ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label မြန်မာ့ရေးရာ. Show all posts
Showing posts with label မြန်မာ့ရေးရာ. Show all posts

Thursday, April 8, 2010

လူကိုလူလို လေးစားခြင်းဟာ ယဉ်ကျေးမှု

၂၀၁၀ ခု ဧပြီလ ၇ ရက်နေ့ထုတ် Weekly Eleven News Journal ပါ လူထုစိန်ဝင်း၏ လူကိုလူလို လေးစားခြင်းဟာ ယဉ်ကျေးမှု ဆောင်းပါး (www.crystalrays.org တွင် ringo က ရိုက်တင်ပေးထားသော စာမူ) သည် လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။ 

မူရင်းရေးသားသူထံ သီးသန့်ခွင့်ပြုချက်တောင်းခံရန် အခက်အခဲရှိပါသဖြင့် ခွင့်ပြုချက် မတောင်းခံပဲ ဖော်ပြခြင်းဖြစ်သည်။ မူရင်းရေးသားသူက ပယ်ဖျက်ပေးပါရန် တောင်းဆိုပါက အချိန်မဆိုင်းပဲ ချက်ချင်း ပယ်ဖျက်ပေးမည်။

စာနယ်ဇင်းတွေ ဖတ်ရင်းနဲ့ အနယ်နယ် အရပ်ရပ်မှာ စာပေဟောပြောပွဲနဲ့ စာပေဆွေးနွေးဝိုင်းတွေ လုပ်ကြတဲ့သတင်းတွေ မပြတ်တွေ့နေရတယ်။ ဟိုရှေးကတော့ နတ်တော်လဆန်း တစ်ရက်နေ့ တစ်ရက်တည်းပဲ စာပေဟောပြောပွဲနဲ့ စာဆိုတော်နေ့ ကျင်းပကြတယ်။ နောက်တော့ မန္တလေးက ဦးလေးလူထုဦးလှက နတ်တော်လ တစ်လလုံးကို စာဆိုတော်လလို့ သတ်မှတ်ပြီး စာပေဟောပြောပွဲတွေ လုပ်ကြပါလို့ စတင်လှုံ့ဆော်ခဲ့တာကြောင့် စာဆိုတော်နေ့ ကျော်လွန်သွားလည်း ဟောပြောပွဲတွေ ဆက်လုပ်ကြတယ်။

ဆရာတွေ ဖောင်းပွနေ

အခုတော့ နတ်တော်လ တစ်လတည်းသာ မကတော့ဘူး။ တစ်နှစ်ပတ်လုံး စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ တောရောမြို့ပါမကျန် ကျင်းပနေကြတာကို ၀မ်းသာစရာ တွေ့ရတယ်။ ဦးလေးလှသာရှိရင် သိပ်ဝမ်းသာမှာ။ စာပေလှုပ်ရှားမှု သတင်းမှန်သမျှ မလွတ်တမ်းဖတ်ရင်းနဲ့ သတိထားမိတာလေးတစ်ခု ရှိပါတယ်။ နယ်တစ်နယ်မှာ စာပေလှုပ်ရှားမှုတစ်ခု လုပ်တဲ့သတင်းကို ရေးကြရာမှာ ဥက္ကဋ္ဌ ဆရာမောင်ဘယ်သူက သဘာပတိလုပ်ပြီး အတွင်းရေးမှူး ဆရာမောင်ဘယ်ဝါက အခမ်းအနားမှူး လုပ်တယ်။ ဆရာမောင်ဖြူ၊ ဆရာမောင်နီ၊ ဆရာမောင်နက်၊ ဆရာမောင်ပြာ၊ ဆရာမောင်ဝါ၊ ဆရာမောင်ညို၊ ဆရာမောင်စိမ်းတို့က စာတမ်းဖတ်ကြ၊ ဆွေးနွေးကြတယ်။ ဆရာမောင်ခရမ်းရောင်နဲ့ ဆရာမောင်ပန်းရောင်တို့က ကဗျာရွတ်ကြတယ် စတဲ့ အရေးအသားမျိုးတွေကိုချည်း တွေ့ရတယ်။ သတင်းတစ်ပုဒ်အနေနဲ့ "လိုတိုရှင်း" မဖြစ်သလို၊ ဆရာဆိုတဲ့ အသုံးအနှုန်းကလည်း ဖောင်းပွနေသလို ထင်မိတယ်။

ခြေသည်းလှီးတဲ့ ဆရာကတော်

ပြောရတာ အားနာပါတယ်။ ကိုယ်က စာဖတ်မနှံ့စပ်တော့ ဖော်ပြထားတဲ့နာမည်တွေ အားလုံးလောက်နီးပါးဟာ ကိုယ်မကြားဖူးတဲ့ နာမည်တွေချည်း ဖြစ်နေတတ်တယ်။ ရှေ့လျှောက် ကြိုးစားပြီး စာကိုနှံ့စပ်အောင် ဖတ်မှဖြစ်တော့မယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ တစ်ဆက်တည်း ပြောချင်တာလေးတစ်ခု ကြုံတုန်း ပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများက ယဉ်ကျေးလွန်းတာလား၊ နိဝါတတရား ထားလွန်းတာလားတော့ မသိဘူး။ ဆရာအခေါ် သိပ်ကို ရက်ရောလွန်းတယ်လို့ စိတ်ထဲစွဲထင်နေတဲ့ အကြောင်းပါ။ ကားဆရာ၊ ဆိုက်ကားဆရာ၊ ပန်းရံဆရာ၊ လက်သမားဆရာ၊ ဆံပင်ညှပ်ဆရာ စသဖြင့် လူတွေ့တိုင်း ဆရာခေါ်တာ အကျင့်ကြီးတစ်ခုလို ဖြစ်နေပါပြီ။ ကျွန်တော်တို့ငယ်ငယ်က မန္တလေးမှာ ရပ်ကွက်ထဲလှည့်ပြီး ခြေသည်းလက်သည်းလှီး၊ နဖာကလော်လုပ်တဲ့ ပုဏ္ဏေးမတွေ ရှိပါတယ်။ သူတို့ကို ဘာကြောင့်မှန်းမသိ "ဆရာကတော်" လို့ ခေါ်ကြတယ်။

သခင်ခေါ်ရာက ကူးစက်တာလား

အသက်ကြီးလာတော့ သူများတွေက "ဆရာကတော်၊ ဆရာကတော်"နဲ့ ခေါ်တာကြားတိုင်း ခြေသည်းလှီးတဲ့ ဆရာကတော်တွေကို မျက်စိထဲမြင်ပြီး ကျိတ်ပြုံးမိတာချည်းပါပဲ။ လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့်ဟာ ရှေးပဝေသဏီကတည်းက ရှိခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုလား၊ သူ့ကျွန်ဘ၀မှာ မျက်နှာဖြူတွေကို သခင်ခေါ်ရာက ကူးစက်သွားတာလား၊ ဖက်ဆစ်တွေကို မာစတာခေါ်ရာက နှုတ်အကျင့် ဖြစ်သွားတာလား သေသေချာချာ လေ့လာကြည့်ဖို့တော့ ကောင်းတယ်။ ဆရာ၊ ဆရာနဲ့ ပြောကြရေးကြ တာတွေတွေ့တိုင်း စိတ်ထဲမှာ ဘ၀င်မကျ ဖြစ်မိတယ်။ ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူးလို့လည်း စိတ်မှာထင်မိတယ်။

သွေးနထင်ရောက် ဖြစ်တတ်တယ်

အချက်နှစ်ချက်ပေါ် မူတည်ပြီး ကောင်းတဲ့အကျင့် မဟုတ်ဘူးလို့ ထင်တာပါ။ ပထမအချက်ကတော့ ဆရာ၊ ဆရာနဲ့ အခေါ်ခံရပါများတော့ အခေါ်ခံရသူဟာ အလိုလိုနေရင်း သွေးနထင်ရောက်ပြီး မြောက်ကြွမြောက်ကြွ ဖြစ်သွားတတ်ပါတယ်။ ရုံးတစ်ရုံးကို ကိစ္စရှိလို့ သွားတဲ့အခါ တွေ့တဲ့ပြာတာကိုဖြစ်ဖြစ်၊ စာရေးလေးကိုဖြစ်ဖြစ်၊ မျက်နှာချိုသွေးပြီး ဆရာ၊ ဆရာနဲ့ ဆရာချင်းထပ်အောင် ခေါ်တဲ့အခါကျတော့ ပင်ကိုရိုးသားတဲ့လူတောင် ဆရာဆိုတဲ့ အခေါ်နဲ့လိုက်အောင် အာဏာပါဝါ ပြချင်တဲ့စိတ်တွေ ၀င်လာပြီး ဟိန်းတာဟောက်တာတွေ လုပ်တတ်သွားပါတယ်။ ဆေးရုံပေါက်စောင့်တဲ့ ဒရ၀မ်တောင် ခပ်တည်တည်နဲ့ ရင်ကော့ပြီး တံခါးဝမှာ ရပ်လိုက်ရင် အလိုလိုရှိန်ပြီး ရိုရိုကျိုးကျိုးနဲ့ တံခါးဖွင့်ပေးလေ့ ရှိပါတယ်။ ကြောက်သလိုလို၊ ရွံ့သလိုလိုနဲ့ သူ့ကို ဆရာခေါ်ပြီး ၀င်ပါရစေလို့ သွားပြောရင်တော့ "ဒါလူနာတွေ့ချိန် မဟုတ်ဘူး" ဆိုပြီး မာန်မဲလွှတ်လိုက်မှာ သေချာတယ်။ ထပ်ပြီး မျက်နှာငယ်လေးနဲ့ တောင်းပန်ရင်လည်း "ဆရာဝန်ကြီး ရောင်းလှည့်နေတယ်၊ ဘယ်သူမှမ၀င်ရဘူး" လို့ ဟောက်ဦးမှာပါပဲ။

ကျွန်စိတ်

လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့် ဖြစ်နေသူနဲ့ ပတ်သက်တာက ဒုတိယအချက်ပါ။ ဆေးရုံက ဒရ၀မ်ကိုတောင် ဆရာခေါ်တဲ့အကျင့် ဖြစ်နေသူဟာ ဘယ်သူ့တွေ့တွေ့ ဆရာခေါ်လိုက်မှာပဲ။ ကြာရင် လူတိုင်းဟာ ကြောက်ရမယ့်လူ၊ "ခယ၀ယ" လုပ်ရမယ့်လူလို့ချည်း ထင်မှတ်ပြီး အလိုလိုနေရင်း "သိမ်ငယ်စိတ်" (inferiority complex)တွေ ၀င်လာတတ်ပါတယ်။ သိမ်ငယ်စိတ် ၀င်လာတာနဲ့တစ်ပြိုင်နက် ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စတွေပါ အလိုလို ကျဆင်းသွားလေ့ ရှိပါတယ်။ ကျွန်စိတ်ဆိုတာ သိမ်ငယ်စိတ်က ပေါက်ဖွားလာတာ ဖြစ်ပါတယ်။

သခင်စိတ်

နယ်ချဲ့လက်အောက်မှာ ကျွန်သပေါက်ဘ၀နဲ့ သားစဉ်မြေးဆက် နှစ်ပေါင်းရာကျော် နေခဲ့ရလေတော့ လူတွေမှာ အနည်းနဲ့အများ ဆိုသလို ကျွန်စိတ်တွေ ရှိနေကြတယ်။ အဲဒါကြောင့် တို့ဗမာအစည်းအရုံးခေတ်မှာ၊ မြန်မာဆိုတာ ကျွန်လူမျိုး မဟုတ်ဘူး။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ အဆင့်မြင့်တဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ နေခဲ့ကြတဲ့ သခင်လူမျိုး ဖြစ်တယ်ဆိုတာကို သတိပေးဖို့အတွက် အဖွဲ့ဝင်တိုင်းရဲ့ နာမည်ရှေ့မှာ "သခင်" တပ်ပြီး၊ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်းလို့ ခေါ်ခဲ့ကြတာ ဖြစ်တယ်။ "မင်းတို့ဆရာကိုလေ၊ စာရင်းတို့ကာသာ ထားလိုက်ပေတော့" လို့ ဆိုခဲ့တဲ့ ဆရာကြီးဦးလွန်းတောင် တပည့်တွေ ဆင်နွှဲတဲ့ တိုက်ပွဲတိုင်း ရှေ့ကမားမားမတ်မတ်နဲ့ ပါမြဲဖြစ်တဲ့အတိုင်း "သခင်ကိုယ်တော်မှိုင်း" ဖြစ်သွားခဲ့ရပါတယ်။

ဇွတ်ရိုက်မသွင်းသင့်

ယဉ်ကျေးတယ်ဆိုတာ အင်မတန် လိုလားအပ်တဲ့အရာ ဖြစ်တယ်။ လူအတော်များများက အောက်ကျို့တာ၊ နှိမ့်ချတာကို ယဉ်ကျေးမှုလို့ ထင်မှတ်မှားနေကြပြီး၊ အောက်ကျို့နှိမ့်ချစိတ်ထားဖို့ သွန်သင်ဆုံးမလေ့ ရှိကြတယ်။ "လူ့အောက်ကျို့လို့ မသေပါဘူး" ဆိုတဲ့ ဆိုရိုးစကားတောင် ရှိခဲ့တယ်။ အောက်ကျို့လွန်း၊ နှိမ့်ချလွန်းတဲ့ စိတ်ကနေပြီး "ကျွန်စိတ်" ပေါက်ဖွားလာရတာလို့ ယုံကြည်တဲ့အတွက် သဘောမကျပါဘူး။ ပလွှားဝင့်ဝါ မရှိတာ၊ မောက်မာစော်ကား မရှိတာ အင်မတန် ကောင်းတယ်။ ဒါမျိုးကို အားပေးရမှာ။ ဒီစိတ်ဓာတ်မျိုး မွေးရမှာ။ အောက်ကျို့တာ၊ နှိမ့်ချတာတော့ အားမပေးသင့်ဘူး။ ကလေးတွေခေါင်းထဲ ဇွတ်ရိုက်မသွင်းသင့်ဘူး။

ထိုက်တန်တဲ့ လေးစားမှု

လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထား လေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။ တစ်ဖက်သားရဲ့ အပေါ်ယံ ပကာသန အဆောင်အယောင်တွေကို ကြည့်ပြီး "ခယ၀ပ်တွား" ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။ ပြာတာပဲဖြစ်ဖြစ်၊ ဆိုက်ကားသမားပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး သူတောင်းစားပဲဖြစ်ဖြစ်၊ လူသားအနေနဲ့ ကြည့်မြင်ပြီး၊ လူသားအနေနဲ့ ထိုက်သင့်တဲ့အလျောက် လေးစားမှုပေး ဆက်ဆံတာဟာ ယဉ်ကျေးခြင်း ဖြစ်တယ်။ ဘယ်သူ့ကိုမဆို အောက်ကျို့နှိမ့်ချပြီး ဆက်ဆံဖို့ မလိုဘူး။ ထိုက်တန်တဲ့ လေးစားမှုပေးဖို့သာ လိုတယ်။

ဆင်းရဲရင် မကန်တော့ချင်

မှန်တာပြောရရင် လူအချင်းချင်း လူလို့မြင်ပြီး လေးလေးစားစား တန်ဖိုးထားတာမျိုး တွေ့ရခဲတယ်။ ပိုက်ဆံငွေကြေးလို၊ ရာထူးအာဏာလို၊ အပေါ်ယံ ပကာသနတွေကိုကြည့်ပြီး ဆက်ဆံကြတာပဲ အတွေ့ရများတယ်။ သွေးမတော်၊ သားမစပ်တဲ့ ငွေရှိသူ၊ ဂုဏ်ဒြပ်နဲ့ ရာထူးအာဏာရှိသူကို အခါကြီးရက်ကြီးရောက်တိုင်း မမေ့မလျော့ နှစ်စဉ်ယဉ်ကျေးမှု အရဆိုပြီး သွားကန်တော့တတ်ကြပေမယ့် ငွေမရှိ၊ ရာထူးအာဏာမရှိ ဆင်းရဲမွဲတေတဲ့ ဆွေမျိုးရင်းချာများကိုတော့ ကန်တော့ဖို့ မေ့လျော့နေတတ်ကြတာ များတယ်။ ယဉ်ကျေးမှုဆိုတာ လူအချင်းချင်း လူလိုမြင်ပြီး လူလိုလေးစား တန်ဖိုးထားတတ်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ အဲဒီလိုယဉ်ကျေးမှု ထွန်းကားစေဖို့ကိုပဲ မျှော်လင့်ရပါတယ်။

လူထုစိန်ဝင်း

လောရှည် မှတ်ချက် ။ ။ ၀န်ဆောင်မှု လုပ်ငန်းများ (ဟိုတယ်၊ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေး စသည်) မှာတော့ သခင်စိတ်အသွင်းလွန်ပြီး နင်လဲလူ၊ ငါလဲလူ  မသိဘူး၊ မရှိဘူး၊ ကုန်ပြီဆိုပြီး ဘုမတောမိစေဖို့ အရေးကြီးလှပါတယ်။

Thursday, March 11, 2010

လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း ပုံစံသစ်၏ သာဓက တစ်ခု

အမေရိကန် ပြည်ထောင်စုတွင် လူဖြူသီးသန့် စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ ကပွဲခန်းမများ၊ အားကစား ကလပ်များနှင့် အများသုံး ယာဉ်၊ ရထား (ဘတ်စ်ကား စသည်) များစသဖြင့် လူမည်းများကို လူမျိုးရေးအရ ခွဲခြားဆက်ဆံသည့် ခေတ်တစ်ခေတ် ရှိခဲ့ဖူးသည်။ တဖန် ဗြိတိသျှခေတ် မြန်မာနိုင်ငံတွင်လဲ ပထမတန်း (မီးရထား) တွဲများကို လူဖြူသီးသန့်ဟု ကန့်သတ်ခဲ့သဖြင့် ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ရသည်။ လူ့သမိုင်းတလျှောက် ပေါ်ပေါက်ခဲ့မျှ အထက်ပါ လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း (racial discrimination) အားလုံးသည် လူမျိုးစုတစ်စုက ၄င်းတို့နှင့် မတူသည့် အခြားလူမျိုးစုတစ်စုကို နှိမ်ချ ဆက်ဆံမှုများ (inter-racial discrimination) သာ ဖြစ်ကြသည်။ ယခု ပြည်ပရောက် မြန်မာ လူ့အဖွဲ့အစည်းတွင် မြန်မာအချင်းချင်း နှိမ်ချဆက်ဆံတတ်သော အခြင်းအရာတစ်မျိုး ပေါ်ပေါက်လျှက်ရှိသည်ဟု စာရေးသူ သံသယ ဖြစ်မိသည်။ လူမျိုးတူခြင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းကို လူမျိုးတွင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း (intra-racial discrimination) ဟု အမည်တပ်ပြီး ၄င်းသာဓက တစ်ခုကို ယခု စာတမ်းငယ်တွင် ဆွေးနွေးမည် ဖြစ်သည်။

စင်ကာပူနိုင်ငံ Informatics ကျောင်းဝန်းအတွင်းရှိ Prometic စာမေးပွဲ ဌာနသို့ ဖြေဆိုရန်ရှိသော စာမေးပွဲတစ်ခုအတွက် မိတ်ဆွေတစ်ဦးက လွန်ခဲ့သော ရက်သတ္တပါတ်က သွားရောက်စုံစမ်းရာ စာရေးသူ လိုက်ပါသွားခဲ့သည်။ အဆိုပါ ဌာနအတွင်းသို့ စာရေးသူတို့ နှစ်ယောက် မြန်မာလို စကားပြောဆိုရင်း ၀င်သွားကြရာ ကောင်တာတွင် ထိုင်နေသော အမျိုးသမီးက စိတ်မရှည်သော လေသံ၊ မျက်နှာ ၁၀၂၄ ခေါက်ချိုးဖြင့် "Passport Only" တစ်ခွန်းတည်းသာ ပြန်လည် ပြောဆိုပြီး စကားပြောဆိုမှုကို ရိုင်းပျစွာဖြင့် ရပ်လိုက်ပါသည်။ (ရပ်လိုက်ပါသည်ဆိုသည်မှာ နောက်ထပ် စာရေးသူတို့ ဘာပြောပြော ဘာမှ ပြန်မပြောတော့ခြင်းကို ဆိုလိုသည်။) သို့အတွက် စာရေးသူနှင့် စာရေးသူ၏ မိတ်ဆွေ ဒီအတိုင်း ပြန်လာခဲ့ရသည်။ စာရေးသူ၏ မိတ်ဆွေမှ ၄င်းဌာနကို ဖုန်းဆက်သွယ် မေးမြန်းရာတွင်လဲ "I told you, 'passport only'" ဟု ပြန်လည် အော်ဟစ် ဖြေကြားခဲ့သည်။ (တယ်လီဖုန်း ခေါ်ဆို၍ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုရာတွင် ဗြိတိသျှ ကိုလိုနီ ပညာရေးစနစ် လောင်းရိပ်မိခဲ့သော မြန်မာနှင့် ဖိလစ်ပိုင်အများစုသည် အခြား အာရှသား အများစုထက် ပိုမို ယဉ်ကျေးသော အင်္ဂလိပ်စာကို သုံးနှုန်းတတ်ကြသည်။ အင်္ဂလိပ်စကားကို ဒေသသံဝဲ၀ဲနှင့် ပြောဆိုရာတွင် မြန်မာဝဲနှင့် ဖိလစ်ပိုင်တို့၏ စပိန်ဝဲမှာ ခွဲခြားရလွယ်ပါသည်။)

စာမေးပွဲ ဖြေဆိုသည့် နေ့သို့ ရောက်သော်အခါ စာရေးသူလဲ အဆိုပါ မိတ်ဆွေနှင့် ခေတ္တလိုက်ပါသွားခဲ့သည်။ စာရေးသူ သတိထားမိသည်မှာ ၄င်းအမျိုးသမီးသည် စာရေးသူ၏ မိတ်ဆွေ မြန်မာအမျိုးသမီးကို စကားပြောဆိုတိုင်းတွင် အော်ငေါက် ပြောဆိုသလောက် အခြား လူမျိုးခြားများကို ပြောဆိုရာတွင် အတန်ပင် သိမ်သိမ်မွေ့မွေ့ ရှိလှသည်ကို တွေ့ရသည်။ (နှိုင်းယှဉ်ရန်အနေနှင့် အဆိုပါဌာနမှ စင်ကာပူ နိုင်ငံသားဟု ယူဆရသော တရုတ် အမျိုးသမီးသည် မည်သူ့ကိုမဆို ငြင်ငြင်သာသာ သိမ်သိမ်မွေ့မွေ့ ပြောဆိုသဖြင့် စာရေးသူ၏ မိတ်ဆွေကို သူမ အော်ငေါက်နေခြင်းမှာ လုပ်ငန်း လိုအပ်ချက်အရ မဟုတ်ဟု စာရေးသူ ကောက်ချက်ဆွဲသည်။)

တဖန် ကွန်ပျူတာစနစ် အမှားအယွင်းတစ်ခုကြောင့် စာရေးသူ မိတ်ဆွေနှင့် ၄င်းဝန်ထမ်းများ စကား ပြောဆိုရန်ရှိသဖြင့် သူမအား ကူညီရန် စာရေးသူ အနားကပ်သွားသောအခါ ကိုယ်၊ နှုတ် အမူအရာ အားဖြင့် ရိုင်းပျစွာ မောင်းထုတ်ခဲ့သည်။ မြန်မာလူမျိုးများအတွက် စော်ကားရာရောက်သည့် အမူအရာများ ပြသသည့်အတွက် ၄င်းကို မြန်မာ့ယဉ်ကျေးမှုကို မသိသော၊ စိတ်တိုလွယ်သော လူမျိုးခြား တစ်ဦးအဖြစ်သာ စာရေးသူ ထင်ခဲ့မိသည် (၄င်းစကားမ၀ဲပါ)။ ၄င်း၏ လုပ်ဖော်ကိုင်ဖက် တရုတ်အမျိုးသမီးက စာရေးသူအား ယဉ်ကျေးစွာ တောင်းပန်၍ အပြင်ထွက်ခိုင်းပါသည်။

စာရေးသူမိတ်ဆွေသည် ၄င်းကို မြန်မာဘာသာဖြင့် စကားလာပြောသည့်သူကို တွေ့တော့မှ ၄င်းမြန်မာမှန်း ရိပ်မိသည်ဟု တအံ့တသြ ပြန်ပြောပါသည်။ အထက်ပါ ဖြစ်ရပ်အပြီးတွင် အဆိုပါ ဌာနသို့ စာမေးပွဲအတွက် စုံစမ်းရန် သွားရောက်ခဲ့သော အခြား မြန်မာ စကားပြောသူ မိတ်ဆွေများ (စာရေးသူ၏ ယခင် အခန်းဖော် ကရင်လူမျိုး တစ်ဦးအပါအ၀င်) က ၄င်းတို့အားလဲ ရိုင်းပျစွာဖြင့် "Everything is in the web-site" ဟု အော်ထုတ်ကြောင်း၊ ၄င်းတို့ web-site down နေသည်ဟုပင် ပြန်လည် ရှင်းပြ၍ မရပဲ မောင်းထုတ်ကြောင်း လာရောက် ပြောပြဖူးသည်ကို တဆက်တစပ်တည်း အမှတ်ရလာပါတော့သည်။

