ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Thursday, March 11, 2010

လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း ပုံစံသစ်၏ သာဓက တစ်ခု

အမေရိကန် ပြည်ထောင်စုတွင် လူဖြူသီးသန့် စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ ကပွဲခန်းမများ၊ အားကစား ကလပ်များနှင့် အများသုံး ယာဉ်၊ ရထား (ဘတ်စ်ကား စသည်) များစသဖြင့် လူမည်းများကို လူမျိုးရေးအရ ခွဲခြားဆက်ဆံသည့် ခေတ်တစ်ခေတ် ရှိခဲ့ဖူးသည်။ တဖန် ဗြိတိသျှခေတ် မြန်မာနိုင်ငံတွင်လဲ ပထမတန်း (မီးရထား) တွဲများကို လူဖြူသီးသန့်ဟု ကန့်သတ်ခဲ့သဖြင့် ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ရသည်။ လူ့သမိုင်းတလျှောက် ပေါ်ပေါက်ခဲ့မျှ အထက်ပါ လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း (racial discrimination) အားလုံးသည် လူမျိုးစုတစ်စုက ၄င်းတို့နှင့် မတူသည့် အခြားလူမျိုးစုတစ်စုကို နှိမ်ချ ဆက်ဆံမှုများ (inter-racial discrimination) သာ ဖြစ်ကြသည်။ ယခု ပြည်ပရောက် မြန်မာ လူ့အဖွဲ့အစည်းတွင် မြန်မာအချင်းချင်း နှိမ်ချဆက်ဆံတတ်သော အခြင်းအရာတစ်မျိုး ပေါ်ပေါက်လျှက်ရှိသည်ဟု စာရေးသူ သံသယ ဖြစ်မိသည်။ လူမျိုးတူခြင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းကို လူမျိုးတွင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း (intra-racial discrimination) ဟု အမည်တပ်ပြီး ၄င်းသာဓက တစ်ခုကို ယခု စာတမ်းငယ်တွင် ဆွေးနွေးမည် ဖြစ်သည်။

စင်ကာပူနိုင်ငံ Informatics ကျောင်းဝန်းအတွင်းရှိ Prometic စာမေးပွဲ ဌာနသို့ ဖြေဆိုရန်ရှိသော စာမေးပွဲတစ်ခုအတွက် မိတ်ဆွေတစ်ဦးက လွန်ခဲ့သော ရက်သတ္တပါတ်က သွားရောက်စုံစမ်းရာ စာရေးသူ လိုက်ပါသွားခဲ့သည်။ အဆိုပါ ဌာနအတွင်းသို့ စာရေးသူတို့ နှစ်ယောက် မြန်မာလို စကားပြောဆိုရင်း ၀င်သွားကြရာ ကောင်တာတွင် ထိုင်နေသော အမျိုးသမီးက စိတ်မရှည်သော လေသံ၊ မျက်နှာ ၁၀၂၄ ခေါက်ချိုးဖြင့် "Passport Only" တစ်ခွန်းတည်းသာ ပြန်လည် ပြောဆိုပြီး စကားပြောဆိုမှုကို ရိုင်းပျစွာဖြင့် ရပ်လိုက်ပါသည်။ (ရပ်လိုက်ပါသည်ဆိုသည်မှာ နောက်ထပ် စာရေးသူတို့ ဘာပြောပြော ဘာမှ ပြန်မပြောတော့ခြင်းကို ဆိုလိုသည်။) သို့အတွက် စာရေးသူနှင့် စာရေးသူ၏ မိတ်ဆွေ ဒီအတိုင်း ပြန်လာခဲ့ရသည်။ စာရေးသူ၏ မိတ်ဆွေမှ ၄င်းဌာနကို ဖုန်းဆက်သွယ် မေးမြန်းရာတွင်လဲ "I told you, 'passport only'" ဟု ပြန်လည် အော်ဟစ် ဖြေကြားခဲ့သည်။ (တယ်လီဖုန်း ခေါ်ဆို၍ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုရာတွင် ဗြိတိသျှ ကိုလိုနီ ပညာရေးစနစ် လောင်းရိပ်မိခဲ့သော မြန်မာနှင့် ဖိလစ်ပိုင်အများစုသည် အခြား အာရှသား အများစုထက် ပိုမို ယဉ်ကျေးသော အင်္ဂလိပ်စာကို သုံးနှုန်းတတ်ကြသည်။ အင်္ဂလိပ်စကားကို ဒေသသံဝဲ၀ဲနှင့် ပြောဆိုရာတွင် မြန်မာဝဲနှင့် ဖိလစ်ပိုင်တို့၏ စပိန်ဝဲမှာ ခွဲခြားရလွယ်ပါသည်။)

စာမေးပွဲ ဖြေဆိုသည့် နေ့သို့ ရောက်သော်အခါ စာရေးသူလဲ အဆိုပါ မိတ်ဆွေနှင့် ခေတ္တလိုက်ပါသွားခဲ့သည်။ စာရေးသူ သတိထားမိသည်မှာ ၄င်းအမျိုးသမီးသည် စာရေးသူ၏ မိတ်ဆွေ မြန်မာအမျိုးသမီးကို စကားပြောဆိုတိုင်းတွင် အော်ငေါက် ပြောဆိုသလောက် အခြား လူမျိုးခြားများကို ပြောဆိုရာတွင် အတန်ပင် သိမ်သိမ်မွေ့မွေ့ ရှိလှသည်ကို တွေ့ရသည်။ (နှိုင်းယှဉ်ရန်အနေနှင့် အဆိုပါဌာနမှ စင်ကာပူ နိုင်ငံသားဟု ယူဆရသော တရုတ် အမျိုးသမီးသည် မည်သူ့ကိုမဆို ငြင်ငြင်သာသာ သိမ်သိမ်မွေ့မွေ့ ပြောဆိုသဖြင့် စာရေးသူ၏ မိတ်ဆွေကို သူမ အော်ငေါက်နေခြင်းမှာ လုပ်ငန်း လိုအပ်ချက်အရ မဟုတ်ဟု စာရေးသူ ကောက်ချက်ဆွဲသည်။)

