ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Wednesday, January 28, 2009

မေ့လျော့ခံထားရသော Hip-Hop ပညာရှင်များ (၂): BTNH

Bone Thugs-N-Harmony (BTNH) ဟာ ၁၉၉၀ ပြည့်နှစ်လွန်များက ကလိဖ်လန် (Cleveland) မြို့မှာ ပေါ်ထွန်းခဲ့တဲ့ Hip-Hop ဂီတအဖွဲ့ပါ။ သူတို့မှာ အဖွဲ့သား ၅ ယောက်ပါဝင်ပြီး Bizzy Bone, Krayzie Bone, Layzie, Wish Bone နဲ့ Flesh-N-Bone တို့ဖြစ်ပါတယ်။ လျင်မြန်ပြီး သံစဉ်ချိုချိုလေးလို ဖြစ်နေတဲ့ rap တွေကို သီဆိုလေ့ရှိတဲ့ သူတို့အဖွဲ့ဟာ ကြမ်းတမ်းတဲ့ Hip-Hop အဆိုရှင်များကြားမှာ တမူထူးခြားလို့နေပါတယ်။ ၁၉၉၇ ခုနှစ်မှာ Crossroad သီချင်းနဲ့ ဂရမ်မီဆု (Grammy) ကို ဆွတ်ခူးခဲ့တဲ့ သူတို့အဖွဲ့ဟာ သေဆုံးသွားကြပြီဖြစ်တဲ့ Eazy-E, Notorious B.I.G (Christopher Wallace) နဲ့ 2Pac တို့အားလုံးနဲ့ တွဲဖက်သီဆိုဖူးတဲ့ တစ်ခုတည်းသော ဂီတအဖွဲ့လဲ ဖြစ်ပါတယ်။ (ACID ရဲ့ စတင်ခြင်း ထဲက ဘ၀သီချင်းမှာ စိုင်းစိုင်းဆိုသွားတဲ့ "ငါဒီမှာ အလင်းတွေ သီချင်းတွေ မေ့ခဲ့ပြီးလို့ … အရပ်ပျက်တဲ့ ဘ၀ရဲ့ မှတ်တမ်း" ဆိုတဲ့ အပိုဒ်ဟာ သူတို့နဲ့ Notorious B.I.G တွဲဆိုထားတဲ့ Notorious Thugs သီချင်းမှာ Bizzy Bone ဆိုသွားတဲ့ အပိုဒ်ပေါ့။)



ဂရမ်မီဆု ဆွတ်ခူးခဲ့တဲ့ Crossroad သီချင်း

၁၉၉၀ မှာ အဖွဲ့ဝင် ၄ ဦးနဲ့ စတင်တည်ထောင်ပြီး ၁၉၉၁ မှာ နောက်ဆုံးအဖွဲ့သားဖြစ်တဲ့ Flesh-N-Bone ၀င်ရောက်လာအပြီးမှာ သူတို့ရဲ့ ပထမဆုံး ဓာတ်ပြား Faces of Death ကို အသံသွင်းပါတယ်။ ကလိဖ်လန်ကနေ လော့စ်အိန်ဂျလိစ် (Los Angeles) မြို့အထိ ချီတက်သွားပြီး အဲဒီအချိန်က နာမည်ကြီး Rapper/Producer တစ်ယောက်ဖြစ်တဲ့ Eazy-E ကို တွေ့ဖို့ ကြိုးစားကြပါတယ်။ Eazy-E ကို တယ်လီဖုန်းထဲကနေ သီချင်းဆိုပြကြအပြီးမှာ ဖုန်းပြန်ဆက်ပါ့မယ်ဆိုပြီး Eazy-E ပေါ်မလာဇာတ်ခင်းသွားပါတယ်။ ဒါပေမဲ့လဲ ဇွဲကောင်းလွန်းလှတဲ့ BTNH ဟာ Eazy-E ကလိဖ်လန်ကို သီချင်းလာဆိုတုန်း ဇာတ်စင်နောက် အ၀တ်လဲခန်းမှာ အမိဖမ်းပြီး နောက်တခါ သီချင်း ထပ်ဆိုပြအပြီးမှာတော့ Eazy-E နဲ့ သူတို့နဲ့ Ok သွားပါတယ်။



Eazy-E နဲ့ ဆိုခဲ့တဲ့ For Tha Love of $ သီချင်း

Eazy-E ထုတ်ပေးတဲ့ Creepin on ah Come Up ဓာတ်ပြားဟာ Gangster သီချင်းတွေ များနေလို့ ချက်ချင်းမပေါက်နိုင်ပေမဲ့ Thuggish Ruggish Bone နဲ့ For Tha Love of $ ၂ ပုဒ်ကို ရေဒီယိုက လွှင့်လိုက်တဲ့အချိန်မှာတော့ BTNH က ကောင်လေးတွေ ချက်ချင်း စူပါစတား ဖြစ်သွားပါတယ်။ နောက် ဓာတ်ပြား E 1999 Eternal မှာတော့ Gangster သီချင်းနဲ့ ဆေးခြောက်ရှူတာတွေအပြင် Crossroad လိုမျိုး ဘာသာရေးဆန်ဆန် သီချင်းတွေ စပြီး ပါလာပါပြီ။ BTNHResurrection မထုတ်မီမှာပဲ Flesh-N-Bone တယောက် AK-47 နဲ့ အိမ်နီးချင်းကို ရမ်းကားလို့ဆိုပြီး ထောင်ချခံရပါတော့တယ်။ ဒါနဲ့ ကျန်တဲ့ ၄ ယောက်နဲ့ပဲ Thugs World Order ကို သွင်းပါတယ်။ Phil Collins ပါဝင်သီဆိုထားတဲ့ Home သီချင်းဟာ ဒီအဖွဲ့ကို စာရေးသူရဲ့ အသည်းစွဲ ဖြစ်သွားစေတဲ့ သီချင်းပါပဲ။ အဲဒီအခွေရဲ့ နောက်မှာတော့ Bizzy Bone ဟာ အဖွဲ့ကို စွန့်ခွာသွားပါတော့တယ်။


