ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Friday, July 24, 2009

ဖော်ဖော်ရွေရွေ စင်ကာပူတွေ

ဖော်ရွေတတ်တာ၊ အေးစက်စက်နိုင်တာ၊ ရိုင်းပြတာ၊ ယဉ်ကျေးတာဆိုတာတွေဟာ ကမ္ဘာပေါ်က လူသားအားလုံးနဲ့ ဆိုင်တဲ့ လူ့အရည်အသွေးတွေပါ။ ဘယ်လူမျိုး၊ ဘယ်ဒေသ၊ ဘယ်အဖွဲ့အစည်းက လူတွေကတော့ ရိုင်းတယ်၊ ယဉ်ကျေးတယ်၊ ပျူငှာတယ်၊ ဖော်ရွေတယ် စသဖြင့် သတ်မှတ်ပြောဆိုလို့ မရကောင်းပါဘူး။ ဘယ်နေရာမှာမဆို လူအမျိုးပေါင်း စုံနေအောင် တွေ့ရမှာပါပဲ။ စာရေးသူတွေ့ခဲ့ဖူးတဲ့ ဖော်ရွေတတ်တဲ့ စင်ကာပူနိုင်ငံသားတွေအကြောင်းကို ပြန်ပြောင်းပြောပြပါမယ်။

နမော်နမဲ့နိုင်တတ်တဲ့ မောင်လောရှည်ဟာ ဘဏ်ကနေ ပိုက်ဆံထုတ်ဖို့ကို မကြာခဏမေ့တတ်ပြီး အိတ်ထဲ ပိုက်ဆံမပါတာကိုတောင် တခါတလေ သတိမထားမိတတ်ပါဘူး။ အဲဒါနဲ့ပဲ အိတ်ဟောင်းလောင်းနဲ့ ကျောင်းစားသောက်ဆိုင်မှာ စားစရာမှာ စားပါတော့တယ်။ စားစရာရောက်လာလို့ ပိုက်ဆံထုတ်ပေးမယ်လဲ ကြည့်လိုက်ရော ပိုက်ဆံက တပြားမှ ပါမလာဘူး။ ဒါပေမဲ့ အဲဒီဆိုင်က စားနေကျ ပါစတာ (အီတာလျံခေါက်ဆွဲ) ဆိုင်ဖြစ်နေတော့ကာ ဆိုင်ရှင်တရုတ်ကြီးက ကဲ ကဲ အလကားစားသွား၊ နောက်ကြုံမှပေးတော့လို့ ပြောပါတော့တယ်။ မောင်လောရှည်ကလဲ စားတာပဲ။ နောက်တနေ့ကျ သတိတရနဲ့ သွားပေးတော့ ကျေးဇူး၊ ကျေးဇူးနဲ့။ (အဲဒီ တရုတ်ကြီးက အင်္ဂလိပ်လို အတော်ကောင်းကောင်း ပြောတတ်တယ်။ လူတွေအများကြီး တန်းစီနေတုန်း မှာတာတွေ ပွဲ ၂၀ လောက် ဦးဏှောက်ထဲ မှတ်ထားပြီး မမှားအောင် ပေးတတ်တယ်။ တခြား စားသောက်ဆိုင်ဖွင့်တဲ့လူတွေနဲ့ သိပ်မတူဘူး။)

နောက်တခါကတော့ ထောပတ်ထမင်းရောင်းတဲ့ (ဟုတ်တယ်၊ မြန်မာထောပတ်ထမင်းနဲ့ တူတယ်။) အရှေ့အလယ်ပိုင်းဆိုင်မှာပါ။ ညဘက် ကျောင်းမှာ ညနက်တဲ့အထိ စာလုပ်ရင်းစားဖို့ စမူဆာ သွားသွားဝယ်နေတော့ ကုလားနဲ့ (တရုတ်ကြီးလောက် မဟုတ်ပေမဲ့) နည်းနည်း ရင်းနှီးပြီး မျက်မှန်းတန်းမိနေတယ်။ သောကြာနေ့ တစ်နေ့ ညနေပိုင်း (အဲဒီနေ့က ပိုက်ဆံထုတ်ဖို့ မမေ့ဘူး။) ကုလားကို ပိုက်ဆံထုတ်ပေးတော့ ဒေါ်လာ ၅၀ တန်ကြီးဖြစ်နေတယ်။ ကုလားကလဲ ဆိုင်သိမ်းဖို့ ပိုက်ဆံတွေအကုန် သော့ခတ်ပြီးနေတော့ ပြန်အမ်းစရာမရှိလို့ နောက်မှ ပေး ဆိုပြီး စမူဆာတွေ ထည့်ပေးလိုက်တာပဲ။ နောက်နေ့တွေကျတော့ ကျောင်းမရောက်ဖြစ်တာနဲ့၊ ရောက်ဖြစ်တော့လဲ အဲဒီဆိုင်မှာ မစားဖြစ်၊ စားဖြစ်တော့လဲ မေ့နဲ့ ၂ ပါတ်လောက်ကြာမှ ကုလား အကြွေးပြန်ရရှာတယ်။

