ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Thursday, August 27, 2009

အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး ၂

ကိန်းပြည့် X နှင့် Y တို့၏ မြှောက်လဒ် XY တွင်ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်သည် ကိန်းပြည့် X တွင် ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်နှင့် ကျန်ကိန်းပြည့် Y တွင် ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်တို့ မြှောက်လဒ်နှင့် တူညီကြောင်း အဖြေမှန် အမြန်ရွေး ပညာသင်ဆု ဘယ်မဝေး ၁ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခု ၄င်း ဂုဏ်သတ္တိ မှန်ကန်ကြောင်း သက်သေပြမည် ဖြစ်သည်။

သက်သေပြရန်။ ပေးထားသော ကိန်းပြည့်တစ်ခု Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n အတွက်

မှီချက် f(Z) = f(z0 + z1 + z2 + … + zn) if z0 + z1 + z2 + … + zn > 9;

f(Z) = z0 + z1 + z2 + … + zn otherwise ဖြစ်ပါစေ။ f(XY) = f(f(X).f(Y)) ဖြစ်သည်။

သက်သေပြချက်။

အစားသီဝရီ (Theory of Division a.k.a Procedure of Division) အရ မည်သည့်ကိန်းပြည့် Z ကိုမဆို Z = pq + r ပုံစံနဲ့ ဖေါ်ပြနိုင်ပါတယ် (Z၊ p၊ q နှင့် r တို့သည် ကိန်းပြည့်များဖြစ်၍ r သည် q ထက်အမြဲငယ်သည်)။ အဲဒီမှာ q = 9 လို့ ထားလိုက်ရင် မည်သည့် ကိန်းပြည့် Z ကိုမဆို Z = 9p + r အဖြစ် ရေးနိုင်ပါတယ်။ (အဲဒီ p နဲ့ r ဟာ Z ကို q နဲ့စားလို့ရတဲ့ စားလဒ်နဲ့ စားကြွင်းဖြစ်ပြီး r သည် 9 ထက်အမြဲငယ်ကြောင်း သတိပြုပါ။) အဲဒီတော့ ကိန်းပြည့် Z = 9p + r တိုင်းဟာ 9 နဲ့ စားရင် p ရပြီး r ကြွင်းပါတယ်။

ကိန်းပြည့် Z မှာပါတဲ့ ဂဏန်းတွေရဲ့ မူလတန်ဖိုးတွေအားလုံး ကိန်းတစ်လုံးထဲဖြစ်အောင် ပေါင်းတဲ့ ရလဒ် f(Z) ဟာ အဲဒီကိန်းပြည့် Z ကို 9 နဲ့စားလို့ရတဲ့ စားကြွင်း (Z mod 9) နဲ့ တူပါတယ် (9 ခုကြွင်း သက်သေပြချက်တွင် သက်သေပြပြီး)။ ဥပမာ၊ 834 ကို ပေါင်းကြည့်မယ်ဆိုရင် 8 + 3 + 4 = 15; 1 + 5 = 6 ရပြီးတော့ 834 ကို 9 နဲ့ စားမယ်ဆိုရင် (စားလဒ်က 92) စားကြွင်းက 6 ရပါမယ်။ ဒါကြောင့် f(Z) = Z mod 9.

X = 9a + b ၊ Y = 9c + d ဖြစ်ပါစေ။

XY = (9a + b)(9c + d)

ညီမျှခြင်း၏ လက်ယာဘက်ခြမ်းမှာ …

f(XY) = f((9a + b)(9c + d))

= f(81ac + 9ad + 9bc + bd)

= (81ac + 9ad + 9bc + bd) mod 9

သို့သော် 81ac mod 9 = 0; 9ad mod 9 = 0; 9bc mod 9 = 0 ဖြစ်သဖြင့်

f(XY) = (81ac + 9ad + 9bc + bd) mod 9 = bd mod 9

ညီမျှခြင်း၏ လက်ဝဲဘက်ခြမ်းမှာ …

f(f(X).f(Y)) = f(f(9a + b).f(9c + d))

= f(bd) = bd mod 9

ညီမျှခြင်း၏ လက်ဝဲဘက်ခြမ်းနှင့် လက်ယာဘက်ခြမ်းတို့ တူညီကြသဖြင့် f(XY) = f(f(X).f(Y)) ဖြစ်ပါသည်။

အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး ၁

လာပြီ။ မေးခွန်း ...

