ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Tuesday, October 28, 2008

The Blue Brothers



 
ရှီကာဂိုကို ၁၀၆ မိုင်၊ ဆီကအပြည့်၊ စီးကရက် ဘူးကတ၀က်၊ မှောင်လဲမှောင်နေပြီမို့လို့ ငါတို့ နေကာမျက်မှန်တွေ တပ်ထားကြတယ်။ Elwood, The Blue Brothers, 1980.
မိုင် ၁၀၀ ကျော်ဝေးတဲ့ ရှီကာဂိုမြို့က အမြတ်ခွန်ဌာနကို အခြေပစ္စည်း ပိုင်ဆိုင်မှု အခွန်အဖြစ် ဒေါ်လာ ၅၀၀၀ ကို နောက်တနေ့နံနက်အမီ သူတို့ညီအစ်ကို နှစ်ယောက် သွားမပေးနိုင်ရင် သူတို့ ကြီးပြင်းခဲ့တဲ့ မိဘမဲ့ ဂေဟာကို အစိုးရက သိမ်းယူတော့မှာ ဖြစ်ပါတယ်။ သူတို့ဟာ ရှီကာဂိုကို အေးအေးဆေးဆေး လေညှင်းခံရင်း ကားမောင်းသွားကြရမှာတော့ မဟုတ်ပါဘူး။ သူတို့ ၂ ယောက်ကို ဘာကြောင့်မှန်းမသိ မကျေနပ်နေတဲ့ လက်နက်ကိုင် အမျိုးသမီးတစ်ယောက်၊ ပြည်နယ် ရဲတပ်ဖွဲ့၊ တက္ကဆက်ပြည်နယ်က ကျေးလက် တေးဂီတ ၀ိုင်းတော်သား လူမိုက်တစ်စုနဲ့ နာဇီလက်သစ်တစ်အုပ်တို့လက်က လွတ်အောင်လဲ ပြေးရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ စတီဗင်စပီးလ်ဘတ်ရဲ့ ရိုက်လက်စဇာတ်ကား မဟုတ်ပါဘူး။ ဒါဟာ The Blue Brothers ဖြစ်ပါတယ်။ (ဒါပေမဲ့ အခွန်ဌာနက စာရေးနေရာမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် စပီးလ်ဘတ်ကို တွေ့ရမှာ ဖြစ်ပါတယ်။)
ဇာတ်လမ်းက တေးသံစုံ ဇာတ်မြူးပါ။ နာမည်နဲ့လိုက်အောင် Blues, R&B နဲ့ Soul တွေ ဖောချင်းသောချင်းပဲပေါ့။ အဲဒီခေတ်၊ အဲဒီအခါက ကျော်ကြားလှတဲ့ James Brown, Cab Calloway, Aretha Franklin, Ray Charles နဲ့ John Lee Hooker တို့ကလဲ သီချင်းတွေ ကိုယ်တိုင်ပါဝင် သီဆိုကြသေးတယ်။ ကုလားကားရှုံးလောက်အောင် တေးဂီတတွေ ပြည့်လျှမ်းနေတဲ့ ဒီဇာတ်ကားဟာ ကုလားကားအတိုင်း ပေရှည်လှပါတယ် (၁၃၃ မိနစ် + DVD version မှာ ထပ်ဖြည့်ထားတဲ့ အခန်းတွေ)။ ဒါပေမဲ့ အလွန်တရာမှ ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားပါ။
စာရေးသူ မှတ်မှတ်ရရ အဖြစ်ဆုံးအခန်းကတော့ သူတို့ရဲ့ တေးဂီတ ၀ိုင်းတော်သားတစ်ယောက်ကို သွားခေါ်တဲ့အခန်းပါပဲ။ ပြင်သစ် အထက်တန်း စားသောက်ဆိုင်တစ်ခုမှာ ဧည့်ကြို (Maitre d) လုပ်နေတဲ့ Mr. Fabulous ကို တေးဂီတ၀ိုင်း ပြန်လည်ထူထောင်ဖို့ သွားပင့်တာ ဖြစ်ပါတယ်။ စားပွဲ ကြိုတင်မှာကြားရတဲ့ စားသောက်ဆိုင်ထဲ အတင်းဝင်ထိုင်၊ အသံမြည်အောင် စားသောက်၊ စားစရာတွေနဲ့ ဆော့ကစား၊ ခွက်အမှားတွေနဲ့ ၀ိုင်ကိုသောက်တဲ့အပြင် တခြားစားနေတဲ့လူကိုလဲ မင်းမိန်းမနဲ့ သမီးကလေးကို ဘယ်လောက်နဲ့ ရောင်းမလဲလို့ မေးလိုက်ပါသေးတယ်။ နောက်ဆုံးကျတော့ မင်းပြန်မလိုက်ရင် ငါတို့ ၂ ယောက် မနက်စာ၊ နေ့လည်စာ၊ ညစာ အနပ်တိုင်းကို ဒီမှာ နေ့တိုင်းလာစားမယ်လို့ ပြောလိုက်တဲ့အခါမှာတော့ ဧည့်ကြိုကြီးခမျာမှာ သူ့အလုပ်ကို စွန့်ပြီး ပြန်လိုက်လာရပါတော့တယ်။
သူတို့ပြောခဲ့တဲ့ "ငါတို့က ဂီတသမားသက်သက်တွေပါ" ဆိုတာကို စတီဖင်ချောင်ရဲ့ နာမည်ကျော် Kung Fu Hustle မှာ အမှတ်တရ ထည့်သွင်းပေးထားတာကို တွေ့နိုင်ပါတယ်။ ၁၉၈၀ ဇွန်လ ၂၀ ရက်နေ့မှာ ရုံတင်တော့ ဂျော့ခ်ျလူးကတ်စ်ရဲ့ ကြယ်တာရာစစ်ပွဲများ ဒုတိယကား (ဇာတ်လမ်းအရ ပဌ္စမကား) အင်ပါယာက ပြန်တိုက်ပြီရဲ့ နောက်ကကပ်လျက် (ဒုတိယမြောက်) ၀င်ငွေ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ကားတစ်ကားအတွင်း မော်တော်ယာဉ်ပျက်စီးမှု (ယာဉ်တိုက်မှုစသည်) ဒုတိယအများဆုံး ဇာတ်ကားလဲ ဖြစ်ပါတယ်။ (နံပါတ် ၁ ကတော့ သူ့ရဲ့အဆက် Blue Brothers 2000 ဖြစ်ပါတယ်။)
၁၉၈၀ ပုံစံ အထနှေး၊ နောက်ခံတီးလုံးနည်း၊ သရုပ်ဆောင်တာအေးတာကို သည်းခံနိုင်မယ်ဆိုရင် သင့်ရဲ့ တနင်္ဂနွေနေ့ခင်းချိန်တွေကို သင်သတိမထားမိခင်မှာ ယူဆောင်သွားပေးမဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲ ဂီတပညာရှင်တွေနဲ့ ထိပ်တန်း ဒါရိုက်တာကြီးကို ရုပ်ရှင် သရုပ်ဆောင်အဖြစ် တွေ့မြင်ရမဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်။ ၁၀ မှတ်မှာ ၈.၅ ပေးလိုက်ပါတယ်။ (အထသာ မနှေးရင် ၁၀ မှတ်အပြည့်ပေးမှာဗျို့)။ ကြည့်ဖြစ်အောင် ကြည့်ဖို့လဲ တိုက်တွန်းပါရဲ့။

Tuesday, October 21, 2008

မေ့လျော့ခံထားရသော Hip-Hop ပညာရှင်များ (၁): Run-D.M.C

ဒီဘက်ခေတ်မှာ Hip-Hop လို့ဆိုရင် Eminem, 2Pac, 50 Cent နဲ့ Nelly တို့လောက်ကိုပဲ ပြေးပြေး မြင်တတ်ကြပါတယ်။ Hip-Hop ကို ခေတ်ရေစီးကြောင်းထဲက ဂီတတစ်ခုဖြစ်အောင် တွန်းပို့ပေးခဲ့တဲ့ အဖွဲ့ဖြစ်တဲ့ Run-D.M.C ကို သိတဲ့လူ နည်းကြပါတယ်။ (စိုင်းစိုင်းရဲ့ "မိန်းမ မိန်းမ" သီချင်းထဲမှာ " … Run DMC, Jam Master Jay, xxx ဒီမှာ နားထောင်ရင်း အိပ်ခန်းထဲမှာ စိတ်ကျဉ်းကျပ် … " ဆိုတာ သူတို့ပေါ့။) သူတို့ရဲ့ အနုပညာစွမ်းကြောင့် ကမ္ဘာကျော် Rolling Stone မဂ္ဂဇင်းက အကြီးကျယ်ဆုံး ဂီတ အနုပညာရှင် စာရင်းမှာ အမှတ် ၄၈ အဖြစ် ၂၀၀၄ မှာ စာရင်းသွင်းခံရပါတယ်။ အမေရိကန် တေးသံသွင်း လုပ်ငန်းရှင်များ အဖွဲ့ရဲ့ ရွှေနဲ့ ပလက်တီနမ် ဓာတ်ပြားဆုများ ချီးမြှင့်ခံရတဲ့ ပထမဆုံး Rap အဖွဲ့လဲ ဖြစ်ပါတယ်။



Run-D.M.C (Rev Run, Jam Master Jay and D.M.C)
နယူးယောက်ခ်မြို့ ကွင်းစ်မြို့နယ် ဟိုးလီစ် ရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့ သူတို့ ၃ ယောက်ဟာ Sucker MCs ဆိုတဲ့ သီချင်းနဲ့ R&B Charts မှာ နံပါတ် ၁၅ ချိတ်ခဲ့ပြီးနောက် ၁၉၈၆ ခုနှစ်မှာတော့ Raising Hell album ကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ album မှာပါတဲ့ Walk This Way သီချင်းဟာ MTV မှာ ပထမဆုံး ထုတ်လွှင့်ခံရတဲ့ Rap သီချင်းဖြစ်ပေမဲ့ လူကြိုက်များတာကြောင့် မကြာခဏ ထုတ်လွှင့်ခံခဲ့ရပြီး အဲဒီအချိန်က နံမည်ကျဆင်းနေတဲ့ Rock ဂီတသမား Aerosmith ကို အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်လည် တွန်းတင်ပေးခဲ့ပါတယ်။
Run-D.M.C ရဲ့ ကျော်ကြားမှုကြောင့် Addidas က သူတို့ကို ဖိနပ်နဲ့ အခြား အသုံးအဆောင်တွေ ထောက်ပံ့ပေးပြီး ကြော်ငြာခိုင်းခဲ့တယ်။
၁၉၈၀ ပြည့်နှစ်လွန်များက Rap အဖွဲ့တွေရဲ့ ထုံးစံ စကားပြောဟန် ဖြစ်နေပေမဲ့ အားပါတဲ့ Rapping တွေ၊ Jam Master Jay ရဲ့ ခပ်ကြမ်းကြမ်း Scratch သံ၊ မခမ်းနားပဲ ရိုးရှင်းတဲ့ Beat တွေနဲ့အတူ တွေ့ရခဲတဲ့ တယောက် တလှည့်စီ ပြောင်းပြောင်းဆိုတဲ့ ပုံစံကို သူတို့သီချင်းတွေမှာ တွေ့ရပါတယ်။ (တယောက်တည်းပဲ ဆိုလေ့ရှိတဲ့ Rapper တွေနဲ့ ကွာတာက Run နဲ့ D.M.C ရဲ့တယောက်ကို တယောက် အပြန်အလှန် ပံ့ပိုးပေး၊ ထောက်ပေး၊ ကူအော်ပေးကြတဲ့ သီဆိုဟန်ပါပဲ။) သူတို့ရဲ့ ကာရန်ယူပုံတွေဟာ အနီးစပ်ဆုံးပြောရရင် စိုင်းစိုင်း (မိန်းမ၊ မိန်းမ၊ မချစ်သီချင်း) နဲ့ နည်းနည်း တူပါတယ်။ ကာရန်ကို ဘားတစ်ဘားရဲ့ နောက်ဆုံးနားမှာ (နဲ့ အလယ်မှာ) ဆောင့်ဆောင့်ချလေ့ရှိတဲ့ သူတို့သီချင်းတွေဟာ နားမယဉ်ခင်မှာတော့ နားထောင်ရတာ ပျင်းစရာကြီးပါပဲ။ ဒါပေမဲ့ နားထောင်ကျင့် ရသွားတဲ့အခါမှာတော့ အင်မတန်မှ မြူးကြွပြီး ကလို့ခုန်လို့ကောင်းပါတယ်။


Run D.M.C (D.M.C, Jam Master Jay, Rev Run)
သူတို့အဖွဲ့ရဲ့နောက်ဆုံး album (ယခုရေးသားချိန်အထိ နောက်ဆုံး) Crown Royal ကို ၂၀၀၁ ခုနှစ်မှာ အနုပညာရှင်အများအပြားနဲ့ တွဲဖက် သီဆိုပြီး ဖြန့်ချိခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှာ ပင်တိုင် DJ Jam Master Jay လုပ်ကြံခံရပြီး နောက် album အသစ် ထွက်ရှိလာခြင်းမရှိတော့ပါဘူး။ Rap ဂီတလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။
သူတို့သီချင်းတွေကို မြည်းစမ်းချင်ရင်တော့ ...


Jam Master Jay သေဆုံးခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရေးသား ဂုဏ်ပြုပါသည်။

Sunday, October 12, 2008

ငါးထမင်းနယ် (ရှမ်းထမင်းချဉ်) လုပ်နည်း

ဒီနေ့ သတင်းကျွတ် အဖိတ်နေ့ (သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့)။ လောရှည် မွေးနေ့ပေါ့။ အဲဒါ မမ Red က မောင်လေးမွေးနေ့မို့ ငါးထမင်းနယ်လုပ်ကျွေးမယ်လို့ မနေ့ညကတည်းကပြောပြီး ဒီမနက် လုပ်ကျွေးတယ်။ ပျော်လိုက်တာ။ သြော် ငါ့ကို ဂရုစိုက်သားဆိုပြီ။ စားပြီးတော့ မေးကြည့်တော့ သူ့မောင်အရင်းက အောက်တိုဘာ ၁၃ မွေးတာမို့ သူ့မောင်လေးမွေးနေ့ကို လုပ်ကျွေးတာတဲ့။ သေရော ။ ဘာပဲဖြစ်ဖြစ် အမေတို့လုပ်တာ ကြည့်ထားတာနဲ့ သူ့ဆီက ချက်နည်းမေးထားတာလေးတွေ ရောသမမွှေပြီး ငါးထမင်းနယ်လုပ်နည်းကို တင်ဆက်လိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်သွန်မြိတ်        - အနည်းငယ်
နံနံပင်            - အနည်းငယ်
ဆား            - အနည်းငယ်
ခရမ်းချဉ်သီး        - ၃ လုံး
မန်ကျည်းနှစ်        - အနည်းငယ်
ကြက်သွန်ဖြူ        - ၃ လုံး
ငါး (ရေချိုငါး)        - ၂၅ သားခန့်
အာလူး             - ၂ လုံးခန့်
ဆန်            - ၅ လုံး (ထမင်းပေါင်းအိုးနဲ့ပါလာသော ဗူးနဲ့ ချိန်ပါ၊ နို့ဆီဗူး မဟုတ်ပါ)
ပထမဆုံး ငါးနဲ့ အာလူးကို ဆားအနည်းငယ်စီ ထည့်ပြီး (တအိုးစီ) ပြုတ်ထားပါ။ အဲဒါတွေ ပြုတ်နေတုန်းမှာ ထမင်းကိုလဲ တပြိုင်နက်ချက် (ရေ ၇-၈ လုံးလောက်ထည့်ချက်ပါ)၊ မန်ကျည်းနှစ်ကို ရေနွေးဖျော၊ ကြက်သွန်မြိတ်နဲ့ နံနံပင်ကို လှီး၊ ကြက်သွန်ဖြူ အခွံခွာထားပါ။ ငါးနဲ့ အာလူးရရင် (ရေခမ်းပြုတ်ရပါသည်။) ခရမ်းချဉ်သီးကို ပြုတ်ပါ။ ငါးကို အသားနွှင်၊ အာလူးကို ချေပါ။ ခရမ်းချဉ်သီး ပြုတ်တာ ပြဲသွားရင် သူ့ကိုလဲ ချေပါ။ ကြက်သွန်ဖြူထောင်းပါ။ ညက်လျှင် ကြက်သွန်ဖြူဆီချက် ချက်ပါ။ (ဆီထဲကို ကြက်သွန်ဖြူ ထောင်းထားတာ ထည့်ကြော်ပါဟု ဆိုလိုသည်၊ ရွှေဝါရောင်သန်းလာလျှင် အိုးပေါ်မှချ၊ ပန်းကန်ထဲ ပြောင်းထည့်ပါ။ သို့မဟုတ်က တူးလိမ့်မည်။) ပြီးလျှင် ကြက်သွန်ဖြူ ဆီချက်၊ မန်ကျည်းနှစ်နှင့် ကြက်သွန်မြိတ်၊ နံနံပင်မှအပ အားလုံးရောနယ်ပါ။ ပြီးလျှင် အနေတောင် အလုံးလေးတွေ လုံးထားပါ။ (ကြီးကြီးလုံးလဲ ဘာမှ မဖြစ်ပါ)

စားချင်စဖွယ်ပါပဲ
တည်ခင်းရာတွင် အလုံးကို ပန်းကန်ပြားထဲ ထည့်ပြားပြီး မန်ကျည်းနှစ်၊ ကြက်သွန်ဖြူ ဆီချက်ဖတ်၊ နံနံပင်၊ ကြက်သွန်မြိတ်ဖြူးပြီး ပြင်ပေးပါ။ ဂျူးမြစ် (အစိမ်း) နှင့် တွဲစားလျှင် အလွန်ကောင်းပါသည်။ ငရုတ်သီးကြိုက်သူများ ငရုတ်သီးဆီချက်နှင့်လဲ တွဲဖက်စားသုံးနိုင်ပါသည်။

Thursday, October 2, 2008

ရေးပေးပါ။

ကိုယ်ပိုင်ပန်းခင်းလေးက Tag လုပ်လို့ ရေးလိုက်ရပါတယ်။ စာတမ်းကိစ္စနဲ့ အရမ်းအလုပ်ရှုပ်နေလို့ ခုမှပဲ ရေးဖြစ်တော့တယ်။ စရေးပြီ။ 

ကိုယ့်နာမည် - လောရှည် လေ။

ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ထောင်ထောင်၊ နီယို၊ မောင်လောရှည်၊ မေလောရှောင်။

ဒီမှာနေတယ် - စင်ကာပူ။

ကိုယ့်ဆီဖုန်းဆက်ချင်ရင် - လျှောက်လွှာအရင်တင်ပါ။ (Comment ပေးပြီးတော့)။

(ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက)

အရောင်ဆိုရင် - မိုးပြာရောင်၊ အ၀ါရောင်၊ ဖက်ဖူးစိမ်းနုနု၊ အနီရောင်၊ အနက်ရောင်၊ အဖြူရောင်၊ မီးခိုးအမျိုးမျိုး။

အ၀တ်အစားဆိုရင် - Baggy Jeans, Rappers' Ware။

အစားအစာဆိုရင် - စားလို့ရတာ အကုန် (ကိုရီးယားစာ မပါ)။

ပစ္စည်းဆိုရင် - ရှေးဟောင်း ပစ္စည်း ထုကြီးထည်ကြီး၊ သစ်သစ်လွင်လွင် တောက်တောက်ပြောင်ပြောင်။

သီချင်းဆိုရင် - Heavy Rock မှ လွဲ၍။

စာရေးဆရာ - Isaac Asimov။

စာအုပ် - Foundation Trilogy (Foundation, Foundation and Empire and Second Foundation)။

Life Style - တက္ကသိုလ်မှာ သုတေသနလုပ်တဲ့ ပါမောက္ခ၊ (ဒါမှမဟုတ် အလွန်အောင်မြင်သော နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းရှင်)။

ကိုယ့်ရဲ့ဝါသနာ - ဂိမ်းဆော့တယ်၊ ရုပ်ရှင်ကြည့်တယ်။ (ဂျပန်ကာတွန်း ကြည့်တယ်)။

အလိုချင်ဆုံးလက်ဆောင် - သိမ်းရလွယ်၊ သယ်ရလွယ်၊ ပေးချင်စိတ်ရှိလို့ ပေးတာ အားလုံး။

ကိုယ့်ရဲ့ အချစ်ဆုံးသူက - ပြောဝူး။ သတ်ပစ်လိုက်။

ကိုယ့်ရဲ့ အလေးစားဆုံးသူက - Roy Mustang (စိတ်တော့မကောင်းဝူး၊ ကာတွန်းဇာတ်ကောင် ဖစ်နေတယ်။)

ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - များကြီးပဲဗျ။

ကိုယ့်ကို နားလည်မှု အပေးနိုင်ဆုံးက - ညီလေး။

ကိုယ့်ရဲ့ အမုန်းဆုံးသူက - ပြောဝူး။ (ပြောရင် ဒီကောင်ထွက်ပြေးသွားမှာပေါ့။)

ရင်အခုန်ဆုံးအချိန် - အဖြေကို စောင့်နေရတဲ့ အချိန် (စာမေးပွဲ အောင်စာရင်းလိုဟာမျိုး၊ ပညာသင်ဆု လျှောက်လွှာ ရလဒ်လိုဟာမျိုးကို ဆိုလိုသည်။)

အကြောက်ဆုံးအချိန် - ကိုယ့်ကို စိတ်ဆိုးခံရတဲ့အချိန် (ဆော်ပလော်တီးမှာ ကြောက်ရို့)။

အပျော်ဆုံးအချိန် - ညီလေးနဲ့ Acclaim's WWF Wrestle Mania (16 bit) Sega Genesis Version ကို ကွန်ပျူတာပေါ်မှာ Emulator နဲ့ ဆော့ရတဲ့အချိန်။

အမှတ်တရနေ့ - ငါးတန်းတုန်းက အတန်းထဲမှာ ပထမရတဲ့နေ့။

အချစ်ဆိုတာ - ညံ့ပါ့၊ ဒါလေးတောင် မသိဘူးလား။ (ငါလဲ တိပါဝူး)။

အမုန်းဆိုတာ - မသိချင်စမ်းပါနဲ့။

အလွမ်းဆိုတာ - ဒါလဲ မသိချင်စမ်းပါနဲ့။ (ပြောပြလို့မရဘူးကွ။)

သံယောဇဉ်ဆိုတာ - ငြိတွယ်ခြင်း။

ဘ၀ဆိုတာ - မိုးလင်းတိုင်း ဒီနေ့ ဘာဖြစ်မလဲ သိချင်လို့ ရှာဖွေကြည့်ရတာ။ (ကျော်ကြည့်လို့လဲ မရဘူး)

သူငယ်ချင်းဆိုတာ - များလေကောင်းလေ။

ချစ်သူဆိုတာ - နည်းလေကောင်းလေ။ n ယောက်ရှိရင် အနည်းဆုံး n-1 ခါ အသည်းကွဲလိမ့်မယ်။ (ဒါတောင် တယောက်ကိုရမှ၊ မရရင် n ခါအသည်းကွဲလိမ့်မယ်။)

ကိုယ့်ကိုယ့်ကိုယ် ဒီလိုထင်တယ် - ဥစ္စာပေါ၊ ရုပ်ချော၊ သဘောဖြူ၊ အူစင်း၊ သမာသမတ်ကျ၊ အကုန်သိ၊ အကုန်တတ်၊ အကုန်နားလည်၊ မြင့်မြတ်၊ စင်ကြယ် ... ခွိ ခွိ ။

ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - Do It Now !

