ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Monday, October 19, 2009

ကာမေသုမိစ္ဆာစာရ အကြောင်း

မြန်မာ့ လူ့အသိုက်အ၀န်းသည် လိင်ကိစ္စနှင့် ပတ်သက်ပြီး အလေးအနက်ထားရှိသော လူ့အသိုက်အ၀န်းဖြစ်သည့် အားလျော်စွာ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်ပါ ကာမေသုမိစ္ဆာစာရကံနှင့် စပ်လျဉ်း၍ သာသာထိုးထိုး ပြင်းပြင်းထန်ထန် ရေးသား ဟောပြောမှုများ တွေ့မြင်နေရပါသည်။ ရဟန်းတော်တို့၏ ၀ိနည်းနှင့် စပ်လျဉ်း၍ လေးရာကို ယူရမည်မှာ ထုံးစံဖြစ်သော်လည်း လူပုဂ္ဂိုလ်တို့ ဆောင်ရန်၊ ရှောင်ရန် သင်ကြားချက်များကို ယဉ်ကျေးမှု ဓလေ့ ထုံးစံအလိုက် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း အနက်ဖွင့်ရန် မသင့်လျော်သည့်အလျောက် ဤဆောင်းပါးတွင် ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်လာ ကာမေသုမိစ္ဆာစာရကံ၏ သဘော၊ သဘာဝကို ထေရ၀ါဒ ကျမ်းဂန်များနှင့် (အပြင် ဗဟုသုတ မပါစေပဲ) တိုက်ဆိုင် စစ်ဆေး၍ ရှင်းလင်း ရေးသားမည် ဖြစ်ပါသည်။

ကာမေသုမိစ္ဆာစာရကံ ဆိုသည်ကို သူတပါး အိမ်ယာ မကျူးလွန်ခြင်းဟု အလွယ် အဓိပ္ပါယ်ပြန်ဆိုနိုင်ပါသည်။ ၄င်းသည် အဗြဟ္မာစရိယာ သိက္ခာပုဒ် (လိင်ကိစ္စကို လုံးဝ ရှောင်ကြဉ်ခြင်း) နှင့် မတူပါ။ အဗြဟ္မာစရိယာ သိက္ခာပုဒ်ကို ၈ ပါးသီလ၊ ၁၀ ပါးသီလ စောင့်ထိန်းသူ လူပုဂ္ဂိုလ်များ ခေတ္တခဏ (ယာယီ) ဆောင်ယူ စောင့်ထိန်းနိုင်သော်လည်း ၄င်းသည် ရဟန်းတော်များအတွက် သီးသန့် ရည်ရွယ်သည့် သိက္ခာပုဒ်ဖြစ်သည်။ ကာမေသု မိစ္ဆာစာရကံ မြောက်ရန် အင်္ဂါ ၄ ပါး ပြည့်စုံရပါသည်။ ၄င်းတို့မှာ

၁။ အုပ်ထိန်းသူရှိသော မိန်းမ ၂၀ ဖြစ်ခြင်း

၂။ မှီဝဲလိုသည့်စိတ်ရှိခြင်း

၃။ မှီဝဲရန် အားထုတ်ခြင်း

၎။ သာယာခြင်း

တို့ဖြစ်ကြပါသည်။ မှီဝဲလိုသည့် စိတ်ရှိခြင်း၊ မှီဝဲရန် အားထုတ်ခြင်းနှင့် သာယာခြင်းတို့မှာ ထပ်ဆင့် ရှင်းလင်းဖွယ် မလိုသော်လည်း မသွားလာထိုက်သည့် မိန်းမ ၂၀ ကို ရှင်းလင်းရန် လိုသည့် အားလျော်စွာ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်တို့တွင် အောက်ပါအတိုင်း စာရင်းပြုစု ရေးသားထားပါသည်။

