ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Sunday, October 12, 2008

ငါးထမင်းနယ် (ရှမ်းထမင်းချဉ်) လုပ်နည်း

ဒီနေ့ သတင်းကျွတ် အဖိတ်နေ့ (သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့)။ လောရှည် မွေးနေ့ပေါ့။ အဲဒါ မမ Red က မောင်လေးမွေးနေ့မို့ ငါးထမင်းနယ်လုပ်ကျွေးမယ်လို့ မနေ့ညကတည်းကပြောပြီး ဒီမနက် လုပ်ကျွေးတယ်။ ပျော်လိုက်တာ။ သြော် … ငါ့ကို ဂရုစိုက်သားဆိုပြီ။ စားပြီးတော့ မေးကြည့်တော့ သူ့မောင်အရင်းက အောက်တိုဘာ ၁၃ မွေးတာမို့ သူ့မောင်လေးမွေးနေ့ကို လုပ်ကျွေးတာတဲ့။ သေရော … ။ ဘာပဲဖြစ်ဖြစ် အမေတို့လုပ်တာ ကြည့်ထားတာနဲ့ သူ့ဆီက ချက်နည်းမေးထားတာလေးတွေ ရောသမမွှေပြီး ငါးထမင်းနယ်လုပ်နည်းကို တင်ဆက်လိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်သွန်မြိတ်        - အနည်းငယ်
နံနံပင်            - အနည်းငယ်
ဆား            - အနည်းငယ်
ခရမ်းချဉ်သီး        - ၃ လုံး
မန်ကျည်းနှစ်        - အနည်းငယ်
ကြက်သွန်ဖြူ        - ၃ လုံး
ငါး (ရေချိုငါး)        - ၂၅ သားခန့်
အာလူး             - ၂ လုံးခန့်
ဆန်            - ၅ လုံး (ထမင်းပေါင်းအိုးနဲ့ပါလာသော ဗူးနဲ့ ချိန်ပါ၊ နို့ဆီဗူး မဟုတ်ပါ)
ပထမဆုံး ငါးနဲ့ အာလူးကို ဆားအနည်းငယ်စီ ထည့်ပြီး (တအိုးစီ) ပြုတ်ထားပါ။ အဲဒါတွေ ပြုတ်နေတုန်းမှာ ထမင်းကိုလဲ တပြိုင်နက်ချက် (ရေ ၇-၈ လုံးလောက်ထည့်ချက်ပါ)၊ မန်ကျည်းနှစ်ကို ရေနွေးဖျော၊ ကြက်သွန်မြိတ်နဲ့ နံနံပင်ကို လှီး၊ ကြက်သွန်ဖြူ အခွံခွာထားပါ။ ငါးနဲ့ အာလူးရရင် (ရေခမ်းပြုတ်ရပါသည်။) ခရမ်းချဉ်သီးကို ပြုတ်ပါ။ ငါးကို အသားနွှင်၊ အာလူးကို ချေပါ။ ခရမ်းချဉ်သီး ပြုတ်တာ ပြဲသွားရင် သူ့ကိုလဲ ချေပါ။ ကြက်သွန်ဖြူထောင်းပါ။ ညက်လျှင် ကြက်သွန်ဖြူဆီချက် ချက်ပါ။ (ဆီထဲကို ကြက်သွန်ဖြူ ထောင်းထားတာ ထည့်ကြော်ပါဟု ဆိုလိုသည်၊ ရွှေဝါရောင်သန်းလာလျှင် အိုးပေါ်မှချ၊ ပန်းကန်ထဲ ပြောင်းထည့်ပါ။ သို့မဟုတ်က တူးလိမ့်မည်။) ပြီးလျှင် ကြက်သွန်ဖြူ ဆီချက်၊ မန်ကျည်းနှစ်နှင့် ကြက်သွန်မြိတ်၊ နံနံပင်မှအပ အားလုံးရောနယ်ပါ။ ပြီးလျှင် အနေတောင် အလုံးလေးတွေ လုံးထားပါ။ (ကြီးကြီးလုံးလဲ ဘာမှ မဖြစ်ပါ)

စားချင်စဖွယ်ပါပဲ
တည်ခင်းရာတွင် အလုံးကို ပန်းကန်ပြားထဲ ထည့်ပြားပြီး မန်ကျည်းနှစ်၊ ကြက်သွန်ဖြူ ဆီချက်ဖတ်၊ နံနံပင်၊ ကြက်သွန်မြိတ်ဖြူးပြီး ပြင်ပေးပါ။ ဂျူးမြစ် (အစိမ်း) နှင့် တွဲစားလျှင် အလွန်ကောင်းပါသည်။ ငရုတ်သီးကြိုက်သူများ ငရုတ်သီးဆီချက်နှင့်လဲ တွဲဖက်စားသုံးနိုင်ပါသည်။

