ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Sunday, May 11, 2008

ခေါက်ဆွဲခြောက်ထုပ်ထမ်းသော ၀န်ကြီးချုပ်နှင့် မြောင်းဆယ်သော မြို့တော်ဝန်

မဇ္ဈိမမှ ဆောင်းပါးရှင်/သတင်းထောက် အောင်သူငြိမ်းရေးသားသော မေလ ၁၁ ရက် ၂၀၀၈ ခုနှစ် ရက်စွဲတပ် သတင်းဆောင်းပါး - ကြိမ်မီးအုံး ပြည်သူများနှင့် ... - တွင် ဖော်ပြထားသည်မှာ ...

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင်က သူ့အလုပ်မဟုတ်။ ရဟတ်ယာဉ်အပေါ် ပစ္စည်း ထမ်းတင်နေပြန်သည်။ မြန်မာစစ်အစိုးရ အမြင်တိုပုံကို ကြည့်၍ မိမိ ဒေါသ ဖြစ်နေရသည်။ ...

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန် ဆောင်ရွက်ရန်မှာ နိုင်ငံတကာ အကူအညီများ ပိုမို များပြားစွာ ရရှိရေးပင် ဖြစ်ပါသည်။ ရဟတ်ယာဉ်ပေါ် ခေါက်ဆွဲခြောက်ထုတ် ထမ်းတင်နေရန် မဟုတ်ပါ။ မြန်မာပြည်သူများ ကပ်ဘေးဒဏ် သင့်ခံရသည့် အတွက် နိုင်ငံတကာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ညီလာခံတရပ် စည်းရုံး ခေါ်ဆိုနိုင်ရန်ပင် ဖြစ်ပါသည်။


စာရေးသူကတော့ ၂၀၀၆ ခုနှစ် ရန်ကုန်မြို့တွင် မိုးများ သည်းထန်စွာရွာသွန်းပြီး အချို့နေရာများတွင် ရေများ ပေါင်လည်အထိရောက်သည်အထိ ဖြစ်ပြီးခါစက မြောင်းဆယ်ရာတွင် ရန်ကုန်မြို့တော်ဝန်ကိုယ်တိုင် လိုက်လံ အနီးကပ်ကြီးကြပ်နေသည်ကို သတင်းမှာ ကြည့်ခဲ့ရသည်ကို သတိရမိပါသေးတော့သည်။

Friday, May 9, 2008

ဝက်ခြေထောက်ဟင်းအေး ချက်နည်း


အပေါ်ကပုံက အမေရေးပို့လာတဲ့ စာလေးက ဖြတ်ထားတာပါ။ ၀က်ခြေထောက်ဟင်းအေး (ဟင်းတုံ) လို့ခေါ်တဲ့ တုံတုံတုံတုံနဲ့ ရှမ်းဟင်းလေးကို အားလပ်ရက်မှာ ချက်စားလိုသူများအတွက် တင်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ။
ဝက်ခြေထောက် (ရှေ့လက်) ၁ ချောင်း၊
ဝက်ကြွက်သားလုံးသား ၁ လုံး၊
ခရမ်းသီး (လတ်လတ်) ၁ လုံး၊
ခရမ်းချဉ်သီး (အရွယ်တော်) ၂ လုံး၊
ဆား အနည်းငယ်၊
ပဲငံပြာရည် (ကျဲ) အနည်းငယ်၊
ခရမ်းချဉ်သီးဆော့စ် အနည်းငယ်၊
ကြက်သွန်ဖြူ ၁ လုံး၊
ကြက်သွန်နီ ၂ လုံး၊
ဆီ အနည်းငယ်၊

ပထမဆုံး ၀က်ခြေထောက်နဲ့ ကြွက်သားလုံးသားကို ဆားပါလေရုံ၊ ပဲငံပြာရည် တဇွန်းနဲ့ ရေခမ်းပြုတ်ပါ။ နူးအိပျော့ပြဲသွားတဲ့အထိ ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်နေတုန်းမှာ ကြက်သွန်ဖြူအခွံခွာ ဓားပြားရိုက်ထားပါ။ ကြက်သွန်နီကိုလဲ အခွံခွာ၊ လှီး၊ ခရမ်းချဉ်သီးကိုလဲ လှီး၊ ခရမ်းသီးကို အခွံခွာ (မှားရိုက်တာမဟုတ်ပါ၊ ခရမ်းသီးကို အခွံခွာရပါမယ်) အတုံးသေးသေးလေးတွေ လှီးထားပါ။

ဝက်သားတွေပျော့ပြဲသွားပြီဆိုရင် အရိုးနွှင်ပြီး သေးသေးလေးတွေ လှီးပါ။ ဆီအိုးတည်၊ ဆီပူရင် ကြက်သွန်ဖြူ/နီကို ဆီသတ် (ဆီထဲထည့်ကြော်ဟု ဆိုလိုသည်)၊ အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီးလှီးထားတာ အိုးထဲထည့်ပါ။ ခဏမွှေပေးရင် ခရမ်းချဉ်သီး အရည်ပျော်သွားပါလိမ့်မယ်။ ဆားထည့်ပါ။ ခရမ်းချဉ်သီးဆော့စ်ကိုလဲ ထည့်ပါ။ ရေနဲနဲနဲ့ ခရမ်းသီးလှီးထားတာပါထည့်ပါ။ ခဏလောက်ထပ်ကြာရင် ခရမ်းသီးက ပျော့လာပါလိမ့်မယ်။ အဲဒီအချိန်မှာ လှီးထားတဲ့ ၀က်ခြေထောက်တွေနဲ့ ၀က်သားတွေ ထည့်မွှေပါ။ ရေနည်းနည်းထပ်ထည့်ပါ။ အိုးကို မီးအေးအေးနဲ့ (မီးသိပ်မပြင်းစေပဲနဲ့) ထားပြီး အဆက်မပြတ်မွှေပေးပါ။