သူတို့က စားနေကျ ဖောက်သည်မို့လို့၊ မြင်ဖူးနေလို့ ထားပါတော့။ ဒီနေ့တော့ ညကလဲ နည်းနည်းနက်နေတော့ နီးတဲ့ဆိုင်တွေမှာ စားစရာမရှိတော့တာနဲ့ နည်းနည်းဝေးတဲ့ စားနေကျ မဟုတ်တဲ့ ဆိုင်တွေနားကို မောင်လောရှည် ချီတက်ပါတယ်။ စားစရာမှာပြီးမှ သတိရလိုက်တာက ပိုက်ဆံ အတော်ခမ်းနေပြီ၊ လောက်ပါ့မလား။ စားနေကျဆိုင်လဲ မဟုတ်တော့ ဘယ်လောက်ကျလဲ မသိဘူးလေ။ ပိုက်ဆံ ပြေးထုတ်ဖို့ကလဲ အတော်ဝေးတာဆိုတော့ အယ် ဆိုပြီး အသံထွက်လို့ ရှိတဲ့ အကြွေတွေကို နှိုက်ထုတ်နေတာကိုမြင်တော့ မောင်လောရှည်ကို တခါမှ မမြင်ဖူးတဲ့ တရုတ်မက ကဲပါ ... ပိုက်ဆံ မပါလဲ စားသွား၊ နောက်မှပေးလဲ ရတယ်လို့ ပြောပါတော့တယ် (ရှက်လိုက်တာနော်)။ ဒါပေမဲ့ ကံက ကောင်းချင်တော့ စားစရာတွေက သိပ်ဈေးမကြီး၊ ချောင်ကြားမှာ ကပ်နေတဲ့ ၂ ဒေါ်လာတန်တစ်ရွက်ထွက်လာတော့ (ဟုတ်တယ်၊ စင်ကာပူမှာ ထူးထူးဆန်းဆန်း ၂ ဒေါ်လာတန် သုံးတယ်။) အဆင်ပြေသွားပါတယ်။ (တကယ်လို့များ ပိုက်ဆံ တကယ်ပါမလာလို့ကတော့ မျက်နှာပြောင်နဲ့ တီးပြီး နောက်နေ့မှ သွားပေးရမှာ။)

သြော် ... စင်ကာပူမှာလဲ ငွေ၊ ငွေ၊ ငွေပဲ ကြည့်မနေပဲ ဖော်ရွေတတ်သူတွေ ရှိပါလားနော်။

Monday, July 20, 2009

လကမ္ဘာခရီးစဉ် နှစ် ၄၀ ပြည့်

လူသားတစ်ယောက်ရဲ့ ဤခြေလှမ်းငယ်တလှမ်းဟာ လူသားထုတရပ်လုံးရဲ့ ခုန်ပျံတိုးတက်မှုတစ်ခုဖြစ်တယ်။ (Neil Armstrong).

လူသားတွေအနေနဲ့ လကို အောင်နိုင်မှ စကြာဝဠာတစ်ခုလုံးကို ခရီးနှင်နိုင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လကမ္ဘာရဲ့ ဆွဲငင်အားက ကမ္ဘာ့ ဆွဲငင်အားရဲ့ ၆ ပုံ ၁ ပုံသာ ရှိတာမို့ လကမ္ဘာမှာ အခြေစိုက်စခန်းထားနိုင်ခဲ့ရင် လောင်စာအနည်းငယ်နဲ့ပဲ နေစကြာဝဠာထဲက ဂြိုဟ်တွေကို သွားရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ (ကမ္ဘာကနေ တိုက်ရိုက်သွားမယ်ဆိုရင်တော့ ကမ္ဘာမြေရဲ့ ဆွဲငင်အားကို လွန်ဆန်နိုင်တဲ့ လွတ်မြောက်အလျင် (escape velocity) ရဖို့ကို လောင်စာ အများကြီး သုံးရပါတယ်။) 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ၁၉၆၉ ခု ဇူလိုင်လ ၂၀ ရက်နေ့ (ဒီနေ့) မှာ အမေရိကန် အာကာသသူရဲကောင်း အမ်းစထရောင်းနဲ့အယ်လ်ဒွင်တို့ဟာ လူသားထုတရပ်လုံးရဲ့ ကိုယ်စား လကမ္ဘာကို ခြေချကာ အမှတ်တရအဖြစ် အမေရိကန် အလံကို လွှင့်ထူထားနိုင်ခဲ့ပါတယ်။ အမ်းစထရောင်းရဲ့ သိမ်းငှက် ခြေချလိုက်ပြီ (Eagle has landed) နဲ့ လှလိုက်တာ (Beautiful view) ဆိုတဲ့ သတင်းပို့သံတွေဟာ ယနေ့တိုင် ရေပန်းစားနေဆဲပါ။ (သီချင်းအချို့မှာ remix လုပ်တာ၊ Game အချို့မှာ ထည့်ထားတာ၊ ရုပ်ရှင်အချို့မှာ မှီငြမ်းတာ စသဖြင့် တွေ့ရှိရပါတယ်။)




