သင်္ချာဥာဏ်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိ၊ စကားအသွားအလာနှင့် ဘာသာစကားလှည့်ကွက်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိနှင့် အကြားအမြင် ဗဟုသုတ အပေါ်တွင် အခြေခံသည့် ဥာဏ်စမ်းပဟေဠိစသည်ဖြင့် ဥာဏ်စမ်းပဟေဠိ အမျိုးမျိုး ရှိရာ အချို့သော ပဟေဠိများသည် ထည့်သွင်း စဉ်းစားရမည့် ဖြစ်နိုင်သော အဖြေ အရေအတွက် အတိုင်းအဆမရှိ များပြားမှုအပေါ်တွင် အခြေခံလေသည်။ ရှေးက လူအားဖြင့်သာ ဥာဏ်စမ်းပဟေဠိများကို အဖြေထုတ်ခဲ့ကြရာတွင် ဖြစ်နိုင်သော အဖြေ အလွန်များပြားသော ပဟေဠိများမှာ အဖြေကို ကြိုတင် မသိသူ ဖြေဆိုသူတို့ လက်မြှောက်အရှုံးပေးရသည်သာ များသော်လည်း ယနေ့ကွန်ပျူတာခေတ်တွင်မူ ၄င်းတို့ကို အလွယ်တကူ အဖြေထုတ်နိုင်ပြီ ဖြစ်သည်။ ယခုဆောင်းပါးတွင် ၄င်းပဟေဠိ ၂ ပုဒ်ကို ကွန်ပျူတာ အသုံးပြု ဖြေရှင်းပုံကို ဖော်ပြမည်ဖြစ်သည်။
ပထမ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ လယ်သမားတစ်ယောက်သည် သူ၏ခြံတွင် မွေးမြူရန်အတွက် နွား၊ ၀က်နှင့် ကြက် စုစုပေါင်း အကောင် ၁၀၀ ၀ယ်လိုသည်။ ပိုက်ဆံလဲ ၁၀၀ ကျပ်သာရှိသည်။ ၃ မျိုးလုံးလဲ မွေးလိုသေးသည်။ နွားတစ်ကောင် ၁၀ ကျပ်၊ ၀က်တစ်ကောင် ၃ ကျပ်နှင့် ကြက်တစ်ကောင် ၅ မူး (၀.၅၀ ကျပ်) ဖြစ်သော် အကောင် ၁၀၀ ရအောင် ငွေ ၁၀၀ နှင့် ဘယ်လို ၀ယ်မည်နည်း။ တနည်းအားဖြင့် မသိကိန်း ၃ လုံးပါ၊ တပြိုင်နက် ညီမျှခြင်း ၂ ကြောင်း ပုစ္ဆာဖြစ်သည်။ သီဝရီအရ အဖြေ မရှိ၊ တစ်ခုတည်းသာ၊ အများအပြား ရှိနိုင်သော ပုစ္ဆာအမျိုးအစားလဲ ဖြစ်သည်။ တပြိုင်နက် ညီမျှခြင်း အများအပြားပါ တပြိုင်နက် ညီမျှခြင်း စနစ် (System of Linear Equations) တစ်ခုကို မက်ထရစ် ညီမျှခြင်း တစ်ကြောင်းဖြင့် ဖေါ်ပြနိုင်ရာ လှန်မက်ထရစ်ယောင် (Pseudo Inverse) ကိုအသုံးပြုပြီး ဖြစ်နိုင်သည့် အဖြေများကို အလွယ်တကူ တွက်ထုတ်နိုင်ပါသည်။
၎င်း သင်္ချာနည်း၏ အားနည်းချက်မှာ ၄င်းနည်းစနစ်သည် ကိန်းစစ် မြှောက်ဖော်ကိန်း (Real Number Coefficients) များအတွက် နည်းစနစ် ဖြစ်နေသဖြင့် ကိန်းစစ် အဖြေတွဲ အများအပြား ထွက်လာနိုင်ခြင်းပင် ဖြစ်သည်။ (Matlab မရှိသဖြင့် စာရေးသူ မစမ်းကြည့်ပါ။) မွေးရန် ၀ယ်သော နွား၊ ၀က်၊ ကြက်တို့ကို တ၀က်၊ တစိတ် စသဖြင့် ၀ယ်မရနိုင်ပါ (တ၀က်ဝက်ရင် သေကုန်မှာပေါ့)။ တနည်းအားဖြင့် အဖြေသည် အပေါင်း ကိန်းပြည့် ၃ ခု ဖြစ်ရမည်။ ပေါင်းလျှင် ၁၀၀ ရသော အပေါင်းကိန်းပြည့် များစွာရှိရာ ကွန်ပျူတာ အကူအညီမယူသော သင်္ချာသီးသန့်သမားတို့အတွက် ခက်ခဲသော ပုစ္ဆာဖြစ်သည်။ ကွန်ပျူတာ ပညာရှင် တစ်ဦးသည် ဤပုစ္ဆာကို မျက်ကန်းနည်း (Brute Force Method) အသုံးပြုခြင်းဖြင့် အလွယ်တကူ ဖြေရှင်းနိုင်သည်။ နွား အရေအတွက် အမျိုးမျိုး၊ ၀က်အရေအတွက် အမျိုးမျိုးနှင့် ကြက်အရေအတွက် အမျိုးမျိုးတို့အတွက် အစီအစဉ်ငယ်တစ်ခုကို လျှင်မြန်စွာရေးသားပြီး ၄င်းတို့ ပေါင်းလဒ်၊ ၄င်းတို့၏ ကျသင့်ငွေ တို့ကို တွက်ချက်ကာ နှစ်ခုလုံး ၁၀၀ ဖြစ်သော အဖြေကို ထုတ်ပေးရုံသာဖြစ်သည်။ (အဖြေမှာ နွား ၅၊ ၀က် ၁၊ ကြက် ၉၄ ဖြစ်သည်။)
မှတ်ချက် ။ ။ ယခု ပုစ္ဆာသာလျှင် လွယ်ကူခြင်း ဖြစ်သည်။ ကိန်းပြည့် မသိကိန်း အများအပြားနှင့် ညီမျှခြင်း အရေအတွက် အနည်းငယ် (ညီမျှခြင်း အရေအတွက်က မသိကိန်းအရေအတွက်ထက် ပိုနည်းနေသော) ပုစ္ဆာပုံစံကွဲတစ်ခုကို စစ်ဆင်ရေး သုတေသန (Operation Research) ဘာသာရပ်တွင် Integer Linear Programming (ILP) အမည်နှင့်တွေ့ရပြီး ခက်ခဲသော ပုစ္ဆာဖြစ်သည်။
ဒုတိယ ပုစ္ဆာတွင်မူကား မျက်ကန်းနည်း အသုံးပြုရန် အဆင်မပြေတော့ပေ။ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံး (တစ်လုံးကို တစ်ကြိမ်စီသာပါဝင်သော) သန်းရာဂဏန်းရှိ ကိန်းတစ်လုံးသည် ၉ နှင့် စားလို့ ပြတ်သည်။ အဆိုပါ ကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်လိုက်သော ဂဏန်း ၈ လုံးပါ ကိန်း (၁၀ နှင့်စားလျှင် ရသော ရလဒ်) သည် ၈ နှင့် စားလို့ ပြတ်သည်။ တဖန် ထိုကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်ပါက ကျန်သော ကိန်းသည် ၇ နှင့် စားလို့ ပြတ်သည်။ နောက်ဆုံး ၁ လုံးသာ ကျန်သည်အထိ ဤနည်းအတိုင်း တစ်လုံးဖယ်တိုင်း ကျန်သော ဂဏန်းအရေအတွက်နှင့် စားလို့ ပြတ်ရသည်။ တနည်းအားဖြင့် ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သည်။ ထိုကိန်းကို ရှာပါ။ မျက်ကန်းနည်းနှင့် တွက်လျှင် သန်းတစ်ရာ (၁၀၀ ၀၀၀ ၀၀၀) မှ ကိုးရာ ကိုးဆယ့် ကိုးသန်း ကိုးသိန်း ကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုး (၉၉၉ ၉၉၉ ၉၉၉) အထိ ကိန်းပေါင်း သန်း ၉၀၀ နီးပါးကို ၁ မှ ၉ အထိ ကိန်းများဖြင့် စားလို့ ပြတ်မပြတ် တွက်ထုတ် (ဂဏန်းများ ထပ်နေမနေ စစ်) ရမည် ဖြစ်သဖြင့် သိပ်အဆင်မပြေသော နည်းဖြစ်သည်။ (၁ မှ ၉ အထိ စားပြတ်မပြတ် တစ်ခါတွက်လျှင် ၁ စက္ကန့်၏ တစ်သန်းပုံ တစ်ပုံသာ ကြာသည်ထား … အနည်းဆုံး စက္ကန့် ၉၀၀ = ၁၅ မိနစ်မျှ ကြာသွားနိုင်သည်။ မစမ်းကြည့်ပါ။)
အမှန်မှာ ၄င်းသည် ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ၉ နေရာတွင် စီခိုင်းသော (စီပြီးလျှင် စစ်ခိုင်းသော) အစီ ပုစ္ဆာ (Permutation Problem) သာဖြစ်သည်။ အစီ ပုံသေနည်းအရ ဖြစ်နိုင်သည့် ကိန်းပေါင်း ၉ x ၈ x … x ၁ = ၃၆၂၈၈၀ သာ ရှိသည်။ အကယ်၍ ကုန်ကျစရိတ်နည်းသော အစီ နည်းလမ်းစဉ်သာ ရှိခဲ့လျှင် ပွဲပြတ်ပြီ ဖြစ်သည်။ (ကံဆိုးသည်မှာ အထူးတည်ဆောက်ထားသော ကွန်ပျူတာများမှ အပ မရှိ။) သို့ရာတွင် ၁၅ မိနစ်ထက်တော့ မြန်မည်မှာ သေချာပါသည်။ (မစမ်းကြည့်ပါ။) ၂ နည်းစလုံးသည် လူအားဖြင့် တွက်ထုတ်ရန် မဖြစ်နိုင်သည်မှာကား သေချာပေသည်။
အဆိုပါ ပုစ္ဆာကို ပြင်ပ သင်္ချာဗဟုသုတများဖြင့် အားဖြည့်ကာ ပိုမိုကောင်းမွန်သော အစီအစဉ် တစ်ရပ်ကို ဆွဲသားနိုင်ပါသည်။ အသုံးပြုသော သင်္ချာနည်းစနစ်မှာ ကိန်းတစ်လုံးကို ၁ မှ ၉ အထိ ဂဏန်းများနှင့် စားလျှင် ရမည့် စားကြွင်းကို ရှာသော နည်းလမ်းများဖြစ်သည်။ အစီအစဉ် မဆွဲမီ ဖြစ်နိုင်သော ကိန်းများကို အောက်ပါအတိုင်း ဆင်ခြင်သည်။ (x နေရာ = အဖြေကိန်းကို ဘယ်ဘက်မှ ရေတွက်လျှင် x နေရာ)
- ကိန်းတစ်လုံးကို ၉ နှင့် စားပြတ်၊ မပြတ် သိရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများပေါင်းလဒ်ကို ၉ ဖြင့် စားကြည့်နိုင်သည် (သို့မဟုတ် ပေါင်းနေရင်း ၉ ပြည့်လျှင် ဖယ်ဖယ်ထားခဲ့နိုင်သည်။) ပါဝင်ရမည့် ဂဏန်းများမှာ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးဖြစ်သည်။ ၁ + ၈ = ၂ + ၇ = ၃ + ၆ = ၄+ ၅ = ၉ ဖြစ်ရာ … ၁ မှ ၉ အထိ ဂဏန်းအားလုံး (တစ်လုံးကို တစ်ကြိမ်စီသာ ပါဝင်သော) ကိန်းသည် ၉ နှင့် အလိုအလျောက် စားလို့ ပြတ်သည်။ ထည့်သွင်းစဉ်းစားရန်မလို။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ရှေ့ ၈ နေရာတွင်သာ နေရာချ စမ်းသပ်ကြည့်ပြီး ပြေလည်ပါက ကျန်ခဲ့သော တစ်လုံးဖြင့် ၉ နေရာကို အလွယ်တကူ ဖြည့်နိုင်သည်။