အပြောချင်ဆုံး စကားတခွန်း - I am very glad to be in this very spot, to give this acceptance speech for this year's Alan Turing Award and to be the first South East Asian to grab this award.


Thursday, July 31, 2008

စိန့်ပီတာစဘတ် ၀ိရောဒိ

ခေါင်းပန်းလှန်တမ်း ကစားကြရအောင်။ ပထမ စစချင်းမှာ ဒိုင်က ပိုက်ဆံ ၁ ကျပ်လောင်းပါမယ်။ ခေါင်း (Head) ကျရင် စာရှုသူက ပိုက်ဆံ ၁ ကျပ် ရပါမယ်။ ကစားပွဲလဲ ပြီးပါမယ်။ တကယ်လို့ ပန်း (Tail) ကျသွားရင်တော့ ဒိုင်က ပိုက်ဆံ ၂ ကျပ် (အရင်တခါ လောင်းထားတဲ့ ပမာဏကို ၂ နဲ့ မြှောက်ပြီး) လောင်းပါမယ်။ ခေါင်းကျရင် စာရှုသူ ပိုက်ဆံ ၂ ကျပ်ရပါမယ်။ ပန်းကျရင်တော့ ဒိုင်က ပိုက်ဆံ ၄ ကျပ် (အရင်တခါ ၂ ကျပ်ကို ၂ နဲ့ မြှောက်ပြီး) လောင်းပါမယ်။ အဲဒီလိုနဲ့ ပန်းမကျမချင်း ဆက်လောင်းသွားမှာ ဖြစ်ပါတယ်။ ဒီကစားပွဲကို စာရှုသူ ကစားရမယ်ဆိုရင် ၀င်ကြေး ဘယ်လောက် ပေးမှာလဲ။ (ဒါမှမဟုတ် ၀င်ကြေးကို ဘယ်လောက် သတ်မှတ်သင့်သလဲ။)

ပထမဆုံး ဖြစ်တန်စွမ်း သီဝရီအရ မျှော်မှန်းတန်ဖိုး (Expected value) E ကို တွက်ကြည့်ရအောင်။

E = (½) x 1 + (½ x ½) x 2 + (½ x ½ x ½) x 4 + (½ x ½ x ½ x ½) x 8 + …

E = Sum(k = 1 to infinity) (½)k x 2(k-1) = infinity

မျှော်မှန်းတန်ဖိုးဟာ အကန့်အသတ်မရှိကို ပြန့်ကားထွက်သွား (diverge) ပါတယ်။ အဓိပ္ပါယ်ကတော့ ကစားပွဲ တစ်ပွဲစီတိုင်းမှာ စာရှုသူရမဲ့ (နိုင်မဲ့) ပိုက်ဆံက အကန့်အသတ်မရှိပါတဲ့။ မျှော်မှန်းတန်ဖိုးဆိုတာက ဖြစ်တန်စွမ်းဆိုင်ရာ ဖြစ်စဉ် (Probabilistic event) တစ်ခုကို အခေါက်ပေါင်းများစွာ ဖြစ်စေရင် ပျမ်းမျှအားဖြင့် ရလာမဲ့ တန်ဖိုးပါတဲ့။ အဆုံးသတ် ကောက်ချက်ချတော့ ၀င်ကြေးဟာ ဘယ်လောက်ပဲ ဖြစ်ဖြစ် ဒီကစားပွဲကို ကစားဖို့ တယောက်ယောက်က ဖိတ်ခေါ်ခဲ့ရင် စာရှုသူ မကစားပဲ မနေပါနဲ့။ ကစားကို ကစားပါ။ ရေရှည်မှာ စာရှုသူဘက်က အသာချည်းပါပဲလို့ အဖြေထွက်လာပါတယ်။

ဒီအဆို ဘယ်လောက်မှန်နိုင်လဲ စဉ်းစားကြည့်ရအောင်။ ဒီပြဿနာကို နီကိုးလပ်စ် ဘာနောလီးက ထောက်ပြကတည်းက ဒီလိုကစားရင် စာရှုသူဘက်က ဂိန်ကို ဂိန်မယ်ဆိုတာ လူတွေက သိပါသတဲ့။ ဒါပေမဲ့ သင်္ချာနည်းနဲ့ အဖြေထုတ်တော့ စာရှုသူဘက်က ပွပေါက်တိုးပြီလို့ အဖြေထွက်နေတယ်။ ဖြစ်တန်စွမ်း သီဝရီကို မြောင်းထဲပို့ရတော့မလား။ ဒီပြဿနာကို စိန့်ပီတာစဘတ် ၀ိရောဒိလို့ ခေါ်ပါတယ်။

စိန့်ပီတာစဘတ် ၀ိရောဒိကို အမျိုးမျိုး အဖြေထုတ်ခဲ့ကြပါတယ်။ သင်္ချာပညာရှင် အများစု လက်ခံထားတာကတော့ မျှော်မှန်း အသုံးကျမှု သီဝရီ (Expected Utility Theory) ရဲ့ ရှင်းချက်ပါ။ (စာရေးသူ နားမလည်ပါ။ ဖတ်ဖို့လဲ အချိန်မရှိလို့ပါ။) ဒါကြောင့် စာရေးသူပိုပြီး အကျွမ်းတ၀င်ဖြစ်တဲ့ ဖြစ်တန်စွမ်း ချိန်ဆခြင်း (Probability Weighing) နဲ့ ရှင်းပြပါမယ်။ (ဒီနေရာမှာ စီးပွားရေး ပညာရှင်တချို့က ဒီကစားပွဲမှာ ဒိုင်ဘက်က နာဖို့ချည်းသေချာနေတာကြောင့် ဘယ်ဒိုင်မှ ဒါမျိုး ပေးလောင်းမှာမဟုတ်တဲ့အတွက် အဖြေရှာစရာလဲ မလိုဘူးလို့ ရှင်းကြပါသေးတယ်။ စာရေးသူ သိပ်သဘောမကျပါ။)

ဖြစ်တန်စွမ်း ချိန်ဆခြင်းအရ စာရှုသူ အနိုင်ရမဲ့ ဖြစ်ရပ်ရဲ့ ဖြစ်တန်စွမ်းကိုပဲ ဦးတည်တွက်ချက်ပါမယ်။ ကစားပွဲကို ကစားဖို့ စာရှုသူဟာ ပိုက်ဆံ n ကျပ် (၃၂ ကျပ်လို့ထားပါ) ပေးရတယ်ဆိုပါတော့။ ဒါဆိုရင် ၁ ကျပ်၊ ၂ ကျပ်၊ ၄ ကျပ်၊ … ၊ n ကျပ် (၃၂ ကျပ်) ပဲ ပြန်ရရင် မကိုက်ပါဘူး။ (စာရှုသူဘက်က အရေးမသာပါဘူး။) အဲဒါကို ၁ ထဲကနေ ၁ ကျပ်၊ ၂ ကျပ်၊ ၄ ကျပ်၊ … ၊ n ကျပ်ရမဲ့ ဖြစ်တန်စွမ်းတွေကို နှုတ်ပြီး အောက်ပါအတိုင်း တွက်ရမှာဖြစ်ပါတယ်။

P(You win when you bet n) = 1 – P(1) – P(2) – P(4) - … - P(n) = 1 – P(H…) – P(TH…) – P(TTH) - … - P(Tlog(n)H) = 1 - Sum(k = 1 to n) P(Tlog(k)H)

P(You win when you bet n) = 1 - Sum(k = 1 to log(n)+1) ½k = ½log(n)+1

သေချာသတိထားကြည့်ရင် n ဟာ အကန့်အသတ်မရှိ ကြီးလာတာနဲ့အမျှ စာရှုသူဘက်က နိုင်မဲ့ ဖြစ်တန်စွမ်းဟာလဲ သုညနီးပါး ငယ်သွားတာကို တွေ့နိုင်ပါတယ်။ (၂ ကျပ်ဖိုးလောင်းရင် နိုင်ဖို့အခွင့်အလမ်းက ၄ ပုံ ၁ ပုံ ရှိပေမဲ့ ၃၂ ကျပ်ဖိုးလောင်းရင်တော့ နိုင်ဖို့အခွင့်အလမ်းက ၆၄ ပုံ ၁ ပုံ ပဲဖြစ်သွားပါပြီ။) ဒီဝိရောဒိက ပေးတဲ့ သင်ခန်းစာကတော့ မျှော်မှန်းတန်ဖိုးတစ်ခုတည်းကိုပဲ ကြည့်ပြီး နေရာတကာ ဆုံးဖြတ်ချက်ချလို့ မရကြောင်းပါပဲ။ တခါတလေမှာ မျှော်မှန်းတန်ဖိုးဟာ စုဆုံခြင်း (convergence) မဖြစ်တဲ့အခါမှာ ဒီလိုမျိုး ၀ိရောဒိတွေ ပေါ်ပေါက်လာတတ်ကြောင်း ရေးသားရင်း စိန့်ပီတာစဘတ် ၀ိရောဒိအကြောင်း ဆောင်းပါးငယ်ကို နိဂုံးချုပ်အပ်ပါတယ်။ စာရှုသူတို့အားလုံး ဖြစ်တန်စွမ်းသီဝရီကို အသုံးချလို့ လောဘသား လူလိမ်လူညာတို့ရဲ့ လိမ်လည်လှည့်စားခံရခြင်းဘေးမှ ကင်းဝေးပါစေ။

၁၇၂၆ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဆုံးပါးသွားတဲ့ နီကိုးလပ်စ် ဘာနောလီးကို ဒီဆောင်းပါးငယ်နဲ့ ဂုဏ်ပြုပါတယ်။

Saturday, July 19, 2008

ဇာတ်တူသားစားကြခြင်း

"သားရဲ လူသား အရိုင်းအစိုင်းတို့ကို သတိထားပါ … ဘုရားသခင်၏ ပရိုင်းမိတ် သတ္တ၀ါများတွင် သူသည် ပျော်ရွှင်ခြင်းအတွက်၊ ရမ္မက်အတွက်၊ လောဘအတွက် သတ်ဖြတ်လေ့ ရှိသည်။ အကြင်လူသားသည် သူ၏ ညီရင်းအစ်ကိုကို ထိုသူ၏ မြေအလို့ငှာ သတ်အံ့။ ထိုလူသားတို့ကို အမြောက်အများ မပွားစီးစေလင့်၊ သို့မဟုတ်က ထိုသူတို့သည် သူ၏ အိမ်နှင့်တကွ အသင်ဝံတို့၏ အိုးအိမ်တို့ကို သုသာန်တစပြင်သို့ ခမ်းခြောက်စေအံ့။" ကောနီးလပ်စ်၊ ၀ံတို့၏ဂြိုဟ် (၁၉၆၈) ။

ဇူလိုင် ၁၆ ၂၀၀၈ ခုနှစ်တွင် သမိုင်းဘာသာ အဓိကနဲ့ ၀ိဇ္ဇာဘွဲ့ရ အမျိုးသမီး တစ်ဦးဖြစ်တဲ့ ခင်ချိုဦးဟာ စင်ကာပူနိုင်ငံ အလုပ်ပွဲစား (အိမ်ဖော်ပွဲစား) အိမ်ကနေ ထွက်ပြေးရင်း (ရုပ်ရှင်ထဲကလို အ၀တ်တွေဆက်ချည်ထားတဲ့ ကြိုးနဲ့ တွယ်ဆင်းထွက်ပြေးရင်း) ပြုတ်ကျ သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အလုပ်ပွဲစားကို လုပ်ငန်းမကျွမ်းကျင်မှု (non-professional)၊ တာဝန်မဲ့မှု (not taking enough responsibility for safety of his/her client)နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတို့အတွက် လောရှည် - ကတဲ့ပွဲ အနေနဲ့ ရှုံ့ချချင်ပါတယ်။

စာရှုသူ စဉ်းစားကြည့်ပါ။ သေဆုံးသူ အမျိုးသမီးဟာ သမိုင်းဘာသာနဲ့ ဘွဲ့ရထားတဲ့ ပညာတတ်တစ်ယောက်ပါ။ အဲဒီပညာတတ်ဟာ အိမ်ဖော်လုပ်ငန်းကို လုပ်ပါမယ်လို့ အလုပ်ပွဲစားဆီမှာ အလုပ်လာလျှောက်တော့ ပွဲစားအနေနဲ့ Professional ပီသစွာ သူ့ရဲ့ ပညာအရည်အချင်းနဲ့ လိုက်ဖက်မဲ့ အလုပ်ကို ရှာမပေးသင့်ဘူးလား၊ ရှာပေးနိုင်ဖို့ expertise အလုံအလောက်မရှိဘူးဆိုရင်လဲ ရှာပေးနိုင်တဲ့ ပွဲစားဆီကို မလွှဲအပ်သင့်ဘူးလား (၀န်ဆောင်ခကိုတော့ ခွဲဝေယူရမှာပေါ့လေ။) ဒါတွေကို မလုပ်ပဲနဲ့ သူငွေကြေး အကျိုးအမြတ်ရရှိစေမဲ့ အိမ်ဖော်အလုပ်ကိုပဲ over-qualified ဖြစ်နေတာကို လျစ်လျူရှုကာ (လောဘဇောတက်ပြီး) လုပ်ကိုင်စေခဲ့တယ်။ (ဒီနေရာမှာ အဲဒီအမျိုးသမီးဟာ ကော်လာဖြူ လုပ်ငန်းခွင်ဝင်ဖို့ ပညာရေး မပြည့်စုံဘူး ဘာဘာညာညာ ငြင်းချက်ထုတ်လိုသူများကို ပြန်လှန်မငြင်းပါ။ ဒါပေမဲ့ ဒီကြေငြာချက်ရဲ့ ဦးတည်ချက်က အရည်အချင်းမရှိတဲ့ ဘွဲ့ရတွေအကြောင်းမဟုတ်ပါ။)

ဒီနေရာမှာ တခုသတိထားမိဖို့က အိမ်ဖော်ပွဲစားဆိုတာ စင်ကာပူအစိုးရဆီမှာ စနစ်တကျ မှတ်ပုံတင်ပြီးမှ လုပ်ရတာ။ အိမ်ဖော်ကို အိမ်ကိုခေါ်ထားချင်တဲ့ အိမ်ရှင် (အလုပ်ရှင်) ဆိုတာကလဲ ဒီတိုင်းခေါ်လို့မရပဲ အစိုးရဆီမှာ အိမ်ဖော်ကို ဘယ်လို ဆက်ဆံရမယ်၊ ဘယ်လိုထားရမယ်၊ ဘာတွေခိုင်းခွင့်ရှိပြီး ဘာတွေ ခိုင်းလို့မရဘူးဆိုတာတွေကို စာမေးပွဲဖြေပြီးမှ ခေါ်ခွင့်ရတာ။ ဒီအမျိုးသမီး မပျော်ဘူးဆိုတာကို ဘာလို့ အိမ်ဖော်ပွဲစားက မစစ်ဆေးသလဲ။ တကယ်လို့ abuse ဖြစ်နေတယ်ဆိုရင် အိမ်ရှင် (အလုပ်ရှင်) ကို ဘာလို့ တရားမစွဲသလဲ။ ဒါတွေဟာလဲ professional မပီသတဲ့ အပြုအမူတွေဖြစ်တယ်။ ဘက်လိုက်မှု၊ တရားမမျှတမှုတွေရဲ့ သင်္ကေတတွေဖြစ်တယ်။ တာဝန်မဲ့တာပဲ ဖြစ်တယ်။

ဒီအမျိုးသမီးဟာ တိုက်ပေါ်က တွယ်ဆင်းတယ်လို့ သိရပါတယ်။ တံခါးက ထွက်လို့ရရင် တိုက်ပေါ်က တွယ်မဆင်းဘူး။ ဒီအချက်ဟာ သူ့ကို ချုပ်နှောင်ထားတယ်ဆိုတာကို ပြသပြီး လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်လဲဖြစ်တယ်။ (အိမ်ဖော်ပွဲစားများ အိမ်ဖော်ကို သော့ခတ် ချုပ်နှောင်ရန် အခွင့်အာဏာရှိသည်လို့ ဥပဒေပြဌာန်းချက် ရှိမယ်မထင်ဘူး။)

ဒီကိစ္စကို မြန်မာ့အသိုင်းအ၀ိုင်းက အလေးအနက်ထားပြီး နောက်နောင် ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ပွားရအောင် ဥပဒေဘောင်အတွင်းကနေ အဖြေရှာသင့်တယ်လို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။ ကျွန်းဆွယ်ပလာဇာ (Peninsula Plaza) က မြန်မာဆိုင်ရှင်တစ်ယောက်ကို အလွတ်သဘော မေးမြန်းရာမှာ ရလာတဲ့ အလုပ်ပွဲစားရဲ့ အပြစ်တွေကို ဖုံးဖိတဲ့ အဖြေလေးနဲ့ ကြေငြာချက်ကို ရုပ်သိမ်းလိုက်ပါတယ်။

အဲဒီ ကောင်မလေးကိုက ရွတာ။ ရောက်တာမှ တလမပြည့်သေးဘူး။ အိမ်ရှင်က ပုံစံပေးတော့ သူစိတ်ညစ်တယ်နေမှာပေါ့။ (ဘော်ကျော့နေလို့မှ မရတာလေ၊ ဖိလစ်ပိုင်တွေက မြန်မာတွေလိုမပျင်းဘူး။ အလုပ်လုပ်တာ တော်တယ်။) အဲဒါနဲ့ မပျော်ဘူးဆိုတော့ နောက် Agent ဆီမှာ လာထားတာ။ အဲဒါကို ရွစိတက်ပြီး သူထွက်ပြေးတာလေ။ အ၀တ်တွေကို ဆက်ပြီး တွယ်ဆင်းတော့ အပေါ်မှာ ချည်ထားတဲ့ တိုင်က ပြုတ်တော့ ကျသေရော။ (အလုပ်ကို လက်ကြောတင်းအောင်က မလုပ်ချင်ဘူး။) အဲဒါနဲ့ အကုန်ရှုပ်ကုန်ရော။

Wednesday, July 9, 2008

UMDH ဖြင့် မှတ်ဥာဏ်ယိုပေါက်များကို ရှာဖွေခြင်း

အောက်ပါ post ပါအကြောင်းအရာများကို Intel® Core™2 Duo E6550 @2.33 GHz, DDR 2 1GB x 4, Microsoft Windows XP Professional Service Pack 2 တပ်ဆင်ထားသော ၃၂ ဘစ် စက်တွင်သာ စမ်းသပ်ထားပြီး ဖြစ်ပြီး ရေးသားချိန်တွင် တတ်နိုင်သလောက် တိကျ မှန်ကန်စေရန် ကြိုးစားထားသော်လည်း post ပါ အကြောင်းအရာများ၏ မှန်ကန်တိကျ မှီခိုနိုင်စွမ်းကို လောရှည် - ကတဲ့ပွဲမှ အာမမခံပါ။ သုံးစွဲခြင်းကြောင့် တစုံတရာ နစ်နာဆုံးရှုံးမှု ဖြစ်ပွားလာပါက သုံးစွဲသူ၏ တာဝန်သာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ 

Pointer Arithmetic အသုံးပြုသော အစီအစဉ် (Program) များကို ရေးသားရာတွင် ဖြစ်တတ်သော ပြဿနာတစ်ရပ်မှာ ရယူထားသော မှတ်ဥာဏ် (memory) နေရာ (space) များကို ပြန်လည်စွန့်လွှတ်ခြင်း (deallocation) မပြုမိသည့်အခါ အပုံ (heap) ထဲတွင် မှတ်ဥာဏ်နေရာလွတ် ကုန်ခမ်း သွားတတ်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် အမှိုက်သိမ်းစနစ် (Garbage Collection System) မပါရှိသည့် C/C++ ကဲ့သို့သော ဘာသာစကားများတွင် အဆိုပါ ပြဿနာသည် ကောက်ရိုးပုံ အပ်ပျောက်သလို ရှာရခက်သော ပြဿနာ တစ်ရပ်ဖြစ်ပါသည်။ Windows NT Platform (Windows NT, Windows 2000, Windows XP and Windows Vista) တွင် အဆိုပါ ပြဿနာကို အဖြေရှာနိုင်ရန်အတွက် UMDH ဟုခေါ်သော အစီအစဉ်တစ်ခုကို Microsoft မှ အခမဲ့ ဖြန့်ဖြူးပေးထားရာ ယခုဆောင်းပါးငယ်တွင် အဆိုပါ အစီအစဉ်ကို အသုံးပြုပုံ အဆင့်ဆင့်ကို ရေးသားရှင်းလင်းမည် ဖြစ်ပါသည်။ 

