ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label နည်းလမ်း. Show all posts
Showing posts with label နည်းလမ်း. Show all posts

Tuesday, October 26, 2010

SQL Statement Level တွင် Optimize လုပ်၍ Query Execution ကို မြန်ဆန်စေခြင်း

နေ့က စာရေးသူ အိမ်ကို ပြန်နေတုန်း အစ်မတော်က ချက်ချင်းပဲ G-talk ပေါ်ကို ကြွပါလို့ Message ပို့လာပါတယ်။ ဒါနဲ့ပဲ ဖုန်းကနေ G-talk ကို ဖွင့်လိုက်တော့ Query တစ်ခုကို run ထားတာ ၃ နာရီ နီးပါးရှိပြီ၊ အဖြေမထွက်သေးလို့ ဘယ့်နှယ်လုပ်ရပါ့လို့ မေးပါတော့တယ်။ ဒီ စာတမ်းငယ်မှာ အလားတူ ပြဿနာတစ်ရပ် (အရေးကြီး အချက်အလက်များ ပါဝင်နေသဖြင့် မူလပြဿနာကို မဖော်ပြနိုင်ပါ) ကို SQL Statement Level မှာ Optimize လုပ်ပုံကို ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။

ပရိဘောဂနဲ့ မီးဖိုချောင်သုံး ပစ္စည်း ရောင်းတဲ့ကုမ္ပဏီတစ်ခုမှာ ဖောက်သည်တွေရဲ့ အမည်၊ မွေးနေ့၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အချက်အလက်တွေကို Table တစ်ခုနဲ့ သိမ်းထားပါတယ် (Customer Table ဆိုပါစို့)။ ဖောက်သည်တွေ ပစ္စည်း မှာယူတိုင်းမှာ အမှာလက်ခံတဲ့ Table တစ်ခုလဲ ရှိပါတယ် (Order Table ဆိုပါစို့)။ Order Table ဟာ ကုမ္ပဏီ သက်တမ်းကြာတာနဲ့အမျှ အရမ်းကြီး လာတတ်လို့ Production run နေတဲ့ server မှာ ၃ - ၄ နှစ်စာပဲ ထားပြီး ကျန်တာကို သပ်သပ် သိမ်းထားလေ့ ရှိပါတယ်။

ဖြစ်ပုံက ပရိဘောဂ မ၀ယ်ဖူးသေးတဲ့ (မီးဖိုချောင်သုံး ပစ္စည်းပဲ ၀ယ်ဖူးတဲ့) ဖောက်သည်တွေကို အထူး အရောင်းမြှင့်တင်ရေး အစီအစဉ်နဲ့ ပရိဘောဂတွေ ဈေးချရောင်းမဲ့ အကြောင်း ကြော်ငြာစာ ပို့ချင်တာပါပဲ။ အဲဒါနဲ့ အောက်ပါ Query ကို ရေးပါတယ်။

SELECT cust_id, cust_name, cust_add

FROM customer_table

WHERE cust_id NOT IN (SELECT cust_id FROM order_table WHERE ord_type = ‘furniture’);

အဲဒီလို ရေးလိုက်တဲ့ Query ဟာ ၃ နာရီနီးပါး ကြာတဲ့အထိ မပြီးနိုင်လို့ စာရေးသူကို အပူကပ်ခြင်း ဖြစ်၏။ ဘာဖြစ်သနည်း အဖြေရှာသော် ...

ကုမ္ပဏီသည် ပရိဘောဂ အမှာစာ အများအပြား လက်ခံရရှိခဲ့ရာ Sub-query မှ Row အမြောက်အများကို ထုတ်ပေးလေသည်။ Row ၃ သောင်းကျော်တဲ့။ Customer Table တွင်လဲ Row အများအပြား ရှိပေလိမ့်မည်။ ယခု ဆွေးနွေးချက်တွင် Customer Table ၏ Size မှာ အရေးမကြီးပါ။ Query Optimizer သည် Sub-query မှ constant results ကို ထုတ်ပေးကြောင်း သိသဖြင့် Sub-query ကို တစ်ကြိမ်သာ Run မည်ပဲထား၊ Customer Table မှ Row တစ်ကြောင်းစီ (cust_id တစ်ခုစီ) အား Sub-query မှ ပေးသော Row ၃ သောင်းကျော်တွင် ပါ၊ မပါကို စိစစ်ရန်မှာ လွယ်ကူသော အလုပ် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တပြိုင်နက် အသုံးပြုသူ အမြောက်အများရှိတတ်သော Database Server တွင် အသုံးပြုသူတစ်ယောက် (Query တစ်ခု) အတွက် ခွဲဝေပေးသော ပင်မ မှတ်ဥာဏ် (Primary Memory or RAM) ပမာဏသည် အကန့်အသတ် ရှိသည့်အပြင် Order Table တွင် cust_id ဖြင့် index တစ်ခု မရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

မှတ်ချက် ။ ။ စာပြန်ဖတ်ကြည့်ရာ NOT IN ဖြင့်ရေးလျှင် Sub-query ကို အကြိမ်ကြိမ် run လိမ့်မည်ဖြစ်ပြီး cust_id ဖြင့် index ရှိလဲ မသုံးဟု ဆိုသည်။ NOT EXISTS ဖြင့် ပြောင်းရေးလျှင်တော့ အဆိုပါ Index ကို သုံးကောင်း သုံးနိုင်သည်။ အကယ်၍ Order Table အတွက် cust_id ဖြင့် index တစ်ခု၊ ord_type အတွက် Index တစ်ခုရှိပါက NOT EXISTS ကို သုံးခြင်းဖြင့် အဖြေ မြန်မြန် ရနိုင်သည် ဆိုသည်။ သို့ရာတွင် Transaction Table ဖြစ်သော Order Table ၏ Primary Key မှာ Composite သော်လည်းကောင်း၊ Order Number သော်လည်းကောင်း ဖြစ်မည် ဖြစ်ပြီး မည်သည့် စိတ်မှန်သော Database Administrator မျှ ၂ နှစ်နေလို့ တစ်ခါ မလုပ်သော အရောင်းမြှင့်တင်ရေးအတွက် အဆိုပါ index များကို ဆောက်ထားမည် မဟုတ်။ Index ဆောက်ခြင်းသည် Insert နှင့် Update Query များအတွက် စွမ်းဆောင်ရည်ကို ကျဆင်းစေသည်။

သို့ဖြစ်၍ Customer Table မှ cust_id တစ်ခုစီအား Sub-query မှ ပေးသော Row ၃ သောင်းကျော်အတွင်း ပါ၊ မပါကို စိစစ်ရန် cust_id တစ်ခုစီအတွက် Sub-query အဖြေ ၃ သောင်းကျော်ကို တစ်ကြိမ်စီ ဖတ်ရမည် ဖြစ်သည်။ Sub-query အဖြေ ၃ သောင်းကျော်သည် ပင်မ မှတ်ဥာဏ်အတွင်း မဆန့်ပြန်ရာ ၄င်းတို့ကို အစိတ်စိတ်ပိုင်း၍ အရန် မှတ်ဥာဏ် (Auxiliary Memory or Disk) သို့ ရေးကာ ပြန်ပြန်ဖတ်ရမည်။ အရန် မှတ်ဥာဏ်သို့ ရေး/ဖတ် ရသည့် အလုပ်သည် နှေးကွေးသော အလုပ်ဖြစ်သဖြင့် Customer Table မှ cust_id တစ်ခုအတွက် CPU Cycle အများအပြား ကြာမြင့်မည်။ ထိုကြာသော အလုပ်ကို Customer Table အတွင်းမှ မြောက်များစွာသော Row များအတွက် အခါခါ လုပ်ရရာ ၃ နာရီ နီးပါး ကြာသော်လည်း မပြီးသည်မှာ မဆန်း။

နည်းလမ်းစဉ် သရုပ်ခွဲချက် (Algorithm Analysis) အရ Customer Table တွင် Row n ခု၊ Order Table တွင် Row m ခု၊ ပင်မ မှတ်ဥာဏ်တွင် cust_id ပေါင်း p ခု သိမ်းဆည်းထားနိုင်၍ cust_id ပေါင်း p ခုကို ပင်မ မှတ်ဥာဏ်အတွင်းသို့ ကူးယူရန် အချိန် c ကြာသည်ဆိုပါက ပင်မ မှတ်ဥာဏ်သို့ ရေးသည့် လုပ်ငန်းချည်း သက်သက် အတွက် O(nmc/p) ကြာမြင့်မည်။ Sub-query မှ Row ၃ သောင်း အဖြေရ၍ Customer Table တွင် Row ၄ သောင်း၊ p သည် ၄၀၀၀၊ c သည် ၀.၀၅ စက္ကန့် ဖြစ်ပါက ပင်မ မှတ်ဥာဏ်ပေါ်သို့ ကူးတင်သည့် ကိစ္စအတွက်ပင် ၄၀ ၀၀၀ x ၃၀ ၀၀၀၀ x ၀.၀၅ စက္ကန့် / ၄၀၀၀ = ၁၅၀၀၀ စက္ကန့် = ၄ နာရီ ၁၀ မိနစ် (ညတ်ချွာဖြား !!!) ကြာမြင့်မည်။

အဲဒါနဲ့ အောက်ပါ Query နဲ့ စမ်းကြည့်ဖို့ စာရေးသူက ပြောလိုက်ရပါတယ်။

SELECT cust_id, cust_name, cust_add

FROM customer_table

WHERE cust_id IN (SELECT cust_id FROM customer_table

MINUS

SELECT cust_id FROM order_table WHERE ord_type = ‘furniture’);

ခဏနဲ့ အဖြေရသွားပါသတဲ့။ ဘာများကွာသွားသလဲ စဉ်းစားကြည့်ရအောင်နော်။

ပထမဆုံးအချက်က Sub-query ရဲ့ Results သေးသွားပါတယ်၊ ဒုတိယအချက်ကတော့ IN က Customer Table ထဲက cust_id တစ်ခုချင်းစီအတွက် Sub-query Results ထဲမှာ တူတာ တစ်ခုတွေ့တာနဲ့ တွက်ချက်တာကို ရပ်လိုက်လို့ရပြီး (Short-circuiting လို့ ခေါ်ပါတယ်) မူလ NOT IN ကတော့ Sub-query Results ကုန်တော့မှ ရပ်လို့ရပါတယ်၊ တတိယနဲ့ နောက်ဆုံး အချက်ကတော့ MINUS က စီပြီးမှ အလုပ်လုပ်ပါတယ်။ အသေးစိတ် ရှင်းပြမယ်နော်။

အပေါ်က ဥပမာအတိုင်းဆိုလျှင် Sub-query မှ ပထမ SELECT Statement ရဲ့ အဖြေဟာ Row ၄ သောင်းရှိပြီး ဒုတိယ SELECT Statement ရဲ့ အဖြေဟာ Row ၃ သောင်း ရှိပါတယ်။ Referential Integrity Enforcement အရ Order Table ထဲက cust_id တွေရဲ့ အစုဟာ Customer Table ထဲက cust_id တွေရဲ့ အစုရဲ့ အစုပိုင်း ဖြစ်တာမို့ Sub-query ရဲ့ အဖြေက Row ၁ သောင်းသာ ရှိတော့မှာပေါ့။ ဒါကြောင့် ပင်မ မှတ်ဥာဏ်ထဲကို ရေးရသည့် အချိန်ဟာလဲ ၄၀ ၀၀၀ x ၁၀ ၀၀၀ x ၀.၀၅ စက္ကန့် / ၄၀၀၀ = ၅၀၀၀ စက္ကန့် = ၁ နာရီ ၂၄ မိနစ်အောက်သာ ရှိတော့မှာပေါ့။ အစ်မတော်ရဲ့ ပြဿနာကတော့ အရေအတွက် ကွာတာမို့ မိနစ်ပိုင်းနဲ့ အဖြေရပါသတဲ့၊ ကောင်းလေစွ။

Customer Table ထဲက cust_id တစ်ခုချင်းစီအတွက် ပင်မ မှတ်ဥာဏ်ထဲကို Sub-query Results ရေးထည့်ပြီး တူတာရှိ၊ မရှိ တိုက်ကြည့်ရပါတယ်။ IN ရဲ့ သဘော၊ သဘာဝက တူတာ တစ်ခု တွေ့တာနဲ့ စစ်တာကို ရပ်လိုက်လို့ရပါတယ်။ ပင်မ မှတ်ဥာဏ်ထဲ Sub-query Results အားလုံးကို တချိန်ထဲ ထည့်ထားလို့ မရတဲ့အတွက် p ခုစီ အခါခါထည့်ပြီး စစ်နေရာမှာ (p က ၄၀၀၀ ဆိုရင် Sub-query Results ၁ သောင်းကို Disk ထဲကနေ RAM ပေါ်ကို ၃ ခါခွဲပြီး ကူးတင်ရပါမယ်။) ရှာတွေ့သွားရင် အဲဒီ cust_id အတွက် ဆက်ထည့်ပေးဖို့ မလိုတော့ပါဘူး (ဥပမာ ပထမ ၄၀၀၀ ထဲမှာ ရှာတွေ့သွားရင် ကျန်တဲ့ ၆၀၀၀ ကို RAM ပေါ်ကို ကူးတင်ပေးစရာ မလိုတော့ပါဘူး၊ ၂ ခါသက်သာသွားပြီ)။ ဒါ့အပြင် နောက် cust_id တစ်ခုအတွက်လဲ လက်ရှိ ထည့်ထားတဲ့ ၄၀၀၀ နဲ့ ဆက်အလုပ်လုပ်နိုင်ပါသေးတယ် (၃ ခါ သက်သာသွားပြီ၊ တခါကို ၀.၀၅ စက္ကန့်ဆိုတော့ ၀.၁၅ စက္ကန့်သက်သာသွားပြီ)။ NOT IN မှာကတော့ အစအဆုံး တိုက်ရတဲ့အတွက် ဒီလိုလုပ်လို့ မရပါဘူး။

A MINUS B ကို တွက်တဲ့အခါမှာ Oracle Database Server က A ကို စီ၊ B ကို စီပြီးမှ Sorted File Merging နဲ့တူတဲ့ နည်းလမ်းစဉ်ကို အသုံးပြု တွက်ချက်တာမို့ စာရေးသူတင်ပြတဲ့ Sub-query ရဲ့ အချိန်အားဖြင့် ခက်ခဲမှု (Time Complexity) ဟာ O(nlog(n) + mlog(m) + m + n) ပဲ ရှိပါတယ်။ (m နှင့် n သည် Customer Table ရဲ့ Size နှင့် Order Table မှ မတူညီသော cust_id အရေအတွက်တို့ အသီးသီး ဖြစ်သည်။) ဒါပေမဲ့ Customer Table မှာ cust_id ဟာ primary key ဖြစ်လို့ သူ့ Index ကို သုံးမယ်ဆိုရင် O(mlog(m) + m + n) ပဲ ကျန်ပါလိမ့်မယ်။ Cache ရှိမယ်ဆိုရင်တော့ Sub-query ရဲ့ ကုန်ကျစရိတ်ဟာ မရှိသလောက် နည်းသွားမှာ ဖြစ်ပါတယ်။

