ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Monday, June 22, 2009

ရုပ်မြင်ထဲက သိပ္ပံ

www.phdcomics.com တွင်ဖော်ပြခဲ့သော အောက်ပါ ကာတွန်းများသည် ထိမိပြီး ဟာသမြောက်သည့်အတွက် လောရှည် - ကတဲ့ပွဲ၏ စာဖတ်သူများအတွက် ကာတွန်းရေးဆွဲသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြပါသည်။



"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com



"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com

ကျောင်းအိပ်မက်

အခုတလော အင်မတန် ထူးဆန်းတဲ့ အိပ်မက်တွေ မက်မက်နေတယ်။ ကြားဖူးတာက လူတော်တော်များများ ၁၀ တန်းစာမေးပွဲ ပြန်ဖြေရတယ် အိပ်မက်မက်တယ်လို့ ကြားဖူးပါတယ်။ (အမေဆို အခုထိ မက်တုန်း။) အခုတော့ ကိုယ်က ၁၂ တန်းပြန်တက်ရတယ်လို့ အိပ်မက်မက်တယ်။ အိပ်မက်ကလဲ တီဗွီမှာလာတဲ့ ဇာတ်လမ်းတွဲလိုပဲ အပျိုးနဲ့။ High-concept အိပ်မက်လို့တောင် ပြောလို့ရမယ်။ ဘာတဲ့။ ကျောင်းတွေက အမေရိကန် စနစ်ကို ပြောင်းလိုက်လို့ သူငယ်တန်းကနေ ၁၀ တန်းအထိ ၁၁ နှစ်မဟုတ်တော့ပဲ ၁ တန်းကနေ ၁၂ တန်းအထိ ၁၂ နှစ်ဖြစ်သွားပြီတဲ့။ အဲဒါ အဲဒီ ၁၂ တန်းကို ပြန်မတက်ရင် အထက်တန်းအောင်တာ မဟုတ်သေးလို့ လူတွေအားလုံး ၁၂ တန်းကို ပြန်တက်ရတာတဲ့။ ပထ၀ီ၊ သမိုင်း၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒတွေ ပါပါသတဲ့။ ပထမ အိပ်မက်မှာ သူငယ်တန်း တက်ခါစတုန်းက အတန်းပိုင်ခွင့်ယူထားလို့ အတန်းလာစောင့်ပေးတဲ့ ဆရာမ ၂ ယောက် (တကယ့်လက်ဦးဆရာတွေပေါ့) က လာရှင်းပြတယ်။ အဲဒီမှာ စတွေ့တာပဲ။

တမြန်နေ့ညက ဒုတိယ အိပ်မက်ထဲမှာကတော့ ကျွန်တော် ပထမဆုံး စပြီး သဘောကျမိတဲ့ ကောင်မလေးနဲ့ တွေ့တယ်။ (ပျော်လိုက်တာ။) သူဟာ ကျွန်တော့်ရဲ့ ပထမဆုံး မိန်းကလေး သူငယ်ချင်းလဲ ဖြစ်တယ်လေ။ အခုထိလဲ အခင်ဆုံး သူငယ်ချင်းတစ်ယောက်ပါပဲ။ အခုတော့ သူ့ကို ဘယ်လိုမှ ဆက်သွယ်လို့မရတာ ၂ နှစ်ရှိပြီ။ (အိမ်ထောင်ကျသွားပြီ ထင်တာပဲ။) နောက်ပြီး ကျွန်တော် သိပ်ချစ်တဲ့ ဆရာမကိုလဲ ပြန်တွေ့တယ်။ သူက ၄ တန်းတုန်းက မြန်မာစာသင်တဲ့ ဆရာမ။ ကျွန်တော်တို့ရဲ့ မဟာ ၁၂ တန်းမှာ သူ မြန်မာစာ သင်မယ်ထင်တယ်။ (ဆုံးသွားပြီဖြစ်တဲ့ ၁၀ တန်းမှာ သမိုင်းသင်တဲ့ စာရေးဆရာ ဆရာမကိုတော့ မမက်ဘူး။ တော်တော်များများအတွက် သူက မြန်မာစာ ဆရာမဖြစ်ပေမဲ့ ကျွန်တော့်ကို သမိုင်းသင်တာမို့ ထင်တယ်။)