UMDH သည် Debugging Tools for Windows package တွင်ပါဝင်သော အစီအစဉ်တစ်ခု ဖြစ်သည်။ ၄င်းကို အသုံးပြုရန်အတွက် အဆိုပါ package ကို အရင်ဆုံး download လုပ်ရမည်ဖြစ်သည်။ မိမိ အသုံးပြုမည့် စနစ်နှင့် ကိုက်ညီရာကို ရွေးချယ်ရန် သတိပြုပါ။ ထို့နောက်တွင် Windows Symbol Package ကို download လုပ်ရယူရမည်ဖြစ်သည်။ Symbol Package ကို ရွေးချယ်ရာတွင် မိမိ debug လုပ်မည့် အစီအစဉ်ကို အသုံးပြုမည့် စက်မောင်းနှင်စနစ် (Operating Systems) နှင့်ကိုက်ညီရာကို ရွေးချယ်ရမည်ဖြစ်သည်။ (စက်တလုံးတည်းတွင် debug လုပ်မည်ဆိုပါက အဆိုပါစက်၏ မောင်းနှင်စနစ်ကိုသာ ရွေးပါ။) 

အထက်ပါ အပျော့ထည်များကို ထည့်သွင်းပြီးပါက သင်၏ စက်မောင်းနှင်စနစ်ကို debug mode ဖြင့် စနှိုး (boot) ပါ။ Windows XP Professional တွင် My Computer ကို ညာကလစ်ဖြင့် နှိပ်ပါ။ Properties ကိုရွေးပါ။ Advanced tab ကို သွားပါ။ Startup and Recovery Setting ကို နှိပ်ပါ။ Edit ကို နှိပ်ပါ။ သင်၏ စက်မောင်းနှင်စနစ် စာကြောင်း ဘေးတွင် "/debug" ဟုဖြည့်သွင်းပါ။ (ဥပမာ …\WINDOWS="Microsoft Windows XP Professional" /fastdetect /debug အချို့ကမူ ထိုစာကြောင်းကို ၂ ကြောင်းကူးပြီး တစ်ခုတွင် "/debug" ဟု ထည့်သွင်းတတ်သည်။)

ထို့နောက် System Path Variable ကို UMDH (နှင့် Debugging Tools for Windows) ထည့်သွင်းထားသော လမ်းညွှန် (Directory) သို့ ပြောင်းပေးပါ။ My Computer ကို ညာကလစ်နှိပ်ပြီး Properties ကိုရွေးပါ။ Advanced tab ကိုသွားပါ (အထက်ပါအတိုင်းတူတူပင်ဖြစ်သည်။) Environment Variables ကို နှိပ်ပါ။ System variables မှ path ကိုရှာပြီး UMDH ရှိရာ လမ်းညွှန်ကို ဆီမီး ၉ လုံး (semi-colon) ခံပြီး နောက်ဆုံးတွင် ထည့်သွင်းပါ။ အားလုံးကို အိုကေနှိပ်ပါ။ စက်ကို restart လုပ်ပါ။ 

စက်ပြန်တက်လာလျှင် _NT_SYMBOL_PATH ဟုခေါ်သော Environment Variable ကို သင် Symbol ထည့်သွင်းထားခဲ့သော လမ်းညွှန်သို့ ပြောင်းပေးရမည်ဖြစ်သည်။ set _NT_SYMBOL_PATH=SRV*c:\Windows\Symbols ဟု အမိန့်ပေးပါ။ (Symbol များကို အခြား လမ်းညွှန်သို့ ထည့်သွင်းမိလျှင် c:\Windows\Symbols အစား အဆိုပါလမ်းညွှန်၏ လမ်းကြောင်းကို ဖြည့်သွင်းပါ။) သင့် အစီအစဉ်အတွက် gflags ကို ချိန်ပေးရန်အတွက် "gflags /i yourprogram.exe +ust" ဟု အမိန့်ပေးပါ။ UMDH သုံးစွဲရန် အသင့်ဖြစ်ပါပြီ။ 

သင်၏ အစီအစဉ်ကို မှတ်ဥာဏ်ယိုပေါက် (memory leakage) မဖြစ်ခင် အနေအထားတွင် ရပ်တန့်စေ၍ (breakpoint ပေးလိုက်လျှင် အလွယ်ဆုံးဖြစ်သည်) umdh –p:<your_program_process_id> -f:<logfile1_path_with_ext> -g ဟု အမိန့်ပေးပါ။ (Process Id ကို သိရန်အတွက် tlist ဟု အမိန့်ပေး၍ ကြည့်ရှုနိုင်ပါသည်။) ထို့နောက်တွင် မှတ်ဥာဏ်ယိုပေါက် အပြီးလောက်ဟု ထင်သောနေရာသို့ ရောက်သည်အထိ ဆက်လက်လုပ်ဆောင်စေပါ။ umdh –p:<your_program_process_id> -f:<logfile2_path_with_ext> -g ဟု ထပ်မံအမိန့်ပေးပါ။ 

ယခု သင်၏ အစီအစဉ်ရှိ မှတ်ဥာဏ်ယိုပေါက်မတိုင်မီနှင့် မှတ်ဥာဏ်ယိုပေါက်အပြီး မှတ်ဥာဏ်အသုံးချမှုဆိုင်ရာ အချက်အလက်များ logfile1 နှင့် logfile2 တို့တွင် သိမ်းဆည်းပြီး တည်ရှိနေပါပြီ။ အဆိုပါ file များကို နှိုင်းယှဉ်ကြည့်ရှုရန်အတွက် umdh –d –v –l <logfile1_path> <logfile2_path> ဟု နှိပ်ပါက အဆိုပါ အစီအစဉ် နေရာ ၂ ခုကြား ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည့် မှတ်ဥာဏ်နေရာများကို တွေ့ရှိရပါလိမ့်မည်။ ("> <text_file_path>" ဟု အမိန့်နောက်တွင် ဖြည့်သွင်းပြီးမှ အမိန့်ပေးလျှင် ဖန်သားပြင်ပေါ်တွင် ပေါ်လာမည့် အဖြေများကို အဆိုပါ text_file_path တွင် ရေးသားပေးပါသည်။) 

ဥပမာ

+ 4132 ( 4132 - 0) 1 allocs    BackTraceD3

+ 1 ( 1 - 0)    BackTraceD3    allocations

    (blar blar blar)

    MSVCR80D!fprintf+0000029C (f:\rtm\vctools\crt_bld\self_x86\crt\src\fprintf.c, 70)

    YourProject!leakyFunction+000005EB (d:\leaky.cpp, 325)

    (blar blar blar)

    kernel32!RegisterWaitForInputIdle+00000049

ဟုတွေ့ရှိရပါက မှတ်ဥာဏ် မှတ်တမ်း ၂ ခုအကြားတွင် leakyFunction (leaky.cpp မှ လိုင်းအမှတ် ၃၂၅) မှ မှတ်ဥာဏ် ၄၁၃၂ ဘိုက်ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည်ကို တွေ့ရှိရပါလိမ့်မည်။ 

စာရှုသူ မိတ်ဆွေများ မှတ်ဥာဏ်ယိုပေါက်များဖြင့် ခေါင်းကိုက်ရခြင်း ဒုက္ခမှ ကင်းဝေးပါစေ။ 

Monday, June 23, 2008

ချင်းပြည်နယ် ကြွက် (အငတ်) ဘေး

နှစ် ၅၀ မှာ တခါ ပေါ်ပေါက်လာတတ်တယ်လို့ ဒေသခံ ချင်းတိုင်းရင်းသားတွေ ယုံကြည်ထားတဲ့ ကြွက်ဘေး (အငတ်ဘေး) မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှာ စတင် ကျရောက်လို့လာပါပြီ။ အဲဒီ ကြွက်တွေဟာ ရာစုနှစ် တစ်ခုမှာ ၂ ခါ ပွင့်/သီးလေ့ရှိတဲ့ ၀ါးပင်တစ်မျိုးရဲ့ အပွင့်နဲ့ အစေ့တွေကို စားသုံးဖို့ အုပ်စုလိုက် ရောက်လာကြပြီး ရွာသားတွေရဲ့ စားနပ်ရိက္ခာတွေကို အလွတ်မပေးပဲ ဖျက်ဆီးတတ်တယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ The Straits Times သတင်းစာမှ ဖော်ပြချက်ကို အောက်ပါအတိုင်း ကောက်နှုတ်ဖော်ပြအပ်ပါတယ်။

LONDON - AFTER the fury of Cyclone Nargis, a new disaster is looming in Myanmar: Packs of rats that swarm through the hills once every 50 years to consume everything in their path, a British newspaper reported yesterday.

The latest human disaster is unfolding in the jungle-covered mountains of Chin state, far to the north of the Irrawaddy delta where 134,000 people died last month, the Daily Telegraph said.

The plague of rats happens twice a century, when bamboo forests produce flowers and seeds, then wither and die for five years in a phenomenon known locally as mautam, or bamboo death.

Villagers believe the bamboo seeds are a kind of aphrodisiac for the rodents, whose numbers explode until all the seeds have been eaten. Then they turn on villagers' rice stocks, stripping ripening corn and paddy in the fields.

The regime's generals will permit no food aid or humanitarian workers into affected areas in a repeat of their callous refusal last month to permit emergency aid sitting in foreign ships off Myanmar's coast to be distributed to cyclone survivors, the newspaper said on its website.

Exiled Chin leaders say villagers who are too weak to flee over the border into India have already begun to die. They fear thousands more now face a lingering death in the deep bamboo forests where most of the state's million-strong population of Christian tribal people live.

The Chin is one of Myanmar's many minority ethnic groups.

Ms Cheery Zahau, 27, from the Women's League of Chinland, met British Prime Minister Gordon Brown in London this week to ask for help.

She said: 'The reports that are trickling out to India are heartbreaking. They tell of dehydrated children dying of diarrhoea and the poorest and weakest being left behind as stronger villagers start to escape over the border to where there is food.'

Saturday, June 14, 2008

မြန်မာ့နည်း၊ မြန်မာ့ဟန် နောက်ဆက်တွဲ

လောရှည် - ကတဲ့ပွဲ၏ စိတ်ချရသော သတင်းပေးများ၏ ထောက်လှမ်းချက်အရ လူဆိုးဂိုဏ်းဆန်ဆန် ချက်လက်မှတ်ပြ၍ မြန်မာတို့၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သော (မူရင်းရုပ်သံကိုကြည့်ရှုရန်) မျိုးအောင်သည် နွားကျောင်းသား သေနတ်သမားများ ကြီးစိုးခဲ့ရာဖြစ်သော တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် နေထိုင်ကြောင်း သိရှိရပါသည်။ အဆိုပါပြည်နယ်သည် အမေရိကန်ပြည်နယ်များတွင် အိမ်ယာမြေဈေး အသက်သာဆုံး ပြည်နယ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ၄င်းပြည်နယ်မှ အိမ်တစ်လုံးသည် ကယ်လီဖိုးနီးယားပြည်နယ်မှ အလားတူ အိမ်တစ်လုံးဈေး၏ ၃ ပုံ ၁ ပုံအောက်သာ ရှိကြောင်းလဲ လေ့လာတွေ့ရှိရပါကြောင်း ရွှေပွဲလာတို့ သိရှိစေရန် ကြေငြာအပ်ပါသည်။

Sunday, June 8, 2008

ကျွန်တော့်ရဲ့ ချစ်သည်းလွှာ

ကျွန်တော် အထက်တန်းအောင်ပြီးတော့ ကျွန်တော့်ရဲ့ ချစ်ဦးသူ ကျောင်းသွားဖော် မမနဲ့ ခဏဝေးသွားတယ်။ နိုင်ငံရပ်ခြားမှာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုသွားဖို့ မြန်မာ ကွန်ပျူတာ ပညာရှင်များအသင်းက ကျွန်တော်နဲ့ သူငယ်ချင်းတချို့ကို လေ့ကျင့်ပေးတဲ့ သင်တန်းမှာ ကျွန်တော့်ရဲ့ ချစ်သည်းလွှာလေး သူမကိုစတွေ့တယ်။ သူမဟာ မမထက် အများကြီး ငယ်ပေမဲ့ ကျွန်တော့်ထက်တော့ အသက်ကြီးလို့ ကျွန်တော်က ‘မ’လို့ပဲ ခေါ်ပါတယ်။

‘မ’ဟာ မမနဲ့ ဆွေနီးမျိုးစပ်တော်တာမို့ မမလိုပဲ အရမ်းကို ချောမောလှပတဲ့ မိန်းမပျိုကလေး ဖြစ်ပါတယ်။ မမလို အချိုးအဆစ် ပြေပြစ်တဲ့ ကောက်ကြောင်းတွေ မရှိပေမဲ့ ချစ်စရာကောင်းလောက်အောင် ပြုံးတတ်တဲ့အပြင် မမလိုပဲ သိမ်မွေ့နက်ရှိုင်းပြီး နားလည်ရခက်တဲ့ အသည်းနှလုံးကိုလဲ ပိုင်ဆိုင်ထားသူ ဖြစ်ပြန်ပါသေးတယ်။

‘မ’ကိုစတွေ့တဲ့နေ့ကို ကျွန်တော်အခုထိ မမေ့သေးဘူး။ ‘မ’ကို ကျွန်တော်က ဟဲလိုလို့ နှုတ်ဆက်တော့ အရှက်ကြီးဟန်တူတဲ့ ‘မ’က ချက်ချင်းမပြောပဲ ကွေ့ပတ်နေပါသေးတယ်။ သုံးခါလောက် တောင်းပန်တိုးလျိုးပြီးမှ ‘မ’က ကျွန်တော့်ကို ဟဲလို လို့ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ချစ်ဦးသူမမကို ကျွန်တော် ခဏမေ့သွားပြီး ရင်တွေခုန်လာပါတယ်။ အဲဒီအချိန်ကစလို့ ‘မ’ဟာ ကျွန်တော့်ရဲ့ ဘ၀ဖြစ်လာပြီး သူမရဲ့ စွဲမက်ဖွယ် အလှအပတွေနဲ့ ကျွန်တော့်ကို သူမအနားက မခွဲမခွာချင်အောင် ဆွဲဆောင်ထားပါတော့တယ်။ ထူးဆန်းတာက သူမနဲ့ အလုပ်လုပ်နေရရင်၊ သူမနဲ့ ပတ်သက်တာတွေကို သိအောင် လုပ်နေရရင် ကျွန်တော့်မှာ မမောနိုင် မပန်းနိုင်၊ ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ အဲဒီလို သူမနဲ့ အနေနီးလေလေ၊ လူတကာမသိတဲ့ သူမရဲ့ လျို့ဝှက်ချက်တွေ၊ အမူအကျင့်တွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သိလာလေလေ၊ သူမကို ပိုချစ်၊ ပိုပြီး စုံမက် မြတ်နိုးလာလေလေပါပဲ။

မမလောက် မဟုတ်ပေမဲ့လဲ ‘မ’ဟာလဲ နယ်ပယ်အတော်များများမှာ ၀င်ဆန့်သူကလေး တစ်ဦးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ် စီးပွားရေးနဲ့ လူမှုရေး နယ်ပယ်တွေမှာ ကျွန်တော့်ရဲ့ ‘မ’ဟာ အလွန်ပဲ အရေးပါ အရာရောက်သူ ဖြစ်ပါတယ်။ ဆေးဘက်ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေမှာလဲ မမနဲ့အတူ ၀ိုင်းဝန်း ကူညီတတ်သလို ရှုပ်ထွေးတဲ့ စာရင်းဇယားတွေနဲ့ ပတ်သက်လာရင်လဲ ကျွမ်းကျင်ပါတယ်။ ကွန်ပျူတာကို ခိုင်းစေရမဲ့ အလုပ်တွေ အားလုံးအတွက် ‘မ’ရဲ့ အကူအညီ လိုအပ်တယ်ဆိုရင် ကျွန်တော်ပြောတာ လွန်မယ် မထင်ပါဘူး။

စိတ်ကောက်တတ်တာတော့ မမတို့ အမျိုးတွေရဲ့ မွေးရာပါ ဗီဇမို့လို့ ‘မ’ဟာလဲ စိတ်ကောက်တတ်သူ တစ်ယောက်ပေါ့။ စိတ်နှလုံး နူးညံ့တယ်ဆိုပေမဲ့ သူမနဲ့ အလုပ်လုပ်ရာမှာ သတိလက်လွတ် ပေါ့ပေါ့ဆဆများ လုပ်ခဲ့မိရင် တညလုံး အိပ်မရအောင် ကဂျီကဂျောင် လုပ်ရာမှာ မမထက် မညံ့ပါဘူး။ ပေါ့ဆတဲ့လူကို အပြစ်ပေးရာမှာလဲ တစ်ညမက၊ နှစ်ညမက၊ ညစဉ်ရက်ဆက် မျက်တွင်းဟောက်ပက်ဖြစ်လောက်အောင် ရက်စက်လွန်းတာကတော့ မမထက်တောင် သာသွားပါသေးတယ်။ ဒါပေမဲ့လဲ သူမရဲ့ ချစ်စဖွယ် အပြုံးနဲ့ ခွင့်လွှတ်မှုရဲ့ နောက်ဆက်တွဲ တပ်မက်ဖွယ် အနမ်းများကြောင့် သူမအပေါ် ကျွန်တော် ကြာရှည်လေးမြင့် စိတ်မဆိုးနိုင်ပါဘူး။

‘မ’ဟာ ဘာသာစကားမျိုးစုံကို တတ်မြောက်ပြီး နယ်ပယ်အသီးသီးက ပညာရှင်အသီးသီးနဲ့ လိုက်ဖက်ညီမဲ့ ဘာသာစကားကိုလဲ ပြောပါတယ်။ သူမဟာ အပိုသိပ်မပြောပဲ လုပ်ငန်းဆောင်တာ အစီအစဉ်နဲ့ ပတ်သက်တာကိုပဲ တုံးတိတိ ပြောတတ်ပါတယ်။ အဲဒီလို တုံးတိတိ ပြောတတ်လို့ ‘မ’ပြောတဲ့ စကားတွေကို နားလည်ဖို့ခဲယဉ်းတဲ့အတွက်ကြောင့် ‘မ’နဲ့ တွဲဖက်အလုပ်လုပ်သူတွေက မှတ်ချက်တွေ ထည့်ထည့်ပြောပေးရလေ့ ရှိပါတယ်။ အခုနောက်ပိုင်းတော့ ‘မ’ဟာ သူပြောတာကို သာမာန်လူတွေ ပိုနားလည်ရလွယ်ကူအောင် ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး ပြောတာ များလာပါတယ်။

ကြားမိတာကတော့ ဒေါ်နယ်လ်နပ် ဆိုတဲ့လူက ‘မ’ရဲ့အကြောင်းကို အတွဲ ၇ တွဲပါ စာအုပ်ရေးသားဖို့ ကြံစည်ထားပါသတဲ့ (အခုတော့ ၅ တွဲပဲ ရေးပြီးသေးတယ်ဆိုပဲ)။ အားတဲ့တစ်နေ့မှ အဲဒီစာအုပ်တွေ ကျွန်တော် ရှာဖတ်ရဦးမယ်။ မနက်ဖြန်မနက်ကျရင်တော့ ‘မ’နဲ့ အတူတူ မနက်စာ စားရမှာမို့ စောစောအိပ်ပါတော့မယ်ဗျို့။

Thursday, May 29, 2008

လေ(လျှော)တတ်လို့ ရော(ပေး) ရပါသည် (သေခြင်း၏ နောက်ဆက်တွဲ)။

ဝင်ကစွပ်အမည်ခံ ပုဂ္ဂိုလ်တစ်ဦးက သေခြင်း ကိုဖတ်အပြီးမှာ အောက်ပါ parody ကိုရေးပို့လာတဲ့အတွက် ဖော်ပြလိုက်ရပါတယ်။ (နောင်များမှာလဲ အခြားသူများက ပေးပို့သော စာများကို လောရှည် - ကတဲ့ပွဲ ၏ မူများနှင့် တိုက်ဆိုင် စစ်ဆေးပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီလိုစာများနှင့် ပတ်သက်သော အရှုပ်အထွေးများတွင် ရေးသားပေးပို့သူကသာ တာဝန်ယူရမည်ဖြစ်ပြီး လောရှည် - ကတဲ့ပွဲ တွင် တစုံတရာ တာဝန်မရှိစေရ။)

ကိုလောရှည်လိုတော့
Princeton ရဲ့လေညှင်းခံဖို့ကို
တွေးမိဘို့နေနေသာသာ
အ၊ထုံ၊ပါရမီကများတော့
Princeton ဘယ်နေမှန်းမသိသူတစ်ယောက်ပါ။

လေပြင်းဒါဏ် အဖျားခတ်ခံခဲ့ရသော လှိုင်သာယာ၏ မုန်တိုင်းမဝင်မီ ရက် ၄၀၀ ကျော်က လေညှင်းလေသင်းများကိုတော့ ရှူခဲ့၊ ခံစားခဲ့ဘူးပါတယ်။

တစ်ခုသောခန်းမများရဲ့ အဝင်ဝမှာ ....
ပညာရှင်တွေလဲပါကောင်းရဲ့၊
ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေလဲ ပါကောင်းရဲ့၊
"ဆန်ဈေးတက်တာ ဒို့အလုပ်လား၊
ဒို့မှာ မနက်စာအတွက် ပေါင်မုန့်ကိုတောင်မှ မနည်းနပ်မှန်အောင်
Singapore ကနေ မှာစားနေရတာ၊
ဒါတောင် တလောက မုန်တိုင်းကြောင့်
လေယာဉ် မဆင်းနိုင်လို့ ပြတ်သွားတဲ့ခဏ
Singaporre ပေါင်မုန့်နဲ့ကြီးလာတဲ့ မြေးမကို
Europe က မှာထားတဲ့ Cheese Cookie နဲ့
မနည်းချော့ပြီး ကျွေးလိုက်ရတယ်"လို့ ပြောလေ့ရှိသူတွေလဲပါကောင်းရဲ့၊
မနက် အလုပ်သွားခါနီး၊ လမ်းစရိတ်မရှိလို့ ထမင်းချိုင့်ကို မိဘမေတ္တာမှာခဏထား၊
ရလာတဲ့ ပေါ့ပေါ့ပါးပါးလေးထဲက ဆန်ဝယ်ဖို့ရယ်လို့ချန်၊
တစ်ကြောင်းစာ စရိတ်နဲ့ အိတ်စုတ်ကို လွယ်ပြီး အထွက်မှာ
ညနေကျရင် သဇင်မင်းက ခေါက်ဆွဲကြော်ဝယ်လာခဲ့မယ်၊
ထမင်းသာချက်ထား၊ စားပြီး ၉နာရီခွဲကျရင်
မနေ့က ဒွေးကား ဇာတ်သိမ်းပိုင်းကို သီဟတို့ရုံမှာ သွားကြည့်ရအောင်လို့ပြောပြီး
အလုပ်ကို ရနိုင်ဖို့ တပ်ထိပ်က စုရပ်ဆီသို့ ကားကျပ်ကျပ်ကို တွယ်စီးသွားတတ်သူနဲ့
သူ့အိမ်သူအိမ်သားများလဲ ပါကောင်းရဲ့၊
ထိုထိုလူများ ဆိုင်ရာခန်းမ အသီးသီးရှေ့မှာ၊ အထဲမှာ၊
လည်တဆန့်ဆန့်နဲ့ မျှော်နေတတ်တာက ....

