ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label တော်လှန်ရေး. Show all posts
Showing posts with label တော်လှန်ရေး. Show all posts

Thursday, April 8, 2010

လူကိုလူလို လေးစားခြင်းဟာ ယဉ်ကျေးမှု

၂၀၁၀ ခု ဧပြီလ ၇ ရက်နေ့ထုတ် Weekly Eleven News Journal ပါ လူထုစိန်ဝင်း၏ လူကိုလူလို လေးစားခြင်းဟာ ယဉ်ကျေးမှု ဆောင်းပါး (www.crystalrays.org တွင် ringo က ရိုက်တင်ပေးထားသော စာမူ) သည် လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။ 

မူရင်းရေးသားသူထံ သီးသန့်ခွင့်ပြုချက်တောင်းခံရန် အခက်အခဲရှိပါသဖြင့် ခွင့်ပြုချက် မတောင်းခံပဲ ဖော်ပြခြင်းဖြစ်သည်။ မူရင်းရေးသားသူက ပယ်ဖျက်ပေးပါရန် တောင်းဆိုပါက အချိန်မဆိုင်းပဲ ချက်ချင်း ပယ်ဖျက်ပေးမည်။

စာနယ်ဇင်းတွေ ဖတ်ရင်းနဲ့ အနယ်နယ် အရပ်ရပ်မှာ စာပေဟောပြောပွဲနဲ့ စာပေဆွေးနွေးဝိုင်းတွေ လုပ်ကြတဲ့သတင်းတွေ မပြတ်တွေ့နေရတယ်။ ဟိုရှေးကတော့ နတ်တော်လဆန်း တစ်ရက်နေ့ တစ်ရက်တည်းပဲ စာပေဟောပြောပွဲနဲ့ စာဆိုတော်နေ့ ကျင်းပကြတယ်။ နောက်တော့ မန္တလေးက ဦးလေးလူထုဦးလှက နတ်တော်လ တစ်လလုံးကို စာဆိုတော်လလို့ သတ်မှတ်ပြီး စာပေဟောပြောပွဲတွေ လုပ်ကြပါလို့ စတင်လှုံ့ဆော်ခဲ့တာကြောင့် စာဆိုတော်နေ့ ကျော်လွန်သွားလည်း ဟောပြောပွဲတွေ ဆက်လုပ်ကြတယ်။

ဆရာတွေ ဖောင်းပွနေ

အခုတော့ နတ်တော်လ တစ်လတည်းသာ မကတော့ဘူး။ တစ်နှစ်ပတ်လုံး စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ တောရောမြို့ပါမကျန် ကျင်းပနေကြတာကို ၀မ်းသာစရာ တွေ့ရတယ်။ ဦးလေးလှသာရှိရင် သိပ်ဝမ်းသာမှာ။ စာပေလှုပ်ရှားမှု သတင်းမှန်သမျှ မလွတ်တမ်းဖတ်ရင်းနဲ့ သတိထားမိတာလေးတစ်ခု ရှိပါတယ်။ နယ်တစ်နယ်မှာ စာပေလှုပ်ရှားမှုတစ်ခု လုပ်တဲ့သတင်းကို ရေးကြရာမှာ ဥက္ကဋ္ဌ ဆရာမောင်ဘယ်သူက သဘာပတိလုပ်ပြီး အတွင်းရေးမှူး ဆရာမောင်ဘယ်ဝါက အခမ်းအနားမှူး လုပ်တယ်။ ဆရာမောင်ဖြူ၊ ဆရာမောင်နီ၊ ဆရာမောင်နက်၊ ဆရာမောင်ပြာ၊ ဆရာမောင်ဝါ၊ ဆရာမောင်ညို၊ ဆရာမောင်စိမ်းတို့က စာတမ်းဖတ်ကြ၊ ဆွေးနွေးကြတယ်။ ဆရာမောင်ခရမ်းရောင်နဲ့ ဆရာမောင်ပန်းရောင်တို့က ကဗျာရွတ်ကြတယ် စတဲ့ အရေးအသားမျိုးတွေကိုချည်း တွေ့ရတယ်။ သတင်းတစ်ပုဒ်အနေနဲ့ "လိုတိုရှင်း" မဖြစ်သလို၊ ဆရာဆိုတဲ့ အသုံးအနှုန်းကလည်း ဖောင်းပွနေသလို ထင်မိတယ်။

ခြေသည်းလှီးတဲ့ ဆရာကတော်

ပြောရတာ အားနာပါတယ်။ ကိုယ်က စာဖတ်မနှံ့စပ်တော့ ဖော်ပြထားတဲ့နာမည်တွေ အားလုံးလောက်နီးပါးဟာ ကိုယ်မကြားဖူးတဲ့ နာမည်တွေချည်း ဖြစ်နေတတ်တယ်။ ရှေ့လျှောက် ကြိုးစားပြီး စာကိုနှံ့စပ်အောင် ဖတ်မှဖြစ်တော့မယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ တစ်ဆက်တည်း ပြောချင်တာလေးတစ်ခု ကြုံတုန်း ပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများက ယဉ်ကျေးလွန်းတာလား၊ နိဝါတတရား ထားလွန်းတာလားတော့ မသိဘူး။ ဆရာအခေါ် သိပ်ကို ရက်ရောလွန်းတယ်လို့ စိတ်ထဲစွဲထင်နေတဲ့ အကြောင်းပါ။ ကားဆရာ၊ ဆိုက်ကားဆရာ၊ ပန်းရံဆရာ၊ လက်သမားဆရာ၊ ဆံပင်ညှပ်ဆရာ စသဖြင့် လူတွေ့တိုင်း ဆရာခေါ်တာ အကျင့်ကြီးတစ်ခုလို ဖြစ်နေပါပြီ။ ကျွန်တော်တို့ငယ်ငယ်က မန္တလေးမှာ ရပ်ကွက်ထဲလှည့်ပြီး ခြေသည်းလက်သည်းလှီး၊ နဖာကလော်လုပ်တဲ့ ပုဏ္ဏေးမတွေ ရှိပါတယ်။ သူတို့ကို ဘာကြောင့်မှန်းမသိ "ဆရာကတော်" လို့ ခေါ်ကြတယ်။

သခင်ခေါ်ရာက ကူးစက်တာလား

အသက်ကြီးလာတော့ သူများတွေက "ဆရာကတော်၊ ဆရာကတော်"နဲ့ ခေါ်တာကြားတိုင်း ခြေသည်းလှီးတဲ့ ဆရာကတော်တွေကို မျက်စိထဲမြင်ပြီး ကျိတ်ပြုံးမိတာချည်းပါပဲ။ လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့်ဟာ ရှေးပဝေသဏီကတည်းက ရှိခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုလား၊ သူ့ကျွန်ဘ၀မှာ မျက်နှာဖြူတွေကို သခင်ခေါ်ရာက ကူးစက်သွားတာလား၊ ဖက်ဆစ်တွေကို မာစတာခေါ်ရာက နှုတ်အကျင့် ဖြစ်သွားတာလား သေသေချာချာ လေ့လာကြည့်ဖို့တော့ ကောင်းတယ်။ ဆရာ၊ ဆရာနဲ့ ပြောကြရေးကြ တာတွေတွေ့တိုင်း စိတ်ထဲမှာ ဘ၀င်မကျ ဖြစ်မိတယ်။ ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူးလို့လည်း စိတ်မှာထင်မိတယ်။

သွေးနထင်ရောက် ဖြစ်တတ်တယ်

အချက်နှစ်ချက်ပေါ် မူတည်ပြီး ကောင်းတဲ့အကျင့် မဟုတ်ဘူးလို့ ထင်တာပါ။ ပထမအချက်ကတော့ ဆရာ၊ ဆရာနဲ့ အခေါ်ခံရပါများတော့ အခေါ်ခံရသူဟာ အလိုလိုနေရင်း သွေးနထင်ရောက်ပြီး မြောက်ကြွမြောက်ကြွ ဖြစ်သွားတတ်ပါတယ်။ ရုံးတစ်ရုံးကို ကိစ္စရှိလို့ သွားတဲ့အခါ တွေ့တဲ့ပြာတာကိုဖြစ်ဖြစ်၊ စာရေးလေးကိုဖြစ်ဖြစ်၊ မျက်နှာချိုသွေးပြီး ဆရာ၊ ဆရာနဲ့ ဆရာချင်းထပ်အောင် ခေါ်တဲ့အခါကျတော့ ပင်ကိုရိုးသားတဲ့လူတောင် ဆရာဆိုတဲ့ အခေါ်နဲ့လိုက်အောင် အာဏာပါဝါ ပြချင်တဲ့စိတ်တွေ ၀င်လာပြီး ဟိန်းတာဟောက်တာတွေ လုပ်တတ်သွားပါတယ်။ ဆေးရုံပေါက်စောင့်တဲ့ ဒရ၀မ်တောင် ခပ်တည်တည်နဲ့ ရင်ကော့ပြီး တံခါးဝမှာ ရပ်လိုက်ရင် အလိုလိုရှိန်ပြီး ရိုရိုကျိုးကျိုးနဲ့ တံခါးဖွင့်ပေးလေ့ ရှိပါတယ်။ ကြောက်သလိုလို၊ ရွံ့သလိုလိုနဲ့ သူ့ကို ဆရာခေါ်ပြီး ၀င်ပါရစေလို့ သွားပြောရင်တော့ "ဒါလူနာတွေ့ချိန် မဟုတ်ဘူး" ဆိုပြီး မာန်မဲလွှတ်လိုက်မှာ သေချာတယ်။ ထပ်ပြီး မျက်နှာငယ်လေးနဲ့ တောင်းပန်ရင်လည်း "ဆရာဝန်ကြီး ရောင်းလှည့်နေတယ်၊ ဘယ်သူမှမ၀င်ရဘူး" လို့ ဟောက်ဦးမှာပါပဲ။

ကျွန်စိတ်

လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့် ဖြစ်နေသူနဲ့ ပတ်သက်တာက ဒုတိယအချက်ပါ။ ဆေးရုံက ဒရ၀မ်ကိုတောင် ဆရာခေါ်တဲ့အကျင့် ဖြစ်နေသူဟာ ဘယ်သူ့တွေ့တွေ့ ဆရာခေါ်လိုက်မှာပဲ။ ကြာရင် လူတိုင်းဟာ ကြောက်ရမယ့်လူ၊ "ခယ၀ယ" လုပ်ရမယ့်လူလို့ချည်း ထင်မှတ်ပြီး အလိုလိုနေရင်း "သိမ်ငယ်စိတ်" (inferiority complex)တွေ ၀င်လာတတ်ပါတယ်။ သိမ်ငယ်စိတ် ၀င်လာတာနဲ့တစ်ပြိုင်နက် ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စတွေပါ အလိုလို ကျဆင်းသွားလေ့ ရှိပါတယ်။ ကျွန်စိတ်ဆိုတာ သိမ်ငယ်စိတ်က ပေါက်ဖွားလာတာ ဖြစ်ပါတယ်။

သခင်စိတ်

နယ်ချဲ့လက်အောက်မှာ ကျွန်သပေါက်ဘ၀နဲ့ သားစဉ်မြေးဆက် နှစ်ပေါင်းရာကျော် နေခဲ့ရလေတော့ လူတွေမှာ အနည်းနဲ့အများ ဆိုသလို ကျွန်စိတ်တွေ ရှိနေကြတယ်။ အဲဒါကြောင့် တို့ဗမာအစည်းအရုံးခေတ်မှာ၊ မြန်မာဆိုတာ ကျွန်လူမျိုး မဟုတ်ဘူး။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ အဆင့်မြင့်တဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ နေခဲ့ကြတဲ့ သခင်လူမျိုး ဖြစ်တယ်ဆိုတာကို သတိပေးဖို့အတွက် အဖွဲ့ဝင်တိုင်းရဲ့ နာမည်ရှေ့မှာ "သခင်" တပ်ပြီး၊ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်းလို့ ခေါ်ခဲ့ကြတာ ဖြစ်တယ်။ "မင်းတို့ဆရာကိုလေ၊ စာရင်းတို့ကာသာ ထားလိုက်ပေတော့" လို့ ဆိုခဲ့တဲ့ ဆရာကြီးဦးလွန်းတောင် တပည့်တွေ ဆင်နွှဲတဲ့ တိုက်ပွဲတိုင်း ရှေ့ကမားမားမတ်မတ်နဲ့ ပါမြဲဖြစ်တဲ့အတိုင်း "သခင်ကိုယ်တော်မှိုင်း" ဖြစ်သွားခဲ့ရပါတယ်။