မနေ့ညက တတိယ အိပ်မက်ထဲမှာကတော့ ကျွန်တော် ၁၀ တန်းပြီးတော့ သဘောကျမိတဲ့ ကောင်မလေးကို တွေ့တယ်။ (သူသိပ်လှတာပဲ၊ ၁၇ နှစ်သမီးကနေလဲ ဘယ်တော့မှ ကြီးလာဟန်မတူဘူး။ အဟိ။) ထူးခြားတာက အထက်တန်းကျောင်းက သူငယ်ချင်းတွေကြားထဲမှာ တက္ကသိုလ်တက်မှသိတဲ့ ကျွန်တော့်သူငယ်ချင်း ရွှေပေါရယ်၊ အဲဒီ ကောင်မလေးရယ်၊ သူ့ side-kick ၂ ယောက်ဖြစ်တဲ့ သန္တာနဲ့ စန္ဒာရယ်ကို တွေ့တယ်။ အဲဒီ ၂ ယောက်ကလဲ ကျွန်တော့် သူငယ်ချင်းတွေပါပဲ။ side-kick ခေါ်တာကတော့ ပြောရရင် ကိုယ်က မင်းသား၊ သူက မင်းသမီးဆိုရင် သူတို့တွေက မင်းသမီး သူငယ်ချင်းတွေဆိုတော့ ရုပ်ရှင်လိုဆိုရင် ဇာတ်ပို့ (ဟောလီဝုဒ်အခေါ် side-kick) ပေါ့။ ကျောင်းဝတ်စုံလဲ မ၀တ်ကြဘူး။ (လူ့ဦးဏှောက်ရဲ့ အလုပ်လုပ်ပုံတွေလေ။) သူတို့တွေပဲ ပြူးပြီးတော့ ရောင်စုံတွေ ဖြစ်နေတယ်။ မနေ့က အင်္ဂလိပ်စာ သဒ္ဒါလေ့ကျင့်ခန်း လုပ်ရတယ်။ ကျွန်တော် အချစ်ဆုံး အင်္ဂလိပ်စာ ဆရာမ (၆ တန်းတုန်းက ဆရာမ) သင်တယ်။ (စကားမစပ် သူ့သားနဲ့ ကျွန်တော်နဲ့ အတန်းကွာ - တနှစ်ကြီး တနှစ်ငယ် - ပေမဲ့ ညီအစ်ကိုလိုပဲ ချစ်ကြတယ်။)

ထူးခြားတာက တော်တော်လေး သဘောကျမိတဲ့ ကောင်မလေးတွေကိုပဲ အိပ်မက်မက်တာပါပဲ။ ယောင်ယောင်လေး သဘောကျမိတဲ့ မဆိုးပါဘူးဆိုပြီး ကျူမိတဲ့ ကောင်မလေးတွေ ကျော်သွားတယ်။ အိပ်မက်ထဲမှာတွေ့တဲ့ ကောင်မလေးတွေအားလုံး chronological order (တွေ့တဲ့ အချိန်အတိုင်း စီကာစဉ်ကာနဲ့) တွေ့တာ။ တွေ့တဲ့ ဆရာမတွေကလဲ မြန်မာစာ၊ အင်္ဂလိပ်စာ ဆရာမတွေ ဖြစ်နေတယ်။ ဒီည အိပ်မက်ထပ်မက်ရင် ဘယ်သူ့ကို တွေ့ရမလဲ မသိဘူး။ ဆုံးသွားပြီဖြစ်တဲ့ ၁၀ တန်းတုန်းက သင်္ချာသင်တဲ့ ဆရာမကို တွေ့ချင်သေးတယ်။ စာမေးပွဲဖြေရင် မြန်မာစာနဲ့ အင်္ဂလိပ်စာပြီးရင် သင်္ချာဖြေရတာကိုး။ ကျွန်တော့်ကိုတွေ့ရင် ဘာများ ဆိုဆုံးမဦးမယ် မသိဘူး။ စာလုပ်စရာရှိတာလုပ်၊ အိပ်မက်မက်ဖို့ အိပ်ပဲမနေနဲ့လို့များ ပြောမလားမသိဘူး။) ဘာပဲဖြစ်ဖြစ် ညမြန်မြန်ရောက်၊ မြန်မြန်အိပ်ချင်လှပြီ။

Sunday, June 21, 2009

သရုပ်ပျက်လို့ ပြောသင့်ရဲ့လား

ပိတောက်ရိပ် တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

ငယ်စဉ်က မဂ္ဂဇင်းတစောင်ထဲမှာ ဖတ်ခဲ့ရတဲ့ ကာတွန်းတခုကို ပြက်ပြက်ထင်ထင် မှတ်မိနေသည်။ လေးကွက်ကာတွန်း တစ်ခု။

ပထမတကွက်တွင် ဘောင်းဘီဖင်ကျပ် ၀တ်ဆင်ထားသူ ခေတ်ဆန်ဆန် ဆံရှည်လူငယ်တဦးကို တိုက်ပုံ၊ ပုဆိုး ၀တ်ဆင်ထားသူတဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

ဒုတိယအကွက်တွင် ထိုတိုက်ပုံဝတ်လူငယ်အား ခေါင်းပေါင်း၊ တောင်ရှည်တို့ကို ၀တ်ဆင်ထားသူတစ်ဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

တတိယအကွက်တွင် ထိုတောင်ရှည်ဝတ်လူအား သားရေနံငယ်ပိုင်းကို ၀တ်ဆင်ထားသော ကျောက်ခေတ်လူသား (လက်ထဲတွင် ကျောက်တုံးပုဆိန်ကိုင်ထားသူ)က လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်”ဟု ခေါ်ဆိုနေပုံ ရေးဆွဲထားပြန်သည်။

နောက်ဆုံးအကွက်တွင်ကား ကျောက်ခေတ်လူသားကို လက်ညိုးငေါက်ငေါက်ထိုး၍ “သရုပ်ပျက်”ဟု ခေါ်ဆိုနေသည်မှာ မျောက်ဝံတကောင်ဖြစ်သည်။

