ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Tuesday, June 19, 2012

မူလလက်ဟောင်း ... ငါတော့မေ့လို့မရနိုင်ဘူး။

မူလလက်ဟောင်း Angry Bird ကို ယနေ့အထိ ကျွန်တော်တို့ မေ့မရနိုင်သေးပါ။

ပုံကို www.themetapicture.com မှ ကူးယူဖော်ပြပါသည်။

Tuesday, June 12, 2012

ဘဲနှုတ်ခမ်းနဲ့ မမလေးများ သတိထား

ဘဲနှုတ်သီးလို နှုတ်ခမ်းစူပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Facebook မှာ တင်တတ်သူ မမလေးများ ဘဲပစ်ရာသီရောက်ပြီဆိုပြီး အပစ်ခံရမှာ သတိထားကြနော။

Warner Brothers က Looney Toons တွေထဲမှာ ဘဲပစ်ရာသီ၊ ယုန်ပစ်ရာသီဆိုပြီး အမဲလိုက်သမားရှေ့မှာ ယုန်နဲ့ ဘဲနဲ့ ဝိုင်းငြင်းကြတဲ့ ကာတွန်းဟာ အင်မတန် နာမည်ကြီးပါတယ်။


ဝင်းဒိုးပဲ သုံးတာရှင့်

ကွန်ပျူတာ ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှုဌာနတွင် တယ်လီဖုန်း မြည်လာသည်။

ကွန်ပျူတာ ဝန်ထမ်း။ ။ ဟုတ်ကဲ့၊ ကွန်ပျူတာဌာနကပါ။ 

ဖုန်းခေါ်လာသူ စာရင်းကိုင် ဝန်ထမ်း။ ။ ကျွန်မ ကွန်ပျူတာ အင်တာနက်သုံးမရတော့လို့ပါ။ 

ကွန်ပျူတာ/ထမ်း။ ။ စက်ပိတ်ပြီး ပြန်ဖွင့်ကြည့်ပါလား။ 

စာရင်းကိုင်/ထမ်း။ ။ မရဘူးရှင့်။ 

ကွန်ပျူတာ/ထမ်း။ ။ အစ်မစက်ရဲ့ MAC Address လေးတချက်လောက် ပြောပြပါလား။ 

စာရင်းကိုင်/ထမ်း။ ။ ကျွန်မတို့ ဌာနမှာ ၀င်းဒိုးပဲ သုံးတာပါရှင့်။ ပန်းသီး ကွန်ပျူတာ မသုံးပါဘူး။ ရှင် ကွန်ပျူတာဌာနမှာ အလုပ်လုပ်နေပြီး ဒါလေးတောင် မသိဘူးလား။ !@#$%^&*()

မှတ်ချက်။ ။ MAC Address = Media Access Control address ကွန်ရက်ချိတ်သည့် စက်ပစ္စည်း တစ်ခုစီတိုင်းတွင် ရှိရသော ဒွိကိန်း ၄၈ လုံးပါ လိပ်စာ။ 

Tuesday, October 26, 2010

SQL Statement Level တွင် Optimize လုပ်၍ Query Execution ကို မြန်ဆန်စေခြင်း

နေ့က စာရေးသူ အိမ်ကို ပြန်နေတုန်း အစ်မတော်က ချက်ချင်းပဲ G-talk ပေါ်ကို ကြွပါလို့ Message ပို့လာပါတယ်။ ဒါနဲ့ပဲ ဖုန်းကနေ G-talk ကို ဖွင့်လိုက်တော့ Query တစ်ခုကို run ထားတာ ၃ နာရီ နီးပါးရှိပြီ၊ အဖြေမထွက်သေးလို့ ဘယ့်နှယ်လုပ်ရပါ့လို့ မေးပါတော့တယ်။ ဒီ စာတမ်းငယ်မှာ အလားတူ ပြဿနာတစ်ရပ် (အရေးကြီး အချက်အလက်များ ပါဝင်နေသဖြင့် မူလပြဿနာကို မဖော်ပြနိုင်ပါ) ကို SQL Statement Level မှာ Optimize လုပ်ပုံကို ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။

ပရိဘောဂနဲ့ မီးဖိုချောင်သုံး ပစ္စည်း ရောင်းတဲ့ကုမ္ပဏီတစ်ခုမှာ ဖောက်သည်တွေရဲ့ အမည်၊ မွေးနေ့၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အချက်အလက်တွေကို Table တစ်ခုနဲ့ သိမ်းထားပါတယ် (Customer Table ဆိုပါစို့)။ ဖောက်သည်တွေ ပစ္စည်း မှာယူတိုင်းမှာ အမှာလက်ခံတဲ့ Table တစ်ခုလဲ ရှိပါတယ် (Order Table ဆိုပါစို့)။ Order Table ဟာ ကုမ္ပဏီ သက်တမ်းကြာတာနဲ့အမျှ အရမ်းကြီး လာတတ်လို့ Production run နေတဲ့ server မှာ ၃ - ၄ နှစ်စာပဲ ထားပြီး ကျန်တာကို သပ်သပ် သိမ်းထားလေ့ ရှိပါတယ်။

ဖြစ်ပုံက ပရိဘောဂ မ၀ယ်ဖူးသေးတဲ့ (မီးဖိုချောင်သုံး ပစ္စည်းပဲ ၀ယ်ဖူးတဲ့) ဖောက်သည်တွေကို အထူး အရောင်းမြှင့်တင်ရေး အစီအစဉ်နဲ့ ပရိဘောဂတွေ ဈေးချရောင်းမဲ့ အကြောင်း ကြော်ငြာစာ ပို့ချင်တာပါပဲ။ အဲဒါနဲ့ အောက်ပါ Query ကို ရေးပါတယ်။

SELECT cust_id, cust_name, cust_add

FROM customer_table

WHERE cust_id NOT IN (SELECT cust_id FROM order_table WHERE ord_type = ‘furniture’);

အဲဒီလို ရေးလိုက်တဲ့ Query ဟာ ၃ နာရီနီးပါး ကြာတဲ့အထိ မပြီးနိုင်လို့ စာရေးသူကို အပူကပ်ခြင်း ဖြစ်၏။ ဘာဖြစ်သနည်း အဖြေရှာသော် ...

ကုမ္ပဏီသည် ပရိဘောဂ အမှာစာ အများအပြား လက်ခံရရှိခဲ့ရာ Sub-query မှ Row အမြောက်အများကို ထုတ်ပေးလေသည်။ Row ၃ သောင်းကျော်တဲ့။ Customer Table တွင်လဲ Row အများအပြား ရှိပေလိမ့်မည်။ ယခု ဆွေးနွေးချက်တွင် Customer Table ၏ Size မှာ အရေးမကြီးပါ။ Query Optimizer သည် Sub-query မှ constant results ကို ထုတ်ပေးကြောင်း သိသဖြင့် Sub-query ကို တစ်ကြိမ်သာ Run မည်ပဲထား၊ Customer Table မှ Row တစ်ကြောင်းစီ (cust_id တစ်ခုစီ) အား Sub-query မှ ပေးသော Row ၃ သောင်းကျော်တွင် ပါ၊ မပါကို စိစစ်ရန်မှာ လွယ်ကူသော အလုပ် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တပြိုင်နက် အသုံးပြုသူ အမြောက်အများရှိတတ်သော Database Server တွင် အသုံးပြုသူတစ်ယောက် (Query တစ်ခု) အတွက် ခွဲဝေပေးသော ပင်မ မှတ်ဥာဏ် (Primary Memory or RAM) ပမာဏသည် အကန့်အသတ် ရှိသည့်အပြင် Order Table တွင် cust_id ဖြင့် index တစ်ခု မရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

မှတ်ချက် ။ ။ စာပြန်ဖတ်ကြည့်ရာ NOT IN ဖြင့်ရေးလျှင် Sub-query ကို အကြိမ်ကြိမ် run လိမ့်မည်ဖြစ်ပြီး cust_id ဖြင့် index ရှိလဲ မသုံးဟု ဆိုသည်။ NOT EXISTS ဖြင့် ပြောင်းရေးလျှင်တော့ အဆိုပါ Index ကို သုံးကောင်း သုံးနိုင်သည်။ အကယ်၍ Order Table အတွက် cust_id ဖြင့် index တစ်ခု၊ ord_type အတွက် Index တစ်ခုရှိပါက NOT EXISTS ကို သုံးခြင်းဖြင့် အဖြေ မြန်မြန် ရနိုင်သည် ဆိုသည်။ သို့ရာတွင် Transaction Table ဖြစ်သော Order Table ၏ Primary Key မှာ Composite သော်လည်းကောင်း၊ Order Number သော်လည်းကောင်း ဖြစ်မည် ဖြစ်ပြီး မည်သည့် စိတ်မှန်သော Database Administrator မျှ ၂ နှစ်နေလို့ တစ်ခါ မလုပ်သော အရောင်းမြှင့်တင်ရေးအတွက် အဆိုပါ index များကို ဆောက်ထားမည် မဟုတ်။ Index ဆောက်ခြင်းသည် Insert နှင့် Update Query များအတွက် စွမ်းဆောင်ရည်ကို ကျဆင်းစေသည်။

သို့ဖြစ်၍ Customer Table မှ cust_id တစ်ခုစီအား Sub-query မှ ပေးသော Row ၃ သောင်းကျော်အတွင်း ပါ၊ မပါကို စိစစ်ရန် cust_id တစ်ခုစီအတွက် Sub-query အဖြေ ၃ သောင်းကျော်ကို တစ်ကြိမ်စီ ဖတ်ရမည် ဖြစ်သည်။ Sub-query အဖြေ ၃ သောင်းကျော်သည် ပင်မ မှတ်ဥာဏ်အတွင်း မဆန့်ပြန်ရာ ၄င်းတို့ကို အစိတ်စိတ်ပိုင်း၍ အရန် မှတ်ဥာဏ် (Auxiliary Memory or Disk) သို့ ရေးကာ ပြန်ပြန်ဖတ်ရမည်။ အရန် မှတ်ဥာဏ်သို့ ရေး/ဖတ် ရသည့် အလုပ်သည် နှေးကွေးသော အလုပ်ဖြစ်သဖြင့် Customer Table မှ cust_id တစ်ခုအတွက် CPU Cycle အများအပြား ကြာမြင့်မည်။ ထိုကြာသော အလုပ်ကို Customer Table အတွင်းမှ မြောက်များစွာသော Row များအတွက် အခါခါ လုပ်ရရာ ၃ နာရီ နီးပါး ကြာသော်လည်း မပြီးသည်မှာ မဆန်း။

နည်းလမ်းစဉ် သရုပ်ခွဲချက် (Algorithm Analysis) အရ Customer Table တွင် Row n ခု၊ Order Table တွင် Row m ခု၊ ပင်မ မှတ်ဥာဏ်တွင် cust_id ပေါင်း p ခု သိမ်းဆည်းထားနိုင်၍ cust_id ပေါင်း p ခုကို ပင်မ မှတ်ဥာဏ်အတွင်းသို့ ကူးယူရန် အချိန် c ကြာသည်ဆိုပါက ပင်မ မှတ်ဥာဏ်သို့ ရေးသည့် လုပ်ငန်းချည်း သက်သက် အတွက် O(nmc/p) ကြာမြင့်မည်။ Sub-query မှ Row ၃ သောင်း အဖြေရ၍ Customer Table တွင် Row ၄ သောင်း၊ p သည် ၄၀၀၀၊ c သည် ၀.၀၅ စက္ကန့် ဖြစ်ပါက ပင်မ မှတ်ဥာဏ်ပေါ်သို့ ကူးတင်သည့် ကိစ္စအတွက်ပင် ၄၀ ၀၀၀ x ၃၀ ၀၀၀၀ x ၀.၀၅ စက္ကန့် / ၄၀၀၀ = ၁၅၀၀၀ စက္ကန့် = ၄ နာရီ ၁၀ မိနစ် (ညတ်ချွာဖြား !!!) ကြာမြင့်မည်။

အဲဒါနဲ့ အောက်ပါ Query နဲ့ စမ်းကြည့်ဖို့ စာရေးသူက ပြောလိုက်ရပါတယ်။

SELECT cust_id, cust_name, cust_add

FROM customer_table

WHERE cust_id IN (SELECT cust_id FROM customer_table

MINUS

SELECT cust_id FROM order_table WHERE ord_type = ‘furniture’);

ခဏနဲ့ အဖြေရသွားပါသတဲ့။ ဘာများကွာသွားသလဲ စဉ်းစားကြည့်ရအောင်နော်။

ပထမဆုံးအချက်က Sub-query ရဲ့ Results သေးသွားပါတယ်၊ ဒုတိယအချက်ကတော့ IN က Customer Table ထဲက cust_id တစ်ခုချင်းစီအတွက် Sub-query Results ထဲမှာ တူတာ တစ်ခုတွေ့တာနဲ့ တွက်ချက်တာကို ရပ်လိုက်လို့ရပြီး (Short-circuiting လို့ ခေါ်ပါတယ်) မူလ NOT IN ကတော့ Sub-query Results ကုန်တော့မှ ရပ်လို့ရပါတယ်၊ တတိယနဲ့ နောက်ဆုံး အချက်ကတော့ MINUS က စီပြီးမှ အလုပ်လုပ်ပါတယ်။ အသေးစိတ် ရှင်းပြမယ်နော်။

အပေါ်က ဥပမာအတိုင်းဆိုလျှင် Sub-query မှ ပထမ SELECT Statement ရဲ့ အဖြေဟာ Row ၄ သောင်းရှိပြီး ဒုတိယ SELECT Statement ရဲ့ အဖြေဟာ Row ၃ သောင်း ရှိပါတယ်။ Referential Integrity Enforcement အရ Order Table ထဲက cust_id တွေရဲ့ အစုဟာ Customer Table ထဲက cust_id တွေရဲ့ အစုရဲ့ အစုပိုင်း ဖြစ်တာမို့ Sub-query ရဲ့ အဖြေက Row ၁ သောင်းသာ ရှိတော့မှာပေါ့။ ဒါကြောင့် ပင်မ မှတ်ဥာဏ်ထဲကို ရေးရသည့် အချိန်ဟာလဲ ၄၀ ၀၀၀ x ၁၀ ၀၀၀ x ၀.၀၅ စက္ကန့် / ၄၀၀၀ = ၅၀၀၀ စက္ကန့် = ၁ နာရီ ၂၄ မိနစ်အောက်သာ ရှိတော့မှာပေါ့။ အစ်မတော်ရဲ့ ပြဿနာကတော့ အရေအတွက် ကွာတာမို့ မိနစ်ပိုင်းနဲ့ အဖြေရပါသတဲ့၊ ကောင်းလေစွ။

Customer Table ထဲက cust_id တစ်ခုချင်းစီအတွက် ပင်မ မှတ်ဥာဏ်ထဲကို Sub-query Results ရေးထည့်ပြီး တူတာရှိ၊ မရှိ တိုက်ကြည့်ရပါတယ်။ IN ရဲ့ သဘော၊ သဘာဝက တူတာ တစ်ခု တွေ့တာနဲ့ စစ်တာကို ရပ်လိုက်လို့ရပါတယ်။ ပင်မ မှတ်ဥာဏ်ထဲ Sub-query Results အားလုံးကို တချိန်ထဲ ထည့်ထားလို့ မရတဲ့အတွက် p ခုစီ အခါခါထည့်ပြီး စစ်နေရာမှာ (p က ၄၀၀၀ ဆိုရင် Sub-query Results ၁ သောင်းကို Disk ထဲကနေ RAM ပေါ်ကို ၃ ခါခွဲပြီး ကူးတင်ရပါမယ်။) ရှာတွေ့သွားရင် အဲဒီ cust_id အတွက် ဆက်ထည့်ပေးဖို့ မလိုတော့ပါဘူး (ဥပမာ ပထမ ၄၀၀၀ ထဲမှာ ရှာတွေ့သွားရင် ကျန်တဲ့ ၆၀၀၀ ကို RAM ပေါ်ကို ကူးတင်ပေးစရာ မလိုတော့ပါဘူး၊ ၂ ခါသက်သာသွားပြီ)။ ဒါ့အပြင် နောက် cust_id တစ်ခုအတွက်လဲ လက်ရှိ ထည့်ထားတဲ့ ၄၀၀၀ နဲ့ ဆက်အလုပ်လုပ်နိုင်ပါသေးတယ် (၃ ခါ သက်သာသွားပြီ၊ တခါကို ၀.၀၅ စက္ကန့်ဆိုတော့ ၀.၁၅ စက္ကန့်သက်သာသွားပြီ)။ NOT IN မှာကတော့ အစအဆုံး တိုက်ရတဲ့အတွက် ဒီလိုလုပ်လို့ မရပါဘူး။

A MINUS B ကို တွက်တဲ့အခါမှာ Oracle Database Server က A ကို စီ၊ B ကို စီပြီးမှ Sorted File Merging နဲ့တူတဲ့ နည်းလမ်းစဉ်ကို အသုံးပြု တွက်ချက်တာမို့ စာရေးသူတင်ပြတဲ့ Sub-query ရဲ့ အချိန်အားဖြင့် ခက်ခဲမှု (Time Complexity) ဟာ O(nlog(n) + mlog(m) + m + n) ပဲ ရှိပါတယ်။ (m နှင့် n သည် Customer Table ရဲ့ Size နှင့် Order Table မှ မတူညီသော cust_id အရေအတွက်တို့ အသီးသီး ဖြစ်သည်။) ဒါပေမဲ့ Customer Table မှာ cust_id ဟာ primary key ဖြစ်လို့ သူ့ Index ကို သုံးမယ်ဆိုရင် O(mlog(m) + m + n) ပဲ ကျန်ပါလိမ့်မယ်။ Cache ရှိမယ်ဆိုရင်တော့ Sub-query ရဲ့ ကုန်ကျစရိတ်ဟာ မရှိသလောက် နည်းသွားမှာ ဖြစ်ပါတယ်။

မှတ်ချက် ။ ။ NOT EXISTS ကို အသုံးပြုရေးသားလျှင်ကား Customer Table မှ cust_id တစ်ခုစီအတွက် Sub-query တစ်မျိုးစီ တွက်ထုတ်မည် ဖြစ်သည်။ သို့ရာတွင် Order Table တွင် cust_id ဖြင့် index မရှိနိုင်ရာ Short-circuiting သုံးနိုင်သော်လည်း Order Table ကို full table scan လုပ်ရမှာပဲ ဖြစ်သည်။ ထိုသို့ဆိုလျှင် စာရေးသူ တင်ပြသော နည်းလမ်းနှင့် ကြာချိန်တူတူလောက်ပဲ ဖြစ်မည်။ သို့ရာတွင် Database Server များတွင် Query Results များကို Cache လုပ်ထားတတ်ရာ cust_id တစ်ခုစီအတွက် Sub-query တစ်မျိုးစီ တွက်ထုတ်နေသာ နည်းလမ်းသည် အမြဲ Cache Miss ဖြစ်နေပြီး Sub-query တစ်မျိုးတည်းသာရှိသော စာရေးသူ တင်ပြသည့် နည်းလမ်းမှာကား Cache ကို အကျိုးရှိစွာ အသုံးချနိုင်သဖြင့် စာရေးသူ တင်ပြသော နည်းလမ်းက ပိုမိုကောင်းမွန်သည်ဟု ဆိုနိုင်သည်။

Database နည်းပညာဟာ အလုပ်လုပ်ပုံ အသေးစိတ်ကို သုံးစွဲသူ ခေါင်းမရှုပ်ရအောင် ၀ှက်ထားပေးတယ်ဆိုပေမဲ့ တခါတလေမှာ သူ့ရဲ့ Statistics နဲ့ Query Optimizer Algorithm ဟာ သုံးစွဲသူရဲ့ Knowledge ကို မယှဉ်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ရဲ့ Query ကို Execute ရာမှာ လိုတာထက် ပိုကြာနေပြီဆိုရင် သင့်အနေနဲ့ ၀င်ပါရတော့မှာ ဖြစ်ပါတယ်။ System Level Optimization, DBA Level Optimization စတာတွေကို အသုံးပြုသူတိုင်း ဆောင်ရွက်ခွင့် မရကြပါဘူး။ အဲဒီအခါမျိုးမှာ Query Optimizer ရဲ့ Query Plan Formulation Logic နဲ့ အခြေခံ နည်းလမ်းစဉ် သရုပ်ခွဲပညာတို့နဲ့ ယဉ်ပါးတဲ့ သုံးစွဲသူများအနေနဲ့ အထက်ဖော်ပြပါကဲ့သို့ SQL Statement Level Optimization များကို ဆောင်ရွက်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။

http://download.oracle.com/docs/html/A86647_01/vmqtune.htm#1004143 ကိုမှီငြမ်းပါသည်။

