ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Monday, October 19, 2009

ကာမေသုမိစ္ဆာစာရ အကြောင်း

မြန်မာ့ လူ့အသိုက်အ၀န်းသည် လိင်ကိစ္စနှင့် ပတ်သက်ပြီး အလေးအနက်ထားရှိသော လူ့အသိုက်အ၀န်းဖြစ်သည့် အားလျော်စွာ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်ပါ ကာမေသုမိစ္ဆာစာရကံနှင့် စပ်လျဉ်း၍ သာသာထိုးထိုး ပြင်းပြင်းထန်ထန် ရေးသား ဟောပြောမှုများ တွေ့မြင်နေရပါသည်။ ရဟန်းတော်တို့၏ ၀ိနည်းနှင့် စပ်လျဉ်း၍ လေးရာကို ယူရမည်မှာ ထုံးစံဖြစ်သော်လည်း လူပုဂ္ဂိုလ်တို့ ဆောင်ရန်၊ ရှောင်ရန် သင်ကြားချက်များကို ယဉ်ကျေးမှု ဓလေ့ ထုံးစံအလိုက် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း အနက်ဖွင့်ရန် မသင့်လျော်သည့်အလျောက် ဤဆောင်းပါးတွင် ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်လာ ကာမေသုမိစ္ဆာစာရကံ၏ သဘော၊ သဘာဝကို ထေရ၀ါဒ ကျမ်းဂန်များနှင့် (အပြင် ဗဟုသုတ မပါစေပဲ) တိုက်ဆိုင် စစ်ဆေး၍ ရှင်းလင်း ရေးသားမည် ဖြစ်ပါသည်။

ကာမေသုမိစ္ဆာစာရကံ ဆိုသည်ကို သူတပါး အိမ်ယာ မကျူးလွန်ခြင်းဟု အလွယ် အဓိပ္ပါယ်ပြန်ဆိုနိုင်ပါသည်။ ၄င်းသည် အဗြဟ္မာစရိယာ သိက္ခာပုဒ် (လိင်ကိစ္စကို လုံးဝ ရှောင်ကြဉ်ခြင်း) နှင့် မတူပါ။ အဗြဟ္မာစရိယာ သိက္ခာပုဒ်ကို ၈ ပါးသီလ၊ ၁၀ ပါးသီလ စောင့်ထိန်းသူ လူပုဂ္ဂိုလ်များ ခေတ္တခဏ (ယာယီ) ဆောင်ယူ စောင့်ထိန်းနိုင်သော်လည်း ၄င်းသည် ရဟန်းတော်များအတွက် သီးသန့် ရည်ရွယ်သည့် သိက္ခာပုဒ်ဖြစ်သည်။ ကာမေသု မိစ္ဆာစာရကံ မြောက်ရန် အင်္ဂါ ၄ ပါး ပြည့်စုံရပါသည်။ ၄င်းတို့မှာ

၁။ အုပ်ထိန်းသူရှိသော မိန်းမ ၂၀ ဖြစ်ခြင်း

၂။ မှီဝဲလိုသည့်စိတ်ရှိခြင်း

၃။ မှီဝဲရန် အားထုတ်ခြင်း

၎။ သာယာခြင်း

တို့ဖြစ်ကြပါသည်။ မှီဝဲလိုသည့် စိတ်ရှိခြင်း၊ မှီဝဲရန် အားထုတ်ခြင်းနှင့် သာယာခြင်းတို့မှာ ထပ်ဆင့် ရှင်းလင်းဖွယ် မလိုသော်လည်း မသွားလာထိုက်သည့် မိန်းမ ၂၀ ကို ရှင်းလင်းရန် လိုသည့် အားလျော်စွာ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်တို့တွင် အောက်ပါအတိုင်း စာရင်းပြုစု ရေးသားထားပါသည်။

