ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label သင်္ချာနှင့် သိပ္ပံ. Show all posts
Showing posts with label သင်္ချာနှင့် သိပ္ပံ. Show all posts

Sunday, October 11, 2009

ဥာဏ်စမ်းပဟေဠိများကို ကွန်ပျူတာ အသုံးပြု ဖြေရှင်းခြင်း

သင်္ချာဥာဏ်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိ၊ စကားအသွားအလာနှင့် ဘာသာစကားလှည့်ကွက်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိနှင့် အကြားအမြင် ဗဟုသုတ အပေါ်တွင် အခြေခံသည့် ဥာဏ်စမ်းပဟေဠိစသည်ဖြင့် ဥာဏ်စမ်းပဟေဠိ အမျိုးမျိုး ရှိရာ အချို့သော ပဟေဠိများသည် ထည့်သွင်း စဉ်းစားရမည့် ဖြစ်နိုင်သော အဖြေ အရေအတွက် အတိုင်းအဆမရှိ များပြားမှုအပေါ်တွင် အခြေခံလေသည်။ ရှေးက လူအားဖြင့်သာ ဥာဏ်စမ်းပဟေဠိများကို အဖြေထုတ်ခဲ့ကြရာတွင် ဖြစ်နိုင်သော အဖြေ အလွန်များပြားသော ပဟေဠိများမှာ အဖြေကို ကြိုတင် မသိသူ ဖြေဆိုသူတို့ လက်မြှောက်အရှုံးပေးရသည်သာ များသော်လည်း ယနေ့ကွန်ပျူတာခေတ်တွင်မူ ၄င်းတို့ကို အလွယ်တကူ အဖြေထုတ်နိုင်ပြီ ဖြစ်သည်။ ယခုဆောင်းပါးတွင် ၄င်းပဟေဠိ ၂ ပုဒ်ကို ကွန်ပျူတာ အသုံးပြု ဖြေရှင်းပုံကို ဖော်ပြမည်ဖြစ်သည်။

ပထမ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ လယ်သမားတစ်ယောက်သည် သူ၏ခြံတွင် မွေးမြူရန်အတွက် နွား၊ ၀က်နှင့် ကြက် စုစုပေါင်း အကောင် ၁၀၀ ၀ယ်လိုသည်။ ပိုက်ဆံလဲ ၁၀၀ ကျပ်သာရှိသည်။ ၃ မျိုးလုံးလဲ မွေးလိုသေးသည်။ နွားတစ်ကောင် ၁၀ ကျပ်၊ ၀က်တစ်ကောင် ၃ ကျပ်နှင့် ကြက်တစ်ကောင် ၅ မူး (၀.၅၀ ကျပ်) ဖြစ်သော် အကောင် ၁၀၀ ရအောင် ငွေ ၁၀၀ နှင့် ဘယ်လို ၀ယ်မည်နည်း။ တနည်းအားဖြင့် မသိကိန်း ၃ လုံးပါ၊ တပြိုင်နက် ညီမျှခြင်း ၂ ကြောင်း ပုစ္ဆာဖြစ်သည်။ သီဝရီအရ အဖြေ မရှိ၊ တစ်ခုတည်းသာ၊ အများအပြား ရှိနိုင်သော ပုစ္ဆာအမျိုးအစားလဲ ဖြစ်သည်။ တပြိုင်နက် ညီမျှခြင်း အများအပြားပါ တပြိုင်နက် ညီမျှခြင်း စနစ် (System of Linear Equations) တစ်ခုကို မက်ထရစ် ညီမျှခြင်း တစ်ကြောင်းဖြင့် ဖေါ်ပြနိုင်ရာ လှန်မက်ထရစ်ယောင် (Pseudo Inverse) ကိုအသုံးပြုပြီး ဖြစ်နိုင်သည့် အဖြေများကို အလွယ်တကူ တွက်ထုတ်နိုင်ပါသည်။

၎င်း သင်္ချာနည်း၏ အားနည်းချက်မှာ ၄င်းနည်းစနစ်သည် ကိန်းစစ် မြှောက်ဖော်ကိန်း (Real Number Coefficients) များအတွက် နည်းစနစ် ဖြစ်နေသဖြင့် ကိန်းစစ် အဖြေတွဲ အများအပြား ထွက်လာနိုင်ခြင်းပင် ဖြစ်သည်။ (Matlab မရှိသဖြင့် စာရေးသူ မစမ်းကြည့်ပါ။) မွေးရန် ၀ယ်သော နွား၊ ၀က်၊ ကြက်တို့ကို တ၀က်၊ တစိတ် စသဖြင့် ၀ယ်မရနိုင်ပါ (တ၀က်ဝက်ရင် သေကုန်မှာပေါ့)။ တနည်းအားဖြင့် အဖြေသည် အပေါင်း ကိန်းပြည့် ၃ ခု ဖြစ်ရမည်။ ပေါင်းလျှင် ၁၀၀ ရသော အပေါင်းကိန်းပြည့် များစွာရှိရာ ကွန်ပျူတာ အကူအညီမယူသော သင်္ချာသီးသန့်သမားတို့အတွက် ခက်ခဲသော ပုစ္ဆာဖြစ်သည်။ ကွန်ပျူတာ ပညာရှင် တစ်ဦးသည် ဤပုစ္ဆာကို မျက်ကန်းနည်း (Brute Force Method) အသုံးပြုခြင်းဖြင့် အလွယ်တကူ ဖြေရှင်းနိုင်သည်။ နွား အရေအတွက် အမျိုးမျိုး၊ ၀က်အရေအတွက် အမျိုးမျိုးနှင့် ကြက်အရေအတွက် အမျိုးမျိုးတို့အတွက် အစီအစဉ်ငယ်တစ်ခုကို လျှင်မြန်စွာရေးသားပြီး ၄င်းတို့ ပေါင်းလဒ်၊ ၄င်းတို့၏ ကျသင့်ငွေ တို့ကို တွက်ချက်ကာ နှစ်ခုလုံး ၁၀၀ ဖြစ်သော အဖြေကို ထုတ်ပေးရုံသာဖြစ်သည်။ (အဖြေမှာ နွား ၅၊ ၀က် ၁၊ ကြက် ၉၄ ဖြစ်သည်။)

မှတ်ချက် ။ ။ ယခု ပုစ္ဆာသာလျှင် လွယ်ကူခြင်း ဖြစ်သည်။ ကိန်းပြည့် မသိကိန်း အများအပြားနှင့် ညီမျှခြင်း အရေအတွက် အနည်းငယ် (ညီမျှခြင်း အရေအတွက်က မသိကိန်းအရေအတွက်ထက် ပိုနည်းနေသော) ပုစ္ဆာပုံစံကွဲတစ်ခုကို စစ်ဆင်ရေး သုတေသန (Operation Research) ဘာသာရပ်တွင် Integer Linear Programming (ILP) အမည်နှင့်တွေ့ရပြီး ခက်ခဲသော ပုစ္ဆာဖြစ်သည်။

ဒုတိယ ပုစ္ဆာတွင်မူကား မျက်ကန်းနည်း အသုံးပြုရန် အဆင်မပြေတော့ပေ။ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံး (တစ်လုံးကို တစ်ကြိမ်စီသာပါဝင်သော) သန်းရာဂဏန်းရှိ ကိန်းတစ်လုံးသည် ၉ နှင့် စားလို့ ပြတ်သည်။ အဆိုပါ ကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်လိုက်သော ဂဏန်း ၈ လုံးပါ ကိန်း (၁၀ နှင့်စားလျှင် ရသော ရလဒ်) သည် ၈ နှင့် စားလို့ ပြတ်သည်။ တဖန် ထိုကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်ပါက ကျန်သော ကိန်းသည် ၇ နှင့် စားလို့ ပြတ်သည်။ နောက်ဆုံး ၁ လုံးသာ ကျန်သည်အထိ ဤနည်းအတိုင်း တစ်လုံးဖယ်တိုင်း ကျန်သော ဂဏန်းအရေအတွက်နှင့် စားလို့ ပြတ်ရသည်။ တနည်းအားဖြင့် ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သည်။ ထိုကိန်းကို ရှာပါ။ မျက်ကန်းနည်းနှင့် တွက်လျှင် သန်းတစ်ရာ (၁၀၀ ၀၀၀ ၀၀၀) မှ ကိုးရာ ကိုးဆယ့် ကိုးသန်း ကိုးသိန်း ကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုး (၉၉၉ ၉၉၉ ၉၉၉) အထိ ကိန်းပေါင်း သန်း ၉၀၀ နီးပါးကို ၁ မှ ၉ အထိ ကိန်းများဖြင့် စားလို့ ပြတ်မပြတ် တွက်ထုတ် (ဂဏန်းများ ထပ်နေမနေ စစ်) ရမည် ဖြစ်သဖြင့် သိပ်အဆင်မပြေသော နည်းဖြစ်သည်။ (၁ မှ ၉ အထိ စားပြတ်မပြတ် တစ်ခါတွက်လျှင် ၁ စက္ကန့်၏ တစ်သန်းပုံ တစ်ပုံသာ ကြာသည်ထား … အနည်းဆုံး စက္ကန့် ၉၀၀ = ၁၅ မိနစ်မျှ ကြာသွားနိုင်သည်။ မစမ်းကြည့်ပါ။)

အမှန်မှာ ၄င်းသည် ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ၉ နေရာတွင် စီခိုင်းသော (စီပြီးလျှင် စစ်ခိုင်းသော) အစီ ပုစ္ဆာ (Permutation Problem) သာဖြစ်သည်။ အစီ ပုံသေနည်းအရ ဖြစ်နိုင်သည့် ကိန်းပေါင်း ၉ x ၈ x … x ၁ = ၃၆၂၈၈၀ သာ ရှိသည်။ အကယ်၍ ကုန်ကျစရိတ်နည်းသော အစီ နည်းလမ်းစဉ်သာ ရှိခဲ့လျှင် ပွဲပြတ်ပြီ ဖြစ်သည်။ (ကံဆိုးသည်မှာ အထူးတည်ဆောက်ထားသော ကွန်ပျူတာများမှ အပ မရှိ။) သို့ရာတွင် ၁၅ မိနစ်ထက်တော့ မြန်မည်မှာ သေချာပါသည်။ (မစမ်းကြည့်ပါ။) ၂ နည်းစလုံးသည် လူအားဖြင့် တွက်ထုတ်ရန် မဖြစ်နိုင်သည်မှာကား သေချာပေသည်။

အဆိုပါ ပုစ္ဆာကို ပြင်ပ သင်္ချာဗဟုသုတများဖြင့် အားဖြည့်ကာ ပိုမိုကောင်းမွန်သော အစီအစဉ် တစ်ရပ်ကို ဆွဲသားနိုင်ပါသည်။ အသုံးပြုသော သင်္ချာနည်းစနစ်မှာ ကိန်းတစ်လုံးကို ၁ မှ ၉ အထိ ဂဏန်းများနှင့် စားလျှင် ရမည့် စားကြွင်းကို ရှာသော နည်းလမ်းများဖြစ်သည်။ အစီအစဉ် မဆွဲမီ ဖြစ်နိုင်သော ကိန်းများကို အောက်ပါအတိုင်း ဆင်ခြင်သည်။ (x နေရာ = အဖြေကိန်းကို ဘယ်ဘက်မှ ရေတွက်လျှင် x နေရာ)

  • ကိန်းတစ်လုံးကို ၉ နှင့် စားပြတ်၊ မပြတ် သိရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများပေါင်းလဒ်ကို ၉ ဖြင့် စားကြည့်နိုင်သည် (သို့မဟုတ် ပေါင်းနေရင်း ၉ ပြည့်လျှင် ဖယ်ဖယ်ထားခဲ့နိုင်သည်။) ပါဝင်ရမည့် ဂဏန်းများမှာ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးဖြစ်သည်။ ၁ + ၈ = ၂ + ၇ = ၃ + ၆ = ၄+ ၅ = ၉ ဖြစ်ရာ … ၁ မှ ၉ အထိ ဂဏန်းအားလုံး (တစ်လုံးကို တစ်ကြိမ်စီသာ ပါဝင်သော) ကိန်းသည် ၉ နှင့် အလိုအလျောက် စားလို့ ပြတ်သည်။ ထည့်သွင်းစဉ်းစားရန်မလို။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ရှေ့ ၈ နေရာတွင်သာ နေရာချ စမ်းသပ်ကြည့်ပြီး ပြေလည်ပါက ကျန်ခဲ့သော တစ်လုံးဖြင့် ၉ နေရာကို အလွယ်တကူ ဖြည့်နိုင်သည်။
  • ကိန်းတစ်လုံးကို ၂ (၄ နှင့် ၈) တို့နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် ညာဘက်ဆုံး ၁ လုံး (၂ လုံးနှင့် ၃ လုံး) သည် ၂ (၄ နှင့် ၈) ဖြင့် စား၍ ပြတ်ရသည်။ ထို့ကြောင့် ၂ နေရာတွင် စုံကိန်းတစ်လုံး (၃၄ နေရာတွင် ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း တစ်လုံး၊ ၆၇၈ နေရာတွင် ၈ နှင့် စားပြတ်သော ရာဂဏန်း တစ်လုံး) ကို ဖြည့်သွင်းရမည်။
  • ကိန်းတစ်လုံးကို ၃ နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများ ပေါင်းလဒ်ကို ၃ ဖြင့် စားကြည့်နိုင်သည်။ ၄င်းကို အခြေခံ၍ ၂ နေရာရှိ ဂဏန်းနှင့် ၃ နေရာရှိဂဏန်းတို့ကို အခြေခံ၍ ၁ နေရာရှိ ဂဏန်းကို တွက်ချက်နိုင်သည်။၂ နေရာတွင် စုံကိန်းတစ်လုံး သေချာပေါက်ရှိပြီး ၃၄ နေရာတွင် ၄ နှင့် စားပြတ်သော ဆယ်ဂဏန်း တစ်လုံး သေချာပေါက် ရှိမည်ဖြစ်သဖြင့် ၁၂၃၄ နေရာရှိ ဂဏန်းများ ဖြစ်နိုင်ခြေသည် ၉ x ၈ x ၇ x ၆ =  ၃၀၂၄ မှ ၃ × သုညမဟုတ်သော ၁၀ အောက် စုံကိန်း (၂၊ ၄၊ ၆၊ ၈) အရေအတွက် x ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း အရေအတွက် (၃ × ၄ x ၂၂ = ၂၆၄) သို့ကျဆင်းသွားမည်။ (စာရေးသူ စမ်းသပ်ရာတွင် ဤနည်းကို မသုံးပဲ ကိန်း ၉၉၀ လုံးကို ၃ နှင့်စားပြတ်၊ မပြတ် စစ်ထားပါသည်။)
  • ကိန်းတစ်လုံးကို ၅ နှင့် စားပြတ်ရန် အဆိုပါကိန်းသည် ၀ (သုည) သို့မဟုတ် ၅ နှင့် ဆုံးရမည်ဖြစ်သည်။ ၀ (သုည) ကို ပုစ္ဆာအရ သုံးခွင့်မရှိသဖြင့် ၅ နေရာတွင် ရှိမည့် ဂဏန်းမှာ ၅ သာလျှင် ဖြစ်သည်။

