ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Tuesday, July 7, 2009

ကျွန်တော်တို့ အကြောင်း

BLUE SKY FOREST တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

၁၈၇၀ခုနှစ်တ၀ိုက်၊ မင်းတုန်းမင်းလက်ထက်မှာ မြန်မာပြည်ရဲ့ လူဦးရေက ဆယ်သန်းလောက်ရှိပါသတဲ့။ ဒါပေမယ့် အဲသည်ခေတ်က အဲ့ဒီလိုမပြောဘူး။ ဘ၀ရှင်မင်းတရားကြီးဟာ ကျွန်တော်မျိုး တကုဋေကို အုပ်စိုးသူဖြစ်တယ်လို့ ပြောရပါသတဲ့။ ပဒေသရာဇ်ခေတ်ဆိုတော့ သိတဲ့အတိုင်းပဲလူတန်းစားသတ်မှတ်ချက်က သိပ်ရှင်းတယ်။ တိုင်းပြည်မှာ ဘုရင်ဟာ “သခင်” ၊ ကျန်တာက “ကျွန်” ။

ဘုရင်နဲ့စကားပြောတဲ့အခါ ကျွန်တော်မျိုး ဘယ်သူ၊ဘယ်ဝါ ပါဘုရားလို့ဆိုရသတဲ့။ အဲဒီတုန်းက နာမည်ရှေ့ မှာ “မောင်”တွေ “မ”တွေသိပ်ရှိလှသေးတာမဟုတ်။ “ကျား” ဆိုရင် “ကျွန်တော်”၊ “မ”ဆိုရင် “ကျွန်မ” ။ “ခင်ဗျား”ဆိုတာကလည်း သခင်၊ဘုရားကလာတာတဲ့။ "ရှင်"ဆိုတာက အရှင်၊သခင်ကလာသတဲ့။ တကယ်တော့ မင်းတုန်းမင်းမတိုင် ခင်ကာလတွေကတည်းက ကျွန်တော်၊
ကျွန်မဖြစ်နေတာပါ။ ဘယ်ခေတ်ကစပြီးသုံးသလဲဆိုတာတော့ မသိဘူး။ သမိုင်းဆရာများက သိပေမပေါ့။ အဲဒီတုန်းက ဘုရင်က “မော့” (မော်ဖူးစေ) ဆိုမှ မော့ကြည့် ရသတဲ့။ သူက မမော့ခိုင်းမချင်း မြေပြင်မှာဝပ်နေပေရော့။ ရှင်ဘုရင်ဆိုသူများပြောပါတယ်။ လူလူချင်းကို။

တိုင်းပြည်မှာဘုရင်က သခင်ဆိုတော့ သူ့ထက်ကြီးတာ ဆင်ပဲရှိတယ်။ ရေမြေ့ သနင်းပြည့်ရှင်မင်း လို့လည်းဆိုသကိုး။ တတိုင်းပြည်လုံး လူတင်မက ရေရော၊မြေရော သူပိုင်တယ်။ ဘာမှမထိနဲ့ မီးပွင့်သွားမယ် ဆိုတဲ့လူမျိုးပေါ့။ တော်တော်မကောင်းတဲ့ခေတ်တွေပါ။ ထားပါတော့။ အခုချိန်ထိ စာရေးသူတို့က “ကျွန်တော်တို့”လုပ်နေကြတုန်းပဲဆိုတာကတော့ စာရှုသူတို့ရေ သိပ်လွန်လွန်း
ပြီထင်သကွယ်။

ပြောင်းလဲမှုက နည်းနည်းလေးပဲရှိတယ်လို့ဆိုရမယ်။ ကျွန်တော်မျိုးတို့ဆိုတာတွေ။ ကျွန်တော်မျိုးကြီး ဘယ်သူပါဆိုတာတွေပျောက်ခဲ့ပြီ။ တကယ်တော့ အခုကိစ္စက ရှေ့ မှာပြောခဲ့ကြသူတွေ များလှပါပြီ။ အထူးအဆန်းလဲမဟုတ်တော့ပါဘူး။ ဒါပေမယ့် ဘာကြောင့်ထပ်ပြောနေရသတုံး ဆိုရင်တော့ ဒီကိစ္စကြီး အဆုံးသတ်စေချင်လှလို့ပါပဲဗျာ။ တော်တော်မမိုက်တဲ့ ကိစ္စပဲ။ ကျွန်ဆိုတာလူဘ၀မှာ အနိမ့်ကျဆုံးအ ခြေအနေမဟုတ်လား။ ဘယ်သူမှ ကျွန်မဖြစ်ချင်ဘူးလေ။