Phil Collins နဲ့ဆိုခဲ့တဲ့ Home သီချင်း

BTNH ဟာ တဦးချင်းစီလဲ အောင်မြင်တဲ့ Rapper တွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ Bizzy Bone နဲ့ Layzie Bone တို့ဟာ တဦးချင်းခွဲထွက်ပြီးတော့ ဓာတ်ပြားတွေ ထုတ်ရာမှာ အထိုက်အလျောက် အောင်မြင်မှုတွေ ရခဲ့ပါတယ်။ သူတို့ ၂ ယောက်တွဲပြီးတော့ Bone Brothers ဆိုတဲ့ အမည်နဲ့လဲ သီချင်းတွေ ဆိုပါသေးတယ်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဖြစ်အပြီးမှာ Bizzy Bone ဟာ အဖွဲ့ကို ပြန်လာပါပြီ။ ထောင်ထဲရောက်နေတဲ့ Flesh-N-Bone ကလဲ လျှော့ရက်တွေနဲ့ ပြန်လွတ်လာပြီမို့လို့ အခုလက်ရှိအချိန်မှာ သူတို့ ၅ ယောက်လုံး ဓာတ်ပြားအသစ်ကို အသံသွင်းလျှက် ရှိပါကြောင်း ရေးသား မှတ်တမ်းတင်လိုက်ပါတယ်။

ငါတို့ပြန်တည့်သွားပြီဆိုတဲ့ Resurrection(Paper, Paper) သီချင်း

Saturday, January 24, 2009

ဗာဂျီးနီးယား နည်းပညာ တက္ကသိုလ်မှ ခေါင်းဖြတ်သတ်မှု

ဗာဂျီးနီးယား နည်းပညာ တက္ကသိုလ် (Virginia Tech) မှာ စာရင်းကိုင်ပညာ မဟာဘွဲ့ယူဖို့ တရုတ်နိုင်ငံက ပူပူနွေးနွေး ရောက်ရှိနေတဲ့ ကျောင်းသူ ရှင်းယန် (Xin Yang) ဟာ အရေးအကြောင်းရှိရင် တနိုင်ငံတည်းသား စိုက်ပျိုးရေးနှင့် အသုံးချ ဘောဂဗေဒ ပါရဂူဘွဲ့ ကျောင်းသား ကျုဟိုက်ယန် (Zhu Haiyang) ကို ဆက်သွယ်ဖို့ တက္ကသိုလ် အာဏာပိုင်တွေကို ညွှန်ကြားထားခဲ့ပါတယ်။ ဒါပေမဲ့ သူမ နေထိုင်ရာ အဆောင်အတွင်းရှိ အူပုံဖိန်း (Au Bon Pain) ကော်ဖီဆိုင်မှာ ခေါင်းနဲ့ ကိုယ်နဲ့တခြားစီဖြစ်သွားတဲ့ သူမရဲ့ ကြမ္မာကိုတော့ ဟိုက်ယန်ကို အကြောင်းကြားစရာတောင် လိုမယ်မထင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ရှင်းယန်ကို မီးဖိုချောင်သုံး ဓားမနဲ့ တိုက်ခိုက်ခဲ့သူဟာ ဟိုက်ယန် ကိုယ်တိုင်ပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။


သေဆုံးသူ ရှင်းယန်

မျက်မြင်သက်သေများ အဆိုအရ ကော်ဖီဆိုင်အတွင်းမှာ အခင်းမဖြစ်ပွားမီအချိန်အထိ သူတို့ ၂ ယောက်ဟာ အေးဆေး ငြိမ်သက်စွာပဲ ရှိနေခဲ့တယ်လို့ သိရပါတယ်။ သတ်ဖြတ်ရတဲ့ အကြောင်းရင်းကို သိရဖို့ ခက်ခဲနေတာကြောင့် တရားခံရဲ့ တယ်လီဖုန်း၊ ကွန်ပျူတာနဲ့ နေ့စဉ်မှတ်တမ်းတို့ကို စစ်ဆေးခွင့်ပေးဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားရုံးမှာ ခွင့်ပြုချက် လျှောက်ထားပါတယ်။