ထို မြန်မာ အမျိုးသမီး ဘာဖြစ်နေပါသနည်း၊ စာရေးသူ မသိပါ။ စာရေးသူ သိသည်မှာ ၄င်းသည် မြန်မာလူမျိုးများကို ကောင်းစွာ ၀န်ဆောင်မှု မပေး၊ ရိုင်းပြစွာ ဆက်ဆံသည်၊ မတတ်သာ၍ ၀န်ဆောင်မှု ပေးရလျှင် အတတ်နိုင်ဆုံး ရိုင်းပြသော မျက်နှာ၊ ကိုယ်၊ လက် အမူအရာဖြင့် ပေးသည်၊ လူမျိုးခြားများကိုမူကား ကောင်းသော ၀န်ဆောင်မှုကို ယဉ်ကျေးသိမ်မွေ့စွာ ပေးနေသည်။ ၄င်းသည် လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း စစ်စစ်ပင် ဖြစ်တော့သည်။ (ထိုကိစ္စအတွက် လူမျိုးခြားများကို မုန်းတီးရန် မလိုချေ။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့က မြန်မာများကို နှိမ်ပါဟု မတောင်းဆိုသောကြောင့် ဖြစ်သည်။)

အထက်ပါ ဥပမာ အပြင် မြန်မာအချင်းချင်းမှန်း သိသည်နှင့် လမ်းပျောက်နေသည်ကို လမ်းမပြပေးချင်တော့သော သူ၊ ဈေးလျှော့ရောင်းသော ဈေးဆိုင်ကို မပြောပြချင်တော့သော ပစ္စည်းကောင်း၊ ဈေးကောင်းရလာသူ၊ အခွင့်အရေးကောင်းရှိသော အလုပ်တို့ကို တဆင့်စကား မပါးချင်တော့သော သူ (၄င်းတို့ ကိုယ်တိုင်က အဆိုပါ အလုပ်အကိုင်ထက် အဆင့်မြင့်သော နေရာတွင် အလုပ်လုပ်နေသဖြင့် အဆိုပါအလုပ်အား လျှောက်ထားခြင်း မပြု)၊ ကောင်းမွန်သော ၀န်ဆောင်မှု မပေးတော့သော စားသောက်ဆိုင် အမှုထမ်းများ၊ ဈေးရောင်းချသူများ အရောင်းဆိုင် ၀န်ထမ်းများနှင့် အခြား ဧည့်ခံကောင်တာ ၀န်ထမ်းအများအပြားကိုလဲ စာရေးသူ တွေ့ခဲ့ဖူးသည်။ တဖန် သတိထားမိသည်မှာ ၄င်းတို့သည် လူမျိုးခြားများကိုမူကား ကောင်းမွန်စွာ ဆက်ဆံ ပြောဆို ကူညီကြသည်ကို တွေ့ရလေသည်။

လူတိုင်းအား တပြေးညီ ရိုင်းပြနေသည်မှာ မကောင်းသော အခြင်းအရာ ဖြစ်သည်။ လူတိုင်းအား တပြေးညီပင် ကောင်းသော ၀န်ဆောင်မှု မပေးသည်မှာလဲ မကောင်းသော အခြင်းအရာပင် ဖြစ်သည်။ သို့ရာတွင် လူတစ်စုကို ကောင်းသော ၀န်ဆောင်မှုပေးလျှက် အခြားတစ်စုကို ကောင်းသော ၀န်ဆောင်မှု မပေးခြင်းမှာကား လူ့အဖွဲ့အစည်းကို စော်ကားမှု တစ်ရပ်ဖြစ်သော လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းပင်တည်း။

ယခုတင်ပြခဲ့သော မြန်မာအချင်းချင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း သာဓကများ၏ အကြောင်းရင်းကို စာရေးသူ မသိသော်လည်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းသည် လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်သည့် အဆိုးရွားဆုံးသော ရာဇ၀တ်မှု တစ်ရပ်ဖြစ်ပြီး ပြည်ပရောက် မြန်မာ အသိုက်အ၀န်း တနေ့တခြား ကြီးထွားလာသည်နှင့်အမျှ လူမျိုးတွင်း လူမျိုးရေးအရ ခွဲခြား ဆက်ဆံသော အခြင်းအရာသည် ပို၍ အရေးပါလာမည်ဖြစ်သဖြင့် လူမှုရေး သိပ္ပံ ပညာရှင်များအနေနှင့် စနစ်တကျ လေ့လာသင့်သော ကိစ္စတစ်ရပ်အဖြစ် မီးမောင်းထိုးပြလိုက်ရပါသည်။

မှတ်ချက် ။ ။ တယ်လီဖုန်းဝယ်စဉ်က မြန်မာမှန်းသိ၍ စေတနာပါပါနှင့် အသေအချာ လိုက်လံ ရှင်းပြသော (စင်ကာပူနိုင်ငံမှ) ၀န်ထမ်း အဒေါ်ကြီးတစ်ယောက်၊ ကြာဇံကြော်စားချင်သော စာရေးသူ၏ သူငယ်ချင်းအတွက် သူ့ဆိုင်မှာ မရသော ကြာဇံကြော်ကို ကြော်ခိုင်းပြီး ရောင်းပေးသော (မလေးရှား အပန်းဖြေစခန်းတစ်ခုမှ) စားသောက်ဆိုင် ၀န်ထမ်း အစ်မကြီး၊ စာရေးသူတို့ မိသားစုကို အမှတ်တရ ဓာတ်ပုံ ရိုက်ပေးဖူးသော (ဆွစ်) စားသောက်ဆိုင်တစ်ခုမှ စားပွဲထိုး အမျိုးသမီးတို့နှင့် အချို့ မမှတ်မိတော့သော အားလုံးကို တပြေးညီ ဆက်ဆံသည့် မြန်မာ ၀န်ထမ်း အချို့လဲ ရှိကြောင်း ဖြည့်စွက် တင်ပြအပ်ပါသည်။

စာကြွင်း ။ ။ ယခင်တလောက မြန်မာများ (ကွမ်းထွေးသဖြင့်) အိမ်သာဝင်ခွင့်မပြုဟု စားသောက်ဆိုင်တစ်ခုတွင် ဆိုင်းဘုတ်တင်ရာ လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းဟု ဟိုးလေးတကြော်ဖြစ်သွားခဲ့ရသည်။


Monday, January 18, 2010

ယူတိုးပီးယားအိပ်မက်

My Thoughts My Blog တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

တစ်ညမှာ ကျွန်တော် အိပ်မက် တစ်ခုမက်သည်။ အိပ်မက်သည် ရှည်လျားလွန်း၍ အသေးစိတ်နိုင်လွန်းသည်။ အိပ်မက်ထဲမှ ဇာတ်ကောင်သည် ကျွန်တော်ပင်ဖြစ်နေသည်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်သည် အင်ဂျင်နီယာဘွဲ့ကို ရရှိသည်။ ထိုပြင် မဟာ အင်ဂျင်နီယာဘွဲ့ကို ထပ်ရသည်။ ထိုဘွဲ့ရပြီးနောက် ကျွန်တော် အင်္ဂလန်ရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုတွင် အင်ဂျင်နီယာ ဘာသာရပ်နဲ့ မသက်ဆိုင်သလိုဖြစ်သော နိုင်ငံရေး သိပ္ပံနှင့် လူမှုရေး သိပ္ပံ နှစ်ဘာသာတွဲဖြင့် မဟာဝိဇ္ဖာဘွဲ့တစ်ခု ထပ်ရသည်။ ထို့နောက် အမေရိကရှိ တက္ကသိုလ်တစ်ခုမှ ထိုဘာသာရပ်နှစ်ခု အကြောင်းပြုပြီး ပါရဂူဘွဲ့ရသည်။ ကျွန်တော် ဒေါက်တာ ဖိုးသူတော် ဖြစ်သွားသည်။

ကျွန်တော် မြန်မာပြည်ပြန်လာသည်။ ထိုအချိန်တွင်ကျတော့ အသက်သည် သုံးဆယ်တော်တော် ကျော်ခဲ့ပြီ။ မြန်မာပြည်ပြန်ရောက်ရောက်ချင်း ပထမဦးဆုံးအနေဖြင့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် လုပ်ရသည်။ ဆိုလိုသည်မှာ ကျွန်တော့် အင်ဂျင်နီယာဘာသာရပ်နယ်ပယ်သို့ပြန်သွားသည်။ ခဏလောက်လုပ်ကြည့်ပြီး စိတ်မ၀င်စားတော့။ ကျွန်တော့်စိတ်ထဲဖြစ်ချင်နေတာ တစ်ခုရှိသည်။ ဒါကို ကိုယ့်ဟာကိုယ်သိသည်။ အဲ့ဒီနောက် ကျတော် လက်ရှိ နိုင်ငံရေးပါတီတစ်ခုနှင့်ချိတ်ဆက်မိပြီး ပါတီကော်မတီဝင်တစ်ယောက်ဖြစ်လာသည်။ ပါတီတွင် ကျွန်တော်ကြိုးကြိုးစားစားဆောင်ရွက်၍ ပါတီ ဥက္ကဌနှင့် လူကြီးများ၏ အားထားမှုကိုရရှိလာသည်။

ကျတော် ပါတီဝင်ပြီးနောက်တစ်နှစ်မှာပဲ ကျွန်တော်တို့ ပါတီ အာဏာရပြီး ပါတီအကြီးအကဲတစ်ဦး နိုင်ငံတော် သမ္မတဖြစ်သွားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများလည်း ပြင်သင့်သည်များ ပြင်ပြီး၍ အတော်အတန် ပြောင်းလဲနေသော အခါသမယလည်းဖြစ်သည်။ ပါတီလူကြီးသည် သမ္မတ ဖြစ်ပြီးနောက် သူ့၏ ကက်ဘိနက် အဖွဲ့ ဖွဲ့သောအခါ ကျွန်တော့်အား ၀န်ကြီး တစ်နေရာပေးသည်။ သို့ဖြင့် ကျွန်တော် အသက်လေးဆယ် မပြည့်သေးခင်မှာပဲ မြန်မာနိုင်ငံ၏ အသက်ငယ်ဆုံး ၀န်ကြီးတစ်ပါး ဖြစ်လာသည်။ ကျတော် တာဝန်ယူရသော ၀န်ကြီးဌာနက ပညာရေးဝန်ကြီးဌာန။

ပညာရေးဝန်ကြီး ဒေါက်တာဖိုးသူတော်သည် နိုင်ငံတကာတွင်လည့်လည်ပြီး ပညာသင်ယူခဲ့သူပီပီ အခြေခံအားကောင်းသော ပညာရေးစနစ်ကို နားလည်သည်။ ထို့ကြောင့် ပညာရေးစနစ်များကို အခြေခံမှ စ၍ လိုအပ်သည်များကို တဆင့်ချင်းပြောင်းလဲသည်။ ကျေးရွာများ၏ မူလတန်းကျောင်းများထိ ကိုယ်တိုင်ကိုယ်ကျသွားပြီး ဆရာ၊ဆရာမလေးများနှင့် ဆွေးနွေးသည်။ ကလေးများ၏ ပညာရေးအပေါ် စိတ်ပါဝင်စားနိုင်မှုနှင့် လိုက်နိုင်မှုများကို အသေးစိတ်သုတေသနပြုသည်။ ထို့နောက် ပညာရေး ကော်မတီနှင့် ညှိနှိုင်းပြီး မူလတန်းအတွက် အသင့်လျော်ဆုံးသော ဖတ်စာ စာအုပ်နှင့် လက်တွေ့လုပ်ဆောင်ရေး စာအုပ်များကို စနစ်တကျ ပြင်ဆင်သည်။ ထိုမှ တဆင့် တဆင့်ချင်းတက်၍ အလယ်တန်း နှင့် အထက်တန်းကို ခေတ်စနစ်နှင့် အညီ ဒေသတွင်းနိုင်ငံများနှင့် တန်းတူ တန်းညှိပြီး သင်ကြားရေးစနစ်နှင့် သင်ရိုးများကို အသစ်ပြင်ဆင်ဆွဲသည်။

ဤလုပ်ငန်း လုပ်ရပ်အားလုံးကို လွှတ်တော် ၂ ခုလုံးက အတည်ပြုသည်။ လိုအပ်သော ဘက်ဂျက်များကိုလည်း ဆောလျင်စွာ ချပေးသည်။ ပညာရေး အရှိန်အဟုန်မှာ သိသိသာသာကြီး တိုးတက်လာသည်။

မြန်မာနိုင်ငံအမျိုးသားပညာရေးသုတေသန အဖွဲ့ကို သေချာဖွဲ့စည်းပြီး နှစ်စဉ် တစ်နိုင်ငံလုံး တိုးတက်မှုများ ကို အစီရင်ခံစေသည်။ တက္ကသိုလ်ကောလိပ်များနှင့် ပတ်သက်ပြီး အပွင့်သဘောဆောင်သော ပညာရေးစနစ်ကို အစပျိုးပေးသည်။ ဆရာမှ သင် ကျောင်းသားမှ လိုက်မှတ် စနစ်အားဖျက်သိမ်းသည်။ ဆရာ ကျောင်းသား လွတ်လပ်စွာ ဆွေးနွေးတွေးခေါ်မှု ပုံစံအား ဦးစားပေးသည်။ ကျောင်းသား ကျောင်းသူများကို လွတ်လပ်စွာ ၀တ်စား ဆင်ယင်စေသည်။ အသိဥာဏ်မြင့်မားပြီး ပညာတတ် ပီသစေရန် စည်းကမ်းတင်းကျပ်စွာ မထိန်းကွပ်ပဲ ကျောင်းသားအများလက်ခံနိုင်အောင် ပညာပေးအသိအမြင်ဇာတ်လမ်းမျိုးနှင့် ဆောင်းပါးများစွာ ရေးသားပြီး လူငယ်ကျောင်းသားထု ကြားဖြန့်ဝေသည်။ ကျောင်းသားများ အရင်ကလို မဆိုးမပေကြတော့။ အရင်က ဖိုးသူတော် ငယ်စဉ် ကျောင်းတက်စဉ်က ကျောင်းသားများသည် ဆိုးသည်။ ဆိုးသည်ဆိုသည်မှာ တက္ကသိုလ် ကျောင်းသားပုံစံ ဆိုးခြင်းမဟုတ်။ ကလေးဆန်ဆန် ဆိုးခြင်းဖြစ်သည်။ ပုံစံများသည်လည်း ကလေးဆန်ကြသည်။ စာပေသင်ကြားမှုဆိုသည်ကို နားမလည်ကြ။ အချိန်တန်လျှင် ကျောင်းသွားမည်။ အတန်းလစ်ချင်လစ်မည်။ ဆရာတွေကို ရိုသေဟန်ဆောင်၍ ဆရာလာလျင် လက်အုပ်ချီပြီး မင်္ဂလာပါ ဆရာ နှုတ်ဆက်မည်။ စိတ်ထဲတွင် မပါကြ။ ထုံးတန်းစဉ်လာကြီး တစ်ခုလို ပြုမှုကြသည်။ ကျောင်းသား ၁၀၀ လျှင် ကျောင်းသား ၉၀ လောက်က တက္ကသိုလ်ဝင်တန်း အောင်၍ တက္ကသိုလ်သို့ ဖြစ်ရိုးဖြစ်စဉ် လာတက်ကြခြင်းဖြစ်သည်။ ပညာရေး၏ အနှစ်သာရနှင့် တက္ကသိုလ်၏ အနှစ်သာရကို ဘွဲ့ရသွားသည်ထိ သိမသွားကြချေ။ တည်ရှိနေသော တက္ကသိုလ်များသည်လည်း ထိုသို့ အနှစ်သာရ သိရှိအောင် လုပ်မပေးနိုင်ကြချေ။ တက္ကသိုလ်များသည် စက်ရုံကြီးတစ်ရုံနှင့် တူနေပြီး ကျောင်းသားများသည် ဘွဲ့တံဆိပ်အမျိုးမျိုးကပ် ထုတ်ကုန် များဖြစ်နေကြသည်။

ထိုထွက်လာသော တံဆိပ်အမျိုးမျိုးထုတ်ကုန်များသည် ဈေးကွက်တွင် ဈေးကွက်မ၀င် ဖြစ်ချေသည်။ ဈေးကွက်ဝင်သော်လည်း တန်ဖိုးချခြင်းခံရသည်။ ထိုအရာ ဖြစ်စဉ်များအားလုံးကို သိနှင့် ခံစား ခဲ့နှင့်ရသော ပညာရေးဝန်ကြီး ဒေါက်တာ ဖိုးသူတော်သည် တက္ကသိုလ်စနစ်ကြီးတစ်ခုလုံးကို ပြန်လည်ပြင်ဆင်သည်။ အမျိုးသား ပညာရေး သုတေသန ဌာန၏ ဦးဆောင်မှုဖြင့် နိုင်ငံနှင့် အ၀န်း ဇုန်များ သတ်မှတ်၍ ဆောင်ရွက်သည်။ အစိုးရသည် ပညာရေးကို များစွာအလေးပေးနေသော အချိန်ဖြစ်သောကြောင့် ပညာရေး ဘက်ဂျက်ကိစ္စအား လွှတ်တော်မှ ခွင့်ပြုသည်။ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသအလိုက် ပညာရေးဇုန် စီမံကိန်းများ ခွဲပြီး အထူးဖွံဖြိုးရေး အနေဖြင့် ဆောင်ရွက်သည်။ အောင်မြင်ဖြစ်ထွန်းမှု၏ အသီးအပွင့်ကို မကြာခင်မြင်ရချေတော့မည်။

သို့နှင့် ပညာရေးဝန်ကြီး၏ လုပ်နိုင်သောပါဝါများကို သုံး၍အလုပ်ဖြစ်အောင် လုပ်ခဲ့သော်လည်း သူ၏ မူလ ပထမကျောင်းတက်ခဲ့ရာ တက္ကသိုလ်ဖြစ်သော နည်းပညာဆိုင်ရာ တက္ကသိုလ်မှာ အားနည်းနေသည်။ ထိုကိစ္စကို သိပ္ပံနှင့် နည်းပညာဝန်ကြီးအား ပြောဆိုသော်လည်း ၀န်ကြီးသည် အသက်အရွယ်ကြီးနေသည်က တစ်ကြောင်း၊ ၀ိဇ္ဖာ ဘွဲ တစ်ဘွဲ့သာရခဲ့၍ နိုင်ငံရေးခြေလှမ်းတွင် တော်သောကြောင့် ၀န်ကြီး ဖြစ်နေပြီး သူ့လက်အောက် ကိစ္စကို မည်သို့မျှ မတက်နိုင်ပဲ ဖြစ်နေသည်။ ငယ်ရွယ်သော ၀န်ကြီးတစ်ပါး ပြောသည်ကိုလည်း ကောင်းမှန်းသိသော်လည်း လက်ခံဆောင်ရွက်ခြင်းမပြုချင်ပဲ တလွဲ မာနကြီးနေသည်။ ပညာရေးဝန်ကြီးသည် ထို ကိစ္စအတွက် ရတက်မအေးဖြစ်နေသည်။ တခြားတက္ကသိုလ် ကိစ္စများတွင်များစွာ ကောင်းမွန်ပြီး ဒေသတွင်း နိုင်ငံများ ပခုံးယှဉ်နိုင်နေပြီဖြစ်သော် နိုင်ငံတစ်နိုင်၏ အဓီက နည်းပညာအခန်းကဏ္ဍမှ ပါဝင်မည့် နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာ တက္ကသိုလ်များသည် ဖြစ်ဖြစ်မြောက်မြောက် ဘာမှ ဖြစ်မလာသေးပါ။

ဒေသတွင်းနိုင်ငံများမှ နည်းပညာတက္ကသိုလ်များတွင် အာကသသိပ္ပံနှင့်ဆိုင်သော ပညာရပ်များ များစွာ ဖြစ်ထွန်းနေပြီး ဂြိုဟ်တု ပေါင်းများစွာ စမ်းသပ်လုပ်ကိုင်နေကြချိန်တွင် မိမိနိုင်ငံ၏ နည်းပညာ တက္ကသိုလ်များသည် စက္ကူဖြင့်လေယာဉ်ပျံခေါက်သည်ကိုပင် ၂ မျိုးထက် ပို၍ မသင်ပေးနိုင်ချေ။

ကံအားလျော်စွာ ဒေါက်တာဖိုးသူတော်တို့ ပါတီသည် နောက်တစ်ကြိမ် သမ္မတ သက်တမ်းအတွက် ဆက်လက် အနိုင်ရသွားသည်။ သမ္မတကြီးသည် ပညာရေးဝန်ကြီး၏ လုပ်ဆောင်ချက်များကို အထူးသဘောကျ နှစ်သက်၍ ပညာရေးဝန်ကြီးအပြင် ၀န်ကြီးချုပ်ရာထူးကိုပါ တွဲဖက်ပေးလိုက်သည်။ သမ္မတကြီး ၏ ၀န်ကြီးချုပ် ရာထူး ပေးမှုအား ကန့်ကွက်မှုများစွာ ရှိ၍ ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး မဲခွဲ ဆုံးဖြစ်ရာ ပြည်သူ လူထုသည် ဒေါက်တာဖိုးသူတော်၏ လုပ်ဆောင်ချက်များအား အထူးသဘောကျ၍ ကန့်ကွက်မဲ မရှိ ထောက်ခံမဲ များနှင့်သာ ဆန္ဒပြုကြရာ ဒေါက်တာဖိုးသူတော်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အသက်ငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်လာသည်။ ၀န်ကြီးချုပ်ဖြစ်လာတော့ အသက် ၄၀ စွန်းရုံသာ ရှိသေးသည်။

ဝန်ကြီးချုပ်ဖြစ်လာသောအခါ ပထမဦးဆုံးဆောင်ရွက်သော ကိစ္စမှာ မြန်မာပြည်တပြည်လုံးရှိ နည်းပညာတက္ကသိုလ်များနှင့် ကောလိပ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ကောလိပ်များ၏ ကိစ္စဖြစ်သည်။ သင်ရိုးညွှန်းတန်းများကို အခြေခံ သီအိုရီများလောက်သာ ချန်ထားခဲ့ပြီး ကျန်သော ဟောင်းနွမ်းနေပြီးဖြစ်သော သင်ရိုးညွှန်းတန်းများကို ပြင်ဆင်ပြီး ခေတ်မီနည်းပညာ ဘာသာရပ်များဖြင့် အစားထိုးစေသည်။ အမျိုးသားသိပ္ပံနှင့်နည်းပညာဗဟိုကော်မတီကို ဖွဲ့စည်းပြီး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည်။ အာကာသသိပ္ပံပညာကို အထူးစိတ်ဝင်စားသည်ဖြစ်ရာ သက်ဆိုင်ရာ ကျောင်းသားများအား နိုင်ငံခြားတိုင်းပြည်များ ( အမေရိက၊တရုတ်) သို့ စေလွှတ်ပြီး လေ့လာစေသည်။

လောရှည် မှတ်ချက် ။ လက်တွေ့တွင် ဤသို့လုပ်မရပါ။ မရသည့် အကြောင်းရင်းမှာ ယခု သင်ရိုးညွှန်းတန်း စာအုပ်များသည် ခေတ်မီနေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ တဖန် ဇောက်ထိုးလန်သွားသော ဘာသာရပ်အချို့မှလွဲ၍ သိပ္ပံပညာရပ်များ၏ သင်ရိုးသည် သိသိသာသာ မပြောင်းလဲပါ။ သင်ရိုးစာအုပ် ရေးသားပြုစုသူများ အကြံပြုသည့် သင်ရိုးပုံစံအတိုင်း လိုက်နာသင်ကြားခြင်း ရှိ၊ မရှိကတော့ သပ်သပ်ကိစ္စဖြစ်သည်။

ကိုယ်တိုင်လည်း အာကာသသိပ္ပံနှင့် ရင်းနှီးမှုရှိအောင် လေတပ်သို့သွား၍ လေယာဉ်မောင်းသင်သည်။ အထက်လွှတ်တော်အမတ် အချို့ ကန့်ကွက်သော်လည်း မဲဆန္ဒနှင့် အနိုင်ရယူပြီး ၀န်ကြီးချုပ်သည် လေယာဉ်မောင်း သင်ပြီး လေယာဉ်မောင်းတက်ခဲ့သည်။ လေယာဉ်မောင်းတတ်သည်နှင့် တပြိုက်နက် အမျိုးသားလေကြောင်းနှင့်အာကာသဗျူရို တည်ထောင်ပြီး လေကြောင်းပျံသန်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဥပဒေများကို ပညာရှင်များအကူအညီရယူပြီး ပြန်လည် ပြင်ဆင်တည်းဖြတ်သည်။ နောက်ဆုံး ထွက်ရှိသော ဥပဒေသစ်အရ ငွေကြေးတတ်နိုင်သော နိုင်ငံသားများသည် ကိုယ်ပိုင်လေယာဉ်ပျံနှင့် ရဟတ်ယာဉ် ၀ယ်ယူမောင်းနှင်ခွင့် လိုင်စင် ရရှိမည်ဖြစ်သည်။ ကိုယ်ပိုင် လေယာဉ်ကွင်း တည်ဆောက်လိုသူများအနေဖြင့် တစ်ဦးတစ်ယောက်တည်း တည်ဆောက်ခွင့်ပေးမည် မဟုတ်ပဲ ၅ ဦးစပ် လေယာဉ်ပျံကွင်းအသေးတစ်ခု တည်ဆောက်ခွင့် ပေးသည်။ ၀န်ကြီးချုပ်ကိုယ်တိုင်လည်း ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စင်း ၀ယ်ထားပြီး သွားချင် လုပ်ချင်သော နေရာများသို့ ချက်ချင်းသွားသည်။ လွှတ်တော်မှ နေ၍ ၀န်ကြီးချုပ် လုံခြုံရေးအတွက် ရဟတ်ယာဉ် နှစ်စင်း အစောင့်အဖြစ် ပေးထားသည်။

ဝန်ကြီးချုပ်သည် စာပေ၀ါသနာပါသည့်အားလျော်စွာ ပညာရေးဆိုင်ရာ ဆောင်းပါးများနှင့် ရသ စာပေ များကို ရေးသားထုတ်ဝေသည်။ ရသစာပေများမှာ ပြည်သူလူထု ပရိသတ်၏ အားပေးမှုကို များစွာ ခံရပြီး စာရေး ဆရာတစ်ဦးအနေဖြင့်လည်း ပြည်သူချစ်သော စာရေးဆရာဖြစ်နေသည်။ ၀န်ကြီးချုပ်၏ အိမ်ထောင်ရေး အနေဖြင့် ပညာရေးဝန်ကြီး ဖြစ်ချိန်ထိ အိမ်ထောင်မပြုသေးပဲ လူပျိုသိုးဝန်ကြီးလုပ်နေရာ ၀န်ကြီးချုပ် မဖြစ်ခင်လေးမှာပဲ အိမ်ထောင်ပြုလိုက်သည်။ ၀န်ကြီးချုပ်၏ ချစ်သူက လက်ထပ်ခွင့်အား လက်ခံသောကြောင့် ဖြစ်သည်။ ထိုလက်ထပ်ပြီးသော ချစ်သူနှင့် ၀န်ကြီးချုပ်သည် သူပိုင် ရဟတ်ယာဉ်အား သူကိုယ်တိုင်မောင်းပြီး အနားယူခရီးထွက်ဖို့ ပြင်ဆင်နေရာမှ ဘေးမှ အစောင့်ရဟတ်ယာဉ်နှစ်စီးက လိုက်မည် ပြုသည်ကို ရေဒီယိုစကား ပြောခွက်မှ တဆင့် လှမ်းတားပြီး မလိုက်နဲ့ မလိုက်နဲ့ ဟု ပြောလိုက်သည်။

' ဟေ့ကောင် ဘာကို မလိုက်နဲ့ လဲ ' လို့ အသံကြား၍ ငါလို ၀န်ကြီးချုပ်ကို ဒီလိုပြန်ပြောသလားဆိုပြီး အော်မည် အပြုတွင် လန့်နိုးသွားပြီး ဘေးမှ အခန်းဖော် ၏ ဘာကို မလိုက်နဲ့ လဲဟု မေးသောအသံကို သေချာ စွာပြန်ကြားလိုက်ရသည်။

ဤတွင် အိပ်မက်ပြီး၏…॥။

( ကျတော့်ရဲ့ စိတ်ကူးဆောင်းအိပ်မက်မျှသာဖြစ်၍ သည်းခံ ခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံပါသည်။)

ဖိုးသူတော်

Monday, December 14, 2009

ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များ နှင့် သဒ္ဒါအမှားများ

ဒီနေ့ထုတ် The Voice ဂျာနယ် အတွဲ ၆ အမှတ် ၆ (စာကြမ်း) မှာ

"မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ... နိုဘယ်ဆု ရရှိထားသူ ... စီးပွားရေး ပညာရှင် Joseph E. Stiglitz ... မြန်မာနိုင်ငံသို့ လာရောက်မည် ... ။"လို့ ဖော်ပြပါရှိတာကို ဖတ်ရှုရပါတယ်။ အမှန်က "ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ... နိုဘယ်ဆု ရရှိထားသူ ... စီးပွားရေး ပညာရှင် Joseph E. Stiglitz ... မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် လာရောက်မည် ... ။" လို့ဖြစ်ရမှာပါ။

အဲဒါကို မြင်တော့ ငယ်ငယ်တုန်းက သဒ္ဒါလေ့ကျင့်ခန်းထဲက ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များအကြောင်းကို သတိရမိပါတယ်။ ပုဒ်အထားအသိုပြင်တဲ့ လေ့ကျင့်ခန်းမှာ မေးခွန်းမှာ "ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များစိုက်ပျိုးရန် တောင်ကုန်းတစ်ခုကို သက်ဆိုင်ရာက ရှာဖွေနေသည်။" လို့ ပေးထားရင် "ပန်းသီးပင်များစိုက်ပျိုးရန် ပေ ၅၀၀၀ မြင့်သော တောင်ကုန်းတစ်ခုကို သက်ဆိုင်ရာက ရှာဖွေနေသည်။" လို့ ပြန်ဖြေပေးရတာမျိုးပေါ့။ မဟုတ်ရင် ပန်းသီးပင်ကပဲ ပေ ၅၀၀၀ မြင့်သလိုလို။

အရေးကြီးတာက နာမ၀ိသေသနတွေနဲ့ ကြိယာဝိသေသနတွေကို တတ်နိုင်သလောက် သူတို့အထူးပြုတဲ့ ပုဒ်တွေ (နာမ်၊ နာမ်စား၊ ကြိယာများ) နဲ့ ကပ်ပေးဖို့ပါပဲ

အမှန်ပြင်နိုင်ကြပါစေ။

Tuesday, October 20, 2009

ရှေးထုံးလဲ ပယ်မှ - ၂


ချစ်သူ ၂ ဦးတို့ လက်ထပ်ဖို့အတွက် လက်ထပ်တဲ့ရုံးကို သွားကြတာပါ။ အဲဒီမှာ ရှိတဲ့စာရေးမက ရိုးရာ အစဉ်အလာအတိုင်း လက်ထပ်ဖို့ အခြေခံဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဆီးကြို ပြောကြားပါတယ်။ ပထမဆုံးအနေနဲ့ သတို့သမီးရဲ့ ခါးအရွယ်အစားကို မေးပြီး လိင်ဆက်ဆံမှု ပြုလို့မရအောင် သော့ပိတ်ထားလို့ရတဲ့ ကိရိယာကို ထုတ်ပေးပြီး မိန်းကလေးကို ၀တ်ခိုင်းပါတယ်။ သတို့သားကို သော့အပ်ပါတယ်။ (အလယ်ခေတ်မှာ စတင်တီထွင်ခဲ့တဲ့ အဲဒီကိရိယာက သတို့သားအနေနဲ့ သူပိုင်ဆိုင်တဲ့ သတို့သမီးကို တခြားလူနဲ့ ဆက်ဆံ ပေါင်းသင်းလို့မရအောင် သော့ခတ်ထားလို့ရသလို၊ မင်္ဂလာမဆောင်ခင်ကတည်းက ကိုယ်ဝန်ရှိနေခဲ့ရင်လဲ သတို့သမီးကို - ၀မ်းဗိုက်ကို ချုပ်ထားခြင်းဖြင့် - သေဆုံးစေနိုင်ပါတယ်။)

သတို့သမီးက အဲဒါနဲ့ သော့ခတ်ထားမခံနိုင်ကြောင်း၊ အဓိပ္ပါယ် လုံးဝမရှိကြောင်း ပြောတဲ့အခါ စာရေးမက အို … ရိုင်းလိုက်တာ၊ ဘုရားစကား နားထောင်ရမှာပေါ့ လို့ ပြန်ပြောပါတယ်။ (အင်း … ကလေးဆိုတာ လူကြီးစကား နားထောင်ရမှာပေါ့တို့၊ ဆရာ/မကပြောနေတာကို ကလေးတွေက နားထောင်လိုက်ဖို့ပဲ ရှိတယ်၊ ပြန်မေးဖို့ မရှိဘူးတို့ကို ကြားယောင်ရင်း လွမ်းတောင် လွမ်းမိတယ်နော်။) သတို့သားက အဲဒါတွေ သူမလုပ်ချင်ကြောင်း ၀င်ပြောတဲ့အခါမှာ ရွေးစရာလမ်းမရှိကြောင်း စာရေးမက ဟောက်သံလေးစွက်လို့ ပြန်ဖြေပါတယ်။ ခက်ပါလားနော်။

ပြီးတော့ မြို့ဝန်ကို ဖုန်းဆက်ခေါ်ပါတယ်။ မြို့ဝန်ဘာလုပ်ဖို့တုန်းလို့ သတို့သားကမေးတာကို ပြန်မဖြေပဲ နင့်ဆိတ်တွေဘယ်မှာလဲလို့ စာရေးမရဲ့ အသံထွက်လာပါတယ်။ ဘာ … ဆိတ် ကရော ဘာလုပ်ဖို့လဲလို့ သတို့သားက အံ့သြတကြီး ပြန်အမေးမှာ ဆိတ် ၇ ကောင်ကို ရိုးရာ အစဉ်အလာအတိုင်း သတို့သမီးရဲ့ ဖခင်ကို ပေးဖို့ (တင်တောင်းဖို့) လေဆိုတဲ့ စိတ်မရှည်တဲ့ လေသံလေးကို ကြားရပါမယ်။ သတို့သားက သူငါနဲ့ လက်ထပ်ချင်တာ၊ ငါသူ့ကို ၀ယ်နေတာ မဟုတ်ဘူး ဆိုပြီး ဒေါသသံ စွက်လာပါတော့တယ်။ ဒုက္ခ၊ ဒုက္ခ။

မြို့ဝန်ရောက်လာပါပြီ။ သတို့သားက ဘာတွေဖြစ်တာတုန်း မေးနေချိန်မှာ သတို့သမီးကို မြို့ဝန်ရဲ့လူတစ်ယောက်က ထမ်းခေါ်သွားပါတော့တယ်။ သတို့သားက ဘာလုပ်မလို့တုန်း မေးတော့ ပန်းဦးဆက်ဖို့ ဆိုပဲ။ စာရေးမက ပြောတာကတော့ မင်္ဂလာဦးညမှာ ဒေသအာဏာပိုင်တွေက ပန်းဦးချွေတာလဲ ရိုးရာ အစဉ်အလာဆိုပဲ။ (တို့ဗမာတွေ ပုဂံခေတ်ကတည်းက ခေတ်မီတယ်နော်၊ ယဉ်ကျေးမှု တော်လှန်ရေးတွေ ဘာတွေလုပ်လို့။) ဆိတ်တွေသွားပေးပြီး ယောက္ခမကြီးဆီက ထောက်ခံစာ ယူလာမှ လက်ထပ်စာချုပ် လုပ်ပေးလို့ရမယ်ဆိုပဲ။

အိုး … သတင်းဆိုးပါတဲ့။ ဘာများပါလိမ့်။ သတို့သမီးက အပျိုရည်ပျက်ပြီးသား ဆိုပဲ။ ဒါကြောင့် မသေမချင်း (သမ္မာကျမ်းစာဟောင်းအရ) ကျောက်တုံးနဲ့ ပစ်ပေါက်သတ်ရမယ်ဆိုပဲ။ ကျောက်တုံးတောင် အသင့်ရောင်းလိုက်သေး။

စိတ်ကူးယဉ်ပြီး ဟာသလုပ်ထားတာလေးပါ။ သိပ်ရယ်ရပါသလား၊ အူတောင် နှိပ်နေရသလား၊ ခဏရပ်ပါဦး။ မြန်မာအသိုင်းအ၀ိုင်းမှာလဲ ရူးသွပ်မိုက်မဲတဲ့ ရှေးရိုး အစဉ်အလာဟောင်းတွေကို အတင်း အဓမ္မ ဆက်လက် ထိန်းသိမ်းနေကြတာတွေ ရှိပါတယ်။ ဒီလို လူသားမဆန်တဲ့ ကိစ္စတွေ ပိုမို ဆိုးဝါးမလာအောင်၊ ပပျောက်သွားအောင်၊ လူသားများထက် ပိုမိုလူသားဆန်တဲ့ လူ့အသိုက်အ၀န်းကို ချီတက်ကြဖို့ စာရှုသူတို့နဲ့ စာရေးသူ လောရှည်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒါကြောင့် ရှေးထုံးလဲ (ပယ်ဖို့လိုလာရင်) ပယ်မှ။

Monday, October 19, 2009

ကာမေသုမိစ္ဆာစာရ အကြောင်း

မြန်မာ့ လူ့အသိုက်အ၀န်းသည် လိင်ကိစ္စနှင့် ပတ်သက်ပြီး အလေးအနက်ထားရှိသော လူ့အသိုက်အ၀န်းဖြစ်သည့် အားလျော်စွာ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်ပါ ကာမေသုမိစ္ဆာစာရကံနှင့် စပ်လျဉ်း၍ သာသာထိုးထိုး ပြင်းပြင်းထန်ထန် ရေးသား ဟောပြောမှုများ တွေ့မြင်နေရပါသည်။ ရဟန်းတော်တို့၏ ၀ိနည်းနှင့် စပ်လျဉ်း၍ လေးရာကို ယူရမည်မှာ ထုံးစံဖြစ်သော်လည်း လူပုဂ္ဂိုလ်တို့ ဆောင်ရန်၊ ရှောင်ရန် သင်ကြားချက်များကို ယဉ်ကျေးမှု ဓလေ့ ထုံးစံအလိုက် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း အနက်ဖွင့်ရန် မသင့်လျော်သည့်အလျောက် ဤဆောင်းပါးတွင် ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်လာ ကာမေသုမိစ္ဆာစာရကံ၏ သဘော၊ သဘာဝကို ထေရ၀ါဒ ကျမ်းဂန်များနှင့် (အပြင် ဗဟုသုတ မပါစေပဲ) တိုက်ဆိုင် စစ်ဆေး၍ ရှင်းလင်း ရေးသားမည် ဖြစ်ပါသည်။

ကာမေသုမိစ္ဆာစာရကံ ဆိုသည်ကို သူတပါး အိမ်ယာ မကျူးလွန်ခြင်းဟု အလွယ် အဓိပ္ပါယ်ပြန်ဆိုနိုင်ပါသည်။ ၄င်းသည် အဗြဟ္မာစရိယာ သိက္ခာပုဒ် (လိင်ကိစ္စကို လုံးဝ ရှောင်ကြဉ်ခြင်း) နှင့် မတူပါ။ အဗြဟ္မာစရိယာ သိက္ခာပုဒ်ကို ၈ ပါးသီလ၊ ၁၀ ပါးသီလ စောင့်ထိန်းသူ လူပုဂ္ဂိုလ်များ ခေတ္တခဏ (ယာယီ) ဆောင်ယူ စောင့်ထိန်းနိုင်သော်လည်း ၄င်းသည် ရဟန်းတော်များအတွက် သီးသန့် ရည်ရွယ်သည့် သိက္ခာပုဒ်ဖြစ်သည်။ ကာမေသု မိစ္ဆာစာရကံ မြောက်ရန် အင်္ဂါ ၄ ပါး ပြည့်စုံရပါသည်။ ၄င်းတို့မှာ

၁။ အုပ်ထိန်းသူရှိသော မိန်းမ ၂၀ ဖြစ်ခြင်း

၂။ မှီဝဲလိုသည့်စိတ်ရှိခြင်း

၃။ မှီဝဲရန် အားထုတ်ခြင်း

၎။ သာယာခြင်း

တို့ဖြစ်ကြပါသည်။ မှီဝဲလိုသည့် စိတ်ရှိခြင်း၊ မှီဝဲရန် အားထုတ်ခြင်းနှင့် သာယာခြင်းတို့မှာ ထပ်ဆင့် ရှင်းလင်းဖွယ် မလိုသော်လည်း မသွားလာထိုက်သည့် မိန်းမ ၂၀ ကို ရှင်းလင်းရန် လိုသည့် အားလျော်စွာ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်တို့တွင် အောက်ပါအတိုင်း စာရင်းပြုစု ရေးသားထားပါသည်။

၁။ မာတုရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊ ၂။ ပိတုရက္ခိတ- အဖအုပ်ထိန်းသော မိန်းမ၊ ၃။ မာတာပိတုရက္ခိတ- မိဘနှစ်ပါးအုပ်ထိန်းသော မိန်းမ ၄။ ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသော မိန်းမ၊ ၅။ ဘဂိနိရက္ခိတ- အစ်မကြီး အစ်မငယ် အုပ်ထိန်းသော မိန်းမ၊ ၆။ ဉာတိရက္ခိတ- ဆွေမျိုးအုပ်ထိန်းသော မိန်းမ၊ ၇။ ဂေါတ္တရက္ခိတ- အမျိုးနွယ်တူ အုပ်ထိန်းသော မိန်းမ၊ ၈။ ဓမ္မရက္ခိတ- အတူနေသီတင်းသုံးဖော် စောင့်ရှောက်အုပ်ထိန်းသော မိန်းမ (အထက်ပါ ၈ယောက်သော အုပ်ထိန်းသူရှိ မိန်းမများအား အတင်းအဓမ္မ သွားလာကျူးလွန်ပါက ထိုမိန်းမများတွင် ကာမေသုကံမထိုက်ဘဲ သွားလာလွန်ကျူးသူ ယောက်ျားများတွင်သာ ကံထိုက်သည်ဟု ဆိုပါတယ်။) ၉။ သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ၊ လက်ထပ်ပြီးသူ အုပ်ထိန်းသော မိန်းမ၊ ၁၀။ သပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန် သတ်မှတ်လျက် ဒဏ်ထားပြီး အုပ်ထိန်းသော မိန်းမ၊ ၁၁။ ဓနတ္ထီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသော မိန်းမ၊ ၁၂။ ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ ၁၃။ ဘောဂ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖော်သော မိန်းမ၊ ၁၄။ ၀ဋ၀ါသိနီ- ပုဆိုးပေး၍ (ပုဆိုးတန်းတင်ပြု၍) နေသောမိန်းမ၊ ၁၅။ သြဒ၀တ္တကိနီဓရ- ခွက်လက်ဆုံချ၍ မိဘနှစ်ပါး ထိန်းမြားပေးသော မိန်းမ၊ ၁၆။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ၊ ၁၇။ ဒါသီစဘရိယာစ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၈။ ကမ္မကာရီစ ဘရိယာစ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၉။ ဓဇာဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သော မိန်းမ၊ ၂၀။ မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ (အထက်ပါ ၁၂ယောက်သော မိန်းမတို့တွင် သွားလာကျူးလွန်ပါက ယောက်ျားရော မိန်းမပါ နှစ်ဦးလုံး ကာမေသု မိစ္ဆာစာရ ကံထိုက်သည်ဟု ဆိုပါတယ်။)

ယောကျာ်းလေးများအတွက် ကာမေသုအင်္ဂါ ၄ ပါး ပြည့်စုံလျှင် ကံထိုက် (အကုသိုလ်ကံ ဖြစ်) သော်လည်း မိန်းကလေးများအတွက်မူ အုပ်ထိန်းသူရှိသော အမျိုးသမီး ၉ မှ ၂၀ အတွင်း ဖြစ်ပြီး မှီဝဲလိုစိတ်ရှိခြင်း အစရှိသည့် ကျန်အင်္ဂါ ၃ ပါး ပြည့်စုံပါမှ ကံထိုက်ပါသည်။ အရပ်စကားနှင့် လွယ်လွယ် ပြောရလျှင် ပထမ ၈ မျိုးမှာ ပိုင်ရှင်မရှိသေးသော မိန်းမများဖြစ်ပြီး ဒုတိယ ၁၂ မျိုးမှာ ပိုင်ရှင် ရှိလတ္တံ့၊ ရှိဆဲ ဖြစ်သော မိန်းမများဖြစ်ကြပါသည်။ တနည်းပြောရလျှင် ယောက်ျားလေးများအဖို့ မိမိမယားမဟုတ်လျှင် ကာမေသုမိစ္ဆာကံ ထိုက်မည်ဖြစ်ပြီး မိန်းကလေးများအဖို့ မိမိလင်မဟုတ်လျှင် ကာမေသုမိစ္ဆာစာရ ကံထိုက်မည် ဖြစ်သည်။

ဤသို့ဆိုလျှင် မိမိ မယားဖြစ်သူနှင့် သွားလာလျှင် (ချွင်းချက်အနည်းငယ်မျှအပ) ကံမထိုက်သည်မှာ နားလည်ရ လွယ်ပါသည်။ တနည်းအားဖြင့် မိမိ၏ ကာမပိုင် မိန်းမ/ယောက်ျားနှင့်သာ သွားလာခွင့် ရှိသည်။ သို့သော် မိန်းမတစ်ယောက်ကို မိမိ ကာမပိုင်ဖြစ်အောင် ဘာသာရေး သတ်မှတ်ချက်များအရ မည်သို့ ဆောင်ယူမည်နည်း။ ထေရ၀ါဒ ဗုဒ္ဓစာပေတွင် ဝေးဝေးလံလံ ရှာစရာ မလိုပါ။ နံပါတ် ၁၁ မှ ၂၀ အထိ အင်္ဂါရပ်များနှင့် ပြည့်စုံစွာ သူတပါးက ဆောင်ကြဉ်းပြီးသော မိန်းမကို သူတပါးပိုင်ဟု ပြဆိုထားသဖြင့် ၄င်းအင်္ဂါရပ်များအနက် တခုခုနှင့် ပြည့်စုံလျှင် မိမိ၏ ကာမပိုင် မိန်းမဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။

တနည်းအားဖြင့် အောက်ပါ နည်းလမ်းများဖြင့် မိန်းမတစ်ယောက်ကို မိမိကာမပိုင်မိန်းမအဖြစ် ဆောင်ယူပြီး စိတ်ချလက်ချ ပေါင်းသင်းနိုင်ပါသည်။ (သို့သော် … မိန်းကလေး အလိုမတူလျှင် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။)

၁။ မိဘများထံ ပစ္စည်းတစုံတရာဖြင့် တင်တောင်းခြင်း

၂။ မိမိကို ချစ်ကြိုက်၍ အလိုတူစေခြင်း (မိမိကို ပထမဆုံး ချစ်ကြိုက်သူ မိမိ၏ ရည်းစား၊ အောက်တွင် အကျယ်ရှင်းမည်။)

၃။ မိမိ၏ ဥစ္စာ စည်းစိမ်ကို အပ်နှင်းခြင်း (လစာငွေအပ်ခြင်း)

၎။ အ၀တ်အစား ဆင်ပေးခြင်း (အ၀တ်အစား ၀ယ်ပေးခြင်း)

၅။ မိဘများက လက်ထပ်ပေးလိုက်ခြင်း (လူကြီး သဘောတူလို့ ပေးစားခြင်း)

၆။ ဒေသထုံးစံအရ မိမိပိုင်ဟု ဆုံးဖြတ်ပေးထားခြင်း (အောက်တွင် အကျယ်ရှင်းမည်။)

၇။ ပိုက်ဆံပေး၍ ကာလအပိုင်းအခြားအလိုက် ၀ယ်ယူခြင်း (ကြေးစားမိန်းမကို ငှားရမ်းခြင်း၊ အောက်တွင် အကျယ်ရှင်းမည်။)

ကျွန်ကို မယားအဖြစ်သိမ်းခြင်း၊ အမှုထမ်းကို မယားအဖြစ်သိမ်းခြင်းနှင့် စစ်သုံ့ပန်းကို မယားအဖြစ် သိမ်းခြင်းတို့မှာ မျက်မှောက်ခေတ်တွင် နည်းပါးသဖြင့် မဖော်ပြတော့။

ထေရ၀ါဒ ကျမ်းဂန်များအရ "ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ" ဟု ဆိုထားသဖြင့် မိန်းကလေးတစ်ယောက်၏ ချစ်သူ ရည်းစားသည် အဆိုပါ မိန်းကလေး၏ ကာမပိုင် လင်ယောက်ျားပင် ဖြစ်သည်။ သို့ရာတွင် ယုတ္တိဗေဒဖြင့် စဉ်းစားကြည့်လျှင် ဒွိဟဖြစ်စရာ အခြေအနေ ၂ မျိုးရှိသည်။ ပထမတစ်မျိုးမှာ ရည်းစား အများအပြားရှိသော မိန်းကလေးဖြစ်ပြီး ဒုတိယတစ်မျိုးမှာ အုပ်ထိန်းသူရှိ ပထမ ၈ မျိုးတွင် အပါအ၀င်ဖြစ်နေခြင်း (ဥပမာ မိဘနှင့် အတူနေလျှက် မိမိကို ချစ်ကြိုက်သဖြင့် တနေရာတွင် ပေါင်းဖော်ခြင်း) ဖြစ်သည်။ ပထမတစ်မျိုးအတွက် ရှင်းချက်မှာ လွယ်ကူသည်။ အဆိုပါ မိန်းကလေးနှင့် ပထမဆုံး ပေါင်းဖော်သူ ရည်းစား (ရည်းစားဦး) သည် ၄င်း၏ ကာမပိုင် လင်သား ဖြစ်သဖြင့် ကျန်ရည်းစားများ ကာမေသုမိစ္ဆာစာရကံ ထိုက်သည် (ရည်းစားဦးမှာ ကံမထိုက်)။ ဒုတိယတစ်မျိုးမှာ စာရေးသူ မရှင်းတတ်ပါ။ သို့သော် … အုပ်ထိန်းသူမသိအောင် (ခိုးထွက်၍) ချိန်းတွေ့စဉ်/ခိုးရာလိုက်စဉ် ဖြစ်ပွားသော ကိစ္စတို့မှာ အုပ်ထိန်းသူလက်မှ လွတ်နေချိန်ဖြစ်သဖြင့် ကံမထိုက်ဟု ဆုံးဖြတ်ရမည်ဟု ထင်သည်။ ၄င်းကို ကျမ်းတတ် ဆရာတော်များထံ လျှောက်ထား မေးမြန်း အဆုံးအဖြတ် ခံယူသင့်သည်။

ဒေသထုံးစံအရ ကာမပိုင်ဟု ဆုံးဖြတ်ခြင်းဆိုသည်မှာ အချို့သော ဒေသ၊ ယဉ်ကျေးမှု ထုံးစံတို့တွင် လင်မယားအရာ မြောက်သည်ဟု သတ်မှတ်သော သတ်မှတ်ချက်များရှိသည်။ (ဥပမာအားဖြင့် အချို့ဒေသများတွင် မိန်းကလေး/ယောက်ျားလေးအိမ်ရှေ့တွင် ပန်းအိုး/ဟင်းအိုး ချထားပြီး မိန်းကလေး/ယောက်ျားလေးက ထွက်ယူလိုက်ပါက အကြင်လင်မယားအရာ မြောက်သည်ဟု သတ်မှတ်တတ်သည်။) ၄င်းတို့ကို ဆိုလိုခြင်း ဖြစ်သည်။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ ဟု ဆိုရာတွင် ၄င်းသည် ဗုဒ္ဓဟောကြားစဉ်က ၄င်းဒေသတွင် သတ်မှတ်ထားသော သတ်မှတ်ချက် ဖြစ်မည်ဟု ယူဆသဖြင့် ဒေသထုံးစံအရ ကာမပိုင်ဟု ဆုံးဖြတ်ခြင်းတစ်ရပ် ထည့်သွင်းရခြင်း ဖြစ်သည်။ ဤအချက်ကိုလဲ သေချာစေရန် ဆရာတော်များထံ မေးမြန်းသင့်သည်။

မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ ဟု ကျမ်းဂန်တွင် ဆိုထားသဖြင့် အချို့က ပြည့်တန်ဆာနှင့် ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ယူဆကြသည်။ စာရေးသူ ဤသို့ မယူဆခြင်းမှာ အကြောင်းအချက် ၃ ရပ်ကြောင့် ဖြစ်သည်။

ပထမ အကြောင်းမှာ ၄င်းကို ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ယူပါက သြဒ၀တ္တကိနီဓရ အစရှိသော လူကြီးတို့ ထိမ်းမြားပေးသော မိန်းမ အစရှိသော သူတို့နှင့် သွားလာ ပျော်ပါးခြင်းသည်လဲ ကာမေသုမိစ္ဆာစာရကံ ထိုက်မည်ဟု ယူရမည်ဖြစ်သည် (၄င်းတို့သည် စာရင်းတစ်ခုတည်းတွင် ပါရှိသည်)။ သို့ဆိုလျှင် မည်သည့်နည်းနှင့်မျှ ကာမေသုမိစ္ဆာစာရကံမှ လွတ်ရန် လမ်းမမြင်တော့။ တနည်းအားဖြင့် ကာမေသုနှင့် အဗြဟ္မစရိယာပုဒ် ခွဲခြားရန် မလိုတော့။ ဗုဒ္ဓက ၄င်းတို့ ၂ ခုကို ခွဲခြား ဟောပြခဲ့သဖြင့် ကြေးစားမိန်းမကို ငွေပေး၍ ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရ ကံမမြောက်။

ဒုတိယ အကြောင်းမှာ ဗုဒ္ဓဘုရား သက်တော်ထင်ရှားရှိစဉ်က ဥတ္တရာဆိုသူ ဗုဒ္ဓဘာသာဝင် သောတာပန် အမျိုးသမီးတစ်ယောက်သည် ဘာသာခြားနှင့် အိမ်ထောင်ဖက် ပြုသည်။ ၄င်းသည် ဗုဒ္ဓအမှူးရှိသော သံဃာတော်များကို ဆွမ်းလှူဒါန်း၍ ဥပုပ်သီလ ဆောက်တည်လိုသောအခါ (ဖခင်ထံမှ မုန့်ဖိုးတောင်း၍) ပြည့်တန်ဆာတစ်ယောက် (သီရိမာ) ကို ငှားရမ်းကာ သူ့ယောက်ျားနှင့် ၇ ရက် ပေါင်းဖော်စေပြီးနောက် ဘုရားအမှူးရှိသော သံဃာများကို ဆွမ်းလှူဒါန်း၊ ဥပုပ်ဆောက်တည်သည်။ (၄င်းငှားထားသော ပြည့်တန်ဆာမက သူ့နေရာကို အပိုင်လိုချင်ကာ ၄င်း၏ ခေါင်းပေါ်သို့ ထောပတ်ပူအိုးကို လောင်းချသည်။) အကယ်၍ ပြည့်တန်ဆာနှင့် ပေါင်းဖော်ခြင်းသည် အကုသိုလ်ကံ ဖြစ်မည်ဆိုပါက ဗုဒ္ဓက ဒီအတိုင်း ကြည့်မနေပဲ ချစ်သမီး … ဤသို့ပြုရန်မသင့်၊ နည်းလမ်းမှန်မှာ ဤသို့ဖြစ်သည်ဟု ဟောပြော ဆုံးမမည်ဖြစ်သည်။ ၄င်းကို မတွေ့ရ။

တတိယနောက်ဆုံးနှင့် အခိုင်လုံဆုံး အကြောင်းမှာ ဂုရုဓမ္မဇာတ်ဖြစ်သည်။ ၄င်းဇာတ်တွင် မိုးခေါင်ရေရှားသဖြင့် မိုးရွာမည့်နည်းကို မိုးမှန်သော အိမ်နီးချင်းတိုင်းပြည်သို့ မေးစေရာ တတိုင်းပြည်လုံး ပြည့်တန်ဆာအဆုံး ငါးပါးသီလ မြဲကြကြောင်း သိရသည်။ ပြည့်တန်ဆာသည် အုပ်ထိန်းသူရှိသော မိန်းမ ၂၀ တွင် အမှတ် ၂၀ (ကာမေသုမိစ္ဆာစာရကံ ထိုက်ပါက ယောက်ျားရော မိန်းမပါ ကံထိုက်သည့် အမျိုးအစား) ဖြစ်ပြီး ဤဇာတ်တော်တွင် ပြည့်တန်ဆာသည် ၅ ပါးသီလကို လုံအောင် စောင့်ထိန်းနိုင်သည်ဟု ဆိုခြင်းကြောင့် ပြည့်တန်ဆာနှင့် သွားလာတိုင်း (သွားလာခြင်း သက်သက်ကြောင့်) ကာမေသုမိစ္ဆာစာရကံ မထိုက်ကြောင်း သိသာသည်။ သို့ရာတွင် အဆိုပါ ဇာတ်တော်ပါ ပြည့်တန်ဆာသည် လူတစ်ဦးထံမှ ငွေလက်ခံပြီးလျှင် ၄င်းကို မဖျော်ဖြေပြီးမချင်း အခြားသူများထံမှ ငွေလက်မခံပဲ နေသည် ဟုဆိုခြင်းကြောင့် မိမိအတွက် မိမိကိုယ်တိုင် ငှားရမ်းထားသော သူတပါးနှင့် ကြွေးကျန်မရှိသည့် ပြည့်တန်ဆာနှင့် ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရကံ မထိုက်ဟု စာရေးသူ ဆုံးဖြတ်မိပါသည်။

ဗုဒ္ဓဘာသာ သွန်သင်ဆုံးမချက်များနှင့် နှောင်းလူတို့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့အတွက် ဘာသာရေးကို ခုတုံးလုပ်၊ လိုရာဆွဲပြောသော ဟောပြောချက်များကို ခွဲခြားနားလည်နိုင်ကြပါစေ။

ကိုးကား။ http://sakarwarmyay.blogspot.com/2008/07/blog-post_09.html

http://www.venvicitta.com/2009/04/blog-post_26.html

Sunday, September 13, 2009

အငြင်းအခုန်ကိစ္စ

BLUE SKY FOREST တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

အငြင်းအခုန် ဆိုတာကို ကျွန်တော်တို့မြန်မာတွေက ကောင်းတဲ့သဘောထက် ဆိုးတဲ့သဘော ဒါမှမဟုတ် မကောင်းတဲ့လက္ခဏာဆောင်တဲ့ကိစ္စလို့ ယူဆထားပုံရပါတယ်။ လူကြီး အများစုက ကလေးတွေ အငြင်းအခုန် လုပ်နေရင်မကြိုက်ကြပါဘူး။ မငြင်းခုန်ကြဖို့သတိပေးပါတယ်၊ တားမြစ်ပါတယ်၊ ချိန်းခြောက်ပါတယ်။ တချို့ ဆိုအပြစ်ပေးတဲ့အထိ၊ နာကျင်စေတဲ့အထိတောင် တုံ့ပြန်တတ်ကြပါတယ်။ သူတို့ရဲ့  အဲဒီလိုဆောင်ရွက်မှုကို "ဆုံးမခြင်း" ဆိုတဲ့ခေါင်းစဉ်အောက်မှာ အလွယ်တကူပဲ သူတို့က ထည့်ထားတတ်ကြပါတယ်။ အနိမ့်ဆုံးအဆင့် ကလေးတွေ အငြင်းအခုန်လုပ်တာ သူတို့အတွက် ဆူတယ်၊ နားပူစေတယ်၊ အနှောက်အယှက်ဖြစ်စေတယ်ပေါ့။

နောက်တချက်ကတော့ အငြင်းအခုန်ကနေဖြစ်လာတတ်တဲ့ သဘာဝ (တစ်ခုဖြစ်တဲ့) ရန်ဖြစ်တဲ့ကိစ္စပါ။ အငြင်းအခုန် မလုပ်ခင်ကတော့မိတ်ဆွေ၊ အငြင်းအခုံမှာမပြေလည်ရာက နောက်ပိုင်းမှာ ရန်သူသဘောဆောင်သွားတာတွေကို မလိုလားအပ်တဲ့ကိစ္စလို့ ကျွန်တော်တို့လူကြီးတွေသဘောထားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာဖြစ်တတ်တဲ့ သဘာဝတစ်ခုမို့ မလိုလားအပ်တဲ့ကိစ္စလို့ သဘောထားမယ့်အစား သတိထားသင့်တဲ့ကိစ္စ၊ သတိနဲ့ငြင်းခုန်သင့်တဲ့ကိစ္စလို့ သဘောထားလိုက်ရင် အငြင်းအခုန်ကိစ္စဟာ တိုးတက်မှုတစ်ခုအဆင့်ရောက်သွားပါလိမ့်မယ်။ဲဒီသတိတစ်ချက်မထားမိတာနဲ့ပဲ ငြင်းခုံမှုဟာ လူအများငြိုငြင်စရာကိစ္စ ဖြစ်လာရတယ်လို့ထင်ပါတယ်။ ဒီလိုနဲ့ မြန်မာလူငယ်တွေရဲ့ ငြင်းခုံလိုစိတ်နဲ့ ငြင်းခုန်တဲ့သဘာဝဟာ လူကြီးတွေရဲ အဟန့်အတားအောက်မှာ ကောင်းကောင်းထွန်းကားခွင့်မရခဲ့ဘူးလို့ဆိုပါရစေ။

တကယ်တော့ အငြင်းအခုန်လုပ်တာကို စံနစ်တကျနဲ့ ထွန်းကားလာအောင်လုပ်ပေးဖို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်။ ရန်များတဲ့ကိစ္စ၊ ဆူတဲ့ပူတဲ့ကိစ္စလို့သဘောမထားပဲ အဖြေမှန်တခု ထွက်လာအောင်၊ ပိုကောင်းတဲ့အရာတခု ရလာအောင် အမြင်မတူတာတွေကိုပေါင်းစပ်နိုင်အောင်၊ တဘက်နဲ့တဘက်နားလည်ပေးနိုင်အောင်၊ သဘောထားတတ်လာအောင်၊ မတူညီတဲ့အမြင်ကို တန်ဘိုးထားတတ်လာအောင်၊ အငြင်းအခုံကနေ နှစ်ဘက်အကျိုးအမြတ်ရလာအောင်၊ နည်းမှန် လမ်းမှန်နဲ့ ပြုပြင်ပေးရင်၊ အမျှော်အမြင်နဲ့ ပျိုးထောင်ပေးရင်၊ ဒီအလေ့အကျင့်က ခိုင်မာထွန်းကားလာခဲ့ရင်၊ အသိဥာဏ်ပွင့်လင်းပြီးတိုးတက်တဲ့ ယဉ်ကျေးမှုနယ်ပယ် တခုကိုတည်ဆောက်နိုင်ပါလိမ့်မယ်။

အခုလိုပြောရတာက တိုးတက်ထွန်းကားပြီး ဒီမိုကရေစီနဲ့ ပွင့်လင်းတဲ့လူ့အဖွဲ့ အစည်းတွေဟာ ဒီလိုအလေ့အကျင့်ကောင်းတွေကိုအားပေးကြတယ်ဆိုတဲ့အချက်ကိုအခြေခံပြီးပြောနေတာပါ။ကောင်းကောင်းမွန်မွန်ငြင်းတတ်တယ်ဆိုတာက ယဉ်ကျေးမှုတခုပဲလို့သဘောထားနိုင်ကြဖို့ပါ။လူကြီးတွေကြောင့်အခုလိုဖြစ်ရတာဆိုတဲ့အချက်ကို အငြင်းအခုန်လုပ်ချင်နေတာမဟုတ်ပါဘူး။

ဒါပေမယ့်ငြင်းခုံစရာအချက်တွေပါနေရင် မိတ်ဆွေတို့က ထောက်ပြလာမယ့်အချက်တွေကိုဆက်ပြီး (စာရေးသူ Blue Sky Forest က) ဆွေးနွေးသွားပါ့မယ်။ ဆက်ပြီးငြင်းခုန်နိုင်ကြဖို့ခဏနားလိုက်ပါဦးမယ်။ပြောစရာတွေရှိနေပါသေးတယ်။

Blue Sky Forest

Wednesday, July 15, 2009

မြန်မာစာစနစ်များ၏ နောက်ခံကား

ယခုအခါ ကွန်ပျူတာသုံး မြန်မာစာ စနစ်အမျိုးမျိုး ပေါ်ထွန်းလျှက် ရှိသည်။ ၄င်းစနစ်အသီးသီး၏ ပေါ်ပေါက်လာရခြင်း အကြောင်းရင်းနှင့် သဘောသဘာဝများမှာ တခုနှင့် တခု မတူညီပဲ ကွဲပြားလျှက်ရှိသည်။ Unicode 5.1 တွင် မြန်မာအက္ခရာများ၏ နေရာသတ်မှတ်ချက် တည်ငြိမ်လာပြီဖြစ်ရာ အချက်အလက်များ မျှဝေနိုင်ရန်၊ မြန်မာဘာသာဖြင့် ရေးသားထားသောစာများကို အက္ခရာဝလိစီရန်နှင့် ရှာဖွေနိုင်ရန် ၄င်းနေရာသတ်မှတ်ချက်များအတိုင်း ပြောင်းလဲ သုံးစွဲသင့်ပြီဖြစ်သည်။ လက်ရှိစနစ်များ၏ နောက်ခံကားကို နားလည်သဘောပေါက်မှ ၄င်းစနစ်များအား အသုံးပြုလျှက်ရှိသူတို့ကို Unicode အဆင့်မီစနစ်များသို့ ချောချောမွေ့မွေ့ ပြောင်းလဲနိုင်စေမည်ဖြစ်ရာ ဤစာတမ်းငယ်တွင် လက်ရှိ မြန်မာစာစနစ်များ၏ သဘောသဘာဝကို Information Systems Practitioner တစ်ဦး၏အမြင်မှ ဆွေးနွေးတင်ပြမည် ဖြစ်သည်။

နိဒါန်း

ယခုအခါ ကွန်ပျူတာကို အသုံးပြုရာတွင် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်စသော အနောက်တိုင်း ဘာသာစကားများသာမကပဲ တရုတ်၊ ကိုရီးယား၊ ဂျပန် စသော အရှေ့တိုင်း ဘာသာစကားများဖြင့်လဲ လွယ်ကူစွာ အသုံးပြုနိုင်ကြပြီ ဖြစ်သည်။ ဤကဲ့သို့ မိခင်ဘာသာစကားများဖြင့် ကွန်ပျူတာကို အသုံးပြုနိုင်ရခြင်းမှာ ဘာသာစကားအများအပြား၏ အက္ခရာများကို code-range တစ်ခုအတွင်းတွင် နေရာချထားပေးသော Unicode ခေါ် စံနှုန်းတစ်ရပ်ကို အများသဘောတူ သတ်မှတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ အဆိုပါ စံနှုန်းအတွင်းတွင် မြန်မာအက္ခရာများအတွက် code-range ကို သတ်မှတ်နိုင်ခဲ့သော်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် အသေးစိတ် အကောင်အထည်ဖော်မည့် ပုံစံကို အတည်မပြုနိုင်သေးပဲ ရှိခဲ့သည်။

ယခုအခါ မြန်မာစာ Unicode စနစ်သည် တည်ငြိမ်စ ပြုလာပြီဖြစ်ပြီး ဇော်ဂျီ မြန်မာစာ စနစ်မှာ အခြားဘာသာစကားများနှင့် ယှဉ်တွဲ သုံးစွဲနိုင်သည့် Unicode အစစ်မဟုတ်သော်လည်း အများသုံး (de facto) စံနှုန်းတစ်ရပ် အဖြစ် ရပ်တည်လျှက်ရှိသည်။ ယခင်က သုံးစွဲခဲ့သော ASCII (truetype) font များနှင့် Burglish သုံးစွဲမှုများလဲ ယနေ့တိုင် ရပ်တည်လျှက်ရှိသည်ကို တွေ့ရှိရသည်။ ဤစာတမ်းတွင် 8 bit font များနှင့် burglish အကြောင်းကို ရှေးဦးစွာတင်ပြပြီး အများသုံးဖြစ်သည့် ဇော်ဂျီစနစ်အကြောင်းကို ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။ ထို့နောက် Unicode 5.1 အဆင့်မီစနစ်များအကြောင်းနှင့် ၄င်းတို့ကို အဘယ်ကြောင့် ရွေးချယ်သင့်သည်ကို ရှင်းလင်းရေးသားမည် ဖြစ်ပါသည်။

8 Bit Systems

ယခင်က အင်္ဂလိပ်စာလုံးကဲ့သို့သော လက်တင်စာလုံးများဖြင့် ရေးသားထားသည့် contents များကို ကွန်ပျူတာများ ဝေမျှသုံးစွဲနိုင်စေရန်အတွက် စံအဖြစ် IBM မှ EBCDIC (8 bits) စနစ်နှင့် ASCII (7 bits) စနစ်ဟူ၍ စတင် ပေါ်ပေါက်ခဲ့သည်။ နောက်ပိုင်းတွင် ASCII စနစ်ကို 8 bit သို့ တိုးချဲ့ခဲ့သည်။ နာမည်ကြီး Windows စနစ်များတွင် ASCII စနစ်ကို အသုံးပြုနိုင်ရာ အင်္ဂလိပ်စာလုံးများကို ပုံပြင်ဆွဲ၍ မြန်မာစာလုံးပုံစံ အများအပြား ပေါ်ထွက်ခဲ့သည်။ ၄င်းတို့သည် နည်းပညာရှုထောင့်အရ အင်္ဂလိပ်စာကို ပုံပြောင်းထားခြင်းမျှသာဖြစ်ပြီး မြန်မာဘာသာဖြင့် ရေးသားထားသော အချက်အလက်များကို မြန်မာစာ အက္ခရာစီထုံးဖြင့် အလွယ်တကူ စီ၍မရပေ။ ယခုအခါ ၄င်းတို့ကို ပုံနှိပ်တိုက်များတွင် ကျယ်ပြန့်စွာ သုံးစွဲလျှက်ရှိပြီး CE နှင့် Win-Myanmar ပုံစံတို့မှာ ထင်ရှားသည်။ 

Burglish

မြန်မာနှင့် အင်္ဂလိပ်စာ ရောထွေးရေးသားရန် 16 bit code များ မပေါ်ပေါက်မီက Chat application သုံးစွဲသူအချို့သည် ပြောလိုသော အကြောင်းအရာကို အသံဖလှယ်၍ အင်္ဂလိပ် အက္ခရာများဖြင့် ရေးသားသုံးစွဲကြသည်။ (ဥပမာအားဖြင့် Sar Pee P Lar ? = စားပြီးပြီလား ဖြစ်သည်။) ယနေ့တိုင် မြန်မာစာ ကောင်းစွာ မရိုက်တတ်သူ Chat application အသုံးပြုသူအချို့လဲ ရှိနေဆဲပင် ဖြစ်သည်။ ၄င်းတို့အတွက် အလိုအလျောက် ဘာသာပြန်ပေးသည့် စနစ်အမျိုးမျိုး ပေါ်ထွက်ခဲ့ရာ ၀ိဇ္ဇာစနစ်မှာ ထင်ရှားသော ဥပမာ တစ်ခုဖြစ်ပြီး ဇော်ဂျီနှင့် Myanmar – 3 သို့ ဘာသာပြန်ပေးနိုင်သည်။

ဇော်ဂျီ

နိုင်ငံတကာသုံး စံနှုန်းဖြစ်သည့် Unicode စံနှုန်း (16 bit code) တွင် မြန်မာအက္ခရာများ၏ နေရာ (ခွင်) ကို အတိအကျ သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း စာလုံးများ၏ နေရာနှင့် ဘာသာစကား၏ ရှုပ်ထွေးမှု ပြဿနာများကို ဖြေရှင်းနိုင်ရန် စံသတ်မှတ်ချက် အတိအကျ မရှိသည်မှာ အတော်ပင် ကြာမြင့်ခဲ့သည်။ ဥပမာအားဖြင့် ပြ နှင့် ကြ တွင် ပါဝင်သော ရရစ်မှာ အတူတူပင်ဖြစ်သော်လည်း ၄င်းတို့ကို ပုံဖော်ရန်အတွက် software support (rendering support) လိုသည်။ ၄င်းကို အလွယ်နည်းနှင့် ဖြေရှင်းရန်မှာ code-range ကို ချဲ့ပစ်ရန်ဖြစ်ရာ (ရရစ် ၂ ခုသုံးမယ်၊ code ၂ ခုပေး ဆိုတာမျိုး) ပညာရှင်အချို့က စံနှုန်းမတည်ငြိမ်မီ ကာလအတွင်း ဆေးမြီးတိုအဖြစ် အခြားဘာသာစကားများ၏ code များကို ချေးငှားသုံးစွဲကာ ဇော်ဂျီစာလုံးစနစ်ကို ဖန်တီးခဲ့ကြသည်။

၎င်းသည် ပြဿနာ ၂ ရပ်ကို ဖိတ်ခေါ်လာသည်။ ဇော်ဂျီသည် အင်္ဂလိပ် အက္ခရာများ၏ code ကို မထိသဖြင့် အင်္ဂလိပ်/မြန်မာ တွဲဖက်ရေးသားရာတွင် အဆင်ပြေသော်လည်း ၄င်းချေးငှားထားသော ဘာသာစကားများနှင့် မြန်မာစာကို တွဲဖက်ရေးသားပါက ကွန်ပျူတာအနေနှင့် ချေးသုံးထားသော code များကို မည်သည့် အက္ခရာ (မြန်မာ အက္ခရာ သို့မဟုတ် အခြား အက္ခရာ) အဖြစ် ဖော်ပြပေးရမည်ကို မသိနိုင်ပဲ ဖြစ်လိမ့်မည်။ (ဥပမာ 1E29 သည် 'ḩ' လား၊ Latin Small Letter H with Cedilla လား မသိနိုင်တော့ပေ။) နောက်ပြဿနာတစ်ရပ်မှာ တူညီသော စာလုံးများ ကို code အများအပြားသို့ assign လုပ်ထားသဖြင့် အက္ခရာစဉ် စီရာ (နှင့် searching ရှာရာ) တွင် မလိုလားအပ်သော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေပါသည်။ ဥပမာအားဖြင့် ရရစ်သည် ပြ ဟုရေးရာတွင် တမျိုး၊ ကြ ဟုရေးရာတွင် တမျိုး၊ လုံးကြီးတင်နှင့် တွဲရန်တမျိုး (ပြိ၊ ကြိ) စသဖြင့် code အမျိုးမျိုး ဖြစ်နေသည်။ အမှန်မှာ အက္ခရာ စဉ်ရာတွင် ကြသည် ပြအရှေ့ (ကြိသည် ပြိအရှေ့) ဟူ၍ ရရစ် ၂ မျိုးကို အတူတူ သဘောထားပြီး စီရရာ ဇော်ဂျီစနစ်ဖြင့် ရေးသားထားသော မြန်မာစာများကို အက္ခရာစီနိုင်ရန် ခက်ခဲပါသည်။

ဇော်ဂျီ၏ အဓိက အားနည်းချက် တစ်ရပ်မှာ စာလုံးများ၏ စံပုံစံ မရှိခြင်းပင် ဖြစ်သည်။ တ + -ိ + -ု (တို) နှင့် တ + -ု + -ိ (တို) တို့မှာ ဇော်ဂျီတွင် မတူညီကြပေ။ သို့ဖြစ်၍ ပထမ တို ကို ရှာဖွေရန် ကြိုးစားရာတွင် ဒုတိယ တို ကို ထည့်သွင်း ရှာဖွေခိုင်းပါက ရှာတွေ့မည် မဟုတ်ပါချေ။ တူညီသောစာလုံးများကို ရိုက်ထည့်သော အစီအစဉ် မတူညီခြင်းကြောင့် ကွန်ပျူတာက မတူညီဟု အဖြေထုတ်ပေးခြင်းမှာ လက်ခံနိုင်ဖွယ် အရည်အသွေးတစ်ရပ် မဟုတ်ပေ။ ဇော်ဂျီဖြင့် ရေးသားထားသော မြန်မာစာတို့မှာ တနေ့တခြား တိုးပွားလာနေရာ နောင်တချိန်တွင် ၄င်းတို့သည် ရှာရ၊ ဖွေရခက်သည့် စာအုပ်ပုံကြီးနှင့် အတူတူပင် ဖြစ်လာတော့မည် ဖြစ်သည်။ (အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ အကြောင်းကို ရေးသားသူ တ၀က်က စ + -ိ + -ု + င + -် + -း ဟု ရေးပြီး ကျန်တ၀က်က စ + -ု + -ိ + င + -် + -း ဟု ရေးပါက မည်သို့ ဖြစ်မည်ကို မှန်းဆကြည့်ပါ။) သို့ရာတွင် ရှေးယခင် လက်နှိပ်စက်များကဲ့သို့ပင် သဝေထိုးနှင့် ရရစ်ကို ဗျည်းမရိုက်ခင် ရိုက်ရခြင်း၊ ဗျည်းတွဲများ (ရရစ်ဝဆွဲ၊ ယပင့်ဝဆွဲ စသည်တို့)ကို ခလုတ်တစ်ချက်နှိပ်ရုံနှင့် ရေးသားနိုင်ခြင်းတို့မှာ သုံးစွဲသူတို့ နှစ်သက်ဖွယ်ဖြစ်သည်။