တဖြည်းဖြည်းပျစ်လာတာကို ခံစားရပါလိမ့်မယ်။ အတော်အတန်ပျစ်လာပြီဆိုရင် အိုးကို မီးပေါ်ကချ။ အအေးခံပါ။ အေးပြီဆိုမှ ခွက်လေးတွေထဲကိုထည့်၊ ရေခဲသေတ္တာအောက်ထပ် (အပေါ်ထပ်မဟုတ်ပါ၊ အေးတဲ့ဒေသမှာဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်စရာမလိုပဲ ဒီအတိုင်း စားပွဲပေါ် တင်ထားလဲ ရပါတယ်။ ခဲပါတယ်။) ထဲကို ထည့်။ ၃ နာရီလောက်ကြာပြီဆိုရင် စားလို့ရပါပြီ။ (နံနံပင်လေးတွေ လှီးပြီး ကပ်စားရင်ပိုကောင်းပါတယ်။ ထမင်း သို့မဟုတ် ပေါင်မုန့်နဲ့ စားနိုင်ပါတယ်။) အောက်မှာ ချက်ပြီးသားပုံလေးပါ။

Thursday, May 8, 2008

နည်းလမ်းစဉ် သရုပ်ခွဲပညာ မိတ်ဆက်

ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တက္ကသိုလ်တွေ ၊ သုတေသန ဌာနတွေနဲ့ ဓာတ်ခွဲခန်းအသီးသီးမှာ နည်းလမ်းစဉ် (Algorithm) တွေကို လေ့လာပြီး အသစ်တွေ့ရှိချက်တွေကို အပြေးအလွှား မှတ်ပုံတင် (Patent လုပ်) နေကြပါတယ် ။ နည်းလမ်းစဉ်ကို နည်းပညာ (Technology) တစ်ရပ်အဖြစ် သတ်မှတ်လာကြပြီး Google, Miscosoft နဲ့ Oracle စတဲ့ နည်းပညာ လုပ်ငန်းကြီးတွေက နည်းလမ်းစဉ် သုတေသနတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်လာတာကြောင့် နည်းလမ်းစဉ် သရုပ်ခွဲပညာ (Analysis of Algorithm) ရဲ့ အရေးပါမှုဟာ ကျယ်ပြန့်လာပါတယ် ။ ဒီစာတမ်းငယ်မှာ နည်းလမ်းစဉ် သရုပ်ခွဲပညာကို မိတ်ဆက်ပေးဖို့ အောက်ပါပုစ္ဆာလေးကို စဉ်းစားကြည့်ပါမယ် ။

ပုစ္ဆာ ။ ။ အပင်တစ်ပင် (Tree) တစ်ခုကို ပေးထားပါမယ် ။ အဆစ်တစ်ခု (Node) တစ်ခုမှာ ကိုင်းခွဲ (Edge) နှစ်ခု ရှိပါမယ် ။ ကပ်လျက် အဆစ် နှစ်ခုရဲ့ ဘယ်ကိုင်းခွဲနဲ့ ညာကိုင်းခွဲက အဆစ်တစ်ခုထဲမှာ သွားဆုံပါမယ် ။ အဆစ်တိုင်းမှာ တန်ဖိုးတစ်ခု တွဲလျက်ရှိပါမယ် ။ အမြစ် (Root) ကနေပြီး အရွက် (Leaf) တစ်ခုကို သွားဖို့ လမ်းတစ်ခုစီ (Path) ရဲ့ တန်ဖိုးကို လမ်းတလျှောက်က အဆစ်တွေရဲ့ တန်ဖိုးတွေပေါင်းလဒ်အဖြစ် အဓိပ္ပါယ်သတ်မှတ်ပါမယ် ။ အနက် - သို့မဟုတ် အမြင့် - (Depth) ၂ သို့မဟုတ် ၂ ထက်ပိုတဲ့ အပင်တွေမှာ အရွက်ပေါင်းများစွာ ရှိမှာဖြစ်ပြီး အရွက်တစ်ရွက်စီကို သွားဖို့ လမ်းကြောင်းကလဲ ၁ ခု သို့မဟုတ် ၁ ခုထက် ပိုမှာဖြစ်ပါတယ် ။ ပုံကို ကြည့်ပါ ။

ပုံမှာ အပေါ်က ပြောထားတဲ့ အပင်မျိုး တစ်ပင်ကို ပြထားပါတယ် ။ အဆစ်တွေနဲ့ အကိုင်းတွေကို စက်ဝိုင်းတွေနဲ့ မျဉ်းကြောင်းတွေနဲ့ ပြထားပါတယ် ။ မျဉ်းထူနဲ့ ပြထားတဲ့ လိုင်းကြောင်းက ဒီအပင်ရဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းပါ ။ အောက်က ၂၅ ဆိုတာက အဲဒီ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းရဲ့ တန်ဖိုးပါ ။ အဲဒီတန်ဖိုးကို တွက်ထုတ်တဲ့ ပုစ္ဆာကို စဉ်းစားကြည့်ရအောင် ။