ဇွတ်ရိုက်မသွင်းသင့်

ယဉ်ကျေးတယ်ဆိုတာ အင်မတန် လိုလားအပ်တဲ့အရာ ဖြစ်တယ်။ လူအတော်များများက အောက်ကျို့တာ၊ နှိမ့်ချတာကို ယဉ်ကျေးမှုလို့ ထင်မှတ်မှားနေကြပြီး၊ အောက်ကျို့နှိမ့်ချစိတ်ထားဖို့ သွန်သင်ဆုံးမလေ့ ရှိကြတယ်။ "လူ့အောက်ကျို့လို့ မသေပါဘူး" ဆိုတဲ့ ဆိုရိုးစကားတောင် ရှိခဲ့တယ်။ အောက်ကျို့လွန်း၊ နှိမ့်ချလွန်းတဲ့ စိတ်ကနေပြီး "ကျွန်စိတ်" ပေါက်ဖွားလာရတာလို့ ယုံကြည်တဲ့အတွက် သဘောမကျပါဘူး။ ပလွှားဝင့်ဝါ မရှိတာ၊ မောက်မာစော်ကား မရှိတာ အင်မတန် ကောင်းတယ်။ ဒါမျိုးကို အားပေးရမှာ။ ဒီစိတ်ဓာတ်မျိုး မွေးရမှာ။ အောက်ကျို့တာ၊ နှိမ့်ချတာတော့ အားမပေးသင့်ဘူး။ ကလေးတွေခေါင်းထဲ ဇွတ်ရိုက်မသွင်းသင့်ဘူး။

ထိုက်တန်တဲ့ လေးစားမှု

လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထား လေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။ တစ်ဖက်သားရဲ့ အပေါ်ယံ ပကာသန အဆောင်အယောင်တွေကို ကြည့်ပြီး "ခယ၀ပ်တွား" ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။ ပြာတာပဲဖြစ်ဖြစ်၊ ဆိုက်ကားသမားပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး သူတောင်းစားပဲဖြစ်ဖြစ်၊ လူသားအနေနဲ့ ကြည့်မြင်ပြီး၊ လူသားအနေနဲ့ ထိုက်သင့်တဲ့အလျောက် လေးစားမှုပေး ဆက်ဆံတာဟာ ယဉ်ကျေးခြင်း ဖြစ်တယ်။ ဘယ်သူ့ကိုမဆို အောက်ကျို့နှိမ့်ချပြီး ဆက်ဆံဖို့ မလိုဘူး။ ထိုက်တန်တဲ့ လေးစားမှုပေးဖို့သာ လိုတယ်။

ဆင်းရဲရင် မကန်တော့ချင်

မှန်တာပြောရရင် လူအချင်းချင်း လူလို့မြင်ပြီး လေးလေးစားစား တန်ဖိုးထားတာမျိုး တွေ့ရခဲတယ်။ ပိုက်ဆံငွေကြေးလို၊ ရာထူးအာဏာလို၊ အပေါ်ယံ ပကာသနတွေကိုကြည့်ပြီး ဆက်ဆံကြတာပဲ အတွေ့ရများတယ်။ သွေးမတော်၊ သားမစပ်တဲ့ ငွေရှိသူ၊ ဂုဏ်ဒြပ်နဲ့ ရာထူးအာဏာရှိသူကို အခါကြီးရက်ကြီးရောက်တိုင်း မမေ့မလျော့ နှစ်စဉ်ယဉ်ကျေးမှု အရဆိုပြီး သွားကန်တော့တတ်ကြပေမယ့် ငွေမရှိ၊ ရာထူးအာဏာမရှိ ဆင်းရဲမွဲတေတဲ့ ဆွေမျိုးရင်းချာများကိုတော့ ကန်တော့ဖို့ မေ့လျော့နေတတ်ကြတာ များတယ်။ ယဉ်ကျေးမှုဆိုတာ လူအချင်းချင်း လူလိုမြင်ပြီး လူလိုလေးစား တန်ဖိုးထားတတ်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ အဲဒီလိုယဉ်ကျေးမှု ထွန်းကားစေဖို့ကိုပဲ မျှော်လင့်ရပါတယ်။

လူထုစိန်ဝင်း

လောရှည် မှတ်ချက် ။ ။ ၀န်ဆောင်မှု လုပ်ငန်းများ (ဟိုတယ်၊ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေး စသည်) မှာတော့ သခင်စိတ်အသွင်းလွန်ပြီး နင်လဲလူ၊ ငါလဲလူ  မသိဘူး၊ မရှိဘူး၊ ကုန်ပြီဆိုပြီး ဘုမတောမိစေဖို့ အရေးကြီးလှပါတယ်။

Tuesday, October 20, 2009

ရှေးထုံးလဲ ပယ်မှ - ၂


ချစ်သူ ၂ ဦးတို့ လက်ထပ်ဖို့အတွက် လက်ထပ်တဲ့ရုံးကို သွားကြတာပါ။ အဲဒီမှာ ရှိတဲ့စာရေးမက ရိုးရာ အစဉ်အလာအတိုင်း လက်ထပ်ဖို့ အခြေခံဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဆီးကြို ပြောကြားပါတယ်။ ပထမဆုံးအနေနဲ့ သတို့သမီးရဲ့ ခါးအရွယ်အစားကို မေးပြီး လိင်ဆက်ဆံမှု ပြုလို့မရအောင် သော့ပိတ်ထားလို့ရတဲ့ ကိရိယာကို ထုတ်ပေးပြီး မိန်းကလေးကို ၀တ်ခိုင်းပါတယ်။ သတို့သားကို သော့အပ်ပါတယ်။ (အလယ်ခေတ်မှာ စတင်တီထွင်ခဲ့တဲ့ အဲဒီကိရိယာက သတို့သားအနေနဲ့ သူပိုင်ဆိုင်တဲ့ သတို့သမီးကို တခြားလူနဲ့ ဆက်ဆံ ပေါင်းသင်းလို့မရအောင် သော့ခတ်ထားလို့ရသလို၊ မင်္ဂလာမဆောင်ခင်ကတည်းက ကိုယ်ဝန်ရှိနေခဲ့ရင်လဲ သတို့သမီးကို - ၀မ်းဗိုက်ကို ချုပ်ထားခြင်းဖြင့် - သေဆုံးစေနိုင်ပါတယ်။)

သတို့သမီးက အဲဒါနဲ့ သော့ခတ်ထားမခံနိုင်ကြောင်း၊ အဓိပ္ပါယ် လုံးဝမရှိကြောင်း ပြောတဲ့အခါ စာရေးမက အို … ရိုင်းလိုက်တာ၊ ဘုရားစကား နားထောင်ရမှာပေါ့ လို့ ပြန်ပြောပါတယ်။ (အင်း … ကလေးဆိုတာ လူကြီးစကား နားထောင်ရမှာပေါ့တို့၊ ဆရာ/မကပြောနေတာကို ကလေးတွေက နားထောင်လိုက်ဖို့ပဲ ရှိတယ်၊ ပြန်မေးဖို့ မရှိဘူးတို့ကို ကြားယောင်ရင်း လွမ်းတောင် လွမ်းမိတယ်နော်။) သတို့သားက အဲဒါတွေ သူမလုပ်ချင်ကြောင်း ၀င်ပြောတဲ့အခါမှာ ရွေးစရာလမ်းမရှိကြောင်း စာရေးမက ဟောက်သံလေးစွက်လို့ ပြန်ဖြေပါတယ်။ ခက်ပါလားနော်။

ပြီးတော့ မြို့ဝန်ကို ဖုန်းဆက်ခေါ်ပါတယ်။ မြို့ဝန်ဘာလုပ်ဖို့တုန်းလို့ သတို့သားကမေးတာကို ပြန်မဖြေပဲ နင့်ဆိတ်တွေဘယ်မှာလဲလို့ စာရေးမရဲ့ အသံထွက်လာပါတယ်။ ဘာ … ဆိတ် ကရော ဘာလုပ်ဖို့လဲလို့ သတို့သားက အံ့သြတကြီး ပြန်အမေးမှာ ဆိတ် ၇ ကောင်ကို ရိုးရာ အစဉ်အလာအတိုင်း သတို့သမီးရဲ့ ဖခင်ကို ပေးဖို့ (တင်တောင်းဖို့) လေဆိုတဲ့ စိတ်မရှည်တဲ့ လေသံလေးကို ကြားရပါမယ်။ သတို့သားက သူငါနဲ့ လက်ထပ်ချင်တာ၊ ငါသူ့ကို ၀ယ်နေတာ မဟုတ်ဘူး ဆိုပြီး ဒေါသသံ စွက်လာပါတော့တယ်။ ဒုက္ခ၊ ဒုက္ခ။

မြို့ဝန်ရောက်လာပါပြီ။ သတို့သားက ဘာတွေဖြစ်တာတုန်း မေးနေချိန်မှာ သတို့သမီးကို မြို့ဝန်ရဲ့လူတစ်ယောက်က ထမ်းခေါ်သွားပါတော့တယ်။ သတို့သားက ဘာလုပ်မလို့တုန်း မေးတော့ ပန်းဦးဆက်ဖို့ ဆိုပဲ။ စာရေးမက ပြောတာကတော့ မင်္ဂလာဦးညမှာ ဒေသအာဏာပိုင်တွေက ပန်းဦးချွေတာလဲ ရိုးရာ အစဉ်အလာဆိုပဲ။ (တို့ဗမာတွေ ပုဂံခေတ်ကတည်းက ခေတ်မီတယ်နော်၊ ယဉ်ကျေးမှု တော်လှန်ရေးတွေ ဘာတွေလုပ်လို့။) ဆိတ်တွေသွားပေးပြီး ယောက္ခမကြီးဆီက ထောက်ခံစာ ယူလာမှ လက်ထပ်စာချုပ် လုပ်ပေးလို့ရမယ်ဆိုပဲ။

အိုး … သတင်းဆိုးပါတဲ့။ ဘာများပါလိမ့်။ သတို့သမီးက အပျိုရည်ပျက်ပြီးသား ဆိုပဲ။ ဒါကြောင့် မသေမချင်း (သမ္မာကျမ်းစာဟောင်းအရ) ကျောက်တုံးနဲ့ ပစ်ပေါက်သတ်ရမယ်ဆိုပဲ။ ကျောက်တုံးတောင် အသင့်ရောင်းလိုက်သေး။

စိတ်ကူးယဉ်ပြီး ဟာသလုပ်ထားတာလေးပါ။ သိပ်ရယ်ရပါသလား၊ အူတောင် နှိပ်နေရသလား၊ ခဏရပ်ပါဦး။ မြန်မာအသိုင်းအ၀ိုင်းမှာလဲ ရူးသွပ်မိုက်မဲတဲ့ ရှေးရိုး အစဉ်အလာဟောင်းတွေကို အတင်း အဓမ္မ ဆက်လက် ထိန်းသိမ်းနေကြတာတွေ ရှိပါတယ်။ ဒီလို လူသားမဆန်တဲ့ ကိစ္စတွေ ပိုမို ဆိုးဝါးမလာအောင်၊ ပပျောက်သွားအောင်၊ လူသားများထက် ပိုမိုလူသားဆန်တဲ့ လူ့အသိုက်အ၀န်းကို ချီတက်ကြဖို့ စာရှုသူတို့နဲ့ စာရေးသူ လောရှည်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒါကြောင့် ရှေးထုံးလဲ (ပယ်ဖို့လိုလာရင်) ပယ်မှ။

Sunday, September 13, 2009

အငြင်းအခုန်ကိစ္စ

BLUE SKY FOREST တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

အငြင်းအခုန် ဆိုတာကို ကျွန်တော်တို့မြန်မာတွေက ကောင်းတဲ့သဘောထက် ဆိုးတဲ့သဘော ဒါမှမဟုတ် မကောင်းတဲ့လက္ခဏာဆောင်တဲ့ကိစ္စလို့ ယူဆထားပုံရပါတယ်။ လူကြီး အများစုက ကလေးတွေ အငြင်းအခုန် လုပ်နေရင်မကြိုက်ကြပါဘူး။ မငြင်းခုန်ကြဖို့သတိပေးပါတယ်၊ တားမြစ်ပါတယ်၊ ချိန်းခြောက်ပါတယ်။ တချို့ ဆိုအပြစ်ပေးတဲ့အထိ၊ နာကျင်စေတဲ့အထိတောင် တုံ့ပြန်တတ်ကြပါတယ်။ သူတို့ရဲ့  အဲဒီလိုဆောင်ရွက်မှုကို "ဆုံးမခြင်း" ဆိုတဲ့ခေါင်းစဉ်အောက်မှာ အလွယ်တကူပဲ သူတို့က ထည့်ထားတတ်ကြပါတယ်။ အနိမ့်ဆုံးအဆင့် ကလေးတွေ အငြင်းအခုန်လုပ်တာ သူတို့အတွက် ဆူတယ်၊ နားပူစေတယ်၊ အနှောက်အယှက်ဖြစ်စေတယ်ပေါ့။