၅၆ ၇၈၃၉ × ၈၃ ၆၄၈၃ =

(က) ၄၃၈၈ ၅၄၂၀ ၉၈၄၇

(ခ) ၅၀၇၈ ၉၈၇၃ ၄၉၈၃

(ဂ) ၄၇၄၉ ၈၇၆၇ ၀၂၃၇

(ဃ) ၃၇၈၂ ၃၉၉၉ ၈၇၂၃

နိုင်ငံရပ်ခြား တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားရန်နှင့် ပညာသင်ဆု လျှောက်ထားရန်အတွက် လိုအပ်တတ်သော (SAT ကဲ့သို့သော စာမေးပွဲများ၏) သင်္ချာစာမေးပွဲ မေးခွန်းလွှာများတွင် ဤကဲ့သို့မေးခွန်းမျိုး ပါလေ့ရှိသည်။ ဂဏန်းတွက်စက် အသုံးပြုခွင့်ပေးသော်လည်း အချိန် အကန့်အသတ်ရှိတတ်သော ထိုစာမေးပွဲများတွင် ပုစ္ဆာတစ်ပုဒ်အတွက် ပျမ်းမျှ မိနစ်ဝက်ခန့်သာ အချိန်ရရာ ယခုကဲ့သို့သော ပုစ္ဆာမျိုးကို ဂဏန်းတွက်စက်ဖြင့် အဖြေရှာပါက အချိန်မမီပဲ ဖြစ်တတ်လေသည်။

အမှန်မှာ ဤကဲ့သို့သော ပုစ္ဆာမျိုးကို ဖြေဆိုရန်အတွက် အဖြေရအောင် တွက်ထုတ်ရန် အရေးမကြီးပါ။ ပေးထားသော အဖြေ ၄ ခုအနက် အဖြေမှန် ၁ ခုကိုသာ ရွေးထုတ်နိုင်ရန် အရေးကြီးသဖြင့် ဖြတ်လမ်းနည်းများဖြင့် ဤပုစ္ဆာကို ဖြေရှင်းနိုင်ရန် ကြိုးစားနိုင်ပါသည်။

ဖြတ်လမ်းနည်း (၁) အနီးဆုံးယူပြီး တွက်ရန်

၅၆ ၇၈၃၉ ကို ၅၀ ၀၀၀၀၊ ၈၃ ၆၄၈၃ ကို ၈၀ ၀၀၀၀ ဟု အနီးဆုံး ယူလိုက်မည်။ ၄င်းတို့ ၂ လုံးမှာ နောက်တွင် သုညများပါသဖြင့် မြှောက်ရလွယ်ပါသည်။ ၅ ကို ၈ နှင့် မြှောက်လိုက်ရာ ၄၀ ဟု ထွက်လာသည်။ ၅၀ ၀၀၀၀ တွင် သုည ၅ လုံး၊ ၈၀ ၀၀၀၀ တွင် သုည ၅ လုံး၊ ပေါင်း ၁၀ လုံးပါသဖြင့် အဖြေမှန်သည် ၄၀၀၀ ၀၀၀၀ ၀၀၀၀ (၄၀ နောက်တွင် သုည ၁၀ လုံးဖြည့်ထားသော ဂဏန်း) ထက်မနည်းကြောင်း ခန့်မှန်းနိုင်သည်။ သို့ဖြစ်၍ (က)၊ (ခ) နှင့် (ဂ) တစ်ခုခုသည် အဖြေမှန်ဖြစ်သည်။ မှားလျှင် အမှတ်နှုတ်တတ်သော စာမေးပွဲဖြစ်ပါက (SAT တွင် Minus System ပါမပါ မသေချာပါ) နံကြားထောက်ဖြည့်လျှင် ရှိသမျှ အမှတ်ကုန်သွားနိုင်ရာ သိပ်မနိပ်သော နည်းလမ်းဖြစ်သည်။

ဤနေရာတွင် တစ်ခု သတိပြုရန်မှာ အနီးဆုံးယူတာ ပိုမိုတိကျလျှင် အဖြေမှားများကို ဖယ်ထုတ်နိုင်စွမ်း ပိုကောင်းလာမည်ဖြစ်သည်။ အထက်ပါ ဥပမာတွင် ၅၆ ၇၈၃၉ ကို ၅၆ ၀၀၀၀၊ ၈၃ ၆၄၈၃ ကို ၈၃ ၀၀၀၀ ဟု အနီးဆုံး ယူလိုက်မည်ဆိုပါက အဖြေမှန်သည် ၄၆၄၈ ၀၀၀၀ ၀၀၀၀ ထက်မနည်းဟု ခန့်မှန်းနိုင်မည်ဖြစ်ပြီး ဖြစ်နိုင်သည့် အဖြေမှန် ၂ ခု (ခ နှင့် ဂ) သာ ကျန်နေမည်ဖြစ်သည်။ တွက်ချက်မှုအတွက် ကြာမြင့်ချိန် အနည်းငယ် တိုးလာသော်လည်း ရမ်းဖြေလိုက်ပါက ဖြစ်တန်စွမ်းသီဝရီ အရကြည့်လျှင် မဖြေတတ်သဖြင့် ဘဲဥကိုက်ရန် သေချာနေသော ပုစ္ဆာ ၂ ပုဒ်တိုင်းတွင် ၁ ပုဒ် မှန်မှာ သေချာသဖြင့် (မှားလျှင် နှုတ်သောအမှတ်သည် မှန်လျှင်ပေးသော အမှတ်ထက် နည်းနေပါက) သိပ်မဆိုးလှသော နည်းလမ်းဖြစ်သည်။

