ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Saturday, May 23, 2009

ရုံးချိန်၊ ကျောင်းချိန်အတွင်း ဖုန်းဆက်ကြသူ/G-talkတုံကြသူ မိတ်ဆွေများသို့

"ဟဲလို၊ အားလား၊ ဘာလုပ်နေလဲ။"

"မအားဘူး၊ စာလုပ်နေတယ်။"

"ဒါပဲနော်၊" "ဂွပ်။"

"@#$%^&*"

စာရေးသူအပါအ၀င် သုတေသန ကျောင်းသား (Research Students) များနှင့် သုတေသန လက်ထောက် (Research Assistents) အားလုံးကို အကြောင်းထူး တစုံတရာ (ကြက်/၀က်တုတ်ကွေးမိခြင်း၊ အပြည်ပြည်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ တက်ခြင်းစသည်) ရှိသည်မှလွဲ၍ တနင်္လာမှ သောကြာအထိ နံနက် ၀၉၀၀ နာရီမှ ညနေ ၁၇၀၀ နာရီအထိ သက်ဆိုင်ရာ သုတေသနခန်းမ (lab) များတွင် ရှိနေသင့်သည်ဟု စာရေးသူတို့ကျောင်းက အကြံပြုထားပါသည်။ စာရေးသူမှာ ကျောင်းနောက်ကျလေ့ရှိသဖြင့် နံနက် ၁၀၀၀ နာရီမှ ညနေ ၁၈၀၀ နာရီအထိ၊ (လိုအပ်လျှင် ည ၂၂၀၀ နာရီ၊ ၂၃၀၀ နာရီအထိ) သုတေသနခန်းမထဲတွင် စာကြည့်/အလုပ်လုပ်နေလေ့ရှိသည်။ ထိုအချိန်တွင် တလောကလုံးက စာရေးသူ၏ မိတ်ဆွေများသည် ဖုန်းတဂွမ်ဂွမ်ဆက်ကြသည်၊ G-talk တတုံတုံ လုပ်ကြသည်။

စာကြည့်ချိန်/အလုပ်ချိန်တွင် စာရေးသူ ဖုန်းမပြောလို၊ G-talk မ chat လိုပါ။ သို့ရာတွင် အရေးပေါ် ကိစ္စရပ်များ (သာရေး၊ နာရေး၊ ထူးခြားသတင်းနှင့် မိတ်ဆွေများအတွက် အရေးပေါ် အကူအညီ စသည်တို့) အတွက် ဖုန်းနှင့် G-talk ကို ဖွင့်ထားလေ့ရှိသည်။ အလုပ်ချိန်အတွင်း ဖုန်း/G-talk ဖွင့်ထားသည်မှာ မိတ်ဆွေတို့လိုအပ်တတ်သော အရေးပေါ် ကိစ္စများအတွက်သာ ဖြစ်သည်။ နေကောင်းလား၊ ထမင်းစားပြီးပြီလား၊ ဘာနဲ့စားသလဲ၊ တရုတ်စာကို တူနဲ့စားသလား၊ ကုလားစာကို လက်နဲ့တွယ်သလား၊ အသားတုံးက ကြီးလား၊ သေးလား၊ ဘယ်နှဖတ်ပါသလဲ လျှောက်မေးပြီး အာရိုက်ရန်မဟုတ်။ စာကြည့်ချိန်/အလုပ်ချိန်တွင် စာကြည့်မည်/အလုပ်လုပ်မည်။

