ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Friday, July 24, 2009

ဖော်ဖော်ရွေရွေ စင်ကာပူတွေ

ဖော်ရွေတတ်တာ၊ အေးစက်စက်နိုင်တာ၊ ရိုင်းပြတာ၊ ယဉ်ကျေးတာဆိုတာတွေဟာ ကမ္ဘာပေါ်က လူသားအားလုံးနဲ့ ဆိုင်တဲ့ လူ့အရည်အသွေးတွေပါ။ ဘယ်လူမျိုး၊ ဘယ်ဒေသ၊ ဘယ်အဖွဲ့အစည်းက လူတွေကတော့ ရိုင်းတယ်၊ ယဉ်ကျေးတယ်၊ ပျူငှာတယ်၊ ဖော်ရွေတယ် စသဖြင့် သတ်မှတ်ပြောဆိုလို့ မရကောင်းပါဘူး။ ဘယ်နေရာမှာမဆို လူအမျိုးပေါင်း စုံနေအောင် တွေ့ရမှာပါပဲ။ စာရေးသူတွေ့ခဲ့ဖူးတဲ့ ဖော်ရွေတတ်တဲ့ စင်ကာပူနိုင်ငံသားတွေအကြောင်းကို ပြန်ပြောင်းပြောပြပါမယ်။

နမော်နမဲ့နိုင်တတ်တဲ့ မောင်လောရှည်ဟာ ဘဏ်ကနေ ပိုက်ဆံထုတ်ဖို့ကို မကြာခဏမေ့တတ်ပြီး အိတ်ထဲ ပိုက်ဆံမပါတာကိုတောင် တခါတလေ သတိမထားမိတတ်ပါဘူး။ အဲဒါနဲ့ပဲ အိတ်ဟောင်းလောင်းနဲ့ ကျောင်းစားသောက်ဆိုင်မှာ စားစရာမှာ စားပါတော့တယ်။ စားစရာရောက်လာလို့ ပိုက်ဆံထုတ်ပေးမယ်လဲ ကြည့်လိုက်ရော ပိုက်ဆံက တပြားမှ ပါမလာဘူး။ ဒါပေမဲ့ အဲဒီဆိုင်က စားနေကျ ပါစတာ (အီတာလျံခေါက်ဆွဲ) ဆိုင်ဖြစ်နေတော့ကာ ဆိုင်ရှင်တရုတ်ကြီးက ကဲ ကဲ အလကားစားသွား၊ နောက်ကြုံမှပေးတော့လို့ ပြောပါတော့တယ်။ မောင်လောရှည်ကလဲ စားတာပဲ။ နောက်တနေ့ကျ သတိတရနဲ့ သွားပေးတော့ ကျေးဇူး၊ ကျေးဇူးနဲ့။ (အဲဒီ တရုတ်ကြီးက အင်္ဂလိပ်လို အတော်ကောင်းကောင်း ပြောတတ်တယ်။ လူတွေအများကြီး တန်းစီနေတုန်း မှာတာတွေ ပွဲ ၂၀ လောက် ဦးဏှောက်ထဲ မှတ်ထားပြီး မမှားအောင် ပေးတတ်တယ်။ တခြား စားသောက်ဆိုင်ဖွင့်တဲ့လူတွေနဲ့ သိပ်မတူဘူး။)