မှတ်ချက် ။ ။ NOT EXISTS ကို အသုံးပြုရေးသားလျှင်ကား Customer Table မှ cust_id တစ်ခုစီအတွက် Sub-query တစ်မျိုးစီ တွက်ထုတ်မည် ဖြစ်သည်။ သို့ရာတွင် Order Table တွင် cust_id ဖြင့် index မရှိနိုင်ရာ Short-circuiting သုံးနိုင်သော်လည်း Order Table ကို full table scan လုပ်ရမှာပဲ ဖြစ်သည်။ ထိုသို့ဆိုလျှင် စာရေးသူ တင်ပြသော နည်းလမ်းနှင့် ကြာချိန်တူတူလောက်ပဲ ဖြစ်မည်။ သို့ရာတွင် Database Server များတွင် Query Results များကို Cache လုပ်ထားတတ်ရာ cust_id တစ်ခုစီအတွက် Sub-query တစ်မျိုးစီ တွက်ထုတ်နေသာ နည်းလမ်းသည် အမြဲ Cache Miss ဖြစ်နေပြီး Sub-query တစ်မျိုးတည်းသာရှိသော စာရေးသူ တင်ပြသည့် နည်းလမ်းမှာကား Cache ကို အကျိုးရှိစွာ အသုံးချနိုင်သဖြင့် စာရေးသူ တင်ပြသော နည်းလမ်းက ပိုမိုကောင်းမွန်သည်ဟု ဆိုနိုင်သည်။

Database နည်းပညာဟာ အလုပ်လုပ်ပုံ အသေးစိတ်ကို သုံးစွဲသူ ခေါင်းမရှုပ်ရအောင် ၀ှက်ထားပေးတယ်ဆိုပေမဲ့ တခါတလေမှာ သူ့ရဲ့ Statistics နဲ့ Query Optimizer Algorithm ဟာ သုံးစွဲသူရဲ့ Knowledge ကို မယှဉ်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ရဲ့ Query ကို Execute ရာမှာ လိုတာထက် ပိုကြာနေပြီဆိုရင် သင့်အနေနဲ့ ၀င်ပါရတော့မှာ ဖြစ်ပါတယ်။ System Level Optimization, DBA Level Optimization စတာတွေကို အသုံးပြုသူတိုင်း ဆောင်ရွက်ခွင့် မရကြပါဘူး။ အဲဒီအခါမျိုးမှာ Query Optimizer ရဲ့ Query Plan Formulation Logic နဲ့ အခြေခံ နည်းလမ်းစဉ် သရုပ်ခွဲပညာတို့နဲ့ ယဉ်ပါးတဲ့ သုံးစွဲသူများအနေနဲ့ အထက်ဖော်ပြပါကဲ့သို့ SQL Statement Level Optimization များကို ဆောင်ရွက်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။

http://download.oracle.com/docs/html/A86647_01/vmqtune.htm#1004143 ကိုမှီငြမ်းပါသည်။

Sunday, October 11, 2009

ဥာဏ်စမ်းပဟေဠိများကို ကွန်ပျူတာ အသုံးပြု ဖြေရှင်းခြင်း

သင်္ချာဥာဏ်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိ၊ စကားအသွားအလာနှင့် ဘာသာစကားလှည့်ကွက်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိနှင့် အကြားအမြင် ဗဟုသုတ အပေါ်တွင် အခြေခံသည့် ဥာဏ်စမ်းပဟေဠိစသည်ဖြင့် ဥာဏ်စမ်းပဟေဠိ အမျိုးမျိုး ရှိရာ အချို့သော ပဟေဠိများသည် ထည့်သွင်း စဉ်းစားရမည့် ဖြစ်နိုင်သော အဖြေ အရေအတွက် အတိုင်းအဆမရှိ များပြားမှုအပေါ်တွင် အခြေခံလေသည်။ ရှေးက လူအားဖြင့်သာ ဥာဏ်စမ်းပဟေဠိများကို အဖြေထုတ်ခဲ့ကြရာတွင် ဖြစ်နိုင်သော အဖြေ အလွန်များပြားသော ပဟေဠိများမှာ အဖြေကို ကြိုတင် မသိသူ ဖြေဆိုသူတို့ လက်မြှောက်အရှုံးပေးရသည်သာ များသော်လည်း ယနေ့ကွန်ပျူတာခေတ်တွင်မူ ၄င်းတို့ကို အလွယ်တကူ အဖြေထုတ်နိုင်ပြီ ဖြစ်သည်။ ယခုဆောင်းပါးတွင် ၄င်းပဟေဠိ ၂ ပုဒ်ကို ကွန်ပျူတာ အသုံးပြု ဖြေရှင်းပုံကို ဖော်ပြမည်ဖြစ်သည်။

ပထမ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ လယ်သမားတစ်ယောက်သည် သူ၏ခြံတွင် မွေးမြူရန်အတွက် နွား၊ ၀က်နှင့် ကြက် စုစုပေါင်း အကောင် ၁၀၀ ၀ယ်လိုသည်။ ပိုက်ဆံလဲ ၁၀၀ ကျပ်သာရှိသည်။ ၃ မျိုးလုံးလဲ မွေးလိုသေးသည်။ နွားတစ်ကောင် ၁၀ ကျပ်၊ ၀က်တစ်ကောင် ၃ ကျပ်နှင့် ကြက်တစ်ကောင် ၅ မူး (၀.၅၀ ကျပ်) ဖြစ်သော် အကောင် ၁၀၀ ရအောင် ငွေ ၁၀၀ နှင့် ဘယ်လို ၀ယ်မည်နည်း။ တနည်းအားဖြင့် မသိကိန်း ၃ လုံးပါ၊ တပြိုင်နက် ညီမျှခြင်း ၂ ကြောင်း ပုစ္ဆာဖြစ်သည်။ သီဝရီအရ အဖြေ မရှိ၊ တစ်ခုတည်းသာ၊ အများအပြား ရှိနိုင်သော ပုစ္ဆာအမျိုးအစားလဲ ဖြစ်သည်။ တပြိုင်နက် ညီမျှခြင်း အများအပြားပါ တပြိုင်နက် ညီမျှခြင်း စနစ် (System of Linear Equations) တစ်ခုကို မက်ထရစ် ညီမျှခြင်း တစ်ကြောင်းဖြင့် ဖေါ်ပြနိုင်ရာ လှန်မက်ထရစ်ယောင် (Pseudo Inverse) ကိုအသုံးပြုပြီး ဖြစ်နိုင်သည့် အဖြေများကို အလွယ်တကူ တွက်ထုတ်နိုင်ပါသည်။

၎င်း သင်္ချာနည်း၏ အားနည်းချက်မှာ ၄င်းနည်းစနစ်သည် ကိန်းစစ် မြှောက်ဖော်ကိန်း (Real Number Coefficients) များအတွက် နည်းစနစ် ဖြစ်နေသဖြင့် ကိန်းစစ် အဖြေတွဲ အများအပြား ထွက်လာနိုင်ခြင်းပင် ဖြစ်သည်။ (Matlab မရှိသဖြင့် စာရေးသူ မစမ်းကြည့်ပါ။) မွေးရန် ၀ယ်သော နွား၊ ၀က်၊ ကြက်တို့ကို တ၀က်၊ တစိတ် စသဖြင့် ၀ယ်မရနိုင်ပါ (တ၀က်ဝက်ရင် သေကုန်မှာပေါ့)။ တနည်းအားဖြင့် အဖြေသည် အပေါင်း ကိန်းပြည့် ၃ ခု ဖြစ်ရမည်။ ပေါင်းလျှင် ၁၀၀ ရသော အပေါင်းကိန်းပြည့် များစွာရှိရာ ကွန်ပျူတာ အကူအညီမယူသော သင်္ချာသီးသန့်သမားတို့အတွက် ခက်ခဲသော ပုစ္ဆာဖြစ်သည်။ ကွန်ပျူတာ ပညာရှင် တစ်ဦးသည် ဤပုစ္ဆာကို မျက်ကန်းနည်း (Brute Force Method) အသုံးပြုခြင်းဖြင့် အလွယ်တကူ ဖြေရှင်းနိုင်သည်။ နွား အရေအတွက် အမျိုးမျိုး၊ ၀က်အရေအတွက် အမျိုးမျိုးနှင့် ကြက်အရေအတွက် အမျိုးမျိုးတို့အတွက် အစီအစဉ်ငယ်တစ်ခုကို လျှင်မြန်စွာရေးသားပြီး ၄င်းတို့ ပေါင်းလဒ်၊ ၄င်းတို့၏ ကျသင့်ငွေ တို့ကို တွက်ချက်ကာ နှစ်ခုလုံး ၁၀၀ ဖြစ်သော အဖြေကို ထုတ်ပေးရုံသာဖြစ်သည်။ (အဖြေမှာ နွား ၅၊ ၀က် ၁၊ ကြက် ၉၄ ဖြစ်သည်။)

မှတ်ချက် ။ ။ ယခု ပုစ္ဆာသာလျှင် လွယ်ကူခြင်း ဖြစ်သည်။ ကိန်းပြည့် မသိကိန်း အများအပြားနှင့် ညီမျှခြင်း အရေအတွက် အနည်းငယ် (ညီမျှခြင်း အရေအတွက်က မသိကိန်းအရေအတွက်ထက် ပိုနည်းနေသော) ပုစ္ဆာပုံစံကွဲတစ်ခုကို စစ်ဆင်ရေး သုတေသန (Operation Research) ဘာသာရပ်တွင် Integer Linear Programming (ILP) အမည်နှင့်တွေ့ရပြီး ခက်ခဲသော ပုစ္ဆာဖြစ်သည်။

ဒုတိယ ပုစ္ဆာတွင်မူကား မျက်ကန်းနည်း အသုံးပြုရန် အဆင်မပြေတော့ပေ။ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံး (တစ်လုံးကို တစ်ကြိမ်စီသာပါဝင်သော) သန်းရာဂဏန်းရှိ ကိန်းတစ်လုံးသည် ၉ နှင့် စားလို့ ပြတ်သည်။ အဆိုပါ ကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်လိုက်သော ဂဏန်း ၈ လုံးပါ ကိန်း (၁၀ နှင့်စားလျှင် ရသော ရလဒ်) သည် ၈ နှင့် စားလို့ ပြတ်သည်။ တဖန် ထိုကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်ပါက ကျန်သော ကိန်းသည် ၇ နှင့် စားလို့ ပြတ်သည်။ နောက်ဆုံး ၁ လုံးသာ ကျန်သည်အထိ ဤနည်းအတိုင်း တစ်လုံးဖယ်တိုင်း ကျန်သော ဂဏန်းအရေအတွက်နှင့် စားလို့ ပြတ်ရသည်။ တနည်းအားဖြင့် ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သည်။ ထိုကိန်းကို ရှာပါ။ မျက်ကန်းနည်းနှင့် တွက်လျှင် သန်းတစ်ရာ (၁၀၀ ၀၀၀ ၀၀၀) မှ ကိုးရာ ကိုးဆယ့် ကိုးသန်း ကိုးသိန်း ကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုး (၉၉၉ ၉၉၉ ၉၉၉) အထိ ကိန်းပေါင်း သန်း ၉၀၀ နီးပါးကို ၁ မှ ၉ အထိ ကိန်းများဖြင့် စားလို့ ပြတ်မပြတ် တွက်ထုတ် (ဂဏန်းများ ထပ်နေမနေ စစ်) ရမည် ဖြစ်သဖြင့် သိပ်အဆင်မပြေသော နည်းဖြစ်သည်။ (၁ မှ ၉ အထိ စားပြတ်မပြတ် တစ်ခါတွက်လျှင် ၁ စက္ကန့်၏ တစ်သန်းပုံ တစ်ပုံသာ ကြာသည်ထား … အနည်းဆုံး စက္ကန့် ၉၀၀ = ၁၅ မိနစ်မျှ ကြာသွားနိုင်သည်။ မစမ်းကြည့်ပါ။)

အမှန်မှာ ၄င်းသည် ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ၉ နေရာတွင် စီခိုင်းသော (စီပြီးလျှင် စစ်ခိုင်းသော) အစီ ပုစ္ဆာ (Permutation Problem) သာဖြစ်သည်။ အစီ ပုံသေနည်းအရ ဖြစ်နိုင်သည့် ကိန်းပေါင်း ၉ x ၈ x … x ၁ = ၃၆၂၈၈၀ သာ ရှိသည်။ အကယ်၍ ကုန်ကျစရိတ်နည်းသော အစီ နည်းလမ်းစဉ်သာ ရှိခဲ့လျှင် ပွဲပြတ်ပြီ ဖြစ်သည်။ (ကံဆိုးသည်မှာ အထူးတည်ဆောက်ထားသော ကွန်ပျူတာများမှ အပ မရှိ။) သို့ရာတွင် ၁၅ မိနစ်ထက်တော့ မြန်မည်မှာ သေချာပါသည်။ (မစမ်းကြည့်ပါ။) ၂ နည်းစလုံးသည် လူအားဖြင့် တွက်ထုတ်ရန် မဖြစ်နိုင်သည်မှာကား သေချာပေသည်။

အဆိုပါ ပုစ္ဆာကို ပြင်ပ သင်္ချာဗဟုသုတများဖြင့် အားဖြည့်ကာ ပိုမိုကောင်းမွန်သော အစီအစဉ် တစ်ရပ်ကို ဆွဲသားနိုင်ပါသည်။ အသုံးပြုသော သင်္ချာနည်းစနစ်မှာ ကိန်းတစ်လုံးကို ၁ မှ ၉ အထိ ဂဏန်းများနှင့် စားလျှင် ရမည့် စားကြွင်းကို ရှာသော နည်းလမ်းများဖြစ်သည်။ အစီအစဉ် မဆွဲမီ ဖြစ်နိုင်သော ကိန်းများကို အောက်ပါအတိုင်း ဆင်ခြင်သည်။ (x နေရာ = အဖြေကိန်းကို ဘယ်ဘက်မှ ရေတွက်လျှင် x နေရာ)