သေဆုံးသူ ရှင်းယန် (အသက် ၂၂) ဟာ ဇန်န၀ါရီ ၈ ရက်ကမှ ကျောင်းကို ရောက်လာတဲ့ ကျောင်းသူ အသစ်ဖြစ်ပြီး သြဂုတ်လအတွင်းကတည်းက ကျောင်းကို ရောက်နေခဲ့သူ ကျုဟိုက်ယန်က သူမကို ပတ်ဝန်းကျင် အသစ်နဲ့ နေသားတကျဖြစ်အောင် ကူညီပေးနေခဲ့တယ်လို့ ဆိုပါတယ်။

တရားခံ ဟိုက်ယန် (အသက် ၂၅) ကို မောင်တိုဂမီ ခရိုင် အကျဉ်းထောင်မှာ ဖမ်းဆီးထားပါတယ်။ ကျောင်းဝင်းအတွင်း တာဝန်ကျတဲ့ ရဲအရာရှိဟာ အခင်းဖြစ်ပွားရာကို ရောက်ရှိချိန်မှာ ရှင်းယန်ရဲ့ ခေါင်းပြတ်ကို ကိုင်ထားတဲ့ တရားခံကို တွေ့ရှိ ဖမ်းဆီးခဲ့ပါတယ်။

၂၀၀၇ ခုနှစ် ဧပြီလအတွင်းမှာလဲ ဒီတက္ကသိုလ်က ကိုရီးယား ကျောင်းသား ချိုစွန်းဟွေ့ (Cho Seung Hui) ဟာ သေနတ်ကိုင်ဆောင်ပြီး ကျောင်းဝင်းအတွင်းမှာပဲ လူ ၃၂ ယောက်ကို ပစ်ခတ်ခဲ့ပြီး မိမိကိုယ်ကိုယ် စီရင်ခဲ့ပါတယ်။ ဒီလိုဆိုရင်တော့ ဗာဂျီးနီးယား နည်းပညာ တက္ကသိုလ်ဟာ အာရှ ကျောင်းသားတွေ အတွက် စိတ်ဖိစီးစရာတွေ များနေပုံရပါတယ်။

http://media.washingtontimes.com/media/img/photos/2009/01/23/20090122-214354-pic-331778206.jpg
http://www.freep.com/article/20090124/NEWS07/901240377 နှင့်
http://www.foxnews.com/story/0,2933,482025,00.html ကို မှီငြမ်းပါသည်။

Sunday, January 11, 2009

ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဆိုရာ၌

ဒီစာတမ်းငယ်လေးကို အမေးလေးနဲ့ စလိုက်ပါရစေ။ မေးပါမည်။ အရွယ်ရောက်ပြီး လူတစ်ယောက်သည် အခြား အရွယ်ရောက်ပြီး လူတစ်ယောက်၏ လွတ်လပ်ခွင့်ကို ထိပါးခြင်းသည် တရားမျှတပါ၏လော။ စာရှုသူဖြေပါ။ အဖြေရခက်နေလျှင် ထပ်မေးပေးပါမည်။ အရွယ်ရောက်ပြီး လူတစ်ယောက်သည် အခြား အရွယ်ရောက်ပြီး လူတစ်ယောက်ကို ဒီဘာသာကို ကိုးကွယ်၊ ဒီအယူအဆကို ယူ၊ ဒီ ယဉ်ကျေးမှုကို လိုက်နာ ကျင့်သုံး၊ ဒီလိုစဉ်းစား၊ ဒီလိုတွေးခေါ်၊ ဒီအ၀တ်အစားကို ၀တ်၊ ဒီအစားအသောက်ကို စား၊ ဒီအနုပညာကို ခံစား စသဖြင့် အတင်းအကျပ် စေခိုင်း ညွှန်ကြားခွင့် ရှိပါသလား။ တနည်း သြဇာပေးခွင့် ရှိပါသလား။

တရားမမျှတပါ၊ ခွင့်မရှိပါဟု ဖြေဆိုလျှင် စာရှုသူနှင့် စာရေးသူ ရင်ခုန်သံချင်း ထပ်တူကျပေပြီ။ (တရားမျှတပါ၏ဟု ဖြေဆိုသူများအားလဲ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ပေးပါ၏။) အရွယ်ရောက်ပြီးသူ မည်သူကမျှ အခြား အရွယ်ရောက်ပြီး သူတစ်ယောက်ကို သြဇာပေးခွင့်မရှိပဲ အရွယ်ရောက်ပြီးသူတိုင်း (အခြားသူများကို မထိခိုက်သမျှ - ဥပမာ လူသတ်ခြင်း၊ ခိုးဆိုး လုယက် တိုက်ခိုက်ခြင်း စသည့် ရာဇ၀တ်မှုများကို ကျူးလွန်ခြင်းမရှိသမျှ) မိမိနှစ်သက်ရာကို လုပ်ကိုင် ဆောင်ရွက်နိုင်ခွင့်၊ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် ရှိပါသည်။