စစ်အေးခေတ် အာကာသ နည်းပညာ ပြိုင်ဆိုင်မှုကြောင့် လူသားတရပ်လုံး လူနေမှု အဆင့်အတန်း တဟုန်ထိုး တိုးတက်ပြောင်းလဲခဲ့ပါတယ်။ လုံးဝလုံးတဲ့ သတ္တုစက်လုံးကို ပုံသွန်းနိုင်တာကစလို့ ကွန်ပျူတာတွေအလယ်၊ လေကြောင်း နည်းပညာအဆုံး အများကြီး တိုးတက်မှု ရစေခဲ့တာ ငြင်းလို့မရပါဘူး။ လက်ရှိမှာ အာကာသ စူးစမ်းလေ့လာရေးမှာ လူသားတွေ အားလျော့နေပေမဲ့ (အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေ၊ စီးပွားပျက်ကပ်တွေနဲ့ ရှုပ်နေတာကိုး) တရုတ်နိုင်ငံက သိပ်မကြာခင်မှာ လပေါ်ကို လူမဲ့ခရီးစဉ်လွှတ်မယ်၊ အောင်မြင်ရင် လပေါ်ကို လူတက်မယ်ဆိုတာ ကြားရတော့ စကြာဝဠာကြီးကို လူသားတွေ စိုးမိုးနိုင်ဖို့ မျှော်လင့်ချက်တွေ ပြန်လည် နိုးထလာပါပြီ။

လကမ္ဘာနေ့ (ဇူလိုင် ၂၀ ရက်နေ့) နှစ်ပါတ်လည်အဖြစ် ရေးသား ဂုဏ်ပြုပါသည်။

Wednesday, July 15, 2009

မြန်မာစာစနစ်များ၏ နောက်ခံကား

ယခုအခါ ကွန်ပျူတာသုံး မြန်မာစာ စနစ်အမျိုးမျိုး ပေါ်ထွန်းလျှက် ရှိသည်။ ၄င်းစနစ်အသီးသီး၏ ပေါ်ပေါက်လာရခြင်း အကြောင်းရင်းနှင့် သဘောသဘာဝများမှာ တခုနှင့် တခု မတူညီပဲ ကွဲပြားလျှက်ရှိသည်။ Unicode 5.1 တွင် မြန်မာအက္ခရာများ၏ နေရာသတ်မှတ်ချက် တည်ငြိမ်လာပြီဖြစ်ရာ အချက်အလက်များ မျှဝေနိုင်ရန်၊ မြန်မာဘာသာဖြင့် ရေးသားထားသောစာများကို အက္ခရာဝလိစီရန်နှင့် ရှာဖွေနိုင်ရန် ၄င်းနေရာသတ်မှတ်ချက်များအတိုင်း ပြောင်းလဲ သုံးစွဲသင့်ပြီဖြစ်သည်။ လက်ရှိစနစ်များ၏ နောက်ခံကားကို နားလည်သဘောပေါက်မှ ၄င်းစနစ်များအား အသုံးပြုလျှက်ရှိသူတို့ကို Unicode အဆင့်မီစနစ်များသို့ ချောချောမွေ့မွေ့ ပြောင်းလဲနိုင်စေမည်ဖြစ်ရာ ဤစာတမ်းငယ်တွင် လက်ရှိ မြန်မာစာစနစ်များ၏ သဘောသဘာဝကို Information Systems Practitioner တစ်ဦး၏အမြင်မှ ဆွေးနွေးတင်ပြမည် ဖြစ်သည်။

နိဒါန်း

ယခုအခါ ကွန်ပျူတာကို အသုံးပြုရာတွင် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်စသော အနောက်တိုင်း ဘာသာစကားများသာမကပဲ တရုတ်၊ ကိုရီးယား၊ ဂျပန် စသော အရှေ့တိုင်း ဘာသာစကားများဖြင့်လဲ လွယ်ကူစွာ အသုံးပြုနိုင်ကြပြီ ဖြစ်သည်။ ဤကဲ့သို့ မိခင်ဘာသာစကားများဖြင့် ကွန်ပျူတာကို အသုံးပြုနိုင်ရခြင်းမှာ ဘာသာစကားအများအပြား၏ အက္ခရာများကို code-range တစ်ခုအတွင်းတွင် နေရာချထားပေးသော Unicode ခေါ် စံနှုန်းတစ်ရပ်ကို အများသဘောတူ သတ်မှတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ အဆိုပါ စံနှုန်းအတွင်းတွင် မြန်မာအက္ခရာများအတွက် code-range ကို သတ်မှတ်နိုင်ခဲ့သော်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် အသေးစိတ် အကောင်အထည်ဖော်မည့် ပုံစံကို အတည်မပြုနိုင်သေးပဲ ရှိခဲ့သည်။

ယခုအခါ မြန်မာစာ Unicode စနစ်သည် တည်ငြိမ်စ ပြုလာပြီဖြစ်ပြီး ဇော်ဂျီ မြန်မာစာ စနစ်မှာ အခြားဘာသာစကားများနှင့် ယှဉ်တွဲ သုံးစွဲနိုင်သည့် Unicode အစစ်မဟုတ်သော်လည်း အများသုံး (de facto) စံနှုန်းတစ်ရပ် အဖြစ် ရပ်တည်လျှက်ရှိသည်။ ယခင်က သုံးစွဲခဲ့သော ASCII (truetype) font များနှင့် Burglish သုံးစွဲမှုများလဲ ယနေ့တိုင် ရပ်တည်လျှက်ရှိသည်ကို တွေ့ရှိရသည်။ ဤစာတမ်းတွင် 8 bit font များနှင့် burglish အကြောင်းကို ရှေးဦးစွာတင်ပြပြီး အများသုံးဖြစ်သည့် ဇော်ဂျီစနစ်အကြောင်းကို ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။ ထို့နောက် Unicode 5.1 အဆင့်မီစနစ်များအကြောင်းနှင့် ၄င်းတို့ကို အဘယ်ကြောင့် ရွေးချယ်သင့်သည်ကို ရှင်းလင်းရေးသားမည် ဖြစ်ပါသည်။