မျှော်ရင်းတန်းလန်း အဝင်ဝကိုကြည့်ကာ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ငြင်းတတ်ကြပါသေးသည်။
တချို့ကလည်း ကိုယ်နှင့်မဆိုင်ပါဘဲ၊ တချို့ကလည်း နှစ်မူးတစ်ပဲလောက်ဆိုင်ကာ၊ တချို့ကျလည်း လုံးလုံးဆိုင်၍
တိုးတိုးကြိတ်ကြိတ် တမျိုး၊ ဖွာလောင်ဖွာလောင်တဖုံ၊ စဉ်းစားတွေးနေ ပြောနေတတ်ကြတာကတော့
“ဒီကပြန်ရင်ဆက်ရှင်းရဦးမယ်၊ ပြဿနာတွေကို၊….. “

တစ်ချို့ကလည်းသိနေလို့၊ တစ်ချို့ကြလည်းရမ်းသမ်း၍၊ တစ်ချို့ကလည်းဘာမှ မသိ၊ မထင်၊ မတွေးထား သော်လည်း၊ ခေါင်းတညိတ်ညိတ်နှင့်ပေါ့။
ခဏကြာတော့လာပြီ၊ လာပြီ၊ ကြည့်ကြ၊ ကြည့်ကြ၊
မဆိုင်တဲ့သူတွေ ဘေးဖယ်ပါဆိုတာလဲပါရဲ့၊ (မဆိုင်မှဖြင့်ရောက်တောင်မလာဘူး ဟုတ္မေးမိပါသေးသည်။)
ကန်တော့ကြ၊ ကန်တော့ကြ၊ ဆိုတဲ့အသံနဲ့အတူ
ပြင်းထန်စွာ ငိုရှိုက်သံ
ရင်ဘတ်ထုသံ
ကြမ်းပြင်ပေါ်မှာလူးလှိမ့်သံ
နှပ်ညှစ်သံ
တက်သွားပြီ
လုပ်ကြပါဦး
ရှူဆေးပေး
ဟဲ့ဟဲ့ခြေထောက်တွေကိုဆန့်ပေးပါဟဲ့
ယပ်ခတ်ပေးကြပါဦး
ဝိုင်းအုံမနေကြပါနဲ့ လေရအောင်
တင်းမထားနဲ့လေ
လုပ်ချလိုက် အားပါးတရ
ဒါနောက်ဆုံးပဲ
စိတ်လျော့မှပေါ့ကွယ်
ကျန်တဲ့သူတွေအတွက်အားတင်းထားမှပေါ့
ကြေးစည်သံနဲ့အတူ
ဖိနပ်သံများနှင့်အတူ
ယခင်က ဖော်ပြခဲ့သော အသံများ၊
မဖော်ပြခဲ့သော အသံများ၊
လဲပြိုသံများ
တွဲခေါ်သံများ……..
လောကထဲကို ဝင်လာတုန်းက လူသုံးယောက်ထက်မနည်း ရှိသည့်အခန်းငယ်အတွင်း ဆူညံမှုကိုလုပ်ခဲ့သူဟု အမှတ်အတေးထားကာ
နားရှိပါလျက် မကြားနိုင်တဲ့ဘဝမှာ တောင် နောက်ဆုံးကြိမ်ပဲ ဆိုပြီး လက်စားချေတာလား လောရယ်။
မှားသွားလို့ပါ။
လောက ရယ်။

ဝင်ကစွပ်

Tuesday, May 20, 2008

မိတ္တဗလ ဋီကာ

၂၀၀၄ ခုနှစ် နှစ်လယ်လောက်မှာ စာရေးသူ စာအုပ်တစ်အုပ် ဖတ်ရပါတယ်။ လူသန်းပေါင်းများစွာရဲ့ ဘ၀ကို ပြောင်းလဲစေသူ စာရေးဆရာ/ဘ၀နေနည်း သင်ကြားသူ ဒေးလ်ကာနက်ဂျီရဲ့ How to Win Friends and Influence People ဆိုတဲ့ စာအုပ်ပါ။ ၁၉၃၆ ခုနှစ်မှာ ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့ပြီး တကမ္ဘာလုံးမှာ အုပ်ရေ ၁၅ သန်းကျော် ရောင်းချပြီးတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ ထင်တာတွေ လျှောက်ရေးထားတာ မဟုတ်ပဲ တကယ့်လက်တွေ့မှာ အသုံးတည့်ကြောင်းကို စာရေးဆရာ (ဒေးလ်ကာနက်ဂျီ) က ဥပမာတွေ အများအပြားပေးလို့ ရေးသားထားပါတယ်။ စာရေးသူ (လောရှည်) ကိုယ်တိုင် စမ်းသပ်ကြည့်ရာမှာလဲ ဒီစာအုပ်ပါ နည်းလမ်းများဟာ ထိရောက်တယ်လို့ တွေ့ရှိရပါတယ်။ စာအုပ်ပါနည်းလမ်းများရဲ့ အသုံးဝင် ထိရောက်နိုင်စွမ်းကို တိုင်းတာဖို့ နောက်ထပ် စမ်းသပ်မှု တချို့လုပ်ဖို့ ဆက်လက် စဉ်းစားနေပါတယ်။

ဒီစာအုပ်မှာ အပိုင်း ၄ ပိုင်းပါပြီး တပိုင်းစီရဲ့ အနှစ်ချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အပိုင်း (၁) လူသားများကို ကိုင်တွယ်ခြင်း

၁။ ဝေဖန်၊ အပြစ်တင်၊ အပြစ်ဆို၊ စောဒကတက်ခြင်းကို ရှောင်ကြဉ်ပါ။
၂။ ရိုးရိုးသားသား အမှန်အတိုင်း (ဖားတာ၊ မျက်နှာလုပ်တာ မပါပဲ) ချီးကျူးပါ။
၃။ တခြားသူ၏ ဆန္ဒကို သိမြင်ပါ။

အပိုင်း (၂) လူတွေ သင့်ကို နှစ်သက်စေရန် လုပ်နည်း ၆ မျိုး

၁။ သင့်မိတ်ဆွေများ၏ ပြဿနာနှင့် လိုအင်တို့ကို သိပါ၊ စိတ်ဝင်တစား ဂရုတစိုက်ရှိပါ။ သင့်စေတနာကို ပြသပါ။ (အပိုင်း ၁၊ အခန်း ၃ နှင့် ခပ်ဆင်ဆင်တူသည်။)
၂။ ပြုံးပါ။
၃။ သင့်မိတ်ဆွေများ၏ အမည်ကို မမေ့ပါစေနဲ့။
၎။ များများ (ဂရုတစိုက်) နားထောင်ပါ။ တဘက်သားကိုလဲ ပေးပြောပါ။ နည်းနည်းပဲ ပြောပါ။ (ကိုယ်ကချည်း မပြောပါနဲ့)
၅။ သင့်မိတ်ဆွေ၏ အလိုဆန္ဒများကို ရှေ့တန်းတင် ပြောဆိုပါ။ (အပိုင်း ၁၊ အခန်း ၃ နှင့် ခပ်ဆင်ဆင်တူသည်။)
၆။ သင့်မိတ်ဆွေကို အရေးပေးပါ။ သူသည် သင့်အတွက် အရေးပါသည်ဟု ခံစားရပါစေ။ (နှစ်နှစ်ကာကာ စေတနာပါပါလုပ်ပါ)

အပိုင်း (၃) သင်ပြောတာ (တွေးတာ) ကို လက်ခံစေခြင်း

၁။ အငြင်းပွားမှုကို ရှောင်ကြဉ်ပါ။ (ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုပါနှင့်)
၂။ မင်း မှားနေတယ် လို့ ဘယ်တော့မှ မပြောပါနှင့်။ (အပိုင်း ၁၊ အခန်း ၁ နှင့် ဆင်ဆင်တူသည်။)
၃။ သင်မှားနေလျှင် ချက်ချင်း ၀န်ခံ တောင်းပန်ပါ။
၎။ ရင်းရင်းနှီးနှီး (အပြုသဘောဆန်ဆန်) စပြောပါ။ (တွေ့တာနဲ့ စစ်ကြေညာခြင်း မလုပ်ပါနှင့်။ အပိုင်း ၃၊ အခန်း ၁ နှင့် ဆင်ဆင်တူသည်။)
၅။ သင်ပြောတာကို တဘက်သားက အရင် ထောက်ခံ (လက်ခံ) စေပါ။ (၂ ဘက်လုံး လက်ခံမဲ့ စကားကနေ စပြောပါ)
၆။ တဘက်သားကို အများကြီး ပေးပြောပါ။ (အပိုင်း ၂၊ အခန်း ၄ နှင့် ခပ်ဆင်ဆင်ဖြစ်သည်။)
၇။ တဘက်သားအနေနှင့် သင်ပြောတာ (တွေးတာ) သည် အမှန်အားဖြင့် ၄င်း၏ အပြော (အတွေး) ဖြစ်သည်ဟု ထင်ပါစေ။ (ဒါဆို မငြင်းတော့ဘူး)
၈။ တဘက်သား၏ ရှုထောင့်မှ ရိုးရိုးသားသား တွေးမြင်နိုင်အောင် ကြိုးစားပါ။ (အပိုင်း ၁၊ အခန်း ၃ နှင့် ခပ်ဆင်ဆင်ဖြစ်သည်။)
၉။ တဘက်သား၏ အတွေးအမြင်တို့ကို ကိုယ်ချင်းစာပါ။
၁၀။ မင်းက ဒီလို ယုတ်ညံ့တာမျိုး မလုပ်ဘူး၊ ငါယုံတယ်ဆိုပြီး အနိုင်ယူပါ။ (လူတိုင်း မြင့်မြတ်သော သူရဲကောင်းဖြစ်လိုကြသည်။)
၁၁။ ခပ်မိုက်မိုက်လေး ပြောပါ။ (ခမ်းခမ်းနားနား ပြောပါ။ ကမ္ဘာနဲ့ချီပြီး ပြောပါ။)
၁၂။ စိန်ခေါ်မှုကို ပယ်ချပါ။ စမလုပ်ပါနှင့်။

အပိုင်း (၄) ခေါင်းဆောင်လုပ်နည်း - အခြားသူများကို မထိခိုက်/တိုက်ခိုက်ပဲ ပြောင်းလဲစေခြင်း

၁။ ရိုးရိုးသားသား ချီးကျူး၍စတင်ပါ။ (အပိုင်း ၁၊ အခန်း ၂ နှင့် ဆင်တူသည်။)
၂။ တဘက်သား၏ အမှားများကို မသိမသာ ထောက်ပြပါ။ (အပိုင်း ၁၊ အခန်း ၁ နှင့် ဆင်တူသည်။)
၃။ တဘက်သားကို မဝေဖန်ခင် မိမိအမှား (ယခင်၊ ယခု) ကို ထောက်ပြပြောဆိုပါ။
၎။ တိုက်ရိုက် အမိန့်မပေးပဲ မေးခွန်းများသာမေးပါ။ (ဒီလိုလေး လုပ်သင့်တယ် မထင်ဘူးလား စသည်)
၅။ တဘက်သားကို အရှက်မခွဲပါနှင့်။ (ချောင်ပိတ် ရိုက်ခြင်း မပြုရ၊ ထွက်ပေါက်ပေးပါ။)
၆။ အသေးအဖွဲကအစ ချီးမွန်းပြောဆိုပါ။ (အပိုင်း ၁၊ အခန်း ၂ နှင့် တူသည်။)
၇။ တဘက်သားကို လေးစားပါ။
၈။ အားပေးစကားပြောပါ။ အမှားကို ပြင်ရလွယ်သည်ဟု ထင်ရအောင် (ပြင်ချင်အောင်) အားပေးပါ။
၉။ သင့်စကားနားထောင်လိုက်နာရသည်ကို ပျော်ရွှင်ပါစေ။

အဓိကအကျဆုံးလို့ စာရေးသူ (လောရှည်) ထင်တာကတော့ မှားနေပြီဆိုပြီး အပြစ်ပြော/ထိပ်တိုက်တွေ့တာကို ရှောင်ကြဉ်ခြင်း၊ ချီးကျူးပြောဆိုခြင်းနဲ့ လူတကာကို ဂရုစိုက် မေတ္တာထားခြင်းလို့ပဲ ထင်ပါတယ်။ စာရှုသူမိတ်ဆွေများ နယ်ပယ်အသီးသီးမှာ နည်းမျိုးစုံနဲ့ ဥာဏ်ရှိသလို အသုံးချလို့ရတဲ့ စာတအုပ်ဖြစ်လို့ ၁၀ မှတ်မှာ ၉.၉ မှတ်ပေးလို့ ညွှန်းဆိုလိုက်ရပါတယ်။ မိတ္တဗလကို အသုံးပြုလို့ အောင်မြင်မှုပန်းကို ဆွတ်လှမ်းနိုင်ကြပါစေ။

မှတ်ချက် ။ ။ သခင်နုနှင့် ဖေမြင့်တို့ မြန်မာဘာသာသို့ ပြန်ဆိုဖူးသော စာအုပ်ဖြစ်ပါသည်။

Thursday, May 15, 2008

ကြိုးစားနေကြသော ၀န်ကြီးချုပ် ၂ ဦး



ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ် မုန်တိုင်း ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူများကို မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သွားရောက်အားပေးခဲ့ပုံ ဖြစ်ပါတယ်။ ဒုက္ခသည်များကို ထိုင်ခိုင်းထားပြီး သူက မတ်တပ်ရပ်လို့အားပေးပါတယ်။ သူပြောတဲ့စကားတွေထဲက ကောက်နှုတ်ရရင် ...

... မတတ်နိုင်ဘူးပေါ့ကွာ၊ သဘာဝဘေးအန္တရာယ်ဆိုတာ ဘယ်သူမှလဲ တားလို့မရဘူး။ ... သေဆုံးသွားတဲ့လူတွေကလဲ သူ့ကုသိုလ်ကံကြောင့် ... သေနေ့စေ့လို့ သေသွားရတာ။ ... အသက်ရှင်ကျန်ခဲ့တဲ့လူတွေကလဲ ကံကောင်းလို့ ကျန်ခဲ့တာ။ ... နိုင်ငံတော်ကလဲ (လုပ်ပေးမယ်) ... ကျွန်တော်လဲ ဧရာဝတီသားပဲ။ ... (ရန်ကုန်မှာလဲ မင်းတို့လိုပဲ ဆိုးတာပဲ) ... အ၀တ်အစား မရှိတဲ့လူဆို ပေးမယ်။ အများစာဆိုတော့ ကောင်းချင်မှလဲ ကောင်းမှာပေါ့။ ... (ဘေးမှ အရာရှိကြီးက ကိုယ်ထူကိုယ်ထ လုပ်ပြီး အစုအဖွဲ့များဖွဲ့ကာ ခေါင်းဆောင်ရွေးထားရန်၊ အိမ်သာကျင်းမှအစ ကိုယ့်ဘာသာကိုယ်တူးပြီး ထူထောင်ရမည်ဖြစ်ကြောင်း ၀င်ပြောသည်) ထမင်းစားဖို့ ဇလုံက အစလိုမယ်၊ ရေသောက်ဖို့အတွက် မတ်ခွက်က အစလိုမယ်၊ ပလတ်စတစ်ပုံးကအစလိုမယ်။ ထမင်းကျွေးဖို့ လက်ခုပ်နဲ့ခံပြီး စားလို့မရဘူး။ ဒါတွေအကုန်လုံး ပြန်သွားတာနဲ့ တပြိုင်နက် အမြန်ဆုံးဖြစ်အောင် လုပ်ပေးမယ်။ ... အခုပစ်ထားတယ်လို့ မထင်နဲ့။ ကျွန်တော်တို့ ကိုယ်တိုင်ကလဲ ဒုက္ခရောက်နေတယ်။ နိုင်ငံတော်အဆင့်ကနေပြီး ... အမြန်ဆုံး လုပ်ပေးမယ် ...


Channel News Asia ကထုတ်လွှင့်သွားတဲ့ ဒီသတင်းမှာ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်က ငလျင်ဒဏ်ခံ စိချွမ်းနယ်သား လူနာတွေကို အားပေးနေပုံကို (လူနာက လဲလျောင်းလျက်၊ သူကထိုင်လျက်) ထုတ်လွှင့်သွားပြီး သူတို့ပါတီအနေနဲ့ ကယ်ဆယ်ရေးကို ဘယ်လိုလုပ်မှာဖြစ်ကြောင်း အောက်ပါအတိုင်း ပြောကြားသွားပါတယ်။

... တရုတ်ကွန်မြူနစ်ပါတီက ဒီနေရာကို ဘယ်တော့မှ မေ့မထားဘူး။ ငါတို့ (ပိတ်မိနေတဲ့အထဲက) အသက်ရှင်ကျန်ရစ်တဲ့လူတွေနဲ့ ငလျင်ဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို မရရအောင် ကယ်မယ်။ ကြည်းကြောင်းနဲ့ မလုံလောက်လို့ရှိရင် လေကြောင်းကနေ ကယ်မယ်၊ ဆေးကုသမှုပေးမယ်။ ငါတို့ လေယာဉ်တွေလဲ ထပ်ချပေးဦးမယ်။ ...


သေချာတာကတော့ ၀န်ကြီးချုပ် ၂ ဦးစလုံး သူတို့ သိသမျှ၊ တတ်သမျှနဲ့ မှန်တယ်၊ လုပ်သင့်တယ် ထင်တာကို အစွမ်းကုန်လုပ်နေတာပဲ ဖြစ်ပါတယ်။ သိတာ တတ်တာတွေ တူချင်မှ တူမှာ ဖြစ်ပေမဲ့လဲ အားငယ်နေသူတွေကို အားတက်အောင်၊ သူတို့ အဖွဲ့အစည်းအနေနဲ့ ဘာတွေလုပ်ပေးမယ်ဆိုတာကို သိရှိအောင် ကြိုးစားပြောနေပါတယ်။ သူတို့ရဲ့စကားတွေအရ သူတို့ရဲ့ စေတနာကို အကဲခတ်နိုင်ပါတယ်။ စစ်သားနဲ့ နိုင်ငံရေးသမားဆိုတော့ အပြောအဆိုက နည်းနည်း ကွာနေနိုင်တာကို သတိပြုသင့်ပါတယ်။ မျှတတဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ကိုယ်လုပ်ရမယ်လို့ ခံယူတဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်နေကြတဲ့ လူ ၂ ဦးရယ်ပါ။ တရုတ်/မြန်မာ ၂ နိုင်ငံက ဒုက္ခသည်များ အမြန်ဆုံး ပုံမှန်လူမှုဘ၀ကို ပြန်ရနိုင်ကြပါစေ (ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်) လို့ စာရေးသူက ဆုတောင်းပေးလိုက်ပါတယ်။

Sunday, May 11, 2008

ခေါက်ဆွဲခြောက်ထုပ်ထမ်းသော ၀န်ကြီးချုပ်နှင့် မြောင်းဆယ်သော မြို့တော်ဝန်

မဇ္ဈိမမှ ဆောင်းပါးရှင်/သတင်းထောက် အောင်သူငြိမ်းရေးသားသော မေလ ၁၁ ရက် ၂၀၀၈ ခုနှစ် ရက်စွဲတပ် သတင်းဆောင်းပါး - ကြိမ်မီးအုံး ပြည်သူများနှင့် ... - တွင် ဖော်ပြထားသည်မှာ ...

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင်က သူ့အလုပ်မဟုတ်။ ရဟတ်ယာဉ်အပေါ် ပစ္စည်း ထမ်းတင်နေပြန်သည်။ မြန်မာစစ်အစိုးရ အမြင်တိုပုံကို ကြည့်၍ မိမိ ဒေါသ ဖြစ်နေရသည်။ ...

