ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Tuesday, January 1, 2008

အိပ်မက်ပျောက်ကြသူများ

စာရေးသူ တတိယတန်းမှာတုန်းက မြန်မာစာဆရာမ (အမည်မေ့နေပြီ) က စာရေးသူကိုခေါ်ပြီး အားမရတဲ့အကြောင်း၊ အရင်လို (ပထမတန်းတုန်းက သူက စာရေးသူရဲ့ အတန်းပိုင် ဆရာမကိုး) စာကြိုးစားဖို့ အကြောင်း၊ ရည်မှန်းချက် ထားသင့်တဲ့အကြောင်း ခေါ်ဆုံးမပါတယ်။ သူစပြီး ပြောတဲ့ စကားတခွန်း စာရေးသူ အခုထက်ထိ မှတ်မိပါသေးတယ်။ "သား ကြီးရင် ဘာဖြစ်ချင်တာလဲ။ ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာကြီးလား၊ စစ်ဗိုလ်ကြီးလား။" တဲ့။

ဒီစာတမ်းငယ်ဟာ စာရေးသူကို ဆရာမက ဆုံးမတဲ့ အကြောင်းမဟုတ်ပါဘူး။ (စကားမစပ် သူ့ရဲ့ ကျေးဇူးတွေ စာရေးသူအပေါ်မှာ များလှပါတယ်။) အိပ်မက်မက်ခွင့် မရတာတောင် မဟုတ်တဲ့ အိပ်မက်ပျောက်ကြတဲ့ ယနေ့ခေတ် လူငယ်တွေရဲ့ အကြောင်းနဲ့ ဒီကိစ္စကို ဘယ်လိုတည့်မတ်မလဲလို့ မေးခွန်းထုတ်မဲ့ ဆောင်းပါး စာတမ်းငယ် ဖြစ်ပါတယ်။ စောစောက ဆရာမ မေးခဲ့တဲ့ မေးခွန်းလေးနဲ့ စာတမ်းကို ဖွင့်တာက ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ မရည်ရွယ်ပဲနဲ့ အိပ်မက်ကို ဖျောက်ပစ်တဲ့ ဖြစ်ရပ်တွေကို ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။ စာရှုသူ ပြန်ဖတ်ကြည့်ပါ။ မေးခွန်းဟာ အဖွင့်မေးခွန်းလိုလိုနဲ့ တကယ်တမ်းကျတော့ ၃ ခုထဲက ၁ ခုကို ရွေးချယ်ခိုင်းတဲ့ အပိတ်မေးခွန်းဖြစ်နေပါတယ်။ (စာရေးသူက ကိုယ်ဖြစ်ချင်တဲ့ သိပ္ပံပညာရှင်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်လို့ ဖြေခဲ့ပါတယ်။) ဆရာမကတော့ စာရေးသူကို ဒီကလေး ဒီ ၃ မျိုးတည်းက တခုခုပဲ ဖြစ်မြောက်လာစေသတည်း၊ ကျန်တာတွေ မဖြစ်စေသတည်းဆိုပြီး ရည်ရွယ်မေးတာ မဟုတ်ပေမဲ့ အဲဒီလိုမျိုးဆန်ဆန် ဖြစ်နေပါတယ်။

အဓိက ပြောချင်တာကတော့ ယနေ့လူငယ်တွေမှာ မိမိတို့ အနာဂါတ်အတွက် ဘယ်လို အသက်မွေးဝမ်းကျောင်းနိုင်တဲ့ အခွင့်အလမ်းတွေ ရှိသလဲဆိုတာတောင် မသိဖြစ်ကြရအောင် (အိပ်မက် ပျောက်ကြရအောင်) အခြေအနေတွေက တွန်းပို့နေကြပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်တို့ဟာ ပစားပေးခံကြရတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ ဖြစ်လာရုံမက လူငယ်တွေအနေနဲ့ တခြားသော အသက်မွေးဝမ်းကျောင်းပညာတွေရဲ့ တည်ရှိမှုကိုတောင် မသိပဲ ဖြစ်လာစေတာဟာ ယခင်က ကျင့်သုံးခဲ့တဲ့ ခေတ်စနစ်တစ်ခုရဲ့ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတစ်ခုကြောင့် ဖြစ်သလို မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ စံလွဲမှုတွေကြောင့်လဲ ပါပါတယ်။