8 Bit Systems

ယခင်က အင်္ဂလိပ်စာလုံးကဲ့သို့သော လက်တင်စာလုံးများဖြင့် ရေးသားထားသည့် contents များကို ကွန်ပျူတာများ ဝေမျှသုံးစွဲနိုင်စေရန်အတွက် စံအဖြစ် IBM မှ EBCDIC (8 bits) စနစ်နှင့် ASCII (7 bits) စနစ်ဟူ၍ စတင် ပေါ်ပေါက်ခဲ့သည်။ နောက်ပိုင်းတွင် ASCII စနစ်ကို 8 bit သို့ တိုးချဲ့ခဲ့သည်။ နာမည်ကြီး Windows စနစ်များတွင် ASCII စနစ်ကို အသုံးပြုနိုင်ရာ အင်္ဂလိပ်စာလုံးများကို ပုံပြင်ဆွဲ၍ မြန်မာစာလုံးပုံစံ အများအပြား ပေါ်ထွက်ခဲ့သည်။ ၄င်းတို့သည် နည်းပညာရှုထောင့်အရ အင်္ဂလိပ်စာကို ပုံပြောင်းထားခြင်းမျှသာဖြစ်ပြီး မြန်မာဘာသာဖြင့် ရေးသားထားသော အချက်အလက်များကို မြန်မာစာ အက္ခရာစီထုံးဖြင့် အလွယ်တကူ စီ၍မရပေ။ ယခုအခါ ၄င်းတို့ကို ပုံနှိပ်တိုက်များတွင် ကျယ်ပြန့်စွာ သုံးစွဲလျှက်ရှိပြီး CE နှင့် Win-Myanmar ပုံစံတို့မှာ ထင်ရှားသည်။ 

Burglish

မြန်မာနှင့် အင်္ဂလိပ်စာ ရောထွေးရေးသားရန် 16 bit code များ မပေါ်ပေါက်မီက Chat application သုံးစွဲသူအချို့သည် ပြောလိုသော အကြောင်းအရာကို အသံဖလှယ်၍ အင်္ဂလိပ် အက္ခရာများဖြင့် ရေးသားသုံးစွဲကြသည်။ (ဥပမာအားဖြင့် Sar Pee P Lar ? = စားပြီးပြီလား ဖြစ်သည်။) ယနေ့တိုင် မြန်မာစာ ကောင်းစွာ မရိုက်တတ်သူ Chat application အသုံးပြုသူအချို့လဲ ရှိနေဆဲပင် ဖြစ်သည်။ ၄င်းတို့အတွက် အလိုအလျောက် ဘာသာပြန်ပေးသည့် စနစ်အမျိုးမျိုး ပေါ်ထွက်ခဲ့ရာ ၀ိဇ္ဇာစနစ်မှာ ထင်ရှားသော ဥပမာ တစ်ခုဖြစ်ပြီး ဇော်ဂျီနှင့် Myanmar – 3 သို့ ဘာသာပြန်ပေးနိုင်သည်။

ဇော်ဂျီ

နိုင်ငံတကာသုံး စံနှုန်းဖြစ်သည့် Unicode စံနှုန်း (16 bit code) တွင် မြန်မာအက္ခရာများ၏ နေရာ (ခွင်) ကို အတိအကျ သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း စာလုံးများ၏ နေရာနှင့် ဘာသာစကား၏ ရှုပ်ထွေးမှု ပြဿနာများကို ဖြေရှင်းနိုင်ရန် စံသတ်မှတ်ချက် အတိအကျ မရှိသည်မှာ အတော်ပင် ကြာမြင့်ခဲ့သည်။ ဥပမာအားဖြင့် ပြ နှင့် ကြ တွင် ပါဝင်သော ရရစ်မှာ အတူတူပင်ဖြစ်သော်လည်း ၄င်းတို့ကို ပုံဖော်ရန်အတွက် software support (rendering support) လိုသည်။ ၄င်းကို အလွယ်နည်းနှင့် ဖြေရှင်းရန်မှာ code-range ကို ချဲ့ပစ်ရန်ဖြစ်ရာ (ရရစ် ၂ ခုသုံးမယ်၊ code ၂ ခုပေး ဆိုတာမျိုး) ပညာရှင်အချို့က စံနှုန်းမတည်ငြိမ်မီ ကာလအတွင်း ဆေးမြီးတိုအဖြစ် အခြားဘာသာစကားများ၏ code များကို ချေးငှားသုံးစွဲကာ ဇော်ဂျီစာလုံးစနစ်ကို ဖန်တီးခဲ့ကြသည်။

