ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Monday, December 14, 2009

ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များ နှင့် သဒ္ဒါအမှားများ

ဒီနေ့ထုတ် The Voice ဂျာနယ် အတွဲ ၆ အမှတ် ၆ (စာကြမ်း) မှာ

"မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ... နိုဘယ်ဆု ရရှိထားသူ ... စီးပွားရေး ပညာရှင် Joseph E. Stiglitz ... မြန်မာနိုင်ငံသို့ လာရောက်မည် ... ။"လို့ ဖော်ပြပါရှိတာကို ဖတ်ရှုရပါတယ်။ အမှန်က "ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ... နိုဘယ်ဆု ရရှိထားသူ ... စီးပွားရေး ပညာရှင် Joseph E. Stiglitz ... မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် လာရောက်မည် ... ။" လို့ဖြစ်ရမှာပါ။

အဲဒါကို မြင်တော့ ငယ်ငယ်တုန်းက သဒ္ဒါလေ့ကျင့်ခန်းထဲက ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များအကြောင်းကို သတိရမိပါတယ်။ ပုဒ်အထားအသိုပြင်တဲ့ လေ့ကျင့်ခန်းမှာ မေးခွန်းမှာ "ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များစိုက်ပျိုးရန် တောင်ကုန်းတစ်ခုကို သက်ဆိုင်ရာက ရှာဖွေနေသည်။" လို့ ပေးထားရင် "ပန်းသီးပင်များစိုက်ပျိုးရန် ပေ ၅၀၀၀ မြင့်သော တောင်ကုန်းတစ်ခုကို သက်ဆိုင်ရာက ရှာဖွေနေသည်။" လို့ ပြန်ဖြေပေးရတာမျိုးပေါ့။ မဟုတ်ရင် ပန်းသီးပင်ကပဲ ပေ ၅၀၀၀ မြင့်သလိုလို။

အရေးကြီးတာက နာမ၀ိသေသနတွေနဲ့ ကြိယာဝိသေသနတွေကို တတ်နိုင်သလောက် သူတို့အထူးပြုတဲ့ ပုဒ်တွေ (နာမ်၊ နာမ်စား၊ ကြိယာများ) နဲ့ ကပ်ပေးဖို့ပါပဲ

အမှန်ပြင်နိုင်ကြပါစေ။

Wednesday, November 11, 2009

ကန်စွန်းဥ (ဟက္ကူ)



မကြိုက်တတ်ပေမဲ့

မေမေပြုတ်တဲ့ ကန်စွန်းဥ

နည်းနည်းစားချင်တယ်။

Tuesday, October 20, 2009

ရှေးထုံးလဲ ပယ်မှ - ၂


ချစ်သူ ၂ ဦးတို့ လက်ထပ်ဖို့အတွက် လက်ထပ်တဲ့ရုံးကို သွားကြတာပါ။ အဲဒီမှာ ရှိတဲ့စာရေးမက ရိုးရာ အစဉ်အလာအတိုင်း လက်ထပ်ဖို့ အခြေခံဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဆီးကြို ပြောကြားပါတယ်။ ပထမဆုံးအနေနဲ့ သတို့သမီးရဲ့ ခါးအရွယ်အစားကို မေးပြီး လိင်ဆက်ဆံမှု ပြုလို့မရအောင် သော့ပိတ်ထားလို့ရတဲ့ ကိရိယာကို ထုတ်ပေးပြီး မိန်းကလေးကို ၀တ်ခိုင်းပါတယ်။ သတို့သားကို သော့အပ်ပါတယ်။ (အလယ်ခေတ်မှာ စတင်တီထွင်ခဲ့တဲ့ အဲဒီကိရိယာက သတို့သားအနေနဲ့ သူပိုင်ဆိုင်တဲ့ သတို့သမီးကို တခြားလူနဲ့ ဆက်ဆံ ပေါင်းသင်းလို့မရအောင် သော့ခတ်ထားလို့ရသလို၊ မင်္ဂလာမဆောင်ခင်ကတည်းက ကိုယ်ဝန်ရှိနေခဲ့ရင်လဲ သတို့သမီးကို - ၀မ်းဗိုက်ကို ချုပ်ထားခြင်းဖြင့် - သေဆုံးစေနိုင်ပါတယ်။)

သတို့သမီးက အဲဒါနဲ့ သော့ခတ်ထားမခံနိုင်ကြောင်း၊ အဓိပ္ပါယ် လုံးဝမရှိကြောင်း ပြောတဲ့အခါ စာရေးမက အို … ရိုင်းလိုက်တာ၊ ဘုရားစကား နားထောင်ရမှာပေါ့ လို့ ပြန်ပြောပါတယ်။ (အင်း … ကလေးဆိုတာ လူကြီးစကား နားထောင်ရမှာပေါ့တို့၊ ဆရာ/မကပြောနေတာကို ကလေးတွေက နားထောင်လိုက်ဖို့ပဲ ရှိတယ်၊ ပြန်မေးဖို့ မရှိဘူးတို့ကို ကြားယောင်ရင်း လွမ်းတောင် လွမ်းမိတယ်နော်။) သတို့သားက အဲဒါတွေ သူမလုပ်ချင်ကြောင်း ၀င်ပြောတဲ့အခါမှာ ရွေးစရာလမ်းမရှိကြောင်း စာရေးမက ဟောက်သံလေးစွက်လို့ ပြန်ဖြေပါတယ်။ ခက်ပါလားနော်။

ပြီးတော့ မြို့ဝန်ကို ဖုန်းဆက်ခေါ်ပါတယ်။ မြို့ဝန်ဘာလုပ်ဖို့တုန်းလို့ သတို့သားကမေးတာကို ပြန်မဖြေပဲ နင့်ဆိတ်တွေဘယ်မှာလဲလို့ စာရေးမရဲ့ အသံထွက်လာပါတယ်။ ဘာ … ဆိတ် ကရော ဘာလုပ်ဖို့လဲလို့ သတို့သားက အံ့သြတကြီး ပြန်အမေးမှာ ဆိတ် ၇ ကောင်ကို ရိုးရာ အစဉ်အလာအတိုင်း သတို့သမီးရဲ့ ဖခင်ကို ပေးဖို့ (တင်တောင်းဖို့) လေဆိုတဲ့ စိတ်မရှည်တဲ့ လေသံလေးကို ကြားရပါမယ်။ သတို့သားက သူငါနဲ့ လက်ထပ်ချင်တာ၊ ငါသူ့ကို ၀ယ်နေတာ မဟုတ်ဘူး ဆိုပြီး ဒေါသသံ စွက်လာပါတော့တယ်။ ဒုက္ခ၊ ဒုက္ခ။

မြို့ဝန်ရောက်လာပါပြီ။ သတို့သားက ဘာတွေဖြစ်တာတုန်း မေးနေချိန်မှာ သတို့သမီးကို မြို့ဝန်ရဲ့လူတစ်ယောက်က ထမ်းခေါ်သွားပါတော့တယ်။ သတို့သားက ဘာလုပ်မလို့တုန်း မေးတော့ ပန်းဦးဆက်ဖို့ ဆိုပဲ။ စာရေးမက ပြောတာကတော့ မင်္ဂလာဦးညမှာ ဒေသအာဏာပိုင်တွေက ပန်းဦးချွေတာလဲ ရိုးရာ အစဉ်အလာဆိုပဲ။ (တို့ဗမာတွေ ပုဂံခေတ်ကတည်းက ခေတ်မီတယ်နော်၊ ယဉ်ကျေးမှု တော်လှန်ရေးတွေ ဘာတွေလုပ်လို့။) ဆိတ်တွေသွားပေးပြီး ယောက္ခမကြီးဆီက ထောက်ခံစာ ယူလာမှ လက်ထပ်စာချုပ် လုပ်ပေးလို့ရမယ်ဆိုပဲ။

အိုး … သတင်းဆိုးပါတဲ့။ ဘာများပါလိမ့်။ သတို့သမီးက အပျိုရည်ပျက်ပြီးသား ဆိုပဲ။ ဒါကြောင့် မသေမချင်း (သမ္မာကျမ်းစာဟောင်းအရ) ကျောက်တုံးနဲ့ ပစ်ပေါက်သတ်ရမယ်ဆိုပဲ။ ကျောက်တုံးတောင် အသင့်ရောင်းလိုက်သေး။

စိတ်ကူးယဉ်ပြီး ဟာသလုပ်ထားတာလေးပါ။ သိပ်ရယ်ရပါသလား၊ အူတောင် နှိပ်နေရသလား၊ ခဏရပ်ပါဦး။ မြန်မာအသိုင်းအ၀ိုင်းမှာလဲ ရူးသွပ်မိုက်မဲတဲ့ ရှေးရိုး အစဉ်အလာဟောင်းတွေကို အတင်း အဓမ္မ ဆက်လက် ထိန်းသိမ်းနေကြတာတွေ ရှိပါတယ်။ ဒီလို လူသားမဆန်တဲ့ ကိစ္စတွေ ပိုမို ဆိုးဝါးမလာအောင်၊ ပပျောက်သွားအောင်၊ လူသားများထက် ပိုမိုလူသားဆန်တဲ့ လူ့အသိုက်အ၀န်းကို ချီတက်ကြဖို့ စာရှုသူတို့နဲ့ စာရေးသူ လောရှည်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒါကြောင့် ရှေးထုံးလဲ (ပယ်ဖို့လိုလာရင်) ပယ်မှ။

Monday, October 19, 2009

ကာမေသုမိစ္ဆာစာရ အကြောင်း

မြန်မာ့ လူ့အသိုက်အ၀န်းသည် လိင်ကိစ္စနှင့် ပတ်သက်ပြီး အလေးအနက်ထားရှိသော လူ့အသိုက်အ၀န်းဖြစ်သည့် အားလျော်စွာ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်ပါ ကာမေသုမိစ္ဆာစာရကံနှင့် စပ်လျဉ်း၍ သာသာထိုးထိုး ပြင်းပြင်းထန်ထန် ရေးသား ဟောပြောမှုများ တွေ့မြင်နေရပါသည်။ ရဟန်းတော်တို့၏ ၀ိနည်းနှင့် စပ်လျဉ်း၍ လေးရာကို ယူရမည်မှာ ထုံးစံဖြစ်သော်လည်း လူပုဂ္ဂိုလ်တို့ ဆောင်ရန်၊ ရှောင်ရန် သင်ကြားချက်များကို ယဉ်ကျေးမှု ဓလေ့ ထုံးစံအလိုက် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း အနက်ဖွင့်ရန် မသင့်လျော်သည့်အလျောက် ဤဆောင်းပါးတွင် ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်လာ ကာမေသုမိစ္ဆာစာရကံ၏ သဘော၊ သဘာဝကို ထေရ၀ါဒ ကျမ်းဂန်များနှင့် (အပြင် ဗဟုသုတ မပါစေပဲ) တိုက်ဆိုင် စစ်ဆေး၍ ရှင်းလင်း ရေးသားမည် ဖြစ်ပါသည်။

ကာမေသုမိစ္ဆာစာရကံ ဆိုသည်ကို သူတပါး အိမ်ယာ မကျူးလွန်ခြင်းဟု အလွယ် အဓိပ္ပါယ်ပြန်ဆိုနိုင်ပါသည်။ ၄င်းသည် အဗြဟ္မာစရိယာ သိက္ခာပုဒ် (လိင်ကိစ္စကို လုံးဝ ရှောင်ကြဉ်ခြင်း) နှင့် မတူပါ။ အဗြဟ္မာစရိယာ သိက္ခာပုဒ်ကို ၈ ပါးသီလ၊ ၁၀ ပါးသီလ စောင့်ထိန်းသူ လူပုဂ္ဂိုလ်များ ခေတ္တခဏ (ယာယီ) ဆောင်ယူ စောင့်ထိန်းနိုင်သော်လည်း ၄င်းသည် ရဟန်းတော်များအတွက် သီးသန့် ရည်ရွယ်သည့် သိက္ခာပုဒ်ဖြစ်သည်။ ကာမေသု မိစ္ဆာစာရကံ မြောက်ရန် အင်္ဂါ ၄ ပါး ပြည့်စုံရပါသည်။ ၄င်းတို့မှာ

၁။ အုပ်ထိန်းသူရှိသော မိန်းမ ၂၀ ဖြစ်ခြင်း

၂။ မှီဝဲလိုသည့်စိတ်ရှိခြင်း

၃။ မှီဝဲရန် အားထုတ်ခြင်း

၎။ သာယာခြင်း

တို့ဖြစ်ကြပါသည်။ မှီဝဲလိုသည့် စိတ်ရှိခြင်း၊ မှီဝဲရန် အားထုတ်ခြင်းနှင့် သာယာခြင်းတို့မှာ ထပ်ဆင့် ရှင်းလင်းဖွယ် မလိုသော်လည်း မသွားလာထိုက်သည့် မိန်းမ ၂၀ ကို ရှင်းလင်းရန် လိုသည့် အားလျော်စွာ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်တို့တွင် အောက်ပါအတိုင်း စာရင်းပြုစု ရေးသားထားပါသည်။

၁။ မာတုရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊ ၂။ ပိတုရက္ခိတ- အဖအုပ်ထိန်းသော မိန်းမ၊ ၃။ မာတာပိတုရက္ခိတ- မိဘနှစ်ပါးအုပ်ထိန်းသော မိန်းမ ၄။ ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသော မိန်းမ၊ ၅။ ဘဂိနိရက္ခိတ- အစ်မကြီး အစ်မငယ် အုပ်ထိန်းသော မိန်းမ၊ ၆။ ဉာတိရက္ခိတ- ဆွေမျိုးအုပ်ထိန်းသော မိန်းမ၊ ၇။ ဂေါတ္တရက္ခိတ- အမျိုးနွယ်တူ အုပ်ထိန်းသော မိန်းမ၊ ၈။ ဓမ္မရက္ခိတ- အတူနေသီတင်းသုံးဖော် စောင့်ရှောက်အုပ်ထိန်းသော မိန်းမ (အထက်ပါ ၈ယောက်သော အုပ်ထိန်းသူရှိ မိန်းမများအား အတင်းအဓမ္မ သွားလာကျူးလွန်ပါက ထိုမိန်းမများတွင် ကာမေသုကံမထိုက်ဘဲ သွားလာလွန်ကျူးသူ ယောက်ျားများတွင်သာ ကံထိုက်သည်ဟု ဆိုပါတယ်။) ၉။ သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ၊ လက်ထပ်ပြီးသူ အုပ်ထိန်းသော မိန်းမ၊ ၁၀။ သပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန် သတ်မှတ်လျက် ဒဏ်ထားပြီး အုပ်ထိန်းသော မိန်းမ၊ ၁၁။ ဓနတ္ထီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသော မိန်းမ၊ ၁၂။ ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ ၁၃။ ဘောဂ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖော်သော မိန်းမ၊ ၁၄။ ၀ဋ၀ါသိနီ- ပုဆိုးပေး၍ (ပုဆိုးတန်းတင်ပြု၍) နေသောမိန်းမ၊ ၁၅။ သြဒ၀တ္တကိနီဓရ- ခွက်လက်ဆုံချ၍ မိဘနှစ်ပါး ထိန်းမြားပေးသော မိန်းမ၊ ၁၆။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ၊ ၁၇။ ဒါသီစဘရိယာစ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၈။ ကမ္မကာရီစ ဘရိယာစ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၉။ ဓဇာဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သော မိန်းမ၊ ၂၀။ မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ (အထက်ပါ ၁၂ယောက်သော မိန်းမတို့တွင် သွားလာကျူးလွန်ပါက ယောက်ျားရော မိန်းမပါ နှစ်ဦးလုံး ကာမေသု မိစ္ဆာစာရ ကံထိုက်သည်ဟု ဆိုပါတယ်။)

ယောကျာ်းလေးများအတွက် ကာမေသုအင်္ဂါ ၄ ပါး ပြည့်စုံလျှင် ကံထိုက် (အကုသိုလ်ကံ ဖြစ်) သော်လည်း မိန်းကလေးများအတွက်မူ အုပ်ထိန်းသူရှိသော အမျိုးသမီး ၉ မှ ၂၀ အတွင်း ဖြစ်ပြီး မှီဝဲလိုစိတ်ရှိခြင်း အစရှိသည့် ကျန်အင်္ဂါ ၃ ပါး ပြည့်စုံပါမှ ကံထိုက်ပါသည်။ အရပ်စကားနှင့် လွယ်လွယ် ပြောရလျှင် ပထမ ၈ မျိုးမှာ ပိုင်ရှင်မရှိသေးသော မိန်းမများဖြစ်ပြီး ဒုတိယ ၁၂ မျိုးမှာ ပိုင်ရှင် ရှိလတ္တံ့၊ ရှိဆဲ ဖြစ်သော မိန်းမများဖြစ်ကြပါသည်။ တနည်းပြောရလျှင် ယောက်ျားလေးများအဖို့ မိမိမယားမဟုတ်လျှင် ကာမေသုမိစ္ဆာကံ ထိုက်မည်ဖြစ်ပြီး မိန်းကလေးများအဖို့ မိမိလင်မဟုတ်လျှင် ကာမေသုမိစ္ဆာစာရ ကံထိုက်မည် ဖြစ်သည်။

ဤသို့ဆိုလျှင် မိမိ မယားဖြစ်သူနှင့် သွားလာလျှင် (ချွင်းချက်အနည်းငယ်မျှအပ) ကံမထိုက်သည်မှာ နားလည်ရ လွယ်ပါသည်။ တနည်းအားဖြင့် မိမိ၏ ကာမပိုင် မိန်းမ/ယောက်ျားနှင့်သာ သွားလာခွင့် ရှိသည်။ သို့သော် မိန်းမတစ်ယောက်ကို မိမိ ကာမပိုင်ဖြစ်အောင် ဘာသာရေး သတ်မှတ်ချက်များအရ မည်သို့ ဆောင်ယူမည်နည်း။ ထေရ၀ါဒ ဗုဒ္ဓစာပေတွင် ဝေးဝေးလံလံ ရှာစရာ မလိုပါ။ နံပါတ် ၁၁ မှ ၂၀ အထိ အင်္ဂါရပ်များနှင့် ပြည့်စုံစွာ သူတပါးက ဆောင်ကြဉ်းပြီးသော မိန်းမကို သူတပါးပိုင်ဟု ပြဆိုထားသဖြင့် ၄င်းအင်္ဂါရပ်များအနက် တခုခုနှင့် ပြည့်စုံလျှင် မိမိ၏ ကာမပိုင် မိန်းမဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။

တနည်းအားဖြင့် အောက်ပါ နည်းလမ်းများဖြင့် မိန်းမတစ်ယောက်ကို မိမိကာမပိုင်မိန်းမအဖြစ် ဆောင်ယူပြီး စိတ်ချလက်ချ ပေါင်းသင်းနိုင်ပါသည်။ (သို့သော် … မိန်းကလေး အလိုမတူလျှင် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။)

၁။ မိဘများထံ ပစ္စည်းတစုံတရာဖြင့် တင်တောင်းခြင်း

၂။ မိမိကို ချစ်ကြိုက်၍ အလိုတူစေခြင်း (မိမိကို ပထမဆုံး ချစ်ကြိုက်သူ မိမိ၏ ရည်းစား၊ အောက်တွင် အကျယ်ရှင်းမည်။)

၃။ မိမိ၏ ဥစ္စာ စည်းစိမ်ကို အပ်နှင်းခြင်း (လစာငွေအပ်ခြင်း)

၎။ အ၀တ်အစား ဆင်ပေးခြင်း (အ၀တ်အစား ၀ယ်ပေးခြင်း)

၅။ မိဘများက လက်ထပ်ပေးလိုက်ခြင်း (လူကြီး သဘောတူလို့ ပေးစားခြင်း)

၆။ ဒေသထုံးစံအရ မိမိပိုင်ဟု ဆုံးဖြတ်ပေးထားခြင်း (အောက်တွင် အကျယ်ရှင်းမည်။)

၇။ ပိုက်ဆံပေး၍ ကာလအပိုင်းအခြားအလိုက် ၀ယ်ယူခြင်း (ကြေးစားမိန်းမကို ငှားရမ်းခြင်း၊ အောက်တွင် အကျယ်ရှင်းမည်။)

ကျွန်ကို မယားအဖြစ်သိမ်းခြင်း၊ အမှုထမ်းကို မယားအဖြစ်သိမ်းခြင်းနှင့် စစ်သုံ့ပန်းကို မယားအဖြစ် သိမ်းခြင်းတို့မှာ မျက်မှောက်ခေတ်တွင် နည်းပါးသဖြင့် မဖော်ပြတော့။

ထေရ၀ါဒ ကျမ်းဂန်များအရ "ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ" ဟု ဆိုထားသဖြင့် မိန်းကလေးတစ်ယောက်၏ ချစ်သူ ရည်းစားသည် အဆိုပါ မိန်းကလေး၏ ကာမပိုင် လင်ယောက်ျားပင် ဖြစ်သည်။ သို့ရာတွင် ယုတ္တိဗေဒဖြင့် စဉ်းစားကြည့်လျှင် ဒွိဟဖြစ်စရာ အခြေအနေ ၂ မျိုးရှိသည်။ ပထမတစ်မျိုးမှာ ရည်းစား အများအပြားရှိသော မိန်းကလေးဖြစ်ပြီး ဒုတိယတစ်မျိုးမှာ အုပ်ထိန်းသူရှိ ပထမ ၈ မျိုးတွင် အပါအ၀င်ဖြစ်နေခြင်း (ဥပမာ မိဘနှင့် အတူနေလျှက် မိမိကို ချစ်ကြိုက်သဖြင့် တနေရာတွင် ပေါင်းဖော်ခြင်း) ဖြစ်သည်။ ပထမတစ်မျိုးအတွက် ရှင်းချက်မှာ လွယ်ကူသည်။ အဆိုပါ မိန်းကလေးနှင့် ပထမဆုံး ပေါင်းဖော်သူ ရည်းစား (ရည်းစားဦး) သည် ၄င်း၏ ကာမပိုင် လင်သား ဖြစ်သဖြင့် ကျန်ရည်းစားများ ကာမေသုမိစ္ဆာစာရကံ ထိုက်သည် (ရည်းစားဦးမှာ ကံမထိုက်)။ ဒုတိယတစ်မျိုးမှာ စာရေးသူ မရှင်းတတ်ပါ။ သို့သော် … အုပ်ထိန်းသူမသိအောင် (ခိုးထွက်၍) ချိန်းတွေ့စဉ်/ခိုးရာလိုက်စဉ် ဖြစ်ပွားသော ကိစ္စတို့မှာ အုပ်ထိန်းသူလက်မှ လွတ်နေချိန်ဖြစ်သဖြင့် ကံမထိုက်ဟု ဆုံးဖြတ်ရမည်ဟု ထင်သည်။ ၄င်းကို ကျမ်းတတ် ဆရာတော်များထံ လျှောက်ထား မေးမြန်း အဆုံးအဖြတ် ခံယူသင့်သည်။