အထက်ဖော်ပြပါ ထိုးထွင်းသိများဖြင့် အစီအစဉ်တစ်ရပ်ကို အမြန် ဆွဲသား တွက်ချက်ခဲ့ရာ ဂဏန်းတွဲ အရေအတွက် ၂၄၁၉၂၀ ကိုသာ စိစစ်ခဲ့ပြီး (၃၆၂၈၈၀ နှင့်နှိုင်းစာလျှင် ၃ ပုံ ၂ ပုံခန့်) ၆ နေရာ၊ ၇ နေရာတို့တွင် ၀ (သုည) ပါဝင်နိုင်ပြီး ဂဏန်း တစ်မျိုးစီကို တစ်ကြိမ်ထက် ပိုမိုပါဝင်နိုင်သော်လည်း ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သော ကိန်း ၄၆၃ လုံးကို ရရှိခဲ့သည်။ ၄င်းတို့ကို ပါဝင်သော ဂဏန်းများ ၀ (သုည) ဖြစ်၊ မဖြစ်နှင့် ထပ်၊ မထပ် စစ်ဆေး စစ်ထုတ်ခြင်းဖြင့် အဖြေကို ရလေတော့သည်။ (အဖြေမှာ ၃၈၁ ၆၅၄ ၇၂၉ ဖြစ်သည်။)

ရွှေပွဲလာအပေါင်း ဖြစ်နိုင်ခြေ ထောင်သောင်းချီသည့် ပုစ္ဆာများကို အလွယ်တကူ အဖြေထုတ်နိုင်ကြပါစေ။

စာရေးသူ စမ်းသပ် ရေးသားထားသော အစီအစဉ်များကို ရယူရန်

Thursday, August 27, 2009

အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး ၂

ကိန်းပြည့် X နှင့် Y တို့၏ မြှောက်လဒ် XY တွင်ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်သည် ကိန်းပြည့် X တွင် ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်နှင့် ကျန်ကိန်းပြည့် Y တွင် ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်တို့ မြှောက်လဒ်နှင့် တူညီကြောင်း အဖြေမှန် အမြန်ရွေး ပညာသင်ဆု ဘယ်မဝေး ၁ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခု ၄င်း ဂုဏ်သတ္တိ မှန်ကန်ကြောင်း သက်သေပြမည် ဖြစ်သည်။

သက်သေပြရန်။ ပေးထားသော ကိန်းပြည့်တစ်ခု Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n အတွက်

မှီချက် f(Z) = f(z0 + z1 + z2 + … + zn) if z0 + z1 + z2 + … + zn > 9;

f(Z) = z0 + z1 + z2 + … + zn otherwise ဖြစ်ပါစေ။ f(XY) = f(f(X).f(Y)) ဖြစ်သည်။

သက်သေပြချက်။

အစားသီဝရီ (Theory of Division a.k.a Procedure of Division) အရ မည်သည့်ကိန်းပြည့် Z ကိုမဆို Z = pq + r ပုံစံနဲ့ ဖေါ်ပြနိုင်ပါတယ် (Z၊ p၊ q နှင့် r တို့သည် ကိန်းပြည့်များဖြစ်၍ r သည် q ထက်အမြဲငယ်သည်)။ အဲဒီမှာ q = 9 လို့ ထားလိုက်ရင် မည်သည့် ကိန်းပြည့် Z ကိုမဆို Z = 9p + r အဖြစ် ရေးနိုင်ပါတယ်။ (အဲဒီ p နဲ့ r ဟာ Z ကို q နဲ့စားလို့ရတဲ့ စားလဒ်နဲ့ စားကြွင်းဖြစ်ပြီး r သည် 9 ထက်အမြဲငယ်ကြောင်း သတိပြုပါ။) အဲဒီတော့ ကိန်းပြည့် Z = 9p + r တိုင်းဟာ 9 နဲ့ စားရင် p ရပြီး r ကြွင်းပါတယ်။

ကိန်းပြည့် Z မှာပါတဲ့ ဂဏန်းတွေရဲ့ မူလတန်ဖိုးတွေအားလုံး ကိန်းတစ်လုံးထဲဖြစ်အောင် ပေါင်းတဲ့ ရလဒ် f(Z) ဟာ အဲဒီကိန်းပြည့် Z ကို 9 နဲ့စားလို့ရတဲ့ စားကြွင်း (Z mod 9) နဲ့ တူပါတယ် (9 ခုကြွင်း သက်သေပြချက်တွင် သက်သေပြပြီး)။ ဥပမာ၊ 834 ကို ပေါင်းကြည့်မယ်ဆိုရင် 8 + 3 + 4 = 15; 1 + 5 = 6 ရပြီးတော့ 834 ကို 9 နဲ့ စားမယ်ဆိုရင် (စားလဒ်က 92) စားကြွင်းက 6 ရပါမယ်။ ဒါကြောင့် f(Z) = Z mod 9.

X = 9a + b ၊ Y = 9c + d ဖြစ်ပါစေ။

XY = (9a + b)(9c + d)

ညီမျှခြင်း၏ လက်ယာဘက်ခြမ်းမှာ …

f(XY) = f((9a + b)(9c + d))

= f(81ac + 9ad + 9bc + bd)

= (81ac + 9ad + 9bc + bd) mod 9

သို့သော် 81ac mod 9 = 0; 9ad mod 9 = 0; 9bc mod 9 = 0 ဖြစ်သဖြင့်

f(XY) = (81ac + 9ad + 9bc + bd) mod 9 = bd mod 9

ညီမျှခြင်း၏ လက်ဝဲဘက်ခြမ်းမှာ …

f(f(X).f(Y)) = f(f(9a + b).f(9c + d))

= f(bd) = bd mod 9

ညီမျှခြင်း၏ လက်ဝဲဘက်ခြမ်းနှင့် လက်ယာဘက်ခြမ်းတို့ တူညီကြသဖြင့် f(XY) = f(f(X).f(Y)) ဖြစ်ပါသည်။

အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး ၁

လာပြီ။ မေးခွန်း ...

၅၆ ၇၈၃၉ × ၈၃ ၆၄၈၃ =

(က) ၄၃၈၈ ၅၄၂၀ ၉၈၄၇

(ခ) ၅၀၇၈ ၉၈၇၃ ၄၉၈၃

(ဂ) ၄၇၄၉ ၈၇၆၇ ၀၂၃၇

(ဃ) ၃၇၈၂ ၃၉၉၉ ၈၇၂၃

နိုင်ငံရပ်ခြား တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားရန်နှင့် ပညာသင်ဆု လျှောက်ထားရန်အတွက် လိုအပ်တတ်သော (SAT ကဲ့သို့သော စာမေးပွဲများ၏) သင်္ချာစာမေးပွဲ မေးခွန်းလွှာများတွင် ဤကဲ့သို့မေးခွန်းမျိုး ပါလေ့ရှိသည်။ ဂဏန်းတွက်စက် အသုံးပြုခွင့်ပေးသော်လည်း အချိန် အကန့်အသတ်ရှိတတ်သော ထိုစာမေးပွဲများတွင် ပုစ္ဆာတစ်ပုဒ်အတွက် ပျမ်းမျှ မိနစ်ဝက်ခန့်သာ အချိန်ရရာ ယခုကဲ့သို့သော ပုစ္ဆာမျိုးကို ဂဏန်းတွက်စက်ဖြင့် အဖြေရှာပါက အချိန်မမီပဲ ဖြစ်တတ်လေသည်။

အမှန်မှာ ဤကဲ့သို့သော ပုစ္ဆာမျိုးကို ဖြေဆိုရန်အတွက် အဖြေရအောင် တွက်ထုတ်ရန် အရေးမကြီးပါ။ ပေးထားသော အဖြေ ၄ ခုအနက် အဖြေမှန် ၁ ခုကိုသာ ရွေးထုတ်နိုင်ရန် အရေးကြီးသဖြင့် ဖြတ်လမ်းနည်းများဖြင့် ဤပုစ္ဆာကို ဖြေရှင်းနိုင်ရန် ကြိုးစားနိုင်ပါသည်။

ဖြတ်လမ်းနည်း (၁) အနီးဆုံးယူပြီး တွက်ရန်

၅၆ ၇၈၃၉ ကို ၅၀ ၀၀၀၀၊ ၈၃ ၆၄၈၃ ကို ၈၀ ၀၀၀၀ ဟု အနီးဆုံး ယူလိုက်မည်။ ၄င်းတို့ ၂ လုံးမှာ နောက်တွင် သုညများပါသဖြင့် မြှောက်ရလွယ်ပါသည်။ ၅ ကို ၈ နှင့် မြှောက်လိုက်ရာ ၄၀ ဟု ထွက်လာသည်။ ၅၀ ၀၀၀၀ တွင် သုည ၅ လုံး၊ ၈၀ ၀၀၀၀ တွင် သုည ၅ လုံး၊ ပေါင်း ၁၀ လုံးပါသဖြင့် အဖြေမှန်သည် ၄၀၀၀ ၀၀၀၀ ၀၀၀၀ (၄၀ နောက်တွင် သုည ၁၀ လုံးဖြည့်ထားသော ဂဏန်း) ထက်မနည်းကြောင်း ခန့်မှန်းနိုင်သည်။ သို့ဖြစ်၍ (က)၊ (ခ) နှင့် (ဂ) တစ်ခုခုသည် အဖြေမှန်ဖြစ်သည်။ မှားလျှင် အမှတ်နှုတ်တတ်သော စာမေးပွဲဖြစ်ပါက (SAT တွင် Minus System ပါမပါ မသေချာပါ) နံကြားထောက်ဖြည့်လျှင် ရှိသမျှ အမှတ်ကုန်သွားနိုင်ရာ သိပ်မနိပ်သော နည်းလမ်းဖြစ်သည်။

ဤနေရာတွင် တစ်ခု သတိပြုရန်မှာ အနီးဆုံးယူတာ ပိုမိုတိကျလျှင် အဖြေမှားများကို ဖယ်ထုတ်နိုင်စွမ်း ပိုကောင်းလာမည်ဖြစ်သည်။ အထက်ပါ ဥပမာတွင် ၅၆ ၇၈၃၉ ကို ၅၆ ၀၀၀၀၊ ၈၃ ၆၄၈၃ ကို ၈၃ ၀၀၀၀ ဟု အနီးဆုံး ယူလိုက်မည်ဆိုပါက အဖြေမှန်သည် ၄၆၄၈ ၀၀၀၀ ၀၀၀၀ ထက်မနည်းဟု ခန့်မှန်းနိုင်မည်ဖြစ်ပြီး ဖြစ်နိုင်သည့် အဖြေမှန် ၂ ခု (ခ နှင့် ဂ) သာ ကျန်နေမည်ဖြစ်သည်။ တွက်ချက်မှုအတွက် ကြာမြင့်ချိန် အနည်းငယ် တိုးလာသော်လည်း ရမ်းဖြေလိုက်ပါက ဖြစ်တန်စွမ်းသီဝရီ အရကြည့်လျှင် မဖြေတတ်သဖြင့် ဘဲဥကိုက်ရန် သေချာနေသော ပုစ္ဆာ ၂ ပုဒ်တိုင်းတွင် ၁ ပုဒ် မှန်မှာ သေချာသဖြင့် (မှားလျှင် နှုတ်သောအမှတ်သည် မှန်လျှင်ပေးသော အမှတ်ထက် နည်းနေပါက) သိပ်မဆိုးလှသော နည်းလမ်းဖြစ်သည်။

ဖြတ်လမ်းနည်း (၂) နေရာလိုက်တန်ဖိုး၏ ဂုဏ်သတ္တိကို အသုံးချရန်

ဒုတိယနည်းလမ်းမှာ နေရာလိုက်တန်ဖိုး၏ ဂုဏ်သတ္တိကို အသုံးချရန်ဖြစ်သည်။ မည်မျှကြီးသော ကိန်းများကို မြှောက်မြှောက် ရလဒ်၏ ခုနေရာရှိ ဂဏန်းမှာ မူလကိန်း ၂ လုံး၏ ခုနေရာရှိ ဂဏန်း ၂ လုံး မြှောက်လဒ်သာလျှင် ဖြစ်သည်။ (ဆယ်ဂဏန်းမှစ၍ ဂဏန်းများ ချပေါင်းရန် လိုပါမည်။) ယခု ဥပမာတွင် ၅၆ ၇၈၃၉ ၏ ခုနေရာရှိ ဂဏန်းမှာ ၉၊ ၈၃ ၆၄၈၃ ၏ ခုနေရာရှိ ဂဏန်းမှာ ၃ ဖြစ်ရာ ၄င်းတို့ မြှောက်လဒ်၏ ခုနေရာရှိ ဂဏန်းမှာ (၉ × ၃ = ၂၇ ဖြစ်သဖြင့်) ၇ သာလျှင် ဖြစ်ရမည်၊ တနည်းအားဖြင့် အဖြေမှန်သည် ၇ နှင့် ဆုံးရမည်။ ၇ နှင့် ဆုံးသော အဖြေမှာ (က) နှင့် (ဂ) သာရှိရာ အထက်ပါ နည်းလမ်းနှင့် ပူးတွဲစဉ်းစားပါက အဖြေမှန်သည် (ဂ) ဟု ထင်ထင်ရှားရှား ထွက်လာတော့သည်။