သို့ဆိုလျှင် မေးခွန်းကို အနည်းငယ် ပြောင်းမေးပါမည်။ အရွယ်ရောက်ပြီးသူ တစ်ယောက်သည် အခြား အရွယ်ရောက်ပြီးသူတစ်ယောက်ကို မည်သည့် အကြောင်းပြချက်ဖြင့်/မည်သည့် အခြေအနေ (အာဏာပိုင်အဖွဲ့အစည်းတို့က ရာဇ၀တ်မှု ဥပဒေများအရ ဆောင်ရွက်မှုများမှအပ) တွင် သြဇာပေးခွင့် ရှိပါသနည်။ ဥပမာအားဖြင့် လူတစ်ယောက်သည် အခြားလူတစ်ယောက်ထက် ငွေကြေး ပိုမို ချမ်းသာသောကြောင့် ငွေကြေး မပြည့်စုံသူကို ဒီအစားအစာကို ကြိုက်ပါဟု သြဇာပေးနိုင်ပါသလား။ သို့မဟုတ် လူတစ်ယောက်သည် တောင်ပေါ်ဒေသတွင် မွေးသဖြင့် မြေပြန့်တွင်မွေးသောသူကို ဒီဂီတကိုပဲ နားထောင်ဟု အတင်းအကျပ် စေခိုင်းနိုင်ပါသလား။ မည်သည့် အကြောင်းပြချက်ဖြင့်/ မည်သည့် အခြေအနေတွင် ထိုသို့ ပြုလုပ်နိုင်ပါသနည်း။

တရားနည်းလမ်းကျကျ ပြောရလျှင် မည်သည့် အကြောင်းပြချက်နှင့်မျှ မည်သည့် အခြေအနေတွင်မျှ မပြုလုပ်နိုင်သင့်ပါ။ သို့ရာတွင် ကမ္ဘာတ၀ှမ်းရှိ လူတို့သည် အကြောင်းပြချက်တခုကြောင့် အခြားသူတို့၏ သြဇာ လွှမ်းမိုးခြင်းကို ခံနေရသည်။ ထိုအကြောင်းပြချက်မှာ ထိုသူတို့သည် လူ့လောကအတွင်းသို့ နောက်ကျ၍ မွေးဖွားလာခြင်းကြောင့် ဟူ၏ ။ ထိုသို့ဖြစ်ရခြင်းသည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နှင့် လောကပါလတရားများသည် အချိန်ကာလတလျှောက် ဖြန့်ကျက်နိုင်ခြင်း (temporal extension) မရှိပဲ အာကာသတလျှောက်သာ (spatially existed) တည်ရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

ဥပမာ ပေးပါမည်။ လူနှစ်စုတို့သည် ပထ၀ီအနေအထားအရ သီးခြားစီဖြစ်သော မြေနေရာတို့တွင် တချိန်တည်းတွင် နိုင်ငံထူထောင် နေထိုင်ကြပါက တစုက အခြားတစုကို နိုင်ငံတော် အမှတ် တံဆိပ်အဖြစ် ဘယ်ဟာကို သတ်မှတ်ပါ၊ အခွန်ကို ဘယ်လိုကောက်ပါ၊ တရား ဥပဒေကို ဘယ်လို ပြဌာန်းပါ၊ ဘယ်လို အစဉ်အလာတွေကို လက်ခံကျင့်သုံးပါဟု အမိန့်ပေး စေခိုင်း၍မရ၊ ပြုလုပ်ပါကလဲ နာခံမည်မဟုတ် (ဥပမာအားဖြင့် အမေရိကန် သမ္မတက မြန်မာတို့ကို နှစ်တစ်နှစ်၏အစကို ဇန်န၀ါရီတွင် သတ်မှတ်ပါဟု အတင်းစေခိုင်းသကဲ့သို့ ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် အခန့်မသင့်လျှင် စစ်မက်ပင် ဖြစ်ပွားနိုင်လေသည်။) ၄င်းသည် အာကာသတလျှောက် (ပထ၀ီ မြေအနေအထားအရ) ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း၊ လွတ်လပ်ခွင့် ရှိခြင်း ဖြစ်၏ ။

သို့ရာတွင် အဆိုပါလူနှစ်စုတို့သည် ပထ၀ီအနေအထားအရ တနေရာတည်းတွင် အချိန်ကာလ မတူညီပဲ နိုင်ငံထူထောင် နေထိုင်ကြပါက (ပိုစောသော) တစုက ပြဌာန်းခဲ့သော နိုင်ငံတော် အမှတ်တံဆိပ်၊ အခွန်ကောက်ခံပုံ၊ တရားဥပဒေ၊ အစဉ်အလာ တို့ကို အခြား (နောက်ကျသော) တစုက အလိုအလျောက် လက်ခံကျင့်သုံးရမည်သည် ဖြစ်သည်။ (ဥပမာအားဖြင့် ရှေးမြန်မာမင်း အဆက်ဆက်တို့က တန်ခူးလတွင် သင်္ကြန်ပွဲ ကျင်းပခဲ့သဖြင့် ယခုထိတိုင် ဧပြီလတွင် သင်္ကြန်ပွဲ ကျင်းပနေရသကဲ့သို့ ဖြစ်သည်။ ယခုခေတ် လူတို့ သင်္ကြန်ပွဲ ကျင်းပလိုခြင်းရှိမရှိ မည်သူကမျှ လာရောက်မေးမြန်း ဆန္ဒခံယူမည်မဟုတ်။)

