုင်သည် ဆိုသည်။ သို့ရာတွင် Transaction Table ဖြစ်သော Order Table ၏ Primary Key မှာ Composite သော်လည်းကောင်း၊ Order Number သော်လည်းကောင်း ဖြစ်မည် ဖြစ်ပြီး မည်သည့် စိတ်မှန်သော Database Administrator မျှ ၂ နှစ်နေလို့ တစ်ခါ မလုပ်သော အရောင်းမြှင့်တင်ရေးအတွက် အဆိုပါ index များကို ဆောက်ထားမည် မဟုတ်။ Index ဆောက်ခြင်းသည် Insert နှင့် Update Query များအတွက် စွမ်းဆောင်ရည်ကို ကျဆင်းစေသည်။
သို့ဖြစ်၍ Customer Table မှ cust_id တစ်ခုစီအား Sub-query မှ ပေးသော Row ၃ သောင်းကျော်အတွင်း ပါ၊ မပါကို စိစစ်ရန် cust_id တစ်ခုစီအတွက် Sub-query အဖြေ ၃ သောင်းကျော်ကို တစ်ကြိမ်စီ ဖတ်ရမည် ဖြစ်သည်။ Sub-query အဖြေ ၃ သောင်းကျော်သည် ပင်မ မှတ်ဥာဏ်အတွင်း မဆန့်ပြန်ရာ ၄င်းတို့ကို အစိတ်စိတ်ပိုင်း၍ အရန် မှတ်ဥာဏ် (Auxiliary Memory or Disk) သို့ ရေးကာ ပြန်ပြန်ဖတ်ရမည်။ အရန် မှတ်ဥာဏ်သို့ ရေး/ဖတ် ရသည့် အလုပ်သည် နှေးကွေးသော အလုပ်ဖြစ်သဖြင့် Customer Table မှ cust_id တစ်ခုအတွက် CPU Cycle အများအပြား ကြာမြင့်မည်။ ထိုကြာသော အလုပ်ကို Customer Table အတွင်းမှ မြောက်များစွာသော Row များအတွက် အခါခါ လုပ်ရရာ ၃ နာရီ နီးပါး ကြာသော်လည်း မပြီးသည်မှာ မဆန်း။
နည်းလမ်းစဉ် သရုပ်ခွဲချက် (Algorithm Analysis) အရ Customer Table တွင် Row n ခု၊ Order Table တွင် Row m ခု၊ ပင်မ မှတ်ဥာဏ်တွင် cust_id ပေါင်း p ခု သိမ်းဆည်းထားနိုင်၍ cust_id ပေါင်း p ခုကို ပင်မ မှတ်ဥာဏ်အတွင်းသို့ ကူးယူရန် အချိန် c ကြာသည်ဆိုပါက ပင်မ မှတ်ဥာဏ်သို့ ရေးသည့် လုပ်ငန်းချည်း သက်သက် အတွက် O(nmc/p) ကြာမြင့်မည်။ Sub-query မှ Row ၃ သောင်း အဖြေရ၍ Customer Table တွင် Row ၄ သောင်း၊ p သည် ၄၀၀၀၊ c သည် ၀.၀၅ စက္ကန့် ဖြစ်ပါက ပင်မ မှတ်ဥာဏ်ပေါ်သို့ ကူးတင်သည့် ကိစ္စအတွက်ပင် ၄၀ ၀၀၀ x ၃၀ ၀၀၀၀ x ၀.၀၅ စက္ကန့် / ၄၀၀၀ = ၁၅၀၀၀ စက္ကန့် = ၄ နာရီ ၁၀ မိနစ် (ညတ်ချွာဖြား !!!) ကြာမြင့်မည်။
အဲဒါနဲ့ အောက်ပါ Query နဲ့ စမ်းကြည့်ဖို့ စာရေးသူက ပြောလိုက်ရပါတယ်။
SELECT cust_id, cust_name, cust_add
FROM customer_table
WHERE cust_id IN (SELECT cust_id FROM customer_table
MINUS
SELECT cust_id FROM order_table WHERE ord_type = ‘furniture’);
ခဏနဲ့ အဖြေရသွားပါသတဲ့။ ဘာများကွာသွားသလဲ စဉ်းစားကြည့်ရအောင်နော်။
ပထမဆုံးအချက်က Sub-query ရဲ့ Results သေးသွားပါတယ်၊ ဒုတိယအချက်ကတော့ IN က Customer Table ထဲက cust_id တစ်ခုချင်းစီအတွက် Sub-query Results ထဲမှာ တူတာ တစ်ခုတွေ့တာနဲ့ တွက်ချက်တာကို ရပ်လိုက်လို့ရပြီး (Short-circuiting လို့ ခေါ်ပါတယ်) မူလ NOT IN ကတော့ Sub-query Results ကုန်တော့မှ ရပ်လို့ရပါတယ်၊ တတိယနဲ့ နောက်ဆုံး အချက်ကတော့ MINUS က စီပြီးမှ အလုပ်လုပ်ပါတယ်။ အသေးစိတ် ရှင်းပြမယ်နော်။
အပေါ်က ဥပမာအတိုင်းဆိုလျှင် Sub-query မှ ပထမ SELECT Statement ရဲ့ အဖြေဟာ Row ၄ သောင်းရှိပြီး ဒုတိယ SELECT Statement ရဲ့ အဖြေဟာ Row ၃ သောင်း ရှိပါတယ်။ Referential Integrity Enforcement အရ Order Table ထဲက cust_id တွေရဲ့ အစုဟာ Customer Table ထဲက cust_id တွေရဲ့ အစုရဲ့ အစုပိုင်း ဖြစ်တာမို့ Sub-query ရဲ့ အဖြေက Row ၁ သောင်းသာ ရှိတော့မှာပေါ့။ ဒါကြောင့် ပင်မ မှတ်ဥာဏ်ထဲကို ရေးရသည့် အချိန်ဟာလဲ ၄၀ ၀၀၀ x ၁၀ ၀၀၀ x ၀.၀၅ စက္ကန့် / ၄၀၀၀ = ၅၀၀၀ စက္ကန့် = ၁ နာရီ ၂၄ မိနစ်အောက်သာ ရှိတော့မှာပေါ့။ အစ်မတော်ရဲ့ ပြဿနာကတော့ အရေအတွက် ကွာတာမို့ မိနစ်ပိုင်းနဲ့ အဖြေရပါသတဲ့၊ ကောင်းလေစွ။
Customer Table ထဲက cust_id တစ်ခုချင်းစီအတွက် ပင်မ မှတ်ဥာဏ်ထဲကို Sub-query Results ရေးထည့်ပြီး တူတာရှိ၊ မရှိ တိုက်ကြည့်ရပါတယ်။ IN ရဲ့ သဘော၊ သဘာဝက တူတာ တစ်ခု တွေ့တာနဲ့ စစ်တာကို ရပ်လိုက်လို့ရပါတယ်။ ပင်မ မှတ်ဥာဏ်ထဲ Sub-query Results အားလုံးကို တချိန်ထဲ ထည့်ထားလို့ မရတဲ့အတွက် p ခုစီ အခါခါထည့်ပြီး စစ်နေရာမှာ (p က ၄၀၀၀ ဆိုရင် Sub-query Results ၁ သောင်းကို Disk ထဲကနေ RAM ပေါ်ကို ၃ ခါခွဲပြီး ကူးတင်ရပါမယ်။) ရှာတွေ့သွားရင် အဲဒီ cust_id အတွက် ဆက်ထည့်ပေးဖို့ မလိုတော့ပါဘူး (ဥပမာ ပထမ ၄၀၀၀ ထဲမှာ ရှာတွေ့သွားရင် ကျန်တဲ့ ၆၀၀၀ ကို RAM ပေါ်ကို ကူးတင်ပေးစရာ မလိုတော့ပါဘူး၊ ၂ ခါသက်သာသွားပြီ)။ ဒါ့အပြင် နောက် cust_id တစ်ခုအတွက်လဲ လက်ရှိ ထည့်ထားတဲ့ ၄၀၀၀ နဲ့ ဆက်အလုပ်လုပ်နိုင်ပါသေးတယ် (၃ ခါ သက်သာသွားပြီ၊ တခါကို ၀.၀၅ စက္ကန့်ဆိုတော့ ၀.၁၅ စက္ကန့်သက်သာသွားပြီ)။ NOT IN မှာကတော့ အစအဆုံး တိုက်ရတဲ့အတွက် ဒီလိုလုပ်လို့ မရပါဘူး။
A MINUS B ကို တွက်တဲ့အခါမှာ Oracle Database Server က A ကို စီ၊ B ကို စီပြီးမှ Sorted File Merging နဲ့တူတဲ့ နည်းလမ်းစဉ်ကို အသုံးပြု တွက်ချက်တာမို့ စာရေးသူတင်ပြတဲ့ Sub-query ရဲ့ အချိန်အားဖြင့် ခက်ခဲမှု (Time Complexity) ဟာ O(nlog(n) + mlog(m) + m + n) ပဲ ရှိပါတယ်။ (m နှင့် n သည် Customer Table ရဲ့ Size နှင့် Order Table မှ မတူညီသော cust_id အရေအတွက်တို့ အသီးသီး ဖြစ်သည်။) ဒါပေမဲ့ Customer Table မှာ cust_id ဟာ primary key ဖြစ်လို့ သူ့ Index ကို သုံးမယ်ဆိုရင် O(mlog(m) + m + n) ပဲ ကျန်ပါလိမ့်မယ်။ Cache ရှိမယ်ဆိုရင်တော့ Sub-query ရဲ့ ကုန်ကျစရိတ်ဟာ မရှိသလောက် နည်းသွားမှာ ဖြစ်ပါတယ်။