ဖြတ်လမ်းနည်း (၃) အစားသီဝရီနှင့် ၉ ကြွင်းရှာနည်းကို ပေါင်းစပ် အသုံးပြုခြင်း

အင်မတန်မှ ရက်စက်တတ်တဲ့ မေးခွန်းထုတ်သူဟာ အဖြေအားလုံးကို ၄၆၄၈ နဲ့စပြီး ၇ နဲ့ အဆုံးသတ်ထားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမေးခွန်းရဲ့ အဓိက ဦးတည်ချက်ဟာ ဂဏန်းမြှောက်တတ်/မတတ်ကို စစ်ဆေးဖို့ မဟုတ်ပဲ ဖြေဆိုသူဟာ သင်္ချာ ဂုဏ်သတ္တိများကို ကျင်ကျင်လည်လည် လှည့်ပတ် အသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးဖို့ ဖြစ်နေတာကြောင့်ပါပဲ။ ဒီနေရာမှာ နောက်တမျိုး စမ်းကြည့်သင့်တာကတော့ အစားသီဝရီနဲ့ ၉ ကြွင်းရှာနည်းတို့ပဲ ဖြစ်ပါတယ်။

နာမည်ကို ဖတ်ပြီး လန့်မသွားပါနဲ့လေ။ နည်းလမ်းက လွယ်လွယ်လေးပါ။

ပထမဆုံး ၅၆ ၇၈၃၉ နဲ့ ၈၃ ၆၄၈၃ တို့ကို တစ်လုံးတည်းဖြစ်အောင် ပေါင်းပါ။ (နောက်တနည်း - ၉ ပြည့်အောင် တွဲတွဲပြီး ကျန်တာလေးတွေ ပေါင်းလဲ ရတယ်။)

၅ + ၆ + ၇ + ၈ + ၃ + ၉ = ၃၈

၃ + ၈ = ၁၁

၁ + ၁ = ၂

၈ + ၃ + ၆ + ၄ + ၈ + ၃ = ၃၂

၃ + ၂ = ၅

နောက်ပြီး အဲဒီ ပေါင်းလဒ် ၂ ခုကို မြှောက်ပါ

၂ × ၅ = ၁၀

ရလဒ်ကို တစ်လုံးထည်းဖြစ်အောင် ထပ်ပေါင်းပါဦး။

၁ + ၀ = ၁

အဖြေတွေကိုလဲ တစ်လုံးတည်းဖြစ်အောင် ပေါင်းကြည့်ပါ။

(က) ၄၃၈၈ ၅၄၂၀ ၉၈၄၇ ကို ပေါင်းတော့ ၈ ရတယ်။

(ခ) ၅၀၇၈ ၉၈၇၃ ၄၉၈၃ ကို ပေါင်းတော့ ၈ ရတယ်။

(ဂ) ၄၇၄၉ ၈၇၆၇ ၀၂၃၇ ကို ပေါင်းတော့ ၁ ရတယ်။

(ဃ) ၃၇၈၂ ၃၉၉၉ ၈၇၂၃ ကို ပေါင်းတော့ ၇ ရတယ်။

စောစောက မြှောက်ပြီး ပေါင်းထားတဲ့ (၂ × ၅ = ၁၀၊ ၁ + ၀ = ၁) ၁ နဲ့တူတဲ့ (ဂ) ကိုရွေးလိုက်ရုံပါပဲ။

နည်းလမ်းပဲ သိချင်သူများ ဒီနေရာမှာတင် ရပ်နိုင်ပါပြီ။ သက်သေပြချက်ကို သိချင်သူများ၊ ဒီလို ပေါင်းလိုက် မြှောက်လိုက်ရုံနဲ့ အဖြေမှန် တိုက်စစ်တာ အမြဲမှန်နေပါ့မလား၊ စာမေးပွဲနော် ပေါ့ပျက်ပျက် မလုပ်နဲ့လို့ ဆိုချင်သူများ သက်သေပြချက်ကို အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး အပိုင်း ၂ တွင် ဆက်ဖတ်ပါ။

9 ခုကြွင်း သက်သေပြချက်

ကိန်းပြည့်တစ်လုံး (ဥပမာ 837) ကို 9 နှင့် စား၍ ပြတ်/မပြတ် သိနိုင်ရန်အတွက် တကယ် စားကြည့်ရန် မလိုအပ်ပဲ ၄င်း ကိန်းပြည့်တွင် ပါဝင်သော ဂဏန်းများ၏ ပကတိတန်ဖိုးများ ပေါင်းလဒ်ကို 9 နှင့် စားလို့ ပြတ်/မပြတ် စစ်ဆေးခြင်းဖြင့် သိနိုင်ကြောင်း (ဥပမာ 8 + 3 + 7 = 18 ဖြစ်ရာ 837 သည် 9 နှင့်စား၍ ပြတ်သည်) အခြေခံပညာတန်းတွင် သင်ကြား သိရှိပြီး ဖြစ်သည်။ သို့ရာတွင် ၄င်းသီဝရီ မှန်ကန်ကြောင်း သက်သေပြချက်ကို လူအများ သိရှိမှု နည်းပါးသဖြင့် ရေးသား တင်ပြအပ်ပါသည်။

သက်သေပြရန်။

ပေးထားသော ကိန်းပြည့်တစ်ခု Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n အတွက်

မှီချက် f(Z) = f(z0 + z1 + z2 + … + zn) if z0 + z1 + z2 + … + zn > 9;

f(Z) = z0 + z1 + z2 + … + zn otherwise ဖြစ်ပါစေ။ Z mod 9 = f(Z) ဖြစ်ကြောင်း သက်သေပြပါ။

သက်သေပြချက်။

အစားသီဝရီ (Theory of Division a.k.a Procedure of Division) အရ မည်သည့်ကိန်းပြည့် Z ကိုမဆို Z = pq + r ပုံစံဖြင့် ဖေါ်ပြနိုင်ပါသည် (Z၊ p၊ q နှင့် r တို့သည် ကိန်းပြည့်များဖြစ်၍ r သည် q ထက်အမြဲငယ်သည်)။ ဤနေရာတွင် q = 9 ဖြစ်လျှင် မည်သည့်ကိန်းပြည့် Z ကိုမဆို Z = 9p + r အဖြစ် ပြောင်းရေးနိုင်သည်။ (၄င်း p နဲ့ r တို့သည် Z ကို q နှင့် စားလို့ရသည့် စားလဒ်နဲ့ စားကြွင်းဖြစ်ပြီး r သည် 9 ထက် အမြဲငယ်ကြောင်း သတိပြုပါ။) ထို့ကြောင့် ကိန်းပြည့် Z = 9p + r တိုင်းကို 9 နှင့် စားလျှင် p ရပြီး r ကြွင်းသည်။

မည်သည့် အပေါင်းကိန်းပြည့် k အတွက်မဆို 10k = 9 × 100 + 9 × 101 + … + 9 * 10k-1 + 1 ဖြစ်သည်။ 9 ကို ဘုံထုတ်လျှင် 10k = 9(100 + 101 + … + 10k-1) + 1 ဟုရလာမည်။

မှီချက် g(0) = 0; g(k) = 100 + 101 + … + 10k-1 ဖြစ်ပါစေ။ 10k = 9g(k) + 1 ဖြစ်မည်။

Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n

= z0 (9g(0) + 1) + z1 × (9g(1) + 1)
+ z2 × (9g(2) + 1) + … + zn × (9g(n) + 1)

= 9g(0)z0 + z0 + 9g(1)z1 + z1
+ 9g(2)z2 + z2 + … + 9g(n)zn + zn

= 9 (g(0)z0 + 9g(1)z1 + 9g(2)z2 + … + 9g(n)zn) + z0 + z1
+ z2 + … + zn

z' = z0 + z1
+ z2 + … + zn ဖြစ်ပါစေ။

ကိန်းပြည့် Z ကို 9 နှင့် စားလျှင် ရသည့် စားကြွင်းနှင့် z' ကို 9 နှင့်စားရင် ရသည့် စားကြွင်းတို့ အတူတူပဲ ဖြစ်ပါသည်။ တနည်းအားဖြင့် z' သည် 9 ထက်ငယ်ပါက Z ကို 9 နှင့်စားလျှင် ရတဲ့ စားကြွင်း Z mod 9 = z' ဖြစ်ပြီး z' သည် 9 ထက် မငယ်ရင်တော့ Z mod 9 = z' mod 9 ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ z' သည် Z ထက် ငယ်ကိုငယ်သည်။ အဘယ်ကြောင့်ဆိုသော် ခုဂဏန်း n လုံးပေါင်းခြင်းသည် 9n ထက် ပိုမကြီးနိုင်ပဲ 9n သည် 10n ထက် ငယ်ကိုငယ်သောကြောင့် (အပေါင်းကိန်းပြည့် n တိုင်းအတွက် 10n သည် 10n ထက်မငယ်လျှင်ပင် တူနေသည်) ဖြစ်သည်။

ထို့ကြောင့် ကိန်းပြည့် Z ကို 9 ဖြင့်စားလျှင် ရမည့် စားကြွင်း = Z mod 9 = h(Z) = z' if z' < 9; h(z') otherwise; ဟူ၍ တပတ်လည် မှီချက် recursive function hကို အသုံးပြုကာ စားကြွင်း Z mod 9 ကိုရှာခြင်းသည် တချိန်ချိန်တွင် စုဆုံ (converge) မည်မှာ မုချဖြစ်ကြောင်း သိနိုင်သည်။

သို့ရာတွင် မှီချက် h= f ပင် ဖြစ်သဖြင့် f(Z) = Z mod 9 ဖြစ်ပါသည်။

Monday, July 20, 2009

လကမ္ဘာခရီးစဉ် နှစ် ၄၀ ပြည့်

လူသားတစ်ယောက်ရဲ့ ဤခြေလှမ်းငယ်တလှမ်းဟာ လူသားထုတရပ်လုံးရဲ့ ခုန်ပျံတိုးတက်မှုတစ်ခုဖြစ်တယ်။ (Neil Armstrong).

လူသားတွေအနေနဲ့ လကို အောင်နိုင်မှ စကြာဝဠာတစ်ခုလုံးကို ခရီးနှင်နိုင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လကမ္ဘာရဲ့ ဆွဲငင်အားက ကမ္ဘာ့ ဆွဲငင်အားရဲ့ ၆ ပုံ ၁ ပုံသာ ရှိတာမို့ လကမ္ဘာမှာ အခြေစိုက်စခန်းထားနိုင်ခဲ့ရင် လောင်စာအနည်းငယ်နဲ့ပဲ နေစကြာဝဠာထဲက ဂြိုဟ်တွေကို သွားရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ (ကမ္ဘာကနေ တိုက်ရိုက်သွားမယ်ဆိုရင်တော့ ကမ္ဘာမြေရဲ့ ဆွဲငင်အားကို လွန်ဆန်နိုင်တဲ့ လွတ်မြောက်အလျင် (escape velocity) ရဖို့ကို လောင်စာ အများကြီး သုံးရပါတယ်။) 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ၁၉၆၉ ခု ဇူလိုင်လ ၂၀ ရက်နေ့ (ဒီနေ့) မှာ အမေရိကန် အာကာသသူရဲကောင်း အမ်းစထရောင်းနဲ့အယ်လ်ဒွင်တို့ဟာ လူသားထုတရပ်လုံးရဲ့ ကိုယ်စား လကမ္ဘာကို ခြေချကာ အမှတ်တရအဖြစ် အမေရိကန် အလံကို လွှင့်ထူထားနိုင်ခဲ့ပါတယ်။ အမ်းစထရောင်းရဲ့ သိမ်းငှက် ခြေချလိုက်ပြီ (Eagle has landed) နဲ့ လှလိုက်တာ (Beautiful view) ဆိုတဲ့ သတင်းပို့သံတွေဟာ ယနေ့တိုင် ရေပန်းစားနေဆဲပါ။ (သီချင်းအချို့မှာ remix လုပ်တာ၊ Game အချို့မှာ ထည့်ထားတာ၊ ရုပ်ရှင်အချို့မှာ မှီငြမ်းတာ စသဖြင့် တွေ့ရှိရပါတယ်။)




စစ်အေးခေတ် အာကာသ နည်းပညာ ပြိုင်ဆိုင်မှုကြောင့် လူသားတရပ်လုံး လူနေမှု အဆင့်အတန်း တဟုန်ထိုး တိုးတက်ပြောင်းလဲခဲ့ပါတယ်။ လုံးဝလုံးတဲ့ သတ္တုစက်လုံးကို ပုံသွန်းနိုင်တာကစလို့ ကွန်ပျူတာတွေအလယ်၊ လေကြောင်း နည်းပညာအဆုံး အများကြီး တိုးတက်မှု ရစေခဲ့တာ ငြင်းလို့မရပါဘူး။ လက်ရှိမှာ အာကာသ စူးစမ်းလေ့လာရေးမှာ လူသားတွေ အားလျော့နေပေမဲ့ (အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေ၊ စီးပွားပျက်ကပ်တွေနဲ့ ရှုပ်နေတာကိုး) တရုတ်နိုင်ငံက သိပ်မကြာခင်မှာ လပေါ်ကို လူမဲ့ခရီးစဉ်လွှတ်မယ်၊ အောင်မြင်ရင် လပေါ်ကို လူတက်မယ်ဆိုတာ ကြားရတော့ စကြာဝဠာကြီးကို လူသားတွေ စိုးမိုးနိုင်ဖို့ မျှော်လင့်ချက်တွေ ပြန်လည် နိုးထလာပါပြီ။

လကမ္ဘာနေ့ (ဇူလိုင် ၂၀ ရက်နေ့) နှစ်ပါတ်လည်အဖြစ် ရေးသား ဂုဏ်ပြုပါသည်။

Monday, July 6, 2009

ရုပ်မြင်ထဲက သိပ္ပံ ၂

www.phdcomics.com တွင်ဖော်ပြခဲ့သော အောက်ပါ ကာတွန်းများသည် ထိမိပြီး ဟာသမြောက်သည့်အတွက် လောရှည် - ကတဲ့ပွဲ၏ စာဖတ်သူများအတွက် ကာတွန်းရေးဆွဲသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြပါသည်။

ပြန်ဖတ်ရန် ။ ။ ရုပ်မြင်ထဲက သိပ္ပံ

ပြီးပြီလို့ထင်တာ။ ကာတွန်းဆရာက နောက်ထပ် ၃ ကွက် ထပ်ဆွဲသဗျ။



"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com

Monday, June 22, 2009

ရုပ်မြင်ထဲက သိပ္ပံ

www.phdcomics.com တွင်ဖော်ပြခဲ့သော အောက်ပါ ကာတွန်းများသည် ထိမိပြီး ဟာသမြောက်သည့်အတွက် လောရှည် - ကတဲ့ပွဲ၏ စာဖတ်သူများအတွက် ကာတွန်းရေးဆွဲသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြပါသည်။