၁။ မာတုရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊ ၂။ ပိတုရက္ခိတ- အဖအုပ်ထိန်းသော မိန်းမ၊ ၃။ မာတာပိတုရက္ခိတ- မိဘနှစ်ပါးအုပ်ထိန်းသော မိန်းမ ၄။ ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသော မိန်းမ၊ ၅။ ဘဂိနိရက္ခိတ- အစ်မကြီး အစ်မငယ် အုပ်ထိန်းသော မိန်းမ၊ ၆။ ဉာတိရက္ခိတ- ဆွေမျိုးအုပ်ထိန်းသော မိန်းမ၊ ၇။ ဂေါတ္တရက္ခိတ- အမျိုးနွယ်တူ အုပ်ထိန်းသော မိန်းမ၊ ၈။ ဓမ္မရက္ခိတ- အတူနေသီတင်းသုံးဖော် စောင့်ရှောက်အုပ်ထိန်းသော မိန်းမ (အထက်ပါ ၈ယောက်သော အုပ်ထိန်းသူရှိ မိန်းမများအား အတင်းအဓမ္မ သွားလာကျူးလွန်ပါက ထိုမိန်းမများတွင် ကာမေသုကံမထိုက်ဘဲ သွားလာလွန်ကျူးသူ ယောက်ျားများတွင်သာ ကံထိုက်သည်ဟု ဆိုပါတယ်။) ၉။ သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ၊ လက်ထပ်ပြီးသူ အုပ်ထိန်းသော မိန်းမ၊ ၁၀။ သပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန် သတ်မှတ်လျက် ဒဏ်ထားပြီး အုပ်ထိန်းသော မိန်းမ၊ ၁၁။ ဓနတ္ထီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသော မိန်းမ၊ ၁၂။ ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ ၁၃။ ဘောဂ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖော်သော မိန်းမ၊ ၁၄။ ၀ဋ၀ါသိနီ- ပုဆိုးပေး၍ (ပုဆိုးတန်းတင်ပြု၍) နေသောမိန်းမ၊ ၁၅။ သြဒ၀တ္တကိနီဓရ- ခွက်လက်ဆုံချ၍ မိဘနှစ်ပါး ထိန်းမြားပေးသော မိန်းမ၊ ၁၆။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ၊ ၁၇။ ဒါသီစဘရိယာစ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၈။ ကမ္မကာရီစ ဘရိယာစ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၉။ ဓဇာဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သော မိန်းမ၊ ၂၀။ မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ (အထက်ပါ ၁၂ယောက်သော မိန်းမတို့တွင် သွားလာကျူးလွန်ပါက ယောက်ျားရော မိန်းမပါ နှစ်ဦးလုံး ကာမေသု မိစ္ဆာစာရ ကံထိုက်သည်ဟု ဆိုပါတယ်။)

ယောကျာ်းလေးများအတွက် ကာမေသုအင်္ဂါ ၄ ပါး ပြည့်စုံလျှင် ကံထိုက် (အကုသိုလ်ကံ ဖြစ်) သော်လည်း မိန်းကလေးများအတွက်မူ အုပ်ထိန်းသူရှိသော အမျိုးသမီး ၉ မှ ၂၀ အတွင်း ဖြစ်ပြီး မှီဝဲလိုစိတ်ရှိခြင်း အစရှိသည့် ကျန်အင်္ဂါ ၃ ပါး ပြည့်စုံပါမှ ကံထိုက်ပါသည်။ အရပ်စကားနှင့် လွယ်လွယ် ပြောရလျှင် ပထမ ၈ မျိုးမှာ ပိုင်ရှင်မရှိသေးသော မိန်းမများဖြစ်ပြီး ဒုတိယ ၁၂ မျိုးမှာ ပိုင်ရှင် ရှိလတ္တံ့၊ ရှိဆဲ ဖြစ်သော မိန်းမများဖြစ်ကြပါသည်။ တနည်းပြောရလျှင် ယောက်ျားလေးများအဖို့ မိမိမယားမဟုတ်လျှင် ကာမေသုမိစ္ဆာကံ ထိုက်မည်ဖြစ်ပြီး မိန်းကလေးများအဖို့ မိမိလင်မဟုတ်လျှင် ကာမေသုမိစ္ဆာစာရ ကံထိုက်မည် ဖြစ်သည်။

ဤသို့ဆိုလျှင် မိမိ မယားဖြစ်သူနှင့် သွားလာလျှင် (ချွင်းချက်အနည်းငယ်မျှအပ) ကံမထိုက်သည်မှာ နားလည်ရ လွယ်ပါသည်။ တနည်းအားဖြင့် မိမိ၏ ကာမပိုင် မိန်းမ/ယောက်ျားနှင့်သာ သွားလာခွင့် ရှိသည်။ သို့သော် မိန်းမတစ်ယောက်ကို မိမိ ကာမပိုင်ဖြစ်အောင် ဘာသာရေး သတ်မှတ်ချက်များအရ မည်သို့ ဆောင်ယူမည်နည်း။ ထေရ၀ါဒ ဗုဒ္ဓစာပေတွင် ဝေးဝေးလံလံ ရှာစရာ မလိုပါ။ နံပါတ် ၁၁ မှ ၂၀ အထိ အင်္ဂါရပ်များနှင့် ပြည့်စုံစွာ သူတပါးက ဆောင်ကြဉ်းပြီးသော မိန်းမကို သူတပါးပိုင်ဟု ပြဆိုထားသဖြင့် ၄င်းအင်္ဂါရပ်များအနက် တခုခုနှင့် ပြည့်စုံလျှင် မိမိ၏ ကာမပိုင် မိန်းမဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။

