ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Saturday, March 1, 2008

ငါတို့ကမ္ဘာ၊ သူတို့စစ်။

၂၀၀၈ ခုနှစ်ဆန်းမှာ ငါတို့ကမ္ဘာ၊ သူတို့စစ်ပွဲ လို့ ကြွေးကြော်ထားတဲ့ AVPR: Aliens vs Predator - Requiem (AVP2) နဲ့ ငါတို့ကမ္ဘာကို သူတို့စစ်တလင်းလုပ်အံ့လို့ ကြွေးကြော်လာတဲ့ ကိုရီးယားရုပ်ရှင် D-War: Dragon Wars ၂ ကားကို ကြည့်ဖြစ်ပါတယ်။ ညံ့ချက်ကတော့ ၂ ကားလုံး ကမ်းကုန်နေတာပဲ။ State-of-the-Art အထူးပြုလုပ်ချက်တွေ ရှိနေပေမဲ့လဲ ညံ့တဲ့ကားတွေ ထုတ်လုပ်နိုင်ပါတယ်လို့ သက်သေပြနေသလိုပါပဲ။ (နောက်တနည်းအနေနဲ့ နည်းပညာညံ့လို့ ညံ့နေရပါတယ်၊ နည်းပညာသာကောင်းကြည့် ကောင်းအောင် ရိုက်ပြမယ်ဆိုတဲ့ လူတွေ ဒီဇာတ်ကား ၂ ကားကို ကြည့်ပြီး နည်းပညာနဲ့ ရုပ်ရှင်ညံ့တာ ဘာမှမဆိုင်ကြောင်း သင်ခန်းစာယူသင့်ပါတယ်။)

ပထမ AVP မှာ Pace က သိပ်မြန်တယ် (လူတွေ အများကြီး ထည့်ထားပြီး ဖြည်းဖြည်းချင်း မသတ်ပဲ အပြုံလိုက် အပြုံလိုက် သတ်ပစ်လို့ ၃ ခါပဲ သေတာ ကြည့်ရတယ်) လို့ ကောင်းချီးပေး (ရွဲ့တာ) လို့ မဆုံးခင်မှာပဲ ဒုတိယကားဖြစ်တဲ့ AVPR မှာတော့ Pace (ဇာတ်ရှိန်) က မြန်လိုက်၊ နှေးလိုက်နဲ့ လူကို မူးနောက်နေအောင် လုပ်ပစ်လိုက်ပါတယ်။ High Concept Hollywood ဇာတ်ကားတွေကြားထဲမှာ မ High Concept ပဲ ရှေ့ကပြသွားတာ နောက်ကလိုက်ရှင်း၊ ဇာတ်ကောင်မိတ်ဆက်တွေ မသေမသပ်လုပ်၊ ကိုယ့်ဘာသာကိုယ် နားလည်အောင် လုပ်ကြည့်ရတာတွေနဲ့ပြသချိန်တွေကို ရုပ်ပျက်ဆင်းပျက် ဖြုန်းတီးအပြီးမှာ တတိယဇာတ်ကားကို ဆက်ချင်တဲ့ပုံစံနဲ့ Predator နည်းပညာကို လူသားတွေ ရရှိသွားကြောင်း ပြပြီး ပြီးသွားပါတယ်။ (Game ကို သစ္စာရှိတာလားတော့ မူလ Game ကို မကစားဖူးလို့ မသိပေမဲ့ Resident Evil နဲ့ ယှဉ်ရင်တောင် တော်တော်ညံ့တယ်ဆိုတာ ပေါ်လွင်နေပါတယ်။)

