ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Wednesday, August 15, 2007

လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းနှင့် မြန်မာ့လူ့အသိုက်အ၀န်း

တစုံတရာအရ (ဥပမာအားဖြင့် အသက်အရွယ်၊ ကျားမ နှင့် လူမျိုး၊ ဘာသာရေးအရ) တစုံတဦး (သို့မဟုတ် လူတစ်စု) ကို အခြားသူများနှင့် အခွင့်အရေး တန်းတူမပေးခြင်းကို ခွဲခြားဆက်ဆံခြင်း (Discrimination) ဟု သုံးနှုန်းလေ့ ရှိကြသည်။ အပြန်အလှန်အားဖြင့် (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း (Reverse Discrimination) ကိုမူ တစုံတခုအရ ခွဲခြားဆက်ဆံခြင်းကို တားဆီး၊ ကာကွယ်ရန်အလို့ငှာ ပြဌာန်းထားသည့် (သို့မဟုတ် ဖန်တီး တည်ဆောက်ထားသည့် လုပ်ထုံး လုပ်နည်းများ) ဥပဒေများကြောင့် ယခင်က ပစားပေးခံရသော လူများစုအတွက် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးရသော အခြေအနေဟု အနက်ဖွင့်လေ့ရှိပါသည်။

မြန်မာ့လူ့အသိုက်အ၀န်းဆိုသည်မှာ မြန်မာများ တန်ဖိုးထားကြသော စံနှုန်း၊ စံသတ်မှတ်ချက်များကို လက်ခံ လိုက်နာ ကျင့်သုံးသော မည်သည့် လူ့အဖွဲ့အစည်းကိုမဆို ရည်ညွှန်းပါသည်။ ယခုဆောင်းပါးတွင် မြန်မာ့လူ့အသိုက်အ၀န်းအတွင်းတွင် လိင်အရ ခွဲခြားဆက်ဆံခြင်း၊ ၄င်းကြောင့် ဖြစ်ပေါ်လာရသော လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း အကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။

တစုံတခုအရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းနှင့် ပတ်သက်ပြီး ယခင်က ဆွေးနွေးခဲ့ဖူးခြင်း ရှိ/မရှိ စာရေးသူ မသိပါ။ အမှန်အားဖြင့်ဆိုလျင် (တစုံတခုအရ) ခွဲခြားဆက်ဆံခြင်းကို နည်းပါးစေရန် ဥပဒေတစ်ခု (သို့မဟုတ် ရေးချမထားသော ပြဌာန်းချက်များ) ရှိတိုင်း ရှိတိုင်းတွင် (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း အနည်းနှင့် အများ ရှိစမြဲဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စု အချို့ပြည်နယ်များတွင် ဒေသခံ လူနီ (လူနည်းစု) ကို ကာကွယ်ရန်အတွက် အလုပ်အကိုင်၊ ပညာသင်ယူခွင့်တို့ကို အမှန်တကယ် အရည်အချင်း မပြည့်စုံပဲ ပေးလေ့ရှိရာ အမှန်တကယ် အရည်အချင်း ပြည့်စုံသော လူဖြူများနှင့် (အချို့ အာရှတိုက်သားများ) အနှိမ်ခံရသလို ဖြစ်လေ့ရှိလေသည်။

မြန်မာ့ လူ့အသိုက်အ၀န်းတွင် လိင်အရ ခွဲခြားဆက်ဆံခြင်းသည် ပေါ်ပေါ်ထင်ထင် မရှိချေ။ သို့ရာတွင် သိုဝှက်သော ပုံစံဖြင့် တည်ရှိလျက်ရှိသည်။ ဆိုလိုသည်မှာ အမျိုးသမီးနှင့် အမျိုးသားကို စာတတန် ပေတတန်ဖြင့် ခွဲခြား အခွင့်အရေး ပေးခြင်းမျိုး မရှိသော်ငြား သတ်မှတ် စံနှုန်းများအရ ခွဲခြား ဆက်ဆံခြင်း အထိုက်အလျောက်ရှိလေသည်။ ဥပမာအားဖြင့် အမျိုးသမီးတစ်ဦးသည် အချက်အပြုတ် မကျမ်းကျင်လျင် လူကဲ့ရဲ့ ခံရနိုင်သော်လည်း အဆိုပါ အရည်အချင်းကို အမျိုးသားတစ်ဦးအနေနှင့် မရှိမဖြစ် ပိုင်ဆိုင်ရန်မလိုပေ။ (ပြောင်းပြန် ဥပမာမှာ ကားပြင်ခြင်း၊ မီးလုံးလဲခြင်း စသည်)