"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com



"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com

Tuesday, June 9, 2009

မိုးကြိုး အန္တရာယ်ကာကွယ်ရေး သိကောင်းစရာ

The Voice Weekly Journal (June 8 2009) မှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လယ်ကွင်းတစ်ခုအတွင်း ဂဏန်းနှိုက်နေစဉ် မိုးကြိုးပစ်ခံရလို့ တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း ဖတ်ရှုရပါတယ်။ ဒါကြောင့် မိုးကြိုးအန္တရာယ်ကာကွယ်ရေး ဆောင်းပါးကို ရေးသားတင်ဆက်လိုက်ရပါတယ်။

ဆံပင်ထောင်သလား၊ သတိထား

ပထမဆုံး သိရမှာက မိုးကြိုးမုန်တိုင်းကျရောက်စဉ်မှာ မိမိမှာ အန္တရာယ်ရှိမရှိ သုံးသပ်ဖို့ လိုအပ်ပါတယ်။ နားလည်ရအလွယ်ကူဆုံးကတော့ ၃၀/၃၀ စည်းမျဉ်းပါပဲ။ မိုးကြိုးပစ်တဲ့ အလင်းရောင် ဖြတ်ကနဲ မြင်လိုက်ရတဲ့အချိန်ကစပြီး ရေတွက်လို့ စက္ကန့် ၃၀ အတွင်းမှာ မိုးကြိုးပစ်သံကို ကြားရရင် စက်ကွင်းမလွတ်ဘူး၊ အန္တရာယ်ရှိလာတော့မယ်လို့ သိရပါမယ်။ (မိုးကြိုးမုန်တိုင်းကျတဲ့ ဧရိယာဟာ ၆ မိုင်လောက် ရှိတတ်ပြီး မိုးကြိုးပစ်သံဟာ ၅ စက္ကန့်ကို ၁ မိုင်သွားတာမို့ စက္ကန့် ၃၀ အတွင်းဆိုရင် မလွတ်ဘူး ပြောတာပါပဲ။) ဒါပေမဲ့ ဒီလို တိုင်းတာဟာ မိုးကြိုး အဆက်မပြတ် ပစ်နေတဲ့အခါမျိုးမှာ အသုံးမ၀င်နိုင်ပါဘူး။ သင့်ဘေးက လူ ဆံပင်တွေ ထောင်နေရင်၊ သင့်ဆံပင်တွေ တင်းနေပြီဆိုရင် အန္တရာယ်နဲ့ အရမ်းနီးနေပြီဟု သိပါ။

ကားထဲမှာ ငြိမ်ငြိမ်နေ၊ လျှောက်မကိုင်နဲ့

မုန်တိုင်းကျလို့ မိုးကြိုးပစ်မဲ့ အလားအလာကို တွေ့ရပြီဆိုရင် ခိုနားစရာ ချက်ချင်း ရှာရပါမယ်။ (များသောအားဖြင့် မိုးလဲ ရွာနေတတ်ပါတယ်။) သစ်ပင်မြင့်မြင့်တွေမှာ ခိုဝင်ခြင်းဟာ အန္တရာယ်မကင်းဘူးဆိုတာ လူအများသိပြီး ဖြစ်ပါတယ်။ မိုးကြိုးပစ်တယ်ဆိုတာ ကောင်းကင်ပေါ်က လျှပ်စစ်လုံးကြီး ကျလာတာမဟုတ်ပဲ ကောင်းကင်က လျှပ်စစ်ငုတ် (တိမ်တိုက်) နဲ့ မြေပြင်ပေါ်က လျှပ်စစ်ငုတ်အကြား ဗို့အားမြင့် လျှပ်စစ်စီးသွားတာပါပဲ။ ချွန်ထက် မြင့်မားတဲ့ အရာတွေဟာ အဲဒီလို လျှပ်စစ်စီးဖို့ လွယ်တဲ့အတွက် သစ်ပင်အောက်မိုးမခိုနဲ့၊ ထီး (သံချွန်ပါတဲ့ထီး) မဆောင်းနဲ့၊ ဓာတ်တိုင်တွေနားမှာ မနေနဲ့ လို့ ပြောကြတာပါပဲ။ မိုးကြိုး မုန်တိုင်းကျရောက်နေစဉ်မှာ ခိုင်ခံ့တဲ့ အဆောက်အဦ (မိုးကြိုးလွှဲ စနစ်တကျ တပ်ဆင်ထားလျှင် ပိုကောင်းသည်) အတွင်းသို့ ၀င်ရောက် ခိုနားသင့်ပါတယ်။ ပြတင်းပေါက်များနဲ့ သတ္တုပစ္စည်းများနဲ့ ဝေးဝေးနေပါ။ အိမ်ထဲမှာမို့ အေးဆေးဆိုပြီး ပလပ်တပ်ထားတဲ့ လျှပ်စစ်အသုံးအဆောင် (တီဗွီ၊ ရေခဲသေတ္တာ) တို့ကို ကိုင်တွယ်ခြင်း မပြုရပါဘူး။ (ဖြစ်နိုင်ရင် အဲဒီပစ္စည်းတွေကို ကြိုးဖြုတ်ထားခြင်းဖြင့် ပစ္စည်းပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။ ကြိုလုပ်ပါ။) အနီးပတ်ဝန်းကျင်မှာ ခိုင်ခံ့တဲ့ အဆောက်အဦမရှိခဲ့လျှင် မော်တော်ကားအတွင်းသို့ဝင်ပြီး ကားမှန်များကို အကုန်တင်ထားပါ။ (သတိ၊ မိုးပွင့်ကားလှလှလေးများကို မဆိုလိုပါ။) မော်တော်ကားသည် သံကွန်ချာကဲ့သို့ ဖြစ်နေသဖြင့် သင့်အား မိုးကြိုးကြောင့် ဓာတ်လိုက်သေဆုံးခြင်းမှ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ကားမောင်းခွေ (steering wheel)၊ ဂီယာပြောင်းတံတို့ကို မကိုင်ရန်လဲ သတိထားပါ။ ကားအတွင်းရှိ ရေဒီယိုကိုလဲ မဖွင့်သင့်ပါ။

ဝမ်းလျားမှောက်မနေပါနဲ့

ကွင်းပြင်အတွင်းမှာ ခိုကိုးရာမဲ့ ဖြစ်နေပြီဆိုပါက ဆောင့်ကြောင့်ထိုင်ချပြီး ဖနောင့်နဲ့ မြေကြီးကို သေချာထိထားပါ။ သင့်နားရွက်ကို သင်ကိုင်ထားပြီး လုံးလုံးလေး ဖြစ်နေပါစေလို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ အများပြောသလို ဗိုက်နဲ့ မြေကြီးထိပြီး ၀မ်းလျားမှောက်မနေပါနဲ့။ ၀မ်းလျားမှောက်နေခြင်းကြောင့် သင့်အား မိုးကြိုးတည့်တည့်မပစ်သော်လည်း သင့်ဘေးက မြေပြင် (သို့မဟုတ်) သစ်ပင်စသည်တို့ကို ပစ်လို့ စက်ကွင်းမလွတ်ခဲ့လျှင် သင့်ဝမ်းတွင်း ကလီစာများအားလုံး ဓာတ်လိုက်ခံရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မိုးကြိုးအပစ်မခံရသော်လည်း အသက်သေဆုံးနိုင်ပါတယ်။ သိပ္ပံလက်တွေ့ စမ်းသပ်ခန်းတစ်ခုမှာ စမ်းပြတာကတော့ ချွန်နေတဲ့ သတ္တုတံနဲ့ လုံးနေတဲ့ သတ္တုလုံးကို မိုးကြိုးပစ်စေရာ (၂ ခုလုံးကို တူညီသော လျှပ်စစ်အခြေပေးသော်လည်း) သတ္တုတံကို အကြိမ်ပေါင်းများစွာပစ်မှ သတ္တုလုံးကို တကြိမ်သာ ပစ်တာကို စာရေးသူ မျက်မြင်တွေ့ခဲ့ဖူးပါတယ်။ သိပ္ပံပညာရှင်များ အဆိုအရ အထက်ပါပုံစံနှင့် ထိုင်နေပါက မိုးကြိုးပစ်ခံရသည့်တိုင် ကိုယ်တွင်းအင်္ဂါများ ဓာတ်လိုက်မခံရသဖြင့် အသက်သေဆုံးရန် အခွင့်အလမ်း နည်းပါးတယ်လို့ ဆိုပါတယ်။

မိုးကြိုးပစ်ခံရသူ အနူမဟုတ

မိုးကြိုးပစ်ခြင်းခံရပါက အပူကြောင့် လောင်ကျွမ်းခြင်းနှင့် လျှပ်စစ်ဓာတ်လိုက်ခံရသဖြင့် နှလုံးရပ်သွားခြင်းတို့ ခံစားရတတ်သဖြင့် တစုံတယောက် မိုးကြိုးပစ်ခံရပါက ၄င်းကို ချက်ချင်း ဆေးကုသမှု ပေးရန် အရေးကြီးပါတယ်။ မီးလောင်နေပါက မီးငြိမ်းသတ်ပေးရန် လိုအပ်သော်လည်း မီးလောင်ဒဏ်ရာများကို အရင်မကုသပါနှင့်။ နှလုံးမခုန်ပါက အသက်ရှူအားကူ ကုသခြင်းဖြင့် ချက်ချင်း နည်းမှန်လမ်းမှန် ကုသပါ။ လူနာကို ထိတွေ့ခြင်းဖြင့် ကူညီကုသသူကို ဓာတ်မလိုက်နိုင်ပါ။ (သို့ရာတွင် … ကွင်းပြင်ထဲရှိ လူနာအနီးတွင် မိုးကြိုးပစ်ခံရချင်စရာကောင်းအောင် ကိုးရိုးကားယား လုပ်မနေပါနှင့်။ လုံခြုံသောနေရာသို့ ရွှေ့ပြောင်းသင့်က ရွှေ့ပြောင်းပါ။)

စာရှုသူများ မိုးကြိုးအန္တရာယ် ကင်းဝေးပါစေ။

ကိုးကား ။ ။ http://www.fema.gov/kids/sabrina.htm, http://firstaid.about.com/od/heatcoldexposure/ht/07_avoid_ltning.htm

Thursday, July 31, 2008

စိန့်ပီတာစဘတ် ၀ိရောဒိ

ခေါင်းပန်းလှန်တမ်း ကစားကြရအောင်။ ပထမ စစချင်းမှာ ဒိုင်က ပိုက်ဆံ ၁ ကျပ်လောင်းပါမယ်။ ခေါင်း (Head) ကျရင် စာရှုသူက ပိုက်ဆံ ၁ ကျပ် ရပါမယ်။ ကစားပွဲလဲ ပြီးပါမယ်။ တကယ်လို့ ပန်း (Tail) ကျသွားရင်တော့ ဒိုင်က ပိုက်ဆံ ၂ ကျပ် (အရင်တခါ လောင်းထားတဲ့ ပမာဏကို ၂ နဲ့ မြှောက်ပြီး) လောင်းပါမယ်။ ခေါင်းကျရင် စာရှုသူ ပိုက်ဆံ ၂ ကျပ်ရပါမယ်။ ပန်းကျရင်တော့ ဒိုင်က ပိုက်ဆံ ၄ ကျပ် (အရင်တခါ ၂ ကျပ်ကို ၂ နဲ့ မြှောက်ပြီး) လောင်းပါမယ်။ အဲဒီလိုနဲ့ ပန်းမကျမချင်း ဆက်လောင်းသွားမှာ ဖြစ်ပါတယ်။ ဒီကစားပွဲကို စာရှုသူ ကစားရမယ်ဆိုရင် ၀င်ကြေး ဘယ်လောက် ပေးမှာလဲ။ (ဒါမှမဟုတ် ၀င်ကြေးကို ဘယ်လောက် သတ်မှတ်သင့်သလဲ။)

ပထမဆုံး ဖြစ်တန်စွမ်း သီဝရီအရ မျှော်မှန်းတန်ဖိုး (Expected value) E ကို တွက်ကြည့်ရအောင်။

E = (½) x 1 + (½ x ½) x 2 + (½ x ½ x ½) x 4 + (½ x ½ x ½ x ½) x 8 + …

E = Sum(k = 1 to infinity) (½)k x 2(k-1) = infinity

မျှော်မှန်းတန်ဖိုးဟာ အကန့်အသတ်မရှိကို ပြန့်ကားထွက်သွား (diverge) ပါတယ်။ အဓိပ္ပါယ်ကတော့ ကစားပွဲ တစ်ပွဲစီတိုင်းမှာ စာရှုသူရမဲ့ (နိုင်မဲ့) ပိုက်ဆံက အကန့်အသတ်မရှိပါတဲ့။ မျှော်မှန်းတန်ဖိုးဆိုတာက ဖြစ်တန်စွမ်းဆိုင်ရာ ဖြစ်စဉ် (Probabilistic event) တစ်ခုကို အခေါက်ပေါင်းများစွာ ဖြစ်စေရင် ပျမ်းမျှအားဖြင့် ရလာမဲ့ တန်ဖိုးပါတဲ့။ အဆုံးသတ် ကောက်ချက်ချတော့ ၀င်ကြေးဟာ ဘယ်လောက်ပဲ ဖြစ်ဖြစ် ဒီကစားပွဲကို ကစားဖို့ တယောက်ယောက်က ဖိတ်ခေါ်ခဲ့ရင် စာရှုသူ မကစားပဲ မနေပါနဲ့။ ကစားကို ကစားပါ။ ရေရှည်မှာ စာရှုသူဘက်က အသာချည်းပါပဲလို့ အဖြေထွက်လာပါတယ်။

ဒီအဆို ဘယ်လောက်မှန်နိုင်လဲ စဉ်းစားကြည့်ရအောင်။ ဒီပြဿနာကို နီကိုးလပ်စ် ဘာနောလီးက ထောက်ပြကတည်းက ဒီလိုကစားရင် စာရှုသူဘက်က ဂိန်ကို ဂိန်မယ်ဆိုတာ လူတွေက သိပါသတဲ့။ ဒါပေမဲ့ သင်္ချာနည်းနဲ့ အဖြေထုတ်တော့ စာရှုသူဘက်က ပွပေါက်တိုးပြီလို့ အဖြေထွက်နေတယ်။ ဖြစ်တန်စွမ်း သီဝရီကို မြောင်းထဲပို့ရတော့မလား။ ဒီပြဿနာကို စိန့်ပီတာစဘတ် ၀ိရောဒိလို့ ခေါ်ပါတယ်။

