ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Thursday, July 31, 2008

စိန့်ပီတာစဘတ် ၀ိရောဒိ

ခေါင်းပန်းလှန်တမ်း ကစားကြရအောင်။ ပထမ စစချင်းမှာ ဒိုင်က ပိုက်ဆံ ၁ ကျပ်လောင်းပါမယ်။ ခေါင်း (Head) ကျရင် စာရှုသူက ပိုက်ဆံ ၁ ကျပ် ရပါမယ်။ ကစားပွဲလဲ ပြီးပါမယ်။ တကယ်လို့ ပန်း (Tail) ကျသွားရင်တော့ ဒိုင်က ပိုက်ဆံ ၂ ကျပ် (အရင်တခါ လောင်းထားတဲ့ ပမာဏကို ၂ နဲ့ မြှောက်ပြီး) လောင်းပါမယ်။ ခေါင်းကျရင် စာရှုသူ ပိုက်ဆံ ၂ ကျပ်ရပါမယ်။ ပန်းကျရင်တော့ ဒိုင်က ပိုက်ဆံ ၄ ကျပ် (အရင်တခါ ၂ ကျပ်ကို ၂ နဲ့ မြှောက်ပြီး) လောင်းပါမယ်။ အဲဒီလိုနဲ့ ပန်းမကျမချင်း ဆက်လောင်းသွားမှာ ဖြစ်ပါတယ်။ ဒီကစားပွဲကို စာရှုသူ ကစားရမယ်ဆိုရင် ၀င်ကြေး ဘယ်လောက် ပေးမှာလဲ။ (ဒါမှမဟုတ် ၀င်ကြေးကို ဘယ်လောက် သတ်မှတ်သင့်သလဲ။)

ပထမဆုံး ဖြစ်တန်စွမ်း သီဝရီအရ မျှော်မှန်းတန်ဖိုး (Expected value) E ကို တွက်ကြည့်ရအောင်။

E = (½) x 1 + (½ x ½) x 2 + (½ x ½ x ½) x 4 + (½ x ½ x ½ x ½) x 8 + …

E = Sum(k = 1 to infinity) (½)k x 2(k-1) = infinity

မျှော်မှန်းတန်ဖိုးဟာ အကန့်အသတ်မရှိကို ပြန့်ကားထွက်သွား (diverge) ပါတယ်။ အဓိပ္ပါယ်ကတော့ ကစားပွဲ တစ်ပွဲစီတိုင်းမှာ စာရှုသူရမဲ့ (နိုင်မဲ့) ပိုက်ဆံက အကန့်အသတ်မရှိပါတဲ့။ မျှော်မှန်းတန်ဖိုးဆိုတာက ဖြစ်တန်စွမ်းဆိုင်ရာ ဖြစ်စဉ် (Probabilistic event) တစ်ခုကို အခေါက်ပေါင်းများစွာ ဖြစ်စေရင် ပျမ်းမျှအားဖြင့် ရလာမဲ့ တန်ဖိုးပါတဲ့။ အဆုံးသတ် ကောက်ချက်ချတော့ ၀င်ကြေးဟာ ဘယ်လောက်ပဲ ဖြစ်ဖြစ် ဒီကစားပွဲကို ကစားဖို့ တယောက်ယောက်က ဖိတ်ခေါ်ခဲ့ရင် စာရှုသူ မကစားပဲ မနေပါနဲ့။ ကစားကို ကစားပါ။ ရေရှည်မှာ စာရှုသူဘက်က အသာချည်းပါပဲလို့ အဖြေထွက်လာပါတယ်။

ဒီအဆို ဘယ်လောက်မှန်နိုင်လဲ စဉ်းစားကြည့်ရအောင်။ ဒီပြဿနာကို နီကိုးလပ်စ် ဘာနောလီးက ထောက်ပြကတည်းက ဒီလိုကစားရင် စာရှုသူဘက်က ဂိန်ကို ဂိန်မယ်ဆိုတာ လူတွေက သိပါသတဲ့။ ဒါပေမဲ့ သင်္ချာနည်းနဲ့ အဖြေထုတ်တော့ စာရှုသူဘက်က ပွပေါက်တိုးပြီလို့ အဖြေထွက်နေတယ်။ ဖြစ်တန်စွမ်း သီဝရီကို မြောင်းထဲပို့ရတော့မလား။ ဒီပြဿနာကို စိန့်ပီတာစဘတ် ၀ိရောဒိလို့ ခေါ်ပါတယ်။