ဤကာတွန်းကလေးကို သတိရမိတိုင်း လူတို့၏ ရှေးရိုးစွဲတတ်ပုံ၊ အသစ်အဆန်းကို လက်မခံချင်သည့်စိတ်ဓါတ် စွဲမြဲနေပုံတို့ကို သတိပြုမိသည်။

လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ ကူးလူးရောယှက်ကာ အုတ်အုတ်ကျက်ကျက် လှုပ်ရှားတိုးတက်နေသော လူ့အဖွဲ့အစည်း (Cosmopolitan)တွင် အသစ်အဆန်းကို မြတ်နိုး တန်ဖိုးထားကာ လွယ်လင့်တကူ လက်ခံတတ်ကြသလောက် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်ကာ အထီးကျန်ဆန်နေသော လူ့အဖွဲ့အစည်းတွင် အသစ်အဆန်းကို လက်ခံရန် တွန့်ဆုတ်တတ်ကြသည်။ ခေတ်နောက်ပြန်ဆွဲချင်ကြသည်။ မိမိ မိရိုးဖလာ လက်ခံကျင့်သုံးလာသော ဓလေ့ထုံးတမ်းတို့နှင့် မကိုက်ညီသော၊ ခွဲထွက်သော အတွေးအခေါ်၊ အပြုအမူတို့နှင့် သစ်ဆန်းသော အရာမှန်သမျှကို အလွယ်တကူ လက်မခံရုံမက ပြစ်တင်ရှုံ့ချတတ်သော သဘောရှိသည်။ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ကျင့်ကြံခြင်းကို မြင့်မြတ်သည်၊ ယဉ်ကျေးသည်၊ ကောင်းမွန်သည်ဟု အထင်ရှိတတ်ကြသည်။

သတိပြုရန်မှာ မြန်မာပြည်တွင် တချိန်က သရုပ်ပျက်ဟု ခေါ်ဆိုခဲ့သော တေးဂီတ၊ ၀တ်စားဆင်ယင်မှုတို့သည် ယနေ့ လူကြီး၊ လူငယ်အားလုံး လက်ခံနေကြပြန်သည်ဆိုသည့် အချက်ဖြစ်သည်။

လူတို့၏ စိတ်နေသဘောထားကို အ၀တ်အစား၊ အဆင်အပြင်ကို ကြည့်ရှု၍ ဆုံးဖြတ်ရန်မသင့်ဟူသော အချက်ကို လက်ခံပါက လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသည့် စကားပမာ လူတို့၏ ကွဲပြားခြားနားသော အကြိုက်တရားကို နားလည်လက်ခံနိုင်၍ (တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားမှုဖြင့်) ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရန်သာ ကြိုးပမ်းသင့်သည်။

လွတ်လပ်သောလူ့အဖွဲ့အစည်းများတွင် မိမိ၏ အကြိုက်တရားကို စံတခုသဖွယ် ရှေ့တန်းတင်လျက် လူတိုင်းကို လိုက်နာကျင့်သုံးစေရန် မပြုကျင့်ကြ။ အဘယ်ကြောင့်ဆိုသော မိမိအကြိုက်တရားသည်သာ အမှန်ကန်ဆုံး၊ အမြင့်မြတ်ဆုံး၊ အယဉ်ကျေးဆုံးဟု သဘောမထားကြသောကြောင့်ပင်တည်း။ အကြိုက်တရားဟူသည် မတူညီနိုင်ကြဟူသော အချက်ကို လက်ခံကြသောကြောင့်ပင်တည်း။ မိမိမျက်စိထဲတွင် ကျက်သရေရှိလှသည်ဟု ထင်သောအရာတခုသည် အခြားလူတဦး၏ မျက်စိတွင် ထော်လော်ကန့်လန့် နိုင်သော အရာတခုလည်း ဖြစ်နေနိုင်သောကြောင့်ပင်တည်။

ကိုယ့်ကျင့်တရားနှင့် ပတ်သက်လျှင်သာ စံချိန်စံညွှန်းများ ထားရှိရန် လိုအပ်မည်ဖြစ်သော်လည်း ယဉ်ကျေးမှု(Culture) နှင့်ပတ်သက်၍ကား စံချိန်စံညွှန်းများကို လူတိုင်းအပေါ်တွင် အာဏာတည်သက်ရောက်စေရန်မသင့်။ အမှန်စင်စစ်တွင်မူကား ယဉ်ကျေးမှုတို့သည် ခေတ်ကာလ၊ လူတို့၏ အတွေးအခေါ်၊ အကြိုက်တရား၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ တိုင်းတပါးနှင့် ကူးလူးရောယှက်ဆက်ဆံရေး အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်၍ အစဉ်သဖြင့် တိုးတက်ပြောင်းလဲနေသည်။

ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံနေသမျှ ကာလပတ်လုံး ယဉ်ကျေးမှုကို ခေတ်ကာလအပိုင်းအခြားတခုတွင်သာ မူသေ ရပ်တည်နေစေရန် မည်သူမျှ စွမ်းဆောင်နိုင်ကြမည်မဟုတ်ချေ။ စွမ်းဆောင်ရန် ကြိုးစားသူများအဖို့လည်း အနှေးနှင့် အမြန်ဆိုသလို ရှုံးနိမ့်မှုကိုသာ မုချကြုံတွေ့ကြရပေမည်။