မှတ်ချက် ။ ။ NOT EXISTS ကို အသုံးပြုရေးသားလျှင်ကား Customer Table မှ cust_id တစ်ခုစီအတွက် Sub-query တစ်မျိုးစီ တွက်ထုတ်မည် ဖြစ်သည်။ သို့ရာတွင် Order Table တွင် cust_id ဖြင့် index မရှိနိုင်ရာ Short-circuiting သုံးနိုင်သော်လည်း Order Table ကို full table scan လုပ်ရမှာပဲ ဖြစ်သည်။ ထိုသို့ဆိုလျှင် စာရေးသူ တင်ပြသော နည်းလမ်းနှင့် ကြာချိန်တူတူလောက်ပဲ ဖြစ်မည်။ သို့ရာတွင် Database Server များတွင် Query Results များကို Cache လုပ်ထားတတ်ရာ cust_id တစ်ခုစီအတွက် Sub-query တစ်မျိုးစီ တွက်ထုတ်နေသာ နည်းလမ်းသည် အမြဲ Cache Miss ဖြစ်နေပြီး Sub-query တစ်မျိုးတည်းသာရှိသော စာရေးသူ တင်ပြသည့် နည်းလမ်းမှာကား Cache ကို အကျိုးရှိစွာ အသုံးချနိုင်သဖြင့် စာရေးသူ တင်ပြသော နည်းလမ်းက ပိုမိုကောင်းမွန်သည်ဟု ဆိုနိုင်သည်။
Database နည်းပညာဟာ အလုပ်လုပ်ပုံ အသေးစိတ်ကို သုံးစွဲသူ ခေါင်းမရှုပ်ရအောင် ၀ှက်ထားပေးတယ်ဆိုပေမဲ့ တခါတလေမှာ သူ့ရဲ့ Statistics နဲ့ Query Optimizer Algorithm ဟာ သုံးစွဲသူရဲ့ Knowledge ကို မယှဉ်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ရဲ့ Query ကို Execute ရာမှာ လိုတာထက် ပိုကြာနေပြီဆိုရင် သင့်အနေနဲ့ ၀င်ပါရတော့မှာ ဖြစ်ပါတယ်။ System Level Optimization, DBA Level Optimization စတာတွေကို အသုံးပြုသူတိုင်း ဆောင်ရွက်ခွင့် မရကြပါဘူး။ အဲဒီအခါမျိုးမှာ Query Optimizer ရဲ့ Query Plan Formulation Logic နဲ့ အခြေခံ နည်းလမ်းစဉ် သရုပ်ခွဲပညာတို့နဲ့ ယဉ်ပါးတဲ့ သုံးစွဲသူများအနေနဲ့ အထက်ဖော်ပြပါကဲ့သို့ SQL Statement Level Optimization များကို ဆောင်ရွက်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။
http://download.oracle.com/docs/html/A86647_01/vmqtune.htm#1004143 ကိုမှီငြမ်းပါသည်။
Sunday, October 11, 2009
ဥာဏ်စမ်းပဟေဠိများကို ကွန်ပျူတာ အသုံးပြု ဖြေရှင်းခြင်း
သင်္ချာဥာဏ်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိ၊ စကားအသွားအလာနှင့် ဘာသာစကားလှည့်ကွက်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိနှင့် အကြားအမြင် ဗဟုသုတ အပေါ်တွင် အခြေခံသည့် ဥာဏ်စမ်းပဟေဠိစသည်ဖြင့် ဥာဏ်စမ်းပဟေဠိ အမျိုးမျိုး ရှိရာ အချို့သော ပဟေဠိများသည် ထည့်သွင်း စဉ်းစားရမည့် ဖြစ်နိုင်သော အဖြေ အရေအတွက် အတိုင်းအဆမရှိ များပြားမှုအပေါ်တွင် အခြေခံလေသည်။ ရှေးက လူအားဖြင့်သာ ဥာဏ်စမ်းပဟေဠိများကို အဖြေထုတ်ခဲ့ကြရာတွင် ဖြစ်နိုင်သော အဖြေ အလွန်များပြားသော ပဟေဠိများမှာ အဖြေကို ကြိုတင် မသိသူ ဖြေဆိုသူတို့ လက်မြှောက်အရှုံးပေးရသည်သာ များသော်လည်း ယနေ့ကွန်ပျူတာခေတ်တွင်မူ ၄င်းတို့ကို အလွယ်တကူ အဖြေထုတ်နိုင်ပြီ ဖြစ်သည်။ ယခုဆောင်းပါးတွင် ၄င်းပဟေဠိ ၂ ပုဒ်ကို ကွန်ပျူတာ အသုံးပြု ဖြေရှင်းပုံကို ဖော်ပြမည်ဖြစ်သည်။
ပထမ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ လယ်သမားတစ်ယောက်သည် သူ၏ခြံတွင် မွေးမြူရန်အတွက် နွား၊ ၀က်နှင့် ကြက် စုစုပေါင်း အကောင် ၁၀၀ ၀ယ်လိုသည်။ ပိုက်ဆံလဲ ၁၀၀ ကျပ်သာရှိသည်။ ၃ မျိုးလုံးလဲ မွေးလိုသေးသည်။ နွားတစ်ကောင် ၁၀ ကျပ်၊ ၀က်တစ်ကောင် ၃ ကျပ်နှင့် ကြက်တစ်ကောင် ၅ မူး (၀.၅၀ ကျပ်) ဖြစ်သော် အကောင် ၁၀၀ ရအောင် ငွေ ၁၀၀ နှင့် ဘယ်လို ၀ယ်မည်နည်း။ တနည်းအားဖြင့် မသိကိန်း ၃ လုံးပါ၊ တပြိုင်နက် ညီမျှခြင်း ၂ ကြောင်း ပုစ္ဆာဖြစ်သည်။ သီဝရီအရ အဖြေ မရှိ၊ တစ်ခုတည်းသာ၊ အများအပြား ရှိနိုင်သော ပုစ္ဆာအမျိုးအစားလဲ ဖြစ်သည်။ တပြိုင်နက် ညီမျှခြင်း အများအပြားပါ တပြိုင်နက် ညီမျှခြင်း စနစ် (System of Linear Equations) တစ်ခုကို မက်ထရစ် ညီမျှခြင်း တစ်ကြောင်းဖြင့် ဖေါ်ပြနိုင်ရာ လှန်မက်ထရစ်ယောင် (Pseudo Inverse) ကိုအသုံးပြုပြီး ဖြစ်နိုင်သည့် အဖြေများကို အလွယ်တကူ တွက်ထုတ်နိုင်ပါသည်။
၎င်း သင်္ချာနည်း၏ အားနည်းချက်မှာ ၄င်းနည်းစနစ်သည် ကိန်းစစ် မြှောက်ဖော်ကိန်း (Real Number Coefficients) များအတွက် နည်းစနစ် ဖြစ်နေသဖြင့် ကိန်းစစ် အဖြေတွဲ အများအပြား ထွက်လာနိုင်ခြင်းပင် ဖြစ်သည်။ (Matlab မရှိသဖြင့် စာရေးသူ မစမ်းကြည့်ပါ။) မွေးရန် ၀ယ်သော နွား၊ ၀က်၊ ကြက်တို့ကို တ၀က်၊ တစိတ် စသဖြင့် ၀ယ်မရနိုင်ပါ (တ၀က်ဝက်ရင် သေကုန်မှာပေါ့)။ တနည်းအားဖြင့် အဖြေသည် အပေါင်း ကိန်းပြည့် ၃ ခု ဖြစ်ရမည်။ ပေါင်းလျှင် ၁၀၀ ရသော အပေါင်းကိန်းပြည့် များစွာရှိရာ ကွန်ပျူတာ အကူအညီမယူသော သင်္ချာသီးသန့်သမားတို့အတွက် ခက်ခဲသော ပုစ္ဆာဖြစ်သည်။ ကွန်ပျူတာ ပညာရှင် တစ်ဦးသည် ဤပုစ္ဆာကို မျက်ကန်းနည်း (Brute Force Method) အသုံးပြုခြင်းဖြင့် အလွယ်တကူ ဖြေရှင်းနိုင်သည်။ နွား အရေအတွက် အမျိုးမျိုး၊ ၀က်အရေအတွက် အမျိုးမျိုးနှင့် ကြက်အရေအတွက် အမျိုးမျိုးတို့အတွက် အစီအစဉ်ငယ်တစ်ခုကို လျှင်မြန်စွာရေးသားပြီး ၄င်းတို့ ပေါင်းလဒ်၊ ၄င်းတို့၏ ကျသင့်ငွေ တို့ကို တွက်ချက်ကာ နှစ်ခုလုံး ၁၀၀ ဖြစ်သော အဖြေကို ထုတ်ပေးရုံသာဖြစ်သည်။ (အဖြေမှာ နွား ၅၊ ၀က် ၁၊ ကြက် ၉၄ ဖြစ်သည်။)