Windows စနစ်အများစုတွင် ဇော်ဂျီစနစ်ဖြင့် မြန်မာစာ ရေးသားရန်အတွက် အခမဲ့ ရရှိနိုင်သော Zawgyi installer application ကို သွင်းလိုက်ရန်သာလိုအပ်ပြီး ဖတ်ရှုရန်အတွက်မူ သာမာန် font တစ်ခု သွင်းသကဲ့သို့ ဇော်ဂျီ font ကို သွင်းလိုက်ရန်သာ လိုအပ်သည်။ ရေးသားရန်အတွက် လက်ကွက်မှတပါး လေ့ကျင့်ရန် မလိုအပ်ပေ။ အသုံးပြုရလွယ်ကူခြင်းကြောင့် ယနေ့တွင် online ပေါ်ရှိ မြန်မာစာအသုံးပြုမှု (blog, forum, chat application) အများစုသည် ဇော်ဂျီ မြန်မာစာ စနစ်ဖြင့် ဖြစ်သည်။

Unicode 5.1 အဆင့်မီ မြန်မာစာစနစ်များ

Myanmar 3 အပါအ၀င် Unicode 5.1 စနစ်သုံး မြန်မာစာစနစ်များသည်လည်း အစိုးရက ထောက်ခံနေလင့်ကစား အားနည်းချက်များ ရှိဆဲပင်ဖြစ်သည်။ ဥပမာအားဖြင့် မောက်ချာ (-ါ) နှင့် ရေးချာ (-ာ) တို့မှာ စာလုံး ၂ လုံးဖြစ်နေသည်။ အက္ခရာစဉ်ရာတွင် ၄င်းတို့ကို အတူတူဟု သဘောထားပြီး စီရသည်။ (ဇော်ဂျီ၏ ရရစ်ကဲ့သို့ပင် မလိုအပ်ပဲ code-range ကို ဖြုန်းတီးသကဲ့သို့ ဖြစ်နေပါသည်။) အသတ် (-်)နှင့် ပုံစံတူသော်လည်း အသတ်နှင့် ဘာမှမဆိုင်သော ရှေ့ထိုး (ဥပမာ ကော် မှ -်) မှာ code မရှိပါ။ တနည်းအားဖြင့်ဆိုသော် Unicode 5.1 သည်လည်း တိုးတက်ပြောင်းလဲဦးမည့် အရိပ်အယောင်များ ရှိနေပါသည်။ သို့ရာတွင် ၄င်းသည် စာရိုက်ရာတွင် သတ်မှတ်ထားသလိုသာ ရိုက်သွင်းရသဖြင့် ဇော်ဂျီကဲ့သို့ တို ၂ မျိုး ဖြစ်နေစရာ မရှိသဖြင့် ဇော်ဂျီထက် ပိုမို တည်ငြိမ်မည်ဟု မျှော်လင့်ရသည်။

ထို့ပြင် Myanmar – 3 ကိုအသုံးပြုရန်အတွက် အနည်းငယ်ရှုပ်ထွေးသော အဆင့်များ လိုအပ်သည်။ Windows စနစ်တွင် ဖတ်ရှုရန်အတွက်လဲ သီးသန့် software များ သွင်းရန် လက်ရှိအချိန်တွင် လိုအပ်ဆဲဖြစ်သည်။ ၄င်းကို အသုံးပြု ရေးသားရန်အတွက် အချိန်အနည်းငယ်ကြာမျှ လေ့ကျင့်ရန် လိုအပ်ပါသည်။

ဘာကိုသုံးရမလဲ၊ ဘာကြောင့် လူများစု မသုံးသေးတာလဲ။

ယနေ့တွင် အစိုးရ၀န်ကြီးဌာနများအားလုံးကို Myanmar-3 ကို အသုံးပြုရန် ညွှန်ကြားထားပါသည်။ ထို့ကြောင့် e-Government စနစ်များကို နောင်အနာဂါတ်တွင် မိတ်ဆက်ခဲ့ပါက Myamar – 3 ကို နိုင်ငံသားတိုင်း မဖြစ်မနေ အသုံးပြုရမည်မှာ သေချာသလောက် ရှိသည်။ ထို့ပြင် Windows စနစ်များတွင် Unicode 5.1 ကို အထောက်အပံ့ပေးပါက ဖတ်ရရေးရခက်သော ပြဿနာမှာ အလိုအလျောက် ပြေလည်သွားမည်ဖြစ်သည်။ (ယခုအခါ KDE သုံး Linux များတွင် Myanmar – 3 ကို ဒီအတိုင်း ဖတ်လို့ရပြီဖြစ်သည်။) ထိုအချိန်တွင် ဇော်ဂျီသည် Myanmar- 3 ထက်ပို၍ ရေးရ၊ ဖတ်ရလွယ်သည်ဆိုသော အားသာချက် မရှိနိုင်တော့ပေ။

အသုံးများသော ဇော်ဂျီမှ Unicode 5.1 သို့ပြောင်းလဲနိုင်ရေးသည် တကယ်တမ်းအားဖြင့် ကွန်ပျူတာ သိပ္ပံ ပြဿနာ တစ်ရပ်မဟုတ်ပါ (အကျယ်ကို လောကအလှနှင့် အင်တာဗျူး ရှု)။ Myanmar – 3 ကို ပြောင်းရမည်မှာလဲ သေချာ၊ ဇော်ဂျီကိုလဲ ကြာရှည် အသုံးပြုရန်လဲ အဆင်မပြေ၊ တစ်ဦးချင်း ပြောင်းရန်လဲ နည်းပညာအရ လွယ်ကူ လျှင်မြန်ပါလျှက်နှင့် ဇော်ဂျီကို လူများစု ဖက်တွယ်ထားကြခြင်းမှာ အကြောင်းရင်း ၂ ရပ်ကြောင့် ဖြစ်သည်။ ပထမ အကြောင်းရင်းမှာ Myanmar – 3 တွင် လက်နှိပ်စက်အတိုင်း ရိုက်မရပဲ လေ့လာသင်ကြားမှု လိုအပ်သောကြောင့် (ဇော်ဂျီ၏ တခုတည်းသော အားသာချက်) ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ လူများစု သုံးစွဲခြင်း မပြုသောကြောင့် အထီးကျန်မည်ကို စိုးရိမ်သည့် လူမှုရေး ပြဿနာဖြစ်ပြီး ပိုမိုအရေးကြီးသည်။

နိဂုံး

ယခုစာတမ်းငယ်တွင် 8 bit font၊ Burglish၊ ဇော်ဂျီနှင့် Myanmar – 3 အစရှိသော မြန်မာစာ စနစ်အမျိုးမျိုး၏ သဘောသဘာဝများကို သိနားလည်မှ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲရန် အစီအစဉ်ကို ကြံဆနိုင်မည်ဖြစ်သဖြင့် ၄င်းတို့၏ ဂုဏ်သတ္တိများကို နည်းပညာနှင့် လူမှုရေး (သမိုင်းကြောင်းနှင့် သုံးစွဲသူများ) ရှုထောင့်များမှ တင်ပြထားသည်။ အဆိုပါ တွေ့ရှိချက်များကို အခြေခံ၍ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲနိုင်ရန် အစီအစဉ်ကို ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေပါသေးသည်။

Tuesday, July 7, 2009

ကျွန်တော်တို့ အကြောင်း

BLUE SKY FOREST တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

၁၈၇၀ခုနှစ်တ၀ိုက်၊ မင်းတုန်းမင်းလက်ထက်မှာ မြန်မာပြည်ရဲ့ လူဦးရေက ဆယ်သန်းလောက်ရှိပါသတဲ့။ ဒါပေမယ့် အဲသည်ခေတ်က အဲ့ဒီလိုမပြောဘူး။ ဘ၀ရှင်မင်းတရားကြီးဟာ ကျွန်တော်မျိုး တကုဋေကို အုပ်စိုးသူဖြစ်တယ်လို့ ပြောရပါသတဲ့။ ပဒေသရာဇ်ခေတ်ဆိုတော့ သိတဲ့အတိုင်းပဲလူတန်းစားသတ်မှတ်ချက်က သိပ်ရှင်းတယ်။ တိုင်းပြည်မှာ ဘုရင်ဟာ “သခင်” ၊ ကျန်တာက “ကျွန်” ။

ဘုရင်နဲ့စကားပြောတဲ့အခါ ကျွန်တော်မျိုး ဘယ်သူ၊ဘယ်ဝါ ပါဘုရားလို့ဆိုရသတဲ့။ အဲဒီတုန်းက နာမည်ရှေ့ မှာ “မောင်”တွေ “မ”တွေသိပ်ရှိလှသေးတာမဟုတ်။ “ကျား” ဆိုရင် “ကျွန်တော်”၊ “မ”ဆိုရင် “ကျွန်မ” ။ “ခင်ဗျား”ဆိုတာကလည်း သခင်၊ဘုရားကလာတာတဲ့။ "ရှင်"ဆိုတာက အရှင်၊သခင်ကလာသတဲ့။ တကယ်တော့ မင်းတုန်းမင်းမတိုင် ခင်ကာလတွေကတည်းက ကျွန်တော်၊
ကျွန်မဖြစ်နေတာပါ။ ဘယ်ခေတ်ကစပြီးသုံးသလဲဆိုတာတော့ မသိဘူး။ သမိုင်းဆရာများက သိပေမပေါ့။ အဲဒီတုန်းက ဘုရင်က “မော့” (မော်ဖူးစေ) ဆိုမှ မော့ကြည့် ရသတဲ့။ သူက မမော့ခိုင်းမချင်း မြေပြင်မှာဝပ်နေပေရော့။ ရှင်ဘုရင်ဆိုသူများပြောပါတယ်။ လူလူချင်းကို။

တိုင်းပြည်မှာဘုရင်က သခင်ဆိုတော့ သူ့ထက်ကြီးတာ ဆင်ပဲရှိတယ်။ ရေမြေ့ သနင်းပြည့်ရှင်မင်း လို့လည်းဆိုသကိုး။ တတိုင်းပြည်လုံး လူတင်မက ရေရော၊မြေရော သူပိုင်တယ်။ ဘာမှမထိနဲ့ မီးပွင့်သွားမယ် ဆိုတဲ့လူမျိုးပေါ့။ တော်တော်မကောင်းတဲ့ခေတ်တွေပါ။ ထားပါတော့။ အခုချိန်ထိ စာရေးသူတို့က “ကျွန်တော်တို့”လုပ်နေကြတုန်းပဲဆိုတာကတော့ စာရှုသူတို့ရေ သိပ်လွန်လွန်း
ပြီထင်သကွယ်။

ပြောင်းလဲမှုက နည်းနည်းလေးပဲရှိတယ်လို့ဆိုရမယ်။ ကျွန်တော်မျိုးတို့ဆိုတာတွေ။ ကျွန်တော်မျိုးကြီး ဘယ်သူပါဆိုတာတွေပျောက်ခဲ့ပြီ။ တကယ်တော့ အခုကိစ္စက ရှေ့ မှာပြောခဲ့ကြသူတွေ များလှပါပြီ။ အထူးအဆန်းလဲမဟုတ်တော့ပါဘူး။ ဒါပေမယ့် ဘာကြောင့်ထပ်ပြောနေရသတုံး ဆိုရင်တော့ ဒီကိစ္စကြီး အဆုံးသတ်စေချင်လှလို့ပါပဲဗျာ။ တော်တော်မမိုက်တဲ့ ကိစ္စပဲ။ ကျွန်ဆိုတာလူဘ၀မှာ အနိမ့်ကျဆုံးအ ခြေအနေမဟုတ်လား။ ဘယ်သူမှ ကျွန်မဖြစ်ချင်ဘူးလေ။

ဒီနေ့ကမ္ဘာဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်မဟုတ်တော့ဘူးလို့ဆိုပေမဲ့ ကျွန်ဘ၀ရောက်နေသူတွေ အနည်းအကျဉ်းရှိနေတုန်း။ ကျွန်အဖြစ်ရောင်းအစားခံနေရသူတွေရှိနေတုန်း။ မြန်မာပြည်မှာ အိမ်ဖေါ်လို့ ခေါ်တဲ့သူတွေရှိနေတယ်။ သူတို့က ကျွန်မဟုတ်ကြပေမယ့်လည်း တော်တော်များများ ကျွန်လိုအဆက် အဆံခံနေတာရှိနေတုန်း။ တချို့ တိုင်းပြည်တွေမှာလည်း
ဒီအခြေအနေမျိုးရှိနေတုန်းပဲ။

ကမ္ဘာမှာက ကျွန်ဘ၀ကလွတ်အောင်၊ ကျွန်ခေတ်ကုန်အောင်၊ ကျွန်ဇတ်သိမ်းအောင် မရေမတွက် နိုင်တဲ့ အသက်တွေပေးပြီးပြောင်းလဲခဲ့ရတာ မဟုတ်လား။ ဘယ်လိုနည်းနဲ့မှ "ကျွန်"ဆိုတဲ့အသံမကြားချင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဆက်ပြီးကျွန်တော်တို့လုပ်နေကြတုန်း။ ဘယ်အထိ ဆက်ကြဦးမှာလဲ။ ဘာကြောင့်ဆက်သုံးဆွဲနေကြသလဲ။ ကောင်းတဲ့ အမွေအနှစ်မှ မဟုတ်ပဲ။ သမိုင်းဆိုးသမိုင်းညစ်တွေကို သိသိကြီးနဲ့ဆက်ပြီးသယ်ဆောင်နေတာ
ဟာ သမိုင်းတာဝန်မကျေတာပဲ။ မကောင်းတာတွေကို ထားခဲ့ကြဖို့ အချိန်တန်ယုံမက လွန်တောင်လွန်နေပြီ။

ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များက ဒီကိစ္စကိုဘာကြောင့်များ အကြာကြီးကြည့် နေရသလဲ။ ပြုပြင်ပြောင်းလဲလို့မရတဲ့ ကိစ္စမဟုတ်။ အင်မတန်ခက်ခဲလှတဲ့ ကိစ္စလည်းမဟုတ်။ ခေတ်ကြီး၊ စနစ်ကြီးကိုပြောင်းပစ်ရတာမှ မဟုတ်ပဲ။ သွေးထွက်သံယိုတော်လှန်ရေးမှ မဟုတ်ပဲ။
ဒီကိစ္စကြောင့် တောခိုရမယ်၊ ထောင်အနှစ် ခြောက်ဆယ်လောက်ကျရမယ်ဆိုတာမျိုးလည်း မဟုတ်နိုင်ပါဘူး။ ဒီမိုကရေစီရရှိရေးမှ မဟုတ်ပဲဗျာ။ ပြောင်းရင် ဖြစ်မယ်ထင်ပါတယ်။

ငယ်စဉ်အခါက။ လူကြီးတွေဆုံးမတဲ့အခါ “နင်” နဲ့ “ငါ” နဲ့ပြောရင်ရိုင်းသတဲ့။ ခင်ဗျား၊ ကျွန်တော်၊ ရှင်၊ ကျွန်မ ဆိုမှ ယဉ်ကျေးပါသတဲ့။ မိတ်ဆွေများခင်ဗျား။ ကျွန်တော်တို့ လူကြီးတွေကို ပြန်ဆုံးမဖို့ လိုပြီထင်ပါတယ်။

ကောင်းကင်ပြာ တောအုပ်

Sunday, June 21, 2009

သရုပ်ပျက်လို့ ပြောသင့်ရဲ့လား

ပိတောက်ရိပ် တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

ငယ်စဉ်က မဂ္ဂဇင်းတစောင်ထဲမှာ ဖတ်ခဲ့ရတဲ့ ကာတွန်းတခုကို ပြက်ပြက်ထင်ထင် မှတ်မိနေသည်။ လေးကွက်ကာတွန်း တစ်ခု။

ပထမတကွက်တွင် ဘောင်းဘီဖင်ကျပ် ၀တ်ဆင်ထားသူ ခေတ်ဆန်ဆန် ဆံရှည်လူငယ်တဦးကို တိုက်ပုံ၊ ပုဆိုး ၀တ်ဆင်ထားသူတဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

ဒုတိယအကွက်တွင် ထိုတိုက်ပုံဝတ်လူငယ်အား ခေါင်းပေါင်း၊ တောင်ရှည်တို့ကို ၀တ်ဆင်ထားသူတစ်ဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

တတိယအကွက်တွင် ထိုတောင်ရှည်ဝတ်လူအား သားရေနံငယ်ပိုင်းကို ၀တ်ဆင်ထားသော ကျောက်ခေတ်လူသား (လက်ထဲတွင် ကျောက်တုံးပုဆိန်ကိုင်ထားသူ)က လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်”ဟု ခေါ်ဆိုနေပုံ ရေးဆွဲထားပြန်သည်။

နောက်ဆုံးအကွက်တွင်ကား ကျောက်ခေတ်လူသားကို လက်ညိုးငေါက်ငေါက်ထိုး၍ “သရုပ်ပျက်”ဟု ခေါ်ဆိုနေသည်မှာ မျောက်ဝံတကောင်ဖြစ်သည်။

ဤကာတွန်းကလေးကို သတိရမိတိုင်း လူတို့၏ ရှေးရိုးစွဲတတ်ပုံ၊ အသစ်အဆန်းကို လက်မခံချင်သည့်စိတ်ဓါတ် စွဲမြဲနေပုံတို့ကို သတိပြုမိသည်။

လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ ကူးလူးရောယှက်ကာ အုတ်အုတ်ကျက်ကျက် လှုပ်ရှားတိုးတက်နေသော လူ့အဖွဲ့အစည်း (Cosmopolitan)တွင် အသစ်အဆန်းကို မြတ်နိုး တန်ဖိုးထားကာ လွယ်လင့်တကူ လက်ခံတတ်ကြသလောက် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်ကာ အထီးကျန်ဆန်နေသော လူ့အဖွဲ့အစည်းတွင် အသစ်အဆန်းကို လက်ခံရန် တွန့်ဆုတ်တတ်ကြသည်။ ခေတ်နောက်ပြန်ဆွဲချင်ကြသည်။ မိမိ မိရိုးဖလာ လက်ခံကျင့်သုံးလာသော ဓလေ့ထုံးတမ်းတို့နှင့် မကိုက်ညီသော၊ ခွဲထွက်သော အတွေးအခေါ်၊ အပြုအမူတို့နှင့် သစ်ဆန်းသော အရာမှန်သမျှကို အလွယ်တကူ လက်မခံရုံမက ပြစ်တင်ရှုံ့ချတတ်သော သဘောရှိသည်။ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ကျင့်ကြံခြင်းကို မြင့်မြတ်သည်၊ ယဉ်ကျေးသည်၊ ကောင်းမွန်သည်ဟု အထင်ရှိတတ်ကြသည်။

သတိပြုရန်မှာ မြန်မာပြည်တွင် တချိန်က သရုပ်ပျက်ဟု ခေါ်ဆိုခဲ့သော တေးဂီတ၊ ၀တ်စားဆင်ယင်မှုတို့သည် ယနေ့ လူကြီး၊ လူငယ်အားလုံး လက်ခံနေကြပြန်သည်ဆိုသည့် အချက်ဖြစ်သည်။

လူတို့၏ စိတ်နေသဘောထားကို အ၀တ်အစား၊ အဆင်အပြင်ကို ကြည့်ရှု၍ ဆုံးဖြတ်ရန်မသင့်ဟူသော အချက်ကို လက်ခံပါက လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသည့် စကားပမာ လူတို့၏ ကွဲပြားခြားနားသော အကြိုက်တရားကို နားလည်လက်ခံနိုင်၍ (တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားမှုဖြင့်) ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရန်သာ ကြိုးပမ်းသင့်သည်။

လွတ်လပ်သောလူ့အဖွဲ့အစည်းများတွင် မိမိ၏ အကြိုက်တရားကို စံတခုသဖွယ် ရှေ့တန်းတင်လျက် လူတိုင်းကို လိုက်နာကျင့်သုံးစေရန် မပြုကျင့်ကြ။ အဘယ်ကြောင့်ဆိုသော မိမိအကြိုက်တရားသည်သာ အမှန်ကန်ဆုံး၊ အမြင့်မြတ်ဆုံး၊ အယဉ်ကျေးဆုံးဟု သဘောမထားကြသောကြောင့်ပင်တည်း။ အကြိုက်တရားဟူသည် မတူညီနိုင်ကြဟူသော အချက်ကို လက်ခံကြသောကြောင့်ပင်တည်း။ မိမိမျက်စိထဲတွင် ကျက်သရေရှိလှသည်ဟု ထင်သောအရာတခုသည် အခြားလူတဦး၏ မျက်စိတွင် ထော်လော်ကန့်လန့် နိုင်သော အရာတခုလည်း ဖြစ်နေနိုင်သောကြောင့်ပင်တည်။

ကိုယ့်ကျင့်တရားနှင့် ပတ်သက်လျှင်သာ စံချိန်စံညွှန်းများ ထားရှိရန် လိုအပ်မည်ဖြစ်သော်လည်း ယဉ်ကျေးမှု(Culture) နှင့်ပတ်သက်၍ကား စံချိန်စံညွှန်းများကို လူတိုင်းအပေါ်တွင် အာဏာတည်သက်ရောက်စေရန်မသင့်။ အမှန်စင်စစ်တွင်မူကား ယဉ်ကျေးမှုတို့သည် ခေတ်ကာလ၊ လူတို့၏ အတွေးအခေါ်၊ အကြိုက်တရား၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ တိုင်းတပါးနှင့် ကူးလူးရောယှက်ဆက်ဆံရေး အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်၍ အစဉ်သဖြင့် တိုးတက်ပြောင်းလဲနေသည်။

ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံနေသမျှ ကာလပတ်လုံး ယဉ်ကျေးမှုကို ခေတ်ကာလအပိုင်းအခြားတခုတွင်သာ မူသေ ရပ်တည်နေစေရန် မည်သူမျှ စွမ်းဆောင်နိုင်ကြမည်မဟုတ်ချေ။ စွမ်းဆောင်ရန် ကြိုးစားသူများအဖို့လည်း အနှေးနှင့် အမြန်ဆိုသလို ရှုံးနိမ့်မှုကိုသာ မုချကြုံတွေ့ကြရပေမည်။

ကိုပေါ

Thursday, June 4, 2009

လောကအလှ အွန်လိုင်း မဂ္ဂဇင်းပါ အင်တာဗျူးများအား ပုံနှိပ်ဖော်ပြခြင်းနှင့် စပ်လျဉ်း၍

မြန်မာနိုင်ငံတွင် စီးပွားဖြစ် ပုံနှိပ်ထုတ်ဝေလျှက်ရှိသော Personal Computer မဂ္ဂဇင်းသည် လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဦးရဲမြတ်သူ၊ မှော်ဆရာ၊ သင်ကာနှင့် စာရေးသူ လောရှည်တို့နှင့် မြန်မာစာလုံးစနစ်များအကြောင်း ဆွေးနွေးခန်း (အင်တာဗျူး) များကို လောကအလှ မဂ္ဂဇင်းနှင့် သက်ဆိုင်ရာ ပညာရှင်များကို ခွင့်တောင်းခြင်းမရှိလဲ မရှိ၊ မည်သည့်နေရာမှ ရယူပါသည်ကို နည်းမှန်လမ်းမှန် ကိုးကားခြင်းလဲ မရှိပဲ (မေးခွန်းများကို ဖြုတ်ပြီး အဖြေများကို ၏၊ သည်မရွေး ကူးယူကာ) ပြန်လည်ဖော်ပြခဲ့သည်ဟု ကြားသိရပါသည်။ (ရည်ညွှန်း http://blog.mghla.com/2009/06/blog-post.html)

စာရေးသူအနေနှင့် အဆိုပါ အင်တာဗျူးကို ဖြေဆိုစဉ်က လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြရန်နှင့် အခြားပုံနှိပ်နှင့် အီလက်ထရွန်နစ် မီဒီယာများတွင် ထပ်ဆင့် ဖော်ပြနိုင်ရန် ခွင့်ပြုပေးနိုင်သော အကန့်အသတ်ရှိ အခွင့်အရေးများ (limited rights) ကိုသာ လောကအလှအား ပေးအပ်ခဲ့ပါသည်။ တစိတ်တပိုင်းကိုသော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း ပုံနှိပ်ထုတ်ဝေခွင့်၊ အခကြေးငွေနှင့် ရောင်းချခွင့်၊ ပုံနှိပ်ခွင့်ကို ပေးနိုင်သောအခွင့် စသည်တို့ အပါအ၀င်- အဆိုပါ အင်တာဗျူးနှင့် ပတ်သက်သော အခြားအခွင့်အရေး (rights) အားလုံးကို စာရေးသူနှင့် အင်တာဗျူးမေးမြန်းသူ ပူးတွဲ ပိုင်ဆိုင်ကြောင်း ပဋိဥာဉ်ထားခဲ့ပါသည်။

သို့ဖြစ်၍ စာရေးသူနှင့် အင်တာဗျူး မေးမြန်းသူ ပူးတွဲပိုင်ဆိုင်သော စာသားနှင့် အကြံဥာဏ်များကို ကြိုတင် ခွင့်ပြုချက် လုံးဝ မရယူပဲ ပုံနှိပ်ဖော်ပြကာ အခကြေးငွေနှင့် ဖြန့်ဖြူးရောင်းချခြင်းတို့အတွက် Personal Computer မဂ္ဂဇင်းနှင့် အယ်ဒီတာအဖွဲ့ကို ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အဆိုပါဖြစ်ရပ်အတွက် နစ်နာခဲ့ရသူ အားလုံး (စာရေးသူ၊ အင်တာဗျူး မေးမြန်းသူနှင့် စာဖတ်ပရိသတ်အပါအ၀င်) ကို ချွင်းချက်မရှိ ၀န်ချတောင်းပန်ရန် တောင်းဆိုကြောင်း ကြေငြာအပ်ပါသည်။