Alien Franchise တွေမှာ lone-survival သာကျန်တယ်ဆိုတဲ့ concept ကိုလဲ လူတွေအများကြီး အသက်ရှင်ကျန်ပြခြင်းဖြင့် ဖျက်ဆီးပစ်လိုက်ပါသေးတယ်။ မလိုအပ်တဲ့ ကြမ်းတမ်းမှုတွေ အလွန်အမင်းထည့်သုံးထားလို့လဲ လူကဲ့ရဲ့ချင်စရာ ဖြစ်နေပါတယ်။ (ပြကွက်တစ်ခုမှာ ကလေးကို ဗိုက်ဖောက်ပစ်လိုက်ပြီး နောက်ပြကွက်တစ်ခုမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ပါးစပ်ထဲကို Alien ဥဥချပစ်လိုက်တာတွေကို ထမင်းမစားချင်ဖွယ် တွေ့မြင်ရပါလိမ့်မယ်။) ရှေ့ရှေ့ကားတွေထဲက မသေခဲ့တဲ့ Predator ဇာတ်လိုက်ကျော်ကြီး Hunter လဲ အဏုမြူဗုံးဒဏ်နဲ့ မာလကကြွသွားတဲ့အတွက် ၀မ်းနည်းဖွယ်ပါပဲ။ ခြုံပြောရရင် ၁၀ မှတ်မှာ ၃ မှတ်တောင် ပေးဖို့မတန်လို့ ၂ မှတ်ပဲ ပေးသင့်တဲ့ ဇာတ်ကားပါပဲ။ (Franchise ၂ ခုကို အားနာသောအားဖြင့် ၂ မှတ်ပေးသည်။)

ကိုရီးယားက ဟောလီးဝုဒ်အဆင့်မီ ရုပ်ရှင်ဟဲ့ ဆိုပြီး ၀မ်းသာအားရကြည့်မိတာကတော့ D-Wars: Dragon Wars ပဲ ဖြစ်ပါတယ်။ ဝေဖန်ရေးတွေက ပက်ပက်စက်စက် ပြောထားကြတော့ ဟုတ်ပါ့မလားလို့ ထင်မိတာ ကြည့်မိတော့ ဒါထက်တောင်ပိုသေး ဖြစ်နေပါတယ်။ ဒီဇာတ်ကားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံလေးက ဒီလိုရယ်ပါ။ James Cameron ရဲ့မူလ Terminator က ဆာရာဆိုတဲ့ မိန်းကလေး (နာမည်ထည့်ပြောထားတယ်နော်) ကို သာမာန်လူသားတစ်ယောက်က သဘာဝလွန်အန္တရာယ်တွေကနေ ကာကွယ်ပေးတယ်ဆိုတဲ့ ကျောရိုးလေးကို ယူပါတယ်။ အရှေ့တိုင်း ပုံပြင်ဆန်ဆန် ဇာတ်ကောင် (နဂါးတွေ၊ မြွေတွေ၊ ဓားသမားတွေ) တွေ လျှောက်ထည့်ပါတယ်။ George Lucas ရဲ့ Naboo ဂြိုဟ်ပေါ်က Gungan စစ်တပ်ကြီးကို ဗီလိန်အတွက် ပေးလိုက်ပါတယ်။ အုံးကနဲ ဒိုင်းကနဲနဲ့ ရန်အပေါင်းက ကာကွယ်စေတဲ့ အဆောင်တစ်ခုကို မင်းသားအတွက် ပေးပါတယ်။ အထူးပြုလုပ်ချက်တွေ လုပ်ပေးတဲ့ အဖွဲ့က လက်စွမ်းပြချင်သေးတယ်ဆိုလို့ Independent Day, Godzilla နဲ့ Transformers တွေထဲက မြို့ပျက်ခန်းတွေ ပေါင်းထည့်ပါတယ်။ (ပရိသတ်မမြင်လိုက်ရမှာစိုးလို့ အမှန်အကန် လင်းလင်းချင်းချင်းမှာ ရိုက်ပြတယ်။) FBI က ပေါက်ကရလုပ်တယ်ဆိုတာကို (မလိုအပ်ပဲ အတင်း) ထည့်ပေါင်းပါသေးတယ်။ စတီဗင်စပီးလ်ဘတ်ဆန်ဆန် ဟာသလေးတွေလဲ ကြားညှပ်သေးရဲ့။ (ရယ်တော့ ရယ်ရသား။ ခိုးထားတာ ပေါ်လွင်နေတာကလွဲလို့။) နောက်ဆုံးခန်းအတွက်တော့ New Line Cinema ရဲ့ Mortal Kombat ဇာတ်ကားထဲမှ နဂါး ၂ ကောင် လုံးသတ်ခန်းကို အားဖြည့်ပါတယ်။ ပြီးပါပြီ။ သူ့ရဲ့ ကိုယ်ပိုင်ဖန်တီးမှု နတ္ထိပါ။