မှတ်ချက် ။ ။ ယခု ပုစ္ဆာသာလျှင် လွယ်ကူခြင်း ဖြစ်သည်။ ကိန်းပြည့် မသိကိန်း အများအပြားနှင့် ညီမျှခြင်း အရေအတွက် အနည်းငယ် (ညီမျှခြင်း အရေအတွက်က မသိကိန်းအရေအတွက်ထက် ပိုနည်းနေသော) ပုစ္ဆာပုံစံကွဲတစ်ခုကို စစ်ဆင်ရေး သုတေသန (Operation Research) ဘာသာရပ်တွင် Integer Linear Programming (ILP) အမည်နှင့်တွေ့ရပြီး ခက်ခဲသော ပုစ္ဆာဖြစ်သည်။
ဒုတိယ ပုစ္ဆာတွင်မူကား မျက်ကန်းနည်း အသုံးပြုရန် အဆင်မပြေတော့ပေ။ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံး (တစ်လုံးကို တစ်ကြိမ်စီသာပါဝင်သော) သန်းရာဂဏန်းရှိ ကိန်းတစ်လုံးသည် ၉ နှင့် စားလို့ ပြတ်သည်။ အဆိုပါ ကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်လိုက်သော ဂဏန်း ၈ လုံးပါ ကိန်း (၁၀ နှင့်စားလျှင် ရသော ရလဒ်) သည် ၈ နှင့် စားလို့ ပြတ်သည်။ တဖန် ထိုကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်ပါက ကျန်သော ကိန်းသည် ၇ နှင့် စားလို့ ပြတ်သည်။ နောက်ဆုံး ၁ လုံးသာ ကျန်သည်အထိ ဤနည်းအတိုင်း တစ်လုံးဖယ်တိုင်း ကျန်သော ဂဏန်းအရေအတွက်နှင့် စားလို့ ပြတ်ရသည်။ တနည်းအားဖြင့် ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သည်။ ထိုကိန်းကို ရှာပါ။ မျက်ကန်းနည်းနှင့် တွက်လျှင် သန်းတစ်ရာ (၁၀၀ ၀၀၀ ၀၀၀) မှ ကိုးရာ ကိုးဆယ့် ကိုးသန်း ကိုးသိန်း ကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုး (၉၉၉ ၉၉၉ ၉၉၉) အထိ ကိန်းပေါင်း သန်း ၉၀၀ နီးပါးကို ၁ မှ ၉ အထိ ကိန်းများဖြင့် စားလို့ ပြတ်မပြတ် တွက်ထုတ် (ဂဏန်းများ ထပ်နေမနေ စစ်) ရမည် ဖြစ်သဖြင့် သိပ်အဆင်မပြေသော နည်းဖြစ်သည်။ (၁ မှ ၉ အထိ စားပြတ်မပြတ် တစ်ခါတွက်လျှင် ၁ စက္ကန့်၏ တစ်သန်းပုံ တစ်ပုံသာ ကြာသည်ထား … အနည်းဆုံး စက္ကန့် ၉၀၀ = ၁၅ မိနစ်မျှ ကြာသွားနိုင်သည်။ မစမ်းကြည့်ပါ။)
အမှန်မှာ ၄င်းသည် ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ၉ နေရာတွင် စီခိုင်းသော (စီပြီးလျှင် စစ်ခိုင်းသော) အစီ ပုစ္ဆာ (Permutation Problem) သာဖြစ်သည်။ အစီ ပုံသေနည်းအရ ဖြစ်နိုင်သည့် ကိန်းပေါင်း ၉ x ၈ x … x ၁ = ၃၆၂၈၈၀ သာ ရှိသည်။ အကယ်၍ ကုန်ကျစရိတ်နည်းသော အစီ နည်းလမ်းစဉ်သာ ရှိခဲ့လျှင် ပွဲပြတ်ပြီ ဖြစ်သည်။ (ကံဆိုးသည်မှာ အထူးတည်ဆောက်ထားသော ကွန်ပျူတာများမှ အပ မရှိ။) သို့ရာတွင် ၁၅ မိနစ်ထက်တော့ မြန်မည်မှာ သေချာပါသည်။ (မစမ်းကြည့်ပါ။) ၂ နည်းစလုံးသည် လူအားဖြင့် တွက်ထုတ်ရန် မဖြစ်နိုင်သည်မှာကား သေချာပေသည်။
အဆိုပါ ပုစ္ဆာကို ပြင်ပ သင်္ချာဗဟုသုတများဖြင့် အားဖြည့်ကာ ပိုမိုကောင်းမွန်သော အစီအစဉ် တစ်ရပ်ကို ဆွဲသားနိုင်ပါသည်။ အသုံးပြုသော သင်္ချာနည်းစနစ်မှာ ကိန်းတစ်လုံးကို ၁ မှ ၉ အထိ ဂဏန်းများနှင့် စားလျှင် ရမည့် စားကြွင်းကို ရှာသော နည်းလမ်းများဖြစ်သည်။ အစီအစဉ် မဆွဲမီ ဖြစ်နိုင်သော ကိန်းများကို အောက်ပါအတိုင်း ဆင်ခြင်သည်။ (x နေရာ = အဖြေကိန်းကို ဘယ်ဘက်မှ ရေတွက်လျှင် x နေရာ)
- ကိန်းတစ်လုံးကို ၉ နှင့် စားပြတ်၊ မပြတ် သိရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများပေါင်းလဒ်ကို ၉ ဖြင့် စားကြည့်နိုင်သည် (သို့မဟုတ် ပေါင်းနေရင်း ၉ ပြည့်လျှင် ဖယ်ဖယ်ထားခဲ့နိုင်သည်။) ပါဝင်ရမည့် ဂဏန်းများမှာ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးဖြစ်သည်။ ၁ + ၈ = ၂ + ၇ = ၃ + ၆ = ၄+ ၅ = ၉ ဖြစ်ရာ … ၁ မှ ၉ အထိ ဂဏန်းအားလုံး (တစ်လုံးကို တစ်ကြိမ်စီသာ ပါဝင်သော) ကိန်းသည် ၉ နှင့် အလိုအလျောက် စားလို့ ပြတ်သည်။ ထည့်သွင်းစဉ်းစားရန်မလို။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ရှေ့ ၈ နေရာတွင်သာ နေရာချ စမ်းသပ်ကြည့်ပြီး ပြေလည်ပါက ကျန်ခဲ့သော တစ်လုံးဖြင့် ၉ နေရာကို အလွယ်တကူ ဖြည့်နိုင်သည်။
- ကိန်းတစ်လုံးကို ၂ (၄ နှင့် ၈) တို့နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် ညာဘက်ဆုံး ၁ လုံး (၂ လုံးနှင့် ၃ လုံး) သည် ၂ (၄ နှင့် ၈) ဖြင့် စား၍ ပြတ်ရသည်။ ထို့ကြောင့် ၂ နေရာတွင် စုံကိန်းတစ်လုံး (၃၄ နေရာတွင် ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း တစ်လုံး၊ ၆၇၈ နေရာတွင် ၈ နှင့် စားပြတ်သော ရာဂဏန်း တစ်လုံး) ကို ဖြည့်သွင်းရမည်။
- ကိန်းတစ်လုံးကို ၃ နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများ ပေါင်းလဒ်ကို ၃ ဖြင့် စားကြည့်နိုင်သည်။ ၄င်းကို အခြေခံ၍ ၂ နေရာရှိ ဂဏန်းနှင့် ၃ နေရာရှိဂဏန်းတို့ကို အခြေခံ၍ ၁ နေရာရှိ ဂဏန်းကို တွက်ချက်နိုင်သည်။၂ နေရာတွင် စုံကိန်းတစ်လုံး သေချာပေါက်ရှိပြီး ၃၄ နေရာတွင် ၄ နှင့် စားပြတ်သော ဆယ်ဂဏန်း တစ်လုံး သေချာပေါက် ရှိမည်ဖြစ်သဖြင့် ၁၂၃၄ နေရာရှိ ဂဏန်းများ ဖြစ်နိုင်ခြေသည် ၉ x ၈ x ၇ x ၆ = ၃၀၂၄ မှ ၃ × သုညမဟုတ်သော ၁၀ အောက် စုံကိန်း (၂၊ ၄၊ ၆၊ ၈) အရေအတွက် x ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း အရေအတွက် (၃ × ၄ x ၂၂ = ၂၆၄) သို့ကျဆင်းသွားမည်။ (စာရေးသူ စမ်းသပ်ရာတွင် ဤနည်းကို မသုံးပဲ ကိန်း ၉၉၀ လုံးကို ၃ နှင့်စားပြတ်၊ မပြတ် စစ်ထားပါသည်။)
- ကိန်းတစ်လုံးကို ၅ နှင့် စားပြတ်ရန် အဆိုပါကိန်းသည် ၀ (သုည) သို့မဟုတ် ၅ နှင့် ဆုံးရမည်ဖြစ်သည်။ ၀ (သုည) ကို ပုစ္ဆာအရ သုံးခွင့်မရှိသဖြင့် ၅ နေရာတွင် ရှိမည့် ဂဏန်းမှာ ၅ သာလျှင် ဖြစ်သည်။