ထို့အပြင် အမျိုးသမီးများကို အားနွဲ့သူများအဖြစ် မြန်မာ့လူ့အသိုက်အ၀န်းက သတ်မှတ်လိုက်ခြင်းဖြင့် အမျိုးသမီးနှင့် အမျိုးသား ရင်ဘောင်တန်း အလုပ်လုပ်ရာတွင် အလုပ်မတွင်စေပဲ ကုန်ထုတ်စွမ်းအားကို ကျဆင်းစေနိုင်သေးသည်။ ဆိုလိုသည်မှာ လုပ်ငန်းခွင်တွင် အခြေအတင် ငြင်းခုန်စရာများ (သို့မဟုတ် အလုပ်တာဝန် ခွဲဝေစရာများ)ဖြစ်ပေါ်လာပါက အမျိုးသမီးနှင့် ဖက်ပြိုင်ရန်ဖြစ်သည့် အခြေအနေသို့ မည်သည့် ယောက်ျားသားမှ မရောက်လိုကြ။ သို့ဖြစ်ရကား ပင်ပန်းဆင်းရဲသော အလုပ်နေရာများကို အမျိုးသားတို့ လုပ်ရသည်မှာ များပေသည်။ ပိုဆိုးသည်မှာ အချို့ ပင်ပန်းသော အလုပ်များကို အမျိုးသမီးများ မလုပ်နိုင်သည်မှာ မှန်သော်လည်း အများစု အလုပ်များသည် အမျိုးသမီး/အမျိုးသား မရွေး လုပ်ကိုင်နိုင်ကြသည်။ သို့ရာတွင် အမျိုးသမီးများ လုပ်လေ့မရှိသော အစဉ်အလာမဟုတ်သည့် အလုပ်များကို အမျိုးသမီးများ လုပ်ကိုင်လေ့မရှိ (ဥပမာအားဖြင့် လှေခါးဖြင့် အပေါ်သို့တက်ကာ စာအုပ်ကဲ့သို့သော ပေါ့ပါးသည့် ပစ္စည်းများ ယူခြင်း)။

အမျိုးသမီးများကို အားနွဲ့သူများအဖြစ် သတ်မှတ်ခြင်း၏ နောက်အကျိုးဆက်တစ်ခုမှာ အများပိုင် ပစ္စည်းများကို ခွဲဝေသုံးစွဲရာတွင် (ဥပမာ ရထား၊ ကားထိုင်ခုံနေရာများ)ရေးချမထားသော သတ်မှတ်ချက်များ ရှိနေခြင်းပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကို နေရာပေးရခြင်းကို မှတ်ချက်မပေးလိုသော်လည်း သန်သန်မာမာ အမျိုးသမီး၊ အမျိုးသား ၂ယောက်တွင် အမြဲတမ်း အမျိုးသမီးက နေရာရနေခြင်း နှင့် အထက်ကပြောခဲ့သော ကျား/မမရွေးသည့် အလုပ်တချို့ကို အမျိုးသမီးများ ဘယ်တော့မှ မလုပ်ခြင်းသည် ယခု စာရေးသူ ထောက်ပြ ဝေဖန် ပြောဆိုလိုသည့် လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း တစ်မျိုးပင်ဖြစ်သည်။