ဖြတ်လမ်းနည်း (၂) နေရာလိုက်တန်ဖိုး၏ ဂုဏ်သတ္တိကို အသုံးချရန်

ဒုတိယနည်းလမ်းမှာ နေရာလိုက်တန်ဖိုး၏ ဂုဏ်သတ္တိကို အသုံးချရန်ဖြစ်သည်။ မည်မျှကြီးသော ကိန်းများကို မြှောက်မြှောက် ရလဒ်၏ ခုနေရာရှိ ဂဏန်းမှာ မူလကိန်း ၂ လုံး၏ ခုနေရာရှိ ဂဏန်း ၂ လုံး မြှောက်လဒ်သာလျှင် ဖြစ်သည်။ (ဆယ်ဂဏန်းမှစ၍ ဂဏန်းများ ချပေါင်းရန် လိုပါမည်။) ယခု ဥပမာတွင် ၅၆ ၇၈၃၉ ၏ ခုနေရာရှိ ဂဏန်းမှာ ၉၊ ၈၃ ၆၄၈၃ ၏ ခုနေရာရှိ ဂဏန်းမှာ ၃ ဖြစ်ရာ ၄င်းတို့ မြှောက်လဒ်၏ ခုနေရာရှိ ဂဏန်းမှာ (၉ × ၃ = ၂၇ ဖြစ်သဖြင့်) ၇ သာလျှင် ဖြစ်ရမည်၊ တနည်းအားဖြင့် အဖြေမှန်သည် ၇ နှင့် ဆုံးရမည်။ ၇ နှင့် ဆုံးသော အဖြေမှာ (က) နှင့် (ဂ) သာရှိရာ အထက်ပါ နည်းလမ်းနှင့် ပူးတွဲစဉ်းစားပါက အဖြေမှန်သည် (ဂ) ဟု ထင်ထင်ရှားရှား ထွက်လာတော့သည်။

ဖြတ်လမ်းနည်း (၃) အစားသီဝရီနှင့် ၉ ကြွင်းရှာနည်းကို ပေါင်းစပ် အသုံးပြုခြင်း

အင်မတန်မှ ရက်စက်တတ်တဲ့ မေးခွန်းထုတ်သူဟာ အဖြေအားလုံးကို ၄၆၄၈ နဲ့စပြီး ၇ နဲ့ အဆုံးသတ်ထားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမေးခွန်းရဲ့ အဓိက ဦးတည်ချက်ဟာ ဂဏန်းမြှောက်တတ်/မတတ်ကို စစ်ဆေးဖို့ မဟုတ်ပဲ ဖြေဆိုသူဟာ သင်္ချာ ဂုဏ်သတ္တိများကို ကျင်ကျင်လည်လည် လှည့်ပတ် အသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးဖို့ ဖြစ်နေတာကြောင့်ပါပဲ။ ဒီနေရာမှာ နောက်တမျိုး စမ်းကြည့်သင့်တာကတော့ အစားသီဝရီနဲ့ ၉ ကြွင်းရှာနည်းတို့ပဲ ဖြစ်ပါတယ်။

နာမည်ကို ဖတ်ပြီး လန့်မသွားပါနဲ့လေ။ နည်းလမ်းက လွယ်လွယ်လေးပါ။

ပထမဆုံး ၅၆ ၇၈၃၉ နဲ့ ၈၃ ၆၄၈၃ တို့ကို တစ်လုံးတည်းဖြစ်အောင် ပေါင်းပါ။ (နောက်တနည်း - ၉ ပြည့်အောင် တွဲတွဲပြီး ကျန်တာလေးတွေ ပေါင်းလဲ ရတယ်။)