နောက်တခါကတော့ ထောပတ်ထမင်းရောင်းတဲ့ (ဟုတ်တယ်၊ မြန်မာထောပတ်ထမင်းနဲ့ တူတယ်။) အရှေ့အလယ်ပိုင်းဆိုင်မှာပါ။ ညဘက် ကျောင်းမှာ ညနက်တဲ့အထိ စာလုပ်ရင်းစားဖို့ စမူဆာ သွားသွားဝယ်နေတော့ ကုလားနဲ့ (တရုတ်ကြီးလောက် မဟုတ်ပေမဲ့) နည်းနည်း ရင်းနှီးပြီး မျက်မှန်းတန်းမိနေတယ်။ သောကြာနေ့ တစ်နေ့ ညနေပိုင်း (အဲဒီနေ့က ပိုက်ဆံထုတ်ဖို့ မမေ့ဘူး။) ကုလားကို ပိုက်ဆံထုတ်ပေးတော့ ဒေါ်လာ ၅၀ တန်ကြီးဖြစ်နေတယ်။ ကုလားကလဲ ဆိုင်သိမ်းဖို့ ပိုက်ဆံတွေအကုန် သော့ခတ်ပြီးနေတော့ ပြန်အမ်းစရာမရှိလို့ နောက်မှ ပေး ဆိုပြီး စမူဆာတွေ ထည့်ပေးလိုက်တာပဲ။ နောက်နေ့တွေကျတော့ ကျောင်းမရောက်ဖြစ်တာနဲ့၊ ရောက်ဖြစ်တော့လဲ အဲဒီဆိုင်မှာ မစားဖြစ်၊ စားဖြစ်တော့လဲ မေ့နဲ့ ၂ ပါတ်လောက်ကြာမှ ကုလား အကြွေးပြန်ရရှာတယ်။

သူတို့က စားနေကျ ဖောက်သည်မို့လို့၊ မြင်ဖူးနေလို့ ထားပါတော့။ ဒီနေ့တော့ ညကလဲ နည်းနည်းနက်နေတော့ နီးတဲ့ဆိုင်တွေမှာ စားစရာမရှိတော့တာနဲ့ နည်းနည်းဝေးတဲ့ စားနေကျ မဟုတ်တဲ့ ဆိုင်တွေနားကို မောင်လောရှည် ချီတက်ပါတယ်။ စားစရာမှာပြီးမှ သတိရလိုက်တာက ပိုက်ဆံ အတော်ခမ်းနေပြီ၊ လောက်ပါ့မလား။ စားနေကျဆိုင်လဲ မဟုတ်တော့ ဘယ်လောက်ကျလဲ မသိဘူးလေ။ ပိုက်ဆံ ပြေးထုတ်ဖို့ကလဲ အတော်ဝေးတာဆိုတော့ အယ် ဆိုပြီး အသံထွက်လို့ ရှိတဲ့ အကြွေတွေကို နှိုက်ထုတ်နေတာကိုမြင်တော့ မောင်လောရှည်ကို တခါမှ မမြင်ဖူးတဲ့ တရုတ်မက ကဲပါ ... ပိုက်ဆံ မပါလဲ စားသွား၊ နောက်မှပေးလဲ ရတယ်လို့ ပြောပါတော့တယ် (ရှက်လိုက်တာနော်)။ ဒါပေမဲ့ ကံက ကောင်းချင်တော့ စားစရာတွေက သိပ်ဈေးမကြီး၊ ချောင်ကြားမှာ ကပ်နေတဲ့ ၂ ဒေါ်လာတန်တစ်ရွက်ထွက်လာတော့ (ဟုတ်တယ်၊ စင်ကာပူမှာ ထူးထူးဆန်းဆန်း ၂ ဒေါ်လာတန် သုံးတယ်။) အဆင်ပြေသွားပါတယ်။ (တကယ်လို့များ ပိုက်ဆံ တကယ်ပါမလာလို့ကတော့ မျက်နှာပြောင်နဲ့ တီးပြီး နောက်နေ့မှ သွားပေးရမှာ။)