နောက်တချက်ကတော့ အငြင်းအခုန်ကနေဖြစ်လာတတ်တဲ့ သဘာဝ (တစ်ခုဖြစ်တဲ့) ရန်ဖြစ်တဲ့ကိစ္စပါ။ အငြင်းအခုန် မလုပ်ခင်ကတော့မိတ်ဆွေ၊ အငြင်းအခုံမှာမပြေလည်ရာက နောက်ပိုင်းမှာ ရန်သူသဘောဆောင်သွားတာတွေကို မလိုလားအပ်တဲ့ကိစ္စလို့ ကျွန်တော်တို့လူကြီးတွေသဘောထားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာဖြစ်တတ်တဲ့ သဘာဝတစ်ခုမို့ မလိုလားအပ်တဲ့ကိစ္စလို့ သဘောထားမယ့်အစား သတိထားသင့်တဲ့ကိစ္စ၊ သတိနဲ့ငြင်းခုန်သင့်တဲ့ကိစ္စလို့ သဘောထားလိုက်ရင် အငြင်းအခုန်ကိစ္စဟာ တိုးတက်မှုတစ်ခုအဆင့်ရောက်သွားပါလိမ့်မယ်။ဲဒီသတိတစ်ချက်မထားမိတာနဲ့ပဲ ငြင်းခုံမှုဟာ လူအများငြိုငြင်စရာကိစ္စ ဖြစ်လာရတယ်လို့ထင်ပါတယ်။ ဒီလိုနဲ့ မြန်မာလူငယ်တွေရဲ့ ငြင်းခုံလိုစိတ်နဲ့ ငြင်းခုန်တဲ့သဘာဝဟာ လူကြီးတွေရဲ အဟန့်အတားအောက်မှာ ကောင်းကောင်းထွန်းကားခွင့်မရခဲ့ဘူးလို့ဆိုပါရစေ။

တကယ်တော့ အငြင်းအခုန်လုပ်တာကို စံနစ်တကျနဲ့ ထွန်းကားလာအောင်လုပ်ပေးဖို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်။ ရန်များတဲ့ကိစ္စ၊ ဆူတဲ့ပူတဲ့ကိစ္စလို့သဘောမထားပဲ အဖြေမှန်တခု ထွက်လာအောင်၊ ပိုကောင်းတဲ့အရာတခု ရလာအောင် အမြင်မတူတာတွေကိုပေါင်းစပ်နိုင်အောင်၊ တဘက်နဲ့တဘက်နားလည်ပေးနိုင်အောင်၊ သဘောထားတတ်လာအောင်၊ မတူညီတဲ့အမြင်ကို တန်ဘိုးထားတတ်လာအောင်၊ အငြင်းအခုံကနေ နှစ်ဘက်အကျိုးအမြတ်ရလာအောင်၊ နည်းမှန် လမ်းမှန်နဲ့ ပြုပြင်ပေးရင်၊ အမျှော်အမြင်နဲ့ ပျိုးထောင်ပေးရင်၊ ဒီအလေ့အကျင့်က ခိုင်မာထွန်းကားလာခဲ့ရင်၊ အသိဥာဏ်ပွင့်လင်းပြီးတိုးတက်တဲ့ ယဉ်ကျေးမှုနယ်ပယ် တခုကိုတည်ဆောက်နိုင်ပါလိမ့်မယ်။

အခုလိုပြောရတာက တိုးတက်ထွန်းကားပြီး ဒီမိုကရေစီနဲ့ ပွင့်လင်းတဲ့လူ့အဖွဲ့ အစည်းတွေဟာ ဒီလိုအလေ့အကျင့်ကောင်းတွေကိုအားပေးကြတယ်ဆိုတဲ့အချက်ကိုအခြေခံပြီးပြောနေတာပါ။ကောင်းကောင်းမွန်မွန်ငြင်းတတ်တယ်ဆိုတာက ယဉ်ကျေးမှုတခုပဲလို့သဘောထားနိုင်ကြဖို့ပါ။လူကြီးတွေကြောင့်အခုလိုဖြစ်ရတာဆိုတဲ့အချက်ကို အငြင်းအခုန်လုပ်ချင်နေတာမဟုတ်ပါဘူး။

ဒါပေမယ့်ငြင်းခုံစရာအချက်တွေပါနေရင် မိတ်ဆွေတို့က ထောက်ပြလာမယ့်အချက်တွေကိုဆက်ပြီး (စာရေးသူ Blue Sky Forest က) ဆွေးနွေးသွားပါ့မယ်။ ဆက်ပြီးငြင်းခုန်နိုင်ကြဖို့ခဏနားလိုက်ပါဦးမယ်။ပြောစရာတွေရှိနေပါသေးတယ်။

Blue Sky Forest

Saturday, August 15, 2009

ရှေးထုံးလဲ ပယ်မှ

Dilbert.com

အင်ဂျင်နုယဉ်က ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ နည်းပညာကို ကုမ္ပဏီအတွက် ဖန်တီးတီထွင်ပေးတာတောင်မှ အကာနဲ့အနှစ်ခွဲခြား မသိလောက်အောင် တုံးအပြီး ညံ့ဖျင်းတဲ့ မန်နေဂျာက အ၀တ်အစား နည်းနည်းလေး တောက်ပြောင်နေတာကိုပဲ အပြစ်ပြောနေတဲ့အတွက် ပညာရှင် (အင်ဂျင်နုယဉ်) က စိတ်ပေါက်ပေါက်နဲ့ ဆော်ပလော်တီးပစ်လိုက်တာပဲ ဖြစ်ပါတယ်။

လူမှုရေး၊ စီးပွားရေး အဖွဲ့အစည်းတွေမှာ အဓိက ဦးတည်ချက်က သက်ဆိုင်ရာ အဖွဲ့အစည်း စည်ပင်ရှင်သန် တိုးတက်ရေးပဲ ဖြစ်ပါတယ်။ အဲဒီ တိုးတက်မှုကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ ပညာရှင်တွေကပဲ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဟယ် ... ပညာရှင်က ရှေးထုံးတွေကို မလိုက်နာလို့၊ ပညာရှင်က ယဉ်ကျေးမှုနဲ့ လျော်ညီအောင် မ၀တ်ဆင်လို့၊ ပညာရှင်က ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုတဲ့ လုပ်ငန်းနဲ့ မဆိုင်တဲ့ အကြောင်းတွေပြပြီး ပညာရှင်ကို အဖွဲ့အစည်း အတွင်းက ကန်ထုတ်ရင် အဲဒီ အဖွဲ့အစည်းပဲ မတိုးတက်ပဲ ခေတ်နောက်ကျ အောက်ကျနောက်ကျ ဖြစ်ကျန်ခဲ့မှာပါ။

ဒါကြောင့် ရှေးထုံးလဲ (ပယ်ဖို့လိုလာရင်) ပယ်မှ။

Sunday, June 21, 2009

သရုပ်ပျက်လို့ ပြောသင့်ရဲ့လား

ပိတောက်ရိပ် တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

ငယ်စဉ်က မဂ္ဂဇင်းတစောင်ထဲမှာ ဖတ်ခဲ့ရတဲ့ ကာတွန်းတခုကို ပြက်ပြက်ထင်ထင် မှတ်မိနေသည်။ လေးကွက်ကာတွန်း တစ်ခု။

ပထမတကွက်တွင် ဘောင်းဘီဖင်ကျပ် ၀တ်ဆင်ထားသူ ခေတ်ဆန်ဆန် ဆံရှည်လူငယ်တဦးကို တိုက်ပုံ၊ ပုဆိုး ၀တ်ဆင်ထားသူတဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

ဒုတိယအကွက်တွင် ထိုတိုက်ပုံဝတ်လူငယ်အား ခေါင်းပေါင်း၊ တောင်ရှည်တို့ကို ၀တ်ဆင်ထားသူတစ်ဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

တတိယအကွက်တွင် ထိုတောင်ရှည်ဝတ်လူအား သားရေနံငယ်ပိုင်းကို ၀တ်ဆင်ထားသော ကျောက်ခေတ်လူသား (လက်ထဲတွင် ကျောက်တုံးပုဆိန်ကိုင်ထားသူ)က လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်”ဟု ခေါ်ဆိုနေပုံ ရေးဆွဲထားပြန်သည်။

နောက်ဆုံးအကွက်တွင်ကား ကျောက်ခေတ်လူသားကို လက်ညိုးငေါက်ငေါက်ထိုး၍ “သရုပ်ပျက်”ဟု ခေါ်ဆိုနေသည်မှာ မျောက်ဝံတကောင်ဖြစ်သည်။

ဤကာတွန်းကလေးကို သတိရမိတိုင်း လူတို့၏ ရှေးရိုးစွဲတတ်ပုံ၊ အသစ်အဆန်းကို လက်မခံချင်သည့်စိတ်ဓါတ် စွဲမြဲနေပုံတို့ကို သတိပြုမိသည်။

လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ ကူးလူးရောယှက်ကာ အုတ်အုတ်ကျက်ကျက် လှုပ်ရှားတိုးတက်နေသော လူ့အဖွဲ့အစည်း (Cosmopolitan)တွင် အသစ်အဆန်းကို မြတ်နိုး တန်ဖိုးထားကာ လွယ်လင့်တကူ လက်ခံတတ်ကြသလောက် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်ကာ အထီးကျန်ဆန်နေသော လူ့အဖွဲ့အစည်းတွင် အသစ်အဆန်းကို လက်ခံရန် တွန့်ဆုတ်တတ်ကြသည်။ ခေတ်နောက်ပြန်ဆွဲချင်ကြသည်။ မိမိ မိရိုးဖလာ လက်ခံကျင့်သုံးလာသော ဓလေ့ထုံးတမ်းတို့နှင့် မကိုက်ညီသော၊ ခွဲထွက်သော အတွေးအခေါ်၊ အပြုအမူတို့နှင့် သစ်ဆန်းသော အရာမှန်သမျှကို အလွယ်တကူ လက်မခံရုံမက ပြစ်တင်ရှုံ့ချတတ်သော သဘောရှိသည်။ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ကျင့်ကြံခြင်းကို မြင့်မြတ်သည်၊ ယဉ်ကျေးသည်၊ ကောင်းမွန်သည်ဟု အထင်ရှိတတ်ကြသည်။

သတိပြုရန်မှာ မြန်မာပြည်တွင် တချိန်က သရုပ်ပျက်ဟု ခေါ်ဆိုခဲ့သော တေးဂီတ၊ ၀တ်စားဆင်ယင်မှုတို့သည် ယနေ့ လူကြီး၊ လူငယ်အားလုံး လက်ခံနေကြပြန်သည်ဆိုသည့် အချက်ဖြစ်သည်။

လူတို့၏ စိတ်နေသဘောထားကို အ၀တ်အစား၊ အဆင်အပြင်ကို ကြည့်ရှု၍ ဆုံးဖြတ်ရန်မသင့်ဟူသော အချက်ကို လက်ခံပါက လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသည့် စကားပမာ လူတို့၏ ကွဲပြားခြားနားသော အကြိုက်တရားကို နားလည်လက်ခံနိုင်၍ (တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားမှုဖြင့်) ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရန်သာ ကြိုးပမ်းသင့်သည်။

လွတ်လပ်သောလူ့အဖွဲ့အစည်းများတွင် မိမိ၏ အကြိုက်တရားကို စံတခုသဖွယ် ရှေ့တန်းတင်လျက် လူတိုင်းကို လိုက်နာကျင့်သုံးစေရန် မပြုကျင့်ကြ။ အဘယ်ကြောင့်ဆိုသော မိမိအကြိုက်တရားသည်သာ အမှန်ကန်ဆုံး၊ အမြင့်မြတ်ဆုံး၊ အယဉ်ကျေးဆုံးဟု သဘောမထားကြသောကြောင့်ပင်တည်း။ အကြိုက်တရားဟူသည် မတူညီနိုင်ကြဟူသော အချက်ကို လက်ခံကြသောကြောင့်ပင်တည်း။ မိမိမျက်စိထဲတွင် ကျက်သရေရှိလှသည်ဟု ထင်သောအရာတခုသည် အခြားလူတဦး၏ မျက်စိတွင် ထော်လော်ကန့်လန့် နိုင်သော အရာတခုလည်း ဖြစ်နေနိုင်သောကြောင့်ပင်တည်။

ကိုယ့်ကျင့်တရားနှင့် ပတ်သက်လျှင်သာ စံချိန်စံညွှန်းများ ထားရှိရန် လိုအပ်မည်ဖြစ်သော်လည်း ယဉ်ကျေးမှု(Culture) နှင့်ပတ်သက်၍ကား စံချိန်စံညွှန်းများကို လူတိုင်းအပေါ်တွင် အာဏာတည်သက်ရောက်စေရန်မသင့်။ အမှန်စင်စစ်တွင်မူကား ယဉ်ကျေးမှုတို့သည် ခေတ်ကာလ၊ လူတို့၏ အတွေးအခေါ်၊ အကြိုက်တရား၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ တိုင်းတပါးနှင့် ကူးလူးရောယှက်ဆက်ဆံရေး အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်၍ အစဉ်သဖြင့် တိုးတက်ပြောင်းလဲနေသည်။

ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံနေသမျှ ကာလပတ်လုံး ယဉ်ကျေးမှုကို ခေတ်ကာလအပိုင်းအခြားတခုတွင်သာ မူသေ ရပ်တည်နေစေရန် မည်သူမျှ စွမ်းဆောင်နိုင်ကြမည်မဟုတ်ချေ။ စွမ်းဆောင်ရန် ကြိုးစားသူများအဖို့လည်း အနှေးနှင့် အမြန်ဆိုသလို ရှုံးနိမ့်မှုကိုသာ မုချကြုံတွေ့ကြရပေမည်။

ကိုပေါ

Sunday, January 11, 2009

ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဆိုရာ၌

ဒီစာတမ်းငယ်လေးကို အမေးလေးနဲ့ စလိုက်ပါရစေ။ မေးပါမည်။ အရွယ်ရောက်ပြီး လူတစ်ယောက်သည် အခြား အရွယ်ရောက်ပြီး လူတစ်ယောက်၏ လွတ်လပ်ခွင့်ကို ထိပါးခြင်းသည် တရားမျှတပါ၏လော။ စာရှုသူဖြေပါ။ အဖြေရခက်နေလျှင် ထပ်မေးပေးပါမည်။ အရွယ်ရောက်ပြီး လူတစ်ယောက်သည် အခြား အရွယ်ရောက်ပြီး လူတစ်ယောက်ကို ဒီဘာသာကို ကိုးကွယ်၊ ဒီအယူအဆကို ယူ၊ ဒီ ယဉ်ကျေးမှုကို လိုက်နာ ကျင့်သုံး၊ ဒီလိုစဉ်းစား၊ ဒီလိုတွေးခေါ်၊ ဒီအ၀တ်အစားကို ၀တ်၊ ဒီအစားအသောက်ကို စား၊ ဒီအနုပညာကို ခံစား စသဖြင့် အတင်းအကျပ် စေခိုင်း ညွှန်ကြားခွင့် ရှိပါသလား။ တနည်း သြဇာပေးခွင့် ရှိပါသလား။

တရားမမျှတပါ၊ ခွင့်မရှိပါဟု ဖြေဆိုလျှင် စာရှုသူနှင့် စာရေးသူ ရင်ခုန်သံချင်း ထပ်တူကျပေပြီ။ (တရားမျှတပါ၏ဟု ဖြေဆိုသူများအားလဲ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ပေးပါ၏။) အရွယ်ရောက်ပြီးသူ မည်သူကမျှ အခြား အရွယ်ရောက်ပြီး သူတစ်ယောက်ကို သြဇာပေးခွင့်မရှိပဲ အရွယ်ရောက်ပြီးသူတိုင်း (အခြားသူများကို မထိခိုက်သမျှ - ဥပမာ လူသတ်ခြင်း၊ ခိုးဆိုး လုယက် တိုက်ခိုက်ခြင်း စသည့် ရာဇ၀တ်မှုများကို ကျူးလွန်ခြင်းမရှိသမျှ) မိမိနှစ်သက်ရာကို လုပ်ကိုင် ဆောင်ရွက်နိုင်ခွင့်၊ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် ရှိပါသည်။

သို့ဆိုလျှင် မေးခွန်းကို အနည်းငယ် ပြောင်းမေးပါမည်။ အရွယ်ရောက်ပြီးသူ တစ်ယောက်သည် အခြား အရွယ်ရောက်ပြီးသူတစ်ယောက်ကို မည်သည့် အကြောင်းပြချက်ဖြင့်/မည်သည့် အခြေအနေ (အာဏာပိုင်အဖွဲ့အစည်းတို့က ရာဇ၀တ်မှု ဥပဒေများအရ ဆောင်ရွက်မှုများမှအပ) တွင် သြဇာပေးခွင့် ရှိပါသနည်။ ဥပမာအားဖြင့် လူတစ်ယောက်သည် အခြားလူတစ်ယောက်ထက် ငွေကြေး ပိုမို ချမ်းသာသောကြောင့် ငွေကြေး မပြည့်စုံသူကို ဒီအစားအစာကို ကြိုက်ပါဟု သြဇာပေးနိုင်ပါသလား။ သို့မဟုတ် လူတစ်ယောက်သည် တောင်ပေါ်ဒေသတွင် မွေးသဖြင့် မြေပြန့်တွင်မွေးသောသူကို ဒီဂီတကိုပဲ နားထောင်ဟု အတင်းအကျပ် စေခိုင်းနိုင်ပါသလား။ မည်သည့် အကြောင်းပြချက်ဖြင့်/ မည်သည့် အခြေအနေတွင် ထိုသို့ ပြုလုပ်နိုင်ပါသနည်း။

တရားနည်းလမ်းကျကျ ပြောရလျှင် မည်သည့် အကြောင်းပြချက်နှင့်မျှ မည်သည့် အခြေအနေတွင်မျှ မပြုလုပ်နိုင်သင့်ပါ။ သို့ရာတွင် ကမ္ဘာတ၀ှမ်းရှိ လူတို့သည် အကြောင်းပြချက်တခုကြောင့် အခြားသူတို့၏ သြဇာ လွှမ်းမိုးခြင်းကို ခံနေရသည်။ ထိုအကြောင်းပြချက်မှာ ထိုသူတို့သည် လူ့လောကအတွင်းသို့ နောက်ကျ၍ မွေးဖွားလာခြင်းကြောင့် ဟူ၏ ။ ထိုသို့ဖြစ်ရခြင်းသည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နှင့် လောကပါလတရားများသည် အချိန်ကာလတလျှောက် ဖြန့်ကျက်နိုင်ခြင်း (temporal extension) မရှိပဲ အာကာသတလျှောက်သာ (spatially existed) တည်ရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

ဥပမာ ပေးပါမည်။ လူနှစ်စုတို့သည် ပထ၀ီအနေအထားအရ သီးခြားစီဖြစ်သော မြေနေရာတို့တွင် တချိန်တည်းတွင် နိုင်ငံထူထောင် နေထိုင်ကြပါက တစုက အခြားတစုကို နိုင်ငံတော် အမှတ် တံဆိပ်အဖြစ် ဘယ်ဟာကို သတ်မှတ်ပါ၊ အခွန်ကို ဘယ်လိုကောက်ပါ၊ တရား ဥပဒေကို ဘယ်လို ပြဌာန်းပါ၊ ဘယ်လို အစဉ်အလာတွေကို လက်ခံကျင့်သုံးပါဟု အမိန့်ပေး စေခိုင်း၍မရ၊ ပြုလုပ်ပါကလဲ နာခံမည်မဟုတ် (ဥပမာအားဖြင့် အမေရိကန် သမ္မတက မြန်မာတို့ကို နှစ်တစ်နှစ်၏အစကို ဇန်န၀ါရီတွင် သတ်မှတ်ပါဟု အတင်းစေခိုင်းသကဲ့သို့ ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် အခန့်မသင့်လျှင် စစ်မက်ပင် ဖြစ်ပွားနိုင်လေသည်။) ၄င်းသည် အာကာသတလျှောက် (ပထ၀ီ မြေအနေအထားအရ) ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း၊ လွတ်လပ်ခွင့် ရှိခြင်း ဖြစ်၏ ။

သို့ရာတွင် အဆိုပါလူနှစ်စုတို့သည် ပထ၀ီအနေအထားအရ တနေရာတည်းတွင် အချိန်ကာလ မတူညီပဲ နိုင်ငံထူထောင် နေထိုင်ကြပါက (ပိုစောသော) တစုက ပြဌာန်းခဲ့သော နိုင်ငံတော် အမှတ်တံဆိပ်၊ အခွန်ကောက်ခံပုံ၊ တရားဥပဒေ၊ အစဉ်အလာ တို့ကို အခြား (နောက်ကျသော) တစုက အလိုအလျောက် လက်ခံကျင့်သုံးရမည်သည် ဖြစ်သည်။ (ဥပမာအားဖြင့် ရှေးမြန်မာမင်း အဆက်ဆက်တို့က တန်ခူးလတွင် သင်္ကြန်ပွဲ ကျင်းပခဲ့သဖြင့် ယခုထိတိုင် ဧပြီလတွင် သင်္ကြန်ပွဲ ကျင်းပနေရသကဲ့သို့ ဖြစ်သည်။ ယခုခေတ် လူတို့ သင်္ကြန်ပွဲ ကျင်းပလိုခြင်းရှိမရှိ မည်သူကမျှ လာရောက်မေးမြန်း ဆန္ဒခံယူမည်မဟုတ်။)

နောက်ဥပမာ တရပ်အနေနှင့် ဖလော်ရီဒါ ပြည်နယ်တွင် အိမ်ထောင်မရှိသော အမျိုးသမီးများ တနင်္ဂနွေနေ့တွင် လေထီးမခုန်ရဟု ခပ်ကြောင်ကြောင် ဥပဒေတရပ် ပြဌာန်းထားရှိရာ အဆိုပါ ပြည်နယ်တွင် သမိုင်းတလျှောက် မှီတင်း နေထိုင်ခဲ့ကြသော လူအများစုက မနှစ်သက်သော်လည်း အဆိုပါ ဥပဒေကို ရေးဆွဲ ပြဌာန်းစဉ်က ရှိခဲ့သော ပြည်နယ်သား အများစုက နှစ်သက်ခဲ့ပါက အဆိုပါ ဥပဒေသည် အတည် ဖြစ်နေပေမည်။ (ဥပဒေ အတည်ဖြစ်ရန် လွှတ်တော်အမတ်များကသာ မဲခွဲကြခြင်းဖြစ်သည်။) အနာဂါတ်တချိန်တွင် အမျိုးသမီးငယ်တို့သည် သူတို့နှင့် သူ့တို့၏ အဖေ၊ အဘိုးနှင့် အဘေးများ ရွေးကောက်ခဲ့သော လွှတ်တော်အမတ်များ မဲပေးဖို့မပြောနှင့်၊ ဆွေးနွေးခဲ့ခြင်းပင် မရှိသော ဥပဒေအရ ရာဇ၀တ်မှုနှင့် ရုံးတင်ခံရပေမည်။ ၄င်းသည် တရားပေသလော။

အချိန်ကာလအလိုက် ပြောင်းလဲနေသော လိုအပ်ချက်တို့အရ ဥပဒေတို့ကို ပြင်ဆင်/ပယ်ဖျက်နိုင်သည်ဟု ဆိုသော်လည်း မည်သည့် လွှတ်တော်အမတ်က ဘယ်ဥပဒေကို ပြင်လျှင်ကောင်းမည်နည်းဟု နေ့စဉ် စာအုပ်လှန်ကာ ရှာဖွေ နေမည်နည်း။ ပိုကောင်းသည်မှာ လက်ရှိဥပဒေများကို ပြည်နယ်သားများ ကြိုက်/မကြိုက် အချိန်မှန် (နေ့စဉ်၊ အပါတ်စဉ်၊ လစဉ် စသဖြင့်) မဲပေးဆုံးဖြတ်ရန် ဖြစ်သည်။ သို့ရာတွင် ရှိသမျှ ပုဒ်ထီး၊ ပုဒ်မတွေကို လက်ရှိ ပြည်နယ်သားများ နှစ်သက်/မနှစ်သက် နေ့စဉ်နေ့တိုင်း ဘယ်လို မဲခွဲနိုင်မည်နည်း။ နှစ်စဉ်ပင် မဖြစ်နိုင်။ တဖန် ဥပဒေကို ပြင်ဆင်/ပယ်ဖျက်နိုင်ခွင့် ရှိသော်လည်း ဥပဒေ မဟုတ်သည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို မည်သို့လုပ်မည်နည်း။

ဖြေရှင်းနည်း တရပ်မှာ ပညာပေး သင်ကြားခြင်း (education) ဖြစ်သည်။ လူတို့သည် မွေးလာသည်မှ စတင်၍ ကလေးငယ်ကို မိဘတို့ကိုးကွယ်သော ဘာသာတရားအကြောင်း၊ မိဘဆွေမျိုးတို့ တွေးခေါ်ပုံ အယူအဆ၊ မိဘတို့နှင့် နေထိုင်ရာ ဒေသ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ၀တ်ရမည့် အ၀တ်အစား၊ စားသင့်သည့် အစားအသောက် စသည်တို့ကို ကြိုက်နှစ်သက်အောင် သင်ကြားခြင်း (educate) ခံရလေသည်။ ကလေးငယ်မှာ ရွေးချယ်ခွင့် မရှိ၊ ၄င်းတို့ကိုပင် ကြိုက်နှစ်သက်ရသည်။ ဤနည်းဖြင့် ကလေးငယ်သည် ကိုယ်ကြိုက်သည်ကို လက်ခံကျင့်သုံးရပြီး ပြန်လှန် မေးခွန်းထုတ် စောဒကတက်ခြင်း မရှိတော့။ (တနည်းအားဖြင့် ကိုယ်လက်ခံကျင့်သုံးရမည်ကို မကြိုက်ဘူးဆိုတာ မရှိနိုင်တော့။)