အနောက်တိုင်း ရုပ်ရှင် ဝေဖန်ရေးတွေကတော့ အားနည်းလွန်း (အမှန်က ၁၀ နှစ်သားကလေး ဇာတ်လမ်းတောင် သူ့ထက် ပိုကောင်းမယ်) တဲ့ သူ့ရဲ့ ဇာတ်လမ်းကို အဓိကထားဝေဖန်ကြပေမဲ့ အရှေ့တိုင်းမျက်စိနဲ့ကတော့ ဇာတ်လမ်းလေးက romantic ဖြစ်အောင် ကြိုးစားကြည့်လို့ရပါတယ်။ (ကြိုးစားကြည့်မှ ရမှာနော်၊ ဒီတိုင်းကြည့်လို့ကတော့ ဆဲခန်းပဲ) တိုတိုပြောရရင် စတေးခံရမဲ့ မင်းသမီးကို လွန်ခဲ့တဲ့နှစ် ၅၀၀ က (ချစ်လွန်းလို့) မစတေးခဲ့လို့ ဒီဘက်ခေတ်မှာ ဇာတ်လမ်းဖြစ်၊ နောက်ဆုံး စတေးလိုက်ရတယ် ဆိုတာပါပဲ။ (မင်းသမီးက ပြောသွားသေးတယ်၊ ငါမသေဘူး၊ ထာဝရအသက်ကို ရပြီ၊ ပြန်ဆုံမယ်တဲ့၊။ တောင်းပန်ပါတယ်။ ပြန်ဆုံတာကိုတော့ ငွေရောင်ပိတ်သားပေါ် မတင်ပါနဲ့တော့။) ဒီတစ်ကားလဲ မ High Concept ပါဘူး။ အဲ အဲ ကြည့်လို့ကတော့ အရမ်းလှပါတယ်။ ဒါကြောင့် သူ့ကို ၁၀ မှတ်မှာ ၃ မှတ်ပေးပါတယ်။ (၁ မှတ်က ပုံပြင်ရေးတဲ့ ကလေးလေးကို အားပေးဖို့၊ နောက် ၁ မှတ်က အထူးပြုလုပ်ချက် အဖွဲ့အတွက်၊ နောက် ၁ မှတ်က ကိုရီးယားကား ဖြစ်နေလို့။)

စာရှုသူတို့ကို အကြံပေးရလျှင်ဖြင့် AVPR ကို ၀ယ်ကြည့်ဖို့မပြောနဲ့၊ လက်ဆောင်အဖြစ် လာပေးသူကိုတောင် မိတ်ဆွေစာရင်းက ပယ်ဖျက်ပစ်ပါ။ D-Wars ကိုတော့ ၃ နှစ်သား ကလေးလေးတွေရှိရင် ကလေးထိန်းမရှိတဲ့အချိန် ဖွင့်ဖို့နဲ့ မြန်မာကားတွေညံ့လွန်းလို့ အသည်းကွဲရင် ဖွင့်ကြည့်ဖို့ ခိုးကူးဆိုင်ကနေ ၀ယ်သင့်ပါတယ်လို့ ... ။