အဆိုးရွားဆုံး ပြဿနာမှာ ဆူးကျဖက်ပေါက် ဖက်ပေါက်ဆူးကျ ဟူသော စကားပုံပင်ဖြစ်သည်။ အဆိုပါ စကားပုံအရ လိင်ကိစ္စနှင့်ပတ်သက်လျင် မြန်မာ့ လူ့အသိုက်အ၀န်း၏ စံများအရ အမျိုးသမီး၊ အမျိုးသား အခွင့်အရေး တန်းတူ မရကြောင်း သိသာ ထင်ရှားသည်။ ဆိုလိုသည်မှာ မှားယွင်းမှု တစ်ခု အတွက် အမျိုးသမီးများက အမျိုးသားများထက် ပိုမို ပေးဆပ်ရ (ကဲ့ရဲ့ အပြစ်တင်ခံရ)လေ့ ရှိတတ်သည်။ ပိုဆိုးသည်မှာ အမျိုးသားများနှင့် လက်ပွန်းတတီးနေခြင်း (အလုပ်သဘောအရ၊ ခင်မင်မှုအရ)၊ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံခြင်းနှင့် အိမ်ပြန်နောက်ကျခြင်း စသည်များကိုပါ (အကြောင်းရင်း အဖြစ်နှင့်) လိင်ကိစ္စနှင့် ရောထွေးရှုမြင်ကြခြင်း ဖြစ်လေသည်။

စာရေးသူ တွေ့မြင်ဖူးသော ဖြစ်ရပ်တစ်ခုတွင် ကျောင်းသား၊ ကျောင်းသူတစ်စုက ဘာသာရပ်ဆိုင်ရာ စီမံကိန်းတစ်ခုကို ရေးဆွဲရသည်။ လူစုံအောင် စောင့်ရသဖြင့် နေ့လည်မှ အလုပ်စလေ့ရှိသည်။ အိမ်ပြန် နောက်ကျမည်စိုးသဖြင့် ကျောင်းသူများက ညနေ ၄ နာရီ ထိုးလျင် အိမ်ပြန်လေသည်။ ကျောင်းသား ၁ ဦး၊ ၂ ဦးတည်း ကျောင်းရှိ လက်တွေ့ခန်းတွင် အလုပ်ဆက်လုပ်ရသည်။ ကွင်းကွင်းကွက်ကွက် ပြောရလျင် လူ ၅ ယောက်၊ တရက် ၈ နာရီခန့် လုပ်ရမည့်အလုပ်ကို လူ ၂ယောက်နှင့် တပိုင်းက တရက် ၆ နာရီမပြည့်တပြည့်သာ လုပ်တော့သည်။ သည်လိုဆိုတော့ ဘယ်မှာလျင် အဆင့်အတန်းမီ ကောင်းမွန်သော စီမံကိန်း ထွက်လာပါမည်နည်း။ (နောက်တော့ စာမေးပွဲ ကျကုန်ကြလေသည်။)

ထပ်မံထောက်ပြလိုသော ကိစ္စရပ်တစ်ခုမှာ ဆွေမျိုးမတော်သော အမျိုးသား/အမျိုးသမီးများ တမိုးအောက်တွင် မနေ (လို) ကြခြင်းပင်ဖြစ်သည်။ အကြောင်းရင်းကို စစ်လိုက်သော် ဘာမဟုတ်သာ ဆူးကျဖက်ပေါက်ကို ကာကွယ်ခြင်းပင်ဖြစ်သည်။ လူနေမှု စားရိတ်နည်းပါးသော အရပ်ဒေသများတွင် မသိသာသော်လည်း (စင်ကာပူ၊ ဟောင်ကောင်၊ တိုကျို၊ နယူးယောက် စသော) လူနေမှု စားရိတ်ကြီးမြင့်သော ဒေသများတွင် ဆွေမျိုးမဟုတ်သောလူများ အတူတူစုနေမှ အဆင်ပြေမည်ဖြစ်ရာ မြန်မာ့လူ့ အသိုက်အ၀န်းတွင် အိမ်ငှား အလိုရှိသည် (မိန်းကလေးသာ) ဆိုသော ကြော်ငြာများမှာ တွေ့မြင်နေကျ ဖြစ်သော်လည်း ၄င်း၏ ပြောင်းပြန် အိမ်ငှား အလိုရှိသည် (ယောက်ျားလေးသာ) ဆိုသော ကြော်ငြာမှာ အနောက်အရပ်က နေထွက်သည့်နှယ် တွေ့မြင်ဖို့ မဖြစ်နိုင်သလောက်ရှိလေသည်။