ကိုပေါ

Thursday, June 18, 2009

ထေရ၀ါဒဆိုသည်မှာ

ဂျေဂျူဝိုင် တွင် ဖော်ပြခဲ့သော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသောကြောင့် မူရင်းရေးသားသူ ခွင့်ပြုချက်ဖြင့် မူရင်းအာဘော်အတိုင်း (အနည်းငယ် တည်းဖြတ်၊ ဖြည့်စွက်ကာ) ပြန်လည်ဖော်ပြပါသည်။



ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်များကို ဒီအတိုင်း ဆက်လက်တည်မြဲသွားဖို့ ရည်ရွယ်ချက်နဲ့ ရှင်မဟာကဿပ ဦးဆောင်ကာ ပထမသင်္ဂါယနာတင်ပြီး သိပ်မကြာခင်မှာ ဗုဒ္ဓရဲ့ သာသနာဟာ နှစ်ပိုင်း ပိုင်းသွားခဲ့ပါတယ်။ တစ်ပိုင်းက

(၁) ပြောသံကြားဖြင့် အမှန်မယူရ။
(၂) အစဉ်အဆက်စကားဖြင့် အမှန်မယူရ။
(၃) ဤသို့ဖြစ်ဖူးသည် ဆိုကာမျှ အမှန်မယူရ။
(၄) စာပေနှင့်ညီညွတ်သည် ဆိုကာမျှ အမှန်မယူရ။
(၅) ကြံဆတွေးတောယူခြင်းဖြင့် အမှန်မယူရ။
(၆) နည်းမှီယူခြင်းမျှဖြင့် အမှန်မယူရ။
(၇) အခြင်းအရာကို နှစ်သက်သဖြင့် အမှန်မယူရ။
(၈) ငါ့အယူအဆနှင့်တူသည် ဆိုကာမျှ အမှန်မယူရ။
(၉) မှတ်သားထိုက်သည် ဆိုကာမျှ အမှန်မယူရ။
(၁၀) လေးစားထိုက်သူစကား ဆိုကာမျှ အမှန်မယူရ။ (ကာလမ သုတ္တံ)

ဆိုတဲ့ ဘုရားရှင်ရဲ့ စကားကိုယူပြီး သိပ္ပံနည်းကျတွေ သဘာဝယုတ္တိတွေနဲ့ ကိုက်ညီမှ လက်ခံမယ်ဆိုပြီး ဘုရားရှင်စာပေကို ပြုပြင်ရဲခဲ့ကြတယ်။

ဘုရားရှင်ရှိတုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။ အရိဋ္ဌရဟန်းနဲ့ ကဏ္ဋကသာမဏေတို့လေ။ ဘုရားရှင်က ပထမပါရာဇိကကို သတ်မှတ်တာ မဖြစ်နိုင်ဘူး။ ဒါဟာ ရဟန်းသံဃာတွေကို သက်သက်ညှင်းဆဲတာဖြစ်ပါတယ် လို့ ဘုရားရှင်ကို ပြန်လည် စွပ်စွဲခဲ့ကြတယ်။ သူတို့ ပြန်စွပ်စွဲတာလည်း သာဓက အခိုင်အလုံနဲ့ပဲ။ ဘုရားရှင် ရှိတုန်းမို့လို့သာပေါ့။ နို့မို့ဆို အဲဒီဝါဒဟာ ခုထက်ထိ ကျန်ပြီး လက်ခံသွားနိုင်တဲ့ အနေအထားထိ ခိုင်မာခဲ့ပါတယ်။

ဒါပေမယ့် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး နောက်ပိုင်း ပညာဂရုကပုဂ္ဂိုလ်တွေက ခေတ်နဲ့ မညီတာ သဘာဝမကျတာကို ကျပ်တည်း ကျဉ်းမြောင်းတဲ့ ပိဋကတ်တော်ထဲက ထုတ်နှုတ်ပြီး သူတို့ လိုတာကို ချန်ထားခဲ့တယ်။ တချို့တ၀က် မိမိ အယူအဆထည့်သွင်းတယ်။ ကာလနဲ့ လျှော်တဲ့ ဒေသနဲ့ ကိုက်ညီတဲ့ လူတိုင်း လက်ခံနိုင်တဲ့ လူပြိန်းနားလည်တဲ့ ခပ်လွယ်လွယ် ၀ါဒတွေကို မူလပိဋကတ်နဲ့ ညှိထုတ်တယ်။ လမ်းခွဲတယ်။ အဲဒီပုဂ္ဂိုလ်တွေက သာမာန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ပညာတတ်တွေ ပညာရှင်တွေ ဖြစ်ကြတယ်။ ဘယ်လိုပညာရှင်တွေလည်း ဆိုတော့ ဘုရားရှင်လည်း လူပဲ။ ငါတို့လည်းလူပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ လူတွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေ တွေးခေါ်လိုက်တာ ပိဋကတ်တော်စာတွေကလည်း ပိဋကတ်တော်နဲ့ မဆိုင်လောက်အောင် ကွဲထွက်သွားခဲ့ပါတယ်။