သို့ပေသော်ငြား အထက်ပါ ဖြေရှင်းနည်းသည် အခြားပြဿနာတရပ်ကို ခေါ်လာပြန်သည်။ အဆိုပါ လူတို့သည် သူတို့ငယ်စဉ်ကပင် သင်ကြားပေးခံရသော ဘာသာတရား၊ ယဉ်ကျေးမှု၊ အစဉ်အလာ ဓလေ့ ထုံးစံတို့ကိုသာ ကြိုက်နှစ်သက်သဖြင့် ၄င်းတို့ ပပျောက်သွားမည်ကို ကြောက်ရွံ့လာကြသည်။ အကြောက်တရားမှတဆင့် မတူညီသော အရာတို့ကို မုန်းတီးလာပြီး ပပျောက်စေချင်လာကြသည်။ (Star Wars ထဲကလို ရေးကြည့်တာ။) ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်နိုင်ခြင်းမရှိပဲ စစ်မီးလျှံများ တခြိမ်းခြိမ်း တောက်ကာ လူသားများထက် ပိုမိုလူသားဆန်သော လူ့အဖွဲ့အစည်းနှင့် ဝေးသထက် ဝေးလေတော့သည်။

အချုပ်အားဖြင့်ဆိုလျှင် အချိန်သည် အတိတ်သို့ နောက်ကြောင်းပြန်၍လဲ မရ၊ အနာဂါတ်သို့ ခရီးနှင်၍လဲ မရသဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် အချိန်ကာလတလျှောက် မျှတစွာ တည်ရှိနိုင်မည် မဟုတ်။ သန်းခြောက်ထောင်သော လူတို့၏ သဘောထားကို ထင်ဟပ်နိုင်စေရန် ဥပဒေတို့ကို အချိန်နှင့် တပြေးညီ ပြင်ဆင်ရန်မှာလဲ လက်ရှိနည်းပညာ အဆင့်အတန်းဖြင့် မဖြစ်နိုင် (၄ နှစ်တကြိမ်စသဖြင့် အနီးစပ်ဆုံးသာ ရမည်)။ ဓလေ့ထုံးတမ်းတို့မူကား မမွေးမီကပင် လူတိုင်းအတွက် ရွေးနှင့်ပြီး ဖြစ်တော့သည်။ သို့ဆိုလျှင် လူသားများထက် ပိုမို လူသားဆန်သော လူ့အဖွဲ့အစည်းသို့ သွားရောက်ရန်မှာ အတော်ပင် ခက်ခဲသော ကိစ္စတစ်ရပ် ဖြစ်နေသေးကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပက္ခာစသော ဗြဟ္မစိုရ်တရားများဖြင့် လူသားများထက် ပိုမို လူသားဆန်သော လူ့အသိုက်အ၀န်းသို့ အလျှင်အမြန် ရောက်ရှိနိုင်ကြပါစေ။

Tuesday, October 28, 2008

The Blue Brothers



 
ရှီကာဂိုကို ၁၀၆ မိုင်၊ ဆီကအပြည့်၊ စီးကရက် ဘူးကတ၀က်၊ မှောင်လဲမှောင်နေပြီမို့လို့ ငါတို့ နေကာမျက်မှန်တွေ တပ်ထားကြတယ်။ Elwood, The Blue Brothers, 1980.
မိုင် ၁၀၀ ကျော်ဝေးတဲ့ ရှီကာဂိုမြို့က အမြတ်ခွန်ဌာနကို အခြေပစ္စည်း ပိုင်ဆိုင်မှု အခွန်အဖြစ် ဒေါ်လာ ၅၀၀၀ ကို နောက်တနေ့နံနက်အမီ သူတို့ညီအစ်ကို နှစ်ယောက် သွားမပေးနိုင်ရင် သူတို့ ကြီးပြင်းခဲ့တဲ့ မိဘမဲ့ ဂေဟာကို အစိုးရက သိမ်းယူတော့မှာ ဖြစ်ပါတယ်။ သူတို့ဟာ ရှီကာဂိုကို အေးအေးဆေးဆေး လေညှင်းခံရင်း ကားမောင်းသွားကြရမှာတော့ မဟုတ်ပါဘူး။ သူတို့ ၂ ယောက်ကို ဘာကြောင့်မှန်းမသိ မကျေနပ်နေတဲ့ လက်နက်ကိုင် အမျိုးသမီးတစ်ယောက်၊ ပြည်နယ် ရဲတပ်ဖွဲ့၊ တက္ကဆက်ပြည်နယ်က ကျေးလက် တေးဂီတ ၀ိုင်းတော်သား လူမိုက်တစ်စုနဲ့ နာဇီလက်သစ်တစ်အုပ်တို့လက်က လွတ်အောင်လဲ ပြေးရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ စတီဗင်စပီးလ်ဘတ်ရဲ့ ရိုက်လက်စဇာတ်ကား မဟုတ်ပါဘူး။ ဒါဟာ The Blue Brothers ဖြစ်ပါတယ်။ (ဒါပေမဲ့ အခွန်ဌာနက စာရေးနေရာမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် စပီးလ်ဘတ်ကို တွေ့ရမှာ ဖြစ်ပါတယ်။)
ဇာတ်လမ်းက တေးသံစုံ ဇာတ်မြူးပါ။ နာမည်နဲ့လိုက်အောင် Blues, R&B နဲ့ Soul တွေ ဖောချင်းသောချင်းပဲပေါ့။ အဲဒီခေတ်၊ အဲဒီအခါက ကျော်ကြားလှတဲ့ James Brown, Cab Calloway, Aretha Franklin, Ray Charles နဲ့ John Lee Hooker တို့ကလဲ သီချင်းတွေ ကိုယ်တိုင်ပါဝင် သီဆိုကြသေးတယ်။ ကုလားကားရှုံးလောက်အောင် တေးဂီတတွေ ပြည့်လျှမ်းနေတဲ့ ဒီဇာတ်ကားဟာ ကုလားကားအတိုင်း ပေရှည်လှပါတယ် (၁၃၃ မိနစ် + DVD version မှာ ထပ်ဖြည့်ထားတဲ့ အခန်းတွေ)။ ဒါပေမဲ့ အလွန်တရာမှ ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားပါ။
စာရေးသူ မှတ်မှတ်ရရ အဖြစ်ဆုံးအခန်းကတော့ သူတို့ရဲ့ တေးဂီတ ၀ိုင်းတော်သားတစ်ယောက်ကို သွားခေါ်တဲ့အခန်းပါပဲ။ ပြင်သစ် အထက်တန်း စားသောက်ဆိုင်တစ်ခုမှာ ဧည့်ကြို (Maitre d) လုပ်နေတဲ့ Mr. Fabulous ကို တေးဂီတ၀ိုင်း ပြန်လည်ထူထောင်ဖို့ သွားပင့်တာ ဖြစ်ပါတယ်။ စားပွဲ ကြိုတင်မှာကြားရတဲ့ စားသောက်ဆိုင်ထဲ အတင်းဝင်ထိုင်၊ အသံမြည်အောင် စားသောက်၊ စားစရာတွေနဲ့ ဆော့ကစား၊ ခွက်အမှားတွေနဲ့ ၀ိုင်ကိုသောက်တဲ့အပြင် တခြားစားနေတဲ့လူကိုလဲ မင်းမိန်းမနဲ့ သမီးကလေးကို ဘယ်လောက်နဲ့ ရောင်းမလဲလို့ မေးလိုက်ပါသေးတယ်။ နောက်ဆုံးကျတော့ မင်းပြန်မလိုက်ရင် ငါတို့ ၂ ယောက် မနက်စာ၊ နေ့လည်စာ၊ ညစာ အနပ်တိုင်းကို ဒီမှာ နေ့တိုင်းလာစားမယ်လို့ ပြောလိုက်တဲ့အခါမှာတော့ ဧည့်ကြိုကြီးခမျာမှာ သူ့အလုပ်ကို စွန့်ပြီး ပြန်လိုက်လာရပါတော့တယ်။
သူတို့ပြောခဲ့တဲ့ "ငါတို့က ဂီတသမားသက်သက်တွေပါ" ဆိုတာကို စတီဖင်ချောင်ရဲ့ နာမည်ကျော် Kung Fu Hustle မှာ အမှတ်တရ ထည့်သွင်းပေးထားတာကို တွေ့နိုင်ပါတယ်။ ၁၉၈၀ ဇွန်လ ၂၀ ရက်နေ့မှာ ရုံတင်တော့ ဂျော့ခ်ျလူးကတ်စ်ရဲ့ ကြယ်တာရာစစ်ပွဲများ ဒုတိယကား (ဇာတ်လမ်းအရ ပဌ္စမကား) အင်ပါယာက ပြန်တိုက်ပြီရဲ့ နောက်ကကပ်လျက် (ဒုတိယမြောက်) ၀င်ငွေ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ကားတစ်ကားအတွင်း မော်တော်ယာဉ်ပျက်စီးမှု (ယာဉ်တိုက်မှုစသည်) ဒုတိယအများဆုံး ဇာတ်ကားလဲ ဖြစ်ပါတယ်။ (နံပါတ် ၁ ကတော့ သူ့ရဲ့အဆက် Blue Brothers 2000 ဖြစ်ပါတယ်။)
၁၉၈၀ ပုံစံ အထနှေး၊ နောက်ခံတီးလုံးနည်း၊ သရုပ်ဆောင်တာအေးတာကို သည်းခံနိုင်မယ်ဆိုရင် သင့်ရဲ့ တနင်္ဂနွေနေ့ခင်းချိန်တွေကို သင်သတိမထားမိခင်မှာ ယူဆောင်သွားပေးမဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲ ဂီတပညာရှင်တွေနဲ့ ထိပ်တန်း ဒါရိုက်တာကြီးကို ရုပ်ရှင် သရုပ်ဆောင်အဖြစ် တွေ့မြင်ရမဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်။ ၁၀ မှတ်မှာ ၈.၅ ပေးလိုက်ပါတယ်။ (အထသာ မနှေးရင် ၁၀ မှတ်အပြည့်ပေးမှာဗျို့)။ ကြည့်ဖြစ်အောင် ကြည့်ဖို့လဲ တိုက်တွန်းပါရဲ့။

Monday, December 3, 2007

အစဉ်အလာ တစ်ခုကို တော်လှန်ရာဝယ် ၂။

အိပ်မက်ပျောက်ကြသူများကို ရေးမလို့ ကြည့်လိုက်တော့ အစဉ်အလာ တစ်ခုကို တော်လှန်ရာဝယ် အပိုင်း ၂ ကို မရေးရသေးမှန်း သတိရသွားပါတယ်။ အဲဒါကြောင့် အိပ်မက်ပျောက်တဲ့ လူငယ်တွေအကြောင်း မပြောခင် သဘောတရား (Theory) ပိုင်းဆိုင်ရာ အုတ်မြစ်ချတဲ့အနေနဲ့ အစဉ်အလာ တစ်ခုကို တော်လှန်ရာဝယ် အပိုင်း ၂ ကို အရင်ရေးလိုက်ရပါတယ်။

ပြီးခဲ့တဲ့ စာတမ်းငယ်များမှာ စာရေးသူအနေနဲ့ ရူးသွပ်မိုက်မဲ (ပြီး ကုန်ကျစရိတ်များ) တဲ့ အစဉ်အလာတစ်ရပ်ကို တော်လှန်ရာမှာ တော်လှန်တဲ့လူတွေအနေနဲ့ စာအုပ်ကြီးသမား ဖြစ်မနေဖို့၊ အသိဥာဏ်နဲ့ အသိစိတ် ရှိဖို့ လိုအပ်တယ်လို့ တင်ပြခဲ့ပါတယ်။ ယခု ဒီစာတမ်းငယ်မှာ ရူးသွပ်မိုက်မဲတဲ့ အစဉ်အလာတစ်ရပ်ကို တော်လှန်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိမလဲ၊ ဘယ်သူတွေက ဦးဆောင်ပြီး လုပ်ကိုင်ရမှာလဲနဲ့ အဲဒီလူတွေမှာ အသိဥာဏ်နဲ့ အသိစိတ် ဖြစ်ပေါ်လာအောင် ဘယ်လို လုပ်ကိုင်ရမလဲဆိုတာကို အကြံပြုတင်ပြမှာ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ အဆိုပြုတင်ပြချင်တာကတော့ အစဉ်အလာ တစ်ရပ်ကို တော်လှန်ဖို့ ဆုံးဖြတ်ချက်ဟာ အဲဒီအစဉ်အလာကို ဆက်ခံပိုင်ခွင့်ရှိသူ/ဆက်လက်လုပ်ဆောင်ခွင့်ရှိသူပေါ်မှာ လုံးဝ မူတည်နေပါတယ်။ အဲဒီအစဉ်အလာကို လက်ဆင့်ကမ်း လုပ်ဆောင်ခွင့်ရှိသူက ခေါင်းမာစွာနဲ့ အစဉ်အလာကို ဆက်လက်ဆုပ်ကိုင်ထားမယ်ဆိုရင် အဲဒီအစဉ်အလာကို တော်လှန်လို့ ရမှာ မဟုတ်ပါဘူး။ ပြောခဲ့တဲ့ ဥပမာတွေကို ပြန်ကြည့်ရင် မျောက်နဲ့ ကျောင်းသားတွေကိုယ်တိုင် အသိစိတ်၊ အသိဥာဏ်ဖြစ်ပေါ်မှသာ အစဉ်အလာဆိုးတွေဟာ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