၁။ မာတုရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊ ၂။ ပိတုရက္ခိတ- အဖအုပ်ထိန်းသော မိန်းမ၊ ၃။ မာတာပိတုရက္ခိတ- မိဘနှစ်ပါးအုပ်ထိန်းသော မိန်းမ ၄။ ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသော မိန်းမ၊ ၅။ ဘဂိနိရက္ခိတ- အစ်မကြီး အစ်မငယ် အုပ်ထိန်းသော မိန်းမ၊ ၆။ ဉာတိရက္ခိတ- ဆွေမျိုးအုပ်ထိန်းသော မိန်းမ၊ ၇။ ဂေါတ္တရက္ခိတ- အမျိုးနွယ်တူ အုပ်ထိန်းသော မိန်းမ၊ ၈။ ဓမ္မရက္ခိတ- အတူနေသီတင်းသုံးဖော် စောင့်ရှောက်အုပ်ထိန်းသော မိန်းမ (အထက်ပါ ၈ယောက်သော အုပ်ထိန်းသူရှိ မိန်းမများအား အတင်းအဓမ္မ သွားလာကျူးလွန်ပါက ထိုမိန်းမများတွင် ကာမေသုကံမထိုက်ဘဲ သွားလာလွန်ကျူးသူ ယောက်ျားများတွင်သာ ကံထိုက်သည်ဟု ဆိုပါတယ်။) ၉။ သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ၊ လက်ထပ်ပြီးသူ အုပ်ထိန်းသော မိန်းမ၊ ၁၀။ သပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန် သတ်မှတ်လျက် ဒဏ်ထားပြီး အုပ်ထိန်းသော မိန်းမ၊ ၁၁။ ဓနတ္ထီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသော မိန်းမ၊ ၁၂။ ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ ၁၃။ ဘောဂ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖော်သော မိန်းမ၊ ၁၄။ ၀ဋ၀ါသိနီ- ပုဆိုးပေး၍ (ပုဆိုးတန်းတင်ပြု၍) နေသောမိန်းမ၊ ၁၅။ သြဒ၀တ္တကိနီဓရ- ခွက်လက်ဆုံချ၍ မိဘနှစ်ပါး ထိန်းမြားပေးသော မိန်းမ၊ ၁၆။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ၊ ၁၇။ ဒါသီစဘရိယာစ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၈။ ကမ္မကာရီစ ဘရိယာစ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၉။ ဓဇာဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သော မိန်းမ၊ ၂၀။ မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ (အထက်ပါ ၁၂ယောက်သော မိန်းမတို့တွင် သွားလာကျူးလွန်ပါက ယောက်ျားရော မိန်းမပါ နှစ်ဦးလုံး ကာမေသု မိစ္ဆာစာရ ကံထိုက်သည်ဟု ဆိုပါတယ်။)

ယောကျာ်းလေးများအတွက် ကာမေသုအင်္ဂါ ၄ ပါး ပြည့်စုံလျှင် ကံထိုက် (အကုသိုလ်ကံ ဖြစ်) သော်လည်း မိန်းကလေးများအတွက်မူ အုပ်ထိန်းသူရှိသော အမျိုးသမီး ၉ မှ ၂၀ အတွင်း ဖြစ်ပြီး မှီဝဲလိုစိတ်ရှိခြင်း အစရှိသည့် ကျန်အင်္ဂါ ၃ ပါး ပြည့်စုံပါမှ ကံထိုက်ပါသည်။ အရပ်စကားနှင့် လွယ်လွယ် ပြောရလျှင် ပထမ ၈ မျိုးမှာ ပိုင်ရှင်မရှိသေးသော မိန်းမများဖြစ်ပြီး ဒုတိယ ၁၂ မျိုးမှာ ပိုင်ရှင် ရှိလတ္တံ့၊ ရှိဆဲ ဖြစ်သော မိန်းမများဖြစ်ကြပါသည်။ တနည်းပြောရလျှင် ယောက်ျားလေးများအဖို့ မိမိမယားမဟုတ်လျှင် ကာမေသုမိစ္ဆာကံ ထိုက်မည်ဖြစ်ပြီး မိန်းကလေးများအဖို့ မိမိလင်မဟုတ်လျှင် ကာမေသုမိစ္ဆာစာရ ကံထိုက်မည် ဖြစ်သည်။

ဤသို့ဆိုလျှင် မိမိ မယားဖြစ်သူနှင့် သွားလာလျှင် (ချွင်းချက်အနည်းငယ်မျှအပ) ကံမထိုက်သည်မှာ နားလည်ရ လွယ်ပါသည်။ တနည်းအားဖြင့် မိမိ၏ ကာမပိုင် မိန်းမ/ယောက်ျားနှင့်သာ သွားလာခွင့် ရှိသည်။ သို့သော် မိန်းမတစ်ယောက်ကို မိမိ ကာမပိုင်ဖြစ်အောင် ဘာသာရေး သတ်မှတ်ချက်များအရ မည်သို့ ဆောင်ယူမည်နည်း။ ထေရ၀ါဒ ဗုဒ္ဓစာပေတွင် ဝေးဝေးလံလံ ရှာစရာ မလိုပါ။ နံပါတ် ၁၁ မှ ၂၀ အထိ အင်္ဂါရပ်များနှင့် ပြည့်စုံစွာ သူတပါးက ဆောင်ကြဉ်းပြီးသော မိန်းမကို သူတပါးပိုင်ဟု ပြဆိုထားသဖြင့် ၄င်းအင်္ဂါရပ်များအနက် တခုခုနှင့် ပြည့်စုံလျှင် မိမိ၏ ကာမပိုင် မိန်းမဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။

