ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts

Thursday, August 13, 2009

ပရောဟိတ်နှင့် ဟောကိန်း

ရှေးတုန်းက ရှင်ဘုရင်တွေက ဥာဏ်အမြော်အမြင်ကြီးသူတွေ၊ အသက်အရွယ်ကြီးလို့ အတွေ့အကြုံ ရင့်ကျက်သူတွေ၊ ရှေ့ဖြစ်နောက်ဖြစ် (ကိုတနည်းနည်းနဲ့) ဟောပြောနိုင်သူတွေကို ပရောဟိတ်တွေအဖြစ် ခန့်အပ်ထားပြီး အကြံဥာဏ်တွေ ရယူခဲ့ပါတယ်။ အနာဂါတ်ကို မြော်မြင်နိုင်မှု၊ မှန်ကန်စွာ ဟောကိန်းထုတ်နိုင်မှုတွေဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်မက်ရေးရာတွေမှာ အရှုံးအနိုင်ကို မကြာခဏ ဆုံးဖြတ်ပေးသွားတတ်ပါတယ်။ 

၂၀၀၉ ခု မတ်လအတွင်းက ခိုးကူးပြဿနာ ကျယ်ကျယ်လောင်လောင် ဖြစ်လာတာနဲ့ ပတ်သက်ပြီး DJ Wine နဲ့ DJ Khun တို့နဲ့ စာရေးသူ အလွတ်သဘော ဆွေးနွေးရာမှာ ခိုးကူးကို ပြဿနာအဖြစ် မမြင်ပဲ အခွင့်အလမ်းသစ်တစ်ရပ်အဖြစ် မြင်နိုင်ဖို့၊ ယခင်က သုံးစွဲခဲ့တဲ့ ကာဗာကဒ်စနစ်ကို သုံးစွဲဖို့ ဝေဖန် အကြံပြုခဲ့ပါတယ်။ ဒီသဘောတရားကို ဂီတအစည်းအရုံးထံ DJ Wine က ထပ်ဆင့် တင်ပြပေးမယ်ပြောလို့ ဆွေးနွေးမှု မှတ်တမ်းအကျဉ်းချုပ်ကို လျှပ်စစ်စာလွှာနဲ့ DJ Wine၊ DJ Khun နဲ့ လောကအလှမဂ္ဂဇင်းတို့ကို ပေးပို့ခဲ့ရာ (DJ Wine က ဂီတအစည်းအရုံးကို တင်ပြ၊ မပြ မသိသော်လည်း) လောကအလှမဂ္ဂဇင်းက ခိုးကူးဟာ ဂီတပညာရှင် လက်သစ်တွေအတွက် မဟာအခွင့်အလမ်း အမည်ရှိဆောင်းပါးနဲ့ အင်တာနက် စာမျက်နှာပေါ်ကို တင်ပြပေးခဲ့ပါတယ်။

ဒီနေ့ သတင်းတွေ လျှောက်လှန်ကြည့်တော့ လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော် VCD ကို ကာဗာကဒ်စနစ်နဲ့ ဖြန့်ချိတယ်လို့ ကြားသိရတာမို့ ဟောကိန်းမှန်တဲ့ ပရောဟိတ်လိုပဲ ပီတိဖြစ်ရပါကြောင်းနဲ့ ဒီထက် ပိုမို ကြီးကျယ်တဲ့ ပြဿနာ၊ အရှုပ်အထွေး၊ လမ်းကြောင်းတွေကိုလဲ ဟောကိန်းမှန်မှန် ထုတ်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ တွေးမိကြောင်း ဥဒါန်းကျူးလိုက်ရပါတယ် ...

Thursday, June 4, 2009

လောကအလှ အွန်လိုင်း မဂ္ဂဇင်းပါ အင်တာဗျူးများအား ပုံနှိပ်ဖော်ပြခြင်းနှင့် စပ်လျဉ်း၍

မြန်မာနိုင်ငံတွင် စီးပွားဖြစ် ပုံနှိပ်ထုတ်ဝေလျှက်ရှိသော Personal Computer မဂ္ဂဇင်းသည် လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဦးရဲမြတ်သူ၊ မှော်ဆရာ၊ သင်ကာနှင့် စာရေးသူ လောရှည်တို့နှင့် မြန်မာစာလုံးစနစ်များအကြောင်း ဆွေးနွေးခန်း (အင်တာဗျူး) များကို လောကအလှ မဂ္ဂဇင်းနှင့် သက်ဆိုင်ရာ ပညာရှင်များကို ခွင့်တောင်းခြင်းမရှိလဲ မရှိ၊ မည်သည့်နေရာမှ ရယူပါသည်ကို နည်းမှန်လမ်းမှန် ကိုးကားခြင်းလဲ မရှိပဲ (မေးခွန်းများကို ဖြုတ်ပြီး အဖြေများကို ၏၊ သည်မရွေး ကူးယူကာ) ပြန်လည်ဖော်ပြခဲ့သည်ဟု ကြားသိရပါသည်။ (ရည်ညွှန်း http://blog.mghla.com/2009/06/blog-post.html)