ဒေသထုံးစံအရ ကာမပိုင်ဟု ဆုံးဖြတ်ခြင်းဆိုသည်မှာ အချို့သော ဒေသ၊ ယဉ်ကျေးမှု ထုံးစံတို့တွင် လင်မယားအရာ မြောက်သည်ဟု သတ်မှတ်သော သတ်မှတ်ချက်များရှိသည်။ (ဥပမာအားဖြင့် အချို့ဒေသများတွင် မိန်းကလေး/ယောက်ျားလေးအိမ်ရှေ့တွင် ပန်းအိုး/ဟင်းအိုး ချထားပြီး မိန်းကလေး/ယောက်ျားလေးက ထွက်ယူလိုက်ပါက အကြင်လင်မယားအရာ မြောက်သည်ဟု သတ်မှတ်တတ်သည်။) ၄င်းတို့ကို ဆိုလိုခြင်း ဖြစ်သည်။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ ဟု ဆိုရာတွင် ၄င်းသည် ဗုဒ္ဓဟောကြားစဉ်က ၄င်းဒေသတွင် သတ်မှတ်ထားသော သတ်မှတ်ချက် ဖြစ်မည်ဟု ယူဆသဖြင့် ဒေသထုံးစံအရ ကာမပိုင်ဟု ဆုံးဖြတ်ခြင်းတစ်ရပ် ထည့်သွင်းရခြင်း ဖြစ်သည်။ ဤအချက်ကိုလဲ သေချာစေရန် ဆရာတော်များထံ မေးမြန်းသင့်သည်။

မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ ဟု ကျမ်းဂန်တွင် ဆိုထားသဖြင့် အချို့က ပြည့်တန်ဆာနှင့် ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ယူဆကြသည်။ စာရေးသူ ဤသို့ မယူဆခြင်းမှာ အကြောင်းအချက် ၃ ရပ်ကြောင့် ဖြစ်သည်။

ပထမ အကြောင်းမှာ ၄င်းကို ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ယူပါက သြဒ၀တ္တကိနီဓရ အစရှိသော လူကြီးတို့ ထိမ်းမြားပေးသော မိန်းမ အစရှိသော သူတို့နှင့် သွားလာ ပျော်ပါးခြင်းသည်လဲ ကာမေသုမိစ္ဆာစာရကံ ထိုက်မည်ဟု ယူရမည်ဖြစ်သည် (၄င်းတို့သည် စာရင်းတစ်ခုတည်းတွင် ပါရှိသည်)။ သို့ဆိုလျှင် မည်သည့်နည်းနှင့်မျှ ကာမေသုမိစ္ဆာစာရကံမှ လွတ်ရန် လမ်းမမြင်တော့။ တနည်းအားဖြင့် ကာမေသုနှင့် အဗြဟ္မစရိယာပုဒ် ခွဲခြားရန် မလိုတော့။ ဗုဒ္ဓက ၄င်းတို့ ၂ ခုကို ခွဲခြား ဟောပြခဲ့သဖြင့် ကြေးစားမိန်းမကို ငွေပေး၍ ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရ ကံမမြောက်။

ဒုတိယ အကြောင်းမှာ ဗုဒ္ဓဘုရား သက်တော်ထင်ရှားရှိစဉ်က ဥတ္တရာဆိုသူ ဗုဒ္ဓဘာသာဝင် သောတာပန် အမျိုးသမီးတစ်ယောက်သည် ဘာသာခြားနှင့် အိမ်ထောင်ဖက် ပြုသည်။ ၄င်းသည် ဗုဒ္ဓအမှူးရှိသော သံဃာတော်များကို ဆွမ်းလှူဒါန်း၍ ဥပုပ်သီလ ဆောက်တည်လိုသောအခါ (ဖခင်ထံမှ မုန့်ဖိုးတောင်း၍) ပြည့်တန်ဆာတစ်ယောက် (သီရိမာ) ကို ငှားရမ်းကာ သူ့ယောက်ျားနှင့် ၇ ရက် ပေါင်းဖော်စေပြီးနောက် ဘုရားအမှူးရှိသော သံဃာများကို ဆွမ်းလှူဒါန်း၊ ဥပုပ်ဆောက်တည်သည်။ (၄င်းငှားထားသော ပြည့်တန်ဆာမက သူ့နေရာကို အပိုင်လိုချင်ကာ ၄င်း၏ ခေါင်းပေါ်သို့ ထောပတ်ပူအိုးကို လောင်းချသည်။) အကယ်၍ ပြည့်တန်ဆာနှင့် ပေါင်းဖော်ခြင်းသည် အကုသိုလ်ကံ ဖြစ်မည်ဆိုပါက ဗုဒ္ဓက ဒီအတိုင်း ကြည့်မနေပဲ ချစ်သမီး … ဤသို့ပြုရန်မသင့်၊ နည်းလမ်းမှန်မှာ ဤသို့ဖြစ်သည်ဟု ဟောပြော ဆုံးမမည်ဖြစ်သည်။ ၄င်းကို မတွေ့ရ။

တတိယနောက်ဆုံးနှင့် အခိုင်လုံဆုံး အကြောင်းမှာ ဂုရုဓမ္မဇာတ်ဖြစ်သည်။ ၄င်းဇာတ်တွင် မိုးခေါင်ရေရှားသဖြင့် မိုးရွာမည့်နည်းကို မိုးမှန်သော အိမ်နီးချင်းတိုင်းပြည်သို့ မေးစေရာ တတိုင်းပြည်လုံး ပြည့်တန်ဆာအဆုံး ငါးပါးသီလ မြဲကြကြောင်း သိရသည်။ ပြည့်တန်ဆာသည် အုပ်ထိန်းသူရှိသော မိန်းမ ၂၀ တွင် အမှတ် ၂၀ (ကာမေသုမိစ္ဆာစာရကံ ထိုက်ပါက ယောက်ျားရော မိန်းမပါ ကံထိုက်သည့် အမျိုးအစား) ဖြစ်ပြီး ဤဇာတ်တော်တွင် ပြည့်တန်ဆာသည် ၅ ပါးသီလကို လုံအောင် စောင့်ထိန်းနိုင်သည်ဟု ဆိုခြင်းကြောင့် ပြည့်တန်ဆာနှင့် သွားလာတိုင်း (သွားလာခြင်း သက်သက်ကြောင့်) ကာမေသုမိစ္ဆာစာရကံ မထိုက်ကြောင်း သိသာသည်။ သို့ရာတွင် အဆိုပါ ဇာတ်တော်ပါ ပြည့်တန်ဆာသည် လူတစ်ဦးထံမှ ငွေလက်ခံပြီးလျှင် ၄င်းကို မဖျော်ဖြေပြီးမချင်း အခြားသူများထံမှ ငွေလက်မခံပဲ နေသည် ဟုဆိုခြင်းကြောင့် မိမိအတွက် မိမိကိုယ်တိုင် ငှားရမ်းထားသော သူတပါးနှင့် ကြွေးကျန်မရှိသည့် ပြည့်တန်ဆာနှင့် ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရကံ မထိုက်ဟု စာရေးသူ ဆုံးဖြတ်မိပါသည်။

ဗုဒ္ဓဘာသာ သွန်သင်ဆုံးမချက်များနှင့် နှောင်းလူတို့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့အတွက် ဘာသာရေးကို ခုတုံးလုပ်၊ လိုရာဆွဲပြောသော ဟောပြောချက်များကို ခွဲခြားနားလည်နိုင်ကြပါစေ။

ကိုးကား။ http://sakarwarmyay.blogspot.com/2008/07/blog-post_09.html

http://www.venvicitta.com/2009/04/blog-post_26.html

Sunday, October 11, 2009

ဥာဏ်စမ်းပဟေဠိများကို ကွန်ပျူတာ အသုံးပြု ဖြေရှင်းခြင်း

သင်္ချာဥာဏ်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိ၊ စကားအသွားအလာနှင့် ဘာသာစကားလှည့်ကွက်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိနှင့် အကြားအမြင် ဗဟုသုတ အပေါ်တွင် အခြေခံသည့် ဥာဏ်စမ်းပဟေဠိစသည်ဖြင့် ဥာဏ်စမ်းပဟေဠိ အမျိုးမျိုး ရှိရာ အချို့သော ပဟေဠိများသည် ထည့်သွင်း စဉ်းစားရမည့် ဖြစ်နိုင်သော အဖြေ အရေအတွက် အတိုင်းအဆမရှိ များပြားမှုအပေါ်တွင် အခြေခံလေသည်။ ရှေးက လူအားဖြင့်သာ ဥာဏ်စမ်းပဟေဠိများကို အဖြေထုတ်ခဲ့ကြရာတွင် ဖြစ်နိုင်သော အဖြေ အလွန်များပြားသော ပဟေဠိများမှာ အဖြေကို ကြိုတင် မသိသူ ဖြေဆိုသူတို့ လက်မြှောက်အရှုံးပေးရသည်သာ များသော်လည်း ယနေ့ကွန်ပျူတာခေတ်တွင်မူ ၄င်းတို့ကို အလွယ်တကူ အဖြေထုတ်နိုင်ပြီ ဖြစ်သည်။ ယခုဆောင်းပါးတွင် ၄င်းပဟေဠိ ၂ ပုဒ်ကို ကွန်ပျူတာ အသုံးပြု ဖြေရှင်းပုံကို ဖော်ပြမည်ဖြစ်သည်။

ပထမ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ လယ်သမားတစ်ယောက်သည် သူ၏ခြံတွင် မွေးမြူရန်အတွက် နွား၊ ၀က်နှင့် ကြက် စုစုပေါင်း အကောင် ၁၀၀ ၀ယ်လိုသည်။ ပိုက်ဆံလဲ ၁၀၀ ကျပ်သာရှိသည်။ ၃ မျိုးလုံးလဲ မွေးလိုသေးသည်။ နွားတစ်ကောင် ၁၀ ကျပ်၊ ၀က်တစ်ကောင် ၃ ကျပ်နှင့် ကြက်တစ်ကောင် ၅ မူး (၀.၅၀ ကျပ်) ဖြစ်သော် အကောင် ၁၀၀ ရအောင် ငွေ ၁၀၀ နှင့် ဘယ်လို ၀ယ်မည်နည်း။ တနည်းအားဖြင့် မသိကိန်း ၃ လုံးပါ၊ တပြိုင်နက် ညီမျှခြင်း ၂ ကြောင်း ပုစ္ဆာဖြစ်သည်။ သီဝရီအရ အဖြေ မရှိ၊ တစ်ခုတည်းသာ၊ အများအပြား ရှိနိုင်သော ပုစ္ဆာအမျိုးအစားလဲ ဖြစ်သည်။ တပြိုင်နက် ညီမျှခြင်း အများအပြားပါ တပြိုင်နက် ညီမျှခြင်း စနစ် (System of Linear Equations) တစ်ခုကို မက်ထရစ် ညီမျှခြင်း တစ်ကြောင်းဖြင့် ဖေါ်ပြနိုင်ရာ လှန်မက်ထရစ်ယောင် (Pseudo Inverse) ကိုအသုံးပြုပြီး ဖြစ်နိုင်သည့် အဖြေများကို အလွယ်တကူ တွက်ထုတ်နိုင်ပါသည်။

၎င်း သင်္ချာနည်း၏ အားနည်းချက်မှာ ၄င်းနည်းစနစ်သည် ကိန်းစစ် မြှောက်ဖော်ကိန်း (Real Number Coefficients) များအတွက် နည်းစနစ် ဖြစ်နေသဖြင့် ကိန်းစစ် အဖြေတွဲ အများအပြား ထွက်လာနိုင်ခြင်းပင် ဖြစ်သည်။ (Matlab မရှိသဖြင့် စာရေးသူ မစမ်းကြည့်ပါ။) မွေးရန် ၀ယ်သော နွား၊ ၀က်၊ ကြက်တို့ကို တ၀က်၊ တစိတ် စသဖြင့် ၀ယ်မရနိုင်ပါ (တ၀က်ဝက်ရင် သေကုန်မှာပေါ့)။ တနည်းအားဖြင့် အဖြေသည် အပေါင်း ကိန်းပြည့် ၃ ခု ဖြစ်ရမည်။ ပေါင်းလျှင် ၁၀၀ ရသော အပေါင်းကိန်းပြည့် များစွာရှိရာ ကွန်ပျူတာ အကူအညီမယူသော သင်္ချာသီးသန့်သမားတို့အတွက် ခက်ခဲသော ပုစ္ဆာဖြစ်သည်။ ကွန်ပျူတာ ပညာရှင် တစ်ဦးသည် ဤပုစ္ဆာကို မျက်ကန်းနည်း (Brute Force Method) အသုံးပြုခြင်းဖြင့် အလွယ်တကူ ဖြေရှင်းနိုင်သည်။ နွား အရေအတွက် အမျိုးမျိုး၊ ၀က်အရေအတွက် အမျိုးမျိုးနှင့် ကြက်အရေအတွက် အမျိုးမျိုးတို့အတွက် အစီအစဉ်ငယ်တစ်ခုကို လျှင်မြန်စွာရေးသားပြီး ၄င်းတို့ ပေါင်းလဒ်၊ ၄င်းတို့၏ ကျသင့်ငွေ တို့ကို တွက်ချက်ကာ နှစ်ခုလုံး ၁၀၀ ဖြစ်သော အဖြေကို ထုတ်ပေးရုံသာဖြစ်သည်။ (အဖြေမှာ နွား ၅၊ ၀က် ၁၊ ကြက် ၉၄ ဖြစ်သည်။)

မှတ်ချက် ။ ။ ယခု ပုစ္ဆာသာလျှင် လွယ်ကူခြင်း ဖြစ်သည်။ ကိန်းပြည့် မသိကိန်း အများအပြားနှင့် ညီမျှခြင်း အရေအတွက် အနည်းငယ် (ညီမျှခြင်း အရေအတွက်က မသိကိန်းအရေအတွက်ထက် ပိုနည်းနေသော) ပုစ္ဆာပုံစံကွဲတစ်ခုကို စစ်ဆင်ရေး သုတေသန (Operation Research) ဘာသာရပ်တွင် Integer Linear Programming (ILP) အမည်နှင့်တွေ့ရပြီး ခက်ခဲသော ပုစ္ဆာဖြစ်သည်။

ဒုတိယ ပုစ္ဆာတွင်မူကား မျက်ကန်းနည်း အသုံးပြုရန် အဆင်မပြေတော့ပေ။ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံး (တစ်လုံးကို တစ်ကြိမ်စီသာပါဝင်သော) သန်းရာဂဏန်းရှိ ကိန်းတစ်လုံးသည် ၉ နှင့် စားလို့ ပြတ်သည်။ အဆိုပါ ကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်လိုက်သော ဂဏန်း ၈ လုံးပါ ကိန်း (၁၀ နှင့်စားလျှင် ရသော ရလဒ်) သည် ၈ နှင့် စားလို့ ပြတ်သည်။ တဖန် ထိုကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်ပါက ကျန်သော ကိန်းသည် ၇ နှင့် စားလို့ ပြတ်သည်။ နောက်ဆုံး ၁ လုံးသာ ကျန်သည်အထိ ဤနည်းအတိုင်း တစ်လုံးဖယ်တိုင်း ကျန်သော ဂဏန်းအရေအတွက်နှင့် စားလို့ ပြတ်ရသည်။ တနည်းအားဖြင့် ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သည်။ ထိုကိန်းကို ရှာပါ။ မျက်ကန်းနည်းနှင့် တွက်လျှင် သန်းတစ်ရာ (၁၀၀ ၀၀၀ ၀၀၀) မှ ကိုးရာ ကိုးဆယ့် ကိုးသန်း ကိုးသိန်း ကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုး (၉၉၉ ၉၉၉ ၉၉၉) အထိ ကိန်းပေါင်း သန်း ၉၀၀ နီးပါးကို ၁ မှ ၉ အထိ ကိန်းများဖြင့် စားလို့ ပြတ်မပြတ် တွက်ထုတ် (ဂဏန်းများ ထပ်နေမနေ စစ်) ရမည် ဖြစ်သဖြင့် သိပ်အဆင်မပြေသော နည်းဖြစ်သည်။ (၁ မှ ၉ အထိ စားပြတ်မပြတ် တစ်ခါတွက်လျှင် ၁ စက္ကန့်၏ တစ်သန်းပုံ တစ်ပုံသာ ကြာသည်ထား … အနည်းဆုံး စက္ကန့် ၉၀၀ = ၁၅ မိနစ်မျှ ကြာသွားနိုင်သည်။ မစမ်းကြည့်ပါ။)

အမှန်မှာ ၄င်းသည် ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ၉ နေရာတွင် စီခိုင်းသော (စီပြီးလျှင် စစ်ခိုင်းသော) အစီ ပုစ္ဆာ (Permutation Problem) သာဖြစ်သည်။ အစီ ပုံသေနည်းအရ ဖြစ်နိုင်သည့် ကိန်းပေါင်း ၉ x ၈ x … x ၁ = ၃၆၂၈၈၀ သာ ရှိသည်။ အကယ်၍ ကုန်ကျစရိတ်နည်းသော အစီ နည်းလမ်းစဉ်သာ ရှိခဲ့လျှင် ပွဲပြတ်ပြီ ဖြစ်သည်။ (ကံဆိုးသည်မှာ အထူးတည်ဆောက်ထားသော ကွန်ပျူတာများမှ အပ မရှိ။) သို့ရာတွင် ၁၅ မိနစ်ထက်တော့ မြန်မည်မှာ သေချာပါသည်။ (မစမ်းကြည့်ပါ။) ၂ နည်းစလုံးသည် လူအားဖြင့် တွက်ထုတ်ရန် မဖြစ်နိုင်သည်မှာကား သေချာပေသည်။

အဆိုပါ ပုစ္ဆာကို ပြင်ပ သင်္ချာဗဟုသုတများဖြင့် အားဖြည့်ကာ ပိုမိုကောင်းမွန်သော အစီအစဉ် တစ်ရပ်ကို ဆွဲသားနိုင်ပါသည်။ အသုံးပြုသော သင်္ချာနည်းစနစ်မှာ ကိန်းတစ်လုံးကို ၁ မှ ၉ အထိ ဂဏန်းများနှင့် စားလျှင် ရမည့် စားကြွင်းကို ရှာသော နည်းလမ်းများဖြစ်သည်။ အစီအစဉ် မဆွဲမီ ဖြစ်နိုင်သော ကိန်းများကို အောက်ပါအတိုင်း ဆင်ခြင်သည်။ (x နေရာ = အဖြေကိန်းကို ဘယ်ဘက်မှ ရေတွက်လျှင် x နေရာ)

  • ကိန်းတစ်လုံးကို ၉ နှင့် စားပြတ်၊ မပြတ် သိရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများပေါင်းလဒ်ကို ၉ ဖြင့် စားကြည့်နိုင်သည် (သို့မဟုတ် ပေါင်းနေရင်း ၉ ပြည့်လျှင် ဖယ်ဖယ်ထားခဲ့နိုင်သည်။) ပါဝင်ရမည့် ဂဏန်းများမှာ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးဖြစ်သည်။ ၁ + ၈ = ၂ + ၇ = ၃ + ၆ = ၄+ ၅ = ၉ ဖြစ်ရာ … ၁ မှ ၉ အထိ ဂဏန်းအားလုံး (တစ်လုံးကို တစ်ကြိမ်စီသာ ပါဝင်သော) ကိန်းသည် ၉ နှင့် အလိုအလျောက် စားလို့ ပြတ်သည်။ ထည့်သွင်းစဉ်းစားရန်မလို။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ရှေ့ ၈ နေရာတွင်သာ နေရာချ စမ်းသပ်ကြည့်ပြီး ပြေလည်ပါက ကျန်ခဲ့သော တစ်လုံးဖြင့် ၉ နေရာကို အလွယ်တကူ ဖြည့်နိုင်သည်။
  • ကိန်းတစ်လုံးကို ၂ (၄ နှင့် ၈) တို့နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် ညာဘက်ဆုံး ၁ လုံး (၂ လုံးနှင့် ၃ လုံး) သည် ၂ (၄ နှင့် ၈) ဖြင့် စား၍ ပြတ်ရသည်။ ထို့ကြောင့် ၂ နေရာတွင် စုံကိန်းတစ်လုံး (၃၄ နေရာတွင် ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း တစ်လုံး၊ ၆၇၈ နေရာတွင် ၈ နှင့် စားပြတ်သော ရာဂဏန်း တစ်လုံး) ကို ဖြည့်သွင်းရမည်။
  • ကိန်းတစ်လုံးကို ၃ နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများ ပေါင်းလဒ်ကို ၃ ဖြင့် စားကြည့်နိုင်သည်။ ၄င်းကို အခြေခံ၍ ၂ နေရာရှိ ဂဏန်းနှင့် ၃ နေရာရှိဂဏန်းတို့ကို အခြေခံ၍ ၁ နေရာရှိ ဂဏန်းကို တွက်ချက်နိုင်သည်။၂ နေရာတွင် စုံကိန်းတစ်လုံး သေချာပေါက်ရှိပြီး ၃၄ နေရာတွင် ၄ နှင့် စားပြတ်သော ဆယ်ဂဏန်း တစ်လုံး သေချာပေါက် ရှိမည်ဖြစ်သဖြင့် ၁၂၃၄ နေရာရှိ ဂဏန်းများ ဖြစ်နိုင်ခြေသည် ၉ x ၈ x ၇ x ၆ =  ၃၀၂၄ မှ ၃ × သုညမဟုတ်သော ၁၀ အောက် စုံကိန်း (၂၊ ၄၊ ၆၊ ၈) အရေအတွက် x ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း အရေအတွက် (၃ × ၄ x ၂၂ = ၂၆၄) သို့ကျဆင်းသွားမည်။ (စာရေးသူ စမ်းသပ်ရာတွင် ဤနည်းကို မသုံးပဲ ကိန်း ၉၉၀ လုံးကို ၃ နှင့်စားပြတ်၊ မပြတ် စစ်ထားပါသည်။)
  • ကိန်းတစ်လုံးကို ၅ နှင့် စားပြတ်ရန် အဆိုပါကိန်းသည် ၀ (သုည) သို့မဟုတ် ၅ နှင့် ဆုံးရမည်ဖြစ်သည်။ ၀ (သုည) ကို ပုစ္ဆာအရ သုံးခွင့်မရှိသဖြင့် ၅ နေရာတွင် ရှိမည့် ဂဏန်းမှာ ၅ သာလျှင် ဖြစ်သည်။

အထက်ဖော်ပြပါ ထိုးထွင်းသိများဖြင့် အစီအစဉ်တစ်ရပ်ကို အမြန် ဆွဲသား တွက်ချက်ခဲ့ရာ ဂဏန်းတွဲ အရေအတွက် ၂၄၁၉၂၀ ကိုသာ စိစစ်ခဲ့ပြီး (၃၆၂၈၈၀ နှင့်နှိုင်းစာလျှင် ၃ ပုံ ၂ ပုံခန့်) ၆ နေရာ၊ ၇ နေရာတို့တွင် ၀ (သုည) ပါဝင်နိုင်ပြီး ဂဏန်း တစ်မျိုးစီကို တစ်ကြိမ်ထက် ပိုမိုပါဝင်နိုင်သော်လည်း ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သော ကိန်း ၄၆၃ လုံးကို ရရှိခဲ့သည်။ ၄င်းတို့ကို ပါဝင်သော ဂဏန်းများ ၀ (သုည) ဖြစ်၊ မဖြစ်နှင့် ထပ်၊ မထပ် စစ်ဆေး စစ်ထုတ်ခြင်းဖြင့် အဖြေကို ရလေတော့သည်။ (အဖြေမှာ ၃၈၁ ၆၅၄ ၇၂၉ ဖြစ်သည်။)