Thursday, October 2, 2008

ရေးပေးပါ။

ကိုယ်ပိုင်ပန်းခင်းလေးက Tag လုပ်လို့ ရေးလိုက်ရပါတယ်။ စာတမ်းကိစ္စနဲ့ အရမ်းအလုပ်ရှုပ်နေလို့ ခုမှပဲ ရေးဖြစ်တော့တယ်။ စရေးပြီ။ 

ကိုယ့်နာမည် - လောရှည် လေ။

ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ထောင်ထောင်၊ နီယို၊ မောင်လောရှည်၊ မေလောရှောင်။

ဒီမှာနေတယ် - စင်ကာပူ။

ကိုယ့်ဆီဖုန်းဆက်ချင်ရင် - လျှောက်လွှာအရင်တင်ပါ။ (Comment ပေးပြီးတော့)။

(ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက)

အရောင်ဆိုရင် - မိုးပြာရောင်၊ အ၀ါရောင်၊ ဖက်ဖူးစိမ်းနုနု၊ အနီရောင်၊ အနက်ရောင်၊ အဖြူရောင်၊ မီးခိုးအမျိုးမျိုး။

အ၀တ်အစားဆိုရင် - Baggy Jeans, Rappers' Ware။

အစားအစာဆိုရင် - စားလို့ရတာ အကုန် (ကိုရီးယားစာ မပါ)။

ပစ္စည်းဆိုရင် - ရှေးဟောင်း ပစ္စည်း ထုကြီးထည်ကြီး၊ သစ်သစ်လွင်လွင် တောက်တောက်ပြောင်ပြောင်။

သီချင်းဆိုရင် - Heavy Rock မှ လွဲ၍။

စာရေးဆရာ - Isaac Asimov။

စာအုပ် - Foundation Trilogy (Foundation, Foundation and Empire and Second Foundation)။

Life Style - တက္ကသိုလ်မှာ သုတေသနလုပ်တဲ့ ပါမောက္ခ၊ (ဒါမှမဟုတ် အလွန်အောင်မြင်သော နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းရှင်)။

ကိုယ့်ရဲ့ဝါသနာ - ဂိမ်းဆော့တယ်၊ ရုပ်ရှင်ကြည့်တယ်။ (ဂျပန်ကာတွန်း ကြည့်တယ်)။

အလိုချင်ဆုံးလက်ဆောင် - သိမ်းရလွယ်၊ သယ်ရလွယ်၊ ပေးချင်စိတ်ရှိလို့ ပေးတာ အားလုံး။

ကိုယ့်ရဲ့ အချစ်ဆုံးသူက - ပြောဝူး။ သတ်ပစ်လိုက်။

ကိုယ့်ရဲ့ အလေးစားဆုံးသူက - Roy Mustang (စိတ်တော့မကောင်းဝူး၊ ကာတွန်းဇာတ်ကောင် ဖစ်နေတယ်။)

ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - များကြီးပဲဗျ။

ကိုယ့်ကို နားလည်မှု အပေးနိုင်ဆုံးက - ညီလေး။

ကိုယ့်ရဲ့ အမုန်းဆုံးသူက - ပြောဝူး။ (ပြောရင် ဒီကောင်ထွက်ပြေးသွားမှာပေါ့။)

ရင်အခုန်ဆုံးအချိန် - အဖြေကို စောင့်နေရတဲ့ အချိန် (စာမေးပွဲ အောင်စာရင်းလိုဟာမျိုး၊ ပညာသင်ဆု လျှောက်လွှာ ရလဒ်လိုဟာမျိုးကို ဆိုလိုသည်။)

အကြောက်ဆုံးအချိန် - ကိုယ့်ကို စိတ်ဆိုးခံရတဲ့အချိန် (ဆော်ပလော်တီးမှာ ကြောက်ရို့)။

အပျော်ဆုံးအချိန် - ညီလေးနဲ့ Acclaim's WWF Wrestle Mania (16 bit) Sega Genesis Version ကို ကွန်ပျူတာပေါ်မှာ Emulator နဲ့ ဆော့ရတဲ့အချိန်။

အမှတ်တရနေ့ - ငါးတန်းတုန်းက အတန်းထဲမှာ ပထမရတဲ့နေ့။

အချစ်ဆိုတာ - ညံ့ပါ့၊ ဒါလေးတောင် မသိဘူးလား။ (ငါလဲ တိပါဝူး)။

အမုန်းဆိုတာ - မသိချင်စမ်းပါနဲ့။

အလွမ်းဆိုတာ - ဒါလဲ မသိချင်စမ်းပါနဲ့။ (ပြောပြလို့မရဘူးကွ။)

သံယောဇဉ်ဆိုတာ - ငြိတွယ်ခြင်း။

ဘ၀ဆိုတာ - မိုးလင်းတိုင်း ဒီနေ့ ဘာဖြစ်မလဲ သိချင်လို့ ရှာဖွေကြည့်ရတာ။ (ကျော်ကြည့်လို့လဲ မရဘူး)