ဒါမျိုးပုစ္ဆာအတွက်ဆိုရင် လူတော်တော်များများက လောဘကြီးတဲ့ချဉ်းးကပ်နည်း (Greedy approach) ကို စဉ်းစားမိတတ်ကြပါတယ် ။ ဒီပုစ္ဆာမှာတော့ လောဘကြီးတဲ့နည်းနဲ့ ချဉ်းကပ်လို့ မရပါဘူး ။ ဘာလို့လဲဆိုတော့ တတိယမြောက် အဆင့်မှာ ၇ တန်ဖိုးရှိတဲ့ အဆစ်ကနေ ၃ နဲ့ ၄ တန်ဖိုးရှိတဲ့ အဆစ်တွေကို ရွေးရာမှာ လောဘကြီးပြီး တန်ဖိုး ၄ ရှိတဲ့ အဆစ်ကို ရွေးလိုက်ရင် အောက်ဆုံး အဆင့်က တန်ဖိုး ၉ ရှိတဲ့ အဆစ်ကို လွတ်သွားမှာ ဖြစ်လို့ပါပဲ ။ (လောဘကြီးတဲ့ ချဉ်းကပ်နည်းနဲ့ စဉ်းစားလို့ရ ၊ မရကို သက်သေပြတာ ၊ စဉ်းစားလို့ ရအောင် ကြိုးစားကြတာဟာလဲ နည်းလမ်းစဉ် သရုပ်ခွဲပညာရဲ့ အကိုင်းအခက် တစ်ခုပဲ ဖြစ်ပါတယ် ။)

စာရေးသူ ၂၀၀၀ ခုနှစ်တုန်းက ဒီပုစ္ဆာကို ရှင်းဖို့ နည်းလမ်းစဉ် (Algorithm) တစ်ခုကို စဉ်းစားဖူးပါတယ် ။ အပင်ကို လှဲ၊ အဆစ်တွေကို အမှတ်စဉ်တပ်ပြီး အမှတ်စဉ်ရေတွက်သလို လမ်းကြောင်းတစ်ခုချင်း အပြန်ပြန်၊ အလှန်လှန် တွက်တဲ့ ပင်ပန်းတဲ့ (Exhaustive) နည်းနဲ့ပါ ။ အောက်ပါပုံမှာ ကြည့်ပါ ။

တွက်ပုံတွက်နည်းကတော့ လက်ရှိပေါင်းကြည့်မဲ့ လမ်းကြောင်းကို တနေရာမှာ သိမ်းထားပါတယ် ။ (၀ ကဘယ်ဘက် ၁ ကညာဘက်ပါ ။ C/C++ နဲ့ ဆိုရင်တော့ Integer variable တစ်ခုထဲကို ၁ ပေါင်း Shift operation တွေနဲ့ ရွှေ့ယူပြီး လမ်းကြောင်းကို တွက်ထုတ်လို့ရပေမဲ့ Pascal ရဲ့ ကန့်သတ်ချက်တွေကြောင့် တစ်ကြောင်း ၊ အဲဒီတုန်းက ငယ်သေးတာက တစ်ကြောင်းမို့လို့ ဒီ Permutation with repetition ကို ကိုယ့်ဘာသာကိုယ် ရေးပစ်လိုက်ပါတယ် ။ )

ဒီအပင်ကို တြိဂံပုံ မေးထရစ် မှာသိမ်းထားတယ်လို့ မြင်ရင် ပေါင်းရမဲ့တန်ဖိုး (အဆစ်) တွေရဲ့ တည်နေရာကို current_level တန်း၊ column_of_previous_level + path_value_of_current_level တိုင် မှာ ရှာတွေ့နိုင်ပါတယ် ။ အဲဒီအဆစ်တွေရဲ့ တန်ဖိုးတွေ ပေါင်းလိုက်ရင် လက်ရှိလမ်းကြောင်းရဲ့ တန်ဖိုးကို ရပါပြီ ။ ဒီတန်ဖိုးတွေကို အကြီးဆုံးကိန်းရှာတဲ့ နည်းလမ်းစဉ်ထဲ ထည့်လိုက်ရင် အကြီးဆုံးလမ်းကြောင်းတန်ဖိုးကို ရပြီပေါ့ ။ ဒါပေမဲ့ Borland’s Turbo Pascal 7.0 Compiler နဲ့ Compile လုပ်ထားတဲ့ ပရိုဂရမ်ကို Pentium MMX 166 MHz, 32 MB RAM ပါတဲ့စက်နဲ့ အနက် ၃၀ ရှိတဲ့ အပင်ကို မနက် ၁၀ နာရီကနေ စတွက်တာ ညနေ ၅ နာရီအထိ အဖြေမထွက်နိုင်သေးပဲ တွက်ကောင်းတုန်း ဖြစ်နေပါတယ် ။ (အခု Intel Core 2 Duo E6550 2.33GHz, 2 x 2MB L2 Cache, 1066 MHz FSB, 4 x 1GB DDR2 667MHz RAM နဲ့ တွက်ခိုင်းကြည့်တာ ၃၂ စက္ကန့်ကြာမြင့်ပါတယ် ။ )