၎င်းသည် ပြဿနာ ၂ ရပ်ကို ဖိတ်ခေါ်လာသည်။ ဇော်ဂျီသည် အင်္ဂလိပ် အက္ခရာများ၏ code ကို မထိသဖြင့် အင်္ဂလိပ်/မြန်မာ တွဲဖက်ရေးသားရာတွင် အဆင်ပြေသော်လည်း ၄င်းချေးငှားထားသော ဘာသာစကားများနှင့် မြန်မာစာကို တွဲဖက်ရေးသားပါက ကွန်ပျူတာအနေနှင့် ချေးသုံးထားသော code များကို မည်သည့် အက္ခရာ (မြန်မာ အက္ခရာ သို့မဟုတ် အခြား အက္ခရာ) အဖြစ် ဖော်ပြပေးရမည်ကို မသိနိုင်ပဲ ဖြစ်လိမ့်မည်။ (ဥပမာ 1E29 သည် 'ḩ' လား၊ Latin Small Letter H with Cedilla လား မသိနိုင်တော့ပေ။) နောက်ပြဿနာတစ်ရပ်မှာ တူညီသော စာလုံးများ ကို code အများအပြားသို့ assign လုပ်ထားသဖြင့် အက္ခရာစဉ် စီရာ (နှင့် searching ရှာရာ) တွင် မလိုလားအပ်သော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေပါသည်။ ဥပမာအားဖြင့် ရရစ်သည် ပြ ဟုရေးရာတွင် တမျိုး၊ ကြ ဟုရေးရာတွင် တမျိုး၊ လုံးကြီးတင်နှင့် တွဲရန်တမျိုး (ပြိ၊ ကြိ) စသဖြင့် code အမျိုးမျိုး ဖြစ်နေသည်။ အမှန်မှာ အက္ခရာ စဉ်ရာတွင် ကြသည် ပြအရှေ့ (ကြိသည် ပြိအရှေ့) ဟူ၍ ရရစ် ၂ မျိုးကို အတူတူ သဘောထားပြီး စီရရာ ဇော်ဂျီစနစ်ဖြင့် ရေးသားထားသော မြန်မာစာများကို အက္ခရာစီနိုင်ရန် ခက်ခဲပါသည်။

ဇော်ဂျီ၏ အဓိက အားနည်းချက် တစ်ရပ်မှာ စာလုံးများ၏ စံပုံစံ မရှိခြင်းပင် ဖြစ်သည်။ တ + -ိ + -ု (တို) နှင့် တ + -ု + -ိ (တို) တို့မှာ ဇော်ဂျီတွင် မတူညီကြပေ။ သို့ဖြစ်၍ ပထမ တို ကို ရှာဖွေရန် ကြိုးစားရာတွင် ဒုတိယ တို ကို ထည့်သွင်း ရှာဖွေခိုင်းပါက ရှာတွေ့မည် မဟုတ်ပါချေ။ တူညီသောစာလုံးများကို ရိုက်ထည့်သော အစီအစဉ် မတူညီခြင်းကြောင့် ကွန်ပျူတာက မတူညီဟု အဖြေထုတ်ပေးခြင်းမှာ လက်ခံနိုင်ဖွယ် အရည်အသွေးတစ်ရပ် မဟုတ်ပေ။ ဇော်ဂျီဖြင့် ရေးသားထားသော မြန်မာစာတို့မှာ တနေ့တခြား တိုးပွားလာနေရာ နောင်တချိန်တွင် ၄င်းတို့သည် ရှာရ၊ ဖွေရခက်သည့် စာအုပ်ပုံကြီးနှင့် အတူတူပင် ဖြစ်လာတော့မည် ဖြစ်သည်။ (အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ အကြောင်းကို ရေးသားသူ တ၀က်က စ + -ိ + -ု + င + -် + -း ဟု ရေးပြီး ကျန်တ၀က်က စ + -ု + -ိ + င + -် + -း ဟု ရေးပါက မည်သို့ ဖြစ်မည်ကို မှန်းဆကြည့်ပါ။) သို့ရာတွင် ရှေးယခင် လက်နှိပ်စက်များကဲ့သို့ပင် သဝေထိုးနှင့် ရရစ်ကို ဗျည်းမရိုက်ခင် ရိုက်ရခြင်း၊ ဗျည်းတွဲများ (ရရစ်ဝဆွဲ၊ ယပင့်ဝဆွဲ စသည်တို့)ကို ခလုတ်တစ်ချက်နှိပ်ရုံနှင့် ရေးသားနိုင်ခြင်းတို့မှာ သုံးစွဲသူတို့ နှစ်သက်ဖွယ်ဖြစ်သည်။

Windows စနစ်အများစုတွင် ဇော်ဂျီစနစ်ဖြင့် မြန်မာစာ ရေးသားရန်အတွက် အခမဲ့ ရရှိနိုင်သော Zawgyi installer application ကို သွင်းလိုက်ရန်သာလိုအပ်ပြီး ဖတ်ရှုရန်အတွက်မူ သာမာန် font တစ်ခု သွင်းသကဲ့သို့ ဇော်ဂျီ font ကို သွင်းလိုက်ရန်သာ လိုအပ်သည်။ ရေးသားရန်အတွက် လက်ကွက်မှတပါး လေ့ကျင့်ရန် မလိုအပ်ပေ။ အသုံးပြုရလွယ်ကူခြင်းကြောင့် ယနေ့တွင် online ပေါ်ရှိ မြန်မာစာအသုံးပြုမှု (blog, forum, chat application) အများစုသည် ဇော်ဂျီ မြန်မာစာ စနစ်ဖြင့် ဖြစ်သည်။