သူငယ်ချင်းဆိုတာ - များလေကောင်းလေ။

ချစ်သူဆိုတာ - နည်းလေကောင်းလေ။ n ယောက်ရှိရင် အနည်းဆုံး n-1 ခါ အသည်းကွဲလိမ့်မယ်။ (ဒါတောင် တယောက်ကိုရမှ၊ မရရင် n ခါအသည်းကွဲလိမ့်မယ်။)

ကိုယ့်ကိုယ့်ကိုယ် ဒီလိုထင်တယ် - ဥစ္စာပေါ၊ ရုပ်ချော၊ သဘောဖြူ၊ အူစင်း၊ သမာသမတ်ကျ၊ အကုန်သိ၊ အကုန်တတ်၊ အကုန်နားလည်၊ မြင့်မြတ်၊ စင်ကြယ် ... ခွိ ခွိ ။

ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - Do It Now !

အပြောချင်ဆုံး စကားတခွန်း - I am very glad to be in this very spot, to give this acceptance speech for this year's Alan Turing Award and to be the first South East Asian to grab this award.


Thursday, July 31, 2008

စိန့်ပီတာစဘတ် ၀ိရောဒိ

ခေါင်းပန်းလှန်တမ်း ကစားကြရအောင်။ ပထမ စစချင်းမှာ ဒိုင်က ပိုက်ဆံ ၁ ကျပ်လောင်းပါမယ်။ ခေါင်း (Head) ကျရင် စာရှုသူက ပိုက်ဆံ ၁ ကျပ် ရပါမယ်။ ကစားပွဲလဲ ပြီးပါမယ်။ တကယ်လို့ ပန်း (Tail) ကျသွားရင်တော့ ဒိုင်က ပိုက်ဆံ ၂ ကျပ် (အရင်တခါ လောင်းထားတဲ့ ပမာဏကို ၂ နဲ့ မြှောက်ပြီး) လောင်းပါမယ်။ ခေါင်းကျရင် စာရှုသူ ပိုက်ဆံ ၂ ကျပ်ရပါမယ်။ ပန်းကျရင်တော့ ဒိုင်က ပိုက်ဆံ ၄ ကျပ် (အရင်တခါ ၂ ကျပ်ကို ၂ နဲ့ မြှောက်ပြီး) လောင်းပါမယ်။ အဲဒီလိုနဲ့ ပန်းမကျမချင်း ဆက်လောင်းသွားမှာ ဖြစ်ပါတယ်။ ဒီကစားပွဲကို စာရှုသူ ကစားရမယ်ဆိုရင် ၀င်ကြေး ဘယ်လောက် ပေးမှာလဲ။ (ဒါမှမဟုတ် ၀င်ကြေးကို ဘယ်လောက် သတ်မှတ်သင့်သလဲ။)

ပထမဆုံး ဖြစ်တန်စွမ်း သီဝရီအရ မျှော်မှန်းတန်ဖိုး (Expected value) E ကို တွက်ကြည့်ရအောင်။

E = (½) x 1 + (½ x ½) x 2 + (½ x ½ x ½) x 4 + (½ x ½ x ½ x ½) x 8 + …

E = Sum(k = 1 to infinity) (½)k x 2(k-1) = infinity

မျှော်မှန်းတန်ဖိုးဟာ အကန့်အသတ်မရှိကို ပြန့်ကားထွက်သွား (diverge) ပါတယ်။ အဓိပ္ပါယ်ကတော့ ကစားပွဲ တစ်ပွဲစီတိုင်းမှာ စာရှုသူရမဲ့ (နိုင်မဲ့) ပိုက်ဆံက အကန့်အသတ်မရှိပါတဲ့။ မျှော်မှန်းတန်ဖိုးဆိုတာက ဖြစ်တန်စွမ်းဆိုင်ရာ ဖြစ်စဉ် (Probabilistic event) တစ်ခုကို အခေါက်ပေါင်းများစွာ ဖြစ်စေရင် ပျမ်းမျှအားဖြင့် ရလာမဲ့ တန်ဖိုးပါတဲ့။ အဆုံးသတ် ကောက်ချက်ချတော့ ၀င်ကြေးဟာ ဘယ်လောက်ပဲ ဖြစ်ဖြစ် ဒီကစားပွဲကို ကစားဖို့ တယောက်ယောက်က ဖိတ်ခေါ်ခဲ့ရင် စာရှုသူ မကစားပဲ မနေပါနဲ့။ ကစားကို ကစားပါ။ ရေရှည်မှာ စာရှုသူဘက်က အသာချည်းပါပဲလို့ အဖြေထွက်လာပါတယ်။

