သူမဟာ ကျွန်တော့်ရဲ့ ကျောင်းသွားဖော်ဆိုပေမဲ့ ကျွန်တော့်ထက် အသက်အများကြီး ကြီးပါတယ်။ ဒါကြောင့် ကျွန်တော်က သူမကို မမလို့ ခေါ်ပါတယ်။
မမဟာ အရမ်းကို ချောမောလှပတဲ့ မိန်းမပျိုကလေး ဖြစ်ပါတယ်။ သူမဟာ ပြေပြစ်ချောမောတဲ့ မျက်နှာဟန်ပန်၊ အချိုးအဆစ် ပြေပြစ်ပြီး ပန်းချီကျော်တွေ လက်မှိုင်ချရမဲ့ ကောက်ကြောင်းတွေ၊ မျဉ်းကွေးတွေကို ပိုင်ဆိုင်ရုံမက သိမ်မွေ့နက်ရှိုင်းပြီး နားလည်ရခက်တဲ့ အသည်းနှလုံးကိုလဲ ပိုင်ဆိုင်ထားသူ ဖြစ်ပြန်ပါသေးတယ်။
မမဟာ ကျွန်တော့်ရဲ့ အတွေးတွေကို အချိန်ပြည့် စိုးမိုးထားလေ့ ရှိပါတယ်။ ကျွန်တော် ငယ်စဉ်ကတည်းက ကျွန်တော့်ရဲ့ အားလပ်ချိန်တွေမှာ သူမနဲ့ပဲ တူတူ ရှိနေဖြစ်ပါတယ်။ နောက်တော့ အိပ်ချိန်၊ ကစားချိန်၊ စားချိန်တွေတောင် လျော့လာပြီး အချိန်ပြည့်နီးပါး သူမအကြောင်းပဲ တွေးနေမိပါတော့တယ်။ ထူးဆန်းတာက သူမအကြောင်း တွေးနေရရင်၊ သူမနဲ့ ပတ်သက်တာတွေကို သိအောင် လုပ်နေရရင် ကျွန်တော့်မှာ မမောနိုင် မပန်းနိုင်ပါပဲ။ အာဟာရသိဒ္ဓိပြီးသလား အောက်မေ့ရအောင် ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ အဲဒီလို သူမအကြောင်း စဉ်းစားလေလေ၊ သူမကို ပိုချစ်လာလေလေ၊ ပိုပြီး စုံမက် မြတ်နိုးလာလေလေပါပဲ။
မမဟာ နယ်ပယ်စုံမှာ ၀င်ဆန့်သူ၊ အရေးပါ အရာရောက်သူကလေး ဖြစ်ပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်တွေမှာလဲ ကျွန်တော့် မမရဲ့ အကူအညီမပါပဲ ကြီးမားတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်လို့ မရနိုင်အောင် မျက်နှာကြီးသူ ဖြစ်ပါတယ်။ ဒါတင်မက ဆေးဘက်ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေမှာလဲ ကူညီဖို့အရေး လက်မနှေးသူပါ။ အဆင့်မြင့် ကွန်ပျူတာ ပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကလဲ အရေးကြုံတိုင်း သူမကိုပဲ အားကိုးအားထား ပြုရပါတယ်။
ဒါပေမဲ့ မမဟာ စိတ်ကောက်တတ်တဲ့ မိန်းမပျိုလေးပါ။ စိတ်နှလုံး နူးညံ့ပေမဲ့ သူမရဲ့ အကူအညီကို ရယူရာမှာ သတိလက်လွတ် ပေါ့ပေါ့ဆဆများ လုပ်မိလို့ကတော့ တညလုံး အိပ်မရအောင် ကဂျီကဂျောင် လုပ်တတ်ပါတယ်။ သူမကို ပစ်ထားလိုက်မိလို့ကတော့ ကဝေအတတ်တွေနဲ့ လှည့်စားသလား အောက်မေ့ရအောင် ညလုံးပေါက် ချောက်အိပ်မက်တွေနဲ့ (နောင်မလုပ်ရဲတော့အောင်) နှိပ်စက်မှာဖြစ်ပါတယ်။