Unicode 5.1 အဆင့်မီ မြန်မာစာစနစ်များ

Myanmar 3 အပါအ၀င် Unicode 5.1 စနစ်သုံး မြန်မာစာစနစ်များသည်လည်း အစိုးရက ထောက်ခံနေလင့်ကစား အားနည်းချက်များ ရှိဆဲပင်ဖြစ်သည်။ ဥပမာအားဖြင့် မောက်ချာ (-ါ) နှင့် ရေးချာ (-ာ) တို့မှာ စာလုံး ၂ လုံးဖြစ်နေသည်။ အက္ခရာစဉ်ရာတွင် ၄င်းတို့ကို အတူတူဟု သဘောထားပြီး စီရသည်။ (ဇော်ဂျီ၏ ရရစ်ကဲ့သို့ပင် မလိုအပ်ပဲ code-range ကို ဖြုန်းတီးသကဲ့သို့ ဖြစ်နေပါသည်။) အသတ် (-်)နှင့် ပုံစံတူသော်လည်း အသတ်နှင့် ဘာမှမဆိုင်သော ရှေ့ထိုး (ဥပမာ ကော် မှ -်) မှာ code မရှိပါ။ တနည်းအားဖြင့်ဆိုသော် Unicode 5.1 သည်လည်း တိုးတက်ပြောင်းလဲဦးမည့် အရိပ်အယောင်များ ရှိနေပါသည်။ သို့ရာတွင် ၄င်းသည် စာရိုက်ရာတွင် သတ်မှတ်ထားသလိုသာ ရိုက်သွင်းရသဖြင့် ဇော်ဂျီကဲ့သို့ တို ၂ မျိုး ဖြစ်နေစရာ မရှိသဖြင့် ဇော်ဂျီထက် ပိုမို တည်ငြိမ်မည်ဟု မျှော်လင့်ရသည်။

ထို့ပြင် Myanmar – 3 ကိုအသုံးပြုရန်အတွက် အနည်းငယ်ရှုပ်ထွေးသော အဆင့်များ လိုအပ်သည်။ Windows စနစ်တွင် ဖတ်ရှုရန်အတွက်လဲ သီးသန့် software များ သွင်းရန် လက်ရှိအချိန်တွင် လိုအပ်ဆဲဖြစ်သည်။ ၄င်းကို အသုံးပြု ရေးသားရန်အတွက် အချိန်အနည်းငယ်ကြာမျှ လေ့ကျင့်ရန် လိုအပ်ပါသည်။

ဘာကိုသုံးရမလဲ၊ ဘာကြောင့် လူများစု မသုံးသေးတာလဲ။

ယနေ့တွင် အစိုးရ၀န်ကြီးဌာနများအားလုံးကို Myanmar-3 ကို အသုံးပြုရန် ညွှန်ကြားထားပါသည်။ ထို့ကြောင့် e-Government စနစ်များကို နောင်အနာဂါတ်တွင် မိတ်ဆက်ခဲ့ပါက Myamar – 3 ကို နိုင်ငံသားတိုင်း မဖြစ်မနေ အသုံးပြုရမည်မှာ သေချာသလောက် ရှိသည်။ ထို့ပြင် Windows စနစ်များတွင် Unicode 5.1 ကို အထောက်အပံ့ပေးပါက ဖတ်ရရေးရခက်သော ပြဿနာမှာ အလိုအလျောက် ပြေလည်သွားမည်ဖြစ်သည်။ (ယခုအခါ KDE သုံး Linux များတွင် Myanmar – 3 ကို ဒီအတိုင်း ဖတ်လို့ရပြီဖြစ်သည်။) ထိုအချိန်တွင် ဇော်ဂျီသည် Myanmar- 3 ထက်ပို၍ ရေးရ၊ ဖတ်ရလွယ်သည်ဆိုသော အားသာချက် မရှိနိုင်တော့ပေ။

အသုံးများသော ဇော်ဂျီမှ Unicode 5.1 သို့ပြောင်းလဲနိုင်ရေးသည် တကယ်တမ်းအားဖြင့် ကွန်ပျူတာ သိပ္ပံ ပြဿနာ တစ်ရပ်မဟုတ်ပါ (အကျယ်ကို လောကအလှနှင့် အင်တာဗျူး ရှု)။ Myanmar – 3 ကို ပြောင်းရမည်မှာလဲ သေချာ၊ ဇော်ဂျီကိုလဲ ကြာရှည် အသုံးပြုရန်လဲ အဆင်မပြေ၊ တစ်ဦးချင်း ပြောင်းရန်လဲ နည်းပညာအရ လွယ်ကူ လျှင်မြန်ပါလျှက်နှင့် ဇော်ဂျီကို လူများစု ဖက်တွယ်ထားကြခြင်းမှာ အကြောင်းရင်း ၂ ရပ်ကြောင့် ဖြစ်သည်။ ပထမ အကြောင်းရင်းမှာ Myanmar – 3 တွင် လက်နှိပ်စက်အတိုင်း ရိုက်မရပဲ လေ့လာသင်ကြားမှု လိုအပ်သောကြောင့် (ဇော်ဂျီ၏ တခုတည်းသော အားသာချက်) ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ လူများစု သုံးစွဲခြင်း မပြုသောကြောင့် အထီးကျန်မည်ကို စိုးရိမ်သည့် လူမှုရေး ပြဿနာဖြစ်ပြီး ပိုမိုအရေးကြီးသည်။