အဲဒီအဆိုကနေ ကောက်ချက်ချ တင်ပြချင်တာကတော့ အစဉ်အလာဆိုးတရပ်ကို ဆက်ခံသူမဟုတ်ကြသူများအနေနဲ့ တော်လှန် ပြောင်းလဲချင်တယ်ဆိုရင် အစဉ်အလာကို ဆက်ခံတဲ့သူထံမှာ အသိစိတ်၊ အသိဥာဏ်များ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ဖို့ အထူး အရေးကြီးပါတယ်။ အဲဒီလိုမဟုတ်ပဲ ဖိအားပေး ပြောင်းလဲစေခြင်းဟာ ခွေးမြီးတောက် ကျည်တောက်စွပ်တဲ့ အကျိုးရလဒ်သာ ရရှိစေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မျောက်တွေကို ကြိုးချည်ထားလို့ ငှက်ပျောသီးယူဖို့ ကြိုးစားတဲ့ မျောက်ကို တိုက်ခိုက်ခြင်း မပြုတာနဲ့ ကျောင်းသားတွေကို တင်းကျပ်တဲ့ စည်းကမ်းနဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ် (ဥပမာ ကျောင်းမှ ထုတ်ပယ်ခြင်း စသည်) သတ်မှတ်ထားလို့ ဒါမှမဟုတ် ကျောင်းသားငယ်တွေက တုတ်တပြက်၊ ဓားတပြက်နဲ့ ခြိမ်းခြောက်ထားလို့ ကျောင်းသားငယ်တွေအပေါ်မှာ ချောက်မတွန်းတာဟာ မှန်ကန်ကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေ မဟုတ်ပါဘူး။ အဲဒါတွေဟာ ယာယီဖြေရှင်းနည်းတွေဖြစ်ပြီး အစဉ်အလာကို တော်လှန်ပြောင်းလဲလို့ ရမှာမဟုတ်ပါဘူး။ (ကြိုးပြန်ဖြေပေးတာနဲ့ မျောက်တွေ ရန်ဖြစ်ကုန်မှာ ဖြစ်သလို၊ အုပ်ချုပ်သူ သို့မဟုတ် ရန်လိုတဲ့ ကျောင်းသားငယ်တွေ လစ်တာနဲ့ ကျောင်းသားကြီးတွေလဲ ဗရုတ်ပြန်ကျမှာ ဖြစ်ပါတယ်။)

အစဉ်အလာဟောင်းကို ဖက်တွယ်နေသူတွေ အသိစိတ်နဲ့ အသိဥာဏ် ဖြစ်ပေါ်လာဖို့ အခြေအနေ ၂ ရပ်လိုပါတယ်။ ပထမဆုံးကတော့ သူတို့ဟာ စာအုပ်ကြီးသမား ဖြစ်မနေဖို့ လိုပါတယ် (တင်ပြခဲ့ပြီး)။ နောက်အခြေအနေတစ်ရပ်ကတော့ ပညာပေးမှု (Education) ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ပညာပေးတယ်ဆိုတာ သမားရိုးကျ သင်္ချာ၊ အင်္ဂလိပ်စာ စသဖြင့် ကျောင်းမှာ သင်ကြားတာမဟုတ်သလို မှတ်ပြီလားကွ ဆိုတဲ့ ဗန်းစကားအနက်နဲ့ ၀ိုင်းသမလိုက်တာကို ပြောတာလဲ မဟုတ်ပါဘူး။ အခြေအနေကို ခြုံငုံသိမြင်လာနိုင်အောင် ပိုမိုကြီးမားတဲ့ ဖြစ်စဉ်ဖြစ်ရပ် ရုပ်ပုံကားချပ်များကို ရှုမြင်လာနိုင်အောင် လုပ်ဆောင်တာကို ရည်ညွှန်းပါတယ်။ ပေးခဲ့ဖူးတဲ့ ဥပမာ ၂ ရပ်မှာ မျောက်တွေဟာ ပထမအခြေအနေနဲ့ မပြည့်စုံပါဘူး။ (စဉ်းစား ဆင်ခြင်ဥာဏ်မရှိတဲ့ တယူသန် စာအုပ်ကြီးသမားတွေနဲ့ တူပါတယ်။) တက္ကသိုလ်ကျောင်းသားတွေကတော့ ပထမအခြေအနေနဲ့ ပြည့်စုံကောင်းပြည့်စုံနိုင်ပါတယ်။ ဒုတိယအခြေအနေ ရှိလာဖို့အတွက်ကတော့ ပထမအခြေအနေနဲ့ ပြည့်စုံဖို့ လိုအပ်တဲ့အပြင် ချည်းကပ်ပုံနည်းလမ်း မှန်ကန်ထိရောက်ဖို့လဲ လိုအပ်ပါတယ်။ အဲဒါဟာ အစဉ်အလာကို ပြုပြင်ပြောင်းလဲလိုသူတွေ သတိထား ကြံဆကြရမဲ့ သိမ်မွေ့တဲ့ကိစ္စဖြစ်ပြီး အမှားမခံပါဘူး။

ကျောင်းသားဥပမာကို ပြန်ကြည့်ရအောင်။ ကျောင်းအုပ်ချုပ်သူတွေက ကျောင်းသားကြီးတွေကို အစည်းအဝေးခန်းမထဲ အားလုံးလာကြဆိုပြီး (မလာ မနေရ၊ မလာလျှင် စာမေးပွဲချမည် စသည်ဖြင့်) ထည့်ထားလိုက်ပြီး ၃ နာရီတိတိ လူ ၃ ယောက်ပြောင်းပြီး ချောက်ချခြင်းဟာ မကောင်းကြောင်း ဘာသာရေး၊ ယုတ္တိဗေဒ၊ ဒဿနိက အမြင်များဖြင့် ဆုံးမ ဟောပြောမည်ဆိုပါက ကျောင်းသားဟောင်းများတွင် အသိဥာဏ်၊ အသိစိတ်များဖြစ်ပေါ်ပြီး အမြင်မှန်ရကာ ချောက်ချမှုများ လုံးဝ ပပျောက်သွားလိမ့်မည် ... ဟု မထင်မှတ်ပါနှင့်။ စိတ်ချဉ်ပေါက်ကာ ပိုဆိုးလာမည်မှာ မုချပင်ဖြစ်သည်။ ဒီနေရာတွင် မေးစရာ ရှိလာသည်မှာ စည်းကမ်း သတ်မှတ်ခြင်းသည်လဲ နည်းလမ်းမှန် မဟုတ်၊ ဟောပြောဆုံးမခြင်းသည်လဲ နည်းလမ်းမှန် မဟုတ်ဟု ဆိုပါက ဘယ်ဟာ ဘယ်သင်းသည် နည်းလမ်းမှန် ဖြစ်ပါသနည်း။

ထိုမေးခွန်း၏ အဖြေသည် ပြဿနာ၏ အတိမ်အနက်၊ အစဉ်အလာ၏ သမိုင်းကြောင်း၊ ပေါ်ပေါက်လာရခြင်း ရည်ရွယ်ချက်၊ အနှစ်သာရတို့ ပေါ်မူတည်၍ ကိစ္စတရပ်နှင့် တရပ် ကွဲပြားခြားနားလေသည်။ အချို့ကိစ္စများတွင် ပြဿနာကို လေ့လာဆန်းစစ်ရ လွယ်ကူသော်လည်း အချို့သော ကိစ္စရပ်များတွင် နက်နဲခက်ခဲသည်။ တဖန် အစဉ်အလာကို ထိန်းသိမ်းခွင့်ရှိသူများ အနက်တွင်မှ အသိပညာပေးခြင်းကို လိုလားသူနှင့် မလိုလားသူ နှစ်စု ကွဲနေပြန်သောအခါ (အပြင်လောကတွင် အဆန်းမဟုတ်) အသိ ပညာပေးသည့် နည်းလမ်းသည် ပိုမိုရှုပ်ထွေးသွားလေတော့သည်။

စာရေးသူ၏ ယခုအချိန်ထိ တင်ပြချက်များကို အခြေခံ၍ အစဉ်အလာတစ်ရပ်ကို တော်လှန်ရန်အတွက် မူဘောင် (Framework) တစ်ရပ်ကို ချမှတ်နိုင်ပါသည်။ ရူးသွပ်မိုက်မဲသော အစဉ်အလာတစ်ရပ်ကို တော်လှန်ရန်အတွက် ၄င်းအစဉ်အလာကို ထိန်းသိမ်းခွင့် ရှိသူကို ဖော်ထုတ်ပါ။ အစဉ်အလာကို ထိန်းသိမ်းခွင့် ရှိသူသည် မိမိ သို့မဟုတ် မိမိဘက်သား ဖြစ်ပါက အသိစိတ် ကိုမွေးပြီး ရပ်တန့်ပစ်ပါ။ မိမိ သို့မဟုတ် မိမိဘက်သား မဟုတ်ပါက ထိုသူသည် စာအုပ်ကြီးသမား ဟုတ်မဟုတ် (အသိပညာပေးမှုကို လိုလားသူ ဟုတ်မဟုတ်) လေ့လာဆန်းစစ်ပါ။ ပညာပေးမှုကို လိုလားသူ မဟုတ်ပါက လိုလားလာအောင် တနည်းနည်းဖြင့် သွေးဆောင် စည်းရုံးပါ။ နောက်ဆုံးအဆင့်အနေနှင့် ပညာပေးမှုကို လက်ခံပြီဆိုပါက အသိဥာဏ်၊ အသိစိတ်များ ဖြစ်ပေါ်လာအောင် ကြိုးပမ်း ပညာပေးပြီး အစဉ်အလာကို တော်လှန်ရန် ဖြစ်ပါသည်။ စာရေးသူ၏ ကိုယ်ပိုင်အမြင်အရ ပညာပေးနိုင်ရန် စည်းရုံးခြင်းနှင့် ပညာပေးရသည့် ရည်ရွယ်ချက် ထမြောက်အောင် ပညာပေးခြင်းတို့သည် အစဉ်အလာကို တော်လှန်ခြင်း မူဘောင်တွင် အခက်ခဲဆုံး အဆင့်များ ဖြစ်လေသည်။

အချုပ်အားဖြင့်ဆိုလျှင် အစဉ်အလာတစ်ရပ်ကို တော်လှန်ရာ၌ အစဉ်အလာကို ဆက်ခံသူသည် အခရာပင်ဖြစ်သည်။ ထိုသူသည် စာအုပ်ကြီးသမား မဖြစ်ရန်လိုအပ်ပြီး အသိပညာပေးမှုကို လိုလားရမည်။ သို့မှသာ အစဉ်အလာကို တော်လှန်ရန် လိုအပ်သော အသိဥာဏ်နှင့် အသိစိတ်များ ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ နောက်ဆုံးအနေနှင့် အသိဥာဏ်၊ အသိစိတ်များ ပေါ်ပေါက်လာရန် အသိပညာပေးခြင်းကိစ္စအား ချည်းကပ်လုပ်ဆောင်ပုံသည် အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်သည်ဟု တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

ရူးသွပ်မိုက်မဲသော အစဉ်အလာများကို အောင်မြင်စွာ တော်လှန်နိုင်ကြပါစေ။

Saturday, September 22, 2007

NUTS နဲ့ ပတ်သက်သမျှ

မြေပဲစေ့၊ သီဟိုဠ်စေ့၊ ဗာဒံစေ့ စတဲ့ အစေ့အဆန်တွေ အကြောင်း စာတမ်း မဟုတ်ပါဘူး။ နောက် ဗန်းစကား အနက်နဲ့ ငတုံးငအတွေရဲ့အကြောင်း စာတမ်းလဲ မဟုတ်ပါဘူး။ ဒီစာတမ်းငယ်မှာ စာရေးသူအနေနဲ့ အစဉ်အလာတစ်ရပ်ကို တော်လှန်ခြင်းနှင့် ပတ်သက်တဲ့ NUTSတွေအကြောင်းကို ပြောမှာ ဖြစ်ပါတယ်။