အထက်ဖော်ပြပါ ထိုးထွင်းသိများဖြင့် အစီအစဉ်တစ်ရပ်ကို အမြန် ဆွဲသား တွက်ချက်ခဲ့ရာ ဂဏန်းတွဲ အရေအတွက် ၂၄၁၉၂၀ ကိုသာ စိစစ်ခဲ့ပြီး (၃၆၂၈၈၀ နှင့်နှိုင်းစာလျှင် ၃ ပုံ ၂ ပုံခန့်) ၆ နေရာ၊ ၇ နေရာတို့တွင် ၀ (သုည) ပါဝင်နိုင်ပြီး ဂဏန်း တစ်မျိုးစီကို တစ်ကြိမ်ထက် ပိုမိုပါဝင်နိုင်သော်လည်း ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သော ကိန်း ၄၆၃ လုံးကို ရရှိခဲ့သည်။ ၄င်းတို့ကို ပါဝင်သော ဂဏန်းများ ၀ (သုည) ဖြစ်၊ မဖြစ်နှင့် ထပ်၊ မထပ် စစ်ဆေး စစ်ထုတ်ခြင်းဖြင့် အဖြေကို ရလေတော့သည်။ (အဖြေမှာ ၃၈၁ ၆၅၄ ၇၂၉ ဖြစ်သည်။)
ရွှေပွဲလာအပေါင်း ဖြစ်နိုင်ခြေ ထောင်သောင်းချီသည့် ပုစ္ဆာများကို အလွယ်တကူ အဖြေထုတ်နိုင်ကြပါစေ။
Sunday, August 9, 2009
Quick Sort ကို အသုံးပြုပြီး Sorting စီခြင်း
လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။
ကွန်ပျူတာ သိပ္ပံ (Computer Science) လေ့လာသူတွေနဲ့ သတင်းနည်းပညာ (IT) လေ့လာသူတွေအတွက် အစီအစဉ်ဆွဲနည်း (Programming) သင်ခန်းစာတွေမှာ မပါမဖြစ်ကတော့ အချက်အလက်များကို စီခြင်း (Sorting) အစီအစဉ်ပါပဲ။ Sorting စီတဲ့ နည်းလမ်းစဉ် (Algorithm) အမျိုးပေါင်း မြောက်များစွာ ရှိတဲ့အထဲက Bubble Sort, Counting Sort, Insertion Sort, Selection Sort နဲ့ Quick Sort တို့ဟာ ထင်ရှားပါတယ်။ (စာရေးသူ အကြိုက်ဆုံးကတော့ Selection Sort ဖြစ်ပြီး အကြောင်းရင်းကတော့ နားလည်ရလွယ်လွန်းလို့ ဖြစ်ပါတယ်။) ဒါပေမဲ့ လက်တွေ့ဘ၀မှာ အသုံးဝင်တာကတော့ နားလည်ရခက်၊ ရေးရတာ လက်ဝင်တဲ့ Quick Sort လေ။ ရေးလိုက်ကြတဲ့ အစီအစဉ်တွေတိုင်းမှာ စီစရာ (object, data type) တစ်မျိုး ပေါ်လာတိုင်း Quick Sort ကို တစ်ခါ ထထ ရေးရမယ် ဆိုတာကတော့ လွန်လွန်းပါတယ်။ ဒါကြောင့် C/C++ စံသတ်မှတ်ချက်မှာ Array အားလုံးကို စီနိုင်ဖို့ qsort ဆိုတဲ့ function ပါနေတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဲဒီ qsort ကို အသုံးပြုနည်းကို ရေးသားပေးမှာ ဖြစ်ပါတယ်။
qsort ရဲ့ သတ်မှတ်ချက်မှာ အစီအစဉ်ရေးသားသူ (programmer) ဒါမှမဟုတ် ကုဒ်ဒါကို ခြိမ်းခြောက်နေတာကတော့ pointer တွေပါပဲ။ ရိုးရိုး Data Pointer တွေတင်မကပဲ Function Pointer ကြီးပါ ပါနေတော့ Pointer ဆိုရင် ကျောစိမ့်နေကြလူတွေ လန့်ကုန်တာ မဆန်းပါဘူး။ ဒါပေမဲ့ အကျောသိရင် လွယ်လွယ်ကလေးပါ။ qsort ရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်ကို အရင်ကြည့်ရအောင်နော်။
void qsort ( void * base, size_t num, size_t size, int ( * comparator ) ( const void *, const void * ) );
ပထမဆုံး return type ကတော့ ဒီ function ဟာ return မပြန်ပါဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ပေးလိုက်တဲ့ array ကို စီပဲ စီပေးမယ်။ ဘာ ဂဏန်းမှ တွက်ပြီး အဖြေမထုတ်ပေးပါဘူးပေါ့။
ပထမဆုံး parameter က စီရမဲ့ array ရဲ့ ပထမဆုံးအကွက်ရဲ့ လိပ်စာ (address) ပါ။ အများကြောက်တဲ့ pointer ပေါ့။ Array အားလုံးဟာ Fix Pointer တွေ ဖြစ်တဲ့အတွက် စိတ်ချလက်ချပဲ array name ကို ဖြည့်လိုက်လို့ရပါတယ်။
ဒုတိယ parameter ကတော့ Array ရဲ့ အရွယ်အစား (size) ဖြစ်ပါတယ်။ C/C++ မှာ Array ရဲ့ size ကို compile-time/run-time check မလုပ်ပဲ ကုဒ်ဒါကပဲ အမြဲ ကိုင်တွယ် ကြီးကြပ်ရတာမို့ ဒါကို ထည့်ပေးရတာပါ။ နို့မို့ရင် ဘယ်နှခု စီရမလဲ မသိပဲ ဖြစ်နေမယ်လေ။ ကိုယ့် Array မှာ Element ၁၀ ခုပါရင် 10 လို့ထည့်ပေါ့။ Variable တစ်ခုခု ထည့်လို့လဲ ရပါတယ်။
တတိယ parameter ကတော့ စီချင်တဲ့ Array Element တစ်ခုချင်းရဲ့ အရွယ်အစားပေါ့။ အဲဒါမှ အဲဒီ မှတ်ဥာဏ်တုံးကြီး (memory block) တွေကို ရွှေ့လို့ရမယ်လေ။ ဒါလဲ မခက်ပါဘူး။ sizeof(element) လို့ ပေးလိုက်ရင်ရပါတယ်။
စတုတ္ထနဲ့ နောက်ဆုံး parameter ကတော့ နည်းနည်း ရှင်းပြရ လက်ဝင်ပါတယ်။ ဒါဟာ Function Pointer ကြီးဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ Element တွေကို နှိုင်းယှဉ်ချင်ရင် ဒီ Function နဲ့ တွက်ဆိုပြီး ပြောရတဲ့ သဘောပါ။ (နောက်တမျိုးပြောရရင် အဲဒီ Function ကြီးကို qsort ကနေ လှမ်းခေါ်မှာ ဖြစ်ပါတယ်။ အဲဒီ Function ကြီးက qsort ဆီကို ရှေ့ကကောင်က ငယ်ရင် အနှုတ်ကိန်း၊ တူရင် သုည၊ ကြီးရင် အပေါင်းကိန်း တစ်ခုခု return ပြန်ရပါမယ်။) အဲဒီ Function ကြီးရဲ့ ပုံစံကလဲ
int function_name(const void* a, const void* b);
ပဲဖြစ်ရပါမယ်။ ပိုနားလည်လွယ်အောင် ဥပမာလေးနဲ့ ကြည့်ရအောင်နော်။
ဥပမာ ၀န်ထမ်းတွေကို လစာ အများဆုံးကနေ အနည်းဆုံးကို စီပြီးသား အစီရင်ခံစာထုတ်ပေးတဲ့ အစီအစဉ်ကို လိုချင်တယ်။ တကယ်လို့ လစာတူနေရင် လုပ်သက်ရင့်တဲ့လူကို ရှေ့မှာ ထားချင်တယ် ဆိုပါစို့။ ဒါဆိုရင် ၀န်ထမ်းတွေရဲ့ အချက်အလက်တွေကို သိမ်းဖို့ class တစ်ခု ဆောက်ရပါမယ်။
class employee{
int experience; //in year
float salary; //in kyat
/* Blar Blar Blar */
public:
bool operator < (employee &e) {
If(this->salary == e.salary) return (this->experience < e.experience);
else return (this->salary < e.salary);
}
void my_emp_function(void) { }
/* More Blar Blar Blar */
};
ပေါ့။ အဲဒီ Class မှာ လစာရယ်၊ လုပ်သက်ရယ်က Private Member တွေ ဖြစ်ပြီးတော့ အပြင်ကနေ ၀န်ထမ်းတွေကို နှိုင်းယှဉ်နိုင်ဖို့ operator '<' ကို overload လုပ်ထားတဲ့ Function တစ်ခုပါပါတယ်။ ဒါပေမဲ့ qsort ထဲကို အဲဒီ function ကို ထည့်လိုက်လို့မရတဲ့အတွက် (qsort က လိုချင်တဲ့ ပုံစံနဲ့ operator '<' ရဲ့ ပုံစံ Syntax မတူတဲ့အတွက်) qsort အတွက် Function ကို ဒီလိုရေးရပါမယ်။
