နမ့်ပစ်ဖူးဆိုတာက ရှမ်းပြည်မှာရတဲ့ အသုပ်တစ်မျိုးပေါ့။ ပဲပုတ်နှစ်ရယ်၊ ခရမ်းချဉ်သီးရယ်၊ ဂေါ်ဖီရယ်နဲ့ ညှပ်ခေါက်ဆွဲကို သုပ်တာ။ တချို့ကလဲ မန်ကျည်းရည်ထည့်တတ်သေးရဲ့။ ပဲပုတ်နှစ်က ရှမ်းပြည်မှာပဲ ပေါတာမို့ ရန်ကုန်မှာတောင် တခါတလေ ရှမ်းပြည်လူကြုံရှိမှ စားရတာ။ အဲဒီအစားအသောက်ကို စင်ကာပူမှာ တမ်းတနေတော့ ခက်ရောပေါ့။ ဒါပေမဲ့ …
ဟိုတနေ့က အစ်မတစ်ယောက်က ပဲကြာဇံသုပ် အိမ်မှာလာသုပ်ကျွေးတယ်။ (အမေသုပ်တာနဲ့တော့ မတူပါဘူး။ အမေက သက်သတ်လွတ်သုပ်တာလေ။ ပုဇွန်ခြောက်တောင် မပါဘူး။) ငါးသေတ္တာတို့ ကြက်အူချောင်းတို့နဲ့ သုပ်တာ။ ဒီမနက်ကျတော့ မနက်စာကို ဂေါ်ဖီလေးနဲ့ မုန်လာဥနီလေးတွေ ရေနွေးငွေ့ရိုက်၊ ခရမ်းချဉ်သီးလေးလှီးပြီး ကျွန်း ၁၀၀၀ အနှစ် နဲ့ ဆမ်းစားမလို့ ပြင်နေတုန်း ဟိုတနေ့က ပိုနေတဲ့ ပဲကြာဇံသုပ်တဲ့ ပစ္စည်းတွေကို သတိရသွားတယ်။ အဲဒါနဲ့ ပဲကြာဇံပါ ထည့်သုပ်မလို့ လုပ်တုန်း … ပဲပုတ်ကလေးထည့်ရင် နမ့်ပစ်ဖူးနဲ့ အရသာတူမှာလို့ စဉ်းစားမိတယ်။ ဒါနဲ့ပဲ စင်ကာပူ နမ့်ပစ်ဖူး (လောရှည် ပဲကြာဇံသုပ်) ဖြစ်လာပါလေရော။
ပါဝင်ပစ္စည်းများ (လူ ၂ ယောက်စာအတွက်)
ပဲကြာဇံ - လက်တဆုပ်စာလောက်
ပဲပုတ်ချပ် - ၂ ချပ်
ဂေါ်ဖီထုပ် - ခပ်သေးသေး တစိတ်
မုန်လာဥနီ - ၁ တောင့်
ခရမ်းချဉ်သီး - ၂ လုံး
ကြက်အူချောင်း - ၃ ချောင်း
ကြက်သွန်ဖြူ - ၂ မြှောင့်
နှမ်းမှုန့် - အနည်းငယ်
ဆား - အနည်းငယ်
ဆီ - အနည်းငယ်
ရှာလကာရည် - ဟင်းချိုသောက်ဇွန်း ၁ ဇွန်း
သံပရာသီး - ၁ လုံး
နံနံပင် - အနည်းငယ်
ငရုတ်သီးစိမ်း - ၂ မြှောင့်
ပဲကြာဇံကို ရေနွေးနဲ့ စိမ်ပါ။ ပဲပုတ်ချပ် (အပြားဝိုင်းကြီးတွေကို ပြောတာ) ကို ကြော်ချင်ကြော်၊ ဖုတ်ချင်ဖုတ်ပြီး အမှုန့်ဖြစ်အောင် ထောင်းပါ။ (ကြော်မယ်ဆိုရင် ဆီကို အငွေ့ထွက်အောင်တည်၊ မီးပိတ်ပြီးမှ ပဲပုတ်ချပ်ကိုထည့်ပါ။ နို့မဟုတ်ရင် ခါးပါလိမ့်မယ်။ ထောင်စရာ ဆုံမရှိရင် စက္ကူထဲထည့်ပြီး ပုလင်းနဲ့ လှိမ့်ကြိတ်လဲ ရပါတယ်။ အမှုန့်ကြိတ်စက်ရှိရင်လဲ အမှုန့်ကြိတ်စက်နဲ့ ကြိတ်ပေါ့။ လောရှည်ကတော့ အဲဒီအမှုန့်ကို နေရာတကာမှာသုံးဖို့ ဗူးထဲထည့်ဆောင်ထားတယ်။) ကြက်သွန်ဖြူလေးတွေ ပါးပါးလှီးပြီး ဆီသတ်ပါ။ ငရုတ်သီးမှုန့်ရှိရင် ငရုတ်သီးဆီသတ်လဲ လုပ်ချင်လုပ်ပါ။ (ငရုတ်သီးဆီသတ်လုပ်ဖို့အတွက် ငရုတ်သီးမှုန့်ကို ပန်းကန်ထဲထည့်၊ အငွေ့ထွက်အောင် တည်ထားတဲ့ ဆီကို အဲဒီပန်းကန်ထဲ လောင်းချလိုက်ပါ။ ဒါဆို မညှော်ပါဘူး။ အမေ့နည်းကွ။) ကြက်အူချောင်းကို ပြုတ်ပါ။ (Microwave မီးဖို ရှိရင် အဲဒါနဲ့လုပ်လဲ ရပါတယ်။ မြန်တာပေါ့။) မုန်လာဥနီကို သေးသေးလေးတွေတုံးပြီး ရေနွေးဖျောပါ။ အဲဒါပြီးရင် ပူမဲ့လောင်မဲ့ ကိစ္စတွေ (ရေနွေးစိမ်ခြင်း၊ ဆီသတ်ခြင်း) ပြီးပါပြီ။
အခု အေးတဲ့ကိစ္စတွေ လာပါမယ်။ ဂေါ်ဖီကို ရေစင်စင်ဆေးပြီး ပါးပါးလှီးပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။ သံပရာသီးကို အရည်ညှစ်ဖို့အသင့် လှီးထားပါ။ ကြက်အူချောင်းကို ခပ်သေးသေးလှီးပါ။ ငရုတ်သီးနဲ့ နံနံပင်ကိုလဲ ရေဆေးပြီး သေးသေးလေးတွေလှီးထားပါ။ (ပဲကြာဇံနဲ့ မုန်လာဥနီ ရေနွေးထဲက ဆယ်တော့၊ ရပြီ။) ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး ဆီချက်၊ ပဲပုတ်မှုန့်၊ ရှာလကာရည်တို့ကို ပဲကြာဇံ၊ ကြက်အူချောင်း၊ ဂေါ်ဖီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးတို့နဲ့ ရောနယ်ပါ။ ဆားထည့်ပါ။ နှမ်းမှုန့်ကို ဖြူးပါ။ ငရုတ်သီး လှီးထားတာလေးထည့်၊ သံပရာသီးအကုန်ညှစ်ပြီး ဆက်နယ်။ နယ်လို့ နှံ့ရင် နံနံပင်လေးဖြူး၊ စားလို့ ရပါပြီ။
2 comments:
ဒါလဲ ဘလော့လောကရဲ့ ပညာရှိ နှိပ်စက်နည်း တမျိုးပဲ။
သဘောကျတယ။် လုပ်မယ်ဆို လာကြည့်ဦးမယ်။ စားချင်စရာဘဲ။
Post a Comment