ပုစ္ဆာ ။ ။ အပင်တစ်ပင် (Tree) တစ်ခုကို ပေးထားပါမယ် ။ အဆစ်တစ်ခု (Node) တစ်ခုမှာ ကိုင်းခွဲ (Edge) နှစ်ခု ရှိပါမယ် ။ ကပ်လျက် အဆစ် နှစ်ခုရဲ့ ဘယ်ကိုင်းခွဲနဲ့ ညာကိုင်းခွဲက အဆစ်တစ်ခုထဲမှာ သွားဆုံပါမယ် ။ အဆစ်တိုင်းမှာ တန်ဖိုးတစ်ခု တွဲလျက်ရှိပါမယ် ။ အမြစ် (Root) ကနေပြီး အရွက် (Leaf) တစ်ခုကို သွားဖို့ လမ်းတစ်ခုစီ (Path) ရဲ့ တန်ဖိုးကို လမ်းတလျှောက်က အဆစ်တွေရဲ့ တန်ဖိုးတွေပေါင်းလဒ်အဖြစ် အဓိပ္ပါယ်သတ်မှတ်ပါမယ် ။ အနက် - သို့မဟုတ် အမြင့် - (Depth) ၂ သို့မဟုတ် ၂ ထက်ပိုတဲ့ အပင်တွေမှာ အရွက်ပေါင်းများစွာ ရှိမှာဖြစ်ပြီး အရွက်တစ်ရွက်စီကို သွားဖို့ လမ်းကြောင်းကလဲ ၁ ခု သို့မဟုတ် ၁ ခုထက် ပိုမှာဖြစ်ပါတယ် ။ ပုံကို ကြည့်ပါ ။
ပုံမှာ အပေါ်က ပြောထားတဲ့ အပင်မျိုး တစ်ပင်ကို ပြထားပါတယ် ။ အဆစ်တွေနဲ့ အကိုင်းတွေကို စက်ဝိုင်းတွေနဲ့ မျဉ်းကြောင်းတွေနဲ့ ပြထားပါတယ် ။ မျဉ်းထူနဲ့ ပြထားတဲ့ လိုင်းကြောင်းက ဒီအပင်ရဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းပါ ။ အောက်က ၂၅ ဆိုတာက အဲဒီ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းရဲ့ တန်ဖိုးပါ ။ အဲဒီတန်ဖိုးကို တွက်ထုတ်တဲ့ ပုစ္ဆာကို စဉ်းစားကြည့်ရအောင် ။
ဒါမျိုးပုစ္ဆာအတွက်ဆိုရင် လူတော်တော်များများက လောဘကြီးတဲ့ချဉ်းးကပ်နည်း (Greedy approach) ကို စဉ်းစားမိတတ်ကြပါတယ် ။ ဒီပုစ္ဆာမှာတော့ လောဘကြီးတဲ့နည်းနဲ့ ချဉ်းကပ်လို့ မရပါဘူး ။ ဘာလို့လဲဆိုတော့ တတိယမြောက် အဆင့်မှာ ၇ တန်ဖိုးရှိတဲ့ အဆစ်ကနေ ၃ နဲ့ ၄ တန်ဖိုးရှိတဲ့ အဆစ်တွေကို ရွေးရာမှာ လောဘကြီးပြီး တန်ဖိုး ၄ ရှိတဲ့ အဆစ်ကို ရွေးလိုက်ရင် အောက်ဆုံး အဆင့်က တန်ဖိုး ၉ ရှိတဲ့ အဆစ်ကို လွတ်သွားမှာ ဖြစ်လို့ပါပဲ ။ (လောဘကြီးတဲ့ ချဉ်းကပ်နည်းနဲ့ စဉ်းစားလို့ရ ၊ မရကို သက်သေပြတာ ၊ စဉ်းစားလို့ ရအောင် ကြိုးစားကြတာဟာလဲ နည်းလမ်းစဉ် သရုပ်ခွဲပညာရဲ့ အကိုင်းအခက် တစ်ခုပဲ ဖြစ်ပါတယ် ။)
စာရေးသူ ၂၀၀၀ ခုနှစ်တုန်းက ဒီပုစ္ဆာကို ရှင်းဖို့ နည်းလမ်းစဉ် (Algorithm) တစ်ခုကို စဉ်းစားဖူးပါတယ် ။ အပင်ကို လှဲ၊ အဆစ်တွေကို အမှတ်စဉ်တပ်ပြီး အမှတ်စဉ်ရေတွက်သလို လမ်းကြောင်းတစ်ခုချင်း အပြန်ပြန်၊ အလှန်လှန် တွက်တဲ့ ပင်ပန်းတဲ့ (Exhaustive) နည်းနဲ့ပါ ။ အောက်ပါပုံမှာ ကြည့်ပါ ။