Monday, February 25, 2008

အိပ်မက်ပျောက်ကြသူများ ၂

အိပ်မက်ပျောက်ကြသူများမှာ မသိနားမလည်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ မသေချာမှုရဲ့ တွန်းအား၊ အစဉ်အလာကို လိုက်နာလိုမှုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားများကြောင့် အိပ်မက်ပျောက်ကြရတဲ့အကြောင်းနဲ့ ပထမ ၂ မျိုးရဲ့ အကျိုးဆက်များကို အသေးစိတ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု စာတမ်းငယ်မှာတော့ နောက်ဆုံး အကြောင်းရင်းဖြစ်တဲ့ (အရေးအကြီးဆုံး အကျယ်ပြန့်ဆုံးဖြစ်တဲ့) ပတ်ဝန်းကျင်ရဲ့ ဖိအားများအကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ ဖိအားတွေထဲမှာ အရေးအပါဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံးကတော့ လူငယ်တစ်ယောက်ဟာ လုပ်ရိုးလုပ်စဉ် အစဉ်အလာ လမ်းရိုးကနေခွဲထွက်ပြီဆိုတာနဲ့ ၀ိုင်းကြည့် မေးငေါ့လေ့ရှိတဲ့ မဖြစ်နိုင်ပါဘူးဆိုတဲ့ အဆိုးမြင်မျက်လုံးတွေ ဖြစ်ပါတယ်။ သာဓကအနေနဲ့ သောမတ် အက်ဒီဆင်လို သိပ္ပံပညာရှင်/တီထွင်သူကြီး ဖြစ်ချင်တယ်လို့ စာရေးသူပြောခဲ့တုန်းက စာရေးသူရဲ့ ဖခင်က မွဲတေပြီး ဆင်းဆင်းရဲရဲ သေသွားကြရတဲ့ တာယာတီထွင်သူ ချားလ်စ်ဂွတ်ဒ်ယားရဲ့ အကြောင်းကို ပြောပြပါတယ်။ (စကားချပ်၊ စာရေးသူရဲ့ ဖခင်က မဖြစ်နိုင်ဘူး၊ မလုပ်နဲ့လို့ ပိတ်မပြောချင်လို့ ဖြစ်ပါတယ်။ အတော်အတန် လွတ်လပ် ခေတ်ဆန်တဲ့ စာရေးသူတို့ မိသားစုမှာတောင် ဒီလို အပြောခံရသေးရင် အလွန်တရာ တင်းကျပ်တဲ့ မိသားစုတွေမှာ ဘယ်လိုဖြစ်မလဲ စဉ်းစားကြည့်ပါ။)

စာရေးသူတို့ တိုင်းပြည်မှာ သိပ္ပံပညာရှင်/တီထွင်သူကြီး ဖြစ်ဖို့အတွက် အခြေခံအဆောက်အဦ အားနည်းတယ်ဆိုတာကို လက်ခံပါတယ်။ အားနည်းတယ်ဆိုပြီး တယောက်မှ အားကောင်းအောင် မလုပ်ကြရင် ဘယ်နေ့ဘယ်အချိန်ကျမှ အားကောင်းလာနိုင်မလဲဆိုတာကို ပြန်လှန်မေးခွန်းထုတ်ချင်ပါတယ်။ (ဘယ်တော့မှ အားကောင်းမလာနိုင်ပါဘူး။) အားနည်းတယ်၊ သို့သော် ငါတို့အားလုံး စုပေါင်းပြီး ဖြစ်ချင်တဲ့ လူငယ်တွေရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်အောင် တတ်စွမ်းသမျှ လုပ်ကြမယ်ဆိုတဲ့ လူစုနဲ့ အားနည်းတယ်၊ ဒါကြောင့် နင်တို့ မလုပ်ကြနဲ့ ဆိုတဲ့ လူစုနဲ့ ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ မှာ ဘယ်လို ဘယ်လို ကွာခြားသွားမယ်ဆိုတာ အခု လက်ရှိမျက်မြင်ပဲ ဖြစ်လို့ အကျယ်ချဲ့ ရှင်းပြနေဖို့တောင် မလိုပါဘူး။