တဖန် ကွန်ပျူတာစနစ် အမှားအယွင်းတစ်ခုကြောင့် စာရေးသူ မိတ်ဆွေနှင့် ၄င်းဝန်ထမ်းများ စကား ပြောဆိုရန်ရှိသဖြင့် သူမအား ကူညီရန် စာရေးသူ အနားကပ်သွားသောအခါ ကိုယ်၊ နှုတ် အမူအရာ အားဖြင့် ရိုင်းပျစွာ မောင်းထုတ်ခဲ့သည်။ မြန်မာလူမျိုးများအတွက် စော်ကားရာရောက်သည့် အမူအရာများ ပြသသည့်အတွက် ၄င်းကို မြန်မာ့ယဉ်ကျေးမှုကို မသိသော၊ စိတ်တိုလွယ်သော လူမျိုးခြား တစ်ဦးအဖြစ်သာ စာရေးသူ ထင်ခဲ့မိသည် (၄င်းစကားမ၀ဲပါ)။ ၄င်း၏ လုပ်ဖော်ကိုင်ဖက် တရုတ်အမျိုးသမီးက စာရေးသူအား ယဉ်ကျေးစွာ တောင်းပန်၍ အပြင်ထွက်ခိုင်းပါသည်။

စာရေးသူမိတ်ဆွေသည် ၄င်းကို မြန်မာဘာသာဖြင့် စကားလာပြောသည့်သူကို တွေ့တော့မှ ၄င်းမြန်မာမှန်း ရိပ်မိသည်ဟု တအံ့တသြ ပြန်ပြောပါသည်။ အထက်ပါ ဖြစ်ရပ်အပြီးတွင် အဆိုပါ ဌာနသို့ စာမေးပွဲအတွက် စုံစမ်းရန် သွားရောက်ခဲ့သော အခြား မြန်မာ စကားပြောသူ မိတ်ဆွေများ (စာရေးသူ၏ ယခင် အခန်းဖော် ကရင်လူမျိုး တစ်ဦးအပါအ၀င်) က ၄င်းတို့အားလဲ ရိုင်းပျစွာဖြင့် "Everything is in the web-site" ဟု အော်ထုတ်ကြောင်း၊ ၄င်းတို့ web-site down နေသည်ဟုပင် ပြန်လည် ရှင်းပြ၍ မရပဲ မောင်းထုတ်ကြောင်း လာရောက် ပြောပြဖူးသည်ကို တဆက်တစပ်တည်း အမှတ်ရလာပါတော့သည်။

ထို မြန်မာ အမျိုးသမီး ဘာဖြစ်နေပါသနည်း၊ စာရေးသူ မသိပါ။ စာရေးသူ သိသည်မှာ ၄င်းသည် မြန်မာလူမျိုးများကို ကောင်းစွာ ၀န်ဆောင်မှု မပေး၊ ရိုင်းပြစွာ ဆက်ဆံသည်၊ မတတ်သာ၍ ၀န်ဆောင်မှု ပေးရလျှင် အတတ်နိုင်ဆုံး ရိုင်းပြသော မျက်နှာ၊ ကိုယ်၊ လက် အမူအရာဖြင့် ပေးသည်၊ လူမျိုးခြားများကိုမူကား ကောင်းသော ၀န်ဆောင်မှုကို ယဉ်ကျေးသိမ်မွေ့စွာ ပေးနေသည်။ ၄င်းသည် လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း စစ်စစ်ပင် ဖြစ်တော့သည်။ (ထိုကိစ္စအတွက် လူမျိုးခြားများကို မုန်းတီးရန် မလိုချေ။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့က မြန်မာများကို နှိမ်ပါဟု မတောင်းဆိုသောကြောင့် ဖြစ်သည်။)

အထက်ပါ ဥပမာ အပြင် မြန်မာအချင်းချင်းမှန်း သိသည်နှင့် လမ်းပျောက်နေသည်ကို လမ်းမပြပေးချင်တော့သော သူ၊ ဈေးလျှော့ရောင်းသော ဈေးဆိုင်ကို မပြောပြချင်တော့သော ပစ္စည်းကောင်း၊ ဈေးကောင်းရလာသူ၊ အခွင့်အရေးကောင်းရှိသော အလုပ်တို့ကို တဆင့်စကား မပါးချင်တော့သော သူ (၄င်းတို့ ကိုယ်တိုင်က အဆိုပါ အလုပ်အကိုင်ထက် အဆင့်မြင့်သော နေရာတွင် အလုပ်လုပ်နေသဖြင့် အဆိုပါအလုပ်အား လျှောက်ထားခြင်း မပြု)၊ ကောင်းမွန်သော ၀န်ဆောင်မှု မပေးတော့သော စားသောက်ဆိုင် အမှုထမ်းများ၊ ဈေးရောင်းချသူများ အရောင်းဆိုင် ၀န်ထမ်းများနှင့် အခြား ဧည့်ခံကောင်တာ ၀န်ထမ်းအများအပြားကိုလဲ စာရေးသူ တွေ့ခဲ့ဖူးသည်။ တဖန် သတိထားမိသည်မှာ ၄င်းတို့သည် လူမျိုးခြားများကိုမူကား ကောင်းမွန်စွာ ဆက်ဆံ ပြောဆို ကူညီကြသည်ကို တွေ့ရလေသည်။