ဒီနေ့ကမ္ဘာဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်မဟုတ်တော့ဘူးလို့ဆိုပေမဲ့ ကျွန်ဘ၀ရောက်နေသူတွေ အနည်းအကျဉ်းရှိနေတုန်း။ ကျွန်အဖြစ်ရောင်းအစားခံနေရသူတွေရှိနေတုန်း။ မြန်မာပြည်မှာ အိမ်ဖေါ်လို့ ခေါ်တဲ့သူတွေရှိနေတယ်။ သူတို့က ကျွန်မဟုတ်ကြပေမယ့်လည်း တော်တော်များများ ကျွန်လိုအဆက် အဆံခံနေတာရှိနေတုန်း။ တချို့ တိုင်းပြည်တွေမှာလည်း
ဒီအခြေအနေမျိုးရှိနေတုန်းပဲ။

ကမ္ဘာမှာက ကျွန်ဘ၀ကလွတ်အောင်၊ ကျွန်ခေတ်ကုန်အောင်၊ ကျွန်ဇတ်သိမ်းအောင် မရေမတွက် နိုင်တဲ့ အသက်တွေပေးပြီးပြောင်းလဲခဲ့ရတာ မဟုတ်လား။ ဘယ်လိုနည်းနဲ့မှ "ကျွန်"ဆိုတဲ့အသံမကြားချင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဆက်ပြီးကျွန်တော်တို့လုပ်နေကြတုန်း။ ဘယ်အထိ ဆက်ကြဦးမှာလဲ။ ဘာကြောင့်ဆက်သုံးဆွဲနေကြသလဲ။ ကောင်းတဲ့ အမွေအနှစ်မှ မဟုတ်ပဲ။ သမိုင်းဆိုးသမိုင်းညစ်တွေကို သိသိကြီးနဲ့ဆက်ပြီးသယ်ဆောင်နေတာ
ဟာ သမိုင်းတာဝန်မကျေတာပဲ။ မကောင်းတာတွေကို ထားခဲ့ကြဖို့ အချိန်တန်ယုံမက လွန်တောင်လွန်နေပြီ။

ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များက ဒီကိစ္စကိုဘာကြောင့်များ အကြာကြီးကြည့် နေရသလဲ။ ပြုပြင်ပြောင်းလဲလို့မရတဲ့ ကိစ္စမဟုတ်။ အင်မတန်ခက်ခဲလှတဲ့ ကိစ္စလည်းမဟုတ်။ ခေတ်ကြီး၊ စနစ်ကြီးကိုပြောင်းပစ်ရတာမှ မဟုတ်ပဲ။ သွေးထွက်သံယိုတော်လှန်ရေးမှ မဟုတ်ပဲ။
ဒီကိစ္စကြောင့် တောခိုရမယ်၊ ထောင်အနှစ် ခြောက်ဆယ်လောက်ကျရမယ်ဆိုတာမျိုးလည်း မဟုတ်နိုင်ပါဘူး။ ဒီမိုကရေစီရရှိရေးမှ မဟုတ်ပဲဗျာ။ ပြောင်းရင် ဖြစ်မယ်ထင်ပါတယ်။

ငယ်စဉ်အခါက။ လူကြီးတွေဆုံးမတဲ့အခါ “နင်” နဲ့ “ငါ” နဲ့ပြောရင်ရိုင်းသတဲ့။ ခင်ဗျား၊ ကျွန်တော်၊ ရှင်၊ ကျွန်မ ဆိုမှ ယဉ်ကျေးပါသတဲ့။ မိတ်ဆွေများခင်ဗျား။ ကျွန်တော်တို့ လူကြီးတွေကို ပြန်ဆုံးမဖို့ လိုပြီထင်ပါတယ်။

ကောင်းကင်ပြာ တောအုပ်

6 comments:

နွေးနေခြည် said...