တနည်းအားဖြင့် အောက်ပါ နည်းလမ်းများဖြင့် မိန်းမတစ်ယောက်ကို မိမိကာမပိုင်မိန်းမအဖြစ် ဆောင်ယူပြီး စိတ်ချလက်ချ ပေါင်းသင်းနိုင်ပါသည်။ (သို့သော် … မိန်းကလေး အလိုမတူလျှင် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။)

၁။ မိဘများထံ ပစ္စည်းတစုံတရာဖြင့် တင်တောင်းခြင်း

၂။ မိမိကို ချစ်ကြိုက်၍ အလိုတူစေခြင်း (မိမိကို ပထမဆုံး ချစ်ကြိုက်သူ မိမိ၏ ရည်းစား၊ အောက်တွင် အကျယ်ရှင်းမည်။)

၃။ မိမိ၏ ဥစ္စာ စည်းစိမ်ကို အပ်နှင်းခြင်း (လစာငွေအပ်ခြင်း)

၎။ အ၀တ်အစား ဆင်ပေးခြင်း (အ၀တ်အစား ၀ယ်ပေးခြင်း)

၅။ မိဘများက လက်ထပ်ပေးလိုက်ခြင်း (လူကြီး သဘောတူလို့ ပေးစားခြင်း)

၆။ ဒေသထုံးစံအရ မိမိပိုင်ဟု ဆုံးဖြတ်ပေးထားခြင်း (အောက်တွင် အကျယ်ရှင်းမည်။)

၇။ ပိုက်ဆံပေး၍ ကာလအပိုင်းအခြားအလိုက် ၀ယ်ယူခြင်း (ကြေးစားမိန်းမကို ငှားရမ်းခြင်း၊ အောက်တွင် အကျယ်ရှင်းမည်။)

ကျွန်ကို မယားအဖြစ်သိမ်းခြင်း၊ အမှုထမ်းကို မယားအဖြစ်သိမ်းခြင်းနှင့် စစ်သုံ့ပန်းကို မယားအဖြစ် သိမ်းခြင်းတို့မှာ မျက်မှောက်ခေတ်တွင် နည်းပါးသဖြင့် မဖော်ပြတော့။

ထေရ၀ါဒ ကျမ်းဂန်များအရ "ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ" ဟု ဆိုထားသဖြင့် မိန်းကလေးတစ်ယောက်၏ ချစ်သူ ရည်းစားသည် အဆိုပါ မိန်းကလေး၏ ကာမပိုင် လင်ယောက်ျားပင် ဖြစ်သည်။ သို့ရာတွင် ယုတ္တိဗေဒဖြင့် စဉ်းစားကြည့်လျှင် ဒွိဟဖြစ်စရာ အခြေအနေ ၂ မျိုးရှိသည်။ ပထမတစ်မျိုးမှာ ရည်းစား အများအပြားရှိသော မိန်းကလေးဖြစ်ပြီး ဒုတိယတစ်မျိုးမှာ အုပ်ထိန်းသူရှိ ပထမ ၈ မျိုးတွင် အပါအ၀င်ဖြစ်နေခြင်း (ဥပမာ မိဘနှင့် အတူနေလျှက် မိမိကို ချစ်ကြိုက်သဖြင့် တနေရာတွင် ပေါင်းဖော်ခြင်း) ဖြစ်သည်။ ပထမတစ်မျိုးအတွက် ရှင်းချက်မှာ လွယ်ကူသည်။ အဆိုပါ မိန်းကလေးနှင့် ပထမဆုံး ပေါင်းဖော်သူ ရည်းစား (ရည်းစားဦး) သည် ၄င်း၏ ကာမပိုင် လင်သား ဖြစ်သဖြင့် ကျန်ရည်းစားများ ကာမေသုမိစ္ဆာစာရကံ ထိုက်သည် (ရည်းစားဦးမှာ ကံမထိုက်)။ ဒုတိယတစ်မျိုးမှာ စာရေးသူ မရှင်းတတ်ပါ။ သို့သော် … အုပ်ထိန်းသူမသိအောင် (ခိုးထွက်၍) ချိန်းတွေ့စဉ်/ခိုးရာလိုက်စဉ် ဖြစ်ပွားသော ကိစ္စတို့မှာ အုပ်ထိန်းသူလက်မှ လွတ်နေချိန်ဖြစ်သဖြင့် ကံမထိုက်ဟု ဆုံးဖြတ်ရမည်ဟု ထင်သည်။ ၄င်းကို ကျမ်းတတ် ဆရာတော်များထံ လျှောက်ထား မေးမြန်း အဆုံးအဖြတ် ခံယူသင့်သည်။