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန် ဆောင်ရွက်ရန်မှာ နိုင်ငံတကာ အကူအညီများ ပိုမို များပြားစွာ ရရှိရေးပင် ဖြစ်ပါသည်။ ရဟတ်ယာဉ်ပေါ် ခေါက်ဆွဲခြောက်ထုတ် ထမ်းတင်နေရန် မဟုတ်ပါ။ မြန်မာပြည်သူများ ကပ်ဘေးဒဏ် သင့်ခံရသည့် အတွက် နိုင်ငံတကာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ညီလာခံတရပ် စည်းရုံး ခေါ်ဆိုနိုင်ရန်ပင် ဖြစ်ပါသည်။


စာရေးသူကတော့ ၂၀၀၆ ခုနှစ် ရန်ကုန်မြို့တွင် မိုးများ သည်းထန်စွာရွာသွန်းပြီး အချို့နေရာများတွင် ရေများ ပေါင်လည်အထိရောက်သည်အထိ ဖြစ်ပြီးခါစက မြောင်းဆယ်ရာတွင် ရန်ကုန်မြို့တော်ဝန်ကိုယ်တိုင် လိုက်လံ အနီးကပ်ကြီးကြပ်နေသည်ကို သတင်းမှာ ကြည့်ခဲ့ရသည်ကို သတိရမိပါသေးတော့သည်။

Friday, May 9, 2008

ဝက်ခြေထောက်ဟင်းအေး ချက်နည်း


အပေါ်ကပုံက အမေရေးပို့လာတဲ့ စာလေးက ဖြတ်ထားတာပါ။ ၀က်ခြေထောက်ဟင်းအေး (ဟင်းတုံ) လို့ခေါ်တဲ့ တုံတုံတုံတုံနဲ့ ရှမ်းဟင်းလေးကို အားလပ်ရက်မှာ ချက်စားလိုသူများအတွက် တင်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ။
ဝက်ခြေထောက် (ရှေ့လက်) ၁ ချောင်း၊
ဝက်ကြွက်သားလုံးသား ၁ လုံး၊
ခရမ်းသီး (လတ်လတ်) ၁ လုံး၊
ခရမ်းချဉ်သီး (အရွယ်တော်) ၂ လုံး၊
ဆား အနည်းငယ်၊
ပဲငံပြာရည် (ကျဲ) အနည်းငယ်၊
ခရမ်းချဉ်သီးဆော့စ် အနည်းငယ်၊
ကြက်သွန်ဖြူ ၁ လုံး၊
ကြက်သွန်နီ ၂ လုံး၊
ဆီ အနည်းငယ်၊

ပထမဆုံး ၀က်ခြေထောက်နဲ့ ကြွက်သားလုံးသားကို ဆားပါလေရုံ၊ ပဲငံပြာရည် တဇွန်းနဲ့ ရေခမ်းပြုတ်ပါ။ နူးအိပျော့ပြဲသွားတဲ့အထိ ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်နေတုန်းမှာ ကြက်သွန်ဖြူအခွံခွာ ဓားပြားရိုက်ထားပါ။ ကြက်သွန်နီကိုလဲ အခွံခွာ၊ လှီး၊ ခရမ်းချဉ်သီးကိုလဲ လှီး၊ ခရမ်းသီးကို အခွံခွာ (မှားရိုက်တာမဟုတ်ပါ၊ ခရမ်းသီးကို အခွံခွာရပါမယ်) အတုံးသေးသေးလေးတွေ လှီးထားပါ။

ဝက်သားတွေပျော့ပြဲသွားပြီဆိုရင် အရိုးနွှင်ပြီး သေးသေးလေးတွေ လှီးပါ။ ဆီအိုးတည်၊ ဆီပူရင် ကြက်သွန်ဖြူ/နီကို ဆီသတ် (ဆီထဲထည့်ကြော်ဟု ဆိုလိုသည်)၊ အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီးလှီးထားတာ အိုးထဲထည့်ပါ။ ခဏမွှေပေးရင် ခရမ်းချဉ်သီး အရည်ပျော်သွားပါလိမ့်မယ်။ ဆားထည့်ပါ။ ခရမ်းချဉ်သီးဆော့စ်ကိုလဲ ထည့်ပါ။ ရေနဲနဲနဲ့ ခရမ်းသီးလှီးထားတာပါထည့်ပါ။ ခဏလောက်ထပ်ကြာရင် ခရမ်းသီးက ပျော့လာပါလိမ့်မယ်။ အဲဒီအချိန်မှာ လှီးထားတဲ့ ၀က်ခြေထောက်တွေနဲ့ ၀က်သားတွေ ထည့်မွှေပါ။ ရေနည်းနည်းထပ်ထည့်ပါ။ အိုးကို မီးအေးအေးနဲ့ (မီးသိပ်မပြင်းစေပဲနဲ့) ထားပြီး အဆက်မပြတ်မွှေပေးပါ။

တဖြည်းဖြည်းပျစ်လာတာကို ခံစားရပါလိမ့်မယ်။ အတော်အတန်ပျစ်လာပြီဆိုရင် အိုးကို မီးပေါ်ကချ။ အအေးခံပါ။ အေးပြီဆိုမှ ခွက်လေးတွေထဲကိုထည့်၊ ရေခဲသေတ္တာအောက်ထပ် (အပေါ်ထပ်မဟုတ်ပါ၊ အေးတဲ့ဒေသမှာဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်စရာမလိုပဲ ဒီအတိုင်း စားပွဲပေါ် တင်ထားလဲ ရပါတယ်။ ခဲပါတယ်။) ထဲကို ထည့်။ ၃ နာရီလောက်ကြာပြီဆိုရင် စားလို့ရပါပြီ။ (နံနံပင်လေးတွေ လှီးပြီး ကပ်စားရင်ပိုကောင်းပါတယ်။ ထမင်း သို့မဟုတ် ပေါင်မုန့်နဲ့ စားနိုင်ပါတယ်။) အောက်မှာ ချက်ပြီးသားပုံလေးပါ။

Thursday, May 8, 2008

နည်းလမ်းစဉ် သရုပ်ခွဲပညာ မိတ်ဆက်

ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တက္ကသိုလ်တွေ ၊ သုတေသန ဌာနတွေနဲ့ ဓာတ်ခွဲခန်းအသီးသီးမှာ နည်းလမ်းစဉ် (Algorithm) တွေကို လေ့လာပြီး အသစ်တွေ့ရှိချက်တွေကို အပြေးအလွှား မှတ်ပုံတင် (Patent လုပ်) နေကြပါတယ် ။ နည်းလမ်းစဉ်ကို နည်းပညာ (Technology) တစ်ရပ်အဖြစ် သတ်မှတ်လာကြပြီး Google, Miscosoft နဲ့ Oracle စတဲ့ နည်းပညာ လုပ်ငန်းကြီးတွေက နည်းလမ်းစဉ် သုတေသနတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်လာတာကြောင့် နည်းလမ်းစဉ် သရုပ်ခွဲပညာ (Analysis of Algorithm) ရဲ့ အရေးပါမှုဟာ ကျယ်ပြန့်လာပါတယ် ။ ဒီစာတမ်းငယ်မှာ နည်းလမ်းစဉ် သရုပ်ခွဲပညာကို မိတ်ဆက်ပေးဖို့ အောက်ပါပုစ္ဆာလေးကို စဉ်းစားကြည့်ပါမယ် ။

ပုစ္ဆာ ။ ။ အပင်တစ်ပင် (Tree) တစ်ခုကို ပေးထားပါမယ် ။ အဆစ်တစ်ခု (Node) တစ်ခုမှာ ကိုင်းခွဲ (Edge) နှစ်ခု ရှိပါမယ် ။ ကပ်လျက် အဆစ် နှစ်ခုရဲ့ ဘယ်ကိုင်းခွဲနဲ့ ညာကိုင်းခွဲက အဆစ်တစ်ခုထဲမှာ သွားဆုံပါမယ် ။ အဆစ်တိုင်းမှာ တန်ဖိုးတစ်ခု တွဲလျက်ရှိပါမယ် ။ အမြစ် (Root) ကနေပြီး အရွက် (Leaf) တစ်ခုကို သွားဖို့ လမ်းတစ်ခုစီ (Path) ရဲ့ တန်ဖိုးကို လမ်းတလျှောက်က အဆစ်တွေရဲ့ တန်ဖိုးတွေပေါင်းလဒ်အဖြစ် အဓိပ္ပါယ်သတ်မှတ်ပါမယ် ။ အနက် - သို့မဟုတ် အမြင့် - (Depth) ၂ သို့မဟုတ် ၂ ထက်ပိုတဲ့ အပင်တွေမှာ အရွက်ပေါင်းများစွာ ရှိမှာဖြစ်ပြီး အရွက်တစ်ရွက်စီကို သွားဖို့ လမ်းကြောင်းကလဲ ၁ ခု သို့မဟုတ် ၁ ခုထက် ပိုမှာဖြစ်ပါတယ် ။ ပုံကို ကြည့်ပါ ။

ပုံမှာ အပေါ်က ပြောထားတဲ့ အပင်မျိုး တစ်ပင်ကို ပြထားပါတယ် ။ အဆစ်တွေနဲ့ အကိုင်းတွေကို စက်ဝိုင်းတွေနဲ့ မျဉ်းကြောင်းတွေနဲ့ ပြထားပါတယ် ။ မျဉ်းထူနဲ့ ပြထားတဲ့ လိုင်းကြောင်းက ဒီအပင်ရဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းပါ ။ အောက်က ၂၅ ဆိုတာက အဲဒီ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းရဲ့ တန်ဖိုးပါ ။ အဲဒီတန်ဖိုးကို တွက်ထုတ်တဲ့ ပုစ္ဆာကို စဉ်းစားကြည့်ရအောင် ။

ဒါမျိုးပုစ္ဆာအတွက်ဆိုရင် လူတော်တော်များများက လောဘကြီးတဲ့ချဉ်းးကပ်နည်း (Greedy approach) ကို စဉ်းစားမိတတ်ကြပါတယ် ။ ဒီပုစ္ဆာမှာတော့ လောဘကြီးတဲ့နည်းနဲ့ ချဉ်းကပ်လို့ မရပါဘူး ။ ဘာလို့လဲဆိုတော့ တတိယမြောက် အဆင့်မှာ ၇ တန်ဖိုးရှိတဲ့ အဆစ်ကနေ ၃ နဲ့ ၄ တန်ဖိုးရှိတဲ့ အဆစ်တွေကို ရွေးရာမှာ လောဘကြီးပြီး တန်ဖိုး ၄ ရှိတဲ့ အဆစ်ကို ရွေးလိုက်ရင် အောက်ဆုံး အဆင့်က တန်ဖိုး ၉ ရှိတဲ့ အဆစ်ကို လွတ်သွားမှာ ဖြစ်လို့ပါပဲ ။ (လောဘကြီးတဲ့ ချဉ်းကပ်နည်းနဲ့ စဉ်းစားလို့ရ ၊ မရကို သက်သေပြတာ ၊ စဉ်းစားလို့ ရအောင် ကြိုးစားကြတာဟာလဲ နည်းလမ်းစဉ် သရုပ်ခွဲပညာရဲ့ အကိုင်းအခက် တစ်ခုပဲ ဖြစ်ပါတယ် ။)

စာရေးသူ ၂၀၀၀ ခုနှစ်တုန်းက ဒီပုစ္ဆာကို ရှင်းဖို့ နည်းလမ်းစဉ် (Algorithm) တစ်ခုကို စဉ်းစားဖူးပါတယ် ။ အပင်ကို လှဲ၊ အဆစ်တွေကို အမှတ်စဉ်တပ်ပြီး အမှတ်စဉ်ရေတွက်သလို လမ်းကြောင်းတစ်ခုချင်း အပြန်ပြန်၊ အလှန်လှန် တွက်တဲ့ ပင်ပန်းတဲ့ (Exhaustive) နည်းနဲ့ပါ ။ အောက်ပါပုံမှာ ကြည့်ပါ ။

တွက်ပုံတွက်နည်းကတော့ လက်ရှိပေါင်းကြည့်မဲ့ လမ်းကြောင်းကို တနေရာမှာ သိမ်းထားပါတယ် ။ (၀ ကဘယ်ဘက် ၁ ကညာဘက်ပါ ။ C/C++ နဲ့ ဆိုရင်တော့ Integer variable တစ်ခုထဲကို ၁ ပေါင်း Shift operation တွေနဲ့ ရွှေ့ယူပြီး လမ်းကြောင်းကို တွက်ထုတ်လို့ရပေမဲ့ Pascal ရဲ့ ကန့်သတ်ချက်တွေကြောင့် တစ်ကြောင်း ၊ အဲဒီတုန်းက ငယ်သေးတာက တစ်ကြောင်းမို့လို့ ဒီ Permutation with repetition ကို ကိုယ့်ဘာသာကိုယ် ရေးပစ်လိုက်ပါတယ် ။ )

ဒီအပင်ကို တြိဂံပုံ မေးထရစ် မှာသိမ်းထားတယ်လို့ မြင်ရင် ပေါင်းရမဲ့တန်ဖိုး (အဆစ်) တွေရဲ့ တည်နေရာကို current_level တန်း၊ column_of_previous_level + path_value_of_current_level တိုင် မှာ ရှာတွေ့နိုင်ပါတယ် ။ အဲဒီအဆစ်တွေရဲ့ တန်ဖိုးတွေ ပေါင်းလိုက်ရင် လက်ရှိလမ်းကြောင်းရဲ့ တန်ဖိုးကို ရပါပြီ ။ ဒီတန်ဖိုးတွေကို အကြီးဆုံးကိန်းရှာတဲ့ နည်းလမ်းစဉ်ထဲ ထည့်လိုက်ရင် အကြီးဆုံးလမ်းကြောင်းတန်ဖိုးကို ရပြီပေါ့ ။ ဒါပေမဲ့ Borland’s Turbo Pascal 7.0 Compiler နဲ့ Compile လုပ်ထားတဲ့ ပရိုဂရမ်ကို Pentium MMX 166 MHz, 32 MB RAM ပါတဲ့စက်နဲ့ အနက် ၃၀ ရှိတဲ့ အပင်ကို မနက် ၁၀ နာရီကနေ စတွက်တာ ညနေ ၅ နာရီအထိ အဖြေမထွက်နိုင်သေးပဲ တွက်ကောင်းတုန်း ဖြစ်နေပါတယ် ။ (အခု Intel Core 2 Duo E6550 2.33GHz, 2 x 2MB L2 Cache, 1066 MHz FSB, 4 x 1GB DDR2 667MHz RAM နဲ့ တွက်ခိုင်းကြည့်တာ ၃၂ စက္ကန့်ကြာမြင့်ပါတယ် ။ )

ဘာမှားသွားလဲ အဖြေရှာမကြည့်ခင်မှာ ကျွန်တော့်ဆရာပေးတဲ့ နည်းလမ်းစဉ်က ၁ မိနစ်အတွင်း တွက်လို့ပြီးတယ်ဆိုတာကို ဖြည့်ပြောချင်ပါတယ် ။ သူသုံးတဲ့နည်းလမ်းကတော့ Recursive with table lookup လို့ခေါ်တဲ့ ပေါင်းစပ် အစီအစဉ်ဆွဲနည်း (Dynamic programming) ဖြစ်ပါတယ် ။ (ပေါင်းစပ်အစီအစဉ်ဆွဲနည်းဟာလဲ လောဘကြီးတဲ့ ချဉ်းကပ်နည်းလိုပဲ အရေးပါတဲ့ နည်းလမ်းတစ်ခုပါ ။ ) သူက အဖြေကို ဒီလို ပုံစံထုတ်ပါတယ် ။ အရွက်မဟုတ်တဲ့ အဆစ်တစ်ခု (အဆစ် ဆ) ကနေ အရွက်တွေဆီသွားတဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းဟာ အဲဒီအဆစ်ရဲ့ ဘယ်ဘက် ညာဘက် အဆစ် (ဆ ရဲ့ ဘယ်ဘက် အဆစ် သို့မဟုတ် ညာဘက်အဆစ်) တွေကနေ အရွက်တွေဆီသွားတဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်း ၂ ခုထဲက ပိုများတဲ့ လမ်းကြောင်းရဲ့ တန်ဖိုးကို အဲဒီ အဆစ် (ဆ) ရဲ့ တန်ဖိုး ပေါင်းထည့်ထားတာဖြစ်ပြီး အရွက်တွေရဲ့ အမြင့်ဆုံးလမ်းကြောင်း တန်ဖိုးကတော့ သူတို့ကိုယ်တိုင်ရဲ့ တန်ဖိုးပဲ ဖြစ်ပါတယ် ။

ဟိုး … စာဖတ်သူ … ဟိုး … ဒီအတိုင်း Recursive နဲ့ ရေးလိုက်တဲ့ အစီအစဉ် (program) ဟာလဲ အပေါ်က ပင်ပန်းတဲ့နည်းလိုပဲ နာရီပေါင်းများစွာ ကြာမြင့်သွားနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ အနက် ၂ မှာရှိတဲ့ အဆစ် ၀ နဲ့ အဆစ် ၁ တို့ရဲ့ အဖြေဟာ သူတို့ ၂ ခုရဲ့ ဘုံဆက်ခံသူ အနက် ၃ ၊ အဆစ် ၁ ရဲ့ အဖြေပေါ်မူတည်နေလို့ ဖြစ်ပါတယ် ။ တကယ်လို့သာ ရိုးရိုး Recursive နဲ့ ရေးလိုက်မယ်ဆိုရင် အဲဒီအဖြေကို ၂ ခါပြန်တွက်ရမှာ ဖြစ်ပါတယ် ။ အဲဒါကြောင့်မို့လို့ အဲဒီ အပင်နဲ့ အရွယ်အစားတူ အပင်တစ်ပင်ထပ်စိုက် … အဲ အဲ တည်ဆောက်ပြီး တွက်ပြီးသား ရလဒ်တွေကို သိမ်းထားပါမယ် ။ နောက်တခါ တွက်ဖို့ လိုအပ်လာတိုင်းမှာ အဲဒီရလဒ်တွေကို ပြန်ကြည့်ပြီး တွက်ပြီးသားဆိုရင် ဒီတိုင်းယူသုံးလိုက်မှ အဆင်ပြေပါလိမ့်မယ် ။

ပေါင်းစပ် အစီအစဉ်ဆွဲခြင်း စစ်စစ်ကတော့ အောက်ဆုံးအဆင့်ကနေ အထက်ကို ဖြည်းဖြည်းချင်း အဖြေတွက်လာတဲ့ နည်းဖြစ်ပြီး ခုနက နည်းထက် နည်းနည်းပိုမြန်းပါတယ် ။ ဘာလို့လဲဆိုတော့ မှီချက်တွေကို ခေါ်တဲ့အခါ (Function calls) ၀န်ပို (Overhead) နည်းနည်း ရှိတတ်လို့ ဖြစ်ပါတယ် ။ (အခု Intel Core 2 Duo E6550 2.33GHz, 2 x 2MB L2 Cache, 1066 MHz FSB, 4 x 1GB DDR2 667MHz RAM နဲ့ တွက်ကြည့်တာ ၂ နည်းစလုံး ၁ စက္ကန့်အောက်သာကြာမြင့်ပါတယ် ။ )

နည်းလမ်းစဉ် သရုပ်ခွဲပညာမှာ အရေးပါတဲ့ အစိတ်အပိုင်း ၃ ခုရှိပါတယ် ။ ပထမတစ်ခုက နည်းလမ်းစဉ်ရဲ့ မှန်ကန်မှု (Correctness of the Algorithm) ဖြစ်ပါတယ် ။ အပေါ်က ဥပမာမှာ နည်းလမ်းစဉ်အားလုံး မှန်ကန်ကြပါတယ် ။ ဒုတိယတစ်ခုက အချိန်ကြာမြင့်မှု (Time Complexity) ဖြစ်ပြီး နောက်ဆုံးတစ်ခုက သိမ်းဆည်းမှု လိုအပ်ချက် (Space Complexity) ဖြစ်ပါတယ် ။ ပင်ပန်းတဲ့နည်းက အချိန်ပိုကြာပေမဲ့ သိမ်းဆည်းမှု လိုအပ်ချက် နိမ့်ပါတယ် ။ အဖြေတွေကို ပေါင်းစပ်တဲ့နည်းက အချိန်မကြာပေမဲ့ သိမ်းဆည်းမှု လိုအပ်ချက် မြင့်တယ်လို့ ကောက်ချက်ချနိုင်ပါတယ် ။ ပုစ္ဆာတစ်ရပ်အတွက် နည်းလမ်းစဉ်အမျိုးမျိုး ရှိနေတတ်တာမို့ နည်းလမ်းစဉ် သရုပ်ခွဲပညာကို ဒီလိုလေ့လာမှုမျိုးလုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်လို့ တင်ပြရင်း မိတ်ဆက်စာတမ်းငယ်ကို နိဂုံးချုပ်အပ်ပါတယ် ။ ယခုလက်ရှိမှာတော့ ကွန်ပျူတာသိပ္ပံမှ ပြဿနာများ စာတမ်းကို ရွှေပွဲလာများ ဖတ်ရှုဖို့ ရေးသားနေပါတယ်ခင်ဗျာ ။

စာရေးသူရေးစမ်းထားတဲ့ အစီအစဉ်တွေကို ဒီနေရာမှာ ရယူနိုင်ပါတယ်။

Wednesday, May 7, 2008

မြန်မာ့နည်း မြန်မာ့ဟန်ကို ကန့်ကွက်ရှုံ့ချခြင်း

စင်ကာပူ အခြေစိုက် Free Myanmar VCD နှင့် အမေရိကန် ပြည်ထောင်စု အခြေစိုက် Burmese Classics တို့ ဘာဖြစ်ကြသည် ၊ ဘယ်လို ပြဿနာ တက်ကြသည် အသေးစိတ်နှင့် ဖြစ်ရပ်မှန်ကို လောရှည် - ကတဲ့ပွဲ မှ မသိရှိပါ ။ သို့ရာတွင် www.youtube.com တွင် တွေ့လိုက်ရသော မျိုးအောင်၏ ရုပ်သံပါ မြန်မာ့နည်း မြန်မာ့ဟန် အပါအ၀င် အသုံးအနှုန်း အပြောအဆိုများကို အောက်ပါအကြောင်းရင်းများကြောင့် လောရှည် - ကတဲ့ပွဲမှ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချပါသည် ။

၁ ။ လူဆိုးဂိုဏ်းဆန်ဆန် ချက်လက်မှတ်ပြ၍ ဆုငွေထုတ်သည့် သဘော ပြောဆိုခြင်း ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ စင်ကာပူနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီး၏ တည်ဆဲဥပဒေများဖြင့် ရာဇ၀တ်မှုကြောင်း ၊ တရားမမှုကြောင်းတို့ဖြင့် တရားစွဲဆို အရေးယူနိုင်သော (တရားဥပဒေပြင်ပဖြစ်သော) ၄င်း ပြောဆိုပုံကို မြန်မာ့နည်း မြန်မာ့ဟန်ဟု အမွှန်းတင်ခြင်းဖြင့် မြန်မာစကားပြောသူတိုင်း ၊ မြန်မာပြည်တွင်နေထိုင်ဖူးသူတိုင်းနှင့် မြန်မာနိုင်ငံသားတိုင်း၏ ဂုဏ်ကျက်သရေကို ညိုးနွမ်းစေခြင်း ။

