ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Sunday, January 11, 2009

ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဆိုရာ၌

ဒီစာတမ်းငယ်လေးကို အမေးလေးနဲ့ စလိုက်ပါရစေ။ မေးပါမည်။ အရွယ်ရောက်ပြီး လူတစ်ယောက်သည် အခြား အရွယ်ရောက်ပြီး လူတစ်ယောက်၏ လွတ်လပ်ခွင့်ကို ထိပါးခြင်းသည် တရားမျှတပါ၏လော။ စာရှုသူဖြေပါ။ အဖြေရခက်နေလျှင် ထပ်မေးပေးပါမည်။ အရွယ်ရောက်ပြီး လူတစ်ယောက်သည် အခြား အရွယ်ရောက်ပြီး လူတစ်ယောက်ကို ဒီဘာသာကို ကိုးကွယ်၊ ဒီအယူအဆကို ယူ၊ ဒီ ယဉ်ကျေးမှုကို လိုက်နာ ကျင့်သုံး၊ ဒီလိုစဉ်းစား၊ ဒီလိုတွေးခေါ်၊ ဒီအ၀တ်အစားကို ၀တ်၊ ဒီအစားအသောက်ကို စား၊ ဒီအနုပညာကို ခံစား စသဖြင့် အတင်းအကျပ် စေခိုင်း ညွှန်ကြားခွင့် ရှိပါသလား။ တနည်း သြဇာပေးခွင့် ရှိပါသလား။

တရားမမျှတပါ၊ ခွင့်မရှိပါဟု ဖြေဆိုလျှင် စာရှုသူနှင့် စာရေးသူ ရင်ခုန်သံချင်း ထပ်တူကျပေပြီ။ (တရားမျှတပါ၏ဟု ဖြေဆိုသူများအားလဲ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ပေးပါ၏။) အရွယ်ရောက်ပြီးသူ မည်သူကမျှ အခြား အရွယ်ရောက်ပြီး သူတစ်ယောက်ကို သြဇာပေးခွင့်မရှိပဲ အရွယ်ရောက်ပြီးသူတိုင်း (အခြားသူများကို မထိခိုက်သမျှ - ဥပမာ လူသတ်ခြင်း၊ ခိုးဆိုး လုယက် တိုက်ခိုက်ခြင်း စသည့် ရာဇ၀တ်မှုများကို ကျူးလွန်ခြင်းမရှိသမျှ) မိမိနှစ်သက်ရာကို လုပ်ကိုင် ဆောင်ရွက်နိုင်ခွင့်၊ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် ရှိပါသည်။

သို့ဆိုလျှင် မေးခွန်းကို အနည်းငယ် ပြောင်းမေးပါမည်။ အရွယ်ရောက်ပြီးသူ တစ်ယောက်သည် အခြား အရွယ်ရောက်ပြီးသူတစ်ယောက်ကို မည်သည့် အကြောင်းပြချက်ဖြင့်/မည်သည့် အခြေအနေ (အာဏာပိုင်အဖွဲ့အစည်းတို့က ရာဇ၀တ်မှု ဥပဒေများအရ ဆောင်ရွက်မှုများမှအပ) တွင် သြဇာပေးခွင့် ရှိပါသနည်။ ဥပမာအားဖြင့် လူတစ်ယောက်သည် အခြားလူတစ်ယောက်ထက် ငွေကြေး ပိုမို ချမ်းသာသောကြောင့် ငွေကြေး မပြည့်စုံသူကို ဒီအစားအစာကို ကြိုက်ပါဟု သြဇာပေးနိုင်ပါသလား။ သို့မဟုတ် လူတစ်ယောက်သည် တောင်ပေါ်ဒေသတွင် မွေးသဖြင့် မြေပြန့်တွင်မွေးသောသူကို ဒီဂီတကိုပဲ နားထောင်ဟု အတင်းအကျပ် စေခိုင်းနိုင်ပါသလား။ မည်သည့် အကြောင်းပြချက်ဖြင့်/ မည်သည့် အခြေအနေတွင် ထိုသို့ ပြုလုပ်နိုင်ပါသနည်း။