၅ + ၆ + ၇ + ၈ + ၃ + ၉ = ၃၈

၃ + ၈ = ၁၁

၁ + ၁ = ၂

၈ + ၃ + ၆ + ၄ + ၈ + ၃ = ၃၂

၃ + ၂ = ၅

နောက်ပြီး အဲဒီ ပေါင်းလဒ် ၂ ခုကို မြှောက်ပါ

၂ × ၅ = ၁၀

ရလဒ်ကို တစ်လုံးထည်းဖြစ်အောင် ထပ်ပေါင်းပါဦး။

၁ + ၀ = ၁

အဖြေတွေကိုလဲ တစ်လုံးတည်းဖြစ်အောင် ပေါင်းကြည့်ပါ။

(က) ၄၃၈၈ ၅၄၂၀ ၉၈၄၇ ကို ပေါင်းတော့ ၈ ရတယ်။

(ခ) ၅၀၇၈ ၉၈၇၃ ၄၉၈၃ ကို ပေါင်းတော့ ၈ ရတယ်။

(ဂ) ၄၇၄၉ ၈၇၆၇ ၀၂၃၇ ကို ပေါင်းတော့ ၁ ရတယ်။

(ဃ) ၃၇၈၂ ၃၉၉၉ ၈၇၂၃ ကို ပေါင်းတော့ ၇ ရတယ်။

စောစောက မြှောက်ပြီး ပေါင်းထားတဲ့ (၂ × ၅ = ၁၀၊ ၁ + ၀ = ၁) ၁ နဲ့တူတဲ့ (ဂ) ကိုရွေးလိုက်ရုံပါပဲ။

နည်းလမ်းပဲ သိချင်သူများ ဒီနေရာမှာတင် ရပ်နိုင်ပါပြီ။ သက်သေပြချက်ကို သိချင်သူများ၊ ဒီလို ပေါင်းလိုက် မြှောက်လိုက်ရုံနဲ့ အဖြေမှန် တိုက်စစ်တာ အမြဲမှန်နေပါ့မလား၊ စာမေးပွဲနော် ပေါ့ပျက်ပျက် မလုပ်နဲ့လို့ ဆိုချင်သူများ သက်သေပြချက်ကို အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး အပိုင်း ၂ တွင် ဆက်ဖတ်ပါ။

9 ခုကြွင်း သက်သေပြချက်

ကိန်းပြည့်တစ်လုံး (ဥပမာ 837) ကို 9 နှင့် စား၍ ပြတ်/မပြတ် သိနိုင်ရန်အတွက် တကယ် စားကြည့်ရန် မလိုအပ်ပဲ ၄င်း ကိန်းပြည့်တွင် ပါဝင်သော ဂဏန်းများ၏ ပကတိတန်ဖိုးများ ပေါင်းလဒ်ကို 9 နှင့် စားလို့ ပြတ်/မပြတ် စစ်ဆေးခြင်းဖြင့် သိနိုင်ကြောင်း (ဥပမာ 8 + 3 + 7 = 18 ဖြစ်ရာ 837 သည် 9 နှင့်စား၍ ပြတ်သည်) အခြေခံပညာတန်းတွင် သင်ကြား သိရှိပြီး ဖြစ်သည်။ သို့ရာတွင် ၄င်းသီဝရီ မှန်ကန်ကြောင်း သက်သေပြချက်ကို လူအများ သိရှိမှု နည်းပါးသဖြင့် ရေးသား တင်ပြအပ်ပါသည်။

သက်သေပြရန်။

ပေးထားသော ကိန်းပြည့်တစ်ခု Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n အတွက်

မှီချက် f(Z) = f(z0 + z1 + z2 + … + zn) if z0 + z1 + z2 + … + zn > 9;

f(Z) = z0 + z1 + z2 + … + zn otherwise ဖြစ်ပါစေ။ Z mod 9 = f(Z) ဖြစ်ကြောင်း သက်သေပြပါ။

သက်သေပြချက်။

အစားသီဝရီ (Theory of Division a.k.a Procedure of Division) အရ မည်သည့်ကိန်းပြည့် Z ကိုမဆို Z = pq + r ပုံစံဖြင့် ဖေါ်ပြနိုင်ပါသည် (Z၊ p၊ q နှင့် r တို့သည် ကိန်းပြည့်များဖြစ်၍ r သည် q ထက်အမြဲငယ်သည်)။ ဤနေရာတွင် q = 9 ဖြစ်လျှင် မည်သည့်ကိန်းပြည့် Z ကိုမဆို Z = 9p + r အဖြစ် ပြောင်းရေးနိုင်သည်။ (၄င်း p နဲ့ r တို့သည် Z ကို q နှင့် စားလို့ရသည့် စားလဒ်နဲ့ စားကြွင်းဖြစ်ပြီး r သည် 9 ထက် အမြဲငယ်ကြောင်း သတိပြုပါ။) ထို့ကြောင့် ကိန်းပြည့် Z = 9p + r တိုင်းကို 9 နှင့် စားလျှင် p ရပြီး r ကြွင်းသည်။

မည်သည့် အပေါင်းကိန်းပြည့် k အတွက်မဆို 10k = 9 × 100 + 9 × 101 + … + 9 * 10k-1 + 1 ဖြစ်သည်။ 9 ကို ဘုံထုတ်လျှင် 10k = 9(100 + 101 + … + 10k-1) + 1 ဟုရလာမည်။

မှီချက် g(0) = 0; g(k) = 100 + 101 + … + 10k-1 ဖြစ်ပါစေ။ 10k = 9g(k) + 1 ဖြစ်မည်။

Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n

= z0 (9g(0) + 1) + z1 × (9g(1) + 1)
+ z2 × (9g(2) + 1) + … + zn × (9g(n) + 1)

= 9g(0)z0 + z0 + 9g(1)z1 + z1
+ 9g(2)z2 + z2 + … + 9g(n)zn + zn

= 9 (g(0)z0 + 9g(1)z1 + 9g(2)z2 + … + 9g(n)zn) + z0 + z1
+ z2 + … + zn

z' = z0 + z1
+ z2 + … + zn ဖြစ်ပါစေ။

ကိန်းပြည့် Z ကို 9 နှင့် စားလျှင် ရသည့် စားကြွင်းနှင့် z' ကို 9 နှင့်စားရင် ရသည့် စားကြွင်းတို့ အတူတူပဲ ဖြစ်ပါသည်။ တနည်းအားဖြင့် z' သည် 9 ထက်ငယ်ပါက Z ကို 9 နှင့်စားလျှင် ရတဲ့ စားကြွင်း Z mod 9 = z' ဖြစ်ပြီး z' သည် 9 ထက် မငယ်ရင်တော့ Z mod 9 = z' mod 9 ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ z' သည် Z ထက် ငယ်ကိုငယ်သည်။ အဘယ်ကြောင့်ဆိုသော် ခုဂဏန်း n လုံးပေါင်းခြင်းသည် 9n ထက် ပိုမကြီးနိုင်ပဲ 9n သည် 10n ထက် ငယ်ကိုငယ်သောကြောင့် (အပေါင်းကိန်းပြည့် n တိုင်းအတွက် 10n သည် 10n ထက်မငယ်လျှင်ပင် တူနေသည်) ဖြစ်သည်။

ထို့ကြောင့် ကိန်းပြည့် Z ကို 9 ဖြင့်စားလျှင် ရမည့် စားကြွင်း = Z mod 9 = h(Z) = z' if z' < 9; h(z') otherwise; ဟူ၍ တပတ်လည် မှီချက် recursive function hကို အသုံးပြုကာ စားကြွင်း Z mod 9 ကိုရှာခြင်းသည် တချိန်ချိန်တွင် စုဆုံ (converge) မည်မှာ မုချဖြစ်ကြောင်း သိနိုင်သည်။

သို့ရာတွင် မှီချက် h= f ပင် ဖြစ်သဖြင့် f(Z) = Z mod 9 ဖြစ်ပါသည်။

Saturday, August 15, 2009

ရှေးထုံးလဲ ပယ်မှ

Dilbert.com

အင်ဂျင်နုယဉ်က ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ နည်းပညာကို ကုမ္ပဏီအတွက် ဖန်တီးတီထွင်ပေးတာတောင်မှ အကာနဲ့အနှစ်ခွဲခြား မသိလောက်အောင် တုံးအပြီး ညံ့ဖျင်းတဲ့ မန်နေဂျာက အ၀တ်အစား နည်းနည်းလေး တောက်ပြောင်နေတာကိုပဲ အပြစ်ပြောနေတဲ့အတွက် ပညာရှင် (အင်ဂျင်နုယဉ်) က စိတ်ပေါက်ပေါက်နဲ့ ဆော်ပလော်တီးပစ်လိုက်တာပဲ ဖြစ်ပါတယ်။

လူမှုရေး၊ စီးပွားရေး အဖွဲ့အစည်းတွေမှာ အဓိက ဦးတည်ချက်က သက်ဆိုင်ရာ အဖွဲ့အစည်း စည်ပင်ရှင်သန် တိုးတက်ရေးပဲ ဖြစ်ပါတယ်။ အဲဒီ တိုးတက်မှုကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ ပညာရှင်တွေကပဲ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဟယ် ... ပညာရှင်က ရှေးထုံးတွေကို မလိုက်နာလို့၊ ပညာရှင်က ယဉ်ကျေးမှုနဲ့ လျော်ညီအောင် မ၀တ်ဆင်လို့၊ ပညာရှင်က ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုတဲ့ လုပ်ငန်းနဲ့ မဆိုင်တဲ့ အကြောင်းတွေပြပြီး ပညာရှင်ကို အဖွဲ့အစည်း အတွင်းက ကန်ထုတ်ရင် အဲဒီ အဖွဲ့အစည်းပဲ မတိုးတက်ပဲ ခေတ်နောက်ကျ အောက်ကျနောက်ကျ ဖြစ်ကျန်ခဲ့မှာပါ။