၂ ။ အမေရိကန် အလံထောင်ထားသော ဘယ်ကမှန်းမသိသည့် အဆောက်အဦကို ၄င်းနေထိုင်သည့် အိမ်ဖြစ်ဟန် ပြောဆိုခြင်း ၊ ကြွားဝါခြင်းနှင့် မြို့ပြနိုင်ငံ (City State) သို့မဟုတ် မြို့ကြီးပြကြီး (Mega City) နှင့် ကျယ်ဝန်းလှသော အမေရိကန် ပြည်ထောင်စုအတွင်းရှိ ပြည်နယ်မြို့ငယ်များ အိမ်ယာမြေဈေး ကွာဟမှုကို မသိကျိုးကျွန်ပြုကာ စင်ကာပူ ၊ ဂျပန် ၊ နယူးယောက်အစရှိသော အိမ်ယာမြေဈေးကြီးမြင့်သည့် မြို့ပြများတွင် ဘ၀ကို ရုန်းကန်ခါစ လူငယ်များ၏ စိတ်ဓာတ်ကို ရိုက်ချိုးခြင်း/စိတ်ဓာတ်ကျအောင် ပြုမူပြောဆိုခြင်း ။

Sunday, April 13, 2008

သေခြင်း

လူတော်တော်များများက သေတာကို မေ့နေကြတယ် ။ ကိုယ့်ဘေးက ကိုယ့်သူငယ်ချင်း ဆွေမျိုးသားချင်းတွေ ကြွေလွင့်သွားရင်တောင်မှ အသုဘ လိုက်ပို့ရင်တောင်မှ သေတာနဲ့ ကိုယ်နဲ့မဆိုင်သလို ၊ လားလားမှ မအပ်စပ်သလို လိုက်ပို့ကြတယ် ။ သြော် အပြန်လမ်းမှာတောင် တချို့ တဟီးဟီး၊ တဟားဟား လုပ်တတ်ကြသေးရဲ့ ။

ထူးမြတ်က tag လိုက်လို့ ဒီပိုစ့်ကို ရေးဖြစ်တာ ဆိုပေမဲ့ သေသေချာချာ ရေးပါမယ်လို့ စဉ်းစားထားတယ် ။ ဒီနေ့တော့ နည်းနည်း စိတ်ပါနေလို့ ရေးဖြစ်ပါတယ် ။ ဒါပေမဲ့ ဘယ်လို သေရမယ် စိတ်ကူးယဉ်ကြည့်လို့ မရသေးဘူး ။ ငယ်ငယ်တုန်းကတော့ သူဌေးကြီးဖြစ်ချင်တာနဲ့ ၊ အင်ဂျင်နီယာကြီးဖြစ်ပြီး ဘယ်လို ယာဉ်ကြီးကို တီထွင်တာနဲ့ ၊ သိပ္ပံပညာရှင်ကြီးဖြစ်ပြီး ဓာတ်ခွဲခန်းထဲမှာ ဘယ်လို စမ်းချင်တာနဲ့ စိတ်ရှိတိုင်း စိတ်ကူးယဉ်ပေမဲ့ သေတာကို တခါမှ စိတ်ကူးမယဉ်ဖူးဘူး ။

တွေ့ဖူးတဲ့ ရုပ်ရှင်ထဲက သေတဲ့ ပုံစံတွေ စဉ်းစားကြည့်မိတယ် ။ A Walk to Remember ထဲမှာက မင်းသမီးက သူချစ်တဲ့ မင်းသားနဲ့ အတူအဖော်လုပ်ရင်း အသက်ထွက်သွားတယ် ။ Independent Day ထဲမှာ ဇိုးသမားတစ်ယောက်က သူ့မိန်းမနဲ့ ကလေးတွေ ဓာတ်ပုံကို ကြည့်ရင်း ပုဂံပြားပျံကို ဖင်ဝင်ဆောင့် ... အဲ အဲ ... ပုဂံပြားပျံထဲက Energy Source ကို လေယာဉ်ပျံနဲ့ ထိုးဝင်ဖောက်ခွဲပစ်လိုက်တယ် ။ I, Robot ထဲမှာ ဥာဏ်ရည်တုဆိုင်ရာ သိပ္ပံပညာရှင်ကြီးက တိုက်ပေါ်က ခုန်ချပြီး အရေးတကြီး ကိစ္စတစ်ရပ်ပေါ်နေပြီဖြစ်ကြောင်း မင်းသားကို အသိပေးလိုက်တယ် ။ The Day after Tomorrow ထဲမှာ ၊ Vertical Limit ထဲမှာ သရုပ်ဆောင်တွေ သူငယ်ချင်း တောင်တက်ဖော်တွေအတွက် ကိုယ့်ကြိုးကိုယ် ဖြတ်ချကြတယ် ။ စာရေးသူကရော ဘယ်လို သေမှာလဲ ။

စိတ်ကူးယဉ်တာပဲဟာ ၊ ဖြစ်ချင်တာဖြစ် စိတ်ကူးပစ်လိုက်မယ်ဗျာ ။ ကဲ ကဲ ... စ ပါ ပြီ ။

Princeton ရဲ့ နွေဦးမနက်ခင်း ... ရာသီဥတုက အရမ်းကို သာယာတယ် ။ ကိုလိုနီခေတ်ပုံစံ သိပ်မဆန်တဲ့ ၁၉ ရာစုကတည်းက ဆောက်ထားတဲ့ အိမ်အိုကလေးက ဆေးသုတ်မှန်မှန်သုတ်ပေးတာကြောင့် အရောင်က လွင်နေတုန်းပဲ ။ အိပ်ရေးပျက်နေတဲ့ မျက်နှာနဲ့ အရပ်ရှည်ရှည် အဘိုးကြီးတစ်ယောက် အိမ်ထဲက စာရွက်တွေနဲ့ ချောင်းတဟွပ်ဟွပ်ဆိုးရင်း ပြေးထွက်လာတယ် ။ ကားနားကိုရောက်မှ ပြန်သတိရပြီး အိမ်ဘက်ကိုပြန်ပြေး စာရွက်တစ်ရွက် ပြန်ယူတယ် ။ ပြန်အထွက်မှာ သူနဲ့ ရွယ်တူလောက်ရှိတဲ့ အဘွားကြီးတစ်ယောက်ကိုလဲ အနမ်းလေး ပေးခဲ့သေးတယ် ။

ကားစက်နှိုးတော့ ကားက လွယ်လွယ်ပဲ နှိုးသွားတယ် ။ ဆောင်းတွင်းဆိုရင်တော့ နှိုးရခက်ပေမဲ့ အခုတော့ ဆောင်းကုန်ပြီလေ ။ ငှက်ကလေး ၂ ကောင်၊ ၃ ကောင်လဲ ကားစက်ဖုံးပေါ် နားနေရာကနေ လန့်ပြီးပျံပြေးသွားတယ် ။ ချောင်းဆိုးပြန်တယ် ။ အင်း ... ညကျရင် ဆေးသောက်ပြီးမှ အိပ်ရမယ်လို့ စိတ်ကူးရင်း ကားကို မောင်းထွက်လိုက်တယ် ။

Princeton တက္ကသိုလ်ရဲ့ တစ်ခုသော ခန်းမမှာ သင်္ချာပညာရှင်တွေ (အသုံးချ၊ အင်ဂျင်နီယာဆိုင်ရာ၊ သီဝရီဆိုင်ရာ) နဲ့ ကွန်ပျူတာ သိပ္ပံ ပညာရှင်တွေ (အချက်အလက်အခြေ ၊ ဘာသာစကား ၊ တွက်ချက်ခြင်းဆိုင်ရာ သီဝရီ ၊ Algorithm ၊ ဥာဏ်ရည်တု ... အို ... အစုံပဲ) လည်ပင်းတဆန့်ဆန့် ၊ ခေါင်းတမော့မော့နဲ့ အမျှော်ကြီး မျှော်နေကြတယ် ။ သူတို့အချင်းချင်းလဲ ဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး ငြင်းခုန်နေကြသေးတယ် ။ တချို့ကတော့ ဒီနေ့ ဟောပြောပွဲက ပြန်သွားရင် ဆက်ရှင်းရမဲ့ ၊ ဆက်လုပ်ရမဲ့ ပြဿနာတွေကို တိုးတိုးတိတ်တိတ် စဉ်းစားနေကြတယ် ။

ခဏအကြာမှာ သူတို့ နည်းနည်း လှုပ်လှုပ်ရွရွ ဖြစ်သွားတယ် ။ တချို့က ထိုင်နေရာကနေ ထကြည့်ကြတယ် ။ ထကြည့်သူတချို့ကလဲ အယောင်ယောင်အမှားမှားနဲ့ တံခါးပေါက်ဝဖက်ကို လျှောက်သွားကြတယ် ။ တချို့ကတော့ ထိုင်နေရာကပဲ လှည့်ကြည့်ကြတယ် ။ တချို့ကတော့ အေးအေးဆေးဆေးပါပဲ ... Clay Mathematical Institute က တာဝန်ရှိပုဂ္ဂိုလ်တွေ ရောက်လာတာလေ လို့လဲ ပြောသံကြားလိုက်ရတယ် ။

အရပ်ရှည်ရှည်နဲ့လူက ကားမောင်းလာတာမှာ တလမ်းလုံး ချောင်းတွေဆိုးလာတယ် ။ နောက်တော့ ချောင်းဆိုးရုံတင်မကဘူး ရင်ဘတ်ထဲကပါ အောင့်လာတယ် ။ ဒါပေမဲ့ သူ့ကို တလောကလုံးက မျှော်လင့်နေကြသလိုပဲ ကားကို မရပ်မနား မောင်းလာတယ် ။ ဒီနေ့မှ ရာသီဥတုကလဲ သာယာလိုက်တာ ။ ညနေကျရင် လျှောက်လည်မှပဲလို့ သူတွေးလိုက်သေးတယ် ။ အတွေးမဆုံးခင်မှာပဲ ရင်ဘတ်က အောင့်လာပြန်တယ် ။ မနေ့ညက ညနက်လို့ ဖြစ်မယ် ။ အသက်လဲ ကြီးပြီ ... ဒီနေ့ပြီးရင် အငြိမ်းစားယူတော့မှပဲလို့လဲ တွေးမိသေးတယ် ။ အမှန်ဆို သူအငြိမ်းစားယူသင့်တာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကတည်းက ။

တက္ကသိုလ်ဝင်းထဲရောက်တော့ ခေါင်းက မိုက်ကနဲ ဖြစ်သွားတယ် ။ ဒါပေမဲ့ ကိစ္စမရှိလောက်ပါဘူးဆိုပြီး စာရွက်တွေယူပြီး ခန်းမဆီကို သုတ်သုတ်လျှောက်တယ် ။ လျှောက်ရင်းမောလာတော့ ရင်ဘတ်က ပိုအောင့်လာသလိုပဲ ။ အဲဒါနဲ့ ခဏနားတယ် ။ ဒါလဲ မသက်သာဘူး ။ သူမေ့လဲသွားတယ် ။

တခန်းမလုံးလဲ ဆူညံနေပြီ ။ ဖြီးတာပါကွာဆိုတဲ့ အသံကို ခပ်ငယ်ငယ် ခပ်စွာစွာ ဘွဲ့လွန်ကျောင်းသား တစ်ယောက်ဆီက စကြားရတယ် ။ မဖြစ်နိုင်ပါဘူးဆိုတဲ့ အသံတွေ ပိုဆူညံလာတယ် ။ မစောင့်နိုင်သူတချို့ ခန်းမကို စွန့်ခွာစ ပြုပြီ ။ စောစောက ရုပ်ရုပ်သဲသဲ ကြားထဲက ရောက်လာတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေလဲ နာရီကို ကြည့်ကုန်ကြပြီ ။ တချို့ ကျောင်းသား ကျောင်းသူတချို့က အပြင်ထွက်ပြီး မျှော်တယ် ။ ခန်းမထဲမှာ လူတွေ တဖြည်းဖြည်း လျော့လာတယ် ။ အဲဒီမှာ ...

လူတစ်ယောက် ပြေးဝင်လာတယ် ။ စိတ်အားထက်သန်စွာနဲ့ ထကြည့်ကြတဲ့ လူတချို့ရဲ့ မျက်နှာမှာ စိတ်ပျက်အားလျော့ခြင်း အရောင်တွေ လွှားကနဲ ပြေးသွားတယ် ။ ပြေးလာသူကပြောတယ် ပါမောက္ခကို နှလုံးရောဂါနဲ့ Princeton ဆေးရုံကို တင်ပို့လိုက်ရလို့ ဒီနေ့ ဟောပြောပွဲ ဖျက်လိုက်ကြောင်း ပြောတယ် ။ သူ့မျက်နှာမှာလဲ ချွေးသီးချွေးပေါက်တွေနဲ့ ။ ဘယ်မှာလဲ ၊ ဘယ်လို ဖြစ်တာလဲ စတဲ့ ဘကုန်းမေးခွန်းတွေ ပြောင်းဆန်သွားတယ် ။ နောက်ဆုံးကျတော့ သူလဲကျသွားတယ်ဆိုတဲ့ နေရာကို အမောတကော ပြေးကြတယ် ။

ပြေးပေမဲ့လဲ နောက်ကျသွားပြီ ။ မြက်ခင်းကို ရေဖြန်းတဲ့ ရေပန်းတန်ခိုးနဲ့ ရေစိုနေတဲ့ စာရွက်တွေကို အမှိုက်သိမ်းတဲ့ စည်ပင်ဝန်ထမ်းက တံမြက်စည်းလှည်းနေတယ် ။ ရေစိုနေတော့ စာရွက်တွေက ချက်ချင်းပါမလာဘူး ၊ တချို့လဲ စုတ်ပြဲကုန်တယ် ။ တချို့ကတော့ လေလွင့်ပြီး အနီးက ရေကန်ထဲကို ကျကုန်တယ် ။ ပြေးလာတဲ့ လူအုပ်ကို မြင်တော့ စည်ပင်ဝန်ထမ်းလန့်သွားတယ် ။ ဟိုလူအုပ်ကြီးကလဲ သူ့ကို လက်ညိုးထိုးပြီး အမျိုးစုံ အော်ဟစ်လာတာကိုး ။ လန့်သွားတော့ အမှိုက်တွေမသိမ်းလို့ ဆူတော့မယ်ထင်ပြီး မြန်မြန်လှဲတယ် ။ သူကလှဲလေ ၊ ဟိုလူအုပ်ကြီးက အော်လေ ။

နောက်ဆုံးတော့ ရေကန်ထဲကျသွားတဲ့ စာရွက်ပိုင်းတွေ ရသလောက်ကို လူအုပ်ကြီးထဲက ခပ်ငယ်ငယ် ဘွဲ့လွန်ကျောင်းသား တစ်ယောက်က ဆင်းဆယ်ပါတယ် ။ ကျောင်းသူတချို့ကလဲ အမှိုက်ပုံးထဲ နှိုက်ပြီးတော့ စာရွက်တွေ ပြန်ရလိုရငြား ကြိုးပမ်းကြတယ် ။ လေလွင့်နေတဲ့ စာရွက်တွေကို ခေါင်းပြောင်နေတဲ့ လူကြီးက လိုက်ဖမ်းနေတယ် ။ သူတို့အားလုံး ရတာတွေ စုကြည့်တော့လဲ ၃၊ ၄ ပိုင်းရယ် ။ အဆက်အစပ်က မရှိ ။ အားလုံးရဲ့ စိတ်ပျက် ၊ အားလျော့ ၊ ဒေါကန်နေတဲ့ မျက်နှာကိုကြည့်ပြီး စည်ပင်ဝန်ထမ်းရဲ့ မျက်နှာက ဇီးရွက်ပဲ ရှိတော့တယ် ။

ရလာတဲ့ စာရွက်တွေကို ဆက်ကြည့်တော့ စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာက ၃ ပိုင်းဖြစ်နေတယ် ။ ဘာများရေးထားမလဲလို့ သိချင်ကြတော့ လူကြီးတစ်ယောက်က ဖတ်ပြတယ် ။ ..... and that explains the last anomaly and prove P = NP problem. အားလုံးပဲ တယောက်မျက်နှာ တယောက်ကြည့်ကြပြန်တယ် ။ အဲဒီလူကြီးက ဆက်ဖတ်တယ် ။ Electronic copy of this paper is available at http://lawshay.blogspot.com တဲ့ ။ အားလုံးပဲ မျက်နှာတွေ ၀င်းသွားပြီးတော့ ရေစိုနေတဲ့ မြက်ခင်းပေါ်မှာတင်ထိုင်ပြီးတော့ သူတို့ရဲ့ လက်ဆွဲကွန်ပျူတာတွေကို ဖွင့်ကြတယ် ။ တချို့ကလဲ ကွန်ပျူတာခန်းမ ရှိရာကို ပြေးကြတယ် ။

နောက်တနေ့မနက်မှာ လောရှည်ကို Princeton ဆေးရုံက နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါပြီလို့ ကြေငြာပါတယ် ။ ၃၇ ရက်တိတိ ၀ိုင်းဝန်း စစ်ဆေးကြပြီးတဲ့နောက် Clay Mathematical Institute က လောရှည်ရဲ့ အမွေခံတွေကို ဒေါ်လာ တစ်သန်း ချီးမြှင့်ပါတယ် ။ နောက် ၆ လအကြာမှာ Google က http://lawshay.blogspot.com ကို လာရောက် ကြည့်ရှုသူ များပြားတဲ့အတွက် သီးသန့်ဆာဗာတလုံးကို ရွှေ့ပြောင်းလိုက်ပါတယ် ။ အဲဒီနှစ်အတွက် Alan Turing Award ကို အရှေ့တောင်အာရှက ပညာရှင်တစ်ယောက်က ပထမဆုံးအကြိမ် ဆွတ်ခူးရရှိပါတယ် ။

စိတ်ကူးက စိတ်ကူးပဲ ။ အခုအတိုင်းဆိုရင်တော့ ဆေးရုံမှာ ပိုက်တန်းလန်းနဲ့ သေဖို့ကတော့ အခွင့်အလန်း အများဆုံးပဲ ။ ဇနီးရယ် သားသမီးတွေရယ်၊ သားမက်တွေ ချွေးမတွေရယ် မြေးတွေရယ် တပြုံတပင် ၀ိုင်းရံနေ၊မနေကတော့ မသေချာဘူး ။ အိမ်ထောင်ကလဲ ကျဦးမှ ။ ကျတာတောင် သားသမီးတွေ ထွန်းကားဦးမှ ။ ထွန်းကားတာတောင် ကိုယ်သေတဲ့အချိန်မှာ သူတို့က အိမ်ထောင်ပြုကြဦးမှ ။ ပြုကြတာတောင် သားသမီးတွေ ထွန်းကားလာဦးမှ ။

ဒီပို့စ်ကို ဖတ်မိတဲ့လူတိုင်းကို ပြန် tag ပါတယ် ။ ရေးပေးကြပါ ။ ဘလော့ဂ်မရှိလဲ ဘလော့ဂ်တစ်ခု အသစ်ယူပြီး ရေးကြပါ ။ ဟုတ်ဘူးလား ။ ဆေးရုံမှာ အခန်းကပ်ရပ်လဲ ဖြစ်ချင်ဖြစ်နေမှာ ။

Saturday, March 1, 2008

ငါတို့ကမ္ဘာ၊ သူတို့စစ်။

၂၀၀၈ ခုနှစ်ဆန်းမှာ ငါတို့ကမ္ဘာ၊ သူတို့စစ်ပွဲ လို့ ကြွေးကြော်ထားတဲ့ AVPR: Aliens vs Predator - Requiem (AVP2) နဲ့ ငါတို့ကမ္ဘာကို သူတို့စစ်တလင်းလုပ်အံ့လို့ ကြွေးကြော်လာတဲ့ ကိုရီးယားရုပ်ရှင် D-War: Dragon Wars ၂ ကားကို ကြည့်ဖြစ်ပါတယ်။ ညံ့ချက်ကတော့ ၂ ကားလုံး ကမ်းကုန်နေတာပဲ။ State-of-the-Art အထူးပြုလုပ်ချက်တွေ ရှိနေပေမဲ့လဲ ညံ့တဲ့ကားတွေ ထုတ်လုပ်နိုင်ပါတယ်လို့ သက်သေပြနေသလိုပါပဲ။ (နောက်တနည်းအနေနဲ့ နည်းပညာညံ့လို့ ညံ့နေရပါတယ်၊ နည်းပညာသာကောင်းကြည့် ကောင်းအောင် ရိုက်ပြမယ်ဆိုတဲ့ လူတွေ ဒီဇာတ်ကား ၂ ကားကို ကြည့်ပြီး နည်းပညာနဲ့ ရုပ်ရှင်ညံ့တာ ဘာမှမဆိုင်ကြောင်း သင်ခန်းစာယူသင့်ပါတယ်။)