ဘာမှားသွားလဲ အဖြေရှာမကြည့်ခင်မှာ ကျွန်တော့်ဆရာပေးတဲ့ နည်းလမ်းစဉ်က ၁ မိနစ်အတွင်း တွက်လို့ပြီးတယ်ဆိုတာကို ဖြည့်ပြောချင်ပါတယ် ။ သူသုံးတဲ့နည်းလမ်းကတော့ Recursive with table lookup လို့ခေါ်တဲ့ ပေါင်းစပ် အစီအစဉ်ဆွဲနည်း (Dynamic programming) ဖြစ်ပါတယ် ။ (ပေါင်းစပ်အစီအစဉ်ဆွဲနည်းဟာလဲ လောဘကြီးတဲ့ ချဉ်းကပ်နည်းလိုပဲ အရေးပါတဲ့ နည်းလမ်းတစ်ခုပါ ။ ) သူက အဖြေကို ဒီလို ပုံစံထုတ်ပါတယ် ။ အရွက်မဟုတ်တဲ့ အဆစ်တစ်ခု (အဆစ် ဆ) ကနေ အရွက်တွေဆီသွားတဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်းဟာ အဲဒီအဆစ်ရဲ့ ဘယ်ဘက် ညာဘက် အဆစ် (ဆ ရဲ့ ဘယ်ဘက် အဆစ် သို့မဟုတ် ညာဘက်အဆစ်) တွေကနေ အရွက်တွေဆီသွားတဲ့ တန်ဖိုးအမြင့်ဆုံး လမ်းကြောင်း ၂ ခုထဲက ပိုများတဲ့ လမ်းကြောင်းရဲ့ တန်ဖိုးကို အဲဒီ အဆစ် (ဆ) ရဲ့ တန်ဖိုး ပေါင်းထည့်ထားတာဖြစ်ပြီး အရွက်တွေရဲ့ အမြင့်ဆုံးလမ်းကြောင်း တန်ဖိုးကတော့ သူတို့ကိုယ်တိုင်ရဲ့ တန်ဖိုးပဲ ဖြစ်ပါတယ် ။

ဟိုး … စာဖတ်သူ … ဟိုး … ဒီအတိုင်း Recursive နဲ့ ရေးလိုက်တဲ့ အစီအစဉ် (program) ဟာလဲ အပေါ်က ပင်ပန်းတဲ့နည်းလိုပဲ နာရီပေါင်းများစွာ ကြာမြင့်သွားနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ အနက် ၂ မှာရှိတဲ့ အဆစ် ၀ နဲ့ အဆစ် ၁ တို့ရဲ့ အဖြေဟာ သူတို့ ၂ ခုရဲ့ ဘုံဆက်ခံသူ အနက် ၃ ၊ အဆစ် ၁ ရဲ့ အဖြေပေါ်မူတည်နေလို့ ဖြစ်ပါတယ် ။ တကယ်လို့သာ ရိုးရိုး Recursive နဲ့ ရေးလိုက်မယ်ဆိုရင် အဲဒီအဖြေကို ၂ ခါပြန်တွက်ရမှာ ဖြစ်ပါတယ် ။ အဲဒါကြောင့်မို့လို့ အဲဒီ အပင်နဲ့ အရွယ်အစားတူ အပင်တစ်ပင်ထပ်စိုက် … အဲ အဲ တည်ဆောက်ပြီး တွက်ပြီးသား ရလဒ်တွေကို သိမ်းထားပါမယ် ။ နောက်တခါ တွက်ဖို့ လိုအပ်လာတိုင်းမှာ အဲဒီရလဒ်တွေကို ပြန်ကြည့်ပြီး တွက်ပြီးသားဆိုရင် ဒီတိုင်းယူသုံးလိုက်မှ အဆင်ပြေပါလိမ့်မယ် ။

ပေါင်းစပ် အစီအစဉ်ဆွဲခြင်း စစ်စစ်ကတော့ အောက်ဆုံးအဆင့်ကနေ အထက်ကို ဖြည်းဖြည်းချင်း အဖြေတွက်လာတဲ့ နည်းဖြစ်ပြီး ခုနက နည်းထက် နည်းနည်းပိုမြန်းပါတယ် ။ ဘာလို့လဲဆိုတော့ မှီချက်တွေကို ခေါ်တဲ့အခါ (Function calls) ၀န်ပို (Overhead) နည်းနည်း ရှိတတ်လို့ ဖြစ်ပါတယ် ။ (အခု Intel Core 2 Duo E6550 2.33GHz, 2 x 2MB L2 Cache, 1066 MHz FSB, 4 x 1GB DDR2 667MHz RAM နဲ့ တွက်ကြည့်တာ ၂ နည်းစလုံး ၁ စက္ကန့်အောက်သာကြာမြင့်ပါတယ် ။ )

နည်းလမ်းစဉ် သရုပ်ခွဲပညာမှာ အရေးပါတဲ့ အစိတ်အပိုင်း ၃ ခုရှိပါတယ် ။ ပထမတစ်ခုက နည်းလမ်းစဉ်ရဲ့ မှန်ကန်မှု (Correctness of the Algorithm) ဖြစ်ပါတယ် ။ အပေါ်က ဥပမာမှာ နည်းလမ်းစဉ်အားလုံး မှန်ကန်ကြပါတယ် ။ ဒုတိယတစ်ခုက အချိန်ကြာမြင့်မှု (Time Complexity) ဖြစ်ပြီး နောက်ဆုံးတစ်ခုက သိမ်းဆည်းမှု လိုအပ်ချက် (Space Complexity) ဖြစ်ပါတယ် ။ ပင်ပန်းတဲ့နည်းက အချိန်ပိုကြာပေမဲ့ သိမ်းဆည်းမှု လိုအပ်ချက် နိမ့်ပါတယ် ။ အဖြေတွေကို ပေါင်းစပ်တဲ့နည်းက အချိန်မကြာပေမဲ့ သိမ်းဆည်းမှု လိုအပ်ချက် မြင့်တယ်လို့ ကောက်ချက်ချနိုင်ပါတယ် ။ ပုစ္ဆာတစ်ရပ်အတွက် နည်းလမ်းစဉ်အမျိုးမျိုး ရှိနေတတ်တာမို့ နည်းလမ်းစဉ် သရုပ်ခွဲပညာကို ဒီလိုလေ့လာမှုမျိုးလုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်လို့ တင်ပြရင်း မိတ်ဆက်စာတမ်းငယ်ကို နိဂုံးချုပ်အပ်ပါတယ် ။ ယခုလက်ရှိမှာတော့ ကွန်ပျူတာသိပ္ပံမှ ပြဿနာများ စာတမ်းကို ရွှေပွဲလာများ ဖတ်ရှုဖို့ ရေးသားနေပါတယ်ခင်ဗျာ ။

