မနေ့က စာရေးသူ အိမ်ကို ပြန်နေတုန်း အစ်မတော်က ချက်ချင်းပဲ G-talk ပေါ်ကို ကြွပါလို့ Message ပို့လာပါတယ်။ ဒါနဲ့ပဲ ဖုန်းကနေ G-talk ကို ဖွင့်လိုက်တော့ Query တစ်ခုကို run ထားတာ ၃ နာရီ နီးပါးရှိပြီ၊ အဖြေမထွက်သေးလို့ ဘယ့်နှယ်လုပ်ရပါ့လို့ မေးပါတော့တယ်။ ဒီ စာတမ်းငယ်မှာ အလားတူ ပြဿနာတစ်ရပ် (အရေးကြီး အချက်အလက်များ ပါဝင်နေသဖြင့် မူလပြဿနာကို မဖော်ပြနိုင်ပါ) ကို SQL Statement Level မှာ Optimize လုပ်ပုံကို ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။
ပရိဘောဂနဲ့ မီးဖိုချောင်သုံး ပစ္စည်း ရောင်းတဲ့ကုမ္ပဏီတစ်ခုမှာ ဖောက်သည်တွေရဲ့ အမည်၊ မွေးနေ့၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အချက်အလက်တွေကို Table တစ်ခုနဲ့ သိမ်းထားပါတယ် (Customer Table ဆိုပါစို့)။ ဖောက်သည်တွေ ပစ္စည်း မှာယူတိုင်းမှာ အမှာလက်ခံတဲ့ Table တစ်ခုလဲ ရှိပါတယ် (Order Table ဆိုပါစို့)။ Order Table ဟာ ကုမ္ပဏီ သက်တမ်းကြာတာနဲ့အမျှ အရမ်းကြီး လာတတ်လို့ Production run နေတဲ့ server မှာ ၃ - ၄ နှစ်စာပဲ ထားပြီး ကျန်တာကို သပ်သပ် သိမ်းထားလေ့ ရှိပါတယ်။
ဖြစ်ပုံက ပရိဘောဂ မ၀ယ်ဖူးသေးတဲ့ (မီးဖိုချောင်သုံး ပစ္စည်းပဲ ၀ယ်ဖူးတဲ့) ဖောက်သည်တွေကို အထူး အရောင်းမြှင့်တင်ရေး အစီအစဉ်နဲ့ ပရိဘောဂတွေ ဈေးချရောင်းမဲ့ အကြောင်း ကြော်ငြာစာ ပို့ချင်တာပါပဲ။ အဲဒါနဲ့ အောက်ပါ Query ကို ရေးပါတယ်။
SELECT cust_id, cust_name, cust_add
FROM customer_table
WHERE cust_id NOT IN (SELECT cust_id FROM order_table WHERE ord_type = ‘furniture’);
အဲဒီလို ရေးလိုက်တဲ့ Query ဟာ ၃ နာရီနီးပါး ကြာတဲ့အထိ မပြီးနိုင်လို့ စာရေးသူကို အပူကပ်ခြင်း ဖြစ်၏။ ဘာဖြစ်သနည်း အဖြေရှာသော် ...
ကုမ္ပဏီသည် ပရိဘောဂ အမှာစာ အများအပြား လက်ခံရရှိခဲ့ရာ Sub-query မှ Row အမြောက်အများကို ထုတ်ပေးလေသည်။ Row ၃ သောင်းကျော်တဲ့။ Customer Table တွင်လဲ Row အများအပြား ရှိပေလိမ့်မည်။ ယခု ဆွေးနွေးချက်တွင် Customer Table ၏ Size မှာ အရေးမကြီးပါ။ Query Optimizer သည် Sub-query မှ constant results ကို ထုတ်ပေးကြောင်း သိသဖြင့် Sub-query ကို တစ်ကြိမ်သာ Run မည်ပဲထား၊ Customer Table မှ Row တစ်ကြောင်းစီ (cust_id တစ်ခုစီ) အား Sub-query မှ ပေးသော Row ၃ သောင်းကျော်တွင် ပါ၊ မပါကို စိစစ်ရန်မှာ လွယ်ကူသော အလုပ် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တပြိုင်နက် အသုံးပြုသူ အမြောက်အများရှိတတ်သော Database Server တွင် အသုံးပြုသူတစ်ယောက် (Query တစ်ခု) အတွက် ခွဲဝေပေးသော ပင်မ မှတ်ဥာဏ် (Primary Memory or RAM) ပမာဏသည် အကန့်အသတ် ရှိသည့်အပြင် Order Table တွင် cust_id ဖြင့် index တစ်ခု မရှိနိုင်ခြင်းကြောင့် ဖြစ်သည်။
မှတ်ချက် ။ ။ စာပြန်ဖတ်ကြည့်ရာ NOT IN ဖြင့်ရေးလျှင် Sub-query ကို အကြိမ်ကြိမ် run လိမ့်မည်ဖြစ်ပြီး cust_id ဖြင့် index ရှိလဲ မသုံးဟု ဆိုသည်။ NOT EXISTS ဖြင့် ပြောင်းရေးလျှင်တော့ အဆိုပါ Index ကို သုံးကောင်း သုံးနိုင်သည်။ အကယ်၍ Order Table အတွက် cust_id ဖြင့် index တစ်ခု၊ ord_type အတွက် Index တစ်ခုရှိပါက NOT EXISTS ကို သုံးခြင်းဖြင့် အဖြေ မြန်မြန် ရနိုင်သည် ဆိုသည်။ သို့ရာတွင် Transaction Table ဖြစ်သော Order Table ၏ Primary Key မှာ Composite သော်လည်းကောင်း၊ Order Number သော်လည်းကောင်း ဖြစ်မည် ဖြစ်ပြီး မည်သည့် စိတ်မှန်သော Database Administrator မျှ ၂ နှစ်နေလို့ တစ်ခါ မလုပ်သော အရောင်းမြှင့်တင်ရေးအတွက် အဆိုပါ index များကို ဆောက်ထားမည် မဟုတ်။ Index ဆောက်ခြင်းသည် Insert နှင့် Update Query များအတွက် စွမ်းဆောင်ရည်ကို ကျဆင်းစေသည်။
သို့ဖြစ်၍ Customer Table မှ cust_id တစ်ခုစီအား Sub-query မှ ပေးသော Row ၃ သောင်းကျော်အတွင်း ပါ၊ မပါကို စိစစ်ရန် cust_id တစ်ခုစီအတွက် Sub-query အဖြေ ၃ သောင်းကျော်ကို တစ်ကြိမ်စီ ဖတ်ရမည် ဖြစ်သည်။ Sub-query အဖြေ ၃ သောင်းကျော်သည် ပင်မ မှတ်ဥာဏ်အတွင်း မဆန့်ပြန်ရာ ၄င်းတို့ကို အစိတ်စိတ်ပိုင်း၍ အရန် မှတ်ဥာဏ် (Auxiliary Memory or Disk) သို့ ရေးကာ ပြန်ပြန်ဖတ်ရမည်။ အရန် မှတ်ဥာဏ်သို့ ရေး/ဖတ် ရသည့် အလုပ်သည် နှေးကွေးသော အလုပ်ဖြစ်သဖြင့် Customer Table မှ cust_id တစ်ခုအတွက် CPU Cycle အများအပြား ကြာမြင့်မည်။ ထိုကြာသော အလုပ်ကို Customer Table အတွင်းမှ မြောက်များစွာသော Row များအတွက် အခါခါ လုပ်ရရာ ၃ နာရီ နီးပါး ကြာသော်လည်း မပြီးသည်မှာ မဆန်း။
နည်းလမ်းစဉ် သရုပ်ခွဲချက် (Algorithm Analysis) အရ Customer Table တွင် Row n ခု၊ Order Table တွင် Row m ခု၊ ပင်မ မှတ်ဥာဏ်တွင် cust_id ပေါင်း p ခု သိမ်းဆည်းထားနိုင်၍ cust_id ပေါင်း p ခုကို ပင်မ မှတ်ဥာဏ်အတွင်းသို့ ကူးယူရန် အချိန် c ကြာသည်ဆိုပါက ပင်မ မှတ်ဥာဏ်သို့ ရေးသည့် လုပ်ငန်းချည်း သက်သက် အတွက် O(nmc/p) ကြာမြင့်မည်။ Sub-query မှ Row ၃ သောင်း အဖြေရ၍ Customer Table တွင် Row ၄ သောင်း၊ p သည် ၄၀၀၀၊ c သည် ၀.၀၅ စက္ကန့် ဖြစ်ပါက ပင်မ မှတ်ဥာဏ်ပေါ်သို့ ကူးတင်သည့် ကိစ္စအတွက်ပင် ၄၀ ၀၀၀ x ၃၀ ၀၀၀၀ x ၀.၀၅ စက္ကန့် / ၄၀၀၀ = ၁၅၀၀၀ စက္ကန့် = ၄ နာရီ ၁၀ မိနစ် (ညတ်ချွာဖြား !!!) ကြာမြင့်မည်။
အဲဒါနဲ့ အောက်ပါ Query နဲ့ စမ်းကြည့်ဖို့ စာရေးသူက ပြောလိုက်ရပါတယ်။
SELECT cust_id, cust_name, cust_add
FROM customer_table
WHERE cust_id IN (SELECT cust_id FROM customer_table
MINUS
SELECT cust_id FROM order_table WHERE ord_type = ‘furniture’);
ခဏနဲ့ အဖြေရသွားပါသတဲ့။ ဘာများကွာသွားသလဲ စဉ်းစားကြည့်ရအောင်နော်။
ပထမဆုံးအချက်က Sub-query ရဲ့ Results သေးသွားပါတယ်၊ ဒုတိယအချက်ကတော့ IN က Customer Table ထဲက cust_id တစ်ခုချင်းစီအတွက် Sub-query Results ထဲမှာ တူတာ တစ်ခုတွေ့တာနဲ့ တွက်ချက်တာကို ရပ်လိုက်လို့ရပြီး (Short-circuiting လို့ ခေါ်ပါတယ်) မူလ NOT IN ကတော့ Sub-query Results ကုန်တော့မှ ရပ်လို့ရပါတယ်၊ တတိယနဲ့ နောက်ဆုံး အချက်ကတော့ MINUS က စီပြီးမှ အလုပ်လုပ်ပါတယ်။ အသေးစိတ် ရှင်းပြမယ်နော်။
အပေါ်က ဥပမာအတိုင်းဆိုလျှင် Sub-query မှ ပထမ SELECT Statement ရဲ့ အဖြေဟာ Row ၄ သောင်းရှိပြီး ဒုတိယ SELECT Statement ရဲ့ အဖြေဟာ Row ၃ သောင်း ရှိပါတယ်။ Referential Integrity Enforcement အရ Order Table ထဲက cust_id တွေရဲ့ အစုဟာ Customer Table ထဲက cust_id တွေရဲ့ အစုရဲ့ အစုပိုင်း ဖြစ်တာမို့ Sub-query ရဲ့ အဖြေက Row ၁ သောင်းသာ ရှိတော့မှာပေါ့။ ဒါကြောင့် ပင်မ မှတ်ဥာဏ်ထဲကို ရေးရသည့် အချိန်ဟာလဲ ၄၀ ၀၀၀ x ၁၀ ၀၀၀ x ၀.၀၅ စက္ကန့် / ၄၀၀၀ = ၅၀၀၀ စက္ကန့် = ၁ နာရီ ၂၄ မိနစ်အောက်သာ ရှိတော့မှာပေါ့။ အစ်မတော်ရဲ့ ပြဿနာကတော့ အရေအတွက် ကွာတာမို့ မိနစ်ပိုင်းနဲ့ အဖြေရပါသတဲ့၊ ကောင်းလေစွ။
Customer Table ထဲက cust_id တစ်ခုချင်းစီအတွက် ပင်မ မှတ်ဥာဏ်ထဲကို Sub-query Results ရေးထည့်ပြီး တူတာရှိ၊ မရှိ တိုက်ကြည့်ရပါတယ်။ IN ရဲ့ သဘော၊ သဘာဝက တူတာ တစ်ခု တွေ့တာနဲ့ စစ်တာကို ရပ်လိုက်လို့ရပါတယ်။ ပင်မ မှတ်ဥာဏ်ထဲ Sub-query Results အားလုံးကို တချိန်ထဲ ထည့်ထားလို့ မရတဲ့အတွက် p ခုစီ အခါခါထည့်ပြီး စစ်နေရာမှာ (p က ၄၀၀၀ ဆိုရင် Sub-query Results ၁ သောင်းကို Disk ထဲကနေ RAM ပေါ်ကို ၃ ခါခွဲပြီး ကူးတင်ရပါမယ်။) ရှာတွေ့သွားရင် အဲဒီ cust_id အတွက် ဆက်ထည့်ပေးဖို့ မလိုတော့ပါဘူး (ဥပမာ ပထမ ၄၀၀၀ ထဲမှာ ရှာတွေ့သွားရင် ကျန်တဲ့ ၆၀၀၀ ကို RAM ပေါ်ကို ကူးတင်ပေးစရာ မလိုတော့ပါဘူး၊ ၂ ခါသက်သာသွားပြီ)။ ဒါ့အပြင် နောက် cust_id တစ်ခုအတွက်လဲ လက်ရှိ ထည့်ထားတဲ့ ၄၀၀၀ နဲ့ ဆက်အလုပ်လုပ်နိုင်ပါသေးတယ် (၃ ခါ သက်သာသွားပြီ၊ တခါကို ၀.၀၅ စက္ကန့်ဆိုတော့ ၀.၁၅ စက္ကန့်သက်သာသွားပြီ)။ NOT IN မှာကတော့ အစအဆုံး တိုက်ရတဲ့အတွက် ဒီလိုလုပ်လို့ မရပါဘူး။
A MINUS B ကို တွက်တဲ့အခါမှာ Oracle Database Server က A ကို စီ၊ B ကို စီပြီးမှ Sorted File Merging နဲ့တူတဲ့ နည်းလမ်းစဉ်ကို အသုံးပြု တွက်ချက်တာမို့ စာရေးသူတင်ပြတဲ့ Sub-query ရဲ့ အချိန်အားဖြင့် ခက်ခဲမှု (Time Complexity) ဟာ O(nlog(n) + mlog(m) + m + n) ပဲ ရှိပါတယ်။ (m နှင့် n သည် Customer Table ရဲ့ Size နှင့် Order Table မှ မတူညီသော cust_id အရေအတွက်တို့ အသီးသီး ဖြစ်သည်။) ဒါပေမဲ့ Customer Table မှာ cust_id ဟာ primary key ဖြစ်လို့ သူ့ Index ကို သုံးမယ်ဆိုရင် O(mlog(m) + m + n) ပဲ ကျန်ပါလိမ့်မယ်။ Cache ရှိမယ်ဆိုရင်တော့ Sub-query ရဲ့ ကုန်ကျစရိတ်ဟာ မရှိသလောက် နည်းသွားမှာ ဖြစ်ပါတယ်။
မှတ်ချက် ။ ။ NOT EXISTS ကို အသုံးပြုရေးသားလျှင်ကား Customer Table မှ cust_id တစ်ခုစီအတွက် Sub-query တစ်မျိုးစီ တွက်ထုတ်မည် ဖြစ်သည်။ သို့ရာတွင် Order Table တွင် cust_id ဖြင့် index မရှိနိုင်ရာ Short-circuiting သုံးနိုင်သော်လည်း Order Table ကို full table scan လုပ်ရမှာပဲ ဖြစ်သည်။ ထိုသို့ဆိုလျှင် စာရေးသူ တင်ပြသော နည်းလမ်းနှင့် ကြာချိန်တူတူလောက်ပဲ ဖြစ်မည်။ သို့ရာတွင် Database Server များတွင် Query Results များကို Cache လုပ်ထားတတ်ရာ cust_id တစ်ခုစီအတွက် Sub-query တစ်မျိုးစီ တွက်ထုတ်နေသာ နည်းလမ်းသည် အမြဲ Cache Miss ဖြစ်နေပြီး Sub-query တစ်မျိုးတည်းသာရှိသော စာရေးသူ တင်ပြသည့် နည်းလမ်းမှာကား Cache ကို အကျိုးရှိစွာ အသုံးချနိုင်သဖြင့် စာရေးသူ တင်ပြသော နည်းလမ်းက ပိုမိုကောင်းမွန်သည်ဟု ဆိုနိုင်သည်။
Database နည်းပညာဟာ အလုပ်လုပ်ပုံ အသေးစိတ်ကို သုံးစွဲသူ ခေါင်းမရှုပ်ရအောင် ၀ှက်ထားပေးတယ်ဆိုပေမဲ့ တခါတလေမှာ သူ့ရဲ့ Statistics နဲ့ Query Optimizer Algorithm ဟာ သုံးစွဲသူရဲ့ Knowledge ကို မယှဉ်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ရဲ့ Query ကို Execute ရာမှာ လိုတာထက် ပိုကြာနေပြီဆိုရင် သင့်အနေနဲ့ ၀င်ပါရတော့မှာ ဖြစ်ပါတယ်။ System Level Optimization, DBA Level Optimization စတာတွေကို အသုံးပြုသူတိုင်း ဆောင်ရွက်ခွင့် မရကြပါဘူး။ အဲဒီအခါမျိုးမှာ Query Optimizer ရဲ့ Query Plan Formulation Logic နဲ့ အခြေခံ နည်းလမ်းစဉ် သရုပ်ခွဲပညာတို့နဲ့ ယဉ်ပါးတဲ့ သုံးစွဲသူများအနေနဲ့ အထက်ဖော်ပြပါကဲ့သို့ SQL Statement Level Optimization များကို ဆောင်ရွက်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။
http://download.oracle.com/docs/html/A86647_01/vmqtune.htm#1004143 ကိုမှီငြမ်းပါသည်။
2 comments:
နောက်ဆုံး စာရေးသူရဲ့ အဖြေမှန်မှာ IN အစား EXISTS ကိုပြောင်းသုံးမယ်ဆိုရင် time complexity တူမတူ သိချင်ပါတယ်.. သိထားတာက EXISTS ကလဲ sub query က record တခုနဲ့ ပြေလည်ပြီဆိုတာနဲ့ true ပြန်တယ်လို့ သိထားလို့ပါ.. ဘယ်ဟာက ပိုပြီး efficient ဖြစ်မလဲသိချင်ပါတယ်
NOT IN နဲ့ NOT EXISTS ANY ဖြစ်ပါတယ်။ IN နဲ့ EXISTS ALL မဟုတ်ပါ။
NOT IN နဲ့ NOT EXISTS ANY က Worst Case Time Complexity တူပါတယ်။ ဒါပေမဲ့ NOT EXISTS ANY ဆိုရင် အပြင် Query က Looping ပတ်နေတဲ့ current key ပေါ် မူတည်ပြီး အပြင် Query က key တစ်ခုချင်းစီအတွက် sub-query တစ်ခုစီ formulate နေတာမို့လို့ cache management မှာ NOT IN က NOT EXISTS ထက်ပိုပြီး efficient ဖြစ်နိုင်ပါတယ်။ (တကယ်လို့ sub-query မှာ တိုက်စစ်တဲ့ field အတွက် index မရှိရင်ပေါ့လေ။)
နောက်ဆက်တွဲအနေနဲ့က ဘယ်ဟာပိုကောင်းသလဲကို Query Optimizer အနေနဲ့ သူ့ဘာသာသူ ဆုံးဖြတ်နိုင်အောင် (ဆိုလိုတာက စောစောက index ရှိမရှိ ပေါ်မူတည်ပြီး Algorithm ပြောင်းနိုင်အောင်) လို့ Sub-query မသုံးပဲ Outer Join ကို သုံးသင့်တယ်လို့ ဆရာတစ်ယောက်ကလဲ အီးမေးလ်နဲ့ ထောက်ပြထားပါတယ်။ ဒီမှာ မူရင်းပါ။
"Personally, I prefer joins to nested selects. (because I am scared of
recursion and stuffs like that.)
If I am to slove the problem, I will "outer join" the table customers
and the view (or temp table) of subset of orders which are not
furniture, and report the ones where customerid in this order subset
is null."
Post a Comment