အခြေခံအဆောက်အဦ သိပ်မြင့်မြင့်မားမား မလိုတဲ့ အိပ်မက်တွေအကြောင်း တလှည့်ပြန်ကြည့်ကြရအောင်။ သင်္ချာပညာရှင်ကြီး ဖြစ်ချင်တာ၊ တွေးခေါ်ပညာရှင်ကြီး ဖြစ်ချင်တာ၊ ကွန်ပျူတာ သိပ္ပံ (ကွန်ပျူတာ နည်းပညာမဟုတ်) မှာ ပါရဂူဖြစ်ချင်တာ၊ ဂရမ်မီဆုရတဲ့ အဆိုကျော်ကြီး ဖြစ်ချင်တာ၊ အော်စကာဆုရတဲ့ ဒါရိုက်တာကြီး ဖြစ်ချင်တာတွေဟာ အခြေခံ အဆောက်အဦ မလိုတဲ့ အိပ်မက်များပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအိပ်မက်တွေ အကောင်အထည်ဖော်ခွင့် ရကြပါရဲ့လား။ သင်္ချာပညာ၊ အတွေးအခေါ်ပညာတွေအတွက် လိုအပ်တဲ့ စာအုပ်စာတမ်းများစွာဟာ ၁၇ ရာစု၊ ၁၈ ရာစုကတည်းက ရေးသားခဲ့ပြီးသား၊ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနှင့်ပြီးသားဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းအနေနဲ့လဲ ခဲတံနဲ့ စာရွက်ပဲ လိုပါတယ်။ (ကွန်ပျူတာ သိပ္ပံ ထို့နည်းတူ) ဂရမ်မီရဖို့ ကြိုးစားရာမှာ (အဆိုရှင်အနေနဲ့) အသံကောင်းဖို့ပဲ လိုပါတယ်။ အော်စကာဆုရ ဒါရိုက်တာကြီးဖြစ်ဖို့လဲ သိပ်ကို ရှုပ်ထွေးတဲ့ ကိရိယာတွေ မလိုပါဘူးဆိုတာကို ရှင်ဒလာရဲ့ စာရင်း ဇာတ်ကားကို အဖြူအမဲပဲ သုံးကာ ၀န်ချီစက်သုံး ရိုက်ချက်တောင်မပါပဲ ရိုက်ကူးပြီး အော်စကာဆု ရရှိခဲ့တဲ့ စတီဗင်စပီးလ်ဘတ်က သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံက လူတွေမှာ (လူသိများခဲ့တဲ့ လူတစ်ယောက်ရဲ့ စကားလေးကို ငှားပြီးသုံးရရင်) "မြန်မာလူမျိုးရဲ့ ထူးခြားပြီး ချစ်စဖွယ်ကောင်းတဲ့ ဓလေ့စရိုက် လက္ခဏာ တစ်ခု" ဖြစ်တဲ့အားငယ်စိတ်တမျိုး ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ သူ(တို့)က တော်တာကိုး၊ ငါတို့ကမှ အဲဒီလောက်မတော်ပဲ ဆိုပြီး စစ်မရောက်ခင်က မြှားကုန်နေတဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ လုပ်တောင် မလုပ်ကြည့်ရသေးပဲနဲ့ မဖြစ်နိုင်ပါဘူးဆိုပြီး လက်လျှော့လိုက်တတ်တဲ့စိတ်နဲ့ ဆိုတော့ ဘာဆိုဘာမှ ဖြစ်မလာတာ သဘာဝပါပဲ။ ကိုယ့်ဘာသာကိုယ် ဖြစ်အောင် မလုပ်နိုင်တာနဲ့တောင် အားမရပဲ အခြားသူတွေရဲ့ အိပ်မက်တွေကိုပါ လှောင်ပြောင်ပြီး ဖျောက်ဖျက်ပစ်ဖို့လဲ ကြိုးစားကြပါသေးတယ်။ လူငယ်များအနေနဲ့ အသက်အရွယ် အတွေ့အကြုံပိုများတဲ့ လူကြီးသူမများထံ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ချဉ်းကပ်နည်းခံရာမှာ မဖြစ်နိုင်ပါဘူး အဓိပ္ပါယ်ရတဲ့ မျက်လုံးတွေ၊ အပြောအဆိုတွေ (တည့်တည့် သို့မဟုတ် သွယ်ဝိုက်၍)၊ ရွယ်တူတွေရဲ့ မလိုတမာ ပုံစံနဲ့ ပြောင်လှောင်ခံရမှုတွေကိုပဲ ရင်ဆိုင်ရရင် အိပ်မက်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ပါဦးမလား။