စာရေးသူရေးစမ်းထားတဲ့ အစီအစဉ်တွေကို ဒီနေရာမှာ ရယူနိုင်ပါတယ်။

Wednesday, May 7, 2008

မြန်မာ့နည်း မြန်မာ့ဟန်ကို ကန့်ကွက်ရှုံ့ချခြင်း

စင်ကာပူ အခြေစိုက် Free Myanmar VCD နှင့် အမေရိကန် ပြည်ထောင်စု အခြေစိုက် Burmese Classics တို့ ဘာဖြစ်ကြသည် ၊ ဘယ်လို ပြဿနာ တက်ကြသည် အသေးစိတ်နှင့် ဖြစ်ရပ်မှန်ကို လောရှည် - ကတဲ့ပွဲ မှ မသိရှိပါ ။ သို့ရာတွင် www.youtube.com တွင် တွေ့လိုက်ရသော မျိုးအောင်၏ ရုပ်သံပါ မြန်မာ့နည်း မြန်မာ့ဟန် အပါအ၀င် အသုံးအနှုန်း အပြောအဆိုများကို အောက်ပါအကြောင်းရင်းများကြောင့် လောရှည် - ကတဲ့ပွဲမှ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချပါသည် ။

၁ ။ လူဆိုးဂိုဏ်းဆန်ဆန် ချက်လက်မှတ်ပြ၍ ဆုငွေထုတ်သည့် သဘော ပြောဆိုခြင်း ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ စင်ကာပူနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီး၏ တည်ဆဲဥပဒေများဖြင့် ရာဇ၀တ်မှုကြောင်း ၊ တရားမမှုကြောင်းတို့ဖြင့် တရားစွဲဆို အရေးယူနိုင်သော (တရားဥပဒေပြင်ပဖြစ်သော) ၄င်း ပြောဆိုပုံကို မြန်မာ့နည်း မြန်မာ့ဟန်ဟု အမွှန်းတင်ခြင်းဖြင့် မြန်မာစကားပြောသူတိုင်း ၊ မြန်မာပြည်တွင်နေထိုင်ဖူးသူတိုင်းနှင့် မြန်မာနိုင်ငံသားတိုင်း၏ ဂုဏ်ကျက်သရေကို ညိုးနွမ်းစေခြင်း ။

၂ ။ အမေရိကန် အလံထောင်ထားသော ဘယ်ကမှန်းမသိသည့် အဆောက်အဦကို ၄င်းနေထိုင်သည့် အိမ်ဖြစ်ဟန် ပြောဆိုခြင်း ၊ ကြွားဝါခြင်းနှင့် မြို့ပြနိုင်ငံ (City State) သို့မဟုတ် မြို့ကြီးပြကြီး (Mega City) နှင့် ကျယ်ဝန်းလှသော အမေရိကန် ပြည်ထောင်စုအတွင်းရှိ ပြည်နယ်မြို့ငယ်များ အိမ်ယာမြေဈေး ကွာဟမှုကို မသိကျိုးကျွန်ပြုကာ စင်ကာပူ ၊ ဂျပန် ၊ နယူးယောက်အစရှိသော အိမ်ယာမြေဈေးကြီးမြင့်သည့် မြို့ပြများတွင် ဘ၀ကို ရုန်းကန်ခါစ လူငယ်များ၏ စိတ်ဓာတ်ကို ရိုက်ချိုးခြင်း/စိတ်ဓာတ်ကျအောင် ပြုမူပြောဆိုခြင်း ။

Sunday, April 13, 2008

သေခြင်း

လူတော်တော်များများက သေတာကို မေ့နေကြတယ် ။ ကိုယ့်ဘေးက ကိုယ့်သူငယ်ချင်း ဆွေမျိုးသားချင်းတွေ ကြွေလွင့်သွားရင်တောင်မှ အသုဘ လိုက်ပို့ရင်တောင်မှ သေတာနဲ့ ကိုယ်နဲ့မဆိုင်သလို ၊ လားလားမှ မအပ်စပ်သလို လိုက်ပို့ကြတယ် ။ သြော် အပြန်လမ်းမှာတောင် တချို့ တဟီးဟီး၊ တဟားဟား လုပ်တတ်ကြသေးရဲ့ ။

ထူးမြတ်က tag လိုက်လို့ ဒီပိုစ့်ကို ရေးဖြစ်တာ ဆိုပေမဲ့ သေသေချာချာ ရေးပါမယ်လို့ စဉ်းစားထားတယ် ။ ဒီနေ့တော့ နည်းနည်း စိတ်ပါနေလို့ ရေးဖြစ်ပါတယ် ။ ဒါပေမဲ့ ဘယ်လို သေရမယ် စိတ်ကူးယဉ်ကြည့်လို့ မရသေးဘူး ။ ငယ်ငယ်တုန်းကတော့ သူဌေးကြီးဖြစ်ချင်တာနဲ့ ၊ အင်ဂျင်နီယာကြီးဖြစ်ပြီး ဘယ်လို ယာဉ်ကြီးကို တီထွင်တာနဲ့ ၊ သိပ္ပံပညာရှင်ကြီးဖြစ်ပြီး ဓာတ်ခွဲခန်းထဲမှာ ဘယ်လို စမ်းချင်တာနဲ့ စိတ်ရှိတိုင်း စိတ်ကူးယဉ်ပေမဲ့ သေတာကို တခါမှ စိတ်ကူးမယဉ်ဖူးဘူး ။