  • ကိန်းတစ်လုံးကို ၉ နှင့် စားပြတ်၊ မပြတ် သိရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများပေါင်းလဒ်ကို ၉ ဖြင့် စားကြည့်နိုင်သည် (သို့မဟုတ် ပေါင်းနေရင်း ၉ ပြည့်လျှင် ဖယ်ဖယ်ထားခဲ့နိုင်သည်။) ပါဝင်ရမည့် ဂဏန်းများမှာ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးဖြစ်သည်။ ၁ + ၈ = ၂ + ၇ = ၃ + ၆ = ၄+ ၅ = ၉ ဖြစ်ရာ … ၁ မှ ၉ အထိ ဂဏန်းအားလုံး (တစ်လုံးကို တစ်ကြိမ်စီသာ ပါဝင်သော) ကိန်းသည် ၉ နှင့် အလိုအလျောက် စားလို့ ပြတ်သည်။ ထည့်သွင်းစဉ်းစားရန်မလို။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ရှေ့ ၈ နေရာတွင်သာ နေရာချ စမ်းသပ်ကြည့်ပြီး ပြေလည်ပါက ကျန်ခဲ့သော တစ်လုံးဖြင့် ၉ နေရာကို အလွယ်တကူ ဖြည့်နိုင်သည်။
  • ကိန်းတစ်လုံးကို ၂ (၄ နှင့် ၈) တို့နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် ညာဘက်ဆုံး ၁ လုံး (၂ လုံးနှင့် ၃ လုံး) သည် ၂ (၄ နှင့် ၈) ဖြင့် စား၍ ပြတ်ရသည်။ ထို့ကြောင့် ၂ နေရာတွင် စုံကိန်းတစ်လုံး (၃၄ နေရာတွင် ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း တစ်လုံး၊ ၆၇၈ နေရာတွင် ၈ နှင့် စားပြတ်သော ရာဂဏန်း တစ်လုံး) ကို ဖြည့်သွင်းရမည်။
  • ကိန်းတစ်လုံးကို ၃ နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများ ပေါင်းလဒ်ကို ၃ ဖြင့် စားကြည့်နိုင်သည်။ ၄င်းကို အခြေခံ၍ ၂ နေရာရှိ ဂဏန်းနှင့် ၃ နေရာရှိဂဏန်းတို့ကို အခြေခံ၍ ၁ နေရာရှိ ဂဏန်းကို တွက်ချက်နိုင်သည်။၂ နေရာတွင် စုံကိန်းတစ်လုံး သေချာပေါက်ရှိပြီး ၃၄ နေရာတွင် ၄ နှင့် စားပြတ်သော ဆယ်ဂဏန်း တစ်လုံး သေချာပေါက် ရှိမည်ဖြစ်သဖြင့် ၁၂၃၄ နေရာရှိ ဂဏန်းများ ဖြစ်နိုင်ခြေသည် ၉ x ၈ x ၇ x ၆ =  ၃၀၂၄ မှ ၃ × သုညမဟုတ်သော ၁၀ အောက် စုံကိန်း (၂၊ ၄၊ ၆၊ ၈) အရေအတွက် x ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း အရေအတွက် (၃ × ၄ x ၂၂ = ၂၆၄) သို့ကျဆင်းသွားမည်။ (စာရေးသူ စမ်းသပ်ရာတွင် ဤနည်းကို မသုံးပဲ ကိန်း ၉၉၀ လုံးကို ၃ နှင့်စားပြတ်၊ မပြတ် စစ်ထားပါသည်။)
  • ကိန်းတစ်လုံးကို ၅ နှင့် စားပြတ်ရန် အဆိုပါကိန်းသည် ၀ (သုည) သို့မဟုတ် ၅ နှင့် ဆုံးရမည်ဖြစ်သည်။ ၀ (သုည) ကို ပုစ္ဆာအရ သုံးခွင့်မရှိသဖြင့် ၅ နေရာတွင် ရှိမည့် ဂဏန်းမှာ ၅ သာလျှင် ဖြစ်သည်။

အထက်ဖော်ပြပါ ထိုးထွင်းသိများဖြင့် အစီအစဉ်တစ်ရပ်ကို အမြန် ဆွဲသား တွက်ချက်ခဲ့ရာ ဂဏန်းတွဲ အရေအတွက် ၂၄၁၉၂၀ ကိုသာ စိစစ်ခဲ့ပြီး (၃၆၂၈၈၀ နှင့်နှိုင်းစာလျှင် ၃ ပုံ ၂ ပုံခန့်) ၆ နေရာ၊ ၇ နေရာတို့တွင် ၀ (သုည) ပါဝင်နိုင်ပြီး ဂဏန်း တစ်မျိုးစီကို တစ်ကြိမ်ထက် ပိုမိုပါဝင်နိုင်သော်လည်း ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သော ကိန်း ၄၆၃ လုံးကို ရရှိခဲ့သည်။ ၄င်းတို့ကို ပါဝင်သော ဂဏန်းများ ၀ (သုည) ဖြစ်၊ မဖြစ်နှင့် ထပ်၊ မထပ် စစ်ဆေး စစ်ထုတ်ခြင်းဖြင့် အဖြေကို ရလေတော့သည်။ (အဖြေမှာ ၃၈၁ ၆၅၄ ၇၂၉ ဖြစ်သည်။)

ရွှေပွဲလာအပေါင်း ဖြစ်နိုင်ခြေ ထောင်သောင်းချီသည့် ပုစ္ဆာများကို အလွယ်တကူ အဖြေထုတ်နိုင်ကြပါစေ။

စာရေးသူ စမ်းသပ် ရေးသားထားသော အစီအစဉ်များကို ရယူရန်

Thursday, August 27, 2009

အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး ၁

လာပြီ။ မေးခွန်း ...

၅၆ ၇၈၃၉ × ၈၃ ၆၄၈၃ =

(က) ၄၃၈၈ ၅၄၂၀ ၉၈၄၇

(ခ) ၅၀၇၈ ၉၈၇၃ ၄၉၈၃

(ဂ) ၄၇၄၉ ၈၇၆၇ ၀၂၃၇

(ဃ) ၃၇၈၂ ၃၉၉၉ ၈၇၂၃

နိုင်ငံရပ်ခြား တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားရန်နှင့် ပညာသင်ဆု လျှောက်ထားရန်အတွက် လိုအပ်တတ်သော (SAT ကဲ့သို့သော စာမေးပွဲများ၏) သင်္ချာစာမေးပွဲ မေးခွန်းလွှာများတွင် ဤကဲ့သို့မေးခွန်းမျိုး ပါလေ့ရှိသည်။ ဂဏန်းတွက်စက် အသုံးပြုခွင့်ပေးသော်လည်း အချိန် အကန့်အသတ်ရှိတတ်သော ထိုစာမေးပွဲများတွင် ပုစ္ဆာတစ်ပုဒ်အတွက် ပျမ်းမျှ မိနစ်ဝက်ခန့်သာ အချိန်ရရာ ယခုကဲ့သို့သော ပုစ္ဆာမျိုးကို ဂဏန်းတွက်စက်ဖြင့် အဖြေရှာပါက အချိန်မမီပဲ ဖြစ်တတ်လေသည်။

အမှန်မှာ ဤကဲ့သို့သော ပုစ္ဆာမျိုးကို ဖြေဆိုရန်အတွက် အဖြေရအောင် တွက်ထုတ်ရန် အရေးမကြီးပါ။ ပေးထားသော အဖြေ ၄ ခုအနက် အဖြေမှန် ၁ ခုကိုသာ ရွေးထုတ်နိုင်ရန် အရေးကြီးသဖြင့် ဖြတ်လမ်းနည်းများဖြင့် ဤပုစ္ဆာကို ဖြေရှင်းနိုင်ရန် ကြိုးစားနိုင်ပါသည်။

ဖြတ်လမ်းနည်း (၁) အနီးဆုံးယူပြီး တွက်ရန်

၅၆ ၇၈၃၉ ကို ၅၀ ၀၀၀၀၊ ၈၃ ၆၄၈၃ ကို ၈၀ ၀၀၀၀ ဟု အနီးဆုံး ယူလိုက်မည်။ ၄င်းတို့ ၂ လုံးမှာ နောက်တွင် သုညများပါသဖြင့် မြှောက်ရလွယ်ပါသည်။ ၅ ကို ၈ နှင့် မြှောက်လိုက်ရာ ၄၀ ဟု ထွက်လာသည်။ ၅၀ ၀၀၀၀ တွင် သုည ၅ လုံး၊ ၈၀ ၀၀၀၀ တွင် သုည ၅ လုံး၊ ပေါင်း ၁၀ လုံးပါသဖြင့် အဖြေမှန်သည် ၄၀၀၀ ၀၀၀၀ ၀၀၀၀ (၄၀ နောက်တွင် သုည ၁၀ လုံးဖြည့်ထားသော ဂဏန်း) ထက်မနည်းကြောင်း ခန့်မှန်းနိုင်သည်။ သို့ဖြစ်၍ (က)၊ (ခ) နှင့် (ဂ) တစ်ခုခုသည် အဖြေမှန်ဖြစ်သည်။ မှားလျှင် အမှတ်နှုတ်တတ်သော စာမေးပွဲဖြစ်ပါက (SAT တွင် Minus System ပါမပါ မသေချာပါ) နံကြားထောက်ဖြည့်လျှင် ရှိသမျှ အမှတ်ကုန်သွားနိုင်ရာ သိပ်မနိပ်သော နည်းလမ်းဖြစ်သည်။

ဤနေရာတွင် တစ်ခု သတိပြုရန်မှာ အနီးဆုံးယူတာ ပိုမိုတိကျလျှင် အဖြေမှားများကို ဖယ်ထုတ်နိုင်စွမ်း ပိုကောင်းလာမည်ဖြစ်သည်။ အထက်ပါ ဥပမာတွင် ၅၆ ၇၈၃၉ ကို ၅၆ ၀၀၀၀၊ ၈၃ ၆၄၈၃ ကို ၈၃ ၀၀၀၀ ဟု အနီးဆုံး ယူလိုက်မည်ဆိုပါက အဖြေမှန်သည် ၄၆၄၈ ၀၀၀၀ ၀၀၀၀ ထက်မနည်းဟု ခန့်မှန်းနိုင်မည်ဖြစ်ပြီး ဖြစ်နိုင်သည့် အဖြေမှန် ၂ ခု (ခ နှင့် ဂ) သာ ကျန်နေမည်ဖြစ်သည်။ တွက်ချက်မှုအတွက် ကြာမြင့်ချိန် အနည်းငယ် တိုးလာသော်လည်း ရမ်းဖြေလိုက်ပါက ဖြစ်တန်စွမ်းသီဝရီ အရကြည့်လျှင် မဖြေတတ်သဖြင့် ဘဲဥကိုက်ရန် သေချာနေသော ပုစ္ဆာ ၂ ပုဒ်တိုင်းတွင် ၁ ပုဒ် မှန်မှာ သေချာသဖြင့် (မှားလျှင် နှုတ်သောအမှတ်သည် မှန်လျှင်ပေးသော အမှတ်ထက် နည်းနေပါက) သိပ်မဆိုးလှသော နည်းလမ်းဖြစ်သည်။

ဖြတ်လမ်းနည်း (၂) နေရာလိုက်တန်ဖိုး၏ ဂုဏ်သတ္တိကို အသုံးချရန်

ဒုတိယနည်းလမ်းမှာ နေရာလိုက်တန်ဖိုး၏ ဂုဏ်သတ္တိကို အသုံးချရန်ဖြစ်သည်။ မည်မျှကြီးသော ကိန်းများကို မြှောက်မြှောက် ရလဒ်၏ ခုနေရာရှိ ဂဏန်းမှာ မူလကိန်း ၂ လုံး၏ ခုနေရာရှိ ဂဏန်း ၂ လုံး မြှောက်လဒ်သာလျှင် ဖြစ်သည်။ (ဆယ်ဂဏန်းမှစ၍ ဂဏန်းများ ချပေါင်းရန် လိုပါမည်။) ယခု ဥပမာတွင် ၅၆ ၇၈၃၉ ၏ ခုနေရာရှိ ဂဏန်းမှာ ၉၊ ၈၃ ၆၄၈၃ ၏ ခုနေရာရှိ ဂဏန်းမှာ ၃ ဖြစ်ရာ ၄င်းတို့ မြှောက်လဒ်၏ ခုနေရာရှိ ဂဏန်းမှာ (၉ × ၃ = ၂၇ ဖြစ်သဖြင့်) ၇ သာလျှင် ဖြစ်ရမည်၊ တနည်းအားဖြင့် အဖြေမှန်သည် ၇ နှင့် ဆုံးရမည်။ ၇ နှင့် ဆုံးသော အဖြေမှာ (က) နှင့် (ဂ) သာရှိရာ အထက်ပါ နည်းလမ်းနှင့် ပူးတွဲစဉ်းစားပါက အဖြေမှန်သည် (ဂ) ဟု ထင်ထင်ရှားရှား ထွက်လာတော့သည်။

ဖြတ်လမ်းနည်း (၃) အစားသီဝရီနှင့် ၉ ကြွင်းရှာနည်းကို ပေါင်းစပ် အသုံးပြုခြင်း

အင်မတန်မှ ရက်စက်တတ်တဲ့ မေးခွန်းထုတ်သူဟာ အဖြေအားလုံးကို ၄၆၄၈ နဲ့စပြီး ၇ နဲ့ အဆုံးသတ်ထားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမေးခွန်းရဲ့ အဓိက ဦးတည်ချက်ဟာ ဂဏန်းမြှောက်တတ်/မတတ်ကို စစ်ဆေးဖို့ မဟုတ်ပဲ ဖြေဆိုသူဟာ သင်္ချာ ဂုဏ်သတ္တိများကို ကျင်ကျင်လည်လည် လှည့်ပတ် အသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးဖို့ ဖြစ်နေတာကြောင့်ပါပဲ။ ဒီနေရာမှာ နောက်တမျိုး စမ်းကြည့်သင့်တာကတော့ အစားသီဝရီနဲ့ ၉ ကြွင်းရှာနည်းတို့ပဲ ဖြစ်ပါတယ်။

နာမည်ကို ဖတ်ပြီး လန့်မသွားပါနဲ့လေ။ နည်းလမ်းက လွယ်လွယ်လေးပါ။

ပထမဆုံး ၅၆ ၇၈၃၉ နဲ့ ၈၃ ၆၄၈၃ တို့ကို တစ်လုံးတည်းဖြစ်အောင် ပေါင်းပါ။ (နောက်တနည်း - ၉ ပြည့်အောင် တွဲတွဲပြီး ကျန်တာလေးတွေ ပေါင်းလဲ ရတယ်။)