ဆိုလိုရင်းကတော့ (စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနဲ့ နည်းပညာ၊ အနုပညာ နယ်ပယ်များမှာ) ထူးချွန်ထက်မြက်တဲ့ ပညာရှင်ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ လူငယ်တွေရှိသော်လည်း သူတို့ဟာ သူတို့နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းပညာကို မကြား၊ မမြင်၊ မသိရှိအောင် ဖျောက်ဖျက်ထားခံရတတ်ပါတယ်။ သိရှိတဲ့ လူတွေရှိသော်လည်း သူတို့ရဲ့ အခက်အခဲတွေကို ဖေးမကူညီ ဖြည့်ဆည်းပေးမဲ့ ပညာရေးစနစ်နဲ့ ပတ်ဝန်းကျင် အသိုက်အ၀န်းအစား လှောင်ပြောင်တတ်တဲ့၊ ရှုပ်ချတတ်တဲ့ အသိုက်အ၀န်းကိုသာ ရရှိနိုင်ပါတယ်။ အဲဒီမှာ သူတို့ကိုယ်တိုင်ပါ မဖြစ်နိုင်ပါဘူးလို့ လက်လျှော့လိုက်ရပြီး (တိုက်ပွဲဝင် စိတ်ဓာတ်တွေ ကျဆုံးကုန်ရပြီး) လှောင်ပြောင်ရှုပ်ချတတ်တဲ့ အသိုက်အ၀န်းထဲကို အနှေးနဲ့အမြန် ကူးပြောင်း ရောက်ရှိသွားတတ်ကြပါတယ်။ ဒီကျိုးကြောင်းပြသချက်ဟာ ၁၉၈၀ နောက်ပိုင်း (အထူးသဖြင့် ၁၉၉၀ နောက်ပိုင်းမှာ) စံထားလောက်တဲ့ မြန်မာ သင်္ချာပညာရှင်၊ သိပ္ပံ သုတေသနသမား၊ အင်ဂျင်နီယာ၊ အနုပညာရှင်များ နည်းပါးသွားခြင်းရဲ့ အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် အိပ်မက်တွေ အများကြီးရှိတဲ့ထဲက အိပ်မက်တွေ မက်ခွင့်မရ၊ မက်တာတွေလဲ ပျောက်ဆုံး၊ မပျောက်ဆုံးတာတွေလဲ မနာလိုစိတ်နဲ့ ဖိနှိပ်ခံရနဲ့မို့ အကောင်အထည်ဖော်လို့ရကောင်းတဲ့ အိပ်မက် လက်တဆုပ်စာပဲ ကျန်တော့တဲ့ အခြေအနေမှန်ကို မြန်မြန်သုံးသပ်မိပြီး ပျောက်ဆုံးကုန်တဲ့ အိပ်မက်တွေ ပြန်လည် မက်ခွင့်ရစေဖို့ လုပ်ဆောင်ဖို့ အချိန်တန်နေပါပြီ။ အိပ်မက်ပျောက်တဲ့ ပြဿနာဟာ အကြောင်းရင်း တစ်ခုတည်းကြောင့် ပေါ်ပေါက်လာရတာ မဟုတ်တဲ့အတွက် မူလအကြောင်းရင်းတွေအားလုံးကို လျော့ပါးအောင် တပြိုင်နက် (သို့မဟုတ် တပြိုင်နက်နီးပါး) လုပ်ဆောင်ဖို့ လိုအပ်ကြောင်း စာရေးသူအနေနဲ့ ထောက်ပြ ဝေဖန်အကြံပြုလိုပါတယ်။ နောင်စာတမ်းငယ်များမှာ အကြောင်းရင်း တစ်ခုချင်းကို လျော့ပါးအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာကို သုံးသပ် အကြံပြုဖို့ ကြိုးစားပါမယ်ဆိုတာကို ရေးသားရင်း အိပ်မက်ပျောက်သူများ ၂ ကို နိဂုံးချုပ်အပ်ပါတယ်။ စာရှုသူမိတ်ဆွေများ ပျောက်ဆုံးနေတဲ့ အိပ်မက်များကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