အင်တာနက်မှ ကူးယူခြင်း၏ နောက်ဆက်တွဲ ကျင့်ဝတ်ချိုးဖောက်မှုများ

လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသောကြောင့် မူရင်းရေးသားသူနှင့် အယ်ဒီတာအဖွဲ့ခွင့်ပြုချက်ဖြင့် မူရင်းအာဘော်အတိုင်း (အနည်းငယ် တည်းဖြတ်၊ ဖြည့်စွက်ကာ) ပြန်လည်ဖော်ပြပါသည်။

အခုတလော ဘလော့ဂ်တွေပေါ်မှ စာတွေ၊ ဆောင်းပါးတွေ၊ ရုပ်ပုံတွေကို အခြားသူများက ကူးယူပြီး မိမိ ကိုယ်တိုင် ဖန်တီးထားသယောင် ပြုလုပ်တာတွေ အကြောင်း ဟိုတစ်စ ဒီတစ်စ အသံတွေ ကြားနေရပါတယ်။ (ရည်ညွှန်း http://blog.mghla.com/2009/06/blog-post.html, http://nineninesanay.blogspot.com/2009/05/people.html) ပြည်တွင်း စာနယ်ဇင်း အချို့ က အွန်လိုင်းပေါ်မှ ဘလော့ဂ်များပေါ်မှာ စာများကို ကူးယူကာ မိမိတို့ ကလောင်အမည်တပ်ကာ ပုံတူကူးချမှုများကို မကြာခဏ ကြုံတွေ့နေကြရပါတယ်။

အွန်လိုင်းပေါ်မှာ စာရေးတယ်ဆိုတာက အခမဲ့ ဖြန့်ဝေခြင်းပါပဲ။ ဒီလို အခမဲ့ဖြန့်ဝေနေတဲ့အတွက် အခမဲ့ ကူးယူခွင့်ရှိပါသလား ဆိုတဲ့ မေးခွန်းမျိုး စိတ်မှာ ဖြစ်ပေါ်လာရပါတယ်။ စာရေးတယ်ဆိုတာက မိမိရေးတဲ့စာကို ဖတ်ကြတယ်ဆိုရင် ကျွန်မတို့ရဲ့  စာရေးရခြင်း ရည်ရွယ်ချက် အောင်မြင်သွားတာပါပဲ။ ဒါထက်ပိုလို့ ကိုယ်ရေးတဲ့စာဟာ စာဖတ်သူအတွက် တစုံတရာ အကျိုးကျေးဇူး ရရှိသွားမယ်ဆိုရင် စာရေးသူရဲ့  စာရေးရခြင်း ရည်ရွယ်ချက် ပိုမိုအောင်မြင်တာပါပဲ။

မိမိရေးလိုက်တဲ့စာ၊ အခမဲ့ မျှဝေထားတဲ့စာကို သူတပါးက အခမဲ့ ကူးယူပြီး ထိုစာကို သူတစ်ပါး၏ အတွေးအခေါ် ဥာဏ်ပညာတို့ အတွက် တစုံတရာ အကျိုးရှိအောင် သုံးတယ်ဆိုရင် မည်သည့် စာရေးသူ မဆို ၀မ်းမြောက်ပျော်ရွှင်ကြမှာပါပဲ။ ဒါပေမယ့် ကျွန်မတို့က စာဖတ်သူတွေကို အခမဲ့ ဖြန့်ဝေသော်လည်း ကျွန်မတို့ရဲ့  စာမူများကို ကူးယူပြီး စာဖတ်သူများထံ အခကြေးငွေဖြင့် ဖြန့်ဖြူးရောင်းချမယ်ဆိုရင်တော့ စာရေးသူ တစ်ယောက်က ဘယ်လို ခံစားရမယ်ဆိုတာ ကျွန်မတို့ စာရေးသူ ဖန်တီးသူ အချင်းချင်း နားလည် ကိုယ်ချင်းစာနိုင်ပါတယ်။

စာတစ်ကြောင်း၊ ကဗျာတစ်စ၊ သီချင်းတစ်ပိုဒ်ကို ရေးစပ်လျှင်၊ ရေးဖွဲ့လျှင် ထိုသီချင်းတစ်ပိုဒ်၊ စာတစ်ကြောင်း၊ ကဗျာတစ်စဟာ ဖန်တီးသူ၊ ရေးစပ်သီကုံးသူရဲ့  မူပိုင် အလိုလို ဖြစ်သွားပြီးသားပါ။ မူပိုင်ခွင့် မှတ်ပုံတင်ထားသည် ဖြစ်စေ ၊ မတင်ထားသည်ဖြစ်စေ၊ စာတစ်ကြောင်းကို ရေးလိုက်တယ်ဆိုတာနဲ့ အဲဒီ စာတစ်ကြောင်းဟာ ဖန်တီးသူရဲ့ မူပိုင်ခွင့် အလိုလို ကာကွယ်ပြီးသားဖြစ်တယ်ဆိုတာကို World Intellectual Property Organization က ဆိုထားပါတယ်။

ကိုးကား။ ။ http://www.wipo.int

အင်တာနက်ပေါ်မှာ ရေးသားတဲ့ ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင် ဖန်တီး ရေးသားမှုများကရော မူပိုင်ခွင့်ရှိပါသလားဆိုတဲ့ အမေးကို www.lawfirms.com က အောက်ပါ အတိုင်း ဖြေကြားထားပါတယ်။

Q. Are my original ideas and written works protected if they are on the internet?

A. Yes, they are protected to a certain extent. If you want to ensure that they are safe, you should file for copyright and post that copyright notice along with those works. However, your intellectual property is still protected – even if you do not actually file for a copyright.

မူပိုင်ခွင့် မှတ်ပုံတင်ထားစရာမလိုဘဲ စာရေးသားလိုက်တာနဲ့ ကိုယ်တိုင်ဖန်တီးသူသာ မူပိုင်ဖြစ်ကြောင်းကို အလိုလို မူပိုင်ခွင့် ကာကွယ်ပြီးသား ဖြစ်ပါတယ်။ အမေး၊ အဖြေ အပြည့်အစုံကို ဒီမှာ www.lawfirms.com/resources/intellectual-property/intellectual-property-faq.htm ဖတ်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံမှ လူအများစု လွဲမှားစွာ ထင်မြင်နေကြတာ တစ်ခုက အင်တာနက်ပေါ်မှာ ရှိတဲ့ အရာတွေဟာ အလကား ယူလို့ ရတယ်လို့ ထင်နေတာပါပဲ။ အင်တာနက်ပေါ်မှာ တင်ထားတဲ့အရာမှန်သမျှဟာ အခကြေးငွေပေးပြီး ဖတ်စရာမလိုဘဲ ၊ အခမဲ့ ဖတ်ရှုနိုင်ခြင်းကြောင့် အလကားရယူနိုင်တယ်ဆိုတာမျိုး သဘောပိုက်ထားကြပါတယ်။ website (ဥပမာ ယခု စာရှုသူဖတ်နေသော စာများပါသော web page များစုစည်းရာ) တစ်ခုကို ရရှိဖို့ အတွက် domain (ဥပမာ www.lawshay.com) ဆိုတာ အလကား မရပါဘူး။ ထို web site ကို အင်တာနက်ပေါ်မှာ တင်ထားဖို့ အတွက် hosting service ဆိုတာကိုလဲ အလကား မရရှိပါဘူး။ domain အမည်ကို ၀ယ်ယူမှတ်ပုံတင်ရပါတယ်။ hosting ၀န်ဆောင်မှုကို ၀ယ်ယူရပါတယ်။ ဒါဟာ website ဖန်တီးသူတွေဘက်က အခကြေးငွေပေးရခြင်းပါ။ website ကို ဖတ်ရှုသူတွေ အနေနဲ့ကတော့ (အင်တာနက်လိုင်းကြေးနှင့် အချိန်မှတပါး) အခကြေးငွေ ပေးစရာမလိုတဲ့အတွက် website ပေါ်မှာ ပါဝင်တဲ့ အရာတွေဟာ အခမဲ့၊ အလကားရတယ်လို့ စေတနာကို လွဲမှားစွာ ယူဆကြပါတယ်။ domain အမည်၊ hosting နေရာ ဟာ သူ့ အလိုလို အလကား မရရှိပါဘူး။ မှတ်ပုံတင်ပြီးတော့ ၀ယ်ယူမှသာလျှင် ရရှိပါတယ်။

copy and paste ဆိုတာ သိပ်ကို လွယ်ကူပါတယ်။ စက္ကန့်ပိုင်းမျှသာ ကြာတဲ့ အချိန် အခိုက်အတန့်လေးမှာ ကူးယူခြင်း ဖြစ်မြောက်နိုင်မှာပေမယ့် အဲဒီ စာများကို ရေးသား ဖန်တီးသူ ကတော့ စက္ကန့်ပိုင်းလေး အချိန်မှာ ရေးသားဖန်တီးခဲ့ခြင်း မဟုတ်ခဲ့ပါဘူး။ သူ့ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်၊ သူရှာမှီးထားတဲ့ ဗဟုသုတများ၊ လေ့လာ သင်ယူထားမှုများကို စုဆောင်းထားတဲ့ အတွေးအခေါ်၊ ပညာရပ် စသည်တို့ကို စာဖတ်သူတို့က တခဏအတွင်း ကူးယူနိုင်လိုက်တာ သူ့ စေတနာပါ။ စာပေ ရေးသားသူရဲ့  မူပိုင်ခွင့် အခွင့်အရေးဆိုတာ မူလပိုင်ရှင်ရဲ့  မူပိုင်ခွင့်အခွင့်အရေးနဲ့ ထပ်တူပဲဆိုတာကို PRIVATE INTERNATIONAL LAW AND INTELLECTUAL PROPERTY RIGHTS ၊ A COMMON LAW OVERVIEW က Ownership and Commercial Dealings အပိုင်းမှာ အောက်ပါအတိုင်း ဆိုထားပါတယ်။

Accordingly, because "the essence of an intellectual property right is the owner's right to take action to prevent others from engaging in certain types of activity in a given territory,"

တပါးသူ ဖန်တီး ရေးသားထားတဲ့ စာများကို ကူးယူပြီး ပုံနှိပ်ကာ ဖော်ပြ ရောင်းချခြင်းဟာ စာနယ်ဇင်း ကျင့်ဝတ်ကို ချိုးဖောက်တာပါ။ စာနယ်ဇင်းတစ်ခုမှာ အယ်ဒီတာဟာ အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အယ်ဒီတာ တစ်ဦးရဲ့  တာဝန်က ကြီးမားလှပါတယ်။ စာမူတစ်ခု ရောက်လာလျှင် ထိုစာမူဟာ နိုင်ငံရေး ပတ်သက်ငြိစွန်းမှု ရှိ/မရှိ၊ အခြား နေရာများမှ ကူးယူထားခြင်း (plarigism) ရှိ/မရှိကို အယ်ဒီတာက စိစစ်ရပါတယ်။ (အခြားနေရာများမှ ကူးယူပြီး မိမိပိုင်နှင့် ဆင်တူယိုးမှားပြုလုပ်ခြင်း - plarigism - ဆိုသည်မှာ နိုင်ငံတကာ တက္ကသိုလ်များတွင် ပေးအပ်ပြီးသား ဘွဲ့ကိုပင် ပြန်သိမ်းနိုင်သည်အထိ ကြီးလေးသော စာရိတ္တရေးရာ ပြစ်မှုကြီးဖြစ်သည်။) ဘာသာပြန်ထားသော စာမူများ၊ ကိုးကားရေးသားထားသော စာမူများမှာ ကိုးကားချက်နှင့် ဘာသာပြန်ဆိုမှုကို ၀န်ခံချက်များ ပါရှိခြင်း ရှိ/မရှိကို သေချာစွာ စစ်ဆေးရပါတယ်။ အယ်ဒီတာ တစ်ဦးဟာ စာပေကို နှံ့စပ်ရပါတယ်။ ဗဟုသုတ ကြွယ်ဝရပါတယ်။ တကယ်လို့များ အယ်ဒီတာတစ်ဦးဟာ သိမြင် နှံ့စပ်ခြင်း မရှိဘူးဆိုလျှင် စာမူရှင်များပေးပို့တဲ့ စာမူများဟာ ကိုယ်ပိုင်ဖန်တီးမှုလား၊ ကူးချပေးပို့မှုလား၊ ဘာသာပြန်ဆိုမှုလား၊ ကိုးကားချက်လားဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။ အယ်ဒီတာ တစ်ဦးဟာ ယနေ့ခေတ်ပေါ် နောက်ဆုံးပေါ် ကမ္ဘာ့သတင်းတွေကို သိရပါတယ်။ စာပေကိုလည်း မိမိအကြိုက်တစ်မျိုးတည်းသာ မဟုတ်ဘဲ လိုင်းစုံအောင် လေ့လာထားရ့ပါတယ်။ ဒါမှသာ စာမူရှင်များဘက်မှ ထည့်သွင်းရေးသားခြင်းမပြုမိတဲ့ ၀န်ခံချက်များကို အယ်ဒီတာက ထည့်ပေးနိုင်ပါတယ်။

စာမူရှင်များဘက်မှ အင်တာနက်ပေါ်ကနေ ကူးယူမှုများကို စာမူအဖြစ် ပေးပို့ခဲ့သည် ရှိသော် အယ်ဒီတာ မရွေးချယ်မီကာလမှာ စာမူရှင်၏ တာဝန်ဖြစ်သော်လည်း အယ်ဒီတာက စာမူကိုရွေးချယ်ပြီးနောက် အယ်ဒီတာ့လက်ထဲ ရောက်ရှိနေချိန်မှာ အယ်ဒီတာ၏ တာဝန်သာ ဖြစ်ပါတော့တဲ့အတွက် စာမူများကို မရွေးချယ်မီမှာ အယ်ဒီတာဟာ သေချာစွာ ဖတ်ရှု စိစစ်ရပါတယ်။ အယ်ဒီတာတစ်ဦး၏ ကျင့်ဝတ်၊ တာဝန်နှင့် အခန်းကဏ္ဍမှာ စာနယ်ဇင်းတစ်ခုရဲ့  ပင်မ အသက်ဖြစ်ပါတယ်။

အင်တာနက်ပေါ်မှာ သူတစ်ပါးရေးသား ဖန်တီးမှုများကို ကူးယူကာ ပုံနှိပ်ဖော်ပြ ရောင်းချခြင်း ၏ နောက်ဆက်တွဲများအတွက် အယ်ဒီတာမှာ များစွာတာဝန်ရှိသလို၊ ကူးယူဖော်ပြသူဟာလည်း စာရေးဆရာတစ်ဦး၏ ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်း ဖြစ်ပြီး ပုံနှိပ်ဖော်ပြသူ စာနယ်ဇင်းမှာလည်း စာနယ်ဇင်း ကျင့်ဝတ်ကို ချိုးဖောက်ခြင်း ဖြစ်တာကြောင့် ဒီလို အင်တာနက်ပေါ်မှ ကူးယူမှုများဟာ သေးငယ်တဲ့ ကိစ္စ မဟုတ်ဘဲ ကျင့်ဝတ်များနှင့် သက်ဆိုင်သော၊ လူတစ်ဦးချင်း၏ စာရိတ္တ (morality) နှင့်သက်ဆိုင်သော အတိုင်းအတာ တစ်ခု ဖြစ်တဲ့အတွက် အလွန် အရေးကြီးပြီး ဂရုပြုရမယ့် ကိစ္စ၊ အကြောင်းအရာ တစ်ခု ဖြစ်ပါတော့တယ်။

ဟနစံ

Sunday, April 5, 2009

ရွှေရတနာ ... ညာတယ်။

အရင်တပါတ်က Peninsular Plaza ကိုရောက်ခဲ့စဉ်က Phone Card ၀ယ်ရန်ရှိသဖြင့် ရွှေရတနာ အမည်ရှိသော ဆိုင်သို့ ရောက်ခဲ့ပါသည်။ စာရေးသူ သုံးနေကျ အမျိုးအစားမှာ Sun Page တံဆိပ် ဖြစ်သဖြင့် ၄င်းကို မေးဝယ်ရာ ကောင်တာတွင်ထိုင်နေသော အသက် ၄၀ ကျော် ၅၀ ပတ်ဝန်းကျင် အဒေါ်ကြီးက မလာတော့ကြောင်း ဖြေပါသည်။ သို့ဖြစ်သဖြင့် အလားတူ Card ရှိသလားဟုမေးရာ Sea Lion ရှိကြောင်း ဖြေပါသည်။

ဒီနေရာတွင် စာရေးသူတို့ အဘယ်ကြောင့် Card တွေ ၀ယ်နေရကြောင်း စင်ကာပူရှိ Telephone Operator များအကြောင်း အနည်းငယ် ရှင်းပြလိုပါသည်။ စင်ကာပူတွင် SingTel၊ Star-Hub၊ M1 ဟူသော Phone Operator ကြီး ၃ ခုရှိပါသည်။ မြို့တွင်းခေါ်ဆိုခမှာ တမိနစ်ကို ၇ ဆင့်မှ ၂၀ ဆင့်ခန့်အတွင်း မိမိချုပ်ဆိုထားသော စာချုပ် (လစဉ်ကြေး) ပေါ်မူတည်ပြီး ကောက်ခံပါသည်။ စာချုပ်အများစုမှာ အ၀င်ခေါ်ဆိုမှုကို အသုံးပြုခ ကောက်ခံခြင်း မရှိပါ။

အင်တာနက်မှ ဖုန်းခေါ်ဆိုမှု (VOIP) နည်းပညာ ခေတ်စားလာသောအခါ ပုဂ္ဂလိက လုပ်ငန်းအချို့က အဆိုပါ Operator ကြီးများထံမှ ဖုန်းခေါ်ဆိုခွင့်ကို ဈေးသက်သက်သာသာနှင့် ၀ယ်ယူပြီး Call-back Card များဖြင့် ပြန်လည် ရောင်းချတတ်ပါသည်။ အဆိုပါ Card များအလုပ်လုပ်ပုံမှာ ပထမ မိမိ ဖုန်းမှနေ၍ ၄င်းလုပ်ငန်းတို့၏ ဖုန်းကို ပထမ ခေါ်ရပါသည်။ ၄င်းတို့က မကိုင်ပဲ လိုင်းဖြတ်ချလိုက်ပါမည်။ (ထိုအခါ အထွက်ခေါ်ဆိုမှု အတွက် ပိုက်ဆံ ပေးရန်မလိုတော့ပါ။) ၄င်းတို့က ပြန်ဆက်လာသောအခါ မိမိ ခေါ်ဆိုလိုသော တယ်လီဖုန်း အမှတ်ကို တတီတီမြည်အောင် ဖုန်းခလုတ်များတွင် ရိုက်ထည့်ခြင်းဖြင့် ဆက်သွယ်ပေးပါသည်။ တမိနစ်ကို ၂ ဆင့်မှ ၅ ဆင့်အတွင်းသာ ကျသင့်သဖြင့် အလွန် သက်သာသော နှုန်းထားဖြစ်ပါသည်။

စာရေးသူ အသုံးပြုနေကျ Sun-Page Card အလုပ်လုပ်ပုံမှာ ပိုမို ကောင်းမွန်ပါသည်။ VOIP လုပ်ငန်းများမှ ဖုန်းပြန်ဆက်လာသောအခါ မိမိခေါ်လိုသော တယ်လီဖုန်း အမှတ်ကို ရိုက်သွင်းစရာမလိုအောင် ပြုလုပ်ထားပါသည်။ ဥပမာအားဖြင့် စာရေးသူခေါ်ဆိုလေ့ရှိသော သူငယ်ချင်း ၃ ယောက်အတွက် သီးသန့် ဖုန်းအမှတ် ၃ ခု စာရေးသူကို ပေးထားပါသည်။ အဆိုပါ ဖုန်းအမှတ်များကို ခေါ်လျှင် လိုင်းဖြတ်ချပြီး စာရေးသူ၏ သူငယ်ချင်းနှင့် ဆက်သွယ်ပေးရန် ဖုန်းပြန်ခေါ်လာပါသည်။ တမိနစ်ကို ၃ ဆင့်လျော့လျော့ခန့်ကျသော်လည်း (၂ ဆင့်ထက် ပိုများတာပေါ့နော်) သုံးစွဲရသည်မှာ Style ပိုကျပါသည်။ သို့ဖြစ်၍ ၄င်းကဒ်နှင့် အလားတူကို မေးဝယ်ခြင်း ဖြစ်သည်။

အဆိုပါ အဒေါ်ကြီးမှ စာရေးသူအား (တမိနစ်လျှင် ၃ ဆင့်အတိအကျ ကျသင့်သော) Sea Lion သုံးရန် အကြံပေးပါသည်။ စာရေးသူက ဖုန်းနံပါတ် မှတ်ထားပေးသလားဟု မေးရာ မှတ်ထားပေးသည်ဟု ဖြေပါသည်။ ၄င်းနားမလည်မည်စိုးသဖြင့် ခေါ်နေကျ နံပါတ်တွေကို မှတ်ထားပေးပြီး ခေါ်လိုက်တာနှင့် ပြန်ဆက်ပေးတာလားဟု ထပ်မေးပါသည်။ မှတ်ထားပေးသည်ဟု ဖြေပြန်ပါသည်။ ပိုသေချာစေချင်သဖြင့် သူပြန်ဆက်လာရင် ကျွန်တော် ဖုန်းနံပါတ်နှိပ်ရသလားဟု ထပ်မေးရာ စိတ်မရှည်ဟန်နှင့် မနှိပ်ရဟု ဖြေသည်။ စာရေးသူ ၀ယ်လိုက်ပါသည်။

အမှန်မှာ အဆိုပါ Sea Lion Card သည် စာရေးသူ အသုံးပြုနေကျ Sun Page ထက် ဈေးပိုကြီးရုံမျှမက ဖုန်းနံပါတ်ကို မှတ်ထားပေးခြင်းလဲ မရှိပါ။ အဆိုပါ Card တခုရောင်းလျှင် ဆိုင်မှရသောအမြတ်မှာ စင်ကာပူ ဒေါ်လာ ၁ ဒေါ်လာထက် မပိုပါ။ (အများအားဖြင့် ပြားစွန်းသာ စားရပါသည်။) ဘာမဟုတ်သော အမြတ်အတွက် စာရေးသူကို လိမ်ညာသည်ကို ဒေါသလဲ ထွက်၊ ရှက်လဲ ရှက်မိပါသည်။

တနပ်စား အကြံဖြင့် လိမ်ညာခြင်းသည် ရေရှည်တွင် အကျိုးအမြတ် မရှိရုံမျှမက ဖောက်သည်လဲ ဆုံးရှုံးသဖြင့် လုပ်ငန်းအတွက် အဆိပ်အတောက်ပင် ဖြစ်နိုင်ပါသည်။ နိုင်ငံရပ်ခြားတွင် မြန်မာတွေ စုတဲ့နေရာဟု ပြောစမှတ်ဖြစ်နေသော ကုန်တိုက်ကြီးအတွင်းရှိ မြန်မာဆိုင်က တနပ်စား လိမ်နေ၊ ညာနေသည်ကို နိုင်ငံခြားသားများ သိရှိသွားပါက မြန်မာတွေဟာ ဒီလိုပဲ တနပ်စား လုပ်တတ်တယ်ဟု ထင်မှတ်သွားနိုင်ပါသည်။ မြန်မာတမျိုးသားလုံး၏ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်သည့်အပြင် အချီကြီး အလိမ်ခံရမည်ကို ကြောက်သဖြင့် မြန်မာတွေနှင့် စီးပွားရေးလုပ်ငန်းများ မလုပ်ရဲတော့ပါက အားလုံးနစ်နာပါမည်။

သို့ဖြစ်သဖြင့် အဆိုပါဆိုင် (ရွှေရတနာ) နှင့် ဆက်သွယ်ခြင်း၊ ၄င်းတို့ဆိုင်မှ ပစ္စည်းဝယ်ယူခြင်း၊ ငွေလွှဲခြင်းတို့ လုံးဝမလုပ်ပဲ သပိတ်မှောက်နှင့် သပိတ်မှောက်ရန် စည်းရုံးရန် စာရေးသူ ဆုံးဖြတ်ထားပါသည်။ (စာရှုသူတို့လဲ စာရေးသူနှင့် ရင်ခုန်သံခြင်း တူညီပါက မြန်မာတို့၏ ဂုဏ်သရေကို ကျဆင်းစေနိုင်သော ရွှေရတနာဆိုင်ကို အတူ သပိတ်မှောက်နိုင်ပါသည်။)

Sunday, March 29, 2009

ရေနည်းငါးတို့ရဲ့ ရင်ဖွင့်သံ

ဟောက်ရင် ကြောက်တယ်၊ ကြောက်(တတ်)ရင် ဟောက်မယ်။
ဒါကြောင့် ငါ ...
ဟောက်မလား ၊ ခြောက်မလား။

ရပိုင်ခွင့်ကိုနားလည်၊
တာဝန်ကိုကျေလဲ၊
ရမပိုင်၊ ၀န်မကျေသည့်အလား
အော်ငေါက်ကာ မောင်းထုတ်။

နောက်ဆုံးတော့ ...
သူတို့နဲ့ အဆက်ဖြတ်၊
အခြားသူနဲ့ ဆက်ခဲ့ရပြီ၊
ရေနည်းငါးပမာပါလား။

Monday, June 23, 2008

ချင်းပြည်နယ် ကြွက် (အငတ်) ဘေး

နှစ် ၅၀ မှာ တခါ ပေါ်ပေါက်လာတတ်တယ်လို့ ဒေသခံ ချင်းတိုင်းရင်းသားတွေ ယုံကြည်ထားတဲ့ ကြွက်ဘေး (အငတ်ဘေး) မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှာ စတင် ကျရောက်လို့လာပါပြီ။ အဲဒီ ကြွက်တွေဟာ ရာစုနှစ် တစ်ခုမှာ ၂ ခါ ပွင့်/သီးလေ့ရှိတဲ့ ၀ါးပင်တစ်မျိုးရဲ့ အပွင့်နဲ့ အစေ့တွေကို စားသုံးဖို့ အုပ်စုလိုက် ရောက်လာကြပြီး ရွာသားတွေရဲ့ စားနပ်ရိက္ခာတွေကို အလွတ်မပေးပဲ ဖျက်ဆီးတတ်တယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ The Straits Times သတင်းစာမှ ဖော်ပြချက်ကို အောက်ပါအတိုင်း ကောက်နှုတ်ဖော်ပြအပ်ပါတယ်။

LONDON - AFTER the fury of Cyclone Nargis, a new disaster is looming in Myanmar: Packs of rats that swarm through the hills once every 50 years to consume everything in their path, a British newspaper reported yesterday.