တရားနည်းလမ်းကျကျ ပြောရလျှင် မည်သည့် အကြောင်းပြချက်နှင့်မျှ မည်သည့် အခြေအနေတွင်မျှ မပြုလုပ်နိုင်သင့်ပါ။ သို့ရာတွင် ကမ္ဘာတ၀ှမ်းရှိ လူတို့သည် အကြောင်းပြချက်တခုကြောင့် အခြားသူတို့၏ သြဇာ လွှမ်းမိုးခြင်းကို ခံနေရသည်။ ထိုအကြောင်းပြချက်မှာ ထိုသူတို့သည် လူ့လောကအတွင်းသို့ နောက်ကျ၍ မွေးဖွားလာခြင်းကြောင့် ဟူ၏ ။ ထိုသို့ဖြစ်ရခြင်းသည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နှင့် လောကပါလတရားများသည် အချိန်ကာလတလျှောက် ဖြန့်ကျက်နိုင်ခြင်း (temporal extension) မရှိပဲ အာကာသတလျှောက်သာ (spatially existed) တည်ရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

ဥပမာ ပေးပါမည်။ လူနှစ်စုတို့သည် ပထ၀ီအနေအထားအရ သီးခြားစီဖြစ်သော မြေနေရာတို့တွင် တချိန်တည်းတွင် နိုင်ငံထူထောင် နေထိုင်ကြပါက တစုက အခြားတစုကို နိုင်ငံတော် အမှတ် တံဆိပ်အဖြစ် ဘယ်ဟာကို သတ်မှတ်ပါ၊ အခွန်ကို ဘယ်လိုကောက်ပါ၊ တရား ဥပဒေကို ဘယ်လို ပြဌာန်းပါ၊ ဘယ်လို အစဉ်အလာတွေကို လက်ခံကျင့်သုံးပါဟု အမိန့်ပေး စေခိုင်း၍မရ၊ ပြုလုပ်ပါကလဲ နာခံမည်မဟုတ် (ဥပမာအားဖြင့် အမေရိကန် သမ္မတက မြန်မာတို့ကို နှစ်တစ်နှစ်၏အစကို ဇန်န၀ါရီတွင် သတ်မှတ်ပါဟု အတင်းစေခိုင်းသကဲ့သို့ ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် အခန့်မသင့်လျှင် စစ်မက်ပင် ဖြစ်ပွားနိုင်လေသည်။) ၄င်းသည် အာကာသတလျှောက် (ပထ၀ီ မြေအနေအထားအရ) ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း၊ လွတ်လပ်ခွင့် ရှိခြင်း ဖြစ်၏ ။

သို့ရာတွင် အဆိုပါလူနှစ်စုတို့သည် ပထ၀ီအနေအထားအရ တနေရာတည်းတွင် အချိန်ကာလ မတူညီပဲ နိုင်ငံထူထောင် နေထိုင်ကြပါက (ပိုစောသော) တစုက ပြဌာန်းခဲ့သော နိုင်ငံတော် အမှတ်တံဆိပ်၊ အခွန်ကောက်ခံပုံ၊ တရားဥပဒေ၊ အစဉ်အလာ တို့ကို အခြား (နောက်ကျသော) တစုက အလိုအလျောက် လက်ခံကျင့်သုံးရမည်သည် ဖြစ်သည်။ (ဥပမာအားဖြင့် ရှေးမြန်မာမင်း အဆက်ဆက်တို့က တန်ခူးလတွင် သင်္ကြန်ပွဲ ကျင်းပခဲ့သဖြင့် ယခုထိတိုင် ဧပြီလတွင် သင်္ကြန်ပွဲ ကျင်းပနေရသကဲ့သို့ ဖြစ်သည်။ ယခုခေတ် လူတို့ သင်္ကြန်ပွဲ ကျင်းပလိုခြင်းရှိမရှိ မည်သူကမျှ လာရောက်မေးမြန်း ဆန္ဒခံယူမည်မဟုတ်။)