တနည်းအားဖြင့် အောက်ပါ နည်းလမ်းများဖြင့် မိန်းမတစ်ယောက်ကို မိမိကာမပိုင်မိန်းမအဖြစ် ဆောင်ယူပြီး စိတ်ချလက်ချ ပေါင်းသင်းနိုင်ပါသည်။ (သို့သော် … မိန်းကလေး အလိုမတူလျှင် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။)

၁။ မိဘများထံ ပစ္စည်းတစုံတရာဖြင့် တင်တောင်းခြင်း

၂။ မိမိကို ချစ်ကြိုက်၍ အလိုတူစေခြင်း (မိမိကို ပထမဆုံး ချစ်ကြိုက်သူ မိမိ၏ ရည်းစား၊ အောက်တွင် အကျယ်ရှင်းမည်။)

၃။ မိမိ၏ ဥစ္စာ စည်းစိမ်ကို အပ်နှင်းခြင်း (လစာငွေအပ်ခြင်း)

၎။ အ၀တ်အစား ဆင်ပေးခြင်း (အ၀တ်အစား ၀ယ်ပေးခြင်း)

၅။ မိဘများက လက်ထပ်ပေးလိုက်ခြင်း (လူကြီး သဘောတူလို့ ပေးစားခြင်း)

၆။ ဒေသထုံးစံအရ မိမိပိုင်ဟု ဆုံးဖြတ်ပေးထားခြင်း (အောက်တွင် အကျယ်ရှင်းမည်။)

၇။ ပိုက်ဆံပေး၍ ကာလအပိုင်းအခြားအလိုက် ၀ယ်ယူခြင်း (ကြေးစားမိန်းမကို ငှားရမ်းခြင်း၊ အောက်တွင် အကျယ်ရှင်းမည်။)

ကျွန်ကို မယားအဖြစ်သိမ်းခြင်း၊ အမှုထမ်းကို မယားအဖြစ်သိမ်းခြင်းနှင့် စစ်သုံ့ပန်းကို မယားအဖြစ် သိမ်းခြင်းတို့မှာ မျက်မှောက်ခေတ်တွင် နည်းပါးသဖြင့် မဖော်ပြတော့။

ထေရ၀ါဒ ကျမ်းဂန်များအရ "ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ" ဟု ဆိုထားသဖြင့် မိန်းကလေးတစ်ယောက်၏ ချစ်သူ ရည်းစားသည် အဆိုပါ မိန်းကလေး၏ ကာမပိုင် လင်ယောက်ျားပင် ဖြစ်သည်။ သို့ရာတွင် ယုတ္တိဗေဒဖြင့် စဉ်းစားကြည့်လျှင် ဒွိဟဖြစ်စရာ အခြေအနေ ၂ မျိုးရှိသည်။ ပထမတစ်မျိုးမှာ ရည်းစား အများအပြားရှိသော မိန်းကလေးဖြစ်ပြီး ဒုတိယတစ်မျိုးမှာ အုပ်ထိန်းသူရှိ ပထမ ၈ မျိုးတွင် အပါအ၀င်ဖြစ်နေခြင်း (ဥပမာ မိဘနှင့် အတူနေလျှက် မိမိကို ချစ်ကြိုက်သဖြင့် တနေရာတွင် ပေါင်းဖော်ခြင်း) ဖြစ်သည်။ ပထမတစ်မျိုးအတွက် ရှင်းချက်မှာ လွယ်ကူသည်။ အဆိုပါ မိန်းကလေးနှင့် ပထမဆုံး ပေါင်းဖော်သူ ရည်းစား (ရည်းစားဦး) သည် ၄င်း၏ ကာမပိုင် လင်သား ဖြစ်သဖြင့် ကျန်ရည်းစားများ ကာမေသုမိစ္ဆာစာရကံ ထိုက်သည် (ရည်းစားဦးမှာ ကံမထိုက်)။ ဒုတိယတစ်မျိုးမှာ စာရေးသူ မရှင်းတတ်ပါ။ သို့သော် … အုပ်ထိန်းသူမသိအောင် (ခိုးထွက်၍) ချိန်းတွေ့စဉ်/ခိုးရာလိုက်စဉ် ဖြစ်ပွားသော ကိစ္စတို့မှာ အုပ်ထိန်းသူလက်မှ လွတ်နေချိန်ဖြစ်သဖြင့် ကံမထိုက်ဟု ဆုံးဖြတ်ရမည်ဟု ထင်သည်။ ၄င်းကို ကျမ်းတတ် ဆရာတော်များထံ လျှောက်ထား မေးမြန်း အဆုံးအဖြတ် ခံယူသင့်သည်။