၅ + ၆ + ၇ + ၈ + ၃ + ၉ = ၃၈

၃ + ၈ = ၁၁

၁ + ၁ = ၂

၈ + ၃ + ၆ + ၄ + ၈ + ၃ = ၃၂

၃ + ၂ = ၅

နောက်ပြီး အဲဒီ ပေါင်းလဒ် ၂ ခုကို မြှောက်ပါ

၂ × ၅ = ၁၀

ရလဒ်ကို တစ်လုံးထည်းဖြစ်အောင် ထပ်ပေါင်းပါဦး။

၁ + ၀ = ၁

အဖြေတွေကိုလဲ တစ်လုံးတည်းဖြစ်အောင် ပေါင်းကြည့်ပါ။

(က) ၄၃၈၈ ၅၄၂၀ ၉၈၄၇ ကို ပေါင်းတော့ ၈ ရတယ်။

(ခ) ၅၀၇၈ ၉၈၇၃ ၄၉၈၃ ကို ပေါင်းတော့ ၈ ရတယ်။

(ဂ) ၄၇၄၉ ၈၇၆၇ ၀၂၃၇ ကို ပေါင်းတော့ ၁ ရတယ်။

(ဃ) ၃၇၈၂ ၃၉၉၉ ၈၇၂၃ ကို ပေါင်းတော့ ၇ ရတယ်။

စောစောက မြှောက်ပြီး ပေါင်းထားတဲ့ (၂ × ၅ = ၁၀၊ ၁ + ၀ = ၁) ၁ နဲ့တူတဲ့ (ဂ) ကိုရွေးလိုက်ရုံပါပဲ။

နည်းလမ်းပဲ သိချင်သူများ ဒီနေရာမှာတင် ရပ်နိုင်ပါပြီ။ သက်သေပြချက်ကို သိချင်သူများ၊ ဒီလို ပေါင်းလိုက် မြှောက်လိုက်ရုံနဲ့ အဖြေမှန် တိုက်စစ်တာ အမြဲမှန်နေပါ့မလား၊ စာမေးပွဲနော် ပေါ့ပျက်ပျက် မလုပ်နဲ့လို့ ဆိုချင်သူများ သက်သေပြချက်ကို အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး အပိုင်း ၂ တွင် ဆက်ဖတ်ပါ။

Sunday, August 9, 2009

Quick Sort ကို အသုံးပြုပြီး Sorting စီခြင်း

လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

ကွန်ပျူတာ သိပ္ပံ (Computer Science) လေ့လာသူတွေနဲ့ သတင်းနည်းပညာ (IT) လေ့လာသူတွေအတွက် အစီအစဉ်ဆွဲနည်း (Programming) သင်ခန်းစာတွေမှာ မပါမဖြစ်ကတော့ အချက်အလက်များကို စီခြင်း (Sorting) အစီအစဉ်ပါပဲ။ Sorting စီတဲ့ နည်းလမ်းစဉ် (Algorithm) အမျိုးပေါင်း မြောက်များစွာ ရှိတဲ့အထဲက Bubble Sort, Counting Sort, Insertion Sort, Selection Sort နဲ့ Quick Sort တို့ဟာ ထင်ရှားပါတယ်။ (စာရေးသူ အကြိုက်ဆုံးကတော့ Selection Sort ဖြစ်ပြီး အကြောင်းရင်းကတော့ နားလည်ရလွယ်လွန်းလို့ ဖြစ်ပါတယ်။) ဒါပေမဲ့ လက်တွေ့ဘ၀မှာ အသုံးဝင်တာကတော့ နားလည်ရခက်၊ ရေးရတာ လက်ဝင်တဲ့ Quick Sort လေ။ ရေးလိုက်ကြတဲ့ အစီအစဉ်တွေတိုင်းမှာ စီစရာ (object, data type) တစ်မျိုး ပေါ်လာတိုင်း Quick Sort ကို တစ်ခါ ထထ ရေးရမယ် ဆိုတာကတော့ လွန်လွန်းပါတယ်။ ဒါကြောင့် C/C++ စံသတ်မှတ်ချက်မှာ Array အားလုံးကို စီနိုင်ဖို့ qsort ဆိုတဲ့ function ပါနေတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဲဒီ qsort ကို အသုံးပြုနည်းကို ရေးသားပေးမှာ ဖြစ်ပါတယ်။

qsort ရဲ့ သတ်မှတ်ချက်မှာ အစီအစဉ်ရေးသားသူ (programmer) ဒါမှမဟုတ် ကုဒ်ဒါကို ခြိမ်းခြောက်နေတာကတော့ pointer တွေပါပဲ။ ရိုးရိုး Data Pointer တွေတင်မကပဲ Function Pointer ကြီးပါ ပါနေတော့ Pointer ဆိုရင် ကျောစိမ့်နေကြလူတွေ လန့်ကုန်တာ မဆန်းပါဘူး။ ဒါပေမဲ့ အကျောသိရင် လွယ်လွယ်ကလေးပါ။ qsort ရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်ကို အရင်ကြည့်ရအောင်နော်။

void qsort ( void * base, size_t num, size_t size, int ( * comparator ) ( const void *, const void * ) );

ပထမဆုံး return type ကတော့ ဒီ function ဟာ return မပြန်ပါဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ပေးလိုက်တဲ့ array ကို စီပဲ စီပေးမယ်။ ဘာ ဂဏန်းမှ တွက်ပြီး အဖြေမထုတ်ပေးပါဘူးပေါ့။

ပထမဆုံး parameter က စီရမဲ့ array ရဲ့ ပထမဆုံးအကွက်ရဲ့ လိပ်စာ (address) ပါ။ အများကြောက်တဲ့ pointer ပေါ့။ Array အားလုံးဟာ Fix Pointer တွေ ဖြစ်တဲ့အတွက် စိတ်ချလက်ချပဲ array name ကို ဖြည့်လိုက်လို့ရပါတယ်။

ဒုတိယ parameter ကတော့ Array ရဲ့ အရွယ်အစား (size) ဖြစ်ပါတယ်။ C/C++ မှာ Array ရဲ့ size ကို compile-time/run-time check မလုပ်ပဲ ကုဒ်ဒါကပဲ အမြဲ ကိုင်တွယ် ကြီးကြပ်ရတာမို့ ဒါကို ထည့်ပေးရတာပါ။ နို့မို့ရင် ဘယ်နှခု စီရမလဲ မသိပဲ ဖြစ်နေမယ်လေ။ ကိုယ့် Array မှာ Element ၁၀ ခုပါရင် 10 လို့ထည့်ပေါ့။ Variable တစ်ခုခု ထည့်လို့လဲ ရပါတယ်။

တတိယ parameter ကတော့ စီချင်တဲ့ Array Element တစ်ခုချင်းရဲ့ အရွယ်အစားပေါ့။ အဲဒါမှ အဲဒီ မှတ်ဥာဏ်တုံးကြီး (memory block) တွေကို ရွှေ့လို့ရမယ်လေ။ ဒါလဲ မခက်ပါဘူး။ sizeof(element) လို့ ပေးလိုက်ရင်ရပါတယ်။

စတုတ္ထနဲ့ နောက်ဆုံး parameter ကတော့ နည်းနည်း ရှင်းပြရ လက်ဝင်ပါတယ်။ ဒါဟာ Function Pointer ကြီးဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ Element တွေကို နှိုင်းယှဉ်ချင်ရင် ဒီ Function နဲ့ တွက်ဆိုပြီး ပြောရတဲ့ သဘောပါ။ (နောက်တမျိုးပြောရရင် အဲဒီ Function ကြီးကို qsort ကနေ လှမ်းခေါ်မှာ ဖြစ်ပါတယ်။ အဲဒီ Function ကြီးက qsort ဆီကို ရှေ့ကကောင်က ငယ်ရင် အနှုတ်ကိန်း၊ တူရင် သုည၊ ကြီးရင် အပေါင်းကိန်း တစ်ခုခု return ပြန်ရပါမယ်။) အဲဒီ Function ကြီးရဲ့ ပုံစံကလဲ

int function_name(const void* a, const void* b);

ပဲဖြစ်ရပါမယ်။ ပိုနားလည်လွယ်အောင် ဥပမာလေးနဲ့ ကြည့်ရအောင်နော်။

ဥပမာ ၀န်ထမ်းတွေကို လစာ အများဆုံးကနေ အနည်းဆုံးကို စီပြီးသား အစီရင်ခံစာထုတ်ပေးတဲ့ အစီအစဉ်ကို လိုချင်တယ်။ တကယ်လို့ လစာတူနေရင် လုပ်သက်ရင့်တဲ့လူကို ရှေ့မှာ ထားချင်တယ် ဆိုပါစို့။ ဒါဆိုရင် ၀န်ထမ်းတွေရဲ့ အချက်အလက်တွေကို သိမ်းဖို့ class တစ်ခု ဆောက်ရပါမယ်။

class employee{

    int experience;     //in year

    float salary;    //in kyat

    /* Blar Blar Blar */

    public:

        bool operator < (employee &e)    {

            If(this->salary == e.salary) return (this->experience < e.experience);

            else return (this->salary < e.salary);

        }

        void my_emp_function(void) { }

        /* More Blar Blar Blar */

};

ပေါ့။ အဲဒီ Class မှာ လစာရယ်၊ လုပ်သက်ရယ်က Private Member တွေ ဖြစ်ပြီးတော့ အပြင်ကနေ ၀န်ထမ်းတွေကို နှိုင်းယှဉ်နိုင်ဖို့ operator '<' ကို overload လုပ်ထားတဲ့ Function တစ်ခုပါပါတယ်။ ဒါပေမဲ့ qsort ထဲကို အဲဒီ function ကို ထည့်လိုက်လို့မရတဲ့အတွက် (qsort က လိုချင်တဲ့ ပုံစံနဲ့ operator '<' ရဲ့ ပုံစံ Syntax မတူတဲ့အတွက်) qsort အတွက် Function ကို ဒီလိုရေးရပါမယ်။

int employee_comparer(const void* a, const void* b) {

    employee *temp_e = (employee*) a;        //type cast from void*

    employee *temp_f = (employee*) b;        //to employee*

    if((*temp_e) < (*temp_f)) return -1;

        else return 1;    

}

ရေးထားတဲ့ Function ရဲ့ ပထမ ၂ ကြောင်းကတော့ ဘာ type information မှမပါပဲ qsort က ရမ်းသန်းမှန်းသန်း ပို့လွှတ်လိုက်တဲ့ Pointer ၂ ခုကို employee Pointer ဖြစ်အောင် ပြောင်းယူတာပါ။ အဲဒီမှာ တချက်သတိထားဖို့က အဲဒီလို ပြောင်းယူပြီးတာတောင် temp_e နဲ့ temp_f က Pointer ပဲ ရှိပါသေးတယ်။ ဒါကြောင့် သူတို့ကို သုံးတဲ့အခါမှာ Data of လို့ အဓိပ္ပါယ်ရတဲ့ '*' လေးကို အမြဲထည့်ရပါမယ်။ (တကယ်လို့ သူတို့ထဲက function တွေ ခေါ်မယ်ဆိုရင်လဲ operator '.' ကို မသုံးပဲ operator '->' ကို ဒီလိုလေး temp_e->my_emp_function() ဆိုပြီးတော့ သုံးပေးရပါမယ်။) အဲဒီ '*' လေးကို ထည့်ပြီး operator '>' နဲ့ နှိုင်းယှဉ်လို့ရလာတဲ့ အဖြေပေါ်မူတည်ပြီး -1 သို့မဟုတ် +1 ကို qsort အတွက် return ပြန်ပေးလိုက်ရပါမယ်။

ဒီ Function လေးရေးလို့ အချိုးပြေသွားပြီဆိုရင်တော့ qsort ကို စိတ်အေးချမ်းသာ အသုံးပြုနိုင်ပါပြီ။ (employee ရဲ့ private member တွေကို accessor method တွေကနေတဆင့် ခေါ်ထားတာ သတိပြုပါ။ တကယ်တမ်း ရေးတဲ့အခါကျတော့ သတိလက်လွတ် ဒီတိုင်း ရေးမိတတ်ပါတယ်။ အဲဒီလိုရေးချင်ရင်တော့လဲ friend လုပ်လိုက်ပေါ့ဗျာ၊ နော။) အောက်မှာက main Function ပါ။

/* preprocessor Yada Yada Yada */

void main(void)

{

    employee myEmployeeArray[NUM_OF_EMPLOYEE];

    /* input data into myEmployeeArray */

    qsort(myEmployeeArray, NUM_OF_EMPLOYEE, sizeof(employee), employee_comparer);

    /* output sorted myEmployeeArray */

}

qsort ကို လွယ်လွယ်ခေါ်ပြီး ကုဒ်ဒါအပေါင်း သက်သာကြပါစေကြောင်း …

စာရေးသူ ရေးသားစမ်းသပ်ထားသော Code ကို ရယူရန်

Saturday, July 25, 2009

ဆီချက်ခေါက်ဆွဲ လုပ်နည်း

ဆီချက်ခေါက်ဆွဲဆိုတာ မြန်မာတိုင်းသိတဲ့ အစားအသောက်တမျိုးပါ။ မူလကတော့ တရုတ်အစားအစာဖြစ်ပြီး တရုတ်လူမျိုးတွေ မြန်မာနိုင်ငံကို လာရောက်ရောင်းချရာကနေ တဖြည်းဖြည်း မြန်မာမှုပြုလိုက်တာ အခုဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိ၊ မြန်မာပြည်မှာသာရှိတဲ့ ဆီချက်ခေါက်ဆွဲဆိုပြီး ဖြစ်လာပါတော့တယ်။ (စင်ကာပူမှာတော့ ဆီချက်ခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲတို့နဲ့ အတော်ဆင်တူတဲ့ မလေးမှု ပြုထားတဲ့ ခေါက်ဆွဲတွေ တွေ့ရပါတယ်။) အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာပြီး စားရတာအရသာရှိတဲ့ ဆီချက်ခေါက်ဆွဲ လုပ်နည်းကို ရွှေပွဲလာပရိသတ်ကြီးအတွက် ကပြဖျော်ဖြေ ... အဲလေ ... မှားလို့ စာရှုသူမိတ်ဆွေတို့အတွက် ရေးသားတင်ဆက်လိုက်ရပါတယ်။


ဆီချက်ခေါက်ဆွဲ (လူ ၃ ယောက်မှ ၆ ယောက်စာ) လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ...