နိဂုံး

ယခုစာတမ်းငယ်တွင် 8 bit font၊ Burglish၊ ဇော်ဂျီနှင့် Myanmar – 3 အစရှိသော မြန်မာစာ စနစ်အမျိုးမျိုး၏ သဘောသဘာဝများကို သိနားလည်မှ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲရန် အစီအစဉ်ကို ကြံဆနိုင်မည်ဖြစ်သဖြင့် ၄င်းတို့၏ ဂုဏ်သတ္တိများကို နည်းပညာနှင့် လူမှုရေး (သမိုင်းကြောင်းနှင့် သုံးစွဲသူများ) ရှုထောင့်များမှ တင်ပြထားသည်။ အဆိုပါ တွေ့ရှိချက်များကို အခြေခံ၍ Unicode အဆင့်မီ မြန်မာစာစနစ်များသို့ ပြောင်းလဲနိုင်ရန် အစီအစဉ်ကို ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေပါသေးသည်။

Tuesday, July 7, 2009

ကျွန်တော်တို့ အကြောင်း

BLUE SKY FOREST တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

၁၈၇၀ခုနှစ်တ၀ိုက်၊ မင်းတုန်းမင်းလက်ထက်မှာ မြန်မာပြည်ရဲ့ လူဦးရေက ဆယ်သန်းလောက်ရှိပါသတဲ့။ ဒါပေမယ့် အဲသည်ခေတ်က အဲ့ဒီလိုမပြောဘူး။ ဘ၀ရှင်မင်းတရားကြီးဟာ ကျွန်တော်မျိုး တကုဋေကို အုပ်စိုးသူဖြစ်တယ်လို့ ပြောရပါသတဲ့။ ပဒေသရာဇ်ခေတ်ဆိုတော့ သိတဲ့အတိုင်းပဲလူတန်းစားသတ်မှတ်ချက်က သိပ်ရှင်းတယ်။ တိုင်းပြည်မှာ ဘုရင်ဟာ “သခင်” ၊ ကျန်တာက “ကျွန်” ။

ဘုရင်နဲ့စကားပြောတဲ့အခါ ကျွန်တော်မျိုး ဘယ်သူ၊ဘယ်ဝါ ပါဘုရားလို့ဆိုရသတဲ့။ အဲဒီတုန်းက နာမည်ရှေ့ မှာ “မောင်”တွေ “မ”တွေသိပ်ရှိလှသေးတာမဟုတ်။ “ကျား” ဆိုရင် “ကျွန်တော်”၊ “မ”ဆိုရင် “ကျွန်မ” ။ “ခင်ဗျား”ဆိုတာကလည်း သခင်၊ဘုရားကလာတာတဲ့။ "ရှင်"ဆိုတာက အရှင်၊သခင်ကလာသတဲ့။ တကယ်တော့ မင်းတုန်းမင်းမတိုင် ခင်ကာလတွေကတည်းက ကျွန်တော်၊
ကျွန်မဖြစ်နေတာပါ။ ဘယ်ခေတ်ကစပြီးသုံးသလဲဆိုတာတော့ မသိဘူး။ သမိုင်းဆရာများက သိပေမပေါ့။ အဲဒီတုန်းက ဘုရင်က “မော့” (မော်ဖူးစေ) ဆိုမှ မော့ကြည့် ရသတဲ့။ သူက မမော့ခိုင်းမချင်း မြေပြင်မှာဝပ်နေပေရော့။ ရှင်ဘုရင်ဆိုသူများပြောပါတယ်။ လူလူချင်းကို။

တိုင်းပြည်မှာဘုရင်က သခင်ဆိုတော့ သူ့ထက်ကြီးတာ ဆင်ပဲရှိတယ်။ ရေမြေ့ သနင်းပြည့်ရှင်မင်း လို့လည်းဆိုသကိုး။ တတိုင်းပြည်လုံး လူတင်မက ရေရော၊မြေရော သူပိုင်တယ်။ ဘာမှမထိနဲ့ မီးပွင့်သွားမယ် ဆိုတဲ့လူမျိုးပေါ့။ တော်တော်မကောင်းတဲ့ခေတ်တွေပါ။ ထားပါတော့။ အခုချိန်ထိ စာရေးသူတို့က “ကျွန်တော်တို့”လုပ်နေကြတုန်းပဲဆိုတာကတော့ စာရှုသူတို့ရေ သိပ်လွန်လွန်း
ပြီထင်သကွယ်။