ဒီလိုလေ။ ဘုရားရှင်တောထွက်တော့ အတိတ်က သူငယ်ချင်းဟောင်း ဃဋိကာရဗြဟ္မာကြီးက သင်္ကန်းလာကပ်တယ် လို့ ဆိုပါစို့။ စာထဲမှာ လာတာတော့ ဟုတ်ပါတယ်၊ ခု ခင်ဗျား ဗြဟ္မာကြီး ဆိုတာ တွေ့ဖူးလား၊ အတိတ်က သူငယ်ချင်းဟောင်းဆိုတော့ ဂမ္ဘီရ၀တ္ထုလိုလို ဖြစ်နေတယ်၊ ရှေးရိုးဆန်လိုက်တဲ့ လူတွေ၊ ရှေးက ဒီစာရေးတာလည်း ပုထုဇဉ်ပဲ၊ ငါတို့လည်း ပုထုဇဉ်ပဲ၊ ရှေးစာရေးတဲ့လူက အတွေးတော်တော်လေး ခေါင်လို့ မတွေးတတ်လို့ ဗြဟ္မာ ဆိုတာ ထည့်လိုက်တာ၊ တကယ်တော့ တောပဲ၊ အိုးထိန်းသည်ပဲ ဖြစ်ရမယ်ပေါ့။ ဘုရားရှင် တာဝတိံသာကို ကြွတယ် တဲ့၊ တာဝတိံသာ ဆိုတာက ဘယ်နားမှာတုန်း၊ သိကြားမင်းဆိုတဲ့ သူကို ဘယ်သူမြင်ဖူးတုန်း၊ မြင်းမိုရ်တောင်တဲ့၊ အဓိပ္ပါယ်မရှိလိုက်ပုံ၊ ဒီကမ္ဘာမှာ ဟိမ၀န္တာတောင်ပဲ ရှိတာ ခင်ဗျားတို့ အသိသားနဲ့ စသဖြင့် ရှေးစာတတ်တွေဟာ မဖြစ်နိုင်တာတွေ ရေးထားတယ်၊ ဒါကြောင့် ပယ် စသဖြင့် ပယ်ရဲကြတယ်ပေါ့။

ဒီလိုသာ ဒီလောက သဘာဝနဲ့ တိုက်ယူနေမယ်ဆိုရင် ဈာန်အရာ၊ ကံအရာ၊ မဂ်ဉာဏ်အရာ၊ ဖိုလ်ဉာဏ်အရာတွေ ဘယ်ကျန်တော့မလဲ။ ဂုဏ်တော်တွေ ဘယ်ကျန်တော့မလဲ။ ငါးရာ့ငါးဆယ်တွေ ဓမ္မပဒတွေက ယုတ္တိစားလို့ ကုန်သွားမယ်။ ထေရ၀ါဒ သာသနာခုထိ မြဲနေတာက ဘုရားရှင်ဟောတဲ့ ဒေသနာကို ခုထက်ထိ မြဲမြဲ ဆုတ်ကိုင်ထားနိုင်လို့ပါပဲ။ ၀ါဒ တစ်ခု ပေါ်ပေါက်လာရင် ပါဠိတော် အဋ္ဌကထာနဲ့ညှိတယ်။ ရှုပ်ထွေးလာရင် မဟာပဒေသလေးပါးနဲ့ ညှိတယ်။ ၀ါဒ တစ်ခုကို တည်ထောင်ပြီဆိုရင် ကျမ်းဂန်အဆူဆူနဲ့ တိုက်ဆိုင်နိုင်ရမယ်။ ဟိုကျမ်းနဲ့ မငြိနဲ့။ ဒီကျမ်းနဲ့ မတိုက်နဲ့ လို့ ပြောလို့ မဖြစ်ဘူး။ (လိုချင်တာလေးပဲ ကွက်ယူလို့ မဖြစ်ဘူး။) ယုတ္တိယုတ္တာနဲ့ စစ်ချင်ပါတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မဟာယနလို့သာကြေငြာ ပေတော့။

ဒီတော့ ထေရ၀ါဒက မျက်ကန်းဝါဒလို ဖြစ်နေတယ်လို့ ပြောချင်ရင် ပြန်စဉ်းစားရမယ်။ ကျမ်းပြုပုဂ္ဂိုလ်ရဲ့ ဉာဏ်အဆင့်အတန်းနဲ့ ကိုယ့်ဉာဏ် အဆင့်အတန်း စိစစ်ရမယ်။ ကျမ်းပြု ပုဂ္ဂိုလ်ကို ဗုဒ္ဓဃောသလို့ ချီးကျူးထားတာက သူ့ကိုယ်သူ ချီးကျူးထားတာ မဟုတ်ဘူး။ လူတစ်ဦး တစ်ယောက်ရဲ့ အကူအညီနဲ့ ချီးကျူးထားတာလည်း မဟုတ်ဘူး။ ကျမ်းဂန်ကို ပုတ်ခတ်ခဲ့မယ် ဆိုရင် မကြာခင် သာသနာကွယ်ပါလိမ့်မယ်။ ကျမ်းဂန်ထဲက ကိုယ်လိုတာလေးကို ဆွဲထုတ်နေမယ် ဆိုရင် မကြာခင် သာသနာကွယ်ပါလိမ့်မယ်။