စိန့်ပီတာစဘတ် ၀ိရောဒိကို အမျိုးမျိုး အဖြေထုတ်ခဲ့ကြပါတယ်။ သင်္ချာပညာရှင် အများစု လက်ခံထားတာကတော့ မျှော်မှန်း အသုံးကျမှု သီဝရီ (Expected Utility Theory) ရဲ့ ရှင်းချက်ပါ။ (စာရေးသူ နားမလည်ပါ။ ဖတ်ဖို့လဲ အချိန်မရှိလို့ပါ။) ဒါကြောင့် စာရေးသူပိုပြီး အကျွမ်းတ၀င်ဖြစ်တဲ့ ဖြစ်တန်စွမ်း ချိန်ဆခြင်း (Probability Weighing) နဲ့ ရှင်းပြပါမယ်။ (ဒီနေရာမှာ စီးပွားရေး ပညာရှင်တချို့က ဒီကစားပွဲမှာ ဒိုင်ဘက်က နာဖို့ချည်းသေချာနေတာကြောင့် ဘယ်ဒိုင်မှ ဒါမျိုး ပေးလောင်းမှာမဟုတ်တဲ့အတွက် အဖြေရှာစရာလဲ မလိုဘူးလို့ ရှင်းကြပါသေးတယ်။ စာရေးသူ သိပ်သဘောမကျပါ။)

ဖြစ်တန်စွမ်း ချိန်ဆခြင်းအရ စာရှုသူ အနိုင်ရမဲ့ ဖြစ်ရပ်ရဲ့ ဖြစ်တန်စွမ်းကိုပဲ ဦးတည်တွက်ချက်ပါမယ်။ ကစားပွဲကို ကစားဖို့ စာရှုသူဟာ ပိုက်ဆံ n ကျပ် (၃၂ ကျပ်လို့ထားပါ) ပေးရတယ်ဆိုပါတော့။ ဒါဆိုရင် ၁ ကျပ်၊ ၂ ကျပ်၊ ၄ ကျပ်၊ … ၊ n ကျပ် (၃၂ ကျပ်) ပဲ ပြန်ရရင် မကိုက်ပါဘူး။ (စာရှုသူဘက်က အရေးမသာပါဘူး။) အဲဒါကို ၁ ထဲကနေ ၁ ကျပ်၊ ၂ ကျပ်၊ ၄ ကျပ်၊ … ၊ n ကျပ်ရမဲ့ ဖြစ်တန်စွမ်းတွေကို နှုတ်ပြီး အောက်ပါအတိုင်း တွက်ရမှာဖြစ်ပါတယ်။

P(You win when you bet n) = 1 – P(1) – P(2) – P(4) - … - P(n) = 1 – P(H…) – P(TH…) – P(TTH) - … - P(Tlog(n)H) = 1 - Sum(k = 1 to n) P(Tlog(k)H)

P(You win when you bet n) = 1 - Sum(k = 1 to log(n)+1) ½k = ½log(n)+1

သေချာသတိထားကြည့်ရင် n ဟာ အကန့်အသတ်မရှိ ကြီးလာတာနဲ့အမျှ စာရှုသူဘက်က နိုင်မဲ့ ဖြစ်တန်စွမ်းဟာလဲ သုညနီးပါး ငယ်သွားတာကို တွေ့နိုင်ပါတယ်။ (၂ ကျပ်ဖိုးလောင်းရင် နိုင်ဖို့အခွင့်အလမ်းက ၄ ပုံ ၁ ပုံ ရှိပေမဲ့ ၃၂ ကျပ်ဖိုးလောင်းရင်တော့ နိုင်ဖို့အခွင့်အလမ်းက ၆၄ ပုံ ၁ ပုံ ပဲဖြစ်သွားပါပြီ။) ဒီဝိရောဒိက ပေးတဲ့ သင်ခန်းစာကတော့ မျှော်မှန်းတန်ဖိုးတစ်ခုတည်းကိုပဲ ကြည့်ပြီး နေရာတကာ ဆုံးဖြတ်ချက်ချလို့ မရကြောင်းပါပဲ။ တခါတလေမှာ မျှော်မှန်းတန်ဖိုးဟာ စုဆုံခြင်း (convergence) မဖြစ်တဲ့အခါမှာ ဒီလိုမျိုး ၀ိရောဒိတွေ ပေါ်ပေါက်လာတတ်ကြောင်း ရေးသားရင်း စိန့်ပီတာစဘတ် ၀ိရောဒိအကြောင်း ဆောင်းပါးငယ်ကို နိဂုံးချုပ်အပ်ပါတယ်။ စာရှုသူတို့အားလုံး ဖြစ်တန်စွမ်းသီဝရီကို အသုံးချလို့ လောဘသား လူလိမ်လူညာတို့ရဲ့ လိမ်လည်လှည့်စားခံရခြင်းဘေးမှ ကင်းဝေးပါစေ။

၁၇၂၆ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဆုံးပါးသွားတဲ့ နီကိုးလပ်စ် ဘာနောလီးကို ဒီဆောင်းပါးငယ်နဲ့ ဂုဏ်ပြုပါတယ်။

Sunday, June 8, 2008

ကျွန်တော့်ရဲ့ ချစ်သည်းလွှာ

ကျွန်တော် အထက်တန်းအောင်ပြီးတော့ ကျွန်တော့်ရဲ့ ချစ်ဦးသူ ကျောင်းသွားဖော် မမနဲ့ ခဏဝေးသွားတယ်။ နိုင်ငံရပ်ခြားမှာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုသွားဖို့ မြန်မာ ကွန်ပျူတာ ပညာရှင်များအသင်းက ကျွန်တော်နဲ့ သူငယ်ချင်းတချို့ကို လေ့ကျင့်ပေးတဲ့ သင်တန်းမှာ ကျွန်တော့်ရဲ့ ချစ်သည်းလွှာလေး သူမကိုစတွေ့တယ်။ သူမဟာ မမထက် အများကြီး ငယ်ပေမဲ့ ကျွန်တော့်ထက်တော့ အသက်ကြီးလို့ ကျွန်တော်က ‘မ’လို့ပဲ ခေါ်ပါတယ်။

‘မ’ဟာ မမနဲ့ ဆွေနီးမျိုးစပ်တော်တာမို့ မမလိုပဲ အရမ်းကို ချောမောလှပတဲ့ မိန်းမပျိုကလေး ဖြစ်ပါတယ်။ မမလို အချိုးအဆစ် ပြေပြစ်တဲ့ ကောက်ကြောင်းတွေ မရှိပေမဲ့ ချစ်စရာကောင်းလောက်အောင် ပြုံးတတ်တဲ့အပြင် မမလိုပဲ သိမ်မွေ့နက်ရှိုင်းပြီး နားလည်ရခက်တဲ့ အသည်းနှလုံးကိုလဲ ပိုင်ဆိုင်ထားသူ ဖြစ်ပြန်ပါသေးတယ်။

‘မ’ကိုစတွေ့တဲ့နေ့ကို ကျွန်တော်အခုထိ မမေ့သေးဘူး။ ‘မ’ကို ကျွန်တော်က ဟဲလိုလို့ နှုတ်ဆက်တော့ အရှက်ကြီးဟန်တူတဲ့ ‘မ’က ချက်ချင်းမပြောပဲ ကွေ့ပတ်နေပါသေးတယ်။ သုံးခါလောက် တောင်းပန်တိုးလျိုးပြီးမှ ‘မ’က ကျွန်တော့်ကို ဟဲလို လို့ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ချစ်ဦးသူမမကို ကျွန်တော် ခဏမေ့သွားပြီး ရင်တွေခုန်လာပါတယ်။ အဲဒီအချိန်ကစလို့ ‘မ’ဟာ ကျွန်တော့်ရဲ့ ဘ၀ဖြစ်လာပြီး သူမရဲ့ စွဲမက်ဖွယ် အလှအပတွေနဲ့ ကျွန်တော့်ကို သူမအနားက မခွဲမခွာချင်အောင် ဆွဲဆောင်ထားပါတော့တယ်။ ထူးဆန်းတာက သူမနဲ့ အလုပ်လုပ်နေရရင်၊ သူမနဲ့ ပတ်သက်တာတွေကို သိအောင် လုပ်နေရရင် ကျွန်တော့်မှာ မမောနိုင် မပန်းနိုင်၊ ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ အဲဒီလို သူမနဲ့ အနေနီးလေလေ၊ လူတကာမသိတဲ့ သူမရဲ့ လျို့ဝှက်ချက်တွေ၊ အမူအကျင့်တွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သိလာလေလေ၊ သူမကို ပိုချစ်၊ ပိုပြီး စုံမက် မြတ်နိုးလာလေလေပါပဲ။

မမလောက် မဟုတ်ပေမဲ့လဲ ‘မ’ဟာလဲ နယ်ပယ်အတော်များများမှာ ၀င်ဆန့်သူကလေး တစ်ဦးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ် စီးပွားရေးနဲ့ လူမှုရေး နယ်ပယ်တွေမှာ ကျွန်တော့်ရဲ့ ‘မ’ဟာ အလွန်ပဲ အရေးပါ အရာရောက်သူ ဖြစ်ပါတယ်။ ဆေးဘက်ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေမှာလဲ မမနဲ့အတူ ၀ိုင်းဝန်း ကူညီတတ်သလို ရှုပ်ထွေးတဲ့ စာရင်းဇယားတွေနဲ့ ပတ်သက်လာရင်လဲ ကျွမ်းကျင်ပါတယ်။ ကွန်ပျူတာကို ခိုင်းစေရမဲ့ အလုပ်တွေ အားလုံးအတွက် ‘မ’ရဲ့ အကူအညီ လိုအပ်တယ်ဆိုရင် ကျွန်တော်ပြောတာ လွန်မယ် မထင်ပါဘူး။

စိတ်ကောက်တတ်တာတော့ မမတို့ အမျိုးတွေရဲ့ မွေးရာပါ ဗီဇမို့လို့ ‘မ’ဟာလဲ စိတ်ကောက်တတ်သူ တစ်ယောက်ပေါ့။ စိတ်နှလုံး နူးညံ့တယ်ဆိုပေမဲ့ သူမနဲ့ အလုပ်လုပ်ရာမှာ သတိလက်လွတ် ပေါ့ပေါ့ဆဆများ လုပ်ခဲ့မိရင် တညလုံး အိပ်မရအောင် ကဂျီကဂျောင် လုပ်ရာမှာ မမထက် မညံ့ပါဘူး။ ပေါ့ဆတဲ့လူကို အပြစ်ပေးရာမှာလဲ တစ်ညမက၊ နှစ်ညမက၊ ညစဉ်ရက်ဆက် မျက်တွင်းဟောက်ပက်ဖြစ်လောက်အောင် ရက်စက်လွန်းတာကတော့ မမထက်တောင် သာသွားပါသေးတယ်။ ဒါပေမဲ့လဲ သူမရဲ့ ချစ်စဖွယ် အပြုံးနဲ့ ခွင့်လွှတ်မှုရဲ့ နောက်ဆက်တွဲ တပ်မက်ဖွယ် အနမ်းများကြောင့် သူမအပေါ် ကျွန်တော် ကြာရှည်လေးမြင့် စိတ်မဆိုးနိုင်ပါဘူး။

‘မ’ဟာ ဘာသာစကားမျိုးစုံကို တတ်မြောက်ပြီး နယ်ပယ်အသီးသီးက ပညာရှင်အသီးသီးနဲ့ လိုက်ဖက်ညီမဲ့ ဘာသာစကားကိုလဲ ပြောပါတယ်။ သူမဟာ အပိုသိပ်မပြောပဲ လုပ်ငန်းဆောင်တာ အစီအစဉ်နဲ့ ပတ်သက်တာကိုပဲ တုံးတိတိ ပြောတတ်ပါတယ်။ အဲဒီလို တုံးတိတိ ပြောတတ်လို့ ‘မ’ပြောတဲ့ စကားတွေကို နားလည်ဖို့ခဲယဉ်းတဲ့အတွက်ကြောင့် ‘မ’နဲ့ တွဲဖက်အလုပ်လုပ်သူတွေက မှတ်ချက်တွေ ထည့်ထည့်ပြောပေးရလေ့ ရှိပါတယ်။ အခုနောက်ပိုင်းတော့ ‘မ’ဟာ သူပြောတာကို သာမာန်လူတွေ ပိုနားလည်ရလွယ်ကူအောင် ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး ပြောတာ များလာပါတယ်။

ကြားမိတာကတော့ ဒေါ်နယ်လ်နပ် ဆိုတဲ့လူက ‘မ’ရဲ့အကြောင်းကို အတွဲ ၇ တွဲပါ စာအုပ်ရေးသားဖို့ ကြံစည်ထားပါသတဲ့ (အခုတော့ ၅ တွဲပဲ ရေးပြီးသေးတယ်ဆိုပဲ)။ အားတဲ့တစ်နေ့မှ အဲဒီစာအုပ်တွေ ကျွန်တော် ရှာဖတ်ရဦးမယ်။ မနက်ဖြန်မနက်ကျရင်တော့ ‘မ’နဲ့ အတူတူ မနက်စာ စားရမှာမို့ စောစောအိပ်ပါတော့မယ်ဗျို့။

Sunday, April 13, 2008

သေခြင်း

လူတော်တော်များများက သေတာကို မေ့နေကြတယ် ။ ကိုယ့်ဘေးက ကိုယ့်သူငယ်ချင်း ဆွေမျိုးသားချင်းတွေ ကြွေလွင့်သွားရင်တောင်မှ အသုဘ လိုက်ပို့ရင်တောင်မှ သေတာနဲ့ ကိုယ်နဲ့မဆိုင်သလို ၊ လားလားမှ မအပ်စပ်သလို လိုက်ပို့ကြတယ် ။ သြော် အပြန်လမ်းမှာတောင် တချို့ တဟီးဟီး၊ တဟားဟား လုပ်တတ်ကြသေးရဲ့ ။