ဒီအဆို ဘယ်လောက်မှန်နိုင်လဲ စဉ်းစားကြည့်ရအောင်။ ဒီပြဿနာကို နီကိုးလပ်စ် ဘာနောလီးက ထောက်ပြကတည်းက ဒီလိုကစားရင် စာရှုသူဘက်က ဂိန်ကို ဂိန်မယ်ဆိုတာ လူတွေက သိပါသတဲ့။ ဒါပေမဲ့ သင်္ချာနည်းနဲ့ အဖြေထုတ်တော့ စာရှုသူဘက်က ပွပေါက်တိုးပြီလို့ အဖြေထွက်နေတယ်။ ဖြစ်တန်စွမ်း သီဝရီကို မြောင်းထဲပို့ရတော့မလား။ ဒီပြဿနာကို စိန့်ပီတာစဘတ် ၀ိရောဒိလို့ ခေါ်ပါတယ်။

စိန့်ပီတာစဘတ် ၀ိရောဒိကို အမျိုးမျိုး အဖြေထုတ်ခဲ့ကြပါတယ်။ သင်္ချာပညာရှင် အများစု လက်ခံထားတာကတော့ မျှော်မှန်း အသုံးကျမှု သီဝရီ (Expected Utility Theory) ရဲ့ ရှင်းချက်ပါ။ (စာရေးသူ နားမလည်ပါ။ ဖတ်ဖို့လဲ အချိန်မရှိလို့ပါ။) ဒါကြောင့် စာရေးသူပိုပြီး အကျွမ်းတ၀င်ဖြစ်တဲ့ ဖြစ်တန်စွမ်း ချိန်ဆခြင်း (Probability Weighing) နဲ့ ရှင်းပြပါမယ်။ (ဒီနေရာမှာ စီးပွားရေး ပညာရှင်တချို့က ဒီကစားပွဲမှာ ဒိုင်ဘက်က နာဖို့ချည်းသေချာနေတာကြောင့် ဘယ်ဒိုင်မှ ဒါမျိုး ပေးလောင်းမှာမဟုတ်တဲ့အတွက် အဖြေရှာစရာလဲ မလိုဘူးလို့ ရှင်းကြပါသေးတယ်။ စာရေးသူ သိပ်သဘောမကျပါ။)

ဖြစ်တန်စွမ်း ချိန်ဆခြင်းအရ စာရှုသူ အနိုင်ရမဲ့ ဖြစ်ရပ်ရဲ့ ဖြစ်တန်စွမ်းကိုပဲ ဦးတည်တွက်ချက်ပါမယ်။ ကစားပွဲကို ကစားဖို့ စာရှုသူဟာ ပိုက်ဆံ n ကျပ် (၃၂ ကျပ်လို့ထားပါ) ပေးရတယ်ဆိုပါတော့။ ဒါဆိုရင် ၁ ကျပ်၊ ၂ ကျပ်၊ ၄ ကျပ်၊ … ၊ n ကျပ် (၃၂ ကျပ်) ပဲ ပြန်ရရင် မကိုက်ပါဘူး။ (စာရှုသူဘက်က အရေးမသာပါဘူး။) အဲဒါကို ၁ ထဲကနေ ၁ ကျပ်၊ ၂ ကျပ်၊ ၄ ကျပ်၊ … ၊ n ကျပ်ရမဲ့ ဖြစ်တန်စွမ်းတွေကို နှုတ်ပြီး အောက်ပါအတိုင်း တွက်ရမှာဖြစ်ပါတယ်။

P(You win when you bet n) = 1 – P(1) – P(2) – P(4) - … - P(n) = 1 – P(H…) – P(TH…) – P(TTH) - … - P(Tlog(n)H) = 1 - Sum(k = 1 to n) P(Tlog(k)H)

P(You win when you bet n) = 1 - Sum(k = 1 to log(n)+1) ½k = ½log(n)+1

သေချာသတိထားကြည့်ရင် n ဟာ အကန့်အသတ်မရှိ ကြီးလာတာနဲ့အမျှ စာရှုသူဘက်က နိုင်မဲ့ ဖြစ်တန်စွမ်းဟာလဲ သုညနီးပါး ငယ်သွားတာကို တွေ့နိုင်ပါတယ်။ (၂ ကျပ်ဖိုးလောင်းရင် နိုင်ဖို့အခွင့်အလမ်းက ၄ ပုံ ၁ ပုံ ရှိပေမဲ့ ၃၂ ကျပ်ဖိုးလောင်းရင်တော့ နိုင်ဖို့အခွင့်အလမ်းက ၆၄ ပုံ ၁ ပုံ ပဲဖြစ်သွားပါပြီ။) ဒီဝိရောဒိက ပေးတဲ့ သင်ခန်းစာကတော့ မျှော်မှန်းတန်ဖိုးတစ်ခုတည်းကိုပဲ ကြည့်ပြီး နေရာတကာ ဆုံးဖြတ်ချက်ချလို့ မရကြောင်းပါပဲ။ တခါတလေမှာ မျှော်မှန်းတန်ဖိုးဟာ စုဆုံခြင်း (convergence) မဖြစ်တဲ့အခါမှာ ဒီလိုမျိုး ၀ိရောဒိတွေ ပေါ်ပေါက်လာတတ်ကြောင်း ရေးသားရင်း စိန့်ပီတာစဘတ် ၀ိရောဒိအကြောင်း ဆောင်းပါးငယ်ကို နိဂုံးချုပ်အပ်ပါတယ်။ စာရှုသူတို့အားလုံး ဖြစ်တန်စွမ်းသီဝရီကို အသုံးချလို့ လောဘသား လူလိမ်လူညာတို့ရဲ့ လိမ်လည်လှည့်စားခံရခြင်းဘေးမှ ကင်းဝေးပါစေ။