int employee_comparer(const void* a, const void* b) {
employee *temp_e = (employee*) a; //type cast from void*
employee *temp_f = (employee*) b; //to employee*
if((*temp_e) < (*temp_f)) return -1;
else return 1;
}
ရေးထားတဲ့ Function ရဲ့ ပထမ ၂ ကြောင်းကတော့ ဘာ type information မှမပါပဲ qsort က ရမ်းသန်းမှန်းသန်း ပို့လွှတ်လိုက်တဲ့ Pointer ၂ ခုကို employee Pointer ဖြစ်အောင် ပြောင်းယူတာပါ။ အဲဒီမှာ တချက်သတိထားဖို့က အဲဒီလို ပြောင်းယူပြီးတာတောင် temp_e နဲ့ temp_f က Pointer ပဲ ရှိပါသေးတယ်။ ဒါကြောင့် သူတို့ကို သုံးတဲ့အခါမှာ Data of လို့ အဓိပ္ပါယ်ရတဲ့ '*' လေးကို အမြဲထည့်ရပါမယ်။ (တကယ်လို့ သူတို့ထဲက function တွေ ခေါ်မယ်ဆိုရင်လဲ operator '.' ကို မသုံးပဲ operator '->' ကို ဒီလိုလေး temp_e->my_emp_function() ဆိုပြီးတော့ သုံးပေးရပါမယ်။) အဲဒီ '*' လေးကို ထည့်ပြီး operator '>' နဲ့ နှိုင်းယှဉ်လို့ရလာတဲ့ အဖြေပေါ်မူတည်ပြီး -1 သို့မဟုတ် +1 ကို qsort အတွက် return ပြန်ပေးလိုက်ရပါမယ်။
ဒီ Function လေးရေးလို့ အချိုးပြေသွားပြီဆိုရင်တော့ qsort ကို စိတ်အေးချမ်းသာ အသုံးပြုနိုင်ပါပြီ။ (employee ရဲ့ private member တွေကို accessor method တွေကနေတဆင့် ခေါ်ထားတာ သတိပြုပါ။ တကယ်တမ်း ရေးတဲ့အခါကျတော့ သတိလက်လွတ် ဒီတိုင်း ရေးမိတတ်ပါတယ်။ အဲဒီလိုရေးချင်ရင်တော့လဲ friend လုပ်လိုက်ပေါ့ဗျာ၊ နော။) အောက်မှာက main Function ပါ။
/* preprocessor Yada Yada Yada */
void main(void)
{
employee myEmployeeArray[NUM_OF_EMPLOYEE];
/* input data into myEmployeeArray */
qsort(myEmployeeArray, NUM_OF_EMPLOYEE, sizeof(employee), employee_comparer);
/* output sorted myEmployeeArray */
}
qsort ကို လွယ်လွယ်ခေါ်ပြီး ကုဒ်ဒါအပေါင်း သက်သာကြပါစေကြောင်း …
Wednesday, July 15, 2009
မြန်မာစာစနစ်များ၏ နောက်ခံကား
ယခုအခါ ကွန်ပျူတာသုံး မြန်မာစာ စနစ်အမျိုးမျိုး ပေါ်ထွန်းလျှက် ရှိသည်။ ၄င်းစနစ်အသီးသီး၏ ပေါ်ပေါက်လာရခြင်း အကြောင်းရင်းနှင့် သဘောသဘာဝများမှာ တခုနှင့် တခု မတူညီပဲ ကွဲပြားလျှက်ရှိသည်။ Unicode 5.1 တွင် မြန်မာအက္ခရာများ၏ နေရာသတ်မှတ်ချက် တည်ငြိမ်လာပြီဖြစ်ရာ အချက်အလက်များ မျှဝေနိုင်ရန်၊ မြန်မာဘာသာဖြင့် ရေးသားထားသောစာများကို အက္ခရာဝလိစီရန်နှင့် ရှာဖွေနိုင်ရန် ၄င်းနေရာသတ်မှတ်ချက်များအတိုင်း ပြောင်းလဲ သုံးစွဲသင့်ပြီဖြစ်သည်။ လက်ရှိစနစ်များ၏ နောက်ခံကားကို နားလည်သဘောပေါက်မှ ၄င်းစနစ်များအား အသုံးပြုလျှက်ရှိသူတို့ကို Unicode အဆင့်မီစနစ်များသို့ ချောချောမွေ့မွေ့ ပြောင်းလဲနိုင်စေမည်ဖြစ်ရာ ဤစာတမ်းငယ်တွင် လက်ရှိ မြန်မာစာစနစ်များ၏ သဘောသဘာဝကို Information Systems Practitioner တစ်ဦး၏အမြင်မှ ဆွေးနွေးတင်ပြမည် ဖြစ်သည်။
နိဒါန်း
ယခုအခါ ကွန်ပျူတာကို အသုံးပြုရာတွင် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်စသော အနောက်တိုင်း ဘာသာစကားများသာမကပဲ တရုတ်၊ ကိုရီးယား၊ ဂျပန် စသော အရှေ့တိုင်း ဘာသာစကားများဖြင့်လဲ လွယ်ကူစွာ အသုံးပြုနိုင်ကြပြီ ဖြစ်သည်။ ဤကဲ့သို့ မိခင်ဘာသာစကားများဖြင့် ကွန်ပျူတာကို အသုံးပြုနိုင်ရခြင်းမှာ ဘာသာစကားအများအပြား၏ အက္ခရာများကို code-range တစ်ခုအတွင်းတွင် နေရာချထားပေးသော Unicode ခေါ် စံနှုန်းတစ်ရပ်ကို အများသဘောတူ သတ်မှတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ အဆိုပါ စံနှုန်းအတွင်းတွင် မြန်မာအက္ခရာများအတွက် code-range ကို သတ်မှတ်နိုင်ခဲ့သော်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် အသေးစိတ် အကောင်အထည်ဖော်မည့် ပုံစံကို အတည်မပြုနိုင်သေးပဲ ရှိခဲ့သည်။
ယခုအခါ မြန်မာစာ Unicode စနစ်သည် တည်ငြိမ်စ ပြုလာပြီဖြစ်ပြီး ဇော်ဂျီ မြန်မာစာ စနစ်မှာ အခြားဘာသာစကားများနှင့် ယှဉ်တွဲ သုံးစွဲနိုင်သည့် Unicode အစစ်မဟုတ်သော်လည်း အများသုံး (de facto) စံနှုန်းတစ်ရပ် အဖြစ် ရပ်တည်လျှက်ရှိသည်။ ယခင်က သုံးစွဲခဲ့သော ASCII (truetype) font များနှင့် Burglish သုံးစွဲမှုများလဲ ယနေ့တိုင် ရပ်တည်လျှက်ရှိသည်ကို တွေ့ရှိရသည်။ ဤစာတမ်းတွင် 8 bit font များနှင့် burglish အကြောင်းကို ရှေးဦးစွာတင်ပြပြီး အများသုံးဖြစ်သည့် ဇော်ဂျီစနစ်အကြောင်းကို ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။ ထို့နောက် Unicode 5.1 အဆင့်မီစနစ်များအကြောင်းနှင့် ၄င်းတို့ကို အဘယ်ကြောင့် ရွေးချယ်သင့်သည်ကို ရှင်းလင်းရေးသားမည် ဖြစ်ပါသည်။
8 Bit Systems
ယခင်က အင်္ဂလိပ်စာလုံးကဲ့သို့သော လက်တင်စာလုံးများဖြင့် ရေးသားထားသည့် contents များကို ကွန်ပျူတာများ ဝေမျှသုံးစွဲနိုင်စေရန်အတွက် စံအဖြစ် IBM မှ EBCDIC (8 bits) စနစ်နှင့် ASCII (7 bits) စနစ်ဟူ၍ စတင် ပေါ်ပေါက်ခဲ့သည်။ နောက်ပိုင်းတွင် ASCII စနစ်ကို 8 bit သို့ တိုးချဲ့ခဲ့သည်။ နာမည်ကြီး Windows စနစ်များတွင် ASCII စနစ်ကို အသုံးပြုနိုင်ရာ အင်္ဂလိပ်စာလုံးများကို ပုံပြင်ဆွဲ၍ မြန်မာစာလုံးပုံစံ အများအပြား ပေါ်ထွက်ခဲ့သည်။ ၄င်းတို့သည် နည်းပညာရှုထောင့်အရ အင်္ဂလိပ်စာကို ပုံပြောင်းထားခြင်းမျှသာဖြစ်ပြီး မြန်မာဘာသာဖြင့် ရေးသားထားသော အချက်အလက်များကို မြန်မာစာ အက္ခရာစီထုံးဖြင့် အလွယ်တကူ စီ၍မရပေ။ ယခုအခါ ၄င်းတို့ကို ပုံနှိပ်တိုက်များတွင် ကျယ်ပြန့်စွာ သုံးစွဲလျှက်ရှိပြီး CE နှင့် Win-Myanmar ပုံစံတို့မှာ ထင်ရှားသည်။