လူတိုင်းအား တပြေးညီ ရိုင်းပြနေသည်မှာ မကောင်းသော အခြင်းအရာ ဖြစ်သည်။ လူတိုင်းအား တပြေးညီပင် ကောင်းသော ၀န်ဆောင်မှု မပေးသည်မှာလဲ မကောင်းသော အခြင်းအရာပင် ဖြစ်သည်။ သို့ရာတွင် လူတစ်စုကို ကောင်းသော ၀န်ဆောင်မှုပေးလျှက် အခြားတစ်စုကို ကောင်းသော ၀န်ဆောင်မှု မပေးခြင်းမှာကား လူ့အဖွဲ့အစည်းကို စော်ကားမှု တစ်ရပ်ဖြစ်သော လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းပင်တည်း။

ယခုတင်ပြခဲ့သော မြန်မာအချင်းချင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း သာဓကများ၏ အကြောင်းရင်းကို စာရေးသူ မသိသော်လည်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းသည် လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်သည့် အဆိုးရွားဆုံးသော ရာဇ၀တ်မှု တစ်ရပ်ဖြစ်ပြီး ပြည်ပရောက် မြန်မာ အသိုက်အ၀န်း တနေ့တခြား ကြီးထွားလာသည်နှင့်အမျှ လူမျိုးတွင်း လူမျိုးရေးအရ ခွဲခြား ဆက်ဆံသော အခြင်းအရာသည် ပို၍ အရေးပါလာမည်ဖြစ်သဖြင့် လူမှုရေး သိပ္ပံ ပညာရှင်များအနေနှင့် စနစ်တကျ လေ့လာသင့်သော ကိစ္စတစ်ရပ်အဖြစ် မီးမောင်းထိုးပြလိုက်ရပါသည်။

မှတ်ချက် ။ ။ တယ်လီဖုန်းဝယ်စဉ်က မြန်မာမှန်းသိ၍ စေတနာပါပါနှင့် အသေအချာ လိုက်လံ ရှင်းပြသော (စင်ကာပူနိုင်ငံမှ) ၀န်ထမ်း အဒေါ်ကြီးတစ်ယောက်၊ ကြာဇံကြော်စားချင်သော စာရေးသူ၏ သူငယ်ချင်းအတွက် သူ့ဆိုင်မှာ မရသော ကြာဇံကြော်ကို ကြော်ခိုင်းပြီး ရောင်းပေးသော (မလေးရှား အပန်းဖြေစခန်းတစ်ခုမှ) စားသောက်ဆိုင် ၀န်ထမ်း အစ်မကြီး၊ စာရေးသူတို့ မိသားစုကို အမှတ်တရ ဓာတ်ပုံ ရိုက်ပေးဖူးသော (ဆွစ်) စားသောက်ဆိုင်တစ်ခုမှ စားပွဲထိုး အမျိုးသမီးတို့နှင့် အချို့ မမှတ်မိတော့သော အားလုံးကို တပြေးညီ ဆက်ဆံသည့် မြန်မာ ၀န်ထမ်း အချို့လဲ ရှိကြောင်း ဖြည့်စွက် တင်ပြအပ်ပါသည်။

စာကြွင်း ။ ။ ယခင်တလောက မြန်မာများ (ကွမ်းထွေးသဖြင့်) အိမ်သာဝင်ခွင့်မပြုဟု စားသောက်ဆိုင်တစ်ခုတွင် ဆိုင်းဘုတ်တင်ရာ လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းဟု ဟိုးလေးတကြော်ဖြစ်သွားခဲ့ရသည်။


Monday, February 1, 2010

Hula Girls

ရှေးအစဉ်အလာကို ဖက်တွယ်ထိန်းသိမ်းရင်း အငတ်ခံမလား၊ ခေတ်စနစ်နဲ့ လျော်ညီပေမဲ့ အစဉ်အလာကနေ ခွဲထွက်တဲ့ စီးပွားရေး၊ လူမှုရေး ပုံစံအသစ်ကို ခံယူကျင့်သုံးမလား

ဒီမေးခွန်းရဲ့ အဖြေကို ဒါရိုက်တာ ဆန်အိလီက ၂၀၀၇ ခုနှစ်မှာ အကယ်ဒမီ ၅ ဆု ဆွတ်ခူးခဲ့တဲ့ Hula Girls ဇာတ်လမ်းနဲ့ ဖြေဆိုထားပါတယ်။


အင်္ဂလိပ်စာတန်းထိုး နမူနာ

၁၉၆၅ ခုနှစ်က ဖြစ်ပါတယ်။ ရှေးယခင်ကတည်းက ကျောက်မီးသွေးတွင်းတူးဖော်ခြင်းလုပ်ငန်းနဲ့ အသက်မွေးလာခဲ့တဲ့ မြို့ငယ်ကလေးဟာ ကျောက်မီးသွေးအစား ရေနံကို တိုးချဲ့အသုံးပြုလာလို့ စီးပွားရေး အခက်အခဲ ဖြစ်လာပါတော့တယ်။ အမြော်အမြင်ကြီးတဲ့ ကျောက်မီးသွေးကုမ္ပဏီဟာရာသီဥတုအေးလွန်းတဲ့ မြို့ကလေးကို ခရီးသွားမြို့အဖြစ် အသွင်ပြောင်းဖို့ ဟာဝိုင်ယီအက ကပြဖျော်ဖြေတဲ့ အပန်းဖြေရိပ်သာတစ်ခု ဆောက်ဖို့ ကြံစည်ကြပါတယ်။