ထူးမြတ်က tag လိုက်လို့ ဒီပိုစ့်ကို ရေးဖြစ်တာ ဆိုပေမဲ့ သေသေချာချာ ရေးပါမယ်လို့ စဉ်းစားထားတယ် ။ ဒီနေ့တော့ နည်းနည်း စိတ်ပါနေလို့ ရေးဖြစ်ပါတယ် ။ ဒါပေမဲ့ ဘယ်လို သေရမယ် စိတ်ကူးယဉ်ကြည့်လို့ မရသေးဘူး ။ ငယ်ငယ်တုန်းကတော့ သူဌေးကြီးဖြစ်ချင်တာနဲ့ ၊ အင်ဂျင်နီယာကြီးဖြစ်ပြီး ဘယ်လို ယာဉ်ကြီးကို တီထွင်တာနဲ့ ၊ သိပ္ပံပညာရှင်ကြီးဖြစ်ပြီး ဓာတ်ခွဲခန်းထဲမှာ ဘယ်လို စမ်းချင်တာနဲ့ စိတ်ရှိတိုင်း စိတ်ကူးယဉ်ပေမဲ့ သေတာကို တခါမှ စိတ်ကူးမယဉ်ဖူးဘူး ။

တွေ့ဖူးတဲ့ ရုပ်ရှင်ထဲက သေတဲ့ ပုံစံတွေ စဉ်းစားကြည့်မိတယ် ။ A Walk to Remember ထဲမှာက မင်းသမီးက သူချစ်တဲ့ မင်းသားနဲ့ အတူအဖော်လုပ်ရင်း အသက်ထွက်သွားတယ် ။ Independent Day ထဲမှာ ဇိုးသမားတစ်ယောက်က သူ့မိန်းမနဲ့ ကလေးတွေ ဓာတ်ပုံကို ကြည့်ရင်း ပုဂံပြားပျံကို ဖင်ဝင်ဆောင့် ... အဲ အဲ ... ပုဂံပြားပျံထဲက Energy Source ကို လေယာဉ်ပျံနဲ့ ထိုးဝင်ဖောက်ခွဲပစ်လိုက်တယ် ။ I, Robot ထဲမှာ ဥာဏ်ရည်တုဆိုင်ရာ သိပ္ပံပညာရှင်ကြီးက တိုက်ပေါ်က ခုန်ချပြီး အရေးတကြီး ကိစ္စတစ်ရပ်ပေါ်နေပြီဖြစ်ကြောင်း မင်းသားကို အသိပေးလိုက်တယ် ။ The Day after Tomorrow ထဲမှာ ၊ Vertical Limit ထဲမှာ သရုပ်ဆောင်တွေ သူငယ်ချင်း တောင်တက်ဖော်တွေအတွက် ကိုယ့်ကြိုးကိုယ် ဖြတ်ချကြတယ် ။ စာရေးသူကရော ဘယ်လို သေမှာလဲ ။

စိတ်ကူးယဉ်တာပဲဟာ ၊ ဖြစ်ချင်တာဖြစ် စိတ်ကူးပစ်လိုက်မယ်ဗျာ ။ ကဲ ကဲ ... စ ပါ ပြီ ။

Princeton ရဲ့ နွေဦးမနက်ခင်း ... ရာသီဥတုက အရမ်းကို သာယာတယ် ။ ကိုလိုနီခေတ်ပုံစံ သိပ်မဆန်တဲ့ ၁၉ ရာစုကတည်းက ဆောက်ထားတဲ့ အိမ်အိုကလေးက ဆေးသုတ်မှန်မှန်သုတ်ပေးတာကြောင့် အရောင်က လွင်နေတုန်းပဲ ။ အိပ်ရေးပျက်နေတဲ့ မျက်နှာနဲ့ အရပ်ရှည်ရှည် အဘိုးကြီးတစ်ယောက် အိမ်ထဲက စာရွက်တွေနဲ့ ချောင်းတဟွပ်ဟွပ်ဆိုးရင်း ပြေးထွက်လာတယ် ။ ကားနားကိုရောက်မှ ပြန်သတိရပြီး အိမ်ဘက်ကိုပြန်ပြေး စာရွက်တစ်ရွက် ပြန်ယူတယ် ။ ပြန်အထွက်မှာ သူနဲ့ ရွယ်တူလောက်ရှိတဲ့ အဘွားကြီးတစ်ယောက်ကိုလဲ အနမ်းလေး ပေးခဲ့သေးတယ် ။

ကားစက်နှိုးတော့ ကားက လွယ်လွယ်ပဲ နှိုးသွားတယ် ။ ဆောင်းတွင်းဆိုရင်တော့ နှိုးရခက်ပေမဲ့ အခုတော့ ဆောင်းကုန်ပြီလေ ။ ငှက်ကလေး ၂ ကောင်၊ ၃ ကောင်လဲ ကားစက်ဖုံးပေါ် နားနေရာကနေ လန့်ပြီးပျံပြေးသွားတယ် ။ ချောင်းဆိုးပြန်တယ် ။ အင်း ... ညကျရင် ဆေးသောက်ပြီးမှ အိပ်ရမယ်လို့ စိတ်ကူးရင်း ကားကို မောင်းထွက်လိုက်တယ် ။

Princeton တက္ကသိုလ်ရဲ့ တစ်ခုသော ခန်းမမှာ သင်္ချာပညာရှင်တွေ (အသုံးချ၊ အင်ဂျင်နီယာဆိုင်ရာ၊ သီဝရီဆိုင်ရာ) နဲ့ ကွန်ပျူတာ သိပ္ပံ ပညာရှင်တွေ (အချက်အလက်အခြေ ၊ ဘာသာစကား ၊ တွက်ချက်ခြင်းဆိုင်ရာ သီဝရီ ၊ Algorithm ၊ ဥာဏ်ရည်တု ... အို ... အစုံပဲ) လည်ပင်းတဆန့်ဆန့် ၊ ခေါင်းတမော့မော့နဲ့ အမျှော်ကြီး မျှော်နေကြတယ် ။ သူတို့အချင်းချင်းလဲ ဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး ငြင်းခုန်နေကြသေးတယ် ။ တချို့ကတော့ ဒီနေ့ ဟောပြောပွဲက ပြန်သွားရင် ဆက်ရှင်းရမဲ့ ၊ ဆက်လုပ်ရမဲ့ ပြဿနာတွေကို တိုးတိုးတိတ်တိတ် စဉ်းစားနေကြတယ် ။

ခဏအကြာမှာ သူတို့ နည်းနည်း လှုပ်လှုပ်ရွရွ ဖြစ်သွားတယ် ။ တချို့က ထိုင်နေရာကနေ ထကြည့်ကြတယ် ။ ထကြည့်သူတချို့ကလဲ အယောင်ယောင်အမှားမှားနဲ့ တံခါးပေါက်ဝဖက်ကို လျှောက်သွားကြတယ် ။ တချို့ကတော့ ထိုင်နေရာကပဲ လှည့်ကြည့်ကြတယ် ။ တချို့ကတော့ အေးအေးဆေးဆေးပါပဲ ... Clay Mathematical Institute က တာဝန်ရှိပုဂ္ဂိုလ်တွေ ရောက်လာတာလေ လို့လဲ ပြောသံကြားလိုက်ရတယ် ။

အရပ်ရှည်ရှည်နဲ့လူက ကားမောင်းလာတာမှာ တလမ်းလုံး ချောင်းတွေဆိုးလာတယ် ။ နောက်တော့ ချောင်းဆိုးရုံတင်မကဘူး ရင်ဘတ်ထဲကပါ အောင့်လာတယ် ။ ဒါပေမဲ့ သူ့ကို တလောကလုံးက မျှော်လင့်နေကြသလိုပဲ ကားကို မရပ်မနား မောင်းလာတယ် ။ ဒီနေ့မှ ရာသီဥတုကလဲ သာယာလိုက်တာ ။ ညနေကျရင် လျှောက်လည်မှပဲလို့ သူတွေးလိုက်သေးတယ် ။ အတွေးမဆုံးခင်မှာပဲ ရင်ဘတ်က အောင့်လာပြန်တယ် ။ မနေ့ညက ညနက်လို့ ဖြစ်မယ် ။ အသက်လဲ ကြီးပြီ ... ဒီနေ့ပြီးရင် အငြိမ်းစားယူတော့မှပဲလို့လဲ တွေးမိသေးတယ် ။ အမှန်ဆို သူအငြိမ်းစားယူသင့်တာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကတည်းက ။

တက္ကသိုလ်ဝင်းထဲရောက်တော့ ခေါင်းက မိုက်ကနဲ ဖြစ်သွားတယ် ။ ဒါပေမဲ့ ကိစ္စမရှိလောက်ပါဘူးဆိုပြီး စာရွက်တွေယူပြီး ခန်းမဆီကို သုတ်သုတ်လျှောက်တယ် ။ လျှောက်ရင်းမောလာတော့ ရင်ဘတ်က ပိုအောင့်လာသလိုပဲ ။ အဲဒါနဲ့ ခဏနားတယ် ။ ဒါလဲ မသက်သာဘူး ။ သူမေ့လဲသွားတယ် ။

တခန်းမလုံးလဲ ဆူညံနေပြီ ။ ဖြီးတာပါကွာဆိုတဲ့ အသံကို ခပ်ငယ်ငယ် ခပ်စွာစွာ ဘွဲ့လွန်ကျောင်းသား တစ်ယောက်ဆီက စကြားရတယ် ။ မဖြစ်နိုင်ပါဘူးဆိုတဲ့ အသံတွေ ပိုဆူညံလာတယ် ။ မစောင့်နိုင်သူတချို့ ခန်းမကို စွန့်ခွာစ ပြုပြီ ။ စောစောက ရုပ်ရုပ်သဲသဲ ကြားထဲက ရောက်လာတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေလဲ နာရီကို ကြည့်ကုန်ကြပြီ ။ တချို့ ကျောင်းသား ကျောင်းသူတချို့က အပြင်ထွက်ပြီး မျှော်တယ် ။ ခန်းမထဲမှာ လူတွေ တဖြည်းဖြည်း လျော့လာတယ် ။ အဲဒီမှာ ...

လူတစ်ယောက် ပြေးဝင်လာတယ် ။ စိတ်အားထက်သန်စွာနဲ့ ထကြည့်ကြတဲ့ လူတချို့ရဲ့ မျက်နှာမှာ စိတ်ပျက်အားလျော့ခြင်း အရောင်တွေ လွှားကနဲ ပြေးသွားတယ် ။ ပြေးလာသူကပြောတယ် ပါမောက္ခကို နှလုံးရောဂါနဲ့ Princeton ဆေးရုံကို တင်ပို့လိုက်ရလို့ ဒီနေ့ ဟောပြောပွဲ ဖျက်လိုက်ကြောင်း ပြောတယ် ။ သူ့မျက်နှာမှာလဲ ချွေးသီးချွေးပေါက်တွေနဲ့ ။ ဘယ်မှာလဲ ၊ ဘယ်လို ဖြစ်တာလဲ စတဲ့ ဘကုန်းမေးခွန်းတွေ ပြောင်းဆန်သွားတယ် ။ နောက်ဆုံးကျတော့ သူလဲကျသွားတယ်ဆိုတဲ့ နေရာကို အမောတကော ပြေးကြတယ် ။

ပြေးပေမဲ့လဲ နောက်ကျသွားပြီ ။ မြက်ခင်းကို ရေဖြန်းတဲ့ ရေပန်းတန်ခိုးနဲ့ ရေစိုနေတဲ့ စာရွက်တွေကို အမှိုက်သိမ်းတဲ့ စည်ပင်ဝန်ထမ်းက တံမြက်စည်းလှည်းနေတယ် ။ ရေစိုနေတော့ စာရွက်တွေက ချက်ချင်းပါမလာဘူး ၊ တချို့လဲ စုတ်ပြဲကုန်တယ် ။ တချို့ကတော့ လေလွင့်ပြီး အနီးက ရေကန်ထဲကို ကျကုန်တယ် ။ ပြေးလာတဲ့ လူအုပ်ကို မြင်တော့ စည်ပင်ဝန်ထမ်းလန့်သွားတယ် ။ ဟိုလူအုပ်ကြီးကလဲ သူ့ကို လက်ညိုးထိုးပြီး အမျိုးစုံ အော်ဟစ်လာတာကိုး ။ လန့်သွားတော့ အမှိုက်တွေမသိမ်းလို့ ဆူတော့မယ်ထင်ပြီး မြန်မြန်လှဲတယ် ။ သူကလှဲလေ ၊ ဟိုလူအုပ်ကြီးက အော်လေ ။

နောက်ဆုံးတော့ ရေကန်ထဲကျသွားတဲ့ စာရွက်ပိုင်းတွေ ရသလောက်ကို လူအုပ်ကြီးထဲက ခပ်ငယ်ငယ် ဘွဲ့လွန်ကျောင်းသား တစ်ယောက်က ဆင်းဆယ်ပါတယ် ။ ကျောင်းသူတချို့ကလဲ အမှိုက်ပုံးထဲ နှိုက်ပြီးတော့ စာရွက်တွေ ပြန်ရလိုရငြား ကြိုးပမ်းကြတယ် ။ လေလွင့်နေတဲ့ စာရွက်တွေကို ခေါင်းပြောင်နေတဲ့ လူကြီးက လိုက်ဖမ်းနေတယ် ။ သူတို့အားလုံး ရတာတွေ စုကြည့်တော့လဲ ၃၊ ၄ ပိုင်းရယ် ။ အဆက်အစပ်က မရှိ ။ အားလုံးရဲ့ စိတ်ပျက် ၊ အားလျော့ ၊ ဒေါကန်နေတဲ့ မျက်နှာကိုကြည့်ပြီး စည်ပင်ဝန်ထမ်းရဲ့ မျက်နှာက ဇီးရွက်ပဲ ရှိတော့တယ် ။

ရလာတဲ့ စာရွက်တွေကို ဆက်ကြည့်တော့ စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာက ၃ ပိုင်းဖြစ်နေတယ် ။ ဘာများရေးထားမလဲလို့ သိချင်ကြတော့ လူကြီးတစ်ယောက်က ဖတ်ပြတယ် ။ ..... and that explains the last anomaly and prove P = NP problem. အားလုံးပဲ တယောက်မျက်နှာ တယောက်ကြည့်ကြပြန်တယ် ။ အဲဒီလူကြီးက ဆက်ဖတ်တယ် ။ Electronic copy of this paper is available at http://lawshay.blogspot.com တဲ့ ။ အားလုံးပဲ မျက်နှာတွေ ၀င်းသွားပြီးတော့ ရေစိုနေတဲ့ မြက်ခင်းပေါ်မှာတင်ထိုင်ပြီးတော့ သူတို့ရဲ့ လက်ဆွဲကွန်ပျူတာတွေကို ဖွင့်ကြတယ် ။ တချို့ကလဲ ကွန်ပျူတာခန်းမ ရှိရာကို ပြေးကြတယ် ။