ရွှေပွဲလာအပေါင်း ဖြစ်နိုင်ခြေ ထောင်သောင်းချီသည့် ပုစ္ဆာများကို အလွယ်တကူ အဖြေထုတ်နိုင်ကြပါစေ။

စာရေးသူ စမ်းသပ် ရေးသားထားသော အစီအစဉ်များကို ရယူရန်

Sunday, September 13, 2009

အငြင်းအခုန်ကိစ္စ

BLUE SKY FOREST တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

အငြင်းအခုန် ဆိုတာကို ကျွန်တော်တို့မြန်မာတွေက ကောင်းတဲ့သဘောထက် ဆိုးတဲ့သဘော ဒါမှမဟုတ် မကောင်းတဲ့လက္ခဏာဆောင်တဲ့ကိစ္စလို့ ယူဆထားပုံရပါတယ်။ လူကြီး အများစုက ကလေးတွေ အငြင်းအခုန် လုပ်နေရင်မကြိုက်ကြပါဘူး။ မငြင်းခုန်ကြဖို့သတိပေးပါတယ်၊ တားမြစ်ပါတယ်၊ ချိန်းခြောက်ပါတယ်။ တချို့ ဆိုအပြစ်ပေးတဲ့အထိ၊ နာကျင်စေတဲ့အထိတောင် တုံ့ပြန်တတ်ကြပါတယ်။ သူတို့ရဲ့  အဲဒီလိုဆောင်ရွက်မှုကို "ဆုံးမခြင်း" ဆိုတဲ့ခေါင်းစဉ်အောက်မှာ အလွယ်တကူပဲ သူတို့က ထည့်ထားတတ်ကြပါတယ်။ အနိမ့်ဆုံးအဆင့် ကလေးတွေ အငြင်းအခုန်လုပ်တာ သူတို့အတွက် ဆူတယ်၊ နားပူစေတယ်၊ အနှောက်အယှက်ဖြစ်စေတယ်ပေါ့။

နောက်တချက်ကတော့ အငြင်းအခုန်ကနေဖြစ်လာတတ်တဲ့ သဘာဝ (တစ်ခုဖြစ်တဲ့) ရန်ဖြစ်တဲ့ကိစ္စပါ။ အငြင်းအခုန် မလုပ်ခင်ကတော့မိတ်ဆွေ၊ အငြင်းအခုံမှာမပြေလည်ရာက နောက်ပိုင်းမှာ ရန်သူသဘောဆောင်သွားတာတွေကို မလိုလားအပ်တဲ့ကိစ္စလို့ ကျွန်တော်တို့လူကြီးတွေသဘောထားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာဖြစ်တတ်တဲ့ သဘာဝတစ်ခုမို့ မလိုလားအပ်တဲ့ကိစ္စလို့ သဘောထားမယ့်အစား သတိထားသင့်တဲ့ကိစ္စ၊ သတိနဲ့ငြင်းခုန်သင့်တဲ့ကိစ္စလို့ သဘောထားလိုက်ရင် အငြင်းအခုန်ကိစ္စဟာ တိုးတက်မှုတစ်ခုအဆင့်ရောက်သွားပါလိမ့်မယ်။ဲဒီသတိတစ်ချက်မထားမိတာနဲ့ပဲ ငြင်းခုံမှုဟာ လူအများငြိုငြင်စရာကိစ္စ ဖြစ်လာရတယ်လို့ထင်ပါတယ်။ ဒီလိုနဲ့ မြန်မာလူငယ်တွေရဲ့ ငြင်းခုံလိုစိတ်နဲ့ ငြင်းခုန်တဲ့သဘာဝဟာ လူကြီးတွေရဲ အဟန့်အတားအောက်မှာ ကောင်းကောင်းထွန်းကားခွင့်မရခဲ့ဘူးလို့ဆိုပါရစေ။

တကယ်တော့ အငြင်းအခုန်လုပ်တာကို စံနစ်တကျနဲ့ ထွန်းကားလာအောင်လုပ်ပေးဖို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်။ ရန်များတဲ့ကိစ္စ၊ ဆူတဲ့ပူတဲ့ကိစ္စလို့သဘောမထားပဲ အဖြေမှန်တခု ထွက်လာအောင်၊ ပိုကောင်းတဲ့အရာတခု ရလာအောင် အမြင်မတူတာတွေကိုပေါင်းစပ်နိုင်အောင်၊ တဘက်နဲ့တဘက်နားလည်ပေးနိုင်အောင်၊ သဘောထားတတ်လာအောင်၊ မတူညီတဲ့အမြင်ကို တန်ဘိုးထားတတ်လာအောင်၊ အငြင်းအခုံကနေ နှစ်ဘက်အကျိုးအမြတ်ရလာအောင်၊ နည်းမှန် လမ်းမှန်နဲ့ ပြုပြင်ပေးရင်၊ အမျှော်အမြင်နဲ့ ပျိုးထောင်ပေးရင်၊ ဒီအလေ့အကျင့်က ခိုင်မာထွန်းကားလာခဲ့ရင်၊ အသိဥာဏ်ပွင့်လင်းပြီးတိုးတက်တဲ့ ယဉ်ကျေးမှုနယ်ပယ် တခုကိုတည်ဆောက်နိုင်ပါလိမ့်မယ်။

အခုလိုပြောရတာက တိုးတက်ထွန်းကားပြီး ဒီမိုကရေစီနဲ့ ပွင့်လင်းတဲ့လူ့အဖွဲ့ အစည်းတွေဟာ ဒီလိုအလေ့အကျင့်ကောင်းတွေကိုအားပေးကြတယ်ဆိုတဲ့အချက်ကိုအခြေခံပြီးပြောနေတာပါ။ကောင်းကောင်းမွန်မွန်ငြင်းတတ်တယ်ဆိုတာက ယဉ်ကျေးမှုတခုပဲလို့သဘောထားနိုင်ကြဖို့ပါ။လူကြီးတွေကြောင့်အခုလိုဖြစ်ရတာဆိုတဲ့အချက်ကို အငြင်းအခုန်လုပ်ချင်နေတာမဟုတ်ပါဘူး။

ဒါပေမယ့်ငြင်းခုံစရာအချက်တွေပါနေရင် မိတ်ဆွေတို့က ထောက်ပြလာမယ့်အချက်တွေကိုဆက်ပြီး (စာရေးသူ Blue Sky Forest က) ဆွေးနွေးသွားပါ့မယ်။ ဆက်ပြီးငြင်းခုန်နိုင်ကြဖို့ခဏနားလိုက်ပါဦးမယ်။ပြောစရာတွေရှိနေပါသေးတယ်။

Blue Sky Forest

Thursday, August 27, 2009

အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး ၂

ကိန်းပြည့် X နှင့် Y တို့၏ မြှောက်လဒ် XY တွင်ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်သည် ကိန်းပြည့် X တွင် ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်နှင့် ကျန်ကိန်းပြည့် Y တွင် ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်တို့ မြှောက်လဒ်နှင့် တူညီကြောင်း အဖြေမှန် အမြန်ရွေး ပညာသင်ဆု ဘယ်မဝေး ၁ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခု ၄င်း ဂုဏ်သတ္တိ မှန်ကန်ကြောင်း သက်သေပြမည် ဖြစ်သည်။

သက်သေပြရန်။ ပေးထားသော ကိန်းပြည့်တစ်ခု Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n အတွက်

မှီချက် f(Z) = f(z0 + z1 + z2 + … + zn) if z0 + z1 + z2 + … + zn > 9;

f(Z) = z0 + z1 + z2 + … + zn otherwise ဖြစ်ပါစေ။ f(XY) = f(f(X).f(Y)) ဖြစ်သည်။

သက်သေပြချက်။

အစားသီဝရီ (Theory of Division a.k.a Procedure of Division) အရ မည်သည့်ကိန်းပြည့် Z ကိုမဆို Z = pq + r ပုံစံနဲ့ ဖေါ်ပြနိုင်ပါတယ် (Z၊ p၊ q နှင့် r တို့သည် ကိန်းပြည့်များဖြစ်၍ r သည် q ထက်အမြဲငယ်သည်)။ အဲဒီမှာ q = 9 လို့ ထားလိုက်ရင် မည်သည့် ကိန်းပြည့် Z ကိုမဆို Z = 9p + r အဖြစ် ရေးနိုင်ပါတယ်။ (အဲဒီ p နဲ့ r ဟာ Z ကို q နဲ့စားလို့ရတဲ့ စားလဒ်နဲ့ စားကြွင်းဖြစ်ပြီး r သည် 9 ထက်အမြဲငယ်ကြောင်း သတိပြုပါ။) အဲဒီတော့ ကိန်းပြည့် Z = 9p + r တိုင်းဟာ 9 နဲ့ စားရင် p ရပြီး r ကြွင်းပါတယ်။

ကိန်းပြည့် Z မှာပါတဲ့ ဂဏန်းတွေရဲ့ မူလတန်ဖိုးတွေအားလုံး ကိန်းတစ်လုံးထဲဖြစ်အောင် ပေါင်းတဲ့ ရလဒ် f(Z) ဟာ အဲဒီကိန်းပြည့် Z ကို 9 နဲ့စားလို့ရတဲ့ စားကြွင်း (Z mod 9) နဲ့ တူပါတယ် (9 ခုကြွင်း သက်သေပြချက်တွင် သက်သေပြပြီး)။ ဥပမာ၊ 834 ကို ပေါင်းကြည့်မယ်ဆိုရင် 8 + 3 + 4 = 15; 1 + 5 = 6 ရပြီးတော့ 834 ကို 9 နဲ့ စားမယ်ဆိုရင် (စားလဒ်က 92) စားကြွင်းက 6 ရပါမယ်။ ဒါကြောင့် f(Z) = Z mod 9.

X = 9a + b ၊ Y = 9c + d ဖြစ်ပါစေ။

XY = (9a + b)(9c + d)

ညီမျှခြင်း၏ လက်ယာဘက်ခြမ်းမှာ …

f(XY) = f((9a + b)(9c + d))

= f(81ac + 9ad + 9bc + bd)

= (81ac + 9ad + 9bc + bd) mod 9

သို့သော် 81ac mod 9 = 0; 9ad mod 9 = 0; 9bc mod 9 = 0 ဖြစ်သဖြင့်

f(XY) = (81ac + 9ad + 9bc + bd) mod 9 = bd mod 9

ညီမျှခြင်း၏ လက်ဝဲဘက်ခြမ်းမှာ …

f(f(X).f(Y)) = f(f(9a + b).f(9c + d))

= f(bd) = bd mod 9

ညီမျှခြင်း၏ လက်ဝဲဘက်ခြမ်းနှင့် လက်ယာဘက်ခြမ်းတို့ တူညီကြသဖြင့် f(XY) = f(f(X).f(Y)) ဖြစ်ပါသည်။

အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး ၁

လာပြီ။ မေးခွန်း ...

၅၆ ၇၈၃၉ × ၈၃ ၆၄၈၃ =

(က) ၄၃၈၈ ၅၄၂၀ ၉၈၄၇

(ခ) ၅၀၇၈ ၉၈၇၃ ၄၉၈၃

(ဂ) ၄၇၄၉ ၈၇၆၇ ၀၂၃၇

(ဃ) ၃၇၈၂ ၃၉၉၉ ၈၇၂၃

နိုင်ငံရပ်ခြား တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားရန်နှင့် ပညာသင်ဆု လျှောက်ထားရန်အတွက် လိုအပ်တတ်သော (SAT ကဲ့သို့သော စာမေးပွဲများ၏) သင်္ချာစာမေးပွဲ မေးခွန်းလွှာများတွင် ဤကဲ့သို့မေးခွန်းမျိုး ပါလေ့ရှိသည်။ ဂဏန်းတွက်စက် အသုံးပြုခွင့်ပေးသော်လည်း အချိန် အကန့်အသတ်ရှိတတ်သော ထိုစာမေးပွဲများတွင် ပုစ္ဆာတစ်ပုဒ်အတွက် ပျမ်းမျှ မိနစ်ဝက်ခန့်သာ အချိန်ရရာ ယခုကဲ့သို့သော ပုစ္ဆာမျိုးကို ဂဏန်းတွက်စက်ဖြင့် အဖြေရှာပါက အချိန်မမီပဲ ဖြစ်တတ်လေသည်။

အမှန်မှာ ဤကဲ့သို့သော ပုစ္ဆာမျိုးကို ဖြေဆိုရန်အတွက် အဖြေရအောင် တွက်ထုတ်ရန် အရေးမကြီးပါ။ ပေးထားသော အဖြေ ၄ ခုအနက် အဖြေမှန် ၁ ခုကိုသာ ရွေးထုတ်နိုင်ရန် အရေးကြီးသဖြင့် ဖြတ်လမ်းနည်းများဖြင့် ဤပုစ္ဆာကို ဖြေရှင်းနိုင်ရန် ကြိုးစားနိုင်ပါသည်။

ဖြတ်လမ်းနည်း (၁) အနီးဆုံးယူပြီး တွက်ရန်

၅၆ ၇၈၃၉ ကို ၅၀ ၀၀၀၀၊ ၈၃ ၆၄၈၃ ကို ၈၀ ၀၀၀၀ ဟု အနီးဆုံး ယူလိုက်မည်။ ၄င်းတို့ ၂ လုံးမှာ နောက်တွင် သုညများပါသဖြင့် မြှောက်ရလွယ်ပါသည်။ ၅ ကို ၈ နှင့် မြှောက်လိုက်ရာ ၄၀ ဟု ထွက်လာသည်။ ၅၀ ၀၀၀၀ တွင် သုည ၅ လုံး၊ ၈၀ ၀၀၀၀ တွင် သုည ၅ လုံး၊ ပေါင်း ၁၀ လုံးပါသဖြင့် အဖြေမှန်သည် ၄၀၀၀ ၀၀၀၀ ၀၀၀၀ (၄၀ နောက်တွင် သုည ၁၀ လုံးဖြည့်ထားသော ဂဏန်း) ထက်မနည်းကြောင်း ခန့်မှန်းနိုင်သည်။ သို့ဖြစ်၍ (က)၊ (ခ) နှင့် (ဂ) တစ်ခုခုသည် အဖြေမှန်ဖြစ်သည်။ မှားလျှင် အမှတ်နှုတ်တတ်သော စာမေးပွဲဖြစ်ပါက (SAT တွင် Minus System ပါမပါ မသေချာပါ) နံကြားထောက်ဖြည့်လျှင် ရှိသမျှ အမှတ်ကုန်သွားနိုင်ရာ သိပ်မနိပ်သော နည်းလမ်းဖြစ်သည်။

ဤနေရာတွင် တစ်ခု သတိပြုရန်မှာ အနီးဆုံးယူတာ ပိုမိုတိကျလျှင် အဖြေမှားများကို ဖယ်ထုတ်နိုင်စွမ်း ပိုကောင်းလာမည်ဖြစ်သည်။ အထက်ပါ ဥပမာတွင် ၅၆ ၇၈၃၉ ကို ၅၆ ၀၀၀၀၊ ၈၃ ၆၄၈၃ ကို ၈၃ ၀၀၀၀ ဟု အနီးဆုံး ယူလိုက်မည်ဆိုပါက အဖြေမှန်သည် ၄၆၄၈ ၀၀၀၀ ၀၀၀၀ ထက်မနည်းဟု ခန့်မှန်းနိုင်မည်ဖြစ်ပြီး ဖြစ်နိုင်သည့် အဖြေမှန် ၂ ခု (ခ နှင့် ဂ) သာ ကျန်နေမည်ဖြစ်သည်။ တွက်ချက်မှုအတွက် ကြာမြင့်ချိန် အနည်းငယ် တိုးလာသော်လည်း ရမ်းဖြေလိုက်ပါက ဖြစ်တန်စွမ်းသီဝရီ အရကြည့်လျှင် မဖြေတတ်သဖြင့် ဘဲဥကိုက်ရန် သေချာနေသော ပုစ္ဆာ ၂ ပုဒ်တိုင်းတွင် ၁ ပုဒ် မှန်မှာ သေချာသဖြင့် (မှားလျှင် နှုတ်သောအမှတ်သည် မှန်လျှင်ပေးသော အမှတ်ထက် နည်းနေပါက) သိပ်မဆိုးလှသော နည်းလမ်းဖြစ်သည်။

ဖြတ်လမ်းနည်း (၂) နေရာလိုက်တန်ဖိုး၏ ဂုဏ်သတ္တိကို အသုံးချရန်

ဒုတိယနည်းလမ်းမှာ နေရာလိုက်တန်ဖိုး၏ ဂုဏ်သတ္တိကို အသုံးချရန်ဖြစ်သည်။ မည်မျှကြီးသော ကိန်းများကို မြှောက်မြှောက် ရလဒ်၏ ခုနေရာရှိ ဂဏန်းမှာ မူလကိန်း ၂ လုံး၏ ခုနေရာရှိ ဂဏန်း ၂ လုံး မြှောက်လဒ်သာလျှင် ဖြစ်သည်။ (ဆယ်ဂဏန်းမှစ၍ ဂဏန်းများ ချပေါင်းရန် လိုပါမည်။) ယခု ဥပမာတွင် ၅၆ ၇၈၃၉ ၏ ခုနေရာရှိ ဂဏန်းမှာ ၉၊ ၈၃ ၆၄၈၃ ၏ ခုနေရာရှိ ဂဏန်းမှာ ၃ ဖြစ်ရာ ၄င်းတို့ မြှောက်လဒ်၏ ခုနေရာရှိ ဂဏန်းမှာ (၉ × ၃ = ၂၇ ဖြစ်သဖြင့်) ၇ သာလျှင် ဖြစ်ရမည်၊ တနည်းအားဖြင့် အဖြေမှန်သည် ၇ နှင့် ဆုံးရမည်။ ၇ နှင့် ဆုံးသော အဖြေမှာ (က) နှင့် (ဂ) သာရှိရာ အထက်ပါ နည်းလမ်းနှင့် ပူးတွဲစဉ်းစားပါက အဖြေမှန်သည် (ဂ) ဟု ထင်ထင်ရှားရှား ထွက်လာတော့သည်။

ဖြတ်လမ်းနည်း (၃) အစားသီဝရီနှင့် ၉ ကြွင်းရှာနည်းကို ပေါင်းစပ် အသုံးပြုခြင်း

အင်မတန်မှ ရက်စက်တတ်တဲ့ မေးခွန်းထုတ်သူဟာ အဖြေအားလုံးကို ၄၆၄၈ နဲ့စပြီး ၇ နဲ့ အဆုံးသတ်ထားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမေးခွန်းရဲ့ အဓိက ဦးတည်ချက်ဟာ ဂဏန်းမြှောက်တတ်/မတတ်ကို စစ်ဆေးဖို့ မဟုတ်ပဲ ဖြေဆိုသူဟာ သင်္ချာ ဂုဏ်သတ္တိများကို ကျင်ကျင်လည်လည် လှည့်ပတ် အသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးဖို့ ဖြစ်နေတာကြောင့်ပါပဲ။ ဒီနေရာမှာ နောက်တမျိုး စမ်းကြည့်သင့်တာကတော့ အစားသီဝရီနဲ့ ၉ ကြွင်းရှာနည်းတို့ပဲ ဖြစ်ပါတယ်။

နာမည်ကို ဖတ်ပြီး လန့်မသွားပါနဲ့လေ။ နည်းလမ်းက လွယ်လွယ်လေးပါ။

ပထမဆုံး ၅၆ ၇၈၃၉ နဲ့ ၈၃ ၆၄၈၃ တို့ကို တစ်လုံးတည်းဖြစ်အောင် ပေါင်းပါ။ (နောက်တနည်း - ၉ ပြည့်အောင် တွဲတွဲပြီး ကျန်တာလေးတွေ ပေါင်းလဲ ရတယ်။)

၅ + ၆ + ၇ + ၈ + ၃ + ၉ = ၃၈

၃ + ၈ = ၁၁

၁ + ၁ = ၂

၈ + ၃ + ၆ + ၄ + ၈ + ၃ = ၃၂

၃ + ၂ = ၅

နောက်ပြီး အဲဒီ ပေါင်းလဒ် ၂ ခုကို မြှောက်ပါ

၂ × ၅ = ၁၀

ရလဒ်ကို တစ်လုံးထည်းဖြစ်အောင် ထပ်ပေါင်းပါဦး။

၁ + ၀ = ၁

အဖြေတွေကိုလဲ တစ်လုံးတည်းဖြစ်အောင် ပေါင်းကြည့်ပါ။

(က) ၄၃၈၈ ၅၄၂၀ ၉၈၄၇ ကို ပေါင်းတော့ ၈ ရတယ်။

(ခ) ၅၀၇၈ ၉၈၇၃ ၄၉၈၃ ကို ပေါင်းတော့ ၈ ရတယ်။

(ဂ) ၄၇၄၉ ၈၇၆၇ ၀၂၃၇ ကို ပေါင်းတော့ ၁ ရတယ်။

(ဃ) ၃၇၈၂ ၃၉၉၉ ၈၇၂၃ ကို ပေါင်းတော့ ၇ ရတယ်။

စောစောက မြှောက်ပြီး ပေါင်းထားတဲ့ (၂ × ၅ = ၁၀၊ ၁ + ၀ = ၁) ၁ နဲ့တူတဲ့ (ဂ) ကိုရွေးလိုက်ရုံပါပဲ။

နည်းလမ်းပဲ သိချင်သူများ ဒီနေရာမှာတင် ရပ်နိုင်ပါပြီ။ သက်သေပြချက်ကို သိချင်သူများ၊ ဒီလို ပေါင်းလိုက် မြှောက်လိုက်ရုံနဲ့ အဖြေမှန် တိုက်စစ်တာ အမြဲမှန်နေပါ့မလား၊ စာမေးပွဲနော် ပေါ့ပျက်ပျက် မလုပ်နဲ့လို့ ဆိုချင်သူများ သက်သေပြချက်ကို အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး အပိုင်း ၂ တွင် ဆက်ဖတ်ပါ။

9 ခုကြွင်း သက်သေပြချက်

ကိန်းပြည့်တစ်လုံး (ဥပမာ 837) ကို 9 နှင့် စား၍ ပြတ်/မပြတ် သိနိုင်ရန်အတွက် တကယ် စားကြည့်ရန် မလိုအပ်ပဲ ၄င်း ကိန်းပြည့်တွင် ပါဝင်သော ဂဏန်းများ၏ ပကတိတန်ဖိုးများ ပေါင်းလဒ်ကို 9 နှင့် စားလို့ ပြတ်/မပြတ် စစ်ဆေးခြင်းဖြင့် သိနိုင်ကြောင်း (ဥပမာ 8 + 3 + 7 = 18 ဖြစ်ရာ 837 သည် 9 နှင့်စား၍ ပြတ်သည်) အခြေခံပညာတန်းတွင် သင်ကြား သိရှိပြီး ဖြစ်သည်။ သို့ရာတွင် ၄င်းသီဝရီ မှန်ကန်ကြောင်း သက်သေပြချက်ကို လူအများ သိရှိမှု နည်းပါးသဖြင့် ရေးသား တင်ပြအပ်ပါသည်။