စာရေးသူအနေနှင့် အဆိုပါ အင်တာဗျူးကို ဖြေဆိုစဉ်က လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြရန်နှင့် အခြားပုံနှိပ်နှင့် အီလက်ထရွန်နစ် မီဒီယာများတွင် ထပ်ဆင့် ဖော်ပြနိုင်ရန် ခွင့်ပြုပေးနိုင်သော အကန့်အသတ်ရှိ အခွင့်အရေးများ (limited rights) ကိုသာ လောကအလှအား ပေးအပ်ခဲ့ပါသည်။ တစိတ်တပိုင်းကိုသော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း ပုံနှိပ်ထုတ်ဝေခွင့်၊ အခကြေးငွေနှင့် ရောင်းချခွင့်၊ ပုံနှိပ်ခွင့်ကို ပေးနိုင်သောအခွင့် စသည်တို့ အပါအ၀င်- အဆိုပါ အင်တာဗျူးနှင့် ပတ်သက်သော အခြားအခွင့်အရေး (rights) အားလုံးကို စာရေးသူနှင့် အင်တာဗျူးမေးမြန်းသူ ပူးတွဲ ပိုင်ဆိုင်ကြောင်း ပဋိဥာဉ်ထားခဲ့ပါသည်။

သို့ဖြစ်၍ စာရေးသူနှင့် အင်တာဗျူး မေးမြန်းသူ ပူးတွဲပိုင်ဆိုင်သော စာသားနှင့် အကြံဥာဏ်များကို ကြိုတင် ခွင့်ပြုချက် လုံးဝ မရယူပဲ ပုံနှိပ်ဖော်ပြကာ အခကြေးငွေနှင့် ဖြန့်ဖြူးရောင်းချခြင်းတို့အတွက် Personal Computer မဂ္ဂဇင်းနှင့် အယ်ဒီတာအဖွဲ့ကို ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အဆိုပါဖြစ်ရပ်အတွက် နစ်နာခဲ့ရသူ အားလုံး (စာရေးသူ၊ အင်တာဗျူး မေးမြန်းသူနှင့် စာဖတ်ပရိသတ်အပါအ၀င်) ကို ချွင်းချက်မရှိ ၀န်ချတောင်းပန်ရန် တောင်းဆိုကြောင်း ကြေငြာအပ်ပါသည်။

Saturday, May 23, 2009

ရုံးချိန်၊ ကျောင်းချိန်အတွင်း ဖုန်းဆက်ကြသူ/G-talkတုံကြသူ မိတ်ဆွေများသို့

"ဟဲလို၊ အားလား၊ ဘာလုပ်နေလဲ။"

"မအားဘူး၊ စာလုပ်နေတယ်။"

"ဒါပဲနော်၊" "ဂွပ်။"

"@#$%^&*"

စာရေးသူအပါအ၀င် သုတေသန ကျောင်းသား (Research Students) များနှင့် သုတေသန လက်ထောက် (Research Assistents) အားလုံးကို အကြောင်းထူး တစုံတရာ (ကြက်/၀က်တုတ်ကွေးမိခြင်း၊ အပြည်ပြည်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ တက်ခြင်းစသည်) ရှိသည်မှလွဲ၍ တနင်္လာမှ သောကြာအထိ နံနက် ၀၉၀၀ နာရီမှ ညနေ ၁၇၀၀ နာရီအထိ သက်ဆိုင်ရာ သုတေသနခန်းမ (lab) များတွင် ရှိနေသင့်သည်ဟု စာရေးသူတို့ကျောင်းက အကြံပြုထားပါသည်။ စာရေးသူမှာ ကျောင်းနောက်ကျလေ့ရှိသဖြင့် နံနက် ၁၀၀၀ နာရီမှ ညနေ ၁၈၀၀ နာရီအထိ၊ (လိုအပ်လျှင် ည ၂၂၀၀ နာရီ၊ ၂၃၀၀ နာရီအထိ) သုတေသနခန်းမထဲတွင် စာကြည့်/အလုပ်လုပ်နေလေ့ရှိသည်။ ထိုအချိန်တွင် တလောကလုံးက စာရေးသူ၏ မိတ်ဆွေများသည် ဖုန်းတဂွမ်ဂွမ်ဆက်ကြသည်၊ G-talk တတုံတုံ လုပ်ကြသည်။

စာကြည့်ချိန်/အလုပ်ချိန်တွင် စာရေးသူ ဖုန်းမပြောလို၊ G-talk မ chat လိုပါ။ သို့ရာတွင် အရေးပေါ် ကိစ္စရပ်များ (သာရေး၊ နာရေး၊ ထူးခြားသတင်းနှင့် မိတ်ဆွေများအတွက် အရေးပေါ် အကူအညီ စသည်တို့) အတွက် ဖုန်းနှင့် G-talk ကို ဖွင့်ထားလေ့ရှိသည်။ အလုပ်ချိန်အတွင်း ဖုန်း/G-talk ဖွင့်ထားသည်မှာ မိတ်ဆွေတို့လိုအပ်တတ်သော အရေးပေါ် ကိစ္စများအတွက်သာ ဖြစ်သည်။ နေကောင်းလား၊ ထမင်းစားပြီးပြီလား၊ ဘာနဲ့စားသလဲ၊ တရုတ်စာကို တူနဲ့စားသလား၊ ကုလားစာကို လက်နဲ့တွယ်သလား၊ အသားတုံးက ကြီးလား၊ သေးလား၊ ဘယ်နှဖတ်ပါသလဲ လျှောက်မေးပြီး အာရိုက်ရန်မဟုတ်။ စာကြည့်ချိန်/အလုပ်ချိန်တွင် စာကြည့်မည်/အလုပ်လုပ်မည်။