The latest human disaster is unfolding in the jungle-covered mountains of Chin state, far to the north of the Irrawaddy delta where 134,000 people died last month, the Daily Telegraph said.

The plague of rats happens twice a century, when bamboo forests produce flowers and seeds, then wither and die for five years in a phenomenon known locally as mautam, or bamboo death.

Villagers believe the bamboo seeds are a kind of aphrodisiac for the rodents, whose numbers explode until all the seeds have been eaten. Then they turn on villagers' rice stocks, stripping ripening corn and paddy in the fields.

The regime's generals will permit no food aid or humanitarian workers into affected areas in a repeat of their callous refusal last month to permit emergency aid sitting in foreign ships off Myanmar's coast to be distributed to cyclone survivors, the newspaper said on its website.

Exiled Chin leaders say villagers who are too weak to flee over the border into India have already begun to die. They fear thousands more now face a lingering death in the deep bamboo forests where most of the state's million-strong population of Christian tribal people live.

The Chin is one of Myanmar's many minority ethnic groups.

Ms Cheery Zahau, 27, from the Women's League of Chinland, met British Prime Minister Gordon Brown in London this week to ask for help.

She said: 'The reports that are trickling out to India are heartbreaking. They tell of dehydrated children dying of diarrhoea and the poorest and weakest being left behind as stronger villagers start to escape over the border to where there is food.'

Thursday, May 15, 2008

ကြိုးစားနေကြသော ၀န်ကြီးချုပ် ၂ ဦး



ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ် မုန်တိုင်း ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူများကို မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သွားရောက်အားပေးခဲ့ပုံ ဖြစ်ပါတယ်။ ဒုက္ခသည်များကို ထိုင်ခိုင်းထားပြီး သူက မတ်တပ်ရပ်လို့အားပေးပါတယ်။ သူပြောတဲ့စကားတွေထဲက ကောက်နှုတ်ရရင် ...

... မတတ်နိုင်ဘူးပေါ့ကွာ၊ သဘာဝဘေးအန္တရာယ်ဆိုတာ ဘယ်သူမှလဲ တားလို့မရဘူး။ ... သေဆုံးသွားတဲ့လူတွေကလဲ သူ့ကုသိုလ်ကံကြောင့် ... သေနေ့စေ့လို့ သေသွားရတာ။ ... အသက်ရှင်ကျန်ခဲ့တဲ့လူတွေကလဲ ကံကောင်းလို့ ကျန်ခဲ့တာ။ ... နိုင်ငံတော်ကလဲ (လုပ်ပေးမယ်) ... ကျွန်တော်လဲ ဧရာဝတီသားပဲ။ ... (ရန်ကုန်မှာလဲ မင်းတို့လိုပဲ ဆိုးတာပဲ) ... အ၀တ်အစား မရှိတဲ့လူဆို ပေးမယ်။ အများစာဆိုတော့ ကောင်းချင်မှလဲ ကောင်းမှာပေါ့။ ... (ဘေးမှ အရာရှိကြီးက ကိုယ်ထူကိုယ်ထ လုပ်ပြီး အစုအဖွဲ့များဖွဲ့ကာ ခေါင်းဆောင်ရွေးထားရန်၊ အိမ်သာကျင်းမှအစ ကိုယ့်ဘာသာကိုယ်တူးပြီး ထူထောင်ရမည်ဖြစ်ကြောင်း ၀င်ပြောသည်) ထမင်းစားဖို့ ဇလုံက အစလိုမယ်၊ ရေသောက်ဖို့အတွက် မတ်ခွက်က အစလိုမယ်၊ ပလတ်စတစ်ပုံးကအစလိုမယ်။ ထမင်းကျွေးဖို့ လက်ခုပ်နဲ့ခံပြီး စားလို့မရဘူး။ ဒါတွေအကုန်လုံး ပြန်သွားတာနဲ့ တပြိုင်နက် အမြန်ဆုံးဖြစ်အောင် လုပ်ပေးမယ်။ ... အခုပစ်ထားတယ်လို့ မထင်နဲ့။ ကျွန်တော်တို့ ကိုယ်တိုင်ကလဲ ဒုက္ခရောက်နေတယ်။ နိုင်ငံတော်အဆင့်ကနေပြီး ... အမြန်ဆုံး လုပ်ပေးမယ် ...


Channel News Asia ကထုတ်လွှင့်သွားတဲ့ ဒီသတင်းမှာ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်က ငလျင်ဒဏ်ခံ စိချွမ်းနယ်သား လူနာတွေကို အားပေးနေပုံကို (လူနာက လဲလျောင်းလျက်၊ သူကထိုင်လျက်) ထုတ်လွှင့်သွားပြီး သူတို့ပါတီအနေနဲ့ ကယ်ဆယ်ရေးကို ဘယ်လိုလုပ်မှာဖြစ်ကြောင်း အောက်ပါအတိုင်း ပြောကြားသွားပါတယ်။

... တရုတ်ကွန်မြူနစ်ပါတီက ဒီနေရာကို ဘယ်တော့မှ မေ့မထားဘူး။ ငါတို့ (ပိတ်မိနေတဲ့အထဲက) အသက်ရှင်ကျန်ရစ်တဲ့လူတွေနဲ့ ငလျင်ဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို မရရအောင် ကယ်မယ်။ ကြည်းကြောင်းနဲ့ မလုံလောက်လို့ရှိရင် လေကြောင်းကနေ ကယ်မယ်၊ ဆေးကုသမှုပေးမယ်။ ငါတို့ လေယာဉ်တွေလဲ ထပ်ချပေးဦးမယ်။ ...


သေချာတာကတော့ ၀န်ကြီးချုပ် ၂ ဦးစလုံး သူတို့ သိသမျှ၊ တတ်သမျှနဲ့ မှန်တယ်၊ လုပ်သင့်တယ် ထင်တာကို အစွမ်းကုန်လုပ်နေတာပဲ ဖြစ်ပါတယ်။ သိတာ တတ်တာတွေ တူချင်မှ တူမှာ ဖြစ်ပေမဲ့လဲ အားငယ်နေသူတွေကို အားတက်အောင်၊ သူတို့ အဖွဲ့အစည်းအနေနဲ့ ဘာတွေလုပ်ပေးမယ်ဆိုတာကို သိရှိအောင် ကြိုးစားပြောနေပါတယ်။ သူတို့ရဲ့စကားတွေအရ သူတို့ရဲ့ စေတနာကို အကဲခတ်နိုင်ပါတယ်။ စစ်သားနဲ့ နိုင်ငံရေးသမားဆိုတော့ အပြောအဆိုက နည်းနည်း ကွာနေနိုင်တာကို သတိပြုသင့်ပါတယ်။ မျှတတဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ကိုယ်လုပ်ရမယ်လို့ ခံယူတဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်နေကြတဲ့ လူ ၂ ဦးရယ်ပါ။ တရုတ်/မြန်မာ ၂ နိုင်ငံက ဒုက္ခသည်များ အမြန်ဆုံး ပုံမှန်လူမှုဘ၀ကို ပြန်ရနိုင်ကြပါစေ (ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်) လို့ စာရေးသူက ဆုတောင်းပေးလိုက်ပါတယ်။

Sunday, May 11, 2008

ခေါက်ဆွဲခြောက်ထုပ်ထမ်းသော ၀န်ကြီးချုပ်နှင့် မြောင်းဆယ်သော မြို့တော်ဝန်

မဇ္ဈိမမှ ဆောင်းပါးရှင်/သတင်းထောက် အောင်သူငြိမ်းရေးသားသော မေလ ၁၁ ရက် ၂၀၀၈ ခုနှစ် ရက်စွဲတပ် သတင်းဆောင်းပါး - ကြိမ်မီးအုံး ပြည်သူများနှင့် ... - တွင် ဖော်ပြထားသည်မှာ ...

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင်က သူ့အလုပ်မဟုတ်။ ရဟတ်ယာဉ်အပေါ် ပစ္စည်း ထမ်းတင်နေပြန်သည်။ မြန်မာစစ်အစိုးရ အမြင်တိုပုံကို ကြည့်၍ မိမိ ဒေါသ ဖြစ်နေရသည်။ ...

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန် ဆောင်ရွက်ရန်မှာ နိုင်ငံတကာ အကူအညီများ ပိုမို များပြားစွာ ရရှိရေးပင် ဖြစ်ပါသည်။ ရဟတ်ယာဉ်ပေါ် ခေါက်ဆွဲခြောက်ထုတ် ထမ်းတင်နေရန် မဟုတ်ပါ။ မြန်မာပြည်သူများ ကပ်ဘေးဒဏ် သင့်ခံရသည့် အတွက် နိုင်ငံတကာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ညီလာခံတရပ် စည်းရုံး ခေါ်ဆိုနိုင်ရန်ပင် ဖြစ်ပါသည်။


စာရေးသူကတော့ ၂၀၀၆ ခုနှစ် ရန်ကုန်မြို့တွင် မိုးများ သည်းထန်စွာရွာသွန်းပြီး အချို့နေရာများတွင် ရေများ ပေါင်လည်အထိရောက်သည်အထိ ဖြစ်ပြီးခါစက မြောင်းဆယ်ရာတွင် ရန်ကုန်မြို့တော်ဝန်ကိုယ်တိုင် လိုက်လံ အနီးကပ်ကြီးကြပ်နေသည်ကို သတင်းမှာ ကြည့်ခဲ့ရသည်ကို သတိရမိပါသေးတော့သည်။

Monday, February 25, 2008

အိပ်မက်ပျောက်ကြသူများ ၂

အိပ်မက်ပျောက်ကြသူများမှာ မသိနားမလည်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာကို လိုက်နာလိုမှုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားများကြောင့် အိပ်မက်ပျောက်ကြရတဲ့အကြောင်းနဲ့ ပထမ ၂ မျိုးရဲ့ အကျိုးဆက်များကို အသေးစိတ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု စာတမ်းငယ်မှာတော့ နောက်ဆုံး အကြောင်းရင်းဖြစ်တဲ့ (အရေးအကြီးဆုံး အကျယ်ပြန့်ဆုံးဖြစ်တဲ့) ပတ်ဝန်းကျင်ရဲ့ ဖိအားများအကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ ဖိအားတွေထဲမှာ အရေးအပါဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံးကတော့ လူငယ်တစ်ယောက်ဟာ လုပ်ရိုးလုပ်စဉ် အစဉ်အလာ လမ်းရိုးကနေခွဲထွက်ပြီဆိုတာနဲ့ ၀ိုင်းကြည့် မေးငေါ့လေ့ရှိတဲ့ မဖြစ်နိုင်ပါဘူးဆိုတဲ့ အဆိုးမြင်မျက်လုံးတွေ ဖြစ်ပါတယ်။ သာဓကအနေနဲ့ သောမတ် အက်ဒီဆင်လို သိပ္ပံပညာရှင်/တီထွင်သူကြီး ဖြစ်ချင်တယ်လို့ စာရေးသူပြောခဲ့တုန်းက စာရေးသူရဲ့ ဖခင်က မွဲတေပြီး ဆင်းဆင်းရဲရဲ သေသွားကြရတဲ့ တာယာတီထွင်သူ ချားလ်စ်ဂွတ်ဒ်ယားရဲ့ အကြောင်းကို ပြောပြပါတယ်။ (စကားချပ်၊ စာရေးသူရဲ့ ဖခင်က မဖြစ်နိုင်ဘူး၊ မလုပ်နဲ့လို့ ပိတ်မပြောချင်လို့ ဖြစ်ပါတယ်။ အတော်အတန် လွတ်လပ် ခေတ်ဆန်တဲ့ စာရေးသူတို့ မိသားစုမှာတောင် ဒီလို အပြောခံရသေးရင် အလွန်တရာ တင်းကျပ်တဲ့ မိသားစုတွေမှာ ဘယ်လိုဖြစ်မလဲ စဉ်းစားကြည့်ပါ။)

စာရေးသူတို့ တိုင်းပြည်မှာ သိပ္ပံပညာရှင်/တီထွင်သူကြီး ဖြစ်ဖို့အတွက် အခြေခံအဆောက်အဦ အားနည်းတယ်ဆိုတာကို လက်ခံပါတယ်။ အားနည်းတယ်ဆိုပြီး တယောက်မှ အားကောင်းအောင် မလုပ်ကြရင် ဘယ်နေ့ဘယ်အချိန်ကျမှ အားကောင်းလာနိုင်မလဲဆိုတာကို ပြန်လှန်မေးခွန်းထုတ်ချင်ပါတယ်။ (ဘယ်တော့မှ အားကောင်းမလာနိုင်ပါဘူး။) အားနည်းတယ်၊ သို့သော် ငါတို့အားလုံး စုပေါင်းပြီး ဖြစ်ချင်တဲ့ လူငယ်တွေရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်အောင် တတ်စွမ်းသမျှ လုပ်ကြမယ်ဆိုတဲ့ လူစုနဲ့ အားနည်းတယ်၊ ဒါကြောင့် နင်တို့ မလုပ်ကြနဲ့ ဆိုတဲ့ လူစုနဲ့ ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ မှာ ဘယ်လို ဘယ်လို ကွာခြားသွားမယ်ဆိုတာ အခု လက်ရှိမျက်မြင်ပဲ ဖြစ်လို့ အကျယ်ချဲ့ ရှင်းပြနေဖို့တောင် မလိုပါဘူး။

အခြေခံအဆောက်အဦ သိပ်မြင့်မြင့်မားမား မလိုတဲ့ အိပ်မက်တွေအကြောင်း တလှည့်ပြန်ကြည့်ကြရအောင်။ သင်္ချာပညာရှင်ကြီး ဖြစ်ချင်တာ၊ တွေးခေါ်ပညာရှင်ကြီး ဖြစ်ချင်တာ၊ ကွန်ပျူတာ သိပ္ပံ (ကွန်ပျူတာ နည်းပညာမဟုတ်) မှာ ပါရဂူဖြစ်ချင်တာ၊ ဂရမ်မီဆုရတဲ့ အဆိုကျော်ကြီး ဖြစ်ချင်တာ၊ အော်စကာဆုရတဲ့ ဒါရိုက်တာကြီး ဖြစ်ချင်တာတွေဟာ အခြေခံ အဆောက်အဦ မလိုတဲ့ အိပ်မက်များပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအိပ်မက်တွေ အကောင်အထည်ဖော်ခွင့် ရကြပါရဲ့လား။ သင်္ချာပညာ၊ အတွေးအခေါ်ပညာတွေအတွက် လိုအပ်တဲ့ စာအုပ်စာတမ်းများစွာဟာ ၁၇ ရာစု၊ ၁၈ ရာစုကတည်းက ရေးသားခဲ့ပြီးသား၊ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနှင့်ပြီးသားဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းအနေနဲ့လဲ ခဲတံနဲ့ စာရွက်ပဲ လိုပါတယ်။ (ကွန်ပျူတာ သိပ္ပံ ထို့နည်းတူ) ဂရမ်မီရဖို့ ကြိုးစားရာမှာ (အဆိုရှင်အနေနဲ့) အသံကောင်းဖို့ပဲ လိုပါတယ်။ အော်စကာဆုရ ဒါရိုက်တာကြီးဖြစ်ဖို့လဲ သိပ်ကို ရှုပ်ထွေးတဲ့ ကိရိယာတွေ မလိုပါဘူးဆိုတာကို ရှင်ဒလာရဲ့ စာရင်း ဇာတ်ကားကို အဖြူအမဲပဲ သုံးကာ ၀န်ချီစက်သုံး ရိုက်ချက်တောင်မပါပဲ ရိုက်ကူးပြီး အော်စကာဆု ရရှိခဲ့တဲ့ စတီဗင်စပီးလ်ဘတ်က သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံက လူတွေမှာ (လူသိများခဲ့တဲ့ လူတစ်ယောက်ရဲ့ စကားလေးကို ငှားပြီးသုံးရရင်) "မြန်မာလူမျိုးရဲ့ ထူးခြားပြီး ချစ်စဖွယ်ကောင်းတဲ့ ဓလေ့စရိုက် လက္ခဏာ တစ်ခု" ဖြစ်တဲ့အားငယ်စိတ်တမျိုး ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ သူ(တို့)က တော်တာကိုး၊ ငါတို့ကမှ အဲဒီလောက်မတော်ပဲ ဆိုပြီး စစ်မရောက်ခင်က မြှားကုန်နေတဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ လုပ်တောင် မလုပ်ကြည့်ရသေးပဲနဲ့ မဖြစ်နိုင်ပါဘူးဆိုပြီး လက်လျှော့လိုက်တတ်တဲ့စိတ်နဲ့ ဆိုတော့ ဘာဆိုဘာမှ ဖြစ်မလာတာ သဘာဝပါပဲ။ ကိုယ့်ဘာသာကိုယ် ဖြစ်အောင် မလုပ်နိုင်တာနဲ့တောင် အားမရပဲ အခြားသူတွေရဲ့ အိပ်မက်တွေကိုပါ လှောင်ပြောင်ပြီး ဖျောက်ဖျက်ပစ်ဖို့လဲ ကြိုးစားကြပါသေးတယ်။ လူငယ်များအနေနဲ့ အသက်အရွယ် အတွေ့အကြုံပိုများတဲ့ လူကြီးသူမများထံ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ချဉ်းကပ်နည်းခံရာမှာ မဖြစ်နိုင်ပါဘူး အဓိပ္ပါယ်ရတဲ့ မျက်လုံးတွေ၊ အပြောအဆိုတွေ (တည့်တည့် သို့မဟုတ် သွယ်ဝိုက်၍)၊ ရွယ်တူတွေရဲ့ မလိုတမာ ပုံစံနဲ့ ပြောင်လှောင်ခံရမှုတွေကိုပဲ ရင်ဆိုင်ရရင် အိပ်မက်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ပါဦးမလား။

ဆိုလိုရင်းကတော့ (စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနဲ့ နည်းပညာ၊ အနုပညာ နယ်ပယ်များမှာ) ထူးချွန်ထက်မြက်တဲ့ ပညာရှင်ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ လူငယ်တွေရှိသော်လည်း သူတို့ဟာ သူတို့နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းပညာကို မကြား၊ မမြင်၊ မသိရှိအောင် ဖျောက်ဖျက်ထားခံရတတ်ပါတယ်။ သိရှိတဲ့ လူတွေရှိသော်လည်း သူတို့ရဲ့ အခက်အခဲတွေကို ဖေးမကူညီ ဖြည့်ဆည်းပေးမဲ့ ပညာရေးစနစ်နဲ့ ပတ်ဝန်းကျင် အသိုက်အ၀န်းအစား လှောင်ပြောင်တတ်တဲ့၊ ရှုပ်ချတတ်တဲ့ အသိုက်အ၀န်းကိုသာ ရရှိနိုင်ပါတယ်။ အဲဒီမှာ သူတို့ကိုယ်တိုင်ပါ မဖြစ်နိုင်ပါဘူးလို့ လက်လျှော့လိုက်ရပြီး (တိုက်ပွဲဝင် စိတ်ဓာတ်တွေ ကျဆုံးကုန်ရပြီး) လှောင်ပြောင်ရှုပ်ချတတ်တဲ့ အသိုက်အ၀န်းထဲကို အနှေးနဲ့အမြန် ကူးပြောင်း ရောက်ရှိသွားတတ်ကြပါတယ်။ ဒီကျိုးကြောင်းပြသချက်ဟာ ၁၉၈၀ နောက်ပိုင်း (အထူးသဖြင့် ၁၉၉၀ နောက်ပိုင်းမှာ) စံထားလောက်တဲ့ မြန်မာ သင်္ချာပညာရှင်၊ သိပ္ပံ သုတေသနသမား၊ အင်ဂျင်နီယာ၊ အနုပညာရှင်များ နည်းပါးသွားခြင်းရဲ့ အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် အိပ်မက်တွေ အများကြီးရှိတဲ့ထဲက အိပ်မက်တွေ မက်ခွင့်မရ၊ မက်တာတွေလဲ ပျောက်ဆုံး၊ မပျောက်ဆုံးတာတွေလဲ မနာလိုစိတ်နဲ့ ဖိနှိပ်ခံရနဲ့မို့ အကောင်အထည်ဖော်လို့ရကောင်းတဲ့ အိပ်မက် လက်တဆုပ်စာပဲ ကျန်တော့တဲ့ အခြေအနေမှန်ကို မြန်မြန်သုံးသပ်မိပြီး ပျောက်ဆုံးကုန်တဲ့ အိပ်မက်တွေ ပြန်လည် မက်ခွင့်ရစေဖို့ လုပ်ဆောင်ဖို့ အချိန်တန်နေပါပြီ။ အိပ်မက်ပျောက်တဲ့ ပြဿနာဟာ အကြောင်းရင်း တစ်ခုတည်းကြောင့် ပေါ်ပေါက်လာရတာ မဟုတ်တဲ့အတွက် မူလအကြောင်းရင်းတွေအားလုံးကို လျော့ပါးအောင် တပြိုင်နက် (သို့မဟုတ် တပြိုင်နက်နီးပါး) လုပ်ဆောင်ဖို့ လိုအပ်ကြောင်း စာရေးသူအနေနဲ့ ထောက်ပြ ဝေဖန်အကြံပြုလိုပါတယ်။ နောင်စာတမ်းငယ်များမှာ အကြောင်းရင်း တစ်ခုချင်းကို လျော့ပါးအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာကို သုံးသပ် အကြံပြုဖို့ ကြိုးစားပါမယ်ဆိုတာကို ရေးသားရင်း အိပ်မက်ပျောက်သူများ ၂ ကို နိဂုံးချုပ်အပ်ပါတယ်။ စာရှုသူမိတ်ဆွေများ ပျောက်ဆုံးနေတဲ့ အိပ်မက်များကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

Tuesday, January 1, 2008

အိပ်မက်ပျောက်ကြသူများ

စာရေးသူ တတိယတန်းမှာတုန်းက မြန်မာစာဆရာမ (အမည်မေ့နေပြီ) က စာရေးသူကိုခေါ်ပြီး အားမရတဲ့အကြောင်း၊ အရင်လို (ပထမတန်းတုန်းက သူက စာရေးသူရဲ့ အတန်းပိုင် ဆရာမကိုး) စာကြိုးစားဖို့ အကြောင်း၊ ရည်မှန်းချက် ထားသင့်တဲ့အကြောင်း ခေါ်ဆုံးမပါတယ်။ သူစပြီး ပြောတဲ့ စကားတခွန်း စာရေးသူ အခုထက်ထိ မှတ်မိပါသေးတယ်။ "သား ကြီးရင် ဘာဖြစ်ချင်တာလဲ။ ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာကြီးလား၊ စစ်ဗိုလ်ကြီးလား။" တဲ့။

ဒီစာတမ်းငယ်ဟာ စာရေးသူကို ဆရာမက ဆုံးမတဲ့ အကြောင်းမဟုတ်ပါဘူး။ (စကားမစပ် သူ့ရဲ့ ကျေးဇူးတွေ စာရေးသူအပေါ်မှာ များလှပါတယ်။) အိပ်မက်မက်ခွင့် မရတာတောင် မဟုတ်တဲ့ အိပ်မက်ပျောက်ကြတဲ့ ယနေ့ခေတ် လူငယ်တွေရဲ့ အကြောင်းနဲ့ ဒီကိစ္စကို ဘယ်လိုတည့်မတ်မလဲလို့ မေးခွန်းထုတ်မဲ့ ဆောင်းပါး စာတမ်းငယ် ဖြစ်ပါတယ်။ စောစောက ဆရာမ မေးခဲ့တဲ့ မေးခွန်းလေးနဲ့ စာတမ်းကို ဖွင့်တာက ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ မရည်ရွယ်ပဲနဲ့ အိပ်မက်ကို ဖျောက်ပစ်တဲ့ ဖြစ်ရပ်တွေကို ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။ စာရှုသူ ပြန်ဖတ်ကြည့်ပါ။ မေးခွန်းဟာ အဖွင့်မေးခွန်းလိုလိုနဲ့ တကယ်တမ်းကျတော့ ၃ ခုထဲက ၁ ခုကို ရွေးချယ်ခိုင်းတဲ့ အပိတ်မေးခွန်းဖြစ်နေပါတယ်။ (စာရေးသူက ကိုယ်ဖြစ်ချင်တဲ့ သိပ္ပံပညာရှင်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်လို့ ဖြေခဲ့ပါတယ်။) ဆရာမကတော့ စာရေးသူကို ဒီကလေး ဒီ ၃ မျိုးတည်းက တခုခုပဲ ဖြစ်မြောက်လာစေသတည်း၊ ကျန်တာတွေ မဖြစ်စေသတည်းဆိုပြီး ရည်ရွယ်မေးတာ မဟုတ်ပေမဲ့ အဲဒီလိုမျိုးဆန်ဆန် ဖြစ်နေပါတယ်။