Burglish
မြန်မာနှင့် အင်္ဂလိပ်စာ ရောထွေးရေးသားရန် 16 bit code များ မပေါ်ပေါက်မီက Chat application သုံးစွဲသူအချို့သည် ပြောလိုသော အကြောင်းအရာကို အသံဖလှယ်၍ အင်္ဂလိပ် အက္ခရာများဖြင့် ရေးသားသုံးစွဲကြသည်။ (ဥပမာအားဖြင့် Sar Pee P Lar ? = စားပြီးပြီလား ဖြစ်သည်။) ယနေ့တိုင် မြန်မာစာ ကောင်းစွာ မရိုက်တတ်သူ Chat application အသုံးပြုသူအချို့လဲ ရှိနေဆဲပင် ဖြစ်သည်။ ၄င်းတို့အတွက် အလိုအလျောက် ဘာသာပြန်ပေးသည့် စနစ်အမျိုးမျိုး ပေါ်ထွက်ခဲ့ရာ ၀ိဇ္ဇာစနစ်မှာ ထင်ရှားသော ဥပမာ တစ်ခုဖြစ်ပြီး ဇော်ဂျီနှင့် Myanmar – 3 သို့ ဘာသာပြန်ပေးနိုင်သည်။
ဇော်ဂျီ
နိုင်ငံတကာသုံး စံနှုန်းဖြစ်သည့် Unicode စံနှုန်း (16 bit code) တွင် မြန်မာအက္ခရာများ၏ နေရာ (ခွင်) ကို အတိအကျ သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း စာလုံးများ၏ နေရာနှင့် ဘာသာစကား၏ ရှုပ်ထွေးမှု ပြဿနာများကို ဖြေရှင်းနိုင်ရန် စံသတ်မှတ်ချက် အတိအကျ မရှိသည်မှာ အတော်ပင် ကြာမြင့်ခဲ့သည်။ ဥပမာအားဖြင့် ပြ နှင့် ကြ တွင် ပါဝင်သော ရရစ်မှာ အတူတူပင်ဖြစ်သော်လည်း ၄င်းတို့ကို ပုံဖော်ရန်အတွက် software support (rendering support) လိုသည်။ ၄င်းကို အလွယ်နည်းနှင့် ဖြေရှင်းရန်မှာ code-range ကို ချဲ့ပစ်ရန်ဖြစ်ရာ (ရရစ် ၂ ခုသုံးမယ်၊ code ၂ ခုပေး ဆိုတာမျိုး) ပညာရှင်အချို့က စံနှုန်းမတည်ငြိမ်မီ ကာလအတွင်း ဆေးမြီးတိုအဖြစ် အခြားဘာသာစကားများ၏ code များကို ချေးငှားသုံးစွဲကာ ဇော်ဂျီစာလုံးစနစ်ကို ဖန်တီးခဲ့ကြသည်။
၎င်းသည် ပြဿနာ ၂ ရပ်ကို ဖိတ်ခေါ်လာသည်။ ဇော်ဂျီသည် အင်္ဂလိပ် အက္ခရာများ၏ code ကို မထိသဖြင့် အင်္ဂလိပ်/မြန်မာ တွဲဖက်ရေးသားရာတွင် အဆင်ပြေသော်လည်း ၄င်းချေးငှားထားသော ဘာသာစကားများနှင့် မြန်မာစာကို တွဲဖက်ရေးသားပါက ကွန်ပျူတာအနေနှင့် ချေးသုံးထားသော code များကို မည်သည့် အက္ခရာ (မြန်မာ အက္ခရာ သို့မဟုတ် အခြား အက္ခရာ) အဖြစ် ဖော်ပြပေးရမည်ကို မသိနိုင်ပဲ ဖြစ်လိမ့်မည်။ (ဥပမာ 1E29 သည် 'ḩ' လား၊ Latin Small Letter H with Cedilla လား မသိနိုင်တော့ပေ။) နောက်ပြဿနာတစ်ရပ်မှာ တူညီသော စာလုံးများ ကို code အများအပြားသို့ assign လုပ်ထားသဖြင့် အက္ခရာစဉ် စီရာ (နှင့် searching ရှာရာ) တွင် မလိုလားအပ်သော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေပါသည်။ ဥပမာအားဖြင့် ရရစ်သည် ပြ ဟုရေးရာတွင် တမျိုး၊ ကြ ဟုရေးရာတွင် တမျိုး၊ လုံးကြီးတင်နှင့် တွဲရန်တမျိုး (ပြိ၊ ကြိ) စသဖြင့် code အမျိုးမျိုး ဖြစ်နေသည်။ အမှန်မှာ အက္ခရာ စဉ်ရာတွင် ကြသည် ပြအရှေ့ (ကြိသည် ပြိအရှေ့) ဟူ၍ ရရစ် ၂ မျိုးကို အတူတူ သဘောထားပြီး စီရရာ ဇော်ဂျီစနစ်ဖြင့် ရေးသားထားသော မြန်မာစာများကို အက္ခရာစီနိုင်ရန် ခက်ခဲပါသည်။
ဇော်ဂျီ၏ အဓိက အားနည်းချက် တစ်ရပ်မှာ စာလုံးများ၏ စံပုံစံ မရှိခြင်းပင် ဖြစ်သည်။ တ + -ိ + -ု (တို) နှင့် တ + -ု + -ိ (တို) တို့မှာ ဇော်ဂျီတွင် မတူညီကြပေ။ သို့ဖြစ်၍ ပထမ တို ကို ရှာဖွေရန် ကြိုးစားရာတွင် ဒုတိယ တို ကို ထည့်သွင်း ရှာဖွေခိုင်းပါက ရှာတွေ့မည် မဟုတ်ပါချေ။ တူညီသောစာလုံးများကို ရိုက်ထည့်သော အစီအစဉ် မတူညီခြင်းကြောင့် ကွန်ပျူတာက မတူညီဟု အဖြေထုတ်ပေးခြင်းမှာ လက်ခံနိုင်ဖွယ် အရည်အသွေးတစ်ရပ် မဟုတ်ပေ။ ဇော်ဂျီဖြင့် ရေးသားထားသော မြန်မာစာတို့မှာ တနေ့တခြား တိုးပွားလာနေရာ နောင်တချိန်တွင် ၄င်းတို့သည် ရှာရ၊ ဖွေရခက်သည့် စာအုပ်ပုံကြီးနှင့် အတူတူပင် ဖြစ်လာတော့မည် ဖြစ်သည်။ (အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ အကြောင်းကို ရေးသားသူ တ၀က်က စ + -ိ + -ု + င + -် + -း ဟု ရေးပြီး ကျန်တ၀က်က စ + -ု + -ိ + င + -် + -း ဟု ရေးပါက မည်သို့ ဖြစ်မည်ကို မှန်းဆကြည့်ပါ။) သို့ရာတွင် ရှေးယခင် လက်နှိပ်စက်များကဲ့သို့ပင် သဝေထိုးနှင့် ရရစ်ကို ဗျည်းမရိုက်ခင် ရိုက်ရခြင်း၊ ဗျည်းတွဲများ (ရရစ်ဝဆွဲ၊ ယပင့်ဝဆွဲ စသည်တို့)ကို ခလုတ်တစ်ချက်နှိပ်ရုံနှင့် ရေးသားနိုင်ခြင်းတို့မှာ သုံးစွဲသူတို့ နှစ်သက်ဖွယ်ဖြစ်သည်။
Windows စနစ်အများစုတွင် ဇော်ဂျီစနစ်ဖြင့် မြန်မာစာ ရေးသားရန်အတွက် အခမဲ့ ရရှိနိုင်သော Zawgyi installer application ကို သွင်းလိုက်ရန်သာလိုအပ်ပြီး ဖတ်ရှုရန်အတွက်မူ သာမာန် font တစ်ခု သွင်းသကဲ့သို့ ဇော်ဂျီ font ကို သွင်းလိုက်ရန်သာ လိုအပ်သည်။ ရေးသားရန်အတွက် လက်ကွက်မှတပါး လေ့ကျင့်ရန် မလိုအပ်ပေ။ အသုံးပြုရလွယ်ကူခြင်းကြောင့် ယနေ့တွင် online ပေါ်ရှိ မြန်မာစာအသုံးပြုမှု (blog, forum, chat application) အများစုသည် ဇော်ဂျီ မြန်မာစာ စနစ်ဖြင့် ဖြစ်သည်။
Unicode 5.1 အဆင့်မီ မြန်မာစာစနစ်များ
