ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Friday, July 24, 2009

ဖော်ဖော်ရွေရွေ စင်ကာပူတွေ

ဖော်ရွေတတ်တာ၊ အေးစက်စက်နိုင်တာ၊ ရိုင်းပြတာ၊ ယဉ်ကျေးတာဆိုတာတွေဟာ ကမ္ဘာပေါ်က လူသားအားလုံးနဲ့ ဆိုင်တဲ့ လူ့အရည်အသွေးတွေပါ။ ဘယ်လူမျိုး၊ ဘယ်ဒေသ၊ ဘယ်အဖွဲ့အစည်းက လူတွေကတော့ ရိုင်းတယ်၊ ယဉ်ကျေးတယ်၊ ပျူငှာတယ်၊ ဖော်ရွေတယ် စသဖြင့် သတ်မှတ်ပြောဆိုလို့ မရကောင်းပါဘူး။ ဘယ်နေရာမှာမဆို လူအမျိုးပေါင်း စုံနေအောင် တွေ့ရမှာပါပဲ။ စာရေးသူတွေ့ခဲ့ဖူးတဲ့ ဖော်ရွေတတ်တဲ့ စင်ကာပူနိုင်ငံသားတွေအကြောင်းကို ပြန်ပြောင်းပြောပြပါမယ်။

နမော်နမဲ့နိုင်တတ်တဲ့ မောင်လောရှည်ဟာ ဘဏ်ကနေ ပိုက်ဆံထုတ်ဖို့ကို မကြာခဏမေ့တတ်ပြီး အိတ်ထဲ ပိုက်ဆံမပါတာကိုတောင် တခါတလေ သတိမထားမိတတ်ပါဘူး။ အဲဒါနဲ့ပဲ အိတ်ဟောင်းလောင်းနဲ့ ကျောင်းစားသောက်ဆိုင်မှာ စားစရာမှာ စားပါတော့တယ်။ စားစရာရောက်လာလို့ ပိုက်ဆံထုတ်ပေးမယ်လဲ ကြည့်လိုက်ရော ပိုက်ဆံက တပြားမှ ပါမလာဘူး။ ဒါပေမဲ့ အဲဒီဆိုင်က စားနေကျ ပါစတာ (အီတာလျံခေါက်ဆွဲ) ဆိုင်ဖြစ်နေတော့ကာ ဆိုင်ရှင်တရုတ်ကြီးက ကဲ ကဲ အလကားစားသွား၊ နောက်ကြုံမှပေးတော့လို့ ပြောပါတော့တယ်။ မောင်လောရှည်ကလဲ စားတာပဲ။ နောက်တနေ့ကျ သတိတရနဲ့ သွားပေးတော့ ကျေးဇူး၊ ကျေးဇူးနဲ့။ (အဲဒီ တရုတ်ကြီးက အင်္ဂလိပ်လို အတော်ကောင်းကောင်း ပြောတတ်တယ်။ လူတွေအများကြီး တန်းစီနေတုန်း မှာတာတွေ ပွဲ ၂၀ လောက် ဦးဏှောက်ထဲ မှတ်ထားပြီး မမှားအောင် ပေးတတ်တယ်။ တခြား စားသောက်ဆိုင်ဖွင့်တဲ့လူတွေနဲ့ သိပ်မတူဘူး။)