Thursday, April 8, 2010

လူကိုလူလို လေးစားခြင်းဟာ ယဉ်ကျေးမှု

၂၀၁၀ ခု ဧပြီလ ၇ ရက်နေ့ထုတ် Weekly Eleven News Journal ပါ လူထုစိန်ဝင်း၏ လူကိုလူလို လေးစားခြင်းဟာ ယဉ်ကျေးမှု ဆောင်းပါး (www.crystalrays.org တွင် ringo က ရိုက်တင်ပေးထားသော စာမူ) သည် လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။ 

မူရင်းရေးသားသူထံ သီးသန့်ခွင့်ပြုချက်တောင်းခံရန် အခက်အခဲရှိပါသဖြင့် ခွင့်ပြုချက် မတောင်းခံပဲ ဖော်ပြခြင်းဖြစ်သည်။ မူရင်းရေးသားသူက ပယ်ဖျက်ပေးပါရန် တောင်းဆိုပါက အချိန်မဆိုင်းပဲ ချက်ချင်း ပယ်ဖျက်ပေးမည်။

စာနယ်ဇင်းတွေ ဖတ်ရင်းနဲ့ အနယ်နယ် အရပ်ရပ်မှာ စာပေဟောပြောပွဲနဲ့ စာပေဆွေးနွေးဝိုင်းတွေ လုပ်ကြတဲ့သတင်းတွေ မပြတ်တွေ့နေရတယ်။ ဟိုရှေးကတော့ နတ်တော်လဆန်း တစ်ရက်နေ့ တစ်ရက်တည်းပဲ စာပေဟောပြောပွဲနဲ့ စာဆိုတော်နေ့ ကျင်းပကြတယ်။ နောက်တော့ မန္တလေးက ဦးလေးလူထုဦးလှက နတ်တော်လ တစ်လလုံးကို စာဆိုတော်လလို့ သတ်မှတ်ပြီး စာပေဟောပြောပွဲတွေ လုပ်ကြပါလို့ စတင်လှုံ့ဆော်ခဲ့တာကြောင့် စာဆိုတော်နေ့ ကျော်လွန်သွားလည်း ဟောပြောပွဲတွေ ဆက်လုပ်ကြတယ်။

ဆရာတွေ ဖောင်းပွနေ

အခုတော့ နတ်တော်လ တစ်လတည်းသာ မကတော့ဘူး။ တစ်နှစ်ပတ်လုံး စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ တောရောမြို့ပါမကျန် ကျင်းပနေကြတာကို ၀မ်းသာစရာ တွေ့ရတယ်။ ဦးလေးလှသာရှိရင် သိပ်ဝမ်းသာမှာ။ စာပေလှုပ်ရှားမှု သတင်းမှန်သမျှ မလွတ်တမ်းဖတ်ရင်းနဲ့ သတိထားမိတာလေးတစ်ခု ရှိပါတယ်။ နယ်တစ်နယ်မှာ စာပေလှုပ်ရှားမှုတစ်ခု လုပ်တဲ့သတင်းကို ရေးကြရာမှာ ဥက္ကဋ္ဌ ဆရာမောင်ဘယ်သူက သဘာပတိလုပ်ပြီး အတွင်းရေးမှူး ဆရာမောင်ဘယ်ဝါက အခမ်းအနားမှူး လုပ်တယ်။ ဆရာမောင်ဖြူ၊ ဆရာမောင်နီ၊ ဆရာမောင်နက်၊ ဆရာမောင်ပြာ၊ ဆရာမောင်ဝါ၊ ဆရာမောင်ညို၊ ဆရာမောင်စိမ်းတို့က စာတမ်းဖတ်ကြ၊ ဆွေးနွေးကြတယ်။ ဆရာမောင်ခရမ်းရောင်နဲ့ ဆရာမောင်ပန်းရောင်တို့က ကဗျာရွတ်ကြတယ် စတဲ့ အရေးအသားမျိုးတွေကိုချည်း တွေ့ရတယ်။ သတင်းတစ်ပုဒ်အနေနဲ့ "လိုတိုရှင်း" မဖြစ်သလို၊ ဆရာဆိုတဲ့ အသုံးအနှုန်းကလည်း ဖောင်းပွနေသလို ထင်မိတယ်။

ခြေသည်းလှီးတဲ့ ဆရာကတော်

ပြောရတာ အားနာပါတယ်။ ကိုယ်က စာဖတ်မနှံ့စပ်တော့ ဖော်ပြထားတဲ့နာမည်တွေ အားလုံးလောက်နီးပါးဟာ ကိုယ်မကြားဖူးတဲ့ နာမည်တွေချည်း ဖြစ်နေတတ်တယ်။ ရှေ့လျှောက် ကြိုးစားပြီး စာကိုနှံ့စပ်အောင် ဖတ်မှဖြစ်တော့မယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ တစ်ဆက်တည်း ပြောချင်တာလေးတစ်ခု ကြုံတုန်း ပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများက ယဉ်ကျေးလွန်းတာလား၊ နိဝါတတရား ထားလွန်းတာလားတော့ မသိဘူး။ ဆရာအခေါ် သိပ်ကို ရက်ရောလွန်းတယ်လို့ စိတ်ထဲစွဲထင်နေတဲ့ အကြောင်းပါ။ ကားဆရာ၊ ဆိုက်ကားဆရာ၊ ပန်းရံဆရာ၊ လက်သမားဆရာ၊ ဆံပင်ညှပ်ဆရာ စသဖြင့် လူတွေ့တိုင်း ဆရာခေါ်တာ အကျင့်ကြီးတစ်ခုလို ဖြစ်နေပါပြီ။ ကျွန်တော်တို့ငယ်ငယ်က မန္တလေးမှာ ရပ်ကွက်ထဲလှည့်ပြီး ခြေသည်းလက်သည်းလှီး၊ နဖာကလော်လုပ်တဲ့ ပုဏ္ဏေးမတွေ ရှိပါတယ်။ သူတို့ကို ဘာကြောင့်မှန်းမသိ "ဆရာကတော်" လို့ ခေါ်ကြတယ်။

သခင်ခေါ်ရာက ကူးစက်တာလား

အသက်ကြီးလာတော့ သူများတွေက "ဆရာကတော်၊ ဆရာကတော်"နဲ့ ခေါ်တာကြားတိုင်း ခြေသည်းလှီးတဲ့ ဆရာကတော်တွေကို မျက်စိထဲမြင်ပြီး ကျိတ်ပြုံးမိတာချည်းပါပဲ။ လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့်ဟာ ရှေးပဝေသဏီကတည်းက ရှိခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုလား၊ သူ့ကျွန်ဘ၀မှာ မျက်နှာဖြူတွေကို သခင်ခေါ်ရာက ကူးစက်သွားတာလား၊ ဖက်ဆစ်တွေကို မာစတာခေါ်ရာက နှုတ်အကျင့် ဖြစ်သွားတာလား သေသေချာချာ လေ့လာကြည့်ဖို့တော့ ကောင်းတယ်။ ဆရာ၊ ဆရာနဲ့ ပြောကြရေးကြ တာတွေတွေ့တိုင်း စိတ်ထဲမှာ ဘ၀င်မကျ ဖြစ်မိတယ်။ ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူးလို့လည်း စိတ်မှာထင်မိတယ်။

သွေးနထင်ရောက် ဖြစ်တတ်တယ်

အချက်နှစ်ချက်ပေါ် မူတည်ပြီး ကောင်းတဲ့အကျင့် မဟုတ်ဘူးလို့ ထင်တာပါ။ ပထမအချက်ကတော့ ဆရာ၊ ဆရာနဲ့ အခေါ်ခံရပါများတော့ အခေါ်ခံရသူဟာ အလိုလိုနေရင်း သွေးနထင်ရောက်ပြီး မြောက်ကြွမြောက်ကြွ ဖြစ်သွားတတ်ပါတယ်။ ရုံးတစ်ရုံးကို ကိစ္စရှိလို့ သွားတဲ့အခါ တွေ့တဲ့ပြာတာကိုဖြစ်ဖြစ်၊ စာရေးလေးကိုဖြစ်ဖြစ်၊ မျက်နှာချိုသွေးပြီး ဆရာ၊ ဆရာနဲ့ ဆရာချင်းထပ်အောင် ခေါ်တဲ့အခါကျတော့ ပင်ကိုရိုးသားတဲ့လူတောင် ဆရာဆိုတဲ့ အခေါ်နဲ့လိုက်အောင် အာဏာပါဝါ ပြချင်တဲ့စိတ်တွေ ၀င်လာပြီး ဟိန်းတာဟောက်တာတွေ လုပ်တတ်သွားပါတယ်။ ဆေးရုံပေါက်စောင့်တဲ့ ဒရ၀မ်တောင် ခပ်တည်တည်နဲ့ ရင်ကော့ပြီး တံခါးဝမှာ ရပ်လိုက်ရင် အလိုလိုရှိန်ပြီး ရိုရိုကျိုးကျိုးနဲ့ တံခါးဖွင့်ပေးလေ့ ရှိပါတယ်။ ကြောက်သလိုလို၊ ရွံ့သလိုလိုနဲ့ သူ့ကို ဆရာခေါ်ပြီး ၀င်ပါရစေလို့ သွားပြောရင်တော့ "ဒါလူနာတွေ့ချိန် မဟုတ်ဘူး" ဆိုပြီး မာန်မဲလွှတ်လိုက်မှာ သေချာတယ်။ ထပ်ပြီး မျက်နှာငယ်လေးနဲ့ တောင်းပန်ရင်လည်း "ဆရာဝန်ကြီး ရောင်းလှည့်နေတယ်၊ ဘယ်သူမှမ၀င်ရဘူး" လို့ ဟောက်ဦးမှာပါပဲ။

ကျွန်စိတ်

လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့် ဖြစ်နေသူနဲ့ ပတ်သက်တာက ဒုတိယအချက်ပါ။ ဆေးရုံက ဒရ၀မ်ကိုတောင် ဆရာခေါ်တဲ့အကျင့် ဖြစ်နေသူဟာ ဘယ်သူ့တွေ့တွေ့ ဆရာခေါ်လိုက်မှာပဲ။ ကြာရင် လူတိုင်းဟာ ကြောက်ရမယ့်လူ၊ "ခယ၀ယ" လုပ်ရမယ့်လူလို့ချည်း ထင်မှတ်ပြီး အလိုလိုနေရင်း "သိမ်ငယ်စိတ်" (inferiority complex)တွေ ၀င်လာတတ်ပါတယ်။ သိမ်ငယ်စိတ် ၀င်လာတာနဲ့တစ်ပြိုင်နက် ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စတွေပါ အလိုလို ကျဆင်းသွားလေ့ ရှိပါတယ်။ ကျွန်စိတ်ဆိုတာ သိမ်ငယ်စိတ်က ပေါက်ဖွားလာတာ ဖြစ်ပါတယ်။

သခင်စိတ်

နယ်ချဲ့လက်အောက်မှာ ကျွန်သပေါက်ဘ၀နဲ့ သားစဉ်မြေးဆက် နှစ်ပေါင်းရာကျော် နေခဲ့ရလေတော့ လူတွေမှာ အနည်းနဲ့အများ ဆိုသလို ကျွန်စိတ်တွေ ရှိနေကြတယ်။ အဲဒါကြောင့် တို့ဗမာအစည်းအရုံးခေတ်မှာ၊ မြန်မာဆိုတာ ကျွန်လူမျိုး မဟုတ်ဘူး။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ အဆင့်မြင့်တဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ နေခဲ့ကြတဲ့ သခင်လူမျိုး ဖြစ်တယ်ဆိုတာကို သတိပေးဖို့အတွက် အဖွဲ့ဝင်တိုင်းရဲ့ နာမည်ရှေ့မှာ "သခင်" တပ်ပြီး၊ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်းလို့ ခေါ်ခဲ့ကြတာ ဖြစ်တယ်။ "မင်းတို့ဆရာကိုလေ၊ စာရင်းတို့ကာသာ ထားလိုက်ပေတော့" လို့ ဆိုခဲ့တဲ့ ဆရာကြီးဦးလွန်းတောင် တပည့်တွေ ဆင်နွှဲတဲ့ တိုက်ပွဲတိုင်း ရှေ့ကမားမားမတ်မတ်နဲ့ ပါမြဲဖြစ်တဲ့အတိုင်း "သခင်ကိုယ်တော်မှိုင်း" ဖြစ်သွားခဲ့ရပါတယ်။

ဇွတ်ရိုက်မသွင်းသင့်

ယဉ်ကျေးတယ်ဆိုတာ အင်မတန် လိုလားအပ်တဲ့အရာ ဖြစ်တယ်။ လူအတော်များများက အောက်ကျို့တာ၊ နှိမ့်ချတာကို ယဉ်ကျေးမှုလို့ ထင်မှတ်မှားနေကြပြီး၊ အောက်ကျို့နှိမ့်ချစိတ်ထားဖို့ သွန်သင်ဆုံးမလေ့ ရှိကြတယ်။ "လူ့အောက်ကျို့လို့ မသေပါဘူး" ဆိုတဲ့ ဆိုရိုးစကားတောင် ရှိခဲ့တယ်။ အောက်ကျို့လွန်း၊ နှိမ့်ချလွန်းတဲ့ စိတ်ကနေပြီး "ကျွန်စိတ်" ပေါက်ဖွားလာရတာလို့ ယုံကြည်တဲ့အတွက် သဘောမကျပါဘူး။ ပလွှားဝင့်ဝါ မရှိတာ၊ မောက်မာစော်ကား မရှိတာ အင်မတန် ကောင်းတယ်။ ဒါမျိုးကို အားပေးရမှာ။ ဒီစိတ်ဓာတ်မျိုး မွေးရမှာ။ အောက်ကျို့တာ၊ နှိမ့်ချတာတော့ အားမပေးသင့်ဘူး။ ကလေးတွေခေါင်းထဲ ဇွတ်ရိုက်မသွင်းသင့်ဘူး။

ထိုက်တန်တဲ့ လေးစားမှု

လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထား လေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။ တစ်ဖက်သားရဲ့ အပေါ်ယံ ပကာသန အဆောင်အယောင်တွေကို ကြည့်ပြီး "ခယ၀ပ်တွား" ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။ ပြာတာပဲဖြစ်ဖြစ်၊ ဆိုက်ကားသမားပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး သူတောင်းစားပဲဖြစ်ဖြစ်၊ လူသားအနေနဲ့ ကြည့်မြင်ပြီး၊ လူသားအနေနဲ့ ထိုက်သင့်တဲ့အလျောက် လေးစားမှုပေး ဆက်ဆံတာဟာ ယဉ်ကျေးခြင်း ဖြစ်တယ်။ ဘယ်သူ့ကိုမဆို အောက်ကျို့နှိမ့်ချပြီး ဆက်ဆံဖို့ မလိုဘူး။ ထိုက်တန်တဲ့ လေးစားမှုပေးဖို့သာ လိုတယ်။

ဆင်းရဲရင် မကန်တော့ချင်

မှန်တာပြောရရင် လူအချင်းချင်း လူလို့မြင်ပြီး လေးလေးစားစား တန်ဖိုးထားတာမျိုး တွေ့ရခဲတယ်။ ပိုက်ဆံငွေကြေးလို၊ ရာထူးအာဏာလို၊ အပေါ်ယံ ပကာသနတွေကိုကြည့်ပြီး ဆက်ဆံကြတာပဲ အတွေ့ရများတယ်။ သွေးမတော်၊ သားမစပ်တဲ့ ငွေရှိသူ၊ ဂုဏ်ဒြပ်နဲ့ ရာထူးအာဏာရှိသူကို အခါကြီးရက်ကြီးရောက်တိုင်း မမေ့မလျော့ နှစ်စဉ်ယဉ်ကျေးမှု အရဆိုပြီး သွားကန်တော့တတ်ကြပေမယ့် ငွေမရှိ၊ ရာထူးအာဏာမရှိ ဆင်းရဲမွဲတေတဲ့ ဆွေမျိုးရင်းချာများကိုတော့ ကန်တော့ဖို့ မေ့လျော့နေတတ်ကြတာ များတယ်။ ယဉ်ကျေးမှုဆိုတာ လူအချင်းချင်း လူလိုမြင်ပြီး လူလိုလေးစား တန်ဖိုးထားတတ်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ အဲဒီလိုယဉ်ကျေးမှု ထွန်းကားစေဖို့ကိုပဲ မျှော်လင့်ရပါတယ်။

လူထုစိန်ဝင်း

လောရှည် မှတ်ချက် ။ ။ ၀န်ဆောင်မှု လုပ်ငန်းများ (ဟိုတယ်၊ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေး စသည်) မှာတော့ သခင်စိတ်အသွင်းလွန်ပြီး နင်လဲလူ၊ ငါလဲလူ  မသိဘူး၊ မရှိဘူး၊ ကုန်ပြီဆိုပြီး ဘုမတောမိစေဖို့ အရေးကြီးလှပါတယ်။

Thursday, March 11, 2010

လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း ပုံစံသစ်၏ သာဓက တစ်ခု

အမေရိကန် ပြည်ထောင်စုတွင် လူဖြူသီးသန့် စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ ကပွဲခန်းမများ၊ အားကစား ကလပ်များနှင့် အများသုံး ယာဉ်၊ ရထား (ဘတ်စ်ကား စသည်) များစသဖြင့် လူမည်းများကို လူမျိုးရေးအရ ခွဲခြားဆက်ဆံသည့် ခေတ်တစ်ခေတ် ရှိခဲ့ဖူးသည်။ တဖန် ဗြိတိသျှခေတ် မြန်မာနိုင်ငံတွင်လဲ ပထမတန်း (မီးရထား) တွဲများကို လူဖြူသီးသန့်ဟု ကန့်သတ်ခဲ့သဖြင့် ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ရသည်။ လူ့သမိုင်းတလျှောက် ပေါ်ပေါက်ခဲ့မျှ အထက်ပါ လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း (racial discrimination) အားလုံးသည် လူမျိုးစုတစ်စုက ၄င်းတို့နှင့် မတူသည့် အခြားလူမျိုးစုတစ်စုကို နှိမ်ချ ဆက်ဆံမှုများ (inter-racial discrimination) သာ ဖြစ်ကြသည်။ ယခု ပြည်ပရောက် မြန်မာ လူ့အဖွဲ့အစည်းတွင် မြန်မာအချင်းချင်း နှိမ်ချဆက်ဆံတတ်သော အခြင်းအရာတစ်မျိုး ပေါ်ပေါက်လျှက်ရှိသည်ဟု စာရေးသူ သံသယ ဖြစ်မိသည်။ လူမျိုးတူခြင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းကို လူမျိုးတွင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း (intra-racial discrimination) ဟု အမည်တပ်ပြီး ၄င်းသာဓက တစ်ခုကို ယခု စာတမ်းငယ်တွင် ဆွေးနွေးမည် ဖြစ်သည်။