ရှေးရိုးဆန်လွန်းတဲ့ မြို့ခံတွေ အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက ကျောက်မီးသွေးတွင်း အာဏာပိုင်တွေဟာ မြို့ကလေးရဲ့ ရှေ့ရေးအတွက် (အလုပ်သမားတွေ ငတ်မသွားရေးအတွက်) အကသင်တန်းကို ဖြစ်မြောက်အောင်ကြိုးစားခဲ့ကြပါတယ်။ ကုမ္ပဏီရဲ့ စေတနာကို နားလည်သွားတဲ့ ကောင်မလေး တစ်စုကလဲ သူတို့မြို့သူမြို့သားတွေ စားဝတ်နေရေး ပြေလည်ဖို့အတွက် (ဂျပန်ယဉ်ကျေးမှုနဲ့ သိပ်မဆိုင်တဲ့၊ ဗိုက်လှုပ်ကရတဲ့) ဟာဝိုင်ယီအကကို အချိန်တိုအတွင်း ကပြတတ်အောင် မိဘဆွေမျိုး၊ မြို့ခံများနဲ့ အတိုက်အခံလုပ်ပြီး ကြိုးစားကြတာကို အားတက်ကြည်နူးဖွယ် ရိုက်ပြထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ကြည့်ပြီး ၀င်လာတဲ့ အတွေးကတော့ ...

ရှေးအစဉ်အလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို မိုက်မိုက်မဲမဲ ဖက်တွယ် ထိန်းသိမ်းရင်း အငတ်ခံ (အသေခံ) မလား၊ ခေတ်စနစ်နဲ့ လျော်ညီပေမဲ့ အစဉ်အလာကနေ ခွဲထွက်တဲ့ စီးပွားရေး၊ လူမှုရေး ပုံစံအသစ်ကို ခံယူကျင့်သုံးပြီး ရှင်သန်မလား။

ဆိုတာပါပဲ။

တခါတလေမှာ ကောင်းတာတွေချည်း ရယူဖို့ မဖြစ်တဲ့ အချိန်မှာ ရှင်သန်ဖို့က ပိုအရေးကြီးတယ်လို့ပဲ စာရေးသူ ခံယူမိပါရဲ့။

၁၀ မှတ်မှာ ၈.၅ မှတ်ပေးရမဲ့ ကားကောင်းလေးပါ။ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပြီး အဲဒီ အာဇာနည် ကောင်မလေးတွေရဲ့ ကြိုးပမ်းမှုကြောင့် ကျောက်မီးသွေးတွင်း မြို့ငယ်ကလေးဟာ စီးပွားရေး အခြေပျက်မသွားပဲ နောက်ပိုင်းမှာ ဂျပန်ပြည်ရဲ့ အကျော်ကြားဆုံး အပန်းဖြေစခန်းမြို့ ဖြစ်လာခဲ့ပါတယ်။ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုအပါအ၀င် အကယ်ဒမီ ၅ ဆု ဆွတ်ခူးထားတဲ့ ဂျပန်ဇာတ်လမ်းကလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Thursday, January 28, 2010

အကြောင်းပြချက် မရှိခြင်း (ဟိုက္ကူ)

အစကတည်းက
အကြောင်းပြချက်မှ မရှိပဲ၊
ခုလဲ မရှိဘူး။

Monday, January 18, 2010

ယူတိုးပီးယားအိပ်မက်

My Thoughts My Blog တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

တစ်ညမှာ ကျွန်တော် အိပ်မက် တစ်ခုမက်သည်။ အိပ်မက်သည် ရှည်လျားလွန်း၍ အသေးစိတ်နိုင်လွန်းသည်။ အိပ်မက်ထဲမှ ဇာတ်ကောင်သည် ကျွန်တော်ပင်ဖြစ်နေသည်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်သည် အင်ဂျင်နီယာဘွဲ့ကို ရရှိသည်။ ထိုပြင် မဟာ အင်ဂျင်နီယာဘွဲ့ကို ထပ်ရသည်။ ထိုဘွဲ့ရပြီးနောက် ကျွန်တော် အင်္ဂလန်ရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုတွင် အင်ဂျင်နီယာ ဘာသာရပ်နဲ့ မသက်ဆိုင်သလိုဖြစ်သော နိုင်ငံရေး သိပ္ပံနှင့် လူမှုရေး သိပ္ပံ နှစ်ဘာသာတွဲဖြင့် မဟာဝိဇ္ဖာဘွဲ့တစ်ခု ထပ်ရသည်။ ထို့နောက် အမေရိကရှိ တက္ကသိုလ်တစ်ခုမှ ထိုဘာသာရပ်နှစ်ခု အကြောင်းပြုပြီး ပါရဂူဘွဲ့ရသည်။ ကျွန်တော် ဒေါက်တာ ဖိုးသူတော် ဖြစ်သွားသည်။

ကျွန်တော် မြန်မာပြည်ပြန်လာသည်။ ထိုအချိန်တွင်ကျတော့ အသက်သည် သုံးဆယ်တော်တော် ကျော်ခဲ့ပြီ။ မြန်မာပြည်ပြန်ရောက်ရောက်ချင်း ပထမဦးဆုံးအနေဖြင့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် လုပ်ရသည်။ ဆိုလိုသည်မှာ ကျွန်တော့် အင်ဂျင်နီယာဘာသာရပ်နယ်ပယ်သို့ပြန်သွားသည်။ ခဏလောက်လုပ်ကြည့်ပြီး စိတ်မ၀င်စားတော့။ ကျွန်တော့်စိတ်ထဲဖြစ်ချင်နေတာ တစ်ခုရှိသည်။ ဒါကို ကိုယ့်ဟာကိုယ်သိသည်။ အဲ့ဒီနောက် ကျတော် လက်ရှိ နိုင်ငံရေးပါတီတစ်ခုနှင့်ချိတ်ဆက်မိပြီး ပါတီကော်မတီဝင်တစ်ယောက်ဖြစ်လာသည်။ ပါတီတွင် ကျွန်တော်ကြိုးကြိုးစားစားဆောင်ရွက်၍ ပါတီ ဥက္ကဌနှင့် လူကြီးများ၏ အားထားမှုကိုရရှိလာသည်။