မိတ်ဆွေတို့ နားလည်ရမည်မှာ စာရေးသူတို့ သုတေသန အလုပ်ဆိုသည်မှာ လေအေးပေးစက်တပ် အခန်းထဲတွင် အင်တာနက် ကြည့်နေခြင်း မဟုတ်ပဲ စာဖတ်ရခြင်း၊ တွေးတောကြံဆရခြင်း၊ တွက်ချက်ရခြင်း၊ ကွန်ပျူတာ အစီအစဉ်များ (computer programs) ရေးဆွဲရခြင်း၊ စမ်းသပ်မှု (experiment) ကို စောင့်ကြည့်ရခြင်း စသည်တို့ကို ပြုလုပ်ရပါသည်။ စာရင်းကိုင်လို ဂဏန်းတစ်လုံးပေါင်းလိုက်၊ လက်ဖက်သုပ် ထစားလိုက်၊ နောက်တစ်လုံးပေါင်းလိုက်၊ အတင်းတုတ်လိုက် လုပ်လို့ရသော အလုပ်မျိုး မဟုတ်ပါ။ ထိုအချိန်တွင် ဖုန်းလာပါက များသောအားဖြင့် စဉ်းစား စိတ်ကူးထားသမျှ အကြံအစည်သစ်၊ အကြံအစည်ကောင်းမှန်သမျှတို့သည် ဖုန်းသံမြည်သည့်ခဏ/ဖုန်းကိုင်သည့်ခဏတွင် ခေါင်းထဲမှ အပြီးထွက်လေသည်။ (ဘယ်တော့မှ ပြန်မလာတော့ပါ။) တနည်းအားဖြင့်ဆိုသော် မိတ်ဆွေ၏ ဖုန်းမြည်သံ/G-talk တုံသံကို ကြားရခြင်းသည် စာရေးသူ၏ ကျောင်းစာ/အလုပ်အတွက် အလွန်ပင် ထိခိုက်လေသည်။ မိတ်ဆွေတို့၏ အရေးပေါ်ကိစ္စများအတွက် စာရေးသူ၏ အလုပ်ကို ထိခိုက်ခံ၍ ဖုန်းကိုင်ရခြင်း/G-talk ဖွင့်ထားရခြင်းဖြစ်ကြောင်း နားလည်ပေးကြပါ။

စေတနာကို အစော်ကားဆုံးသူတို့မှာ အပေါ်က ဥပမာပြခဲ့သလို ဖုန်းဆက်ပြီးမှ ဘာဆိုဘာမှ မပြောပဲ ဖုန်းကို ချပစ်သူ/G-talk မှာ Hi, are you free ? လာလုပ်ပြီး ဆက်မပြောတော့သူတို့ ဖြစ်လေသည်။ ၄င်းတို့ အကြောင်းပြချက်မှာ "စာကြည့်နေ/အလုပ်များနေသဖြင့် အားနာလို့"။ စာကြည့်ချိန်/အလုပ်ချိန်ကြီး ဖုန်းဆက်ပြီးမှ/တုံပြီးမှ အားနာသည် ဆိုသည်ကို ဘယ်လို နားလည်ရမှန်းမသိပါ။ အားနာလျှင် အစကတည်းက မဆက်ပါနှင့်လား/မတုံပါနှင့်လား။ ဖုန်းသံကို ကြားကတည်းကပင်/တုံသံကို ကြားကတည်းကပင် အလုပ်က ပျက်ပြီးပြီ မဟုတ်ပါလား။

ပို၍ဆိုးသည်မှာ အားနာသည်ဆိုပြီး ဘာမှပြောမသွားခြင်းပင် ဖြစ်သည်။ ဒီနေရာမှာ အတွေးတွေ ပွားရသည်။ ဒီမိတ်ဆွေ ဘာဖြစ်လို့လဲ၊ သူ့ကလေး နေမကောင်းဘူးလား၊ သူ့အမေသေပြီလား၊ သူနေမကောင်းတာ ဆေးခန်းမသွားနိုင်လို့များလား၊ အိမ်မှာ ချော်လဲနေတာလား … လား … လား။ စိတ်ပူရသည်။ ထပ်ဆင့် ထပ်ဆင့် ထပ်ဆင့် စာကြည့်ပျက်/အလုပ်ပျက် ပါသည်။ အနစ်နာခံ၍ ဖုန်းကို ကိုင်ပေးပြီးမှတော့ ပြောသွားပါတော့လား။ မပြော၊ သို့သော် နောက် ၁၀ မိနစ်နေသောအခါ ပြန်ဆက်လာသည်။ "အားပြီထင်လို့" … တဲ့။ (ကောင်းကြသေးရဲ့လား။) စိတ်ကူးသစ်၊ အကြံသစ်တို့သည် ပျောက်ပျက်သည်မှာ ၂ ခိရှာ၊ ၂ ခါရှိပါတော့သည်။ (ဒါကျ အားမနာကြဘူး။)