စိန့်ပီတာစဘတ် ၀ိရောဒိကို အမျိုးမျိုး အဖြေထုတ်ခဲ့ကြပါတယ်။ သင်္ချာပညာရှင် အများစု လက်ခံထားတာကတော့ မျှော်မှန်း အသုံးကျမှု သီဝရီ (Expected Utility Theory) ရဲ့ ရှင်းချက်ပါ။ (စာရေးသူ နားမလည်ပါ။ ဖတ်ဖို့လဲ အချိန်မရှိလို့ပါ။) ဒါကြောင့် စာရေးသူပိုပြီး အကျွမ်းတ၀င်ဖြစ်တဲ့ ဖြစ်တန်စွမ်း ချိန်ဆခြင်း (Probability Weighing) နဲ့ ရှင်းပြပါမယ်။ (ဒီနေရာမှာ စီးပွားရေး ပညာရှင်တချို့က ဒီကစားပွဲမှာ ဒိုင်ဘက်က နာဖို့ချည်းသေချာနေတာကြောင့် ဘယ်ဒိုင်မှ ဒါမျိုး ပေးလောင်းမှာမဟုတ်တဲ့အတွက် အဖြေရှာစရာလဲ မလိုဘူးလို့ ရှင်းကြပါသေးတယ်။ စာရေးသူ သိပ်သဘောမကျပါ။)

ဖြစ်တန်စွမ်း ချိန်ဆခြင်းအရ စာရှုသူ အနိုင်ရမဲ့ ဖြစ်ရပ်ရဲ့ ဖြစ်တန်စွမ်းကိုပဲ ဦးတည်တွက်ချက်ပါမယ်။ ကစားပွဲကို ကစားဖို့ စာရှုသူဟာ ပိုက်ဆံ n ကျပ် (၃၂ ကျပ်လို့ထားပါ) ပေးရတယ်ဆိုပါတော့။ ဒါဆိုရင် ၁ ကျပ်၊ ၂ ကျပ်၊ ၄ ကျပ်၊ … ၊ n ကျပ် (၃၂ ကျပ်) ပဲ ပြန်ရရင် မကိုက်ပါဘူး။ (စာရှုသူဘက်က အရေးမသာပါဘူး။) အဲဒါကို ၁ ထဲကနေ ၁ ကျပ်၊ ၂ ကျပ်၊ ၄ ကျပ်၊ … ၊ n ကျပ်ရမဲ့ ဖြစ်တန်စွမ်းတွေကို နှုတ်ပြီး အောက်ပါအတိုင်း တွက်ရမှာဖြစ်ပါတယ်။

P(You win when you bet n) = 1 – P(1) – P(2) – P(4) - … - P(n) = 1 – P(H…) – P(TH…) – P(TTH) - … - P(Tlog(n)H) = 1 - Sum(k = 1 to n) P(Tlog(k)H)

P(You win when you bet n) = 1 - Sum(k = 1 to log(n)+1) ½k = ½log(n)+1

သေချာသတိထားကြည့်ရင် n ဟာ အကန့်အသတ်မရှိ ကြီးလာတာနဲ့အမျှ စာရှုသူဘက်က နိုင်မဲ့ ဖြစ်တန်စွမ်းဟာလဲ သုညနီးပါး ငယ်သွားတာကို တွေ့နိုင်ပါတယ်။ (၂ ကျပ်ဖိုးလောင်းရင် နိုင်ဖို့အခွင့်အလမ်းက ၄ ပုံ ၁ ပုံ ရှိပေမဲ့ ၃၂ ကျပ်ဖိုးလောင်းရင်တော့ နိုင်ဖို့အခွင့်အလမ်းက ၆၄ ပုံ ၁ ပုံ ပဲဖြစ်သွားပါပြီ။) ဒီဝိရောဒိက ပေးတဲ့ သင်ခန်းစာကတော့ မျှော်မှန်းတန်ဖိုးတစ်ခုတည်းကိုပဲ ကြည့်ပြီး နေရာတကာ ဆုံးဖြတ်ချက်ချလို့ မရကြောင်းပါပဲ။ တခါတလေမှာ မျှော်မှန်းတန်ဖိုးဟာ စုဆုံခြင်း (convergence) မဖြစ်တဲ့အခါမှာ ဒီလိုမျိုး ၀ိရောဒိတွေ ပေါ်ပေါက်လာတတ်ကြောင်း ရေးသားရင်း စိန့်ပီတာစဘတ် ၀ိရောဒိအကြောင်း ဆောင်းပါးငယ်ကို နိဂုံးချုပ်အပ်ပါတယ်။ စာရှုသူတို့အားလုံး ဖြစ်တန်စွမ်းသီဝရီကို အသုံးချလို့ လောဘသား လူလိမ်လူညာတို့ရဲ့ လိမ်လည်လှည့်စားခံရခြင်းဘေးမှ ကင်းဝေးပါစေ။