စင်ကာပူနိုင်ငံ Informatics ကျောင်းဝန်းအတွင်းရှိ Prometic စာမေးပွဲ ဌာနသို့ ဖြေဆိုရန်ရှိသော စာမေးပွဲတစ်ခုအတွက် မိတ်ဆွေတစ်ဦးက လွန်ခဲ့သော ရက်သတ္တပါတ်က သွားရောက်စုံစမ်းရာ စာရေးသူ လိုက်ပါသွားခဲ့သည်။ အဆိုပါ ဌာနအတွင်းသို့ စာရေးသူတို့ နှစ်ယောက် မြန်မာလို စကားပြောဆိုရင်း ၀င်သွားကြရာ ကောင်တာတွင် ထိုင်နေသော အမျိုးသမီးက စိတ်မရှည်သော လေသံ၊ မျက်နှာ ၁၀၂၄ ခေါက်ချိုးဖြင့် "Passport Only" တစ်ခွန်းတည်းသာ ပြန်လည် ပြောဆိုပြီး စကားပြောဆိုမှုကို ရိုင်းပျစွာဖြင့် ရပ်လိုက်ပါသည်။ (ရပ်လိုက်ပါသည်ဆိုသည်မှာ နောက်ထပ် စာရေးသူတို့ ဘာပြောပြော ဘာမှ ပြန်မပြောတော့ခြင်းကို ဆိုလိုသည်။) သို့အတွက် စာရေးသူနှင့် စာရေးသူ၏ မိတ်ဆွေ ဒီအတိုင်း ပြန်လာခဲ့ရသည်။ စာရေးသူ၏ မိတ်ဆွေမှ ၄င်းဌာနကို ဖုန်းဆက်သွယ် မေးမြန်းရာတွင်လဲ "I told you, 'passport only'" ဟု ပြန်လည် အော်ဟစ် ဖြေကြားခဲ့သည်။ (တယ်လီဖုန်း ခေါ်ဆို၍ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုရာတွင် ဗြိတိသျှ ကိုလိုနီ ပညာရေးစနစ် လောင်းရိပ်မိခဲ့သော မြန်မာနှင့် ဖိလစ်ပိုင်အများစုသည် အခြား အာရှသား အများစုထက် ပိုမို ယဉ်ကျေးသော အင်္ဂလိပ်စာကို သုံးနှုန်းတတ်ကြသည်။ အင်္ဂလိပ်စကားကို ဒေသသံဝဲ၀ဲနှင့် ပြောဆိုရာတွင် မြန်မာဝဲနှင့် ဖိလစ်ပိုင်တို့၏ စပိန်ဝဲမှာ ခွဲခြားရလွယ်ပါသည်။)

စာမေးပွဲ ဖြေဆိုသည့် နေ့သို့ ရောက်သော်အခါ စာရေးသူလဲ အဆိုပါ မိတ်ဆွေနှင့် ခေတ္တလိုက်ပါသွားခဲ့သည်။ စာရေးသူ သတိထားမိသည်မှာ ၄င်းအမျိုးသမီးသည် စာရေးသူ၏ မိတ်ဆွေ မြန်မာအမျိုးသမီးကို စကားပြောဆိုတိုင်းတွင် အော်ငေါက် ပြောဆိုသလောက် အခြား လူမျိုးခြားများကို ပြောဆိုရာတွင် အတန်ပင် သိမ်သိမ်မွေ့မွေ့ ရှိလှသည်ကို တွေ့ရသည်။ (နှိုင်းယှဉ်ရန်အနေနှင့် အဆိုပါဌာနမှ စင်ကာပူ နိုင်ငံသားဟု ယူဆရသော တရုတ် အမျိုးသမီးသည် မည်သူ့ကိုမဆို ငြင်ငြင်သာသာ သိမ်သိမ်မွေ့မွေ့ ပြောဆိုသဖြင့် စာရေးသူ၏ မိတ်ဆွေကို သူမ အော်ငေါက်နေခြင်းမှာ လုပ်ငန်း လိုအပ်ချက်အရ မဟုတ်ဟု စာရေးသူ ကောက်ချက်ဆွဲသည်။)

တဖန် ကွန်ပျူတာစနစ် အမှားအယွင်းတစ်ခုကြောင့် စာရေးသူ မိတ်ဆွေနှင့် ၄င်းဝန်ထမ်းများ စကား ပြောဆိုရန်ရှိသဖြင့် သူမအား ကူညီရန် စာရေးသူ အနားကပ်သွားသောအခါ ကိုယ်၊ နှုတ် အမူအရာ အားဖြင့် ရိုင်းပျစွာ မောင်းထုတ်ခဲ့သည်။ မြန်မာလူမျိုးများအတွက် စော်ကားရာရောက်သည့် အမူအရာများ ပြသသည့်အတွက် ၄င်းကို မြန်မာ့ယဉ်ကျေးမှုကို မသိသော၊ စိတ်တိုလွယ်သော လူမျိုးခြား တစ်ဦးအဖြစ်သာ စာရေးသူ ထင်ခဲ့မိသည် (၄င်းစကားမ၀ဲပါ)။ ၄င်း၏ လုပ်ဖော်ကိုင်ဖက် တရုတ်အမျိုးသမီးက စာရေးသူအား ယဉ်ကျေးစွာ တောင်းပန်၍ အပြင်ထွက်ခိုင်းပါသည်။

စာရေးသူမိတ်ဆွေသည် ၄င်းကို မြန်မာဘာသာဖြင့် စကားလာပြောသည့်သူကို တွေ့တော့မှ ၄င်းမြန်မာမှန်း ရိပ်မိသည်ဟု တအံ့တသြ ပြန်ပြောပါသည်။ အထက်ပါ ဖြစ်ရပ်အပြီးတွင် အဆိုပါ ဌာနသို့ စာမေးပွဲအတွက် စုံစမ်းရန် သွားရောက်ခဲ့သော အခြား မြန်မာ စကားပြောသူ မိတ်ဆွေများ (စာရေးသူ၏ ယခင် အခန်းဖော် ကရင်လူမျိုး တစ်ဦးအပါအ၀င်) က ၄င်းတို့အားလဲ ရိုင်းပျစွာဖြင့် "Everything is in the web-site" ဟု အော်ထုတ်ကြောင်း၊ ၄င်းတို့ web-site down နေသည်ဟုပင် ပြန်လည် ရှင်းပြ၍ မရပဲ မောင်းထုတ်ကြောင်း လာရောက် ပြောပြဖူးသည်ကို တဆက်တစပ်တည်း အမှတ်ရလာပါတော့သည်။

ထို မြန်မာ အမျိုးသမီး ဘာဖြစ်နေပါသနည်း၊ စာရေးသူ မသိပါ။ စာရေးသူ သိသည်မှာ ၄င်းသည် မြန်မာလူမျိုးများကို ကောင်းစွာ ၀န်ဆောင်မှု မပေး၊ ရိုင်းပြစွာ ဆက်ဆံသည်၊ မတတ်သာ၍ ၀န်ဆောင်မှု ပေးရလျှင် အတတ်နိုင်ဆုံး ရိုင်းပြသော မျက်နှာ၊ ကိုယ်၊ လက် အမူအရာဖြင့် ပေးသည်၊ လူမျိုးခြားများကိုမူကား ကောင်းသော ၀န်ဆောင်မှုကို ယဉ်ကျေးသိမ်မွေ့စွာ ပေးနေသည်။ ၄င်းသည် လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း စစ်စစ်ပင် ဖြစ်တော့သည်။ (ထိုကိစ္စအတွက် လူမျိုးခြားများကို မုန်းတီးရန် မလိုချေ။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့က မြန်မာများကို နှိမ်ပါဟု မတောင်းဆိုသောကြောင့် ဖြစ်သည်။)

အထက်ပါ ဥပမာ အပြင် မြန်မာအချင်းချင်းမှန်း သိသည်နှင့် လမ်းပျောက်နေသည်ကို လမ်းမပြပေးချင်တော့သော သူ၊ ဈေးလျှော့ရောင်းသော ဈေးဆိုင်ကို မပြောပြချင်တော့သော ပစ္စည်းကောင်း၊ ဈေးကောင်းရလာသူ၊ အခွင့်အရေးကောင်းရှိသော အလုပ်တို့ကို တဆင့်စကား မပါးချင်တော့သော သူ (၄င်းတို့ ကိုယ်တိုင်က အဆိုပါ အလုပ်အကိုင်ထက် အဆင့်မြင့်သော နေရာတွင် အလုပ်လုပ်နေသဖြင့် အဆိုပါအလုပ်အား လျှောက်ထားခြင်း မပြု)၊ ကောင်းမွန်သော ၀န်ဆောင်မှု မပေးတော့သော စားသောက်ဆိုင် အမှုထမ်းများ၊ ဈေးရောင်းချသူများ အရောင်းဆိုင် ၀န်ထမ်းများနှင့် အခြား ဧည့်ခံကောင်တာ ၀န်ထမ်းအများအပြားကိုလဲ စာရေးသူ တွေ့ခဲ့ဖူးသည်။ တဖန် သတိထားမိသည်မှာ ၄င်းတို့သည် လူမျိုးခြားများကိုမူကား ကောင်းမွန်စွာ ဆက်ဆံ ပြောဆို ကူညီကြသည်ကို တွေ့ရလေသည်။

လူတိုင်းအား တပြေးညီ ရိုင်းပြနေသည်မှာ မကောင်းသော အခြင်းအရာ ဖြစ်သည်။ လူတိုင်းအား တပြေးညီပင် ကောင်းသော ၀န်ဆောင်မှု မပေးသည်မှာလဲ မကောင်းသော အခြင်းအရာပင် ဖြစ်သည်။ သို့ရာတွင် လူတစ်စုကို ကောင်းသော ၀န်ဆောင်မှုပေးလျှက် အခြားတစ်စုကို ကောင်းသော ၀န်ဆောင်မှု မပေးခြင်းမှာကား လူ့အဖွဲ့အစည်းကို စော်ကားမှု တစ်ရပ်ဖြစ်သော လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းပင်တည်း။

ယခုတင်ပြခဲ့သော မြန်မာအချင်းချင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း သာဓကများ၏ အကြောင်းရင်းကို စာရေးသူ မသိသော်လည်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းသည် လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်သည့် အဆိုးရွားဆုံးသော ရာဇ၀တ်မှု တစ်ရပ်ဖြစ်ပြီး ပြည်ပရောက် မြန်မာ အသိုက်အ၀န်း တနေ့တခြား ကြီးထွားလာသည်နှင့်အမျှ လူမျိုးတွင်း လူမျိုးရေးအရ ခွဲခြား ဆက်ဆံသော အခြင်းအရာသည် ပို၍ အရေးပါလာမည်ဖြစ်သဖြင့် လူမှုရေး သိပ္ပံ ပညာရှင်များအနေနှင့် စနစ်တကျ လေ့လာသင့်သော ကိစ္စတစ်ရပ်အဖြစ် မီးမောင်းထိုးပြလိုက်ရပါသည်။

မှတ်ချက် ။ ။ တယ်လီဖုန်းဝယ်စဉ်က မြန်မာမှန်းသိ၍ စေတနာပါပါနှင့် အသေအချာ လိုက်လံ ရှင်းပြသော (စင်ကာပူနိုင်ငံမှ) ၀န်ထမ်း အဒေါ်ကြီးတစ်ယောက်၊ ကြာဇံကြော်စားချင်သော စာရေးသူ၏ သူငယ်ချင်းအတွက် သူ့ဆိုင်မှာ မရသော ကြာဇံကြော်ကို ကြော်ခိုင်းပြီး ရောင်းပေးသော (မလေးရှား အပန်းဖြေစခန်းတစ်ခုမှ) စားသောက်ဆိုင် ၀န်ထမ်း အစ်မကြီး၊ စာရေးသူတို့ မိသားစုကို အမှတ်တရ ဓာတ်ပုံ ရိုက်ပေးဖူးသော (ဆွစ်) စားသောက်ဆိုင်တစ်ခုမှ စားပွဲထိုး အမျိုးသမီးတို့နှင့် အချို့ မမှတ်မိတော့သော အားလုံးကို တပြေးညီ ဆက်ဆံသည့် မြန်မာ ၀န်ထမ်း အချို့လဲ ရှိကြောင်း ဖြည့်စွက် တင်ပြအပ်ပါသည်။

စာကြွင်း ။ ။ ယခင်တလောက မြန်မာများ (ကွမ်းထွေးသဖြင့်) အိမ်သာဝင်ခွင့်မပြုဟု စားသောက်ဆိုင်တစ်ခုတွင် ဆိုင်းဘုတ်တင်ရာ လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းဟု ဟိုးလေးတကြော်ဖြစ်သွားခဲ့ရသည်။


Monday, February 1, 2010

Hula Girls

ရှေးအစဉ်အလာကို ဖက်တွယ်ထိန်းသိမ်းရင်း အငတ်ခံမလား၊ ခေတ်စနစ်နဲ့ လျော်ညီပေမဲ့ အစဉ်အလာကနေ ခွဲထွက်တဲ့ စီးပွားရေး၊ လူမှုရေး ပုံစံအသစ်ကို ခံယူကျင့်သုံးမလား

ဒီမေးခွန်းရဲ့ အဖြေကို ဒါရိုက်တာ ဆန်အိလီက ၂၀၀၇ ခုနှစ်မှာ အကယ်ဒမီ ၅ ဆု ဆွတ်ခူးခဲ့တဲ့ Hula Girls ဇာတ်လမ်းနဲ့ ဖြေဆိုထားပါတယ်။


အင်္ဂလိပ်စာတန်းထိုး နမူနာ

၁၉၆၅ ခုနှစ်က ဖြစ်ပါတယ်။ ရှေးယခင်ကတည်းက ကျောက်မီးသွေးတွင်းတူးဖော်ခြင်းလုပ်ငန်းနဲ့ အသက်မွေးလာခဲ့တဲ့ မြို့ငယ်ကလေးဟာ ကျောက်မီးသွေးအစား ရေနံကို တိုးချဲ့အသုံးပြုလာလို့ စီးပွားရေး အခက်အခဲ ဖြစ်လာပါတော့တယ်။ အမြော်အမြင်ကြီးတဲ့ ကျောက်မီးသွေးကုမ္ပဏီဟာရာသီဥတုအေးလွန်းတဲ့ မြို့ကလေးကို ခရီးသွားမြို့အဖြစ် အသွင်ပြောင်းဖို့ ဟာဝိုင်ယီအက ကပြဖျော်ဖြေတဲ့ အပန်းဖြေရိပ်သာတစ်ခု ဆောက်ဖို့ ကြံစည်ကြပါတယ်။

ရှေးရိုးဆန်လွန်းတဲ့ မြို့ခံတွေ အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက ကျောက်မီးသွေးတွင်း အာဏာပိုင်တွေဟာ မြို့ကလေးရဲ့ ရှေ့ရေးအတွက် (အလုပ်သမားတွေ ငတ်မသွားရေးအတွက်) အကသင်တန်းကို ဖြစ်မြောက်အောင်ကြိုးစားခဲ့ကြပါတယ်။ ကုမ္ပဏီရဲ့ စေတနာကို နားလည်သွားတဲ့ ကောင်မလေး တစ်စုကလဲ သူတို့မြို့သူမြို့သားတွေ စားဝတ်နေရေး ပြေလည်ဖို့အတွက် (ဂျပန်ယဉ်ကျေးမှုနဲ့ သိပ်မဆိုင်တဲ့၊ ဗိုက်လှုပ်ကရတဲ့) ဟာဝိုင်ယီအကကို အချိန်တိုအတွင်း ကပြတတ်အောင် မိဘဆွေမျိုး၊ မြို့ခံများနဲ့ အတိုက်အခံလုပ်ပြီး ကြိုးစားကြတာကို အားတက်ကြည်နူးဖွယ် ရိုက်ပြထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ကြည့်ပြီး ၀င်လာတဲ့ အတွေးကတော့ ...

ရှေးအစဉ်အလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို မိုက်မိုက်မဲမဲ ဖက်တွယ် ထိန်းသိမ်းရင်း အငတ်ခံ (အသေခံ) မလား၊ ခေတ်စနစ်နဲ့ လျော်ညီပေမဲ့ အစဉ်အလာကနေ ခွဲထွက်တဲ့ စီးပွားရေး၊ လူမှုရေး ပုံစံအသစ်ကို ခံယူကျင့်သုံးပြီး ရှင်သန်မလား။

ဆိုတာပါပဲ။

တခါတလေမှာ ကောင်းတာတွေချည်း ရယူဖို့ မဖြစ်တဲ့ အချိန်မှာ ရှင်သန်ဖို့က ပိုအရေးကြီးတယ်လို့ပဲ စာရေးသူ ခံယူမိပါရဲ့။

၁၀ မှတ်မှာ ၈.၅ မှတ်ပေးရမဲ့ ကားကောင်းလေးပါ။ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပြီး အဲဒီ အာဇာနည် ကောင်မလေးတွေရဲ့ ကြိုးပမ်းမှုကြောင့် ကျောက်မီးသွေးတွင်း မြို့ငယ်ကလေးဟာ စီးပွားရေး အခြေပျက်မသွားပဲ နောက်ပိုင်းမှာ ဂျပန်ပြည်ရဲ့ အကျော်ကြားဆုံး အပန်းဖြေစခန်းမြို့ ဖြစ်လာခဲ့ပါတယ်။ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုအပါအ၀င် အကယ်ဒမီ ၅ ဆု ဆွတ်ခူးထားတဲ့ ဂျပန်ဇာတ်လမ်းကလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Thursday, January 28, 2010

Monday, January 18, 2010

ယူတိုးပီးယားအိပ်မက်

My Thoughts My Blog တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

တစ်ညမှာ ကျွန်တော် အိပ်မက် တစ်ခုမက်သည်။ အိပ်မက်သည် ရှည်လျားလွန်း၍ အသေးစိတ်နိုင်လွန်းသည်။ အိပ်မက်ထဲမှ ဇာတ်ကောင်သည် ကျွန်တော်ပင်ဖြစ်နေသည်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်သည် အင်ဂျင်နီယာဘွဲ့ကို ရရှိသည်။ ထိုပြင် မဟာ အင်ဂျင်နီယာဘွဲ့ကို ထပ်ရသည်။ ထိုဘွဲ့ရပြီးနောက် ကျွန်တော် အင်္ဂလန်ရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုတွင် အင်ဂျင်နီယာ ဘာသာရပ်နဲ့ မသက်ဆိုင်သလိုဖြစ်သော နိုင်ငံရေး သိပ္ပံနှင့် လူမှုရေး သိပ္ပံ နှစ်ဘာသာတွဲဖြင့် မဟာဝိဇ္ဖာဘွဲ့တစ်ခု ထပ်ရသည်။ ထို့နောက် အမေရိကရှိ တက္ကသိုလ်တစ်ခုမှ ထိုဘာသာရပ်နှစ်ခု အကြောင်းပြုပြီး ပါရဂူဘွဲ့ရသည်။ ကျွန်တော် ဒေါက်တာ ဖိုးသူတော် ဖြစ်သွားသည်။

ကျွန်တော် မြန်မာပြည်ပြန်လာသည်။ ထိုအချိန်တွင်ကျတော့ အသက်သည် သုံးဆယ်တော်တော် ကျော်ခဲ့ပြီ။ မြန်မာပြည်ပြန်ရောက်ရောက်ချင်း ပထမဦးဆုံးအနေဖြင့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် လုပ်ရသည်။ ဆိုလိုသည်မှာ ကျွန်တော့် အင်ဂျင်နီယာဘာသာရပ်နယ်ပယ်သို့ပြန်သွားသည်။ ခဏလောက်လုပ်ကြည့်ပြီး စိတ်မ၀င်စားတော့။ ကျွန်တော့်စိတ်ထဲဖြစ်ချင်နေတာ တစ်ခုရှိသည်။ ဒါကို ကိုယ့်ဟာကိုယ်သိသည်။ အဲ့ဒီနောက် ကျတော် လက်ရှိ နိုင်ငံရေးပါတီတစ်ခုနှင့်ချိတ်ဆက်မိပြီး ပါတီကော်မတီဝင်တစ်ယောက်ဖြစ်လာသည်။ ပါတီတွင် ကျွန်တော်ကြိုးကြိုးစားစားဆောင်ရွက်၍ ပါတီ ဥက္ကဌနှင့် လူကြီးများ၏ အားထားမှုကိုရရှိလာသည်။