ဒေသထုံးစံအရ ကာမပိုင်ဟု ဆုံးဖြတ်ခြင်းဆိုသည်မှာ အချို့သော ဒေသ၊ ယဉ်ကျေးမှု ထုံးစံတို့တွင် လင်မယားအရာ မြောက်သည်ဟု သတ်မှတ်သော သတ်မှတ်ချက်များရှိသည်။ (ဥပမာအားဖြင့် အချို့ဒေသများတွင် မိန်းကလေး/ယောက်ျားလေးအိမ်ရှေ့တွင် ပန်းအိုး/ဟင်းအိုး ချထားပြီး မိန်းကလေး/ယောက်ျားလေးက ထွက်ယူလိုက်ပါက အကြင်လင်မယားအရာ မြောက်သည်ဟု သတ်မှတ်တတ်သည်။) ၄င်းတို့ကို ဆိုလိုခြင်း ဖြစ်သည်။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ ဟု ဆိုရာတွင် ၄င်းသည် ဗုဒ္ဓဟောကြားစဉ်က ၄င်းဒေသတွင် သတ်မှတ်ထားသော သတ်မှတ်ချက် ဖြစ်မည်ဟု ယူဆသဖြင့် ဒေသထုံးစံအရ ကာမပိုင်ဟု ဆုံးဖြတ်ခြင်းတစ်ရပ် ထည့်သွင်းရခြင်း ဖြစ်သည်။ ဤအချက်ကိုလဲ သေချာစေရန် ဆရာတော်များထံ မေးမြန်းသင့်သည်။

မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ ဟု ကျမ်းဂန်တွင် ဆိုထားသဖြင့် အချို့က ပြည့်တန်ဆာနှင့် ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ယူဆကြသည်။ စာရေးသူ ဤသို့ မယူဆခြင်းမှာ အကြောင်းအချက် ၃ ရပ်ကြောင့် ဖြစ်သည်။

ပထမ အကြောင်းမှာ ၄င်းကို ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ယူပါက သြဒ၀တ္တကိနီဓရ အစရှိသော လူကြီးတို့ ထိမ်းမြားပေးသော မိန်းမ အစရှိသော သူတို့နှင့် သွားလာ ပျော်ပါးခြင်းသည်လဲ ကာမေသုမိစ္ဆာစာရကံ ထိုက်မည်ဟု ယူရမည်ဖြစ်သည် (၄င်းတို့သည် စာရင်းတစ်ခုတည်းတွင် ပါရှိသည်)။ သို့ဆိုလျှင် မည်သည့်နည်းနှင့်မျှ ကာမေသုမိစ္ဆာစာရကံမှ လွတ်ရန် လမ်းမမြင်တော့။ တနည်းအားဖြင့် ကာမေသုနှင့် အဗြဟ္မစရိယာပုဒ် ခွဲခြားရန် မလိုတော့။ ဗုဒ္ဓက ၄င်းတို့ ၂ ခုကို ခွဲခြား ဟောပြခဲ့သဖြင့် ကြေးစားမိန်းမကို ငွေပေး၍ ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရ ကံမမြောက်။

ဒုတိယ အကြောင်းမှာ ဗုဒ္ဓဘုရား သက်တော်ထင်ရှားရှိစဉ်က ဥတ္တရာဆိုသူ ဗုဒ္ဓဘာသာဝင် သောတာပန် အမျိုးသမီးတစ်ယောက်သည် ဘာသာခြားနှင့် အိမ်ထောင်ဖက် ပြုသည်။ ၄င်းသည် ဗုဒ္ဓအမှူးရှိသော သံဃာတော်များကို ဆွမ်းလှူဒါန်း၍ ဥပုပ်သီလ ဆောက်တည်လိုသောအခါ (ဖခင်ထံမှ မုန့်ဖိုးတောင်း၍) ပြည့်တန်ဆာတစ်ယောက် (သီရိမာ) ကို ငှားရမ်းကာ သူ့ယောက်ျားနှင့် ၇ ရက် ပေါင်းဖော်စေပြီးနောက် ဘုရားအမှူးရှိသော သံဃာများကို ဆွမ်းလှူဒါန်း၊ ဥပုပ်ဆောက်တည်သည်။ (၄င်းငှားထားသော ပြည့်တန်ဆာမက သူ့နေရာကို အပိုင်လိုချင်ကာ ၄င်း၏ ခေါင်းပေါ်သို့ ထောပတ်ပူအိုးကို လောင်းချသည်။) အကယ်၍ ပြည့်တန်ဆာနှင့် ပေါင်းဖော်ခြင်းသည် အကုသိုလ်ကံ ဖြစ်မည်ဆိုပါက ဗုဒ္ဓက ဒီအတိုင်း ကြည့်မနေပဲ ချစ်သမီး … ဤသို့ပြုရန်မသင့်၊ နည်းလမ်းမှန်မှာ ဤသို့ဖြစ်သည်ဟု ဟောပြော ဆုံးမမည်ဖြစ်သည်။ ၄င်းကို မတွေ့ရ။