၁၇၂၆ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဆုံးပါးသွားတဲ့ နီကိုးလပ်စ် ဘာနောလီးကို ဒီဆောင်းပါးငယ်နဲ့ ဂုဏ်ပြုပါတယ်။

Saturday, July 19, 2008

ဇာတ်တူသားစားကြခြင်း

"သားရဲ လူသား အရိုင်းအစိုင်းတို့ကို သတိထားပါ … ဘုရားသခင်၏ ပရိုင်းမိတ် သတ္တ၀ါများတွင် သူသည် ပျော်ရွှင်ခြင်းအတွက်၊ ရမ္မက်အတွက်၊ လောဘအတွက် သတ်ဖြတ်လေ့ ရှိသည်။ အကြင်လူသားသည် သူ၏ ညီရင်းအစ်ကိုကို ထိုသူ၏ မြေအလို့ငှာ သတ်အံ့။ ထိုလူသားတို့ကို အမြောက်အများ မပွားစီးစေလင့်၊ သို့မဟုတ်က ထိုသူတို့သည် သူ၏ အိမ်နှင့်တကွ အသင်ဝံတို့၏ အိုးအိမ်တို့ကို သုသာန်တစပြင်သို့ ခမ်းခြောက်စေအံ့။" ကောနီးလပ်စ်၊ ၀ံတို့၏ဂြိုဟ် (၁၉၆၈) ။

ဇူလိုင် ၁၆ ၂၀၀၈ ခုနှစ်တွင် သမိုင်းဘာသာ အဓိကနဲ့ ၀ိဇ္ဇာဘွဲ့ရ အမျိုးသမီး တစ်ဦးဖြစ်တဲ့ ခင်ချိုဦးဟာ စင်ကာပူနိုင်ငံ အလုပ်ပွဲစား (အိမ်ဖော်ပွဲစား) အိမ်ကနေ ထွက်ပြေးရင်း (ရုပ်ရှင်ထဲကလို အ၀တ်တွေဆက်ချည်ထားတဲ့ ကြိုးနဲ့ တွယ်ဆင်းထွက်ပြေးရင်း) ပြုတ်ကျ သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အလုပ်ပွဲစားကို လုပ်ငန်းမကျွမ်းကျင်မှု (non-professional)၊ တာဝန်မဲ့မှု (not taking enough responsibility for safety of his/her client)နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတို့အတွက် လောရှည် - ကတဲ့ပွဲ အနေနဲ့ ရှုံ့ချချင်ပါတယ်။

စာရှုသူ စဉ်းစားကြည့်ပါ။ သေဆုံးသူ အမျိုးသမီးဟာ သမိုင်းဘာသာနဲ့ ဘွဲ့ရထားတဲ့ ပညာတတ်တစ်ယောက်ပါ။ အဲဒီပညာတတ်ဟာ အိမ်ဖော်လုပ်ငန်းကို လုပ်ပါမယ်လို့ အလုပ်ပွဲစားဆီမှာ အလုပ်လာလျှောက်တော့ ပွဲစားအနေနဲ့ Professional ပီသစွာ သူ့ရဲ့ ပညာအရည်အချင်းနဲ့ လိုက်ဖက်မဲ့ အလုပ်ကို ရှာမပေးသင့်ဘူးလား၊ ရှာပေးနိုင်ဖို့ expertise အလုံအလောက်မရှိဘူးဆိုရင်လဲ ရှာပေးနိုင်တဲ့ ပွဲစားဆီကို မလွှဲအပ်သင့်ဘူးလား (၀န်ဆောင်ခကိုတော့ ခွဲဝေယူရမှာပေါ့လေ။) ဒါတွေကို မလုပ်ပဲနဲ့ သူငွေကြေး အကျိုးအမြတ်ရရှိစေမဲ့ အိမ်ဖော်အလုပ်ကိုပဲ over-qualified ဖြစ်နေတာကို လျစ်လျူရှုကာ (လောဘဇောတက်ပြီး) လုပ်ကိုင်စေခဲ့တယ်။ (ဒီနေရာမှာ အဲဒီအမျိုးသမီးဟာ ကော်လာဖြူ လုပ်ငန်းခွင်ဝင်ဖို့ ပညာရေး မပြည့်စုံဘူး ဘာဘာညာညာ ငြင်းချက်ထုတ်လိုသူများကို ပြန်လှန်မငြင်းပါ။ ဒါပေမဲ့ ဒီကြေငြာချက်ရဲ့ ဦးတည်ချက်က အရည်အချင်းမရှိတဲ့ ဘွဲ့ရတွေအကြောင်းမဟုတ်ပါ။)