ကျတော် ပါတီဝင်ပြီးနောက်တစ်နှစ်မှာပဲ ကျွန်တော်တို့ ပါတီ အာဏာရပြီး ပါတီအကြီးအကဲတစ်ဦး နိုင်ငံတော် သမ္မတဖြစ်သွားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများလည်း ပြင်သင့်သည်များ ပြင်ပြီး၍ အတော်အတန် ပြောင်းလဲနေသော အခါသမယလည်းဖြစ်သည်။ ပါတီလူကြီးသည် သမ္မတ ဖြစ်ပြီးနောက် သူ့၏ ကက်ဘိနက် အဖွဲ့ ဖွဲ့သောအခါ ကျွန်တော့်အား ၀န်ကြီး တစ်နေရာပေးသည်။ သို့ဖြင့် ကျွန်တော် အသက်လေးဆယ် မပြည့်သေးခင်မှာပဲ မြန်မာနိုင်ငံ၏ အသက်ငယ်ဆုံး ၀န်ကြီးတစ်ပါး ဖြစ်လာသည်။ ကျတော် တာဝန်ယူရသော ၀န်ကြီးဌာနက ပညာရေးဝန်ကြီးဌာန။

ပညာရေးဝန်ကြီး ဒေါက်တာဖိုးသူတော်သည် နိုင်ငံတကာတွင်လည့်လည်ပြီး ပညာသင်ယူခဲ့သူပီပီ အခြေခံအားကောင်းသော ပညာရေးစနစ်ကို နားလည်သည်။ ထို့ကြောင့် ပညာရေးစနစ်များကို အခြေခံမှ စ၍ လိုအပ်သည်များကို တဆင့်ချင်းပြောင်းလဲသည်။ ကျေးရွာများ၏ မူလတန်းကျောင်းများထိ ကိုယ်တိုင်ကိုယ်ကျသွားပြီး ဆရာ၊ဆရာမလေးများနှင့် ဆွေးနွေးသည်။ ကလေးများ၏ ပညာရေးအပေါ် စိတ်ပါဝင်စားနိုင်မှုနှင့် လိုက်နိုင်မှုများကို အသေးစိတ်သုတေသနပြုသည်။ ထို့နောက် ပညာရေး ကော်မတီနှင့် ညှိနှိုင်းပြီး မူလတန်းအတွက် အသင့်လျော်ဆုံးသော ဖတ်စာ စာအုပ်နှင့် လက်တွေ့လုပ်ဆောင်ရေး စာအုပ်များကို စနစ်တကျ ပြင်ဆင်သည်။ ထိုမှ တဆင့် တဆင့်ချင်းတက်၍ အလယ်တန်း နှင့် အထက်တန်းကို ခေတ်စနစ်နှင့် အညီ ဒေသတွင်းနိုင်ငံများနှင့် တန်းတူ တန်းညှိပြီး သင်ကြားရေးစနစ်နှင့် သင်ရိုးများကို အသစ်ပြင်ဆင်ဆွဲသည်။

ဤလုပ်ငန်း လုပ်ရပ်အားလုံးကို လွှတ်တော် ၂ ခုလုံးက အတည်ပြုသည်။ လိုအပ်သော ဘက်ဂျက်များကိုလည်း ဆောလျင်စွာ ချပေးသည်။ ပညာရေး အရှိန်အဟုန်မှာ သိသိသာသာကြီး တိုးတက်လာသည်။

မြန်မာနိုင်ငံအမျိုးသားပညာရေးသုတေသန အဖွဲ့ကို သေချာဖွဲ့စည်းပြီး နှစ်စဉ် တစ်နိုင်ငံလုံး တိုးတက်မှုများ ကို အစီရင်ခံစေသည်။ တက္ကသိုလ်ကောလိပ်များနှင့် ပတ်သက်ပြီး အပွင့်သဘောဆောင်သော ပညာရေးစနစ်ကို အစပျိုးပေးသည်။ ဆရာမှ သင် ကျောင်းသားမှ လိုက်မှတ် စနစ်အားဖျက်သိမ်းသည်။ ဆရာ ကျောင်းသား လွတ်လပ်စွာ ဆွေးနွေးတွေးခေါ်မှု ပုံစံအား ဦးစားပေးသည်။ ကျောင်းသား ကျောင်းသူများကို လွတ်လပ်စွာ ၀တ်စား ဆင်ယင်စေသည်။ အသိဥာဏ်မြင့်မားပြီး ပညာတတ် ပီသစေရန် စည်းကမ်းတင်းကျပ်စွာ မထိန်းကွပ်ပဲ ကျောင်းသားအများလက်ခံနိုင်အောင် ပညာပေးအသိအမြင်ဇာတ်လမ်းမျိုးနှင့် ဆောင်းပါးများစွာ ရေးသားပြီး လူငယ်ကျောင်းသားထု ကြားဖြန့်ဝေသည်။ ကျောင်းသားများ အရင်ကလို မဆိုးမပေကြတော့။ အရင်က ဖိုးသူတော် ငယ်စဉ် ကျောင်းတက်စဉ်က ကျောင်းသားများသည် ဆိုးသည်။ ဆိုးသည်ဆိုသည်မှာ တက္ကသိုလ် ကျောင်းသားပုံစံ ဆိုးခြင်းမဟုတ်။ ကလေးဆန်ဆန် ဆိုးခြင်းဖြစ်သည်။ ပုံစံများသည်လည်း ကလေးဆန်ကြသည်။ စာပေသင်ကြားမှုဆိုသည်ကို နားမလည်ကြ။ အချိန်တန်လျှင် ကျောင်းသွားမည်။ အတန်းလစ်ချင်လစ်မည်။ ဆရာတွေကို ရိုသေဟန်ဆောင်၍ ဆရာလာလျင် လက်အုပ်ချီပြီး မင်္ဂလာပါ ဆရာ နှုတ်ဆက်မည်။ စိတ်ထဲတွင် မပါကြ။ ထုံးတန်းစဉ်လာကြီး တစ်ခုလို ပြုမှုကြသည်။ ကျောင်းသား ၁၀၀ လျှင် ကျောင်းသား ၉၀ လောက်က တက္ကသိုလ်ဝင်တန်း အောင်၍ တက္ကသိုလ်သို့ ဖြစ်ရိုးဖြစ်စဉ် လာတက်ကြခြင်းဖြစ်သည်။ ပညာရေး၏ အနှစ်သာရနှင့် တက္ကသိုလ်၏ အနှစ်သာရကို ဘွဲ့ရသွားသည်ထိ သိမသွားကြချေ။ တည်ရှိနေသော တက္ကသိုလ်များသည်လည်း ထိုသို့ အနှစ်သာရ သိရှိအောင် လုပ်မပေးနိုင်ကြချေ။ တက္ကသိုလ်များသည် စက်ရုံကြီးတစ်ရုံနှင့် တူနေပြီး ကျောင်းသားများသည် ဘွဲ့တံဆိပ်အမျိုးမျိုးကပ် ထုတ်ကုန် များဖြစ်နေကြသည်။

ထိုထွက်လာသော တံဆိပ်အမျိုးမျိုးထုတ်ကုန်များသည် ဈေးကွက်တွင် ဈေးကွက်မ၀င် ဖြစ်ချေသည်။ ဈေးကွက်ဝင်သော်လည်း တန်ဖိုးချခြင်းခံရသည်။ ထိုအရာ ဖြစ်စဉ်များအားလုံးကို သိနှင့် ခံစား ခဲ့နှင့်ရသော ပညာရေးဝန်ကြီး ဒေါက်တာ ဖိုးသူတော်သည် တက္ကသိုလ်စနစ်ကြီးတစ်ခုလုံးကို ပြန်လည်ပြင်ဆင်သည်။ အမျိုးသား ပညာရေး သုတေသန ဌာန၏ ဦးဆောင်မှုဖြင့် နိုင်ငံနှင့် အ၀န်း ဇုန်များ သတ်မှတ်၍ ဆောင်ရွက်သည်။ အစိုးရသည် ပညာရေးကို များစွာအလေးပေးနေသော အချိန်ဖြစ်သောကြောင့် ပညာရေး ဘက်ဂျက်ကိစ္စအား လွှတ်တော်မှ ခွင့်ပြုသည်။ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသအလိုက် ပညာရေးဇုန် စီမံကိန်းများ ခွဲပြီး အထူးဖွံဖြိုးရေး အနေဖြင့် ဆောင်ရွက်သည်။ အောင်မြင်ဖြစ်ထွန်းမှု၏ အသီးအပွင့်ကို မကြာခင်မြင်ရချေတော့မည်။

သို့နှင့် ပညာရေးဝန်ကြီး၏ လုပ်နိုင်သောပါဝါများကို သုံး၍အလုပ်ဖြစ်အောင် လုပ်ခဲ့သော်လည်း သူ၏ မူလ ပထမကျောင်းတက်ခဲ့ရာ တက္ကသိုလ်ဖြစ်သော နည်းပညာဆိုင်ရာ တက္ကသိုလ်မှာ အားနည်းနေသည်။ ထိုကိစ္စကို သိပ္ပံနှင့် နည်းပညာဝန်ကြီးအား ပြောဆိုသော်လည်း ၀န်ကြီးသည် အသက်အရွယ်ကြီးနေသည်က တစ်ကြောင်း၊ ၀ိဇ္ဖာ ဘွဲ တစ်ဘွဲ့သာရခဲ့၍ နိုင်ငံရေးခြေလှမ်းတွင် တော်သောကြောင့် ၀န်ကြီး ဖြစ်နေပြီး သူ့လက်အောက် ကိစ္စကို မည်သို့မျှ မတက်နိုင်ပဲ ဖြစ်နေသည်။ ငယ်ရွယ်သော ၀န်ကြီးတစ်ပါး ပြောသည်ကိုလည်း ကောင်းမှန်းသိသော်လည်း လက်ခံဆောင်ရွက်ခြင်းမပြုချင်ပဲ တလွဲ မာနကြီးနေသည်။ ပညာရေးဝန်ကြီးသည် ထို ကိစ္စအတွက် ရတက်မအေးဖြစ်နေသည်။ တခြားတက္ကသိုလ် ကိစ္စများတွင်များစွာ ကောင်းမွန်ပြီး ဒေသတွင်း နိုင်ငံများ ပခုံးယှဉ်နိုင်နေပြီဖြစ်သော် နိုင်ငံတစ်နိုင်၏ အဓီက နည်းပညာအခန်းကဏ္ဍမှ ပါဝင်မည့် နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာ တက္ကသိုလ်များသည် ဖြစ်ဖြစ်မြောက်မြောက် ဘာမှ ဖြစ်မလာသေးပါ။

ဒေသတွင်းနိုင်ငံများမှ နည်းပညာတက္ကသိုလ်များတွင် အာကသသိပ္ပံနှင့်ဆိုင်သော ပညာရပ်များ များစွာ ဖြစ်ထွန်းနေပြီး ဂြိုဟ်တု ပေါင်းများစွာ စမ်းသပ်လုပ်ကိုင်နေကြချိန်တွင် မိမိနိုင်ငံ၏ နည်းပညာ တက္ကသိုလ်များသည် စက္ကူဖြင့်လေယာဉ်ပျံခေါက်သည်ကိုပင် ၂ မျိုးထက် ပို၍ မသင်ပေးနိုင်ချေ။

ကံအားလျော်စွာ ဒေါက်တာဖိုးသူတော်တို့ ပါတီသည် နောက်တစ်ကြိမ် သမ္မတ သက်တမ်းအတွက် ဆက်လက် အနိုင်ရသွားသည်။ သမ္မတကြီးသည် ပညာရေးဝန်ကြီး၏ လုပ်ဆောင်ချက်များကို အထူးသဘောကျ နှစ်သက်၍ ပညာရေးဝန်ကြီးအပြင် ၀န်ကြီးချုပ်ရာထူးကိုပါ တွဲဖက်ပေးလိုက်သည်။ သမ္မတကြီး ၏ ၀န်ကြီးချုပ် ရာထူး ပေးမှုအား ကန့်ကွက်မှုများစွာ ရှိ၍ ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး မဲခွဲ ဆုံးဖြစ်ရာ ပြည်သူ လူထုသည် ဒေါက်တာဖိုးသူတော်၏ လုပ်ဆောင်ချက်များအား အထူးသဘောကျ၍ ကန့်ကွက်မဲ မရှိ ထောက်ခံမဲ များနှင့်သာ ဆန္ဒပြုကြရာ ဒေါက်တာဖိုးသူတော်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အသက်ငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်လာသည်။ ၀န်ကြီးချုပ်ဖြစ်လာတော့ အသက် ၄၀ စွန်းရုံသာ ရှိသေးသည်။

ဝန်ကြီးချုပ်ဖြစ်လာသောအခါ ပထမဦးဆုံးဆောင်ရွက်သော ကိစ္စမှာ မြန်မာပြည်တပြည်လုံးရှိ နည်းပညာတက္ကသိုလ်များနှင့် ကောလိပ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ကောလိပ်များ၏ ကိစ္စဖြစ်သည်။ သင်ရိုးညွှန်းတန်းများကို အခြေခံ သီအိုရီများလောက်သာ ချန်ထားခဲ့ပြီး ကျန်သော ဟောင်းနွမ်းနေပြီးဖြစ်သော သင်ရိုးညွှန်းတန်းများကို ပြင်ဆင်ပြီး ခေတ်မီနည်းပညာ ဘာသာရပ်များဖြင့် အစားထိုးစေသည်။ အမျိုးသားသိပ္ပံနှင့်နည်းပညာဗဟိုကော်မတီကို ဖွဲ့စည်းပြီး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည်။ အာကာသသိပ္ပံပညာကို အထူးစိတ်ဝင်စားသည်ဖြစ်ရာ သက်ဆိုင်ရာ ကျောင်းသားများအား နိုင်ငံခြားတိုင်းပြည်များ ( အမေရိက၊တရုတ်) သို့ စေလွှတ်ပြီး လေ့လာစေသည်။

လောရှည် မှတ်ချက် ။ လက်တွေ့တွင် ဤသို့လုပ်မရပါ။ မရသည့် အကြောင်းရင်းမှာ ယခု သင်ရိုးညွှန်းတန်း စာအုပ်များသည် ခေတ်မီနေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ တဖန် ဇောက်ထိုးလန်သွားသော ဘာသာရပ်အချို့မှလွဲ၍ သိပ္ပံပညာရပ်များ၏ သင်ရိုးသည် သိသိသာသာ မပြောင်းလဲပါ။ သင်ရိုးစာအုပ် ရေးသားပြုစုသူများ အကြံပြုသည့် သင်ရိုးပုံစံအတိုင်း လိုက်နာသင်ကြားခြင်း ရှိ၊ မရှိကတော့ သပ်သပ်ကိစ္စဖြစ်သည်။

ကိုယ်တိုင်လည်း အာကာသသိပ္ပံနှင့် ရင်းနှီးမှုရှိအောင် လေတပ်သို့သွား၍ လေယာဉ်မောင်းသင်သည်။ အထက်လွှတ်တော်အမတ် အချို့ ကန့်ကွက်သော်လည်း မဲဆန္ဒနှင့် အနိုင်ရယူပြီး ၀န်ကြီးချုပ်သည် လေယာဉ်မောင်း သင်ပြီး လေယာဉ်မောင်းတက်ခဲ့သည်။ လေယာဉ်မောင်းတတ်သည်နှင့် တပြိုက်နက် အမျိုးသားလေကြောင်းနှင့်အာကာသဗျူရို တည်ထောင်ပြီး လေကြောင်းပျံသန်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဥပဒေများကို ပညာရှင်များအကူအညီရယူပြီး ပြန်လည် ပြင်ဆင်တည်းဖြတ်သည်။ နောက်ဆုံး ထွက်ရှိသော ဥပဒေသစ်အရ ငွေကြေးတတ်နိုင်သော နိုင်ငံသားများသည် ကိုယ်ပိုင်လေယာဉ်ပျံနှင့် ရဟတ်ယာဉ် ၀ယ်ယူမောင်းနှင်ခွင့် လိုင်စင် ရရှိမည်ဖြစ်သည်။ ကိုယ်ပိုင် လေယာဉ်ကွင်း တည်ဆောက်လိုသူများအနေဖြင့် တစ်ဦးတစ်ယောက်တည်း တည်ဆောက်ခွင့်ပေးမည် မဟုတ်ပဲ ၅ ဦးစပ် လေယာဉ်ပျံကွင်းအသေးတစ်ခု တည်ဆောက်ခွင့် ပေးသည်။ ၀န်ကြီးချုပ်ကိုယ်တိုင်လည်း ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စင်း ၀ယ်ထားပြီး သွားချင် လုပ်ချင်သော နေရာများသို့ ချက်ချင်းသွားသည်။ လွှတ်တော်မှ နေ၍ ၀န်ကြီးချုပ် လုံခြုံရေးအတွက် ရဟတ်ယာဉ် နှစ်စင်း အစောင့်အဖြစ် ပေးထားသည်။

ဝန်ကြီးချုပ်သည် စာပေ၀ါသနာပါသည့်အားလျော်စွာ ပညာရေးဆိုင်ရာ ဆောင်းပါးများနှင့် ရသ စာပေ များကို ရေးသားထုတ်ဝေသည်။ ရသစာပေများမှာ ပြည်သူလူထု ပရိသတ်၏ အားပေးမှုကို များစွာ ခံရပြီး စာရေး ဆရာတစ်ဦးအနေဖြင့်လည်း ပြည်သူချစ်သော စာရေးဆရာဖြစ်နေသည်။ ၀န်ကြီးချုပ်၏ အိမ်ထောင်ရေး အနေဖြင့် ပညာရေးဝန်ကြီး ဖြစ်ချိန်ထိ အိမ်ထောင်မပြုသေးပဲ လူပျိုသိုးဝန်ကြီးလုပ်နေရာ ၀န်ကြီးချုပ် မဖြစ်ခင်လေးမှာပဲ အိမ်ထောင်ပြုလိုက်သည်။ ၀န်ကြီးချုပ်၏ ချစ်သူက လက်ထပ်ခွင့်အား လက်ခံသောကြောင့် ဖြစ်သည်။ ထိုလက်ထပ်ပြီးသော ချစ်သူနှင့် ၀န်ကြီးချုပ်သည် သူပိုင် ရဟတ်ယာဉ်အား သူကိုယ်တိုင်မောင်းပြီး အနားယူခရီးထွက်ဖို့ ပြင်ဆင်နေရာမှ ဘေးမှ အစောင့်ရဟတ်ယာဉ်နှစ်စီးက လိုက်မည် ပြုသည်ကို ရေဒီယိုစကား ပြောခွက်မှ တဆင့် လှမ်းတားပြီး မလိုက်နဲ့ မလိုက်နဲ့ ဟု ပြောလိုက်သည်။

' ဟေ့ကောင် ဘာကို မလိုက်နဲ့ လဲ ' လို့ အသံကြား၍ ငါလို ၀န်ကြီးချုပ်ကို ဒီလိုပြန်ပြောသလားဆိုပြီး အော်မည် အပြုတွင် လန့်နိုးသွားပြီး ဘေးမှ အခန်းဖော် ၏ ဘာကို မလိုက်နဲ့ လဲဟု မေးသောအသံကို သေချာ စွာပြန်ကြားလိုက်ရသည်။

ဤတွင် အိပ်မက်ပြီး၏…॥။

( ကျတော့်ရဲ့ စိတ်ကူးဆောင်းအိပ်မက်မျှသာဖြစ်၍ သည်းခံ ခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံပါသည်။)

ဖိုးသူတော်

Monday, December 14, 2009

ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များ နှင့် သဒ္ဒါအမှားများ

ဒီနေ့ထုတ် The Voice ဂျာနယ် အတွဲ ၆ အမှတ် ၆ (စာကြမ်း) မှာ

"မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ... နိုဘယ်ဆု ရရှိထားသူ ... စီးပွားရေး ပညာရှင် Joseph E. Stiglitz ... မြန်မာနိုင်ငံသို့ လာရောက်မည် ... ။"လို့ ဖော်ပြပါရှိတာကို ဖတ်ရှုရပါတယ်။ အမှန်က "ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ... နိုဘယ်ဆု ရရှိထားသူ ... စီးပွားရေး ပညာရှင် Joseph E. Stiglitz ... မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် လာရောက်မည် ... ။" လို့ဖြစ်ရမှာပါ။