ဒါကြောင့် ရှေးထုံးလဲ (ပယ်ဖို့လိုလာရင်) ပယ်မှ။

Thursday, August 13, 2009

ပရောဟိတ်နှင့် ဟောကိန်း

ရှေးတုန်းက ရှင်ဘုရင်တွေက ဥာဏ်အမြော်အမြင်ကြီးသူတွေ၊ အသက်အရွယ်ကြီးလို့ အတွေ့အကြုံ ရင့်ကျက်သူတွေ၊ ရှေ့ဖြစ်နောက်ဖြစ် (ကိုတနည်းနည်းနဲ့) ဟောပြောနိုင်သူတွေကို ပရောဟိတ်တွေအဖြစ် ခန့်အပ်ထားပြီး အကြံဥာဏ်တွေ ရယူခဲ့ပါတယ်။ အနာဂါတ်ကို မြော်မြင်နိုင်မှု၊ မှန်ကန်စွာ ဟောကိန်းထုတ်နိုင်မှုတွေဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်မက်ရေးရာတွေမှာ အရှုံးအနိုင်ကို မကြာခဏ ဆုံးဖြတ်ပေးသွားတတ်ပါတယ်။ 

၂၀၀၉ ခု မတ်လအတွင်းက ခိုးကူးပြဿနာ ကျယ်ကျယ်လောင်လောင် ဖြစ်လာတာနဲ့ ပတ်သက်ပြီး DJ Wine နဲ့ DJ Khun တို့နဲ့ စာရေးသူ အလွတ်သဘော ဆွေးနွေးရာမှာ ခိုးကူးကို ပြဿနာအဖြစ် မမြင်ပဲ အခွင့်အလမ်းသစ်တစ်ရပ်အဖြစ် မြင်နိုင်ဖို့၊ ယခင်က သုံးစွဲခဲ့တဲ့ ကာဗာကဒ်စနစ်ကို သုံးစွဲဖို့ ဝေဖန် အကြံပြုခဲ့ပါတယ်။ ဒီသဘောတရားကို ဂီတအစည်းအရုံးထံ DJ Wine က ထပ်ဆင့် တင်ပြပေးမယ်ပြောလို့ ဆွေးနွေးမှု မှတ်တမ်းအကျဉ်းချုပ်ကို လျှပ်စစ်စာလွှာနဲ့ DJ Wine၊ DJ Khun နဲ့ လောကအလှမဂ္ဂဇင်းတို့ကို ပေးပို့ခဲ့ရာ (DJ Wine က ဂီတအစည်းအရုံးကို တင်ပြ၊ မပြ မသိသော်လည်း) လောကအလှမဂ္ဂဇင်းက ခိုးကူးဟာ ဂီတပညာရှင် လက်သစ်တွေအတွက် မဟာအခွင့်အလမ်း အမည်ရှိဆောင်းပါးနဲ့ အင်တာနက် စာမျက်နှာပေါ်ကို တင်ပြပေးခဲ့ပါတယ်။

ဒီနေ့ သတင်းတွေ လျှောက်လှန်ကြည့်တော့ လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော် VCD ကို ကာဗာကဒ်စနစ်နဲ့ ဖြန့်ချိတယ်လို့ ကြားသိရတာမို့ ဟောကိန်းမှန်တဲ့ ပရောဟိတ်လိုပဲ ပီတိဖြစ်ရပါကြောင်းနဲ့ ဒီထက် ပိုမို ကြီးကျယ်တဲ့ ပြဿနာ၊ အရှုပ်အထွေး၊ လမ်းကြောင်းတွေကိုလဲ ဟောကိန်းမှန်မှန် ထုတ်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ တွေးမိကြောင်း ဥဒါန်းကျူးလိုက်ရပါတယ် ...

Sunday, August 9, 2009

Quick Sort ကို အသုံးပြုပြီး Sorting စီခြင်း

လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

ကွန်ပျူတာ သိပ္ပံ (Computer Science) လေ့လာသူတွေနဲ့ သတင်းနည်းပညာ (IT) လေ့လာသူတွေအတွက် အစီအစဉ်ဆွဲနည်း (Programming) သင်ခန်းစာတွေမှာ မပါမဖြစ်ကတော့ အချက်အလက်များကို စီခြင်း (Sorting) အစီအစဉ်ပါပဲ။ Sorting စီတဲ့ နည်းလမ်းစဉ် (Algorithm) အမျိုးပေါင်း မြောက်များစွာ ရှိတဲ့အထဲက Bubble Sort, Counting Sort, Insertion Sort, Selection Sort နဲ့ Quick Sort တို့ဟာ ထင်ရှားပါတယ်။ (စာရေးသူ အကြိုက်ဆုံးကတော့ Selection Sort ဖြစ်ပြီး အကြောင်းရင်းကတော့ နားလည်ရလွယ်လွန်းလို့ ဖြစ်ပါတယ်။) ဒါပေမဲ့ လက်တွေ့ဘ၀မှာ အသုံးဝင်တာကတော့ နားလည်ရခက်၊ ရေးရတာ လက်ဝင်တဲ့ Quick Sort လေ။ ရေးလိုက်ကြတဲ့ အစီအစဉ်တွေတိုင်းမှာ စီစရာ (object, data type) တစ်မျိုး ပေါ်လာတိုင်း Quick Sort ကို တစ်ခါ ထထ ရေးရမယ် ဆိုတာကတော့ လွန်လွန်းပါတယ်။ ဒါကြောင့် C/C++ စံသတ်မှတ်ချက်မှာ Array အားလုံးကို စီနိုင်ဖို့ qsort ဆိုတဲ့ function ပါနေတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဲဒီ qsort ကို အသုံးပြုနည်းကို ရေးသားပေးမှာ ဖြစ်ပါတယ်။