  • ခေါက်ဆွဲပြား - ၃ - ၆ ခွက်စာ (အသင့်စားခေါက်ဆွဲတွေ ၀ယ်ပြုတ်လဲ ရပါတယ်။ ပိုတောင် အရသာ ကောင်းပါသေးတယ်။ ဆီနဲ့ကြော်ထားတာမဟုတ်တာကို ကျန်းမာရေးအတွက် ရွေးချယ်ပါ။)
  • ၀က်နံရိုးသား (သို့မဟုတ်) ကြက်ရင်အုပ် - ၁၅ ကျပ်သား (၀က်ကတော့ ပိုကောင်းသပေါ့လေ)
  • ကြက်သွန်ဖြူ - ၁ မြှောင့်၊ ၂ မြှောင့် (၃-၄ မြှောင့် ဟိဟိ)
  • ဆီ - တမှုတ် (ကျန်းမာရေးနဲ့ ညီညွတ်သော နေကြာဆီကို သုံးစွဲသင့်ပါသည်။)
  • ကြက်သွန်မြိတ် - ၁ ပင်၊ ၂ ပင် 
  • ပဲငံပြာရည် (နောက်) - ၁ စားပွဲဇွန်း
  • ပဲငံပြာရည် (ကြည်) - ၂ စားပွဲဇွန်း
  • ဆန်ရှာလကာရည် - ၁ စားပွဲဇွန်း
  • ဆား - အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။


ကြက်သွန်ဖြူကို အခွံခွာ၊ ရေဆေးပြီး အပေါ်မှာ ပြထားသလို သေးသေးလေးတွေ လှီးပါ။ (ကြိတ်စက်ရှိရင် ထည့်ကြိတ်လိုက်ပါ။) ပြီးနောက် ကြွေပန်းကန် (ပလတ်စတစ်၊ မယ်လမင်း ပန်းကန် မသုံးပါနှင့်) တစ်လုံးထဲကို ထည့်ထားပါ။ ၀က်နံရိုးကို ရှာလကာရည်၊ ပံငံပြာရည် (ကြည်/နောက်) နှင့် ဆားတစ်ဇွန်းခန့်ထည့်ပြီး (အောက်ကပုံအတိုင်း) နယ်ပါ။ ဒယ်အိုးတစ်လုံးထဲကို ဆီထည့်ပြီး မီးဖိုပေါ်တင် အပူပေးပါ။



ဆီပူပြီး အငွေ့ထွက်လာရင် စောစောတုန်းက ကြက်သွန်ဖြူပန်းကန်ထဲကို (အိုးဖင်ကပ် ဇွန်းတ၀က်စာလောက် ချန်ပြီး) လောင်းထည့်လိုက်ပါ။ ဒီအပိုင်းဟာ အလွန်အရေးကြီးပါတယ်။ ကြက်သွန်ကို ဆီပူအိုးထဲထည့် ကြော်ရတာ အင်မတန်ခက်ပါတယ်။ အကြော်မတတ်ရင်၊ အလေ့အကျင့်မရှိရင် ကြက်သွန်ဟာ အမြဲတူးပါတယ်။ (ငရုတ်သီးဆီချက်ချက်ဖို့လဲ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။) ဆီအငွေ့တထောင်းထောင်း ထွက်နေဖို့တော့ လိုအပ်ပါတယ်။ ဆီကိုလောင်းထည့်ပြီး တအောင့်လောက် အကြာမှာ အောက်မှာပြထားသလို ရွှေရောင်လေးနဲ့ ကြက်သွန်ဆီချက် ကျက်သွားပါလိမ့်မယ်။


အိုးကို မီးဖိုပေါ်ပြန်တင်ပါ။ စောစောက နယ်ထားတဲ့ ၀က်နံရိုးနဲ့ ငံပြာရည်တွေ၊ ရှာလကာရည်တွေအားလုံးကို အိုးထဲလောင်းထည့်ပါ။ နည်းနည်းမွှေပေးပြီး ရေတခွက်လောက် လောင်းထည့်ပါ။ ရေခမ်းစပြုတဲ့အထိ စောင့်ကြည့်ရင်း ခဏခဏ မွှေပေးပါ။ ရေခမ်းပြီဆိုရင် ရေထပ်ထည့်ပြီး နာရီဝက်လောက်ကြာအောင် ချက်ပါ။ ရေတွေအရမ်းများအောင် လောင်းမထည့်ပါနဲ့။ အရသာမကောင်းပဲ ဖြစ်တတ်ပါတယ်။

နာရီဝက်လောက်ကြာအောင် စောင့်ပြီး ချက်ရမှာပျင်းရင် ပထမတခါ ရေနည်းနည်းခမ်းတာနဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်ပြီး ချက်လိုက်လဲ ရပါတယ်။ မီးအပြင်းဆုံးနဲ့ ၃ မိနစ်ကနေ ၅ မိနစ်အထိ အသားရဲ့ အနေအထားပေါ်လိုက်ပြီး ချက်ရပါမယ်။ မိုက်ခရိုဝေ့ဖ်ထဲကို သတ္တုအိုးတွေမထည့်ဖို့၊ မိုက်ခရိုဝေ့ဖ်နဲ့ ချက်လို့ရတဲ့ အာမခံဘူးကိုပဲ သုံးဖို့ သတိထားပါ။ ရေအရမ်းခမ်းသွားရင် ဆီအပူရှိန်အရမ်းမြင့်သွားတတ်လို့ ရေခမ်းရင် ရေဖြည့်ပေးဖို့ မမေ့ပါနဲ့။

အသားကျက်အောင် ချက်ပြီးရင် အောက်မှာပြထားသလိုရအောင် အသားကို လှီးပါ။ (တောက်တောက်မစဉ်းပါနဲ့။ လှီးတာကို ကြွက်သားမျှင်အတိုင်း မလှီးပါနဲ့။ အဲဒါဆို ရှည်ရှည်ဖတ်တွေပဲ ရတတ်ပါတယ်။ ကြွက်သားမျှင်တွေကို ကန့်လန့်လှီးပါ။)

စိတ်မရှည်ဖြစ်နေပြီလား။ မပူပါနဲ့။ ပြီးတော့မှာပါ။ ကြက်သွန်မြိတ်ကို ရေဆေးပြီး သေးသေးလေးတွေ လှီးပါ။ ပြင်ပေးမဲ့ ပန်းကန်ထဲမှာ ၀က်နံရိုးဟင်းက အရည်ရယ်၊ ဆီချက်ဖတ်ရယ် (ဆီတွေ မယူပါနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး) ဆားနည်းနည်းရယ်ထည့်၊ စဉ်းထားတဲ့ အသား တော်သင့်ရုံနဲ့ ခေါက်ဆွဲကိုထည့်ပြီး ရောမွှေပေးပါ။ မွှေပြီးရင် အပေါ်မှာ ကြက်သွန်မြိတ်ဖတ်လေးတွေ ဖြူးလိုက်ရင် ဆီချက်ခေါက်ဆွဲ ရပြီပေါ့။ လွယ်တယ်၊ မြန်တယ်၊ အကုန်အကျ သက်သာတယ် (အသား ၁၅ ကျပ်သားပဲလေ၊ ကျန်တာက သိပ်ဈေးမကြီးဘူး) နော်။ ဒါကြောင့် ခေါက်ဆွဲဆိုင်ဖွင့်တဲ့ တရုတ်တွေ မြန်မြန်ချမ်းသာကြတာနေမှာ။


(ချက်ပြီးခါနီးမှ သတိရလို့ ပုံမှာ ကြက်သွန်မြိတ်မပါပါ။)

Tuesday, June 9, 2009

မိုးကြိုး အန္တရာယ်ကာကွယ်ရေး သိကောင်းစရာ

The Voice Weekly Journal (June 8 2009) မှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လယ်ကွင်းတစ်ခုအတွင်း ဂဏန်းနှိုက်နေစဉ် မိုးကြိုးပစ်ခံရလို့ တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း ဖတ်ရှုရပါတယ်။ ဒါကြောင့် မိုးကြိုးအန္တရာယ်ကာကွယ်ရေး ဆောင်းပါးကို ရေးသားတင်ဆက်လိုက်ရပါတယ်။

ဆံပင်ထောင်သလား၊ သတိထား

ပထမဆုံး သိရမှာက မိုးကြိုးမုန်တိုင်းကျရောက်စဉ်မှာ မိမိမှာ အန္တရာယ်ရှိမရှိ သုံးသပ်ဖို့ လိုအပ်ပါတယ်။ နားလည်ရအလွယ်ကူဆုံးကတော့ ၃၀/၃၀ စည်းမျဉ်းပါပဲ။ မိုးကြိုးပစ်တဲ့ အလင်းရောင် ဖြတ်ကနဲ မြင်လိုက်ရတဲ့အချိန်ကစပြီး ရေတွက်လို့ စက္ကန့် ၃၀ အတွင်းမှာ မိုးကြိုးပစ်သံကို ကြားရရင် စက်ကွင်းမလွတ်ဘူး၊ အန္တရာယ်ရှိလာတော့မယ်လို့ သိရပါမယ်။ (မိုးကြိုးမုန်တိုင်းကျတဲ့ ဧရိယာဟာ ၆ မိုင်လောက် ရှိတတ်ပြီး မိုးကြိုးပစ်သံဟာ ၅ စက္ကန့်ကို ၁ မိုင်သွားတာမို့ စက္ကန့် ၃၀ အတွင်းဆိုရင် မလွတ်ဘူး ပြောတာပါပဲ။) ဒါပေမဲ့ ဒီလို တိုင်းတာဟာ မိုးကြိုး အဆက်မပြတ် ပစ်နေတဲ့အခါမျိုးမှာ အသုံးမ၀င်နိုင်ပါဘူး။ သင့်ဘေးက လူ ဆံပင်တွေ ထောင်နေရင်၊ သင့်ဆံပင်တွေ တင်းနေပြီဆိုရင် အန္တရာယ်နဲ့ အရမ်းနီးနေပြီဟု သိပါ။

ကားထဲမှာ ငြိမ်ငြိမ်နေ၊ လျှောက်မကိုင်နဲ့

မုန်တိုင်းကျလို့ မိုးကြိုးပစ်မဲ့ အလားအလာကို တွေ့ရပြီဆိုရင် ခိုနားစရာ ချက်ချင်း ရှာရပါမယ်။ (များသောအားဖြင့် မိုးလဲ ရွာနေတတ်ပါတယ်။) သစ်ပင်မြင့်မြင့်တွေမှာ ခိုဝင်ခြင်းဟာ အန္တရာယ်မကင်းဘူးဆိုတာ လူအများသိပြီး ဖြစ်ပါတယ်။ မိုးကြိုးပစ်တယ်ဆိုတာ ကောင်းကင်ပေါ်က လျှပ်စစ်လုံးကြီး ကျလာတာမဟုတ်ပဲ ကောင်းကင်က လျှပ်စစ်ငုတ် (တိမ်တိုက်) နဲ့ မြေပြင်ပေါ်က လျှပ်စစ်ငုတ်အကြား ဗို့အားမြင့် လျှပ်စစ်စီးသွားတာပါပဲ။ ချွန်ထက် မြင့်မားတဲ့ အရာတွေဟာ အဲဒီလို လျှပ်စစ်စီးဖို့ လွယ်တဲ့အတွက် သစ်ပင်အောက်မိုးမခိုနဲ့၊ ထီး (သံချွန်ပါတဲ့ထီး) မဆောင်းနဲ့၊ ဓာတ်တိုင်တွေနားမှာ မနေနဲ့ လို့ ပြောကြတာပါပဲ။ မိုးကြိုး မုန်တိုင်းကျရောက်နေစဉ်မှာ ခိုင်ခံ့တဲ့ အဆောက်အဦ (မိုးကြိုးလွှဲ စနစ်တကျ တပ်ဆင်ထားလျှင် ပိုကောင်းသည်) အတွင်းသို့ ၀င်ရောက် ခိုနားသင့်ပါတယ်။ ပြတင်းပေါက်များနဲ့ သတ္တုပစ္စည်းများနဲ့ ဝေးဝေးနေပါ။ အိမ်ထဲမှာမို့ အေးဆေးဆိုပြီး ပလပ်တပ်ထားတဲ့ လျှပ်စစ်အသုံးအဆောင် (တီဗွီ၊ ရေခဲသေတ္တာ) တို့ကို ကိုင်တွယ်ခြင်း မပြုရပါဘူး။ (ဖြစ်နိုင်ရင် အဲဒီပစ္စည်းတွေကို ကြိုးဖြုတ်ထားခြင်းဖြင့် ပစ္စည်းပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။ ကြိုလုပ်ပါ။) အနီးပတ်ဝန်းကျင်မှာ ခိုင်ခံ့တဲ့ အဆောက်အဦမရှိခဲ့လျှင် မော်တော်ကားအတွင်းသို့ဝင်ပြီး ကားမှန်များကို အကုန်တင်ထားပါ။ (သတိ၊ မိုးပွင့်ကားလှလှလေးများကို မဆိုလိုပါ။) မော်တော်ကားသည် သံကွန်ချာကဲ့သို့ ဖြစ်နေသဖြင့် သင့်အား မိုးကြိုးကြောင့် ဓာတ်လိုက်သေဆုံးခြင်းမှ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ကားမောင်းခွေ (steering wheel)၊ ဂီယာပြောင်းတံတို့ကို မကိုင်ရန်လဲ သတိထားပါ။ ကားအတွင်းရှိ ရေဒီယိုကိုလဲ မဖွင့်သင့်ပါ။

ဝမ်းလျားမှောက်မနေပါနဲ့

ကွင်းပြင်အတွင်းမှာ ခိုကိုးရာမဲ့ ဖြစ်နေပြီဆိုပါက ဆောင့်ကြောင့်ထိုင်ချပြီး ဖနောင့်နဲ့ မြေကြီးကို သေချာထိထားပါ။ သင့်နားရွက်ကို သင်ကိုင်ထားပြီး လုံးလုံးလေး ဖြစ်နေပါစေလို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ အများပြောသလို ဗိုက်နဲ့ မြေကြီးထိပြီး ၀မ်းလျားမှောက်မနေပါနဲ့။ ၀မ်းလျားမှောက်နေခြင်းကြောင့် သင့်အား မိုးကြိုးတည့်တည့်မပစ်သော်လည်း သင့်ဘေးက မြေပြင် (သို့မဟုတ်) သစ်ပင်စသည်တို့ကို ပစ်လို့ စက်ကွင်းမလွတ်ခဲ့လျှင် သင့်ဝမ်းတွင်း ကလီစာများအားလုံး ဓာတ်လိုက်ခံရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မိုးကြိုးအပစ်မခံရသော်လည်း အသက်သေဆုံးနိုင်ပါတယ်။ သိပ္ပံလက်တွေ့ စမ်းသပ်ခန်းတစ်ခုမှာ စမ်းပြတာကတော့ ချွန်နေတဲ့ သတ္တုတံနဲ့ လုံးနေတဲ့ သတ္တုလုံးကို မိုးကြိုးပစ်စေရာ (၂ ခုလုံးကို တူညီသော လျှပ်စစ်အခြေပေးသော်လည်း) သတ္တုတံကို အကြိမ်ပေါင်းများစွာပစ်မှ သတ္တုလုံးကို တကြိမ်သာ ပစ်တာကို စာရေးသူ မျက်မြင်တွေ့ခဲ့ဖူးပါတယ်။ သိပ္ပံပညာရှင်များ အဆိုအရ အထက်ပါပုံစံနှင့် ထိုင်နေပါက မိုးကြိုးပစ်ခံရသည့်တိုင် ကိုယ်တွင်းအင်္ဂါများ ဓာတ်လိုက်မခံရသဖြင့် အသက်သေဆုံးရန် အခွင့်အလမ်း နည်းပါးတယ်လို့ ဆိုပါတယ်။