အဲဒါကို မြင်တော့ ငယ်ငယ်တုန်းက သဒ္ဒါလေ့ကျင့်ခန်းထဲက ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များအကြောင်းကို သတိရမိပါတယ်။ ပုဒ်အထားအသိုပြင်တဲ့ လေ့ကျင့်ခန်းမှာ မေးခွန်းမှာ "ပေ ၅၀၀၀ မြင့်သော ပန်းသီးပင်များစိုက်ပျိုးရန် တောင်ကုန်းတစ်ခုကို သက်ဆိုင်ရာက ရှာဖွေနေသည်။" လို့ ပေးထားရင် "ပန်းသီးပင်များစိုက်ပျိုးရန် ပေ ၅၀၀၀ မြင့်သော တောင်ကုန်းတစ်ခုကို သက်ဆိုင်ရာက ရှာဖွေနေသည်။" လို့ ပြန်ဖြေပေးရတာမျိုးပေါ့။ မဟုတ်ရင် ပန်းသီးပင်ကပဲ ပေ ၅၀၀၀ မြင့်သလိုလို။

အရေးကြီးတာက နာမ၀ိသေသနတွေနဲ့ ကြိယာဝိသေသနတွေကို တတ်နိုင်သလောက် သူတို့အထူးပြုတဲ့ ပုဒ်တွေ (နာမ်၊ နာမ်စား၊ ကြိယာများ) နဲ့ ကပ်ပေးဖို့ပါပဲ

အမှန်ပြင်နိုင်ကြပါစေ။

Wednesday, November 11, 2009

ကန်စွန်းဥ (ဟက္ကူ)



မကြိုက်တတ်ပေမဲ့

မေမေပြုတ်တဲ့ ကန်စွန်းဥ

နည်းနည်းစားချင်တယ်။

Tuesday, October 20, 2009

ရှေးထုံးလဲ ပယ်မှ - ၂


ချစ်သူ ၂ ဦးတို့ လက်ထပ်ဖို့အတွက် လက်ထပ်တဲ့ရုံးကို သွားကြတာပါ။ အဲဒီမှာ ရှိတဲ့စာရေးမက ရိုးရာ အစဉ်အလာအတိုင်း လက်ထပ်ဖို့ အခြေခံဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဆီးကြို ပြောကြားပါတယ်။ ပထမဆုံးအနေနဲ့ သတို့သမီးရဲ့ ခါးအရွယ်အစားကို မေးပြီး လိင်ဆက်ဆံမှု ပြုလို့မရအောင် သော့ပိတ်ထားလို့ရတဲ့ ကိရိယာကို ထုတ်ပေးပြီး မိန်းကလေးကို ၀တ်ခိုင်းပါတယ်။ သတို့သားကို သော့အပ်ပါတယ်။ (အလယ်ခေတ်မှာ စတင်တီထွင်ခဲ့တဲ့ အဲဒီကိရိယာက သတို့သားအနေနဲ့ သူပိုင်ဆိုင်တဲ့ သတို့သမီးကို တခြားလူနဲ့ ဆက်ဆံ ပေါင်းသင်းလို့မရအောင် သော့ခတ်ထားလို့ရသလို၊ မင်္ဂလာမဆောင်ခင်ကတည်းက ကိုယ်ဝန်ရှိနေခဲ့ရင်လဲ သတို့သမီးကို - ၀မ်းဗိုက်ကို ချုပ်ထားခြင်းဖြင့် - သေဆုံးစေနိုင်ပါတယ်။)

သတို့သမီးက အဲဒါနဲ့ သော့ခတ်ထားမခံနိုင်ကြောင်း၊ အဓိပ္ပါယ် လုံးဝမရှိကြောင်း ပြောတဲ့အခါ စာရေးမက အို … ရိုင်းလိုက်တာ၊ ဘုရားစကား နားထောင်ရမှာပေါ့ လို့ ပြန်ပြောပါတယ်။ (အင်း … ကလေးဆိုတာ လူကြီးစကား နားထောင်ရမှာပေါ့တို့၊ ဆရာ/မကပြောနေတာကို ကလေးတွေက နားထောင်လိုက်ဖို့ပဲ ရှိတယ်၊ ပြန်မေးဖို့ မရှိဘူးတို့ကို ကြားယောင်ရင်း လွမ်းတောင် လွမ်းမိတယ်နော်။) သတို့သားက အဲဒါတွေ သူမလုပ်ချင်ကြောင်း ၀င်ပြောတဲ့အခါမှာ ရွေးစရာလမ်းမရှိကြောင်း စာရေးမက ဟောက်သံလေးစွက်လို့ ပြန်ဖြေပါတယ်။ ခက်ပါလားနော်။

ပြီးတော့ မြို့ဝန်ကို ဖုန်းဆက်ခေါ်ပါတယ်။ မြို့ဝန်ဘာလုပ်ဖို့တုန်းလို့ သတို့သားကမေးတာကို ပြန်မဖြေပဲ နင့်ဆိတ်တွေဘယ်မှာလဲလို့ စာရေးမရဲ့ အသံထွက်လာပါတယ်။ ဘာ … ဆိတ် ကရော ဘာလုပ်ဖို့လဲလို့ သတို့သားက အံ့သြတကြီး ပြန်အမေးမှာ ဆိတ် ၇ ကောင်ကို ရိုးရာ အစဉ်အလာအတိုင်း သတို့သမီးရဲ့ ဖခင်ကို ပေးဖို့ (တင်တောင်းဖို့) လေဆိုတဲ့ စိတ်မရှည်တဲ့ လေသံလေးကို ကြားရပါမယ်။ သတို့သားက သူငါနဲ့ လက်ထပ်ချင်တာ၊ ငါသူ့ကို ၀ယ်နေတာ မဟုတ်ဘူး ဆိုပြီး ဒေါသသံ စွက်လာပါတော့တယ်။ ဒုက္ခ၊ ဒုက္ခ။

မြို့ဝန်ရောက်လာပါပြီ။ သတို့သားက ဘာတွေဖြစ်တာတုန်း မေးနေချိန်မှာ သတို့သမီးကို မြို့ဝန်ရဲ့လူတစ်ယောက်က ထမ်းခေါ်သွားပါတော့တယ်။ သတို့သားက ဘာလုပ်မလို့တုန်း မေးတော့ ပန်းဦးဆက်ဖို့ ဆိုပဲ။ စာရေးမက ပြောတာကတော့ မင်္ဂလာဦးညမှာ ဒေသအာဏာပိုင်တွေက ပန်းဦးချွေတာလဲ ရိုးရာ အစဉ်အလာဆိုပဲ။ (တို့ဗမာတွေ ပုဂံခေတ်ကတည်းက ခေတ်မီတယ်နော်၊ ယဉ်ကျေးမှု တော်လှန်ရေးတွေ ဘာတွေလုပ်လို့။) ဆိတ်တွေသွားပေးပြီး ယောက္ခမကြီးဆီက ထောက်ခံစာ ယူလာမှ လက်ထပ်စာချုပ် လုပ်ပေးလို့ရမယ်ဆိုပဲ။

အိုး … သတင်းဆိုးပါတဲ့။ ဘာများပါလိမ့်။ သတို့သမီးက အပျိုရည်ပျက်ပြီးသား ဆိုပဲ။ ဒါကြောင့် မသေမချင်း (သမ္မာကျမ်းစာဟောင်းအရ) ကျောက်တုံးနဲ့ ပစ်ပေါက်သတ်ရမယ်ဆိုပဲ။ ကျောက်တုံးတောင် အသင့်ရောင်းလိုက်သေး။

စိတ်ကူးယဉ်ပြီး ဟာသလုပ်ထားတာလေးပါ။ သိပ်ရယ်ရပါသလား၊ အူတောင် နှိပ်နေရသလား၊ ခဏရပ်ပါဦး။ မြန်မာအသိုင်းအ၀ိုင်းမှာလဲ ရူးသွပ်မိုက်မဲတဲ့ ရှေးရိုး အစဉ်အလာဟောင်းတွေကို အတင်း အဓမ္မ ဆက်လက် ထိန်းသိမ်းနေကြတာတွေ ရှိပါတယ်။ ဒီလို လူသားမဆန်တဲ့ ကိစ္စတွေ ပိုမို ဆိုးဝါးမလာအောင်၊ ပပျောက်သွားအောင်၊ လူသားများထက် ပိုမိုလူသားဆန်တဲ့ လူ့အသိုက်အ၀န်းကို ချီတက်ကြဖို့ စာရှုသူတို့နဲ့ စာရေးသူ လောရှည်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒါကြောင့် ရှေးထုံးလဲ (ပယ်ဖို့လိုလာရင်) ပယ်မှ။

Monday, October 19, 2009

ကာမေသုမိစ္ဆာစာရ အကြောင်း

မြန်မာ့ လူ့အသိုက်အ၀န်းသည် လိင်ကိစ္စနှင့် ပတ်သက်ပြီး အလေးအနက်ထားရှိသော လူ့အသိုက်အ၀န်းဖြစ်သည့် အားလျော်စွာ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်ပါ ကာမေသုမိစ္ဆာစာရကံနှင့် စပ်လျဉ်း၍ သာသာထိုးထိုး ပြင်းပြင်းထန်ထန် ရေးသား ဟောပြောမှုများ တွေ့မြင်နေရပါသည်။ ရဟန်းတော်တို့၏ ၀ိနည်းနှင့် စပ်လျဉ်း၍ လေးရာကို ယူရမည်မှာ ထုံးစံဖြစ်သော်လည်း လူပုဂ္ဂိုလ်တို့ ဆောင်ရန်၊ ရှောင်ရန် သင်ကြားချက်များကို ယဉ်ကျေးမှု ဓလေ့ ထုံးစံအလိုက် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း အနက်ဖွင့်ရန် မသင့်လျော်သည့်အလျောက် ဤဆောင်းပါးတွင် ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်လာ ကာမေသုမိစ္ဆာစာရကံ၏ သဘော၊ သဘာဝကို ထေရ၀ါဒ ကျမ်းဂန်များနှင့် (အပြင် ဗဟုသုတ မပါစေပဲ) တိုက်ဆိုင် စစ်ဆေး၍ ရှင်းလင်း ရေးသားမည် ဖြစ်ပါသည်။

ကာမေသုမိစ္ဆာစာရကံ ဆိုသည်ကို သူတပါး အိမ်ယာ မကျူးလွန်ခြင်းဟု အလွယ် အဓိပ္ပါယ်ပြန်ဆိုနိုင်ပါသည်။ ၄င်းသည် အဗြဟ္မာစရိယာ သိက္ခာပုဒ် (လိင်ကိစ္စကို လုံးဝ ရှောင်ကြဉ်ခြင်း) နှင့် မတူပါ။ အဗြဟ္မာစရိယာ သိက္ခာပုဒ်ကို ၈ ပါးသီလ၊ ၁၀ ပါးသီလ စောင့်ထိန်းသူ လူပုဂ္ဂိုလ်များ ခေတ္တခဏ (ယာယီ) ဆောင်ယူ စောင့်ထိန်းနိုင်သော်လည်း ၄င်းသည် ရဟန်းတော်များအတွက် သီးသန့် ရည်ရွယ်သည့် သိက္ခာပုဒ်ဖြစ်သည်။ ကာမေသု မိစ္ဆာစာရကံ မြောက်ရန် အင်္ဂါ ၄ ပါး ပြည့်စုံရပါသည်။ ၄င်းတို့မှာ

၁။ အုပ်ထိန်းသူရှိသော မိန်းမ ၂၀ ဖြစ်ခြင်း

၂။ မှီဝဲလိုသည့်စိတ်ရှိခြင်း

၃။ မှီဝဲရန် အားထုတ်ခြင်း

၎။ သာယာခြင်း

တို့ဖြစ်ကြပါသည်။ မှီဝဲလိုသည့် စိတ်ရှိခြင်း၊ မှီဝဲရန် အားထုတ်ခြင်းနှင့် သာယာခြင်းတို့မှာ ထပ်ဆင့် ရှင်းလင်းဖွယ် မလိုသော်လည်း မသွားလာထိုက်သည့် မိန်းမ ၂၀ ကို ရှင်းလင်းရန် လိုသည့် အားလျော်စွာ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်တို့တွင် အောက်ပါအတိုင်း စာရင်းပြုစု ရေးသားထားပါသည်။

၁။ မာတုရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊ ၂။ ပိတုရက္ခိတ- အဖအုပ်ထိန်းသော မိန်းမ၊ ၃။ မာတာပိတုရက္ခိတ- မိဘနှစ်ပါးအုပ်ထိန်းသော မိန်းမ ၄။ ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသော မိန်းမ၊ ၅။ ဘဂိနိရက္ခိတ- အစ်မကြီး အစ်မငယ် အုပ်ထိန်းသော မိန်းမ၊ ၆။ ဉာတိရက္ခိတ- ဆွေမျိုးအုပ်ထိန်းသော မိန်းမ၊ ၇။ ဂေါတ္တရက္ခိတ- အမျိုးနွယ်တူ အုပ်ထိန်းသော မိန်းမ၊ ၈။ ဓမ္မရက္ခိတ- အတူနေသီတင်းသုံးဖော် စောင့်ရှောက်အုပ်ထိန်းသော မိန်းမ (အထက်ပါ ၈ယောက်သော အုပ်ထိန်းသူရှိ မိန်းမများအား အတင်းအဓမ္မ သွားလာကျူးလွန်ပါက ထိုမိန်းမများတွင် ကာမေသုကံမထိုက်ဘဲ သွားလာလွန်ကျူးသူ ယောက်ျားများတွင်သာ ကံထိုက်သည်ဟု ဆိုပါတယ်။) ၉။ သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ၊ လက်ထပ်ပြီးသူ အုပ်ထိန်းသော မိန်းမ၊ ၁၀။ သပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန် သတ်မှတ်လျက် ဒဏ်ထားပြီး အုပ်ထိန်းသော မိန်းမ၊ ၁၁။ ဓနတ္ထီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသော မိန်းမ၊ ၁၂။ ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ ၁၃။ ဘောဂ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖော်သော မိန်းမ၊ ၁၄။ ၀ဋ၀ါသိနီ- ပုဆိုးပေး၍ (ပုဆိုးတန်းတင်ပြု၍) နေသောမိန်းမ၊ ၁၅။ သြဒ၀တ္တကိနီဓရ- ခွက်လက်ဆုံချ၍ မိဘနှစ်ပါး ထိန်းမြားပေးသော မိန်းမ၊ ၁၆။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ၊ ၁၇။ ဒါသီစဘရိယာစ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၈။ ကမ္မကာရီစ ဘရိယာစ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၉။ ဓဇာဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သော မိန်းမ၊ ၂၀။ မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ (အထက်ပါ ၁၂ယောက်သော မိန်းမတို့တွင် သွားလာကျူးလွန်ပါက ယောက်ျားရော မိန်းမပါ နှစ်ဦးလုံး ကာမေသု မိစ္ဆာစာရ ကံထိုက်သည်ဟု ဆိုပါတယ်။)

ယောကျာ်းလေးများအတွက် ကာမေသုအင်္ဂါ ၄ ပါး ပြည့်စုံလျှင် ကံထိုက် (အကုသိုလ်ကံ ဖြစ်) သော်လည်း မိန်းကလေးများအတွက်မူ အုပ်ထိန်းသူရှိသော အမျိုးသမီး ၉ မှ ၂၀ အတွင်း ဖြစ်ပြီး မှီဝဲလိုစိတ်ရှိခြင်း အစရှိသည့် ကျန်အင်္ဂါ ၃ ပါး ပြည့်စုံပါမှ ကံထိုက်ပါသည်။ အရပ်စကားနှင့် လွယ်လွယ် ပြောရလျှင် ပထမ ၈ မျိုးမှာ ပိုင်ရှင်မရှိသေးသော မိန်းမများဖြစ်ပြီး ဒုတိယ ၁၂ မျိုးမှာ ပိုင်ရှင် ရှိလတ္တံ့၊ ရှိဆဲ ဖြစ်သော မိန်းမများဖြစ်ကြပါသည်။ တနည်းပြောရလျှင် ယောက်ျားလေးများအဖို့ မိမိမယားမဟုတ်လျှင် ကာမေသုမိစ္ဆာကံ ထိုက်မည်ဖြစ်ပြီး မိန်းကလေးများအဖို့ မိမိလင်မဟုတ်လျှင် ကာမေသုမိစ္ဆာစာရ ကံထိုက်မည် ဖြစ်သည်။

ဤသို့ဆိုလျှင် မိမိ မယားဖြစ်သူနှင့် သွားလာလျှင် (ချွင်းချက်အနည်းငယ်မျှအပ) ကံမထိုက်သည်မှာ နားလည်ရ လွယ်ပါသည်။ တနည်းအားဖြင့် မိမိ၏ ကာမပိုင် မိန်းမ/ယောက်ျားနှင့်သာ သွားလာခွင့် ရှိသည်။ သို့သော် မိန်းမတစ်ယောက်ကို မိမိ ကာမပိုင်ဖြစ်အောင် ဘာသာရေး သတ်မှတ်ချက်များအရ မည်သို့ ဆောင်ယူမည်နည်း။ ထေရ၀ါဒ ဗုဒ္ဓစာပေတွင် ဝေးဝေးလံလံ ရှာစရာ မလိုပါ။ နံပါတ် ၁၁ မှ ၂၀ အထိ အင်္ဂါရပ်များနှင့် ပြည့်စုံစွာ သူတပါးက ဆောင်ကြဉ်းပြီးသော မိန်းမကို သူတပါးပိုင်ဟု ပြဆိုထားသဖြင့် ၄င်းအင်္ဂါရပ်များအနက် တခုခုနှင့် ပြည့်စုံလျှင် မိမိ၏ ကာမပိုင် မိန်းမဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။

တနည်းအားဖြင့် အောက်ပါ နည်းလမ်းများဖြင့် မိန်းမတစ်ယောက်ကို မိမိကာမပိုင်မိန်းမအဖြစ် ဆောင်ယူပြီး စိတ်ချလက်ချ ပေါင်းသင်းနိုင်ပါသည်။ (သို့သော် … မိန်းကလေး အလိုမတူလျှင် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။)

၁။ မိဘများထံ ပစ္စည်းတစုံတရာဖြင့် တင်တောင်းခြင်း

၂။ မိမိကို ချစ်ကြိုက်၍ အလိုတူစေခြင်း (မိမိကို ပထမဆုံး ချစ်ကြိုက်သူ မိမိ၏ ရည်းစား၊ အောက်တွင် အကျယ်ရှင်းမည်။)

၃။ မိမိ၏ ဥစ္စာ စည်းစိမ်ကို အပ်နှင်းခြင်း (လစာငွေအပ်ခြင်း)

၎။ အ၀တ်အစား ဆင်ပေးခြင်း (အ၀တ်အစား ၀ယ်ပေးခြင်း)

၅။ မိဘများက လက်ထပ်ပေးလိုက်ခြင်း (လူကြီး သဘောတူလို့ ပေးစားခြင်း)

၆။ ဒေသထုံးစံအရ မိမိပိုင်ဟု ဆုံးဖြတ်ပေးထားခြင်း (အောက်တွင် အကျယ်ရှင်းမည်။)

၇။ ပိုက်ဆံပေး၍ ကာလအပိုင်းအခြားအလိုက် ၀ယ်ယူခြင်း (ကြေးစားမိန်းမကို ငှားရမ်းခြင်း၊ အောက်တွင် အကျယ်ရှင်းမည်။)

ကျွန်ကို မယားအဖြစ်သိမ်းခြင်း၊ အမှုထမ်းကို မယားအဖြစ်သိမ်းခြင်းနှင့် စစ်သုံ့ပန်းကို မယားအဖြစ် သိမ်းခြင်းတို့မှာ မျက်မှောက်ခေတ်တွင် နည်းပါးသဖြင့် မဖော်ပြတော့။