တတိယနောက်ဆုံးနှင့် အခိုင်လုံဆုံး အကြောင်းမှာ ဂုရုဓမ္မဇာတ်ဖြစ်သည်။ ၄င်းဇာတ်တွင် မိုးခေါင်ရေရှားသဖြင့် မိုးရွာမည့်နည်းကို မိုးမှန်သော အိမ်နီးချင်းတိုင်းပြည်သို့ မေးစေရာ တတိုင်းပြည်လုံး ပြည့်တန်ဆာအဆုံး ငါးပါးသီလ မြဲကြကြောင်း သိရသည်။ ပြည့်တန်ဆာသည် အုပ်ထိန်းသူရှိသော မိန်းမ ၂၀ တွင် အမှတ် ၂၀ (ကာမေသုမိစ္ဆာစာရကံ ထိုက်ပါက ယောက်ျားရော မိန်းမပါ ကံထိုက်သည့် အမျိုးအစား) ဖြစ်ပြီး ဤဇာတ်တော်တွင် ပြည့်တန်ဆာသည် ၅ ပါးသီလကို လုံအောင် စောင့်ထိန်းနိုင်သည်ဟု ဆိုခြင်းကြောင့် ပြည့်တန်ဆာနှင့် သွားလာတိုင်း (သွားလာခြင်း သက်သက်ကြောင့်) ကာမေသုမိစ္ဆာစာရကံ မထိုက်ကြောင်း သိသာသည်။ သို့ရာတွင် အဆိုပါ ဇာတ်တော်ပါ ပြည့်တန်ဆာသည် လူတစ်ဦးထံမှ ငွေလက်ခံပြီးလျှင် ၄င်းကို မဖျော်ဖြေပြီးမချင်း အခြားသူများထံမှ ငွေလက်မခံပဲ နေသည် ဟုဆိုခြင်းကြောင့် မိမိအတွက် မိမိကိုယ်တိုင် ငှားရမ်းထားသော သူတပါးနှင့် ကြွေးကျန်မရှိသည့် ပြည့်တန်ဆာနှင့် ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရကံ မထိုက်ဟု စာရေးသူ ဆုံးဖြတ်မိပါသည်။

ဗုဒ္ဓဘာသာ သွန်သင်ဆုံးမချက်များနှင့် နှောင်းလူတို့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့အတွက် ဘာသာရေးကို ခုတုံးလုပ်၊ လိုရာဆွဲပြောသော ဟောပြောချက်များကို ခွဲခြားနားလည်နိုင်ကြပါစေ။

ကိုးကား။ http://sakarwarmyay.blogspot.com/2008/07/blog-post_09.html

http://www.venvicitta.com/2009/04/blog-post_26.html

Thursday, June 18, 2009

ထေရ၀ါဒဆိုသည်မှာ

ဂျေဂျူဝိုင် တွင် ဖော်ပြခဲ့သော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသောကြောင့် မူရင်းရေးသားသူ ခွင့်ပြုချက်ဖြင့် မူရင်းအာဘော်အတိုင်း (အနည်းငယ် တည်းဖြတ်၊ ဖြည့်စွက်ကာ) ပြန်လည်ဖော်ပြပါသည်။



ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်များကို ဒီအတိုင်း ဆက်လက်တည်မြဲသွားဖို့ ရည်ရွယ်ချက်နဲ့ ရှင်မဟာကဿပ ဦးဆောင်ကာ ပထမသင်္ဂါယနာတင်ပြီး သိပ်မကြာခင်မှာ ဗုဒ္ဓရဲ့ သာသနာဟာ နှစ်ပိုင်း ပိုင်းသွားခဲ့ပါတယ်။ တစ်ပိုင်းက

(၁) ပြောသံကြားဖြင့် အမှန်မယူရ။
(၂) အစဉ်အဆက်စကားဖြင့် အမှန်မယူရ။
(၃) ဤသို့ဖြစ်ဖူးသည် ဆိုကာမျှ အမှန်မယူရ။
(၄) စာပေနှင့်ညီညွတ်သည် ဆိုကာမျှ အမှန်မယူရ။
(၅) ကြံဆတွေးတောယူခြင်းဖြင့် အမှန်မယူရ။
(၆) နည်းမှီယူခြင်းမျှဖြင့် အမှန်မယူရ။
(၇) အခြင်းအရာကို နှစ်သက်သဖြင့် အမှန်မယူရ။
(၈) ငါ့အယူအဆနှင့်တူသည် ဆိုကာမျှ အမှန်မယူရ။
(၉) မှတ်သားထိုက်သည် ဆိုကာမျှ အမှန်မယူရ။
(၁၀) လေးစားထိုက်သူစကား ဆိုကာမျှ အမှန်မယူရ။ (ကာလမ သုတ္တံ)