သက်သေပြရန်။

ပေးထားသော ကိန်းပြည့်တစ်ခု Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n အတွက်

မှီချက် f(Z) = f(z0 + z1 + z2 + … + zn) if z0 + z1 + z2 + … + zn > 9;

f(Z) = z0 + z1 + z2 + … + zn otherwise ဖြစ်ပါစေ။ Z mod 9 = f(Z) ဖြစ်ကြောင်း သက်သေပြပါ။

သက်သေပြချက်။

အစားသီဝရီ (Theory of Division a.k.a Procedure of Division) အရ မည်သည့်ကိန်းပြည့် Z ကိုမဆို Z = pq + r ပုံစံဖြင့် ဖေါ်ပြနိုင်ပါသည် (Z၊ p၊ q နှင့် r တို့သည် ကိန်းပြည့်များဖြစ်၍ r သည် q ထက်အမြဲငယ်သည်)။ ဤနေရာတွင် q = 9 ဖြစ်လျှင် မည်သည့်ကိန်းပြည့် Z ကိုမဆို Z = 9p + r အဖြစ် ပြောင်းရေးနိုင်သည်။ (၄င်း p နဲ့ r တို့သည် Z ကို q နှင့် စားလို့ရသည့် စားလဒ်နဲ့ စားကြွင်းဖြစ်ပြီး r သည် 9 ထက် အမြဲငယ်ကြောင်း သတိပြုပါ။) ထို့ကြောင့် ကိန်းပြည့် Z = 9p + r တိုင်းကို 9 နှင့် စားလျှင် p ရပြီး r ကြွင်းသည်။

မည်သည့် အပေါင်းကိန်းပြည့် k အတွက်မဆို 10k = 9 × 100 + 9 × 101 + … + 9 * 10k-1 + 1 ဖြစ်သည်။ 9 ကို ဘုံထုတ်လျှင် 10k = 9(100 + 101 + … + 10k-1) + 1 ဟုရလာမည်။

မှီချက် g(0) = 0; g(k) = 100 + 101 + … + 10k-1 ဖြစ်ပါစေ။ 10k = 9g(k) + 1 ဖြစ်မည်။

Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n

= z0 (9g(0) + 1) + z1 × (9g(1) + 1)
+ z2 × (9g(2) + 1) + … + zn × (9g(n) + 1)

= 9g(0)z0 + z0 + 9g(1)z1 + z1
+ 9g(2)z2 + z2 + … + 9g(n)zn + zn

= 9 (g(0)z0 + 9g(1)z1 + 9g(2)z2 + … + 9g(n)zn) + z0 + z1
+ z2 + … + zn

z' = z0 + z1
+ z2 + … + zn ဖြစ်ပါစေ။

ကိန်းပြည့် Z ကို 9 နှင့် စားလျှင် ရသည့် စားကြွင်းနှင့် z' ကို 9 နှင့်စားရင် ရသည့် စားကြွင်းတို့ အတူတူပဲ ဖြစ်ပါသည်။ တနည်းအားဖြင့် z' သည် 9 ထက်ငယ်ပါက Z ကို 9 နှင့်စားလျှင် ရတဲ့ စားကြွင်း Z mod 9 = z' ဖြစ်ပြီး z' သည် 9 ထက် မငယ်ရင်တော့ Z mod 9 = z' mod 9 ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ z' သည် Z ထက် ငယ်ကိုငယ်သည်။ အဘယ်ကြောင့်ဆိုသော် ခုဂဏန်း n လုံးပေါင်းခြင်းသည် 9n ထက် ပိုမကြီးနိုင်ပဲ 9n သည် 10n ထက် ငယ်ကိုငယ်သောကြောင့် (အပေါင်းကိန်းပြည့် n တိုင်းအတွက် 10n သည် 10n ထက်မငယ်လျှင်ပင် တူနေသည်) ဖြစ်သည်။

ထို့ကြောင့် ကိန်းပြည့် Z ကို 9 ဖြင့်စားလျှင် ရမည့် စားကြွင်း = Z mod 9 = h(Z) = z' if z' < 9; h(z') otherwise; ဟူ၍ တပတ်လည် မှီချက် recursive function hကို အသုံးပြုကာ စားကြွင်း Z mod 9 ကိုရှာခြင်းသည် တချိန်ချိန်တွင် စုဆုံ (converge) မည်မှာ မုချဖြစ်ကြောင်း သိနိုင်သည်။

သို့ရာတွင် မှီချက် h= f ပင် ဖြစ်သဖြင့် f(Z) = Z mod 9 ဖြစ်ပါသည်။

Saturday, August 15, 2009

ရှေးထုံးလဲ ပယ်မှ

Dilbert.com

အင်ဂျင်နုယဉ်က ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ နည်းပညာကို ကုမ္ပဏီအတွက် ဖန်တီးတီထွင်ပေးတာတောင်မှ အကာနဲ့အနှစ်ခွဲခြား မသိလောက်အောင် တုံးအပြီး ညံ့ဖျင်းတဲ့ မန်နေဂျာက အ၀တ်အစား နည်းနည်းလေး တောက်ပြောင်နေတာကိုပဲ အပြစ်ပြောနေတဲ့အတွက် ပညာရှင် (အင်ဂျင်နုယဉ်) က စိတ်ပေါက်ပေါက်နဲ့ ဆော်ပလော်တီးပစ်လိုက်တာပဲ ဖြစ်ပါတယ်။

လူမှုရေး၊ စီးပွားရေး အဖွဲ့အစည်းတွေမှာ အဓိက ဦးတည်ချက်က သက်ဆိုင်ရာ အဖွဲ့အစည်း စည်ပင်ရှင်သန် တိုးတက်ရေးပဲ ဖြစ်ပါတယ်။ အဲဒီ တိုးတက်မှုကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ ပညာရှင်တွေကပဲ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဟယ် ... ပညာရှင်က ရှေးထုံးတွေကို မလိုက်နာလို့၊ ပညာရှင်က ယဉ်ကျေးမှုနဲ့ လျော်ညီအောင် မ၀တ်ဆင်လို့၊ ပညာရှင်က ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုတဲ့ လုပ်ငန်းနဲ့ မဆိုင်တဲ့ အကြောင်းတွေပြပြီး ပညာရှင်ကို အဖွဲ့အစည်း အတွင်းက ကန်ထုတ်ရင် အဲဒီ အဖွဲ့အစည်းပဲ မတိုးတက်ပဲ ခေတ်နောက်ကျ အောက်ကျနောက်ကျ ဖြစ်ကျန်ခဲ့မှာပါ။

ဒါကြောင့် ရှေးထုံးလဲ (ပယ်ဖို့လိုလာရင်) ပယ်မှ။

Thursday, August 13, 2009

ပရောဟိတ်နှင့် ဟောကိန်း

ရှေးတုန်းက ရှင်ဘုရင်တွေက ဥာဏ်အမြော်အမြင်ကြီးသူတွေ၊ အသက်အရွယ်ကြီးလို့ အတွေ့အကြုံ ရင့်ကျက်သူတွေ၊ ရှေ့ဖြစ်နောက်ဖြစ် (ကိုတနည်းနည်းနဲ့) ဟောပြောနိုင်သူတွေကို ပရောဟိတ်တွေအဖြစ် ခန့်အပ်ထားပြီး အကြံဥာဏ်တွေ ရယူခဲ့ပါတယ်။ အနာဂါတ်ကို မြော်မြင်နိုင်မှု၊ မှန်ကန်စွာ ဟောကိန်းထုတ်နိုင်မှုတွေဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်မက်ရေးရာတွေမှာ အရှုံးအနိုင်ကို မကြာခဏ ဆုံးဖြတ်ပေးသွားတတ်ပါတယ်။ 

၂၀၀၉ ခု မတ်လအတွင်းက ခိုးကူးပြဿနာ ကျယ်ကျယ်လောင်လောင် ဖြစ်လာတာနဲ့ ပတ်သက်ပြီး DJ Wine နဲ့ DJ Khun တို့နဲ့ စာရေးသူ အလွတ်သဘော ဆွေးနွေးရာမှာ ခိုးကူးကို ပြဿနာအဖြစ် မမြင်ပဲ အခွင့်အလမ်းသစ်တစ်ရပ်အဖြစ် မြင်နိုင်ဖို့၊ ယခင်က သုံးစွဲခဲ့တဲ့ ကာဗာကဒ်စနစ်ကို သုံးစွဲဖို့ ဝေဖန် အကြံပြုခဲ့ပါတယ်။ ဒီသဘောတရားကို ဂီတအစည်းအရုံးထံ DJ Wine က ထပ်ဆင့် တင်ပြပေးမယ်ပြောလို့ ဆွေးနွေးမှု မှတ်တမ်းအကျဉ်းချုပ်ကို လျှပ်စစ်စာလွှာနဲ့ DJ Wine၊ DJ Khun နဲ့ လောကအလှမဂ္ဂဇင်းတို့ကို ပေးပို့ခဲ့ရာ (DJ Wine က ဂီတအစည်းအရုံးကို တင်ပြ၊ မပြ မသိသော်လည်း) လောကအလှမဂ္ဂဇင်းက ခိုးကူးဟာ ဂီတပညာရှင် လက်သစ်တွေအတွက် မဟာအခွင့်အလမ်း အမည်ရှိဆောင်းပါးနဲ့ အင်တာနက် စာမျက်နှာပေါ်ကို တင်ပြပေးခဲ့ပါတယ်။

ဒီနေ့ သတင်းတွေ လျှောက်လှန်ကြည့်တော့ လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော် VCD ကို ကာဗာကဒ်စနစ်နဲ့ ဖြန့်ချိတယ်လို့ ကြားသိရတာမို့ ဟောကိန်းမှန်တဲ့ ပရောဟိတ်လိုပဲ ပီတိဖြစ်ရပါကြောင်းနဲ့ ဒီထက် ပိုမို ကြီးကျယ်တဲ့ ပြဿနာ၊ အရှုပ်အထွေး၊ လမ်းကြောင်းတွေကိုလဲ ဟောကိန်းမှန်မှန် ထုတ်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ တွေးမိကြောင်း ဥဒါန်းကျူးလိုက်ရပါတယ် ...

Sunday, August 9, 2009

Quick Sort ကို အသုံးပြုပြီး Sorting စီခြင်း

လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

ကွန်ပျူတာ သိပ္ပံ (Computer Science) လေ့လာသူတွေနဲ့ သတင်းနည်းပညာ (IT) လေ့လာသူတွေအတွက် အစီအစဉ်ဆွဲနည်း (Programming) သင်ခန်းစာတွေမှာ မပါမဖြစ်ကတော့ အချက်အလက်များကို စီခြင်း (Sorting) အစီအစဉ်ပါပဲ။ Sorting စီတဲ့ နည်းလမ်းစဉ် (Algorithm) အမျိုးပေါင်း မြောက်များစွာ ရှိတဲ့အထဲက Bubble Sort, Counting Sort, Insertion Sort, Selection Sort နဲ့ Quick Sort တို့ဟာ ထင်ရှားပါတယ်။ (စာရေးသူ အကြိုက်ဆုံးကတော့ Selection Sort ဖြစ်ပြီး အကြောင်းရင်းကတော့ နားလည်ရလွယ်လွန်းလို့ ဖြစ်ပါတယ်။) ဒါပေမဲ့ လက်တွေ့ဘ၀မှာ အသုံးဝင်တာကတော့ နားလည်ရခက်၊ ရေးရတာ လက်ဝင်တဲ့ Quick Sort လေ။ ရေးလိုက်ကြတဲ့ အစီအစဉ်တွေတိုင်းမှာ စီစရာ (object, data type) တစ်မျိုး ပေါ်လာတိုင်း Quick Sort ကို တစ်ခါ ထထ ရေးရမယ် ဆိုတာကတော့ လွန်လွန်းပါတယ်။ ဒါကြောင့် C/C++ စံသတ်မှတ်ချက်မှာ Array အားလုံးကို စီနိုင်ဖို့ qsort ဆိုတဲ့ function ပါနေတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဲဒီ qsort ကို အသုံးပြုနည်းကို ရေးသားပေးမှာ ဖြစ်ပါတယ်။

qsort ရဲ့ သတ်မှတ်ချက်မှာ အစီအစဉ်ရေးသားသူ (programmer) ဒါမှမဟုတ် ကုဒ်ဒါကို ခြိမ်းခြောက်နေတာကတော့ pointer တွေပါပဲ။ ရိုးရိုး Data Pointer တွေတင်မကပဲ Function Pointer ကြီးပါ ပါနေတော့ Pointer ဆိုရင် ကျောစိမ့်နေကြလူတွေ လန့်ကုန်တာ မဆန်းပါဘူး။ ဒါပေမဲ့ အကျောသိရင် လွယ်လွယ်ကလေးပါ။ qsort ရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်ကို အရင်ကြည့်ရအောင်နော်။

void qsort ( void * base, size_t num, size_t size, int ( * comparator ) ( const void *, const void * ) );

ပထမဆုံး return type ကတော့ ဒီ function ဟာ return မပြန်ပါဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ပေးလိုက်တဲ့ array ကို စီပဲ စီပေးမယ်။ ဘာ ဂဏန်းမှ တွက်ပြီး အဖြေမထုတ်ပေးပါဘူးပေါ့။

ပထမဆုံး parameter က စီရမဲ့ array ရဲ့ ပထမဆုံးအကွက်ရဲ့ လိပ်စာ (address) ပါ။ အများကြောက်တဲ့ pointer ပေါ့။ Array အားလုံးဟာ Fix Pointer တွေ ဖြစ်တဲ့အတွက် စိတ်ချလက်ချပဲ array name ကို ဖြည့်လိုက်လို့ရပါတယ်။

ဒုတိယ parameter ကတော့ Array ရဲ့ အရွယ်အစား (size) ဖြစ်ပါတယ်။ C/C++ မှာ Array ရဲ့ size ကို compile-time/run-time check မလုပ်ပဲ ကုဒ်ဒါကပဲ အမြဲ ကိုင်တွယ် ကြီးကြပ်ရတာမို့ ဒါကို ထည့်ပေးရတာပါ။ နို့မို့ရင် ဘယ်နှခု စီရမလဲ မသိပဲ ဖြစ်နေမယ်လေ။ ကိုယ့် Array မှာ Element ၁၀ ခုပါရင် 10 လို့ထည့်ပေါ့။ Variable တစ်ခုခု ထည့်လို့လဲ ရပါတယ်။

တတိယ parameter ကတော့ စီချင်တဲ့ Array Element တစ်ခုချင်းရဲ့ အရွယ်အစားပေါ့။ အဲဒါမှ အဲဒီ မှတ်ဥာဏ်တုံးကြီး (memory block) တွေကို ရွှေ့လို့ရမယ်လေ။ ဒါလဲ မခက်ပါဘူး။ sizeof(element) လို့ ပေးလိုက်ရင်ရပါတယ်။

စတုတ္ထနဲ့ နောက်ဆုံး parameter ကတော့ နည်းနည်း ရှင်းပြရ လက်ဝင်ပါတယ်။ ဒါဟာ Function Pointer ကြီးဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ Element တွေကို နှိုင်းယှဉ်ချင်ရင် ဒီ Function နဲ့ တွက်ဆိုပြီး ပြောရတဲ့ သဘောပါ။ (နောက်တမျိုးပြောရရင် အဲဒီ Function ကြီးကို qsort ကနေ လှမ်းခေါ်မှာ ဖြစ်ပါတယ်။ အဲဒီ Function ကြီးက qsort ဆီကို ရှေ့ကကောင်က ငယ်ရင် အနှုတ်ကိန်း၊ တူရင် သုည၊ ကြီးရင် အပေါင်းကိန်း တစ်ခုခု return ပြန်ရပါမယ်။) အဲဒီ Function ကြီးရဲ့ ပုံစံကလဲ

int function_name(const void* a, const void* b);

ပဲဖြစ်ရပါမယ်။ ပိုနားလည်လွယ်အောင် ဥပမာလေးနဲ့ ကြည့်ရအောင်နော်။

ဥပမာ ၀န်ထမ်းတွေကို လစာ အများဆုံးကနေ အနည်းဆုံးကို စီပြီးသား အစီရင်ခံစာထုတ်ပေးတဲ့ အစီအစဉ်ကို လိုချင်တယ်။ တကယ်လို့ လစာတူနေရင် လုပ်သက်ရင့်တဲ့လူကို ရှေ့မှာ ထားချင်တယ် ဆိုပါစို့။ ဒါဆိုရင် ၀န်ထမ်းတွေရဲ့ အချက်အလက်တွေကို သိမ်းဖို့ class တစ်ခု ဆောက်ရပါမယ်။

class employee{

    int experience;     //in year

    float salary;    //in kyat

    /* Blar Blar Blar */

    public:

        bool operator < (employee &e)    {

            If(this->salary == e.salary) return (this->experience < e.experience);

            else return (this->salary < e.salary);

        }

        void my_emp_function(void) { }

        /* More Blar Blar Blar */

};

ပေါ့။ အဲဒီ Class မှာ လစာရယ်၊ လုပ်သက်ရယ်က Private Member တွေ ဖြစ်ပြီးတော့ အပြင်ကနေ ၀န်ထမ်းတွေကို နှိုင်းယှဉ်နိုင်ဖို့ operator '<' ကို overload လုပ်ထားတဲ့ Function တစ်ခုပါပါတယ်။ ဒါပေမဲ့ qsort ထဲကို အဲဒီ function ကို ထည့်လိုက်လို့မရတဲ့အတွက် (qsort က လိုချင်တဲ့ ပုံစံနဲ့ operator '<' ရဲ့ ပုံစံ Syntax မတူတဲ့အတွက်) qsort အတွက် Function ကို ဒီလိုရေးရပါမယ်။

int employee_comparer(const void* a, const void* b) {

    employee *temp_e = (employee*) a;        //type cast from void*

    employee *temp_f = (employee*) b;        //to employee*

    if((*temp_e) < (*temp_f)) return -1;

        else return 1;    

}

ရေးထားတဲ့ Function ရဲ့ ပထမ ၂ ကြောင်းကတော့ ဘာ type information မှမပါပဲ qsort က ရမ်းသန်းမှန်းသန်း ပို့လွှတ်လိုက်တဲ့ Pointer ၂ ခုကို employee Pointer ဖြစ်အောင် ပြောင်းယူတာပါ။ အဲဒီမှာ တချက်သတိထားဖို့က အဲဒီလို ပြောင်းယူပြီးတာတောင် temp_e နဲ့ temp_f က Pointer ပဲ ရှိပါသေးတယ်။ ဒါကြောင့် သူတို့ကို သုံးတဲ့အခါမှာ Data of လို့ အဓိပ္ပါယ်ရတဲ့ '*' လေးကို အမြဲထည့်ရပါမယ်။ (တကယ်လို့ သူတို့ထဲက function တွေ ခေါ်မယ်ဆိုရင်လဲ operator '.' ကို မသုံးပဲ operator '->' ကို ဒီလိုလေး temp_e->my_emp_function() ဆိုပြီးတော့ သုံးပေးရပါမယ်။) အဲဒီ '*' လေးကို ထည့်ပြီး operator '>' နဲ့ နှိုင်းယှဉ်လို့ရလာတဲ့ အဖြေပေါ်မူတည်ပြီး -1 သို့မဟုတ် +1 ကို qsort အတွက် return ပြန်ပေးလိုက်ရပါမယ်။

ဒီ Function လေးရေးလို့ အချိုးပြေသွားပြီဆိုရင်တော့ qsort ကို စိတ်အေးချမ်းသာ အသုံးပြုနိုင်ပါပြီ။ (employee ရဲ့ private member တွေကို accessor method တွေကနေတဆင့် ခေါ်ထားတာ သတိပြုပါ။ တကယ်တမ်း ရေးတဲ့အခါကျတော့ သတိလက်လွတ် ဒီတိုင်း ရေးမိတတ်ပါတယ်။ အဲဒီလိုရေးချင်ရင်တော့လဲ friend လုပ်လိုက်ပေါ့ဗျာ၊ နော။) အောက်မှာက main Function ပါ။

/* preprocessor Yada Yada Yada */

void main(void)

{

    employee myEmployeeArray[NUM_OF_EMPLOYEE];

    /* input data into myEmployeeArray */

    qsort(myEmployeeArray, NUM_OF_EMPLOYEE, sizeof(employee), employee_comparer);

    /* output sorted myEmployeeArray */

}

qsort ကို လွယ်လွယ်ခေါ်ပြီး ကုဒ်ဒါအပေါင်း သက်သာကြပါစေကြောင်း …

စာရေးသူ ရေးသားစမ်းသပ်ထားသော Code ကို ရယူရန်

Saturday, July 25, 2009

ဆီချက်ခေါက်ဆွဲ လုပ်နည်း

ဆီချက်ခေါက်ဆွဲဆိုတာ မြန်မာတိုင်းသိတဲ့ အစားအသောက်တမျိုးပါ။ မူလကတော့ တရုတ်အစားအစာဖြစ်ပြီး တရုတ်လူမျိုးတွေ မြန်မာနိုင်ငံကို လာရောက်ရောင်းချရာကနေ တဖြည်းဖြည်း မြန်မာမှုပြုလိုက်တာ အခုဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိ၊ မြန်မာပြည်မှာသာရှိတဲ့ ဆီချက်ခေါက်ဆွဲဆိုပြီး ဖြစ်လာပါတော့တယ်။ (စင်ကာပူမှာတော့ ဆီချက်ခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲတို့နဲ့ အတော်ဆင်တူတဲ့ မလေးမှု ပြုထားတဲ့ ခေါက်ဆွဲတွေ တွေ့ရပါတယ်။) အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာပြီး စားရတာအရသာရှိတဲ့ ဆီချက်ခေါက်ဆွဲ လုပ်နည်းကို ရွှေပွဲလာပရိသတ်ကြီးအတွက် ကပြဖျော်ဖြေ ... အဲလေ ... မှားလို့ စာရှုသူမိတ်ဆွေတို့အတွက် ရေးသားတင်ဆက်လိုက်ရပါတယ်။


ဆီချက်ခေါက်ဆွဲ (လူ ၃ ယောက်မှ ၆ ယောက်စာ) လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ...