ဒေသထုံးစံအရ ကာမပိုင်ဟု ဆုံးဖြတ်ခြင်းဆိုသည်မှာ အချို့သော ဒေသ၊ ယဉ်ကျေးမှု ထုံးစံတို့တွင် လင်မယားအရာ မြောက်သည်ဟု သတ်မှတ်သော သတ်မှတ်ချက်များရှိသည်။ (ဥပမာအားဖြင့် အချို့ဒေသများတွင် မိန်းကလေး/ယောက်ျားလေးအိမ်ရှေ့တွင် ပန်းအိုး/ဟင်းအိုး ချထားပြီး မိန်းကလေး/ယောက်ျားလေးက ထွက်ယူလိုက်ပါက အကြင်လင်မယားအရာ မြောက်သည်ဟု သတ်မှတ်တတ်သည်။) ၄င်းတို့ကို ဆိုလိုခြင်း ဖြစ်သည်။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ ဟု ဆိုရာတွင် ၄င်းသည် ဗုဒ္ဓဟောကြားစဉ်က ၄င်းဒေသတွင် သတ်မှတ်ထားသော သတ်မှတ်ချက် ဖြစ်မည်ဟု ယူဆသဖြင့် ဒေသထုံးစံအရ ကာမပိုင်ဟု ဆုံးဖြတ်ခြင်းတစ်ရပ် ထည့်သွင်းရခြင်း ဖြစ်သည်။ ဤအချက်ကိုလဲ သေချာစေရန် ဆရာတော်များထံ မေးမြန်းသင့်သည်။

မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ ဟု ကျမ်းဂန်တွင် ဆိုထားသဖြင့် အချို့က ပြည့်တန်ဆာနှင့် ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ယူဆကြသည်။ စာရေးသူ ဤသို့ မယူဆခြင်းမှာ အကြောင်းအချက် ၃ ရပ်ကြောင့် ဖြစ်သည်။

ပထမ အကြောင်းမှာ ၄င်းကို ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ယူပါက သြဒ၀တ္တကိနီဓရ အစရှိသော လူကြီးတို့ ထိမ်းမြားပေးသော မိန်းမ အစရှိသော သူတို့နှင့် သွားလာ ပျော်ပါးခြင်းသည်လဲ ကာမေသုမိစ္ဆာစာရကံ ထိုက်မည်ဟု ယူရမည်ဖြစ်သည် (၄င်းတို့သည် စာရင်းတစ်ခုတည်းတွင် ပါရှိသည်)။ သို့ဆိုလျှင် မည်သည့်နည်းနှင့်မျှ ကာမေသုမိစ္ဆာစာရကံမှ လွတ်ရန် လမ်းမမြင်တော့။ တနည်းအားဖြင့် ကာမေသုနှင့် အဗြဟ္မစရိယာပုဒ် ခွဲခြားရန် မလိုတော့။ ဗုဒ္ဓက ၄င်းတို့ ၂ ခုကို ခွဲခြား ဟောပြခဲ့သဖြင့် ကြေးစားမိန်းမကို ငွေပေး၍ ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရ ကံမမြောက်။