ဆိုတဲ့ ဘုရားရှင်ရဲ့ စကားကိုယူပြီး သိပ္ပံနည်းကျတွေ သဘာဝယုတ္တိတွေနဲ့ ကိုက်ညီမှ လက်ခံမယ်ဆိုပြီး ဘုရားရှင်စာပေကို ပြုပြင်ရဲခဲ့ကြတယ်။

ဘုရားရှင်ရှိတုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။ အရိဋ္ဌရဟန်းနဲ့ ကဏ္ဋကသာမဏေတို့လေ။ ဘုရားရှင်က ပထမပါရာဇိကကို သတ်မှတ်တာ မဖြစ်နိုင်ဘူး။ ဒါဟာ ရဟန်းသံဃာတွေကို သက်သက်ညှင်းဆဲတာဖြစ်ပါတယ် လို့ ဘုရားရှင်ကို ပြန်လည် စွပ်စွဲခဲ့ကြတယ်။ သူတို့ ပြန်စွပ်စွဲတာလည်း သာဓက အခိုင်အလုံနဲ့ပဲ။ ဘုရားရှင် ရှိတုန်းမို့လို့သာပေါ့။ နို့မို့ဆို အဲဒီဝါဒဟာ ခုထက်ထိ ကျန်ပြီး လက်ခံသွားနိုင်တဲ့ အနေအထားထိ ခိုင်မာခဲ့ပါတယ်။

ဒါပေမယ့် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး နောက်ပိုင်း ပညာဂရုကပုဂ္ဂိုလ်တွေက ခေတ်နဲ့ မညီတာ သဘာဝမကျတာကို ကျပ်တည်း ကျဉ်းမြောင်းတဲ့ ပိဋကတ်တော်ထဲက ထုတ်နှုတ်ပြီး သူတို့ လိုတာကို ချန်ထားခဲ့တယ်။ တချို့တ၀က် မိမိ အယူအဆထည့်သွင်းတယ်။ ကာလနဲ့ လျှော်တဲ့ ဒေသနဲ့ ကိုက်ညီတဲ့ လူတိုင်း လက်ခံနိုင်တဲ့ လူပြိန်းနားလည်တဲ့ ခပ်လွယ်လွယ် ၀ါဒတွေကို မူလပိဋကတ်နဲ့ ညှိထုတ်တယ်။ လမ်းခွဲတယ်။ အဲဒီပုဂ္ဂိုလ်တွေက သာမာန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ပညာတတ်တွေ ပညာရှင်တွေ ဖြစ်ကြတယ်။ ဘယ်လိုပညာရှင်တွေလည်း ဆိုတော့ ဘုရားရှင်လည်း လူပဲ။ ငါတို့လည်းလူပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ လူတွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေ တွေးခေါ်လိုက်တာ ပိဋကတ်တော်စာတွေကလည်း ပိဋကတ်တော်နဲ့ မဆိုင်လောက်အောင် ကွဲထွက်သွားခဲ့ပါတယ်။

ဒီလိုလေ။ ဘုရားရှင်တောထွက်တော့ အတိတ်က သူငယ်ချင်းဟောင်း ဃဋိကာရဗြဟ္မာကြီးက သင်္ကန်းလာကပ်တယ် လို့ ဆိုပါစို့။ စာထဲမှာ လာတာတော့ ဟုတ်ပါတယ်၊ ခု ခင်ဗျား ဗြဟ္မာကြီး ဆိုတာ တွေ့ဖူးလား၊ အတိတ်က သူငယ်ချင်းဟောင်းဆိုတော့ ဂမ္ဘီရ၀တ္ထုလိုလို ဖြစ်နေတယ်၊ ရှေးရိုးဆန်လိုက်တဲ့ လူတွေ၊ ရှေးက ဒီစာရေးတာလည်း ပုထုဇဉ်ပဲ၊ ငါတို့လည်း ပုထုဇဉ်ပဲ၊ ရှေးစာရေးတဲ့လူက အတွေးတော်တော်လေး ခေါင်လို့ မတွေးတတ်လို့ ဗြဟ္မာ ဆိုတာ ထည့်လိုက်တာ၊ တကယ်တော့ တောပဲ၊ အိုးထိန်းသည်ပဲ ဖြစ်ရမယ်ပေါ့။ ဘုရားရှင် တာဝတိံသာကို ကြွတယ် တဲ့၊ တာဝတိံသာ ဆိုတာက ဘယ်နားမှာတုန်း၊ သိကြားမင်းဆိုတဲ့ သူကို ဘယ်သူမြင်ဖူးတုန်း၊ မြင်းမိုရ်တောင်တဲ့၊ အဓိပ္ပါယ်မရှိလိုက်ပုံ၊ ဒီကမ္ဘာမှာ ဟိမ၀န္တာတောင်ပဲ ရှိတာ ခင်ဗျားတို့ အသိသားနဲ့ စသဖြင့် ရှေးစာတတ်တွေဟာ မဖြစ်နိုင်တာတွေ ရေးထားတယ်၊ ဒါကြောင့် ပယ် စသဖြင့် ပယ်ရဲကြတယ်ပေါ့။