အကျိုးရလဒ်ကား လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းပင်တည်း။ အမျိုးသားများအဖို့ နေစရာပင် ရှာမရသဖြင့် တိုးဝှေ့ ပြွတ်သိပ် နေနေရလင့်ကစား အမျိုးသမီးများမှာ နေစရာ တပုံတပင် ရှိသည်ဟုပင် ဆိုရမည်။ ဖြစ်ရပ်တစ်ခုတွင် စာရေးသူ၏ မိတ်ဆွေ တစ်ဦးက စာရေးသူအား နင်တို့က ဘယ်နေရာနား ခွေခွေ ခေါက်ခေါက် ထိုးထည့်လိုက်လို့ ရတယ်ဟု ပြောဖူးသည်။ ကြိုတင် ဆုံးဖြတ်မှု (စမနကြိငခန) မပါပဲ စဉ်းစားမည်ဆိုပါက အမျိုးသားများသည်လဲ လူသားများပင်ဖြစ်သဖြင့် သူပြောသလို ခွေခွေ ခေါက်ခေါက် ဖြစ်သလို ပြွတ်သိပ် ကျပ်ညှပ်နေသော (စာရေးသူအကြိုက်ဆုံး စကားစုဖြစ်သည့် ၀က်များကဲ့သို့နေရသည့်)နေရာတွင် နေလိုမည်မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲ။

စာရှုသူ အဆွေ၊ သင်ယုံကြည်သော စံနှုန်း၊ စံသတ်မှတ်ချက်များကို ခေတ္တမေ့ထားလိုက်ပါ။ စာရေးသူ ပြောမည့် မြင်ကွင်းကို တချက် ပုံဖော်ကြည့်ပါ။ လူတစ်စုရှိသည်။ အဆိုပါ လူစုတွင် တ၀က်သော လူတို့သည် အခြားသော တ၀က်ကို အများပြည်သူဆိုင်ရာ နေရာများ (ကား၊ ရထား စသည်) တို့တွင် နေရာကောင်းကို ပေးရလေ့ရှိသည်။ (ပင်ပန်းဆင်းရဲသော) အလုပ်အများစုကို တ၀က်သော လူတို့သည် ကျန်တ၀က်ကို မလုပ်စေပဲ လုပ်ပေးရလေ့ရှိသည်။ (ကျန်တ၀က်က ဘယ်တော့မှ မလုပ်) တ၀က်သော လူတို့သည် ၀က်တို့၏ တင်းကုပ်ကဲ့သို့ ပြွတ်သိပ် ကျပ်ညှပ်နေသော အိမ်ခန်းများတွင် နေရပြီး ကျန်တ၀က်သည် မိမိ စိတ်ကြိုက်ရွေးချယ်ထားသော အိမ်ခန်းများတွင် သက်သာချောင်ချိစွာနှင့် နေနေရသည်။ အဆိုပါ မြင်ကွင်းသည် တရားမျတပါ၏လော။

အကယ်၍သာ တရားမမျတဟု အဆွေ ထင်မြင်ခဲ့ပါလျင် မည်သည့်အရာသည် တရားခံဖြစ်ပါသနည်း၊ တရားမျတအောင် အဆွေ မည်သို့ ဆောင်ရွက်မည်နည်း။ စာရေးသူအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်၍ ဖြစ်နိုင်သော အဖြေ (Solution) ကို သိလိုလှပါသည်။

2 comments:

the the said...

ဒါလဲ အစဉ်အလာ ကို မ ဖျောက် နိုင် လို့ပါ။

Rita said...

ယောက်ျားတွေ အဲလောက် သနားစရာကောင်းမှန်း အစက မသိခဲ့ဘူး။