ဒုတိယ အကြောင်းမှာ ဗုဒ္ဓဘုရား သက်တော်ထင်ရှားရှိစဉ်က ဥတ္တရာဆိုသူ ဗုဒ္ဓဘာသာဝင် သောတာပန် အမျိုးသမီးတစ်ယောက်သည် ဘာသာခြားနှင့် အိမ်ထောင်ဖက် ပြုသည်။ ၄င်းသည် ဗုဒ္ဓအမှူးရှိသော သံဃာတော်များကို ဆွမ်းလှူဒါန်း၍ ဥပုပ်သီလ ဆောက်တည်လိုသောအခါ (ဖခင်ထံမှ မုန့်ဖိုးတောင်း၍) ပြည့်တန်ဆာတစ်ယောက် (သီရိမာ) ကို ငှားရမ်းကာ သူ့ယောက်ျားနှင့် ၇ ရက် ပေါင်းဖော်စေပြီးနောက် ဘုရားအမှူးရှိသော သံဃာများကို ဆွမ်းလှူဒါန်း၊ ဥပုပ်ဆောက်တည်သည်။ (၄င်းငှားထားသော ပြည့်တန်ဆာမက သူ့နေရာကို အပိုင်လိုချင်ကာ ၄င်း၏ ခေါင်းပေါ်သို့ ထောပတ်ပူအိုးကို လောင်းချသည်။) အကယ်၍ ပြည့်တန်ဆာနှင့် ပေါင်းဖော်ခြင်းသည် အကုသိုလ်ကံ ဖြစ်မည်ဆိုပါက ဗုဒ္ဓက ဒီအတိုင်း ကြည့်မနေပဲ ချစ်သမီး … ဤသို့ပြုရန်မသင့်၊ နည်းလမ်းမှန်မှာ ဤသို့ဖြစ်သည်ဟု ဟောပြော ဆုံးမမည်ဖြစ်သည်။ ၄င်းကို မတွေ့ရ။

တတိယနောက်ဆုံးနှင့် အခိုင်လုံဆုံး အကြောင်းမှာ ဂုရုဓမ္မဇာတ်ဖြစ်သည်။ ၄င်းဇာတ်တွင် မိုးခေါင်ရေရှားသဖြင့် မိုးရွာမည့်နည်းကို မိုးမှန်သော အိမ်နီးချင်းတိုင်းပြည်သို့ မေးစေရာ တတိုင်းပြည်လုံး ပြည့်တန်ဆာအဆုံး ငါးပါးသီလ မြဲကြကြောင်း သိရသည်။ ပြည့်တန်ဆာသည် အုပ်ထိန်းသူရှိသော မိန်းမ ၂၀ တွင် အမှတ် ၂၀ (ကာမေသုမိစ္ဆာစာရကံ ထိုက်ပါက ယောက်ျားရော မိန်းမပါ ကံထိုက်သည့် အမျိုးအစား) ဖြစ်ပြီး ဤဇာတ်တော်တွင် ပြည့်တန်ဆာသည် ၅ ပါးသီလကို လုံအောင် စောင့်ထိန်းနိုင်သည်ဟု ဆိုခြင်းကြောင့် ပြည့်တန်ဆာနှင့် သွားလာတိုင်း (သွားလာခြင်း သက်သက်ကြောင့်) ကာမေသုမိစ္ဆာစာရကံ မထိုက်ကြောင်း သိသာသည်။ သို့ရာတွင် အဆိုပါ ဇာတ်တော်ပါ ပြည့်တန်ဆာသည် လူတစ်ဦးထံမှ ငွေလက်ခံပြီးလျှင် ၄င်းကို မဖျော်ဖြေပြီးမချင်း အခြားသူများထံမှ ငွေလက်မခံပဲ နေသည် ဟုဆိုခြင်းကြောင့် မိမိအတွက် မိမိကိုယ်တိုင် ငှားရမ်းထားသော သူတပါးနှင့် ကြွေးကျန်မရှိသည့် ပြည့်တန်ဆာနှင့် ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရကံ မထိုက်ဟု စာရေးသူ ဆုံးဖြတ်မိပါသည်။

ဗုဒ္ဓဘာသာ သွန်သင်ဆုံးမချက်များနှင့် နှောင်းလူတို့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့အတွက် ဘာသာရေးကို ခုတုံးလုပ်၊ လိုရာဆွဲပြောသော ဟောပြောချက်များကို ခွဲခြားနားလည်နိုင်ကြပါစေ။

ကိုးကား။ http://sakarwarmyay.blogspot.com/2008/07/blog-post_09.html

http://www.venvicitta.com/2009/04/blog-post_26.html

7 comments:

Law Shay said...

Religion, especially Buddhism, must take all the words literally. If there is a loophole, we must accept there is a loophole. We shouldn't fill the loophole with say, English custom, Burmese customs etc. Loopholes are loopholes and we should learn, according to religion, we have a loophole here.
In other words, religion, custom, tradition, law, legal things they should be separate.
I have seen some guys say, "Don't drop the flag or you'd go to hell." Those guys really are confusing the state and the religion.

MMWAI said...