ဒီလိုသာ ဒီလောက သဘာဝနဲ့ တိုက်ယူနေမယ်ဆိုရင် ဈာန်အရာ၊ ကံအရာ၊ မဂ်ဉာဏ်အရာ၊ ဖိုလ်ဉာဏ်အရာတွေ ဘယ်ကျန်တော့မလဲ။ ဂုဏ်တော်တွေ ဘယ်ကျန်တော့မလဲ။ ငါးရာ့ငါးဆယ်တွေ ဓမ္မပဒတွေက ယုတ္တိစားလို့ ကုန်သွားမယ်။ ထေရ၀ါဒ သာသနာခုထိ မြဲနေတာက ဘုရားရှင်ဟောတဲ့ ဒေသနာကို ခုထက်ထိ မြဲမြဲ ဆုတ်ကိုင်ထားနိုင်လို့ပါပဲ။ ၀ါဒ တစ်ခု ပေါ်ပေါက်လာရင် ပါဠိတော် အဋ္ဌကထာနဲ့ညှိတယ်။ ရှုပ်ထွေးလာရင် မဟာပဒေသလေးပါးနဲ့ ညှိတယ်။ ၀ါဒ တစ်ခုကို တည်ထောင်ပြီဆိုရင် ကျမ်းဂန်အဆူဆူနဲ့ တိုက်ဆိုင်နိုင်ရမယ်။ ဟိုကျမ်းနဲ့ မငြိနဲ့။ ဒီကျမ်းနဲ့ မတိုက်နဲ့ လို့ ပြောလို့ မဖြစ်ဘူး။ (လိုချင်တာလေးပဲ ကွက်ယူလို့ မဖြစ်ဘူး။) ယုတ္တိယုတ္တာနဲ့ စစ်ချင်ပါတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မဟာယနလို့သာကြေငြာ ပေတော့။

ဒီတော့ ထေရ၀ါဒက မျက်ကန်းဝါဒလို ဖြစ်နေတယ်လို့ ပြောချင်ရင် ပြန်စဉ်းစားရမယ်။ ကျမ်းပြုပုဂ္ဂိုလ်ရဲ့ ဉာဏ်အဆင့်အတန်းနဲ့ ကိုယ့်ဉာဏ် အဆင့်အတန်း စိစစ်ရမယ်။ ကျမ်းပြု ပုဂ္ဂိုလ်ကို ဗုဒ္ဓဃောသလို့ ချီးကျူးထားတာက သူ့ကိုယ်သူ ချီးကျူးထားတာ မဟုတ်ဘူး။ လူတစ်ဦး တစ်ယောက်ရဲ့ အကူအညီနဲ့ ချီးကျူးထားတာလည်း မဟုတ်ဘူး။ ကျမ်းဂန်ကို ပုတ်ခတ်ခဲ့မယ် ဆိုရင် မကြာခင် သာသနာကွယ်ပါလိမ့်မယ်။ ကျမ်းဂန်ထဲက ကိုယ်လိုတာလေးကို ဆွဲထုတ်နေမယ် ဆိုရင် မကြာခင် သာသနာကွယ်ပါလိမ့်မယ်။