  • ခေါက်ဆွဲပြား - ၃ - ၆ ခွက်စာ (အသင့်စားခေါက်ဆွဲတွေ ၀ယ်ပြုတ်လဲ ရပါတယ်။ ပိုတောင် အရသာ ကောင်းပါသေးတယ်။ ဆီနဲ့ကြော်ထားတာမဟုတ်တာကို ကျန်းမာရေးအတွက် ရွေးချယ်ပါ။)
  • ၀က်နံရိုးသား (သို့မဟုတ်) ကြက်ရင်အုပ် - ၁၅ ကျပ်သား (၀က်ကတော့ ပိုကောင်းသပေါ့လေ)
  • ကြက်သွန်ဖြူ - ၁ မြှောင့်၊ ၂ မြှောင့် (၃-၄ မြှောင့် ဟိဟိ)
  • ဆီ - တမှုတ် (ကျန်းမာရေးနဲ့ ညီညွတ်သော နေကြာဆီကို သုံးစွဲသင့်ပါသည်။)
  • ကြက်သွန်မြိတ် - ၁ ပင်၊ ၂ ပင် 
  • ပဲငံပြာရည် (နောက်) - ၁ စားပွဲဇွန်း
  • ပဲငံပြာရည် (ကြည်) - ၂ စားပွဲဇွန်း
  • ဆန်ရှာလကာရည် - ၁ စားပွဲဇွန်း
  • ဆား - အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။


ကြက်သွန်ဖြူကို အခွံခွာ၊ ရေဆေးပြီး အပေါ်မှာ ပြထားသလို သေးသေးလေးတွေ လှီးပါ။ (ကြိတ်စက်ရှိရင် ထည့်ကြိတ်လိုက်ပါ။) ပြီးနောက် ကြွေပန်းကန် (ပလတ်စတစ်၊ မယ်လမင်း ပန်းကန် မသုံးပါနှင့်) တစ်လုံးထဲကို ထည့်ထားပါ။ ၀က်နံရိုးကို ရှာလကာရည်၊ ပံငံပြာရည် (ကြည်/နောက်) နှင့် ဆားတစ်ဇွန်းခန့်ထည့်ပြီး (အောက်ကပုံအတိုင်း) နယ်ပါ။ ဒယ်အိုးတစ်လုံးထဲကို ဆီထည့်ပြီး မီးဖိုပေါ်တင် အပူပေးပါ။



ဆီပူပြီး အငွေ့ထွက်လာရင် စောစောတုန်းက ကြက်သွန်ဖြူပန်းကန်ထဲကို (အိုးဖင်ကပ် ဇွန်းတ၀က်စာလောက် ချန်ပြီး) လောင်းထည့်လိုက်ပါ။ ဒီအပိုင်းဟာ အလွန်အရေးကြီးပါတယ်။ ကြက်သွန်ကို ဆီပူအိုးထဲထည့် ကြော်ရတာ အင်မတန်ခက်ပါတယ်။ အကြော်မတတ်ရင်၊ အလေ့အကျင့်မရှိရင် ကြက်သွန်ဟာ အမြဲတူးပါတယ်။ (ငရုတ်သီးဆီချက်ချက်ဖို့လဲ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။) ဆီအငွေ့တထောင်းထောင်း ထွက်နေဖို့တော့ လိုအပ်ပါတယ်။ ဆီကိုလောင်းထည့်ပြီး တအောင့်လောက် အကြာမှာ အောက်မှာပြထားသလို ရွှေရောင်လေးနဲ့ ကြက်သွန်ဆီချက် ကျက်သွားပါလိမ့်မယ်။


အိုးကို မီးဖိုပေါ်ပြန်တင်ပါ။ စောစောက နယ်ထားတဲ့ ၀က်နံရိုးနဲ့ ငံပြာရည်တွေ၊ ရှာလကာရည်တွေအားလုံးကို အိုးထဲလောင်းထည့်ပါ။ နည်းနည်းမွှေပေးပြီး ရေတခွက်လောက် လောင်းထည့်ပါ။ ရေခမ်းစပြုတဲ့အထိ စောင့်ကြည့်ရင်း ခဏခဏ မွှေပေးပါ။ ရေခမ်းပြီဆိုရင် ရေထပ်ထည့်ပြီး နာရီဝက်လောက်ကြာအောင် ချက်ပါ။ ရေတွေအရမ်းများအောင် လောင်းမထည့်ပါနဲ့။ အရသာမကောင်းပဲ ဖြစ်တတ်ပါတယ်။

နာရီဝက်လောက်ကြာအောင် စောင့်ပြီး ချက်ရမှာပျင်းရင် ပထမတခါ ရေနည်းနည်းခမ်းတာနဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်ပြီး ချက်လိုက်လဲ ရပါတယ်။ မီးအပြင်းဆုံးနဲ့ ၃ မိနစ်ကနေ ၅ မိနစ်အထိ အသားရဲ့ အနေအထားပေါ်လိုက်ပြီး ချက်ရပါမယ်။ မိုက်ခရိုဝေ့ဖ်ထဲကို သတ္တုအိုးတွေမထည့်ဖို့၊ မိုက်ခရိုဝေ့ဖ်နဲ့ ချက်လို့ရတဲ့ အာမခံဘူးကိုပဲ သုံးဖို့ သတိထားပါ။ ရေအရမ်းခမ်းသွားရင် ဆီအပူရှိန်အရမ်းမြင့်သွားတတ်လို့ ရေခမ်းရင် ရေဖြည့်ပေးဖို့ မမေ့ပါနဲ့။

အသားကျက်အောင် ချက်ပြီးရင် အောက်မှာပြထားသလိုရအောင် အသားကို လှီးပါ။ (တောက်တောက်မစဉ်းပါနဲ့။ လှီးတာကို ကြွက်သားမျှင်အတိုင်း မလှီးပါနဲ့။ အဲဒါဆို ရှည်ရှည်ဖတ်တွေပဲ ရတတ်ပါတယ်။ ကြွက်သားမျှင်တွေကို ကန့်လန့်လှီးပါ။)

စိတ်မရှည်ဖြစ်နေပြီလား။ မပူပါနဲ့။ ပြီးတော့မှာပါ။ ကြက်သွန်မြိတ်ကို ရေဆေးပြီး သေးသေးလေးတွေ လှီးပါ။ ပြင်ပေးမဲ့ ပန်းကန်ထဲမှာ ၀က်နံရိုးဟင်းက အရည်ရယ်၊ ဆီချက်ဖတ်ရယ် (ဆီတွေ မယူပါနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး) ဆားနည်းနည်းရယ်ထည့်၊ စဉ်းထားတဲ့ အသား တော်သင့်ရုံနဲ့ ခေါက်ဆွဲကိုထည့်ပြီး ရောမွှေပေးပါ။ မွှေပြီးရင် အပေါ်မှာ ကြက်သွန်မြိတ်ဖတ်လေးတွေ ဖြူးလိုက်ရင် ဆီချက်ခေါက်ဆွဲ ရပြီပေါ့။ လွယ်တယ်၊ မြန်တယ်၊ အကုန်အကျ သက်သာတယ် (အသား ၁၅ ကျပ်သားပဲလေ၊ ကျန်တာက သိပ်ဈေးမကြီးဘူး) နော်။ ဒါကြောင့် ခေါက်ဆွဲဆိုင်ဖွင့်တဲ့ တရုတ်တွေ မြန်မြန်ချမ်းသာကြတာနေမှာ။


(ချက်ပြီးခါနီးမှ သတိရလို့ ပုံမှာ ကြက်သွန်မြိတ်မပါပါ။)

Friday, July 24, 2009

ဖော်ဖော်ရွေရွေ စင်ကာပူတွေ

ဖော်ရွေတတ်တာ၊ အေးစက်စက်နိုင်တာ၊ ရိုင်းပြတာ၊ ယဉ်ကျေးတာဆိုတာတွေဟာ ကမ္ဘာပေါ်က လူသားအားလုံးနဲ့ ဆိုင်တဲ့ လူ့အရည်အသွေးတွေပါ။ ဘယ်လူမျိုး၊ ဘယ်ဒေသ၊ ဘယ်အဖွဲ့အစည်းက လူတွေကတော့ ရိုင်းတယ်၊ ယဉ်ကျေးတယ်၊ ပျူငှာတယ်၊ ဖော်ရွေတယ် စသဖြင့် သတ်မှတ်ပြောဆိုလို့ မရကောင်းပါဘူး။ ဘယ်နေရာမှာမဆို လူအမျိုးပေါင်း စုံနေအောင် တွေ့ရမှာပါပဲ။ စာရေးသူတွေ့ခဲ့ဖူးတဲ့ ဖော်ရွေတတ်တဲ့ စင်ကာပူနိုင်ငံသားတွေအကြောင်းကို ပြန်ပြောင်းပြောပြပါမယ်။

နမော်နမဲ့နိုင်တတ်တဲ့ မောင်လောရှည်ဟာ ဘဏ်ကနေ ပိုက်ဆံထုတ်ဖို့ကို မကြာခဏမေ့တတ်ပြီး အိတ်ထဲ ပိုက်ဆံမပါတာကိုတောင် တခါတလေ သတိမထားမိတတ်ပါဘူး။ အဲဒါနဲ့ပဲ အိတ်ဟောင်းလောင်းနဲ့ ကျောင်းစားသောက်ဆိုင်မှာ စားစရာမှာ စားပါတော့တယ်။ စားစရာရောက်လာလို့ ပိုက်ဆံထုတ်ပေးမယ်လဲ ကြည့်လိုက်ရော ပိုက်ဆံက တပြားမှ ပါမလာဘူး။ ဒါပေမဲ့ အဲဒီဆိုင်က စားနေကျ ပါစတာ (အီတာလျံခေါက်ဆွဲ) ဆိုင်ဖြစ်နေတော့ကာ ဆိုင်ရှင်တရုတ်ကြီးက ကဲ ကဲ အလကားစားသွား၊ နောက်ကြုံမှပေးတော့လို့ ပြောပါတော့တယ်။ မောင်လောရှည်ကလဲ စားတာပဲ။ နောက်တနေ့ကျ သတိတရနဲ့ သွားပေးတော့ ကျေးဇူး၊ ကျေးဇူးနဲ့။ (အဲဒီ တရုတ်ကြီးက အင်္ဂလိပ်လို အတော်ကောင်းကောင်း ပြောတတ်တယ်။ လူတွေအများကြီး တန်းစီနေတုန်း မှာတာတွေ ပွဲ ၂၀ လောက် ဦးဏှောက်ထဲ မှတ်ထားပြီး မမှားအောင် ပေးတတ်တယ်။ တခြား စားသောက်ဆိုင်ဖွင့်တဲ့လူတွေနဲ့ သိပ်မတူဘူး။)

နောက်တခါကတော့ ထောပတ်ထမင်းရောင်းတဲ့ (ဟုတ်တယ်၊ မြန်မာထောပတ်ထမင်းနဲ့ တူတယ်။) အရှေ့အလယ်ပိုင်းဆိုင်မှာပါ။ ညဘက် ကျောင်းမှာ ညနက်တဲ့အထိ စာလုပ်ရင်းစားဖို့ စမူဆာ သွားသွားဝယ်နေတော့ ကုလားနဲ့ (တရုတ်ကြီးလောက် မဟုတ်ပေမဲ့) နည်းနည်း ရင်းနှီးပြီး မျက်မှန်းတန်းမိနေတယ်။ သောကြာနေ့ တစ်နေ့ ညနေပိုင်း (အဲဒီနေ့က ပိုက်ဆံထုတ်ဖို့ မမေ့ဘူး။) ကုလားကို ပိုက်ဆံထုတ်ပေးတော့ ဒေါ်လာ ၅၀ တန်ကြီးဖြစ်နေတယ်။ ကုလားကလဲ ဆိုင်သိမ်းဖို့ ပိုက်ဆံတွေအကုန် သော့ခတ်ပြီးနေတော့ ပြန်အမ်းစရာမရှိလို့ နောက်မှ ပေး ဆိုပြီး စမူဆာတွေ ထည့်ပေးလိုက်တာပဲ။ နောက်နေ့တွေကျတော့ ကျောင်းမရောက်ဖြစ်တာနဲ့၊ ရောက်ဖြစ်တော့လဲ အဲဒီဆိုင်မှာ မစားဖြစ်၊ စားဖြစ်တော့လဲ မေ့နဲ့ ၂ ပါတ်လောက်ကြာမှ ကုလား အကြွေးပြန်ရရှာတယ်။

သူတို့က စားနေကျ ဖောက်သည်မို့လို့၊ မြင်ဖူးနေလို့ ထားပါတော့။ ဒီနေ့တော့ ညကလဲ နည်းနည်းနက်နေတော့ နီးတဲ့ဆိုင်တွေမှာ စားစရာမရှိတော့တာနဲ့ နည်းနည်းဝေးတဲ့ စားနေကျ မဟုတ်တဲ့ ဆိုင်တွေနားကို မောင်လောရှည် ချီတက်ပါတယ်။ စားစရာမှာပြီးမှ သတိရလိုက်တာက ပိုက်ဆံ အတော်ခမ်းနေပြီ၊ လောက်ပါ့မလား။ စားနေကျဆိုင်လဲ မဟုတ်တော့ ဘယ်လောက်ကျလဲ မသိဘူးလေ။ ပိုက်ဆံ ပြေးထုတ်ဖို့ကလဲ အတော်ဝေးတာဆိုတော့ အယ် ဆိုပြီး အသံထွက်လို့ ရှိတဲ့ အကြွေတွေကို နှိုက်ထုတ်နေတာကိုမြင်တော့ မောင်လောရှည်ကို တခါမှ မမြင်ဖူးတဲ့ တရုတ်မက ကဲပါ ... ပိုက်ဆံ မပါလဲ စားသွား၊ နောက်မှပေးလဲ ရတယ်လို့ ပြောပါတော့တယ် (ရှက်လိုက်တာနော်)။ ဒါပေမဲ့ ကံက ကောင်းချင်တော့ စားစရာတွေက သိပ်ဈေးမကြီး၊ ချောင်ကြားမှာ ကပ်နေတဲ့ ၂ ဒေါ်လာတန်တစ်ရွက်ထွက်လာတော့ (ဟုတ်တယ်၊ စင်ကာပူမှာ ထူးထူးဆန်းဆန်း ၂ ဒေါ်လာတန် သုံးတယ်။) အဆင်ပြေသွားပါတယ်။ (တကယ်လို့များ ပိုက်ဆံ တကယ်ပါမလာလို့ကတော့ မျက်နှာပြောင်နဲ့ တီးပြီး နောက်နေ့မှ သွားပေးရမှာ။)

သြော် ... စင်ကာပူမှာလဲ ငွေ၊ ငွေ၊ ငွေပဲ ကြည့်မနေပဲ ဖော်ရွေတတ်သူတွေ ရှိပါလားနော်။

Monday, July 20, 2009

လကမ္ဘာခရီးစဉ် နှစ် ၄၀ ပြည့်

လူသားတစ်ယောက်ရဲ့ ဤခြေလှမ်းငယ်တလှမ်းဟာ လူသားထုတရပ်လုံးရဲ့ ခုန်ပျံတိုးတက်မှုတစ်ခုဖြစ်တယ်။ (Neil Armstrong).

လူသားတွေအနေနဲ့ လကို အောင်နိုင်မှ စကြာဝဠာတစ်ခုလုံးကို ခရီးနှင်နိုင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လကမ္ဘာရဲ့ ဆွဲငင်အားက ကမ္ဘာ့ ဆွဲငင်အားရဲ့ ၆ ပုံ ၁ ပုံသာ ရှိတာမို့ လကမ္ဘာမှာ အခြေစိုက်စခန်းထားနိုင်ခဲ့ရင် လောင်စာအနည်းငယ်နဲ့ပဲ နေစကြာဝဠာထဲက ဂြိုဟ်တွေကို သွားရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ (ကမ္ဘာကနေ တိုက်ရိုက်သွားမယ်ဆိုရင်တော့ ကမ္ဘာမြေရဲ့ ဆွဲငင်အားကို လွန်ဆန်နိုင်တဲ့ လွတ်မြောက်အလျင် (escape velocity) ရဖို့ကို လောင်စာ အများကြီး သုံးရပါတယ်။) 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ၁၉၆၉ ခု ဇူလိုင်လ ၂၀ ရက်နေ့ (ဒီနေ့) မှာ အမေရိကန် အာကာသသူရဲကောင်း အမ်းစထရောင်းနဲ့အယ်လ်ဒွင်တို့ဟာ လူသားထုတရပ်လုံးရဲ့ ကိုယ်စား လကမ္ဘာကို ခြေချကာ အမှတ်တရအဖြစ် အမေရိကန် အလံကို လွှင့်ထူထားနိုင်ခဲ့ပါတယ်။ အမ်းစထရောင်းရဲ့ သိမ်းငှက် ခြေချလိုက်ပြီ (Eagle has landed) နဲ့ လှလိုက်တာ (Beautiful view) ဆိုတဲ့ သတင်းပို့သံတွေဟာ ယနေ့တိုင် ရေပန်းစားနေဆဲပါ။ (သီချင်းအချို့မှာ remix လုပ်တာ၊ Game အချို့မှာ ထည့်ထားတာ၊ ရုပ်ရှင်အချို့မှာ မှီငြမ်းတာ စသဖြင့် တွေ့ရှိရပါတယ်။)




စစ်အေးခေတ် အာကာသ နည်းပညာ ပြိုင်ဆိုင်မှုကြောင့် လူသားတရပ်လုံး လူနေမှု အဆင့်အတန်း တဟုန်ထိုး တိုးတက်ပြောင်းလဲခဲ့ပါတယ်။ လုံးဝလုံးတဲ့ သတ္တုစက်လုံးကို ပုံသွန်းနိုင်တာကစလို့ ကွန်ပျူတာတွေအလယ်၊ လေကြောင်း နည်းပညာအဆုံး အများကြီး တိုးတက်မှု ရစေခဲ့တာ ငြင်းလို့မရပါဘူး။ လက်ရှိမှာ အာကာသ စူးစမ်းလေ့လာရေးမှာ လူသားတွေ အားလျော့နေပေမဲ့ (အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေ၊ စီးပွားပျက်ကပ်တွေနဲ့ ရှုပ်နေတာကိုး) တရုတ်နိုင်ငံက သိပ်မကြာခင်မှာ လပေါ်ကို လူမဲ့ခရီးစဉ်လွှတ်မယ်၊ အောင်မြင်ရင် လပေါ်ကို လူတက်မယ်ဆိုတာ ကြားရတော့ စကြာဝဠာကြီးကို လူသားတွေ စိုးမိုးနိုင်ဖို့ မျှော်လင့်ချက်တွေ ပြန်လည် နိုးထလာပါပြီ။

လကမ္ဘာနေ့ (ဇူလိုင် ၂၀ ရက်နေ့) နှစ်ပါတ်လည်အဖြစ် ရေးသား ဂုဏ်ပြုပါသည်။

Wednesday, July 15, 2009

မြန်မာစာစနစ်များ၏ နောက်ခံကား

ယခုအခါ ကွန်ပျူတာသုံး မြန်မာစာ စနစ်အမျိုးမျိုး ပေါ်ထွန်းလျှက် ရှိသည်။ ၄င်းစနစ်အသီးသီး၏ ပေါ်ပေါက်လာရခြင်း အကြောင်းရင်းနှင့် သဘောသဘာဝများမှာ တခုနှင့် တခု မတူညီပဲ ကွဲပြားလျှက်ရှိသည်။ Unicode 5.1 တွင် မြန်မာအက္ခရာများ၏ နေရာသတ်မှတ်ချက် တည်ငြိမ်လာပြီဖြစ်ရာ အချက်အလက်များ မျှဝေနိုင်ရန်၊ မြန်မာဘာသာဖြင့် ရေးသားထားသောစာများကို အက္ခရာဝလိစီရန်နှင့် ရှာဖွေနိုင်ရန် ၄င်းနေရာသတ်မှတ်ချက်များအတိုင်း ပြောင်းလဲ သုံးစွဲသင့်ပြီဖြစ်သည်။ လက်ရှိစနစ်များ၏ နောက်ခံကားကို နားလည်သဘောပေါက်မှ ၄င်းစနစ်များအား အသုံးပြုလျှက်ရှိသူတို့ကို Unicode အဆင့်မီစနစ်များသို့ ချောချောမွေ့မွေ့ ပြောင်းလဲနိုင်စေမည်ဖြစ်ရာ ဤစာတမ်းငယ်တွင် လက်ရှိ မြန်မာစာစနစ်များ၏ သဘောသဘာဝကို Information Systems Practitioner တစ်ဦး၏အမြင်မှ ဆွေးနွေးတင်ပြမည် ဖြစ်သည်။

နိဒါန်း

ယခုအခါ ကွန်ပျူတာကို အသုံးပြုရာတွင် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်စသော အနောက်တိုင်း ဘာသာစကားများသာမကပဲ တရုတ်၊ ကိုရီးယား၊ ဂျပန် စသော အရှေ့တိုင်း ဘာသာစကားများဖြင့်လဲ လွယ်ကူစွာ အသုံးပြုနိုင်ကြပြီ ဖြစ်သည်။ ဤကဲ့သို့ မိခင်ဘာသာစကားများဖြင့် ကွန်ပျူတာကို အသုံးပြုနိုင်ရခြင်းမှာ ဘာသာစကားအများအပြား၏ အက္ခရာများကို code-range တစ်ခုအတွင်းတွင် နေရာချထားပေးသော Unicode ခေါ် စံနှုန်းတစ်ရပ်ကို အများသဘောတူ သတ်မှတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ အဆိုပါ စံနှုန်းအတွင်းတွင် မြန်မာအက္ခရာများအတွက် code-range ကို သတ်မှတ်နိုင်ခဲ့သော်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် အသေးစိတ် အကောင်အထည်ဖော်မည့် ပုံစံကို အတည်မပြုနိုင်သေးပဲ ရှိခဲ့သည်။

ယခုအခါ မြန်မာစာ Unicode စနစ်သည် တည်ငြိမ်စ ပြုလာပြီဖြစ်ပြီး ဇော်ဂျီ မြန်မာစာ စနစ်မှာ အခြားဘာသာစကားများနှင့် ယှဉ်တွဲ သုံးစွဲနိုင်သည့် Unicode အစစ်မဟုတ်သော်လည်း အများသုံး (de facto) စံနှုန်းတစ်ရပ် အဖြစ် ရပ်တည်လျှက်ရှိသည်။ ယခင်က သုံးစွဲခဲ့သော ASCII (truetype) font များနှင့် Burglish သုံးစွဲမှုများလဲ ယနေ့တိုင် ရပ်တည်လျှက်ရှိသည်ကို တွေ့ရှိရသည်။ ဤစာတမ်းတွင် 8 bit font များနှင့် burglish အကြောင်းကို ရှေးဦးစွာတင်ပြပြီး အများသုံးဖြစ်သည့် ဇော်ဂျီစနစ်အကြောင်းကို ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။ ထို့နောက် Unicode 5.1 အဆင့်မီစနစ်များအကြောင်းနှင့် ၄င်းတို့ကို အဘယ်ကြောင့် ရွေးချယ်သင့်သည်ကို ရှင်းလင်းရေးသားမည် ဖြစ်ပါသည်။