ဥပမာ…

ကန်ပေါင်ရိုးတစ်ခု ရေကာတာတစ်ခု ယိုပေါက်နေမယ်ဆိုရင် လက်ညိုးလေးလောက်ပဲ ဆိုပြီး ပစ်ထားလို့ မရသလို ထေရ၀ါဒမှာ အယူမှား အတွေးမှားတွေ ကျမ်းစာကို တစ်စိတ်တစ်ပိုင်း ဖြတ်ယူမှုတွေ ကျမ်းစာပယ်မှုတွေ ပေါ်ပေါက်လာရင် ဒီတိုင်း ပစ်ထားလို့ မရပါဘူး။ ကန်ပေါက်ရိုးတစ်ခု ရေကာတာတစ်ခုမှာ လက်ညိုးလောက် အပေါက်လေးဟာ တဖြည်းဖြည်း ကျယ်လာပြီး တိုက်စားမှုတွေ ကြီးလာမယ်။ နောက် ကန်ပေါင်ရိုးတွေ ကျိုးသွားမယ်။ အဲဒီလို ဆက်ကြည့်နေမယ်ဆိုရင် ကန်ထဲမှာ ရေကုန်သွားသလို ဗုဒ္ဓကျမ်းဂန်စစ်တွေ ပျောက်သွားမယ်။ ယုတ္တဗေဒနှင့် ညှိနှိုင်းရင်း သဘာဝယုတ္တိနှင့် ညှိနှိုင်းရင်း ယိုပေါက်တွေ များလာရာက သာသနာဟာ ဒီလူတွေ လက်ထက်မှာ ပျက်သွားလိမ့်မယ်။ သာသနာ့သမိုင်းကို ပြန်လိုက်တဲ့အခါ ဘယ်သူ့လက်ထက်တုန်းကပေါ့ လို့ သမိုင်းဆိုး မကျန်ရစ်ချင်ရင် သာသနာ့ အမှိုက်သရိုက်တွေကို ချက်ချင်းလက်ငင်းရှင်းသင့်ပါတယ်။ ပုဂံခေတ်တုန်းက လူတွေလည်း သူတို့သမိုင်းကျန်ရစ်ဖို့ဆိုပြီး စေတီတည်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာလာတော့ အားလုံးဟာ သမိုင်းဖြစ်သွားခဲ့တာပါ။

ဂျေဂျူဝိုင်

လောရှည် မှတ်ချက် ။ ။ ယခုအခါတွင် မြန်မာနိုင်ငံတွင် ပစ္စုပန္န ကမ္မ ဗုဒ္ဓ၀ါဒဟုခေါ်သော ဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခု ပေါ်ထွန်းနေသည်ဟု သိရပါသည်။ အဆိုပါ ဂိုဏ်းသည် ယခင်ရှိပြီး ဗုဒ္ဓဘာသာ ဂိုဏ်းများနှင့် ကွဲလွဲအောင် သင်္ဃန်းမိုးပြာရောင်ကို ဆင်မြန်းမည်ဟု ပြောသော်လည်း အချို့သော ဂိုဏ်းဝင်သံဃာများသည် ယနေ့ထက်တိုင် ထေရ၀ါဒ ဗုဒ္ဓဘာသာ သံဃာတို့ ၀တ်ဆင်သော သင်္ဃန်းကိုသာ ဆက်လက် ၀တ်ဆင်လျှက် ၄င်းတို့အယူအဆများဖြစ်သော သံသရာဆိုသည်မှာ စိတ်အတွင်းတွင်သာ ဖြစ်သည်၊ ငရဲဘုံ၊ နတ်ဘုံဆိုသည်မှာလဲ စိတ်အတွင်းပင်သာ ဖြစ်သည်၊ ဘ၀ကူးသည်ဆိုသည်မှာလဲ စိတ်အတွင်းတွင်သာ ကူးသည်။ သေပြီး ဆက်ဖြစ်၊ မဖြစ် ငါတို့မသိ၊ ၀ိပဿနာသည် ဘုရားဟောမဟုတ်၊ သာသနာပ ဈာန်အကျင့်နှင့် တူတူဖြစ်သည်၊ မလွန်ကျွံလျှင် သေရက်ကိုပင် မှီဝဲကောင်းသည်၊ သာသနာ့ဝန်ထမ်းသည်လဲ အိမ်ယာထူထောင်ကောင်းသည် စသည်တို့ကို ဟောပြောလျှက်ရှိကြောင်း ကြားသိရပါသည်။ မြန်မာဘာသာနှင့် ရေးသားထားသော ဗုဒ္ဓဘာသာ စာအုပ်၊ စာတမ်းတိုင်း ထေရ၀ါဒ မဟုတ်ကြောင်း၊ အချို့သော မဟာယနကျမ်းများကို ဘုံကျောင်းများမှ ဖြန့်ဝေရာတွင်နှင့် အထက်ဖော်ပြပါ ပစ္စုပန္န ကမ္မ ဗုဓ္ဒ၀ါဒ ကျမ်းစာစောင်များ အားလုံးကို မြန်မာလိုရေးသားထားပြီး တူညီသော ပီဋကတ်များကို မှီငြမ်းထားသဖြင့် လွယ်ကူစွာ ရောထွေးနိုင်ရာ ဗုဒ္ဓဆိုသော မြန်မာစာလုံးမြင်တိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ အယူအဆများ၊ ကျမ်းစာအုပ်များ မဟုတ်ကြောင်း စာရှုသူတို့ကို အလေးအမြတ် သတိပေးလိုက်ရပါသည်။