စာရှုသူတို့ ကြုံရာ ကျပန်း အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းသား/သူတွေကို အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်ကို မေးကြည့်လိုက်ပါ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် (စစ်သမီး သူနာပြု) တခုခု ဖြေဖို့က ၉၀% သေချာပါတယ်။ အဲဒါတွေရဲ့ နောက်မှာ ကိုယ်ဟန်ပြမယ် (မော်လ်ဒယ်လ်)၊ အဆိုရှင်၊ သရုပ်ဆောင် (မင်းသား/မင်းသမီး) သို့မဟုတ် စီးပွားရေး ပညာရှင် လို့ဖြေဖို့က ၉% လောက်ထပ်သေချာပါတယ်။ စာရေးသူ မေးပါမယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ အနုပညာရှင်တွေ ချည်းပဲနဲ့ တိုင်းပြည်တစ်ခု တည်ထောင် (ထိန်းသိမ်း) ဖို့ ဖြစ်နိုင်ပါမလား (အဲဒါတွေ မကောင်းဘူးလို့ မဆိုလို)။

ဒီလိုဖြစ်ရခြင်းဟာ မသိနားမလည်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာကို လိုက်နာလိုမှုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားများကြောင့် လို့ စာရေးသူက သုံးသပ်ပါတယ်။ လူသားများဟာ သဘာဝအားဖြင့် မသေချာမှုကို ကြောက်ရွံ့ကြပြီး စွန့်စားမှုကို မလိုလားကြပါဘူး။ အဲဒါရဲ့ နောက်ဆက်တွဲအဖြစ် အစဉ်အလာအတိုင်း (လုပ်ရိုးလုပ်စဉ်အတိုင်း) လုပ်ဆောင်ချင်လာကြပါတယ်။ အဲဒီလို မလုပ်ဆောင်သူကိုလဲ ပတ်ဝန်းကျင်က စည်းပြင်ထွက်နေတဲ့ လူ့ခွစာ/လူ့ကန့်လန့် တစ်ယောက်လို့ သတ်မှတ်ပြီး ဖိအားပေးလေ့ ရှိပါတယ်။ ဒီစာတမ်းငယ်မှာ စာရေးသူအနေနဲ့ တခုနဲ့ တခု ဂျာအေး သူ့အမေရိုက်သလို ဆက်စပ်နေတဲ့ ပထမ အကြောင်းရင်း ၃ ခုအနက်မှ ပထမ ၂ ခုကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ (နောက်ဆုံးတစ်ခုက ကျယ်ပြန့်တဲ့အတွက် အိပ်မက်ပျောက်ကြသူများ အပိုင်း ၂ မှာ ဆွေးနွေးမှာဖြစ်ပါတယ်)

တက္ကသိုလ်ဝင်တန်း အောင်ပြီးခါစ ပုံမှန် ကျောင်းသားတစ်ယောက်ဟာ တက္ကသိုလ်လမ်းညွှန်စာအုပ်ထဲက ဘာသာရပ်တွေအကြောင်းကို တိတိကျကျ မသိရှိပါဘူး။ ဥပမာအားဖြင့် ကွန်ပျူတာ သိပ္ပံ၊ ကွန်ပျူတာ နည်းပညာ နဲ့ ကွန်ပျူတာ အင်ဂျင်နီယာ (ပထမတစ်ခုကို ကွန်ပျူတာ တက္ကသိုလ်များနှင့် ဒေသန္တရ ကောလိပ်များတွင် သင်ကြားပြီး ဒုတိယတစ်ခုကို ကွန်ပျူတာ တက္ကသိုလ်များတွင် သင်ကြားသည်၊ နောက်ဆုံးတစ်ခုကို အစိုးရ နည်းပညာကောလိပ်များတွင် သင်ယူရရှိနိုင်သည်) တို့ရဲ့ ကွာခြားချက်ကို မသိရှိပါဘူး။ စာရေးသူကိုယ်တိုင်တောင် အဏ္ဏ၀ါဗေဒ (Marine Biology) ကို ရေတပ်သားတွေ သင်ယူရတဲ့ ဇီဝဗေဒလို့ ထင်မှတ်ခဲ့ဖူးပါတယ်။ အဲဒီတော့ မသိတာတွေကို သင်ယူပြီး (ကျောင်း၊ လုပ်ငန်းခွင်နဲ့ လက်တွေ့ဘ၀မှာ) အခက်အခဲတွေ တွေ့ကြုံနေမဲ့တူတူ သိထားပြီး ဖြစ်တဲ့ လမ်းရိုးအတိုင်း လုပ်ဆောင်ကာ အမှတ်အမြင့်ဆုံး ဘာသာတွဲမှ အမှတ်အနိမ့်ဆုံး ဘာသာတွဲအထိ စီကာစဉ်ကာ လျှောက်ထားကြပါတော့တယ်။ (တွက်ကိန်းကတော့ ဒီဘာသာတွေကိုယူရင် အဆိုးဆုံးအခြေအနေကို သိတယ်၊ ဒီထက်ပိုမဆိုးဘူး၊ တခြားဘာသာတွေဆိုရင် ဒီ့ထက် ပိုဆိုးကောင်းဆိုးနိုင်တယ်ဆိုတဲ့ တွက်ကိန်းပဲ ဖြစ်ပါတယ်။) အဲဒီမှာ အမှတ်မြင့်တဲ့ ဘာသာတွဲတွေကို ဦးစားပေး လျှောက်လေ့ရှိတဲ့ အစဉ်အလာ ဖြစ်ပေါ်လာပါတယ်။ (တော်တဲ့လူ ဆေးတက္ကသိုလ်သွား၊ အဲလောက် မတော်တဲ့လူ စက်မှုတက္ကသိုလ်သွား ... စသည် စသည်)