မိုးကြိုးပစ်ခံရသူ အနူမဟုတ

မိုးကြိုးပစ်ခြင်းခံရပါက အပူကြောင့် လောင်ကျွမ်းခြင်းနှင့် လျှပ်စစ်ဓာတ်လိုက်ခံရသဖြင့် နှလုံးရပ်သွားခြင်းတို့ ခံစားရတတ်သဖြင့် တစုံတယောက် မိုးကြိုးပစ်ခံရပါက ၄င်းကို ချက်ချင်း ဆေးကုသမှု ပေးရန် အရေးကြီးပါတယ်။ မီးလောင်နေပါက မီးငြိမ်းသတ်ပေးရန် လိုအပ်သော်လည်း မီးလောင်ဒဏ်ရာများကို အရင်မကုသပါနှင့်။ နှလုံးမခုန်ပါက အသက်ရှူအားကူ ကုသခြင်းဖြင့် ချက်ချင်း နည်းမှန်လမ်းမှန် ကုသပါ။ လူနာကို ထိတွေ့ခြင်းဖြင့် ကူညီကုသသူကို ဓာတ်မလိုက်နိုင်ပါ။ (သို့ရာတွင် … ကွင်းပြင်ထဲရှိ လူနာအနီးတွင် မိုးကြိုးပစ်ခံရချင်စရာကောင်းအောင် ကိုးရိုးကားယား လုပ်မနေပါနှင့်။ လုံခြုံသောနေရာသို့ ရွှေ့ပြောင်းသင့်က ရွှေ့ပြောင်းပါ။)

စာရှုသူများ မိုးကြိုးအန္တရာယ် ကင်းဝေးပါစေ။

ကိုးကား ။ ။ http://www.fema.gov/kids/sabrina.htm, http://firstaid.about.com/od/heatcoldexposure/ht/07_avoid_ltning.htm

Tuesday, May 12, 2009

စင်ကာပူ နမ့်ပစ်ဖူး (လောရှည် ပဲကြာဇံသုပ်)

နမ့်ပစ်ဖူးဆိုတာက ရှမ်းပြည်မှာရတဲ့ အသုပ်တစ်မျိုးပေါ့။ ပဲပုတ်နှစ်ရယ်၊ ခရမ်းချဉ်သီးရယ်၊ ဂေါ်ဖီရယ်နဲ့ ညှပ်ခေါက်ဆွဲကို သုပ်တာ။ တချို့ကလဲ မန်ကျည်းရည်ထည့်တတ်သေးရဲ့။ ပဲပုတ်နှစ်က ရှမ်းပြည်မှာပဲ ပေါတာမို့ ရန်ကုန်မှာတောင် တခါတလေ ရှမ်းပြည်လူကြုံရှိမှ စားရတာ။ အဲဒီအစားအသောက်ကို စင်ကာပူမှာ တမ်းတနေတော့ ခက်ရောပေါ့။ ဒါပေမဲ့ …

ဟိုတနေ့က အစ်မတစ်ယောက်က ပဲကြာဇံသုပ် အိမ်မှာလာသုပ်ကျွေးတယ်။ (အမေသုပ်တာနဲ့တော့ မတူပါဘူး။ အမေက သက်သတ်လွတ်သုပ်တာလေ။ ပုဇွန်ခြောက်တောင် မပါဘူး။) ငါးသေတ္တာတို့ ကြက်အူချောင်းတို့နဲ့ သုပ်တာ။ ဒီမနက်ကျတော့ မနက်စာကို ဂေါ်ဖီလေးနဲ့ မုန်လာဥနီလေးတွေ ရေနွေးငွေ့ရိုက်၊ ခရမ်းချဉ်သီးလေးလှီးပြီး ကျွန်း ၁၀၀၀ အနှစ် နဲ့ ဆမ်းစားမလို့ ပြင်နေတုန်း ဟိုတနေ့က ပိုနေတဲ့ ပဲကြာဇံသုပ်တဲ့ ပစ္စည်းတွေကို သတိရသွားတယ်။ အဲဒါနဲ့ ပဲကြာဇံပါ ထည့်သုပ်မလို့ လုပ်တုန်း … ပဲပုတ်ကလေးထည့်ရင် နမ့်ပစ်ဖူးနဲ့ အရသာတူမှာလို့ စဉ်းစားမိတယ်။ ဒါနဲ့ပဲ စင်ကာပူ နမ့်ပစ်ဖူး (လောရှည် ပဲကြာဇံသုပ်) ဖြစ်လာပါလေရော။

ပါဝင်ပစ္စည်းများ (လူ ၂ ယောက်စာအတွက်)

ပဲကြာဇံ     - လက်တဆုပ်စာလောက်

ပဲပုတ်ချပ်    - ၂ ချပ်

ဂေါ်ဖီထုပ်    - ခပ်သေးသေး တစိတ်

မုန်လာဥနီ    - ၁ တောင့်

ခရမ်းချဉ်သီး    - ၂ လုံး

ကြက်အူချောင်း    - ၃ ချောင်း

ကြက်သွန်ဖြူ    - ၂ မြှောင့်

နှမ်းမှုန့်        - အနည်းငယ်

ဆား        - အနည်းငယ်

ဆီ        - အနည်းငယ်

ရှာလကာရည်    - ဟင်းချိုသောက်ဇွန်း ၁ ဇွန်း

သံပရာသီး    - ၁ လုံး

နံနံပင်        - အနည်းငယ်

ငရုတ်သီးစိမ်း    - ၂ မြှောင့်

ပဲကြာဇံကို ရေနွေးနဲ့ စိမ်ပါ။ ပဲပုတ်ချပ် (အပြားဝိုင်းကြီးတွေကို ပြောတာ) ကို ကြော်ချင်ကြော်၊ ဖုတ်ချင်ဖုတ်ပြီး အမှုန့်ဖြစ်အောင် ထောင်းပါ။ (ကြော်မယ်ဆိုရင် ဆီကို အငွေ့ထွက်အောင်တည်၊ မီးပိတ်ပြီးမှ ပဲပုတ်ချပ်ကိုထည့်ပါ။ နို့မဟုတ်ရင် ခါးပါလိမ့်မယ်။ ထောင်စရာ ဆုံမရှိရင် စက္ကူထဲထည့်ပြီး ပုလင်းနဲ့ လှိမ့်ကြိတ်လဲ ရပါတယ်။ အမှုန့်ကြိတ်စက်ရှိရင်လဲ အမှုန့်ကြိတ်စက်နဲ့ ကြိတ်ပေါ့။ လောရှည်ကတော့ အဲဒီအမှုန့်ကို နေရာတကာမှာသုံးဖို့ ဗူးထဲထည့်ဆောင်ထားတယ်။) ကြက်သွန်ဖြူလေးတွေ ပါးပါးလှီးပြီး ဆီသတ်ပါ။ ငရုတ်သီးမှုန့်ရှိရင် ငရုတ်သီးဆီသတ်လဲ လုပ်ချင်လုပ်ပါ။ (ငရုတ်သီးဆီသတ်လုပ်ဖို့အတွက် ငရုတ်သီးမှုန့်ကို ပန်းကန်ထဲထည့်၊ အငွေ့ထွက်အောင် တည်ထားတဲ့ ဆီကို အဲဒီပန်းကန်ထဲ လောင်းချလိုက်ပါ။ ဒါဆို မညှော်ပါဘူး။ အမေ့နည်းကွ။) ကြက်အူချောင်းကို ပြုတ်ပါ။ (Microwave မီးဖို ရှိရင် အဲဒါနဲ့လုပ်လဲ ရပါတယ်။ မြန်တာပေါ့။) မုန်လာဥနီကို သေးသေးလေးတွေတုံးပြီး ရေနွေးဖျောပါ။ အဲဒါပြီးရင် ပူမဲ့လောင်မဲ့ ကိစ္စတွေ (ရေနွေးစိမ်ခြင်း၊ ဆီသတ်ခြင်း) ပြီးပါပြီ။

အခု အေးတဲ့ကိစ္စတွေ လာပါမယ်။ ဂေါ်ဖီကို ရေစင်စင်ဆေးပြီး ပါးပါးလှီးပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။ သံပရာသီးကို အရည်ညှစ်ဖို့အသင့် လှီးထားပါ။ ကြက်အူချောင်းကို ခပ်သေးသေးလှီးပါ။ ငရုတ်သီးနဲ့ နံနံပင်ကိုလဲ ရေဆေးပြီး သေးသေးလေးတွေလှီးထားပါ။ (ပဲကြာဇံနဲ့ မုန်လာဥနီ ရေနွေးထဲက ဆယ်တော့၊ ရပြီ။) ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး ဆီချက်၊ ပဲပုတ်မှုန့်၊ ရှာလကာရည်တို့ကို ပဲကြာဇံ၊ ကြက်အူချောင်း၊ ဂေါ်ဖီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးတို့နဲ့ ရောနယ်ပါ။ ဆားထည့်ပါ။ နှမ်းမှုန့်ကို ဖြူးပါ။ ငရုတ်သီး လှီးထားတာလေးထည့်၊ သံပရာသီးအကုန်ညှစ်ပြီး ဆက်နယ်။ နယ်လို့ နှံ့ရင် နံနံပင်လေးဖြူး၊ စားလို့ ရပါပြီ။


Sunday, October 12, 2008

ငါးထမင်းနယ် (ရှမ်းထမင်းချဉ်) လုပ်နည်း

ဒီနေ့ သတင်းကျွတ် အဖိတ်နေ့ (သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့)။ လောရှည် မွေးနေ့ပေါ့။ အဲဒါ မမ Red က မောင်လေးမွေးနေ့မို့ ငါးထမင်းနယ်လုပ်ကျွေးမယ်လို့ မနေ့ညကတည်းကပြောပြီး ဒီမနက် လုပ်ကျွေးတယ်။ ပျော်လိုက်တာ။ သြော် ငါ့ကို ဂရုစိုက်သားဆိုပြီ။ စားပြီးတော့ မေးကြည့်တော့ သူ့မောင်အရင်းက အောက်တိုဘာ ၁၃ မွေးတာမို့ သူ့မောင်လေးမွေးနေ့ကို လုပ်ကျွေးတာတဲ့။ သေရော ။ ဘာပဲဖြစ်ဖြစ် အမေတို့လုပ်တာ ကြည့်ထားတာနဲ့ သူ့ဆီက ချက်နည်းမေးထားတာလေးတွေ ရောသမမွှေပြီး ငါးထမင်းနယ်လုပ်နည်းကို တင်ဆက်လိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်သွန်မြိတ်        - အနည်းငယ်
နံနံပင်            - အနည်းငယ်
ဆား            - အနည်းငယ်
ခရမ်းချဉ်သီး        - ၃ လုံး
မန်ကျည်းနှစ်        - အနည်းငယ်
ကြက်သွန်ဖြူ        - ၃ လုံး
ငါး (ရေချိုငါး)        - ၂၅ သားခန့်
အာလူး             - ၂ လုံးခန့်
ဆန်            - ၅ လုံး (ထမင်းပေါင်းအိုးနဲ့ပါလာသော ဗူးနဲ့ ချိန်ပါ၊ နို့ဆီဗူး မဟုတ်ပါ)
ပထမဆုံး ငါးနဲ့ အာလူးကို ဆားအနည်းငယ်စီ ထည့်ပြီး (တအိုးစီ) ပြုတ်ထားပါ။ အဲဒါတွေ ပြုတ်နေတုန်းမှာ ထမင်းကိုလဲ တပြိုင်နက်ချက် (ရေ ၇-၈ လုံးလောက်ထည့်ချက်ပါ)၊ မန်ကျည်းနှစ်ကို ရေနွေးဖျော၊ ကြက်သွန်မြိတ်နဲ့ နံနံပင်ကို လှီး၊ ကြက်သွန်ဖြူ အခွံခွာထားပါ။ ငါးနဲ့ အာလူးရရင် (ရေခမ်းပြုတ်ရပါသည်။) ခရမ်းချဉ်သီးကို ပြုတ်ပါ။ ငါးကို အသားနွှင်၊ အာလူးကို ချေပါ။ ခရမ်းချဉ်သီး ပြုတ်တာ ပြဲသွားရင် သူ့ကိုလဲ ချေပါ။ ကြက်သွန်ဖြူထောင်းပါ။ ညက်လျှင် ကြက်သွန်ဖြူဆီချက် ချက်ပါ။ (ဆီထဲကို ကြက်သွန်ဖြူ ထောင်းထားတာ ထည့်ကြော်ပါဟု ဆိုလိုသည်၊ ရွှေဝါရောင်သန်းလာလျှင် အိုးပေါ်မှချ၊ ပန်းကန်ထဲ ပြောင်းထည့်ပါ။ သို့မဟုတ်က တူးလိမ့်မည်။) ပြီးလျှင် ကြက်သွန်ဖြူ ဆီချက်၊ မန်ကျည်းနှစ်နှင့် ကြက်သွန်မြိတ်၊ နံနံပင်မှအပ အားလုံးရောနယ်ပါ။ ပြီးလျှင် အနေတောင် အလုံးလေးတွေ လုံးထားပါ။ (ကြီးကြီးလုံးလဲ ဘာမှ မဖြစ်ပါ)

စားချင်စဖွယ်ပါပဲ
တည်ခင်းရာတွင် အလုံးကို ပန်းကန်ပြားထဲ ထည့်ပြားပြီး မန်ကျည်းနှစ်၊ ကြက်သွန်ဖြူ ဆီချက်ဖတ်၊ နံနံပင်၊ ကြက်သွန်မြိတ်ဖြူးပြီး ပြင်ပေးပါ။ ဂျူးမြစ် (အစိမ်း) နှင့် တွဲစားလျှင် အလွန်ကောင်းပါသည်။ ငရုတ်သီးကြိုက်သူများ ငရုတ်သီးဆီချက်နှင့်လဲ တွဲဖက်စားသုံးနိုင်ပါသည်။