ပထမ AVP မှာ Pace က သိပ်မြန်တယ် (လူတွေ အများကြီး ထည့်ထားပြီး ဖြည်းဖြည်းချင်း မသတ်ပဲ အပြုံလိုက် အပြုံလိုက် သတ်ပစ်လို့ ၃ ခါပဲ သေတာ ကြည့်ရတယ်) လို့ ကောင်းချီးပေး (ရွဲ့တာ) လို့ မဆုံးခင်မှာပဲ ဒုတိယကားဖြစ်တဲ့ AVPR မှာတော့ Pace (ဇာတ်ရှိန်) က မြန်လိုက်၊ နှေးလိုက်နဲ့ လူကို မူးနောက်နေအောင် လုပ်ပစ်လိုက်ပါတယ်။ High Concept Hollywood ဇာတ်ကားတွေကြားထဲမှာ မ High Concept ပဲ ရှေ့ကပြသွားတာ နောက်ကလိုက်ရှင်း၊ ဇာတ်ကောင်မိတ်ဆက်တွေ မသေမသပ်လုပ်၊ ကိုယ့်ဘာသာကိုယ် နားလည်အောင် လုပ်ကြည့်ရတာတွေနဲ့ပြသချိန်တွေကို ရုပ်ပျက်ဆင်းပျက် ဖြုန်းတီးအပြီးမှာ တတိယဇာတ်ကားကို ဆက်ချင်တဲ့ပုံစံနဲ့ Predator နည်းပညာကို လူသားတွေ ရရှိသွားကြောင်း ပြပြီး ပြီးသွားပါတယ်။ (Game ကို သစ္စာရှိတာလားတော့ မူလ Game ကို မကစားဖူးလို့ မသိပေမဲ့ Resident Evil နဲ့ ယှဉ်ရင်တောင် တော်တော်ညံ့တယ်ဆိုတာ ပေါ်လွင်နေပါတယ်။)

Alien Franchise တွေမှာ lone-survival သာကျန်တယ်ဆိုတဲ့ concept ကိုလဲ လူတွေအများကြီး အသက်ရှင်ကျန်ပြခြင်းဖြင့် ဖျက်ဆီးပစ်လိုက်ပါသေးတယ်။ မလိုအပ်တဲ့ ကြမ်းတမ်းမှုတွေ အလွန်အမင်းထည့်သုံးထားလို့လဲ လူကဲ့ရဲ့ချင်စရာ ဖြစ်နေပါတယ်။ (ပြကွက်တစ်ခုမှာ ကလေးကို ဗိုက်ဖောက်ပစ်လိုက်ပြီး နောက်ပြကွက်တစ်ခုမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ပါးစပ်ထဲကို Alien ဥဥချပစ်လိုက်တာတွေကို ထမင်းမစားချင်ဖွယ် တွေ့မြင်ရပါလိမ့်မယ်။) ရှေ့ရှေ့ကားတွေထဲက မသေခဲ့တဲ့ Predator ဇာတ်လိုက်ကျော်ကြီး Hunter လဲ အဏုမြူဗုံးဒဏ်နဲ့ မာလကကြွသွားတဲ့အတွက် ၀မ်းနည်းဖွယ်ပါပဲ။ ခြုံပြောရရင် ၁၀ မှတ်မှာ ၃ မှတ်တောင် ပေးဖို့မတန်လို့ ၂ မှတ်ပဲ ပေးသင့်တဲ့ ဇာတ်ကားပါပဲ။ (Franchise ၂ ခုကို အားနာသောအားဖြင့် ၂ မှတ်ပေးသည်။)

ကိုရီးယားက ဟောလီးဝုဒ်အဆင့်မီ ရုပ်ရှင်ဟဲ့ ဆိုပြီး ၀မ်းသာအားရကြည့်မိတာကတော့ D-Wars: Dragon Wars ပဲ ဖြစ်ပါတယ်။ ဝေဖန်ရေးတွေက ပက်ပက်စက်စက် ပြောထားကြတော့ ဟုတ်ပါ့မလားလို့ ထင်မိတာ ကြည့်မိတော့ ဒါထက်တောင်ပိုသေး ဖြစ်နေပါတယ်။ ဒီဇာတ်ကားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံလေးက ဒီလိုရယ်ပါ။ James Cameron ရဲ့မူလ Terminator က ဆာရာဆိုတဲ့ မိန်းကလေး (နာမည်ထည့်ပြောထားတယ်နော်) ကို သာမာန်လူသားတစ်ယောက်က သဘာဝလွန်အန္တရာယ်တွေကနေ ကာကွယ်ပေးတယ်ဆိုတဲ့ ကျောရိုးလေးကို ယူပါတယ်။ အရှေ့တိုင်း ပုံပြင်ဆန်ဆန် ဇာတ်ကောင် (နဂါးတွေ၊ မြွေတွေ၊ ဓားသမားတွေ) တွေ လျှောက်ထည့်ပါတယ်။ George Lucas ရဲ့ Naboo ဂြိုဟ်ပေါ်က Gungan စစ်တပ်ကြီးကို ဗီလိန်အတွက် ပေးလိုက်ပါတယ်။ အုံးကနဲ ဒိုင်းကနဲနဲ့ ရန်အပေါင်းက ကာကွယ်စေတဲ့ အဆောင်တစ်ခုကို မင်းသားအတွက် ပေးပါတယ်။ အထူးပြုလုပ်ချက်တွေ လုပ်ပေးတဲ့ အဖွဲ့က လက်စွမ်းပြချင်သေးတယ်ဆိုလို့ Independent Day, Godzilla နဲ့ Transformers တွေထဲက မြို့ပျက်ခန်းတွေ ပေါင်းထည့်ပါတယ်။ (ပရိသတ်မမြင်လိုက်ရမှာစိုးလို့ အမှန်အကန် လင်းလင်းချင်းချင်းမှာ ရိုက်ပြတယ်။) FBI က ပေါက်ကရလုပ်တယ်ဆိုတာကို (မလိုအပ်ပဲ အတင်း) ထည့်ပေါင်းပါသေးတယ်။ စတီဗင်စပီးလ်ဘတ်ဆန်ဆန် ဟာသလေးတွေလဲ ကြားညှပ်သေးရဲ့။ (ရယ်တော့ ရယ်ရသား။ ခိုးထားတာ ပေါ်လွင်နေတာကလွဲလို့။) နောက်ဆုံးခန်းအတွက်တော့ New Line Cinema ရဲ့ Mortal Kombat ဇာတ်ကားထဲမှ နဂါး ၂ ကောင် လုံးသတ်ခန်းကို အားဖြည့်ပါတယ်။ ပြီးပါပြီ။ သူ့ရဲ့ ကိုယ်ပိုင်ဖန်တီးမှု နတ္ထိပါ။

အနောက်တိုင်း ရုပ်ရှင် ဝေဖန်ရေးတွေကတော့ အားနည်းလွန်း (အမှန်က ၁၀ နှစ်သားကလေး ဇာတ်လမ်းတောင် သူ့ထက် ပိုကောင်းမယ်) တဲ့ သူ့ရဲ့ ဇာတ်လမ်းကို အဓိကထားဝေဖန်ကြပေမဲ့ အရှေ့တိုင်းမျက်စိနဲ့ကတော့ ဇာတ်လမ်းလေးက romantic ဖြစ်အောင် ကြိုးစားကြည့်လို့ရပါတယ်။ (ကြိုးစားကြည့်မှ ရမှာနော်၊ ဒီတိုင်းကြည့်လို့ကတော့ ဆဲခန်းပဲ) တိုတိုပြောရရင် စတေးခံရမဲ့ မင်းသမီးကို လွန်ခဲ့တဲ့နှစ် ၅၀၀ က (ချစ်လွန်းလို့) မစတေးခဲ့လို့ ဒီဘက်ခေတ်မှာ ဇာတ်လမ်းဖြစ်၊ နောက်ဆုံး စတေးလိုက်ရတယ် ဆိုတာပါပဲ။ (မင်းသမီးက ပြောသွားသေးတယ်၊ ငါမသေဘူး၊ ထာဝရအသက်ကို ရပြီ၊ ပြန်ဆုံမယ်တဲ့၊။ တောင်းပန်ပါတယ်။ ပြန်ဆုံတာကိုတော့ ငွေရောင်ပိတ်သားပေါ် မတင်ပါနဲ့တော့။) ဒီတစ်ကားလဲ မ High Concept ပါဘူး။ အဲ အဲ ကြည့်လို့ကတော့ အရမ်းလှပါတယ်။ ဒါကြောင့် သူ့ကို ၁၀ မှတ်မှာ ၃ မှတ်ပေးပါတယ်။ (၁ မှတ်က ပုံပြင်ရေးတဲ့ ကလေးလေးကို အားပေးဖို့၊ နောက် ၁ မှတ်က အထူးပြုလုပ်ချက် အဖွဲ့အတွက်၊ နောက် ၁ မှတ်က ကိုရီးယားကား ဖြစ်နေလို့။)

စာရှုသူတို့ကို အကြံပေးရလျှင်ဖြင့် AVPR ကို ၀ယ်ကြည့်ဖို့မပြောနဲ့၊ လက်ဆောင်အဖြစ် လာပေးသူကိုတောင် မိတ်ဆွေစာရင်းက ပယ်ဖျက်ပစ်ပါ။ D-Wars ကိုတော့ ၃ နှစ်သား ကလေးလေးတွေရှိရင် ကလေးထိန်းမရှိတဲ့အချိန် ဖွင့်ဖို့နဲ့ မြန်မာကားတွေညံ့လွန်းလို့ အသည်းကွဲရင် ဖွင့်ကြည့်ဖို့ ခိုးကူးဆိုင်ကနေ ၀ယ်သင့်ပါတယ်လို့ ... ။

Monday, February 25, 2008

အိပ်မက်ပျောက်ကြသူများ ၂

အိပ်မက်ပျောက်ကြသူများမှာ မသိနားမလည်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာကို လိုက်နာလိုမှုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားများကြောင့် အိပ်မက်ပျောက်ကြရတဲ့အကြောင်းနဲ့ ပထမ ၂ မျိုးရဲ့ အကျိုးဆက်များကို အသေးစိတ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု စာတမ်းငယ်မှာတော့ နောက်ဆုံး အကြောင်းရင်းဖြစ်တဲ့ (အရေးအကြီးဆုံး အကျယ်ပြန့်ဆုံးဖြစ်တဲ့) ပတ်ဝန်းကျင်ရဲ့ ဖိအားများအကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ ဖိအားတွေထဲမှာ အရေးအပါဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံးကတော့ လူငယ်တစ်ယောက်ဟာ လုပ်ရိုးလုပ်စဉ် အစဉ်အလာ လမ်းရိုးကနေခွဲထွက်ပြီဆိုတာနဲ့ ၀ိုင်းကြည့် မေးငေါ့လေ့ရှိတဲ့ မဖြစ်နိုင်ပါဘူးဆိုတဲ့ အဆိုးမြင်မျက်လုံးတွေ ဖြစ်ပါတယ်။ သာဓကအနေနဲ့ သောမတ် အက်ဒီဆင်လို သိပ္ပံပညာရှင်/တီထွင်သူကြီး ဖြစ်ချင်တယ်လို့ စာရေးသူပြောခဲ့တုန်းက စာရေးသူရဲ့ ဖခင်က မွဲတေပြီး ဆင်းဆင်းရဲရဲ သေသွားကြရတဲ့ တာယာတီထွင်သူ ချားလ်စ်ဂွတ်ဒ်ယားရဲ့ အကြောင်းကို ပြောပြပါတယ်။ (စကားချပ်၊ စာရေးသူရဲ့ ဖခင်က မဖြစ်နိုင်ဘူး၊ မလုပ်နဲ့လို့ ပိတ်မပြောချင်လို့ ဖြစ်ပါတယ်။ အတော်အတန် လွတ်လပ် ခေတ်ဆန်တဲ့ စာရေးသူတို့ မိသားစုမှာတောင် ဒီလို အပြောခံရသေးရင် အလွန်တရာ တင်းကျပ်တဲ့ မိသားစုတွေမှာ ဘယ်လိုဖြစ်မလဲ စဉ်းစားကြည့်ပါ။)

စာရေးသူတို့ တိုင်းပြည်မှာ သိပ္ပံပညာရှင်/တီထွင်သူကြီး ဖြစ်ဖို့အတွက် အခြေခံအဆောက်အဦ အားနည်းတယ်ဆိုတာကို လက်ခံပါတယ်။ အားနည်းတယ်ဆိုပြီး တယောက်မှ အားကောင်းအောင် မလုပ်ကြရင် ဘယ်နေ့ဘယ်အချိန်ကျမှ အားကောင်းလာနိုင်မလဲဆိုတာကို ပြန်လှန်မေးခွန်းထုတ်ချင်ပါတယ်။ (ဘယ်တော့မှ အားကောင်းမလာနိုင်ပါဘူး။) အားနည်းတယ်၊ သို့သော် ငါတို့အားလုံး စုပေါင်းပြီး ဖြစ်ချင်တဲ့ လူငယ်တွေရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်အောင် တတ်စွမ်းသမျှ လုပ်ကြမယ်ဆိုတဲ့ လူစုနဲ့ အားနည်းတယ်၊ ဒါကြောင့် နင်တို့ မလုပ်ကြနဲ့ ဆိုတဲ့ လူစုနဲ့ ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ မှာ ဘယ်လို ဘယ်လို ကွာခြားသွားမယ်ဆိုတာ အခု လက်ရှိမျက်မြင်ပဲ ဖြစ်လို့ အကျယ်ချဲ့ ရှင်းပြနေဖို့တောင် မလိုပါဘူး။

အခြေခံအဆောက်အဦ သိပ်မြင့်မြင့်မားမား မလိုတဲ့ အိပ်မက်တွေအကြောင်း တလှည့်ပြန်ကြည့်ကြရအောင်။ သင်္ချာပညာရှင်ကြီး ဖြစ်ချင်တာ၊ တွေးခေါ်ပညာရှင်ကြီး ဖြစ်ချင်တာ၊ ကွန်ပျူတာ သိပ္ပံ (ကွန်ပျူတာ နည်းပညာမဟုတ်) မှာ ပါရဂူဖြစ်ချင်တာ၊ ဂရမ်မီဆုရတဲ့ အဆိုကျော်ကြီး ဖြစ်ချင်တာ၊ အော်စကာဆုရတဲ့ ဒါရိုက်တာကြီး ဖြစ်ချင်တာတွေဟာ အခြေခံ အဆောက်အဦ မလိုတဲ့ အိပ်မက်များပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအိပ်မက်တွေ အကောင်အထည်ဖော်ခွင့် ရကြပါရဲ့လား။ သင်္ချာပညာ၊ အတွေးအခေါ်ပညာတွေအတွက် လိုအပ်တဲ့ စာအုပ်စာတမ်းများစွာဟာ ၁၇ ရာစု၊ ၁၈ ရာစုကတည်းက ရေးသားခဲ့ပြီးသား၊ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနှင့်ပြီးသားဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းအနေနဲ့လဲ ခဲတံနဲ့ စာရွက်ပဲ လိုပါတယ်။ (ကွန်ပျူတာ သိပ္ပံ ထို့နည်းတူ) ဂရမ်မီရဖို့ ကြိုးစားရာမှာ (အဆိုရှင်အနေနဲ့) အသံကောင်းဖို့ပဲ လိုပါတယ်။ အော်စကာဆုရ ဒါရိုက်တာကြီးဖြစ်ဖို့လဲ သိပ်ကို ရှုပ်ထွေးတဲ့ ကိရိယာတွေ မလိုပါဘူးဆိုတာကို ရှင်ဒလာရဲ့ စာရင်း ဇာတ်ကားကို အဖြူအမဲပဲ သုံးကာ ၀န်ချီစက်သုံး ရိုက်ချက်တောင်မပါပဲ ရိုက်ကူးပြီး အော်စကာဆု ရရှိခဲ့တဲ့ စတီဗင်စပီးလ်ဘတ်က သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံက လူတွေမှာ (လူသိများခဲ့တဲ့ လူတစ်ယောက်ရဲ့ စကားလေးကို ငှားပြီးသုံးရရင်) "မြန်မာလူမျိုးရဲ့ ထူးခြားပြီး ချစ်စဖွယ်ကောင်းတဲ့ ဓလေ့စရိုက် လက္ခဏာ တစ်ခု" ဖြစ်တဲ့အားငယ်စိတ်တမျိုး ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ သူ(တို့)က တော်တာကိုး၊ ငါတို့ကမှ အဲဒီလောက်မတော်ပဲ ဆိုပြီး စစ်မရောက်ခင်က မြှားကုန်နေတဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ လုပ်တောင် မလုပ်ကြည့်ရသေးပဲနဲ့ မဖြစ်နိုင်ပါဘူးဆိုပြီး လက်လျှော့လိုက်တတ်တဲ့စိတ်နဲ့ ဆိုတော့ ဘာဆိုဘာမှ ဖြစ်မလာတာ သဘာဝပါပဲ။ ကိုယ့်ဘာသာကိုယ် ဖြစ်အောင် မလုပ်နိုင်တာနဲ့တောင် အားမရပဲ အခြားသူတွေရဲ့ အိပ်မက်တွေကိုပါ လှောင်ပြောင်ပြီး ဖျောက်ဖျက်ပစ်ဖို့လဲ ကြိုးစားကြပါသေးတယ်။ လူငယ်များအနေနဲ့ အသက်အရွယ် အတွေ့အကြုံပိုများတဲ့ လူကြီးသူမများထံ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ချဉ်းကပ်နည်းခံရာမှာ မဖြစ်နိုင်ပါဘူး အဓိပ္ပါယ်ရတဲ့ မျက်လုံးတွေ၊ အပြောအဆိုတွေ (တည့်တည့် သို့မဟုတ် သွယ်ဝိုက်၍)၊ ရွယ်တူတွေရဲ့ မလိုတမာ ပုံစံနဲ့ ပြောင်လှောင်ခံရမှုတွေကိုပဲ ရင်ဆိုင်ရရင် အိပ်မက်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ပါဦးမလား။

ဆိုလိုရင်းကတော့ (စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနဲ့ နည်းပညာ၊ အနုပညာ နယ်ပယ်များမှာ) ထူးချွန်ထက်မြက်တဲ့ ပညာရှင်ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ လူငယ်တွေရှိသော်လည်း သူတို့ဟာ သူတို့နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းပညာကို မကြား၊ မမြင်၊ မသိရှိအောင် ဖျောက်ဖျက်ထားခံရတတ်ပါတယ်။ သိရှိတဲ့ လူတွေရှိသော်လည်း သူတို့ရဲ့ အခက်အခဲတွေကို ဖေးမကူညီ ဖြည့်ဆည်းပေးမဲ့ ပညာရေးစနစ်နဲ့ ပတ်ဝန်းကျင် အသိုက်အ၀န်းအစား လှောင်ပြောင်တတ်တဲ့၊ ရှုပ်ချတတ်တဲ့ အသိုက်အ၀န်းကိုသာ ရရှိနိုင်ပါတယ်။ အဲဒီမှာ သူတို့ကိုယ်တိုင်ပါ မဖြစ်နိုင်ပါဘူးလို့ လက်လျှော့လိုက်ရပြီး (တိုက်ပွဲဝင် စိတ်ဓာတ်တွေ ကျဆုံးကုန်ရပြီး) လှောင်ပြောင်ရှုပ်ချတတ်တဲ့ အသိုက်အ၀န်းထဲကို အနှေးနဲ့အမြန် ကူးပြောင်း ရောက်ရှိသွားတတ်ကြပါတယ်။ ဒီကျိုးကြောင်းပြသချက်ဟာ ၁၉၈၀ နောက်ပိုင်း (အထူးသဖြင့် ၁၉၉၀ နောက်ပိုင်းမှာ) စံထားလောက်တဲ့ မြန်မာ သင်္ချာပညာရှင်၊ သိပ္ပံ သုတေသနသမား၊ အင်ဂျင်နီယာ၊ အနုပညာရှင်များ နည်းပါးသွားခြင်းရဲ့ အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် အိပ်မက်တွေ အများကြီးရှိတဲ့ထဲက အိပ်မက်တွေ မက်ခွင့်မရ၊ မက်တာတွေလဲ ပျောက်ဆုံး၊ မပျောက်ဆုံးတာတွေလဲ မနာလိုစိတ်နဲ့ ဖိနှိပ်ခံရနဲ့မို့ အကောင်အထည်ဖော်လို့ရကောင်းတဲ့ အိပ်မက် လက်တဆုပ်စာပဲ ကျန်တော့တဲ့ အခြေအနေမှန်ကို မြန်မြန်သုံးသပ်မိပြီး ပျောက်ဆုံးကုန်တဲ့ အိပ်မက်တွေ ပြန်လည် မက်ခွင့်ရစေဖို့ လုပ်ဆောင်ဖို့ အချိန်တန်နေပါပြီ။ အိပ်မက်ပျောက်တဲ့ ပြဿနာဟာ အကြောင်းရင်း တစ်ခုတည်းကြောင့် ပေါ်ပေါက်လာရတာ မဟုတ်တဲ့အတွက် မူလအကြောင်းရင်းတွေအားလုံးကို လျော့ပါးအောင် တပြိုင်နက် (သို့မဟုတ် တပြိုင်နက်နီးပါး) လုပ်ဆောင်ဖို့ လိုအပ်ကြောင်း စာရေးသူအနေနဲ့ ထောက်ပြ ဝေဖန်အကြံပြုလိုပါတယ်။ နောင်စာတမ်းငယ်များမှာ အကြောင်းရင်း တစ်ခုချင်းကို လျော့ပါးအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာကို သုံးသပ် အကြံပြုဖို့ ကြိုးစားပါမယ်ဆိုတာကို ရေးသားရင်း အိပ်မက်ပျောက်သူများ ၂ ကို နိဂုံးချုပ်အပ်ပါတယ်။ စာရှုသူမိတ်ဆွေများ ပျောက်ဆုံးနေတဲ့ အိပ်မက်များကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

Tuesday, January 29, 2008

ကြယ်ငါးကောက်သူရဲ့ လွမ်းချင်း

သတ္တိမရှိဘူး၊ အမှန်တရားနဲ့ အရှိတရားကို မရင်ဆိုင်ဝံ့ဘူးပဲ ပြောချင်ပြော၊ ကိုယ်ကတော့ ကြယ်ငါးအားလုံးကို ကိုယ်တိုင် ကောက်ချင်တယ်။ အောက်မှာကတော့ ဒီနေ့ရေးတဲ့ ကဗျာ။

ကြယ်ငါးကောက်သူရဲ့ လွမ်းချင်း

ကမ်းခြေက ကြယ်ငါး
သေသွားမှာ စိုးရိမ်လို့
ငါကောက်ခဲ့ ...

မှန်းလေရဲ့ ရင်ထဲ
နေမြဲစေ ရှင်သန်ခွင့်
ငါပေးချင်ခဲ့ ...