8 Bit Systems

ယခင်က အင်္ဂလိပ်စာလုံးကဲ့သို့သော လက်တင်စာလုံးများဖြင့် ရေးသားထားသည့် contents များကို ကွန်ပျူတာများ ဝေမျှသုံးစွဲနိုင်စေရန်အတွက် စံအဖြစ် IBM မှ EBCDIC (8 bits) စနစ်နှင့် ASCII (7 bits) စနစ်ဟူ၍ စတင် ပေါ်ပေါက်ခဲ့သည်။ နောက်ပိုင်းတွင် ASCII စနစ်ကို 8 bit သို့ တိုးချဲ့ခဲ့သည်။ နာမည်ကြီး Windows စနစ်များတွင် ASCII စနစ်ကို အသုံးပြုနိုင်ရာ အင်္ဂလိပ်စာလုံးများကို ပုံပြင်ဆွဲ၍ မြန်မာစာလုံးပုံစံ အများအပြား ပေါ်ထွက်ခဲ့သည်။ ၄င်းတို့သည် နည်းပညာရှုထောင့်အရ အင်္ဂလိပ်စာကို ပုံပြောင်းထားခြင်းမျှသာဖြစ်ပြီး မြန်မာဘာသာဖြင့် ရေးသားထားသော အချက်အလက်များကို မြန်မာစာ အက္ခရာစီထုံးဖြင့် အလွယ်တကူ စီ၍မရပေ။ ယခုအခါ ၄င်းတို့ကို ပုံနှိပ်တိုက်များတွင် ကျယ်ပြန့်စွာ သုံးစွဲလျှက်ရှိပြီး CE နှင့် Win-Myanmar ပုံစံတို့မှာ ထင်ရှားသည်။ 

Burglish

မြန်မာနှင့် အင်္ဂလိပ်စာ ရောထွေးရေးသားရန် 16 bit code များ မပေါ်ပေါက်မီက Chat application သုံးစွဲသူအချို့သည် ပြောလိုသော အကြောင်းအရာကို အသံဖလှယ်၍ အင်္ဂလိပ် အက္ခရာများဖြင့် ရေးသားသုံးစွဲကြသည်။ (ဥပမာအားဖြင့် Sar Pee P Lar ? = စားပြီးပြီလား ဖြစ်သည်။) ယနေ့တိုင် မြန်မာစာ ကောင်းစွာ မရိုက်တတ်သူ Chat application အသုံးပြုသူအချို့လဲ ရှိနေဆဲပင် ဖြစ်သည်။ ၄င်းတို့အတွက် အလိုအလျောက် ဘာသာပြန်ပေးသည့် စနစ်အမျိုးမျိုး ပေါ်ထွက်ခဲ့ရာ ၀ိဇ္ဇာစနစ်မှာ ထင်ရှားသော ဥပမာ တစ်ခုဖြစ်ပြီး ဇော်ဂျီနှင့် Myanmar – 3 သို့ ဘာသာပြန်ပေးနိုင်သည်။

ဇော်ဂျီ

နိုင်ငံတကာသုံး စံနှုန်းဖြစ်သည့် Unicode စံနှုန်း (16 bit code) တွင် မြန်မာအက္ခရာများ၏ နေရာ (ခွင်) ကို အတိအကျ သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း စာလုံးများ၏ နေရာနှင့် ဘာသာစကား၏ ရှုပ်ထွေးမှု ပြဿနာများကို ဖြေရှင်းနိုင်ရန် စံသတ်မှတ်ချက် အတိအကျ မရှိသည်မှာ အတော်ပင် ကြာမြင့်ခဲ့သည်။ ဥပမာအားဖြင့် ပြ နှင့် ကြ တွင် ပါဝင်သော ရရစ်မှာ အတူတူပင်ဖြစ်သော်လည်း ၄င်းတို့ကို ပုံဖော်ရန်အတွက် software support (rendering support) လိုသည်။ ၄င်းကို အလွယ်နည်းနှင့် ဖြေရှင်းရန်မှာ code-range ကို ချဲ့ပစ်ရန်ဖြစ်ရာ (ရရစ် ၂ ခုသုံးမယ်၊ code ၂ ခုပေး ဆိုတာမျိုး) ပညာရှင်အချို့က စံနှုန်းမတည်ငြိမ်မီ ကာလအတွင်း ဆေးမြီးတိုအဖြစ် အခြားဘာသာစကားများ၏ code များကို ချေးငှားသုံးစွဲကာ ဇော်ဂျီစာလုံးစနစ်ကို ဖန်တီးခဲ့ကြသည်။

၎င်းသည် ပြဿနာ ၂ ရပ်ကို ဖိတ်ခေါ်လာသည်။ ဇော်ဂျီသည် အင်္ဂလိပ် အက္ခရာများ၏ code ကို မထိသဖြင့် အင်္ဂလိပ်/မြန်မာ တွဲဖက်ရေးသားရာတွင် အဆင်ပြေသော်လည်း ၄င်းချေးငှားထားသော ဘာသာစကားများနှင့် မြန်မာစာကို တွဲဖက်ရေးသားပါက ကွန်ပျူတာအနေနှင့် ချေးသုံးထားသော code များကို မည်သည့် အက္ခရာ (မြန်မာ အက္ခရာ သို့မဟုတ် အခြား အက္ခရာ) အဖြစ် ဖော်ပြပေးရမည်ကို မသိနိုင်ပဲ ဖြစ်လိမ့်မည်။ (ဥပမာ 1E29 သည် 'ḩ' လား၊ Latin Small Letter H with Cedilla လား မသိနိုင်တော့ပေ။) နောက်ပြဿနာတစ်ရပ်မှာ တူညီသော စာလုံးများ ကို code အများအပြားသို့ assign လုပ်ထားသဖြင့် အက္ခရာစဉ် စီရာ (နှင့် searching ရှာရာ) တွင် မလိုလားအပ်သော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေပါသည်။ ဥပမာအားဖြင့် ရရစ်သည် ပြ ဟုရေးရာတွင် တမျိုး၊ ကြ ဟုရေးရာတွင် တမျိုး၊ လုံးကြီးတင်နှင့် တွဲရန်တမျိုး (ပြိ၊ ကြိ) စသဖြင့် code အမျိုးမျိုး ဖြစ်နေသည်။ အမှန်မှာ အက္ခရာ စဉ်ရာတွင် ကြသည် ပြအရှေ့ (ကြိသည် ပြိအရှေ့) ဟူ၍ ရရစ် ၂ မျိုးကို အတူတူ သဘောထားပြီး စီရရာ ဇော်ဂျီစနစ်ဖြင့် ရေးသားထားသော မြန်မာစာများကို အက္ခရာစီနိုင်ရန် ခက်ခဲပါသည်။

ဇော်ဂျီ၏ အဓိက အားနည်းချက် တစ်ရပ်မှာ စာလုံးများ၏ စံပုံစံ မရှိခြင်းပင် ဖြစ်သည်။ တ + -ိ + -ု (တို) နှင့် တ + -ု + -ိ (တို) တို့မှာ ဇော်ဂျီတွင် မတူညီကြပေ။ သို့ဖြစ်၍ ပထမ တို ကို ရှာဖွေရန် ကြိုးစားရာတွင် ဒုတိယ တို ကို ထည့်သွင်း ရှာဖွေခိုင်းပါက ရှာတွေ့မည် မဟုတ်ပါချေ။ တူညီသောစာလုံးများကို ရိုက်ထည့်သော အစီအစဉ် မတူညီခြင်းကြောင့် ကွန်ပျူတာက မတူညီဟု အဖြေထုတ်ပေးခြင်းမှာ လက်ခံနိုင်ဖွယ် အရည်အသွေးတစ်ရပ် မဟုတ်ပေ။ ဇော်ဂျီဖြင့် ရေးသားထားသော မြန်မာစာတို့မှာ တနေ့တခြား တိုးပွားလာနေရာ နောင်တချိန်တွင် ၄င်းတို့သည် ရှာရ၊ ဖွေရခက်သည့် စာအုပ်ပုံကြီးနှင့် အတူတူပင် ဖြစ်လာတော့မည် ဖြစ်သည်။ (အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ အကြောင်းကို ရေးသားသူ တ၀က်က စ + -ိ + -ု + င + -် + -း ဟု ရေးပြီး ကျန်တ၀က်က စ + -ု + -ိ + င + -် + -း ဟု ရေးပါက မည်သို့ ဖြစ်မည်ကို မှန်းဆကြည့်ပါ။) သို့ရာတွင် ရှေးယခင် လက်နှိပ်စက်များကဲ့သို့ပင် သဝေထိုးနှင့် ရရစ်ကို ဗျည်းမရိုက်ခင် ရိုက်ရခြင်း၊ ဗျည်းတွဲများ (ရရစ်ဝဆွဲ၊ ယပင့်ဝဆွဲ စသည်တို့)ကို ခလုတ်တစ်ချက်နှိပ်ရုံနှင့် ရေးသားနိုင်ခြင်းတို့မှာ သုံးစွဲသူတို့ နှစ်သက်ဖွယ်ဖြစ်သည်။

Windows စနစ်အများစုတွင် ဇော်ဂျီစနစ်ဖြင့် မြန်မာစာ ရေးသားရန်အတွက် အခမဲ့ ရရှိနိုင်သော Zawgyi installer application ကို သွင်းလိုက်ရန်သာလိုအပ်ပြီး ဖတ်ရှုရန်အတွက်မူ သာမာန် font တစ်ခု သွင်းသကဲ့သို့ ဇော်ဂျီ font ကို သွင်းလိုက်ရန်သာ လိုအပ်သည်။ ရေးသားရန်အတွက် လက်ကွက်မှတပါး လေ့ကျင့်ရန် မလိုအပ်ပေ။ အသုံးပြုရလွယ်ကူခြင်းကြောင့် ယနေ့တွင် online ပေါ်ရှိ မြန်မာစာအသုံးပြုမှု (blog, forum, chat application) အများစုသည် ဇော်ဂျီ မြန်မာစာ စနစ်ဖြင့် ဖြစ်သည်။

Unicode 5.1 အဆင့်မီ မြန်မာစာစနစ်များ

Myanmar 3 အပါအ၀င် Unicode 5.1 စနစ်သုံး မြန်မာစာစနစ်များသည်လည်း အစိုးရက ထောက်ခံနေလင့်ကစား အားနည်းချက်များ ရှိဆဲပင်ဖြစ်သည်။ ဥပမာအားဖြင့် မောက်ချာ (-ါ) နှင့် ရေးချာ (-ာ) တို့မှာ စာလုံး ၂ လုံးဖြစ်နေသည်။ အက္ခရာစဉ်ရာတွင် ၄င်းတို့ကို အတူတူဟု သဘောထားပြီး စီရသည်။ (ဇော်ဂျီ၏ ရရစ်ကဲ့သို့ပင် မလိုအပ်ပဲ code-range ကို ဖြုန်းတီးသကဲ့သို့ ဖြစ်နေပါသည်။) အသတ် (-်)နှင့် ပုံစံတူသော်လည်း အသတ်နှင့် ဘာမှမဆိုင်သော ရှေ့ထိုး (ဥပမာ ကော် မှ -်) မှာ code မရှိပါ။ တနည်းအားဖြင့်ဆိုသော် Unicode 5.1 သည်လည်း တိုးတက်ပြောင်းလဲဦးမည့် အရိပ်အယောင်များ ရှိနေပါသည်။ သို့ရာတွင် ၄င်းသည် စာရိုက်ရာတွင် သတ်မှတ်ထားသလိုသာ ရိုက်သွင်းရသဖြင့် ဇော်ဂျီကဲ့သို့ တို ၂ မျိုး ဖြစ်နေစရာ မရှိသဖြင့် ဇော်ဂျီထက် ပိုမို တည်ငြိမ်မည်ဟု မျှော်လင့်ရသည်။

ထို့ပြင် Myanmar – 3 ကိုအသုံးပြုရန်အတွက် အနည်းငယ်ရှုပ်ထွေးသော အဆင့်များ လိုအပ်သည်။ Windows စနစ်တွင် ဖတ်ရှုရန်အတွက်လဲ သီးသန့် software များ သွင်းရန် လက်ရှိအချိန်တွင် လိုအပ်ဆဲဖြစ်သည်။ ၄င်းကို အသုံးပြု ရေးသားရန်အတွက် အချိန်အနည်းငယ်ကြာမျှ လေ့ကျင့်ရန် လိုအပ်ပါသည်။

ဘာကိုသုံးရမလဲ၊ ဘာကြောင့် လူများစု မသုံးသေးတာလဲ။

ယနေ့တွင် အစိုးရ၀န်ကြီးဌာနများအားလုံးကို Myanmar-3 ကို အသုံးပြုရန် ညွှန်ကြားထားပါသည်။ ထို့ကြောင့် e-Government စနစ်များကို နောင်အနာဂါတ်တွင် မိတ်ဆက်ခဲ့ပါက Myamar – 3 ကို နိုင်ငံသားတိုင်း မဖြစ်မနေ အသုံးပြုရမည်မှာ သေချာသလောက် ရှိသည်။ ထို့ပြင် Windows စနစ်များတွင် Unicode 5.1 ကို အထောက်အပံ့ပေးပါက ဖတ်ရရေးရခက်သော ပြဿနာမှာ အလိုအလျောက် ပြေလည်သွားမည်ဖြစ်သည်။ (ယခုအခါ KDE သုံး Linux များတွင် Myanmar – 3 ကို ဒီအတိုင်း ဖတ်လို့ရပြီဖြစ်သည်။) ထိုအချိန်တွင် ဇော်ဂျီသည် Myanmar- 3 ထက်ပို၍ ရေးရ၊ ဖတ်ရလွယ်သည်ဆိုသော အားသာချက် မရှိနိုင်တော့ပေ။

အသုံးများသော ဇော်ဂျီမှ Unicode 5.1 သို့ပြောင်းလဲနိုင်ရေးသည် တကယ်တမ်းအားဖြင့် ကွန်ပျူတာ သိပ္ပံ ပြဿနာ တစ်ရပ်မဟုတ်ပါ (အကျယ်ကို လောကအလှနှင့် အင်တာဗျူး ရှု)။ Myanmar – 3 ကို ပြောင်းရမည်မှာလဲ သေချာ၊ ဇော်ဂျီကိုလဲ ကြာရှည် အသုံးပြုရန်လဲ အဆင်မပြေ၊ တစ်ဦးချင်း ပြောင်းရန်လဲ နည်းပညာအရ လွယ်ကူ လျှင်မြန်ပါလျှက်နှင့် ဇော်ဂျီကို လူများစု ဖက်တွယ်ထားကြခြင်းမှာ အကြောင်းရင်း ၂ ရပ်ကြောင့် ဖြစ်သည်။ ပထမ အကြောင်းရင်းမှာ Myanmar – 3 တွင် လက်နှိပ်စက်အတိုင်း ရိုက်မရပဲ လေ့လာသင်ကြားမှု လိုအပ်သောကြောင့် (ဇော်ဂျီ၏ တခုတည်းသော အားသာချက်) ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ လူများစု သုံးစွဲခြင်း မပြုသောကြောင့် အထီးကျန်မည်ကို စိုးရိမ်သည့် လူမှုရေး ပြဿနာဖြစ်ပြီး ပိုမိုအရေးကြီးသည်။

နိဂုံး

ယခုစာတမ်းငယ်တွင် 8 bit font၊ Burglish၊ ဇော်ဂျီနှင့် Myanmar – 3 အစရှိသော မြန်မာစာ စနစ်အမျိုးမျိုး၏ သဘောသဘာဝများကို သိနားလည်မှ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲရန် အစီအစဉ်ကို ကြံဆနိုင်မည်ဖြစ်သဖြင့် ၄င်းတို့၏ ဂုဏ်သတ္တိများကို နည်းပညာနှင့် လူမှုရေး (သမိုင်းကြောင်းနှင့် သုံးစွဲသူများ) ရှုထောင့်များမှ တင်ပြထားသည်။ အဆိုပါ တွေ့ရှိချက်များကို အခြေခံ၍ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲနိုင်ရန် အစီအစဉ်ကို ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေပါသေးသည်။

Tuesday, July 7, 2009

ကျွန်တော်တို့ အကြောင်း

BLUE SKY FOREST တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

၁၈၇၀ခုနှစ်တ၀ိုက်၊ မင်းတုန်းမင်းလက်ထက်မှာ မြန်မာပြည်ရဲ့ လူဦးရေက ဆယ်သန်းလောက်ရှိပါသတဲ့။ ဒါပေမယ့် အဲသည်ခေတ်က အဲ့ဒီလိုမပြောဘူး။ ဘ၀ရှင်မင်းတရားကြီးဟာ ကျွန်တော်မျိုး တကုဋေကို အုပ်စိုးသူဖြစ်တယ်လို့ ပြောရပါသတဲ့။ ပဒေသရာဇ်ခေတ်ဆိုတော့ သိတဲ့အတိုင်းပဲလူတန်းစားသတ်မှတ်ချက်က သိပ်ရှင်းတယ်။ တိုင်းပြည်မှာ ဘုရင်ဟာ “သခင်” ၊ ကျန်တာက “ကျွန်” ။

ဘုရင်နဲ့စကားပြောတဲ့အခါ ကျွန်တော်မျိုး ဘယ်သူ၊ဘယ်ဝါ ပါဘုရားလို့ဆိုရသတဲ့။ အဲဒီတုန်းက နာမည်ရှေ့ မှာ “မောင်”တွေ “မ”တွေသိပ်ရှိလှသေးတာမဟုတ်။ “ကျား” ဆိုရင် “ကျွန်တော်”၊ “မ”ဆိုရင် “ကျွန်မ” ။ “ခင်ဗျား”ဆိုတာကလည်း သခင်၊ဘုရားကလာတာတဲ့။ "ရှင်"ဆိုတာက အရှင်၊သခင်ကလာသတဲ့။ တကယ်တော့ မင်းတုန်းမင်းမတိုင် ခင်ကာလတွေကတည်းက ကျွန်တော်၊
ကျွန်မဖြစ်နေတာပါ။ ဘယ်ခေတ်ကစပြီးသုံးသလဲဆိုတာတော့ မသိဘူး။ သမိုင်းဆရာများက သိပေမပေါ့။ အဲဒီတုန်းက ဘုရင်က “မော့” (မော်ဖူးစေ) ဆိုမှ မော့ကြည့် ရသတဲ့။ သူက မမော့ခိုင်းမချင်း မြေပြင်မှာဝပ်နေပေရော့။ ရှင်ဘုရင်ဆိုသူများပြောပါတယ်။ လူလူချင်းကို။

တိုင်းပြည်မှာဘုရင်က သခင်ဆိုတော့ သူ့ထက်ကြီးတာ ဆင်ပဲရှိတယ်။ ရေမြေ့ သနင်းပြည့်ရှင်မင်း လို့လည်းဆိုသကိုး။ တတိုင်းပြည်လုံး လူတင်မက ရေရော၊မြေရော သူပိုင်တယ်။ ဘာမှမထိနဲ့ မီးပွင့်သွားမယ် ဆိုတဲ့လူမျိုးပေါ့။ တော်တော်မကောင်းတဲ့ခေတ်တွေပါ။ ထားပါတော့။ အခုချိန်ထိ စာရေးသူတို့က “ကျွန်တော်တို့”လုပ်နေကြတုန်းပဲဆိုတာကတော့ စာရှုသူတို့ရေ သိပ်လွန်လွန်း
ပြီထင်သကွယ်။

ပြောင်းလဲမှုက နည်းနည်းလေးပဲရှိတယ်လို့ဆိုရမယ်။ ကျွန်တော်မျိုးတို့ဆိုတာတွေ။ ကျွန်တော်မျိုးကြီး ဘယ်သူပါဆိုတာတွေပျောက်ခဲ့ပြီ။ တကယ်တော့ အခုကိစ္စက ရှေ့ မှာပြောခဲ့ကြသူတွေ များလှပါပြီ။ အထူးအဆန်းလဲမဟုတ်တော့ပါဘူး။ ဒါပေမယ့် ဘာကြောင့်ထပ်ပြောနေရသတုံး ဆိုရင်တော့ ဒီကိစ္စကြီး အဆုံးသတ်စေချင်လှလို့ပါပဲဗျာ။ တော်တော်မမိုက်တဲ့ ကိစ္စပဲ။ ကျွန်ဆိုတာလူဘ၀မှာ အနိမ့်ကျဆုံးအ ခြေအနေမဟုတ်လား။ ဘယ်သူမှ ကျွန်မဖြစ်ချင်ဘူးလေ။

ဒီနေ့ကမ္ဘာဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်မဟုတ်တော့ဘူးလို့ဆိုပေမဲ့ ကျွန်ဘ၀ရောက်နေသူတွေ အနည်းအကျဉ်းရှိနေတုန်း။ ကျွန်အဖြစ်ရောင်းအစားခံနေရသူတွေရှိနေတုန်း။ မြန်မာပြည်မှာ အိမ်ဖေါ်လို့ ခေါ်တဲ့သူတွေရှိနေတယ်။ သူတို့က ကျွန်မဟုတ်ကြပေမယ့်လည်း တော်တော်များများ ကျွန်လိုအဆက် အဆံခံနေတာရှိနေတုန်း။ တချို့ တိုင်းပြည်တွေမှာလည်း
ဒီအခြေအနေမျိုးရှိနေတုန်းပဲ။

ကမ္ဘာမှာက ကျွန်ဘ၀ကလွတ်အောင်၊ ကျွန်ခေတ်ကုန်အောင်၊ ကျွန်ဇတ်သိမ်းအောင် မရေမတွက် နိုင်တဲ့ အသက်တွေပေးပြီးပြောင်းလဲခဲ့ရတာ မဟုတ်လား။ ဘယ်လိုနည်းနဲ့မှ "ကျွန်"ဆိုတဲ့အသံမကြားချင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဆက်ပြီးကျွန်တော်တို့လုပ်နေကြတုန်း။ ဘယ်အထိ ဆက်ကြဦးမှာလဲ။ ဘာကြောင့်ဆက်သုံးဆွဲနေကြသလဲ။ ကောင်းတဲ့ အမွေအနှစ်မှ မဟုတ်ပဲ။ သမိုင်းဆိုးသမိုင်းညစ်တွေကို သိသိကြီးနဲ့ဆက်ပြီးသယ်ဆောင်နေတာ
ဟာ သမိုင်းတာဝန်မကျေတာပဲ။ မကောင်းတာတွေကို ထားခဲ့ကြဖို့ အချိန်တန်ယုံမက လွန်တောင်လွန်နေပြီ။

ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များက ဒီကိစ္စကိုဘာကြောင့်များ အကြာကြီးကြည့် နေရသလဲ။ ပြုပြင်ပြောင်းလဲလို့မရတဲ့ ကိစ္စမဟုတ်။ အင်မတန်ခက်ခဲလှတဲ့ ကိစ္စလည်းမဟုတ်။ ခေတ်ကြီး၊ စနစ်ကြီးကိုပြောင်းပစ်ရတာမှ မဟုတ်ပဲ။ သွေးထွက်သံယိုတော်လှန်ရေးမှ မဟုတ်ပဲ။
ဒီကိစ္စကြောင့် တောခိုရမယ်၊ ထောင်အနှစ် ခြောက်ဆယ်လောက်ကျရမယ်ဆိုတာမျိုးလည်း မဟုတ်နိုင်ပါဘူး။ ဒီမိုကရေစီရရှိရေးမှ မဟုတ်ပဲဗျာ။ ပြောင်းရင် ဖြစ်မယ်ထင်ပါတယ်။