လွယ်လွယ်ပြောရလျှင် စင်ကာပူ စံတော်ချိန် ၁၀၀၀ နာရီမှ ၁၈၀၀ နာရီ (မြန်မာစံတော်ချိန် ၀၈၃၀ မှ ၁၆၃၀) အတွင်း စာရေးသူ မအားပါ။ ဖုန်းဆက်ပြီးလဲ မမေးနှင့်၊ G-talk မှာလဲ မမေးနှင့်၊ အသေသာ မှတ်ထားကြပါ။ ထိုအချိန်အတွင်း စာရေးသူ မအားပါ။ အာရိုက်ရန် ဖုန်းဆက်သူ/G-talk မှာ လေပန်းသူတို့ကို ပထမတစ်ခါ သတိပေးပါမည်။ မလိုက်နာပါက တပါတ်တန်သည်၊ တလတန်သည် Ban/Block ပါမည်။ (စာရေးသူ၏ ဖုန်းမှာ Ban လုပ်လို့ရသော Function ပါပါသည်။) ထိုအချိန်အတွင်း ချက်ချင်း မပြောလျှင်မဖြစ်သော အရေးကြီးကိစ္စများမှအပ မည်သည့်ကိစ္စအတွက်မျှ ဖုန်းမဆက်ပါနှင့်။

ဖုန်းဆက်ခဲ့ပြီးမှ ဖုန်းကိုင်လျှင် မိတ်ဆွေကို အချိန် အနည်းငယ် ပေးနိုင်၍ ဖြစ်သည်။ ပြီးအောင် ပြောသွားပါ။ ပြောရမှာ ရှည်သဖြင့် အားနာလျှင် ဘယ်အချိန် ပြန်ဆက်မည် ချိန်းဆိုသွားပါ။ စာရေးသူ အချိန် လုံးဝ မပေးနိုင်လျှင် ဖုန်းကို မကိုင်ပါ/G-talk ကိုလဲ ပိတ်ထားပါမည် (သို့မဟုတ်) ဖုန်းကိုင်ပြီး ဘယ်အချိန် ပြန်ဆက်ပါဟု ပြောပါမည်။ ဖုန်းကိုင်သောအခါတွင် ဘာမှ မပြောခြင်းသည် အိမ်ဦးခန်းတွင် သေးပန်းပြီးမှ သူများအိမ်ဦးမှာ အီးပါရမှာ အားနာလို့ အိမ်သာလေးပြပါဟု ပြောတာနဲ့ တူတူပဲ ဖြစ်လေသည်။ ထိုသို့လုပ်သူများကိုလဲ ပထမတစ်ခါ သတိပေးပြီး မလိုက်နာပါက Ban/Block ပါမည်။

မိတ်ဆွေတို့ နားလည်နိုင်ကြပါစေ။

မှတ်ချက် ။ ။ မည်သူ့ကိုမျှ စောင်းရေးခြင်း မဟုတ်ပါ။ တည့်တည့်ကြီး ပြောခြင်းဖြစ်သည်။ ကိုယ့်ဘာသာကိုယ် သိကြပါ။

Sunday, April 5, 2009

ရွှေရတနာ ... ညာတယ်။

အရင်တပါတ်က Peninsular Plaza ကိုရောက်ခဲ့စဉ်က Phone Card ၀ယ်ရန်ရှိသဖြင့် ရွှေရတနာ အမည်ရှိသော ဆိုင်သို့ ရောက်ခဲ့ပါသည်။ စာရေးသူ သုံးနေကျ အမျိုးအစားမှာ Sun Page တံဆိပ် ဖြစ်သဖြင့် ၄င်းကို မေးဝယ်ရာ ကောင်တာတွင်ထိုင်နေသော အသက် ၄၀ ကျော် ၅၀ ပတ်ဝန်းကျင် အဒေါ်ကြီးက မလာတော့ကြောင်း ဖြေပါသည်။ သို့ဖြစ်သဖြင့် အလားတူ Card ရှိသလားဟုမေးရာ Sea Lion ရှိကြောင်း ဖြေပါသည်။

ဒီနေရာတွင် စာရေးသူတို့ အဘယ်ကြောင့် Card တွေ ၀ယ်နေရကြောင်း စင်ကာပူရှိ Telephone Operator များအကြောင်း အနည်းငယ် ရှင်းပြလိုပါသည်။ စင်ကာပူတွင် SingTel၊ Star-Hub၊ M1 ဟူသော Phone Operator ကြီး ၃ ခုရှိပါသည်။ မြို့တွင်းခေါ်ဆိုခမှာ တမိနစ်ကို ၇ ဆင့်မှ ၂၀ ဆင့်ခန့်အတွင်း မိမိချုပ်ဆိုထားသော စာချုပ် (လစဉ်ကြေး) ပေါ်မူတည်ပြီး ကောက်ခံပါသည်။ စာချုပ်အများစုမှာ အ၀င်ခေါ်ဆိုမှုကို အသုံးပြုခ ကောက်ခံခြင်း မရှိပါ။

