ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Saturday, July 25, 2009

ဆီချက်ခေါက်ဆွဲ လုပ်နည်း

ဆီချက်ခေါက်ဆွဲဆိုတာ မြန်မာတိုင်းသိတဲ့ အစားအသောက်တမျိုးပါ။ မူလကတော့ တရုတ်အစားအစာဖြစ်ပြီး တရုတ်လူမျိုးတွေ မြန်မာနိုင်ငံကို လာရောက်ရောင်းချရာကနေ တဖြည်းဖြည်း မြန်မာမှုပြုလိုက်တာ အခုဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိ၊ မြန်မာပြည်မှာသာရှိတဲ့ ဆီချက်ခေါက်ဆွဲဆိုပြီး ဖြစ်လာပါတော့တယ်။ (စင်ကာပူမှာတော့ ဆီချက်ခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲတို့နဲ့ အတော်ဆင်တူတဲ့ မလေးမှု ပြုထားတဲ့ ခေါက်ဆွဲတွေ တွေ့ရပါတယ်။) အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာပြီး စားရတာအရသာရှိတဲ့ ဆီချက်ခေါက်ဆွဲ လုပ်နည်းကို ရွှေပွဲလာပရိသတ်ကြီးအတွက် ကပြဖျော်ဖြေ ... အဲလေ ... မှားလို့ စာရှုသူမိတ်ဆွေတို့အတွက် ရေးသားတင်ဆက်လိုက်ရပါတယ်။


ဆီချက်ခေါက်ဆွဲ (လူ ၃ ယောက်မှ ၆ ယောက်စာ) လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ...

  • ခေါက်ဆွဲပြား - ၃ - ၆ ခွက်စာ (အသင့်စားခေါက်ဆွဲတွေ ၀ယ်ပြုတ်လဲ ရပါတယ်။ ပိုတောင် အရသာ ကောင်းပါသေးတယ်။ ဆီနဲ့ကြော်ထားတာမဟုတ်တာကို ကျန်းမာရေးအတွက် ရွေးချယ်ပါ။)
  • ၀က်နံရိုးသား (သို့မဟုတ်) ကြက်ရင်အုပ် - ၁၅ ကျပ်သား (၀က်ကတော့ ပိုကောင်းသပေါ့လေ)
  • ကြက်သွန်ဖြူ - ၁ မြှောင့်၊ ၂ မြှောင့် (၃-၄ မြှောင့် ဟိဟိ)
  • ဆီ - တမှုတ် (ကျန်းမာရေးနဲ့ ညီညွတ်သော နေကြာဆီကို သုံးစွဲသင့်ပါသည်။)
  • ကြက်သွန်မြိတ် - ၁ ပင်၊ ၂ ပင် 
  • ပဲငံပြာရည် (နောက်) - ၁ စားပွဲဇွန်း
  • ပဲငံပြာရည် (ကြည်) - ၂ စားပွဲဇွန်း
  • ဆန်ရှာလကာရည် - ၁ စားပွဲဇွန်း
  • ဆား - အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။


ကြက်သွန်ဖြူကို အခွံခွာ၊ ရေဆေးပြီး အပေါ်မှာ ပြထားသလို သေးသေးလေးတွေ လှီးပါ။ (ကြိတ်စက်ရှိရင် ထည့်ကြိတ်လိုက်ပါ။) ပြီးနောက် ကြွေပန်းကန် (ပလတ်စတစ်၊ မယ်လမင်း ပန်းကန် မသုံးပါနှင့်) တစ်လုံးထဲကို ထည့်ထားပါ။ ၀က်နံရိုးကို ရှာလကာရည်၊ ပံငံပြာရည် (ကြည်/နောက်) နှင့် ဆားတစ်ဇွန်းခန့်ထည့်ပြီး (အောက်ကပုံအတိုင်း) နယ်ပါ။ ဒယ်အိုးတစ်လုံးထဲကို ဆီထည့်ပြီး မီးဖိုပေါ်တင် အပူပေးပါ။



ဆီပူပြီး အငွေ့ထွက်လာရင် စောစောတုန်းက ကြက်သွန်ဖြူပန်းကန်ထဲကို (အိုးဖင်ကပ် ဇွန်းတ၀က်စာလောက် ချန်ပြီး) လောင်းထည့်လိုက်ပါ။ ဒီအပိုင်းဟာ အလွန်အရေးကြီးပါတယ်။ ကြက်သွန်ကို ဆီပူအိုးထဲထည့် ကြော်ရတာ အင်မတန်ခက်ပါတယ်။ အကြော်မတတ်ရင်၊ အလေ့အကျင့်မရှိရင် ကြက်သွန်ဟာ အမြဲတူးပါတယ်။ (ငရုတ်သီးဆီချက်ချက်ဖို့လဲ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။) ဆီအငွေ့တထောင်းထောင်း ထွက်နေဖို့တော့ လိုအပ်ပါတယ်။ ဆီကိုလောင်းထည့်ပြီး တအောင့်လောက် အကြာမှာ အောက်မှာပြထားသလို ရွှေရောင်လေးနဲ့ ကြက်သွန်ဆီချက် ကျက်သွားပါလိမ့်မယ်။