ကျတော် ပါတီဝင်ပြီးနောက်တစ်နှစ်မှာပဲ ကျွန်တော်တို့ ပါတီ အာဏာရပြီး ပါတီအကြီးအကဲတစ်ဦး နိုင်ငံတော် သမ္မတဖြစ်သွားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများလည်း ပြင်သင့်သည်များ ပြင်ပြီး၍ အတော်အတန် ပြောင်းလဲနေသော အခါသမယလည်းဖြစ်သည်။ ပါတီလူကြီးသည် သမ္မတ ဖြစ်ပြီးနောက် သူ့၏ ကက်ဘိနက် အဖွဲ့ ဖွဲ့သောအခါ ကျွန်တော့်အား ၀န်ကြီး တစ်နေရာပေးသည်။ သို့ဖြင့် ကျွန်တော် အသက်လေးဆယ် မပြည့်သေးခင်မှာပဲ မြန်မာနိုင်ငံ၏ အသက်ငယ်ဆုံး ၀န်ကြီးတစ်ပါး ဖြစ်လာသည်။ ကျတော် တာဝန်ယူရသော ၀န်ကြီးဌာနက ပညာရေးဝန်ကြီးဌာန။

ပညာရေးဝန်ကြီး ဒေါက်တာဖိုးသူတော်သည် နိုင်ငံတကာတွင်လည့်လည်ပြီး ပညာသင်ယူခဲ့သူပီပီ အခြေခံအားကောင်းသော ပညာရေးစနစ်ကို နားလည်သည်။ ထို့ကြောင့် ပညာရေးစနစ်များကို အခြေခံမှ စ၍ လိုအပ်သည်များကို တဆင့်ချင်းပြောင်းလဲသည်။ ကျေးရွာများ၏ မူလတန်းကျောင်းများထိ ကိုယ်တိုင်ကိုယ်ကျသွားပြီး ဆရာ၊ဆရာမလေးများနှင့် ဆွေးနွေးသည်။ ကလေးများ၏ ပညာရေးအပေါ် စိတ်ပါဝင်စားနိုင်မှုနှင့် လိုက်နိုင်မှုများကို အသေးစိတ်သုတေသနပြုသည်။ ထို့နောက် ပညာရေး ကော်မတီနှင့် ညှိနှိုင်းပြီး မူလတန်းအတွက် အသင့်လျော်ဆုံးသော ဖတ်စာ စာအုပ်နှင့် လက်တွေ့လုပ်ဆောင်ရေး စာအုပ်များကို စနစ်တကျ ပြင်ဆင်သည်။ ထိုမှ တဆင့် တဆင့်ချင်းတက်၍ အလယ်တန်း နှင့် အထက်တန်းကို ခေတ်စနစ်နှင့် အညီ ဒေသတွင်းနိုင်ငံများနှင့် တန်းတူ တန်းညှိပြီး သင်ကြားရေးစနစ်နှင့် သင်ရိုးများကို အသစ်ပြင်ဆင်ဆွဲသည်။

ဤလုပ်ငန်း လုပ်ရပ်အားလုံးကို လွှတ်တော် ၂ ခုလုံးက အတည်ပြုသည်။ လိုအပ်သော ဘက်ဂျက်များကိုလည်း ဆောလျင်စွာ ချပေးသည်။ ပညာရေး အရှိန်အဟုန်မှာ သိသိသာသာကြီး တိုးတက်လာသည်။

မြန်မာနိုင်ငံအမျိုးသားပညာရေးသုတေသန အဖွဲ့ကို သေချာဖွဲ့စည်းပြီး နှစ်စဉ် တစ်နိုင်ငံလုံး တိုးတက်မှုများ ကို အစီရင်ခံစေသည်။ တက္ကသိုလ်ကောလိပ်များနှင့် ပတ်သက်ပြီး အပွင့်သဘောဆောင်သော ပညာရေးစနစ်ကို အစပျိုးပေးသည်။ ဆရာမှ သင် ကျောင်းသားမှ လိုက်မှတ် စနစ်အားဖျက်သိမ်းသည်။ ဆရာ ကျောင်းသား လွတ်လပ်စွာ ဆွေးနွေးတွေးခေါ်မှု ပုံစံအား ဦးစားပေးသည်။ ကျောင်းသား ကျောင်းသူများကို လွတ်လပ်စွာ ၀တ်စား ဆင်ယင်စေသည်။ အသိဥာဏ်မြင့်မားပြီး ပညာတတ် ပီသစေရန် စည်းကမ်းတင်းကျပ်စွာ မထိန်းကွပ်ပဲ ကျောင်းသားအများလက်ခံနိုင်အောင် ပညာပေးအသိအမြင်ဇာတ်လမ်းမျိုးနှင့် ဆောင်းပါးများစွာ ရေးသားပြီး လူငယ်ကျောင်းသားထု ကြားဖြန့်ဝေသည်။ ကျောင်းသားများ အရင်ကလို မဆိုးမပေကြတော့။ အရင်က ဖိုးသူတော် ငယ်စဉ် ကျောင်းတက်စဉ်က ကျောင်းသားများသည် ဆိုးသည်။ ဆိုးသည်ဆိုသည်မှာ တက္ကသိုလ် ကျောင်းသားပုံစံ ဆိုးခြင်းမဟုတ်။ ကလေးဆန်ဆန် ဆိုးခြင်းဖြစ်သည်။ ပုံစံများသည်လည်း ကလေးဆန်ကြသည်။ စာပေသင်ကြားမှုဆိုသည်ကို နားမလည်ကြ။ အချိန်တန်လျှင် ကျောင်းသွားမည်။ အတန်းလစ်ချင်လစ်မည်။ ဆရာတွေကို ရိုသေဟန်ဆောင်၍ ဆရာလာလျင် လက်အုပ်ချီပြီး မင်္ဂလာပါ ဆရာ နှုတ်ဆက်မည်။ စိတ်ထဲတွင် မပါကြ။ ထုံးတန်းစဉ်လာကြီး တစ်ခုလို ပြုမှုကြသည်။ ကျောင်းသား ၁၀၀ လျှင် ကျောင်းသား ၉၀ လောက်က တက္ကသိုလ်ဝင်တန်း အောင်၍ တက္ကသိုလ်သို့ ဖြစ်ရိုးဖြစ်စဉ် လာတက်ကြခြင်းဖြစ်သည်။ ပညာရေး၏ အနှစ်သာရနှင့် တက္ကသိုလ်၏ အနှစ်သာရကို ဘွဲ့ရသွားသည်ထိ သိမသွားကြချေ။ တည်ရှိနေသော တက္ကသိုလ်များသည်လည်း ထိုသို့ အနှစ်သာရ သိရှိအောင် လုပ်မပေးနိုင်ကြချေ။ တက္ကသိုလ်များသည် စက်ရုံကြီးတစ်ရုံနှင့် တူနေပြီး ကျောင်းသားများသည် ဘွဲ့တံဆိပ်အမျိုးမျိုးကပ် ထုတ်ကုန် များဖြစ်နေကြသည်။