တွေ့ဖူးတဲ့ ရုပ်ရှင်ထဲက သေတဲ့ ပုံစံတွေ စဉ်းစားကြည့်မိတယ် ။ A Walk to Remember ထဲမှာက မင်းသမီးက သူချစ်တဲ့ မင်းသားနဲ့ အတူအဖော်လုပ်ရင်း အသက်ထွက်သွားတယ် ။ Independent Day ထဲမှာ ဇိုးသမားတစ်ယောက်က သူ့မိန်းမနဲ့ ကလေးတွေ ဓာတ်ပုံကို ကြည့်ရင်း ပုဂံပြားပျံကို ဖင်ဝင်ဆောင့် ... အဲ အဲ ... ပုဂံပြားပျံထဲက Energy Source ကို လေယာဉ်ပျံနဲ့ ထိုးဝင်ဖောက်ခွဲပစ်လိုက်တယ် ။ I, Robot ထဲမှာ ဥာဏ်ရည်တုဆိုင်ရာ သိပ္ပံပညာရှင်ကြီးက တိုက်ပေါ်က ခုန်ချပြီး အရေးတကြီး ကိစ္စတစ်ရပ်ပေါ်နေပြီဖြစ်ကြောင်း မင်းသားကို အသိပေးလိုက်တယ် ။ The Day after Tomorrow ထဲမှာ ၊ Vertical Limit ထဲမှာ သရုပ်ဆောင်တွေ သူငယ်ချင်း တောင်တက်ဖော်တွေအတွက် ကိုယ့်ကြိုးကိုယ် ဖြတ်ချကြတယ် ။ စာရေးသူကရော ဘယ်လို သေမှာလဲ ။

စိတ်ကူးယဉ်တာပဲဟာ ၊ ဖြစ်ချင်တာဖြစ် စိတ်ကူးပစ်လိုက်မယ်ဗျာ ။ ကဲ ကဲ ... စ ပါ ပြီ ။

Princeton ရဲ့ နွေဦးမနက်ခင်း ... ရာသီဥတုက အရမ်းကို သာယာတယ် ။ ကိုလိုနီခေတ်ပုံစံ သိပ်မဆန်တဲ့ ၁၉ ရာစုကတည်းက ဆောက်ထားတဲ့ အိမ်အိုကလေးက ဆေးသုတ်မှန်မှန်သုတ်ပေးတာကြောင့် အရောင်က လွင်နေတုန်းပဲ ။ အိပ်ရေးပျက်နေတဲ့ မျက်နှာနဲ့ အရပ်ရှည်ရှည် အဘိုးကြီးတစ်ယောက် အိမ်ထဲက စာရွက်တွေနဲ့ ချောင်းတဟွပ်ဟွပ်ဆိုးရင်း ပြေးထွက်လာတယ် ။ ကားနားကိုရောက်မှ ပြန်သတိရပြီး အိမ်ဘက်ကိုပြန်ပြေး စာရွက်တစ်ရွက် ပြန်ယူတယ် ။ ပြန်အထွက်မှာ သူနဲ့ ရွယ်တူလောက်ရှိတဲ့ အဘွားကြီးတစ်ယောက်ကိုလဲ အနမ်းလေး ပေးခဲ့သေးတယ် ။

ကားစက်နှိုးတော့ ကားက လွယ်လွယ်ပဲ နှိုးသွားတယ် ။ ဆောင်းတွင်းဆိုရင်တော့ နှိုးရခက်ပေမဲ့ အခုတော့ ဆောင်းကုန်ပြီလေ ။ ငှက်ကလေး ၂ ကောင်၊ ၃ ကောင်လဲ ကားစက်ဖုံးပေါ် နားနေရာကနေ လန့်ပြီးပျံပြေးသွားတယ် ။ ချောင်းဆိုးပြန်တယ် ။ အင်း ... ညကျရင် ဆေးသောက်ပြီးမှ အိပ်ရမယ်လို့ စိတ်ကူးရင်း ကားကို မောင်းထွက်လိုက်တယ် ။

Princeton တက္ကသိုလ်ရဲ့ တစ်ခုသော ခန်းမမှာ သင်္ချာပညာရှင်တွေ (အသုံးချ၊ အင်ဂျင်နီယာဆိုင်ရာ၊ သီဝရီဆိုင်ရာ) နဲ့ ကွန်ပျူတာ သိပ္ပံ ပညာရှင်တွေ (အချက်အလက်အခြေ ၊ ဘာသာစကား ၊ တွက်ချက်ခြင်းဆိုင်ရာ သီဝရီ ၊ Algorithm ၊ ဥာဏ်ရည်တု ... အို ... အစုံပဲ) လည်ပင်းတဆန့်ဆန့် ၊ ခေါင်းတမော့မော့နဲ့ အမျှော်ကြီး မျှော်နေကြတယ် ။ သူတို့အချင်းချင်းလဲ ဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး ငြင်းခုန်နေကြသေးတယ် ။ တချို့ကတော့ ဒီနေ့ ဟောပြောပွဲက ပြန်သွားရင် ဆက်ရှင်းရမဲ့ ၊ ဆက်လုပ်ရမဲ့ ပြဿနာတွေကို တိုးတိုးတိတ်တိတ် စဉ်းစားနေကြတယ် ။