မိတ်ဆွေတို့ နားလည်ရမည်မှာ စာရေးသူတို့ သုတေသန အလုပ်ဆိုသည်မှာ လေအေးပေးစက်တပ် အခန်းထဲတွင် အင်တာနက် ကြည့်နေခြင်း မဟုတ်ပဲ စာဖတ်ရခြင်း၊ တွေးတောကြံဆရခြင်း၊ တွက်ချက်ရခြင်း၊ ကွန်ပျူတာ အစီအစဉ်များ (computer programs) ရေးဆွဲရခြင်း၊ စမ်းသပ်မှု (experiment) ကို စောင့်ကြည့်ရခြင်း စသည်တို့ကို ပြုလုပ်ရပါသည်။ စာရင်းကိုင်လို ဂဏန်းတစ်လုံးပေါင်းလိုက်၊ လက်ဖက်သုပ် ထစားလိုက်၊ နောက်တစ်လုံးပေါင်းလိုက်၊ အတင်းတုတ်လိုက် လုပ်လို့ရသော အလုပ်မျိုး မဟုတ်ပါ။ ထိုအချိန်တွင် ဖုန်းလာပါက များသောအားဖြင့် စဉ်းစား စိတ်ကူးထားသမျှ အကြံအစည်သစ်၊ အကြံအစည်ကောင်းမှန်သမျှတို့သည် ဖုန်းသံမြည်သည့်ခဏ/ဖုန်းကိုင်သည့်ခဏတွင် ခေါင်းထဲမှ အပြီးထွက်လေသည်။ (ဘယ်တော့မှ ပြန်မလာတော့ပါ။) တနည်းအားဖြင့်ဆိုသော် မိတ်ဆွေ၏ ဖုန်းမြည်သံ/G-talk တုံသံကို ကြားရခြင်းသည် စာရေးသူ၏ ကျောင်းစာ/အလုပ်အတွက် အလွန်ပင် ထိခိုက်လေသည်။ မိတ်ဆွေတို့၏ အရေးပေါ်ကိစ္စများအတွက် စာရေးသူ၏ အလုပ်ကို ထိခိုက်ခံ၍ ဖုန်းကိုင်ရခြင်း/G-talk ဖွင့်ထားရခြင်းဖြစ်ကြောင်း နားလည်ပေးကြပါ။

စေတနာကို အစော်ကားဆုံးသူတို့မှာ အပေါ်က ဥပမာပြခဲ့သလို ဖုန်းဆက်ပြီးမှ ဘာဆိုဘာမှ မပြောပဲ ဖုန်းကို ချပစ်သူ/G-talk မှာ Hi, are you free ? လာလုပ်ပြီး ဆက်မပြောတော့သူတို့ ဖြစ်လေသည်။ ၄င်းတို့ အကြောင်းပြချက်မှာ "စာကြည့်နေ/အလုပ်များနေသဖြင့် အားနာလို့"။ စာကြည့်ချိန်/အလုပ်ချိန်ကြီး ဖုန်းဆက်ပြီးမှ/တုံပြီးမှ အားနာသည် ဆိုသည်ကို ဘယ်လို နားလည်ရမှန်းမသိပါ။ အားနာလျှင် အစကတည်းက မဆက်ပါနှင့်လား/မတုံပါနှင့်လား။ ဖုန်းသံကို ကြားကတည်းကပင်/တုံသံကို ကြားကတည်းကပင် အလုပ်က ပျက်ပြီးပြီ မဟုတ်ပါလား။

ပို၍ဆိုးသည်မှာ အားနာသည်ဆိုပြီး ဘာမှပြောမသွားခြင်းပင် ဖြစ်သည်။ ဒီနေရာမှာ အတွေးတွေ ပွားရသည်။ ဒီမိတ်ဆွေ ဘာဖြစ်လို့လဲ၊ သူ့ကလေး နေမကောင်းဘူးလား၊ သူ့အမေသေပြီလား၊ သူနေမကောင်းတာ ဆေးခန်းမသွားနိုင်လို့များလား၊ အိမ်မှာ ချော်လဲနေတာလား … လား … လား။ စိတ်ပူရသည်။ ထပ်ဆင့် ထပ်ဆင့် ထပ်ဆင့် စာကြည့်ပျက်/အလုပ်ပျက် ပါသည်။ အနစ်နာခံ၍ ဖုန်းကို ကိုင်ပေးပြီးမှတော့ ပြောသွားပါတော့လား။ မပြော၊ သို့သော် နောက် ၁၀ မိနစ်နေသောအခါ ပြန်ဆက်လာသည်။ "အားပြီထင်လို့" … တဲ့။ (ကောင်းကြသေးရဲ့လား။) စိတ်ကူးသစ်၊ အကြံသစ်တို့သည် ပျောက်ပျက်သည်မှာ ၂ ခိရှာ၊ ၂ ခါရှိပါတော့သည်။ (ဒါကျ အားမနာကြဘူး။)