ထိုထွက်လာသော တံဆိပ်အမျိုးမျိုးထုတ်ကုန်များသည် ဈေးကွက်တွင် ဈေးကွက်မ၀င် ဖြစ်ချေသည်။ ဈေးကွက်ဝင်သော်လည်း တန်ဖိုးချခြင်းခံရသည်။ ထိုအရာ ဖြစ်စဉ်များအားလုံးကို သိနှင့် ခံစား ခဲ့နှင့်ရသော ပညာရေးဝန်ကြီး ဒေါက်တာ ဖိုးသူတော်သည် တက္ကသိုလ်စနစ်ကြီးတစ်ခုလုံးကို ပြန်လည်ပြင်ဆင်သည်။ အမျိုးသား ပညာရေး သုတေသန ဌာန၏ ဦးဆောင်မှုဖြင့် နိုင်ငံနှင့် အ၀န်း ဇုန်များ သတ်မှတ်၍ ဆောင်ရွက်သည်။ အစိုးရသည် ပညာရေးကို များစွာအလေးပေးနေသော အချိန်ဖြစ်သောကြောင့် ပညာရေး ဘက်ဂျက်ကိစ္စအား လွှတ်တော်မှ ခွင့်ပြုသည်။ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသအလိုက် ပညာရေးဇုန် စီမံကိန်းများ ခွဲပြီး အထူးဖွံဖြိုးရေး အနေဖြင့် ဆောင်ရွက်သည်။ အောင်မြင်ဖြစ်ထွန်းမှု၏ အသီးအပွင့်ကို မကြာခင်မြင်ရချေတော့မည်။

သို့နှင့် ပညာရေးဝန်ကြီး၏ လုပ်နိုင်သောပါဝါများကို သုံး၍အလုပ်ဖြစ်အောင် လုပ်ခဲ့သော်လည်း သူ၏ မူလ ပထမကျောင်းတက်ခဲ့ရာ တက္ကသိုလ်ဖြစ်သော နည်းပညာဆိုင်ရာ တက္ကသိုလ်မှာ အားနည်းနေသည်။ ထိုကိစ္စကို သိပ္ပံနှင့် နည်းပညာဝန်ကြီးအား ပြောဆိုသော်လည်း ၀န်ကြီးသည် အသက်အရွယ်ကြီးနေသည်က တစ်ကြောင်း၊ ၀ိဇ္ဖာ ဘွဲ တစ်ဘွဲ့သာရခဲ့၍ နိုင်ငံရေးခြေလှမ်းတွင် တော်သောကြောင့် ၀န်ကြီး ဖြစ်နေပြီး သူ့လက်အောက် ကိစ္စကို မည်သို့မျှ မတက်နိုင်ပဲ ဖြစ်နေသည်။ ငယ်ရွယ်သော ၀န်ကြီးတစ်ပါး ပြောသည်ကိုလည်း ကောင်းမှန်းသိသော်လည်း လက်ခံဆောင်ရွက်ခြင်းမပြုချင်ပဲ တလွဲ မာနကြီးနေသည်။ ပညာရေးဝန်ကြီးသည် ထို ကိစ္စအတွက် ရတက်မအေးဖြစ်နေသည်။ တခြားတက္ကသိုလ် ကိစ္စများတွင်များစွာ ကောင်းမွန်ပြီး ဒေသတွင်း နိုင်ငံများ ပခုံးယှဉ်နိုင်နေပြီဖြစ်သော် နိုင်ငံတစ်နိုင်၏ အဓီက နည်းပညာအခန်းကဏ္ဍမှ ပါဝင်မည့် နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာ တက္ကသိုလ်များသည် ဖြစ်ဖြစ်မြောက်မြောက် ဘာမှ ဖြစ်မလာသေးပါ။