မမရဲ့ မင်းသားလေးအကြောင်းကို ကြားမိတော့ ကျွန်တော် အရမ်းကို မနာလိုဖြစ်ရပါတယ်။ အဲဒီ ဂေါက်စ်ဆိုတဲ့ လူကို ဆွဲထိုးချင်တဲ့အထိပါပဲ။ ပိုဆိုးတာကတော့ ဖားမက်က ကျွန်တော့်ရဲ့ မမကို အလိုမတူပဲ ခိုးယူပေါင်းသင်းခဲ့ပါတယ်။ အဲဒါတွေကြောင့် ဖားမက်ဟာ မမရဲ့ နှလုံးသည်းပွတ်ကို မရယုံမက အခြားသူတွေရဲ့ မယုံသင်္ကာဖြစ်ခြင်းကိုလဲ ခံရပါတယ်။ ဒါပေမဲ့ ဖားမက်နဲ့ ဂေါက်စ်တို့ရေးသားခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေကနေ သူမရဲ့ အကြောင်းကို ကျွန်တော် ပိုမိုသိရှိလာတာကတော့ အမှန်ပါပဲ။
ဒါတင်ဘယ်ကဦးမှာလဲ။ ကျွန်တော့် မမရဲ့ မွေးဇာတိကိုလဲ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ နောင်အနာဂါတ်မှာလဲ သမိုင်းဆရာတွေက ဆက်လက်ငြင်းခုန်ကြဦးမှာ ဖြစ်ပါတယ်။ တချို့က က၀ိပုဏ္ဏားကျော်တွေ ပေါ်ထွန်းရာ အိန္ဒိယပြည်လို့ ယူဆကြသလို တချို့ကလဲ ၀ိုင်ချိုချိုပေါတဲ့ မြေထဲပင်လယ်ဒေသလို့ ထင်မှတ်ကြပါသေးတယ်။ တခါတခါမှာလဲ ခေါင်းမာတဲ့လူတွေက မိန်းမလှများ ပေါများရာ အရှေ့အလယ်ပိုင်းလို့ ငြင်းပေမဲ့ တချို့တချို့သောသူများကတော့ အလှဘုရင်မ ကလီယိုပါထရာရဲ့ ဇာတိ အီဂျစ်ပြည်ဆိုတာကနေ တပြားသားမှ မလျော့ပါဘူးတဲ့။
သေချာတာကတော့ ဂရိလူမျိုး ယူကလစ်က ကျွန်တော့် မမကို မွေးစားခဲ့ပြီး ပိုက်သာဂိုရကတော့ သူမရဲ့ အလှပြင်ဆရာပါ။ အရစ်စ်တိုတယ်လ်ကတော့ သူမရဲ့ နားလည်ရခက်တဲ့ အသည်းနှလုံးကို အရင်ဆုံး ပုံသွင်းသူတစ်ယောက်ပေါ့။ သူမကို ဆန်းကျယ်တဲ့ မာယာတွေ သင်ကြားပေးလိုက်သူကတော့ အိုင်ဆက် နယူတန်ဆိုတဲ့လူပဲ ဖြစ်ပါတယ်။ လောကမှာမရှိတာတွေကို စိတ်ကူးပုံဖော်ပြီး လှည့်စားတတ်တဲ့ အတတ်ကိုတော့ အွိုင်းလားက သင်ကြားပေးခဲ့တာပါ။ အဲဒါတွေနဲ့ မလုံလောက်သေးဘူးလို့ ယူဆလို့လားမသိဘူး။ ရေးမန်းန်နဲ့ ကော်ချီတို့ နှစ်ယောက်က ပေါက်တတ်ကရတွေ ထပ်မံ သင်ကြားပေးပါသေးတယ်။ (အဲဒါတွေနဲ့ နှိပ်စက်တော့ ကျွန်တော့်မှာ ရူးမတတ်ပါပဲ)
ကျွန်တော် ကျွန်တော့်မမနဲ့ ဒီညနေ နှစ်ပါးသွားလေး ကရဦးမှာမို့ ပြင်ရ၊ ဆင်ရဦးမယ်။ အဲဒီလို တူနှစ်ကိုယ် အတူပျော်ရမဲ့ ညနေခင်းလေးအတွက် ကျွန်တော့်မှာ နှစ်ပေါင်းများစွာ ပြင်ဆင်ထားရတာပါ။ ဖြစ်နိုင်ရင် စား၊ ၀တ်၊ နေရေးနဲ့ တလောကလုံးကို မေ့ထားပြီး သူမနဲ့ နှစ်ပါးသွားလေးပဲ အမြဲတမ်း ကနေချင်တယ်ဗျာ။
No comments:
Post a Comment