နောက်ဥပမာ တရပ်အနေနှင့် ဖလော်ရီဒါ ပြည်နယ်တွင် အိမ်ထောင်မရှိသော အမျိုးသမီးများ တနင်္ဂနွေနေ့တွင် လေထီးမခုန်ရဟု ခပ်ကြောင်ကြောင် ဥပဒေတရပ် ပြဌာန်းထားရှိရာ အဆိုပါ ပြည်နယ်တွင် သမိုင်းတလျှောက် မှီတင်း နေထိုင်ခဲ့ကြသော လူအများစုက မနှစ်သက်သော်လည်း အဆိုပါ ဥပဒေကို ရေးဆွဲ ပြဌာန်းစဉ်က ရှိခဲ့သော ပြည်နယ်သား အများစုက နှစ်သက်ခဲ့ပါက အဆိုပါ ဥပဒေသည် အတည် ဖြစ်နေပေမည်။ (ဥပဒေ အတည်ဖြစ်ရန် လွှတ်တော်အမတ်များကသာ မဲခွဲကြခြင်းဖြစ်သည်။) အနာဂါတ်တချိန်တွင် အမျိုးသမီးငယ်တို့သည် သူတို့နှင့် သူ့တို့၏ အဖေ၊ အဘိုးနှင့် အဘေးများ ရွေးကောက်ခဲ့သော လွှတ်တော်အမတ်များ မဲပေးဖို့မပြောနှင့်၊ ဆွေးနွေးခဲ့ခြင်းပင် မရှိသော ဥပဒေအရ ရာဇ၀တ်မှုနှင့် ရုံးတင်ခံရပေမည်။ ၄င်းသည် တရားပေသလော။

အချိန်ကာလအလိုက် ပြောင်းလဲနေသော လိုအပ်ချက်တို့အရ ဥပဒေတို့ကို ပြင်ဆင်/ပယ်ဖျက်နိုင်သည်ဟု ဆိုသော်လည်း မည်သည့် လွှတ်တော်အမတ်က ဘယ်ဥပဒေကို ပြင်လျှင်ကောင်းမည်နည်းဟု နေ့စဉ် စာအုပ်လှန်ကာ ရှာဖွေ နေမည်နည်း။ ပိုကောင်းသည်မှာ လက်ရှိဥပဒေများကို ပြည်နယ်သားများ ကြိုက်/မကြိုက် အချိန်မှန် (နေ့စဉ်၊ အပါတ်စဉ်၊ လစဉ် စသဖြင့်) မဲပေးဆုံးဖြတ်ရန် ဖြစ်သည်။ သို့ရာတွင် ရှိသမျှ ပုဒ်ထီး၊ ပုဒ်မတွေကို လက်ရှိ ပြည်နယ်သားများ နှစ်သက်/မနှစ်သက် နေ့စဉ်နေ့တိုင်း ဘယ်လို မဲခွဲနိုင်မည်နည်း။ နှစ်စဉ်ပင် မဖြစ်နိုင်။ တဖန် ဥပဒေကို ပြင်ဆင်/ပယ်ဖျက်နိုင်ခွင့် ရှိသော်လည်း ဥပဒေ မဟုတ်သည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို မည်သို့လုပ်မည်နည်း။

ဖြေရှင်းနည်း တရပ်မှာ ပညာပေး သင်ကြားခြင်း (education) ဖြစ်သည်။ လူတို့သည် မွေးလာသည်မှ စတင်၍ ကလေးငယ်ကို မိဘတို့ကိုးကွယ်သော ဘာသာတရားအကြောင်း၊ မိဘဆွေမျိုးတို့ တွေးခေါ်ပုံ အယူအဆ၊ မိဘတို့နှင့် နေထိုင်ရာ ဒေသ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ၀တ်ရမည့် အ၀တ်အစား၊ စားသင့်သည့် အစားအသောက် စသည်တို့ကို ကြိုက်နှစ်သက်အောင် သင်ကြားခြင်း (educate) ခံရလေသည်။ ကလေးငယ်မှာ ရွေးချယ်ခွင့် မရှိ၊ ၄င်းတို့ကိုပင် ကြိုက်နှစ်သက်ရသည်။ ဤနည်းဖြင့် ကလေးငယ်သည် ကိုယ်ကြိုက်သည်ကို လက်ခံကျင့်သုံးရပြီး ပြန်လှန် မေးခွန်းထုတ် စောဒကတက်ခြင်း မရှိတော့။ (တနည်းအားဖြင့် ကိုယ်လက်ခံကျင့်သုံးရမည်ကို မကြိုက်ဘူးဆိုတာ မရှိနိုင်တော့။)

သို့ပေသော်ငြား အထက်ပါ ဖြေရှင်းနည်းသည် အခြားပြဿနာတရပ်ကို ခေါ်လာပြန်သည်။ အဆိုပါ လူတို့သည် သူတို့ငယ်စဉ်ကပင် သင်ကြားပေးခံရသော ဘာသာတရား၊ ယဉ်ကျေးမှု၊ အစဉ်အလာ ဓလေ့ ထုံးစံတို့ကိုသာ ကြိုက်နှစ်သက်သဖြင့် ၄င်းတို့ ပပျောက်သွားမည်ကို ကြောက်ရွံ့လာကြသည်။ အကြောက်တရားမှတဆင့် မတူညီသော အရာတို့ကို မုန်းတီးလာပြီး ပပျောက်စေချင်လာကြသည်။ (Star Wars ထဲကလို ရေးကြည့်တာ။) ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်နိုင်ခြင်းမရှိပဲ စစ်မီးလျှံများ တခြိမ်းခြိမ်း တောက်ကာ လူသားများထက် ပိုမိုလူသားဆန်သော လူ့အဖွဲ့အစည်းနှင့် ဝေးသထက် ဝေးလေတော့သည်။