ကိုလောခင်ဗျာ
ဦးဇင်း မှတ်ဖူးတာကို ထပ်ဖြည့်ပေးလိုက်တယ်နော။
ကာမေသုကို ဆုံးဖြတ်တဲ့နေရာမှာ အဓိကအကျဆုံးအချက်က ၀ဇိရဗုဒ္ဓိဋီကာလာ-ဒီကာမေသုကို ဘယ်သူတွေပိုင်တာလဲ ဆိုတာက အဓိကပဲ။ မယားနှစ်ဆယ်- မိန်းမနှစ်ဆယ်- စည်းကမ်းနှင့် တိုင်းတာရန်-ဒါက ပါရာဇိကဏ်ပါဠိတော်မှာဟောတာ။ ကာမေသုကို ဆုံးဖြတ်တဲ့နေရာမှာ မြင်သာအောင် ဆရာတော်ကြီးတွေက ကိုးကားပြတာပါ။ ဆိုလိုတာက သူ့ချည်းပဲ မလုံလောက်ပါဘူး။
ဆိုလိုတာက အပျိုစင်တစ်ယောက်က သူ့ကိုယ်ပိုင်ကာမကို သူလဲပိုင်တယ်။ သူ့အုပ်ထိန်းသူ(သူ့မိဘစသည်)လဲပိုင်တယ်။ ဒီတော့ သူများကို ပေးလို့ မရဘူး။ ဥပမာ ကိုလောနဲ့ ဦးဇင်း စပ်တူဝယ်ထားတဲ့ပစ္စည်းတစ်ခု။ ကိုလောလဲပိုင်တယ် ဦးဇင်းလဲပိုင်တယ်။ ဦးဇင်းက ရောင်းစားရင် လောကဥပဒေအရရော အဘိဓမ္မာအရရော အပြစ်ရှိတယ်။ ထို့အတူ-လင်ရှိအမျိုးသမီးဆိုရင် သူလဲပိုင်တယ်။ သူ့ယောက်ျားလဲပိုင်တယ်။ ယောက်ျားလေးဘက်မှာလဲ နည်းတူ။ သဘောပေါက်လားမသိဘူးနော။
သမီးမိန်းကလေး အပျိုတစ်ယောက် သူ့ ကောင်လေးနဲ့ ဆက်ဆံမိရင် ကာမေသုရောလား?
မိဘသို့မဟုတ် အုပ်ထိန်းသူမသိရင် (သဘောမတူရင်) ထိုက်တယ်။
ယောက်ျားလေးကျတော့ရော ရည်းစားဦးဆိုရင် မထိဘူးဆိုတာ မဟုတ်ဘူး။ ဟိုဘက်ကကောင်မလေးက သူ့ကာမ သူတစ်ယောက်ထဲပိုင်တာမဟုတ်ဘူး။ အခြားလူလဲ ပိုင်ထားသေးတယ်။ ဒီတော့ လောကအရဆိုရင် ဒါသူခိုးလက်ခံပဲ။ ပုဒ်မဘယ်လောက်လဲတော့မသိဘူး။
ဒါပဲ အဓိကက။
ဒီတော့ ကျားဖြစ်စေ၊ မဖြစ်စေ။ ဒီကာမကို ဘယ်သူတွေပိုင်ကြလဲ စဉ်းစားရပါတယ်။ ပိုင်သူတွေထဲက တစ်ယောက်သဘောမတူတာနဲ့ ကံထိုက်တယ်။ ယုတ်စွအဆုံး လင်မယားချင်းတောင် ကံထိုက်တယ်။(postထဲမှာပါပြီး) ပုံမှန်မဟုတ်တဲ့ ဆက်ဆံနည်းနဲ့ ဆက်ဆံလို့ မိန်းမကသဘောမတူရင် အဲဒီယောက်ျားကံထိုက်တယ်။ စွယ်စုံကျော်ထင်မှာပါတာ။ အမေးပုစ္ဆာ 76မှာ။ ဦးဇင်းညီလို ရင်းနှီးလို့ ပွင့်ပွင့်လင်းလင်းရေးတာနော။ မြတ်စွာဘုရားစကားဆိုတာ ယုတ္တိရှိတယ်။ အပြစ်အနာအဆာမရှိဘူး။ ဦးဌေးလှိုင်စကားနဲ့ဆို နှမ်းဖြူးစရာမလိုဘူးပေါ့။