ထေရ၀ါဒ ကျမ်းဂန်များအရ "ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ" ဟု ဆိုထားသဖြင့် မိန်းကလေးတစ်ယောက်၏ ချစ်သူ ရည်းစားသည် အဆိုပါ မိန်းကလေး၏ ကာမပိုင် လင်ယောက်ျားပင် ဖြစ်သည်။ သို့ရာတွင် ယုတ္တိဗေဒဖြင့် စဉ်းစားကြည့်လျှင် ဒွိဟဖြစ်စရာ အခြေအနေ ၂ မျိုးရှိသည်။ ပထမတစ်မျိုးမှာ ရည်းစား အများအပြားရှိသော မိန်းကလေးဖြစ်ပြီး ဒုတိယတစ်မျိုးမှာ အုပ်ထိန်းသူရှိ ပထမ ၈ မျိုးတွင် အပါအ၀င်ဖြစ်နေခြင်း (ဥပမာ မိဘနှင့် အတူနေလျှက် မိမိကို ချစ်ကြိုက်သဖြင့် တနေရာတွင် ပေါင်းဖော်ခြင်း) ဖြစ်သည်။ ပထမတစ်မျိုးအတွက် ရှင်းချက်မှာ လွယ်ကူသည်။ အဆိုပါ မိန်းကလေးနှင့် ပထမဆုံး ပေါင်းဖော်သူ ရည်းစား (ရည်းစားဦး) သည် ၄င်း၏ ကာမပိုင် လင်သား ဖြစ်သဖြင့် ကျန်ရည်းစားများ ကာမေသုမိစ္ဆာစာရကံ ထိုက်သည် (ရည်းစားဦးမှာ ကံမထိုက်)။ ဒုတိယတစ်မျိုးမှာ စာရေးသူ မရှင်းတတ်ပါ။ သို့သော် … အုပ်ထိန်းသူမသိအောင် (ခိုးထွက်၍) ချိန်းတွေ့စဉ်/ခိုးရာလိုက်စဉ် ဖြစ်ပွားသော ကိစ္စတို့မှာ အုပ်ထိန်းသူလက်မှ လွတ်နေချိန်ဖြစ်သဖြင့် ကံမထိုက်ဟု ဆုံးဖြတ်ရမည်ဟု ထင်သည်။ ၄င်းကို ကျမ်းတတ် ဆရာတော်များထံ လျှောက်ထား မေးမြန်း အဆုံးအဖြတ် ခံယူသင့်သည်။

ဒေသထုံးစံအရ ကာမပိုင်ဟု ဆုံးဖြတ်ခြင်းဆိုသည်မှာ အချို့သော ဒေသ၊ ယဉ်ကျေးမှု ထုံးစံတို့တွင် လင်မယားအရာ မြောက်သည်ဟု သတ်မှတ်သော သတ်မှတ်ချက်များရှိသည်။ (ဥပမာအားဖြင့် အချို့ဒေသများတွင် မိန်းကလေး/ယောက်ျားလေးအိမ်ရှေ့တွင် ပန်းအိုး/ဟင်းအိုး ချထားပြီး မိန်းကလေး/ယောက်ျားလေးက ထွက်ယူလိုက်ပါက အကြင်လင်မယားအရာ မြောက်သည်ဟု သတ်မှတ်တတ်သည်။) ၄င်းတို့ကို ဆိုလိုခြင်း ဖြစ်သည်။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ ဟု ဆိုရာတွင် ၄င်းသည် ဗုဒ္ဓဟောကြားစဉ်က ၄င်းဒေသတွင် သတ်မှတ်ထားသော သတ်မှတ်ချက် ဖြစ်မည်ဟု ယူဆသဖြင့် ဒေသထုံးစံအရ ကာမပိုင်ဟု ဆုံးဖြတ်ခြင်းတစ်ရပ် ထည့်သွင်းရခြင်း ဖြစ်သည်။ ဤအချက်ကိုလဲ သေချာစေရန် ဆရာတော်များထံ မေးမြန်းသင့်သည်။

မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ ဟု ကျမ်းဂန်တွင် ဆိုထားသဖြင့် အချို့က ပြည့်တန်ဆာနှင့် ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ယူဆကြသည်။ စာရေးသူ ဤသို့ မယူဆခြင်းမှာ အကြောင်းအချက် ၃ ရပ်ကြောင့် ဖြစ်သည်။

ပထမ အကြောင်းမှာ ၄င်းကို ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ယူပါက သြဒ၀တ္တကိနီဓရ အစရှိသော လူကြီးတို့ ထိမ်းမြားပေးသော မိန်းမ အစရှိသော သူတို့နှင့် သွားလာ ပျော်ပါးခြင်းသည်လဲ ကာမေသုမိစ္ဆာစာရကံ ထိုက်မည်ဟု ယူရမည်ဖြစ်သည် (၄င်းတို့သည် စာရင်းတစ်ခုတည်းတွင် ပါရှိသည်)။ သို့ဆိုလျှင် မည်သည့်နည်းနှင့်မျှ ကာမေသုမိစ္ဆာစာရကံမှ လွတ်ရန် လမ်းမမြင်တော့။ တနည်းအားဖြင့် ကာမေသုနှင့် အဗြဟ္မစရိယာပုဒ် ခွဲခြားရန် မလိုတော့။ ဗုဒ္ဓက ၄င်းတို့ ၂ ခုကို ခွဲခြား ဟောပြခဲ့သဖြင့် ကြေးစားမိန်းမကို ငွေပေး၍ ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရ ကံမမြောက်။

ဒုတိယ အကြောင်းမှာ ဗုဒ္ဓဘုရား သက်တော်ထင်ရှားရှိစဉ်က ဥတ္တရာဆိုသူ ဗုဒ္ဓဘာသာဝင် သောတာပန် အမျိုးသမီးတစ်ယောက်သည် ဘာသာခြားနှင့် အိမ်ထောင်ဖက် ပြုသည်။ ၄င်းသည် ဗုဒ္ဓအမှူးရှိသော သံဃာတော်များကို ဆွမ်းလှူဒါန်း၍ ဥပုပ်သီလ ဆောက်တည်လိုသောအခါ (ဖခင်ထံမှ မုန့်ဖိုးတောင်း၍) ပြည့်တန်ဆာတစ်ယောက် (သီရိမာ) ကို ငှားရမ်းကာ သူ့ယောက်ျားနှင့် ၇ ရက် ပေါင်းဖော်စေပြီးနောက် ဘုရားအမှူးရှိသော သံဃာများကို ဆွမ်းလှူဒါန်း၊ ဥပုပ်ဆောက်တည်သည်။ (၄င်းငှားထားသော ပြည့်တန်ဆာမက သူ့နေရာကို အပိုင်လိုချင်ကာ ၄င်း၏ ခေါင်းပေါ်သို့ ထောပတ်ပူအိုးကို လောင်းချသည်။) အကယ်၍ ပြည့်တန်ဆာနှင့် ပေါင်းဖော်ခြင်းသည် အကုသိုလ်ကံ ဖြစ်မည်ဆိုပါက ဗုဒ္ဓက ဒီအတိုင်း ကြည့်မနေပဲ ချစ်သမီး … ဤသို့ပြုရန်မသင့်၊ နည်းလမ်းမှန်မှာ ဤသို့ဖြစ်သည်ဟု ဟောပြော ဆုံးမမည်ဖြစ်သည်။ ၄င်းကို မတွေ့ရ။

တတိယနောက်ဆုံးနှင့် အခိုင်လုံဆုံး အကြောင်းမှာ ဂုရုဓမ္မဇာတ်ဖြစ်သည်။ ၄င်းဇာတ်တွင် မိုးခေါင်ရေရှားသဖြင့် မိုးရွာမည့်နည်းကို မိုးမှန်သော အိမ်နီးချင်းတိုင်းပြည်သို့ မေးစေရာ တတိုင်းပြည်လုံး ပြည့်တန်ဆာအဆုံး ငါးပါးသီလ မြဲကြကြောင်း သိရသည်။ ပြည့်တန်ဆာသည် အုပ်ထိန်းသူရှိသော မိန်းမ ၂၀ တွင် အမှတ် ၂၀ (ကာမေသုမိစ္ဆာစာရကံ ထိုက်ပါက ယောက်ျားရော မိန်းမပါ ကံထိုက်သည့် အမျိုးအစား) ဖြစ်ပြီး ဤဇာတ်တော်တွင် ပြည့်တန်ဆာသည် ၅ ပါးသီလကို လုံအောင် စောင့်ထိန်းနိုင်သည်ဟု ဆိုခြင်းကြောင့် ပြည့်တန်ဆာနှင့် သွားလာတိုင်း (သွားလာခြင်း သက်သက်ကြောင့်) ကာမေသုမိစ္ဆာစာရကံ မထိုက်ကြောင်း သိသာသည်။ သို့ရာတွင် အဆိုပါ ဇာတ်တော်ပါ ပြည့်တန်ဆာသည် လူတစ်ဦးထံမှ ငွေလက်ခံပြီးလျှင် ၄င်းကို မဖျော်ဖြေပြီးမချင်း အခြားသူများထံမှ ငွေလက်မခံပဲ နေသည် ဟုဆိုခြင်းကြောင့် မိမိအတွက် မိမိကိုယ်တိုင် ငှားရမ်းထားသော သူတပါးနှင့် ကြွေးကျန်မရှိသည့် ပြည့်တန်ဆာနှင့် ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရကံ မထိုက်ဟု စာရေးသူ ဆုံးဖြတ်မိပါသည်။

ဗုဒ္ဓဘာသာ သွန်သင်ဆုံးမချက်များနှင့် နှောင်းလူတို့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့အတွက် ဘာသာရေးကို ခုတုံးလုပ်၊ လိုရာဆွဲပြောသော ဟောပြောချက်များကို ခွဲခြားနားလည်နိုင်ကြပါစေ။

ကိုးကား။ http://sakarwarmyay.blogspot.com/2008/07/blog-post_09.html

http://www.venvicitta.com/2009/04/blog-post_26.html

Sunday, October 11, 2009

ဥာဏ်စမ်းပဟေဠိများကို ကွန်ပျူတာ အသုံးပြု ဖြေရှင်းခြင်း

သင်္ချာဥာဏ်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိ၊ စကားအသွားအလာနှင့် ဘာသာစကားလှည့်ကွက်အပေါ်တွင် အခြေခံသော ဥာဏ်စမ်းပဟေဠိနှင့် အကြားအမြင် ဗဟုသုတ အပေါ်တွင် အခြေခံသည့် ဥာဏ်စမ်းပဟေဠိစသည်ဖြင့် ဥာဏ်စမ်းပဟေဠိ အမျိုးမျိုး ရှိရာ အချို့သော ပဟေဠိများသည် ထည့်သွင်း စဉ်းစားရမည့် ဖြစ်နိုင်သော အဖြေ အရေအတွက် အတိုင်းအဆမရှိ များပြားမှုအပေါ်တွင် အခြေခံလေသည်။ ရှေးက လူအားဖြင့်သာ ဥာဏ်စမ်းပဟေဠိများကို အဖြေထုတ်ခဲ့ကြရာတွင် ဖြစ်နိုင်သော အဖြေ အလွန်များပြားသော ပဟေဠိများမှာ အဖြေကို ကြိုတင် မသိသူ ဖြေဆိုသူတို့ လက်မြှောက်အရှုံးပေးရသည်သာ များသော်လည်း ယနေ့ကွန်ပျူတာခေတ်တွင်မူ ၄င်းတို့ကို အလွယ်တကူ အဖြေထုတ်နိုင်ပြီ ဖြစ်သည်။ ယခုဆောင်းပါးတွင် ၄င်းပဟေဠိ ၂ ပုဒ်ကို ကွန်ပျူတာ အသုံးပြု ဖြေရှင်းပုံကို ဖော်ပြမည်ဖြစ်သည်။

ပထမ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ လယ်သမားတစ်ယောက်သည် သူ၏ခြံတွင် မွေးမြူရန်အတွက် နွား၊ ၀က်နှင့် ကြက် စုစုပေါင်း အကောင် ၁၀၀ ၀ယ်လိုသည်။ ပိုက်ဆံလဲ ၁၀၀ ကျပ်သာရှိသည်။ ၃ မျိုးလုံးလဲ မွေးလိုသေးသည်။ နွားတစ်ကောင် ၁၀ ကျပ်၊ ၀က်တစ်ကောင် ၃ ကျပ်နှင့် ကြက်တစ်ကောင် ၅ မူး (၀.၅၀ ကျပ်) ဖြစ်သော် အကောင် ၁၀၀ ရအောင် ငွေ ၁၀၀ နှင့် ဘယ်လို ၀ယ်မည်နည်း။ တနည်းအားဖြင့် မသိကိန်း ၃ လုံးပါ၊ တပြိုင်နက် ညီမျှခြင်း ၂ ကြောင်း ပုစ္ဆာဖြစ်သည်။ သီဝရီအရ အဖြေ မရှိ၊ တစ်ခုတည်းသာ၊ အများအပြား ရှိနိုင်သော ပုစ္ဆာအမျိုးအစားလဲ ဖြစ်သည်။ တပြိုင်နက် ညီမျှခြင်း အများအပြားပါ တပြိုင်နက် ညီမျှခြင်း စနစ် (System of Linear Equations) တစ်ခုကို မက်ထရစ် ညီမျှခြင်း တစ်ကြောင်းဖြင့် ဖေါ်ပြနိုင်ရာ လှန်မက်ထရစ်ယောင် (Pseudo Inverse) ကိုအသုံးပြုပြီး ဖြစ်နိုင်သည့် အဖြေများကို အလွယ်တကူ တွက်ထုတ်နိုင်ပါသည်။

၎င်း သင်္ချာနည်း၏ အားနည်းချက်မှာ ၄င်းနည်းစနစ်သည် ကိန်းစစ် မြှောက်ဖော်ကိန်း (Real Number Coefficients) များအတွက် နည်းစနစ် ဖြစ်နေသဖြင့် ကိန်းစစ် အဖြေတွဲ အများအပြား ထွက်လာနိုင်ခြင်းပင် ဖြစ်သည်။ (Matlab မရှိသဖြင့် စာရေးသူ မစမ်းကြည့်ပါ။) မွေးရန် ၀ယ်သော နွား၊ ၀က်၊ ကြက်တို့ကို တ၀က်၊ တစိတ် စသဖြင့် ၀ယ်မရနိုင်ပါ (တ၀က်ဝက်ရင် သေကုန်မှာပေါ့)။ တနည်းအားဖြင့် အဖြေသည် အပေါင်း ကိန်းပြည့် ၃ ခု ဖြစ်ရမည်။ ပေါင်းလျှင် ၁၀၀ ရသော အပေါင်းကိန်းပြည့် များစွာရှိရာ ကွန်ပျူတာ အကူအညီမယူသော သင်္ချာသီးသန့်သမားတို့အတွက် ခက်ခဲသော ပုစ္ဆာဖြစ်သည်။ ကွန်ပျူတာ ပညာရှင် တစ်ဦးသည် ဤပုစ္ဆာကို မျက်ကန်းနည်း (Brute Force Method) အသုံးပြုခြင်းဖြင့် အလွယ်တကူ ဖြေရှင်းနိုင်သည်။ နွား အရေအတွက် အမျိုးမျိုး၊ ၀က်အရေအတွက် အမျိုးမျိုးနှင့် ကြက်အရေအတွက် အမျိုးမျိုးတို့အတွက် အစီအစဉ်ငယ်တစ်ခုကို လျှင်မြန်စွာရေးသားပြီး ၄င်းတို့ ပေါင်းလဒ်၊ ၄င်းတို့၏ ကျသင့်ငွေ တို့ကို တွက်ချက်ကာ နှစ်ခုလုံး ၁၀၀ ဖြစ်သော အဖြေကို ထုတ်ပေးရုံသာဖြစ်သည်။ (အဖြေမှာ နွား ၅၊ ၀က် ၁၊ ကြက် ၉၄ ဖြစ်သည်။)

မှတ်ချက် ။ ။ ယခု ပုစ္ဆာသာလျှင် လွယ်ကူခြင်း ဖြစ်သည်။ ကိန်းပြည့် မသိကိန်း အများအပြားနှင့် ညီမျှခြင်း အရေအတွက် အနည်းငယ် (ညီမျှခြင်း အရေအတွက်က မသိကိန်းအရေအတွက်ထက် ပိုနည်းနေသော) ပုစ္ဆာပုံစံကွဲတစ်ခုကို စစ်ဆင်ရေး သုတေသန (Operation Research) ဘာသာရပ်တွင် Integer Linear Programming (ILP) အမည်နှင့်တွေ့ရပြီး ခက်ခဲသော ပုစ္ဆာဖြစ်သည်။

ဒုတိယ ပုစ္ဆာတွင်မူကား မျက်ကန်းနည်း အသုံးပြုရန် အဆင်မပြေတော့ပေ။ ပုစ္ဆာမှာ ဤသို့ဖြစ်သည်။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံး (တစ်လုံးကို တစ်ကြိမ်စီသာပါဝင်သော) သန်းရာဂဏန်းရှိ ကိန်းတစ်လုံးသည် ၉ နှင့် စားလို့ ပြတ်သည်။ အဆိုပါ ကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်လိုက်သော ဂဏန်း ၈ လုံးပါ ကိန်း (၁၀ နှင့်စားလျှင် ရသော ရလဒ်) သည် ၈ နှင့် စားလို့ ပြတ်သည်။ တဖန် ထိုကိန်းမှ ခုဂဏန်းကို ဖယ်ထုတ်ပါက ကျန်သော ကိန်းသည် ၇ နှင့် စားလို့ ပြတ်သည်။ နောက်ဆုံး ၁ လုံးသာ ကျန်သည်အထိ ဤနည်းအတိုင်း တစ်လုံးဖယ်တိုင်း ကျန်သော ဂဏန်းအရေအတွက်နှင့် စားလို့ ပြတ်ရသည်။ တနည်းအားဖြင့် ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သည်။ ထိုကိန်းကို ရှာပါ။ မျက်ကန်းနည်းနှင့် တွက်လျှင် သန်းတစ်ရာ (၁၀၀ ၀၀၀ ၀၀၀) မှ ကိုးရာ ကိုးဆယ့် ကိုးသန်း ကိုးသိန်း ကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုး (၉၉၉ ၉၉၉ ၉၉၉) အထိ ကိန်းပေါင်း သန်း ၉၀၀ နီးပါးကို ၁ မှ ၉ အထိ ကိန်းများဖြင့် စားလို့ ပြတ်မပြတ် တွက်ထုတ် (ဂဏန်းများ ထပ်နေမနေ စစ်) ရမည် ဖြစ်သဖြင့် သိပ်အဆင်မပြေသော နည်းဖြစ်သည်။ (၁ မှ ၉ အထိ စားပြတ်မပြတ် တစ်ခါတွက်လျှင် ၁ စက္ကန့်၏ တစ်သန်းပုံ တစ်ပုံသာ ကြာသည်ထား … အနည်းဆုံး စက္ကန့် ၉၀၀ = ၁၅ မိနစ်မျှ ကြာသွားနိုင်သည်။ မစမ်းကြည့်ပါ။)

အမှန်မှာ ၄င်းသည် ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ၉ နေရာတွင် စီခိုင်းသော (စီပြီးလျှင် စစ်ခိုင်းသော) အစီ ပုစ္ဆာ (Permutation Problem) သာဖြစ်သည်။ အစီ ပုံသေနည်းအရ ဖြစ်နိုင်သည့် ကိန်းပေါင်း ၉ x ၈ x … x ၁ = ၃၆၂၈၈၀ သာ ရှိသည်။ အကယ်၍ ကုန်ကျစရိတ်နည်းသော အစီ နည်းလမ်းစဉ်သာ ရှိခဲ့လျှင် ပွဲပြတ်ပြီ ဖြစ်သည်။ (ကံဆိုးသည်မှာ အထူးတည်ဆောက်ထားသော ကွန်ပျူတာများမှ အပ မရှိ။) သို့ရာတွင် ၁၅ မိနစ်ထက်တော့ မြန်မည်မှာ သေချာပါသည်။ (မစမ်းကြည့်ပါ။) ၂ နည်းစလုံးသည် လူအားဖြင့် တွက်ထုတ်ရန် မဖြစ်နိုင်သည်မှာကား သေချာပေသည်။