ဒေသတွင်းနိုင်ငံများမှ နည်းပညာတက္ကသိုလ်များတွင် အာကသသိပ္ပံနှင့်ဆိုင်သော ပညာရပ်များ များစွာ ဖြစ်ထွန်းနေပြီး ဂြိုဟ်တု ပေါင်းများစွာ စမ်းသပ်လုပ်ကိုင်နေကြချိန်တွင် မိမိနိုင်ငံ၏ နည်းပညာ တက္ကသိုလ်များသည် စက္ကူဖြင့်လေယာဉ်ပျံခေါက်သည်ကိုပင် ၂ မျိုးထက် ပို၍ မသင်ပေးနိုင်ချေ။

ကံအားလျော်စွာ ဒေါက်တာဖိုးသူတော်တို့ ပါတီသည် နောက်တစ်ကြိမ် သမ္မတ သက်တမ်းအတွက် ဆက်လက် အနိုင်ရသွားသည်။ သမ္မတကြီးသည် ပညာရေးဝန်ကြီး၏ လုပ်ဆောင်ချက်များကို အထူးသဘောကျ နှစ်သက်၍ ပညာရေးဝန်ကြီးအပြင် ၀န်ကြီးချုပ်ရာထူးကိုပါ တွဲဖက်ပေးလိုက်သည်။ သမ္မတကြီး ၏ ၀န်ကြီးချုပ် ရာထူး ပေးမှုအား ကန့်ကွက်မှုများစွာ ရှိ၍ ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး မဲခွဲ ဆုံးဖြစ်ရာ ပြည်သူ လူထုသည် ဒေါက်တာဖိုးသူတော်၏ လုပ်ဆောင်ချက်များအား အထူးသဘောကျ၍ ကန့်ကွက်မဲ မရှိ ထောက်ခံမဲ များနှင့်သာ ဆန္ဒပြုကြရာ ဒေါက်တာဖိုးသူတော်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အသက်ငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်လာသည်။ ၀န်ကြီးချုပ်ဖြစ်လာတော့ အသက် ၄၀ စွန်းရုံသာ ရှိသေးသည်။

ဝန်ကြီးချုပ်ဖြစ်လာသောအခါ ပထမဦးဆုံးဆောင်ရွက်သော ကိစ္စမှာ မြန်မာပြည်တပြည်လုံးရှိ နည်းပညာတက္ကသိုလ်များနှင့် ကောလိပ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ကောလိပ်များ၏ ကိစ္စဖြစ်သည်။ သင်ရိုးညွှန်းတန်းများကို အခြေခံ သီအိုရီများလောက်သာ ချန်ထားခဲ့ပြီး ကျန်သော ဟောင်းနွမ်းနေပြီးဖြစ်သော သင်ရိုးညွှန်းတန်းများကို ပြင်ဆင်ပြီး ခေတ်မီနည်းပညာ ဘာသာရပ်များဖြင့် အစားထိုးစေသည်။ အမျိုးသားသိပ္ပံနှင့်နည်းပညာဗဟိုကော်မတီကို ဖွဲ့စည်းပြီး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည်။ အာကာသသိပ္ပံပညာကို အထူးစိတ်ဝင်စားသည်ဖြစ်ရာ သက်ဆိုင်ရာ ကျောင်းသားများအား နိုင်ငံခြားတိုင်းပြည်များ ( အမေရိက၊တရုတ်) သို့ စေလွှတ်ပြီး လေ့လာစေသည်။

လောရှည် မှတ်ချက် ။ လက်တွေ့တွင် ဤသို့လုပ်မရပါ။ မရသည့် အကြောင်းရင်းမှာ ယခု သင်ရိုးညွှန်းတန်း စာအုပ်များသည် ခေတ်မီနေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ တဖန် ဇောက်ထိုးလန်သွားသော ဘာသာရပ်အချို့မှလွဲ၍ သိပ္ပံပညာရပ်များ၏ သင်ရိုးသည် သိသိသာသာ မပြောင်းလဲပါ။ သင်ရိုးစာအုပ် ရေးသားပြုစုသူများ အကြံပြုသည့် သင်ရိုးပုံစံအတိုင်း လိုက်နာသင်ကြားခြင်း ရှိ၊ မရှိကတော့ သပ်သပ်ကိစ္စဖြစ်သည်။

ကိုယ်တိုင်လည်း အာကာသသိပ္ပံနှင့် ရင်းနှီးမှုရှိအောင် လေတပ်သို့သွား၍ လေယာဉ်မောင်းသင်သည်။ အထက်လွှတ်တော်အမတ် အချို့ ကန့်ကွက်သော်လည်း မဲဆန္ဒနှင့် အနိုင်ရယူပြီး ၀န်ကြီးချုပ်သည် လေယာဉ်မောင်း သင်ပြီး လေယာဉ်မောင်းတက်ခဲ့သည်။ လေယာဉ်မောင်းတတ်သည်နှင့် တပြိုက်နက် အမျိုးသားလေကြောင်းနှင့်အာကာသဗျူရို တည်ထောင်ပြီး လေကြောင်းပျံသန်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဥပဒေများကို ပညာရှင်များအကူအညီရယူပြီး ပြန်လည် ပြင်ဆင်တည်းဖြတ်သည်။ နောက်ဆုံး ထွက်ရှိသော ဥပဒေသစ်အရ ငွေကြေးတတ်နိုင်သော နိုင်ငံသားများသည် ကိုယ်ပိုင်လေယာဉ်ပျံနှင့် ရဟတ်ယာဉ် ၀ယ်ယူမောင်းနှင်ခွင့် လိုင်စင် ရရှိမည်ဖြစ်သည်။ ကိုယ်ပိုင် လေယာဉ်ကွင်း တည်ဆောက်လိုသူများအနေဖြင့် တစ်ဦးတစ်ယောက်တည်း တည်ဆောက်ခွင့်ပေးမည် မဟုတ်ပဲ ၅ ဦးစပ် လေယာဉ်ပျံကွင်းအသေးတစ်ခု တည်ဆောက်ခွင့် ပေးသည်။ ၀န်ကြီးချုပ်ကိုယ်တိုင်လည်း ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စင်း ၀ယ်ထားပြီး သွားချင် လုပ်ချင်သော နေရာများသို့ ချက်ချင်းသွားသည်။ လွှတ်တော်မှ နေ၍ ၀န်ကြီးချုပ် လုံခြုံရေးအတွက် ရဟတ်ယာဉ် နှစ်စင်း အစောင့်အဖြစ် ပေးထားသည်။