လွယ်လွယ်ပြောရလျှင် စင်ကာပူ စံတော်ချိန် ၁၀၀၀ နာရီမှ ၁၈၀၀ နာရီ (မြန်မာစံတော်ချိန် ၀၈၃၀ မှ ၁၆၃၀) အတွင်း စာရေးသူ မအားပါ။ ဖုန်းဆက်ပြီးလဲ မမေးနှင့်၊ G-talk မှာလဲ မမေးနှင့်၊ အသေသာ မှတ်ထားကြပါ။ ထိုအချိန်အတွင်း စာရေးသူ မအားပါ။ အာရိုက်ရန် ဖုန်းဆက်သူ/G-talk မှာ လေပန်းသူတို့ကို ပထမတစ်ခါ သတိပေးပါမည်။ မလိုက်နာပါက တပါတ်တန်သည်၊ တလတန်သည် Ban/Block ပါမည်။ (စာရေးသူ၏ ဖုန်းမှာ Ban လုပ်လို့ရသော Function ပါပါသည်။) ထိုအချိန်အတွင်း ချက်ချင်း မပြောလျှင်မဖြစ်သော အရေးကြီးကိစ္စများမှအပ မည်သည့်ကိစ္စအတွက်မျှ ဖုန်းမဆက်ပါနှင့်။

ဖုန်းဆက်ခဲ့ပြီးမှ ဖုန်းကိုင်လျှင် မိတ်ဆွေကို အချိန် အနည်းငယ် ပေးနိုင်၍ ဖြစ်သည်။ ပြီးအောင် ပြောသွားပါ။ ပြောရမှာ ရှည်သဖြင့် အားနာလျှင် ဘယ်အချိန် ပြန်ဆက်မည် ချိန်းဆိုသွားပါ။ စာရေးသူ အချိန် လုံးဝ မပေးနိုင်လျှင် ဖုန်းကို မကိုင်ပါ/G-talk ကိုလဲ ပိတ်ထားပါမည် (သို့မဟုတ်) ဖုန်းကိုင်ပြီး ဘယ်အချိန် ပြန်ဆက်ပါဟု ပြောပါမည်။ ဖုန်းကိုင်သောအခါတွင် ဘာမှ မပြောခြင်းသည် အိမ်ဦးခန်းတွင် သေးပန်းပြီးမှ သူများအိမ်ဦးမှာ အီးပါရမှာ အားနာလို့ အိမ်သာလေးပြပါဟု ပြောတာနဲ့ တူတူပဲ ဖြစ်လေသည်။ ထိုသို့လုပ်သူများကိုလဲ ပထမတစ်ခါ သတိပေးပြီး မလိုက်နာပါက Ban/Block ပါမည်။

မိတ်ဆွေတို့ နားလည်နိုင်ကြပါစေ။

မှတ်ချက် ။ ။ မည်သူ့ကိုမျှ စောင်းရေးခြင်း မဟုတ်ပါ။ တည့်တည့်ကြီး ပြောခြင်းဖြစ်သည်။ ကိုယ့်ဘာသာကိုယ် သိကြပါ။

Tuesday, May 12, 2009

စင်ကာပူ နမ့်ပစ်ဖူး (လောရှည် ပဲကြာဇံသုပ်)

နမ့်ပစ်ဖူးဆိုတာက ရှမ်းပြည်မှာရတဲ့ အသုပ်တစ်မျိုးပေါ့။ ပဲပုတ်နှစ်ရယ်၊ ခရမ်းချဉ်သီးရယ်၊ ဂေါ်ဖီရယ်နဲ့ ညှပ်ခေါက်ဆွဲကို သုပ်တာ။ တချို့ကလဲ မန်ကျည်းရည်ထည့်တတ်သေးရဲ့။ ပဲပုတ်နှစ်က ရှမ်းပြည်မှာပဲ ပေါတာမို့ ရန်ကုန်မှာတောင် တခါတလေ ရှမ်းပြည်လူကြုံရှိမှ စားရတာ။ အဲဒီအစားအသောက်ကို စင်ကာပူမှာ တမ်းတနေတော့ ခက်ရောပေါ့။ ဒါပေမဲ့ …