အချုပ်အားဖြင့်ဆိုလျှင် အချိန်သည် အတိတ်သို့ နောက်ကြောင်းပြန်၍လဲ မရ၊ အနာဂါတ်သို့ ခရီးနှင်၍လဲ မရသဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် အချိန်ကာလတလျှောက် မျှတစွာ တည်ရှိနိုင်မည် မဟုတ်။ သန်းခြောက်ထောင်သော လူတို့၏ သဘောထားကို ထင်ဟပ်နိုင်စေရန် ဥပဒေတို့ကို အချိန်နှင့် တပြေးညီ ပြင်ဆင်ရန်မှာလဲ လက်ရှိနည်းပညာ အဆင့်အတန်းဖြင့် မဖြစ်နိုင် (၄ နှစ်တကြိမ်စသဖြင့် အနီးစပ်ဆုံးသာ ရမည်)။ ဓလေ့ထုံးတမ်းတို့မူကား မမွေးမီကပင် လူတိုင်းအတွက် ရွေးနှင့်ပြီး ဖြစ်တော့သည်။ သို့ဆိုလျှင် လူသားများထက် ပိုမို လူသားဆန်သော လူ့အဖွဲ့အစည်းသို့ သွားရောက်ရန်မှာ အတော်ပင် ခက်ခဲသော ကိစ္စတစ်ရပ် ဖြစ်နေသေးကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပက္ခာစသော ဗြဟ္မစိုရ်တရားများဖြင့် လူသားများထက် ပိုမို လူသားဆန်သော လူ့အသိုက်အ၀န်းသို့ အလျှင်အမြန် ရောက်ရှိနိုင်ကြပါစေ။