Tuesday, June 9, 2009

မိုးကြိုး အန္တရာယ်ကာကွယ်ရေး သိကောင်းစရာ

The Voice Weekly Journal (June 8 2009) မှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လယ်ကွင်းတစ်ခုအတွင်း ဂဏန်းနှိုက်နေစဉ် မိုးကြိုးပစ်ခံရလို့ တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း ဖတ်ရှုရပါတယ်။ ဒါကြောင့် မိုးကြိုးအန္တရာယ်ကာကွယ်ရေး ဆောင်းပါးကို ရေးသားတင်ဆက်လိုက်ရပါတယ်။

ဆံပင်ထောင်သလား၊ သတိထား

ပထမဆုံး သိရမှာက မိုးကြိုးမုန်တိုင်းကျရောက်စဉ်မှာ မိမိမှာ အန္တရာယ်ရှိမရှိ သုံးသပ်ဖို့ လိုအပ်ပါတယ်။ နားလည်ရအလွယ်ကူဆုံးကတော့ ၃၀/၃၀ စည်းမျဉ်းပါပဲ။ မိုးကြိုးပစ်တဲ့ အလင်းရောင် ဖြတ်ကနဲ မြင်လိုက်ရတဲ့အချိန်ကစပြီး ရေတွက်လို့ စက္ကန့် ၃၀ အတွင်းမှာ မိုးကြိုးပစ်သံကို ကြားရရင် စက်ကွင်းမလွတ်ဘူး၊ အန္တရာယ်ရှိလာတော့မယ်လို့ သိရပါမယ်။ (မိုးကြိုးမုန်တိုင်းကျတဲ့ ဧရိယာဟာ ၆ မိုင်လောက် ရှိတတ်ပြီး မိုးကြိုးပစ်သံဟာ ၅ စက္ကန့်ကို ၁ မိုင်သွားတာမို့ စက္ကန့် ၃၀ အတွင်းဆိုရင် မလွတ်ဘူး ပြောတာပါပဲ။) ဒါပေမဲ့ ဒီလို တိုင်းတာဟာ မိုးကြိုး အဆက်မပြတ် ပစ်နေတဲ့အခါမျိုးမှာ အသုံးမ၀င်နိုင်ပါဘူး။ သင့်ဘေးက လူ ဆံပင်တွေ ထောင်နေရင်၊ သင့်ဆံပင်တွေ တင်းနေပြီဆိုရင် အန္တရာယ်နဲ့ အရမ်းနီးနေပြီဟု သိပါ။

ကားထဲမှာ ငြိမ်ငြိမ်နေ၊ လျှောက်မကိုင်နဲ့

မုန်တိုင်းကျလို့ မိုးကြိုးပစ်မဲ့ အလားအလာကို တွေ့ရပြီဆိုရင် ခိုနားစရာ ချက်ချင်း ရှာရပါမယ်။ (များသောအားဖြင့် မိုးလဲ ရွာနေတတ်ပါတယ်။) သစ်ပင်မြင့်မြင့်တွေမှာ ခိုဝင်ခြင်းဟာ အန္တရာယ်မကင်းဘူးဆိုတာ လူအများသိပြီး ဖြစ်ပါတယ်။ မိုးကြိုးပစ်တယ်ဆိုတာ ကောင်းကင်ပေါ်က လျှပ်စစ်လုံးကြီး ကျလာတာမဟုတ်ပဲ ကောင်းကင်က လျှပ်စစ်ငုတ် (တိမ်တိုက်) နဲ့ မြေပြင်ပေါ်က လျှပ်စစ်ငုတ်အကြား ဗို့အားမြင့် လျှပ်စစ်စီးသွားတာပါပဲ။ ချွန်ထက် မြင့်မားတဲ့ အရာတွေဟာ အဲဒီလို လျှပ်စစ်စီးဖို့ လွယ်တဲ့အတွက် သစ်ပင်အောက်မိုးမခိုနဲ့၊ ထီး (သံချွန်ပါတဲ့ထီး) မဆောင်းနဲ့၊ ဓာတ်တိုင်တွေနားမှာ မနေနဲ့ လို့ ပြောကြတာပါပဲ။ မိုးကြိုး မုန်တိုင်းကျရောက်နေစဉ်မှာ ခိုင်ခံ့တဲ့ အဆောက်အဦ (မိုးကြိုးလွှဲ စနစ်တကျ တပ်ဆင်ထားလျှင် ပိုကောင်းသည်) အတွင်းသို့ ၀င်ရောက် ခိုနားသင့်ပါတယ်။ ပြတင်းပေါက်များနဲ့ သတ္တုပစ္စည်းများနဲ့ ဝေးဝေးနေပါ။ အိမ်ထဲမှာမို့ အေးဆေးဆိုပြီး ပလပ်တပ်ထားတဲ့ လျှပ်စစ်အသုံးအဆောင် (တီဗွီ၊ ရေခဲသေတ္တာ) တို့ကို ကိုင်တွယ်ခြင်း မပြုရပါဘူး။ (ဖြစ်နိုင်ရင် အဲဒီပစ္စည်းတွေကို ကြိုးဖြုတ်ထားခြင်းဖြင့် ပစ္စည်းပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။ ကြိုလုပ်ပါ။) အနီးပတ်ဝန်းကျင်မှာ ခိုင်ခံ့တဲ့ အဆောက်အဦမရှိခဲ့လျှင် မော်တော်ကားအတွင်းသို့ဝင်ပြီး ကားမှန်များကို အကုန်တင်ထားပါ။ (သတိ၊ မိုးပွင့်ကားလှလှလေးများကို မဆိုလိုပါ။) မော်တော်ကားသည် သံကွန်ချာကဲ့သို့ ဖြစ်နေသဖြင့် သင့်အား မိုးကြိုးကြောင့် ဓာတ်လိုက်သေဆုံးခြင်းမှ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ကားမောင်းခွေ (steering wheel)၊ ဂီယာပြောင်းတံတို့ကို မကိုင်ရန်လဲ သတိထားပါ။ ကားအတွင်းရှိ ရေဒီယိုကိုလဲ မဖွင့်သင့်ပါ။