အစဉ်အလာတစ်ခု ဖြစ်ပေါ်လာပြီဆိုရင် အဲဒီ အစဉ်အလာကို တော်လှန်ဖို့ (အထူးသဖြင့် ၁၆၊ ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်အနေနဲ့) အလွန်ခက်ခဲပါတယ်။ အပေါင်းအသင်း သူငယ်ချင်းတွေကတော့ ဆရာဝန်ဖြစ်နေချိန်မှာ ငါက ခွေးဖြစ်နေမလားဆိုတဲ့ အချင်းချင်း ဖိအား (peer pressure) အပြင် မိဘဆွေမျိုး အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ရဲ့ ဖိအားကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ (ဒီနေရာမှာ သတိထားဖို့က အဲဒီ အသိုင်းအ၀ိုင်း ကိုယ်တိုင်ကပါ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာရဲ့ ဖိအားတွေကို ခံစားခဲ့/နေရ တာဖြစ်ပါတယ်) ပိုပြီး ဆိုးသွားစေတာက မြန်မာ့လူ့အသိုက်အ၀န်းမှာ မိဘဆွေမျိုးတွေရဲ့ အလိုကို ဆန့်ကျင်ရခြင်းကလဲ အလွန်တရာမှ ခက်ခဲနေတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပဲ အနှစ်သာရမရှိတဲ့ ဒီအစဉ်အလာဟာ တည်တံ့နေပါတယ်။

စာရှုသူ မိတ်ဆွေများ စဉ်းစားကြည့်ပါ။ လူငယ်တစ်ယောက်ဟာ သူ့အနေနဲ့ ဘာမှန်းသေသေချာချာမသိတဲ့ (အနာဂါတ်မှာ သူ့ရဲ့ ရွယ်တူတွေထက် ဘ၀အဆင့်အတန်း နိမ့်ကောင်း နိမ့်နေမဲ့) အသက်မွေးဝမ်းကျောင်းကို သူချစ်မြတ်နိုးတဲ့ မိသားစုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး (တချို့သောသူတွေရဲ့ အဟားခံပြီး) ရွေးချယ်မလား၊ သူ့အပေါင်းအသင်းတွေနဲ့ တူတူပဲ လမ်းရိုးကို လိုက်လို့ ၀င်ငွေ အထိုက်အလျောက်ကောင်းတဲ့ အသက်မွေးဝမ်းကျောင်းကို ရွေးချယ်မှာလား။ အဖြေက ရှင်းလင်းလှပါတယ်။ အဲဒါနဲ့ပဲ ဆရာဝန် ပွဲစား၊ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် မင်းသား၊ ဆရာဝန် အဆိုရှင် စတာတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဆေးကုသပြုစုမှုကို မခံစားရတဲ့ လူသားတွေအတွက်ရော၊ မလိုအပ်ပဲ အချိန်ကုန်ခံ၊ ငွေကုန်ခံ သင်ကြားခဲ့ရတဲ့ သူတို့အတွက်ရော၊ တကယ်ဆေးကုချင်ရက်နဲ့ သူတို့ကို နေရာပေးလို့ တခြား အသက်မွေးဝမ်းကျောင်းပညာကို သင်ကြားလိုက်ရတဲ့ (အမှတ်နိမ့်တဲ့) လူငယ်တွေအတွက်ရော နစ်နာလှပါတယ်။ ဒီလိုနစ်နာမှုတွေ မဖြစ်ပေါ်ရအောင်လို့ အစဉ်အလာကို တော်လှန်ခြင်းဆိုင်ရာ သီအိုရီများကို အသုံးချခြင်းနဲ့ ပတ်သက်လို့ အိပ်မက်ပျောက်ကြသူများ အပိုင်း ၂ မှာ တင်ပြမှာဖြစ်ကြောင်း ပြောကြားရင် နိဂုံးချုပ်အပ်ပါတယ်။

1 comment:

madyjune said...

just read my latest post for reply