သြော် ... စင်ကာပူမှာလဲ ငွေ၊ ငွေ၊ ငွေပဲ ကြည့်မနေပဲ ဖော်ရွေတတ်သူတွေ ရှိပါလားနော်။

Monday, June 22, 2009

ကျောင်းအိပ်မက်

အခုတလော အင်မတန် ထူးဆန်းတဲ့ အိပ်မက်တွေ မက်မက်နေတယ်။ ကြားဖူးတာက လူတော်တော်များများ ၁၀ တန်းစာမေးပွဲ ပြန်ဖြေရတယ် အိပ်မက်မက်တယ်လို့ ကြားဖူးပါတယ်။ (အမေဆို အခုထိ မက်တုန်း။) အခုတော့ ကိုယ်က ၁၂ တန်းပြန်တက်ရတယ်လို့ အိပ်မက်မက်တယ်။ အိပ်မက်ကလဲ တီဗွီမှာလာတဲ့ ဇာတ်လမ်းတွဲလိုပဲ အပျိုးနဲ့။ High-concept အိပ်မက်လို့တောင် ပြောလို့ရမယ်။ ဘာတဲ့။ ကျောင်းတွေက အမေရိကန် စနစ်ကို ပြောင်းလိုက်လို့ သူငယ်တန်းကနေ ၁၀ တန်းအထိ ၁၁ နှစ်မဟုတ်တော့ပဲ ၁ တန်းကနေ ၁၂ တန်းအထိ ၁၂ နှစ်ဖြစ်သွားပြီတဲ့။ အဲဒါ အဲဒီ ၁၂ တန်းကို ပြန်မတက်ရင် အထက်တန်းအောင်တာ မဟုတ်သေးလို့ လူတွေအားလုံး ၁၂ တန်းကို ပြန်တက်ရတာတဲ့။ ပထ၀ီ၊ သမိုင်း၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒတွေ ပါပါသတဲ့။ ပထမ အိပ်မက်မှာ သူငယ်တန်း တက်ခါစတုန်းက အတန်းပိုင်ခွင့်ယူထားလို့ အတန်းလာစောင့်ပေးတဲ့ ဆရာမ ၂ ယောက် (တကယ့်လက်ဦးဆရာတွေပေါ့) က လာရှင်းပြတယ်။ အဲဒီမှာ စတွေ့တာပဲ။

တမြန်နေ့ညက ဒုတိယ အိပ်မက်ထဲမှာကတော့ ကျွန်တော် ပထမဆုံး စပြီး သဘောကျမိတဲ့ ကောင်မလေးနဲ့ တွေ့တယ်။ (ပျော်လိုက်တာ။) သူဟာ ကျွန်တော့်ရဲ့ ပထမဆုံး မိန်းကလေး သူငယ်ချင်းလဲ ဖြစ်တယ်လေ။ အခုထိလဲ အခင်ဆုံး သူငယ်ချင်းတစ်ယောက်ပါပဲ။ အခုတော့ သူ့ကို ဘယ်လိုမှ ဆက်သွယ်လို့မရတာ ၂ နှစ်ရှိပြီ။ (အိမ်ထောင်ကျသွားပြီ ထင်တာပဲ။) နောက်ပြီး ကျွန်တော် သိပ်ချစ်တဲ့ ဆရာမကိုလဲ ပြန်တွေ့တယ်။ သူက ၄ တန်းတုန်းက မြန်မာစာသင်တဲ့ ဆရာမ။ ကျွန်တော်တို့ရဲ့ မဟာ ၁၂ တန်းမှာ သူ မြန်မာစာ သင်မယ်ထင်တယ်။ (ဆုံးသွားပြီဖြစ်တဲ့ ၁၀ တန်းမှာ သမိုင်းသင်တဲ့ စာရေးဆရာ ဆရာမကိုတော့ မမက်ဘူး။ တော်တော်များများအတွက် သူက မြန်မာစာ ဆရာမဖြစ်ပေမဲ့ ကျွန်တော့်ကို သမိုင်းသင်တာမို့ ထင်တယ်။)