ဥပမာ…

ကန်ပေါင်ရိုးတစ်ခု ရေကာတာတစ်ခု ယိုပေါက်နေမယ်ဆိုရင် လက်ညိုးလေးလောက်ပဲ ဆိုပြီး ပစ်ထားလို့ မရသလို ထေရ၀ါဒမှာ အယူမှား အတွေးမှားတွေ ကျမ်းစာကို တစ်စိတ်တစ်ပိုင်း ဖြတ်ယူမှုတွေ ကျမ်းစာပယ်မှုတွေ ပေါ်ပေါက်လာရင် ဒီတိုင်း ပစ်ထားလို့ မရပါဘူး။ ကန်ပေါက်ရိုးတစ်ခု ရေကာတာတစ်ခုမှာ လက်ညိုးလောက် အပေါက်လေးဟာ တဖြည်းဖြည်း ကျယ်လာပြီး တိုက်စားမှုတွေ ကြီးလာမယ်။ နောက် ကန်ပေါင်ရိုးတွေ ကျိုးသွားမယ်။ အဲဒီလို ဆက်ကြည့်နေမယ်ဆိုရင် ကန်ထဲမှာ ရေကုန်သွားသလို ဗုဒ္ဓကျမ်းဂန်စစ်တွေ ပျောက်သွားမယ်။ ယုတ္တဗေဒနှင့် ညှိနှိုင်းရင်း သဘာဝယုတ္တိနှင့် ညှိနှိုင်းရင်း ယိုပေါက်တွေ များလာရာက သာသနာဟာ ဒီလူတွေ လက်ထက်မှာ ပျက်သွားလိမ့်မယ်။ သာသနာ့သမိုင်းကို ပြန်လိုက်တဲ့အခါ ဘယ်သူ့လက်ထက်တုန်းကပေါ့ လို့ သမိုင်းဆိုး မကျန်ရစ်ချင်ရင် သာသနာ့ အမှိုက်သရိုက်တွေကို ချက်ချင်းလက်ငင်းရှင်းသင့်ပါတယ်။ ပုဂံခေတ်တုန်းက လူတွေလည်း သူတို့သမိုင်းကျန်ရစ်ဖို့ဆိုပြီး စေတီတည်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာလာတော့ အားလုံးဟာ သမိုင်းဖြစ်သွားခဲ့တာပါ။

ဂျေဂျူဝိုင်

လောရှည် မှတ်ချက် ။ ။ ယခုအခါတွင် မြန်မာနိုင်ငံတွင် ပစ္စုပန္န ကမ္မ ဗုဒ္ဓ၀ါဒဟုခေါ်သော ဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခု ပေါ်ထွန်းနေသည်ဟု သိရပါသည်။ အဆိုပါ ဂိုဏ်းသည် ယခင်ရှိပြီး ဗုဒ္ဓဘာသာ ဂိုဏ်းများနှင့် ကွဲလွဲအောင် သင်္ဃန်းမိုးပြာရောင်ကို ဆင်မြန်းမည်ဟု ပြောသော်လည်း အချို့သော ဂိုဏ်းဝင်သံဃာများသည် ယနေ့ထက်တိုင် ထေရ၀ါဒ ဗုဒ္ဓဘာသာ သံဃာတို့ ၀တ်ဆင်သော သင်္ဃန်းကိုသာ ဆက်လက် ၀တ်ဆင်လျှက် ၄င်းတို့အယူအဆများဖြစ်သော သံသရာဆိုသည်မှာ စိတ်အတွင်းတွင်သာ ဖြစ်သည်၊ ငရဲဘုံ၊ နတ်ဘုံဆိုသည်မှာလဲ စိတ်အတွင်းပင်သာ ဖြစ်သည်၊ ဘ၀ကူးသည်ဆိုသည်မှာလဲ စိတ်အတွင်းတွင်သာ ကူးသည်။ သေပြီး ဆက်ဖြစ်၊ မဖြစ် ငါတို့မသိ၊ ၀ိပဿနာသည် ဘုရားဟောမဟုတ်၊ သာသနာပ ဈာန်အကျင့်နှင့် တူတူဖြစ်သည်၊ မလွန်ကျွံလျှင် သေရက်ကိုပင် မှီဝဲကောင်းသည်၊ သာသနာ့ဝန်ထမ်းသည်လဲ အိမ်ယာထူထောင်ကောင်းသည် စသည်တို့ကို ဟောပြောလျှက်ရှိကြောင်း ကြားသိရပါသည်။ မြန်မာဘာသာနှင့် ရေးသားထားသော ဗုဒ္ဓဘာသာ စာအုပ်၊ စာတမ်းတိုင်း ထေရ၀ါဒ မဟုတ်ကြောင်း၊ အချို့သော မဟာယနကျမ်းများကို ဘုံကျောင်းများမှ ဖြန့်ဝေရာတွင်နှင့် အထက်ဖော်ပြပါ ပစ္စုပန္န ကမ္မ ဗုဓ္ဒ၀ါဒ ကျမ်းစာစောင်များ အားလုံးကို မြန်မာလိုရေးသားထားပြီး တူညီသော ပီဋကတ်များကို မှီငြမ်းထားသဖြင့် လွယ်ကူစွာ ရောထွေးနိုင်ရာ ဗုဒ္ဓဆိုသော မြန်မာစာလုံးမြင်တိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ အယူအဆများ၊ ကျမ်းစာအုပ်များ မဟုတ်ကြောင်း စာရှုသူတို့ကို အလေးအမြတ် သတိပေးလိုက်ရပါသည်။