အင်တာနက်မှ ဖုန်းခေါ်ဆိုမှု (VOIP) နည်းပညာ ခေတ်စားလာသောအခါ ပုဂ္ဂလိက လုပ်ငန်းအချို့က အဆိုပါ Operator ကြီးများထံမှ ဖုန်းခေါ်ဆိုခွင့်ကို ဈေးသက်သက်သာသာနှင့် ၀ယ်ယူပြီး Call-back Card များဖြင့် ပြန်လည် ရောင်းချတတ်ပါသည်။ အဆိုပါ Card များအလုပ်လုပ်ပုံမှာ ပထမ မိမိ ဖုန်းမှနေ၍ ၄င်းလုပ်ငန်းတို့၏ ဖုန်းကို ပထမ ခေါ်ရပါသည်။ ၄င်းတို့က မကိုင်ပဲ လိုင်းဖြတ်ချလိုက်ပါမည်။ (ထိုအခါ အထွက်ခေါ်ဆိုမှု အတွက် ပိုက်ဆံ ပေးရန်မလိုတော့ပါ။) ၄င်းတို့က ပြန်ဆက်လာသောအခါ မိမိ ခေါ်ဆိုလိုသော တယ်လီဖုန်း အမှတ်ကို တတီတီမြည်အောင် ဖုန်းခလုတ်များတွင် ရိုက်ထည့်ခြင်းဖြင့် ဆက်သွယ်ပေးပါသည်။ တမိနစ်ကို ၂ ဆင့်မှ ၅ ဆင့်အတွင်းသာ ကျသင့်သဖြင့် အလွန် သက်သာသော နှုန်းထားဖြစ်ပါသည်။

စာရေးသူ အသုံးပြုနေကျ Sun-Page Card အလုပ်လုပ်ပုံမှာ ပိုမို ကောင်းမွန်ပါသည်။ VOIP လုပ်ငန်းများမှ ဖုန်းပြန်ဆက်လာသောအခါ မိမိခေါ်လိုသော တယ်လီဖုန်း အမှတ်ကို ရိုက်သွင်းစရာမလိုအောင် ပြုလုပ်ထားပါသည်။ ဥပမာအားဖြင့် စာရေးသူခေါ်ဆိုလေ့ရှိသော သူငယ်ချင်း ၃ ယောက်အတွက် သီးသန့် ဖုန်းအမှတ် ၃ ခု စာရေးသူကို ပေးထားပါသည်။ အဆိုပါ ဖုန်းအမှတ်များကို ခေါ်လျှင် လိုင်းဖြတ်ချပြီး စာရေးသူ၏ သူငယ်ချင်းနှင့် ဆက်သွယ်ပေးရန် ဖုန်းပြန်ခေါ်လာပါသည်။ တမိနစ်ကို ၃ ဆင့်လျော့လျော့ခန့်ကျသော်လည်း (၂ ဆင့်ထက် ပိုများတာပေါ့နော်) သုံးစွဲရသည်မှာ Style ပိုကျပါသည်။ သို့ဖြစ်၍ ၄င်းကဒ်နှင့် အလားတူကို မေးဝယ်ခြင်း ဖြစ်သည်။

အဆိုပါ အဒေါ်ကြီးမှ စာရေးသူအား (တမိနစ်လျှင် ၃ ဆင့်အတိအကျ ကျသင့်သော) Sea Lion သုံးရန် အကြံပေးပါသည်။ စာရေးသူက ဖုန်းနံပါတ် မှတ်ထားပေးသလားဟု မေးရာ မှတ်ထားပေးသည်ဟု ဖြေပါသည်။ ၄င်းနားမလည်မည်စိုးသဖြင့် ခေါ်နေကျ နံပါတ်တွေကို မှတ်ထားပေးပြီး ခေါ်လိုက်တာနှင့် ပြန်ဆက်ပေးတာလားဟု ထပ်မေးပါသည်။ မှတ်ထားပေးသည်ဟု ဖြေပြန်ပါသည်။ ပိုသေချာစေချင်သဖြင့် သူပြန်ဆက်လာရင် ကျွန်တော် ဖုန်းနံပါတ်နှိပ်ရသလားဟု ထပ်မေးရာ စိတ်မရှည်ဟန်နှင့် မနှိပ်ရဟု ဖြေသည်။ စာရေးသူ ၀ယ်လိုက်ပါသည်။

အမှန်မှာ အဆိုပါ Sea Lion Card သည် စာရေးသူ အသုံးပြုနေကျ Sun Page ထက် ဈေးပိုကြီးရုံမျှမက ဖုန်းနံပါတ်ကို မှတ်ထားပေးခြင်းလဲ မရှိပါ။ အဆိုပါ Card တခုရောင်းလျှင် ဆိုင်မှရသောအမြတ်မှာ စင်ကာပူ ဒေါ်လာ ၁ ဒေါ်လာထက် မပိုပါ။ (အများအားဖြင့် ပြားစွန်းသာ စားရပါသည်။) ဘာမဟုတ်သော အမြတ်အတွက် စာရေးသူကို လိမ်ညာသည်ကို ဒေါသလဲ ထွက်၊ ရှက်လဲ ရှက်မိပါသည်။

တနပ်စား အကြံဖြင့် လိမ်ညာခြင်းသည် ရေရှည်တွင် အကျိုးအမြတ် မရှိရုံမျှမက ဖောက်သည်လဲ ဆုံးရှုံးသဖြင့် လုပ်ငန်းအတွက် အဆိပ်အတောက်ပင် ဖြစ်နိုင်ပါသည်။ နိုင်ငံရပ်ခြားတွင် မြန်မာတွေ စုတဲ့နေရာဟု ပြောစမှတ်ဖြစ်နေသော ကုန်တိုက်ကြီးအတွင်းရှိ မြန်မာဆိုင်က တနပ်စား လိမ်နေ၊ ညာနေသည်ကို နိုင်ငံခြားသားများ သိရှိသွားပါက မြန်မာတွေဟာ ဒီလိုပဲ တနပ်စား လုပ်တတ်တယ်ဟု ထင်မှတ်သွားနိုင်ပါသည်။ မြန်မာတမျိုးသားလုံး၏ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်သည့်အပြင် အချီကြီး အလိမ်ခံရမည်ကို ကြောက်သဖြင့် မြန်မာတွေနှင့် စီးပွားရေးလုပ်ငန်းများ မလုပ်ရဲတော့ပါက အားလုံးနစ်နာပါမည်။