ဟိုတနေ့က အစ်မတစ်ယောက်က ပဲကြာဇံသုပ် အိမ်မှာလာသုပ်ကျွေးတယ်။ (အမေသုပ်တာနဲ့တော့ မတူပါဘူး။ အမေက သက်သတ်လွတ်သုပ်တာလေ။ ပုဇွန်ခြောက်တောင် မပါဘူး။) ငါးသေတ္တာတို့ ကြက်အူချောင်းတို့နဲ့ သုပ်တာ။ ဒီမနက်ကျတော့ မနက်စာကို ဂေါ်ဖီလေးနဲ့ မုန်လာဥနီလေးတွေ ရေနွေးငွေ့ရိုက်၊ ခရမ်းချဉ်သီးလေးလှီးပြီး ကျွန်း ၁၀၀၀ အနှစ် နဲ့ ဆမ်းစားမလို့ ပြင်နေတုန်း ဟိုတနေ့က ပိုနေတဲ့ ပဲကြာဇံသုပ်တဲ့ ပစ္စည်းတွေကို သတိရသွားတယ်။ အဲဒါနဲ့ ပဲကြာဇံပါ ထည့်သုပ်မလို့ လုပ်တုန်း … ပဲပုတ်ကလေးထည့်ရင် နမ့်ပစ်ဖူးနဲ့ အရသာတူမှာလို့ စဉ်းစားမိတယ်။ ဒါနဲ့ပဲ စင်ကာပူ နမ့်ပစ်ဖူး (လောရှည် ပဲကြာဇံသုပ်) ဖြစ်လာပါလေရော။

ပါဝင်ပစ္စည်းများ (လူ ၂ ယောက်စာအတွက်)

ပဲကြာဇံ     - လက်တဆုပ်စာလောက်

ပဲပုတ်ချပ်    - ၂ ချပ်

ဂေါ်ဖီထုပ်    - ခပ်သေးသေး တစိတ်

မုန်လာဥနီ    - ၁ တောင့်

ခရမ်းချဉ်သီး    - ၂ လုံး

ကြက်အူချောင်း    - ၃ ချောင်း

ကြက်သွန်ဖြူ    - ၂ မြှောင့်

နှမ်းမှုန့်        - အနည်းငယ်

ဆား        - အနည်းငယ်

ဆီ        - အနည်းငယ်

ရှာလကာရည်    - ဟင်းချိုသောက်ဇွန်း ၁ ဇွန်း

သံပရာသီး    - ၁ လုံး

နံနံပင်        - အနည်းငယ်

ငရုတ်သီးစိမ်း    - ၂ မြှောင့်

ပဲကြာဇံကို ရေနွေးနဲ့ စိမ်ပါ။ ပဲပုတ်ချပ် (အပြားဝိုင်းကြီးတွေကို ပြောတာ) ကို ကြော်ချင်ကြော်၊ ဖုတ်ချင်ဖုတ်ပြီး အမှုန့်ဖြစ်အောင် ထောင်းပါ။ (ကြော်မယ်ဆိုရင် ဆီကို အငွေ့ထွက်အောင်တည်၊ မီးပိတ်ပြီးမှ ပဲပုတ်ချပ်ကိုထည့်ပါ။ နို့မဟုတ်ရင် ခါးပါလိမ့်မယ်။ ထောင်စရာ ဆုံမရှိရင် စက္ကူထဲထည့်ပြီး ပုလင်းနဲ့ လှိမ့်ကြိတ်လဲ ရပါတယ်။ အမှုန့်ကြိတ်စက်ရှိရင်လဲ အမှုန့်ကြိတ်စက်နဲ့ ကြိတ်ပေါ့။ လောရှည်ကတော့ အဲဒီအမှုန့်ကို နေရာတကာမှာသုံးဖို့ ဗူးထဲထည့်ဆောင်ထားတယ်။) ကြက်သွန်ဖြူလေးတွေ ပါးပါးလှီးပြီး ဆီသတ်ပါ။ ငရုတ်သီးမှုန့်ရှိရင် ငရုတ်သီးဆီသတ်လဲ လုပ်ချင်လုပ်ပါ။ (ငရုတ်သီးဆီသတ်လုပ်ဖို့အတွက် ငရုတ်သီးမှုန့်ကို ပန်းကန်ထဲထည့်၊ အငွေ့ထွက်အောင် တည်ထားတဲ့ ဆီကို အဲဒီပန်းကန်ထဲ လောင်းချလိုက်ပါ။ ဒါဆို မညှော်ပါဘူး။ အမေ့နည်းကွ။) ကြက်အူချောင်းကို ပြုတ်ပါ။ (Microwave မီးဖို ရှိရင် အဲဒါနဲ့လုပ်လဲ ရပါတယ်။ မြန်တာပေါ့။) မုန်လာဥနီကို သေးသေးလေးတွေတုံးပြီး ရေနွေးဖျောပါ။ အဲဒါပြီးရင် ပူမဲ့လောင်မဲ့ ကိစ္စတွေ (ရေနွေးစိမ်ခြင်း၊ ဆီသတ်ခြင်း) ပြီးပါပြီ။