နောက်တနေ့မနက်မှာ လောရှည်ကို Princeton ဆေးရုံက နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါပြီလို့ ကြေငြာပါတယ် ။ ၃၇ ရက်တိတိ ၀ိုင်းဝန်း စစ်ဆေးကြပြီးတဲ့နောက် Clay Mathematical Institute က လောရှည်ရဲ့ အမွေခံတွေကို ဒေါ်လာ တစ်သန်း ချီးမြှင့်ပါတယ် ။ နောက် ၆ လအကြာမှာ Google က http://lawshay.blogspot.com ကို လာရောက် ကြည့်ရှုသူ များပြားတဲ့အတွက် သီးသန့်ဆာဗာတလုံးကို ရွှေ့ပြောင်းလိုက်ပါတယ် ။ အဲဒီနှစ်အတွက် Alan Turing Award ကို အရှေ့တောင်အာရှက ပညာရှင်တစ်ယောက်က ပထမဆုံးအကြိမ် ဆွတ်ခူးရရှိပါတယ် ။

စိတ်ကူးက စိတ်ကူးပဲ ။ အခုအတိုင်းဆိုရင်တော့ ဆေးရုံမှာ ပိုက်တန်းလန်းနဲ့ သေဖို့ကတော့ အခွင့်အလန်း အများဆုံးပဲ ။ ဇနီးရယ် သားသမီးတွေရယ်၊ သားမက်တွေ ချွေးမတွေရယ် မြေးတွေရယ် တပြုံတပင် ၀ိုင်းရံနေ၊မနေကတော့ မသေချာဘူး ။ အိမ်ထောင်ကလဲ ကျဦးမှ ။ ကျတာတောင် သားသမီးတွေ ထွန်းကားဦးမှ ။ ထွန်းကားတာတောင် ကိုယ်သေတဲ့အချိန်မှာ သူတို့က အိမ်ထောင်ပြုကြဦးမှ ။ ပြုကြတာတောင် သားသမီးတွေ ထွန်းကားလာဦးမှ ။

ဒီပို့စ်ကို ဖတ်မိတဲ့လူတိုင်းကို ပြန် tag ပါတယ် ။ ရေးပေးကြပါ ။ ဘလော့ဂ်မရှိလဲ ဘလော့ဂ်တစ်ခု အသစ်ယူပြီး ရေးကြပါ ။ ဟုတ်ဘူးလား ။ ဆေးရုံမှာ အခန်းကပ်ရပ်လဲ ဖြစ်ချင်ဖြစ်နေမှာ ။

Wednesday, October 17, 2007

မြန်မာနိုင်ငံ စာမေးပွဲစနစ်ကို သင်္ချာနည်းဖြင့် လေ့လာဆန်းစစ်ခြင်း။

စင်ကာပူ အမျိုးသား တက္ကသိုလ်၊ တွက်ချက်မှုပညာ ကျောင်းခွဲ (National University of Singapore – School of Computing) က အသစ်စက်စက် ဒုတိယဌာနမှူးက မြန်မာနိုင်ငံကျောင်းသားတွေရဲ့ ကျောင်းလျှောက်လွှာများကို အကဲဖြတ်ရာမှာ အမှတ်စာရင်းတွေကို အဓိပ္ပါယ်မသိရှိပဲ အခက်ကြုံနေလို့ စာရေးသူတို့ လက်ရှိ ကျောင်းသားများကို ခေါ်ယူမေးမြန်းပါတယ်။ တတ်အားသမျှ ရှင်းပြအပြီးမှာ မြန်မာနိုင်ငံရဲ့ စာမေးပွဲစနစ်ကို သင်္ချာနည်းနဲ့ လွယ်လွယ်ပုံစံထုတ်ပြလို့ ရမလားလို့ စာရေးသူတွေးမိပါတယ်။ အဲဒါနဲ့ ဒီစာတမ်းကို ရေးသားဖြစ်ပါတယ်။

ဒုတိယ ဌာနမှူးလိုအပ်နေတာက က၊ ခ၊ ဂ၊ ဃ၊ ကျ အက္ခရာ အဆင့်တွေကနေပြီးတော့ ကျောင်းသားတွေရဲ့ ထူးချွန်ထက်မြက်မှုကို ပြန်လည်တွက်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို တွက်ထုတ်ဖို့အတွက် ကျောင်းသားတွေရဲ့ ထူးချွန်ထက်မြက်မှုကို အက္ခရာအဆင့်တွေကို ပြောင်းလိုက်တဲ့ မူလ မှီချက်ကို သိဖို့လိုအပ်ပါတယ်။ ဒီစာတမ်းငယ်မှာ အဆိုပါ မှီချက်ကို သင်္ချာနည်းနဲ့ ပုံစံထုတ်ဖို့ ကြိုးစားကြည့်မှာ ဖြစ်ပါတယ်။

ပထမဆုံး အတွေးထဲကို အလွယ်တကူ ၀င်ရောက်လာတာကတော့ စာမေးပွဲဆိုတာ ကျောင်းသားတွေရဲ့ အစုကို အောင်/ကျ ဆိုတဲ့ တန်ဖိုးနှစ်ခုတည်းရှိတဲ့ ရလဒ်အစု (Co-domain) ကို ပြောင်းပေးတဲ့ မှန်/မှား မီချက် (Binary function) အဖြစ် ပုံစံထုတ်ဖို့ပဲ ဖြစ်ပါတယ်။ (အမှန်တော့ အက္ခရာအဆင့်တွေ သတ်မှတ်တဲ့ မှီချက်ကို မှန်/မှား မှီချက်တွေ အဆင့်ဆင့် ထပ်ထားခြင်းဖြင့် တည်ဆောက်နိုင်ကြောင်း Induction အသုံးပြု သက်သေပြနိုင်တဲ့အတွက် ဆွေးနွေးရာမှာ ရှင်းလင်း လွယ်ကူစေဖို့ မှန်/မှား မှီချက်ကို အသုံးပြုခြင်း ဖြစ်ပါတယ်။) ဒီမှီချက်ကို ကျောင်းသားတွေရဲ့ ထူးချွန်မှုကို ရလဒ်အစုအဖြစ် ပြောင်းပေးတဲ့ မှီချက်အဖြစ် အလွယ်တကူ ပြောင်းလဲဖော်ပြနိုင်ကြောင်း မြင်သာပါတယ်။ ပထမဆုံး ပုံစံထုတ်လိုက်တဲ့ စာမေးပွဲ မှီချက်ကို အောက်တွင် ကြည့်ပါ။

f : X --> {P, F}
f (x) = P ; x >= thr
f (x) = F ; otherwise

where f = exam function for a certain subject; X = partial ordered set of merit of all students; x = merit of the student; thr = certain threshold value (pass mark); and P/F = pass/fail values.

ဒီ လှေခါးထစ်ပုံစံ မှီချက်ဟာ ဘာသာရပ်တစ်ခုတည်းအတွက်ပဲ ဖြစ်ပါတယ်။ ဘာသာရပ်တစ်ခုတည်းအတွက် မှီချက်ကို မှန်ကန်စွာ သတ်မှတ်ပြီးရင် ဘာသာရပ် အများအပြားအတွက် အလုပ်လုပ်နိုင်မဲ့ မှီချက်ကို တွက်ထုတ်ဖို့က လွယ်ကူသွားပြီ လို့မျှော်လင့်နိုင်ပါတယ်။ (နောက်ထပ် အတိုင်းအတာ - Dimension - တစ်ခု ထပ်ထည့်ရုံပဲ ဖြစ်ပါတယ်။)

ဒီနည်းနဲ့ ပုံစံထုတ်ရာမှာ တွက်ချက်မှု များတဲ့ ဘာသာရပ် (တွက်စာ) တွေအတွက် မှန်ကန်တိကျပေမဲ့ (အများ - Error - နည်းပါးပေမဲ့) ကျက်မှတ်မှုကို အလေးထားတဲ့ ဘာသာရပ် (ကျက်စာ) တွေအတွက် အမှား အရမ်းများနေဦးမယ်လို့ ခန့်မှန်းရပါတယ်။ (ဒီနေရာမှာ အမှားကို ရေတွက်ပုံရေတွက်နည်းကတော့ အောင်သင့်တဲ့လူကို ချပစ်ရင်၊ ကျသင့်တဲ့လူကို အောင်ပစ်ရင် အမှားတစ်ခုလို့ ရေတွက်ပါတယ်။ အဲဒီအမှားတွေကို ပေါင်းပြီး ကျောင်းသားဦးရေ စုစုပေါင်း - သို့မဟုတ် ထူးချွန်မှုအဆင့်အားလုံးပေါင်း Integration of student merit in numerical form - နဲ့စားလိုက်ရင် အမှား ရာနှုန်းကို ရမှာဖြစ်ပြီး အဲဒီရာနှုန်းဟာ လက်မခံနိုင်လောက်အောင် ကြီးနေမယ် - ၁၀၀% နားကို ကပ်နေမယ်လို့ ခန့်မှန်းရပါတယ်။) ဒီတွေ့ရှိချက်ဟာ ကျောင်းသားတွေရဲ့ ထူးချွန်မှုရဲ့ ပကတိ ဆူညံမှု (pure noise) ကြောင့် မဖြစ်နိုင်ဘူးလို့ ယူဆတာနဲ့ စာမေးပွဲ မှီချက်ကို ကျောင်းသားတွေရဲ့ ဘာသာရပ်ကို နားလည် အသုံးချနိုင်စွမ်းနဲ့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ဗဟုသုတ အတိုင်းအတာ နှစ်မျိုးပေါ် မူတည်သတ်မှတ်ဖို့ အောက်ပါအတိုင်း ကြိုးစားပါတယ်။

f X, Y --> {P, F}
f (x, y) = P ; ax + by + k >= thr
f (x, y) = F ; otherwise

where f = exam function for a certain subject; X = partial ordered set of the ability of student to apply subject knowledge; Y = partial ordered set of the student’s knowledge of the subject; x = ability of student to apply subject knowledge; y = student’s knowledge of the subject; thr = certain threshold value; P/F = pass/fail values.

ဒီမှီချက်ဟာ လှေခါးထစ်ပုံစံ မှီချက်မဟုတ်ပဲ အရောင်နှစ်မျိုး (အောင်/ကျ)ကို အနှုတ်လျှောစောက် (a/b ဟာအမြဲပဲ အနှုတ်ကိန်းဖြစ်နေပါတယ်) ရှိတဲ့ မျဉ်းဖြောင့် နဲ့ ခြားနားထားတဲ့ မှီချက်ပုံစံဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ နားလည်မှုစွမ်းရည်ကို ထည့်သွင်းမစဉ်းစားပဲ အလွတ်ကျက်မှတ်မှုကို အဓိကထားတဲ့ ဘာသာရပ်တွေမှာ လျှောစောက်ဟာ သုညလဲ ပဲဖြစ်နိုင်ပါတယ်။ အဲဒီ လျှောစောက်ဟာ အမြဲပဲ သတ်မှတ်ချက် ရှိပါတယ် (always defined)။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတ မရှိပဲ နားလည်အသုံးချနိုင်စွမ်း မရှိနိုင်လို့ဖြစ်ပါတယ်။ (x = 0 => y = 0)

ဒီမှီချက်ဟာ မူလ အတိုင်းအတာ တစ်မျိုးပါ လှေခါးထစ်ပုံစံမှီချက်နဲ့ နှိုင်းယှဉ်ရင် အတော်အတန် ပိုမိုတိကျတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ နှစ်အသီးသီးက ကျောင်းသားများရဲ့ အချက်အလက်များနဲ့ ပုံစံထပ်ကြည့်တဲ့အခါမှာ ခြားနားထားတဲ့ မျဉ်းဖြောင့်ကို (ဘာသာရပ်တစ်ခုတည်းမှာတောင်) နေရာချရခက်ခဲ (a/b နဲ့ ကိန်းသေ k) ကို တွက်ထုတ်ရခက်ခဲနေတာကို တွေ့ရှိရပါတယ်။ (မူလ လှေခါးထစ်ပုံ မှီချက်မှာလဲ ကိန်းသေ thr ကို အတိတ်က အချက်အလက်တွေအရ အတိအကျ သတ်မှတ်လို့ မရတာကို တွေ့ရှိရပါတယ်။)

အကြောင်းရင်းကတော့ သတ်မှတ် အောင်ချက် ပြည့်မီအောင် လျှော့ပေါ့စဉ်းစားပေးတဲ့ စနစ် (moderation system) ကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ကျောင်းသားတွေကို ဘာသာရပ်ကို နားလည်နိုင်စွမ်းနဲ့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတတို့ပေါ်မူတည်ပြီး ပြင်ညီကိုသြဒိနိတ်ပေါ်မှာ (ကျောင်းသား တစ်ယောက် အမှတ်တစ်မှတ်နှုန်းနဲ့) နေရာချလိုက်ရင် ခြားထားတဲ့ မျဉ်းရဲ့ တဖက်ခြမ်း (အောင်တာကို ကိုယ်စားပြုတဲ့ အရောင်ထဲမှာ) လိုအပ်တဲ့ အမှတ်အရေအတွက် ရှိနေအောင်လို့ မျဉ်းရဲ့ လျှောစောက် (a/b) နဲ့ ကိန်းသေ (k) ကို လိုအပ်သလို ပြောင်းလဲ နေရတာကြောင့် ဖြစ်ပါတယ်။

အဲဒီတော့ နှစ်အလိုက် ပြောင်းလဲနေတဲ့ အဲဒီ ဂုဏ်သတ္တိကို သေချာ လေ့လာနိုင်ဖို့ အချိန် အတိုင်းအတာကို တတိယ အတိုင်းအတာအဖြစ် စာရေးသူတို့ မှီချက်ထဲကို ထပ်ထည့်လိုက်ပါတယ်။ (ဆိုလိုတာက a/b နဲ့ k ဟာ အချိန်ပေါ်မူတည်ပြီး ပြောင်းလဲသွားတဲ့ မှီချက်တွေ ဖြစ်သွားပါတယ်။ နောက်တနည်းမြင်လို့ရတာကတော့ အတိုင်းအတာ နှစ်မျိုးပါ စာမေးပွဲ မှီချက်ဟာ အချိန်ကို ရွှေ့ပေးလိုက်ရင် သက်ဝင်လှုပ်ရှား - animate - ဖြစ်ပါတယ်။)