ဝန်ကြီးချုပ်သည် စာပေ၀ါသနာပါသည့်အားလျော်စွာ ပညာရေးဆိုင်ရာ ဆောင်းပါးများနှင့် ရသ စာပေ များကို ရေးသားထုတ်ဝေသည်။ ရသစာပေများမှာ ပြည်သူလူထု ပရိသတ်၏ အားပေးမှုကို များစွာ ခံရပြီး စာရေး ဆရာတစ်ဦးအနေဖြင့်လည်း ပြည်သူချစ်သော စာရေးဆရာဖြစ်နေသည်။ ၀န်ကြီးချုပ်၏ အိမ်ထောင်ရေး အနေဖြင့် ပညာရေးဝန်ကြီး ဖြစ်ချိန်ထိ အိမ်ထောင်မပြုသေးပဲ လူပျိုသိုးဝန်ကြီးလုပ်နေရာ ၀န်ကြီးချုပ် မဖြစ်ခင်လေးမှာပဲ အိမ်ထောင်ပြုလိုက်သည်။ ၀န်ကြီးချုပ်၏ ချစ်သူက လက်ထပ်ခွင့်အား လက်ခံသောကြောင့် ဖြစ်သည်။ ထိုလက်ထပ်ပြီးသော ချစ်သူနှင့် ၀န်ကြီးချုပ်သည် သူပိုင် ရဟတ်ယာဉ်အား သူကိုယ်တိုင်မောင်းပြီး အနားယူခရီးထွက်ဖို့ ပြင်ဆင်နေရာမှ ဘေးမှ အစောင့်ရဟတ်ယာဉ်နှစ်စီးက လိုက်မည် ပြုသည်ကို ရေဒီယိုစကား ပြောခွက်မှ တဆင့် လှမ်းတားပြီး မလိုက်နဲ့ မလိုက်နဲ့ ဟု ပြောလိုက်သည်။

' ဟေ့ကောင် ဘာကို မလိုက်နဲ့ လဲ ' လို့ အသံကြား၍ ငါလို ၀န်ကြီးချုပ်ကို ဒီလိုပြန်ပြောသလားဆိုပြီး အော်မည် အပြုတွင် လန့်နိုးသွားပြီး ဘေးမှ အခန်းဖော် ၏ ဘာကို မလိုက်နဲ့ လဲဟု မေးသောအသံကို သေချာ စွာပြန်ကြားလိုက်ရသည်။

ဤတွင် အိပ်မက်ပြီး၏…॥။

( ကျတော့်ရဲ့ စိတ်ကူးဆောင်းအိပ်မက်မျှသာဖြစ်၍ သည်းခံ ခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံပါသည်။)

ဖိုးသူတော်

Monday, December 14, 2009

ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များ နှင့် သဒ္ဒါအမှားများ

ဒီနေ့ထုတ် The Voice ဂျာနယ် အတွဲ ၆ အမှတ် ၆ (စာကြမ်း) မှာ

"မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ... နိုဘယ်ဆု ရရှိထားသူ ... စီးပွားရေး ပညာရှင် Joseph E. Stiglitz ... မြန်မာနိုင်ငံသို့ လာရောက်မည် ... ။"လို့ ဖော်ပြပါရှိတာကို ဖတ်ရှုရပါတယ်။ အမှန်က "ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ... နိုဘယ်ဆု ရရှိထားသူ ... စီးပွားရေး ပညာရှင် Joseph E. Stiglitz ... မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် လာရောက်မည် ... ။" လို့ဖြစ်ရမှာပါ။

အဲဒါကို မြင်တော့ ငယ်ငယ်တုန်းက သဒ္ဒါလေ့ကျင့်ခန်းထဲက ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များအကြောင်းကို သတိရမိပါတယ်။ ပုဒ်အထားအသိုပြင်တဲ့ လေ့ကျင့်ခန်းမှာ မေးခွန်းမှာ "ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များစိုက်ပျိုးရန် တောင်ကုန်းတစ်ခုကို သက်ဆိုင်ရာက ရှာဖွေနေသည်။" လို့ ပေးထားရင် "ပန်းသီးပင်များစိုက်ပျိုးရန် ပေ ၅၀၀၀ မြင့်သော တောင်ကုန်းတစ်ခုကို သက်ဆိုင်ရာက ရှာဖွေနေသည်။" လို့ ပြန်ဖြေပေးရတာမျိုးပေါ့။ မဟုတ်ရင် ပန်းသီးပင်ကပဲ ပေ ၅၀၀၀ မြင့်သလိုလို။

အရေးကြီးတာက နာမ၀ိသေသနတွေနဲ့ ကြိယာဝိသေသနတွေကို တတ်နိုင်သလောက် သူတို့အထူးပြုတဲ့ ပုဒ်တွေ (နာမ်၊ နာမ်စား၊ ကြိယာများ) နဲ့ ကပ်ပေးဖို့ပါပဲ

အမှန်ပြင်နိုင်ကြပါစေ။