ခဏအကြာမှာ သူတို့ နည်းနည်း လှုပ်လှုပ်ရွရွ ဖြစ်သွားတယ် ။ တချို့က ထိုင်နေရာကနေ ထကြည့်ကြတယ် ။ ထကြည့်သူတချို့ကလဲ အယောင်ယောင်အမှားမှားနဲ့ တံခါးပေါက်ဝဖက်ကို လျှောက်သွားကြတယ် ။ တချို့ကတော့ ထိုင်နေရာကပဲ လှည့်ကြည့်ကြတယ် ။ တချို့ကတော့ အေးအေးဆေးဆေးပါပဲ ... Clay Mathematical Institute က တာဝန်ရှိပုဂ္ဂိုလ်တွေ ရောက်လာတာလေ လို့လဲ ပြောသံကြားလိုက်ရတယ် ။

အရပ်ရှည်ရှည်နဲ့လူက ကားမောင်းလာတာမှာ တလမ်းလုံး ချောင်းတွေဆိုးလာတယ် ။ နောက်တော့ ချောင်းဆိုးရုံတင်မကဘူး ရင်ဘတ်ထဲကပါ အောင့်လာတယ် ။ ဒါပေမဲ့ သူ့ကို တလောကလုံးက မျှော်လင့်နေကြသလိုပဲ ကားကို မရပ်မနား မောင်းလာတယ် ။ ဒီနေ့မှ ရာသီဥတုကလဲ သာယာလိုက်တာ ။ ညနေကျရင် လျှောက်လည်မှပဲလို့ သူတွေးလိုက်သေးတယ် ။ အတွေးမဆုံးခင်မှာပဲ ရင်ဘတ်က အောင့်လာပြန်တယ် ။ မနေ့ညက ညနက်လို့ ဖြစ်မယ် ။ အသက်လဲ ကြီးပြီ ... ဒီနေ့ပြီးရင် အငြိမ်းစားယူတော့မှပဲလို့လဲ တွေးမိသေးတယ် ။ အမှန်ဆို သူအငြိမ်းစားယူသင့်တာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကတည်းက ။

တက္ကသိုလ်ဝင်းထဲရောက်တော့ ခေါင်းက မိုက်ကနဲ ဖြစ်သွားတယ် ။ ဒါပေမဲ့ ကိစ္စမရှိလောက်ပါဘူးဆိုပြီး စာရွက်တွေယူပြီး ခန်းမဆီကို သုတ်သုတ်လျှောက်တယ် ။ လျှောက်ရင်းမောလာတော့ ရင်ဘတ်က ပိုအောင့်လာသလိုပဲ ။ အဲဒါနဲ့ ခဏနားတယ် ။ ဒါလဲ မသက်သာဘူး ။ သူမေ့လဲသွားတယ် ။

တခန်းမလုံးလဲ ဆူညံနေပြီ ။ ဖြီးတာပါကွာဆိုတဲ့ အသံကို ခပ်ငယ်ငယ် ခပ်စွာစွာ ဘွဲ့လွန်ကျောင်းသား တစ်ယောက်ဆီက စကြားရတယ် ။ မဖြစ်နိုင်ပါဘူးဆိုတဲ့ အသံတွေ ပိုဆူညံလာတယ် ။ မစောင့်နိုင်သူတချို့ ခန်းမကို စွန့်ခွာစ ပြုပြီ ။ စောစောက ရုပ်ရုပ်သဲသဲ ကြားထဲက ရောက်လာတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေလဲ နာရီကို ကြည့်ကုန်ကြပြီ ။ တချို့ ကျောင်းသား ကျောင်းသူတချို့က အပြင်ထွက်ပြီး မျှော်တယ် ။ ခန်းမထဲမှာ လူတွေ တဖြည်းဖြည်း လျော့လာတယ် ။ အဲဒီမှာ ...

လူတစ်ယောက် ပြေးဝင်လာတယ် ။ စိတ်အားထက်သန်စွာနဲ့ ထကြည့်ကြတဲ့ လူတချို့ရဲ့ မျက်နှာမှာ စိတ်ပျက်အားလျော့ခြင်း အရောင်တွေ လွှားကနဲ ပြေးသွားတယ် ။ ပြေးလာသူကပြောတယ် ပါမောက္ခကို နှလုံးရောဂါနဲ့ Princeton ဆေးရုံကို တင်ပို့လိုက်ရလို့ ဒီနေ့ ဟောပြောပွဲ ဖျက်လိုက်ကြောင်း ပြောတယ် ။ သူ့မျက်နှာမှာလဲ ချွေးသီးချွေးပေါက်တွေနဲ့ ။ ဘယ်မှာလဲ ၊ ဘယ်လို ဖြစ်တာလဲ စတဲ့ ဘကုန်းမေးခွန်းတွေ ပြောင်းဆန်သွားတယ် ။ နောက်ဆုံးကျတော့ သူလဲကျသွားတယ်ဆိုတဲ့ နေရာကို အမောတကော ပြေးကြတယ် ။

ပြေးပေမဲ့လဲ နောက်ကျသွားပြီ ။ မြက်ခင်းကို ရေဖြန်းတဲ့ ရေပန်းတန်ခိုးနဲ့ ရေစိုနေတဲ့ စာရွက်တွေကို အမှိုက်သိမ်းတဲ့ စည်ပင်ဝန်ထမ်းက တံမြက်စည်းလှည်းနေတယ် ။ ရေစိုနေတော့ စာရွက်တွေက ချက်ချင်းပါမလာဘူး ၊ တချို့လဲ စုတ်ပြဲကုန်တယ် ။ တချို့ကတော့ လေလွင့်ပြီး အနီးက ရေကန်ထဲကို ကျကုန်တယ် ။ ပြေးလာတဲ့ လူအုပ်ကို မြင်တော့ စည်ပင်ဝန်ထမ်းလန့်သွားတယ် ။ ဟိုလူအုပ်ကြီးကလဲ သူ့ကို လက်ညိုးထိုးပြီး အမျိုးစုံ အော်ဟစ်လာတာကိုး ။ လန့်သွားတော့ အမှိုက်တွေမသိမ်းလို့ ဆူတော့မယ်ထင်ပြီး မြန်မြန်လှဲတယ် ။ သူကလှဲလေ ၊ ဟိုလူအုပ်ကြီးက အော်လေ ။