အခု အေးတဲ့ကိစ္စတွေ လာပါမယ်။ ဂေါ်ဖီကို ရေစင်စင်ဆေးပြီး ပါးပါးလှီးပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။ သံပရာသီးကို အရည်ညှစ်ဖို့အသင့် လှီးထားပါ။ ကြက်အူချောင်းကို ခပ်သေးသေးလှီးပါ။ ငရုတ်သီးနဲ့ နံနံပင်ကိုလဲ ရေဆေးပြီး သေးသေးလေးတွေလှီးထားပါ။ (ပဲကြာဇံနဲ့ မုန်လာဥနီ ရေနွေးထဲက ဆယ်တော့၊ ရပြီ။) ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး ဆီချက်၊ ပဲပုတ်မှုန့်၊ ရှာလကာရည်တို့ကို ပဲကြာဇံ၊ ကြက်အူချောင်း၊ ဂေါ်ဖီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးတို့နဲ့ ရောနယ်ပါ။ ဆားထည့်ပါ။ နှမ်းမှုန့်ကို ဖြူးပါ။ ငရုတ်သီး လှီးထားတာလေးထည့်၊ သံပရာသီးအကုန်ညှစ်ပြီး ဆက်နယ်။ နယ်လို့ နှံ့ရင် နံနံပင်လေးဖြူး၊ စားလို့ ရပါပြီ။


Wednesday, May 6, 2009

ပညာရှင်များနှင့် သဘောသဘာဝ

အလုပ်အကိုင်နှင့် တွေးခေါ်ပုံ ဆက်စပ်ပုံအကြောင်း လေ့လာသည့် သုတေသနတစ်ခုတွင် ဖြစ်သည်။

လေ့လာသူ - ၂ x ၂ က ဘာရလဲ။

အင်ဂျင်နုယဉ် (Slide Rule ကို ထုတ်ကာ အတန်ကြာ တွက်ချက်ပြီးနောက်) - ၃.၉၉။

ရူပဗေဒ ပညာရှင် (သူ၏ ကိုးကားစာအုပ်များကို မှီငြမ်းကာ ပုစ္ဆာကို ကွန်ပျူတာသုံးတွက်ချက်ပြီးနောက်) - ၃.၉၈ နဲ့ ၄.၀၂ ကြားထဲမှာပဲ၊ သေချာတယ်။

သင်္ချာပညာရှင် (ခဏမျှ စဉ်းစားပြီးနောက်) - အဖြေတော့ မသိသေးဘူးဗျာ။ ဒါပေမဲ့ အဖြေရှိတာတော့ သေချာတယ်။

တွေးခေါ်ပညာရှင် (ပြုံး၍) - နေပါဦး၊ ၂ x ၂ ဆိုတာ ဘာကို ဆိုလိုတာလဲ။

ဒဿနပညာရှင် - ၂ ရယ် x ရယ်ကို ကျေးဇူးပြုပြီး တိတိကျကျ သတ်မှတ်စမ်းပါဗျာ။

လူမှုရေးပညာရှင် - ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ခင်ဗျားနဲ့ စကားပြောရတာ ကောင်းသားပဲ။

စာရင်းကိုင် (ဘေးမှ ပညာရှင်များကို တချက်အကဲခတ်ပြီး လေသံတိုးတိုးဖြင့်) - ရှင်က ဘယ်လောက် ဖြစ်စေချင်လို့လဲ။

ဆေးပညာရှင် (ဆရာဝန်) - ၄ ကွ။

လေ့လာသူ - ခင်ဗျား ဘယ်လိုသိသလဲ။

ဆေးပညာရှင် (ဆရာဝန်) - ငါအလွတ်ကျက်ထားတာကွ။

လေ့လာသူ - ကဲ အင်ဂျင်နုယဉ်ရယ်၊ ရူပဗေဒသမားရယ်၊ သင်္ချာဆရာရယ်ကိုပဲ တခုထပ်မေးပါရစေ၊ ပိုင်ဟာ ဘယ်လောက်လဲဗျ။

အင်ဂျင်နုယဉ် - ၂၂/၇ လောက် ရှိတယ်။
ရူပဗေဒ ပညာရှင် - ၃.၁၄၁၅၉
သင်္ချာပညာရှင် - ပိုင် ညီမျှခြင်း (ခဏမျှနား၊ အားလုံးသူ့ကို ၀ိုင်းကြည့်) ပိုင်။