Tuesday, October 28, 2008

The Blue Brothers



 
ရှီကာဂိုကို ၁၀၆ မိုင်၊ ဆီကအပြည့်၊ စီးကရက် ဘူးကတ၀က်၊ မှောင်လဲမှောင်နေပြီမို့လို့ ငါတို့ နေကာမျက်မှန်တွေ တပ်ထားကြတယ်။ Elwood, The Blue Brothers, 1980.
မိုင် ၁၀၀ ကျော်ဝေးတဲ့ ရှီကာဂိုမြို့က အမြတ်ခွန်ဌာနကို အခြေပစ္စည်း ပိုင်ဆိုင်မှု အခွန်အဖြစ် ဒေါ်လာ ၅၀၀၀ ကို နောက်တနေ့နံနက်အမီ သူတို့ညီအစ်ကို နှစ်ယောက် သွားမပေးနိုင်ရင် သူတို့ ကြီးပြင်းခဲ့တဲ့ မိဘမဲ့ ဂေဟာကို အစိုးရက သိမ်းယူတော့မှာ ဖြစ်ပါတယ်။ သူတို့ဟာ ရှီကာဂိုကို အေးအေးဆေးဆေး လေညှင်းခံရင်း ကားမောင်းသွားကြရမှာတော့ မဟုတ်ပါဘူး။ သူတို့ ၂ ယောက်ကို ဘာကြောင့်မှန်းမသိ မကျေနပ်နေတဲ့ လက်နက်ကိုင် အမျိုးသမီးတစ်ယောက်၊ ပြည်နယ် ရဲတပ်ဖွဲ့၊ တက္ကဆက်ပြည်နယ်က ကျေးလက် တေးဂီတ ၀ိုင်းတော်သား လူမိုက်တစ်စုနဲ့ နာဇီလက်သစ်တစ်အုပ်တို့လက်က လွတ်အောင်လဲ ပြေးရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ စတီဗင်စပီးလ်ဘတ်ရဲ့ ရိုက်လက်စဇာတ်ကား မဟုတ်ပါဘူး။ ဒါဟာ The Blue Brothers ဖြစ်ပါတယ်။ (ဒါပေမဲ့ အခွန်ဌာနက စာရေးနေရာမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် စပီးလ်ဘတ်ကို တွေ့ရမှာ ဖြစ်ပါတယ်။)
ဇာတ်လမ်းက တေးသံစုံ ဇာတ်မြူးပါ။ နာမည်နဲ့လိုက်အောင် Blues, R&B နဲ့ Soul တွေ ဖောချင်းသောချင်းပဲပေါ့။ အဲဒီခေတ်၊ အဲဒီအခါက ကျော်ကြားလှတဲ့ James Brown, Cab Calloway, Aretha Franklin, Ray Charles နဲ့ John Lee Hooker တို့ကလဲ သီချင်းတွေ ကိုယ်တိုင်ပါဝင် သီဆိုကြသေးတယ်။ ကုလားကားရှုံးလောက်အောင် တေးဂီတတွေ ပြည့်လျှမ်းနေတဲ့ ဒီဇာတ်ကားဟာ ကုလားကားအတိုင်း ပေရှည်လှပါတယ် (၁၃၃ မိနစ် + DVD version မှာ ထပ်ဖြည့်ထားတဲ့ အခန်းတွေ)။ ဒါပေမဲ့ အလွန်တရာမှ ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားပါ။
စာရေးသူ မှတ်မှတ်ရရ အဖြစ်ဆုံးအခန်းကတော့ သူတို့ရဲ့ တေးဂီတ ၀ိုင်းတော်သားတစ်ယောက်ကို သွားခေါ်တဲ့အခန်းပါပဲ။ ပြင်သစ် အထက်တန်း စားသောက်ဆိုင်တစ်ခုမှာ ဧည့်ကြို (Maitre d) လုပ်နေတဲ့ Mr. Fabulous ကို တေးဂီတ၀ိုင်း ပြန်လည်ထူထောင်ဖို့ သွားပင့်တာ ဖြစ်ပါတယ်။ စားပွဲ ကြိုတင်မှာကြားရတဲ့ စားသောက်ဆိုင်ထဲ အတင်းဝင်ထိုင်၊ အသံမြည်အောင် စားသောက်၊ စားစရာတွေနဲ့ ဆော့ကစား၊ ခွက်အမှားတွေနဲ့ ၀ိုင်ကိုသောက်တဲ့အပြင် တခြားစားနေတဲ့လူကိုလဲ မင်းမိန်းမနဲ့ သမီးကလေးကို ဘယ်လောက်နဲ့ ရောင်းမလဲလို့ မေးလိုက်ပါသေးတယ်။ နောက်ဆုံးကျတော့ မင်းပြန်မလိုက်ရင် ငါတို့ ၂ ယောက် မနက်စာ၊ နေ့လည်စာ၊ ညစာ အနပ်တိုင်းကို ဒီမှာ နေ့တိုင်းလာစားမယ်လို့ ပြောလိုက်တဲ့အခါမှာတော့ ဧည့်ကြိုကြီးခမျာမှာ သူ့အလုပ်ကို စွန့်ပြီး ပြန်လိုက်လာရပါတော့တယ်။
သူတို့ပြောခဲ့တဲ့ "ငါတို့က ဂီတသမားသက်သက်တွေပါ" ဆိုတာကို စတီဖင်ချောင်ရဲ့ နာမည်ကျော် Kung Fu Hustle မှာ အမှတ်တရ ထည့်သွင်းပေးထားတာကို တွေ့နိုင်ပါတယ်။ ၁၉၈၀ ဇွန်လ ၂၀ ရက်နေ့မှာ ရုံတင်တော့ ဂျော့ခ်ျလူးကတ်စ်ရဲ့ ကြယ်တာရာစစ်ပွဲများ ဒုတိယကား (ဇာတ်လမ်းအရ ပဌ္စမကား) အင်ပါယာက ပြန်တိုက်ပြီရဲ့ နောက်ကကပ်လျက် (ဒုတိယမြောက်) ၀င်ငွေ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ကားတစ်ကားအတွင်း မော်တော်ယာဉ်ပျက်စီးမှု (ယာဉ်တိုက်မှုစသည်) ဒုတိယအများဆုံး ဇာတ်ကားလဲ ဖြစ်ပါတယ်။ (နံပါတ် ၁ ကတော့ သူ့ရဲ့အဆက် Blue Brothers 2000 ဖြစ်ပါတယ်။)
၁၉၈၀ ပုံစံ အထနှေး၊ နောက်ခံတီးလုံးနည်း၊ သရုပ်ဆောင်တာအေးတာကို သည်းခံနိုင်မယ်ဆိုရင် သင့်ရဲ့ တနင်္ဂနွေနေ့ခင်းချိန်တွေကို သင်သတိမထားမိခင်မှာ ယူဆောင်သွားပေးမဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲ ဂီတပညာရှင်တွေနဲ့ ထိပ်တန်း ဒါရိုက်တာကြီးကို ရုပ်ရှင် သရုပ်ဆောင်အဖြစ် တွေ့မြင်ရမဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်။ ၁၀ မှတ်မှာ ၈.၅ ပေးလိုက်ပါတယ်။ (အထသာ မနှေးရင် ၁၀ မှတ်အပြည့်ပေးမှာဗျို့)။ ကြည့်ဖြစ်အောင် ကြည့်ဖို့လဲ တိုက်တွန်းပါရဲ့။