မနေ့ညက တတိယ အိပ်မက်ထဲမှာကတော့ ကျွန်တော် ၁၀ တန်းပြီးတော့ သဘောကျမိတဲ့ ကောင်မလေးကို တွေ့တယ်။ (သူသိပ်လှတာပဲ၊ ၁၇ နှစ်သမီးကနေလဲ ဘယ်တော့မှ ကြီးလာဟန်မတူဘူး။ အဟိ။) ထူးခြားတာက အထက်တန်းကျောင်းက သူငယ်ချင်းတွေကြားထဲမှာ တက္ကသိုလ်တက်မှသိတဲ့ ကျွန်တော့်သူငယ်ချင်း ရွှေပေါရယ်၊ အဲဒီ ကောင်မလေးရယ်၊ သူ့ side-kick ၂ ယောက်ဖြစ်တဲ့ သန္တာနဲ့ စန္ဒာရယ်ကို တွေ့တယ်။ အဲဒီ ၂ ယောက်ကလဲ ကျွန်တော့် သူငယ်ချင်းတွေပါပဲ။ side-kick ခေါ်တာကတော့ ပြောရရင် ကိုယ်က မင်းသား၊ သူက မင်းသမီးဆိုရင် သူတို့တွေက မင်းသမီး သူငယ်ချင်းတွေဆိုတော့ ရုပ်ရှင်လိုဆိုရင် ဇာတ်ပို့ (ဟောလီဝုဒ်အခေါ် side-kick) ပေါ့။ ကျောင်းဝတ်စုံလဲ မ၀တ်ကြဘူး။ (လူ့ဦးဏှောက်ရဲ့ အလုပ်လုပ်ပုံတွေလေ။) သူတို့တွေပဲ ပြူးပြီးတော့ ရောင်စုံတွေ ဖြစ်နေတယ်။ မနေ့က အင်္ဂလိပ်စာ သဒ္ဒါလေ့ကျင့်ခန်း လုပ်ရတယ်။ ကျွန်တော် အချစ်ဆုံး အင်္ဂလိပ်စာ ဆရာမ (၆ တန်းတုန်းက ဆရာမ) သင်တယ်။ (စကားမစပ် သူ့သားနဲ့ ကျွန်တော်နဲ့ အတန်းကွာ - တနှစ်ကြီး တနှစ်ငယ် - ပေမဲ့ ညီအစ်ကိုလိုပဲ ချစ်ကြတယ်။)

ထူးခြားတာက တော်တော်လေး သဘောကျမိတဲ့ ကောင်မလေးတွေကိုပဲ အိပ်မက်မက်တာပါပဲ။ ယောင်ယောင်လေး သဘောကျမိတဲ့ မဆိုးပါဘူးဆိုပြီး ကျူမိတဲ့ ကောင်မလေးတွေ ကျော်သွားတယ်။ အိပ်မက်ထဲမှာတွေ့တဲ့ ကောင်မလေးတွေအားလုံး chronological order (တွေ့တဲ့ အချိန်အတိုင်း စီကာစဉ်ကာနဲ့) တွေ့တာ။ တွေ့တဲ့ ဆရာမတွေကလဲ မြန်မာစာ၊ အင်္ဂလိပ်စာ ဆရာမတွေ ဖြစ်နေတယ်။ ဒီည အိပ်မက်ထပ်မက်ရင် ဘယ်သူ့ကို တွေ့ရမလဲ မသိဘူး။ ဆုံးသွားပြီဖြစ်တဲ့ ၁၀ တန်းတုန်းက သင်္ချာသင်တဲ့ ဆရာမကို တွေ့ချင်သေးတယ်။ စာမေးပွဲဖြေရင် မြန်မာစာနဲ့ အင်္ဂလိပ်စာပြီးရင် သင်္ချာဖြေရတာကိုး။ ကျွန်တော့်ကိုတွေ့ရင် ဘာများ ဆိုဆုံးမဦးမယ် မသိဘူး။ စာလုပ်စရာရှိတာလုပ်၊ အိပ်မက်မက်ဖို့ အိပ်ပဲမနေနဲ့လို့များ ပြောမလားမသိဘူး။) ဘာပဲဖြစ်ဖြစ် ညမြန်မြန်ရောက်၊ မြန်မြန်အိပ်ချင်လှပြီ။