နောက်ဥပမာ တရပ်အနေနှင့် ဖလော်ရီဒါ ပြည်နယ်တွင် အိမ်ထောင်မရှိသော အမျိုးသမီးများ တနင်္ဂနွေနေ့တွင် လေထီးမခုန်ရဟု ခပ်ကြောင်ကြောင် ဥပဒေတရပ် ပြဌာန်းထားရှိရာ အဆိုပါ ပြည်နယ်တွင် သမိုင်းတလျှောက် မှီတင်း နေထိုင်ခဲ့ကြသော လူအများစုက မနှစ်သက်သော်လည်း အဆိုပါ ဥပဒေကို ရေးဆွဲ ပြဌာန်းစဉ်က ရှိခဲ့သော ပြည်နယ်သား အများစုက နှစ်သက်ခဲ့ပါက အဆိုပါ ဥပဒေသည် အတည် ဖြစ်နေပေမည်။ (ဥပဒေ အတည်ဖြစ်ရန် လွှတ်တော်အမတ်များကသာ မဲခွဲကြခြင်းဖြစ်သည်။) အနာဂါတ်တချိန်တွင် အမျိုးသမီးငယ်တို့သည် သူတို့နှင့် သူ့တို့၏ အဖေ၊ အဘိုးနှင့် အဘေးများ ရွေးကောက်ခဲ့သော လွှတ်တော်အမတ်များ မဲပေးဖို့မပြောနှင့်၊ ဆွေးနွေးခဲ့ခြင်းပင် မရှိသော ဥပဒေအရ ရာဇ၀တ်မှုနှင့် ရုံးတင်ခံရပေမည်။ ၄င်းသည် တရားပေသလော။

အချိန်ကာလအလိုက် ပြောင်းလဲနေသော လိုအပ်ချက်တို့အရ ဥပဒေတို့ကို ပြင်ဆင်/ပယ်ဖျက်နိုင်သည်ဟု ဆိုသော်လည်း မည်သည့် လွှတ်တော်အမတ်က ဘယ်ဥပဒေကို ပြင်လျှင်ကောင်းမည်နည်းဟု နေ့စဉ် စာအုပ်လှန်ကာ ရှာဖွေ နေမည်နည်း။ ပိုကောင်းသည်မှာ လက်ရှိဥပဒေများကို ပြည်နယ်သားများ ကြိုက်/မကြိုက် အချိန်မှန် (နေ့စဉ်၊ အပါတ်စဉ်၊ လစဉ် စသဖြင့်) မဲပေးဆုံးဖြတ်ရန် ဖြစ်သည်။ သို့ရာတွင် ရှိသမျှ ပုဒ်ထီး၊ ပုဒ်မတွေကို လက်ရှိ ပြည်နယ်သားများ နှစ်သက်/မနှစ်သက် နေ့စဉ်နေ့တိုင်း ဘယ်လို မဲခွဲနိုင်မည်နည်း။ နှစ်စဉ်ပင် မဖြစ်နိုင်။ တဖန် ဥပဒေကို ပြင်ဆင်/ပယ်ဖျက်နိုင်ခွင့် ရှိသော်လည်း ဥပဒေ မဟုတ်သည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို မည်သို့လုပ်မည်နည်း။

