ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, August 13, 2009

ပရောဟိတ်နှင့် ဟောကိန်း

ရှေးတုန်းက ရှင်ဘုရင်တွေက ဥာဏ်အမြော်အမြင်ကြီးသူတွေ၊ အသက်အရွယ်ကြီးလို့ အတွေ့အကြုံ ရင့်ကျက်သူတွေ၊ ရှေ့ဖြစ်နောက်ဖြစ် (ကိုတနည်းနည်းနဲ့) ဟောပြောနိုင်သူတွေကို ပရောဟိတ်တွေအဖြစ် ခန့်အပ်ထားပြီး အကြံဥာဏ်တွေ ရယူခဲ့ပါတယ်။ အနာဂါတ်ကို မြော်မြင်နိုင်မှု၊ မှန်ကန်စွာ ဟောကိန်းထုတ်နိုင်မှုတွေဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်မက်ရေးရာတွေမှာ အရှုံးအနိုင်ကို မကြာခဏ ဆုံးဖြတ်ပေးသွားတတ်ပါတယ်။ 

၂၀၀၉ ခု မတ်လအတွင်းက ခိုးကူးပြဿနာ ကျယ်ကျယ်လောင်လောင် ဖြစ်လာတာနဲ့ ပတ်သက်ပြီး DJ Wine နဲ့ DJ Khun တို့နဲ့ စာရေးသူ အလွတ်သဘော ဆွေးနွေးရာမှာ ခိုးကူးကို ပြဿနာအဖြစ် မမြင်ပဲ အခွင့်အလမ်းသစ်တစ်ရပ်အဖြစ် မြင်နိုင်ဖို့၊ ယခင်က သုံးစွဲခဲ့တဲ့ ကာဗာကဒ်စနစ်ကို သုံးစွဲဖို့ ဝေဖန် အကြံပြုခဲ့ပါတယ်။ ဒီသဘောတရားကို ဂီတအစည်းအရုံးထံ DJ Wine က ထပ်ဆင့် တင်ပြပေးမယ်ပြောလို့ ဆွေးနွေးမှု မှတ်တမ်းအကျဉ်းချုပ်ကို လျှပ်စစ်စာလွှာနဲ့ DJ Wine၊ DJ Khun နဲ့ လောကအလှမဂ္ဂဇင်းတို့ကို ပေးပို့ခဲ့ရာ (DJ Wine က ဂီတအစည်းအရုံးကို တင်ပြ၊ မပြ မသိသော်လည်း) လောကအလှမဂ္ဂဇင်းက ခိုးကူးဟာ ဂီတပညာရှင် လက်သစ်တွေအတွက် မဟာအခွင့်အလမ်း အမည်ရှိဆောင်းပါးနဲ့ အင်တာနက် စာမျက်နှာပေါ်ကို တင်ပြပေးခဲ့ပါတယ်။

ဒီနေ့ သတင်းတွေ လျှောက်လှန်ကြည့်တော့ လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော် VCD ကို ကာဗာကဒ်စနစ်နဲ့ ဖြန့်ချိတယ်လို့ ကြားသိရတာမို့ ဟောကိန်းမှန်တဲ့ ပရောဟိတ်လိုပဲ ပီတိဖြစ်ရပါကြောင်းနဲ့ ဒီထက် ပိုမို ကြီးကျယ်တဲ့ ပြဿနာ၊ အရှုပ်အထွေး၊ လမ်းကြောင်းတွေကိုလဲ ဟောကိန်းမှန်မှန် ထုတ်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ တွေးမိကြောင်း ဥဒါန်းကျူးလိုက်ရပါတယ် ...