သို့ဖြစ်သဖြင့် အဆိုပါဆိုင် (ရွှေရတနာ) နှင့် ဆက်သွယ်ခြင်း၊ ၄င်းတို့ဆိုင်မှ ပစ္စည်းဝယ်ယူခြင်း၊ ငွေလွှဲခြင်းတို့ လုံးဝမလုပ်ပဲ သပိတ်မှောက်နှင့် သပိတ်မှောက်ရန် စည်းရုံးရန် စာရေးသူ ဆုံးဖြတ်ထားပါသည်။ (စာရှုသူတို့လဲ စာရေးသူနှင့် ရင်ခုန်သံခြင်း တူညီပါက မြန်မာတို့၏ ဂုဏ်သရေကို ကျဆင်းစေနိုင်သော ရွှေရတနာဆိုင်ကို အတူ သပိတ်မှောက်နိုင်ပါသည်။)

Saturday, July 19, 2008

ဇာတ်တူသားစားကြခြင်း

"သားရဲ လူသား အရိုင်းအစိုင်းတို့ကို သတိထားပါ … ဘုရားသခင်၏ ပရိုင်းမိတ် သတ္တ၀ါများတွင် သူသည် ပျော်ရွှင်ခြင်းအတွက်၊ ရမ္မက်အတွက်၊ လောဘအတွက် သတ်ဖြတ်လေ့ ရှိသည်။ အကြင်လူသားသည် သူ၏ ညီရင်းအစ်ကိုကို ထိုသူ၏ မြေအလို့ငှာ သတ်အံ့။ ထိုလူသားတို့ကို အမြောက်အများ မပွားစီးစေလင့်၊ သို့မဟုတ်က ထိုသူတို့သည် သူ၏ အိမ်နှင့်တကွ အသင်ဝံတို့၏ အိုးအိမ်တို့ကို သုသာန်တစပြင်သို့ ခမ်းခြောက်စေအံ့။" ကောနီးလပ်စ်၊ ၀ံတို့၏ဂြိုဟ် (၁၉၆၈) ။

ဇူလိုင် ၁၆ ၂၀၀၈ ခုနှစ်တွင် သမိုင်းဘာသာ အဓိကနဲ့ ၀ိဇ္ဇာဘွဲ့ရ အမျိုးသမီး တစ်ဦးဖြစ်တဲ့ ခင်ချိုဦးဟာ စင်ကာပူနိုင်ငံ အလုပ်ပွဲစား (အိမ်ဖော်ပွဲစား) အိမ်ကနေ ထွက်ပြေးရင်း (ရုပ်ရှင်ထဲကလို အ၀တ်တွေဆက်ချည်ထားတဲ့ ကြိုးနဲ့ တွယ်ဆင်းထွက်ပြေးရင်း) ပြုတ်ကျ သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အလုပ်ပွဲစားကို လုပ်ငန်းမကျွမ်းကျင်မှု (non-professional)၊ တာဝန်မဲ့မှု (not taking enough responsibility for safety of his/her client)နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတို့အတွက် လောရှည် - ကတဲ့ပွဲ အနေနဲ့ ရှုံ့ချချင်ပါတယ်။

စာရှုသူ စဉ်းစားကြည့်ပါ။ သေဆုံးသူ အမျိုးသမီးဟာ သမိုင်းဘာသာနဲ့ ဘွဲ့ရထားတဲ့ ပညာတတ်တစ်ယောက်ပါ။ အဲဒီပညာတတ်ဟာ အိမ်ဖော်လုပ်ငန်းကို လုပ်ပါမယ်လို့ အလုပ်ပွဲစားဆီမှာ အလုပ်လာလျှောက်တော့ ပွဲစားအနေနဲ့ Professional ပီသစွာ သူ့ရဲ့ ပညာအရည်အချင်းနဲ့ လိုက်ဖက်မဲ့ အလုပ်ကို ရှာမပေးသင့်ဘူးလား၊ ရှာပေးနိုင်ဖို့ expertise အလုံအလောက်မရှိဘူးဆိုရင်လဲ ရှာပေးနိုင်တဲ့ ပွဲစားဆီကို မလွှဲအပ်သင့်ဘူးလား (၀န်ဆောင်ခကိုတော့ ခွဲဝေယူရမှာပေါ့လေ။) ဒါတွေကို မလုပ်ပဲနဲ့ သူငွေကြေး အကျိုးအမြတ်ရရှိစေမဲ့ အိမ်ဖော်အလုပ်ကိုပဲ over-qualified ဖြစ်နေတာကို လျစ်လျူရှုကာ (လောဘဇောတက်ပြီး) လုပ်ကိုင်စေခဲ့တယ်။ (ဒီနေရာမှာ အဲဒီအမျိုးသမီးဟာ ကော်လာဖြူ လုပ်ငန်းခွင်ဝင်ဖို့ ပညာရေး မပြည့်စုံဘူး ဘာဘာညာညာ ငြင်းချက်ထုတ်လိုသူများကို ပြန်လှန်မငြင်းပါ။ ဒါပေမဲ့ ဒီကြေငြာချက်ရဲ့ ဦးတည်ချက်က အရည်အချင်းမရှိတဲ့ ဘွဲ့ရတွေအကြောင်းမဟုတ်ပါ။)