qsort ရဲ့ သတ်မှတ်ချက်မှာ အစီအစဉ်ရေးသားသူ (programmer) ဒါမှမဟုတ် ကုဒ်ဒါကို ခြိမ်းခြောက်နေတာကတော့ pointer တွေပါပဲ။ ရိုးရိုး Data Pointer တွေတင်မကပဲ Function Pointer ကြီးပါ ပါနေတော့ Pointer ဆိုရင် ကျောစိမ့်နေကြလူတွေ လန့်ကုန်တာ မဆန်းပါဘူး။ ဒါပေမဲ့ အကျောသိရင် လွယ်လွယ်ကလေးပါ။ qsort ရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်ကို အရင်ကြည့်ရအောင်နော်။

void qsort ( void * base, size_t num, size_t size, int ( * comparator ) ( const void *, const void * ) );

ပထမဆုံး return type ကတော့ ဒီ function ဟာ return မပြန်ပါဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ပေးလိုက်တဲ့ array ကို စီပဲ စီပေးမယ်။ ဘာ ဂဏန်းမှ တွက်ပြီး အဖြေမထုတ်ပေးပါဘူးပေါ့။

ပထမဆုံး parameter က စီရမဲ့ array ရဲ့ ပထမဆုံးအကွက်ရဲ့ လိပ်စာ (address) ပါ။ အများကြောက်တဲ့ pointer ပေါ့။ Array အားလုံးဟာ Fix Pointer တွေ ဖြစ်တဲ့အတွက် စိတ်ချလက်ချပဲ array name ကို ဖြည့်လိုက်လို့ရပါတယ်။

ဒုတိယ parameter ကတော့ Array ရဲ့ အရွယ်အစား (size) ဖြစ်ပါတယ်။ C/C++ မှာ Array ရဲ့ size ကို compile-time/run-time check မလုပ်ပဲ ကုဒ်ဒါကပဲ အမြဲ ကိုင်တွယ် ကြီးကြပ်ရတာမို့ ဒါကို ထည့်ပေးရတာပါ။ နို့မို့ရင် ဘယ်နှခု စီရမလဲ မသိပဲ ဖြစ်နေမယ်လေ။ ကိုယ့် Array မှာ Element ၁၀ ခုပါရင် 10 လို့ထည့်ပေါ့။ Variable တစ်ခုခု ထည့်လို့လဲ ရပါတယ်။

တတိယ parameter ကတော့ စီချင်တဲ့ Array Element တစ်ခုချင်းရဲ့ အရွယ်အစားပေါ့။ အဲဒါမှ အဲဒီ မှတ်ဥာဏ်တုံးကြီး (memory block) တွေကို ရွှေ့လို့ရမယ်လေ။ ဒါလဲ မခက်ပါဘူး။ sizeof(element) လို့ ပေးလိုက်ရင်ရပါတယ်။

စတုတ္ထနဲ့ နောက်ဆုံး parameter ကတော့ နည်းနည်း ရှင်းပြရ လက်ဝင်ပါတယ်။ ဒါဟာ Function Pointer ကြီးဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ Element တွေကို နှိုင်းယှဉ်ချင်ရင် ဒီ Function နဲ့ တွက်ဆိုပြီး ပြောရတဲ့ သဘောပါ။ (နောက်တမျိုးပြောရရင် အဲဒီ Function ကြီးကို qsort ကနေ လှမ်းခေါ်မှာ ဖြစ်ပါတယ်။ အဲဒီ Function ကြီးက qsort ဆီကို ရှေ့ကကောင်က ငယ်ရင် အနှုတ်ကိန်း၊ တူရင် သုည၊ ကြီးရင် အပေါင်းကိန်း တစ်ခုခု return ပြန်ရပါမယ်။) အဲဒီ Function ကြီးရဲ့ ပုံစံကလဲ

int function_name(const void* a, const void* b);