ဒီပိုစ့်နဲ့တော့ သိပ်မဆိုင်ဘူးထင်တယ်... စာလုံးပေါင်းကိစ္စနည်းနည်းမေးချင်လို့ပါ..
ကျတော် ကျမ လို့ရေးတာက အမှန်...
ကျွန်တော် ကျွန်မ ဆိုတာက နောက်မှပြင်တာလို့ တချို့နေရာတွေမှာ ဖတ်ဖူးပါတယ်။ ကိုလောရှည်ရော ဘယ်လိုယူဆပါသလဲ။
တခု နဲ့
တစ်ခု ကွဲသလိုမျိုးပဲပေါ့

blueskyforest said...

ဆရာလော။ သတ်ပုံပြင်တာတော့ ကျေးဇူးတင်သကွယ်။ စာရေးသူရဲ့ လေ(၀ါ)ဟန်ကိုပြင်ချက်ကတော့ နာသကွယ်။ မလုပ်ထိုက်ဘူး ထင်လေရဲ့ ။ ဆရာလော သက်တော်ရာကျော်ရှည်စေသောဝ်။

Rita said...

ကိုယ်တော့ သိပ်အရေးမကြီးလှတဲ့ ကိစ္စလို့ မြင်ပါတယ်။ အဲဒီ စကားလုံးတွေသုံးတိုင်းမှာ အဲဒီ အနှစ်သာရကြီး ပေါ်လာတာမှ မဟုတ်တာ။ တကယ်က ဒီ့ထက်အရေးကြီးတာတွေ ရှိသေးတယ် ထင်တာပဲ။

ချစ်ရသူလေး............ said...

ကန့်ကွက်ပါတယ်..အကောင်းဘက်ကတွေးကြည့်ပါ။မြန်မာလူမျိုးတွေကျွန်တော်/ကျွန်မလို့သုံးရတာက ဘာသာတရားအရကြည့်ရင် ကိုယ်ကိုကိုယ်နှိမ့်ချတတ်မှု့ ၊ မာန်မာနကင်းမှု့ရှိစေဖို့သုံးနှုန်းခြင်းဖြစ်ပါတယ်။ဘာကြောင့်အဲဒီအဓိပါယ်ကိုသုံးနှုန်းလဲဆိုတာကိုလူတော်တော်များများမသိတော့ပါဘူး။လူအများသိအောင်မျှဝေပေးပါ။စာများများဖတ်ပါ။လူအများကိုအသိပညာပေးနေတဲ့စာရေးသူတစ်ယောက်အနေဖြင့်လေးလေးနက်နက်တွေးခေါ်ပြီးရေးစေချင်ပါတယ်။

ချစ်ရသူလေး............ said...

ကန့်ကွက်ပါတယ်..အကောင်းဘက်ကတွေးကြည့်ပါ။မြန်မာလူမျိုးတွေကျွန်တော်/ကျွန်မလို့သုံးရတာက ဘာသာတရားအရကြည့်ရင် ကိုယ်ကိုကိုယ်နှိမ့်ချတတ်မှု့ ၊ မာန်မာနကင်းမှု့ရှိစေဖို့သုံးနှုန်းခြင်းဖြစ်ပါတယ်။ဘာကြောင့်အဲဒီအဓိပါယ်ကိုသုံးနှုန်းလဲဆိုတာကိုလူတော်တော်များများမသိတော့ပါဘူး။လူအများသိအောင်မျှဝေပေးပါ။စာများများဖတ်ပါ။လူအများကိုအသိပညာပေးနေတဲ့စာရေးသူတစ်ယောက်အနေဖြင့်လေးလေးနက်နက်တွေးခေါ်ပြီးရေးစေချင်ပါတယ်။

ချစ်ရသူလေး............ said...

။လူအများကိုအသိပညာပေးနေတဲ့စာရေးသူတစ်ယောက်အနေဖြင့်လေးလေးနက်နက်တွေးခေါ်ပြီးရေးစေချင်ပါတယ်။