ဆေးပညာရှင် (ဆရာဝန်) ကတွေး - ငပေါတွေ၊ ပိုင်တခုကို ၆၀၀ ကျပ်။ ကော်ဖီဆိုင်မှာ ၀ယ်စား၊ ဗိုက်ပြည့်တယ်။ တယောက်မှလဲ မမှန်ကြဘူး။

အင်တာနက်မှ ဟာသများကို ပေါင်းစပ် တင်ပြပါသည်။

အထက်ပါဟာသကို နားလည်နိုင်ရန်အတွက် ဗဟုသုတများ။

Slide Rule သည် ခေတ်ပေါ် သိပ္ပံ ဂဏန်းတွက်စက် အလား တွက်ချက်နိုင်သော တွက်ချက်ရေး ကိရိယာတစ်ခု ဖြစ်သည်။ သို့သော် အနည်းငယ်မျှ မတိကျ။ ကိုင်တွယ်သူ၏ ကျွမ်းကျင်မှုပေါ်မူတည်ပြီး အနည်းငယ် အမှားအယွင်းရှိနိုင်သည်။ အလွန်ရှုပ်ထွေးသော ပုစ္ဆာများတွင် ၄င်းအမှားအယွင်းသည် အရေးမပါလှသဖြင့် ရှေးက အင်ဂျင်နုယဉ်တိုင်းလိုလို၏ လက်စွဲဖြစ်သည်။

ရူပဗေဒ စမ်းသပ်ချက်များသည် အကြောင်းကြောင်းကြောင့် မတိကျလှ။ Range ဖြင့်သာ အဖြေထွက်လေ့ ရှိသည်။ တွက်ချက်ရာတွင် သူတို့သည် ကွန်ပျူတာ အကူအညီကို ရှေး (၁၉၄၀ ပြည့်နှစ်လွန်များကတည်းက) ရရှိခဲ့သဖြင့် ကွန်ပျူတာအပေါ် မှီခိုလွန်းအားကြီးကာ သူတို့၏ ပိုင်တန်ဖိုးသည်လဲ ကွန်ပျူတာထဲ ထည့်ရလွယ်သော ဂဏန်းသာ ဖြစ်နေတတ်သည်။

သင်္ချာပညာရှင်များသည် အဖြေရှိတာ သေချာလျှင် ဆက်မတွက်ချင်တော့။ တွက်နည်းကို ရှာခြင်းသာ သူတို့အလုပ်ဖြစ်သည်။ တွက်ခြင်းသည် သူတို့အလုပ်မဟုတ်ဟု ခံယူသည်။ ပိုင်ကို တသက်လုံး ပိုင် သင်္ကေတနှင့် ရေးသား တွက်ချက်သဖြင့် ပိုင်၏ တန်ဖိုးကိုတောင် မသိတော့။ (အတင်းမေးလျှင် စက်ဝန်းကို အချင်းနဲ့ စားထားတဲ့ တန်ဖိုးဟုတော့ ဖြေကောင်း ဖြေနိုင်သည်။ ဒါတောင် ဂျီသြမေထရီ ပညာရှင်မှ ... )

တွေးခေါ်ပညာရှင်နှင့် ဒဿနပညာရှင်သည် တူမလိုလိုနှင့် မတူကြ။ တွေးခေါ်ပညာရှင် (Philosopher) က လူတစ်ယောက် ဘာကို ဘယ်လိုမြင်သလဲကို အဓိကထားပြီး ဒဿနပညာရှင် (Logician) ကမူ အခြေခိုင်သော အချက်အလက်များပေါ် ထပ်ဆင့် ထပ်ဆင့် တွေးခေါ် တည်ဆောက်ရသည်ကို အဓိကထားသည်။

လူမှုရေးပညာရှင်မှာ တသက်လုံး နှစ်သိမ့်ဆွေးနွေးနေရသဖြင့် နားပဲ ထောင်နေချင်တော့သည်(ဟု လူအများ မြင်ကြသည်)။

စာရင်းကိုင်မှာ အထက်လူကြီး အကြိုက် စာရင်းလိမ် စာရင်းပိန် အင်မတန် လုပ်တတ်သည်(ဟု လူအများ မြင်ကြသည်)။

ဆရာဝန်များမှာ သင်္ချာနှင့် မနီးစပ်၊ အားလုံးကို အလွတ်ကျက်၍ စာမေးပွဲ အောင်တတ်လေသည်(ဟု လူအများ မြင်ကြသည်)။


အားလုံးပဲ လွန်တာရှိရင် ၀န္ဒာမိပါ။