ဝမ်းလျားမှောက်မနေပါနဲ့

ကွင်းပြင်အတွင်းမှာ ခိုကိုးရာမဲ့ ဖြစ်နေပြီဆိုပါက ဆောင့်ကြောင့်ထိုင်ချပြီး ဖနောင့်နဲ့ မြေကြီးကို သေချာထိထားပါ။ သင့်နားရွက်ကို သင်ကိုင်ထားပြီး လုံးလုံးလေး ဖြစ်နေပါစေလို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ အများပြောသလို ဗိုက်နဲ့ မြေကြီးထိပြီး ၀မ်းလျားမှောက်မနေပါနဲ့။ ၀မ်းလျားမှောက်နေခြင်းကြောင့် သင့်အား မိုးကြိုးတည့်တည့်မပစ်သော်လည်း သင့်ဘေးက မြေပြင် (သို့မဟုတ်) သစ်ပင်စသည်တို့ကို ပစ်လို့ စက်ကွင်းမလွတ်ခဲ့လျှင် သင့်ဝမ်းတွင်း ကလီစာများအားလုံး ဓာတ်လိုက်ခံရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မိုးကြိုးအပစ်မခံရသော်လည်း အသက်သေဆုံးနိုင်ပါတယ်။ သိပ္ပံလက်တွေ့ စမ်းသပ်ခန်းတစ်ခုမှာ စမ်းပြတာကတော့ ချွန်နေတဲ့ သတ္တုတံနဲ့ လုံးနေတဲ့ သတ္တုလုံးကို မိုးကြိုးပစ်စေရာ (၂ ခုလုံးကို တူညီသော လျှပ်စစ်အခြေပေးသော်လည်း) သတ္တုတံကို အကြိမ်ပေါင်းများစွာပစ်မှ သတ္တုလုံးကို တကြိမ်သာ ပစ်တာကို စာရေးသူ မျက်မြင်တွေ့ခဲ့ဖူးပါတယ်။ သိပ္ပံပညာရှင်များ အဆိုအရ အထက်ပါပုံစံနှင့် ထိုင်နေပါက မိုးကြိုးပစ်ခံရသည့်တိုင် ကိုယ်တွင်းအင်္ဂါများ ဓာတ်လိုက်မခံရသဖြင့် အသက်သေဆုံးရန် အခွင့်အလမ်း နည်းပါးတယ်လို့ ဆိုပါတယ်။

မိုးကြိုးပစ်ခံရသူ အနူမဟုတ

မိုးကြိုးပစ်ခြင်းခံရပါက အပူကြောင့် လောင်ကျွမ်းခြင်းနှင့် လျှပ်စစ်ဓာတ်လိုက်ခံရသဖြင့် နှလုံးရပ်သွားခြင်းတို့ ခံစားရတတ်သဖြင့် တစုံတယောက် မိုးကြိုးပစ်ခံရပါက ၄င်းကို ချက်ချင်း ဆေးကုသမှု ပေးရန် အရေးကြီးပါတယ်။ မီးလောင်နေပါက မီးငြိမ်းသတ်ပေးရန် လိုအပ်သော်လည်း မီးလောင်ဒဏ်ရာများကို အရင်မကုသပါနှင့်။ နှလုံးမခုန်ပါက အသက်ရှူအားကူ ကုသခြင်းဖြင့် ချက်ချင်း နည်းမှန်လမ်းမှန် ကုသပါ။ လူနာကို ထိတွေ့ခြင်းဖြင့် ကူညီကုသသူကို ဓာတ်မလိုက်နိုင်ပါ။ (သို့ရာတွင် … ကွင်းပြင်ထဲရှိ လူနာအနီးတွင် မိုးကြိုးပစ်ခံရချင်စရာကောင်းအောင် ကိုးရိုးကားယား လုပ်မနေပါနှင့်။ လုံခြုံသောနေရာသို့ ရွှေ့ပြောင်းသင့်က ရွှေ့ပြောင်းပါ။)

စာရှုသူများ မိုးကြိုးအန္တရာယ် ကင်းဝေးပါစေ။

ကိုးကား ။ ။ http://www.fema.gov/kids/sabrina.htm, http://firstaid.about.com/od/heatcoldexposure/ht/07_avoid_ltning.htm