အရင် စာတမ်းငယ်မှာ အစဉ်အလာတစ်ရပ်ကို တော်လှန်ဖို့အတွက် အသိဥာဏ်နဲ့ အသိစိတ်လိုအပ်ကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ ဒါ့အပြင် အစဉ်အလာတစ်ရပ်ကို တော်လှန်ရာမှာ အဓိက အတားအဆီးကတော့ NUTS ပဲ ဖြစ်ပါတယ်လို့ Creative နည်းပညာလုပ်ငန်းက အမှုဆောင် အရာရှိချုပ် (CEO) ဆင်ဝေါင်ဟူးက အခိုင်အမာ ငြင်းချက် ထုတ်ထားပါတယ်။ နောက်တဖန် စင်ကာပူ အမျိုးသား တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဖရန်စစ်ယိုးကလဲ စွန့်ဦးတည်ထွင် လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာဖို့ အရေးအကြီးဆုံး လိုအပ်ချက်က NUTSဖြစ်မနေဖို့ပဲ ဖြစ်တယ်လို့ စာရေးသူကို ပြောဖူးပါတယ်။ သူတို့ နှစ်ယောက်လုံးပြောတဲ့ NUTSတွေကအစေ့အဆန်တွေမဟုတ်သလို ငတုံးငအတွေကို ရည်ညွှန်းနေတာလဲ မဟုတ်ပါဘူး။

NUTS ဆိုတာ No-U-Turn-Syndrome (ဂ ငယ်ကွေ့ မကွေ့သော ရောဂါလက္ခဏာစု) ကိုဆိုလိုပါတယ်။ အဲဒီစကားစုရဲ့ အနက်အဓိပ္ပါယ်ကို နားလည်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ စင်ကာပူနိုင်ငံတို့ရဲ့ လမ်းအမှတ်အသားများကို အရင်ဆုံး သိရှိဖို့ လိုအပ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဂ ငယ်ကွေ့ မကွေ့ရတဲ့ နေရာများမှာ ဂ ငယ်ကွေ့ မကွေ့ရဆိုတဲ့ လမ်းညွှန် အမှတ်အသားများကို အာဏာပိုင်များက ထားရှိလေ့ရှိပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံမှာတော့ အမေရိကန်နဲက ပြောင်းပြန် ဂ ငယ်ကွေ့ ကွေ့နိုင်သည်ဆိုတဲ့ အမှတ်အသားကို အသုံးပြုပါတယ်။ သင်္ချာနည်းအရ ပြောရရင် အဲဒီနည်းလမ်းနှစ်ခုဟာ တူတူပါပဲ။ ဒါပေမဲ့ (ဖြစ်နိုင်တဲ့ အစီအစဉ်၊ အဖြစ်အပျက် အားလုံးကို စာရင်းရေးချလို့ မရနိုင်တဲ့) တကယ့် လက်တွေ့ ဘ၀မှာတော့ မတူပါဘူး။

NUTS စွဲကပ်နေတဲ့ စာအုပ်ကြီးသမား တစ်ယောက်ဟာ စည်းကမ်း၊ အစဉ်အလာတစ်ခုရဲ့ မူလအကြောင်းရင်းကို သိရှိနားလည်ခြင်း မရှိပါဘူး။ သူသိတာက သူ့ရဲ့ စာအုပ်ကြီးထဲမှာ ရေးသားထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လှုပ်ရှား ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ပြောင်းလဲသွားတဲ့ အခြေအနေ (ဒါမှမဟုတ် အထူးအခြေအနေ တစ်ရပ်) အရ စည်းကမ်း၊ အစဉ်အလာတစ်ရပ်ဟာ မလိုအပ်တော့ရင်တောင်မှ သူတို့ဟာ စာအုပ်ကြီးအတိုင်းပဲ ဆောင်ရွက်ပြီး အစဉ်အလာကို ဆက်လက်ထိန်းသိမ်းမှာ ဖြစ်ပါတယ်။

ဆင်ဝေါင်ဟူးရဲ့ ဥပမာတစ်ခုကို ပြန်ပြောင်းတင်ပြပါမယ်။ Creative နည်းပညာလုပ်ငန်းရဲ့ သုံးစွဲသူ ပံ့ပိုးမှု ဌာန (CSD - Customer Service Department) မှာ အသံကဒ် ၀ယ်ယူသူတွေအနေနဲ့ အသံကဒ်ကို မောင်းနှင်တဲ့ အပျော့ထည်စီဒီ (Soundcard Driver Software CD) ကို အပို တစ်ကော်ပီ ထပ်ဆောင်း ရယူချင်ရင် စင်ကာပူ ဒေါ်လာ ၁၅ဒေါ်လာ ပေးရမယ်လို့ စည်းကမ်းချက် ချမှတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ နမော်နမဲ့နဲ့ စီဒီကို ဖျောက်ပစ်တဲ့ (ကောင်းကောင်း သိမ်းလေ့မရှိတဲ့) သုံးစွဲသူတွေကို ထောက်ပံ့တဲ့ စရိတ် ကာမိအောင်လို့ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ ဖောက်သည်တစ်ယောက် ၀ယ်ယူသွားတဲ့ အသံကဒ်ဘူးထဲမှာ မူလ စီဒီပြား ပါမသွားပဲ ဖြစ်သွားပါတယ်။ အဲဒီ သူဟာ အသံကဒ် မောင်းနှင်တဲ့ အပျော့ထည်ပါဝင်တဲ့ စီဒီတစ်ချပ်ကို သုံးစွဲသူ ပံ့ပိုးမှု ဌာနကို လာရောက် တောင်းဆိုပါတယ်။ အပိုကော်ပီအတွက် ပိုက်ဆံတောင်းခံတဲ့ အခါမှာတော့ မဟုတ်မခံစိတ်ဓာတ်နဲ့ သုံးစွဲသူက ပိုက်ဆံထပ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အတိုချုံးရရင် သူမကျေနပ်တဲ့အတွက် အမျိုးမျိုး ပြဿနာရှာရာမှာ Creative နည်းပညာလုပ်ငန်းအနေနဲ့ ၁၅ဒေါ်လာရဲ့ အဆပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့ပါတယ်။

ဆင်ဝေါင်ဟူးက အထက်ပါဖြစ်ရပ်အတွက် NUTS ကို အပြစ်ပုံချခဲ့ပါတယ်။ သူရဲ့ အဆိုအရ တကယ်လို့ သုံးစွဲသူ ပံ့ပိုးမှု ဌာနက ၀န်ထမ်းတွေအနေနဲ့ စာအုပ်ကြီးအတိုင်း မဟုတ်ပဲ ၁၅ဒေါ်လာတောင်းခံခြင်းရဲ့မူလအကြောင်းရင်း (နမော်နမဲ့ သုံးစွဲသူများကို တောင်းခံသည်) ကိုသာ သိနားလည်ခဲ့ပြီး အထက် ဖော်ပြပါ ဖြစ်ရပ်ဟာ အထူးဖြစ်ရပ် (ထုတ်ပိုးမှုဌာနရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရခြင်း)ဖြစ်တယ်၊ စီဒီဖိုး တစ်ဒေါ်လာကို မတောင်းခံသင့်ဘူးလို့ စာအုပ်ကြီးထဲက ဖောက်ထွက် ကောက်ချက်ချနိုင်ခဲ့ရင် ဒီလို နစ်နာမှုမျိုး ဖြစ်လာစရာမရှိဘူးလို့ သုံးသပ်ပြခဲ့ပါတယ်။

ဒါ့အပြင်NUTS ရှိတဲ့လူတစ်ယောက်ဟာ အရာတစ်ခု လုပ်သင့်/မလုပ်သင့်၊ သင့်လျော်/မသင့်လျော်ကို အစဉ်အလာအရ လုပ်လေ့ရှိ/မရှိနဲ့ လုပ်ခွင့်ရှိသည်လို့ အတိအလင်း ကြေညာထားခြင်း ရှိ/မရှိနဲ့ပဲ ချိန်ထိုး ဆုံးဖြတ်ပါတယ်။ နေ့စဉ်နှင့်အမျ ထွက်ပေါ်လာနေတဲ့ အသစ်အသစ်သော စိန်ခေါ်မှုတွေ၊ ပြဿနာတွေနဲ့ လုပ်ငန်းစဉ်တွေကို ဆုံးဖြတ်ဖို့ လိုအပ်လာတဲ့အချိန်မှာ NUTS ရှိတဲ့လူဟာ သူ့ရဲ့ လက်စွဲတော် စာအုပ်ကြီးကို သွားလှန်ကြည့်ပါတယ်။ စာအုပ်ကြီးထဲမှာ မပါတဲ့ အကြောင်းအရာ အသစ်အဆန်းတွေကို NUTS ရှိတဲ့လူတစ်ယောက်ဟာ အမြဲပဲ ငြင်းပယ်လေ့ ရှိပါတယ်။ ရလဒ်ကတော့ ခေတ်နဲ့အညီ ရင်ဘောင်တန်း အမီလိုက်နိုင်ခြင်း မရှိပဲ ခေတ်ဟောင်းက စာအုပ်ကြီးနဲ့အတူ ခေတ်နောက်ကျ ကျန်ခဲ့တာပါပဲ။ (ဆုံးရှုံးနစ်နာမှုတွေလဲ ဖြစ်ပေါ်လေ့ရှိပါတယ်။)

ဒါပေမဲ့ စာရေးသူက အစဉ်အလာ အားလုံးကို ဖောက်ထွက်ဖျက်ဆီးကြ၊ စည်းကမ်းတွေကိုလဲ မလိုက်နာကြနဲ့ လို့ ပြောနေတာမဟုတ်ပါဘူး။ အစဉ်အလာတစ်ရပ်၊ စည်းကမ်းတစ်ခုရဲ့ အကြောင်းရင်းဟာ ဆီလျော်မှု ရှိနေသေးတယ်ဆိုရင် အဲဒီ အစဉ်အလာ၊ စည်းကမ်းကို ကျင့်သုံး၊ လိုက်နာရမှာပါပဲ။ ဒါပေမဲ့ မူလ အကြောင်းရင်းကလဲ ခေတ်နဲ့ မဆီလျော်၊ မလျော်ညီ၊ အစဉ်အလာကို ထိန်းသိမ်းဖို့လဲ ကုန်ကျစရိတ်များ (နစ်နာမှုတွေ ရှိလာမယ်) ဆိုရင်တော့ အဲဒီ အစဉ်အလာဟာ မလိုအပ်တော့တဲ့အတွက် ဖက်တွယ်မထားဖို့ လိုပါလိမ့်မယ်။ အဲဒါကို သိမြင်နိုင်ဖို့ (တော်လှန်ဖို့ လိုအပ်တဲ့ အသိဥာဏ်ကို ရရှိနိုင်ဖို့) ကတော့ NUTS စွဲကပ်မနေ (စာအုပ်ကြီးသမား ဖြစ်မနေ) ဖို့ လိုပါလိမ့်မယ်။

ရူးသွပ်မိုက်မဲတဲ့ အစဉ်အလာတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ တိုးတက် ဖြစ်ထွန်းဖို့အတွက် အဓိက အတားအဆီးတွေပဲ ဖြစ်ပါတယ်။ အဲဒီအစဉ်အလာတွေကို ပြုပြင်ဖို့ ခက်ခဲအောင် ပြုလုပ်နေတာကတော NUTS ပဲ ဖြစ်ပါတယ်။ မိမိတို့ ပတ်ဝန်းကျင်မှ မသိနားမလည်တဲ့ NUTS စွဲကပ်နေသူ စာအုပ်ကြီးသမားများကို အသိပေး ရှင်းလင်းပြီး ရူးသွပ်တဲ့ အစဉ်အလာများကို တော်လှန်ဖို့ကတော့ အသိဥာဏ်မြင့်မားသူ စာရှုသူတို့ရဲ့ တာဝန်တစ်ရပ်လို့ ပြောရင်လဲ မှားမယ်မထင်ပါဘူး။ ဒါကြောင်မို့ စာရှုသူ အဆွေတို့အနေနဲ့ NUTS စွဲကပ်နေသူတွေကို ဖေးကူရှင်းပြရင်းနဲ့ နယ်ပယ်အသီးသီးမှာ အစဉ်အလာတွေကို ဖောက်ထွက် အောင်မြင်မှုတွေ ရရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