- ကိန်းတစ်လုံးကို ၂ (၄ နှင့် ၈) တို့နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် ညာဘက်ဆုံး ၁ လုံး (၂ လုံးနှင့် ၃ လုံး) သည် ၂ (၄ နှင့် ၈) ဖြင့် စား၍ ပြတ်ရသည်။ ထို့ကြောင့် ၂ နေရာတွင် စုံကိန်းတစ်လုံး (၃၄ နေရာတွင် ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း တစ်လုံး၊ ၆၇၈ နေရာတွင် ၈ နှင့် စားပြတ်သော ရာဂဏန်း တစ်လုံး) ကို ဖြည့်သွင်းရမည်။
- ကိန်းတစ်လုံးကို ၃ နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများ ပေါင်းလဒ်ကို ၃ ဖြင့် စားကြည့်နိုင်သည်။ ၄င်းကို အခြေခံ၍ ၂ နေရာရှိ ဂဏန်းနှင့် ၃ နေရာရှိဂဏန်းတို့ကို အခြေခံ၍ ၁ နေရာရှိ ဂဏန်းကို တွက်ချက်နိုင်သည်။၂ နေရာတွင် စုံကိန်းတစ်လုံး သေချာပေါက်ရှိပြီး ၃၄ နေရာတွင် ၄ နှင့် စားပြတ်သော ဆယ်ဂဏန်း တစ်လုံး သေချာပေါက် ရှိမည်ဖြစ်သဖြင့် ၁၂၃၄ နေရာရှိ ဂဏန်းများ ဖြစ်နိုင်ခြေသည် ၉ x ၈ x ၇ x ၆ = ၃၀၂၄ မှ ၃ × သုညမဟုတ်သော ၁၀ အောက် စုံကိန်း (၂၊ ၄၊ ၆၊ ၈) အရေအတွက် x ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း အရေအတွက် (၃ × ၄ x ၂၂ = ၂၆၄) သို့ကျဆင်းသွားမည်။ (စာရေးသူ စမ်းသပ်ရာတွင် ဤနည်းကို မသုံးပဲ ကိန်း ၉၉၀ လုံးကို ၃ နှင့်စားပြတ်၊ မပြတ် စစ်ထားပါသည်။)
- ကိန်းတစ်လုံးကို ၅ နှင့် စားပြတ်ရန် အဆိုပါကိန်းသည် ၀ (သုည) သို့မဟုတ် ၅ နှင့် ဆုံးရမည်ဖြစ်သည်။ ၀ (သုည) ကို ပုစ္ဆာအရ သုံးခွင့်မရှိသဖြင့် ၅ နေရာတွင် ရှိမည့် ဂဏန်းမှာ ၅ သာလျှင် ဖြစ်သည်။
အထက်ဖော်ပြပါ ထိုးထွင်းသိများဖြင့် အစီအစဉ်တစ်ရပ်ကို အမြန် ဆွဲသား တွက်ချက်ခဲ့ရာ ဂဏန်းတွဲ အရေအတွက် ၂၄၁၉၂၀ ကိုသာ စိစစ်ခဲ့ပြီး (၃၆၂၈၈၀ နှင့်နှိုင်းစာလျှင် ၃ ပုံ ၂ ပုံခန့်) ၆ နေရာ၊ ၇ နေရာတို့တွင် ၀ (သုည) ပါဝင်နိုင်ပြီး ဂဏန်း တစ်မျိုးစီကို တစ်ကြိမ်ထက် ပိုမိုပါဝင်နိုင်သော်လည်း ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သော ကိန်း ၄၆၃ လုံးကို ရရှိခဲ့သည်။ ၄င်းတို့ကို ပါဝင်သော ဂဏန်းများ ၀ (သုည) ဖြစ်၊ မဖြစ်နှင့် ထပ်၊ မထပ် စစ်ဆေး စစ်ထုတ်ခြင်းဖြင့် အဖြေကို ရလေတော့သည်။ (အဖြေမှာ ၃၈၁ ၆၅၄ ၇၂၉ ဖြစ်သည်။)
ရွှေပွဲလာအပေါင်း ဖြစ်နိုင်ခြေ ထောင်သောင်းချီသည့် ပုစ္ဆာများကို အလွယ်တကူ အဖြေထုတ်နိုင်ကြပါစေ။
No comments:
Post a Comment