Tuesday, January 29, 2008

ကြယ်ငါးကောက်သူရဲ့ လွမ်းချင်း

သတ္တိမရှိဘူး၊ အမှန်တရားနဲ့ အရှိတရားကို မရင်ဆိုင်ဝံ့ဘူးပဲ ပြောချင်ပြော၊ ကိုယ်ကတော့ ကြယ်ငါးအားလုံးကို ကိုယ်တိုင် ကောက်ချင်တယ်။ အောက်မှာကတော့ ဒီနေ့ရေးတဲ့ ကဗျာ။

ကြယ်ငါးကောက်သူရဲ့ လွမ်းချင်း

ကမ်းခြေက ကြယ်ငါး
သေသွားမှာ စိုးရိမ်လို့
ငါကောက်ခဲ့ ...

မှန်းလေရဲ့ ရင်ထဲ
နေမြဲစေ ရှင်သန်ခွင့်
ငါပေးချင်ခဲ့ ...

လွမ်းနေပြီး ကျန်ခဲ့
ငါမမြင်တဲ့ ကြယ်ငါးက

လမ်းမမြင် ပင်လယ်ထဲ
ငါကယ်တဲ့ ကြယ်ငါးကို

စကားနာထိုးလိမ့်မလား ...
အို ... မကယ်နိုင်ရင် မမြင်လို။

Thursday, January 24, 2008

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ

ဒါလေးက ဟိုအစောက ကဗျာရေးအပြီး နောက်တရက် (၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်) မှာ အိမ်ရှင်လင်မယား ရန်ဖြစ်နေကြလို့ အနေကျုံ့ရပုံလေးပါ။

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ

၂၁ ရာစုရဲ့ အိမ်ခန်းအတွင်း …
လျှာနဲ့ သွားရဲ့ စစ်တလင်း …
ငါ့ခန္ဓာ ကျည်မထွင်းအောင် …
ဘယ်လိုများနေရပါ့။

နောက်ဆုံးမှာတော့ …
ပန်းခြံထဲမှာ (စိတ်လွတ်လက်လွတ်)
လမ်းလျှောက်နေရ ။

ဟိုဘက်ကမ်းက အိပ်မက်များ

အခုတလော ဘလော့ဂ်မှာ ခံ့ခံ့ထည်ထည်စာတွေ မတင်ဖြစ်ပါဘူးလို့ သူငယ်ချင်းတွေကို ပြောဖြစ်တယ်။ ကဗျာတွေ၊ စာတိုပေစတွေ၊ အိယောင်ဝါးတွေပဲ များနေပါတယ်ဆိုမှ အရင်တုန်းက ရေးခဲ့တဲ့ ကဗျာလေးတွေကို ညီမလေးတစ်ယောက်က ပြန်ပို့ပေးလာတယ်။ ဖတ်ကြည့်ကြနော်။ ဒီတစ်ခုက ၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်နေ့က ရေးထားတာ။ (စင်ကာပူကို ရောက်တာ ၁ လကျော်ကျော်လောက် ရှိတုန်းကပေါ့)

ဟိုဘက်ကမ်းက အိပ်မက်များ

ငါ့ဘ၀ရဲ့ အတိတ်က …
နောင်ရိုးမြစ် တဘက်ကမ်းမှာ ကျန်ခဲ့ပြီ ။
အနာဂါတ်ရောင်နီ လင်းပါရဲ့ …
(ဒါပေမဲ့) … ဘယ်ဘက်က လင်းတာလဲ ။
အလင်းရောင်နဲ့ ငါနဲ့ကြား Graph ဆွဲကြည့်ရင်
Hamilton မျဉ်းကွေးမှ ဟုတ်ပါ့မလား။

အလင်းရောင်ကို ငါမြင်ရ
သွားရမဲ့လမ်းကိုလဲ သိနေမှတော့
တရက်ရက်တော့ ရောက်ရမှာပေါ့။