ဒီနေရာမှာ တခုသတိထားမိဖို့က အိမ်ဖော်ပွဲစားဆိုတာ စင်ကာပူအစိုးရဆီမှာ စနစ်တကျ မှတ်ပုံတင်ပြီးမှ လုပ်ရတာ။ အိမ်ဖော်ကို အိမ်ကိုခေါ်ထားချင်တဲ့ အိမ်ရှင် (အလုပ်ရှင်) ဆိုတာကလဲ ဒီတိုင်းခေါ်လို့မရပဲ အစိုးရဆီမှာ အိမ်ဖော်ကို ဘယ်လို ဆက်ဆံရမယ်၊ ဘယ်လိုထားရမယ်၊ ဘာတွေခိုင်းခွင့်ရှိပြီး ဘာတွေ ခိုင်းလို့မရဘူးဆိုတာတွေကို စာမေးပွဲဖြေပြီးမှ ခေါ်ခွင့်ရတာ။ ဒီအမျိုးသမီး မပျော်ဘူးဆိုတာကို ဘာလို့ အိမ်ဖော်ပွဲစားက မစစ်ဆေးသလဲ။ တကယ်လို့ abuse ဖြစ်နေတယ်ဆိုရင် အိမ်ရှင် (အလုပ်ရှင်) ကို ဘာလို့ တရားမစွဲသလဲ။ ဒါတွေဟာလဲ professional မပီသတဲ့ အပြုအမူတွေဖြစ်တယ်။ ဘက်လိုက်မှု၊ တရားမမျှတမှုတွေရဲ့ သင်္ကေတတွေဖြစ်တယ်။ တာဝန်မဲ့တာပဲ ဖြစ်တယ်။

ဒီအမျိုးသမီးဟာ တိုက်ပေါ်က တွယ်ဆင်းတယ်လို့ သိရပါတယ်။ တံခါးက ထွက်လို့ရရင် တိုက်ပေါ်က တွယ်မဆင်းဘူး။ ဒီအချက်ဟာ သူ့ကို ချုပ်နှောင်ထားတယ်ဆိုတာကို ပြသပြီး လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်လဲဖြစ်တယ်။ (အိမ်ဖော်ပွဲစားများ အိမ်ဖော်ကို သော့ခတ် ချုပ်နှောင်ရန် အခွင့်အာဏာရှိသည်လို့ ဥပဒေပြဌာန်းချက် ရှိမယ်မထင်ဘူး။)

ဒီကိစ္စကို မြန်မာ့အသိုင်းအ၀ိုင်းက အလေးအနက်ထားပြီး နောက်နောင် ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ပွားရအောင် ဥပဒေဘောင်အတွင်းကနေ အဖြေရှာသင့်တယ်လို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။ ကျွန်းဆွယ်ပလာဇာ (Peninsula Plaza) က မြန်မာဆိုင်ရှင်တစ်ယောက်ကို အလွတ်သဘော မေးမြန်းရာမှာ ရလာတဲ့ အလုပ်ပွဲစားရဲ့ အပြစ်တွေကို ဖုံးဖိတဲ့ အဖြေလေးနဲ့ ကြေငြာချက်ကို ရုပ်သိမ်းလိုက်ပါတယ်။

အဲဒီ ကောင်မလေးကိုက ရွတာ။ ရောက်တာမှ တလမပြည့်သေးဘူး။ အိမ်ရှင်က ပုံစံပေးတော့ သူစိတ်ညစ်တယ်နေမှာပေါ့။ (ဘော်ကျော့နေလို့မှ မရတာလေ၊ ဖိလစ်ပိုင်တွေက မြန်မာတွေလိုမပျင်းဘူး။ အလုပ်လုပ်တာ တော်တယ်။) အဲဒါနဲ့ မပျော်ဘူးဆိုတော့ နောက် Agent ဆီမှာ လာထားတာ။ အဲဒါကို ရွစိတက်ပြီး သူထွက်ပြေးတာလေ။ အ၀တ်တွေကို ဆက်ပြီး တွယ်ဆင်းတော့ အပေါ်မှာ ချည်ထားတဲ့ တိုင်က ပြုတ်တော့ ကျသေရော။ (အလုပ်ကို လက်ကြောတင်းအောင်က မလုပ်ချင်ဘူး။) အဲဒါနဲ့ အကုန်ရှုပ်ကုန်ရော။

Saturday, June 14, 2008

မြန်မာ့နည်း၊ မြန်မာ့ဟန် နောက်ဆက်တွဲ

လောရှည် - ကတဲ့ပွဲ၏ စိတ်ချရသော သတင်းပေးများ၏ ထောက်လှမ်းချက်အရ လူဆိုးဂိုဏ်းဆန်ဆန် ချက်လက်မှတ်ပြ၍ မြန်မာတို့၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သော (မူရင်းရုပ်သံကိုကြည့်ရှုရန်) မျိုးအောင်သည် နွားကျောင်းသား သေနတ်သမားများ ကြီးစိုးခဲ့ရာဖြစ်သော တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် နေထိုင်ကြောင်း သိရှိရပါသည်။ အဆိုပါပြည်နယ်သည် အမေရိကန်ပြည်နယ်များတွင် အိမ်ယာမြေဈေး အသက်သာဆုံး ပြည်နယ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ၄င်းပြည်နယ်မှ အိမ်တစ်လုံးသည် ကယ်လီဖိုးနီးယားပြည်နယ်မှ အလားတူ အိမ်တစ်လုံးဈေး၏ ၃ ပုံ ၁ ပုံအောက်သာ ရှိကြောင်းလဲ လေ့လာတွေ့ရှိရပါကြောင်း ရွှေပွဲလာတို့ သိရှိစေရန် ကြေငြာအပ်ပါသည်။