Wednesday, August 15, 2007

အစဉ်အလာ တစ်ခုကို တော်လှန်ရာဝယ်။

လှောင်အိမ်တစ်ခုထဲမှာ ငှက်ပျောသီး တလုံးကို ကြိုးနဲ့ (ယူလို့မလွယ်အောင်) တန်းလန်း ချိတ်ဆွဲထားပြီး အဲဒီ ငှက်ပျောသီးအောက်မှာ (တက်ယူနိုင်ဖို့)လှေခါးတစ်စင်း ထောင်ထားပါတယ်။ နောက် အဲဒီလှောင်အိမ်ထဲကို မျောက် ၅ကောင်ကို ထည့်ပါတယ်။ မကြာခင်မှာပဲ အဲဒီ မျောက် ၅ကောင်ထဲက တစ်ကောင်က လှေခါးပေါ်တက်ပြီး ငှက်ပျောသီးကို ယူပါတော့တယ်။ အဲဒီလို ယူတဲ့အခါမှာ (နှစ်သက်စရာမကောင်းတဲ့)ရေအေးနဲ့ မျောက်အားလုံးကို ဖျန်းပါတယ်။ ခဏလေးနေတော့ နောက်ထပ် မျောက်တစ်ကောင်က ငှက်ပျောသီးကို တက်ယူပြန်ရော။ ယူတာနဲ့ ရေအေးကလဲ ဖျန်းတာပဲ။ သိပ်မကြာခင်မှာပဲ ငှက်ပျောသီးတက်ယူဖို့ ကြိုးစားတိုင်း အဲဒီမျောက်ကို ကျန်တဲ့ မျောက်တွေက ၀ိုင်းဆော်ကြပါတော့တယ်။

ရေအေးကို မဖျန်းတော့ပါဘူး။ မျောက်တကောင်ကို လဲလိုက်ပါတယ်။ အဲဒီမျောက်အသစ်က သေချာပေါက် ငှက်ပျောသီးကို တက်ယူဖို့ ကြိုးစားပါလေရော။ အဲဒီမှာ ကျန်တဲ့ မျောက် ၄ကောင်က သူ့ကို ၀ိုင်းနွှာပါလေရော။ သူလဲ နောက်ကျတော့ သဘောပေါက်သွားပါတယ်။ ဒါမျိုးယူရင် ဒီလိုအတီးခံရမှန်း။

အဲဒီမျောက် သဘောပေါက်သွားအပြီးမှာ နောက်မျောက်တကောင်ကို လဲပါတယ်။ သူလဲ ဘုမသိ ဘမသိနဲ့ အတီးခံရတာပဲ။ အဲဒီမှာ အံ့အားသင့်ဖို့ကောင်းတာက ခုနက ဘုမသိ ဘမသိ အတီးခံရတဲ့ကောင်ကလဲ ရေရေလည်လည် ၀င်နွှာနေတာပါပဲ။ ဆန်းတယ်နော်။ နောက် အဲဒီ ဒုတိယလဲတဲ့ မျောက် သဘောပေါက်သွားအပြီးမှာ တတိယတကောင်ကိုလဲပါတယ်။ ဒီလိုနဲ့ မျောက် ၅ကောင်လုံး လဲပြီးသွားတယ်။

၅ကောင်မြောက်မျောက်ကို လဲလိုက်တဲ့အချိန်မှာ လှောင်အိမ်ထဲမှာ ကျန်နေတဲ့ မျောက် ၄ကောင်က ငှက်ပျောသီးယူရင်သာ ၀င်ဝင်တီးနေတာ၊ ဘာကြောင့် တီးရမှန်း တစ်ကောင်မှ သိကြတာမဟုတ်ဘူး။ (ရေအေးနဲ့ ဖျန်းတဲ့အကြောင်းကို မသိကြဘူး) ဒါပေမဲ့လဲ တီးတာပဲ။ ဘယ်သူမှ တက်မယ်မလုပ်နဲ့။ စိတ်အားထက်သန်စွာနဲ့ကို တီးတာ။ ဒီစာတမ်းငယ်မှာ ကျန်တော်ဆွေးနွေးမဲ့ အစဉ်အလာဆိုတာ အဲဒါပါပဲ။

(ဆရာ) သိပ္ပ္ပံမောင်ဝ၊ (ဆရာ) ဇ၀န အစရှိတဲ့ ရှေးတုန်းက (တက္ကသိုလ်ကျောင်းနောက်ခံ) ၀တ္ထုတွေမှာ ကျောင်းသားသစ်တွေကို ကျောင်းသားဟောင်းတွေက ၀ိုင်းဝန်း ချောက်ချကြပါတယ်။ ကျန်တော်ဆက်တွေးမိတာက အဲဒီချောက်ချကြတဲ့ ကျောင်းသားဟောင်းတွေ တချိန်ကလဲ ကျောင်းသားသစ် (ဂျူနီယာ) အဖြစ်နဲ့ ပိုပြီး စောတဲ့ (စီနီယာကျတဲ့)ကျောင်းသားတွေရဲ့ ချောက်ချတာကို ခံခဲ့ရဖူးမှာပါပဲ။ သူတို့အဲဒီလို ချောက်ချခံရတာကို နှစ်သက်ကြသလား။ မနှစ်သက်ကြဘူးဆိုရင် ကိုယ်ကျောင်းသားဟောင်း (စီနီယာ)ဖြစ်လာတဲ့အခါမှာ ကျောင်းသားသစ် (ဂျူနီယာ)တွေကို ဘာလို့ ချောက်ချကြသလဲ။

အဖြေကတော့ ပရိုင်းမိတ်အားလုံး (မျောက်ဝံ၊ လူဝံ၊ မျောက်အမျိုးမျိုးနဲ့ လူ) ရဲ့ အရည်အသွေးတစ်ခု ဖြစ်ပုံရတဲ့ အစဉ်အလာကို လိုက်နာလိုခြင်းကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ပြောမို့သာ ပြောနေတာပါ။ တက္ကသိုလ်ကျောင်းသားတွေမှ မဟုတ်ပါဘူး။ လောကမှာရှိတဲ့ လူတိုင်းလိုလို အကြောင်းရင်းကို နားမလည်ပဲနဲ့ ရူးသွပ်တဲ့ အစဉ်အလာကို (လုပ်နေကျမို့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့) လိုက်နာနေကြတာပါပဲ။ ဒီစာတမ်းငယ်မှာ ရူးသွပ်မိုက်မဲတဲ့ အစဉ်အလာတစ်ခုကို ဆန့်ကျင်တော်လှန်ဖို့ ဘာတွေလိုမလဲဆိုတာကို အဆိုပြုတင်ပြမှာဖြစ်ပါတယ်။ အဆိုပြုချက်တွေဟာ အမှန်တရားနဲ့ နီးစပ်မှုရှိ^မရှိကို တတ်နိုင်သလောက် စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

ပထမဆုံး လိုအပ်ချက်ကတော့ အဆင့်မြင့်မားတဲ့ အသိဥာဏ်ပဲ ဖြစ်ပါတယ်။ နောက်တမျိုး စကားလုံး လှည့်ပြောင်းသုံးရမယ်ဆိုရင် ရူးသွပ်မိုက်မဲတဲ့ အစဉ်အလာတစ်ခုကို တော်လှန် ဆန့်ကျင်ဖို့အတွက် ဒီအစဉ်အလာရဲ့ အကြောင်းရင်းကို နားလည်၊ အဲဒီအကြောင်းရင်းဟာ ဆီလျော်မှု မရှိတော့ဘူးဆိုတဲ့ သတင်းအချက်အလက်ကို ရရှိပြီး ဒီအစဉ်အလာဟာ မလိုအပ်တော့ဘူးလို့ ကောက်ချက်ဆွဲ သိရှိနိုင်မဲ့ လူတစ်စု လိုအပ်ပါတယ်။ အပေါ်က ဥပမာမှာ နောက်မှ ရောက်လာတဲ့ မျောက်လေးကောင်သာ (၁) ဒီလို ငှက်ပျောသီးယူတိုင်း ၀ိုင်းတိုက်ခိုက်တာဟာ ရေအေးနဲ့ ဖျန်းခံရမှာမို့ ကာကွယ်တာဖြစ်တယ်ဆိုတဲ့ အကြောင်းရင်း (၂)ရေအေးနဲ့ ဖျန်းပက်ခြင်း ခံရတော့မှာ မဟုတ်ဘူး ဆိုတဲ့ သတင်းအချက်အလက်နဲ့ (၃) ဆက်လက် ကာကွယ်ဖို့ မလိုအပ်တော့ဘူးဆိုတဲ့ အသိဥာဏ်များသာ ရှိခဲ့မယ်ဆိုရင် ၀ိုင်းဝန်း တိုက်ခိုက်တာကို ရပ်ပစ်လိုက်ဖို့ ကြိုးစားကောင်း ကြိုးစားမှာ ဖြစ်တယ်။

ဒုတိယ လိုအပ်ချက်ကတော့ ပရိုင်းမိတ်သာသာ စိတ်ဓာတ်တစ်ခုဖြစ်တဲ့ လက်စားချေလိုခြင်းနဲ့ ပုံစံချင်း ဆင်ဆင်တူတဲ့ စိတ်ဓာတ်တမျိုးကို ထိန်းသိမ်းဖို့ သူ့ထက် အဆင့်မြင့်မားတဲ့ အသိစိတ်ရှိဖို့ လိုအပ်ပါတယ်။ စကားပြေ ပြန်ပြရရင် အထက်ပါ အသိဥာဏ်အပြင် ငါလဲ တလှည့်ပြန်လုပ်ပြီး အစဉ်အလာကို ထိန်းသိမ်းလိုက်မဟဲ့ဆိုတဲ့ ခပ်ရိုင်းရိုင်း အသိစိတ်မျိုးကို ထိန်းချုပ်ထားပြီး ဒီအစဉ်အလာဟာ ရူးသွပ် (ပြီး မလိုအပ်တော့) တဲ့အတွက် ငါနောက်မျိုးဆက်တွေကို လက်ဆင့်မကမ်းသင့်ဘူး၊ ရပ်ပစ်ရမယ်ဆိုတဲ့ အသိစိတ်လိုအပ်ပါတယ်။ တက္ကသိုလ် ကျောင်းသား ဥပမာမှာ ဒီလိုချောက်ချတာဟာ လူယဉ်ကျေးတွေ မလုပ်သင့်တဲ့ ကိစ္စရပ်မို့လို့ နောက်မျိုးဆက်သစ်တွေ ဆက်မလုပ်အောင် ကိုယ်တိုင်က သူတို့ကို ချောက်မချပဲ (သူတို့ကို နမူနာပြ သင်မပေးပဲ) ကိုယ့်လက်ထက်မှာ ရပ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။

ဒီလိုအပ်ချက်နှစ်ခု (အသိဥာဏ်နဲ့ အသိစိတ်) ဟာ ကျန်တော်တို့ ဦးတည်ချင်တဲ့ လူသားများထက် ပိုမို လူသားဆန်သော လူသား အဖွဲ့အစည်းကို တည်ဆောက်ရာမှာ အရေးပါပါတယ်။ (အထက်ပါ စကားရပ်တွင် ပထမ လူသား ဆိုသော စကားလုံးသည် သက်ရှိသတ္တ၀ါဖြစ်သော လူပီသစွာ လောဘ၊ ဒေါသ၊ မောဟများ ဖုံးလွှမ်းနေသော အပြစ်မကင်းသည့် ပုံမှန်လူသားများကို ရည်ညွှန်းပြီး ဒုတိယ လူသားဆန် ဆိုသော စကားလုံးမှာ တိရိစ္ဆာန်များထက် သာလွန်သော စဉ်းစားဥာဏ်ရှိသော လူသားဆန်မှုကို ရည်ညွှန်းသည်။) အသိဥာဏ်မရှိရင် အသိစိတ်မဖြစ်ပေါ်နိုင်သလို အသိစိတ်မပါတဲ့ အသိဥာဏ်ဟာလဲ ရူးသွပ် မိုက်မဲသော အစဉ်အလာများကို မရပ်တန့်နိုင်ပါ။

အချုပ်အားဖြင့်ဆိုသော် လူသားများထက် ပိုမိုလူသားဆန်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် ရူးသွပ်မိုက်မဲသော အစဉ်အလာတစ်ရပ်ကို တော်လှန်ရာဝယ် အဆင့်အတန်း မြင့်မားသော အသိဥာဏ်နှင့် ယဉ်ကျေးသော အသိစိတ်တို့ လိုအပ်ကြောင်း ခိုင်ခိုင်မာမာ အဆိုပြုလိုပါသည်။ နောက်စာတမ်းငယ်(များ)တွင် အဆိုပါ လူသားများထက် ပိုမိုလူသားဆန်သော လူ့အဖွဲ့အစည်းအတွက် အရေးပါသည့် အသိဥာဏ်နှင့် အသိစိတ်များ ဖြစ်ပေါ်လာအောင် လိုအပ်သော အခြေခံ လိုအပ်ချက်များနှင့် အဆိုပါ အခြေခံ လိုအပ်ချက်များ ကိုမွေးမြူပျိုးထောင်ခြင်းတို့ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပါသည်။