Wednesday, July 9, 2008

UMDH ဖြင့် မှတ်ဥာဏ်ယိုပေါက်များကို ရှာဖွေခြင်း

အောက်ပါ post ပါအကြောင်းအရာများကို Intel® Core™2 Duo E6550 @2.33 GHz, DDR 2 1GB x 4, Microsoft Windows XP Professional Service Pack 2 တပ်ဆင်ထားသော ၃၂ ဘစ် စက်တွင်သာ စမ်းသပ်ထားပြီး ဖြစ်ပြီး ရေးသားချိန်တွင် တတ်နိုင်သလောက် တိကျ မှန်ကန်စေရန် ကြိုးစားထားသော်လည်း post ပါ အကြောင်းအရာများ၏ မှန်ကန်တိကျ မှီခိုနိုင်စွမ်းကို လောရှည် - ကတဲ့ပွဲမှ အာမမခံပါ။ သုံးစွဲခြင်းကြောင့် တစုံတရာ နစ်နာဆုံးရှုံးမှု ဖြစ်ပွားလာပါက သုံးစွဲသူ၏ တာဝန်သာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ 

Pointer Arithmetic အသုံးပြုသော အစီအစဉ် (Program) များကို ရေးသားရာတွင် ဖြစ်တတ်သော ပြဿနာတစ်ရပ်မှာ ရယူထားသော မှတ်ဥာဏ် (memory) နေရာ (space) များကို ပြန်လည်စွန့်လွှတ်ခြင်း (deallocation) မပြုမိသည့်အခါ အပုံ (heap) ထဲတွင် မှတ်ဥာဏ်နေရာလွတ် ကုန်ခမ်း သွားတတ်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် အမှိုက်သိမ်းစနစ် (Garbage Collection System) မပါရှိသည့် C/C++ ကဲ့သို့သော ဘာသာစကားများတွင် အဆိုပါ ပြဿနာသည် ကောက်ရိုးပုံ အပ်ပျောက်သလို ရှာရခက်သော ပြဿနာ တစ်ရပ်ဖြစ်ပါသည်။ Windows NT Platform (Windows NT, Windows 2000, Windows XP and Windows Vista) တွင် အဆိုပါ ပြဿနာကို အဖြေရှာနိုင်ရန်အတွက် UMDH ဟုခေါ်သော အစီအစဉ်တစ်ခုကို Microsoft မှ အခမဲ့ ဖြန့်ဖြူးပေးထားရာ ယခုဆောင်းပါးငယ်တွင် အဆိုပါ အစီအစဉ်ကို အသုံးပြုပုံ အဆင့်ဆင့်ကို ရေးသားရှင်းလင်းမည် ဖြစ်ပါသည်။ 

UMDH သည် Debugging Tools for Windows package တွင်ပါဝင်သော အစီအစဉ်တစ်ခု ဖြစ်သည်။ ၄င်းကို အသုံးပြုရန်အတွက် အဆိုပါ package ကို အရင်ဆုံး download လုပ်ရမည်ဖြစ်သည်။ မိမိ အသုံးပြုမည့် စနစ်နှင့် ကိုက်ညီရာကို ရွေးချယ်ရန် သတိပြုပါ။ ထို့နောက်တွင် Windows Symbol Package ကို download လုပ်ရယူရမည်ဖြစ်သည်။ Symbol Package ကို ရွေးချယ်ရာတွင် မိမိ debug လုပ်မည့် အစီအစဉ်ကို အသုံးပြုမည့် စက်မောင်းနှင်စနစ် (Operating Systems) နှင့်ကိုက်ညီရာကို ရွေးချယ်ရမည်ဖြစ်သည်။ (စက်တလုံးတည်းတွင် debug လုပ်မည်ဆိုပါက အဆိုပါစက်၏ မောင်းနှင်စနစ်ကိုသာ ရွေးပါ။) 

အထက်ပါ အပျော့ထည်များကို ထည့်သွင်းပြီးပါက သင်၏ စက်မောင်းနှင်စနစ်ကို debug mode ဖြင့် စနှိုး (boot) ပါ။ Windows XP Professional တွင် My Computer ကို ညာကလစ်ဖြင့် နှိပ်ပါ။ Properties ကိုရွေးပါ။ Advanced tab ကို သွားပါ။ Startup and Recovery Setting ကို နှိပ်ပါ။ Edit ကို နှိပ်ပါ။ သင်၏ စက်မောင်းနှင်စနစ် စာကြောင်း ဘေးတွင် "/debug" ဟုဖြည့်သွင်းပါ။ (ဥပမာ …\WINDOWS="Microsoft Windows XP Professional" /fastdetect /debug အချို့ကမူ ထိုစာကြောင်းကို ၂ ကြောင်းကူးပြီး တစ်ခုတွင် "/debug" ဟု ထည့်သွင်းတတ်သည်။)

ထို့နောက် System Path Variable ကို UMDH (နှင့် Debugging Tools for Windows) ထည့်သွင်းထားသော လမ်းညွှန် (Directory) သို့ ပြောင်းပေးပါ။ My Computer ကို ညာကလစ်နှိပ်ပြီး Properties ကိုရွေးပါ။ Advanced tab ကိုသွားပါ (အထက်ပါအတိုင်းတူတူပင်ဖြစ်သည်။) Environment Variables ကို နှိပ်ပါ။ System variables မှ path ကိုရှာပြီး UMDH ရှိရာ လမ်းညွှန်ကို ဆီမီး ၉ လုံး (semi-colon) ခံပြီး နောက်ဆုံးတွင် ထည့်သွင်းပါ။ အားလုံးကို အိုကေနှိပ်ပါ။ စက်ကို restart လုပ်ပါ။ 

စက်ပြန်တက်လာလျှင် _NT_SYMBOL_PATH ဟုခေါ်သော Environment Variable ကို သင် Symbol ထည့်သွင်းထားခဲ့သော လမ်းညွှန်သို့ ပြောင်းပေးရမည်ဖြစ်သည်။ set _NT_SYMBOL_PATH=SRV*c:\Windows\Symbols ဟု အမိန့်ပေးပါ။ (Symbol များကို အခြား လမ်းညွှန်သို့ ထည့်သွင်းမိလျှင် c:\Windows\Symbols အစား အဆိုပါလမ်းညွှန်၏ လမ်းကြောင်းကို ဖြည့်သွင်းပါ။) သင့် အစီအစဉ်အတွက် gflags ကို ချိန်ပေးရန်အတွက် "gflags /i yourprogram.exe +ust" ဟု အမိန့်ပေးပါ။ UMDH သုံးစွဲရန် အသင့်ဖြစ်ပါပြီ။ 

သင်၏ အစီအစဉ်ကို မှတ်ဥာဏ်ယိုပေါက် (memory leakage) မဖြစ်ခင် အနေအထားတွင် ရပ်တန့်စေ၍ (breakpoint ပေးလိုက်လျှင် အလွယ်ဆုံးဖြစ်သည်) umdh –p:<your_program_process_id> -f:<logfile1_path_with_ext> -g ဟု အမိန့်ပေးပါ။ (Process Id ကို သိရန်အတွက် tlist ဟု အမိန့်ပေး၍ ကြည့်ရှုနိုင်ပါသည်။) ထို့နောက်တွင် မှတ်ဥာဏ်ယိုပေါက် အပြီးလောက်ဟု ထင်သောနေရာသို့ ရောက်သည်အထိ ဆက်လက်လုပ်ဆောင်စေပါ။ umdh –p:<your_program_process_id> -f:<logfile2_path_with_ext> -g ဟု ထပ်မံအမိန့်ပေးပါ။ 

ယခု သင်၏ အစီအစဉ်ရှိ မှတ်ဥာဏ်ယိုပေါက်မတိုင်မီနှင့် မှတ်ဥာဏ်ယိုပေါက်အပြီး မှတ်ဥာဏ်အသုံးချမှုဆိုင်ရာ အချက်အလက်များ logfile1 နှင့် logfile2 တို့တွင် သိမ်းဆည်းပြီး တည်ရှိနေပါပြီ။ အဆိုပါ file များကို နှိုင်းယှဉ်ကြည့်ရှုရန်အတွက် umdh –d –v –l <logfile1_path> <logfile2_path> ဟု နှိပ်ပါက အဆိုပါ အစီအစဉ် နေရာ ၂ ခုကြား ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည့် မှတ်ဥာဏ်နေရာများကို တွေ့ရှိရပါလိမ့်မည်။ ("> <text_file_path>" ဟု အမိန့်နောက်တွင် ဖြည့်သွင်းပြီးမှ အမိန့်ပေးလျှင် ဖန်သားပြင်ပေါ်တွင် ပေါ်လာမည့် အဖြေများကို အဆိုပါ text_file_path တွင် ရေးသားပေးပါသည်။) 

ဥပမာ

+ 4132 ( 4132 - 0) 1 allocs    BackTraceD3

+ 1 ( 1 - 0)    BackTraceD3    allocations

    (blar blar blar)

    MSVCR80D!fprintf+0000029C (f:\rtm\vctools\crt_bld\self_x86\crt\src\fprintf.c, 70)

    YourProject!leakyFunction+000005EB (d:\leaky.cpp, 325)

    (blar blar blar)

    kernel32!RegisterWaitForInputIdle+00000049

ဟုတွေ့ရှိရပါက မှတ်ဥာဏ် မှတ်တမ်း ၂ ခုအကြားတွင် leakyFunction (leaky.cpp မှ လိုင်းအမှတ် ၃၂၅) မှ မှတ်ဥာဏ် ၄၁၃၂ ဘိုက်ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည်ကို တွေ့ရှိရပါလိမ့်မည်။ 

စာရှုသူ မိတ်ဆွေများ မှတ်ဥာဏ်ယိုပေါက်များဖြင့် ခေါင်းကိုက်ရခြင်း ဒုက္ခမှ ကင်းဝေးပါစေ။ 

Friday, May 9, 2008

ဝက်ခြေထောက်ဟင်းအေး ချက်နည်း


အပေါ်ကပုံက အမေရေးပို့လာတဲ့ စာလေးက ဖြတ်ထားတာပါ။ ၀က်ခြေထောက်ဟင်းအေး (ဟင်းတုံ) လို့ခေါ်တဲ့ တုံတုံတုံတုံနဲ့ ရှမ်းဟင်းလေးကို အားလပ်ရက်မှာ ချက်စားလိုသူများအတွက် တင်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ။
ဝက်ခြေထောက် (ရှေ့လက်) ၁ ချောင်း၊
ဝက်ကြွက်သားလုံးသား ၁ လုံး၊
ခရမ်းသီး (လတ်လတ်) ၁ လုံး၊
ခရမ်းချဉ်သီး (အရွယ်တော်) ၂ လုံး၊
ဆား အနည်းငယ်၊
ပဲငံပြာရည် (ကျဲ) အနည်းငယ်၊
ခရမ်းချဉ်သီးဆော့စ် အနည်းငယ်၊
ကြက်သွန်ဖြူ ၁ လုံး၊
ကြက်သွန်နီ ၂ လုံး၊
ဆီ အနည်းငယ်၊

ပထမဆုံး ၀က်ခြေထောက်နဲ့ ကြွက်သားလုံးသားကို ဆားပါလေရုံ၊ ပဲငံပြာရည် တဇွန်းနဲ့ ရေခမ်းပြုတ်ပါ။ နူးအိပျော့ပြဲသွားတဲ့အထိ ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်နေတုန်းမှာ ကြက်သွန်ဖြူအခွံခွာ ဓားပြားရိုက်ထားပါ။ ကြက်သွန်နီကိုလဲ အခွံခွာ၊ လှီး၊ ခရမ်းချဉ်သီးကိုလဲ လှီး၊ ခရမ်းသီးကို အခွံခွာ (မှားရိုက်တာမဟုတ်ပါ၊ ခရမ်းသီးကို အခွံခွာရပါမယ်) အတုံးသေးသေးလေးတွေ လှီးထားပါ။

ဝက်သားတွေပျော့ပြဲသွားပြီဆိုရင် အရိုးနွှင်ပြီး သေးသေးလေးတွေ လှီးပါ။ ဆီအိုးတည်၊ ဆီပူရင် ကြက်သွန်ဖြူ/နီကို ဆီသတ် (ဆီထဲထည့်ကြော်ဟု ဆိုလိုသည်)၊ အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီးလှီးထားတာ အိုးထဲထည့်ပါ။ ခဏမွှေပေးရင် ခရမ်းချဉ်သီး အရည်ပျော်သွားပါလိမ့်မယ်။ ဆားထည့်ပါ။ ခရမ်းချဉ်သီးဆော့စ်ကိုလဲ ထည့်ပါ။ ရေနဲနဲနဲ့ ခရမ်းသီးလှီးထားတာပါထည့်ပါ။ ခဏလောက်ထပ်ကြာရင် ခရမ်းသီးက ပျော့လာပါလိမ့်မယ်။ အဲဒီအချိန်မှာ လှီးထားတဲ့ ၀က်ခြေထောက်တွေနဲ့ ၀က်သားတွေ ထည့်မွှေပါ။ ရေနည်းနည်းထပ်ထည့်ပါ။ အိုးကို မီးအေးအေးနဲ့ (မီးသိပ်မပြင်းစေပဲနဲ့) ထားပြီး အဆက်မပြတ်မွှေပေးပါ။

တဖြည်းဖြည်းပျစ်လာတာကို ခံစားရပါလိမ့်မယ်။ အတော်အတန်ပျစ်လာပြီဆိုရင် အိုးကို မီးပေါ်ကချ။ အအေးခံပါ။ အေးပြီဆိုမှ ခွက်လေးတွေထဲကိုထည့်၊ ရေခဲသေတ္တာအောက်ထပ် (အပေါ်ထပ်မဟုတ်ပါ၊ အေးတဲ့ဒေသမှာဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်စရာမလိုပဲ ဒီအတိုင်း စားပွဲပေါ် တင်ထားလဲ ရပါတယ်။ ခဲပါတယ်။) ထဲကို ထည့်။ ၃ နာရီလောက်ကြာပြီဆိုရင် စားလို့ရပါပြီ။ (နံနံပင်လေးတွေ လှီးပြီး ကပ်စားရင်ပိုကောင်းပါတယ်။ ထမင်း သို့မဟုတ် ပေါင်မုန့်နဲ့ စားနိုင်ပါတယ်။) အောက်မှာ ချက်ပြီးသားပုံလေးပါ။

Wednesday, August 22, 2007

၃၇၇၃ဖြင့် စာတမ်းငယ်အလွယ်ရေးနည်း။

ကျိုးကြောင်းပြ စာစီစာကုံး၊ စာတမ်းငယ် (Analytical Essay)ရေးတယ်ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ အလေ့အကျင့် မရှိတဲ့လူတွေအဖို့ စာရွက်နဲ့ ခဲတံ ပေးထားလဲ အချိန်တိုအတွင်းမှာ ကောင်းမွန်တဲ့ စာတမ်းငယ်တစ်စောင် ရေးသားဖို့က အခက်အခဲ ရှိပါတယ်။ ကောင်းမွန်စွာ လေ့ကျင့်ထားတဲ့ အတွေ့အကြုံရင့် ပညာရှင်များပင်လျင် စိတ်မပါလို့ရှိရင် အရည်အသွေးမီ စာတမှ်းုငယ်များ ရေးသားနိုင်ခြင်း မရှိပါဘူး။