တွက်ပုံတွက်နည်းကတော့ လက်ရှိပေါင်းကြည့်မဲ့ လမ်းကြောင်းကို တနေရာမှာ သိမ်းထားပါတယ် ။ (၀ ကဘယ်ဘက် ၁ ကညာဘက်ပါ ။ C/C++ နဲ့ ဆိုရင်တော့ Integer variable တစ်ခုထဲကို ၁ ပေါင်း Shift operation တွေနဲ့ ရွှေ့ယူပြီး လမ်းကြောင်းကို တွက်ထုတ်လို့ရပေမဲ့ Pascal ရဲ့ ကန့်သတ်ချက်တွေကြောင့် တစ်ကြောင်း ၊ အဲဒီတုန်းက ငယ်သေးတာက တစ်ကြောင်းမို့လို့ ဒီ Permutation with repetition ကို ကိုယ့်ဘာသာကိုယ် ရေးပစ်လိုက်ပါတယ် ။ )
ဒီအပင်ကို တြိဂံပုံ မေးထရစ် မှာသိမ်းထားတယ်လို့ မြင်ရင် ပေါင်းရမဲ့တန်ဖိုး (အဆစ်) တွေရဲ့ တည်နေရာကို current_level တန်း၊ column_of_previous_level + path_value_of_current_level တိုင် မှာ ရှာတွေ့နိုင်ပါတယ် ။ အဲဒီအဆစ်တွေရဲ့ တန်ဖိုးတွေ ပေါင်းလိုက်ရင် လက်ရှိလမ်းကြောင်းရဲ့ တန်ဖိုးကို ရပါပြီ ။ ဒီတန်ဖိုးတွေကို အကြီးဆုံးကိန်းရှာတဲ့ နည်းလမ်းစဉ်ထဲ ထည့်လိုက်ရင် အကြီးဆုံးလမ်းကြောင်းတန်ဖိုးကို ရပြီပေါ့ ။ ဒါပေမဲ့ Borland’s Turbo Pascal 7.0 Compiler နဲ့ Compile လုပ်ထားတဲ့ ပရိုဂရမ်ကို Pentium MMX 166 MHz, 32 MB RAM ပါတဲ့စက်နဲ့ အနက် ၃၀ ရှိတဲ့ အပင်ကို မနက် ၁၀ နာရီကနေ စတွက်တာ ညနေ ၅ နာရီအထိ အဖြေမထွက်နိုင်သေးပဲ တွက်ကောင်းတုန်း ဖြစ်နေပါတယ် ။ (အခု Intel Core 2 Duo E6550 2.33GHz, 2 x 2MB L2 Cache, 1066 MHz FSB, 4 x 1GB DDR2 667MHz RAM နဲ့ တွက်ခိုင်းကြည့်တာ ၃၂ စက္ကန့်ကြာမြင့်ပါတယ် ။ )
ဘာမှားသွားလဲ အဖြေရှာမကြည့်ခင်မှာ ကျွန်တော့်ဆရာပေးတဲ့ နည်းလမ်းစဉ်က ၁ မိနစ်အတွင်း တွက်လို့ပြီးတယ်ဆိုတာကို ဖြည့်ပြောချင်ပါတယ် ။ သူသုံးတဲ့နည်းလမ်းကတော့ Recursive with table lookup လို့ခေါ်တဲ့ ပေါင်းစပ် အစီအစဉ်ဆွဲနည်း (Dynamic programming) ဖြစ်ပါတယ် ။ (ပေါင်းစပ်အစီအစဉ်ဆွဲနည်းဟာလဲ လောဘကြီးတဲ့ ချဉ်းကပ်နည်းလိုပဲ အရေးပါတဲ့ နည်းလမ်းတစ်ခုပါ ။ ) သူက အဖြေကို ဒီလို ပုံစံထုတ်ပါတယ် ။ အရွက်မဟုတ်တဲ့ အဆစ်တစ်ခု (အဆစ် ဆ) ကနေ အရွက်တွေဆီသွားတဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းဟာ အဲဒီအဆစ်ရဲ့ ဘယ်ဘက် ညာဘက် အဆစ် (ဆ ရဲ့ ဘယ်ဘက် အဆစ် သို့မဟုတ် ညာဘက်အဆစ်) တွေကနေ အရွက်တွေဆီသွားတဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်း ၂ ခုထဲက ပိုများတဲ့ လမ်းကြောင်းရဲ့ တန်ဖိုးကို အဲဒီ အဆစ် (ဆ) ရဲ့ တန်ဖိုး ပေါင်းထည့်ထားတာဖြစ်ပြီး အရွက်တွေရဲ့ အမြင့်ဆုံးလမ်းကြောင်း တန်ဖိုးကတော့ သူတို့ကိုယ်တိုင်ရဲ့ တန်ဖိုးပဲ ဖြစ်ပါတယ် ။