ဒီနေရာမှာ တခုသတိထားမိဖို့က အိမ်ဖော်ပွဲစားဆိုတာ စင်ကာပူအစိုးရဆီမှာ စနစ်တကျ မှတ်ပုံတင်ပြီးမှ လုပ်ရတာ။ အိမ်ဖော်ကို အိမ်ကိုခေါ်ထားချင်တဲ့ အိမ်ရှင် (အလုပ်ရှင်) ဆိုတာကလဲ ဒီတိုင်းခေါ်လို့မရပဲ အစိုးရဆီမှာ အိမ်ဖော်ကို ဘယ်လို ဆက်ဆံရမယ်၊ ဘယ်လိုထားရမယ်၊ ဘာတွေခိုင်းခွင့်ရှိပြီး ဘာတွေ ခိုင်းလို့မရဘူးဆိုတာတွေကို စာမေးပွဲဖြေပြီးမှ ခေါ်ခွင့်ရတာ။ ဒီအမျိုးသမီး မပျော်ဘူးဆိုတာကို ဘာလို့ အိမ်ဖော်ပွဲစားက မစစ်ဆေးသလဲ။ တကယ်လို့ abuse ဖြစ်နေတယ်ဆိုရင် အိမ်ရှင် (အလုပ်ရှင်) ကို ဘာလို့ တရားမစွဲသလဲ။ ဒါတွေဟာလဲ professional မပီသတဲ့ အပြုအမူတွေဖြစ်တယ်။ ဘက်လိုက်မှု၊ တရားမမျှတမှုတွေရဲ့ သင်္ကေတတွေဖြစ်တယ်။ တာဝန်မဲ့တာပဲ ဖြစ်တယ်။

ဒီအမျိုးသမီးဟာ တိုက်ပေါ်က တွယ်ဆင်းတယ်လို့ သိရပါတယ်။ တံခါးက ထွက်လို့ရရင် တိုက်ပေါ်က တွယ်မဆင်းဘူး။ ဒီအချက်ဟာ သူ့ကို ချုပ်နှောင်ထားတယ်ဆိုတာကို ပြသပြီး လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်လဲဖြစ်တယ်။ (အိမ်ဖော်ပွဲစားများ အိမ်ဖော်ကို သော့ခတ် ချုပ်နှောင်ရန် အခွင့်အာဏာရှိသည်လို့ ဥပဒေပြဌာန်းချက် ရှိမယ်မထင်ဘူး။)

ဒီကိစ္စကို မြန်မာ့အသိုင်းအ၀ိုင်းက အလေးအနက်ထားပြီး နောက်နောင် ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ပွားရအောင် ဥပဒေဘောင်အတွင်းကနေ အဖြေရှာသင့်တယ်လို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။ ကျွန်းဆွယ်ပလာဇာ (Peninsula Plaza) က မြန်မာဆိုင်ရှင်တစ်ယောက်ကို အလွတ်သဘော မေးမြန်းရာမှာ ရလာတဲ့ အလုပ်ပွဲစားရဲ့ အပြစ်တွေကို ဖုံးဖိတဲ့ အဖြေလေးနဲ့ ကြေငြာချက်ကို ရုပ်သိမ်းလိုက်ပါတယ်။

အဲဒီ ကောင်မလေးကိုက ရွတာ။ ရောက်တာမှ တလမပြည့်သေးဘူး။ အိမ်ရှင်က ပုံစံပေးတော့ သူစိတ်ညစ်တယ်နေမှာပေါ့။ (ဘော်ကျော့နေလို့မှ မရတာလေ၊ ဖိလစ်ပိုင်တွေက မြန်မာတွေလိုမပျင်းဘူး။ အလုပ်လုပ်တာ တော်တယ်။) အဲဒါနဲ့ မပျော်ဘူးဆိုတော့ နောက် Agent ဆီမှာ လာထားတာ။ အဲဒါကို ရွစိတက်ပြီး သူထွက်ပြေးတာလေ။ အ၀တ်တွေကို ဆက်ပြီး တွယ်ဆင်းတော့ အပေါ်မှာ ချည်ထားတဲ့ တိုင်က ပြုတ်တော့ ကျသေရော။ (အလုပ်ကို လက်ကြောတင်းအောင်က မလုပ်ချင်ဘူး။) အဲဒါနဲ့ အကုန်ရှုပ်ကုန်ရော။