ပဲဖြစ်ရပါမယ်။ ပိုနားလည်လွယ်အောင် ဥပမာလေးနဲ့ ကြည့်ရအောင်နော်။

ဥပမာ ၀န်ထမ်းတွေကို လစာ အများဆုံးကနေ အနည်းဆုံးကို စီပြီးသား အစီရင်ခံစာထုတ်ပေးတဲ့ အစီအစဉ်ကို လိုချင်တယ်။ တကယ်လို့ လစာတူနေရင် လုပ်သက်ရင့်တဲ့လူကို ရှေ့မှာ ထားချင်တယ် ဆိုပါစို့။ ဒါဆိုရင် ၀န်ထမ်းတွေရဲ့ အချက်အလက်တွေကို သိမ်းဖို့ class တစ်ခု ဆောက်ရပါမယ်။

class employee{

    int experience;     //in year

    float salary;    //in kyat

    /* Blar Blar Blar */

    public:

        bool operator < (employee &e)    {

            If(this->salary == e.salary) return (this->experience < e.experience);

            else return (this->salary < e.salary);

        }

        void my_emp_function(void) { }

        /* More Blar Blar Blar */

};

ပေါ့။ အဲဒီ Class မှာ လစာရယ်၊ လုပ်သက်ရယ်က Private Member တွေ ဖြစ်ပြီးတော့ အပြင်ကနေ ၀န်ထမ်းတွေကို နှိုင်းယှဉ်နိုင်ဖို့ operator '<' ကို overload လုပ်ထားတဲ့ Function တစ်ခုပါပါတယ်။ ဒါပေမဲ့ qsort ထဲကို အဲဒီ function ကို ထည့်လိုက်လို့မရတဲ့အတွက် (qsort က လိုချင်တဲ့ ပုံစံနဲ့ operator '<' ရဲ့ ပုံစံ Syntax မတူတဲ့အတွက်) qsort အတွက် Function ကို ဒီလိုရေးရပါမယ်။

int employee_comparer(const void* a, const void* b) {

    employee *temp_e = (employee*) a;        //type cast from void*

    employee *temp_f = (employee*) b;        //to employee*

    if((*temp_e) < (*temp_f)) return -1;

        else return 1;    

}

ရေးထားတဲ့ Function ရဲ့ ပထမ ၂ ကြောင်းကတော့ ဘာ type information မှမပါပဲ qsort က ရမ်းသန်းမှန်းသန်း ပို့လွှတ်လိုက်တဲ့ Pointer ၂ ခုကို employee Pointer ဖြစ်အောင် ပြောင်းယူတာပါ။ အဲဒီမှာ တချက်သတိထားဖို့က အဲဒီလို ပြောင်းယူပြီးတာတောင် temp_e နဲ့ temp_f က Pointer ပဲ ရှိပါသေးတယ်။ ဒါကြောင့် သူတို့ကို သုံးတဲ့အခါမှာ Data of လို့ အဓိပ္ပါယ်ရတဲ့ '*' လေးကို အမြဲထည့်ရပါမယ်။ (တကယ်လို့ သူတို့ထဲက function တွေ ခေါ်မယ်ဆိုရင်လဲ operator '.' ကို မသုံးပဲ operator '->' ကို ဒီလိုလေး temp_e->my_emp_function() ဆိုပြီးတော့ သုံးပေးရပါမယ်။) အဲဒီ '*' လေးကို ထည့်ပြီး operator '>' နဲ့ နှိုင်းယှဉ်လို့ရလာတဲ့ အဖြေပေါ်မူတည်ပြီး -1 သို့မဟုတ် +1 ကို qsort အတွက် return ပြန်ပေးလိုက်ရပါမယ်။

ဒီ Function လေးရေးလို့ အချိုးပြေသွားပြီဆိုရင်တော့ qsort ကို စိတ်အေးချမ်းသာ အသုံးပြုနိုင်ပါပြီ။ (employee ရဲ့ private member တွေကို accessor method တွေကနေတဆင့် ခေါ်ထားတာ သတိပြုပါ။ တကယ်တမ်း ရေးတဲ့အခါကျတော့ သတိလက်လွတ် ဒီတိုင်း ရေးမိတတ်ပါတယ်။ အဲဒီလိုရေးချင်ရင်တော့လဲ friend လုပ်လိုက်ပေါ့ဗျာ၊ နော။) အောက်မှာက main Function ပါ။

/* preprocessor Yada Yada Yada */

void main(void)

{

    employee myEmployeeArray[NUM_OF_EMPLOYEE];

    /* input data into myEmployeeArray */

    qsort(myEmployeeArray, NUM_OF_EMPLOYEE, sizeof(employee), employee_comparer);

    /* output sorted myEmployeeArray */

}

qsort ကို လွယ်လွယ်ခေါ်ပြီး ကုဒ်ဒါအပေါင်း သက်သာကြပါစေကြောင်း …

စာရေးသူ ရေးသားစမ်းသပ်ထားသော Code ကို ရယူရန်