ဖြေရှင်းနည်း တရပ်မှာ ပညာပေး သင်ကြားခြင်း (education) ဖြစ်သည်။ လူတို့သည် မွေးလာသည်မှ စတင်၍ ကလေးငယ်ကို မိဘတို့ကိုးကွယ်သော ဘာသာတရားအကြောင်း၊ မိဘဆွေမျိုးတို့ တွေးခေါ်ပုံ အယူအဆ၊ မိဘတို့နှင့် နေထိုင်ရာ ဒေသ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ၀တ်ရမည့် အ၀တ်အစား၊ စားသင့်သည့် အစားအသောက် စသည်တို့ကို ကြိုက်နှစ်သက်အောင် သင်ကြားခြင်း (educate) ခံရလေသည်။ ကလေးငယ်မှာ ရွေးချယ်ခွင့် မရှိ၊ ၄င်းတို့ကိုပင် ကြိုက်နှစ်သက်ရသည်။ ဤနည်းဖြင့် ကလေးငယ်သည် ကိုယ်ကြိုက်သည်ကို လက်ခံကျင့်သုံးရပြီး ပြန်လှန် မေးခွန်းထုတ် စောဒကတက်ခြင်း မရှိတော့။ (တနည်းအားဖြင့် ကိုယ်လက်ခံကျင့်သုံးရမည်ကို မကြိုက်ဘူးဆိုတာ မရှိနိုင်တော့။)

သို့ပေသော်ငြား အထက်ပါ ဖြေရှင်းနည်းသည် အခြားပြဿနာတရပ်ကို ခေါ်လာပြန်သည်။ အဆိုပါ လူတို့သည် သူတို့ငယ်စဉ်ကပင် သင်ကြားပေးခံရသော ဘာသာတရား၊ ယဉ်ကျေးမှု၊ အစဉ်အလာ ဓလေ့ ထုံးစံတို့ကိုသာ ကြိုက်နှစ်သက်သဖြင့် ၄င်းတို့ ပပျောက်သွားမည်ကို ကြောက်ရွံ့လာကြသည်။ အကြောက်တရားမှတဆင့် မတူညီသော အရာတို့ကို မုန်းတီးလာပြီး ပပျောက်စေချင်လာကြသည်။ (Star Wars ထဲကလို ရေးကြည့်တာ။) ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်နိုင်ခြင်းမရှိပဲ စစ်မီးလျှံများ တခြိမ်းခြိမ်း တောက်ကာ လူသားများထက် ပိုမိုလူသားဆန်သော လူ့အဖွဲ့အစည်းနှင့် ဝေးသထက် ဝေးလေတော့သည်။

အချုပ်အားဖြင့်ဆိုလျှင် အချိန်သည် အတိတ်သို့ နောက်ကြောင်းပြန်၍လဲ မရ၊ အနာဂါတ်သို့ ခရီးနှင်၍လဲ မရသဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် အချိန်ကာလတလျှောက် မျှတစွာ တည်ရှိနိုင်မည် မဟုတ်။ သန်းခြောက်ထောင်သော လူတို့၏ သဘောထားကို ထင်ဟပ်နိုင်စေရန် ဥပဒေတို့ကို အချိန်နှင့် တပြေးညီ ပြင်ဆင်ရန်မှာလဲ လက်ရှိနည်းပညာ အဆင့်အတန်းဖြင့် မဖြစ်နိုင် (၄ နှစ်တကြိမ်စသဖြင့် အနီးစပ်ဆုံးသာ ရမည်)။ ဓလေ့ထုံးတမ်းတို့မူကား မမွေးမီကပင် လူတိုင်းအတွက် ရွေးနှင့်ပြီး ဖြစ်တော့သည်။ သို့ဆိုလျှင် လူသားများထက် ပိုမို လူသားဆန်သော လူ့အဖွဲ့အစည်းသို့ သွားရောက်ရန်မှာ အတော်ပင် ခက်ခဲသော ကိစ္စတစ်ရပ် ဖြစ်နေသေးကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပက္ခာစသော ဗြဟ္မစိုရ်တရားများဖြင့် လူသားများထက် ပိုမို လူသားဆန်သော လူ့အသိုက်အ၀န်းသို့ အလျှင်အမြန် ရောက်ရှိနိုင်ကြပါစေ။

2 comments:

Nge Naing said...

သိပ်ကောင်းတဲ့ပို့စ်လေးပါ။ လူတိုင်းဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးပိုင်ခွင့် ရှိရလိမ့်မယ်။ အားပေးပါတယ်။

Ko Paw said...