Wednesday, July 9, 2008

UMDH ဖြင့် မှတ်ဥာဏ်ယိုပေါက်များကို ရှာဖွေခြင်း

အောက်ပါ post ပါအကြောင်းအရာများကို Intel® Core™2 Duo E6550 @2.33 GHz, DDR 2 1GB x 4, Microsoft Windows XP Professional Service Pack 2 တပ်ဆင်ထားသော ၃၂ ဘစ် စက်တွင်သာ စမ်းသပ်ထားပြီး ဖြစ်ပြီး ရေးသားချိန်တွင် တတ်နိုင်သလောက် တိကျ မှန်ကန်စေရန် ကြိုးစားထားသော်လည်း post ပါ အကြောင်းအရာများ၏ မှန်ကန်တိကျ မှီခိုနိုင်စွမ်းကို လောရှည် - ကတဲ့ပွဲမှ အာမမခံပါ။ သုံးစွဲခြင်းကြောင့် တစုံတရာ နစ်နာဆုံးရှုံးမှု ဖြစ်ပွားလာပါက သုံးစွဲသူ၏ တာဝန်သာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ 

Pointer Arithmetic အသုံးပြုသော အစီအစဉ် (Program) များကို ရေးသားရာတွင် ဖြစ်တတ်သော ပြဿနာတစ်ရပ်မှာ ရယူထားသော မှတ်ဥာဏ် (memory) နေရာ (space) များကို ပြန်လည်စွန့်လွှတ်ခြင်း (deallocation) မပြုမိသည့်အခါ အပုံ (heap) ထဲတွင် မှတ်ဥာဏ်နေရာလွတ် ကုန်ခမ်း သွားတတ်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် အမှိုက်သိမ်းစနစ် (Garbage Collection System) မပါရှိသည့် C/C++ ကဲ့သို့သော ဘာသာစကားများတွင် အဆိုပါ ပြဿနာသည် ကောက်ရိုးပုံ အပ်ပျောက်သလို ရှာရခက်သော ပြဿနာ တစ်ရပ်ဖြစ်ပါသည်။ Windows NT Platform (Windows NT, Windows 2000, Windows XP and Windows Vista) တွင် အဆိုပါ ပြဿနာကို အဖြေရှာနိုင်ရန်အတွက် UMDH ဟုခေါ်သော အစီအစဉ်တစ်ခုကို Microsoft မှ အခမဲ့ ဖြန့်ဖြူးပေးထားရာ ယခုဆောင်းပါးငယ်တွင် အဆိုပါ အစီအစဉ်ကို အသုံးပြုပုံ အဆင့်ဆင့်ကို ရေးသားရှင်းလင်းမည် ဖြစ်ပါသည်။ 

UMDH သည် Debugging Tools for Windows package တွင်ပါဝင်သော အစီအစဉ်တစ်ခု ဖြစ်သည်။ ၄င်းကို အသုံးပြုရန်အတွက် အဆိုပါ package ကို အရင်ဆုံး download လုပ်ရမည်ဖြစ်သည်။ မိမိ အသုံးပြုမည့် စနစ်နှင့် ကိုက်ညီရာကို ရွေးချယ်ရန် သတိပြုပါ။ ထို့နောက်တွင် Windows Symbol Package ကို download လုပ်ရယူရမည်ဖြစ်သည်။ Symbol Package ကို ရွေးချယ်ရာတွင် မိမိ debug လုပ်မည့် အစီအစဉ်ကို အသုံးပြုမည့် စက်မောင်းနှင်စနစ် (Operating Systems) နှင့်ကိုက်ညီရာကို ရွေးချယ်ရမည်ဖြစ်သည်။ (စက်တလုံးတည်းတွင် debug လုပ်မည်ဆိုပါက အဆိုပါစက်၏ မောင်းနှင်စနစ်ကိုသာ ရွေးပါ။) 

အထက်ပါ အပျော့ထည်များကို ထည့်သွင်းပြီးပါက သင်၏ စက်မောင်းနှင်စနစ်ကို debug mode ဖြင့် စနှိုး (boot) ပါ။ Windows XP Professional တွင် My Computer ကို ညာကလစ်ဖြင့် နှိပ်ပါ။ Properties ကိုရွေးပါ။ Advanced tab ကို သွားပါ။ Startup and Recovery Setting ကို နှိပ်ပါ။ Edit ကို နှိပ်ပါ။ သင်၏ စက်မောင်းနှင်စနစ် စာကြောင်း ဘေးတွင် "/debug" ဟုဖြည့်သွင်းပါ။ (ဥပမာ …\WINDOWS="Microsoft Windows XP Professional" /fastdetect /debug အချို့ကမူ ထိုစာကြောင်းကို ၂ ကြောင်းကူးပြီး တစ်ခုတွင် "/debug" ဟု ထည့်သွင်းတတ်သည်။)