နောက်တခါကတော့ ထောပတ်ထမင်းရောင်းတဲ့ (ဟုတ်တယ်၊ မြန်မာထောပတ်ထမင်းနဲ့ တူတယ်။) အရှေ့အလယ်ပိုင်းဆိုင်မှာပါ။ ညဘက် ကျောင်းမှာ ညနက်တဲ့အထိ စာလုပ်ရင်းစားဖို့ စမူဆာ သွားသွားဝယ်နေတော့ ကုလားနဲ့ (တရုတ်ကြီးလောက် မဟုတ်ပေမဲ့) နည်းနည်း ရင်းနှီးပြီး မျက်မှန်းတန်းမိနေတယ်။ သောကြာနေ့ တစ်နေ့ ညနေပိုင်း (အဲဒီနေ့က ပိုက်ဆံထုတ်ဖို့ မမေ့ဘူး။) ကုလားကို ပိုက်ဆံထုတ်ပေးတော့ ဒေါ်လာ ၅၀ တန်ကြီးဖြစ်နေတယ်။ ကုလားကလဲ ဆိုင်သိမ်းဖို့ ပိုက်ဆံတွေအကုန် သော့ခတ်ပြီးနေတော့ ပြန်အမ်းစရာမရှိလို့ နောက်မှ ပေး ဆိုပြီး စမူဆာတွေ ထည့်ပေးလိုက်တာပဲ။ နောက်နေ့တွေကျတော့ ကျောင်းမရောက်ဖြစ်တာနဲ့၊ ရောက်ဖြစ်တော့လဲ အဲဒီဆိုင်မှာ မစားဖြစ်၊ စားဖြစ်တော့လဲ မေ့နဲ့ ၂ ပါတ်လောက်ကြာမှ ကုလား အကြွေးပြန်ရရှာတယ်။

သူတို့က စားနေကျ ဖောက်သည်မို့လို့၊ မြင်ဖူးနေလို့ ထားပါတော့။ ဒီနေ့တော့ ညကလဲ နည်းနည်းနက်နေတော့ နီးတဲ့ဆိုင်တွေမှာ စားစရာမရှိတော့တာနဲ့ နည်းနည်းဝေးတဲ့ စားနေကျ မဟုတ်တဲ့ ဆိုင်တွေနားကို မောင်လောရှည် ချီတက်ပါတယ်။ စားစရာမှာပြီးမှ သတိရလိုက်တာက ပိုက်ဆံ အတော်ခမ်းနေပြီ၊ လောက်ပါ့မလား။ စားနေကျဆိုင်လဲ မဟုတ်တော့ ဘယ်လောက်ကျလဲ မသိဘူးလေ။ ပိုက်ဆံ ပြေးထုတ်ဖို့ကလဲ အတော်ဝေးတာဆိုတော့ အယ် ဆိုပြီး အသံထွက်လို့ ရှိတဲ့ အကြွေတွေကို နှိုက်ထုတ်နေတာကိုမြင်တော့ မောင်လောရှည်ကို တခါမှ မမြင်ဖူးတဲ့ တရုတ်မက ကဲပါ ... ပိုက်ဆံ မပါလဲ စားသွား၊ နောက်မှပေးလဲ ရတယ်လို့ ပြောပါတော့တယ် (ရှက်လိုက်တာနော်)။ ဒါပေမဲ့ ကံက ကောင်းချင်တော့ စားစရာတွေက သိပ်ဈေးမကြီး၊ ချောင်ကြားမှာ ကပ်နေတဲ့ ၂ ဒေါ်လာတန်တစ်ရွက်ထွက်လာတော့ (ဟုတ်တယ်၊ စင်ကာပူမှာ ထူးထူးဆန်းဆန်း ၂ ဒေါ်လာတန် သုံးတယ်။) အဆင်ပြေသွားပါတယ်။ (တကယ်လို့များ ပိုက်ဆံ တကယ်ပါမလာလို့ကတော့ မျက်နှာပြောင်နဲ့ တီးပြီး နောက်နေ့မှ သွားပေးရမှာ။)

သြော် ... စင်ကာပူမှာလဲ ငွေ၊ ငွေ၊ ငွေပဲ ကြည့်မနေပဲ ဖော်ရွေတတ်သူတွေ ရှိပါလားနော်။

1 comment:

Rita said...

အမြဲတမ်း ပိုက်ဆံ မပါနေတာ ဒီက ဗမာမကတော့ မသင်္ကာတောင် ဖြစ်လာပြီ