ဒါပေမဲ့ မရေးပဲ နေလို့ကလဲ မဖြစ်ဘူးလေ။ ဘာလို့လဲဆိုတော့ အမေရိကားနှင့်တကွ ကမ္ဘာအနှံ့အပြားမှာ ဘွဲ့ကြို/ဘွဲ့လွန် ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့ စတာတွေကို တက်ရောက်ဖို့ လိုအပ်တဲ့ တိုဖယ်လ်/တီဒဗလျူအီး (TOEFL/TWE) စာမေးပွဲတွေ၊ အက်စ်အေတီ ၁ (SAT I) နဲ့ အထွေထွေ ဂျီအာရ်အီး (GRE - General) စာမေးပွဲတွေမှာ အချိန်တို မိနစ် ၃၀ မှ ၄၅ မိနစ်အတွင်း ကျိုးကြောင်းပြ စာစီစာကုံး၊ စာတမ်းငယ်များကို ရေးသားသီကုံးဖို့ လိုအပ်လို့ပဲ ဖြစ်ပါတယ်။

ဒီလောက်ခက်ခဲတဲ့ စာတမ်းငယ်ရေးသားခြင်းကို အချိန်တိုအတွင်း အရည်အသွေးမီ ရေးသားနိုင်ဖို့ ဖြတ်လမ်းနည်းတစ်ခုတော့ ရှိပါတယ်။ ဒီနည်းကို ပညာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ နယ်ပယ်များမှာ အသုံးမပြုနိုင်ပေမဲ့ စာမေးပွဲများ ဖြေဆိုရာမှာ အချိန်တို (နာရီဝက် - မိနစ် ၄၀) အတွင်း အရည်အသွေးမီ စာတမ်းငယ်များ ရေးသားဖို့ အသုံးပြုနိုင်ပါတယ်။ ယခု ၃၇၇၃ (သရီး ဆဲဗင်း ဆဲဗင်း သရီး) လို့ အလွယ်ခေါ်ဝေါ်ကြတဲ့ စာတမ်းငယ်ရေးသားနည်းကို ဖော်ပြမှာဖြစ်ပါတယ်။

၃၇၇၃ ဆိုတဲ့ ဂဏန်း ၄ လုံးဟာ စာပိုဒ်လေးပိုဒ်မှာပါဝင်တဲ့ ၀ါကျကြောင်းရေကို ဖော်ပြတာဖြစ်ပါတယ်။ (ပုံမှန်အားဖြင့် ဒီနည်းနဲ့ ရေးတဲ့ စာတမ်းငယ်များဟာ စာလုံးရေ ၃၀၀ - ၄၅၀ ကြား ရေးသားသူရဲ့ စကားလုံး ကြွယ်ဝမှုပေါ်မူတည်ပြီး ရှိတတ်လို့ စာမေးပွဲများရဲ့ လိုအပ်ချက်နဲ့ ကွက်တိပါပဲ) ဆိုလိုတာက ပထမ နိဒါန်း စာပိုဒ်မှာ ၀ါကျ ၃ကြောင်း၊ ဒုတိယနဲ့ တတိယစာပိုဒ်များမှာ ၀ါကျ ၇ကြောင်းစီနဲ့ နောက်ဆုံး နိဂုံး စာပိုဒ်မှာ ၀ါကျ ၃ကြောင်း ပါဝင်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

အဆိုပါဝါကျများမှာ ဘာတွေ ရေးထည့်လိုက်ရမယ် ဆိုတာကို မပြောခင်မှာ စာမေးပွဲတွေမှာ မေးလေ့ရှိတဲ့ မေးခွန်းပုံစံကို ကြည့်ကြစို့။ များသောအားဖြင့် မေးလေ့ရှိတာက ကြိုတင်ပြင်ဆင်မှု မလိုအပ်တဲ့ အဖြေမှန်မရှိတဲ့ အထွေထွေ ၀ိရောဓိ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သုတေသနလုပ်ငန်းများအနေနှင့် အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းရေး ဦးစားပေးသင့်သလား၊ အဆင့်မြင့် နည်းပညာများကို ရှာဖွေတွေ့ရှိရေး ဦးစားပေးသင့်သလား ဆိုတဲ့ မေးခွန်းမျိုးပဲ ဖြစ်ပါတယ်။

အထက်ပါ ဥပမာ မေးခွန်းအရဆိုရင် ပထမ နိဒါန်းစာပိုဒ်မှာ ဘာကိုရေးရမလဲဆိုတော့ (၁) ၀ိရောဓိကို အနက်ဖွင့်ပြတဲ့ စာကြောင်း (၂) အနက်ဖွင့်ပြတဲ့ စာကြောင်းကို ရှင်းပြချက် (၃) ဒီစာတမ်းမှာတော့ ဒီဝိရောဓိကို ချက်ကျလက်ကျ သုံးသပ်ပြမှာဖြစ်ပါတယ်ဆိုတဲ့ အကြောင်း တွေကို ရေးရမှာဖြစ်ပါတယ်။ မူကွဲတမျိုးမှာတော့ (၁) အခြေခံလိုအပ်ချက်ဟာ အရေးကြီးတယ်လို့ တချို့က ယူဆကြတယ် (၂) တချို့ကျတော့လဲ အဆင့်မြင့်နည်းပညာများပြည့်စုံရင် အခြေခံလိုအပ်ချက် အရေးမကြီးဘူးလို့ ပြောတယ် (၃) ဒီဝိရောဓိကို သုံးသပ်ပြမှာ ဖြစ်ပါတယ်လို့ ရေးခိုင်းကြပါတယ်။ ဒါကတော့ မေးခွန်းပေါ်မှာ မူတည်ပြီး သင့်တော်သလို လှည့်ပတ် ရေးသားရမှာ ဖြစ်ပါတယ်။

ဒုတိယစာပိုဒ်နဲ့ တတိယစာပိုဒ် ဖွဲ့စည်းပုံက တူတူပါပဲ။ ဘက်တစ်ဘက်စီကို စာပိုဒ်တစ်ပိုဒ်နဲ့ သုံးသပ်တင်ပြရတာဖြစ်ပါတယ်။ ပုံသေနည်းအရတော့ အဆိုတင်သွင်းဝါကျတစ်ကြောင်း၊ ဥပမာပြ၀ါကျတစ်ကြောင်းကျစီနဲ့နဲ့ အဆို ၃ ခုကိုတင်သွင်းပြီး အပိတ်စာကြောင်း တစ်ကြောင်း (စုစုပေါင်း ၇ ကြောင်း)ရေးရမှာဖြစ်ပါတယ်။ သို့သော်လဲ အနှစ်သာရအရတော့ အရေးအသား ကျမ်းကျင်ပိုင်နိုင်ရင် ပိုင်နိုင်သလို အဆို ၃ ခု မတင်သွင်းပဲ သင့်တော်သလို ဘက်တစ်ဘက်စီအတွက် စာတစ်ပိုဒ်စီ သုံးသပ်တင်ပြရင် ပြီးတာပါပဲ။ (စာရေးသူ ကိုယ်တိုင်ကတော့ ပုံသေနည်းကနေ နည်းနည်းခွဲထွက်ပြီး ရေးလေ့ရှိပါတယ်။ နို့မို့ဆို ကိုယ့်လို ပုံသေနည်းသုံးသူတွေ များနေရင် ပုံစံတူပြီး အမှတ်သိပ်မရမှာ စိုးလို့ ဖြစ်ပါတယ်။)

နောက်ဆုံးစာပိုဒ် (နိဂုံး) မှာတော့ (၁) ဒုတိယစာပိုဒ်ရဲ့ အချုပ် (၂) တတိယစာပိုဒ်ရဲ့ အချုပ်နဲ့ (၃) ကိုယ့်အမြင်ကို ရေးသားရမှာဖြစ်ပါတယ်။ ဘက်တစ်ဘက်စီရဲ့ စာပိုဒ်တွေရဲ့ အချုပ်ဆိုတာကတော့ ဥပမာအားဖြင့် က၊ ခ၊ ဂ တို့ကြောင့် အခြေခံလိုအပ်ချက်များ အရေးကြီးပါသည် ဆိုတာမျိုးပေါ့။ နောက်ဆုံး ကိုယ့်အမြင်ကတော့ ချုံကြည့်လိုက်ရင် အခြေခံလိုအပ်ချက်/အဆင့်မြင့်နည်းပညာက ပိုအရေးကြီးသည်ကို တွေ့ရှိရပါသည် ဆိုတာမျိုးဖြစ်ပါတယ်။ မူကွဲတမျိုးမှာတော့ တူတူပဲ အရေးကြီးပါတယ် ဒါမှမဟုတ် အခြေအနေပေါ် မူတည်ပါတယ်လို့ ရေးခိုင်းပါတယ်။ ဒါပေမဲ့လဲ အဲဒီလိုရေးတာက ကောင်းကျိုး ဆိုးကွက်တွေ ရှိပါတယ်။

ကောင်းတာကတော့ ခြံစည်းရိုးခွထိုင်တဲ့ အရေးအသားဟာ ကိုယ်နဲ့တူတူဖြေဆိုတဲ့လူတွေ ရေးသားမှာ မဟုတ်တဲ့အတွက် အမှတ်များများရတတ်ပါတယ်။ ဆိုးတာကတော့ ဘက်တစ်ဘက်စီကို သုံးသပ်တင်ပြတုန်းက တဘက်ဘက်က အားနည်းနေခဲ့ရင် တူတူပဲရေးသားတာဟာ ပညာရှင် မပီသသလိုဖြစ်တတ်တဲ့အတွက် အမှတ်လျော့တတ်ပါတယ်။

ဒီလောက်ဆိုရင်ဖြင့် စာရှုသူအဆွေတို့ ၃၇၇၃ ကိုအသုံးပြုလို့ စာတမ်းငယ်များ ချောချောမွေ့မွေ့ ရေးသားနိုင်လောက်ပြီထင်ပါတယ်။ တစ်ခု မမေ့ဖို့က ၃၇၇၃ ကို ၂ ခါ ၃ ခါလောက် စမ်းသပ်ရေးသားပြီးမှ တိုက်ပွဲဝင် (စာမေးပွဲဖြေ) ဖို့ပါပဲ။ ၃ - ၄ ခါလောက်လေ့ကျင့်ပြီးသွားရင် ထပ်လေ့ကျင့်စရာမလိုတော့ပဲ စာမေးပွဲတိုင်းကို ဖြေချင်တဲ့အချိန်။နေရာမှာ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ စာရေးသူ ရေးသားထားတဲ့ နမူနာ စာတမ်းငယ်တွေကိုလဲ ဖတ်ကြည့်လိုက်ပါဦးနော်။ (အားလုံးကို ၃၇၇၃ရေးနည်းဖြင့် မရေးထားပါ)

Impact of Media on Celebrities

Disclaimer: The followings are just an analytical essay for educational purposes only and may not reflect the blogger's opinion on the subject matter.

Movie and TV starts, famous vocalists, politicians, governors and royalties inevitably find that they lost their privacy. Some argue that the lost of privacy is, in fact, the price of their becoming public figure. However, some public figures and their spoke person insisted on maintaining their privacy. In this essay, we are going to analyze the arguments concerning privacy of public figures.

Once a person becomes a celebrity, it is intolerable that he may have a group of fans. The fans love their idol. They respect him. And they are curious of the detailed daily life of their celebrity as if caring parents aware of their child’s affairs. The only difference is that our celebrity is a famous adult who love his privacy. Most of the public understand not to interfere with other people’s affair but they love so deep and feel so familiar with the public figure that they forget the fact that the celebrity in question is a complete stranger to them.

On the other hand, too much curiosity can disturb any person’s individual life. If every detail of the actions and behavior of a celebrity had been recorded and published, he would – no doubt – lose his personal privacy. Privacy is one of the most fundamental human rights. If we are to be civilized, we should respect their individual privacy. For example, a famous pop-star can be a homosexual and, like every gay on earth, he would not like to announce this fact. He may want to keep it secret but his publicity attracts yellow journalists and it is revealed. To whom the pop-star would blame to?

Besides, interfering celebrities’ privacy can cause financial lost and sometimes even harm. A famous artist cannot walk home from work like any other normal personnel as he might run into exciting mob asking for autographs. In this case, he was unintentionally prohibited from walking back home which a typical worker can enjoy. Princess Diana’s death is also another vigorous example of the dark side of publicity interfering personal privacy.

Actually, success and publicity almost always leads to loss of privacy. But fans should be more aware that their idol is also a human being and he or she may want some liberty. Public and journalists should control themselves not to interfere too much into celebrities’ private life. However, public figures should understand that the inevitable price of becoming a big-one is the loss of privacy.

409 words (inclusive the headers)

Investment: to Hi-techs or to Basic Needs

Disclaimer: The followings are just an analytical essay for educational purposes only and may not reflect the blogger's opinion on the subject matter.

The statement, “governments should not invest more on higher technologies, like advance computing, electronic and/or weaponry, while some civilians suffer poverty”, can actually translated into “Macro-economics theories cannot be practiced when the country is under-developed.” In fact, macro-economists, who tend to solve the cause of a problem, and micro-economists, who prefer short-term remedies, fought the similar arguments over many decades. In this essay, I’d contrast the advantages of investing in hi-tech including computer, electronic and communications technologies over spending budget more in solving basic needs.

Basic needs arise from poverty, which, in turn, arises from lack of technologies. A country can never be developed until it obtains proper “technical-know-how” to prop its economy instead of “technical-no-how”. Allocating more budgets for solving basic needs is but a temporary solution as it does not solve the problem. However, spending more research funds in technical fields like computing, computer science and computer engineering is a permanent solution, gaining technological advancement which can solve, eventually in time, basic needs of the whole country.

For example, India government had spent millions of dollars to alleviate the poverty of farmers of remote regions. Despite the amount of funds India government spent over many decades, the farmers were still poor. Finally, India’s Department of Agriculture introduced a scheme where farmers can access the internet (free of charge) via a computer with a hand winding generator on back of wandering bicycles. They can only access internet only once, sometimes twice, a week. However, the farmers are more updated of the price-changes in the grocery market and the poverty problem was somewhat relieved.

Therefore, both spending directly for basic needs and investing in technical matters can help the civilians a lot. However, investment is a long-term and strategic decision whereas solving directly basic needs is a short-term and tactical decision. What amount of budget in percentage to be allotted to each depends on many other factors, including but not limited to country’s population, economic situation, politics and other factors.

337 words (inclusive the header)