Tuesday, October 21, 2008

မေ့လျော့ခံထားရသော Hip-Hop ပညာရှင်များ (၁): Run-D.M.C

ဒီဘက်ခေတ်မှာ Hip-Hop လို့ဆိုရင် Eminem, 2Pac, 50 Cent နဲ့ Nelly တို့လောက်ကိုပဲ ပြေးပြေး မြင်တတ်ကြပါတယ်။ Hip-Hop ကို ခေတ်ရေစီးကြောင်းထဲက ဂီတတစ်ခုဖြစ်အောင် တွန်းပို့ပေးခဲ့တဲ့ အဖွဲ့ဖြစ်တဲ့ Run-D.M.C ကို သိတဲ့လူ နည်းကြပါတယ်။ (စိုင်းစိုင်းရဲ့ "မိန်းမ မိန်းမ" သီချင်းထဲမှာ " … Run DMC, Jam Master Jay, xxx ဒီမှာ နားထောင်ရင်း အိပ်ခန်းထဲမှာ စိတ်ကျဉ်းကျပ် … " ဆိုတာ သူတို့ပေါ့။) သူတို့ရဲ့ အနုပညာစွမ်းကြောင့် ကမ္ဘာကျော် Rolling Stone မဂ္ဂဇင်းက အကြီးကျယ်ဆုံး ဂီတ အနုပညာရှင် စာရင်းမှာ အမှတ် ၄၈ အဖြစ် ၂၀၀၄ မှာ စာရင်းသွင်းခံရပါတယ်။ အမေရိကန် တေးသံသွင်း လုပ်ငန်းရှင်များ အဖွဲ့ရဲ့ ရွှေနဲ့ ပလက်တီနမ် ဓာတ်ပြားဆုများ ချီးမြှင့်ခံရတဲ့ ပထမဆုံး Rap အဖွဲ့လဲ ဖြစ်ပါတယ်။



Run-D.M.C (Rev Run, Jam Master Jay and D.M.C)
နယူးယောက်ခ်မြို့ ကွင်းစ်မြို့နယ် ဟိုးလီစ် ရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့ သူတို့ ၃ ယောက်ဟာ Sucker MCs ဆိုတဲ့ သီချင်းနဲ့ R&B Charts မှာ နံပါတ် ၁၅ ချိတ်ခဲ့ပြီးနောက် ၁၉၈၆ ခုနှစ်မှာတော့ Raising Hell album ကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ album မှာပါတဲ့ Walk This Way သီချင်းဟာ MTV မှာ ပထမဆုံး ထုတ်လွှင့်ခံရတဲ့ Rap သီချင်းဖြစ်ပေမဲ့ လူကြိုက်များတာကြောင့် မကြာခဏ ထုတ်လွှင့်ခံခဲ့ရပြီး အဲဒီအချိန်က နံမည်ကျဆင်းနေတဲ့ Rock ဂီတသမား Aerosmith ကို အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်လည် တွန်းတင်ပေးခဲ့ပါတယ်။
Run-D.M.C ရဲ့ ကျော်ကြားမှုကြောင့် Addidas က သူတို့ကို ဖိနပ်နဲ့ အခြား အသုံးအဆောင်တွေ ထောက်ပံ့ပေးပြီး ကြော်ငြာခိုင်းခဲ့တယ်။
၁၉၈၀ ပြည့်နှစ်လွန်များက Rap အဖွဲ့တွေရဲ့ ထုံးစံ စကားပြောဟန် ဖြစ်နေပေမဲ့ အားပါတဲ့ Rapping တွေ၊ Jam Master Jay ရဲ့ ခပ်ကြမ်းကြမ်း Scratch သံ၊ မခမ်းနားပဲ ရိုးရှင်းတဲ့ Beat တွေနဲ့အတူ တွေ့ရခဲတဲ့ တယောက် တလှည့်စီ ပြောင်းပြောင်းဆိုတဲ့ ပုံစံကို သူတို့သီချင်းတွေမှာ တွေ့ရပါတယ်။ (တယောက်တည်းပဲ ဆိုလေ့ရှိတဲ့ Rapper တွေနဲ့ ကွာတာက Run နဲ့ D.M.C ရဲ့တယောက်ကို တယောက် အပြန်အလှန် ပံ့ပိုးပေး၊ ထောက်ပေး၊ ကူအော်ပေးကြတဲ့ သီဆိုဟန်ပါပဲ။) သူတို့ရဲ့ ကာရန်ယူပုံတွေဟာ အနီးစပ်ဆုံးပြောရရင် စိုင်းစိုင်း (မိန်းမ၊ မိန်းမ၊ မချစ်သီချင်း) နဲ့ နည်းနည်း တူပါတယ်။ ကာရန်ကို ဘားတစ်ဘားရဲ့ နောက်ဆုံးနားမှာ (နဲ့ အလယ်မှာ) ဆောင့်ဆောင့်ချလေ့ရှိတဲ့ သူတို့သီချင်းတွေဟာ နားမယဉ်ခင်မှာတော့ နားထောင်ရတာ ပျင်းစရာကြီးပါပဲ။ ဒါပေမဲ့ နားထောင်ကျင့် ရသွားတဲ့အခါမှာတော့ အင်မတန်မှ မြူးကြွပြီး ကလို့ခုန်လို့ကောင်းပါတယ်။


Run D.M.C (D.M.C, Jam Master Jay, Rev Run)
သူတို့အဖွဲ့ရဲ့နောက်ဆုံး album (ယခုရေးသားချိန်အထိ နောက်ဆုံး) Crown Royal ကို ၂၀၀၁ ခုနှစ်မှာ အနုပညာရှင်အများအပြားနဲ့ တွဲဖက် သီဆိုပြီး ဖြန့်ချိခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှာ ပင်တိုင် DJ Jam Master Jay လုပ်ကြံခံရပြီး နောက် album အသစ် ထွက်ရှိလာခြင်းမရှိတော့ပါဘူး။ Rap ဂီတလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။
သူတို့သီချင်းတွေကို မြည်းစမ်းချင်ရင်တော့ ...


Jam Master Jay သေဆုံးခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရေးသား ဂုဏ်ပြုပါသည်။