ပြောင်းလဲမှုက နည်းနည်းလေးပဲရှိတယ်လို့ဆိုရမယ်။ ကျွန်တော်မျိုးတို့ဆိုတာတွေ။ ကျွန်တော်မျိုးကြီး ဘယ်သူပါဆိုတာတွေပျောက်ခဲ့ပြီ။ တကယ်တော့ အခုကိစ္စက ရှေ့ မှာပြောခဲ့ကြသူတွေ များလှပါပြီ။ အထူးအဆန်းလဲမဟုတ်တော့ပါဘူး။ ဒါပေမယ့် ဘာကြောင့်ထပ်ပြောနေရသတုံး ဆိုရင်တော့ ဒီကိစ္စကြီး အဆုံးသတ်စေချင်လှလို့ပါပဲဗျာ။ တော်တော်မမိုက်တဲ့ ကိစ္စပဲ။ ကျွန်ဆိုတာလူဘ၀မှာ အနိမ့်ကျဆုံးအ ခြေအနေမဟုတ်လား။ ဘယ်သူမှ ကျွန်မဖြစ်ချင်ဘူးလေ။

ဒီနေ့ကမ္ဘာဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်မဟုတ်တော့ဘူးလို့ဆိုပေမဲ့ ကျွန်ဘ၀ရောက်နေသူတွေ အနည်းအကျဉ်းရှိနေတုန်း။ ကျွန်အဖြစ်ရောင်းအစားခံနေရသူတွေရှိနေတုန်း။ မြန်မာပြည်မှာ အိမ်ဖေါ်လို့ ခေါ်တဲ့သူတွေရှိနေတယ်။ သူတို့က ကျွန်မဟုတ်ကြပေမယ့်လည်း တော်တော်များများ ကျွန်လိုအဆက် အဆံခံနေတာရှိနေတုန်း။ တချို့ တိုင်းပြည်တွေမှာလည်း
ဒီအခြေအနေမျိုးရှိနေတုန်းပဲ။

ကမ္ဘာမှာက ကျွန်ဘ၀ကလွတ်အောင်၊ ကျွန်ခေတ်ကုန်အောင်၊ ကျွန်ဇတ်သိမ်းအောင် မရေမတွက် နိုင်တဲ့ အသက်တွေပေးပြီးပြောင်းလဲခဲ့ရတာ မဟုတ်လား။ ဘယ်လိုနည်းနဲ့မှ "ကျွန်"ဆိုတဲ့အသံမကြားချင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဆက်ပြီးကျွန်တော်တို့လုပ်နေကြတုန်း။ ဘယ်အထိ ဆက်ကြဦးမှာလဲ။ ဘာကြောင့်ဆက်သုံးဆွဲနေကြသလဲ။ ကောင်းတဲ့ အမွေအနှစ်မှ မဟုတ်ပဲ။ သမိုင်းဆိုးသမိုင်းညစ်တွေကို သိသိကြီးနဲ့ဆက်ပြီးသယ်ဆောင်နေတာ
ဟာ သမိုင်းတာဝန်မကျေတာပဲ။ မကောင်းတာတွေကို ထားခဲ့ကြဖို့ အချိန်တန်ယုံမက လွန်တောင်လွန်နေပြီ။

ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များက ဒီကိစ္စကိုဘာကြောင့်များ အကြာကြီးကြည့် နေရသလဲ။ ပြုပြင်ပြောင်းလဲလို့မရတဲ့ ကိစ္စမဟုတ်။ အင်မတန်ခက်ခဲလှတဲ့ ကိစ္စလည်းမဟုတ်။ ခေတ်ကြီး၊ စနစ်ကြီးကိုပြောင်းပစ်ရတာမှ မဟုတ်ပဲ။ သွေးထွက်သံယိုတော်လှန်ရေးမှ မဟုတ်ပဲ။
ဒီကိစ္စကြောင့် တောခိုရမယ်၊ ထောင်အနှစ် ခြောက်ဆယ်လောက်ကျရမယ်ဆိုတာမျိုးလည်း မဟုတ်နိုင်ပါဘူး။ ဒီမိုကရေစီရရှိရေးမှ မဟုတ်ပဲဗျာ။ ပြောင်းရင် ဖြစ်မယ်ထင်ပါတယ်။

ငယ်စဉ်အခါက။ လူကြီးတွေဆုံးမတဲ့အခါ “နင်” နဲ့ “ငါ” နဲ့ပြောရင်ရိုင်းသတဲ့။ ခင်ဗျား၊ ကျွန်တော်၊ ရှင်၊ ကျွန်မ ဆိုမှ ယဉ်ကျေးပါသတဲ့။ မိတ်ဆွေများခင်ဗျား။ ကျွန်တော်တို့ လူကြီးတွေကို ပြန်ဆုံးမဖို့ လိုပြီထင်ပါတယ်။

ကောင်းကင်ပြာ တောအုပ်

Monday, July 6, 2009

ရုပ်မြင်ထဲက သိပ္ပံ ၂

www.phdcomics.com တွင်ဖော်ပြခဲ့သော အောက်ပါ ကာတွန်းများသည် ထိမိပြီး ဟာသမြောက်သည့်အတွက် လောရှည် - ကတဲ့ပွဲ၏ စာဖတ်သူများအတွက် ကာတွန်းရေးဆွဲသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြပါသည်။

ပြန်ဖတ်ရန် ။ ။ ရုပ်မြင်ထဲက သိပ္ပံ

ပြီးပြီလို့ထင်တာ။ ကာတွန်းဆရာက နောက်ထပ် ၃ ကွက် ထပ်ဆွဲသဗျ။



"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com


"Piled Higher and Deeper" by Jorge Cham
www.phdcomics.com