ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Sunday, June 21, 2009

သရုပ်ပျက်လို့ ပြောသင့်ရဲ့လား

ပိတောက်ရိပ် တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

ငယ်စဉ်က မဂ္ဂဇင်းတစောင်ထဲမှာ ဖတ်ခဲ့ရတဲ့ ကာတွန်းတခုကို ပြက်ပြက်ထင်ထင် မှတ်မိနေသည်။ လေးကွက်ကာတွန်း တစ်ခု။

ပထမတကွက်တွင် ဘောင်းဘီဖင်ကျပ် ၀တ်ဆင်ထားသူ ခေတ်ဆန်ဆန် ဆံရှည်လူငယ်တဦးကို တိုက်ပုံ၊ ပုဆိုး ၀တ်ဆင်ထားသူတဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

ဒုတိယအကွက်တွင် ထိုတိုက်ပုံဝတ်လူငယ်အား ခေါင်းပေါင်း၊ တောင်ရှည်တို့ကို ၀တ်ဆင်ထားသူတစ်ဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

တတိယအကွက်တွင် ထိုတောင်ရှည်ဝတ်လူအား သားရေနံငယ်ပိုင်းကို ၀တ်ဆင်ထားသော ကျောက်ခေတ်လူသား (လက်ထဲတွင် ကျောက်တုံးပုဆိန်ကိုင်ထားသူ)က လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်”ဟု ခေါ်ဆိုနေပုံ ရေးဆွဲထားပြန်သည်။

နောက်ဆုံးအကွက်တွင်ကား ကျောက်ခေတ်လူသားကို လက်ညိုးငေါက်ငေါက်ထိုး၍ “သရုပ်ပျက်”ဟု ခေါ်ဆိုနေသည်မှာ မျောက်ဝံတကောင်ဖြစ်သည်။

ဤကာတွန်းကလေးကို သတိရမိတိုင်း လူတို့၏ ရှေးရိုးစွဲတတ်ပုံ၊ အသစ်အဆန်းကို လက်မခံချင်သည့်စိတ်ဓါတ် စွဲမြဲနေပုံတို့ကို သတိပြုမိသည်။

လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ ကူးလူးရောယှက်ကာ အုတ်အုတ်ကျက်ကျက် လှုပ်ရှားတိုးတက်နေသော လူ့အဖွဲ့အစည်း (Cosmopolitan)တွင် အသစ်အဆန်းကို မြတ်နိုး တန်ဖိုးထားကာ လွယ်လင့်တကူ လက်ခံတတ်ကြသလောက် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်ကာ အထီးကျန်ဆန်နေသော လူ့အဖွဲ့အစည်းတွင် အသစ်အဆန်းကို လက်ခံရန် တွန့်ဆုတ်တတ်ကြသည်။ ခေတ်နောက်ပြန်ဆွဲချင်ကြသည်။ မိမိ မိရိုးဖလာ လက်ခံကျင့်သုံးလာသော ဓလေ့ထုံးတမ်းတို့နှင့် မကိုက်ညီသော၊ ခွဲထွက်သော အတွေးအခေါ်၊ အပြုအမူတို့နှင့် သစ်ဆန်းသော အရာမှန်သမျှကို အလွယ်တကူ လက်မခံရုံမက ပြစ်တင်ရှုံ့ချတတ်သော သဘောရှိသည်။ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ကျင့်ကြံခြင်းကို မြင့်မြတ်သည်၊ ယဉ်ကျေးသည်၊ ကောင်းမွန်သည်ဟု အထင်ရှိတတ်ကြသည်။

သတိပြုရန်မှာ မြန်မာပြည်တွင် တချိန်က သရုပ်ပျက်ဟု ခေါ်ဆိုခဲ့သော တေးဂီတ၊ ၀တ်စားဆင်ယင်မှုတို့သည် ယနေ့ လူကြီး၊ လူငယ်အားလုံး လက်ခံနေကြပြန်သည်ဆိုသည့် အချက်ဖြစ်သည်။

လူတို့၏ စိတ်နေသဘောထားကို အ၀တ်အစား၊ အဆင်အပြင်ကို ကြည့်ရှု၍ ဆုံးဖြတ်ရန်မသင့်ဟူသော အချက်ကို လက်ခံပါက လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသည့် စကားပမာ လူတို့၏ ကွဲပြားခြားနားသော အကြိုက်တရားကို နားလည်လက်ခံနိုင်၍ (တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားမှုဖြင့်) ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရန်သာ ကြိုးပမ်းသင့်သည်။

လွတ်လပ်သောလူ့အဖွဲ့အစည်းများတွင် မိမိ၏ အကြိုက်တရားကို စံတခုသဖွယ် ရှေ့တန်းတင်လျက် လူတိုင်းကို လိုက်နာကျင့်သုံးစေရန် မပြုကျင့်ကြ။ အဘယ်ကြောင့်ဆိုသော မိမိအကြိုက်တရားသည်သာ အမှန်ကန်ဆုံး၊ အမြင့်မြတ်ဆုံး၊ အယဉ်ကျေးဆုံးဟု သဘောမထားကြသောကြောင့်ပင်တည်း။ အကြိုက်တရားဟူသည် မတူညီနိုင်ကြဟူသော အချက်ကို လက်ခံကြသောကြောင့်ပင်တည်း။ မိမိမျက်စိထဲတွင် ကျက်သရေရှိလှသည်ဟု ထင်သောအရာတခုသည် အခြားလူတဦး၏ မျက်စိတွင် ထော်လော်ကန့်လန့် နိုင်သော အရာတခုလည်း ဖြစ်နေနိုင်သောကြောင့်ပင်တည်။

ကိုယ့်ကျင့်တရားနှင့် ပတ်သက်လျှင်သာ စံချိန်စံညွှန်းများ ထားရှိရန် လိုအပ်မည်ဖြစ်သော်လည်း ယဉ်ကျေးမှု(Culture) နှင့်ပတ်သက်၍ကား စံချိန်စံညွှန်းများကို လူတိုင်းအပေါ်တွင် အာဏာတည်သက်ရောက်စေရန်မသင့်။ အမှန်စင်စစ်တွင်မူကား ယဉ်ကျေးမှုတို့သည် ခေတ်ကာလ၊ လူတို့၏ အတွေးအခေါ်၊ အကြိုက်တရား၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ တိုင်းတပါးနှင့် ကူးလူးရောယှက်ဆက်ဆံရေး အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်၍ အစဉ်သဖြင့် တိုးတက်ပြောင်းလဲနေသည်။

ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံနေသမျှ ကာလပတ်လုံး ယဉ်ကျေးမှုကို ခေတ်ကာလအပိုင်းအခြားတခုတွင်သာ မူသေ ရပ်တည်နေစေရန် မည်သူမျှ စွမ်းဆောင်နိုင်ကြမည်မဟုတ်ချေ။ စွမ်းဆောင်ရန် ကြိုးစားသူများအဖို့လည်း အနှေးနှင့် အမြန်ဆိုသလို ရှုံးနိမ့်မှုကိုသာ မုချကြုံတွေ့ကြရပေမည်။

ကိုပေါ

No comments: