ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Wednesday, October 17, 2007

မြန်မာနိုင်ငံ စာမေးပွဲစနစ်ကို သင်္ချာနည်းဖြင့် လေ့လာဆန်းစစ်ခြင်း။

စင်ကာပူ အမျိုးသား တက္ကသိုလ်၊ တွက်ချက်မှုပညာ ကျောင်းခွဲ (National University of Singapore – School of Computing) က အသစ်စက်စက် ဒုတိယဌာနမှူးက မြန်မာနိုင်ငံကျောင်းသားတွေရဲ့ ကျောင်းလျှောက်လွှာများကို အကဲဖြတ်ရာမှာ အမှတ်စာရင်းတွေကို အဓိပ္ပါယ်မသိရှိပဲ အခက်ကြုံနေလို့ စာရေးသူတို့ လက်ရှိ ကျောင်းသားများကို ခေါ်ယူမေးမြန်းပါတယ်။ တတ်အားသမျှ ရှင်းပြအပြီးမှာ မြန်မာနိုင်ငံရဲ့ စာမေးပွဲစနစ်ကို သင်္ချာနည်းနဲ့ လွယ်လွယ်ပုံစံထုတ်ပြလို့ ရမလားလို့ စာရေးသူတွေးမိပါတယ်။ အဲဒါနဲ့ ဒီစာတမ်းကို ရေးသားဖြစ်ပါတယ်။

ဒုတိယ ဌာနမှူးလိုအပ်နေတာက က၊ ခ၊ ဂ၊ ဃ၊ ကျ အက္ခရာ အဆင့်တွေကနေပြီးတော့ ကျောင်းသားတွေရဲ့ ထူးချွန်ထက်မြက်မှုကို ပြန်လည်တွက်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို တွက်ထုတ်ဖို့အတွက် ကျောင်းသားတွေရဲ့ ထူးချွန်ထက်မြက်မှုကို အက္ခရာအဆင့်တွေကို ပြောင်းလိုက်တဲ့ မူလ မှီချက်ကို သိဖို့လိုအပ်ပါတယ်။ ဒီစာတမ်းငယ်မှာ အဆိုပါ မှီချက်ကို သင်္ချာနည်းနဲ့ ပုံစံထုတ်ဖို့ ကြိုးစားကြည့်မှာ ဖြစ်ပါတယ်။

ပထမဆုံး အတွေးထဲကို အလွယ်တကူ ၀င်ရောက်လာတာကတော့ စာမေးပွဲဆိုတာ ကျောင်းသားတွေရဲ့ အစုကို အောင်/ကျ ဆိုတဲ့ တန်ဖိုးနှစ်ခုတည်းရှိတဲ့ ရလဒ်အစု (Co-domain) ကို ပြောင်းပေးတဲ့ မှန်/မှား မီချက် (Binary function) အဖြစ် ပုံစံထုတ်ဖို့ပဲ ဖြစ်ပါတယ်။ (အမှန်တော့ အက္ခရာအဆင့်တွေ သတ်မှတ်တဲ့ မှီချက်ကို မှန်/မှား မှီချက်တွေ အဆင့်ဆင့် ထပ်ထားခြင်းဖြင့် တည်ဆောက်နိုင်ကြောင်း Induction အသုံးပြု သက်သေပြနိုင်တဲ့အတွက် ဆွေးနွေးရာမှာ ရှင်းလင်း လွယ်ကူစေဖို့ မှန်/မှား မှီချက်ကို အသုံးပြုခြင်း ဖြစ်ပါတယ်။) ဒီမှီချက်ကို ကျောင်းသားတွေရဲ့ ထူးချွန်မှုကို ရလဒ်အစုအဖြစ် ပြောင်းပေးတဲ့ မှီချက်အဖြစ် အလွယ်တကူ ပြောင်းလဲဖော်ပြနိုင်ကြောင်း မြင်သာပါတယ်။ ပထမဆုံး ပုံစံထုတ်လိုက်တဲ့ စာမေးပွဲ မှီချက်ကို အောက်တွင် ကြည့်ပါ။

f : X --> {P, F}
f (x) = P ; x >= thr
f (x) = F ; otherwise

where f = exam function for a certain subject; X = partial ordered set of merit of all students; x = merit of the student; thr = certain threshold value (pass mark); and P/F = pass/fail values.

ဒီ လှေခါးထစ်ပုံစံ မှီချက်ဟာ ဘာသာရပ်တစ်ခုတည်းအတွက်ပဲ ဖြစ်ပါတယ်။ ဘာသာရပ်တစ်ခုတည်းအတွက် မှီချက်ကို မှန်ကန်စွာ သတ်မှတ်ပြီးရင် ဘာသာရပ် အများအပြားအတွက် အလုပ်လုပ်နိုင်မဲ့ မှီချက်ကို တွက်ထုတ်ဖို့က လွယ်ကူသွားပြီ လို့မျှော်လင့်နိုင်ပါတယ်။ (နောက်ထပ် အတိုင်းအတာ - Dimension - တစ်ခု ထပ်ထည့်ရုံပဲ ဖြစ်ပါတယ်။)

ဒီနည်းနဲ့ ပုံစံထုတ်ရာမှာ တွက်ချက်မှု များတဲ့ ဘာသာရပ် (တွက်စာ) တွေအတွက် မှန်ကန်တိကျပေမဲ့ (အများ - Error - နည်းပါးပေမဲ့) ကျက်မှတ်မှုကို အလေးထားတဲ့ ဘာသာရပ် (ကျက်စာ) တွေအတွက် အမှား အရမ်းများနေဦးမယ်လို့ ခန့်မှန်းရပါတယ်။ (ဒီနေရာမှာ အမှားကို ရေတွက်ပုံရေတွက်နည်းကတော့ အောင်သင့်တဲ့လူကို ချပစ်ရင်၊ ကျသင့်တဲ့လူကို အောင်ပစ်ရင် အမှားတစ်ခုလို့ ရေတွက်ပါတယ်။ အဲဒီအမှားတွေကို ပေါင်းပြီး ကျောင်းသားဦးရေ စုစုပေါင်း - သို့မဟုတ် ထူးချွန်မှုအဆင့်အားလုံးပေါင်း Integration of student merit in numerical form - နဲ့စားလိုက်ရင် အမှား ရာနှုန်းကို ရမှာဖြစ်ပြီး အဲဒီရာနှုန်းဟာ လက်မခံနိုင်လောက်အောင် ကြီးနေမယ် - ၁၀၀% နားကို ကပ်နေမယ်လို့ ခန့်မှန်းရပါတယ်။) ဒီတွေ့ရှိချက်ဟာ ကျောင်းသားတွေရဲ့ ထူးချွန်မှုရဲ့ ပကတိ ဆူညံမှု (pure noise) ကြောင့် မဖြစ်နိုင်ဘူးလို့ ယူဆတာနဲ့ စာမေးပွဲ မှီချက်ကို ကျောင်းသားတွေရဲ့ ဘာသာရပ်ကို နားလည် အသုံးချနိုင်စွမ်းနဲ့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ဗဟုသုတ အတိုင်းအတာ နှစ်မျိုးပေါ် မူတည်သတ်မှတ်ဖို့ အောက်ပါအတိုင်း ကြိုးစားပါတယ်။

f X, Y --> {P, F}
f (x, y) = P ; ax + by + k >= thr
f (x, y) = F ; otherwise

where f = exam function for a certain subject; X = partial ordered set of the ability of student to apply subject knowledge; Y = partial ordered set of the student’s knowledge of the subject; x = ability of student to apply subject knowledge; y = student’s knowledge of the subject; thr = certain threshold value; P/F = pass/fail values.

ဒီမှီချက်ဟာ လှေခါးထစ်ပုံစံ မှီချက်မဟုတ်ပဲ အရောင်နှစ်မျိုး (အောင်/ကျ)ကို အနှုတ်လျှောစောက် (a/b ဟာအမြဲပဲ အနှုတ်ကိန်းဖြစ်နေပါတယ်) ရှိတဲ့ မျဉ်းဖြောင့် နဲ့ ခြားနားထားတဲ့ မှီချက်ပုံစံဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ နားလည်မှုစွမ်းရည်ကို ထည့်သွင်းမစဉ်းစားပဲ အလွတ်ကျက်မှတ်မှုကို အဓိကထားတဲ့ ဘာသာရပ်တွေမှာ လျှောစောက်ဟာ သုညလဲ ပဲဖြစ်နိုင်ပါတယ်။ အဲဒီ လျှောစောက်ဟာ အမြဲပဲ သတ်မှတ်ချက် ရှိပါတယ် (always defined)။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတ မရှိပဲ နားလည်အသုံးချနိုင်စွမ်း မရှိနိုင်လို့ဖြစ်ပါတယ်။ (x = 0 => y = 0)

ဒီမှီချက်ဟာ မူလ အတိုင်းအတာ တစ်မျိုးပါ လှေခါးထစ်ပုံစံမှီချက်နဲ့ နှိုင်းယှဉ်ရင် အတော်အတန် ပိုမိုတိကျတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ နှစ်အသီးသီးက ကျောင်းသားများရဲ့ အချက်အလက်များနဲ့ ပုံစံထပ်ကြည့်တဲ့အခါမှာ ခြားနားထားတဲ့ မျဉ်းဖြောင့်ကို (ဘာသာရပ်တစ်ခုတည်းမှာတောင်) နေရာချရခက်ခဲ (a/b နဲ့ ကိန်းသေ k) ကို တွက်ထုတ်ရခက်ခဲနေတာကို တွေ့ရှိရပါတယ်။ (မူလ လှေခါးထစ်ပုံ မှီချက်မှာလဲ ကိန်းသေ thr ကို အတိတ်က အချက်အလက်တွေအရ အတိအကျ သတ်မှတ်လို့ မရတာကို တွေ့ရှိရပါတယ်။)

အကြောင်းရင်းကတော့ သတ်မှတ် အောင်ချက် ပြည့်မီအောင် လျှော့ပေါ့စဉ်းစားပေးတဲ့ စနစ် (moderation system) ကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ကျောင်းသားတွေကို ဘာသာရပ်ကို နားလည်နိုင်စွမ်းနဲ့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတတို့ပေါ်မူတည်ပြီး ပြင်ညီကိုသြဒိနိတ်ပေါ်မှာ (ကျောင်းသား တစ်ယောက် အမှတ်တစ်မှတ်နှုန်းနဲ့) နေရာချလိုက်ရင် ခြားထားတဲ့ မျဉ်းရဲ့ တဖက်ခြမ်း (အောင်တာကို ကိုယ်စားပြုတဲ့ အရောင်ထဲမှာ) လိုအပ်တဲ့ အမှတ်အရေအတွက် ရှိနေအောင်လို့ မျဉ်းရဲ့ လျှောစောက် (a/b) နဲ့ ကိန်းသေ (k) ကို လိုအပ်သလို ပြောင်းလဲ နေရတာကြောင့် ဖြစ်ပါတယ်။

အဲဒီတော့ နှစ်အလိုက် ပြောင်းလဲနေတဲ့ အဲဒီ ဂုဏ်သတ္တိကို သေချာ လေ့လာနိုင်ဖို့ အချိန် အတိုင်းအတာကို တတိယ အတိုင်းအတာအဖြစ် စာရေးသူတို့ မှီချက်ထဲကို ထပ်ထည့်လိုက်ပါတယ်။ (ဆိုလိုတာက a/b နဲ့ k ဟာ အချိန်ပေါ်မူတည်ပြီး ပြောင်းလဲသွားတဲ့ မှီချက်တွေ ဖြစ်သွားပါတယ်။ နောက်တနည်းမြင်လို့ရတာကတော့ အတိုင်းအတာ နှစ်မျိုးပါ စာမေးပွဲ မှီချက်ဟာ အချိန်ကို ရွှေ့ပေးလိုက်ရင် သက်ဝင်လှုပ်ရှား - animate - ဖြစ်ပါတယ်။)

ဒီလို အချိန် အတိုင်းအတာ ထပ်ထည့်လိုက်တော့ စာမေးပွဲမှီချက်ဟာ အတိတ်က အချက်အလက်များနဲ့ အတော်အတန် ကိုက်ညီမှု ရှိသွားပါတယ်။ ဒါပေမဲ့လဲ အနည်းငယ်မျှသော မကိုက်ညီမှုတွေ ရှိမြဲပါပဲ။ တချို့သော နေရာချမှုတွေမှာ (ကျောင်းသားတစ်ယောက် အမှတ်တစ်မှတ်နှုန်း) အောင်တဲ့ အရောင်ထဲ ရှိနေပေမဲ့ ကျနေတာ (နည်းပါးတတ်ပါတယ်) ကျတဲ့ အရောင်ထဲရှိနေပေမဲ့ အောင်နေတာ (ဘာကြောင့်မှန်းမသိ၊ အရည်အချင်း မပြည့်မီပဲ အောင်အောင်နေတဲ့ ကျောင်းသားများ များပြားတတ်ပါတယ်) တွေကို တွေ့ရှိနေရပါတယ်။ ရလဒ်ကတော့ စာရေးသူတို့ရဲ့ အချိန်နှင့်အမျှ သက်ဝင်လှုပ်ရှားနေတဲ့ စာမေးပွဲမှီချက်ဟာ တချက်တချက်မှာ ကွေးကောက်သွားတာပဲ။ ဒီလို ကွေးကောက်သွားမှုတွေက ကြုံရာကျပန်း သဘာဝရှိလို့ ဘယ်လိုနည်းနဲ့မှ သင်္ချာပုံစံထုတ်လို့မရပါဘူး။ လျစ်လျူရှုလိုက်ရအောင်လဲ စာရင်းအင်းပညာရှုထောင့်က ကြည့်ရင် အကြိမ်အရေအတွက် များပြားလွန်းလှပါတယ်။

နောက်ဆုံးတွေ့ရှိချက်အနေနဲ့ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ (တချက်တချက် ကွေးကောက်သွားတတ်တဲ့) မျဉ်းကွေးဟာ ကြိုတင် တွက်ဆရ ခက်ခဲ (မရဘူး မဟုတ်တောင် တွက်ချက်ရခက်ခဲသော သဘာဝရှိ) ပါတယ်။ အချိန်နှင့်လိုက်ပြီး ပြောင်းတဲ့နှုန်းကို သိရှိအောင်လို့ အချိန်နဲ့ differentiate လုပ်ပြန်တော့လဲ သုည သို့မဟုတ် ကိန်းသေ သို့မဟုတ် အဖြောင့်တိုင်း မှီချက် မရပဲ ရှုပ်ထွေးတဲ့ မှီချက်ကိုသာ ရရှိပါတယ်။

အဆုံးသတ်မှာတော့ မြန်မာ ကျောင်းသားများရဲ့ ထူးချွန်ထက်မြက်မှုကို အက္ခရာအဆင့်တွေကို ပြောင်းပေးတဲ့ မှီချက်ဟာ သင်္ချာနည်းနဲ့ လက်တွေ့ တွက်ချက်ဖို့ မဖြစ်နိုင်လောက်အောင် ရှုပ်ထွေးတဲ့အတွက် ပြောင်းပြန်မှီချက် (အက္ခရာအဆင့်တွေကနေ ထူးချွန်ထက်မြက်မှုကို ပြန်လည် တွက်ယူတဲ့ မှီချက်) ကို တွက်ထုတ်ဖို့ လက်ရှိ နည်းပညာ အဆင့်အတန်းနဲ့ တွက်ချက်ဖို့ မဖြစ်နိုင်သေးဘူးလို့ ကောက်ချက်ချရင်း ယခုစာတမ်းငယ်ကို နိဂုံးချုပ်အပ်ပါတယ်။

ကျေးဇူးတင်လွှာ။ ။ သရော်စာ စာတမ်းငယ် ဖြစ်မြောက်ရေးအတွက် အတွေးလမ်းစပေးခဲ့သော စင်ကာပူ အမျိုးသား တက္ကသိုလ်မှ ဒုတိယဌာနမှူး ဒေါက်တာ မိုဟန်း ကန်ကန်ဟယ်လီ၊ သင်္ချာနည်းစနစ်များ မှန်ကန်စနစ်ကျစေရန် Bayes' Classifier ကို ရှင်းပြပေးခဲ့သော စင်ကာပူ အမျိုးသား တက္ကသိုလ်မှ လက်ထောက် ပါမောက္ခ ဒေါက်တာ တဲရေ့စ် ဆင်းမ်၊ စာရေးသူအား သင်္ချာသင်ကြားပေးခဲ့သော စာရေးသူ၏ မိခင်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်မှ အလယ်တန်းပြဆရာ ဦးလင်းနိုင်၊ အထက်တန်းပြဆရာမ (ဟောင်း) ဒေါ်ရင်ရင်မြင့်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ ကထိက ဒေါက်တာ ဇော်ဝင်း၊ ရေကြောင်းပညာ တက္ကသိုလ်မှ ကထိက ဒေါက်တာ ရွှေကျော်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ သင်္ချာဌာနမှ ဒေါက်တာ မျိုးကေခိုင်နှင့် ဆရာ/မများကို အထူးကျေးဇူးတင်ရှိပါသည်။

1 comment:

Khunmyahlaing said...

ကိုလောရှည်က ဦးလင်းနိုင် လက်ထွက်ကိုး.. သူ့ကြောင့် ကျွန်မ ကိုးတန်း အောင်တာရှင့် စာကျက်လွန်ပြီး စာမေးပွဲခန်းထဲ အိပ်ငိုက်တာ မျက်စိဖွင့် မရတော့လို့ စာမေးပွဲ ကျတော့မယ် ထင်နေတာ သူအခန်းထဲ ၀င်လာတာ တွေ့မှ လန့် ပြီး မျက်စိပြူးသွားတာ ဒီတော့မှ စာမေးပွဲ ဆက်ဖြေလို့ရတာ ကမ္ဘာ့အလေးဆုံး အရာဟာ မျက်ခွံနဲ့ ကျက်စာကို ဖြေရခြင်းပဲ.. ဦးလင်းနိုင်ကို ကြုံရင် ပြောပြပေးပါ သူ့အတန်း မတက်ဖူးပေမယ့် ကိုးတန်းကို နှစ်ချင်းပေါက် အောင်တာ သူ့ကျေးဇူးပါလို့။ အဲလောက်ကို ပြောသံကြားနဲ့ ကြောက်တာ အဟီး။ အရိုက်ကြမ်းတာ နာမည်ကြီးမို့လို့။