ဟိုး … စာဖတ်သူ … ဟိုး … ဒီအတိုင်း Recursive နဲ့ ရေးလိုက်တဲ့ အစီအစဉ် (program) ဟာလဲ အပေါ်က ပင်ပန်းတဲ့နည်းလိုပဲ နာရီပေါင်းများစွာ ကြာမြင့်သွားနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ အနက် ၂ မှာရှိတဲ့ အဆစ် ၀ နဲ့ အဆစ် ၁ တို့ရဲ့ အဖြေဟာ သူတို့ ၂ ခုရဲ့ ဘုံဆက်ခံသူ အနက် ၃ ၊ အဆစ် ၁ ရဲ့ အဖြေပေါ်မူတည်နေလို့ ဖြစ်ပါတယ် ။ တကယ်လို့သာ ရိုးရိုး Recursive နဲ့ ရေးလိုက်မယ်ဆိုရင် အဲဒီအဖြေကို ၂ ခါပြန်တွက်ရမှာ ဖြစ်ပါတယ် ။ အဲဒါကြောင့်မို့လို့ အဲဒီ အပင်နဲ့ အရွယ်အစားတူ အပင်တစ်ပင်ထပ်စိုက် … အဲ အဲ တည်ဆောက်ပြီး တွက်ပြီးသား ရလဒ်တွေကို သိမ်းထားပါမယ် ။ နောက်တခါ တွက်ဖို့ လိုအပ်လာတိုင်းမှာ အဲဒီရလဒ်တွေကို ပြန်ကြည့်ပြီး တွက်ပြီးသားဆိုရင် ဒီတိုင်းယူသုံးလိုက်မှ အဆင်ပြေပါလိမ့်မယ် ။
ပေါင်းစပ် အစီအစဉ်ဆွဲခြင်း စစ်စစ်ကတော့ အောက်ဆုံးအဆင့်ကနေ အထက်ကို ဖြည်းဖြည်းချင်း အဖြေတွက်လာတဲ့ နည်းဖြစ်ပြီး ခုနက နည်းထက် နည်းနည်းပိုမြန်းပါတယ် ။ ဘာလို့လဲဆိုတော့ မှီချက်တွေကို ခေါ်တဲ့အခါ (Function calls) ၀န်ပို (Overhead) နည်းနည်း ရှိတတ်လို့ ဖြစ်ပါတယ် ။ (အခု Intel Core 2 Duo E6550 2.33GHz, 2 x 2MB L2 Cache, 1066 MHz FSB, 4 x 1GB DDR2 667MHz RAM နဲ့ တွက်ကြည့်တာ ၂ နည်းစလုံး ၁ စက္ကန့်အောက်သာကြာမြင့်ပါတယ် ။ )
နည်းလမ်းစဉ် သရုပ်ခွဲပညာမှာ အရေးပါတဲ့ အစိတ်အပိုင်း ၃ ခုရှိပါတယ် ။ ပထမတစ်ခုက နည်းလမ်းစဉ်ရဲ့ မှန်ကန်မှု (Correctness of the Algorithm) ဖြစ်ပါတယ် ။ အပေါ်က ဥပမာမှာ နည်းလမ်းစဉ်အားလုံး မှန်ကန်ကြပါတယ် ။ ဒုတိယတစ်ခုက အချိန်ကြာမြင့်မှု (Time Complexity) ဖြစ်ပြီး နောက်ဆုံးတစ်ခုက သိမ်းဆည်းမှု လိုအပ်ချက် (Space Complexity) ဖြစ်ပါတယ် ။ ပင်ပန်းတဲ့နည်းက အချိန်ပိုကြာပေမဲ့ သိမ်းဆည်းမှု လိုအပ်ချက် နိမ့်ပါတယ် ။ အဖြေတွေကို ပေါင်းစပ်တဲ့နည်းက အချိန်မကြာပေမဲ့ သိမ်းဆည်းမှု လိုအပ်ချက် မြင့်တယ်လို့ ကောက်ချက်ချနိုင်ပါတယ် ။ ပုစ္ဆာတစ်ရပ်အတွက် နည်းလမ်းစဉ်အမျိုးမျိုး ရှိနေတတ်တာမို့ နည်းလမ်းစဉ် သရုပ်ခွဲပညာကို ဒီလိုလေ့လာမှုမျိုးလုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်လို့ တင်ပြရင်း မိတ်ဆက်စာတမ်းငယ်ကို နိဂုံးချုပ်အပ်ပါတယ် ။ ယခုလက်ရှိမှာတော့ ကွန်ပျူတာသိပ္ပံမှ ပြဿနာများ စာတမ်းကို ရွှေပွဲလာများ ဖတ်ရှုဖို့ ရေးသားနေပါတယ်ခင်ဗျာ ။
စာရေးသူရေးစမ်းထားတဲ့ အစီအစဉ်တွေကို ဒီနေရာမှာ ရယူနိုင်ပါတယ်။
No comments:
Post a Comment