ဒီပို့စ်ကို ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သင်္ကြန်ပွဲဥပမာလို ရိုးရာဖြစ်သွားတဲ့အရာတွေကို လူတွေက အချိန်ရောက်လာတိုင်း ကျင်းပကြတာမှန်ပေမယ့် သင်္ကြန်ပွဲကို မနွှဲလိုသူတွေလည်း မနွှဲပဲနေလို့ရတဲ့ အခွင့်အရေး ရှိပါသေးတယ်။ အဲ သင်္ကြန်ပွဲကိုတောင်မှ တအိမ်တယောက် မထွက်မနေရ ထွက်ပြီး ဆင်နွှဲရမယ်ဆိုရင်တော့ အဲဒါ သူတပါးရဲ့ ရွေးချယ်ခွင့်ကို ထိခိုက်လာပြီ။

အချို့ဥပဒေတွေဟာ နှစ်ကာလရှည်ကြာလာတာနဲ့အမျှ မျက်မှောက်ခေတ်နဲ့ မညီတော့ဘူးဆိုရင် ပြန်ပြင်ရေးဆွဲသင့်တာလည်း အမှန်ပါပဲ။ ရေးဆွဲတဲ့နေရာမှာလည်း အများကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကို ရေးဆွဲစေပြီး အများဆန္ဒနဲ့ အတည်ဖြစ်သင့်ပါတယ်။

ဘယ်နေရာမှာမဆို အကြွင်းမဲ့ လွတ်လပ်ခွင့် မရတာမှန်ပေမယ့် “ပိုက်ဆံရှိလို့၊ အာဏာရှိလို့၊ ထောက်ခံသူအများစုရှိလို့” ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တမူးပိုမရှူသင့်ဘူးလို့ သဘောရပါတယ်။

ဥပမာ ပေးရရင် ရွာထိပ်က ချောင်းတံတား ပျက်စီးသွားလို့ အသစ်ပြင်ဆောက်မယ်။ အိမ်ပေါက်စေ့ငွေလိုက်ကောက်တယ်။ ပြီးတော့ တံတားဆောက်ဖို့ ကော်မတီလူရွေးမယ်။ အဲသည်မှာ သစ်သားတံတားဆောက်ချင်တဲ့ဘက်က တဖက်၊ အင်္ဂတေ တံတားဆောက်ချင်သူတွေက တဖက်။ အပြိုင်အဆိုင် မဲဆွယ်ကြမယ်။ မဲခွဲဆုံးဖြတ်ကြမယ်။

သစ်သားတံတားဆောက်ချင်တဲ့ဘက်ကလူတွေ အသာစီးရသွားပြီး တံတားဆောက်ခွင့်ကော်မတီဖွဲ့ခွင့်ရသွားပြီဆိုပါစို့။ ဒီလူတွေက သူတို့ အများစုဖြစ်တာနဲ့ တံတားပြီးတဲ့အခါမှာ အင်္ဂတေနဲ့ တံတားဆောက်ချင်သူတွေကို တံတားပေါ်က ပေးမဖြတ်တာသော်လည်းကောင်း၊ အခွန်တိုးကောက်တာသော်လည်းကောင်း လုပ်လာရင် အဲတာဟာ တန်းတူညီမျှ လွတ်လပ်မှုမဟုတ်တော့ဘူး။

လွတ်လပ်တဲ့လူ့အဖွဲ့အစည်းတွေ နိုင်ငံတွေမှာ နိုင်ငံသားအားလုံးအတွက် တန်းတူရည်တူ လွတ်လပ်ခွင့်နဲ့ တန်းတူရည်တူ အခြေခံ လူ့အခွင့်အရေးတွေ ရှိနေပါတယ်။ တကယ်တမ်းကျတော့ အဲသည်လို လုပ်နိုင်ဖို့ဆိုတာ ဗြဟ္မစိုရ်တရားကို လက်တွေ့မကျင့်သုံးဘဲနဲ့ ဖြစ်မလာနိုင်ပါဘူး။