ခုနကလို ယောက်ျားက အပျော်မယားဆီသွားတယ်။ အိမ်ကမိန်းမ(စသည်) သဘောတူရင် ကံမထိုက်ဘူး။ ရည်စားဘ၀မှာတော့ ကျားရော၊ မပါ-သဘောတူခွင့်၊ မတူခွင့် မရှိဘူးလို့ထင်တယ်။ ရှုပ်တော့ရှုပ်တယ်။ ရည်စားဆိုတာ ဘယ်လိုရည်စားလဲဆိုတာ ရှိလာပြန်ရော။
သဘောမတူရင် ထိုက်တယ်။ ဘာလို့လဲဆိုတော့ သူ့ယောက်ျားကာမကို သူလဲပိုင်တယ်။ အိမ်သူကမပေးရင် ခိုးရာရောက်တာပဲ။ အိမ်သူဘက်ကလဲ ထို့အတူ။ ယောက်ျားကိုယ်တိုင်က ထမ်းပို့ထားတာ အိမ်သူဘက်ကလဲ သဘောတူတယ်ဆိုရင် မထိုက်ပါဘူး။
ဒီတော့ မြတ်စွာဘုရားစကားဆိုတာ ယုတ္တိအလွန်ရှိတယ်။ အခြေအမြစ်ရှိတယ်ဆိုတာ အဲဒါပြောတာ။
မသိစေချင်လို့ခိုးလုပ်တာ။ မဟုတ်တာလုပ်တာ။ မကောင်းတာလုပ်တာ။ကြုံတုန်းပြောလိုက်ဦးမယ်ဗျာ။ ကာမေသု(မေထုန)ဆိုတာကို ပါရာဇကဏ်ဖွင့်ထားတာ တစ်ခုက-၀သလဓမ္မ-ယုတ်မာညစ်ပတ်သော ကိုယ်အညစ်အကြေး၊ စိတ်အညစ်အကြေးကို ယိုစီးစေတတ်သောအကျင့်တဲ့။ အဲဒီလို မဟုတ်တာမဟုတ်ရအောင် ဘုရားကဟောတာ။ စိတ်ဓာတ်ဖြူစင်အောင် အဓိကထားဟောတာ။
နောက်သူ့လွတ်လပ်ခွင့်လဲ ဖွင့်ပေးထားတယ်။ မနေနိုင်ရင်သွားချ။ မိန်းမ(စသည်)တော့ ပြောသွား။ သဘောတူရင် မင်းအပြစ်လွတ်မယ်။ မတူရင် တစ်ဖက်လူ(မိန်းမ၊ မိဘစသည် စိတ်ဆင်းရဲအောင်)လုပ်တဲ့အတွက် ကာမေသု၊ သွား---နောက်ဘ၀ ဘောပြားဖြစ်စေ။ ဘုရားကအမိန့်ပေးလို့ ဘောပြားဖြစ်တာမဟုတ်ဘူး။ ဒီလောက်သောင်းကျန်းခဲ့တဲ့စိတ်က အရှိန်မသေးပဲ နောက်ဘ၀ထိပါလာတယ်။ အဲဒီမှာ ဟိုဘက်ရော-ဒီဘက်ရော လေးဘက်လေးတန်ခံစားလို့ရအောင် အရင်ဘ၀က စိတ်က တွန်းပို့လိုက်တာ။ သွား---ပက်ပက်စက်စက် ၀အောင်ခံစား၊ အရှိန်မသေဘူးလား။ တင်းနေတုန်းပဲလား။ သွား----ငရဲမှာ ဆက်ခံစား။ အဲဒါကိုပဲ ကံ၊ ကံရဲ့အကျိုးလို့ခေါ်တယ်။
မြတ်စွာဘုရားစကားဆိုတာ ဒီလိုလာတာကိုးဗျ။
ကိုလောရေ-
ဦးဇင်းက စာသင်သားဆိုတော့ ဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်ကို နားလည်စေချင်သဗျာ။ စာဝါချသလိုကြီးဖြစ်နေတယ်။ နောက် ပြည်ပဆိုတော့ ကျမ်းကိုးစာမျက်နှကို အတိအကျ မထည့်ပေးနိုင်တာကိုလဲ ခွင့်လွှတ်စေချင်တယ်။