အဆိုပါ ပုစ္ဆာကို ပြင်ပ သင်္ချာဗဟုသုတများဖြင့် အားဖြည့်ကာ ပိုမိုကောင်းမွန်သော အစီအစဉ် တစ်ရပ်ကို ဆွဲသားနိုင်ပါသည်။ အသုံးပြုသော သင်္ချာနည်းစနစ်မှာ ကိန်းတစ်လုံးကို ၁ မှ ၉ အထိ ဂဏန်းများနှင့် စားလျှင် ရမည့် စားကြွင်းကို ရှာသော နည်းလမ်းများဖြစ်သည်။ အစီအစဉ် မဆွဲမီ ဖြစ်နိုင်သော ကိန်းများကို အောက်ပါအတိုင်း ဆင်ခြင်သည်။ (x နေရာ = အဖြေကိန်းကို ဘယ်ဘက်မှ ရေတွက်လျှင် x နေရာ)

  • ကိန်းတစ်လုံးကို ၉ နှင့် စားပြတ်၊ မပြတ် သိရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများပေါင်းလဒ်ကို ၉ ဖြင့် စားကြည့်နိုင်သည် (သို့မဟုတ် ပေါင်းနေရင်း ၉ ပြည့်လျှင် ဖယ်ဖယ်ထားခဲ့နိုင်သည်။) ပါဝင်ရမည့် ဂဏန်းများမှာ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးဖြစ်သည်။ ၁ + ၈ = ၂ + ၇ = ၃ + ၆ = ၄+ ၅ = ၉ ဖြစ်ရာ … ၁ မှ ၉ အထိ ဂဏန်းအားလုံး (တစ်လုံးကို တစ်ကြိမ်စီသာ ပါဝင်သော) ကိန်းသည် ၉ နှင့် အလိုအလျောက် စားလို့ ပြတ်သည်။ ထည့်သွင်းစဉ်းစားရန်မလို။ ၁ မှ ၉ အထိ ဂဏန်း ၉ လုံးကို ရှေ့ ၈ နေရာတွင်သာ နေရာချ စမ်းသပ်ကြည့်ပြီး ပြေလည်ပါက ကျန်ခဲ့သော တစ်လုံးဖြင့် ၉ နေရာကို အလွယ်တကူ ဖြည့်နိုင်သည်။
  • ကိန်းတစ်လုံးကို ၂ (၄ နှင့် ၈) တို့နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် ညာဘက်ဆုံး ၁ လုံး (၂ လုံးနှင့် ၃ လုံး) သည် ၂ (၄ နှင့် ၈) ဖြင့် စား၍ ပြတ်ရသည်။ ထို့ကြောင့် ၂ နေရာတွင် စုံကိန်းတစ်လုံး (၃၄ နေရာတွင် ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း တစ်လုံး၊ ၆၇၈ နေရာတွင် ၈ နှင့် စားပြတ်သော ရာဂဏန်း တစ်လုံး) ကို ဖြည့်သွင်းရမည်။
  • ကိန်းတစ်လုံးကို ၃ နှင့် စားပြတ်၊ မပြတ် သိနိုင်ရန်အတွက် အဆိုပါကိန်းတွင် ပါဝင်သော ဂဏန်းများ၏ မူလတန်ဖိုးများ ပေါင်းလဒ်ကို ၃ ဖြင့် စားကြည့်နိုင်သည်။ ၄င်းကို အခြေခံ၍ ၂ နေရာရှိ ဂဏန်းနှင့် ၃ နေရာရှိဂဏန်းတို့ကို အခြေခံ၍ ၁ နေရာရှိ ဂဏန်းကို တွက်ချက်နိုင်သည်။၂ နေရာတွင် စုံကိန်းတစ်လုံး သေချာပေါက်ရှိပြီး ၃၄ နေရာတွင် ၄ နှင့် စားပြတ်သော ဆယ်ဂဏန်း တစ်လုံး သေချာပေါက် ရှိမည်ဖြစ်သဖြင့် ၁၂၃၄ နေရာရှိ ဂဏန်းများ ဖြစ်နိုင်ခြေသည် ၉ x ၈ x ၇ x ၆ =  ၃၀၂၄ မှ ၃ × သုညမဟုတ်သော ၁၀ အောက် စုံကိန်း (၂၊ ၄၊ ၆၊ ၈) အရေအတွက် x ၄ နှင့်စားပြတ်သော ဆယ်ဂဏန်း အရေအတွက် (၃ × ၄ x ၂၂ = ၂၆၄) သို့ကျဆင်းသွားမည်။ (စာရေးသူ စမ်းသပ်ရာတွင် ဤနည်းကို မသုံးပဲ ကိန်း ၉၉၀ လုံးကို ၃ နှင့်စားပြတ်၊ မပြတ် စစ်ထားပါသည်။)
  • ကိန်းတစ်လုံးကို ၅ နှင့် စားပြတ်ရန် အဆိုပါကိန်းသည် ၀ (သုည) သို့မဟုတ် ၅ နှင့် ဆုံးရမည်ဖြစ်သည်။ ၀ (သုည) ကို ပုစ္ဆာအရ သုံးခွင့်မရှိသဖြင့် ၅ နေရာတွင် ရှိမည့် ဂဏန်းမှာ ၅ သာလျှင် ဖြစ်သည်။

အထက်ဖော်ပြပါ ထိုးထွင်းသိများဖြင့် အစီအစဉ်တစ်ရပ်ကို အမြန် ဆွဲသား တွက်ချက်ခဲ့ရာ ဂဏန်းတွဲ အရေအတွက် ၂၄၁၉၂၀ ကိုသာ စိစစ်ခဲ့ပြီး (၃၆၂၈၈၀ နှင့်နှိုင်းစာလျှင် ၃ ပုံ ၂ ပုံခန့်) ၆ နေရာ၊ ၇ နေရာတို့တွင် ၀ (သုည) ပါဝင်နိုင်ပြီး ဂဏန်း တစ်မျိုးစီကို တစ်ကြိမ်ထက် ပိုမိုပါဝင်နိုင်သော်လည်း ဘယ်ဘက်ဆုံး x လုံးကို x နှင့်စား၍ ပြတ်သော ကိန်း ၄၆၃ လုံးကို ရရှိခဲ့သည်။ ၄င်းတို့ကို ပါဝင်သော ဂဏန်းများ ၀ (သုည) ဖြစ်၊ မဖြစ်နှင့် ထပ်၊ မထပ် စစ်ဆေး စစ်ထုတ်ခြင်းဖြင့် အဖြေကို ရလေတော့သည်။ (အဖြေမှာ ၃၈၁ ၆၅၄ ၇၂၉ ဖြစ်သည်။)

ရွှေပွဲလာအပေါင်း ဖြစ်နိုင်ခြေ ထောင်သောင်းချီသည့် ပုစ္ဆာများကို အလွယ်တကူ အဖြေထုတ်နိုင်ကြပါစေ။

စာရေးသူ စမ်းသပ် ရေးသားထားသော အစီအစဉ်များကို ရယူရန်

Sunday, September 13, 2009

အငြင်းအခုန်ကိစ္စ

BLUE SKY FOREST တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

အငြင်းအခုန် ဆိုတာကို ကျွန်တော်တို့မြန်မာတွေက ကောင်းတဲ့သဘောထက် ဆိုးတဲ့သဘော ဒါမှမဟုတ် မကောင်းတဲ့လက္ခဏာဆောင်တဲ့ကိစ္စလို့ ယူဆထားပုံရပါတယ်။ လူကြီး အများစုက ကလေးတွေ အငြင်းအခုန် လုပ်နေရင်မကြိုက်ကြပါဘူး။ မငြင်းခုန်ကြဖို့သတိပေးပါတယ်၊ တားမြစ်ပါတယ်၊ ချိန်းခြောက်ပါတယ်။ တချို့ ဆိုအပြစ်ပေးတဲ့အထိ၊ နာကျင်စေတဲ့အထိတောင် တုံ့ပြန်တတ်ကြပါတယ်။ သူတို့ရဲ့  အဲဒီလိုဆောင်ရွက်မှုကို "ဆုံးမခြင်း" ဆိုတဲ့ခေါင်းစဉ်အောက်မှာ အလွယ်တကူပဲ သူတို့က ထည့်ထားတတ်ကြပါတယ်။ အနိမ့်ဆုံးအဆင့် ကလေးတွေ အငြင်းအခုန်လုပ်တာ သူတို့အတွက် ဆူတယ်၊ နားပူစေတယ်၊ အနှောက်အယှက်ဖြစ်စေတယ်ပေါ့။

နောက်တချက်ကတော့ အငြင်းအခုန်ကနေဖြစ်လာတတ်တဲ့ သဘာဝ (တစ်ခုဖြစ်တဲ့) ရန်ဖြစ်တဲ့ကိစ္စပါ။ အငြင်းအခုန် မလုပ်ခင်ကတော့မိတ်ဆွေ၊ အငြင်းအခုံမှာမပြေလည်ရာက နောက်ပိုင်းမှာ ရန်သူသဘောဆောင်သွားတာတွေကို မလိုလားအပ်တဲ့ကိစ္စလို့ ကျွန်တော်တို့လူကြီးတွေသဘောထားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာဖြစ်တတ်တဲ့ သဘာဝတစ်ခုမို့ မလိုလားအပ်တဲ့ကိစ္စလို့ သဘောထားမယ့်အစား သတိထားသင့်တဲ့ကိစ္စ၊ သတိနဲ့ငြင်းခုန်သင့်တဲ့ကိစ္စလို့ သဘောထားလိုက်ရင် အငြင်းအခုန်ကိစ္စဟာ တိုးတက်မှုတစ်ခုအဆင့်ရောက်သွားပါလိမ့်မယ်။ဲဒီသတိတစ်ချက်မထားမိတာနဲ့ပဲ ငြင်းခုံမှုဟာ လူအများငြိုငြင်စရာကိစ္စ ဖြစ်လာရတယ်လို့ထင်ပါတယ်။ ဒီလိုနဲ့ မြန်မာလူငယ်တွေရဲ့ ငြင်းခုံလိုစိတ်နဲ့ ငြင်းခုန်တဲ့သဘာဝဟာ လူကြီးတွေရဲ အဟန့်အတားအောက်မှာ ကောင်းကောင်းထွန်းကားခွင့်မရခဲ့ဘူးလို့ဆိုပါရစေ။

တကယ်တော့ အငြင်းအခုန်လုပ်တာကို စံနစ်တကျနဲ့ ထွန်းကားလာအောင်လုပ်ပေးဖို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်။ ရန်များတဲ့ကိစ္စ၊ ဆူတဲ့ပူတဲ့ကိစ္စလို့သဘောမထားပဲ အဖြေမှန်တခု ထွက်လာအောင်၊ ပိုကောင်းတဲ့အရာတခု ရလာအောင် အမြင်မတူတာတွေကိုပေါင်းစပ်နိုင်အောင်၊ တဘက်နဲ့တဘက်နားလည်ပေးနိုင်အောင်၊ သဘောထားတတ်လာအောင်၊ မတူညီတဲ့အမြင်ကို တန်ဘိုးထားတတ်လာအောင်၊ အငြင်းအခုံကနေ နှစ်ဘက်အကျိုးအမြတ်ရလာအောင်၊ နည်းမှန် လမ်းမှန်နဲ့ ပြုပြင်ပေးရင်၊ အမျှော်အမြင်နဲ့ ပျိုးထောင်ပေးရင်၊ ဒီအလေ့အကျင့်က ခိုင်မာထွန်းကားလာခဲ့ရင်၊ အသိဥာဏ်ပွင့်လင်းပြီးတိုးတက်တဲ့ ယဉ်ကျေးမှုနယ်ပယ် တခုကိုတည်ဆောက်နိုင်ပါလိမ့်မယ်။

အခုလိုပြောရတာက တိုးတက်ထွန်းကားပြီး ဒီမိုကရေစီနဲ့ ပွင့်လင်းတဲ့လူ့အဖွဲ့ အစည်းတွေဟာ ဒီလိုအလေ့အကျင့်ကောင်းတွေကိုအားပေးကြတယ်ဆိုတဲ့အချက်ကိုအခြေခံပြီးပြောနေတာပါ။ကောင်းကောင်းမွန်မွန်ငြင်းတတ်တယ်ဆိုတာက ယဉ်ကျေးမှုတခုပဲလို့သဘောထားနိုင်ကြဖို့ပါ။လူကြီးတွေကြောင့်အခုလိုဖြစ်ရတာဆိုတဲ့အချက်ကို အငြင်းအခုန်လုပ်ချင်နေတာမဟုတ်ပါဘူး။

ဒါပေမယ့်ငြင်းခုံစရာအချက်တွေပါနေရင် မိတ်ဆွေတို့က ထောက်ပြလာမယ့်အချက်တွေကိုဆက်ပြီး (စာရေးသူ Blue Sky Forest က) ဆွေးနွေးသွားပါ့မယ်။ ဆက်ပြီးငြင်းခုန်နိုင်ကြဖို့ခဏနားလိုက်ပါဦးမယ်။ပြောစရာတွေရှိနေပါသေးတယ်။

Blue Sky Forest

Thursday, August 27, 2009

အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး ၂

ကိန်းပြည့် X နှင့် Y တို့၏ မြှောက်လဒ် XY တွင်ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်သည် ကိန်းပြည့် X တွင် ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်နှင့် ကျန်ကိန်းပြည့် Y တွင် ပါဝင်သော ဂဏန်းများ၏ ပကတိ တန်ဖိုးများကို ဂဏန်း တစ်လုံးတည်း ရသည်အထိ ပေါင်းလိုက်သော ပေါင်းလဒ်တို့ မြှောက်လဒ်နှင့် တူညီကြောင်း အဖြေမှန် အမြန်ရွေး ပညာသင်ဆု ဘယ်မဝေး ၁ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခု ၄င်း ဂုဏ်သတ္တိ မှန်ကန်ကြောင်း သက်သေပြမည် ဖြစ်သည်။

သက်သေပြရန်။ ပေးထားသော ကိန်းပြည့်တစ်ခု Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n အတွက်

မှီချက် f(Z) = f(z0 + z1 + z2 + … + zn) if z0 + z1 + z2 + … + zn > 9;

f(Z) = z0 + z1 + z2 + … + zn otherwise ဖြစ်ပါစေ။ f(XY) = f(f(X).f(Y)) ဖြစ်သည်။

သက်သေပြချက်။

အစားသီဝရီ (Theory of Division a.k.a Procedure of Division) အရ မည်သည့်ကိန်းပြည့် Z ကိုမဆို Z = pq + r ပုံစံနဲ့ ဖေါ်ပြနိုင်ပါတယ် (Z၊ p၊ q နှင့် r တို့သည် ကိန်းပြည့်များဖြစ်၍ r သည် q ထက်အမြဲငယ်သည်)။ အဲဒီမှာ q = 9 လို့ ထားလိုက်ရင် မည်သည့် ကိန်းပြည့် Z ကိုမဆို Z = 9p + r အဖြစ် ရေးနိုင်ပါတယ်။ (အဲဒီ p နဲ့ r ဟာ Z ကို q နဲ့စားလို့ရတဲ့ စားလဒ်နဲ့ စားကြွင်းဖြစ်ပြီး r သည် 9 ထက်အမြဲငယ်ကြောင်း သတိပြုပါ။) အဲဒီတော့ ကိန်းပြည့် Z = 9p + r တိုင်းဟာ 9 နဲ့ စားရင် p ရပြီး r ကြွင်းပါတယ်။

ကိန်းပြည့် Z မှာပါတဲ့ ဂဏန်းတွေရဲ့ မူလတန်ဖိုးတွေအားလုံး ကိန်းတစ်လုံးထဲဖြစ်အောင် ပေါင်းတဲ့ ရလဒ် f(Z) ဟာ အဲဒီကိန်းပြည့် Z ကို 9 နဲ့စားလို့ရတဲ့ စားကြွင်း (Z mod 9) နဲ့ တူပါတယ် (9 ခုကြွင်း သက်သေပြချက်တွင် သက်သေပြပြီး)။ ဥပမာ၊ 834 ကို ပေါင်းကြည့်မယ်ဆိုရင် 8 + 3 + 4 = 15; 1 + 5 = 6 ရပြီးတော့ 834 ကို 9 နဲ့ စားမယ်ဆိုရင် (စားလဒ်က 92) စားကြွင်းက 6 ရပါမယ်။ ဒါကြောင့် f(Z) = Z mod 9.

X = 9a + b ၊ Y = 9c + d ဖြစ်ပါစေ။

XY = (9a + b)(9c + d)

ညီမျှခြင်း၏ လက်ယာဘက်ခြမ်းမှာ …

f(XY) = f((9a + b)(9c + d))

= f(81ac + 9ad + 9bc + bd)

= (81ac + 9ad + 9bc + bd) mod 9

သို့သော် 81ac mod 9 = 0; 9ad mod 9 = 0; 9bc mod 9 = 0 ဖြစ်သဖြင့်

f(XY) = (81ac + 9ad + 9bc + bd) mod 9 = bd mod 9

ညီမျှခြင်း၏ လက်ဝဲဘက်ခြမ်းမှာ …

f(f(X).f(Y)) = f(f(9a + b).f(9c + d))

= f(bd) = bd mod 9

ညီမျှခြင်း၏ လက်ဝဲဘက်ခြမ်းနှင့် လက်ယာဘက်ခြမ်းတို့ တူညီကြသဖြင့် f(XY) = f(f(X).f(Y)) ဖြစ်ပါသည်။

အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး ၁

လာပြီ။ မေးခွန်း ...