၁၇၂၆ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဆုံးပါးသွားတဲ့ နီကိုးလပ်စ် ဘာနောလီးကို ဒီဆောင်းပါးငယ်နဲ့ ဂုဏ်ပြုပါတယ်။

4 comments:

jie jie said...

i like ur consideration so carry on friend i will always make as a critic for all ur presentations.one of ur jie jies

သဉ္ဇာ - Thinzar said...

စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမယ့် နှစ်ခေါက်လောက် ဖတ်တာတောင် သိပ်နားမလည်သေးဘူး။ သေချာ ပြန်ဖတ်ကြည့်ရဦးမယ်။

ဟမ်းမား said...

Probability ကိုတော့ နားမလည်ပါဘူး။ ဒါပေမယ့် လောင်းကစားသမား သီအိုရီ နဲ့ တွက်ရင်တော့
(၂ ကျပ်ဖိုးလောင်းရင် နိုင်ဖို့အခွင့်အလမ်းက ၄ ပုံ ၁ ပုံ ရှိပေမဲ့ ၃၂ ကျပ်ဖိုးလောင်းရင်တော့ နိုင်ဖို့အခွင့်အလမ်းက ၆၄ ပုံ ၁ ပုံ ပဲဖြစ်သွားပါပြီ။)
ဆိုတာကို သံသယ ရှိပါတယ်။ ကျွန်တော့ အထင် နိုင်ဖို့ အခွင့်အလမ်းဆိုတာထက် နိုင်မယ့် ပမာဏ ဖြစ်ပါလိမ့်မယ်။ ကစားပွဲဟာ ၁ ကျပ်က စလောင်းပါတယ်။ ၂ ကျပ်ဖိုး လောင်းပြီး ပွဲရပ် သွားရင် လက်ထဲမှာ ၄ ကျပ် ရှိပါလိမ့်မယ်။ ဒါပေမယ့် အရင်းက ၃ ကျပ် (၁ + ၂) ။ ဒါကြောင့် အမြတ်က ၁ ကျပ်။ အမြတ်သည် စုစုပေါင်းရဲ့ လေးပုံ တစ်ပုံပါ။ ၃၂ ကျပ်ဖိုး လောင်းပြီးမှ ပွဲပြီးသွားရင်တော့ လက်ထဲမှာ ၆၄ ကျပ် ရှိလိမ့်မယ်။ အရင်းက ၆၃ ကျပ် (၁ + ၂ + ၄ + ၈ + ၁၆ + ၃၂) အမြတ်က ၁ ကျပ်ပါ။ ဒီလိုပါပဲ။ စဦးလောင်းခဲ့ တဲ့ ငွေ တစ်ကျပ်လေး ပြန်ရဖို့ကို မနိုင်မချင်း စပွားလိုက်ရတဲ့အတွက် Risk အရမ်းကြီးပါတယ်။ မကစားသင့်တဲ့ ပွဲပါ။ တစ်ချိန်ချိန်မှာ သေချာပေါက်ခေါင်းကျမယ်။ ပန်းချည့်ကျတာ မဖြစ်နိုင်ဘူးလို ပြောရအောင်လဲ ပွဲတိုင်းဟာ Probability 1/2 ပဲရှိတဲ့အတွက် အာမခံချက်မရှိပါဘူး။

Zaw Moe said...

ကျနော်ထင်တာ အဲ့ဒီ့သီအိုရီမှာ ထောက်ပြစရာဆိုလို့ ကစားတဲ့သူ အနိုင်နဲ့ပိုင်းလို့မရဘဲနဲ့
ဒိုင်ကနိုင်သွားရင် ဆက်မဆော့တော့ဘဲနဲ့ အနိုင်နဲ့ပိုင်းမှာမို့.. ဒိုင်ကသာပါတယ်..