Law Shay said...

MMWAI ဦးဇင်းခင်ဗျား ...

ဖြည့်ဆွေးနွေးတာကို ၀မ်းပန်းတသာ လက်ခံဖတ်ရှုပါသော်လည်း ကျမ်းကိုး တိတိပပ ပေးစေလိုပါသည်။ လက်ရှိအချိန်တွင် ပစ္စုပန် ကာမ ဗုဒ္ဓ၀ါဒဟာလဲ အတော်လေး ခေါင်းထောင်ပြီး ရှုပ်ရှက်ခတ်နေချိန်မို့ တိတိပပ သိရဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဦးဇင်း နားလည်ပေးမယ်လို့ ထင်ပါတယ်။

လေးစားစွာဖြင့်

MMWAI said...

ဝမ်းသာတယ်ဗျာ။ ဒကာကြီးရေ
ခဏတော့ စောင့်ဆိုင်းစေချင်သဗျာ။ ဦးဇင်းကြိုးစား ပြန်ရှာပါ့မယ်။ ဒကာကြီးအယူအဆလေးကိုလည်း သဘောကျတယ်။ ဒီCommentကို ပြန်ဖြုတ်ရင် ဖြုတ်ထားလိုက်ပါလား။ တိတိကျကျ စာမျက်နှာနှင့် ပြန်ရေးပြီးမှ တင်ရင် အန္တရာယ်ပိုကင်းမလားလို့ပါ။ ပြောကြည့်တာနော။ ဖတ်ပြီးသားဆို နားလည်ပေးပါဦး။ အဲဒီပစ္စုပ္ပန်ကမ္မ၀ါဒဆိုတာ ၀ါဒဟောင်းကြီး။ ဦးဇင်းတို့ ဦးအံ့မောင်ရေးတဲ့ -ဗုဒ္ဓသာသနာတော်-2500ခရီး(2500 Years Of Buddhism P.V. Bapat)စာအုပ်ရယ်၊ ကထာဝတ္ထုရယ် ဖတ်ရင် ဒီသာသနာဖျက်ဝါဒတွေကို ကွက်ကွက်ကွင်းကွင်းနားလည်နိုင်မယ်လို့ မျှော်လင့်ရတာပဲ။ များသောအားဖြင့် ဦးဇင်းတို့ မြန်မာပြည်မှာ ပေါ်ခဲ့တဲ့ မိစ္ဆာဝါဒတွေက ကထာဝတ္ထုမှာ ရှင်းထားပြီးသားတွေပါ။ သို့သော် ကထာဝတ္ထုကျမ်းက ဖတ်ရတာ ထောင့်တဲ့အတွက် လူဖတ်နည်းပါးခဲ့တယ်။ ယောမင်းကြီးက လယ်တီဆရာတော်ကို မောင်ပဉ္ဖင်း စာတတ်ချင်ရင် ကထာဝတ္ထုဖတ်ကွဲ့လို့ ပြောရလောက်အောင် ကောင်းတဲ့စာအုပ်ပါ။
အခု Mediafireကနေ အဲဒီစာအုပ်နှစ်အုပ်ပို့လိုက်တယ်နော။ ဘုရားကျော်ဝါဒတွေအကြောင်းပြောချင်တာကတော့ အများကြီးဗျာ။ မိစ္ဆာဖက်တော်သားတွေက အဆိပ်ပျင်းလွန်းတယ်။ ဆိုက်တော်တော်များက Commentတွေမှာ လိုက်ဖတ်ရင် သူတို့ ဆဲဆိုသံတွေချည်းပဲ။ အခု ဦးဇင်းရဲ့ commentလေးကိုလဲ ကိုလောဖတ်ပြီးရင် ဖျက်ချင်သပဆိုရင် ဖျက်ထားလိုက်ပါ။ တော်တော်ကြာလာဆဲနေကြဦးမယ်။
သာသနာ့အကျိုးလောကအကျိုး ဆထက်ထမ်ပိုး ဆောင်ရွက်နိုင်ပါစေဗျာ။
(ကိုလောတို့လို ပညာတတ်ထင်ပေါ်တဲ့လူတွေ ထေရ၀ါဒဖက်မှာ ရှိသေးတာ အလွန်ဝမ်းသာသဗျာ။)
http://www.mediafire.com/?sharekey=9a1b29e0f9ce2cc1391d7d881749d3a7c969abf5c11db573f1940a51b339e393

december snow said...

သိတ်ကိုကောင်းတဲ့စာသားတွေပါ ကျေးဇူးအလွန်တင်ပါတယ်။

december snow said...

သိတ်ကိုကောင်းတဲ့စာသားတွေပါ ကျေးဇူးအလွန်တင်ပါတယ်။

Nyan Tun said...
This comment has been removed by the author.