နောက်ဆုံးတော့ ရေကန်ထဲကျသွားတဲ့ စာရွက်ပိုင်းတွေ ရသလောက်ကို လူအုပ်ကြီးထဲက ခပ်ငယ်ငယ် ဘွဲ့လွန်ကျောင်းသား တစ်ယောက်က ဆင်းဆယ်ပါတယ် ။ ကျောင်းသူတချို့ကလဲ အမှိုက်ပုံးထဲ နှိုက်ပြီးတော့ စာရွက်တွေ ပြန်ရလိုရငြား ကြိုးပမ်းကြတယ် ။ လေလွင့်နေတဲ့ စာရွက်တွေကို ခေါင်းပြောင်နေတဲ့ လူကြီးက လိုက်ဖမ်းနေတယ် ။ သူတို့အားလုံး ရတာတွေ စုကြည့်တော့လဲ ၃၊ ၄ ပိုင်းရယ် ။ အဆက်အစပ်က မရှိ ။ အားလုံးရဲ့ စိတ်ပျက် ၊ အားလျော့ ၊ ဒေါကန်နေတဲ့ မျက်နှာကိုကြည့်ပြီး စည်ပင်ဝန်ထမ်းရဲ့ မျက်နှာက ဇီးရွက်ပဲ ရှိတော့တယ် ။

ရလာတဲ့ စာရွက်တွေကို ဆက်ကြည့်တော့ စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာက ၃ ပိုင်းဖြစ်နေတယ် ။ ဘာများရေးထားမလဲလို့ သိချင်ကြတော့ လူကြီးတစ်ယောက်က ဖတ်ပြတယ် ။ ..... and that explains the last anomaly and prove P = NP problem. အားလုံးပဲ တယောက်မျက်နှာ တယောက်ကြည့်ကြပြန်တယ် ။ အဲဒီလူကြီးက ဆက်ဖတ်တယ် ။ Electronic copy of this paper is available at http://lawshay.blogspot.com တဲ့ ။ အားလုံးပဲ မျက်နှာတွေ ၀င်းသွားပြီးတော့ ရေစိုနေတဲ့ မြက်ခင်းပေါ်မှာတင်ထိုင်ပြီးတော့ သူတို့ရဲ့ လက်ဆွဲကွန်ပျူတာတွေကို ဖွင့်ကြတယ် ။ တချို့ကလဲ ကွန်ပျူတာခန်းမ ရှိရာကို ပြေးကြတယ် ။

နောက်တနေ့မနက်မှာ လောရှည်ကို Princeton ဆေးရုံက နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါပြီလို့ ကြေငြာပါတယ် ။ ၃၇ ရက်တိတိ ၀ိုင်းဝန်း စစ်ဆေးကြပြီးတဲ့နောက် Clay Mathematical Institute က လောရှည်ရဲ့ အမွေခံတွေကို ဒေါ်လာ တစ်သန်း ချီးမြှင့်ပါတယ် ။ နောက် ၆ လအကြာမှာ Google က http://lawshay.blogspot.com ကို လာရောက် ကြည့်ရှုသူ များပြားတဲ့အတွက် သီးသန့်ဆာဗာတလုံးကို ရွှေ့ပြောင်းလိုက်ပါတယ် ။ အဲဒီနှစ်အတွက် Alan Turing Award ကို အရှေ့တောင်အာရှက ပညာရှင်တစ်ယောက်က ပထမဆုံးအကြိမ် ဆွတ်ခူးရရှိပါတယ် ။

စိတ်ကူးက စိတ်ကူးပဲ ။ အခုအတိုင်းဆိုရင်တော့ ဆေးရုံမှာ ပိုက်တန်းလန်းနဲ့ သေဖို့ကတော့ အခွင့်အလန်း အများဆုံးပဲ ။ ဇနီးရယ် သားသမီးတွေရယ်၊ သားမက်တွေ ချွေးမတွေရယ် မြေးတွေရယ် တပြုံတပင် ၀ိုင်းရံနေ၊မနေကတော့ မသေချာဘူး ။ အိမ်ထောင်ကလဲ ကျဦးမှ ။ ကျတာတောင် သားသမီးတွေ ထွန်းကားဦးမှ ။ ထွန်းကားတာတောင် ကိုယ်သေတဲ့အချိန်မှာ သူတို့က အိမ်ထောင်ပြုကြဦးမှ ။ ပြုကြတာတောင် သားသမီးတွေ ထွန်းကားလာဦးမှ ။

ဒီပို့စ်ကို ဖတ်မိတဲ့လူတိုင်းကို ပြန် tag ပါတယ် ။ ရေးပေးကြပါ ။ ဘလော့ဂ်မရှိလဲ ဘလော့ဂ်တစ်ခု အသစ်ယူပြီး ရေးကြပါ ။ ဟုတ်ဘူးလား ။ ဆေးရုံမှာ အခန်းကပ်ရပ်လဲ ဖြစ်ချင်ဖြစ်နေမှာ ။