အဓိက ပြောချင်တာကတော့ ယနေ့လူငယ်တွေမှာ မိမိတို့ အနာဂါတ်အတွက် ဘယ်လို အသက်မွေးဝမ်းကျောင်းနိုင်တဲ့ အခွင့်အလမ်းတွေ ရှိသလဲဆိုတာတောင် မသိဖြစ်ကြရအောင် (အိပ်မက် ပျောက်ကြရအောင်) အခြေအနေတွေက တွန်းပို့နေကြပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်တို့ဟာ ပစားပေးခံကြရတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ ဖြစ်လာရုံမက လူငယ်တွေအနေနဲ့ တခြားသော အသက်မွေးဝမ်းကျောင်းပညာတွေရဲ့ တည်ရှိမှုကိုတောင် မသိပဲ ဖြစ်လာစေတာဟာ ယခင်က ကျင့်သုံးခဲ့တဲ့ ခေတ်စနစ်တစ်ခုရဲ့ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတစ်ခုကြောင့် ဖြစ်သလို မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ စံလွဲမှုတွေကြောင့်လဲ ပါပါတယ်။

စာရှုသူတို့ ကြုံရာ ကျပန်း အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းသား/သူတွေကို အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်ကို မေးကြည့်လိုက်ပါ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် (စစ်သမီး သူနာပြု) တခုခု ဖြေဖို့က ၉၀% သေချာပါတယ်။ အဲဒါတွေရဲ့ နောက်မှာ ကိုယ်ဟန်ပြမယ် (မော်လ်ဒယ်လ်)၊ အဆိုရှင်၊ သရုပ်ဆောင် (မင်းသား/မင်းသမီး) သို့မဟုတ် စီးပွားရေး ပညာရှင် လို့ဖြေဖို့က ၉% လောက်ထပ်သေချာပါတယ်။ စာရေးသူ မေးပါမယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ အနုပညာရှင်တွေ ချည်းပဲနဲ့ တိုင်းပြည်တစ်ခု တည်ထောင် (ထိန်းသိမ်း) ဖို့ ဖြစ်နိုင်ပါမလား (အဲဒါတွေ မကောင်းဘူးလို့ မဆိုလို)။

ဒီလိုဖြစ်ရခြင်းဟာ မသိနားမလည်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာကို လိုက်နာလိုမှုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားများကြောင့် လို့ စာရေးသူက သုံးသပ်ပါတယ်။ လူသားများဟာ သဘာဝအားဖြင့် မသေချာမှုကို ကြောက်ရွံ့ကြပြီး စွန့်စားမှုကို မလိုလားကြပါဘူး။ အဲဒါရဲ့ နောက်ဆက်တွဲအဖြစ် အစဉ်အလာအတိုင်း (လုပ်ရိုးလုပ်စဉ်အတိုင်း) လုပ်ဆောင်ချင်လာကြပါတယ်။ အဲဒီလို မလုပ်ဆောင်သူကိုလဲ ပတ်ဝန်းကျင်က စည်းပြင်ထွက်နေတဲ့ လူ့ခွစာ/လူ့ကန့်လန့် တစ်ယောက်လို့ သတ်မှတ်ပြီး ဖိအားပေးလေ့ ရှိပါတယ်။ ဒီစာတမ်းငယ်မှာ စာရေးသူအနေနဲ့ တခုနဲ့ တခု ဂျာအေး သူ့အမေရိုက်သလို ဆက်စပ်နေတဲ့ ပထမ အကြောင်းရင်း ၃ ခုအနက်မှ ပထမ ၂ ခုကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ (နောက်ဆုံးတစ်ခုက ကျယ်ပြန့်တဲ့အတွက် အိပ်မက်ပျောက်ကြသူများ အပိုင်း ၂ မှာ ဆွေးနွေးမှာဖြစ်ပါတယ်)

တက္ကသိုလ်ဝင်တန်း အောင်ပြီးခါစ ပုံမှန် ကျောင်းသားတစ်ယောက်ဟာ တက္ကသိုလ်လမ်းညွှန်စာအုပ်ထဲက ဘာသာရပ်တွေအကြောင်းကို တိတိကျကျ မသိရှိပါဘူး။ ဥပမာအားဖြင့် ကွန်ပျူတာ သိပ္ပံ၊ ကွန်ပျူတာ နည်းပညာ နဲ့ ကွန်ပျူတာ အင်ဂျင်နီယာ (ပထမတစ်ခုကို ကွန်ပျူတာ တက္ကသိုလ်များနှင့် ဒေသန္တရ ကောလိပ်များတွင် သင်ကြားပြီး ဒုတိယတစ်ခုကို ကွန်ပျူတာ တက္ကသိုလ်များတွင် သင်ကြားသည်၊ နောက်ဆုံးတစ်ခုကို အစိုးရ နည်းပညာကောလိပ်များတွင် သင်ယူရရှိနိုင်သည်) တို့ရဲ့ ကွာခြားချက်ကို မသိရှိပါဘူး။ စာရေးသူကိုယ်တိုင်တောင် အဏ္ဏ၀ါဗေဒ (Marine Biology) ကို ရေတပ်သားတွေ သင်ယူရတဲ့ ဇီဝဗေဒလို့ ထင်မှတ်ခဲ့ဖူးပါတယ်။ အဲဒီတော့ မသိတာတွေကို သင်ယူပြီး (ကျောင်း၊ လုပ်ငန်းခွင်နဲ့ လက်တွေ့ဘ၀မှာ) အခက်အခဲတွေ တွေ့ကြုံနေမဲ့တူတူ သိထားပြီး ဖြစ်တဲ့ လမ်းရိုးအတိုင်း လုပ်ဆောင်ကာ အမှတ်အမြင့်ဆုံး ဘာသာတွဲမှ အမှတ်အနိမ့်ဆုံး ဘာသာတွဲအထိ စီကာစဉ်ကာ လျှောက်ထားကြပါတော့တယ်။ (တွက်ကိန်းကတော့ ဒီဘာသာတွေကိုယူရင် အဆိုးဆုံးအခြေအနေကို သိတယ်၊ ဒီထက်ပိုမဆိုးဘူး၊ တခြားဘာသာတွေဆိုရင် ဒီ့ထက် ပိုဆိုးကောင်းဆိုးနိုင်တယ်ဆိုတဲ့ တွက်ကိန်းပဲ ဖြစ်ပါတယ်။) အဲဒီမှာ အမှတ်မြင့်တဲ့ ဘာသာတွဲတွေကို ဦးစားပေး လျှောက်လေ့ရှိတဲ့ အစဉ်အလာ ဖြစ်ပေါ်လာပါတယ်။ (တော်တဲ့လူ ဆေးတက္ကသိုလ်သွား၊ အဲလောက် မတော်တဲ့လူ စက်မှုတက္ကသိုလ်သွား ... စသည် စသည်)

အစဉ်အလာတစ်ခု ဖြစ်ပေါ်လာပြီဆိုရင် အဲဒီ အစဉ်အလာကို တော်လှန်ဖို့ (အထူးသဖြင့် ၁၆၊ ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်အနေနဲ့) အလွန်ခက်ခဲပါတယ်။ အပေါင်းအသင်း သူငယ်ချင်းတွေကတော့ ဆရာဝန်ဖြစ်နေချိန်မှာ ငါက ခွေးဖြစ်နေမလားဆိုတဲ့ အချင်းချင်း ဖိအား (peer pressure) အပြင် မိဘဆွေမျိုး အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ရဲ့ ဖိအားကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ (ဒီနေရာမှာ သတိထားဖို့က အဲဒီ အသိုင်းအ၀ိုင်း ကိုယ်တိုင်ကပါ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာရဲ့ ဖိအားတွေကို ခံစားခဲ့/နေရ တာဖြစ်ပါတယ်) ပိုပြီး ဆိုးသွားစေတာက မြန်မာ့လူ့အသိုက်အ၀န်းမှာ မိဘဆွေမျိုးတွေရဲ့ အလိုကို ဆန့်ကျင်ရခြင်းကလဲ အလွန်တရာမှ ခက်ခဲနေတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပဲ အနှစ်သာရမရှိတဲ့ ဒီအစဉ်အလာဟာ တည်တံ့နေပါတယ်။

စာရှုသူ မိတ်ဆွေများ စဉ်းစားကြည့်ပါ။ လူငယ်တစ်ယောက်ဟာ သူ့အနေနဲ့ ဘာမှန်းသေသေချာချာမသိတဲ့ (အနာဂါတ်မှာ သူ့ရဲ့ ရွယ်တူတွေထက် ဘ၀အဆင့်အတန်း နိမ့်ကောင်း နိမ့်နေမဲ့) အသက်မွေးဝမ်းကျောင်းကို သူချစ်မြတ်နိုးတဲ့ မိသားစုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး (တချို့သောသူတွေရဲ့ အဟားခံပြီး) ရွေးချယ်မလား၊ သူ့အပေါင်းအသင်းတွေနဲ့ တူတူပဲ လမ်းရိုးကို လိုက်လို့ ၀င်ငွေ အထိုက်အလျောက်ကောင်းတဲ့ အသက်မွေးဝမ်းကျောင်းကို ရွေးချယ်မှာလား။ အဖြေက ရှင်းလင်းလှပါတယ်။ အဲဒါနဲ့ပဲ ဆရာဝန် ပွဲစား၊ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် မင်းသား၊ ဆရာဝန် အဆိုရှင် စတာတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဆေးကုသပြုစုမှုကို မခံစားရတဲ့ လူသားတွေအတွက်ရော၊ မလိုအပ်ပဲ အချိန်ကုန်ခံ၊ ငွေကုန်ခံ သင်ကြားခဲ့ရတဲ့ သူတို့အတွက်ရော၊ တကယ်ဆေးကုချင်ရက်နဲ့ သူတို့ကို နေရာပေးလို့ တခြား အသက်မွေးဝမ်းကျောင်းပညာကို သင်ကြားလိုက်ရတဲ့ (အမှတ်နိမ့်တဲ့) လူငယ်တွေအတွက်ရော နစ်နာလှပါတယ်။ ဒီလိုနစ်နာမှုတွေ မဖြစ်ပေါ်ရအောင်လို့ အစဉ်အလာကို တော်လှန်ခြင်းဆိုင်ရာ သီအိုရီများကို အသုံးချခြင်းနဲ့ ပတ်သက်လို့ အိပ်မက်ပျောက်ကြသူများ အပိုင်း ၂ မှာ တင်ပြမှာဖြစ်ကြောင်း ပြောကြားရင် နိဂုံးချုပ်အပ်ပါတယ်။

Wednesday, August 15, 2007

လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းနှင့် မြန်မာ့လူ့အသိုက်အ၀န်း

တစုံတရာအရ (ဥပမာအားဖြင့် အသက်အရွယ်၊ ကျားမ နှင့် လူမျိုး၊ ဘာသာရေးအရ) တစုံတဦး (သို့မဟုတ် လူတစ်စု) ကို အခြားသူများနှင့် အခွင့်အရေး တန်းတူမပေးခြင်းကို ခွဲခြားဆက်ဆံခြင်း (Discrimination) ဟု သုံးနှုန်းလေ့ ရှိကြသည်။ အပြန်အလှန်အားဖြင့် (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း (Reverse Discrimination) ကိုမူ တစုံတခုအရ ခွဲခြားဆက်ဆံခြင်းကို တားဆီး၊ ကာကွယ်ရန်အလို့ငှာ ပြဌာန်းထားသည့် (သို့မဟုတ် ဖန်တီး တည်ဆောက်ထားသည့် လုပ်ထုံး လုပ်နည်းများ) ဥပဒေများကြောင့် ယခင်က ပစားပေးခံရသော လူများစုအတွက် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးရသော အခြေအနေဟု အနက်ဖွင့်လေ့ရှိပါသည်။

မြန်မာ့လူ့အသိုက်အ၀န်းဆိုသည်မှာ မြန်မာများ တန်ဖိုးထားကြသော စံနှုန်း၊ စံသတ်မှတ်ချက်များကို လက်ခံ လိုက်နာ ကျင့်သုံးသော မည်သည့် လူ့အဖွဲ့အစည်းကိုမဆို ရည်ညွှန်းပါသည်။ ယခုဆောင်းပါးတွင် မြန်မာ့လူ့အသိုက်အ၀န်းအတွင်းတွင် လိင်အရ ခွဲခြားဆက်ဆံခြင်း၊ ၄င်းကြောင့် ဖြစ်ပေါ်လာရသော လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း အကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။

တစုံတခုအရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းနှင့် ပတ်သက်ပြီး ယခင်က ဆွေးနွေးခဲ့ဖူးခြင်း ရှိ/မရှိ စာရေးသူ မသိပါ။ အမှန်အားဖြင့်ဆိုလျင် (တစုံတခုအရ) ခွဲခြားဆက်ဆံခြင်းကို နည်းပါးစေရန် ဥပဒေတစ်ခု (သို့မဟုတ် ရေးချမထားသော ပြဌာန်းချက်များ) ရှိတိုင်း ရှိတိုင်းတွင် (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း အနည်းနှင့် အများ ရှိစမြဲဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စု အချို့ပြည်နယ်များတွင် ဒေသခံ လူနီ (လူနည်းစု) ကို ကာကွယ်ရန်အတွက် အလုပ်အကိုင်၊ ပညာသင်ယူခွင့်တို့ကို အမှန်တကယ် အရည်အချင်း မပြည့်စုံပဲ ပေးလေ့ရှိရာ အမှန်တကယ် အရည်အချင်း ပြည့်စုံသော လူဖြူများနှင့် (အချို့ အာရှတိုက်သားများ) အနှိမ်ခံရသလို ဖြစ်လေ့ရှိလေသည်။

မြန်မာ့ လူ့အသိုက်အ၀န်းတွင် လိင်အရ ခွဲခြားဆက်ဆံခြင်းသည် ပေါ်ပေါ်ထင်ထင် မရှိချေ။ သို့ရာတွင် သိုဝှက်သော ပုံစံဖြင့် တည်ရှိလျက်ရှိသည်။ ဆိုလိုသည်မှာ အမျိုးသမီးနှင့် အမျိုးသားကို စာတတန် ပေတတန်ဖြင့် ခွဲခြား အခွင့်အရေး ပေးခြင်းမျိုး မရှိသော်ငြား သတ်မှတ် စံနှုန်းများအရ ခွဲခြား ဆက်ဆံခြင်း အထိုက်အလျောက်ရှိလေသည်။ ဥပမာအားဖြင့် အမျိုးသမီးတစ်ဦးသည် အချက်အပြုတ် မကျမ်းကျင်လျင် လူကဲ့ရဲ့ ခံရနိုင်သော်လည်း အဆိုပါ အရည်အချင်းကို အမျိုးသားတစ်ဦးအနေနှင့် မရှိမဖြစ် ပိုင်ဆိုင်ရန်မလိုပေ။ (ပြောင်းပြန် ဥပမာမှာ ကားပြင်ခြင်း၊ မီးလုံးလဲခြင်း စသည်)

ထို့အပြင် အမျိုးသမီးများကို အားနွဲ့သူများအဖြစ် မြန်မာ့လူ့အသိုက်အ၀န်းက သတ်မှတ်လိုက်ခြင်းဖြင့် အမျိုးသမီးနှင့် အမျိုးသား ရင်ဘောင်တန်း အလုပ်လုပ်ရာတွင် အလုပ်မတွင်စေပဲ ကုန်ထုတ်စွမ်းအားကို ကျဆင်းစေနိုင်သေးသည်။ ဆိုလိုသည်မှာ လုပ်ငန်းခွင်တွင် အခြေအတင် ငြင်းခုန်စရာများ (သို့မဟုတ် အလုပ်တာဝန် ခွဲဝေစရာများ)ဖြစ်ပေါ်လာပါက အမျိုးသမီးနှင့် ဖက်ပြိုင်ရန်ဖြစ်သည့် အခြေအနေသို့ မည်သည့် ယောက်ျားသားမှ မရောက်လိုကြ။ သို့ဖြစ်ရကား ပင်ပန်းဆင်းရဲသော အလုပ်နေရာများကို အမျိုးသားတို့ လုပ်ရသည်မှာ များပေသည်။ ပိုဆိုးသည်မှာ အချို့ ပင်ပန်းသော အလုပ်များကို အမျိုးသမီးများ မလုပ်နိုင်သည်မှာ မှန်သော်လည်း အများစု အလုပ်များသည် အမျိုးသမီး/အမျိုးသား မရွေး လုပ်ကိုင်နိုင်ကြသည်။ သို့ရာတွင် အမျိုးသမီးများ လုပ်လေ့မရှိသော အစဉ်အလာမဟုတ်သည့် အလုပ်များကို အမျိုးသမီးများ လုပ်ကိုင်လေ့မရှိ (ဥပမာအားဖြင့် လှေခါးဖြင့် အပေါ်သို့တက်ကာ စာအုပ်ကဲ့သို့သော ပေါ့ပါးသည့် ပစ္စည်းများ ယူခြင်း)။

အမျိုးသမီးများကို အားနွဲ့သူများအဖြစ် သတ်မှတ်ခြင်း၏ နောက်အကျိုးဆက်တစ်ခုမှာ အများပိုင် ပစ္စည်းများကို ခွဲဝေသုံးစွဲရာတွင် (ဥပမာ ရထား၊ ကားထိုင်ခုံနေရာများ)ရေးချမထားသော သတ်မှတ်ချက်များ ရှိနေခြင်းပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကို နေရာပေးရခြင်းကို မှတ်ချက်မပေးလိုသော်လည်း သန်သန်မာမာ အမျိုးသမီး၊ အမျိုးသား ၂ယောက်တွင် အမြဲတမ်း အမျိုးသမီးက နေရာရနေခြင်း နှင့် အထက်ကပြောခဲ့သော ကျား/မမရွေးသည့် အလုပ်တချို့ကို အမျိုးသမီးများ ဘယ်တော့မှ မလုပ်ခြင်းသည် ယခု စာရေးသူ ထောက်ပြ ဝေဖန် ပြောဆိုလိုသည့် လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း တစ်မျိုးပင်ဖြစ်သည်။

အဆိုးရွားဆုံး ပြဿနာမှာ ဆူးကျဖက်ပေါက် ဖက်ပေါက်ဆူးကျ ဟူသော စကားပုံပင်ဖြစ်သည်။ အဆိုပါ စကားပုံအရ လိင်ကိစ္စနှင့်ပတ်သက်လျင် မြန်မာ့ လူ့အသိုက်အ၀န်း၏ စံများအရ အမျိုးသမီး၊ အမျိုးသား အခွင့်အရေး တန်းတူ မရကြောင်း သိသာ ထင်ရှားသည်။ ဆိုလိုသည်မှာ မှားယွင်းမှု တစ်ခု အတွက် အမျိုးသမီးများက အမျိုးသားများထက် ပိုမို ပေးဆပ်ရ (ကဲ့ရဲ့ အပြစ်တင်ခံရ)လေ့ ရှိတတ်သည်။ ပိုဆိုးသည်မှာ အမျိုးသားများနှင့် လက်ပွန်းတတီးနေခြင်း (အလုပ်သဘောအရ၊ ခင်မင်မှုအရ)၊ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံခြင်းနှင့် အိမ်ပြန်နောက်ကျခြင်း စသည်များကိုပါ (အကြောင်းရင်း အဖြစ်နှင့်) လိင်ကိစ္စနှင့် ရောထွေးရှုမြင်ကြခြင်း ဖြစ်လေသည်။

စာရေးသူ တွေ့မြင်ဖူးသော ဖြစ်ရပ်တစ်ခုတွင် ကျောင်းသား၊ ကျောင်းသူတစ်စုက ဘာသာရပ်ဆိုင်ရာ စီမံကိန်းတစ်ခုကို ရေးဆွဲရသည်။ လူစုံအောင် စောင့်ရသဖြင့် နေ့လည်မှ အလုပ်စလေ့ရှိသည်။ အိမ်ပြန် နောက်ကျမည်စိုးသဖြင့် ကျောင်းသူများက ညနေ ၄ နာရီ ထိုးလျင် အိမ်ပြန်လေသည်။ ကျောင်းသား ၁ ဦး၊ ၂ ဦးတည်း ကျောင်းရှိ လက်တွေ့ခန်းတွင် အလုပ်ဆက်လုပ်ရသည်။ ကွင်းကွင်းကွက်ကွက် ပြောရလျင် လူ ၅ ယောက်၊ တရက် ၈ နာရီခန့် လုပ်ရမည့်အလုပ်ကို လူ ၂ယောက်နှင့် တပိုင်းက တရက် ၆ နာရီမပြည့်တပြည့်သာ လုပ်တော့သည်။ သည်လိုဆိုတော့ ဘယ်မှာလျင် အဆင့်အတန်းမီ ကောင်းမွန်သော စီမံကိန်း ထွက်လာပါမည်နည်း။ (နောက်တော့ စာမေးပွဲ ကျကုန်ကြလေသည်။)

ထပ်မံထောက်ပြလိုသော ကိစ္စရပ်တစ်ခုမှာ ဆွေမျိုးမတော်သော အမျိုးသား/အမျိုးသမီးများ တမိုးအောက်တွင် မနေ (လို) ကြခြင်းပင်ဖြစ်သည်။ အကြောင်းရင်းကို စစ်လိုက်သော် ဘာမဟုတ်သာ ဆူးကျဖက်ပေါက်ကို ကာကွယ်ခြင်းပင်ဖြစ်သည်။ လူနေမှု စားရိတ်နည်းပါးသော အရပ်ဒေသများတွင် မသိသာသော်လည်း (စင်ကာပူ၊ ဟောင်ကောင်၊ တိုကျို၊ နယူးယောက် စသော) လူနေမှု စားရိတ်ကြီးမြင့်သော ဒေသများတွင် ဆွေမျိုးမဟုတ်သောလူများ အတူတူစုနေမှ အဆင်ပြေမည်ဖြစ်ရာ မြန်မာ့လူ့ အသိုက်အ၀န်းတွင် အိမ်ငှား အလိုရှိသည် (မိန်းကလေးသာ) ဆိုသော ကြော်ငြာများမှာ တွေ့မြင်နေကျ ဖြစ်သော်လည်း ၄င်း၏ ပြောင်းပြန် အိမ်ငှား အလိုရှိသည် (ယောက်ျားလေးသာ) ဆိုသော ကြော်ငြာမှာ အနောက်အရပ်က နေထွက်သည့်နှယ် တွေ့မြင်ဖို့ မဖြစ်နိုင်သလောက်ရှိလေသည်။

အကျိုးရလဒ်ကား လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းပင်တည်း။ အမျိုးသားများအဖို့ နေစရာပင် ရှာမရသဖြင့် တိုးဝှေ့ ပြွတ်သိပ် နေနေရလင့်ကစား အမျိုးသမီးများမှာ နေစရာ တပုံတပင် ရှိသည်ဟုပင် ဆိုရမည်။ ဖြစ်ရပ်တစ်ခုတွင် စာရေးသူ၏ မိတ်ဆွေ တစ်ဦးက စာရေးသူအား နင်တို့က ဘယ်နေရာနား ခွေခွေ ခေါက်ခေါက် ထိုးထည့်လိုက်လို့ ရတယ်ဟု ပြောဖူးသည်။ ကြိုတင် ဆုံးဖြတ်မှု (စမနကြိငခန) မပါပဲ စဉ်းစားမည်ဆိုပါက အမျိုးသားများသည်လဲ လူသားများပင်ဖြစ်သဖြင့် သူပြောသလို ခွေခွေ ခေါက်ခေါက် ဖြစ်သလို ပြွတ်သိပ် ကျပ်ညှပ်နေသော (စာရေးသူအကြိုက်ဆုံး စကားစုဖြစ်သည့် ၀က်များကဲ့သို့နေရသည့်)နေရာတွင် နေလိုမည်မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲ။

စာရှုသူ အဆွေ၊ သင်ယုံကြည်သော စံနှုန်း၊ စံသတ်မှတ်ချက်များကို ခေတ္တမေ့ထားလိုက်ပါ။ စာရေးသူ ပြောမည့် မြင်ကွင်းကို တချက် ပုံဖော်ကြည့်ပါ။ လူတစ်စုရှိသည်။ အဆိုပါ လူစုတွင် တ၀က်သော လူတို့သည် အခြားသော တ၀က်ကို အများပြည်သူဆိုင်ရာ နေရာများ (ကား၊ ရထား စသည်) တို့တွင် နေရာကောင်းကို ပေးရလေ့ရှိသည်။ (ပင်ပန်းဆင်းရဲသော) အလုပ်အများစုကို တ၀က်သော လူတို့သည် ကျန်တ၀က်ကို မလုပ်စေပဲ လုပ်ပေးရလေ့ရှိသည်။ (ကျန်တ၀က်က ဘယ်တော့မှ မလုပ်) တ၀က်သော လူတို့သည် ၀က်တို့၏ တင်းကုပ်ကဲ့သို့ ပြွတ်သိပ် ကျပ်ညှပ်နေသော အိမ်ခန်းများတွင် နေရပြီး ကျန်တ၀က်သည် မိမိ စိတ်ကြိုက်ရွေးချယ်ထားသော အိမ်ခန်းများတွင် သက်သာချောင်ချိစွာနှင့် နေနေရသည်။ အဆိုပါ မြင်ကွင်းသည် တရားမျတပါ၏လော။

အကယ်၍သာ တရားမမျတဟု အဆွေ ထင်မြင်ခဲ့ပါလျင် မည်သည့်အရာသည် တရားခံဖြစ်ပါသနည်း၊ တရားမျတအောင် အဆွေ မည်သို့ ဆောင်ရွက်မည်နည်း။ စာရေးသူအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်၍ ဖြစ်နိုင်သော အဖြေ (Solution) ကို သိလိုလှပါသည်။