ထို့နောက် System Path Variable ကို UMDH (နှင့် Debugging Tools for Windows) ထည့်သွင်းထားသော လမ်းညွှန် (Directory) သို့ ပြောင်းပေးပါ။ My Computer ကို ညာကလစ်နှိပ်ပြီး Properties ကိုရွေးပါ။ Advanced tab ကိုသွားပါ (အထက်ပါအတိုင်းတူတူပင်ဖြစ်သည်။) Environment Variables ကို နှိပ်ပါ။ System variables မှ path ကိုရှာပြီး UMDH ရှိရာ လမ်းညွှန်ကို ဆီမီး ၉ လုံး (semi-colon) ခံပြီး နောက်ဆုံးတွင် ထည့်သွင်းပါ။ အားလုံးကို အိုကေနှိပ်ပါ။ စက်ကို restart လုပ်ပါ။ 

စက်ပြန်တက်လာလျှင် _NT_SYMBOL_PATH ဟုခေါ်သော Environment Variable ကို သင် Symbol ထည့်သွင်းထားခဲ့သော လမ်းညွှန်သို့ ပြောင်းပေးရမည်ဖြစ်သည်။ set _NT_SYMBOL_PATH=SRV*c:\Windows\Symbols ဟု အမိန့်ပေးပါ။ (Symbol များကို အခြား လမ်းညွှန်သို့ ထည့်သွင်းမိလျှင် c:\Windows\Symbols အစား အဆိုပါလမ်းညွှန်၏ လမ်းကြောင်းကို ဖြည့်သွင်းပါ။) သင့် အစီအစဉ်အတွက် gflags ကို ချိန်ပေးရန်အတွက် "gflags /i yourprogram.exe +ust" ဟု အမိန့်ပေးပါ။ UMDH သုံးစွဲရန် အသင့်ဖြစ်ပါပြီ။ 

သင်၏ အစီအစဉ်ကို မှတ်ဥာဏ်ယိုပေါက် (memory leakage) မဖြစ်ခင် အနေအထားတွင် ရပ်တန့်စေ၍ (breakpoint ပေးလိုက်လျှင် အလွယ်ဆုံးဖြစ်သည်) umdh –p:<your_program_process_id> -f:<logfile1_path_with_ext> -g ဟု အမိန့်ပေးပါ။ (Process Id ကို သိရန်အတွက် tlist ဟု အမိန့်ပေး၍ ကြည့်ရှုနိုင်ပါသည်။) ထို့နောက်တွင် မှတ်ဥာဏ်ယိုပေါက် အပြီးလောက်ဟု ထင်သောနေရာသို့ ရောက်သည်အထိ ဆက်လက်လုပ်ဆောင်စေပါ။ umdh –p:<your_program_process_id> -f:<logfile2_path_with_ext> -g ဟု ထပ်မံအမိန့်ပေးပါ။ 

ယခု သင်၏ အစီအစဉ်ရှိ မှတ်ဥာဏ်ယိုပေါက်မတိုင်မီနှင့် မှတ်ဥာဏ်ယိုပေါက်အပြီး မှတ်ဥာဏ်အသုံးချမှုဆိုင်ရာ အချက်အလက်များ logfile1 နှင့် logfile2 တို့တွင် သိမ်းဆည်းပြီး တည်ရှိနေပါပြီ။ အဆိုပါ file များကို နှိုင်းယှဉ်ကြည့်ရှုရန်အတွက် umdh –d –v –l <logfile1_path> <logfile2_path> ဟု နှိပ်ပါက အဆိုပါ အစီအစဉ် နေရာ ၂ ခုကြား ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည့် မှတ်ဥာဏ်နေရာများကို တွေ့ရှိရပါလိမ့်မည်။ ("> <text_file_path>" ဟု အမိန့်နောက်တွင် ဖြည့်သွင်းပြီးမှ အမိန့်ပေးလျှင် ဖန်သားပြင်ပေါ်တွင် ပေါ်လာမည့် အဖြေများကို အဆိုပါ text_file_path တွင် ရေးသားပေးပါသည်။) 

ဥပမာ

+ 4132 ( 4132 - 0) 1 allocs    BackTraceD3

+ 1 ( 1 - 0)    BackTraceD3    allocations

    (blar blar blar)

    MSVCR80D!fprintf+0000029C (f:\rtm\vctools\crt_bld\self_x86\crt\src\fprintf.c, 70)

    YourProject!leakyFunction+000005EB (d:\leaky.cpp, 325)

    (blar blar blar)

    kernel32!RegisterWaitForInputIdle+00000049

ဟုတွေ့ရှိရပါက မှတ်ဥာဏ် မှတ်တမ်း ၂ ခုအကြားတွင် leakyFunction (leaky.cpp မှ လိုင်းအမှတ် ၃၂၅) မှ မှတ်ဥာဏ် ၄၁၃၂ ဘိုက်ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည်ကို တွေ့ရှိရပါလိမ့်မည်။ 

စာရှုသူ မိတ်ဆွေများ မှတ်ဥာဏ်ယိုပေါက်များဖြင့် ခေါင်းကိုက်ရခြင်း ဒုက္ခမှ ကင်းဝေးပါစေ။