Saturday, January 24, 2009

ဗာဂျီးနီးယား နည်းပညာ တက္ကသိုလ်မှ ခေါင်းဖြတ်သတ်မှု

ဗာဂျီးနီးယား နည်းပညာ တက္ကသိုလ် (Virginia Tech) မှာ စာရင်းကိုင်ပညာ မဟာဘွဲ့ယူဖို့ တရုတ်နိုင်ငံက ပူပူနွေးနွေး ရောက်ရှိနေတဲ့ ကျောင်းသူ ရှင်းယန် (Xin Yang) ဟာ အရေးအကြောင်းရှိရင် တနိုင်ငံတည်းသား စိုက်ပျိုးရေးနှင့် အသုံးချ ဘောဂဗေဒ ပါရဂူဘွဲ့ ကျောင်းသား ကျုဟိုက်ယန် (Zhu Haiyang) ကို ဆက်သွယ်ဖို့ တက္ကသိုလ် အာဏာပိုင်တွေကို ညွှန်ကြားထားခဲ့ပါတယ်။ ဒါပေမဲ့ သူမ နေထိုင်ရာ အဆောင်အတွင်းရှိ အူပုံဖိန်း (Au Bon Pain) ကော်ဖီဆိုင်မှာ ခေါင်းနဲ့ ကိုယ်နဲ့တခြားစီဖြစ်သွားတဲ့ သူမရဲ့ ကြမ္မာကိုတော့ ဟိုက်ယန်ကို အကြောင်းကြားစရာတောင် လိုမယ်မထင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ရှင်းယန်ကို မီးဖိုချောင်သုံး ဓားမနဲ့ တိုက်ခိုက်ခဲ့သူဟာ ဟိုက်ယန် ကိုယ်တိုင်ပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။


သေဆုံးသူ ရှင်းယန်

မျက်မြင်သက်သေများ အဆိုအရ ကော်ဖီဆိုင်အတွင်းမှာ အခင်းမဖြစ်ပွားမီအချိန်အထိ သူတို့ ၂ ယောက်ဟာ အေးဆေး ငြိမ်သက်စွာပဲ ရှိနေခဲ့တယ်လို့ သိရပါတယ်။ သတ်ဖြတ်ရတဲ့ အကြောင်းရင်းကို သိရဖို့ ခက်ခဲနေတာကြောင့် တရားခံရဲ့ တယ်လီဖုန်း၊ ကွန်ပျူတာနဲ့ နေ့စဉ်မှတ်တမ်းတို့ကို စစ်ဆေးခွင့်ပေးဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားရုံးမှာ ခွင့်ပြုချက် လျှောက်ထားပါတယ်။

သေဆုံးသူ ရှင်းယန် (အသက် ၂၂) ဟာ ဇန်န၀ါရီ ၈ ရက်ကမှ ကျောင်းကို ရောက်လာတဲ့ ကျောင်းသူ အသစ်ဖြစ်ပြီး သြဂုတ်လအတွင်းကတည်းက ကျောင်းကို ရောက်နေခဲ့သူ ကျုဟိုက်ယန်က သူမကို ပတ်ဝန်းကျင် အသစ်နဲ့ နေသားတကျဖြစ်အောင် ကူညီပေးနေခဲ့တယ်လို့ ဆိုပါတယ်။

တရားခံ ဟိုက်ယန် (အသက် ၂၅) ကို မောင်တိုဂမီ ခရိုင် အကျဉ်းထောင်မှာ ဖမ်းဆီးထားပါတယ်။ ကျောင်းဝင်းအတွင်း တာဝန်ကျတဲ့ ရဲအရာရှိဟာ အခင်းဖြစ်ပွားရာကို ရောက်ရှိချိန်မှာ ရှင်းယန်ရဲ့ ခေါင်းပြတ်ကို ကိုင်ထားတဲ့ တရားခံကို တွေ့ရှိ ဖမ်းဆီးခဲ့ပါတယ်။

၂၀၀၇ ခုနှစ် ဧပြီလအတွင်းမှာလဲ ဒီတက္ကသိုလ်က ကိုရီးယား ကျောင်းသား ချိုစွန်းဟွေ့ (Cho Seung Hui) ဟာ သေနတ်ကိုင်ဆောင်ပြီး ကျောင်းဝင်းအတွင်းမှာပဲ လူ ၃၂ ယောက်ကို ပစ်ခတ်ခဲ့ပြီး မိမိကိုယ်ကိုယ် စီရင်ခဲ့ပါတယ်။ ဒီလိုဆိုရင်တော့ ဗာဂျီးနီးယား နည်းပညာ တက္ကသိုလ်ဟာ အာရှ ကျောင်းသားတွေ အတွက် စိတ်ဖိစီးစရာတွေ များနေပုံရပါတယ်။

http://media.washingtontimes.com/media/img/photos/2009/01/23/20090122-214354-pic-331778206.jpg
http://www.freep.com/article/20090124/NEWS07/901240377 နှင့်
http://www.foxnews.com/story/0,2933,482025,00.html ကို မှီငြမ်းပါသည်။