ငယ်စဉ်အခါက။ လူကြီးတွေဆုံးမတဲ့အခါ “နင်” နဲ့ “ငါ” နဲ့ပြောရင်ရိုင်းသတဲ့။ ခင်ဗျား၊ ကျွန်တော်၊ ရှင်၊ ကျွန်မ ဆိုမှ ယဉ်ကျေးပါသတဲ့။ မိတ်ဆွေများခင်ဗျား။ ကျွန်တော်တို့ လူကြီးတွေကို ပြန်ဆုံးမဖို့ လိုပြီထင်ပါတယ်။

ကောင်းကင်ပြာ တောအုပ်

Monday, July 6, 2009

ရုပ်မြင်ထဲက သိပ္ပံ ၂

www.phdcomics.com တွင်ဖော်ပြခဲ့သော အောက်ပါ ကာတွန်းများသည် ထိမိပြီး ဟာသမြောက်သည့်အတွက် လောရှည် - ကတဲ့ပွဲ၏ စာဖတ်သူများအတွက် ကာတွန်းရေးဆွဲသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြပါသည်။

ပြန်ဖတ်ရန် ။ ။ ရုပ်မြင်ထဲက သိပ္ပံ

ပြီးပြီလို့ထင်တာ။ ကာတွန်းဆရာက နောက်ထပ် ၃ ကွက် ထပ်ဆွဲသဗျ။



"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com

Monday, June 22, 2009

ရုပ်မြင်ထဲက သိပ္ပံ

www.phdcomics.com တွင်ဖော်ပြခဲ့သော အောက်ပါ ကာတွန်းများသည် ထိမိပြီး ဟာသမြောက်သည့်အတွက် လောရှည် - ကတဲ့ပွဲ၏ စာဖတ်သူများအတွက် ကာတွန်းရေးဆွဲသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြပါသည်။



"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com



"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com

ကျောင်းအိပ်မက်

အခုတလော အင်မတန် ထူးဆန်းတဲ့ အိပ်မက်တွေ မက်မက်နေတယ်။ ကြားဖူးတာက လူတော်တော်များများ ၁၀ တန်းစာမေးပွဲ ပြန်ဖြေရတယ် အိပ်မက်မက်တယ်လို့ ကြားဖူးပါတယ်။ (အမေဆို အခုထိ မက်တုန်း။) အခုတော့ ကိုယ်က ၁၂ တန်းပြန်တက်ရတယ်လို့ အိပ်မက်မက်တယ်။ အိပ်မက်ကလဲ တီဗွီမှာလာတဲ့ ဇာတ်လမ်းတွဲလိုပဲ အပျိုးနဲ့။ High-concept အိပ်မက်လို့တောင် ပြောလို့ရမယ်။ ဘာတဲ့။ ကျောင်းတွေက အမေရိကန် စနစ်ကို ပြောင်းလိုက်လို့ သူငယ်တန်းကနေ ၁၀ တန်းအထိ ၁၁ နှစ်မဟုတ်တော့ပဲ ၁ တန်းကနေ ၁၂ တန်းအထိ ၁၂ နှစ်ဖြစ်သွားပြီတဲ့။ အဲဒါ အဲဒီ ၁၂ တန်းကို ပြန်မတက်ရင် အထက်တန်းအောင်တာ မဟုတ်သေးလို့ လူတွေအားလုံး ၁၂ တန်းကို ပြန်တက်ရတာတဲ့။ ပထ၀ီ၊ သမိုင်း၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒတွေ ပါပါသတဲ့။ ပထမ အိပ်မက်မှာ သူငယ်တန်း တက်ခါစတုန်းက အတန်းပိုင်ခွင့်ယူထားလို့ အတန်းလာစောင့်ပေးတဲ့ ဆရာမ ၂ ယောက် (တကယ့်လက်ဦးဆရာတွေပေါ့) က လာရှင်းပြတယ်။ အဲဒီမှာ စတွေ့တာပဲ။

တမြန်နေ့ညက ဒုတိယ အိပ်မက်ထဲမှာကတော့ ကျွန်တော် ပထမဆုံး စပြီး သဘောကျမိတဲ့ ကောင်မလေးနဲ့ တွေ့တယ်။ (ပျော်လိုက်တာ။) သူဟာ ကျွန်တော့်ရဲ့ ပထမဆုံး မိန်းကလေး သူငယ်ချင်းလဲ ဖြစ်တယ်လေ။ အခုထိလဲ အခင်ဆုံး သူငယ်ချင်းတစ်ယောက်ပါပဲ။ အခုတော့ သူ့ကို ဘယ်လိုမှ ဆက်သွယ်လို့မရတာ ၂ နှစ်ရှိပြီ။ (အိမ်ထောင်ကျသွားပြီ ထင်တာပဲ။) နောက်ပြီး ကျွန်တော် သိပ်ချစ်တဲ့ ဆရာမကိုလဲ ပြန်တွေ့တယ်။ သူက ၄ တန်းတုန်းက မြန်မာစာသင်တဲ့ ဆရာမ။ ကျွန်တော်တို့ရဲ့ မဟာ ၁၂ တန်းမှာ သူ မြန်မာစာ သင်မယ်ထင်တယ်။ (ဆုံးသွားပြီဖြစ်တဲ့ ၁၀ တန်းမှာ သမိုင်းသင်တဲ့ စာရေးဆရာ ဆရာမကိုတော့ မမက်ဘူး။ တော်တော်များများအတွက် သူက မြန်မာစာ ဆရာမဖြစ်ပေမဲ့ ကျွန်တော့်ကို သမိုင်းသင်တာမို့ ထင်တယ်။)

မနေ့ညက တတိယ အိပ်မက်ထဲမှာကတော့ ကျွန်တော် ၁၀ တန်းပြီးတော့ သဘောကျမိတဲ့ ကောင်မလေးကို တွေ့တယ်။ (သူသိပ်လှတာပဲ၊ ၁၇ နှစ်သမီးကနေလဲ ဘယ်တော့မှ ကြီးလာဟန်မတူဘူး။ အဟိ။) ထူးခြားတာက အထက်တန်းကျောင်းက သူငယ်ချင်းတွေကြားထဲမှာ တက္ကသိုလ်တက်မှသိတဲ့ ကျွန်တော့်သူငယ်ချင်း ရွှေပေါရယ်၊ အဲဒီ ကောင်မလေးရယ်၊ သူ့ side-kick ၂ ယောက်ဖြစ်တဲ့ သန္တာနဲ့ စန္ဒာရယ်ကို တွေ့တယ်။ အဲဒီ ၂ ယောက်ကလဲ ကျွန်တော့် သူငယ်ချင်းတွေပါပဲ။ side-kick ခေါ်တာကတော့ ပြောရရင် ကိုယ်က မင်းသား၊ သူက မင်းသမီးဆိုရင် သူတို့တွေက မင်းသမီး သူငယ်ချင်းတွေဆိုတော့ ရုပ်ရှင်လိုဆိုရင် ဇာတ်ပို့ (ဟောလီဝုဒ်အခေါ် side-kick) ပေါ့။ ကျောင်းဝတ်စုံလဲ မ၀တ်ကြဘူး။ (လူ့ဦးဏှောက်ရဲ့ အလုပ်လုပ်ပုံတွေလေ။) သူတို့တွေပဲ ပြူးပြီးတော့ ရောင်စုံတွေ ဖြစ်နေတယ်။ မနေ့က အင်္ဂလိပ်စာ သဒ္ဒါလေ့ကျင့်ခန်း လုပ်ရတယ်။ ကျွန်တော် အချစ်ဆုံး အင်္ဂလိပ်စာ ဆရာမ (၆ တန်းတုန်းက ဆရာမ) သင်တယ်။ (စကားမစပ် သူ့သားနဲ့ ကျွန်တော်နဲ့ အတန်းကွာ - တနှစ်ကြီး တနှစ်ငယ် - ပေမဲ့ ညီအစ်ကိုလိုပဲ ချစ်ကြတယ်။)

ထူးခြားတာက တော်တော်လေး သဘောကျမိတဲ့ ကောင်မလေးတွေကိုပဲ အိပ်မက်မက်တာပါပဲ။ ယောင်ယောင်လေး သဘောကျမိတဲ့ မဆိုးပါဘူးဆိုပြီး ကျူမိတဲ့ ကောင်မလေးတွေ ကျော်သွားတယ်။ အိပ်မက်ထဲမှာတွေ့တဲ့ ကောင်မလေးတွေအားလုံး chronological order (တွေ့တဲ့ အချိန်အတိုင်း စီကာစဉ်ကာနဲ့) တွေ့တာ။ တွေ့တဲ့ ဆရာမတွေကလဲ မြန်မာစာ၊ အင်္ဂလိပ်စာ ဆရာမတွေ ဖြစ်နေတယ်။ ဒီည အိပ်မက်ထပ်မက်ရင် ဘယ်သူ့ကို တွေ့ရမလဲ မသိဘူး။ ဆုံးသွားပြီဖြစ်တဲ့ ၁၀ တန်းတုန်းက သင်္ချာသင်တဲ့ ဆရာမကို တွေ့ချင်သေးတယ်။ စာမေးပွဲဖြေရင် မြန်မာစာနဲ့ အင်္ဂလိပ်စာပြီးရင် သင်္ချာဖြေရတာကိုး။ ကျွန်တော့်ကိုတွေ့ရင် ဘာများ ဆိုဆုံးမဦးမယ် မသိဘူး။ စာလုပ်စရာရှိတာလုပ်၊ အိပ်မက်မက်ဖို့ အိပ်ပဲမနေနဲ့လို့များ ပြောမလားမသိဘူး။) ဘာပဲဖြစ်ဖြစ် ညမြန်မြန်ရောက်၊ မြန်မြန်အိပ်ချင်လှပြီ။

Sunday, June 21, 2009

သရုပ်ပျက်လို့ ပြောသင့်ရဲ့လား

ပိတောက်ရိပ် တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

ငယ်စဉ်က မဂ္ဂဇင်းတစောင်ထဲမှာ ဖတ်ခဲ့ရတဲ့ ကာတွန်းတခုကို ပြက်ပြက်ထင်ထင် မှတ်မိနေသည်။ လေးကွက်ကာတွန်း တစ်ခု။

ပထမတကွက်တွင် ဘောင်းဘီဖင်ကျပ် ၀တ်ဆင်ထားသူ ခေတ်ဆန်ဆန် ဆံရှည်လူငယ်တဦးကို တိုက်ပုံ၊ ပုဆိုး ၀တ်ဆင်ထားသူတဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

ဒုတိယအကွက်တွင် ထိုတိုက်ပုံဝတ်လူငယ်အား ခေါင်းပေါင်း၊ တောင်ရှည်တို့ကို ၀တ်ဆင်ထားသူတစ်ဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

တတိယအကွက်တွင် ထိုတောင်ရှည်ဝတ်လူအား သားရေနံငယ်ပိုင်းကို ၀တ်ဆင်ထားသော ကျောက်ခေတ်လူသား (လက်ထဲတွင် ကျောက်တုံးပုဆိန်ကိုင်ထားသူ)က လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်”ဟု ခေါ်ဆိုနေပုံ ရေးဆွဲထားပြန်သည်။

နောက်ဆုံးအကွက်တွင်ကား ကျောက်ခေတ်လူသားကို လက်ညိုးငေါက်ငေါက်ထိုး၍ “သရုပ်ပျက်”ဟု ခေါ်ဆိုနေသည်မှာ မျောက်ဝံတကောင်ဖြစ်သည်။

ဤကာတွန်းကလေးကို သတိရမိတိုင်း လူတို့၏ ရှေးရိုးစွဲတတ်ပုံ၊ အသစ်အဆန်းကို လက်မခံချင်သည့်စိတ်ဓါတ် စွဲမြဲနေပုံတို့ကို သတိပြုမိသည်။

လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ ကူးလူးရောယှက်ကာ အုတ်အုတ်ကျက်ကျက် လှုပ်ရှားတိုးတက်နေသော လူ့အဖွဲ့အစည်း (Cosmopolitan)တွင် အသစ်အဆန်းကို မြတ်နိုး တန်ဖိုးထားကာ လွယ်လင့်တကူ လက်ခံတတ်ကြသလောက် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်ကာ အထီးကျန်ဆန်နေသော လူ့အဖွဲ့အစည်းတွင် အသစ်အဆန်းကို လက်ခံရန် တွန့်ဆုတ်တတ်ကြသည်။ ခေတ်နောက်ပြန်ဆွဲချင်ကြသည်။ မိမိ မိရိုးဖလာ လက်ခံကျင့်သုံးလာသော ဓလေ့ထုံးတမ်းတို့နှင့် မကိုက်ညီသော၊ ခွဲထွက်သော အတွေးအခေါ်၊ အပြုအမူတို့နှင့် သစ်ဆန်းသော အရာမှန်သမျှကို အလွယ်တကူ လက်မခံရုံမက ပြစ်တင်ရှုံ့ချတတ်သော သဘောရှိသည်။ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ကျင့်ကြံခြင်းကို မြင့်မြတ်သည်၊ ယဉ်ကျေးသည်၊ ကောင်းမွန်သည်ဟု အထင်ရှိတတ်ကြသည်။

သတိပြုရန်မှာ မြန်မာပြည်တွင် တချိန်က သရုပ်ပျက်ဟု ခေါ်ဆိုခဲ့သော တေးဂီတ၊ ၀တ်စားဆင်ယင်မှုတို့သည် ယနေ့ လူကြီး၊ လူငယ်အားလုံး လက်ခံနေကြပြန်သည်ဆိုသည့် အချက်ဖြစ်သည်။

လူတို့၏ စိတ်နေသဘောထားကို အ၀တ်အစား၊ အဆင်အပြင်ကို ကြည့်ရှု၍ ဆုံးဖြတ်ရန်မသင့်ဟူသော အချက်ကို လက်ခံပါက လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသည့် စကားပမာ လူတို့၏ ကွဲပြားခြားနားသော အကြိုက်တရားကို နားလည်လက်ခံနိုင်၍ (တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားမှုဖြင့်) ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရန်သာ ကြိုးပမ်းသင့်သည်။

လွတ်လပ်သောလူ့အဖွဲ့အစည်းများတွင် မိမိ၏ အကြိုက်တရားကို စံတခုသဖွယ် ရှေ့တန်းတင်လျက် လူတိုင်းကို လိုက်နာကျင့်သုံးစေရန် မပြုကျင့်ကြ။ အဘယ်ကြောင့်ဆိုသော မိမိအကြိုက်တရားသည်သာ အမှန်ကန်ဆုံး၊ အမြင့်မြတ်ဆုံး၊ အယဉ်ကျေးဆုံးဟု သဘောမထားကြသောကြောင့်ပင်တည်း။ အကြိုက်တရားဟူသည် မတူညီနိုင်ကြဟူသော အချက်ကို လက်ခံကြသောကြောင့်ပင်တည်း။ မိမိမျက်စိထဲတွင် ကျက်သရေရှိလှသည်ဟု ထင်သောအရာတခုသည် အခြားလူတဦး၏ မျက်စိတွင် ထော်လော်ကန့်လန့် နိုင်သော အရာတခုလည်း ဖြစ်နေနိုင်သောကြောင့်ပင်တည်။

ကိုယ့်ကျင့်တရားနှင့် ပတ်သက်လျှင်သာ စံချိန်စံညွှန်းများ ထားရှိရန် လိုအပ်မည်ဖြစ်သော်လည်း ယဉ်ကျေးမှု(Culture) နှင့်ပတ်သက်၍ကား စံချိန်စံညွှန်းများကို လူတိုင်းအပေါ်တွင် အာဏာတည်သက်ရောက်စေရန်မသင့်။ အမှန်စင်စစ်တွင်မူကား ယဉ်ကျေးမှုတို့သည် ခေတ်ကာလ၊ လူတို့၏ အတွေးအခေါ်၊ အကြိုက်တရား၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ တိုင်းတပါးနှင့် ကူးလူးရောယှက်ဆက်ဆံရေး အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်၍ အစဉ်သဖြင့် တိုးတက်ပြောင်းလဲနေသည်။

ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံနေသမျှ ကာလပတ်လုံး ယဉ်ကျေးမှုကို ခေတ်ကာလအပိုင်းအခြားတခုတွင်သာ မူသေ ရပ်တည်နေစေရန် မည်သူမျှ စွမ်းဆောင်နိုင်ကြမည်မဟုတ်ချေ။ စွမ်းဆောင်ရန် ကြိုးစားသူများအဖို့လည်း အနှေးနှင့် အမြန်ဆိုသလို ရှုံးနိမ့်မှုကိုသာ မုချကြုံတွေ့ကြရပေမည်။

ကိုပေါ

Thursday, June 18, 2009

ထေရ၀ါဒဆိုသည်မှာ

ဂျေဂျူဝိုင် တွင် ဖော်ပြခဲ့သော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသောကြောင့် မူရင်းရေးသားသူ ခွင့်ပြုချက်ဖြင့် မူရင်းအာဘော်အတိုင်း (အနည်းငယ် တည်းဖြတ်၊ ဖြည့်စွက်ကာ) ပြန်လည်ဖော်ပြပါသည်။



ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်များကို ဒီအတိုင်း ဆက်လက်တည်မြဲသွားဖို့ ရည်ရွယ်ချက်နဲ့ ရှင်မဟာကဿပ ဦးဆောင်ကာ ပထမသင်္ဂါယနာတင်ပြီး သိပ်မကြာခင်မှာ ဗုဒ္ဓရဲ့ သာသနာဟာ နှစ်ပိုင်း ပိုင်းသွားခဲ့ပါတယ်။ တစ်ပိုင်းက

(၁) ပြောသံကြားဖြင့် အမှန်မယူရ။
(၂) အစဉ်အဆက်စကားဖြင့် အမှန်မယူရ။
(၃) ဤသို့ဖြစ်ဖူးသည် ဆိုကာမျှ အမှန်မယူရ။
(၄) စာပေနှင့်ညီညွတ်သည် ဆိုကာမျှ အမှန်မယူရ။
(၅) ကြံဆတွေးတောယူခြင်းဖြင့် အမှန်မယူရ။
(၆) နည်းမှီယူခြင်းမျှဖြင့် အမှန်မယူရ။
(၇) အခြင်းအရာကို နှစ်သက်သဖြင့် အမှန်မယူရ။
(၈) ငါ့အယူအဆနှင့်တူသည် ဆိုကာမျှ အမှန်မယူရ။
(၉) မှတ်သားထိုက်သည် ဆိုကာမျှ အမှန်မယူရ။
(၁၀) လေးစားထိုက်သူစကား ဆိုကာမျှ အမှန်မယူရ။ (ကာလမ သုတ္တံ)

ဆိုတဲ့ ဘုရားရှင်ရဲ့ စကားကိုယူပြီး သိပ္ပံနည်းကျတွေ သဘာဝယုတ္တိတွေနဲ့ ကိုက်ညီမှ လက်ခံမယ်ဆိုပြီး ဘုရားရှင်စာပေကို ပြုပြင်ရဲခဲ့ကြတယ်။

ဘုရားရှင်ရှိတုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။ အရိဋ္ဌရဟန်းနဲ့ ကဏ္ဋကသာမဏေတို့လေ။ ဘုရားရှင်က ပထမပါရာဇိကကို သတ်မှတ်တာ မဖြစ်နိုင်ဘူး။ ဒါဟာ ရဟန်းသံဃာတွေကို သက်သက်ညှင်းဆဲတာဖြစ်ပါတယ် လို့ ဘုရားရှင်ကို ပြန်လည် စွပ်စွဲခဲ့ကြတယ်။ သူတို့ ပြန်စွပ်စွဲတာလည်း သာဓက အခိုင်အလုံနဲ့ပဲ။ ဘုရားရှင် ရှိတုန်းမို့လို့သာပေါ့။ နို့မို့ဆို အဲဒီဝါဒဟာ ခုထက်ထိ ကျန်ပြီး လက်ခံသွားနိုင်တဲ့ အနေအထားထိ ခိုင်မာခဲ့ပါတယ်။

ဒါပေမယ့် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး နောက်ပိုင်း ပညာဂရုကပုဂ္ဂိုလ်တွေက ခေတ်နဲ့ မညီတာ သဘာဝမကျတာကို ကျပ်တည်း ကျဉ်းမြောင်းတဲ့ ပိဋကတ်တော်ထဲက ထုတ်နှုတ်ပြီး သူတို့ လိုတာကို ချန်ထားခဲ့တယ်။ တချို့တ၀က် မိမိ အယူအဆထည့်သွင်းတယ်။ ကာလနဲ့ လျှော်တဲ့ ဒေသနဲ့ ကိုက်ညီတဲ့ လူတိုင်း လက်ခံနိုင်တဲ့ လူပြိန်းနားလည်တဲ့ ခပ်လွယ်လွယ် ၀ါဒတွေကို မူလပိဋကတ်နဲ့ ညှိထုတ်တယ်။ လမ်းခွဲတယ်။ အဲဒီပုဂ္ဂိုလ်တွေက သာမာန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ပညာတတ်တွေ ပညာရှင်တွေ ဖြစ်ကြတယ်။ ဘယ်လိုပညာရှင်တွေလည်း ဆိုတော့ ဘုရားရှင်လည်း လူပဲ။ ငါတို့လည်းလူပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ လူတွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေ တွေးခေါ်လိုက်တာ ပိဋကတ်တော်စာတွေကလည်း ပိဋကတ်တော်နဲ့ မဆိုင်လောက်အောင် ကွဲထွက်သွားခဲ့ပါတယ်။

ဒီလိုလေ။ ဘုရားရှင်တောထွက်တော့ အတိတ်က သူငယ်ချင်းဟောင်း ဃဋိကာရဗြဟ္မာကြီးက သင်္ကန်းလာကပ်တယ် လို့ ဆိုပါစို့။ စာထဲမှာ လာတာတော့ ဟုတ်ပါတယ်၊ ခု ခင်ဗျား ဗြဟ္မာကြီး ဆိုတာ တွေ့ဖူးလား၊ အတိတ်က သူငယ်ချင်းဟောင်းဆိုတော့ ဂမ္ဘီရ၀တ္ထုလိုလို ဖြစ်နေတယ်၊ ရှေးရိုးဆန်လိုက်တဲ့ လူတွေ၊ ရှေးက ဒီစာရေးတာလည်း ပုထုဇဉ်ပဲ၊ ငါတို့လည်း ပုထုဇဉ်ပဲ၊ ရှေးစာရေးတဲ့လူက အတွေးတော်တော်လေး ခေါင်လို့ မတွေးတတ်လို့ ဗြဟ္မာ ဆိုတာ ထည့်လိုက်တာ၊ တကယ်တော့ တောပဲ၊ အိုးထိန်းသည်ပဲ ဖြစ်ရမယ်ပေါ့။ ဘုရားရှင် တာဝတိံသာကို ကြွတယ် တဲ့၊ တာဝတိံသာ ဆိုတာက ဘယ်နားမှာတုန်း၊ သိကြားမင်းဆိုတဲ့ သူကို ဘယ်သူမြင်ဖူးတုန်း၊ မြင်းမိုရ်တောင်တဲ့၊ အဓိပ္ပါယ်မရှိလိုက်ပုံ၊ ဒီကမ္ဘာမှာ ဟိမ၀န္တာတောင်ပဲ ရှိတာ ခင်ဗျားတို့ အသိသားနဲ့ စသဖြင့် ရှေးစာတတ်တွေဟာ မဖြစ်နိုင်တာတွေ ရေးထားတယ်၊ ဒါကြောင့် ပယ် စသဖြင့် ပယ်ရဲကြတယ်ပေါ့။