လွမ်းနေပြီး ကျန်ခဲ့
ငါမမြင်တဲ့ ကြယ်ငါးက

လမ်းမမြင် ပင်လယ်ထဲ
ငါကယ်တဲ့ ကြယ်ငါးကို

စကားနာထိုးလိမ့်မလား ...
အို ... မကယ်နိုင်ရင် မမြင်လို။

Thursday, January 24, 2008

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ

ဒါလေးက ဟိုအစောက ကဗျာရေးအပြီး နောက်တရက် (၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်) မှာ အိမ်ရှင်လင်မယား ရန်ဖြစ်နေကြလို့ အနေကျုံ့ရပုံလေးပါ။

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ

၂၁ ရာစုရဲ့ အိမ်ခန်းအတွင်း …
လျှာနဲ့ သွားရဲ့ စစ်တလင်း …
ငါ့ခန္ဓာ ကျည်မထွင်းအောင် …
ဘယ်လိုများနေရပါ့။

နောက်ဆုံးမှာတော့ …
ပန်းခြံထဲမှာ (စိတ်လွတ်လက်လွတ်)
လမ်းလျှောက်နေရ ။

ဟိုဘက်ကမ်းက အိပ်မက်များ

အခုတလော ဘလော့ဂ်မှာ ခံ့ခံ့ထည်ထည်စာတွေ မတင်ဖြစ်ပါဘူးလို့ သူငယ်ချင်းတွေကို ပြောဖြစ်တယ်။ ကဗျာတွေ၊ စာတိုပေစတွေ၊ အိယောင်ဝါးတွေပဲ များနေပါတယ်ဆိုမှ အရင်တုန်းက ရေးခဲ့တဲ့ ကဗျာလေးတွေကို ညီမလေးတစ်ယောက်က ပြန်ပို့ပေးလာတယ်။ ဖတ်ကြည့်ကြနော်။ ဒီတစ်ခုက ၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်နေ့က ရေးထားတာ။ (စင်ကာပူကို ရောက်တာ ၁ လကျော်ကျော်လောက် ရှိတုန်းကပေါ့)

ဟိုဘက်ကမ်းက အိပ်မက်များ

ငါ့ဘ၀ရဲ့ အတိတ်က …
နောင်ရိုးမြစ် တဘက်ကမ်းမှာ ကျန်ခဲ့ပြီ ။
အနာဂါတ်ရောင်နီ လင်းပါရဲ့ …
(ဒါပေမဲ့) … ဘယ်ဘက်က လင်းတာလဲ ။
အလင်းရောင်နဲ့ ငါနဲ့ကြား Graph ဆွဲကြည့်ရင်
Hamilton မျဉ်းကွေးမှ ဟုတ်ပါ့မလား။

အလင်းရောင်ကို ငါမြင်ရ
သွားရမဲ့လမ်းကိုလဲ သိနေမှတော့
တရက်ရက်တော့ ရောက်ရမှာပေါ့။

Monday, January 21, 2008

အချစ် ဓာတ်ခွဲခန်း

မင့်ကဗျာတွေက သိပ်ကိုညံ့လွန်းအားကြီးတယ်။ စကားပြေပဲ ရေးပါတဲ့။ အမေရိကားက သူငယ်ချင်းက ပြောလေရဲ့။ ဒါပေမဲ့လဲ ရေးမှာပဲ၊ ရေးမှာပဲ။

အချစ် ဓာတ်ခွဲခန်း

သံယောဇဉ် ၃၀%၊
ယုံကြည်မှု နှစ်မူးသားနဲ့
အခွင့်အရေးရယ် ရမ္မက်ရယ်ကို ဆတူရောလို့
ချစ်ခြင်းကို အနက်ဖွင့် ... ။

ဓာတု ဓာတ်ပြုခြင်းများနဲ့
စိတ်ပညာ ညီမျှခြင်းများကို
High Precision Processor နဲ့ တွက်ချက် ... ။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

Saturday, January 5, 2008

ချစ်သူဆိုတာ

လျှပ်စစ်သ၀ဏ်လွှာ (အီးမေးလ်) ကတဆင့် မမတစ်ယောက် ပို့ပေးလိုက်တဲ့ စာသားတွေပါ။

မိန်းကလေးချစ်သူဆိုတာ ...

၁) ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့် တင်းခံပြီး ပြန်ငြင်းတတ်သူ

၂) ချစ်သူရဲ့ ကတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းထားပေမယ့် "ကျွန်မကို ချစ်မိတာ နောင်တ မရဘူးလား"လို့ လိုက်မေးတတ်သူ

၃) လမ်းဖြတ်ကူးတဲ့ အချိန် ချစ်သူရဲ့ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့သူ

၎) ချစ်သူရဲ့ရှေ့မှာ မလှဆုံး၊ ချစ်စရာ မကောင်းဆုံးဖြစ်မှာကို စိုးရိမ်တတ်သူ

၅) လေပြင်းမုန်တိုင်းကျနေပါစေ ချစ်သူရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ကျော်ဖြတ်ရဲသူ

၆) အချက်အပြုတ် မတတ်ပေမဲ့လဲ မီးဖိုချောင်တစ်ခုလုံးကို မွှေနှောက် ချစ်သူကို ကိုယ်တိုင် ချက်ကျွေးချင်တဲ့သူ

၇) ဗေဒင်၊လက္ခဏာတွေတွက် ယတြာတွေ လိုက်ချေပြီး ချစ်သူနဲ့ ပေါင်းဖက်ရအောင်လုပ်သူ

၈) ချစ်သူကို တစ်နေ့ မမြင်ရရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ

၉) ချစ်သူ မောပန်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ့ပြီး နှစ်သိမ့်တတ်သူ

၁၀) ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့ အနမ်းနဲ့ ချစ်သူကို မျှဝေပေးတတ်သလို စိတ်ညစ် ၀မ်းနည်းမှု တွေကို မျက်ရည်နဲ့အတူ ချစ်သူကို ရင်ဖွင့်တတ်သူ

ယောက်ျားလေးချစ်သူဆိုတာ ...

၁) မိုးသက်လေပြင်းကျချိန် ချစ်သူ မိုးစိုမှာစိုးလို့ အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ

၂) သူ့လက်ကို တွဲမိချိန် ကိုယ့်ဆီက ကြောက်ရွံ့မှုတွေ အဝေးကို ပြေးစေသူ

၃) ချမ်းအေးတဲ့ ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ

၎) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ

၅) ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အချောဆုံး အလှဆုံးဟာ ကိုယ်ပါလို့ ပြောသူ

၆) ဂျက်ကီချန်းကားတွေ ကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ ကိုယ်နဲ့အတူ လိုက်ကြည့်တတ်သူ

၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတတ်သူ

၈) ကိုယ့်မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်း ၀ယ်ဖို့ မေ့တတ်သူ

၉) သူ့ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့ နှစ်သိမ့်တတ်သူ

၁၀) မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ

Friday, January 4, 2008

ပြန်မအမ်းနဲ့တော့

ကောင်လေး။ ။ နင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ။

ကောင်မလေး။ ။ တစ်ဆယ်ပဲ ပါတယ်။ ဘာလုပ်မလို့လဲ။

ကောင်လေး။ ။ "ငါနင့်ကို မထိပဲနဲ့ နမ်းလို့ရ၊မရကို တစ်ဆယ်ကြေး လောင်းမလား။"

ကောင်မလေး။ ။ "ရူးနေလား၊ ဒါမဖြစ်နိုင်တာပဲ၊ ဒီမှာ ဆယ်တန်၊ စမ်းကြည့်ပေါ့။"

ကောင်လေးသည် ကောင်မလေးကို အသေအချာ ဖက်၍ ဆင့်ကာ ဆင့်ကာ ဆင့်ကာ မလွှတ်တမ်း နမ်းလေသည်။ နောက်ဆုံးတော့ ကောင်မလေး ရုန်းလို့ လွတ်သွားသည်။

ကောင်မလေး (မောဟိုက်လျှက်)။ ။ "ဒါလား၊ မထိတာ၊ ထိတာပဲလေ၊ မဟုတ်ပဲနဲ့။"

ကောင်လေး (တစ်ထောင်တန်တစ်ရွက်ကို ထုတ်ပေးရင်း)။ ။ "ဟုတ်တာပေါ့၊ ငါရှုံးသွားပြီ၊ ဒါပေမဲ့ နင့်မှာ ပြန်အမ်းဖို့ အကြွေလွယ်ရဲ့လားဟင်။"

အင်တာနက်ပေါ်မှ ဟာသတစ်ပုဒ်ကို မှီငြမ်းပါသည်။

Tuesday, January 1, 2008

အိပ်မက်ပျောက်ကြသူများ

စာရေးသူ တတိယတန်းမှာတုန်းက မြန်မာစာဆရာမ (အမည်မေ့နေပြီ) က စာရေးသူကိုခေါ်ပြီး အားမရတဲ့အကြောင်း၊ အရင်လို (ပထမတန်းတုန်းက သူက စာရေးသူရဲ့ အတန်းပိုင် ဆရာမကိုး) စာကြိုးစားဖို့ အကြောင်း၊ ရည်မှန်းချက် ထားသင့်တဲ့အကြောင်း ခေါ်ဆုံးမပါတယ်။ သူစပြီး ပြောတဲ့ စကားတခွန်း စာရေးသူ အခုထက်ထိ မှတ်မိပါသေးတယ်။ "သား ကြီးရင် ဘာဖြစ်ချင်တာလဲ။ ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာကြီးလား၊ စစ်ဗိုလ်ကြီးလား။" တဲ့။

ဒီစာတမ်းငယ်ဟာ စာရေးသူကို ဆရာမက ဆုံးမတဲ့ အကြောင်းမဟုတ်ပါဘူး။ (စကားမစပ် သူ့ရဲ့ ကျေးဇူးတွေ စာရေးသူအပေါ်မှာ များလှပါတယ်။) အိပ်မက်မက်ခွင့် မရတာတောင် မဟုတ်တဲ့ အိပ်မက်ပျောက်ကြတဲ့ ယနေ့ခေတ် လူငယ်တွေရဲ့ အကြောင်းနဲ့ ဒီကိစ္စကို ဘယ်လိုတည့်မတ်မလဲလို့ မေးခွန်းထုတ်မဲ့ ဆောင်းပါး စာတမ်းငယ် ဖြစ်ပါတယ်။ စောစောက ဆရာမ မေးခဲ့တဲ့ မေးခွန်းလေးနဲ့ စာတမ်းကို ဖွင့်တာက ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ မရည်ရွယ်ပဲနဲ့ အိပ်မက်ကို ဖျောက်ပစ်တဲ့ ဖြစ်ရပ်တွေကို ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။ စာရှုသူ ပြန်ဖတ်ကြည့်ပါ။ မေးခွန်းဟာ အဖွင့်မေးခွန်းလိုလိုနဲ့ တကယ်တမ်းကျတော့ ၃ ခုထဲက ၁ ခုကို ရွေးချယ်ခိုင်းတဲ့ အပိတ်မေးခွန်းဖြစ်နေပါတယ်။ (စာရေးသူက ကိုယ်ဖြစ်ချင်တဲ့ သိပ္ပံပညာရှင်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်လို့ ဖြေခဲ့ပါတယ်။) ဆရာမကတော့ စာရေးသူကို ဒီကလေး ဒီ ၃ မျိုးတည်းက တခုခုပဲ ဖြစ်မြောက်လာစေသတည်း၊ ကျန်တာတွေ မဖြစ်စေသတည်းဆိုပြီး ရည်ရွယ်မေးတာ မဟုတ်ပေမဲ့ အဲဒီလိုမျိုးဆန်ဆန် ဖြစ်နေပါတယ်။

အဓိက ပြောချင်တာကတော့ ယနေ့လူငယ်တွေမှာ မိမိတို့ အနာဂါတ်အတွက် ဘယ်လို အသက်မွေးဝမ်းကျောင်းနိုင်တဲ့ အခွင့်အလမ်းတွေ ရှိသလဲဆိုတာတောင် မသိဖြစ်ကြရအောင် (အိပ်မက် ပျောက်ကြရအောင်) အခြေအနေတွေက တွန်းပို့နေကြပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်တို့ဟာ ပစားပေးခံကြရတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ ဖြစ်လာရုံမက လူငယ်တွေအနေနဲ့ တခြားသော အသက်မွေးဝမ်းကျောင်းပညာတွေရဲ့ တည်ရှိမှုကိုတောင် မသိပဲ ဖြစ်လာစေတာဟာ ယခင်က ကျင့်သုံးခဲ့တဲ့ ခေတ်စနစ်တစ်ခုရဲ့ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတစ်ခုကြောင့် ဖြစ်သလို မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ စံလွဲမှုတွေကြောင့်လဲ ပါပါတယ်။

စာရှုသူတို့ ကြုံရာ ကျပန်း အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းသား/သူတွေကို အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်ကို မေးကြည့်လိုက်ပါ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် (စစ်သမီး သူနာပြု) တခုခု ဖြေဖို့က ၉၀% သေချာပါတယ်။ အဲဒါတွေရဲ့ နောက်မှာ ကိုယ်ဟန်ပြမယ် (မော်လ်ဒယ်လ်)၊ အဆိုရှင်၊ သရုပ်ဆောင် (မင်းသား/မင်းသမီး) သို့မဟုတ် စီးပွားရေး ပညာရှင် လို့ဖြေဖို့က ၉% လောက်ထပ်သေချာပါတယ်။ စာရေးသူ မေးပါမယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ အနုပညာရှင်တွေ ချည်းပဲနဲ့ တိုင်းပြည်တစ်ခု တည်ထောင် (ထိန်းသိမ်း) ဖို့ ဖြစ်နိုင်ပါမလား (အဲဒါတွေ မကောင်းဘူးလို့ မဆိုလို)။

ဒီလိုဖြစ်ရခြင်းဟာ မသိနားမလည်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာကို လိုက်နာလိုမှုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားများကြောင့် လို့ စာရေးသူက သုံးသပ်ပါတယ်။ လူသားများဟာ သဘာဝအားဖြင့် မသေချာမှုကို ကြောက်ရွံ့ကြပြီး စွန့်စားမှုကို မလိုလားကြပါဘူး။ အဲဒါရဲ့ နောက်ဆက်တွဲအဖြစ် အစဉ်အလာအတိုင်း (လုပ်ရိုးလုပ်စဉ်အတိုင်း) လုပ်ဆောင်ချင်လာကြပါတယ်။ အဲဒီလို မလုပ်ဆောင်သူကိုလဲ ပတ်ဝန်းကျင်က စည်းပြင်ထွက်နေတဲ့ လူ့ခွစာ/လူ့ကန့်လန့် တစ်ယောက်လို့ သတ်မှတ်ပြီး ဖိအားပေးလေ့ ရှိပါတယ်။ ဒီစာတမ်းငယ်မှာ စာရေးသူအနေနဲ့ တခုနဲ့ တခု ဂျာအေး သူ့အမေရိုက်သလို ဆက်စပ်နေတဲ့ ပထမ အကြောင်းရင်း ၃ ခုအနက်မှ ပထမ ၂ ခုကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ (နောက်ဆုံးတစ်ခုက ကျယ်ပြန့်တဲ့အတွက် အိပ်မက်ပျောက်ကြသူများ အပိုင်း ၂ မှာ ဆွေးနွေးမှာဖြစ်ပါတယ်)

တက္ကသိုလ်ဝင်တန်း အောင်ပြီးခါစ ပုံမှန် ကျောင်းသားတစ်ယောက်ဟာ တက္ကသိုလ်လမ်းညွှန်စာအုပ်ထဲက ဘာသာရပ်တွေအကြောင်းကို တိတိကျကျ မသိရှိပါဘူး။ ဥပမာအားဖြင့် ကွန်ပျူတာ သိပ္ပံ၊ ကွန်ပျူတာ နည်းပညာ နဲ့ ကွန်ပျူတာ အင်ဂျင်နီယာ (ပထမတစ်ခုကို ကွန်ပျူတာ တက္ကသိုလ်များနှင့် ဒေသန္တရ ကောလိပ်များတွင် သင်ကြားပြီး ဒုတိယတစ်ခုကို ကွန်ပျူတာ တက္ကသိုလ်များတွင် သင်ကြားသည်၊ နောက်ဆုံးတစ်ခုကို အစိုးရ နည်းပညာကောလိပ်များတွင် သင်ယူရရှိနိုင်သည်) တို့ရဲ့ ကွာခြားချက်ကို မသိရှိပါဘူး။ စာရေးသူကိုယ်တိုင်တောင် အဏ္ဏ၀ါဗေဒ (Marine Biology) ကို ရေတပ်သားတွေ သင်ယူရတဲ့ ဇီဝဗေဒလို့ ထင်မှတ်ခဲ့ဖူးပါတယ်။ အဲဒီတော့ မသိတာတွေကို သင်ယူပြီး (ကျောင်း၊ လုပ်ငန်းခွင်နဲ့ လက်တွေ့ဘ၀မှာ) အခက်အခဲတွေ တွေ့ကြုံနေမဲ့တူတူ သိထားပြီး ဖြစ်တဲ့ လမ်းရိုးအတိုင်း လုပ်ဆောင်ကာ အမှတ်အမြင့်ဆုံး ဘာသာတွဲမှ အမှတ်အနိမ့်ဆုံး ဘာသာတွဲအထိ စီကာစဉ်ကာ လျှောက်ထားကြပါတော့တယ်။ (တွက်ကိန်းကတော့ ဒီဘာသာတွေကိုယူရင် အဆိုးဆုံးအခြေအနေကို သိတယ်၊ ဒီထက်ပိုမဆိုးဘူး၊ တခြားဘာသာတွေဆိုရင် ဒီ့ထက် ပိုဆိုးကောင်းဆိုးနိုင်တယ်ဆိုတဲ့ တွက်ကိန်းပဲ ဖြစ်ပါတယ်။) အဲဒီမှာ အမှတ်မြင့်တဲ့ ဘာသာတွဲတွေကို ဦးစားပေး လျှောက်လေ့ရှိတဲ့ အစဉ်အလာ ဖြစ်ပေါ်လာပါတယ်။ (တော်တဲ့လူ ဆေးတက္ကသိုလ်သွား၊ အဲလောက် မတော်တဲ့လူ စက်မှုတက္ကသိုလ်သွား ... စသည် စသည်)

အစဉ်အလာတစ်ခု ဖြစ်ပေါ်လာပြီဆိုရင် အဲဒီ အစဉ်အလာကို တော်လှန်ဖို့ (အထူးသဖြင့် ၁၆၊ ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်အနေနဲ့) အလွန်ခက်ခဲပါတယ်။ အပေါင်းအသင်း သူငယ်ချင်းတွေကတော့ ဆရာဝန်ဖြစ်နေချိန်မှာ ငါက ခွေးဖြစ်နေမလားဆိုတဲ့ အချင်းချင်း ဖိအား (peer pressure) အပြင် မိဘဆွေမျိုး အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ရဲ့ ဖိအားကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ (ဒီနေရာမှာ သတိထားဖို့က အဲဒီ အသိုင်းအ၀ိုင်း ကိုယ်တိုင်ကပါ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာရဲ့ ဖိအားတွေကို ခံစားခဲ့/နေရ တာဖြစ်ပါတယ်) ပိုပြီး ဆိုးသွားစေတာက မြန်မာ့လူ့အသိုက်အ၀န်းမှာ မိဘဆွေမျိုးတွေရဲ့ အလိုကို ဆန့်ကျင်ရခြင်းကလဲ အလွန်တရာမှ ခက်ခဲနေတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပဲ အနှစ်သာရမရှိတဲ့ ဒီအစဉ်အလာဟာ တည်တံ့နေပါတယ်။

စာရှုသူ မိတ်ဆွေများ စဉ်းစားကြည့်ပါ။ လူငယ်တစ်ယောက်ဟာ သူ့အနေနဲ့ ဘာမှန်းသေသေချာချာမသိတဲ့ (အနာဂါတ်မှာ သူ့ရဲ့ ရွယ်တူတွေထက် ဘ၀အဆင့်အတန်း နိမ့်ကောင်း နိမ့်နေမဲ့) အသက်မွေးဝမ်းကျောင်းကို သူချစ်မြတ်နိုးတဲ့ မိသားစုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး (တချို့သောသူတွေရဲ့ အဟားခံပြီး) ရွေးချယ်မလား၊ သူ့အပေါင်းအသင်းတွေနဲ့ တူတူပဲ လမ်းရိုးကို လိုက်လို့ ၀င်ငွေ အထိုက်အလျောက်ကောင်းတဲ့ အသက်မွေးဝမ်းကျောင်းကို ရွေးချယ်မှာလား။ အဖြေက ရှင်းလင်းလှပါတယ်။ အဲဒါနဲ့ပဲ ဆရာဝန် ပွဲစား၊ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် မင်းသား၊ ဆရာဝန် အဆိုရှင် စတာတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဆေးကုသပြုစုမှုကို မခံစားရတဲ့ လူသားတွေအတွက်ရော၊ မလိုအပ်ပဲ အချိန်ကုန်ခံ၊ ငွေကုန်ခံ သင်ကြားခဲ့ရတဲ့ သူတို့အတွက်ရော၊ တကယ်ဆေးကုချင်ရက်နဲ့ သူတို့ကို နေရာပေးလို့ တခြား အသက်မွေးဝမ်းကျောင်းပညာကို သင်ကြားလိုက်ရတဲ့ (အမှတ်နိမ့်တဲ့) လူငယ်တွေအတွက်ရော နစ်နာလှပါတယ်။ ဒီလိုနစ်နာမှုတွေ မဖြစ်ပေါ်ရအောင်လို့ အစဉ်အလာကို တော်လှန်ခြင်းဆိုင်ရာ သီအိုရီများကို အသုံးချခြင်းနဲ့ ပတ်သက်လို့ အိပ်မက်ပျောက်ကြသူများ အပိုင်း ၂ မှာ တင်ပြမှာဖြစ်ကြောင်း ပြောကြားရင် နိဂုံးချုပ်အပ်ပါတယ်။