ဒီလို အချိန် အတိုင်းအတာ ထပ်ထည့်လိုက်တော့ စာမေးပွဲမှီချက်ဟာ အတိတ်က အချက်အလက်များနဲ့ အတော်အတန် ကိုက်ညီမှု ရှိသွားပါတယ်။ ဒါပေမဲ့လဲ အနည်းငယ်မျှသော မကိုက်ညီမှုတွေ ရှိမြဲပါပဲ။ တချို့သော နေရာချမှုတွေမှာ (ကျောင်းသားတစ်ယောက် အမှတ်တစ်မှတ်နှုန်း) အောင်တဲ့ အရောင်ထဲ ရှိနေပေမဲ့ ကျနေတာ (နည်းပါးတတ်ပါတယ်) ကျတဲ့ အရောင်ထဲရှိနေပေမဲ့ အောင်နေတာ (ဘာကြောင့်မှန်းမသိ၊ အရည်အချင်း မပြည့်မီပဲ အောင်အောင်နေတဲ့ ကျောင်းသားများ များပြားတတ်ပါတယ်) တွေကို တွေ့ရှိနေရပါတယ်။ ရလဒ်ကတော့ စာရေးသူတို့ရဲ့ အချိန်နှင့်အမျှ သက်ဝင်လှုပ်ရှားနေတဲ့ စာမေးပွဲမှီချက်ဟာ တချက်တချက်မှာ ကွေးကောက်သွားတာပဲ။ ဒီလို ကွေးကောက်သွားမှုတွေက ကြုံရာကျပန်း သဘာဝရှိလို့ ဘယ်လိုနည်းနဲ့မှ သင်္ချာပုံစံထုတ်လို့မရပါဘူး။ လျစ်လျူရှုလိုက်ရအောင်လဲ စာရင်းအင်းပညာရှုထောင့်က ကြည့်ရင် အကြိမ်အရေအတွက် များပြားလွန်းလှပါတယ်။

နောက်ဆုံးတွေ့ရှိချက်အနေနဲ့ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ (တချက်တချက် ကွေးကောက်သွားတတ်တဲ့) မျဉ်းကွေးဟာ ကြိုတင် တွက်ဆရ ခက်ခဲ (မရဘူး မဟုတ်တောင် တွက်ချက်ရခက်ခဲသော သဘာဝရှိ) ပါတယ်။ အချိန်နှင့်လိုက်ပြီး ပြောင်းတဲ့နှုန်းကို သိရှိအောင်လို့ အချိန်နဲ့ differentiate လုပ်ပြန်တော့လဲ သုည သို့မဟုတ် ကိန်းသေ သို့မဟုတ် အဖြောင့်တိုင်း မှီချက် မရပဲ ရှုပ်ထွေးတဲ့ မှီချက်ကိုသာ ရရှိပါတယ်။

အဆုံးသတ်မှာတော့ မြန်မာ ကျောင်းသားများရဲ့ ထူးချွန်ထက်မြက်မှုကို အက္ခရာအဆင့်တွေကို ပြောင်းပေးတဲ့ မှီချက်ဟာ သင်္ချာနည်းနဲ့ လက်တွေ့ တွက်ချက်ဖို့ မဖြစ်နိုင်လောက်အောင် ရှုပ်ထွေးတဲ့အတွက် ပြောင်းပြန်မှီချက် (အက္ခရာအဆင့်တွေကနေ ထူးချွန်ထက်မြက်မှုကို ပြန်လည် တွက်ယူတဲ့ မှီချက်) ကို တွက်ထုတ်ဖို့ လက်ရှိ နည်းပညာ အဆင့်အတန်းနဲ့ တွက်ချက်ဖို့ မဖြစ်နိုင်သေးဘူးလို့ ကောက်ချက်ချရင်း ယခုစာတမ်းငယ်ကို နိဂုံးချုပ်အပ်ပါတယ်။

ကျေးဇူးတင်လွှာ။ ။ သရော်စာ စာတမ်းငယ် ဖြစ်မြောက်ရေးအတွက် အတွေးလမ်းစပေးခဲ့သော စင်ကာပူ အမျိုးသား တက္ကသိုလ်မှ ဒုတိယဌာနမှူး ဒေါက်တာ မိုဟန်း ကန်ကန်ဟယ်လီ၊ သင်္ချာနည်းစနစ်များ မှန်ကန်စနစ်ကျစေရန် Bayes' Classifier ကို ရှင်းပြပေးခဲ့သော စင်ကာပူ အမျိုးသား တက္ကသိုလ်မှ လက်ထောက် ပါမောက္ခ ဒေါက်တာ တဲရေ့စ် ဆင်းမ်၊ စာရေးသူအား သင်္ချာသင်ကြားပေးခဲ့သော စာရေးသူ၏ မိခင်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်မှ အလယ်တန်းပြဆရာ ဦးလင်းနိုင်၊ အထက်တန်းပြဆရာမ (ဟောင်း) ဒေါ်ရင်ရင်မြင့်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ ကထိက ဒေါက်တာ ဇော်ဝင်း၊ ရေကြောင်းပညာ တက္ကသိုလ်မှ ကထိက ဒေါက်တာ ရွှေကျော်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ သင်္ချာဌာနမှ ဒေါက်တာ မျိုးကေခိုင်နှင့် ဆရာ/မများကို အထူးကျေးဇူးတင်ရှိပါသည်။

Sunday, October 7, 2007

ကျွန်တော့်ရဲ့ ချစ်ဦးသူ

သူမဟာ ကျွန်တော့်ရဲ့ ကျောင်းသွားဖော်ဆိုပေမဲ့ ကျွန်တော့်ထက် အသက်အများကြီး ကြီးပါတယ်။ ဒါကြောင့် ကျွန်တော်က သူမကို မမလို့ ခေါ်ပါတယ်။

မမဟာ အရမ်းကို ချောမောလှပတဲ့ မိန်းမပျိုကလေး ဖြစ်ပါတယ်။ သူမဟာ ပြေပြစ်ချောမောတဲ့ မျက်နှာဟန်ပန်၊ အချိုးအဆစ် ပြေပြစ်ပြီး ပန်းချီကျော်တွေ လက်မှိုင်ချရမဲ့ ကောက်ကြောင်းတွေ၊ မျဉ်းကွေးတွေကို ပိုင်ဆိုင်ရုံမက သိမ်မွေ့နက်ရှိုင်းပြီး နားလည်ရခက်တဲ့ အသည်းနှလုံးကိုလဲ ပိုင်ဆိုင်ထားသူ ဖြစ်ပြန်ပါသေးတယ်။

မမဟာ ကျွန်တော့်ရဲ့ အတွေးတွေကို အချိန်ပြည့် စိုးမိုးထားလေ့ ရှိပါတယ်။ ကျွန်တော် ငယ်စဉ်ကတည်းက ကျွန်တော့်ရဲ့ အားလပ်ချိန်တွေမှာ သူမနဲ့ပဲ တူတူ ရှိနေဖြစ်ပါတယ်။ နောက်တော့ အိပ်ချိန်၊ ကစားချိန်၊ စားချိန်တွေတောင် လျော့လာပြီး အချိန်ပြည့်နီးပါး သူမအကြောင်းပဲ တွေးနေမိပါတော့တယ်။ ထူးဆန်းတာက သူမအကြောင်း တွေးနေရရင်၊ သူမနဲ့ ပတ်သက်တာတွေကို သိအောင် လုပ်နေရရင် ကျွန်တော့်မှာ မမောနိုင် မပန်းနိုင်ပါပဲ။ အာဟာရသိဒ္ဓိပြီးသလား အောက်မေ့ရအောင် ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ အဲဒီလို သူမအကြောင်း စဉ်းစားလေလေ၊ သူမကို ပိုချစ်လာလေလေ၊ ပိုပြီး စုံမက် မြတ်နိုးလာလေလေပါပဲ။

မမဟာ နယ်ပယ်စုံမှာ ၀င်ဆန့်သူ၊ အရေးပါ အရာရောက်သူကလေး ဖြစ်ပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်တွေမှာလဲ ကျွန်တော့် မမရဲ့ အကူအညီမပါပဲ ကြီးမားတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်လို့ မရနိုင်အောင် မျက်နှာကြီးသူ ဖြစ်ပါတယ်။ ဒါတင်မက ဆေးဘက်ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေမှာလဲ ကူညီဖို့အရေး လက်မနှေးသူပါ။ အဆင့်မြင့် ကွန်ပျူတာ ပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကလဲ အရေးကြုံတိုင်း သူမကိုပဲ အားကိုးအားထား ပြုရပါတယ်။

ဒါပေမဲ့ မမဟာ စိတ်ကောက်တတ်တဲ့ မိန်းမပျိုလေးပါ။ စိတ်နှလုံး နူးညံ့ပေမဲ့ သူမရဲ့ အကူအညီကို ရယူရာမှာ သတိလက်လွတ် ပေါ့ပေါ့ဆဆများ လုပ်မိလို့ကတော့ တညလုံး အိပ်မရအောင် ကဂျီကဂျောင် လုပ်တတ်ပါတယ်။ သူမကို ပစ်ထားလိုက်မိလို့ကတော့ ကဝေအတတ်တွေနဲ့ လှည့်စားသလား အောက်မေ့ရအောင် ညလုံးပေါက် ချောက်အိပ်မက်တွေနဲ့ (နောင်မလုပ်ရဲတော့အောင်) နှိပ်စက်မှာဖြစ်ပါတယ်။

မမရဲ့ မင်းသားလေးအကြောင်းကို ကြားမိတော့ ကျွန်တော် အရမ်းကို မနာလိုဖြစ်ရပါတယ်။ အဲဒီ ဂေါက်စ်ဆိုတဲ့ လူကို ဆွဲထိုးချင်တဲ့အထိပါပဲ။ ပိုဆိုးတာကတော့ ဖားမက်က ကျွန်တော့်ရဲ့ မမကို အလိုမတူပဲ ခိုးယူပေါင်းသင်းခဲ့ပါတယ်။ အဲဒါတွေကြောင့် ဖားမက်ဟာ မမရဲ့ နှလုံးသည်းပွတ်ကို မရယုံမက အခြားသူတွေရဲ့ မယုံသင်္ကာဖြစ်ခြင်းကိုလဲ ခံရပါတယ်။ ဒါပေမဲ့ ဖားမက်နဲ့ ဂေါက်စ်တို့ရေးသားခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေကနေ သူမရဲ့ အကြောင်းကို ကျွန်တော် ပိုမိုသိရှိလာတာကတော့ အမှန်ပါပဲ။

ဒါတင်ဘယ်ကဦးမှာလဲ။ ကျွန်တော့် မမရဲ့ မွေးဇာတိကိုလဲ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ နောင်အနာဂါတ်မှာလဲ သမိုင်းဆရာတွေက ဆက်လက်ငြင်းခုန်ကြဦးမှာ ဖြစ်ပါတယ်။ တချို့က က၀ိပုဏ္ဏားကျော်တွေ ပေါ်ထွန်းရာ အိန္ဒိယပြည်လို့ ယူဆကြသလို တချို့ကလဲ ၀ိုင်ချိုချိုပေါတဲ့ မြေထဲပင်လယ်ဒေသလို့ ထင်မှတ်ကြပါသေးတယ်။ တခါတခါမှာလဲ ခေါင်းမာတဲ့လူတွေက မိန်းမလှများ ပေါများရာ အရှေ့အလယ်ပိုင်းလို့ ငြင်းပေမဲ့ တချို့တချို့သောသူများကတော့ အလှဘုရင်မ ကလီယိုပါထရာရဲ့ ဇာတိ အီဂျစ်ပြည်ဆိုတာကနေ တပြားသားမှ မလျော့ပါဘူးတဲ့။

သေချာတာကတော့ ဂရိလူမျိုး ယူကလစ်က ကျွန်တော့် မမကို မွေးစားခဲ့ပြီး ပိုက်သာဂိုရကတော့ သူမရဲ့ အလှပြင်ဆရာပါ။ အရစ်စ်တိုတယ်လ်ကတော့ သူမရဲ့ နားလည်ရခက်တဲ့ အသည်းနှလုံးကို အရင်ဆုံး ပုံသွင်းသူတစ်ယောက်ပေါ့။ သူမကို ဆန်းကျယ်တဲ့ မာယာတွေ သင်ကြားပေးလိုက်သူကတော့ အိုင်ဆက် နယူတန်ဆိုတဲ့လူပဲ ဖြစ်ပါတယ်။ လောကမှာမရှိတာတွေကို စိတ်ကူးပုံဖော်ပြီး လှည့်စားတတ်တဲ့ အတတ်ကိုတော့ အွိုင်းလားက သင်ကြားပေးခဲ့တာပါ။ အဲဒါတွေနဲ့ မလုံလောက်သေးဘူးလို့ ယူဆလို့လားမသိဘူး။ ရေးမန်းန်နဲ့ ကော်ချီတို့ နှစ်ယောက်က ပေါက်တတ်ကရတွေ ထပ်မံ သင်ကြားပေးပါသေးတယ်။ (အဲဒါတွေနဲ့ နှိပ်စက်တော့ ကျွန်တော့်မှာ ရူးမတတ်ပါပဲ)

ကျွန်တော် ကျွန်တော့်မမနဲ့ ဒီညနေ နှစ်ပါးသွားလေး ကရဦးမှာမို့ ပြင်ရ၊ ဆင်ရဦးမယ်။ အဲဒီလို တူနှစ်ကိုယ် အတူပျော်ရမဲ့ ညနေခင်းလေးအတွက် ကျွန်တော့်မှာ နှစ်ပေါင်းများစွာ ပြင်ဆင်ထားရတာပါ။ ဖြစ်နိုင်ရင် စား၊ ၀တ်၊ နေရေးနဲ့ တလောကလုံးကို မေ့ထားပြီး သူမနဲ့ နှစ်ပါးသွားလေးပဲ အမြဲတမ်း ကနေချင်တယ်ဗျာ။