၅၆ ၇၈၃၉ × ၈၃ ၆၄၈၃ =

(က) ၄၃၈၈ ၅၄၂၀ ၉၈၄၇

(ခ) ၅၀၇၈ ၉၈၇၃ ၄၉၈၃

(ဂ) ၄၇၄၉ ၈၇၆၇ ၀၂၃၇

(ဃ) ၃၇၈၂ ၃၉၉၉ ၈၇၂၃

နိုင်ငံရပ်ခြား တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားရန်နှင့် ပညာသင်ဆု လျှောက်ထားရန်အတွက် လိုအပ်တတ်သော (SAT ကဲ့သို့သော စာမေးပွဲများ၏) သင်္ချာစာမေးပွဲ မေးခွန်းလွှာများတွင် ဤကဲ့သို့မေးခွန်းမျိုး ပါလေ့ရှိသည်။ ဂဏန်းတွက်စက် အသုံးပြုခွင့်ပေးသော်လည်း အချိန် အကန့်အသတ်ရှိတတ်သော ထိုစာမေးပွဲများတွင် ပုစ္ဆာတစ်ပုဒ်အတွက် ပျမ်းမျှ မိနစ်ဝက်ခန့်သာ အချိန်ရရာ ယခုကဲ့သို့သော ပုစ္ဆာမျိုးကို ဂဏန်းတွက်စက်ဖြင့် အဖြေရှာပါက အချိန်မမီပဲ ဖြစ်တတ်လေသည်။

အမှန်မှာ ဤကဲ့သို့သော ပုစ္ဆာမျိုးကို ဖြေဆိုရန်အတွက် အဖြေရအောင် တွက်ထုတ်ရန် အရေးမကြီးပါ။ ပေးထားသော အဖြေ ၄ ခုအနက် အဖြေမှန် ၁ ခုကိုသာ ရွေးထုတ်နိုင်ရန် အရေးကြီးသဖြင့် ဖြတ်လမ်းနည်းများဖြင့် ဤပုစ္ဆာကို ဖြေရှင်းနိုင်ရန် ကြိုးစားနိုင်ပါသည်။

ဖြတ်လမ်းနည်း (၁) အနီးဆုံးယူပြီး တွက်ရန်

၅၆ ၇၈၃၉ ကို ၅၀ ၀၀၀၀၊ ၈၃ ၆၄၈၃ ကို ၈၀ ၀၀၀၀ ဟု အနီးဆုံး ယူလိုက်မည်။ ၄င်းတို့ ၂ လုံးမှာ နောက်တွင် သုညများပါသဖြင့် မြှောက်ရလွယ်ပါသည်။ ၅ ကို ၈ နှင့် မြှောက်လိုက်ရာ ၄၀ ဟု ထွက်လာသည်။ ၅၀ ၀၀၀၀ တွင် သုည ၅ လုံး၊ ၈၀ ၀၀၀၀ တွင် သုည ၅ လုံး၊ ပေါင်း ၁၀ လုံးပါသဖြင့် အဖြေမှန်သည် ၄၀၀၀ ၀၀၀၀ ၀၀၀၀ (၄၀ နောက်တွင် သုည ၁၀ လုံးဖြည့်ထားသော ဂဏန်း) ထက်မနည်းကြောင်း ခန့်မှန်းနိုင်သည်။ သို့ဖြစ်၍ (က)၊ (ခ) နှင့် (ဂ) တစ်ခုခုသည် အဖြေမှန်ဖြစ်သည်။ မှားလျှင် အမှတ်နှုတ်တတ်သော စာမေးပွဲဖြစ်ပါက (SAT တွင် Minus System ပါမပါ မသေချာပါ) နံကြားထောက်ဖြည့်လျှင် ရှိသမျှ အမှတ်ကုန်သွားနိုင်ရာ သိပ်မနိပ်သော နည်းလမ်းဖြစ်သည်။

ဤနေရာတွင် တစ်ခု သတိပြုရန်မှာ အနီးဆုံးယူတာ ပိုမိုတိကျလျှင် အဖြေမှားများကို ဖယ်ထုတ်နိုင်စွမ်း ပိုကောင်းလာမည်ဖြစ်သည်။ အထက်ပါ ဥပမာတွင် ၅၆ ၇၈၃၉ ကို ၅၆ ၀၀၀၀၊ ၈၃ ၆၄၈၃ ကို ၈၃ ၀၀၀၀ ဟု အနီးဆုံး ယူလိုက်မည်ဆိုပါက အဖြေမှန်သည် ၄၆၄၈ ၀၀၀၀ ၀၀၀၀ ထက်မနည်းဟု ခန့်မှန်းနိုင်မည်ဖြစ်ပြီး ဖြစ်နိုင်သည့် အဖြေမှန် ၂ ခု (ခ နှင့် ဂ) သာ ကျန်နေမည်ဖြစ်သည်။ တွက်ချက်မှုအတွက် ကြာမြင့်ချိန် အနည်းငယ် တိုးလာသော်လည်း ရမ်းဖြေလိုက်ပါက ဖြစ်တန်စွမ်းသီဝရီ အရကြည့်လျှင် မဖြေတတ်သဖြင့် ဘဲဥကိုက်ရန် သေချာနေသော ပုစ္ဆာ ၂ ပုဒ်တိုင်းတွင် ၁ ပုဒ် မှန်မှာ သေချာသဖြင့် (မှားလျှင် နှုတ်သောအမှတ်သည် မှန်လျှင်ပေးသော အမှတ်ထက် နည်းနေပါက) သိပ်မဆိုးလှသော နည်းလမ်းဖြစ်သည်။

ဖြတ်လမ်းနည်း (၂) နေရာလိုက်တန်ဖိုး၏ ဂုဏ်သတ္တိကို အသုံးချရန်

ဒုတိယနည်းလမ်းမှာ နေရာလိုက်တန်ဖိုး၏ ဂုဏ်သတ္တိကို အသုံးချရန်ဖြစ်သည်။ မည်မျှကြီးသော ကိန်းများကို မြှောက်မြှောက် ရလဒ်၏ ခုနေရာရှိ ဂဏန်းမှာ မူလကိန်း ၂ လုံး၏ ခုနေရာရှိ ဂဏန်း ၂ လုံး မြှောက်လဒ်သာလျှင် ဖြစ်သည်။ (ဆယ်ဂဏန်းမှစ၍ ဂဏန်းများ ချပေါင်းရန် လိုပါမည်။) ယခု ဥပမာတွင် ၅၆ ၇၈၃၉ ၏ ခုနေရာရှိ ဂဏန်းမှာ ၉၊ ၈၃ ၆၄၈၃ ၏ ခုနေရာရှိ ဂဏန်းမှာ ၃ ဖြစ်ရာ ၄င်းတို့ မြှောက်လဒ်၏ ခုနေရာရှိ ဂဏန်းမှာ (၉ × ၃ = ၂၇ ဖြစ်သဖြင့်) ၇ သာလျှင် ဖြစ်ရမည်၊ တနည်းအားဖြင့် အဖြေမှန်သည် ၇ နှင့် ဆုံးရမည်။ ၇ နှင့် ဆုံးသော အဖြေမှာ (က) နှင့် (ဂ) သာရှိရာ အထက်ပါ နည်းလမ်းနှင့် ပူးတွဲစဉ်းစားပါက အဖြေမှန်သည် (ဂ) ဟု ထင်ထင်ရှားရှား ထွက်လာတော့သည်။

ဖြတ်လမ်းနည်း (၃) အစားသီဝရီနှင့် ၉ ကြွင်းရှာနည်းကို ပေါင်းစပ် အသုံးပြုခြင်း

အင်မတန်မှ ရက်စက်တတ်တဲ့ မေးခွန်းထုတ်သူဟာ အဖြေအားလုံးကို ၄၆၄၈ နဲ့စပြီး ၇ နဲ့ အဆုံးသတ်ထားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမေးခွန်းရဲ့ အဓိက ဦးတည်ချက်ဟာ ဂဏန်းမြှောက်တတ်/မတတ်ကို စစ်ဆေးဖို့ မဟုတ်ပဲ ဖြေဆိုသူဟာ သင်္ချာ ဂုဏ်သတ္တိများကို ကျင်ကျင်လည်လည် လှည့်ပတ် အသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးဖို့ ဖြစ်နေတာကြောင့်ပါပဲ။ ဒီနေရာမှာ နောက်တမျိုး စမ်းကြည့်သင့်တာကတော့ အစားသီဝရီနဲ့ ၉ ကြွင်းရှာနည်းတို့ပဲ ဖြစ်ပါတယ်။

နာမည်ကို ဖတ်ပြီး လန့်မသွားပါနဲ့လေ။ နည်းလမ်းက လွယ်လွယ်လေးပါ။

ပထမဆုံး ၅၆ ၇၈၃၉ နဲ့ ၈၃ ၆၄၈၃ တို့ကို တစ်လုံးတည်းဖြစ်အောင် ပေါင်းပါ။ (နောက်တနည်း - ၉ ပြည့်အောင် တွဲတွဲပြီး ကျန်တာလေးတွေ ပေါင်းလဲ ရတယ်။)

၅ + ၆ + ၇ + ၈ + ၃ + ၉ = ၃၈

၃ + ၈ = ၁၁

၁ + ၁ = ၂

၈ + ၃ + ၆ + ၄ + ၈ + ၃ = ၃၂

၃ + ၂ = ၅

နောက်ပြီး အဲဒီ ပေါင်းလဒ် ၂ ခုကို မြှောက်ပါ

၂ × ၅ = ၁၀

ရလဒ်ကို တစ်လုံးထည်းဖြစ်အောင် ထပ်ပေါင်းပါဦး။

၁ + ၀ = ၁

အဖြေတွေကိုလဲ တစ်လုံးတည်းဖြစ်အောင် ပေါင်းကြည့်ပါ။

(က) ၄၃၈၈ ၅၄၂၀ ၉၈၄၇ ကို ပေါင်းတော့ ၈ ရတယ်။

(ခ) ၅၀၇၈ ၉၈၇၃ ၄၉၈၃ ကို ပေါင်းတော့ ၈ ရတယ်။

(ဂ) ၄၇၄၉ ၈၇၆၇ ၀၂၃၇ ကို ပေါင်းတော့ ၁ ရတယ်။

(ဃ) ၃၇၈၂ ၃၉၉၉ ၈၇၂၃ ကို ပေါင်းတော့ ၇ ရတယ်။

စောစောက မြှောက်ပြီး ပေါင်းထားတဲ့ (၂ × ၅ = ၁၀၊ ၁ + ၀ = ၁) ၁ နဲ့တူတဲ့ (ဂ) ကိုရွေးလိုက်ရုံပါပဲ။

နည်းလမ်းပဲ သိချင်သူများ ဒီနေရာမှာတင် ရပ်နိုင်ပါပြီ။ သက်သေပြချက်ကို သိချင်သူများ၊ ဒီလို ပေါင်းလိုက် မြှောက်လိုက်ရုံနဲ့ အဖြေမှန် တိုက်စစ်တာ အမြဲမှန်နေပါ့မလား၊ စာမေးပွဲနော် ပေါ့ပျက်ပျက် မလုပ်နဲ့လို့ ဆိုချင်သူများ သက်သေပြချက်ကို အဖြေမှန် အမြန်ရွေး၊ ပညာသင်ဆု ဘယ်မဝေး အပိုင်း ၂ တွင် ဆက်ဖတ်ပါ။

9 ခုကြွင်း သက်သေပြချက်

ကိန်းပြည့်တစ်လုံး (ဥပမာ 837) ကို 9 နှင့် စား၍ ပြတ်/မပြတ် သိနိုင်ရန်အတွက် တကယ် စားကြည့်ရန် မလိုအပ်ပဲ ၄င်း ကိန်းပြည့်တွင် ပါဝင်သော ဂဏန်းများ၏ ပကတိတန်ဖိုးများ ပေါင်းလဒ်ကို 9 နှင့် စားလို့ ပြတ်/မပြတ် စစ်ဆေးခြင်းဖြင့် သိနိုင်ကြောင်း (ဥပမာ 8 + 3 + 7 = 18 ဖြစ်ရာ 837 သည် 9 နှင့်စား၍ ပြတ်သည်) အခြေခံပညာတန်းတွင် သင်ကြား သိရှိပြီး ဖြစ်သည်။ သို့ရာတွင် ၄င်းသီဝရီ မှန်ကန်ကြောင်း သက်သေပြချက်ကို လူအများ သိရှိမှု နည်းပါးသဖြင့် ရေးသား တင်ပြအပ်ပါသည်။

သက်သေပြရန်။

ပေးထားသော ကိန်းပြည့်တစ်ခု Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n အတွက်

မှီချက် f(Z) = f(z0 + z1 + z2 + … + zn) if z0 + z1 + z2 + … + zn > 9;

f(Z) = z0 + z1 + z2 + … + zn otherwise ဖြစ်ပါစေ။ Z mod 9 = f(Z) ဖြစ်ကြောင်း သက်သေပြပါ။

သက်သေပြချက်။

အစားသီဝရီ (Theory of Division a.k.a Procedure of Division) အရ မည်သည့်ကိန်းပြည့် Z ကိုမဆို Z = pq + r ပုံစံဖြင့် ဖေါ်ပြနိုင်ပါသည် (Z၊ p၊ q နှင့် r တို့သည် ကိန်းပြည့်များဖြစ်၍ r သည် q ထက်အမြဲငယ်သည်)။ ဤနေရာတွင် q = 9 ဖြစ်လျှင် မည်သည့်ကိန်းပြည့် Z ကိုမဆို Z = 9p + r အဖြစ် ပြောင်းရေးနိုင်သည်။ (၄င်း p နဲ့ r တို့သည် Z ကို q နှင့် စားလို့ရသည့် စားလဒ်နဲ့ စားကြွင်းဖြစ်ပြီး r သည် 9 ထက် အမြဲငယ်ကြောင်း သတိပြုပါ။) ထို့ကြောင့် ကိန်းပြည့် Z = 9p + r တိုင်းကို 9 နှင့် စားလျှင် p ရပြီး r ကြွင်းသည်။

မည်သည့် အပေါင်းကိန်းပြည့် k အတွက်မဆို 10k = 9 × 100 + 9 × 101 + … + 9 * 10k-1 + 1 ဖြစ်သည်။ 9 ကို ဘုံထုတ်လျှင် 10k = 9(100 + 101 + … + 10k-1) + 1 ဟုရလာမည်။

မှီချက် g(0) = 0; g(k) = 100 + 101 + … + 10k-1 ဖြစ်ပါစေ။ 10k = 9g(k) + 1 ဖြစ်မည်။

Z = z0 × 100 + z1 × 101 + z2 × 102 + … + zn × 10n

= z0 (9g(0) + 1) + z1 × (9g(1) + 1)
+ z2 × (9g(2) + 1) + … + zn × (9g(n) + 1)

= 9g(0)z0 + z0 + 9g(1)z1 + z1
+ 9g(2)z2 + z2 + … + 9g(n)zn + zn

= 9 (g(0)z0 + 9g(1)z1 + 9g(2)z2 + … + 9g(n)zn) + z0 + z1
+ z2 + … + zn

z' = z0 + z1
+ z2 + … + zn ဖြစ်ပါစေ။

ကိန်းပြည့် Z ကို 9 နှင့် စားလျှင် ရသည့် စားကြွင်းနှင့် z' ကို 9 နှင့်စားရင် ရသည့် စားကြွင်းတို့ အတူတူပဲ ဖြစ်ပါသည်။ တနည်းအားဖြင့် z' သည် 9 ထက်ငယ်ပါက Z ကို 9 နှင့်စားလျှင် ရတဲ့ စားကြွင်း Z mod 9 = z' ဖြစ်ပြီး z' သည် 9 ထက် မငယ်ရင်တော့ Z mod 9 = z' mod 9 ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ z' သည် Z ထက် ငယ်ကိုငယ်သည်။ အဘယ်ကြောင့်ဆိုသော် ခုဂဏန်း n လုံးပေါင်းခြင်းသည် 9n ထက် ပိုမကြီးနိုင်ပဲ 9n သည် 10n ထက် ငယ်ကိုငယ်သောကြောင့် (အပေါင်းကိန်းပြည့် n တိုင်းအတွက် 10n သည် 10n ထက်မငယ်လျှင်ပင် တူနေသည်) ဖြစ်သည်။

ထို့ကြောင့် ကိန်းပြည့် Z ကို 9 ဖြင့်စားလျှင် ရမည့် စားကြွင်း = Z mod 9 = h(Z) = z' if z' < 9; h(z') otherwise; ဟူ၍ တပတ်လည် မှီချက် recursive function hကို အသုံးပြုကာ စားကြွင်း Z mod 9 ကိုရှာခြင်းသည် တချိန်ချိန်တွင် စုဆုံ (converge) မည်မှာ မုချဖြစ်ကြောင်း သိနိုင်သည်။

သို့ရာတွင် မှီချက် h= f ပင် ဖြစ်သဖြင့် f(Z) = Z mod 9 ဖြစ်ပါသည်။

Saturday, August 15, 2009

ရှေးထုံးလဲ ပယ်မှ

Dilbert.com

အင်ဂျင်နုယဉ်က ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ နည်းပညာကို ကုမ္ပဏီအတွက် ဖန်တီးတီထွင်ပေးတာတောင်မှ အကာနဲ့အနှစ်ခွဲခြား မသိလောက်အောင် တုံးအပြီး ညံ့ဖျင်းတဲ့ မန်နေဂျာက အ၀တ်အစား နည်းနည်းလေး တောက်ပြောင်နေတာကိုပဲ အပြစ်ပြောနေတဲ့အတွက် ပညာရှင် (အင်ဂျင်နုယဉ်) က စိတ်ပေါက်ပေါက်နဲ့ ဆော်ပလော်တီးပစ်လိုက်တာပဲ ဖြစ်ပါတယ်။

လူမှုရေး၊ စီးပွားရေး အဖွဲ့အစည်းတွေမှာ အဓိက ဦးတည်ချက်က သက်ဆိုင်ရာ အဖွဲ့အစည်း စည်ပင်ရှင်သန် တိုးတက်ရေးပဲ ဖြစ်ပါတယ်။ အဲဒီ တိုးတက်မှုကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ ပညာရှင်တွေကပဲ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဟယ် ... ပညာရှင်က ရှေးထုံးတွေကို မလိုက်နာလို့၊ ပညာရှင်က ယဉ်ကျေးမှုနဲ့ လျော်ညီအောင် မ၀တ်ဆင်လို့၊ ပညာရှင်က ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုတဲ့ လုပ်ငန်းနဲ့ မဆိုင်တဲ့ အကြောင်းတွေပြပြီး ပညာရှင်ကို အဖွဲ့အစည်း အတွင်းက ကန်ထုတ်ရင် အဲဒီ အဖွဲ့အစည်းပဲ မတိုးတက်ပဲ ခေတ်နောက်ကျ အောက်ကျနောက်ကျ ဖြစ်ကျန်ခဲ့မှာပါ။

ဒါကြောင့် ရှေးထုံးလဲ (ပယ်ဖို့လိုလာရင်) ပယ်မှ။

Thursday, August 13, 2009

ပရောဟိတ်နှင့် ဟောကိန်း

ရှေးတုန်းက ရှင်ဘုရင်တွေက ဥာဏ်အမြော်အမြင်ကြီးသူတွေ၊ အသက်အရွယ်ကြီးလို့ အတွေ့အကြုံ ရင့်ကျက်သူတွေ၊ ရှေ့ဖြစ်နောက်ဖြစ် (ကိုတနည်းနည်းနဲ့) ဟောပြောနိုင်သူတွေကို ပရောဟိတ်တွေအဖြစ် ခန့်အပ်ထားပြီး အကြံဥာဏ်တွေ ရယူခဲ့ပါတယ်။ အနာဂါတ်ကို မြော်မြင်နိုင်မှု၊ မှန်ကန်စွာ ဟောကိန်းထုတ်နိုင်မှုတွေဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်မက်ရေးရာတွေမှာ အရှုံးအနိုင်ကို မကြာခဏ ဆုံးဖြတ်ပေးသွားတတ်ပါတယ်။ 

၂၀၀၉ ခု မတ်လအတွင်းက ခိုးကူးပြဿနာ ကျယ်ကျယ်လောင်လောင် ဖြစ်လာတာနဲ့ ပတ်သက်ပြီး DJ Wine နဲ့ DJ Khun တို့နဲ့ စာရေးသူ အလွတ်သဘော ဆွေးနွေးရာမှာ ခိုးကူးကို ပြဿနာအဖြစ် မမြင်ပဲ အခွင့်အလမ်းသစ်တစ်ရပ်အဖြစ် မြင်နိုင်ဖို့၊ ယခင်က သုံးစွဲခဲ့တဲ့ ကာဗာကဒ်စနစ်ကို သုံးစွဲဖို့ ဝေဖန် အကြံပြုခဲ့ပါတယ်။ ဒီသဘောတရားကို ဂီတအစည်းအရုံးထံ DJ Wine က ထပ်ဆင့် တင်ပြပေးမယ်ပြောလို့ ဆွေးနွေးမှု မှတ်တမ်းအကျဉ်းချုပ်ကို လျှပ်စစ်စာလွှာနဲ့ DJ Wine၊ DJ Khun နဲ့ လောကအလှမဂ္ဂဇင်းတို့ကို ပေးပို့ခဲ့ရာ (DJ Wine က ဂီတအစည်းအရုံးကို တင်ပြ၊ မပြ မသိသော်လည်း) လောကအလှမဂ္ဂဇင်းက ခိုးကူးဟာ ဂီတပညာရှင် လက်သစ်တွေအတွက် မဟာအခွင့်အလမ်း အမည်ရှိဆောင်းပါးနဲ့ အင်တာနက် စာမျက်နှာပေါ်ကို တင်ပြပေးခဲ့ပါတယ်။

ဒီနေ့ သတင်းတွေ လျှောက်လှန်ကြည့်တော့ လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော် VCD ကို ကာဗာကဒ်စနစ်နဲ့ ဖြန့်ချိတယ်လို့ ကြားသိရတာမို့ ဟောကိန်းမှန်တဲ့ ပရောဟိတ်လိုပဲ ပီတိဖြစ်ရပါကြောင်းနဲ့ ဒီထက် ပိုမို ကြီးကျယ်တဲ့ ပြဿနာ၊ အရှုပ်အထွေး၊ လမ်းကြောင်းတွေကိုလဲ ဟောကိန်းမှန်မှန် ထုတ်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ တွေးမိကြောင်း ဥဒါန်းကျူးလိုက်ရပါတယ် ...