အိုးကို မီးဖိုပေါ်ပြန်တင်ပါ။ စောစောက နယ်ထားတဲ့ ၀က်နံရိုးနဲ့ ငံပြာရည်တွေ၊ ရှာလကာရည်တွေအားလုံးကို အိုးထဲလောင်းထည့်ပါ။ နည်းနည်းမွှေပေးပြီး ရေတခွက်လောက် လောင်းထည့်ပါ။ ရေခမ်းစပြုတဲ့အထိ စောင့်ကြည့်ရင်း ခဏခဏ မွှေပေးပါ။ ရေခမ်းပြီဆိုရင် ရေထပ်ထည့်ပြီး နာရီဝက်လောက်ကြာအောင် ချက်ပါ။ ရေတွေအရမ်းများအောင် လောင်းမထည့်ပါနဲ့။ အရသာမကောင်းပဲ ဖြစ်တတ်ပါတယ်။

နာရီဝက်လောက်ကြာအောင် စောင့်ပြီး ချက်ရမှာပျင်းရင် ပထမတခါ ရေနည်းနည်းခမ်းတာနဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်ပြီး ချက်လိုက်လဲ ရပါတယ်။ မီးအပြင်းဆုံးနဲ့ ၃ မိနစ်ကနေ ၅ မိနစ်အထိ အသားရဲ့ အနေအထားပေါ်လိုက်ပြီး ချက်ရပါမယ်။ မိုက်ခရိုဝေ့ဖ်ထဲကို သတ္တုအိုးတွေမထည့်ဖို့၊ မိုက်ခရိုဝေ့ဖ်နဲ့ ချက်လို့ရတဲ့ အာမခံဘူးကိုပဲ သုံးဖို့ သတိထားပါ။ ရေအရမ်းခမ်းသွားရင် ဆီအပူရှိန်အရမ်းမြင့်သွားတတ်လို့ ရေခမ်းရင် ရေဖြည့်ပေးဖို့ မမေ့ပါနဲ့။

အသားကျက်အောင် ချက်ပြီးရင် အောက်မှာပြထားသလိုရအောင် အသားကို လှီးပါ။ (တောက်တောက်မစဉ်းပါနဲ့။ လှီးတာကို ကြွက်သားမျှင်အတိုင်း မလှီးပါနဲ့။ အဲဒါဆို ရှည်ရှည်ဖတ်တွေပဲ ရတတ်ပါတယ်။ ကြွက်သားမျှင်တွေကို ကန့်လန့်လှီးပါ။)

စိတ်မရှည်ဖြစ်နေပြီလား။ မပူပါနဲ့။ ပြီးတော့မှာပါ။ ကြက်သွန်မြိတ်ကို ရေဆေးပြီး သေးသေးလေးတွေ လှီးပါ။ ပြင်ပေးမဲ့ ပန်းကန်ထဲမှာ ၀က်နံရိုးဟင်းက အရည်ရယ်၊ ဆီချက်ဖတ်ရယ် (ဆီတွေ မယူပါနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး) ဆားနည်းနည်းရယ်ထည့်၊ စဉ်းထားတဲ့ အသား တော်သင့်ရုံနဲ့ ခေါက်ဆွဲကိုထည့်ပြီး ရောမွှေပေးပါ။ မွှေပြီးရင် အပေါ်မှာ ကြက်သွန်မြိတ်ဖတ်လေးတွေ ဖြူးလိုက်ရင် ဆီချက်ခေါက်ဆွဲ ရပြီပေါ့။ လွယ်တယ်၊ မြန်တယ်၊ အကုန်အကျ သက်သာတယ် (အသား ၁၅ ကျပ်သားပဲလေ၊ ကျန်တာက သိပ်ဈေးမကြီးဘူး) နော်။ ဒါကြောင့် ခေါက်ဆွဲဆိုင်ဖွင့်တဲ့ တရုတ်တွေ မြန်မြန်ချမ်းသာကြတာနေမှာ။


(ချက်ပြီးခါနီးမှ သတိရလို့ ပုံမှာ ကြက်သွန်မြိတ်မပါပါ။)

2 comments:

blueskyforest said...

ဆရာလောရဲ့ အချက်အပြုတ်လက်ရာကိုမျှော်နေ တာကြာပြီ။ ဆီချက်ခေါက်ဆွဲလည်း စာချင်နေတာ ကြာပြီ။ အခုတော့ မဖြစ်ဖြစ်အောင်ကိုလုပ်စားပါတော့ မယ်ခင်ဗျား။ ဆရာလောဆီချက် အောင်မြင်ပါစေ။

ကြည်ဖြူပိုင် said...

ဒီကတော့ အစားသမားဆိုတော့...ဆီချက်ခေါက်ဆွဲဆိုတဲ့ခေါင်းစဉ်ကို ချက်ခြင်းကလစ်နှိပ်လိုက်တယ်။တော်လိုက်တာ။
လုပ်တတ်လိုက်တာ။စားသွားတယ်။
အရမ်းကောင်း။ ကျေုးဇူးလဲတင်ပါရဲ့။စကားမစပ်ဘယ်မှာနေသတုန်းဟင်။
တကယ်လို့စင်္ကာပူမှာများဖြစ်ခဲ့ရင်....အစားအသောက်ကောင်းလေးတွေလုပ်ရင်
သတိတရနဲ့ဖိတ်နော်။ ဟင့်အင်း..လို့ငြင်းပြီးလာစားဦးမှာ
:D