ဒီလိုသာ ဒီလောက သဘာဝနဲ့ တိုက်ယူနေမယ်ဆိုရင် ဈာန်အရာ၊ ကံအရာ၊ မဂ်ဉာဏ်အရာ၊ ဖိုလ်ဉာဏ်အရာတွေ ဘယ်ကျန်တော့မလဲ။ ဂုဏ်တော်တွေ ဘယ်ကျန်တော့မလဲ။ ငါးရာ့ငါးဆယ်တွေ ဓမ္မပဒတွေက ယုတ္တိစားလို့ ကုန်သွားမယ်။ ထေရ၀ါဒ သာသနာခုထိ မြဲနေတာက ဘုရားရှင်ဟောတဲ့ ဒေသနာကို ခုထက်ထိ မြဲမြဲ ဆုတ်ကိုင်ထားနိုင်လို့ပါပဲ။ ၀ါဒ တစ်ခု ပေါ်ပေါက်လာရင် ပါဠိတော် အဋ္ဌကထာနဲ့ညှိတယ်။ ရှုပ်ထွေးလာရင် မဟာပဒေသလေးပါးနဲ့ ညှိတယ်။ ၀ါဒ တစ်ခုကို တည်ထောင်ပြီဆိုရင် ကျမ်းဂန်အဆူဆူနဲ့ တိုက်ဆိုင်နိုင်ရမယ်။ ဟိုကျမ်းနဲ့ မငြိနဲ့။ ဒီကျမ်းနဲ့ မတိုက်နဲ့ လို့ ပြောလို့ မဖြစ်ဘူး။ (လိုချင်တာလေးပဲ ကွက်ယူလို့ မဖြစ်ဘူး။) ယုတ္တိယုတ္တာနဲ့ စစ်ချင်ပါတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မဟာယနလို့သာကြေငြာ ပေတော့။

ဒီတော့ ထေရ၀ါဒက မျက်ကန်းဝါဒလို ဖြစ်နေတယ်လို့ ပြောချင်ရင် ပြန်စဉ်းစားရမယ်။ ကျမ်းပြုပုဂ္ဂိုလ်ရဲ့ ဉာဏ်အဆင့်အတန်းနဲ့ ကိုယ့်ဉာဏ် အဆင့်အတန်း စိစစ်ရမယ်။ ကျမ်းပြု ပုဂ္ဂိုလ်ကို ဗုဒ္ဓဃောသလို့ ချီးကျူးထားတာက သူ့ကိုယ်သူ ချီးကျူးထားတာ မဟုတ်ဘူး။ လူတစ်ဦး တစ်ယောက်ရဲ့ အကူအညီနဲ့ ချီးကျူးထားတာလည်း မဟုတ်ဘူး။ ကျမ်းဂန်ကို ပုတ်ခတ်ခဲ့မယ် ဆိုရင် မကြာခင် သာသနာကွယ်ပါလိမ့်မယ်။ ကျမ်းဂန်ထဲက ကိုယ်လိုတာလေးကို ဆွဲထုတ်နေမယ် ဆိုရင် မကြာခင် သာသနာကွယ်ပါလိမ့်မယ်။

ဥပမာ…

ကန်ပေါင်ရိုးတစ်ခု ရေကာတာတစ်ခု ယိုပေါက်နေမယ်ဆိုရင် လက်ညိုးလေးလောက်ပဲ ဆိုပြီး ပစ်ထားလို့ မရသလို ထေရ၀ါဒမှာ အယူမှား အတွေးမှားတွေ ကျမ်းစာကို တစ်စိတ်တစ်ပိုင်း ဖြတ်ယူမှုတွေ ကျမ်းစာပယ်မှုတွေ ပေါ်ပေါက်လာရင် ဒီတိုင်း ပစ်ထားလို့ မရပါဘူး။ ကန်ပေါက်ရိုးတစ်ခု ရေကာတာတစ်ခုမှာ လက်ညိုးလောက် အပေါက်လေးဟာ တဖြည်းဖြည်း ကျယ်လာပြီး တိုက်စားမှုတွေ ကြီးလာမယ်။ နောက် ကန်ပေါင်ရိုးတွေ ကျိုးသွားမယ်။ အဲဒီလို ဆက်ကြည့်နေမယ်ဆိုရင် ကန်ထဲမှာ ရေကုန်သွားသလို ဗုဒ္ဓကျမ်းဂန်စစ်တွေ ပျောက်သွားမယ်။ ယုတ္တဗေဒနှင့် ညှိနှိုင်းရင်း သဘာဝယုတ္တိနှင့် ညှိနှိုင်းရင်း ယိုပေါက်တွေ များလာရာက သာသနာဟာ ဒီလူတွေ လက်ထက်မှာ ပျက်သွားလိမ့်မယ်။ သာသနာ့သမိုင်းကို ပြန်လိုက်တဲ့အခါ ဘယ်သူ့လက်ထက်တုန်းကပေါ့ လို့ သမိုင်းဆိုး မကျန်ရစ်ချင်ရင် သာသနာ့ အမှိုက်သရိုက်တွေကို ချက်ချင်းလက်ငင်းရှင်းသင့်ပါတယ်။ ပုဂံခေတ်တုန်းက လူတွေလည်း သူတို့သမိုင်းကျန်ရစ်ဖို့ဆိုပြီး စေတီတည်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာလာတော့ အားလုံးဟာ သမိုင်းဖြစ်သွားခဲ့တာပါ။

ဂျေဂျူဝိုင်

လောရှည် မှတ်ချက် ။ ။ ယခုအခါတွင် မြန်မာနိုင်ငံတွင် ပစ္စုပန္န ကမ္မ ဗုဒ္ဓ၀ါဒဟုခေါ်သော ဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခု ပေါ်ထွန်းနေသည်ဟု သိရပါသည်။ အဆိုပါ ဂိုဏ်းသည် ယခင်ရှိပြီး ဗုဒ္ဓဘာသာ ဂိုဏ်းများနှင့် ကွဲလွဲအောင် သင်္ဃန်းမိုးပြာရောင်ကို ဆင်မြန်းမည်ဟု ပြောသော်လည်း အချို့သော ဂိုဏ်းဝင်သံဃာများသည် ယနေ့ထက်တိုင် ထေရ၀ါဒ ဗုဒ္ဓဘာသာ သံဃာတို့ ၀တ်ဆင်သော သင်္ဃန်းကိုသာ ဆက်လက် ၀တ်ဆင်လျှက် ၄င်းတို့အယူအဆများဖြစ်သော သံသရာဆိုသည်မှာ စိတ်အတွင်းတွင်သာ ဖြစ်သည်၊ ငရဲဘုံ၊ နတ်ဘုံဆိုသည်မှာလဲ စိတ်အတွင်းပင်သာ ဖြစ်သည်၊ ဘ၀ကူးသည်ဆိုသည်မှာလဲ စိတ်အတွင်းတွင်သာ ကူးသည်။ သေပြီး ဆက်ဖြစ်၊ မဖြစ် ငါတို့မသိ၊ ၀ိပဿနာသည် ဘုရားဟောမဟုတ်၊ သာသနာပ ဈာန်အကျင့်နှင့် တူတူဖြစ်သည်၊ မလွန်ကျွံလျှင် သေရက်ကိုပင် မှီဝဲကောင်းသည်၊ သာသနာ့ဝန်ထမ်းသည်လဲ အိမ်ယာထူထောင်ကောင်းသည် စသည်တို့ကို ဟောပြောလျှက်ရှိကြောင်း ကြားသိရပါသည်။ မြန်မာဘာသာနှင့် ရေးသားထားသော ဗုဒ္ဓဘာသာ စာအုပ်၊ စာတမ်းတိုင်း ထေရ၀ါဒ မဟုတ်ကြောင်း၊ အချို့သော မဟာယနကျမ်းများကို ဘုံကျောင်းများမှ ဖြန့်ဝေရာတွင်နှင့် အထက်ဖော်ပြပါ ပစ္စုပန္န ကမ္မ ဗုဓ္ဒ၀ါဒ ကျမ်းစာစောင်များ အားလုံးကို မြန်မာလိုရေးသားထားပြီး တူညီသော ပီဋကတ်များကို မှီငြမ်းထားသဖြင့် လွယ်ကူစွာ ရောထွေးနိုင်ရာ ဗုဒ္ဓဆိုသော မြန်မာစာလုံးမြင်တိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ အယူအဆများ၊ ကျမ်းစာအုပ်များ မဟုတ်ကြောင်း စာရှုသူတို့ကို အလေးအမြတ် သတိပေးလိုက်ရပါသည်။

Tuesday, June 9, 2009

မိုးကြိုး အန္တရာယ်ကာကွယ်ရေး သိကောင်းစရာ

The Voice Weekly Journal (June 8 2009) မှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လယ်ကွင်းတစ်ခုအတွင်း ဂဏန်းနှိုက်နေစဉ် မိုးကြိုးပစ်ခံရလို့ တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း ဖတ်ရှုရပါတယ်။ ဒါကြောင့် မိုးကြိုးအန္တရာယ်ကာကွယ်ရေး ဆောင်းပါးကို ရေးသားတင်ဆက်လိုက်ရပါတယ်။

ဆံပင်ထောင်သလား၊ သတိထား

ပထမဆုံး သိရမှာက မိုးကြိုးမုန်တိုင်းကျရောက်စဉ်မှာ မိမိမှာ အန္တရာယ်ရှိမရှိ သုံးသပ်ဖို့ လိုအပ်ပါတယ်။ နားလည်ရအလွယ်ကူဆုံးကတော့ ၃၀/၃၀ စည်းမျဉ်းပါပဲ။ မိုးကြိုးပစ်တဲ့ အလင်းရောင် ဖြတ်ကနဲ မြင်လိုက်ရတဲ့အချိန်ကစပြီး ရေတွက်လို့ စက္ကန့် ၃၀ အတွင်းမှာ မိုးကြိုးပစ်သံကို ကြားရရင် စက်ကွင်းမလွတ်ဘူး၊ အန္တရာယ်ရှိလာတော့မယ်လို့ သိရပါမယ်။ (မိုးကြိုးမုန်တိုင်းကျတဲ့ ဧရိယာဟာ ၆ မိုင်လောက် ရှိတတ်ပြီး မိုးကြိုးပစ်သံဟာ ၅ စက္ကန့်ကို ၁ မိုင်သွားတာမို့ စက္ကန့် ၃၀ အတွင်းဆိုရင် မလွတ်ဘူး ပြောတာပါပဲ။) ဒါပေမဲ့ ဒီလို တိုင်းတာဟာ မိုးကြိုး အဆက်မပြတ် ပစ်နေတဲ့အခါမျိုးမှာ အသုံးမ၀င်နိုင်ပါဘူး။ သင့်ဘေးက လူ ဆံပင်တွေ ထောင်နေရင်၊ သင့်ဆံပင်တွေ တင်းနေပြီဆိုရင် အန္တရာယ်နဲ့ အရမ်းနီးနေပြီဟု သိပါ။

ကားထဲမှာ ငြိမ်ငြိမ်နေ၊ လျှောက်မကိုင်နဲ့

မုန်တိုင်းကျလို့ မိုးကြိုးပစ်မဲ့ အလားအလာကို တွေ့ရပြီဆိုရင် ခိုနားစရာ ချက်ချင်း ရှာရပါမယ်။ (များသောအားဖြင့် မိုးလဲ ရွာနေတတ်ပါတယ်။) သစ်ပင်မြင့်မြင့်တွေမှာ ခိုဝင်ခြင်းဟာ အန္တရာယ်မကင်းဘူးဆိုတာ လူအများသိပြီး ဖြစ်ပါတယ်။ မိုးကြိုးပစ်တယ်ဆိုတာ ကောင်းကင်ပေါ်က လျှပ်စစ်လုံးကြီး ကျလာတာမဟုတ်ပဲ ကောင်းကင်က လျှပ်စစ်ငုတ် (တိမ်တိုက်) နဲ့ မြေပြင်ပေါ်က လျှပ်စစ်ငုတ်အကြား ဗို့အားမြင့် လျှပ်စစ်စီးသွားတာပါပဲ။ ချွန်ထက် မြင့်မားတဲ့ အရာတွေဟာ အဲဒီလို လျှပ်စစ်စီးဖို့ လွယ်တဲ့အတွက် သစ်ပင်အောက်မိုးမခိုနဲ့၊ ထီး (သံချွန်ပါတဲ့ထီး) မဆောင်းနဲ့၊ ဓာတ်တိုင်တွေနားမှာ မနေနဲ့ လို့ ပြောကြတာပါပဲ။ မိုးကြိုး မုန်တိုင်းကျရောက်နေစဉ်မှာ ခိုင်ခံ့တဲ့ အဆောက်အဦ (မိုးကြိုးလွှဲ စနစ်တကျ တပ်ဆင်ထားလျှင် ပိုကောင်းသည်) အတွင်းသို့ ၀င်ရောက် ခိုနားသင့်ပါတယ်။ ပြတင်းပေါက်များနဲ့ သတ္တုပစ္စည်းများနဲ့ ဝေးဝေးနေပါ။ အိမ်ထဲမှာမို့ အေးဆေးဆိုပြီး ပလပ်တပ်ထားတဲ့ လျှပ်စစ်အသုံးအဆောင် (တီဗွီ၊ ရေခဲသေတ္တာ) တို့ကို ကိုင်တွယ်ခြင်း မပြုရပါဘူး။ (ဖြစ်နိုင်ရင် အဲဒီပစ္စည်းတွေကို ကြိုးဖြုတ်ထားခြင်းဖြင့် ပစ္စည်းပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။ ကြိုလုပ်ပါ။) အနီးပတ်ဝန်းကျင်မှာ ခိုင်ခံ့တဲ့ အဆောက်အဦမရှိခဲ့လျှင် မော်တော်ကားအတွင်းသို့ဝင်ပြီး ကားမှန်များကို အကုန်တင်ထားပါ။ (သတိ၊ မိုးပွင့်ကားလှလှလေးများကို မဆိုလိုပါ။) မော်တော်ကားသည် သံကွန်ချာကဲ့သို့ ဖြစ်နေသဖြင့် သင့်အား မိုးကြိုးကြောင့် ဓာတ်လိုက်သေဆုံးခြင်းမှ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ကားမောင်းခွေ (steering wheel)၊ ဂီယာပြောင်းတံတို့ကို မကိုင်ရန်လဲ သတိထားပါ။ ကားအတွင်းရှိ ရေဒီယိုကိုလဲ မဖွင့်သင့်ပါ။

ဝမ်းလျားမှောက်မနေပါနဲ့

ကွင်းပြင်အတွင်းမှာ ခိုကိုးရာမဲ့ ဖြစ်နေပြီဆိုပါက ဆောင့်ကြောင့်ထိုင်ချပြီး ဖနောင့်နဲ့ မြေကြီးကို သေချာထိထားပါ။ သင့်နားရွက်ကို သင်ကိုင်ထားပြီး လုံးလုံးလေး ဖြစ်နေပါစေလို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ အများပြောသလို ဗိုက်နဲ့ မြေကြီးထိပြီး ၀မ်းလျားမှောက်မနေပါနဲ့။ ၀မ်းလျားမှောက်နေခြင်းကြောင့် သင့်အား မိုးကြိုးတည့်တည့်မပစ်သော်လည်း သင့်ဘေးက မြေပြင် (သို့မဟုတ်) သစ်ပင်စသည်တို့ကို ပစ်လို့ စက်ကွင်းမလွတ်ခဲ့လျှင် သင့်ဝမ်းတွင်း ကလီစာများအားလုံး ဓာတ်လိုက်ခံရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မိုးကြိုးအပစ်မခံရသော်လည်း အသက်သေဆုံးနိုင်ပါတယ်။ သိပ္ပံလက်တွေ့ စမ်းသပ်ခန်းတစ်ခုမှာ စမ်းပြတာကတော့ ချွန်နေတဲ့ သတ္တုတံနဲ့ လုံးနေတဲ့ သတ္တုလုံးကို မိုးကြိုးပစ်စေရာ (၂ ခုလုံးကို တူညီသော လျှပ်စစ်အခြေပေးသော်လည်း) သတ္တုတံကို အကြိမ်ပေါင်းများစွာပစ်မှ သတ္တုလုံးကို တကြိမ်သာ ပစ်တာကို စာရေးသူ မျက်မြင်တွေ့ခဲ့ဖူးပါတယ်။ သိပ္ပံပညာရှင်များ အဆိုအရ အထက်ပါပုံစံနှင့် ထိုင်နေပါက မိုးကြိုးပစ်ခံရသည့်တိုင် ကိုယ်တွင်းအင်္ဂါများ ဓာတ်လိုက်မခံရသဖြင့် အသက်သေဆုံးရန် အခွင့်အလမ်း နည်းပါးတယ်လို့ ဆိုပါတယ်။

မိုးကြိုးပစ်ခံရသူ အနူမဟုတ

မိုးကြိုးပစ်ခြင်းခံရပါက အပူကြောင့် လောင်ကျွမ်းခြင်းနှင့် လျှပ်စစ်ဓာတ်လိုက်ခံရသဖြင့် နှလုံးရပ်သွားခြင်းတို့ ခံစားရတတ်သဖြင့် တစုံတယောက် မိုးကြိုးပစ်ခံရပါက ၄င်းကို ချက်ချင်း ဆေးကုသမှု ပေးရန် အရေးကြီးပါတယ်။ မီးလောင်နေပါက မီးငြိမ်းသတ်ပေးရန် လိုအပ်သော်လည်း မီးလောင်ဒဏ်ရာများကို အရင်မကုသပါနှင့်။ နှလုံးမခုန်ပါက အသက်ရှူအားကူ ကုသခြင်းဖြင့် ချက်ချင်း နည်းမှန်လမ်းမှန် ကုသပါ။ လူနာကို ထိတွေ့ခြင်းဖြင့် ကူညီကုသသူကို ဓာတ်မလိုက်နိုင်ပါ။ (သို့ရာတွင် … ကွင်းပြင်ထဲရှိ လူနာအနီးတွင် မိုးကြိုးပစ်ခံရချင်စရာကောင်းအောင် ကိုးရိုးကားယား လုပ်မနေပါနှင့်။ လုံခြုံသောနေရာသို့ ရွှေ့ပြောင်းသင့်က ရွှေ့ပြောင်းပါ။)

စာရှုသူများ မိုးကြိုးအန္တရာယ် ကင်းဝေးပါစေ။

ကိုးကား ။ ။ http://www.fema.gov/kids/sabrina.htm, http://firstaid.about.com/od/heatcoldexposure/ht/07_avoid_ltning.htm

Thursday, June 4, 2009

လောကအလှ အွန်လိုင်း မဂ္ဂဇင်းပါ အင်တာဗျူးများအား ပုံနှိပ်ဖော်ပြခြင်းနှင့် စပ်လျဉ်း၍

မြန်မာနိုင်ငံတွင် စီးပွားဖြစ် ပုံနှိပ်ထုတ်ဝေလျှက်ရှိသော Personal Computer မဂ္ဂဇင်းသည် လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဦးရဲမြတ်သူ၊ မှော်ဆရာ၊ သင်ကာနှင့် စာရေးသူ လောရှည်တို့နှင့် မြန်မာစာလုံးစနစ်များအကြောင်း ဆွေးနွေးခန်း (အင်တာဗျူး) များကို လောကအလှ မဂ္ဂဇင်းနှင့် သက်ဆိုင်ရာ ပညာရှင်များကို ခွင့်တောင်းခြင်းမရှိလဲ မရှိ၊ မည်သည့်နေရာမှ ရယူပါသည်ကို နည်းမှန်လမ်းမှန် ကိုးကားခြင်းလဲ မရှိပဲ (မေးခွန်းများကို ဖြုတ်ပြီး အဖြေများကို ၏၊ သည်မရွေး ကူးယူကာ) ပြန်လည်ဖော်ပြခဲ့သည်ဟု ကြားသိရပါသည်။ (ရည်ညွှန်း http://blog.mghla.com/2009/06/blog-post.html)

စာရေးသူအနေနှင့် အဆိုပါ အင်တာဗျူးကို ဖြေဆိုစဉ်က လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြရန်နှင့် အခြားပုံနှိပ်နှင့် အီလက်ထရွန်နစ် မီဒီယာများတွင် ထပ်ဆင့် ဖော်ပြနိုင်ရန် ခွင့်ပြုပေးနိုင်သော အကန့်အသတ်ရှိ အခွင့်အရေးများ (limited rights) ကိုသာ လောကအလှအား ပေးအပ်ခဲ့ပါသည်။ တစိတ်တပိုင်းကိုသော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း ပုံနှိပ်ထုတ်ဝေခွင့်၊ အခကြေးငွေနှင့် ရောင်းချခွင့်၊ ပုံနှိပ်ခွင့်ကို ပေးနိုင်သောအခွင့် စသည်တို့ အပါအ၀င်- အဆိုပါ အင်တာဗျူးနှင့် ပတ်သက်သော အခြားအခွင့်အရေး (rights) အားလုံးကို စာရေးသူနှင့် အင်တာဗျူးမေးမြန်းသူ ပူးတွဲ ပိုင်ဆိုင်ကြောင်း ပဋိဥာဉ်ထားခဲ့ပါသည်။

သို့ဖြစ်၍ စာရေးသူနှင့် အင်တာဗျူး မေးမြန်းသူ ပူးတွဲပိုင်ဆိုင်သော စာသားနှင့် အကြံဥာဏ်များကို ကြိုတင် ခွင့်ပြုချက် လုံးဝ မရယူပဲ ပုံနှိပ်ဖော်ပြကာ အခကြေးငွေနှင့် ဖြန့်ဖြူးရောင်းချခြင်းတို့အတွက် Personal Computer မဂ္ဂဇင်းနှင့် အယ်ဒီတာအဖွဲ့ကို ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အဆိုပါဖြစ်ရပ်အတွက် နစ်နာခဲ့ရသူ အားလုံး (စာရေးသူ၊ အင်တာဗျူး မေးမြန်းသူနှင့် စာဖတ်ပရိသတ်အပါအ၀င်) ကို ချွင်းချက်မရှိ ၀န်ချတောင်းပန်ရန် တောင်းဆိုကြောင်း ကြေငြာအပ်ပါသည်။