Myanmar 3 အပါအ၀င် Unicode 5.1 စနစ်သုံး မြန်မာစာစနစ်များသည်လည်း အစိုးရက ထောက်ခံနေလင့်ကစား အားနည်းချက်များ ရှိဆဲပင်ဖြစ်သည်။ ဥပမာအားဖြင့် မောက်ချာ (-ါ) နှင့် ရေးချာ (-ာ) တို့မှာ စာလုံး ၂ လုံးဖြစ်နေသည်။ အက္ခရာစဉ်ရာတွင် ၄င်းတို့ကို အတူတူဟု သဘောထားပြီး စီရသည်။ (ဇော်ဂျီ၏ ရရစ်ကဲ့သို့ပင် မလိုအပ်ပဲ code-range ကို ဖြုန်းတီးသကဲ့သို့ ဖြစ်နေပါသည်။) အသတ် (-်)နှင့် ပုံစံတူသော်လည်း အသတ်နှင့် ဘာမှမဆိုင်သော ရှေ့ထိုး (ဥပမာ ကော် မှ -်) မှာ code မရှိပါ။ တနည်းအားဖြင့်ဆိုသော် Unicode 5.1 သည်လည်း တိုးတက်ပြောင်းလဲဦးမည့် အရိပ်အယောင်များ ရှိနေပါသည်။ သို့ရာတွင် ၄င်းသည် စာရိုက်ရာတွင် သတ်မှတ်ထားသလိုသာ ရိုက်သွင်းရသဖြင့် ဇော်ဂျီကဲ့သို့ တို ၂ မျိုး ဖြစ်နေစရာ မရှိသဖြင့် ဇော်ဂျီထက် ပိုမို တည်ငြိမ်မည်ဟု မျှော်လင့်ရသည်။
ထို့ပြင် Myanmar – 3 ကိုအသုံးပြုရန်အတွက် အနည်းငယ်ရှုပ်ထွေးသော အဆင့်များ လိုအပ်သည်။ Windows စနစ်တွင် ဖတ်ရှုရန်အတွက်လဲ သီးသန့် software များ သွင်းရန် လက်ရှိအချိန်တွင် လိုအပ်ဆဲဖြစ်သည်။ ၄င်းကို အသုံးပြု ရေးသားရန်အတွက် အချိန်အနည်းငယ်ကြာမျှ လေ့ကျင့်ရန် လိုအပ်ပါသည်။
ဘာကိုသုံးရမလဲ၊ ဘာကြောင့် လူများစု မသုံးသေးတာလဲ။
ယနေ့တွင် အစိုးရ၀န်ကြီးဌာနများအားလုံးကို Myanmar-3 ကို အသုံးပြုရန် ညွှန်ကြားထားပါသည်။ ထို့ကြောင့် e-Government စနစ်များကို နောင်အနာဂါတ်တွင် မိတ်ဆက်ခဲ့ပါက Myamar – 3 ကို နိုင်ငံသားတိုင်း မဖြစ်မနေ အသုံးပြုရမည်မှာ သေချာသလောက် ရှိသည်။ ထို့ပြင် Windows စနစ်များတွင် Unicode 5.1 ကို အထောက်အပံ့ပေးပါက ဖတ်ရရေးရခက်သော ပြဿနာမှာ အလိုအလျောက် ပြေလည်သွားမည်ဖြစ်သည်။ (ယခုအခါ KDE သုံး Linux များတွင် Myanmar – 3 ကို ဒီအတိုင်း ဖတ်လို့ရပြီဖြစ်သည်။) ထိုအချိန်တွင် ဇော်ဂျီသည် Myanmar- 3 ထက်ပို၍ ရေးရ၊ ဖတ်ရလွယ်သည်ဆိုသော အားသာချက် မရှိနိုင်တော့ပေ။
အသုံးများသော ဇော်ဂျီမှ Unicode 5.1 သို့ပြောင်းလဲနိုင်ရေးသည် တကယ်တမ်းအားဖြင့် ကွန်ပျူတာ သိပ္ပံ ပြဿနာ တစ်ရပ်မဟုတ်ပါ (အကျယ်ကို လောကအလှနှင့် အင်တာဗျူး ရှု)။ Myanmar – 3 ကို ပြောင်းရမည်မှာလဲ သေချာ၊ ဇော်ဂျီကိုလဲ ကြာရှည် အသုံးပြုရန်လဲ အဆင်မပြေ၊ တစ်ဦးချင်း ပြောင်းရန်လဲ နည်းပညာအရ လွယ်ကူ လျှင်မြန်ပါလျှက်နှင့် ဇော်ဂျီကို လူများစု ဖက်တွယ်ထားကြခြင်းမှာ အကြောင်းရင်း ၂ ရပ်ကြောင့် ဖြစ်သည်။ ပထမ အကြောင်းရင်းမှာ Myanmar – 3 တွင် လက်နှိပ်စက်အတိုင်း ရိုက်မရပဲ လေ့လာသင်ကြားမှု လိုအပ်သောကြောင့် (ဇော်ဂျီ၏ တခုတည်းသော အားသာချက်) ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ လူများစု သုံးစွဲခြင်း မပြုသောကြောင့် အထီးကျန်မည်ကို စိုးရိမ်သည့် လူမှုရေး ပြဿနာဖြစ်ပြီး ပိုမိုအရေးကြီးသည်။
နိဂုံး
ယခုစာတမ်းငယ်တွင် 8 bit font၊ Burglish၊ ဇော်ဂျီနှင့် Myanmar – 3 အစရှိသော မြန်မာစာ စနစ်အမျိုးမျိုး၏ သဘောသဘာဝများကို သိနားလည်မှ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲရန် အစီအစဉ်ကို ကြံဆနိုင်မည်ဖြစ်သဖြင့် ၄င်းတို့၏ ဂုဏ်သတ္တိများကို နည်းပညာနှင့် လူမှုရေး (သမိုင်းကြောင်းနှင့် သုံးစွဲသူများ) ရှုထောင့်များမှ တင်ပြထားသည်။ အဆိုပါ တွေ့ရှိချက်များကို အခြေခံ၍ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲနိုင်ရန် အစီအစဉ်ကို ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေပါသေးသည်။
Thursday, May 8, 2008
နည်းလမ်းစဉ် သရုပ်ခွဲပညာ မိတ်ဆက်
ပုစ္ဆာ ။ ။ အပင်တစ်ပင် (Tree) တစ်ခုကို ပေးထားပါမယ် ။ အဆစ်တစ်ခု (Node) တစ်ခုမှာ ကိုင်းခွဲ (Edge) နှစ်ခု ရှိပါမယ် ။ ကပ်လျက် အဆစ် နှစ်ခုရဲ့ ဘယ်ကိုင်းခွဲနဲ့ ညာကိုင်းခွဲက အဆစ်တစ်ခုထဲမှာ သွားဆုံပါမယ် ။ အဆစ်တိုင်းမှာ တန်ဖိုးတစ်ခု တွဲလျက်ရှိပါမယ် ။ အမြစ် (Root) ကနေပြီး အရွက် (Leaf) တစ်ခုကို သွားဖို့ လမ်းတစ်ခုစီ (Path) ရဲ့ တန်ဖိုးကို လမ်းတလျှောက်က အဆစ်တွေရဲ့ တန်ဖိုးတွေပေါင်းလဒ်အဖြစ် အဓိပ္ပါယ်သတ်မှတ်ပါမယ် ။ အနက် - သို့မဟုတ် အမြင့် - (Depth) ၂ သို့မဟုတ် ၂ ထက်ပိုတဲ့ အပင်တွေမှာ အရွက်ပေါင်းများစွာ ရှိမှာဖြစ်ပြီး အရွက်တစ်ရွက်စီကို သွားဖို့ လမ်းကြောင်းကလဲ ၁ ခု သို့မဟုတ် ၁ ခုထက် ပိုမှာဖြစ်ပါတယ် ။ ပုံကို ကြည့်ပါ ။
ပုံမှာ အပေါ်က ပြောထားတဲ့ အပင်မျိုး တစ်ပင်ကို ပြထားပါတယ် ။ အဆစ်တွေနဲ့ အကိုင်းတွေကို စက်ဝိုင်းတွေနဲ့ မျဉ်းကြောင်းတွေနဲ့ ပြထားပါတယ် ။ မျဉ်းထူနဲ့ ပြထားတဲ့ လိုင်းကြောင်းက ဒီအပင်ရဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းပါ ။ အောက်က ၂၅ ဆိုတာက အဲဒီ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းရဲ့ တန်ဖိုးပါ ။ အဲဒီတန်ဖိုးကို တွက်ထုတ်တဲ့ ပုစ္ဆာကို စဉ်းစားကြည့်ရအောင် ။
ဒါမျိုးပုစ္ဆာအတွက်ဆိုရင် လူတော်တော်များများက လောဘကြီးတဲ့ချဉ်းးကပ်နည်း (Greedy approach) ကို စဉ်းစားမိတတ်ကြပါတယ် ။ ဒီပုစ္ဆာမှာတော့ လောဘကြီးတဲ့နည်းနဲ့ ချဉ်းကပ်လို့ မရပါဘူး ။ ဘာလို့လဲဆိုတော့ တတိယမြောက် အဆင့်မှာ ၇ တန်ဖိုးရှိတဲ့ အဆစ်ကနေ ၃ နဲ့ ၄ တန်ဖိုးရှိတဲ့ အဆစ်တွေကို ရွေးရာမှာ လောဘကြီးပြီး တန်ဖိုး ၄ ရှိတဲ့ အဆစ်ကို ရွေးလိုက်ရင် အောက်ဆုံး အဆင့်က တန်ဖိုး ၉ ရှိတဲ့ အဆစ်ကို လွတ်သွားမှာ ဖြစ်လို့ပါပဲ ။ (လောဘကြီးတဲ့ ချဉ်းကပ်နည်းနဲ့ စဉ်းစားလို့ရ ၊ မရကို သက်သေပြတာ ၊ စဉ်းစားလို့ ရအောင် ကြိုးစားကြတာဟာလဲ နည်းလမ်းစဉ် သရုပ်ခွဲပညာရဲ့ အကိုင်းအခက် တစ်ခုပဲ ဖြစ်ပါတယ် ။)
စာရေးသူ ၂၀၀၀ ခုနှစ်တုန်းက ဒီပုစ္ဆာကို ရှင်းဖို့ နည်းလမ်းစဉ် (Algorithm) တစ်ခုကို စဉ်းစားဖူးပါတယ် ။ အပင်ကို လှဲ၊ အဆစ်တွေကို အမှတ်စဉ်တပ်ပြီး အမှတ်စဉ်ရေတွက်သလို လမ်းကြောင်းတစ်ခုချင်း အပြန်ပြန်၊ အလှန်လှန် တွက်တဲ့ ပင်ပန်းတဲ့ (Exhaustive) နည်းနဲ့ပါ ။ အောက်ပါပုံမှာ ကြည့်ပါ ။
တွက်ပုံတွက်နည်းကတော့ လက်ရှိပေါင်းကြည့်မဲ့ လမ်းကြောင်းကို တနေရာမှာ သိမ်းထားပါတယ် ။ (၀ ကဘယ်ဘက် ၁ ကညာဘက်ပါ ။ C/C++ နဲ့ ဆိုရင်တော့ Integer variable တစ်ခုထဲကို ၁ ပေါင်း Shift operation တွေနဲ့ ရွှေ့ယူပြီး လမ်းကြောင်းကို တွက်ထုတ်လို့ရပေမဲ့ Pascal ရဲ့ ကန့်သတ်ချက်တွေကြောင့် တစ်ကြောင်း ၊ အဲဒီတုန်းက ငယ်သေးတာက တစ်ကြောင်းမို့လို့ ဒီ Permutation with repetition ကို ကိုယ့်ဘာသာကိုယ် ရေးပစ်လိုက်ပါတယ် ။ )
ဒီအပင်ကို တြိဂံပုံ မေးထရစ် မှာသိမ်းထားတယ်လို့ မြင်ရင် ပေါင်းရမဲ့တန်ဖိုး (အဆစ်) တွေရဲ့ တည်နေရာကို current_level တန်း၊ column_of_previous_level + path_value_of_current_level တိုင် မှာ ရှာတွေ့နိုင်ပါတယ် ။ အဲဒီအဆစ်တွေရဲ့ တန်ဖိုးတွေ ပေါင်းလိုက်ရင် လက်ရှိလမ်းကြောင်းရဲ့ တန်ဖိုးကို ရပါပြီ ။ ဒီတန်ဖိုးတွေကို အကြီးဆုံးကိန်းရှာတဲ့ နည်းလမ်းစဉ်ထဲ ထည့်လိုက်ရင် အကြီးဆုံးလမ်းကြောင်းတန်ဖိုးကို ရပြီပေါ့ ။ ဒါပေမဲ့ Borland’s Turbo Pascal 7.0 Compiler နဲ့ Compile လုပ်ထားတဲ့ ပရိုဂရမ်ကို Pentium MMX 166 MHz, 32 MB RAM ပါတဲ့စက်နဲ့ အနက် ၃၀ ရှိတဲ့ အပင်ကို မနက် ၁၀ နာရီကနေ စတွက်တာ ညနေ ၅ နာရီအထိ အဖြေမထွက်နိုင်သေးပဲ တွက်ကောင်းတုန်း ဖြစ်နေပါတယ် ။ (အခု Intel Core 2 Duo E6550 2.33GHz, 2 x 2MB L2 Cache, 1066 MHz FSB, 4 x 1GB DDR2 667MHz RAM နဲ့ တွက်ခိုင်းကြည့်တာ ၃၂ စက္ကန့်ကြာမြင့်ပါတယ် ။ )
ဘာမှားသွားလဲ အဖြေရှာမကြည့်ခင်မှာ ကျွန်တော့်ဆရာပေးတဲ့ နည်းလမ်းစဉ်က ၁ မိနစ်အတွင်း တွက်လို့ပြီးတယ်ဆိုတာကို ဖြည့်ပြောချင်ပါတယ် ။ သူသုံးတဲ့နည်းလမ်းကတော့ Recursive with table lookup လို့ခေါ်တဲ့ ပေါင်းစပ် အစီအစဉ်ဆွဲနည်း (Dynamic programming) ဖြစ်ပါတယ် ။ (ပေါင်းစပ်အစီအစဉ်ဆွဲနည်းဟာလဲ လောဘကြီးတဲ့ ချဉ်းကပ်နည်းလိုပဲ အရေးပါတဲ့ နည်းလမ်းတစ်ခုပါ ။ ) သူက အဖြေကို ဒီလို ပုံစံထုတ်ပါတယ် ။ အရွက်မဟုတ်တဲ့ အဆစ်တစ်ခု (အဆစ် ဆ) ကနေ အရွက်တွေဆီသွားတဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းဟာ အဲဒီအဆစ်ရဲ့ ဘယ်ဘက် ညာဘက် အဆစ် (ဆ ရဲ့ ဘယ်ဘက် အဆစ် သို့မဟုတ် ညာဘက်အဆစ်) တွေကနေ အရွက်တွေဆီသွားတဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်း ၂ ခုထဲက ပိုများတဲ့ လမ်းကြောင်းရဲ့ တန်ဖိုးကို အဲဒီ အဆစ် (ဆ) ရဲ့ တန်ဖိုး ပေါင်းထည့်ထားတာဖြစ်ပြီး အရွက်တွေရဲ့ အမြင့်ဆုံးလမ်းကြောင်း တန်ဖိုးကတော့ သူတို့ကိုယ်တိုင်ရဲ့ တန်ဖိုးပဲ ဖြစ်ပါတယ် ။
ဟိုး … စာဖတ်သူ … ဟိုး … ဒီအတိုင်း Recursive နဲ့ ရေးလိုက်တဲ့ အစီအစဉ် (program) ဟာလဲ အပေါ်က ပင်ပန်းတဲ့နည်းလိုပဲ နာရီပေါင်းများစွာ ကြာမြင့်သွားနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ အနက် ၂ မှာရှိတဲ့ အဆစ် ၀ နဲ့ အဆစ် ၁ တို့ရဲ့ အဖြေဟာ သူတို့ ၂ ခုရဲ့ ဘုံဆက်ခံသူ အနက် ၃ ၊ အဆစ် ၁ ရဲ့ အဖြေပေါ်မူတည်နေလို့ ဖြစ်ပါတယ် ။ တကယ်လို့သာ ရိုးရိုး Recursive နဲ့ ရေးလိုက်မယ်ဆိုရင် အဲဒီအဖြေကို ၂ ခါပြန်တွက်ရမှာ ဖြစ်ပါတယ် ။ အဲဒါကြောင့်မို့လို့ အဲဒီ အပင်နဲ့ အရွယ်အစားတူ အပင်တစ်ပင်ထပ်စိုက် … အဲ အဲ တည်ဆောက်ပြီး တွက်ပြီးသား ရလဒ်တွေကို သိမ်းထားပါမယ် ။ နောက်တခါ တွက်ဖို့ လိုအပ်လာတိုင်းမှာ အဲဒီရလဒ်တွေကို ပြန်ကြည့်ပြီး တွက်ပြီးသားဆိုရင် ဒီတိုင်းယူသုံးလိုက်မှ အဆင်ပြေပါလိမ့်မယ် ။
ပေါင်းစပ် အစီအစဉ်ဆွဲခြင်း စစ်စစ်ကတော့ အောက်ဆုံးအဆင့်ကနေ အထက်ကို ဖြည်းဖြည်းချင်း အဖြေတွက်လာတဲ့ နည်းဖြစ်ပြီး ခုနက နည်းထက် နည်းနည်းပိုမြန်းပါတယ် ။ ဘာလို့လဲဆိုတော့ မှီချက်တွေကို ခေါ်တဲ့အခါ (Function calls) ၀န်ပို (Overhead) နည်းနည်း ရှိတတ်လို့ ဖြစ်ပါတယ် ။ (အခု Intel Core 2 Duo E6550 2.33GHz, 2 x 2MB L2 Cache, 1066 MHz FSB, 4 x 1GB DDR2 667MHz RAM နဲ့ တွက်ကြည့်တာ ၂ နည်းစလုံး ၁ စက္ကန့်အောက်သာကြာမြင့်ပါတယ် ။ )
နည်းလမ်းစဉ် သရုပ်ခွဲပညာမှာ အရေးပါတဲ့ အစိတ်အပိုင်း ၃ ခုရှိပါတယ် ။ ပထမတစ်ခုက နည်းလမ်းစဉ်ရဲ့ မှန်ကန်မှု (Correctness of the Algorithm) ဖြစ်ပါတယ် ။ အပေါ်က ဥပမာမှာ နည်းလမ်းစဉ်အားလုံး မှန်ကန်ကြပါတယ် ။ ဒုတိယတစ်ခုက အချိန်ကြာမြင့်မှု (Time Complexity) ဖြစ်ပြီး နောက်ဆုံးတစ်ခုက သိမ်းဆည်းမှု လိုအပ်ချက် (Space Complexity) ဖြစ်ပါတယ် ။ ပင်ပန်းတဲ့နည်းက အချိန်ပိုကြာပေမဲ့ သိမ်းဆည်းမှု လိုအပ်ချက် နိမ့်ပါတယ် ။ အဖြေတွေကို ပေါင်းစပ်တဲ့နည်းက အချိန်မကြာပေမဲ့ သိမ်းဆည်းမှု လိုအပ်ချက် မြင့်တယ်လို့ ကောက်ချက်ချနိုင်ပါတယ် ။ ပုစ္ဆာတစ်ရပ်အတွက် နည်းလမ်းစဉ်အမျိုးမျိုး ရှိနေတတ်တာမို့ နည်းလမ်းစဉ် သရုပ်ခွဲပညာကို ဒီလိုလေ့လာမှုမျိုးလုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်လို့ တင်ပြရင်း မိတ်ဆက်စာတမ်းငယ်ကို နိဂုံးချုပ်အပ်ပါတယ် ။ ယခုလက်ရှိမှာတော့ ကွန်ပျူတာသိပ္ပံမှ ပြဿနာများ စာတမ်းကို ရွှေပွဲလာများ ဖတ်ရှုဖို့ ရေးသားနေပါတယ်ခင်ဗျာ ။
စာရေးသူရေးစမ်းထားတဲ့ အစီအစဉ်တွေကို ဒီနေရာမှာ ရယူနိုင်ပါတယ်။