Wednesday, May 7, 2008

မြန်မာ့နည်း မြန်မာ့ဟန်ကို ကန့်ကွက်ရှုံ့ချခြင်း

စင်ကာပူ အခြေစိုက် Free Myanmar VCD နှင့် အမေရိကန် ပြည်ထောင်စု အခြေစိုက် Burmese Classics တို့ ဘာဖြစ်ကြသည် ၊ ဘယ်လို ပြဿနာ တက်ကြသည် အသေးစိတ်နှင့် ဖြစ်ရပ်မှန်ကို လောရှည် - ကတဲ့ပွဲ မှ မသိရှိပါ ။ သို့ရာတွင် www.youtube.com တွင် တွေ့လိုက်ရသော မျိုးအောင်၏ ရုပ်သံပါ မြန်မာ့နည်း မြန်မာ့ဟန် အပါအ၀င် အသုံးအနှုန်း အပြောအဆိုများကို အောက်ပါအကြောင်းရင်းများကြောင့် လောရှည် - ကတဲ့ပွဲမှ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချပါသည် ။

၁ ။ လူဆိုးဂိုဏ်းဆန်ဆန် ချက်လက်မှတ်ပြ၍ ဆုငွေထုတ်သည့် သဘော ပြောဆိုခြင်း ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ စင်ကာပူနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီး၏ တည်ဆဲဥပဒေများဖြင့် ရာဇ၀တ်မှုကြောင်း ၊ တရားမမှုကြောင်းတို့ဖြင့် တရားစွဲဆို အရေးယူနိုင်သော (တရားဥပဒေပြင်ပဖြစ်သော) ၄င်း ပြောဆိုပုံကို မြန်မာ့နည်း မြန်မာ့ဟန်ဟု အမွှန်းတင်ခြင်းဖြင့် မြန်မာစကားပြောသူတိုင်း ၊ မြန်မာပြည်တွင်နေထိုင်ဖူးသူတိုင်းနှင့် မြန်မာနိုင်ငံသားတိုင်း၏ ဂုဏ်ကျက်သရေကို ညိုးနွမ်းစေခြင်း ။

၂ ။ အမေရိကန် အလံထောင်ထားသော ဘယ်ကမှန်းမသိသည့် အဆောက်အဦကို ၄င်းနေထိုင်သည့် အိမ်ဖြစ်ဟန် ပြောဆိုခြင်း ၊ ကြွားဝါခြင်းနှင့် မြို့ပြနိုင်ငံ (City State) သို့မဟုတ် မြို့ကြီးပြကြီး (Mega City) နှင့် ကျယ်ဝန်းလှသော အမေရိကန် ပြည်ထောင်စုအတွင်းရှိ ပြည်နယ်မြို့ငယ်များ အိမ်ယာမြေဈေး ကွာဟမှုကို မသိကျိုးကျွန်ပြုကာ စင်ကာပူ ၊ ဂျပန် ၊ နယူးယောက်အစရှိသော အိမ်ယာမြေဈေးကြီးမြင့်သည့် မြို့ပြများတွင် ဘ၀ကို ရုန်းကန်ခါစ လူငယ်များ၏ စိတ်ဓာတ်ကို ရိုက်ချိုးခြင်း/စိတ်ဓာတ်ကျအောင် ပြုမူပြောဆိုခြင်း ။

Tuesday, November 27, 2007

ပွဲအစီအစဉ်များ ခေတ္တရပ်နားထားခြင်း ။

မင်းသားလေး လောရှည် ယခု ပညာဆည်းပူးနေသော ပန်တျာကျောင်း၌ ကျင်းပလတ္တံ့သော မျောက်က၊ သစ်ကုလားအုတ်ကနှင့် နွားက စာမေးပွဲများကြောင့် မအားမလပ်နိုင်တာကြောင့် post အသစ်များတင်ခြင်းကို ခေတ္တရပ်နားထားရကြောင်း အသိပေး ကြေငြာအပ်ပါသည်။ လာရောက်လည်ပတ်သူများ post အသစ်မတွေ့လို့ စိတ်ပျက်သွားရလျှင် အထူးတောင်းပန်ပါသည်။ အားလပ်သောအခါ ရေးသားမည့် post ခေါင်းစဉ်များကို အောက်ပါအတိုင်း စီစဉ်ထားပါကြောင်း ...

  1. ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဆိုရာ၌ (လူမှုရေး သိပ္ပံ စာတမ်းငယ်)။
  2. အိပ်မက်ပျောက်ကြသူများ (လူမှုရေး သိပ္ပံ စာတမ်းငယ်)။
  3. ကွန်ပျူတာကို မြန်မာလိုသုံးဖို့ (သိပ္ပံနှင့် နည်းပညာ နည်းလမ်း)